အခန်း ၃၂
Vol. 4 Ch. 32
အခန်း ၃၂ စာပြန်ခြင်း
သံသယဖြစ်ဖွယ် အကြည့်များက ရွှီယွဲ့ကျားထံသို့ တစ်ဖန် ပြန်ကျရောက်သွားပြန်သည်။
သို့သော်လည်း အဆုံးတွင် ဝမ်ယဲ့က ဘာမှထပ်မမေးတော့ပေ။ သူမက အရေးမကြီးဟု ယူဆလိုက်ပုံရသည်။
သူမက ဖတ်လက်စ စာကို ကိုင်ကာ မတ်တတ်ရပ်လိုက်ပြီး ရွှီယွိရွှမ်ကို ထပ်ပြောလိုက်သည်။
"သား မသင်ချင်ရင်လည်း မသင်နဲ့တော့လေ၊ ဒီမှာ ခဏနေခဲ့ဦး၊ တစ်ခုခုလိုရင် ကျိမားကို ပြောနော်၊ မေမေ့မှာ တခြားလုပ်စရာလေးတွေ ရှိသေးတယ်"
ပြောပြောဆိုဆိုဖြင့် သူမက အနောက်ဘက်ရှိ စာကြည့်ခန်းဆီသို့ လျှောက်သွားနေသည်။ ရွှီယွိရွှမ်က ငယ်သေးသောကြောင့် သူမနောက်သို့ အမီမလိုက်နိုင်ဘဲ တံခါးအပြင်ဘက်၌ ကျန်ရစ်ခဲ့ရရှာသည်။
ကံကောင်းထောက်မစွာဖြင့် အထိန်းတော်ကျိက မုန့်ပန်းကန်နှင့် ရောက်လာခဲ့ပြီး ရွှီယွိရွှမ်၏ အာရုံက ခဏတာ ပြောင်းသွားကာ ထိုင်ခုံပုလေးပေါ်တွင် ပြန်ထိုင်လိုက်သည်။
အထိန်းတော်ကျိက သစ်အယ်သီးမုန့်တစ်ခုကို ယူလိုက်ပြီး ရွှီယွိရွှမ်ကို ချော့မော့ကျွေးနေခဲ့သည်။
ရွှီယွိရွှမ်က စားပွဲကို မှီကာ သူ၏ သွားပေါက်စလေးများဖြင့် မုန့်ကို တမြုံ့မြုံ့ ဝါးစားနေသည်။ သစ်အယ်သီးမုန့်က အမှန်တကယ် အရသာရှိပုံရပြီး သူက အားရပါးရ စားနေလေသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီယွဲ့ကျားကတော့ လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ကလေးငယ်ကို တစ်ချက် ဝဲကြည့်လိုက်သည်။
ရွှီယွိရွှမ်က ထိုအကြည့်ကို ရိပ်မိသွားပုံရပြီး သူ စားလက်စ မုန့်လေးကို ကျန်နေသည့်လက်တစ်ဖက်ဖြင့် ကပျာကယာ ကွယ်လိုက်သည်။ သူ၏ ထိုသေးငယ်သော အပြုအမူလေးက သူ့အစားအစာကို ပြင်းပြင်းထန်ထန် ကာကွယ်နေမှန်း သိသာနေသည်။
ရွှီယွဲ့ကျား : "..."
စာကြည့်ခန်းထဲမှ ဝမ်ယဲ့ကလည်း သခင်မရှန်းထံသို့ မည်သို့စာပြန်ရမည်ကို အသည်းအသန် စဉ်းစားနေလေသည်။
ရွှီယွဲ့ကျား၏ သဘောထားအရဆိုလျှင် နန်းတွင်းကိစ္စများက ရှုပ်ထွေးနိုင်သော်လည်း သူမ ထင်ထားသလောက်တော့ အန္တရာယ်မများနိုင်ပေ။ သခင်မရှန်း ဤစာကို ပေးပို့ရခြင်း၏ ရည်ရွယ်ချက်ကလည်း ထင်ရှားနေသည်။
ဝမ်မိသားစုက တော်ဝင်မိသားစုနှင့် ပတ်သက်ရန် ဆန္ဒမရှိကြပေ။ လက်ရှိတွင် အိမ်ရှေ့စံမင်းသား မျက်နှာသာပေးခံနေရသည် ဆိုသော်လည်း ဧကရာဇ်က ကျန်းမာသန်စွမ်းနေဆဲ အရွယ်သာ ရှိသေးသည်။ အနာဂတ်တွင် ဘာဖြစ်ဦးမည်ကို မည်သူမျှ အာမ မခံနိုင်ချေ။
ယခင်ကနန်းစံခဲ့သော နှောင်းဧကရာဇ်ကိုယ်တိုင်လည်း ငယ်ရွယ်စဉ်က ပညာရှိသော မင်းတစ်ပါး ဖြစ်ခဲ့သည်။ သို့သော်လည်း အသက်ကြီးလာသည့်အခါတွင် သူ့စိတ်နေစိတ်ထားက ပြောင်းလဲသွားခဲ့သည်။
ချန်လဲ့မင်းသမီးက အိမ်ရှေ့စံ၏ အစ်မတော်အရင်းဖြစ်ပြီး သူတို့နှစ်ဦးစလုံးက မိဖုရားခေါင်ကြီးမှ ဖွားမြင်သူများ ဖြစ်သောကြောင့် သူတို့၏ ကံကြမ္မာကလည်း ခွဲခြားမရအောင် ဆက်နွှယ်နေကြသည်။
အရာရာကို သေချာစဉ်းစားပြီးနောက် ဝမ်ယဲ့က စုတ်တံကို ယူကာ စာစရေးလိုက်သည်။ သူမအနေဖြင့် ကောင်းကျိုးဆိုးကျိုးများကို အသေးစိတ် ရှင်းပြနေစရာ မလိုပေ။ မင်းသမီးအတွက် စာသင်ဖော်ရွေးချယ်ရခြင်း၏ နောက်ကွယ်မှ ဧကရာဇ်၏ ရည်ရွယ်ချက်အမှန်ကို သခင်မရှန်း သိအောင် အသိပေးလိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။
သူမ၏အတွေးများ ကြည်လင်သွားသည့်အတွက် ဝမ်ယဲ့က စာကို အမြန် ရေးပြီးသွားခဲ့သည်။ ဝမ်ယဲ့က စာကို မှင်ခြောက်အောင် ခဏဘေးဖယ်ထားပြီးနောက် နောက်ထပ် စာရွက်အလွတ်တစ်ရွက်ကို ထုတ်လိုက်သည်။
ဒုတိယစာကတော့ သူမ၏မိခင် ကိုယ်လုပ်တော်ချန်းနှင့် ညီမငယ်အတွက် ဖြစ်ပြီး ပထမစာနှင့်အတူ ဝမ်မိသားစုဆီသို့ တစ်ခါတည်း ပေးနိုင်မည် ဖြစ်သည်။
သူမ၏မိခင်နှင့် ညီမငယ်ကို မတွေ့ရသည်မှာ အတော်ကြာပြီ ဖြစ်သဖြင့် ဝမ်ယဲ့ အမှန်တကယ် လွမ်းဆွတ်နေမိသည်။ ကံကောင်းသည်မှာ နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင် သူမ၏ မိဘအိမ်သို့ ပြန်ရမည်ဖြစ်သောကြောင့် သူမတို့ကို ပြန်တွေ့ရတော့မည် ဖြစ်သည်။
စာရေးနေရင်းဖြင့် ယခုနှစ်တွင် ညီမငယ်အတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခု ပေးရန် ဝမ်ယဲ့ စဉ်းစားနေမိသည်။ ရွှီယွိရွှမ်ဆီမှ ရရှိထားသည့် ရွှေဝက်ကလေးများ ပါသည့် သေတ္တာက သူမကို စိတ်ကူးတစ်ခု ရစေခဲ့သည်။
ပြီးခဲ့သည့်နှစ်များတွင် သူမ အများကြီး မတတ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်တော့ မတူတော့ပေ။
လက်ထပ်ပြီးနောက်တွင် သူမ၏ အစားအသောက်၊ အဝတ်အစားနှင့် အခြားလိုအပ်သောပစ္စည်းများအတွက် နေ့စဉ်ကုန်ကျစရိတ်အားလုံးကို ရွှီအိမ်တော်မှ တာဝန်ယူခဲ့သည်။ သူမထံတွင် အခြားအသုံးစရိတ်လည်း မရှိသောကြောင့် ဝမ်ယဲ့၏ လစဉ်ငွေက ပိုလျှံနေသေးသည်။ အစေခံကလည်း အနည်းငယ်သာ ရှိသောကြောင့် လုံလောက်သည်ထက် ပိုနေပြီး စုမိဆောင်းမိ ဖြစ်နေခဲ့သည်။
ထို့ကြောင့် သခင်မရှန်း ပေးလိုက်သော ခန်းဝင်ငွေများကို မသုံးဘဲထားလျှင် ဖုန်တက်နေရုံသာ ရှိပေတော့မည်။
ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသော ဘဝဖြစ်သဖြင့် ဝမ်ယဲ့တွင် ယခင်ဘဝကကဲ့သို့ ငွေစုရမည်ဟူသော စွဲလမ်းမှုမျိုး မရှိတော့ပေ။ ထိုစဉ်က သူမ သန်းနှင့်ချီသော ငွေများကို စုဆောင်းရန် မနားမနေ အလုပ်လုပ်ခဲ့သော်လည်း တစ်ပြားမှ မသုံးလိုက်ရဘဲ ကွယ်လွန်ခဲ့ရသည်။
သို့သော်လည်း သူမက ငွေကို ချစ်မြတ်နိုးဆဲဖြစ်ပြီး ငွေဝင်လာမည်ဆိုလျှင် ငြင်းပယ်မည့်သူ မဟုတ်ပေ။ သို့သော် သူမ၏ စိတ်နေစိတ်ထားက ပြောင်းလဲသွားခဲ့ပြီ လိုအပ်လျှင် ချက်ချင်း သုံးစွဲမည်ပင်။
သူမ စိတ်ကို လျှော့ချလိုက်ပြီဖြစ်သော်လည်း လုံးဝကြီးတော့ မဟုတ်သေးပေ။
ဝမ်ယဲ့က စာများကို ဂရုတစိုက် ခေါက်လိုက်ပြီး ချိတ်ပိတ်ကာ နေ့လယ်စာစားပြီးနောက် ဝမ်မိသားစုဆီသို့ သွားပို့ရန် ယွင်ကျီကို ခိုင်းရမည်ဟု တွေးထားလိုက်သည်။
ဝမ်ယဲ့ စာကြည့်ခန်းထဲမှ ထွက်လာချိန်တွင် သားအဖနှစ်ယောက်လုံး မရှိတော့ဘဲ စားပွဲပေါ်တွင် စားလက်စ သစ်အယ်သီးမုန့်ပန်းကန်တစ်ခုသာ ကျန်ရစ်နေခဲ့သည်။
ဝမ်ယဲ့က ယွင်ကျီနှင့် ထောင်ကျီကို ခေါ်လိုက်ပြီး ယွင်ကျီအား စာများကို လွှဲပေးကာ မှာစရာရှိသည်များ မှာလိုက်သည်။ ထို့နောက် ထောင်ကျီကို လှမ်းမေးလိုက်သည်။
"နေ့လယ်စာအတွက် ဘာဟင်းတွေရှိလဲ"
ထောင်ကျီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"သခင်မ အကြိုက်ဆုံး ဟင်းတွေချည်းပါပဲရှင့်၊ သခင်မက ဟုန်ရှင်းရဲ့ လက်ရာကိုတော့ မယုံဘူးလား"
ဝမ်ယဲ့ကလည်း စိတ်ထဲမှ ထောက်ခံလိုက်သည်။
‘ဟုတ်သားပဲ’
သူမက စားပွဲပေါ်မှ သစ်အယ်သီးမုန့်တစ်ခုကို အသာအယာ ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ အရသာက ကောင်းမွန်နေသော်လည်း ယခင်က သူမ စားဖူးသည့်မုန့်များလောက် မချိုပေ။ ကြည့်ရသည်မှာ ရွှီယွိရွှမ်အတွက် သကြားလျှော့ပြီး သီးသန့်လုပ်ထားပေးခြင်း ဖြစ်ပုံရသည်။
ဝမ်ယဲ့က မုန့်နှစ်ခုကို စားလိုက်ပြီး ယွင်ကျီ စာသွားပို့ရာမှ ပြန်ရောက်လာသောအခါ ထပ်ပြောလိုက်သည်။
"နှစ်သစ်ကူးဖို့လည်း နီးနေပြီဆိုတော့ နင် လုပ်ပေးရမယ့် ကိစ္စလေးတစ်ခု ရှိတယ်"
ယွင်ကျီက တရိုတသေ ပြန်ပြောလာသည်။
"အမိန့်ရှိပါ သခင်မ"
ဝမ်ယဲ့က ရေငတ်ပြေစေရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးမှ ဆက်ပြောနေသည်။
"ရိုးရိုးလေးပါပဲ..."
၎င်းက ယွင်ကျီတစ်ယောက်တည်း အေးအေးဆေးဆေး ကိုင်တွယ်နိုင်မည့် အသေးအဖွဲကိစ္စ နှစ်ခုသာ ဖြစ်သည်။ ရှင်းပြပြီးနောက်တွင် ဝမ်ယဲ့က စာရေးပြီးကတည်းက ဆွဲထားသော ပုံကြမ်းတစ်ခုကို ယွင်ကျီထံသို့ ကမ်းပေးလိုက်ပြီး ထပ်ညွှန်ကြားလိုက်သည်။
"နင် တစ်ခုခု နားမလည်တာရှိရင် ငါ့ကို ပြန်လာမေးနော်"
ယွင်ကျီက ပုံကြမ်းကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ချက်ချင်း အာမခံလိုက်သည်။
"ဒီအစေခံ နားလည်ပါပြီ သခင်မ"
ညွှန်ကြားချက်များ ပေးပြီးနောက် ဝမ်ယဲ့၏ အကြည့်က သစ်အယ်မုန့်ပန်းကန်ဆီသို့ ပြန်ရောက်သွားပြီး ရုတ်တရက် တစ်ခုခုကို သတိရကာ ထပ်မေးလိုက်သည်။
"ဒုတိယသခင်နဲ့ သခင်ငယ်လေး ဘယ်ရောက်သွားကြလဲ"
"သခင်မက သခင်မရှန်းဆီ စာပြန်ဖို့ အလုပ်ရှုပ်နေတော့... သခင်မ အနှောင့်အယှက် မဖြစ်ရအောင် ဒုတိယသခင်က သခင်လေးကို ခေါ်ထုတ်သွားတာပါ"
"ဪ..."
ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး အများကြီးမတွေးတော့ပေ။
ထို့နောက်တွင် သူမက သစ်အယ်သီးမုန့် တစ်ပန်းကန်လုံး ပြောင်သွားအောင် စားပစ်လိုက်တော့သည်။ သကြားနည်းသော်လည်း သူမအတွက်တော့ စားကောင်းနေဆဲပင်။
......။.....။.......
နေ့လယ်စာ စားပြီးနောက်တွင် ဦးလေးချိုးက စာများကို ယူကာ နယ်စားမင်းအိမ်တော်မှ ထွက်သွားခဲ့ပြီး မြင်းရထားကို ဝမ်မိသားစုဆီသို့ မောင်းသွားခဲ့သည်။
သခင်မရှန်း သတင်းရရှိချိန်တွင် သူမက ပင်မဆောင်၌ ချွေးမနှစ်ယောက်နှင့် စကားပြောနေခြင်း ဖြစ်သည်။ ဝမ်ယဲ့ဆီမှ စာပြန်သည်မှာ ဤမျှ မြန်ဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အနည်းဆုံး ရက်အနည်းငယ်တော့ ကြာလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တစ်ဖက်မှ ပြန်တွေးကြည့်လျှင် ဝမ်ယဲ့က အမြဲတမ်း ပါးနပ်သူဖြစ်ရာ ရောက်သည့်နေရာတိုင်းတွင် အသားကျအောင် နေနိုင်သူ ဖြစ်သည်။ သခင်မရှန်းက အစေခံအား ဦးလေးချိုးကို ဘေးခန်းသို့ ခေါ်သွားကာ နွေးထွေးစေရန် လက်ဖက်ရည်ပူပူ တိုက်ထားဖို့နှင့် စာကို ယူခဲ့ရန် ညွှန်ကြားလိုက်သည်။
အပြင်ဝင်းမှ အစေခံက ပင်မဆောင်မှ အစေခံမလေးတစ်ဦးထံ စာများကို ပေးအပ်လိုက်ပြီး ထိုမှတစ်ဆင့် ယင်ရွှမ်းဆီသို့၊ နောက်ဆုံးတွင်မှ သခင်မရှန်းလက်ထဲသို့ ရောက်ရှိသွားသည်။ သခင်မရှန်းက စာအိတ်ကို ကိုင်လိုက်သည်နှင့် အထဲတွင် စာတစ်စောင် ပိုနေသည်ကို ချက်ချင်း သိလိုက်သည်။ စဉ်းစားနေစရာပင် မလိုဘဲ ထိုစာက ကိုယ်လုပ်တော်ချန်းအတွက် ဖြစ်ကြောင်း သူမ သိနိုင်သည်။
သူမ၏ ချွေးမများကလည်း အလိုက်သိသူများ ဖြစ်ကြသလို အိမ်တွင်းရေး ကိစ္စအတော်များများကိုလည်း သိထားကြပြီးသားဖြစ်ရာ သခင်မရှန်းက သူမတို့ရှေ့မှာပင် စာကို ဖွင့်ဖတ်လိုက်သည်။
လျိုရှီ၏ ဝမ်းဗိုက်က ယခု အတော်လေး ပူနေပြီဖြစ်ပြီး သခင်မရှန်းက သူမကို နေ့စဉ် ဂါရဝပြုခြင်းမှ ကင်းလွတ်ခွင့် ပေးထားသည်။ သို့သော်လည်း ခြံဝင်းနှစ်ခုက မဝေးလှသဖြင့် လျိုရှီက နေ့ဘက်တွင် သခင်မရှန်းနှင့် စကားပြောရန် ရံဖန်ရံခါ ရောက်လာတတ်သေးသည်။ အစေခံမလေးများကလည်း သေသေချာချာ တွဲကူပေးကြသဖြင့် ပြဿနာ မရှိခဲ့ပေ။
စာကို ဖတ်ပြီးနောက်တွင် သခင်မရှန်း၏ မျက်ခုံးများက လုံးဝ ပြေလျော့သွားသည်။ ယန်ရှီက ယောက္ခမဖြစ်သူ စိတ်သက်သာရာ ရသွားသည်ကို မြင်လိုက်ပြီး မင်းသမီး၏ စာသင်ဖော်ကိစ္စ အဆင်ပြေပြေ ပြေလည်သွားပြီဟု ခန့်မှန်းလိုက်သည်။ သို့သော်လည်း သူမက ပါးနပ်စွာဖြင့် ဘာမှ ထပ်မမေးတော့ဘဲ အပြုံးဖြင့် စကားစလိုက်သည်။
"စတုတ္ထညီမလေး အိမ်ထောင်ကျသွားတာ လအနည်းငယ်တောင် ရှိနေပြီ၊ ပြီးခဲ့တဲ့ရက်ကပဲ ချန်အာက သူ့အဒေါ်အကြောင်း ပြောနေသေးတယ်"
ယန်ရှီက ချဲ့ကားပြောနေခြင်းတော့ မဟုတ်ပေ။ ဝမ်ယဲ့ လက်မထပ်မီတွင် သူမက ယန်ရှီ၏ ခြံဝင်းသို့ လက်ဆောင်အသေးအဖွဲလေးများ မကြာခဏ ပို့ပေးလေ့ရှိပြီး သူမ၏ သားနှစ်ယောက်က စတုတ္ထအဒေါ်ဖြစ်သူကို အတော်လေး ချစ်ခင်ကြသည်။ အဒေါ်အများကြီးရှိသည့်အနက် အသက်သိပ်မကွာလှသည့် ဝမ်ရန်မှ လွဲလျှင် သူတို့ မှတ်မိနေသည်က ဝမ်ယဲ့ တစ်ယောက်တည်းသာ ရှိသည်။
စာကို ဖတ်ပြီးနောက် သခင်မရှန်းက စာအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ဝမ်ယဲ့၏ ဖခင် အလုပ်မှ ပြန်လာလျှင် ပြသရန် ရယ်ရွယ်ကာ သေသေချာချာ ပြန်သိမ်းလိုက်ခြင်းပင်။
"မင်းသမီးရဲ့ စာသင်ဖော် ရွေးချယ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့မိသားစုကတော့ ဝင်မရှုပ်တော့ဘူး"
သခင်မရှန်းက သူမ၏ ချွေးမများကို ပြောပြနေသည်။
"ဒါပေမယ့် ပဉ္စမသမီးက သတ်မှတ်ချက်နဲ့ ကိုက်ညီနေတော့ ရွေးချယ်ပွဲမှာ ပါဝင်ရမယ်"
ထိုသို့မဟုတ်ပါက ဧကရာဇ်အနေဖြင့် ဝမ်မိသားစုက တော်ဝင်မိသားစုအပေါ် မရိုမသေ လုပ်သည်ဟု ထင်သွားပေလိမ့်မည်။
ဧကရာဇ်၏ အမိန့်တော်အရ ပဉ္စမအဆင့်နှင့်အထက် အရာရှိများ၏ မိသားစုများထဲမှ သမီးငယ်လေးများသာ ရွေးချယ်ခံခွင့် ရှိသည်။ ဝမ်မိသားစုသာမက ယန်ရှီနှင့် လျိုရှီတို့၏ မိဘအိမ်များကလည်း ထိုသတ်မှတ်ချက်နှင့် ကိုက်ညီနေကြသည်။
ယန်ရှီက အခြေအနေကို သဘောပေါက်သွားပြီး ပိုတောက်ပစွာ ပြုံးလိုက်သည်။ သူမတွင် ရှစ်နှစ်အရွယ် တူမလေးတစ်ယောက် ရှိပြီး ထက်မြက်ဖျတ်လတ်သူဖြစ်သောကြောင့် ထိုနေရာအတွက် အလွန်သင့်တော်လှပေသည်။ သူမ၏ ပဉ္စမယောင်းမလေးက ပြိုင်ဘက်အဖြစ် အရွေးချယ်မခံလျှင် သူမ၏ တူမလေးအတွက် အခွင့်အရေး ပိုများလာနိုင်သည်။
မင်းသမီးလေး၏ စာသင်ဖော် ဖြစ်ခွင့်ရခြင်းက ထိုကလေးမလေး၏ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နောင်တစ်ချိန် လက်ထပ်ထိမ်းမြားသည့်အခါတွင်လည်း ပို၍ ဂုဏ်သရေရှိသော အမျိုးအနွယ်များနှင့် လက်ဆက်နိုင်မည့် အခွင့်အရေး ဖြစ်သည်။
လျိုရှီကတော့ ထိုအကြောင်းကို သိပ်ပြီး အလေးအနက် မတွေးထားခဲ့ပေ။ သူမ၏ မောင်နှမများထဲတွင် သမီးမိန်းကလေး ရှိသူ မရှိသောကြောင့် ထိုသို့သော ရည်မှန်းချက်မျိုး ရှိချင်လျှင်ပင် အခွင့်အရေး မရှိတော့ပေ။ သူမ၏ စိတ်နှလုံးတစ်ခုလုံးက သူမ၏ ဝမ်းဗိုက်ထဲမှ ရင်သွေးလေးထံတွင်သာ ရှိနေခဲ့သည်။
သားလေးလား၊ သမီးလေးလား ဆိုသည်ကို သူမ မသိရသေးဘူးလေ။
သားယောက်ျားလေး ရလျှင် အကောင်းဆုံးဖြစ်သော်လည်း လျိုရှီကတော့ သမီးမိန်းကလေးတစ်ဦးကို တိတ်တဆိတ် မျှော်လင့်နေမိသည်။ ရှားပါးမှုက တန်ဖိုးကို တိုးစေပြီး ဝမ်မိသားစု၏ နောက်မျိုးဆက်တွင် မိန်းကလေးတစ်ဦးမှ မရှိသေးသောကြောင့် သူမ သမီးလေးတစ်ဦး ဖွားမြင်ပေးနိုင်ခဲ့လျှင် သူမ၏ ယောက္ခမ အလွန် ဝမ်းမြောက်သွားပေလိမ့်မည်။
ဝမ်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာပြီးနောက်တွင်မှ သူမ၏မိခင်က သူမအတွက် အဘယ်ကြောင့် ဤမိသားစုကို ရွေးချယ်ပေးခဲ့မှန်း လျိုရှီ နားလည်သွားရသည်။ ယောက္ခမဖြစ်သူနှင့် သူမ၏မိခင်တို့က ရင်းနှီးသော ဆက်ဆံရေးရှိသည့်အပြင် အနည်းဆုံးအနေဖြင့် ဝမ်မိသားစု၌ သမီးမိန်းကလေး မွေးဖွားလျှင်ပင် အပယ်ခံရမည် သို့မဟုတ် လျစ်လျူရှုခံရမည်ကို စိုးရိမ်နေစရာ မလိုသောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်လည်း သခင်မရှန်းက စာကို ကိုယ်လုပ်တော်ချန်းထံသို့ ကိုယ်တိုင်သွားပို့ရန် ယင်ရွှမ်းကို စေလွှတ်လိုက်သည်။ ဝမ်ယဲ့ လက်ထပ်သွားပြီးနောက် ကိုယ်လုပ်တော်ချန်းတွင် သမီးငယ်လေးတစ်ဦးသာ ကျန်ရစ်တော့သည်။ နေ့စဉ်ဘဝက ပုံမှန်အတိုင်း လည်ပတ်နေသော်လည်း ဝမ်ယဲ့ မရှိတော့သဖြင့် အနည်းငယ် ပိုအထီးကျန်သလို ခံစားရစေသည်။
ဝမ်ရန်က ဝီရိယရှိသူဖြစ်ပြီး နှင်းကျသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ တစ်နေ့မပျက် စာကို ကြိုးစားသင်ယူနေသူ ဖြစ်သည်။ ကိုယ်လုပ်တော်ချန်းက သမီးငယ်အတွက် ဂုဏ်ယူမိသော်လည်း နယ်စားမင်းအိမ်တော်သို့ ရောက်ရှိနေသည့် သမီးကြီးကိုလည်း မကြာခဏ သတိရနေမိသည်။ သို့သော်လည်း အိမ်တော်တွင်း စာသင်ကျောင်းက နှစ်သစ်ကူးအတွက် ပိတ်ထားပြီ ဖြစ်ရာ ဝမ်ရန်အနေဖြင့် မီးထွန်းပွဲတော် ပြီးမှသာ ကျောင်းပြန်တက်ရမည် ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ရန်က ကြိုတင်ချမှတ်ထားသော အချိန်ဇယားအတိုင်းသာ နေ့စဉ်ဖြတ်သန်းနေသည်။ စာကြည့်ပြီးချိန်များတွင်တော့ ကိုယ်လုပ်တော်ချန်း၏ အနားတွင် အချိန်ဖြုန်းလေ့ရှိသည်။ ယင်ရွှမ်း စာနှင့်အတူ ရောက်ရှိသွားပြီး စတုတ္ထသခင်မလေးဆီမှ စာဖြစ်ကြောင်း ကြားလိုက်သည်နှင့် ကျင်းကျူက ယင်ရွှမ်းကို အထဲသို့ ချက်ချင်းခေါ်ဆောင်သွားပြီး သတင်းပို့လိုက်သည်။
"ချန်းယိနျဥ်း... ပဉ္စမသခင်မလေး... စတုတ္ထသခင်မလေးဆီက စာရောက်လာပါတယ်ရှင်"
အခန်းထဲတွင် ဝမ်ရန်က စုတ်တံဖြင့် လက်ရေးလှ လေ့ကျင့်နေပြီး ကိုယ်လုပ်တော်ချန်းကတော့ ဘေးတွင် ထိုင်ကာ အချိန်ဖြုန်းသည့်အနေဖြင့် ပန်းထိုးနေသည်။ ကျင်းကျူ၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်သည်နှင့် ကိုယ်လုပ်တော်ချန်းက အပ်ချုပ်ပစ္စည်းများကို ချက်ချင်းချကာ ကပျာကယာ ထလာပြီး ဘေးမှ ယင်ရွှမ်းကိုလည်း စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေသည်။
"မိန်းကလေးယင်ရွှမ်း... အဲ့ဒါ တကယ်ပဲလား"
ယင်ရွှမ်းက စာကို ကမ်းပေးရင်း ပြန်ဖြေလိုက်သည်။
"ချန်းယိနျဥ်းကို ပြန်ဖြေပါတယ်၊ သခင်မရဲ့ အမိန့်အရ ရှီးချွေ့ခြံဝင်းကို လာပို့ပေးတာပါ၊ ဒါက တကယ်ပဲ စတုတ္ထသခင်မလေးဆီက စာပါ"
ကိုယ်လုပ်တော်ချန်းက စာကို ဝမ်းသာအားရ လှမ်းယူလိုက်သည်။
"နင့်ကို ဒုက္ခရောက်စေခဲ့ပြီ၊ မိန်းကလေး ယင်ရွှမ်း၊ ကျေးဇူးတင်ပါတယ်နော်"
ယင်ရွှမ်းကတော့ ဘာမှထပ်မပြောဘဲ စာပို့ပြီးသည်နှင့် ပြန်ထွက်ခွာသွားသည်။
ကိုယ်လုပ်တော်ချန်းက စာကို ယူကာ ဝမ်ရန်နှင့်အတူ ဖတ်ရန် ပြန်လာခဲ့သည်။ စာက အတော်လေး ရှည်လျားပြီး ဝမ်ယဲ့က ကြီးကျယ်ခန်းနားသော စကားလုံးများ မသုံးဘဲ နေ့စဉ်ဘဝအကြောင်းကို ပြောပြနေသကဲ့သို့ သူမ ဘာတွေလုပ်နေသည်ကို အသေးစိတ် ရေးသားထားခြင်း ဖြစ်သည်။ ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့က သူမအကြောင်း ဖတ်ရသည်ကို နှစ်သက်ကြလိမ့်မည်ဟု ဝမ်ယဲ့ တွေးထားခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင်လည်း ကိုယ်လုပ်တော်ချန်းက အလွန်ပျော်ရွှင်နေရှာသည်။ သူမအနေဖြင့် စာပြန်ခွင့်မရသော်လည်း သမီးဖြစ်သူ အဆင်ပြေပြေ ရှိနေသည်ကို စာထဲမှတစ်ဆင့် သိရရုံဖြင့် ကျေနပ်နေချေပြီ။ ဝမ်ရန်လည်း အလားတူ ပျော်ရွှင်နေခဲ့သည်။ စတုတ္ထအစ်မ၏ စာကို ဖတ်ပြီးနောက် သူမ စာသင်ယူလိုစိတ်များ ပိုပြင်းပြလာခဲ့သည်။
သို့သော်လည်း သူမ မည်မျှပင် စောစီးစွာ ရင့်ကျက်သူဖြစ်နေပါစေ၊ သူမက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်နေသေးသည်။ ဝမ်ယဲ့က စာထဲတွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း ခြံဝင်းထဲမှ သူမ၏ ဘဝအကြောင်းကို အဓိကထား ရေးသားထားသည်။ "သံအိုးကြီးနဲ့ ပေါင်းထားတဲ့ ငန်းသားပေါင်း" ဟူသော စာသားကို တွေ့လိုက်ရချိန်တွင် ဝမ်ရန်၏ ဝိုင်းစက်သော မျက်လုံးလေးများလည်း စိတ်လှုပ်ရှားမှုကြောင့် ပိုတောက်ပလာသည်။
ကိုယ်လုပ်တော်ချန်းက သမီးငယ်လေး၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးရင်း အပြုံးဖြင့် ပြောလိုက်သည်။
"သမီးရဲ့အစ်မက စာရဲ့ အဆုံးမှာ အဲ့ဒီဟင်းချက်နည်းကိုပါ ထည့်ပေးထားတယ်လေ၊ မနက်ဖြန်ကျရင် မီးဖိုချောင်လေးမှာ သမီးအတွက် ပြင်ဆင်ခိုင်းပေးမယ်နော်"
အိမ်တော်၏ ပင်မမီးဖိုဆောင်ကြီးကတော့ ထိုဟင်းမျိုး ချက်ပေးမည် မဟုတ်ချေ။ သို့သော် ကံကောင်းသည်က ရှီးချွေ့ခြံဝင်းတွင် ကိုယ်ပိုင်မီးဖိုချောင်လေး ရှိနေခြင်းပင်။ သူမတို့ တစ်ခုခု ထူးထူးခြားခြား စားချင်လျှင်လည်း ပါဝင်ပစ္စည်းများကို ကိုယ်တိုင်ဝယ်ယူရန်က သိပ်ပြီး အခက်အခဲ မရှိလှပေ။
သူမ၏ မိခင်ထံမှ ကတိရသွားသည်နှင့် ဝမ်ရန်က ဝမ်းသာအားရ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"ယိနျဥ်း... သမီး လက်ရေးလှ ပြန်လေ့ကျင့်တော့မယ်နော်"
ဝမ်ရန်က ဖခင်ဖြစ်သူထံမှ ဆုလာဘ်များ ပိုရရန်နှင့် ထိုဆုလာဘ်များကို စုဆောင်းထားနိုင်ရန် စာကို ကြိုးကြိုးစားစားသင်ယူဖို့ ဆုံးဖြတ်ထားသည်။ သူမ၏ စတုတ္ထအစ်မ ဝမ်ယဲ့က ငွေသုံးရာတွင် လက်ဖွာတတ်သူဖြစ်သဖြင့် သူမက အစ်မအတွက်ပါ ပိုစုဆောင်းပေးထားရမည်ဟု တွေးနေသေးသည်။
စာဖတ်ပြီးနောက်တွင် ကိုယ်လုပ်တော်ချန်းက စိတ်သစ်လူသစ်ဖြစ်သွားပြီး သူမ၏ ပန်းထိုးထည်များကို ပြန်ကိုင်လိုက်သည်။ သူမက အခြားအရာများတွင် သိပ်မကျွမ်းကျင်သော်လည်း ပန်းထိုးသည့်နေရာတွင်တော့ လက်ရာအတော်လေး ကောင်းမွန်လှသည်။
.......။.......။........
ရွှီနယ်စားမင်းအိမ်တော်၏ အနောက်ဘက်ခြံဝင်းတွင်......
ဝမ်ယဲ့တစ်ယောက် နေ့ခင်းဘက် အတော်ကြာအောင် အိပ်ပျော်သွားခဲ့ပြီး ရှန့်အချိန်နီးကပ်မှ ပြန်နိုးလာခဲ့သည်။
သူမ ကဒ်ကစားရသည်မှာ ကြာနေပြီကို သတိရသွားသည့် ဝမ်ယဲ့က ထောင်ကျီကို ကဒ်များ သွားယူခိုင်းလိုက်သည်။ ယွင်ကျီက အပြင်ကို ကိစ္စတစ်ခုဖြင့် သွားနေပြီး ကစားသမားတစ်ဦး လိုနေသောကြောင့် ထောင်ကျီက လျိုယာကိုပါ အဖော်အဖြစ် ဆွဲခေါ်လာခဲ့သည်။
လျိုယာက ထိတ်ထိတ်လန့်လန့်ဖြင့် ပြောနေရှာသည်။
"သခင်မ... ဒီအစေခံက ဘယ်လိုကစားရမယ်ဆိုတာ မသိပါဘူးရှင့်"
ဝမ်ယဲ့က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ရပါတယ်... ထောင်ကျီ သင်ပေးလိမ့်မယ်"
အမိန့်ရသွားသည့် ထောင်ကျီက လျိုယာကို ကစားနည်းစည်းကမ်းများ ချက်ချင်း ရှင်းပြနေသည်။ လျိုယာကတော့ ဇဝေဇဝါဖြင့် နားထောင်နေရင်း သူမ၏လက်ထဲသို့ ရောက်လာသည့် ကဒ်များကို လက်ခံလိုက်ရသည်။ ဝမ်ယဲ့က ကစားပွဲအတွက် စည်းကမ်းသတ်မှတ်လိုက်ပြီး အပန်းဖြေကစားခြင်းဖြစ်သောကြောင့် ငွေကြေးမပါဝင်သည့်တိုင် ရှုံးသည့်သူကတော့ ရှုံးသည့်အကြိမ်တိုင်း မျက်နှာပေါ်တွင် စက္ကူပြားရှည်လေးများ အကပ်ခံရမည်ဖြစ်သည်။
အတွေ့အကြုံမရှိသေးသည့် လျိုယာက ဝါရင့်ကစားသမား ဝမ်ယဲ့ကို ဘယ်လိုမှ မယှဉ်နိုင်ပေ။ ထို့ပြင် ယနေ့ ဝမ်ယဲ့၏ ကံကလည်း ကောင်းနေပြီး ဝမ်ယဲ့ကိုယ်တိုင် သင်ပေးထားသည့် ထောင်ကျီပင်လျှင် မျက်နှာပေါ်၌ စက္ကူရှည်များ အပြည့်နှင့် အဆုံးသတ်သွားရသည်။ ဝမ်ယဲ့ကတော့ နဖူးပေါ်တွင် စက္ကူပြား တစ်ခုတည်းသာ ရှိနေသည်။
သူမတို့ တစ်ရှီးချန်ကျော်ကြာအောင် ကစားခဲ့ကြပြီး လျိုယာက တစ်ပွဲမျှ မနိုင်ခဲ့ပေ။ သူမ၏ လက်ချောင်းလေးများတွင်ပင် စက္ကူပြားလေးများ ပြည့်နေရှာသည်။ ဝမ်ယဲ့က စက္ကူပြားများကို ပြန်ခွာရန် ထောင်ကျီကို ကူခိုင်းလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"နင့်မှာ ပါရမီရှိတယ်... နောက်တစ်ခါကျရင်လည်း နင်နဲ့ပဲ ကစားမယ်နော်"
ယွင်ကျီနှင့် ထောင်ကျီတို့က တော်လွန်းနေသဖြင့် လျိုယာကဲ့သို့ အတွေ့အကြုံမရှိသေးသူနှင့် ကစားရခြင်းက ပို၍ ပျော်စရာကောင်းနေခြင်း ဖြစ်သည်။
ဝမ်ယဲ့က ညင်သာစွာ ပြုံးပြနေသော်လည်း လျိုယာကတော့ ချမ်းစိမ့်စိမ့်တောင် ဖြစ်သွားရသည်။ သူမက မစဉ်းစားဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
"မနက်ဖြန်ကျရင် လျိုရှင်းကို ခေါ်ပြီး အဖော်လုပ်ခိုင်းလိုက်ပါလား သခင်မ... သူက ဒီအစေခံထက် အများကြီး ပိုပြီး မြန်မြန်သင်ယူနိုင်တယ်လေ"
လျိုရှင်းကို ထိုသို့အရှေ့သို့ တွန်းပို့လိုက်နေခြင်းက ပထမဆုံးအကြိမ် မဟုတ်သဖြင့် လျိုယာတစ်ယောက် စိတ်ထဲတွင် ဘာအပြစ်ရှိစိတ်မျှ မရှိနေပေ။ ဝမ်ယဲ့က သူမ၏ အစီအစဉ်လေးကို မသိချင်ယောင်ဆောင်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ထပ်မေးလိုက်သည်။
"ဟုတ်လား"
လျိုယာက ခေါင်းညိတ်ပြနေသည်။
"ဒါဆိုရင်လည်း မနက်ဖြန်ကျရင် သူ့ကို ဒီဘက် လာခိုင်းလိုက်ပေါ့"
"ဒီအစေခံ နားလည်ပါပြီ သခင်မ"
ထိုအချိန်တွင် အရှေ့ဘက်ခြံဝင်း၌ အစေခံအချို့ကို ဆူပူကြိမ်းမောင်းပြီးကာစဖြစ်သည့် လျိုရှင်းတစ်ယောက် ရုတ်တရက် နှာချေလိုက်မိသည်။
ကဒ်ကစားပြီးနောက် ဝမ်ယဲ့က ညစာစားချိန်မတိုင်မီအထိ ဝတ္ထုစာအုပ်လေးကို ခေတ္တဖတ်နေလိုက်သေးသည်။ အကြီးဆုံးအဒေါ် ရောက်နေသဖြင့် ယခုရက်ပိုင်း ညစာကို ပင်မဆောင်၌သာ စားရမည် ဖြစ်သည်။ ဝမ်ယဲ့က ဝတ္ထုဖတ်ရင်း အချိန်ဖြုန်းနေကာ ရွှီယွဲ့ကျား ရောက်လာမှ ပင်မဆောင်သို့ အတူတူသွားရန် စောင့်နေခြင်းဖြစ်သည်။
ရွှီယွဲ့ကျားက ယောင်အချိန်တွင် အနောက်ဘက်ခြံဝင်းသို့ အချိန်မှန် ရောက်လာခဲ့သည်။ ဝမ်ယဲ့က ဝတ္ထုစာအုပ်ကို ချလိုက်ပြီး မတ်တတ်ထရပ်ကာ သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်ပြင်ရင်း နှုတ်ဆက်လိုက်သည်။
"ယောကျ်ား"
ရွှီယွဲ့ကျားက ခေါင်းတစ်ချက် ညိတ်ပြသည်။
ဝမ်ယဲ့က ရွှီယွဲ့ကျား မနက်က ဝတ်ထားသည့် အဝတ်အစားများနှင့် မတူတော့သည်ကို သတိပြုမိလိုက်သော်လည်း သိပ်အာရုံမစိုက်တော့ပေ။
ဇနီးမောင်နှံနှစ်ဦးက ဘာစကားမျှ မပြောဘဲ ပင်မဆောင်သို့ တိတ်တဆိတ် လျှောက်လှမ်းနေကြသည်။
လူစုံတက်စုံ နှုတ်ဆက်ပြီးနောက် ဝမ်ယဲ့တစ်ယောက် ပုပုလုံးလုံး ဘောလုံးလေးတစ်လုံးနှင့် မျက်နှာချင်းဆိုင် တိုးမိသွားသည်။
ထိုဘောလုံးလေးက ရွှီယွိရွှမ် ဖြစ်ပြီး သူက သူ့ပါးစပ်လေးကို ချွန်ကာ ချွဲချွဲနွဲ့နွဲ့ လှမ်းခေါ်လိုက်သည်။
“မေမေ”
ဝမ်ယဲ့ကတော့ ထုံးစံအတိုင်း သူ့ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်ပြီး ကျော်ဖြတ်သွားသည်။
အကြီးဆုံးအဒေါ် မြို့တော်သို့ မပြန်သည်မှာ ကြာနေပြီဖြစ်သောကြောင့် "စားသောက်နေစဉ် စကားမပြောရ" ဟူသော စည်းကမ်းကို ဤရက်ပိုင်းအတွင်း ခေတ္တဖြေလျှော့ပေးထားသည်။
အကြီးဆုံးအဒေါ်က ယနေ့တွင် သူမ၏ ချွေးမနှင့်အတူ ချန်းနန်မြို့စားမင်းအိမ်တော်သို့ သွားရောက်ခဲ့ပြီး သူမ၏ ညီမငယ်နှင့် တွေ့ဆုံခဲ့သည်။ မြေးဦးရတနာ ထွန်းကားခြင်းအတွက်လည်း ဂုဏ်ပြုခဲ့သည်။ ချန်းနန်မြို့စားအိမ်တော်နှင့် ကျန်းမိသားစုမှ အကြီးဆုံးသားက အလွန် ရင်းနှီးကြပြီး အိမ်ချင်းလည်း နီးကပ်စွာ တည်ရှိကြသည်။ ထို့ကြောင့် အကြီးဆုံးအဒေါ်က ကျန်းမိသားစုအတွင်း ဖြစ်ပွားနေသော အငြင်းပွားမှုအချို့ကို သူမ၏ ညီမထံမှတစ်ဆင့် ကြားသိခဲ့ရသည်။
သို့သော်လည်း အချို့သောအကြောင်းအရာများက ထမင်းဝိုင်းတွင် ပြောဆိုရန် မသင့်တော်လှပေ။
ညစာစားပြီးနောက် အားလုံး စုဝေးစကားပြောကြစဉ် အကြီးဆုံးအဒေါ်က စပြောလိုက်သည်။
"ငါ့ညီမ ပြောပြတာတော့ လီသခင်မရဲ့ မိခင်မိသားစုက ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်က ဝမ်မင်းသားရဲ့ မျက်စိကျတာကို ခံထားရတယ်တဲ့၊ လီမိသားစုကတော့ လက်လျှော့မှာ မဟုတ်ဘူး၊ ဝမ်မင်းသားရဲ့ အဆက်အသွယ်ကို သုံးပြီး ပြည်နှင်ဒဏ်ခတ်ပေးခံထားရတဲ့ သူတို့သားတွေအတွက် အသနားခံဖို့ ကြံစည်နေကြတယ်"
သခင်မလုက ချက်ချင်း ဒေါသထွက်သွားပြီး ဆူပူလိုက်သည်။
"ဒီလီမိသားစုကတော့ တကယ့်ကို ကပ်စေးနှဲလို ခွာရခက်တဲ့လူတွေပဲ"
ဝမ်ယဲ့ကတော့ စကားဝိုင်းကို နားထောင်နေရင်း မုန့်ကို အေးအေးလူလူ စားနေမိသည်။ သူမ စိတ်ထဲတွင်တော့ တွေးနေမိသေးသည်။
‘ဒီဇာတ်ကွက်က ငါ့အတွက် ရင်းနှီးနေသလိုပဲ’
"ကျိထန်း... မင်းလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်နော်"
အကြီးဆုံးအဒေါ်က သတိပေးလိုက်သည်။
ဝမ်မင်းသားက အရှင်မင်းကြီး၏ အငယ်ဆုံးညီတော် ဖြစ်သည်။ သူတို့က မိခင်တစ်ဦးတည်းမှ မွေးဖွားလာသူများ မဟုတ်သော်လည်း မယ်တော်ကြီးနှင့် ဝမ်မင်းသား၏ မိခင်တို့ကြားမှ ရင်းနှီးမှုကြောင့် အရှင်မင်းကြီးက ဤညီတော်အပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိသည်။
ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးဆုံးအဒေါ်၊ ကျိထန်း ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ပါ့မယ်"
သူ၏ တည်ငြိမ်မှုကို မြင်လိုက်ရသည့် အကြီးဆုံးအဒေါ်က ချက်ချင်း စိတ်အေးသွားသည်။ သူမ၏ ဒုတိယတူက အမြဲတမ်း တည်ငြိမ်ရင့်ကျက်ပြီး မည်သူ့ကိုမျှ စိတ်မပူစေခဲ့သူ ဖြစ်သည်။
ရွှီနယ်စားမင်းကလည်း စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။
"တကယ်လို့ လီမိသားစုက ဝမ်မင်းသားကို ကပ်တွယ်ပြီး အရှင်မင်းမြတ်ရှေ့မှာ အသနားခံခိုင်းတာမျိုး ရှိလာရင် မင်းရဲ့ အပြောအဆိုနဲ့ အမူအရာကို ဆင်ခြင်သင့်တယ်၊ ဝမ်မင်းသားနဲ့ အငြင်းမပွားမိအောင် ရှောင်ရမယ်"
မိသားစု၏ စိုးရိမ်မှုကို ရင်ဆိုင်ရသည့်အခါ ရွှီယွဲ့ကျားက ငြင်းပယ်မှု မရှိဘဲ အားလုံးကို ခေါင်းညိတ်သဘောတူနေသည်။
လက်ဖက်ရည် နှစ်ခွက်ခန့် သောက်ပြီးနောက်တွင် အကြီးဆုံးအဒေါ်က သူမ၏ ချွေးမကို ခေါ်ကာ သူမ၏ခြံဝင်းသို့ ပြန်သွားခဲ့သည်။ မကြာမီမှာပင် ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့လည်း ပြန်ရန် ပြင်ဆင်နေကြသည်။
ရွှီယွိရွှမ်က သူတို့နောက်သို့ လိုက်ချင်သော်လည်း ဝမ်ယဲ့က တားဆီးလိုက်ပြီး အထိန်းတော်ကျိကို ပင်မဆောင်သို့ ပြန်ခေါ်သွားခိုင်းလိုက်သည်။
သခင်မလုကတော့ ရွှီယွိရွှမ် လိုက်ခွင့်မရသည်ကို အံ့သြမနေတော့ပေ။
‘ဘာပဲဖြစ်ဖြစ် ဒုတိယမောင်လေးနဲ့ ယောင်းမလေးတို့က အိမ်ထောင်ကျကာစ ဇနီးမောင်နှံတွေလေ၊ ရွှမ်အာ နေ့ခင်းဘက် အနောက်ဘက်ခြံဝင်းကို သွားလည်တာက ပြဿနာမရှိဘူး၊ ဒါပေမယ့် ညဘက်တော့ အဲ့နေရာကို မသွားသင့်ဘူးလေ။ အဲ့လိုမှမဟုတ်ရင် ရွှမ်အာအတွက် ညီလေး၊ ညီမလေးတွေ ဘယ်တော့မှ ရလာနိုင်တော့မှာ မဟုတ်ဘူး။’
သခင်မလု၏ အတွေးများကို မသိရှာသော ဝမ်ယဲ့ကတော့ အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်သည်နှင့် ကိုယ်လက်သန့်စင်ရန်နှင့် ရေချိုးရန်အတွက် ဘေးခန်းသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
သူမ ပြန်ထွက်လာချိန်တွင် ရွှီယွဲ့ကျားကို တွေ့လိုက်ရသဖြင့် ယနေ့ည သူ ဤနေရာ၌ အိပ်မည်ကို သူမ သိလိုက်သည်။
ယွင်ကျီနှင့် ထောင်ကျီတို့ ဝမ်ယဲ့၏ ဆံပင်များ ခြောက်အောင် ကူညီပေးပြီးနောက်တွင် ရွှီယွဲ့ကျားကလည်း အိပ်ရာဝင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး ရေချိုးပြီးကာစ စိုစွတ်မှုများနှင့်အတူ ထွက်လာခဲ့သည်။ သူ့ကို မြင်လိုက်သည်နှင့် ယွင်ကျီနှင့် ထောင်ကျီတို့က တိတ်တဆိတ် ပြန်ဆုတ်ခွာသွားကြသည်။
အချိန်က စောနေသေးသဖြင့် ဝမ်ယဲ့က ခုတင်၏ အတွင်းဘက်တွင် လှဲကာ သူမ၏ ဝတ္ထုစာအုပ်ကို ဆက်ဖတ်နေသည်။
ထို့နောက် သူမက စာအုပ်မှ အကြည့်မခွာဘဲ "ယောကျာ်း" ဟု ခပ်ပေါ့ပေါ့ ခေါ်လိုက်ပြီး ပြန်တိတ်ဆိတ်သွားပြန်သည်။
ရွှီယွဲ့ကျားက သူမ၏ဘေးတွင် လှဲလျောင်းနေပြီး သူတို့နှစ်ဦးကြားတွင် တိကျသော အကွာအဝေးတစ်ခု ရှိနေသည်။ သခင်မလု စိတ်ကူးယဉ်ခဲ့သည့် ‘အသစ်စက်စက် ဇနီးမောင်နှံတို့၏ ကြည်နူးမှု’ မျိုးကတော့ လုံးဝမရှိနေချေ။
ခဏအကြာတွင် ဝမ်ယဲ့က ဝတ္ထုစာအုပ်ကို မချချင်ဘဲ ပိတ်လိုက်သည်။ ရွှီယွဲ့ကျား ဤနေရာ၌ အိပ်သည့်အခါ သူမအတွက် တစ်ခုတည်းသော ပြသနာက ဟိုင်အချိန်ရောက်သည်နှင့် အိပ်ရာဝင်ရခြင်း ဖြစ်သည်။
နေ့လယ်ဘက်တွင် အိပ်ရေးဝနေခဲ့သဖြင့် ဝမ်ယဲ့က အခုထိ အနည်းငယ်မျှပင် မအိပ်ချင်သေးပေ။
ဝမ်ယဲ့က ခေါင်းလှည့်ကာ ဝတ္ထုစာအုပ်ကို သူမအတွက် သိမ်းပေးရန် ရွှီယွဲ့ကျားအား ခိုင်းတော့မည့်ဆဲဆဲတွင် သူလည်း စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖတ်နေမှန်း သတိထားမိသွားသည်။
သူမက အံ့ဩတကြီး မေးလိုက်သည်။
"ယောကျ်ား မအိပ်သေးဘူးလား"
ရွှီယွဲ့ကျားက စာအုပ်မှ အကြည့်ကို ဖြည်းညင်းစွာ ခွာလိုက်ပြီး သူမကို ပြန်မေးလိုက်သည်။
"မင်းရော ဖတ်လို့ ပြီးပြီလား"
ဝမ်ယဲ့က ဘာမှ မဖြစ်သလို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"စာအုပ်က ဘယ်ကိုမှ ထွက်ပြေးမသွားပါဘူး၊ မနက်ဖြန်မှ ဆက်ဖတ်လည်း ရတယ်လေ"
သူမ၏ စကားကို ကြားလိုက်ချိန်တွင် ရွှီယွဲ့ကျားက သူ့စာအုပ်ကို ဘေးသို့ ချလိုက်ပြီး ခုတင်ကန့်လန့်ကာများကို ဆွဲချကာ အပြင်ဘက်မှ ဖယောင်းတိုင်၏ မီးအလင်းရောင်ကို ပိတ်ဆို့လိုက်သည်။
ဝမ်ယဲ့ လှဲချလိုက်သည့်အခါ အမှောင်ထုက သူမကို လွှမ်းခြုံသွားပြီး ဘေးနားရှိ လူသား၏ တည်ရှိမှုက ပိုထင်ရှားလာသည်။ ထိုအချိန်တွင် သူမ၏ ဦးနှောက်ထဲ၌ အတွေးသစ်တစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။
သူမ ရက်ကို ရေတွက်ကြည့်လိုက်ရာ အချိန်ကလည်း ကွက်တိ ဖြစ်နေသည်။
ဝမ်ယဲ့တစ်ယောက် အမှောင်ထုကို အခွင့်ကောင်းယူကာ အကြံပြုလိုက်သည်။
"ယောက်ျား... ကျွန်မတို့ ကစားပွဲလေးတစ်ခုလောက် ကစားကြမလား"
ရွှီယွဲ့ကျားက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
"နောက်ထပ် 'ကြောင်ငါးဖမ်းကစားနည်း' လား"
ထိုကစားနည်းကို လေးညဆက်တိုက် ကစားခဲ့ရဖူးသဖြင့် ရွှီယွဲ့ကျား ကောင်းကောင်း မှတ်မိနေပြီ ဖြစ်သည်။
ဝမ်ယဲ့က ချက်ချင်း ငြင်းလိုက်သည်။
"ဘာကို ကြောင်ငါးဖမ်းတမ်းကစားရမှာလဲ... အဲ့ဒါက ကလေးကလားနိုင်လွန်းတယ်၊ ကျွန်မ ပြောတာက လူကြီးတွေ အိပ်ရာဝင်ရင် ကစားတဲ့ ကစားနည်းပါ"
ရွှီယွဲ့ကျား : "..."
‘သူမရဲ့ ပါးစပ်ကနေ ထူးဆန်းပေမယ့် အံ့သြစရာကောင်းလောက်အောင် သင့်တော်တဲ့ စကားလုံးတွေကို အမြဲကြားနေရတယ်။’
သို့သော်လည်း အရာရာက ခြောက်ကပ်ပြီး ပျင်းစရာကောင်းနေလျှင် ပျော်စရာ ရှိတော့မည်မဟုတ်ပေ။ ဝမ်ယဲ့က ရွှီယွဲ့ကျား၏ ညအိပ်ဝတ်ရုံထဲသို့ လက်လျှိုဝင်ကာ သူ၏ ခါးတွင် ချည်ထားသော ကြိုးမျှင်လေးကို ဆော့ကစားနေသည်။
သူမ မကြာသေးမီက ဝတ္ထုအတော်များများကို ဖတ်ထားခဲ့ပြီး အချို့သော အခန်းများက စမ်းကြည့်ရန် ထိုက်တန်သည်ဟု သူမ ခံစားနေရသည်။
ရွှီယွဲ့ကျား၏ စိတ်နေစိတ်ထားအရ သူ လက်ခံရန် မည်မျှ ခက်ခဲနေပါစေ နောက်ဆုံးတွင်တော့ ဤကိစ္စအားလုံး သူမအတွက် အလျော့ပေးမည်သာ ဖြစ်သည်။
သူ့ဘက်မှ ဦးဆောင်ပြီး လေ့လာသင်ယူလာလိမ့်မည်ဟု မျှော်လင့်နေခြင်းကတော့ မနက်ဖြန် နေမင်းကြီး အနောက်ဘက်မှ ထွက်လာရန် မျှော်လင့်နေသကဲ့သို့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ဝမ်ယဲ့က သူမ၏ အသံကို နူးညံ့အောင် လျှော့ချလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ယောကျ်ား"
အမှောင်ထုထဲတွင် ရွှီယွဲ့ကျား၏ လည်စေ့က အနည်းငယ် လှုပ်ရှားသွားသည်။
ဤလောကတွင် အကျင့်စာရိတ္တအထွတ်အထိပ် ရောက်နေသည့်သူဟူ၍ အမှန်တကယ် မရှိသလို ရွှီယွဲ့ကျားကလည်း သူတော်စင်တစ်ပါး မဟုတ်ပေ။
ထိုလူ သူမအပေါ်သို့ ကိုင်းညွတ်လာချိန်တွင် ဝမ်ယဲ့က သူ၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး သူမ၏ အေးစက်သော လက်ချောင်းလေးများဖြင့် စနောက် ထိတွေ့နေပြန်သည်။
ရွှီယွဲ့ကျား၏ အသက်ရှူသံများက ပိုပြင်းထန်လာသော်လည်း သူက သူကိုယ်သူ ထိန်းချုပ်နေဆဲ ဖြစ်သည်။
"ပိုပြီး ဂုဏ်သိက္ခာရှိရှိ နေလေ"
ဝမ်ယဲ့က သူ့ကို မျက်စောင်းတောင် ထိုးလိုက်သည်။
"ဒီလိုကိစ္စမျိုးမှာ ဘယ်လို ဂုဏ်သိက္ခာရှိရှိ နေရမလဲဆိုတာ ကျွန်မကို သင်ပေးပါနော်... ယောကျ်ား"
ထို့နောက်တွင် သူမက သူ့ကို ပိုနီးကပ်အောင် ဆွဲယူလိုက်ပြီး သူ့နှုတ်ခမ်းများကို သူမ၏ နှုတ်ခမ်းများဖြင့် ဖိကပ်လိုက်သည်။
ထိုညတွင် ဝမ်ယဲ့က သူမ၏ ကျွမ်းကျင်မှုများဖြင့် ရွှီယွဲ့ကျား၏ ရှေးရိုးဆန်မူကို ဖျက်ဆီးပစ်လိုက်သည်။