← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) သန်းခေါင်ယံအချိန် ဆိုင်ရှင်ထုံကို ဖမ်းဆီးခြင်း

​ကိုယ်ပွားကျောက်ယွမ်ဘက်တွင်မူ သူက ဝမ်နန်မြို့တစ်မြို့လုံးကို အနှံ့လျှောက်သွားပြီး ဖြစ်သဖြင့် ဝမ်နန်မြို့အကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

​ယခုအချိန်တွင် ကျောက်ယွမ်က အသက်ရှူသံဖျောက်မန္တန်ကို အသုံးပြုကာ သူ၏ အော်ရာများကို သိုဝှက်လျက် ထုံဖူစားသောက်ဆိုင် ကို အမှောင်ထဲကနေ စောင့်ကြည့်နေခြင်း ဖြစ်သည်။

​အိမ်တော်ကြီးအတွင်းရှိ ချန်ကျီထံသို့ ကျောက်ယွမ်ထံမှ သတင်းစကား ရောက်ရှိလာခဲ့သည်။

​"ဆိုင်ရှင်ထုံက ဒီရက်ပိုင်းအတွင်း အပြင်ကို လုံးဝမထွက်ဘူး သခင်၊ ထုံဖူစားသောက်ဆိုင် ကိုပဲ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနေပြီး ဘာထူးခြားတဲ့ လှုပ်ရှားမှုမှ မရှိပါဘူး"

​ချန်ကျီ သတင်းစကားကို ရရှိပြီးနောက် ခဏမျှ စဉ်းစားတွေးတောလိုက်၏။ "ကျောက်ယွမ်... မင်း ဆိုင်ရှင်ထုံရဲ့ လှုပ်ရှားမှုမှန်သမျှကို ဆက်ပြီးတော့ပဲ စောင့်ကြည့်ထားလိုက်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီက ကျောက်ယွမ်ကို တာဝန်ပေးပြီးနောက် ချန်ဖန်ထံသို့လည်း ထပ်မံသတင်းပို့လိုက်ပြန်သည်။

​"ချန်ဖန်... မင်း အနန္တနေရာလွတ်ထဲကို တိုက်ရိုက်ဝင်ပြီး အသင့်စောင့်နေတော့၊ ဒီည မင်းနဲ့ ကျောက်ယွမ် ပူးပေါင်းပြီး ဆိုင်ရှင်ထုံကို ဖမ်းခေါ်ခဲ့ကြရမယ်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ဖန် တွေး လိုက်သည်နှင့် အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်ကာ အသင့်စောင့်ဆိုင်းနေလိုက်တော့သည်။

​ထိုအိမ်စုတ်လေးအတွင်း၌မူ တစ်ခဏချင်းမှာပင် လူသူကင်းမဲ့သွားခဲ့ပြီး ခြောက်ကပ်ကပ် အသွင်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

​နောင်တွင် လွန်စွာကြာမြင့်သည့် အချိန်အထိ ဤအိမ်လေးအတွင်းသို့ မည်သူမျှ လာရောက်နေထိုင်တော့မည် မဟုတ်ပါချေ။

​ချန်ဖန် အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ချန်ကျီက ကိုယ်ပွားနှစ်ခုစလုံးနှင့် စိတ်အာရုံချင်း ဆက်သွယ်ကာ ယနေ့ည၏ လှုပ်ရှားမှု အစီအစဉ်ကို ရေးဆွဲလိုက်တော့သည်။

​ယခုအခါ ဒဏ္ဍာရီ အဆင့် မီးမွှေးခြင်းမန္တန် ရှိနေသည့်အပြင် အသက်ရှူသံဖျောက်မန္တန်ကလည်း ဒဏ္ဍာရီ အဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်၏။

​ကျောက်ယွမ်နှင့် ချန်ဖန် နှစ်ဦး ပူးပေါင်းပါက ဆိုင်ရှင်ထုံကို ကိုင်တွယ်ရန် မည်သည့်ပြဿနာမျှ ရှိလိမ့်မည်မဟုတ်ဟု ချန်ကျီ ယူဆထားသည်။

​ဆိုင်ရှင်ထုံ၏ ကျင့်ကြံခြင်းအဆင့်ကို အသေအချာ မသိရသေးသော်လည်း ဆိုင်ရှင်ထုံကသာ အုတ်မြစ်ချ ခြင်းနယ်ပယ် သို့ ရောက်မနေပါက ကိုယ်ပွားနှစ်ခု ပူးပေါင်းတိုက်ခိုက်လျှင် အောင်မြင်ရန် အတိုင်းအတာတစ်ခုအထိ သေချာရေရာမှု ရှိပေသည်။

​ကိုယ်ပွားနှစ်ခုစလုံး ကျရှုံးသွားခဲ့လျှင်ပင် ကိစ္စမရှိပါချေ၊ အနည်းဆုံးတော့ ဆိုင်ရှင်ထုံ၏ နောက်ခံအင်အားနှင့် လျှို့ဝှက်ချက်များကို စမ်းသပ်သိရှိနိုင်မည် မဟုတ်ပါလော။

​ဆိုင်ရှင်ထုံ တည်ရှိနေခြင်းက သေချာပေါက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသဖြင့် ချန်ကျီအနေဖြင့် ဆိုင်ရှင်ထုံတွင် အခြားသော ဝှက်ဖဲများ ရှိနေဦးမလားဟူသည်ကိုလည်း စိုးရိမ်မိသည်။

​ယနေ့ည၏ လှုပ်ရှားမှုကို စမ်းသပ်မှုတစ်ခုအဖြစ်သာ သဘောထားလိုက်ပြီး ဘာပဲဖြစ်ဖြစ် သူ့အတွက် မည်သည့်ဆုံးရှုံးမှုမျှ ရှိလာနိုင်ခြင်း မရှိချေ။

​ချန်ကျီက အစီအစဉ်များကို အသေအချာ ချမှတ်ပြီးနောက် ကျင့်ကြံခြင်းထဲသို့ ထပ်မံအာရုံနှစ်မြှုပ်လိုက်ပြန်သည်။

​ခွန်အားများ တိုးတက်လာပြီး အရာအားလုံးကို သူ့လက်ဝါးပေါ်တွင် ထိန်းချုပ်နိုင်သည့် ထိုသို့သော ခံစားချက်ကို သူ လွန်စွာ တောင့်တမိပေသည်။

​.....

​မိုးက တဖြည်းဖြည်းချင်း ချုပ်လာခဲ့ပြီ ဖြစ်ရာ ချန်ကျီက ယနေ့တွင် ၁၅ နာရီမျှ ကျင့်ကြံပြီးစီးခဲ့ပြီ ဖြစ်သည့်အပြင် အလိုအလျောက်ကျင့်ကြံခြင်းအခန်းကလည်း မနားတမ်း ကျင့်ကြံပေးနေခဲ့သည်။

​ယခုအခါ အသက်ရှူသံဖျောက်မန္တန်၏ ကျွမ်းကျင်မှုအမှတ်က ဒဏ္ဍာရီ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ မြေကြီးဒိုင်းကာမန္တန်၏ ကျွမ်းကျင်မှုကလည်း အကြီးစား အောင်မြင်မှုအဆင့် သို့ ရောက်ရှိသွားခဲ့ချေပြီ။

​အရေးအကြီးဆုံးအချက်မှာ ရွှမ်ထျန်းလု ကျင့်စဉ်၏ ကျွမ်းကျင်မှုက အသေးစားအောင်မြင်မှု သို့ ရောက်ရှိသွားပြီးနောက် ချန်ကျီက ရွှမ်ထျန်းလုကို တစ်ကြိမ်ကျင့်ကြံတိုင်း သူ၏ ကျင့်ကြံခြင်းအဆင့်က ၁ မှတ်စီ တိုးတက်လာခြင်းပင် ဖြစ်သည်။

​လက်ရှိ ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၄ သို့ တက် ရန် ၁၀ မှတ်သာ လိုအပ်တော့သည်။

​၎င်းမှာ တစ်ညအိပ်လိုက်ရုံဖြင့် မနက်ဖြန် မိုးလင်းသည့်အခါ အောင်မြင်သွားမည့် ကိစ္စပင်။

​"ဒီခန္ဓာကိုယ်က နောက်ဆုံးတော့လည်း ကျင့်ကြံခြင်း အမှိုက် အဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီပဲ"

​ချန်ကျီက တစ်စစနှင့် မြန်ဆန်လာသည့် ကျင့်ကြံခြင်းအမြန်နှုန်းကြောင့် အံ့ဩဝမ်းသာသွားခဲ့ရသလို ကျင့်ကြံခြင်းကိုလည်း ခေတ္တရပ်နားလိုက်သည်၊ ယခုအခါ ကောင်းကင်က မှောင်မိုက်နေပြီဖြစ်ရာ ဆိုင်ရှင်ထုံကို အချိန်မရွေး စတင်ကိုင်တွယ် ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။

​အချိန်အနည်းငယ် ရှိနေသေးသဖြင့် ချန်ကျီက ချန်ဖန်ကို အနန္တနေရာလွတ်ထဲမှ ဆင့်ခေါ်လိုက်ပြီး ဟင်းချက်ခိုင်းလိုက်တော့သည်။

​ချန်ဖန်ကလည်း လွန်စွာ တော်ရှာပေသည်၊ ချန်ကျီ၏ ဟင်းချက်လက်ရာကို အပြည့်အဝ ဆက်ခံထားနိုင်၏။

​ချန်ကျီက အရသာရှိလှသည့် ဟင်းလျာများကို အေးအေးလူလူ မြိန်ယှက်စွာ စားသောက်နေပြီး ချန်ဖန်ကမူ သူ စားသောက်ပြီးပါက သိမ်းဆည်းရန် ဘေးနားတွင် ငြိမ်သက်စွာ ရပ်စောင့်နေပေးသည်။

​ကိုယ်ပွား ရှိလာပြီဖြစ်ရာ သဘာဝကျကျပင် ကိစ္စမှန်သမျှကို သူကိုယ်တိုင် လုပ်နေရန် မလိုတော့ပါချေ။

​ကိစ္စရှိလျှင် ကိုယ်ပွားကိုသာ ခိုင်းစေလိုက်ရုံဖြင့် လုံလောက်ပြီး သူကမူ တည်ငြိမ်စွာဖြင့် အေးချမ်းမှုကို ခံစားလိုက်ရုံပင်။

​"အင်း... ကြည့်ရတာ နောက်တစ်ခါကျရင် အမျိုးသမီး ကိုယ်ပွားတစ်ခု ထပ်ပြီးတော့ ဖန်တီးရမယ်၊ အဲဒီလိုဆိုမှပဲ ကြည့်လို့လည်း လှ၊ ဟင်းချက်တာလည်း ပိုပြီးတော့ အဆင်ပြေမှာ" ထမင်းစားနေရင်းနှင့် ချန်ကျီက ရုတ်တရက် ရပ်တန့်ကာ ရေရွတ်လိုက်မိသည်။

​ဘေးနားတွင် ရပ်နေသည့် ချန်ဖန်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး နှုတ်ခမ်းထောင့်တွင် ခါးသီးသည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏၊ သူကတော့ အနှိမ်ခံလိုက်ရပြီ ဖြစ်သည်။

​မကြာမီမှာပင် ချန်ကျီ စားသောက်ပြီးသွားခဲ့သည်။

​ချန်ဖန်က စားပွဲကို သေသေချာချာ သိမ်းဆည်းပြီးနောက် အနန္တနေရာလွတ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ အသင့်စောင့်ဆိုင်းနေလိုက်တော့သည်။

​ယခုအခါ ကျောက်ယွမ် ထုံဖူစားသောက်ဆိုင် ၏ အနောက်ခြံဝင်းထဲသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်သွားမည့် အချိန်ကိုသာ စောင့်ဆိုင်းရန် ကျန်ရှိတော့ပေသည်။

​.......

​သန်းခေါင်ယံအချိန်တွင် ထုံဖူစားသောက်ဆိုင် က ဆိုင်ပိတ်လိုက်ပြီ ဖြစ်သည်။

​အမှောင်ထဲကနေ စောင့်ကြည့်နေသည့် ကိုယ်ပွားကျောက်ယွမ်က ဆိုင်ရှင်ထုံ အနောက်ခြံဝင်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရ၏။

​သူက ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည့်အထိ နောက်ထပ် တစ်နာရီခန့် ထပ်မံစောင့်ဆိုင်းလိုက်သည်။

​ကျောက်ယွမ်က ဒဏ္ဍာရီ အဆင့် ရှိသည့် အသက်ရှူသံဖျောက်မန္တန်ကို ထုတ်ဖော်လိုက်ပြီး မည်သည့်အသံမျှ မထွက်စေဘဲ ထုံဖူစားသောက်ဆိုင် ၏ အနောက်ခြံဝင်းထဲသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်သွားခဲ့တော့သည်။

​ထုံဖူစားသောက်ဆိုင် ၏ အနောက်ခြံဝင်းအတွင်း၌ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေပြီး ခြံဝင်းထဲတွင် အခန်း သုံးခန်း ရှိပေသည်။

​ဘေးဘယ်ညာ နှစ်ဖက်က အခန်းများမှာ ဆိုင်ဝန်ထမ်း များ နေထိုင်သည့် နေရာဖြစ်ပြီး အလယ်တည့်တည့်က အခန်းမှာမူ ဆိုင်ရှင်ထုံ နေထိုင်သည့် အခန်း ဖြစ်ရပေမည်။

​ကျောက်ယွမ် အနောက်ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် ကိုယ်ပွားချင်း မြင်ကွင်းပူးတွဲမျှဝေနိုင်သည့် အနန္တနေရာလွတ်၏ ထူးခြားချက်ကို အသုံးပြုကာ ချန်ဖန်ကိုပါ အပြင်သို့ ဆင့်ခေါ်လိုက်တော့သည်။

​ချန်ကျီ၏ အသိစိတ်ကမူ ကိုယ်ပွားနှစ်ခုစလုံး၏ လှုပ်ရှားမှုကို အချိန်ပြည့် စောင့်ကြည့်အာရုံစိုက်နေခဲ့၏။

​ကျောက်ယွမ်နှင့် ချန်ဖန်တို့က တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး စိတ်ချင်းဆက်သွယ်ကာ ကြိုတင်ရေးဆွဲထားသည့် အစီအစဉ်အတိုင်း စတင်လှုပ်ရှားလိုက်ကြတော့သည်။

​ချန်ဖန်က ချန်ကျီ ပေးအပ်ထားသည့် ဓားမြှောင်တိုကို ကိုင်ဆောင်ကာ အလယ်ခန်း၏ တံခါးမကြီးကို ဖြည်းညင်းစွာဖြင့် ကလော်ဖွင့်လိုက်၏။

​ကျောက်ယွမ်ကမူ ဘေးနားကနေ စောင့်ကြပ်ကြည့်ရှုပေးနေသည်။

​၎င်းတို့နှစ်ဦးစလုံးက အသက်ရှူသံဖျောက်မန္တန်ကို အသုံးပြုထားသဖြင့် လက်ရှိတွင် မည်သည့်အော်ရာမျှ ရှိမနေဘဲ အခန်းထဲက လူကို အနည်းငယ်မျှပင် သတိမမူမိစေဘဲ အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားနိုင်ခဲ့ကြသည်။

​သူတို့နှစ်ဦး အခန်းထဲသို့ ဝင်ရောက်ပြီးနောက် အခန်းတွင်းရှိ လူရှိသည့် နေရာကို အတည်ပြုလိုက်ကြပြီး ဖြည်းညှင်းစွာဖြင့် ချဉ်းကပ်သွားခဲ့ကြ၏။

​၎င်းတို့နှစ်ဦးစလုံးက လက်ထဲတွင် မီးမွှေးခြင်းမန္တန်ကို အဆင်သင့် ပြင်ဆင်ထားကြပြီး အနားသို့ ရောက်ရှိသည်နှင့် ဆိုင်ရှင်ထုံကို တိုက်ရိုက် ဖမ်းဆီးချုပ်နှောင်ရန်သာ ကျန်တော့သည်။

​သူတို့နှစ်ဦး ကုတင်အနားသို့ ပိုမိုနီးကပ်လာခဲ့သည့်အချိန်တွင် စိတ်ချင်းဆက်သွယ်ကာ ဆိုင်ရှင်ထုံထံသို့ မီးလုံးနှစ်လုံးကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြတော့သည်။

​ဆိုင်ရှင်ထုံမှာမူ မည်သည့်ပြင်ဆင်မှုမျှ ရှိမနေခဲ့ပါချေ။

​"ဘုန်း... ဘုန်း..."

​အသံတိုးတိုး နှစ်ချက်နှင့်အတူ မီးလုံးနှစ်လုံးက ပစ်မှတ်ကို အမိအရ ထိမှန်သွားခဲ့ချေပြီ။

​မီးလုံးမှ ထွက်ပေါ်လာသည့် မီးအလင်းရောင်ကြောင့် ပစ်မှတ်မှာ ဆိုင်ရှင်ထုံ ဖြစ်ကြောင်း အသေအချာ အတည်ပြုလိုက်နိုင်ခဲ့သည်။

​အိပ်မက်မောကျနေစဉ်အတွင်း ရုတ်တရက် မီးလုံးနှစ်လုံး အပစ်ခံလိုက်ရသည့် ဆိုင်ရှင်ထုံက ချက်ချင်းဆိုသလို လန့်နိုးလာခဲ့ပြီး နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားလိုက်တော့၏။

​ဆိုင်ရှင်ထုံ၏ ညာဘက်လက်နှင့် ဝမ်းဗိုက်တို့က မီးလုံးထိမှန်သွားခဲ့သဖြင့် တစ်ဝက်တစ်ပျက် မစွမ်းမသန် ဖြစ်သွားခဲ့ရချေပြီ။

​"မင်းတို့... ဘယ်သူတွေလဲ" နာကျင်မှုများကြားမှ ဆိုင်ရှင်ထုံက အသံကျယ်ကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

​ဆိုင်ရှင်ထုံက တစ်ဝက်တစ်ပျက် မစွမ်းမသန် ဖြစ်သွားခဲ့သော်လည်း လက်နက်ချအဖမ်းခံမည့် အဆင့်သို့တော့ ရောက်မသွားသေးပါချေ။

​ကျောက်ယွမ်နှင့် ချန်ဖန်တို့က ၎င်းကို မြင်တွေ့သည့်အခါ မီးမွှေးခြင်းမန္တန်ကို ထပ်မံထုတ်ဖော်လိုက်ပြီး ဆိုင်ရှင်ထုံ၏ မျက်နှာတည့်တည့်ဆီသို့ မီးလုံးနှစ်လုံး ထပ်မံပစ်လွှတ်လိုက်ပြန်သည်။

​မီးလုံး၏ စွမ်းအားကို မြည်းစမ်းဖူးသွားခဲ့ပြီ ဖြစ်သဖြင့် ဆိုင်ရှင်ထုံလည်း မပေါ့ဆရဲတော့ဘဲ ကျင့်ကြံခြင်းစွမ်းအားအားလုံးကို ထုတ်ဖော်ကာ အသက်ဘေးမှ လွတ်မြောက်နိုင်မည့် ဝှက်ဖဲမှန်သမျှကို အသုံးပြု၍ အစွမ်းကုန် ခုခံကာကွယ်လိုက်တော့သည်။

​မီးလုံးနှစ်လုံးကို သူ အနိုင်နိုင် ခုခံတားဆီးလိုက်နိုင်သော်လည်း ထိုအချိန်မှာပင် နောက်ထပ် မီးလုံးအမြောက်အမြားက သူ့ထံသို့ ဆက်တိုက်ဆိုသလို ပျံသန်းလာခဲ့ပြန်၏။

​ဆိုင်ရှင်ထုံ တအံ့တဩ ရေရွတ်လိုက်မိပြီး ၎င်းကို ထပ်မံခုခံနိုင်ခြင်း မရှိတော့မှန်း သိရှိသွားသဖြင့် လှည့်ထွက်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။

​သို့သော်လည်း ပျံသန်းလာသည့် မီးလုံးက သူ၏ ကျောပြင်ကို အမိအရ ထိမှန်သွားခဲ့ချေပြီ။

​ဆိုင်ရှင်ထုံ ယိုင်ထိုးသွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖုန်းကနဲ လဲ ကျသွားခဲ့တော့သည်။

​ဆိုင်ရှင်ထုံ ထပ်မံမတ်တပ်ရပ်နိုင်စွမ်း မရှိတော့ဘဲ အက်ရှရှအသံဖြင့် အော်ဟစ်လိုက်၏။ "မင်းတို့ကို ဘယ်သူ စေခိုင်းလိုက်တာလဲ"

​ဆိုင်ရှင်ထုံထံသို့ မည်သည့်တုံ့ပြန်မှုမျှ ပြန်လည်ရောက်ရှိမလာဘဲ ကျောက်ယွမ်က ရှေ့သို့ အမြန်လှမ်းတက်လိုက်ကာ လက်ဝါးစောင်းဖြင့် ရိုက်၍ ၎င်းကို သတိလစ် မေ့မြောသွားစေလိုက်တော့သည်။

​ခုနတင် မီးလုံးပေါက်ကွဲသည့် အသံနှင့် ဆိုင်ရှင်ထုံ၏ နာကျင်စွာ အော်ဟစ်သံများက ဘေးအခန်းနှစ်ခန်းတွင် နေထိုင်သည့် သူများကို စောစောစီးစီးပင် နှိုးလိုက်ပြီ ဖြစ်သည်။

​ခဏချင်းမှာပင် ထုံဖူစားသောက်ဆိုင် ၏ အနောက်ခြံဝင်းအတွင်း၌ မီးရောင်များ လင်းထိန်သွားခဲ့ချေပြီ။

​"သွားစို့" ချန်ဖန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။

​ကျောက်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး စိတ်ချင်း ဆက်သွယ်လိုက်ကြသည်။

​၎င်းတို့နှစ်ဦးက ဆိုင်ရှင်ထုံကို ပွေ့ချီကာ အနန္တနေရာလွတ်ထဲသို့ အတူတူ ဝင်ရောက်သွားခဲ့ကြပြီး ပြန်လည်ထွက်ပေါ်လာသည့် အချိန်တွင်မူ ချန်ကျီ၏ အိမ်တော်ကြီးအတွင်းသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

​၎င်းတို့အားလုံးက ကြိုတင်ရေးဆွဲထားသည့် အစီအစဉ်များ ဖြစ်ကြပြီး အောင်မြင်သည်နှင့် ဆိုင်ရှင်ထုံကို ခေါ်ဆောင်ကာ အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်လိုက်ရုံပင်ဖြစ်ရာ အမှတ် ၁ သာ ကုန်ဆုံးမည် ဖြစ်သည်။

​ထုံဖူစားသောက်ဆိုင် အတွင်းက လှုပ်ရှားမှုများကလည်း မြို့တော်သခင်အိမ်တော်၏ ကင်းလှည့်တပ်ဖွဲ့ကို သတိပေး လိုက်ပြီ ဖြစ်၏။

​ထုံဖူစားသောက်ဆိုင် က ဆိုင်ဝန်ထမ်း များ အသံကြားရာ ဆိုင်ရှင်ထုံ၏ အခန်းထဲသို့ ဝင်ရောက်လာသည့်အခါ အခန်းတွင်း၌ မီးလောင်ကျွမ်းထားသည့် အမှတ်အသားများကိုသာ မြင်တွေ့လိုက်ရပြီး ဆိုင်ရှင်ထုံ၏ အရိပ်အယောင်ကိုမူ လုံးဝ ရှာမတွေ့တော့ပါချေ။

​မြို့တော်သခင်အိမ်တော်၏ ကင်းလှည့်တပ်ဖွဲ့ ရောက်ရှိလာသည့် အခါတွင်လည်း မည်သည့်သဲလွန်စမျှ ထပ်မံရှာမတွေ့ခဲ့ပါချေ။

​ကင်းလှည့်တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို လျင်မြန်စွာ ပိတ်ဆို့လိုက်ပြီး အချို့သူများက မြို့တော်သခင်အိမ်တော်ဆီသို့ သတင်းပို့ရန် ပြန်သွားခဲ့ကြပြီ ဖြစ်သည်။

​ဝမ်နန်မြို့အတွင်း၌ တစ်စုံတစ်ယောက်က သဘောအတိုင်း လုပ် ရဲခြင်းက ဝမ်နန်မြို့၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လိုက်ခြင်းပင် ဖြစ်၏။

​ယခုအခါ ထုံဖူစားသောက်ဆိုင် ၏ ဆိုင်ရှင်ပင်လျှင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ရာ ၎င်းမှာ ကြီးမားလှသည့် ကိစ္စတစ်ခု ဖြစ်သဖြင့် သဘာဝကျကျပင် မြို့တော်သခင်ကိုယ်တိုင် လာရောက်စစ်ဆေးရပေလိမ့်မည်။

​.....

​ချန်ကျီ၏ အိမ်တော်က မြို့တော်သခင်အိမ်တော်နှင့် နီးကပ်လွန်းလှသဖြင့် အပြင်ဘက်က စစ်သည်တော်များ လှုပ်ရှားသွားလာသံများကို သူ အတိုင်းသား ကြားနေရသည်။

​သို့သော်လည်း ကိစ္စမရှိပါချေ၊ ဆိုင်ရှင်ထုံက လက်ရှိတွင် ချန်ကျီ၏ အိမ်တော်အတွင်း၌ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။

​ချန်ကျီက ကျောက်ယွမ်နှင့် ချန်ဖန်ကို အနန္တနေရာလွတ်ထဲမှ ဆင့်ခေါ်လိုက်ရာ ၎င်းတို့နှစ်ဦးက သတိလစ်မေ့မြောနေသည့် ဆိုင်ရှင်ထုံကို တွဲခေါ်လာခဲ့ကြသည်။

​"သူ့ကို နှိုးလိုက်"

​"ဟုတ်ကဲ့ပါ သခင်"

​ကျောက်ယွမ်က အပြင်သို့ထွက်၍ ရေအေးတစ်ဇလုံ ယူဆောင်လာခဲ့ပြီး ဆိုင်ရှင်ထုံ၏ မျက်နှာပေါ်သို့ ပက်လိုက်တော့သည်။

​ရေအေး၏ လှုံ့ဆော်မှုကြောင့် မေ့မြောနေသည့် ဆိုင်ရှင်ထုံက ချက်ချင်းဆိုသလို လန့်နိုးလာခဲ့၏။

​လန့်နိုးလာသည့် ဆိုင်ရှင်ထုံ၏ အသိစိတ်က သေချာမရှင်းလင်းသေးသော်လည်း သူ၏ မျက်စိရှေ့တွင် ရင်းနှီးလှသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။

​"မင်း... မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ"

All Chapters