အခန်း ၃၁
Vol. 4 Ch. 31
အခန်း ၃၁ အရင်ကလိုမဟုတ်တော့ဘူး
နေ့လယ်စာစားပြီးနောက် လက်ဖက်ရည်နှစ်ခွက်လောက် သောက်ပြီးမှသာ ဝမ်ယဲ့က အိမ်တော်သို့ ပြန်ရန် အစေခံများကို ပြင်ဆင်ခိုင်းလိုက်သည်။
မူလက သခင်မလုနှင့် အခြားသူများ မြည်းစမ်းကြည့်နိုင်ရန် သူမ ငန်းနှစ်ကောင်လောက် ဖမ်းယူသွားရန် စဉ်းစားမိသေးသော်လည်း နောက်ပိုင်း ပြန်တွေးကြည့်ကာ သူတို့ လန့်သွားမည်ကို စိုးရိမ်ပြီး လက်လျှော့လိုက်သည်။
'ဒီလို ဖြစ်သလိုစားရတဲ့ ဒုက္ခမျိုးကိုတော့ ငါတစ်ယောက်တည်းပဲ ခါးစည်းခံလိုက်ပါတော့မယ်လေ'
နှင်းကျခြင်း ရပ်သွားသော်လည်း လမ်းခရီးက သွားရလာရ ခက်ခဲနေဆဲဖြစ်ကာ မြင်းရထားများ ဖြည်းဖြည်းချင်းသာ ရွေ့လျားနိုင်သေးသည်။
ဝမ်ယဲ့က မြင်းရထားပေါ်တွင် ယွင်ကျီကို မှီရင်း တစ်ရေးအိပ်လိုက်သည်။ သူမ ပြန်နိုးလာချိန်တွင် မြို့တော်ထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ကောင်းကင်က မှောင်စပြုနေပြီဖြစ်သောကြောင့် ဝမ်ယဲ့ အချိန်မေးလိုက်ရာ ထောင်ကျီက ချက်ချင်း ပြန်ဖြေလိုက်သည်။
"ရှန့်အချိန်ကျော်နေပါပြီ သခင်မ"
ဝမ်ယဲ့ ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ညွှန်ကြားလိုက်သည်။
"ဦးလေးချိုးကို အတတ်နိုင်ဆုံး မြန်မြန်မောင်းဖို့ ပြောလိုက်ပါ"
ဦးလေးချိုးက အထိန်းတော်ချိုး၏ သားဖြစ်ပြီး သခင်မရှန်း ဝမ်ယဲ့အတွက် ထည့်ပေးလိုက်သော ခန်းဝင်စာရင်းထဲတွင် သားအမိနှစ်ယောက်လုံး ပါလာခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် နယ်စားမင်းအိမ်တော်က ယောင်အချိန်တွင် ညစာစားလေ့ရှိသည်။ သာမန်ရက်များတွင် ကိစ္စမရှိသော်လည်း ယခု အကြီးဆုံးအဒေါ် မြို့တော်သို့ ပြန်ရောက်နေချိန်ဖြစ်သောကြောင့် ဤရက်ပိုင်းအတွင်း ပင်မဆောင်၌ မိသားစု စုံစုံလင်လင် စားကြရမည်မှာ သေချာနေသည်။
ကံကောင်းစွာဖြင့် သူမတို့ အပြေးအလွှား ပြန်လာနိုင်ခဲ့ပြီး ရှန့်အချိန်ကုန်ခါနီးတွင် မြင်းရထားက နယ်စားမင်းအိမ်တော်သို့ ဆိုက်ရောက်လာခဲ့သည်။
တံခါးဝတွင် စောင့်နေသော အစေခံများက အိမ်ထဲသို့ သတင်းပို့ရန် ကပျာကယာ ပြေးဝင်သွားကြသည်။ ဝမ်ယဲ့ကတော့ ဘာမှမသိသလို ဟန်ဆောင်ကာ အနောက်ဘက်ခြံဝင်းသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
‘လူကြီးသူမတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ဆိုတာက ကျော့ရှင်းပြီး တည်ငြိမ်နေဖို့ လိုအပ်တယ်လေ၊ ဟုတ်တယ်မလား’
ဝမ်ယဲ့က ယွင်ကျီအား သူမ ကြိုတင်ပြင်ဆင်ထားသော လဖြူရောင် ဆောင်းရာသီဝတ်ရုံကို ထုတ်ခိုင်းလိုက်ပြီး လဲဝတ်လိုက်သည်။
"လရောင်က ဖျော့ဖျော့၊ လေက ကြည်လင်၊ ကောင်းကင်က ရေပြင်လိုပဲ" ဆိုသကဲ့သို့ ထိုဝတ်ရုံ၏ အရောင်ဖျော့ဖျော့လေးက သူမကို တည်ငြိမ်အေးချမ်းသည့်ပုံရိပ်လေး ဖန်တီးပေးနေသည်။
ဝမ်ယဲ့က မှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်လိုက်ပြီး ပထမဆုံးအကြည့်တွင် သူမကိုယ့်သူမ မမှတ်မိနိုင် ဖြစ်နေရသည်။ ဤဝတ်ရုံက ကိုယ်လုပ်တော်ချန်း ဝမ်ယဲ့အတွက် မျှော်လင့်ချက်များစွာ ထည့်သွင်းပြီး စိတ်တိုင်းကျ ကိုယ်တိုင်ချုပ်လုပ်ပေးထားခြင်း ဖြစ်သည်။
ထောင်ကျီကတော့ အာသွက်လျှာသွက် ချီးကျူးနေသည်။
"သခင်မက တကယ်ကို လှလွန်းတာပဲ"
ဝမ်ယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"နင့်သခင်မက နေ့တိုင်း လှနေတာပါဟဲ့"
အလုပ်တစ်ခုခုထဲအား အာရုံစိုက်နေမိလျှင် ဘေးပတ်ဝန်းကျင်ကို သတိမထားမိတတ်ကြပေ။
ယွင်ကျီက ဝတ်စုံနှင့် လိုက်ဖက်သည့် ကျောက်စိမ်းဆံထိုးလေးကို ဝမ်ယဲ့၏ ဆံပင်တွင် ထိုးပေးနေသည်။ ထိုအချိန်တွင် သူမ၏ မျက်လုံးထောင့်၌ ရုတ်တရက် ပေါ်လာသော ရွှီယဲ့ကျားကို လှမ်းမြင်လိုက်ရသည်။ သူမ ရင်တုန်သွားပြီး ကမန်းကတန်း ပြောလိုက်ရသည်။
"သခင်မ... ဒုတိယသခင် ရောက်နေပါတယ်"
ထိုစကားကို ကြားသည်နှင့် ဝမ်ယဲ့က ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ပြီး ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိသည့် ထိုအမျိုးသားကို အသာအယာ ငဲ့ကြည့်လိုက်သည်။
‘ဒါက စိတ်ချင်းဆက်နေတာလား၊ မဖြစ်နိုင်ပါဘူး... တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်မှာပါနော်’
ယနေ့ သူမနှင့် ရွှီယွဲ့ကျားတို့ တူညီသော အရောင်အသွေးရှိသည့် အဝတ်အစားများကို ဆင်တူဝတ်မိလျက်သား ဖြစ်နေကြသည်။
"ယောက်ျား.... ရှင် ဘယ်တုန်းက ရောက်နေတာလဲ"
ဝမ်ယဲ့က ခပ်ပေါ့ပေါ့ လှမ်းမေးလိုက်သည်။
ရွှီယွဲ့ကျားက သူမ၏ အဝတ်အစားအသစ်ကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ကိုယ် ဒီမှာ ရှိနေတာ ကြာပြီ"
ဝမ်ယဲ့ ခဏတာ ငြိမ်သက်သွားပြီးမှ သူ့၏ဆိုလိုရင်းကို သဘောပေါက်သွားကာ ထပ်မေးလိုက်သည်။
"ရှင် အနောက်ဘက် စာကြည့်ခန်းမှာ ရှိနေတာလား"
ရွှီယွဲ့ကျားက ခေါင်းတစ်ချက် ညိတ်ပြလာသည်။
‘သတင်းပို့မယ့်သူ မရှိတာ မဆန်းတော့ဘူး။ သူက ဒီအနောက်ဘက်ခြံဝင်းထဲမှာ အမြဲရှိနေတာကိုး’
သို့သော် ဝမ်ယဲ့က ရွှီယွဲ့ကျားက သူမကို တမင်စောင့်နေသည်ဟု ထင်ရလောက်အောင်အထိ မာန်မတတ်ရဲပေ။
‘သူ ကိုင်ထားတဲ့ စာအုပ်ကို မမြင်ဘူးလား’
အဝတ်အစားနှင့် ဆံပင်ကို အပြည့်အစုံ ပြင်ဆင်ပြီးနောက် ဝမ်ယဲ့က မတ်တတ်ထရပ်ကာ လှမ်းပြောလိုက်သည်။
"ယောက်ျား... သွားကြမယ်"
သူမတို့ အနောက်ဘက်ခြံဝင်းမှ ထွက်လာချိန်တွင် ယောင်အချိန် နီးကပ်နေပြီ ဖြစ်သည်။
ဝမ်ယဲ့က ရွှီယွဲ့ကျား၏ နောက်မှ ခြေတစ်လှမ်းစာ ခွာပြီး လိုက်လာရင်း၊ လေလွင့်နေသည့် သူမ၏ အတွေးများကို ပြန်လည်စုစည်းကာ အကြီးအကဲနှင့် တွေ့ဆုံရန် ပြင်ဆင်နေသည်။
သူမ ယခု ကျေးလက်ခြံဝင်းတွင် မဟုတ်တော့ဘဲ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သူမကိုယ်သူမ တိတ်တဆိတ် သတိပေးနေမိသည်။
ထိုသို့ သတိပေးမိတိုင်းလည်း ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်ပြန်ပေ။
သူမတို့ ပင်မခြံဝင်းသို့ ရောက်လာချိန်တွင် ဝမ်ယဲ့က သူမ၏ကိုယ်နေဟန်ကို ပြန်မတ်လိုက်ပြီး ရွှီယွဲ့ကျား၏ နောက်မှ လိုက်ဝင်သွားခဲ့သည်။
သူမ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ရာ ကလေးများမှ လွဲ၍ ကျန်သည့်သူအားလုံး စုံလင်နေကြပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမနှင့် ရွှီယွဲ့ကျားသာ နောက်ကျနေခြင်း ဖြစ်သည်။
သခင်မလု၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် လုံးဝမရှိဘဲ လေသံကလည်း ညင်သာနေသည်။
"ဒီနှစ်ရက်တော့ နင် တော်တော်လေး အလုပ်ရှုပ်သွားရပြီ"
အခန်းထဲသို့ ခြေချလိုက်သည်နှင့် သခင်မလု၏မျက်နှာတွင် အမျက်ဒေါသ သို့မဟုတ် မကျေနပ်မှုများကို မတွေ့ရသည့်အတွက် ဝမ်ယဲ့တစ်ယောက် စိတ်ထဲတွင် စတင် တွက်ချက်ပြီး အစီအစဉ်များ ရေးဆွဲနေပြီ ဖြစ်သည်။
သို့သော်လည်း သခင်မလုက “နင် တော်တော်လေး အလုပ်ရှုပ်သွားရပြီ” ဟု ပြောလိုက်ချိန်တွင်တော့ ဝမ်ယဲ့တစ်ယောက် သူမ၏ မျက်နှာအမူအရာကို မထိန်းနိုင်လုနီးပါး ဖြစ်သွားရသည်။
ကံကောင်းစွာဖြင့် သူမ တည်ငြိမ်အောင် ဆက်ထိန်းထားနိုင်ခဲ့သည်။
ဝမ်ယဲ့က သိမ်သိမ်မွေ့မွေ့ ပြန်ဖြေလိုက်သည်။
"ဒါက သိပ်ပြီး အလုပ်မရှုပ်ပါဘူးရှင်၊ ကျွန်မ လုပ်သင့်တဲ့ အလုပ်တွေပါ"
ထိုအချိန်တွင် ခန်းမထဲ၌ ရွှင်ပျသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါ ငါ့ရဲ့ဒုတိယတူချွေးမလေး ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
ဝမ်ယဲ့ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး ပြည့်ဖြိုးသော မျက်နှာနှင့် တောက်ပရွှင်ပျသော မျက်လုံးများရှိသည့် အမျိုးသမီးကြီးတစ်ဦးကို တွေ့လိုက်ရသည်။
သူမ၏ ဘေးတွင် အမျိုးသမီးငယ်တစ်ဦး ရှိနေပြီး ဝမ်ယဲ့ကို စူးစမ်းလိုစိတ်များဖြင့် ကြည့်နေသည်။
သူမတို့နှစ်ဦး အကြည့်ချင်း ဆုံမိချိန်တွင် အမျိုးသမီးငယ်လေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို အမြန်ပြန်ငုံ့သွားသည်။
ထိုသူနှစ်ဦးက မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲလှပေ။ ဝမ်ယဲ့က အသက်ကြီးသူဘက် လှည့်ကာ ဂါရဝပြုလိုက်သည်။
"အကြီးဆုံးအဒေါ်ကို ဂါရဝပြုပါတယ်ရှင့်"
ထို့နောက် အမျိုးသမီးငယ်နှင့်လည်း အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။
သူမ၏ အတွင်းစရိုက်က မည်သို့ပင် ဖြစ်နေပါစေ လူပုံအလယ်တွင်တော့ ဝမ်ယဲ့က ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို အမှားအယွင်း မရှိစေရန် အမြဲဂရုစိုက်တတ်သူ ဖြစ်သည်။
အမျိုးသမီးငယ်က သူမကို "ယောင်းမလေး" ဟု ခေါ်ကာ နှုတ်ဆက်နေသည်။
ဝမ်ယဲ့ကလည်း ထိုနည်းတူ ပြန်နှုတ်ဆက်လိုက်သည်။ အကြီးဆုံးအဒေါ်၏ သားဖြစ်သူက ရွှီယွဲ့ကျားနှင့် အသက်အတူတူ ဖြစ်ပြီး လအနည်းငယ်မျှ ပိုငယ်သူဖြစ်သည်။
အကြီးဆုံးအဒေါ်က ချီးကျူးစကား ဆိုလာခဲ့သည်။
"မဆိုးဘူး၊ မင်းတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တာပဲ၊ ကျိထန်းနဲ့ အလွန့်အလွန် သင့်တော်တယ်"
သူမက ရင်းနှီးသော ဆွေမျိုးများကြားတွင် ပွင့်လင်းစွာ ပြောဆိုတတ်သူအဖြစ် လူသိများသည်။
ဝမ်ယဲ့ကတော့ ဘာပြန်ပြောရမှန်း မသိသဖြင့် ပြုံးပြုံလေးသာ နေလိုက်သည်။
သူမတို့ နေရာတကျ ထိုင်ပြီးနောက်တွင် သခင်မလုက ခြံဝင်း၏ အခြေအနေများကို မေးမြန်းနေသည်။ ဝမ်ယဲ့၏ အဖြေများက အပြစ်ပြောစရာ မရှိသလို အရေးကြီးသည့် အချက်အလက်များလည်း မကျန်နေစေပေ။
သခင်မလုကလည်း အစကတည်းက သူမအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ခြင်း ဖြစ်နိုင်ပြီး ယခု ဝမ်ယဲ့၏ အဖြေများကို ကြားလိုက်ရချိန်တွင် သဘောကျ ကျေနပ်သွားပုံရသည်။ နောက်ဆုံးတွင် သူမက တိုးတိုးလေး ထပ်ပြောလာသည်။
"လက်ဖက်ရည် သောက်ဦးလေ"
စကား အများကြီး ပြောလိုက်ရသဖြင့် ဝမ်ယဲ့လည်း အမှန်တကယ် ရေဆာနေပြီ ဖြစ်သောကြောင့် ခေါင်းလေးငုံ့ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
ထိုစဉ်မှာပင် ရွှီယွိရွှမ်နှင့် သူ့အစ်ကိုနှစ်ယောက်က အနောက်ဘက်ခြံဝင်းထဲမှ ထွက်လာကြသည်။ ဝမ်ယဲ့ကို မြင်သည်နှင့် ရွှီယွိရွှမ်က ရွှီကျင့်ရုံ၏ လက်ကို လွှတ်ကာ သူမဆီသို့ တန်းတန်းမတ်မတ် ပြေးလာတော့သည်။
လူအများကြီး စောင့်ကြည့်နေသည့်အပြင် သူမနှင့် မရင်းနှီးသေးသော အကြီးဆုံးအဒေါ်ပါ ရှိနေသောကြောင့် ဝမ်ယဲ့က ဘေးကင်းအောင် နေရန် ဆုံးဖြတ်လိုက်သည်။ သူမက ရွှီယွိရွှမ်ကို ညင်သာသော အပြုံးလေးဖြင့် ဆီးကြိုလိုက်သည်။
မမျှော်လင့်ဘဲ သူမဆီကို တည့်တည့်ပြေးလာနေသည့် ရွှီယွိရွှမ်က ရုတ်တရက် တန့်သွားခဲ့သည်။
ခဏအကြာတွင်မှ ကလေးလေးက သူမဆီသို့ ဖြည်းဖြည်းချင်း တိုးလာတော့သည်။
ဝမ်ယဲ့တစ်ယောက် သူ ဘာဖြစ်သွားမှန်း နားမလည်နိုင် ဖြစ်နေရသည်။
‘ငါ့ရဲ့ အပြုံးက အလုံအလောက် မချိုသာသေးလို့လား’
ရွှီယွိရွှမ်က ဘယ်ညာကြည့်နေပြီး ရွှီကျင့်ရုံ ရောက်လာချိန်တွင် သခင်မလုကို တိုးတိုးလေး မေးလိုက်သည်။
"ရွှမ်အာက ဘာဖြစ်နေတာလဲ"
သခင်မလုကလည်း ဘာမှ ပြန်မပြောနိုင်ဖြစ်နေရသည်။ သူမကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေခြင်းပင်။
ဝမ်ယဲ့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရွှီယွိရွှမ်၏ နှုတ်ခမ်းလေး လှုပ်သွားပြီး သူမကို လှမ်းခေါ်လိုက်သည်။
"မေ... မေ"
သူ၏ လေသံတွင် ဝေခွဲမရဖြစ်နေမှုများ သိသိသာ သာ ပါဝင်နေသည်။
မည်သူမျှ တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် သူက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်ပြန်သည်။
"မတူဘူး..."
ထိုအချိန်မှသာ ဝမ်ယဲ့ ချက်ချင်း သဘောပေါက်သွားပြီး တိတ်ဆိတ်သွားရသည်။
'ဪ... သူက ငါ ယဉ်ကျေးလွန်းတယ်လို့ ထင်နေတာကိုး'
‘အဲ့လိုဆိုမှတော့ မိခင်တစ်ယောက်အနေနဲ့ တစ်ခါတစ်လေ ကလေးကို အလိုလိုက်ပေးသင့်တာပေါ့’
အတွေးနှင့်အတူ ဝမ်ယဲ့က သူမ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာကို ချက်ချင်း ဖျောက်လိုက်ပြီး နောက်ပြောင်ကျီစယ်ဟန် မျက်နှာပေးဖြင့် လှမ်းခေါ်လိုက်သည်။
"ရွှမ်အာ"
ရင်းနှီးနေကျ လေသံကို ကြားလိုက်ရမှသာ ရွှီယွိရွှမ်၏ မျက်လုံးလေးများ တောက်ပသွားပြီး ပြန်ထူးလိုက်သည်။
“မေမေ”
ယခုတစ်ကြိမ်တွင် သူ၏အသံက ပိုကျယ်လာပြီး တက်ကြွလန်းဆန်းနေသည်။
တခြားသူများ ဇဝေဇဝါ ဖြစ်နေကြသော်လည်း ရွှီယွဲ့ကျား၏ အကြည့်ကတော့ အဝတ်အစားသစ်လေးဖြင့် ရေပြင်ကဲ့သို့ အေးချမ်းတည်ငြိမ်နေသော ဝမ်ယဲ့ပေါ်သို့ မသိမသာ ဝေ့ဝဲရောက်ရှိသွားသည်။
ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သော်လည်း သူ၏မျက်လုံးများကတော့ စားပွဲပေါ်မှ မုန့်များဆီသို့ ရောက်နေပြန်သည်။
ဝမ်ယဲ့ကလည်း ထိုအကြည့်များကို သတိပြုမိသွားပြီး သူ့မြင်ကွင်းကို လက်ဖက်ရည်အိုးဖြင့် ကွယ်လိုက်သည်။
"မေမေ..."
မုန့်များကို မမြင်ရတော့သည့် ရွှီယွိရွှမ်က သူမကို မော့ကြည့်ကာ တိုးတိုးလေး ခေါ်လိုက်ပြီး စိတ်ကောက်သွားဟန်ဖြင့် ပါးလေးကို ဖောင်းလိုက်သည်။
ဝမ်ယဲ့လည်း မနေနိုင်တော့ဘဲ သူ့ပါးဖောင်းဖောင်းလေးကို မဆိုင်းမတွ ဆွဲညှစ်လိုက်မိသည်။
ရွှီယွိရွှမ်က သူ့ကို မျှားခေါ်နေသည့် မုန့်များကို ချက်ချင်း မေ့သွားပြီး ဝမ်ယဲ့၏လက်ကို ဆွဲကာ ပျော်ပျော်ပါးပါး ရယ်မောဆော့ကစားနေသည်။
ထိုမြင်ကွင်းတစ်ခုလုံးကို ကြည့်နေသော သခင်မလုက အသာအယာ ပြုံးလိုက်မိပြီးနောက် ညစာတည်ခင်းရန် အစေခံများကို ညွှန်ကြားလိုက်သည်။
.......။.......။........
နောက်တစ်နေ့တွင် ပင်မခြံဝင်း၌ ဂါရဝပြုပြီးနောက် ဝမ်ယဲ့က သခင်မလု ပေးလိုက်သော အဖြူရောင်မြေခွေးသားဝတ်ရုံနှင့် ပန်းထိုးသေတ္တာလေးတစ်လုံးကို ယူဆောင်ကာ ပြန်လာခဲ့သည်။
ရွှီယွိရွှမ်ကလည်း သူမနောက်မှ အရိပ်လေးပမာ တကောက်ကောက် လိုက်ပါလာသည်။
အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် ထောင်ကျီက မြေခွေးသားဝတ်ရုံကို ကိုင်ကြည့်ကာ ချီးကျုးနေသည်။
"သခင်မ... ဒီအမွှေးတွေက ဘာအညစ်အကြေးမှ မပါဘဲ တကယ်ကို ဖြူဖွေးသန့်စင်နေတာပဲနော်"
ယွင်ကျီကလည်း ဝင်ပြောလာသည်။
"အကြီးဆုံးသခင်မက သခင်မအပေါ် တကယ်ကို ကြင်နာတာပဲ"
သူမတို့ နယ်စားမင်းအိမ်တော်သို့ ဝင်ရောက်လာစတွင် မြို့စားမင်းမျိုးရိုးမှ ဆင်းသက်လာသည့် သခင်မလု၏ လက်အောက်၌ ဝမ်မိသားစုတွင် နေထိုင်ရသည်ထက် ပိုခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
သို့သော် သခင်မလုက သူမတို့ ထင်ထားသည်ထက် အများကြီးပိုဖော်ရွေနေသည်ကို အံ့သြစွာ တွေ့ခဲ့ရသည်။
ထိုအချိန်တွင် ဝမ်ယဲ့၏ အာရုံက ပန်းထိုးသေတ္တာလေးဆီသို့ ရောက်နေခဲ့သည်။
သူမ ထိုသေတ္တာကို ဖွင့်လိုက်ချိန်တွင် ထောင်ကျီနှင့် ယွင်ကျီတို့နှစ်ယောက် အံ့အားသင့်လွန်းသဖြင့် အသက်ပင် ရှုမှားသွားရသည်။
သေတ္တာထဲတွင် ငွေစက္ကူများ ပြည့်နှက်နေသည်။
ဝမ်ယဲ့က ခဏတာမျှသာ အံ့သြနေခဲ့ပြီး သိပ်မကြာခင် ပြန်တည်ငြိမ်သွားကာ ငွေလက်မှတ်များကို စတင်ရေတွက်လိုက်သည်။ စုစုပေါင်း ငွေတစ်သောင်းနှစ်ထောင်တိတိ ရှိနေသည်။
ငွေစက္ကူတစ်ရွက်လျှင် ငွေလျန်ငါးရာ တန်ဖိုးရှိပြီး စုစုပေါင်းနှစ်ဆယ့်လေးရွက် ဖြစ်သည်။
‘ခြံဝင်းကို စစ်ဆေးတာ အဆင်ပြေလို့ ပေးတယ်ဆိုစေဦးတော့ ဒီလောက် များပြားတဲ့ ဆုလာဘ်ကတော့ နည်းနည်း လွန်ကဲနေသလိုပဲ’
ဝမ်ယဲ့က အလကားနေရင်း အများကြီး မတွေးချင်တော့ဘဲ ထောင်ကျီကို လက်ဖက်ရည်တစ်အိုး ပြင်ခိုင်းလိုက်သည်။
......။.......။......
အရှေ့ဘက်ခြံဝင်းရှိ စာကြည့်ဆောင်တွင်...
ယနေ့က အလုပ်ပိတ်ရက် ဖြစ်သော်လည်း ရွှီယွဲ့ကျားအတွက်တော့ အနားယူရန် အချိန်မရှိနေခဲ့ပေ။
လျိုရှင်းက လက်ဖက်ရည်နှင့် မုန့်များကို ယူဆောင်လာရင်း ရိုရိုသေသေ သတင်းပို့နေသည်။
"သခင်... ဝမ်မိသားစုဆီက စာတစ်စောင် ရောက်လာပါတယ်"
ရွှီယွဲ့ကျားက သူ၏စုတ်တံကို ခဏတာ ရပ်တန့်လိုက်ပြီးမှ ဘေးသို့ အသာပြန်ချကာ ပြန်မေးလိုက်သည်။
"သခင်မအတွက်လား"
လျိုရှင်းက ဟုတ်မှန်ကြောင်း အတည်ပြုပေးလိုက်သည်။
ထို့နောက် ရွှီယွဲ့ကျားက ထပ်မေးလိုက်သည်။
"စာက ဘယ်မှာလဲ"
"လျိုယာက အနောက်ဘက်ခြံဝင်းကို ယူသွားပါပြီ"
ဒုတိယသခင်မအတွက် ပေးပို့လိုက်သောစာက အနောက်ဘက်ခြံဝင်းသို့ တိုက်ရိုက်ရောက်ရောက်သွားရမည်မှာ ပုံမှန်သာ ဖြစ်သည်။ လျိုရှင်းက သခင်ဖြစ်သူကို အကြောင်းကြားသင့်သည်ဟု ယူဆပြီး အစီရင်ခံနေခြင်းသာ ဖြစ်သည်။
ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။
"သိပြီ၊ သွားလို့ ရပြီ"
လျိုရှင်းကလည်း ဘာမှ ထပ်မမေးတော့ဘဲ ဂါရဝပြုကာ ပြန်ထွက်သွားသည်။ သူမ၏ အရှေ့ဘက်ခြံဝင်းမှ အလုပ်က ရိုးရှင်းလှသည်။ သတ်မှတ်ထားသော အချိန်တွင် လက်ဖက်ရည်ဖျော်ပေးရန်နှင့် စာကြည့်ခန်းသို့ ပို့ပေးရန်သာ ဖြစ်သည်။
သူမ၏ အဓိက တာဝန်က အရှေ့ဘက်ခြံဝင်းရှိ အစေခံများ စည်းကမ်းတကျရှိစေရန်နှင့် ရွှီယွဲ့ကျားအား အနှောင့်အယှက် မပေးမိစေရန် ကြပ်မတ်ရခြင်း ဖြစ်သည်။
လျိုရှင်း ထွက်သွားပြီး မကြာမီမှာပင် ရွှီယွဲ့ကျားက မတ်တတ်ထရပ်ကာ စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။
လျိုယာ စာတစ်စောင်နှင့်အတူ အနောက်ဘက်ခြံဝင်းသို့ ရောက်လာချိန်တွင် ဝမ်ယဲ့က ယွင်ကျီအား ငွေစက္ကူများကို သိမ်းဆည်းရန် ညွှန်ကြားနေဆဲ ဖြစ်သည်။
လျိုယာက ဝမ်ယဲ့ကို ဂါရဝပြုရင်း သတင်းပို့လိုက်သည်။
"သခင်မ... ဒါက ဝမ်မိသားစုက ပေးပို့လိုက်တဲ့ စာပါ"
ဝမ်ယဲ့ အံ့ဩတကြီး ရေရွတ်လိုက်သည်။
"စာလား"
သူမ၏မိခင် ကိုယ်လုပ်တော်ချန်းက သခင်မရှန်းကို ကျော်လွန်ပြီး ဝမ်မိသားစုအမည်ဖြင့် သူမထံ စာပို့ရဲမည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းက စည်းမျဥ်းများနှင့်မညီသလို၊ ပိုအရေးကြီးသည်က ကိုယ်လုပ်တော်ချန်းတွင် ထိုသို့လုပ်ရန် လိမ္မာပါးနပ်မှု သို့မဟုတ် သတ္တိမရှိခြင်းပင်။
သခင်မရှန်းကလည်း ကိုယ်လုပ်တော်ချန်း သူမ၏သမီးကို လွမ်းနေရုံမျှဖြင့် သူမတို့သားအမိ စာအဆက်အသွယ်ရအောင် တကူးတက ကူညီပေးမည့်သူ မဟုတ်ပေ။
ထို့ကြောင့် ဤစာကို သခင်မရှန်းကိုယ်တိုင် ပေးပို့ခြင်းသာ ဖြစ်ရမည်ဟု ဝမ်ယဲ့ ခန့်မှန်းလိုက်သည်။
ဝမ်ယဲ့က ဇဝေဇဝါဖြစ်နေဟန်ဖြင့် စာကို ဖွင့်ဖတ်လိုက်ပြီး သူမ၏မျက်ခုံးများ တွန့်ကွေးသွားတော့သည်။ စာထဲတွင်ပါသော အကြောင်းအရာက အမှန်တကယ် သူမ၏မိခင်နှင့် ပတ်သက်နေသည်။ ပို၍တိကျစွာဆိုရလျှင် သူမ၏ညီမငယ်နှင့် ပတ်သက်နေခြင်းပင်။
စာဖတ်ပြီးနောက် ဝမ်ယဲ့တစ်ယောက် စဉ်းစားခန်းဖွင့်နေချိန်မှာပင် အပြင်ဘက်မှ "ဒုတိယသခင်" ဟုသော ခေါ်သံကို ကြားလိုက်ရသဖြင့် သူမ၏မျက်ခုံးများ ပြန်ပြေလျော့သွားသည်။ ရွှီယွဲ့ကျားက အချိန်ကိုက် ရောက်လာခဲ့ချေပြီ။
ဝမ်ယဲ့က စာကို ပြန်ချထားပြီး သူ့ကို ကြိုဆိုရန် မတ်တတ်ရပ်လိုက်သည်။
"ယောက်ျား"
ရွှီယွဲ့ကျားက ခေါင်းတစ်ချက်ညိတ်ပြပြီး တိုက်ရိုက်မေးလိုက်သည်။
"ဝမ်မိသားစုဆီက စာရောက်တယ်လို့ ကြားတယ်၊ တစ်ခုခု အခက်အခဲရှိလို့လား"
ဝမ်ယဲ့ ကြောင်သွားပြီးမှ ပြန်မေးလိုက်သည်။
"ရှင်က အဲ့ဒါကို လာမေးတာလား"
"အင်း၊ မကြာသေးခင် ကိုယ် တာဝန်ယူထားရတဲ့ ကိစ္စတချို့ ရှိတယ်၊ ဝမ်မိသားစုက နယ်စားမင်းအိမ်တော်နဲ့ ပတ်သက်နေတော့ အဲ့ဒီအကျိုးသက်ရောက်မှုတွေ သူတို့ဆီ ရိုက်ခတ်သွားမှာ စိုးလို့ပါ"
ဝမ်ယဲ့က သူ ဆိုလိုသည့် အနက်အဓိပ္ပာယ်ကို နားလည်လိုက်သည်။
အကယ်၍ ဝမ်မိသားစု ဒုက္ခရောက်နေလျှင် သူ ကူညီပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် သခင်မရှန်း၏စာထဲတွင် ထိုသို့သောအကြောင်းအရာမျိုး မပါရှိသဖြင့် သူတို့အခြေအနေ ကောင်းမွန်နေဆဲဟု ယူဆနိုင်သည်။
ဝမ်ယဲ့က ထောင်ကျီကို ရွှီယွဲ့ကျားအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ခိုင်းလိုက်ပြီး ကျန်နေသည့်သူများ အပြင်ထွက်ခိုင်းလိုက်သည်။ ရွှီယွဲ့ကျား ရောက်လာခြင်းက သူမ စာကြည့်ခန်းသို့ သွားရမည့်အလုပ်ကို သက်သာသွားစေသည်။
"ယောက်ျား၊ ကျွန်မမှာ ရှင့်ကို မေးစရာလေးတွေ ရှိတယ်"
သူမ၏လေသံအရ ဝမ်မိသားစုဆီမှ စာက သူ ထင်ထားသလိုမျိုး မဟုတ်ကြောင်း ရွှီယွဲ့ကျား ရိပ်မိလိုက်သည်။ သို့သော် သူမထံတွင် မေးစရာရှိသည်ဆိုသောကြောင့် သူက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
"မေးလေ"
ဝမ်ယဲ့က သူမ မသိမ်းရသေးသည့် ငွေစက္ကူသေတ္တာကို ရွှီယွဲ့ကျားဘက်သို့ တိုးပေးလိုက်ပြီးမှ စမေးလိုက်သည်။
"အကြီးဆုံးယောင်းမက ကျွန်မကို ဘာလို့ ဒီလောက် ငွေအများကြီး ရုတ်တရက် ပေးရတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ဖြစ်နေလို့ပါ"
ရွှီယွဲ့ကျားက တစ်ချက်ကြည့်လိုက်ရုံနှင့် သဘောပေါက်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဒါက ဒုတိယအိမ်ထောင်စုက ပိုင်တဲ့ ဆိုင်တွေကနေ ရလာတဲ့ အမြတ်ငွေထဲက ဖြစ်နိုင်တယ်၊ လျန်တစ်သောင်းလောက် ရှိမယ်"
ဝမ်ယဲ့က သူ့စကားကို ပြန်ပြင်ပေးလိုက်သည်။
"ငွေတစ်သောင်းနှစ်ထောင်ပါ"
ရွှီယွဲ့ကျားက ခဏတန့်သွားပြီးမှ ပြန်ပြောလိုက်သည်။
"အပိုနှစ်ထောင်ကတော့ မရီးက သူ့ရဲ့ကိုယ်ပိုင်ငွေကို လက်ဆောင်အဖြစ် ထပ်ပေါင်းပေးလိုက်တာ ဖြစ်နိုင်တယ်"
ဝမ်ယဲ့ ခဏလောက် စဉ်းစားပြီး မေးလိုက်ပြန်သည်။
"ကျွန်မ ခြံဝင်းကို သွားစစ်တာ ကောင်းကောင်းလုပ်နိုင်လို့ ပေးတာလား"
‘အဲ့လိုတော့ မဖြစ်နိုင်လောက်ဘူး၊ ငါက ပုံမှန်အတိုင်းပဲ လုပ်ခဲ့တာ၊ ထူးထူးခြားခြား ဘာမှ မလုပ်ခဲ့ဘူး၊ ဒါမှမဟုတ် သခင်မလု ငါ့အပေါ် ထားတဲ့ မျှော်လင့်ချက်က ငါ ထင်ထားတာထက်တောင် ပိုပြီး နိမ့်ကျနေလို့လား’
သူမ အများကြီး တွေးနေသည်ကို ရိပ်မိနေသော ရွှီယွဲ့ကျားက ရှင်းပြလိုက်သည်။
"အဲ့ဒါက အပြစ်ရှိစိတ်ကြောင့် ပေးတာဖြစ်နိုင်တယ်"
ဝမ်ယဲ့ကတော့ ထိုစကားကို လုံးဝမယုံကြည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"အပြစ်ရှိစိတ် ဟုတ်လား၊ အကြီးဆုံးယောင်းမက သူ နေမကောင်းချင်ယောင် ဆောင်နေတာကို ကျွန်မ သတိမထားမိဘူးလို့ ထင်နေတာလား"
ရွှီယွဲ့ကျား ခဏမျှ တိတ်ဆိတ်သွားပြီးမှ ထပ်ရှင်းပြလိုက်သည်။
"မင်းကို ခြံဝင်းမှာ တစ်ညအိပ်ခိုင်းမိတာက မင်းအတွက် အခက်အခဲဖြစ်စေတယ်လို့ မရီး တွေးနေတာ ဖြစ်မှာပေါ့"
ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်ယဲ့တစ်ယောက် စကားပင် မပြောနိုင်တော့ပေ။
‘အမှန်အတိုင်းပြောရရင်... ငါ တော်တော် ပျော်နေခဲ့တာပါ’
‘ခြံဝင်းအကြောင်း တွေးမှ မနေ့က နေ့လယ်စာ စားခဲ့ရတဲ့ ငန်းသားပေါင်းကိုတောင် သတိရသွားပြီ၊ တကယ်ကို အရသာရှိတယ်’
ရွှီယွဲ့ကျားက သူမ၏မျက်နှာအမူအရာကို ကြည့်နေပြီး သူမ ခြံဝင်းထဲ၌ နေခဲ့ရမှာ ဘာအခက်အခဲမှ မရှိခဲ့မှန်း နားလည်သွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် မနေ့က အကြီးဆုံးအဒေါ် ပြန်မရောက်လာလျှင် သူမ ထိုခြံဝင်း၌ နောက်ထပ် ရက်အနည်းငယ်လောက် ပျော်ပျော်ပါးပါး ဆက်နေဦးမည်ကို သူ အတတ်သိနေသည်။
ထိုသို့တွေးလိုက်မိချိန်တွင် ရွှီယွဲ့ကျားက ရွှီယွိရွှမ်၏မျက်နှာကို ရုတ်တရက် သတိရသွားပြီး ရင်ထိတ်သွားသည်။
‘တော်သေးတာပေါ့၊ အကြီးဆုံးအဒေါ် ရောက်လာတာက တကယ့်ကို အချိန်ကိုက်ပဲ’
"တခြားကိစ္စ ရှိသေးလား"
ရွှီယွဲ့ကျားက ထပ်မေးနေပြီး သူ့အကြည့်က ဝမ်ယဲ့လက်ထဲရှိ စာအိတ်ပေါ်သို့ ကျရောက်သွားသည်။
ဝမ်ယဲ့က သူမ၏အတွေးများကို ပြန်စုစည်းပြီး ပြန်ဖြေလိုက်သည်။
"နောက်ထပ် တစ်ခုရှိသေးတယ်၊ ဧကရာဇ်မင်းမြတ်က ချန်လဲ့မင်းသမီးလေးအတွက် စာသင်ဖော်တချို့ ရွေးချယ်ဖို့ စီစဉ်နေတဲ့အကြောင်း အမေက စာထဲမှာ ရေးထားလို့ပါ၊ ရှင် အဲ့ဒီအကြောင်း ကြားမိတာမျိုး ရှိလားဟင်"
ရွှီယွဲ့ကျားက ခေါင်းညိတ်လိုက်သည်။
"ကြားမိတယ်"
‘ဝမ်မိသားစုက ဒီစာကို ပို့လိုက်တယ်ဆိုတော့ သူတို့ဘက်မှာ သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်ရှိနေလို့ပဲ ဖြစ်ရမယ်’
ရွှီယွဲ့ကျား၏ တွေးဆနေသော အကြည့်ကို တုံ့ပြန်သည့်အနေဖြင့် ဝမ်ယဲ့က ရှင်းပြလိုက်သည်။
"ရှင် မသိလောက်ဘူး ထင်တယ်၊ ဝမ်မိသားစုရဲ့ ကျွန်မတို့မျိုးဆက်မှာ ညီမလေးတစ်ယောက် ကျန်နေသေးတယ်၊ ကျွန်မတို့မျိုးဆက်မှာတော့ သူရဲ့ စာဖတ်စွမ်းရည်က အမြင့်ဆုံးပဲ၊ ဒါပေမယ့် နန်းတွင်းဆိုတာကလည်း ရှုပ်ထွေးတယ်ဆိုတော့..."
"မင်းက ချန်လဲ့မင်းသမီးလေးရဲ့ စရိုက်က ဘယ်လိုဆိုတာ သိချင်တာလား"
"ရှင်က ကျွန်မအကြောင်းကို တကယ်သိတာပဲ"
ရွှီယွဲ့ကျား၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားပြီး အကြည့်လွှဲလိုက်သည်။
"တကယ်လို့ မင်းရဲ့ညီမလေးကို အရွေးမခံစေချင်ဘူးဆိုရင်တော့ ပုံမှန်အတိုင်းပဲ စာမေးပွဲဖြေခိုင်းလိုက်ပါ"
ဝမ်ယဲ့က ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။
"ဘာလို့ သူရဲ့ အရည်အချင်းကို မဖုံးကွယ်ခိုင်းရတာလဲ"
"အိမ်ရှေ့စံမင်းသားက ထူးထူးခြားခြား ဉာဏ်ကောင်းလွန်းတယ်၊ ချန်လဲ့မင်းသမီးက အစ်မတော်ကြီးဖြစ်တဲ့အပြင် သူ့ဘေးမှာ အချိန်အတော်ကြာ နေလာခဲ့တာဆိုတော့ သူရဲ့ အရည်အချင်းကလည်း..."
ရွှီယွဲ့ကျားက စကားကို အဆုံးမသတ်ခဲ့သော်လည်း ဝမ်ယဲ့က နားလည်နိုင်သည်။
‘စာသင်ဖော် ရွေးချယ်တယ်ဆိုတာက ဧကရာဇ်အနေနဲ့ မင်းသမီးလေး စိတ်ပျော်အောင် လုပ်ပေးတာ ဖြစ်နိုင်တယ်။ မင်းသမီးလေး စိတ်အေးလက်အေး နေနိုင်ဖို့အတွက် နန်းတွင်းအမတ်တွေရဲ့ သမီးတွေထဲကနေ အရည်အချင်း အသင့်အတင့်ရှိတဲ့သူတွေကိုပဲ ရွေးချယ်မှာပေါ့’
သို့သော် ဝမ်ယဲ့က စူးစမ်းချင်စိတ် ဖြစ်လာပြန်သည်။
"သူက ဘယ်လောက်တောင် ဉာဏ်ကောင်းလို့လဲ"
အိမ်ရှေ့စံမင်းသားက အသက် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်ခန့်သာ ရှိသေးသည်ကို သူမ မှတ်မိနေသည်။
"အိမ်ရှေ့စံက အသက်ငယ်သေးပေမယ့် အရှင်မင်းမြတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဝေမျှခံယူပြီး တိုင်းရေးပြည်ရာ ကိစ္စတွေကိုတောင် ကူညီပေးနိုင်နေပြီ"
ဝမ်ယဲ့တစ်ယောက် အံ့အားသင့်သွားရသည်။
"ကျွန်မကပဲ ဗဟုသုတ နည်းလွန်းနေတာလား မသိဘူး"
‘ရှေးခေတ်က ကလေးတွေက တကယ်ပဲ ဒီလောက်ပြိုင်ဆိုင်မှု ပြင်းထန်ကြတာလား။ ဒါပေမယ့် ရွှီကျင့်ရုံကို ကြည့်ရတာတော့ အဲ့လောက်ထိ ရင့်ကျက်ပုံ မရပါဘူး’
ဝမ်ယဲ့က သူမ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီထိုင်နေသော ရွှီယွိရွှမ်ကို ငုံ့ကြည့်လိုက်ပြန်သည်။
‘ဒီတစ်ယောက်ကတော့ ပိုပြီးတောင် အားကိုးလို့ရမယ့်ပုံ မပေါ်ဘူး။’
ရွှီယွိရွှမ်က မျက်လုံးလေး အပြူးသားဖြင့် သူမကို မော့ကြည့်ကာ ခေါ်နေပြန်သည်။
“မေမေ”
ရွှီယွဲ့ကျားဆီမှ အခြေအနေအရပ်ရပ်ကို နားလည်သွားပြီးနောက် ဝမ်ယဲ့က စာပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူမက ကလေးငယ်၏ ပုခုံးလေးကို အသာအယာ ပုတ်ပေးရင်း ချော့ပြောလိုက်သည်။
"ဖေဖေနဲ့ ခဏလောက် သွားဆော့ဦးနော်၊ မေမေ အလုပ်လေး လုပ်စရာရှိသေးတယ်"
သို့သော် ရွှီယွိရွှမ်က ခေါင်းခါပြနေသည်။
"မသွားဘူး... မေမေနဲ့ပဲ နေမှာ"
‘ဖေဖေက တစ်စက်မှ ပျော်ဖို့ မကောင်းဘူး။’
ဝမ်ယဲ့က လူအကဲခတ် နှေးသည့်တိုင်အောင် သူတို့ သားအဖနှစ်ယောက်ကြားမှ တင်းမာမှုကို အာရုံခံမိသေးသည်။ သူမက စူးစမ်းသလိုပုံစံဖြင့် ရွှီယွဲ့ကျားကို ခေတ္တမျှ စိုက်ကြည့်လိုက်သည်။
သူကတော့ ဘာအမူအရာမှ မရှိဘဲ တည်ငြိမ်နေဆဲပင်။
ဝမ်ယဲ့က သံသယကို လက်မလျှော့ချင်သော်လည်း လက်ရှိတွင် လုပ်စရာရှိသည်က ပိုအရေးကြီးနေသည်။ ထို့ကြောင့် သူမက သူ့ကို တောင်းဆိုလိုက်သည်။
"ယောက်ျား အချိန်ရတယ်ဆိုရင် ရွှမ်အာကို ကဗျာလေး ဘာလေး သင်ပေးပါဦးလား"
‘သူ့သားပဲလေ၊ သူ့မှာလည်း တာဝန်ရှိတယ်’
ရွှီယွိရွှမ်က ထိုစကားကို နားလည်သွားပြီး ချက်ချင်း ကန့်ကွက်တော့သည်။
"ကဗျာ မသင်ဘူး၊ မသင်ဘူး"
ဝမ်ယဲ့ : "..."
‘ငါ မရှိတဲ့ နှစ်ရက်အတွင်းမှာ ရွှီယွဲ့ကျားက ရွှမ်အာကို ဘာတွေလုပ်လိုက်တာလဲ။’