← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) ဒုတိယမြောက် ကိုယ်ပွား

​ကိုယ်ပွားချန်ဖန် ပြန်ရောက်လာပြီးနောက် ချန်ကျီက သူနှင့် ဝတ်စုံချင်း လဲလှယ်လိုက်၏။

​သူက ကိုယ်ပွားချန်ဖန်ကို ဤအိမ်စုတ်လေးတွင်သာ ထားရစ်ခဲ့သည်၊ ဆိုင်ရှင်ထုံက တစ်စုံတစ်ယောက်ကို ထပ်မံစေလွှတ်၍ ရှာဖွေခိုင်းဦးမလား မပြောနိုင်ပါချေ။

​ချန်ကျီကိုယ်တိုင်မူ ကိုယ်ပွားချန်ဖန်၏ ဝတ်စုံကို ဝတ်ဆင်ကာ မြို့တော်သခင်အိမ်တော်အနီးတွင် ဝယ်ယူထားသည့် အိမ်တော်ကြီးဆီသို့ ရောက်ရှိလာခဲ့တော့သည်။

​ချန်ကျီက အိမ် ကျောက်စိမ်းတိုကင်ကို ထုတ်ယူကာ စိတ်ဝိညာဉ်အာရုံဖြင့် ကျောက်စိမ်းတိုကင်အတွင်းရှိ တားမြစ်ချက်ကို လှုံ့ဆော်လိုက်ရာ အိမ်တော်တံခါးကြီးကလည်း အလိုအလျောက် ပွင့်ဟသွားခဲ့၏။

​ချန်ကျီ အိမ်တော်အတွင်းသို့ လှမ်းဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရိုက်သည်။ "ပိုက်ဆံပေးရတာ တန်ပါတယ်၊ ဒီအိမ်တော်က မြို့တော်သခင်အိမ်တော်နဲ့ နီးရုံတင်မကဘူး၊ အပြင်အဆင်ကလည်း တော်တော်လေး မဆိုးဘူးပဲ"

​ချန်ကျီက စိတ်ဝိညာဉ်အာရုံဖြင့် ကျောက်စိမ်းတိုကင်ကို ထပ်မံလှုံ့ဆော်လိုက်သည့်အခါ အိမ်တော်တံခါးကြီးက ပြန်လည်ပိတ်သွားခဲ့ပြန်သည်။

​ချန်ကျီက အိမ်တော်အတွင်း တစ်ပတ်ပတ်၍ လျှောက်ကြည့်ပြီးနောက် လွန်စွာစိတ်ကျေနပ်စွာဖြင့် သူ အိပ်စက်မည့် အခန်းထဲသို့ ရောက်ရှိလာခဲ့၏။

​ဤနေရာ၏ အသံလုံစနစ်ကလည်း မဆိုးလှပေ၊ ကျင့်ကြံနေသည့်အချိန်တွင် အခြားသူများကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။

​ဤဝိညာဉ်ကျောက်တုံး ၂၀၀ ကတော့ အလဟဿ မဖြစ်ခဲ့ပါချေ၊ အိမ်တော်အတွင်း၌ နေ့စဉ်သုံး ပစ္စည်းကိရိယာ အစုံအလင် ရှိနေသဖြင့် ချန်ကျီအနေဖြင့် ထပ်မံဝယ်ယူနေရန် မလိုတော့ပဲ သက်သာသွားခဲ့သည်။

​လာမည့်လမ်းတွင် ချန်ကျီက ဟင်းချက်စရာ အချို့ကိုပါ တစ်ပါတည်း ဝယ်ယူလာခဲ့သေး၏။

​ချန်ကျီက သူကိုယ်တိုင် ချက်ပြုတ်ကာ ကောင်းမွန်လှသည့် ညစာစားပွဲတစ်ပွဲကို ပြင်ဆင်လိုက်သည်၊ ထမင်းဖြူချည်းပဲ မစားရသည်မှာ ကြာပြီဖြစ်ရာ သဘာဝကျကျပင် အဝအပြဲ အားရပါးရ စားသောက်လိုက်တော့သည်။

​......

​ဤသို့ဖြင့် နောက်ထပ် သုံးရက်တာ အချိန်က ကုန်လွန်သွားခဲ့ပြန်၏။

​ဤသုံးရက်တာ အချိန်အတွင်း ချန်ကျီက အပြင်သို့ လုံးဝမထွက်ဘဲ မနားတမ်း ကျင့်ကြံနေခဲ့သည်။

​ယခုအချိန်တွင် သူ့အတွက် အလိုအပ်ဆုံးအရာမှာ အချိန်ပင် ဖြစ်၏၊ သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးလွန်းလှပြီး အသက်ဘေးမှ လွတ်မြောက်နိုင်မည့် ဝှက်ဖဲများကလည်း နည်းပါးလွန်းနေသေးသည်။

​ဆိုင်ရှင်ထုံတွင် နောက်ထပ် မည်မျှလောက်အထိ အစီအစဉ်များ ရှိနေသေးသည်ကို သူ မသိရှိရသဖြင့် ယခုအချိန်က ဇွတ်လှုပ်ရှားရမည့် အချိန်မဟုတ်ပါချေ။

​ကျန်းထိုက် ပျောက်ဆုံးသွားခြင်းက သေချာပေါက် ဆိုင်ရှင်ထုံ၏ သတိပြုမိမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ ယုံကြည်သည်။

​လက်ရှိတွင် ဆိုင်ရှင်ထုံက လိုက်လံရှာဖွေခြင်း မရှိသေးသဖြင့် သူ့အတွက် ခွန်အားစုဆောင်းရန် အချိန်ကောင်းတစ်ခု ရရှိသွားခြင်းပင်။

​ဤသုံးရက်အတွင်း ချန်ကျီက တစ်မိနစ်မျှပင် အနားမနေခဲ့ပါချေ၊ အလိုအလျောက်ကျင့်ကြံခြင်းအခန်း အတွင်း၌ ၂၄ နာရီပတ်လုံး ကျင့်ကြံနေ၏။

​သူကိုယ်တိုင်လည်း နေ့စဉ် နာရီ ၂၀ မျှ ကျင့်ကြံခြင်းတွင် အချိန်ကုန်ဆုံးပြီး နေ့စဉ် အနားယူချိန် ၄ နာရီသာ ရှိပေသည်။

​မီးမွှေးခြင်းမန္တန်ကမူ လုံးဝ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ရာ ကျွမ်းကျင်မှုအမှတ် ၅၀၀၀ ကြိမ် ပြည့်မြောက်ပြီးနောက်တွင် ဂရန်းမာစတ. အဆင့်မှ ဒဏ္ဍာရီ အဆင့် သို့ တိုးတက်သွားခဲ့ချေပြီ။

​ယခုအခါ ဒဏ္ဍာရီ အဆင့် ကျွမ်းကျင်မှုရှိသည့် မီးမွှေးခြင်းမန္တန်ကို ချန်ကျီ၏ ဝိညာဉ်စွမ်းအားဖြင့် အကြိမ် ၁၀၀ မျှ အသုံးပြုနိုင်ပြီဖြစ်ပြီး ၎င်း၏ စွမ်းအားကလည်း ယခင်နှင့် မိုးနဲ့မြေလို ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

​အမည်: ချန်ကျီ

ကျင့်ကြံခြင်း: ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၃ (60/100)

ပါရမီ: မြေကြီး အဆင့်နိမ့် ဝိညာဉ်အမြစ်

ကျင့်စဉ်: ရွှမ်ထျန်းလု (အသေးစား အောင်မြင်မှု - 1/400)

မန္တန်များ:

​မီးမွှေးခြင်းမန္တန် (ဒဏ္ဍာရီ အဆင့်)

​အသက်ရှူသံဖျောက်မန္တန် (ဂရန်းမာစတာ အဆင့် - 4700/5000)

​မြေကြီးဒိုင်းကာမန္တန် (ကျွမ်းကျင်အဆင့် - 1/200)

​နှလုံးဖောက်တိုက်ခိုက်မှု မန္တန် (ကျွမ်းကျင်အဆင့် - 1/200)

အနန္တနေရာလွတ်: အဆင့် ၁

​စနစ်မျက်နှာပြင်ကို ကြည့်ပြီးနောက် အသက်ရှူသံဖျောက်မန္တန်ကလည်း ပြီးပြည့်စုံရန် နီးကပ်နေပြီဖြစ်ကာ ရွှမ်ထျန်းလု ၏ ကျွမ်းကျင်မှုကလည်း အသေးစား အောင်မြင်မှု သို့ တက်လာခဲ့ပြီဖြစ်ရာ အရာအားလုံးက တည်ငြိမ်စွာဖြင့် တိုးတက်နေလျက် ရှိ၏။

​မူလက ချန်ကျီ၏ ကျင့်ကြံခြင်းအမြန်နှုန်းက ဤမျှလောက် မမြန်ဆန်နိုင်သော်လည်း ၎င်းမှာ ချီစုစည်းခြင်းဆေးလုံး အချို့၏ အာနိသင်ကြောင့် ဖြစ်သည်။

​ချီစုစည်းခြင်းဆေးလုံး တစ်လုံးကို သောက် ပါက ချန်ကျီ၏ ကျင့်ကြံခြင်းအချိန် သုံးနာရီကို လျှော့ချပေးနိုင်ပေသည်။

​သို့သော်လည်း မည်မျှပင် ကောင်းမွန်သည့် နတ်ဆေးလုံး ဖြစ်ပါစေဦးတော့၊ ချန်ကျီက အလွန်အကျွံ မသောက်သုံးရဲပါချေ၊ ဆေးလုံးတိုင်းတွင် သုံးပုံတစ်ပုံက အဆိပ်အတောက် ဖြစ်စေသည်ဟူသော အမှန်တရားကို သူ ကောင်းကောင်း နားလည်ထားသည်။

​ဆေးလုံးကို သောက်သုံးပြီးနောက် ခန္ဓာကိုယ်အတွင်း စုဆောင်းမိသွားသည့် ဆေးအဆိပ်အတောက်များကို အချိန်မီ မဖယ်ထုတ်နိုင်ပါက နောင်တွင် အကျိုးဆက်က အကန့်အသတ်မရှိ ဖြစ်ပေလိမ့်မည်။

​ချန်ကျီက ဝိညာဉ်ဆေးပင်များ ကြီးထွားမှုကို သွားရောက်ကြည့်လိုက်ရာ စိုက်ပျိုးထားသည့် ဝိညာဉ်ဆေးပင်များက ၁၀ နှစ်သက်တမ်း ရှိနေပြီ ဖြစ်၏။

​ဝိညာဉ်ဆေးပင် အစိတ်အပိုင်းအချို့က ရင့်မှည့်နေပြီဖြစ်ရာ အချိန်မရွေး ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။

​ချန်ကျီက ယခုတစ်ကြိမ်တွင် အနန္တနေရာလွတ်ထဲသို့ အသိစိတ်ဖြင့် မဝင်ရောက်တော့ဘဲ ခန္ဓာကိုယ်အစစ်ဖြင့် ဝင်ရောက်လိုက်တော့သည်။

​ဤရက်ပိုင်းအတွင်း အသက်ရှူသံဖျောက်မန္တန်ကို ကျင့်ကြံနေစဉ်တွင်လည်း ချန်ကျီက အားမနေခဲ့ပါချေ၊ အချိန်ရတိုင်း အနန္တနေရာလွတ်ထဲ၌ ဝိညာဉ်ဆေးပင် စိုက်ပျိုးနည်းများကို လေ့လာ နေခဲ့ခြင်း ဖြစ်၏။

​မူလခန္ဓာကိုယ်ပိုင်ရှင် ချန်ထားခဲ့သည့် ၁၅ နှစ်တာ စိုက်ပျိုးရေးအတွေ့အကြုံက သူ့ကို အတွေးအမြင် အများအပြား ရရှိစေခဲ့သည်။

​သူက ဤဝိညာဉ်ဆေးပင်များထဲမှ မျိုးစေ့များကို ချန်ထားနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်၊ ၎င်းအပြင် အချို့သော အပင်များမှာ အမြစ်နှင့် ပင်စည် ပျက်စီးမသွားသရွေ့ ဆက်လက်၍ ကြီးထွားနိုင်ပေသည်။

​သို့သော် ယခင်က ဝိညာဉ်ဆန်ကို ရိတ်သိမ်းသကဲ့သို့ တိုက်ရိုက် နုတ်ယူလိုက်၍တော့ မရပါချေ။

​ချန်ကျီ အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်ပြီးနောက် အသိစိတ်ဖြင့် ဝင်ရောက်ခြင်းနှင့် ခန္ဓာကိုယ်အစစ်ဖြင့် ဝင်ရောက်ခြင်း၏ ကွာခြားချက်ကိုပင် ခံစားကြည့်ရန် အချိန်မရဘဲ ဝိညာဉ်ဆေးပင်များကို ချက်ချင်း စတင်ခူးဆွတ်တော့သည်။

​အခြားနည်းလမ်းမရှိပါချေ၊ ခန္ဓာကိုယ်အစစ်ဖြင့် အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်ပါက ၁၀ မိနစ်တိုင်းတွင် အမှတ် ၁ ကုန်ဆုံးမည် ဖြစ်သည်။

​လက်ရှိ ချန်ကျီ၏ ကိုယ်ပေါ်က ဝိညာဉ်ကျောက်တုံးများနှင့် အမှတ်များကို ပေါင်းလိုက်လျှင်ပင် သူ၏ ခန္ဓာကိုယ်အစစ်ဖြင့် အနန္တနေရာလွတ်ထဲ၌ တစ်ရက်တာ နေထိုင်ရန်ပင် မလုံလောက်ပါချေ။

​မကြာမီမှာပင် ချန်ကျီက ဝိညာဉ်ဆေးပင်များကို ခူးဆွတ်ပြီးစီးသွားခဲ့ပြီး ဝိညာဉ်ဆေးပင်အသစ်များကိုလည်း ပြန်လည်စိုက်ပျိုးပြီးသွားခဲ့ပြီ ဖြစ်သည်။

​ချန်ကျီက အမှတ်ကုန်ဆုံးမှုကို စစ်ဆေးကြည့်လိုက်၏။ "တော်သေးတာပေါ့၊ အမှတ် ၃ ပဲ ကုန်သွားတယ်"

​ချန်ကျီ အများကြီး တွေးမနေတော့ဘဲ ခန္ဓာကိုယ်အစစ်ဖြင့် အနန္တနေရာလွတ်ထဲမှ အမြန်ဆုံး ပြန်လည်ထွက်လာခဲ့သည်။

​ထို့နောက်တွင် ချန်ကျီက အသိစိတ်ဖြင့် အနန္တနေရာလွတ်ထဲသို့ ထပ်မံဝင်ရောက်လိုက်ပြန်၏။

​အနန္တစျေးဆိုင်သို့ ရောက်ရှိလာပြီး ရိတ်သိမ်းရရှိလာသည့် ဝိညာဉ်ဆေးပင်အားလုံးကို အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးထံသို့ ပေးအပ်၍ ရောင်း လိုက်သည်။

​မကြာမီမှာပင် ဝိညာဉ်ဆေးပင်အားလုံးက အမှတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

​၁၀ နှစ်သက်တမ်းဖြင့် ရင့်မှည့်လာသည့် ဝိညာဉ်ဆေးပင် စုစုပေါင်း ၅ ပင် ရှိပြီး ၅ ပင်စလုံး၏ တန်ဖိုးက တစ်ပင်နှင့်တစ်ပင် မတူညီကြပါချေ၊ ချန်ကျီအနေဖြင့် စုစုပေါင်း အမှတ် ၂၀၀ အကျိုးအမြတ် ရရှိခဲ့သည်။

​"အမှတ် ၂၀၀ ပြန်ရပြီပဲ၊ နောက်ထပ် ကိုယ်ပွားတစ်ခု ထပ်ဝယ်ရမယ့် အချိန်ပဲ"

​"ငါ ကိုယ်ပွားတစ်ခု လဲလှယ်ချင်တယ်"

​"ကိုယ်ပွားတစ်ခု လဲလှယ်ပါမယ်၊ အမှတ် ၂၀၀ ကုန်ပါမယ်၊ အတည်ပြုပါသလား"

​ကိုယ်ပွားကျွမ်းကျင်မှု၏ ဝယ်ယူခြင်းမျက်နှာပြင်ကို ချန်ကျီ ကြည့်ပြီးသား ဖြစ်သဖြင့် ရှုပ်ထွေးလှသည့် လုပ်ဆောင်ချက်များကို ထပ်မံလုပ်ဆောင်နေရန် မလိုတော့ပါချေ။

​သူက ယခုတစ်ကြိမ်တွင် အစိမ်းရောင်ဝတ်ရုံဝတ် မိန်းကလေးထံသို့ တိုက်ရိုက် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

​"အတည်ပြုတယ်"

​ခုနတင် ရရှိထားသည့် အမှတ် ၂၀၀ က စက္ကန့်ပိုင်းအတွင်းမှာပင် စနစ်ထံသို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။

​ချန်ကျီက ခုနတင် စုစည်းပေါ်ထွက်လာသည့် ကိုယ်ပွား၏ ပုံရိပ်ယောင်ကို မကြည့်သေးဘဲ ကျွမ်းကျင်မှုနယ်ပယ်ရှိ ကိုယ်ပွား၏ မိတ်ဆက်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

​"နောက်ထပ် ကိုယ်ပွားတစ်ခုအတွက် အမှတ် ၃၀၀ လိုအပ်တာလား၊ တော်သေးတာပေါ့ ဈေးနှုန်းက အမှတ် ၁၀၀ ပဲ တက်လာတာဆိုတော့ သိပ်ပြီးတော့ မလွန်လွန်းသေးပါဘူး"

​ချန်ကျီသည် စိတ်ထဲက ထင်မှတ်ထားသကဲ့သို့ ဈေးနှုန်းက ဆတိုး တက်သွားခြင်း မဟုတ်မှန်း အတည်ပြုပြီးနောက် သူ၏ မျက်ဝန်းများက ကိုယ်ပွား၏ ပုံရိပ်ယောင်ပေါ်သို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

​"နောက်ထပ် ဘယ်လိုပုံစံမျိုးနဲ့ ကိုယ်ပွားကို ဖန်တီးရမလဲ"

​ပထမဆုံး ကိုယ်ပွားက ချန်ကျီနှင့် ရုပ်ချင်းတူညီသော်လည်း ထိုသို့ဖြစ်နေခြင်းက အနည်းငယ် ထူးဆန်းလွန်းသည်ဟု သူ ခံစားရသည်။

​"ငါ့ရုပ်နဲ့ ထပ်ပြီးတော့ တူလို့မဖြစ်တော့ဘူး"

​ခဏအကြာတွင် ချန်ကျီ၏ ဦးနှောက်ထဲ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။

​တဖြည်းဖြည်းချင်း ကိုယ်ပွား၏ ပုံရိပ်ယောင်က ရုပ်သွင်ပြောင်းလဲလာခဲ့ပြီး ခန္ဓာကိုယ်ကလည်း တစ်စစနှင့် အသက်ဝင်လာခဲ့သည်။

​ရဲရင့်ထက်မြက်လှသည့် ကိုယ်ဟန်အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်၊ သူ၏ အရပ်အမောင်းက မားမားစွင့်စွင့် ရှိပြီး မျက်နှာသွင်ပြင်က ခန့်ညားချောမောလှကာ မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းဖြင့် ရဲရင့်သည့် အရှိန်အဝါများက အတိုင်းထက်အလွန် ထွက်ပေါ်နေလျက် ရှိရာ ထူးခြားစွာ ရဲရင့်တည်ကြည်လှပေသည်။

​"နည်းနည်း ချောလွန်းနေတာ မဟုတ်ဘူးလား၊ ငါ့ထက်တောင် ချောနေသေးတယ်" ချန်ကျီသည် သူ့ရှေ့က ပုံရိပ်ကို ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်မိ၏။

​ကိုယ်ပွားပုံရိပ်ယောင်မှ စုစည်းပေါ်ထွက်လာသည့် မျက်နှာသွင်ပြင်ကတော့ အခြားသူမဟုတ်ဘဲ စစ်မြေပြင် အတွင်း သောင်းသောင်းဖျဖျ ကျော်ကြားလှသည့်၊ လူအများက လေးသား လှသည့် စစ်သူကြီးဟု ခေါ်ဆိုကြသော သျှန်စန်းမှ ကျောက်ကျစ်လုံ သို့မဟုတ် "ကျောက်ယွမ်" ပင် ဖြစ်တော့သည်။

​ခဏအကြာတွင် ပုံရိပ်ယောင်က လုံးဝ အသက်ဝင်သွားခဲ့ပြီး ကိုယ်ပွားကျောက်ယွမ်၏ မျက်ဝန်းများက ကြည်လင်တောက်ပမှုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

​"သခင်" ကိုယ်ပွားကျောက်ယွမ်က လက်သီးဆုပ် ၍ အရိုအသေပေး လိုက်သည်။

​"ကောင်းပြီ၊ ဒီနေ့ကစပြီး မင်းနာမည်က ကျောက်ယွမ်ပဲ"

​"ဟုတ်ကဲ့ပါ သခင်"

​"ငါနဲ့အတူ အပြင်ကို လိုက်ခဲ့"

​ပြောပြီးသည်နှင့် ချန်ကျီက ကိုယ်ပွားကျောက်ယွမ်ကို ခေါ်ဆောင်ကာ အနန္တနေရာလွတ်ထဲမှ ထွက်လာခဲ့တော့သည်။

​"မင်း အရင်ဆုံး ဝမ်နန်မြို့ထဲမှာ ဒီကမ္ဘာကြီးအကြောင်း စုံစမ်းလေ့လာပြီး သတင်းအချက်အလက်တွေ ရှာဖွေပါ၊ တစ်ဆက်တည်းမှာပဲ ထုံဖူစားသောက်ဆိုင် က ဆိုင်ရှင်ထုံကိုပါ စောင့်ကြည့်ထား"

​"ဟုတ်ကဲ့ပါ သခင်"

​ကျောက်ယွမ် ထွက်သွားပြီးနောက် ချန်ကျီက အသိစိတ်ဖြင့် ချန်ဖန်နှင့် ဆက်သွယ်လိုက်၏။

​ချန်ဖန်က ယခုအချိန်အထိ ချန်ကျီ၏ ယခင်အိမ်ဟောင်းလေးထဲ၌ သားကောင်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်၊ သို့သော်လည်း ဤရက်ပိုင်းအတွင်း ဆိုင်ရှင်ထုံဘက်က မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပါချေ။

​တော်သေးသည်မှာ ချန်ဖန်အနေဖြင့် အနားယူရန် မလိုအပ်ဘဲ နေ့စဉ် နံနက်မှ ညအထိ အိမ်အပြင်ဘက်က လှုပ်ရှားမှုများကို စောင့်ကြည့်နေနိုင်ခြင်းပင်။

​"မင်း အဲဒီမှာပဲ ဆက်ပြီးတော့ စောင့်နေ၊ ငါခန့်မှန်းတာတော့ ဆိုင်ရှင်ထုံက ဒီနှစ်ရက်အတွင်းမှာ သေချာပေါက် လှုပ်ရှားလာလိမ့်မယ်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီက ချန်ဖန်နှင့် ပြောဆိုဆက်သွယ်ပြီးနောက် ကျင့်ကြံခြင်းကို ထပ်မံစတင်လိုက်ပြန်တော့သည်။

​......

​ထုံဖူစားသောက်ဆိုင် ၏ အနောက်ခြံဝင်း

​ဤရက်ပိုင်းအတွင်း ဆိုင်ရှင်ထုံက စိတ်မလုံမလဲ ဖြစ်နေခဲ့ပြီး မကောင်းသည့် ကိစ္စက မကြာမီ သေချာပေါက် ဖြစ်ပျက်တော့မည်ဟု ခံစားနေရသည်။

​ပထမဆုံးအနေဖြင့် ဝူလိက ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ယခုအခါ ကျန်းထိုက်မှာလည်း ရက်အနည်းငယ်ကြာသည်အထိ မည်သည့်သတင်းမျှ မရှိတော့ချေ။

​သူ့တွင် လတ်တလော၌ အသုံးပြုနိုင်မည့်သူ မရှိတော့ပါချေ၊ သူ၏ အခြားသော လက်အောက်ငယ်သား များအားလုံးမှာ မိုင်းတွင်း ဘက်တွင် စောင့်ကြပ်နေကြခြင်း ဖြစ်သည်။

​ဆိုင်ရှင်ထုံက မိုင်းတွင်းဘက်သို့ သတင်းပေးပို့ထားပြီး ဖြစ်ကာ ထိုဘက်မှ လူအချို့ကို ပြန်လည်စေလွှတ်ပေးရန် တောင်းဆိုထား၏။

​ဤကိစ္စကို သူက ပူးပေါင်းဆောင်ရွက်ထားသည့် မိသားစုကိုလည်း အသိပေးခြင်း မရှိပါချေ၊ ယခုအချိန်က အကူအညီတောင်းရမည့် အချိန်မဟုတ်သေးချေ။

​သူ၏ အင်အားက လျော့နည်းနေသဖြင့် ပူးပေါင်းဆောင်ရွက်ထားသည့် မိသားစုက သူ့ကို တိုက်ရိုက် သုတ်သင်ရှင်းလင်းပြီး မိုင်းတွင်းကို တစ်ဦးတည်း အပိုင်စီးသွားနိုင်ခြေ ရှိပေသည်။

​မူလကပင် နှစ်ဖက်စလုံး၏ အင်အားချင်းက မမျှတပါချေ၊ မိုင်းတွင်း၏ ခွဲတမ်းကလည်း သူက သုံးပုံ၊ ထိုမိသားစုက ခုနစ်ပုံ အချိုးအစား ဖြစ်သည်။

​မိုင်းတွင်းကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း သူ၏ အင်အားက မလုံလောက်သဖြင့် မျိုသိပ်၍သာ လိုက်လျောခဲ့ရခြင်း ဖြစ်၏၊ သို့မဟုတ်ပါက သူသည် အမွေးတစ်ပင်ပင်လျှင် ရရှိနိုင်မည် မဟုတ်ပါချေ။

​ဆိုင်ရှင်ထုံက သူ့ကိုယ်သူ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေသည်ဟု ခံစားရသည်၊ ချန်ကျီနှင့် ထိတွေ့ဆက်ဆံပြီးကတည်းက အရာအားလုံးက မူလလမ်းကြောင်းမှ သွေဖည်သွားခဲ့ပြီ ဖြစ်၏။

​ဆိုင်ရှင်ထုံသည် ယခုအခါ ဝူလိနှင့် ကျန်းထိုက်တို့ ပျောက်ဆုံးသွားခြင်းက ချန်ကျီနှင့် ပတ်သက်မှု ရှိနေမလားဟူသည်ကို အနည်းငယ် သံသယဝင်လာခဲ့သည်။

​သို့သော်လည်း ၎င်းမှာ သံသယမျှသာ ဖြစ်၏၊ အဆုံးတွင်တော့ ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်က ထိုနေရာမှာတင် ရှိနေသည် မဟုတ်ပါလော။

​သူသည် တစ်စုံတစ်ယောက်က ကွယ်ရာကနေ ပစ်မှတ်ထားနေခြင်း ဖြစ်သည်ဟု ဆက်လက်ယုံကြည်နေဆဲ ဖြစ်ကာ ၎င်းမှာ ပူးပေါင်းဆောင်ရွက်ထားသည့် မိသားစုက သူ့ကို လာရောက်နှောင့်ယှက်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

​

All Chapters