← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃ ဈေးဝယ်ခြင်း

နောက်တစ်နေ့တွင် နေမင်းက ထုံးစံအတိုင်း အရှေ့အရပ်မှ ထွက်ပေါ်လာခဲ့သည်။ ရွှီယွဲ့ကျားကတော့ အထူးအဆန်းအနေဖြင့် ချန်အချိန်နီးကပ်မှသာ နိုးလာခဲ့သည်။

မနေ့ညက အခန်းထဲမှ ရေအကြိမ်ကြိမ် တောင်းခဲ့သဖြင့် ယွင်ကျီနှင့် ထောင်ကျီတို့က သခင်များအား နှောင့်ယှက်မိမည်ကို စိုးရိမ်ပြီး နံနက်စောစော လာမနှိုးရဲကြပေ။

ရွှီယွဲ့ကျားက ခုတင်အတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ မနေ့ညက ကိစ္စများပြီးဆုံးပြီးနောက် သူ့ကို အပြင်သို့ ကန်ထုတ်ခဲ့သူလေးက ယခုအချိန်တွင် ခုတင်၏ အစွန်ဆုံးဘက်သို့ လိမ့်သွားကာ စောင်ပုံထဲတွင် သူမကိုယ်သူမ စောင့်ဖြင့် လိပ်ထားပြီး အသက်ရှူသံ ခပ်မှန်မှန်ဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

သူမ၏ နောက်စေ့လေးကိုသာ မြင်နေရသည်။

ရွှီယွဲ့ကျားက ညင်ညင်သာသာ လှုပ်ရှားပြီး အိပ်ယာထလိုက်သောကြောင့် ဝမ်ယဲ့ လုံးဝ သတိမထားမိလိုက်ပေ။ သူမ နိုးလာချိန်တွင် စစ်အချိန် ကျော်နေပြီ ဖြစ်သည်။

စစ်အချိန် (နံနက် ၉ နာရီမှ ၁၁ နာရီ)

ဝမ်ယဲ့က တစ်ကိုယ်လုံး ထုံကျဉ်နေသလို ခံစားရသဖြင့် အပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။

"ထောင်ကျီ"

ထောင်ကျီက ရေနွေးဇလုံဖြင့် ဝင်လာပြီး အဝတ်ဖြူလေးကို ရေစိမ်ကာ ခပ်ဖွဖွ ညှစ်ပြီးမှ အိပ်ရာပေါ်တွင် ထိုင်နေသည့် ဝမ်ယဲ့ထံ ကမ်းပေးလိုက်သည်။ မျက်နှာသစ်ပြီးနောက်တွင် ဝမ်ယဲ့လည်း အတော်လေး လန်းဆန်းသွားသည်။

ခဏအကြာတွင် ယွင်ကျီ ဝင်လာပြီး မေးလိုက်သည်။

"သခင်မ... မနက်စာ ပြင်လိုက်ရမလား"

အချိန်က အတော်နောက်ကျနေပြီ ဖြစ်သဖြင့် မနက်စာ သီးသန့်စားနေရန် မလိုတော့ပေ။ ထို့ကြောင့် ဝမ်ယဲ့က ညွှန်ကြားလိုက်သည်။

"နေ့လယ်စာပဲ တစ်ခါတည်း ပြင်လိုက်တော့"

ယွင်ကျီက ထပ်မေးနေသေးသည်။

"ဒုတိယသခင်အတွက်ပါ တစ်ခါတည်း ပြင်ပေးရမလားရှင့်"

ဝမ်ယဲ့က အနည်းငယ် အံ့ဩသွားပြီး မှန်ထဲမှ သူမ၏ ရုပ်သွင်ကို ကြည့်နေရာမှ အကြည့်လွှဲကာ ပြန်မေးလိုက်သည်။

"ဒုတိယသခင်က အိမ်မှာ ရှိနေသေးတာလား"

ယွင်ကျီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်က ဒီမနက် နိုးနိုးချင်း အပြင်ထွက်သွားပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရှီးချန်တဝက်လောက်က ပြန်ရောက်လာပြီး စာကြည့်ခန်းထဲမှာ ရှိနေပါတယ်"

သူမ၏ သခင်မက အိမ်တွင်းရေးကိစ္စများတွင် သိပ်မစွက်ဖက်ဘဲ အစေခံများကိုလည်း တန်းတူဆက်ဆံတတ်သူဖြစ်သည်။ ရလဒ်အနေဖြင့် အနောက်ဘက်ခြံဝင်း၏ အရှေ့ဘက်အဆောင်နှင့် အနောက်ဆောင်ကြားမှ ခွဲခြားမှုက တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

သခင်ဖြစ်သူ၏ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်များမှ လွဲပြီး ဤကဲ့သို့သော အကြောင်းအရာများကို ယွင်ကျီနှင့် ထောင်ကျီတို့က လျိုယာ၊ လျိုရှင်းတို့ထံမှ စုံစမ်းသိရှိနိုင်ကြသည်။

ဝမ်ယွဲ့က ရွှီယွဲ့ကျား ဘယ်သွားသည်ကို စိတ်မဝင်စားသော်လည်း သူ အနောက်ဘက်ခြံဝင်း၌ ရှိနေချိန်တွင် နေ့လယ်စာ မပြင်ပေးခြင်းကတော့ မသင့်တော်လှပေ။

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ယဲ့က ထပ်ညွှန်ကြားလိုက်သည်။

"ဒါဆိုရင်လည်း ဒုတိယသခင် ကြိုက်တတ်တဲ့ ဟင်းလေးတွေပါ ထပ်ထည့်လိုက်‌လေ၊ ဒါနဲ့... အရင်က လျိုရှင်း ပေးထားတဲ့ ဟင်းလျာစာရင်း ရှိသေးတယ်မလား"

ယွင်ကျီက ခေါင်းညိတ်ပြနေသည်။

"ရှိပါတယ်ရှင့်၊ ဒီအစေခံ သေသေချာချာ သိမ်းထားပါတယ်"

ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"အဲ့ဒီစာရင်းထဲကနေ ဟင်းနှစ်မျိုး သုံးမျိုးလောက် ရွေးချက်ခိုင်းလိုက်ပေါ့"

ယခင်က ရွှီယွဲ့ကျား ပေးထားသည့် သူ့အကြိုက်၊ သူ မနှစ်သက်သည့် စာရင်းက အလွန် ယေဘုယျဆန်လွန်းသဖြင့် ဝမ်ယဲ့က ယွင်ကျီအား လျိုရှင်းထံမှ အသေးစိတ်စာရင်းတစ်ခု တောင်းခိုင်းထားခဲ့သည်။

သူမက အမှတ်ယူရန် မကြိုးစားသော်လည်း အမှားအယွင်း မရှိစေရန်တော့ ဂရုစိုက်နေဆဲပင်။ ဤနည်းဖြင့် မနေ့ညက သူမ လုပ်ခဲ့သည့် အလွန်အကျွံ ကိစ္စရပ်များကို အထိုက်အလျောက် ပြန်ဖာဖေးနိုင်လိမ့်မည်ဟု ဝမ်ယဲ့ ယူဆထားသည်။

ဝမ်ယဲ့က သူမကိုယ်သူမ စိတ်လိုက်မာန်ပါ လုပ်တတ်သူဟု မယူဆသော်လည်း ရံဖန်ရံခါတွင် စိတ်လှုပ်ရှားမှုကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတတ်သည့် အခိုက်အတန့် တစ်ခုနှစ်ခုတော့ ရှိတတ်စမြဲပင်။

၎င်းကလည်း လူ့သဘာဝကြောင့်သာ ဖြစ်သည်။

ထို့ပြင် မနေ့ညက ကိစ္စ၌ သူမတစ်ယောက်တည်း ပျော်ခဲ့ရသည် မဟုတ်ပေ။ အကယ်၍ ရွှီယွဲ့ကျားက သူ မပျော်ဘူးဟု ငြင်းချက်ထုတ်ရဲလျှင် ဝမ်ယဲ့က သူ့ကို လုံးဝ ခွင့်လွှတ်မည်မဟုတ်ပေ။

ထောင်ကျီ ဝမ်ယဲ့၏ ဆံပင်အား ပြင်ဆင်ပေးနေစဉ် ယွင်ကျီက အမွှေးနံ့သာနံ့ သင်းနေသည့် အဝတ်အစားများကို ယူလာပေးသည်။ ဝမ်ယဲ့ အဝတ်အစားလဲပြီးချိန်တွင် နေ့လယ်စာစားချိန် ရောက်ရှိလာချေပြီ။

နှစ်သစ်ကူးရန် ဆယ်ရက်ပင် မလိုတော့သဖြင့် နယ်စားမင်းအိမ်တော်၏ ပင်မမီးဖိုဆောင်ကြီးတွင် နှစ်သစ်ကူးအကြို စားပွဲအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။ အချို့သော ဟင်းလျာများက ရက်အတော်ကြာ ကြိုတင်ပြင်ဆင်ရခြင်း ဖြစ်သည်။ ပင်မမီးဖိုဆောင်ကြီး၏ အလုပ်များမှုနှင့် နှိုင်းယှဉ်လျှင် ခြံဝင်းတစ်ခုချင်းစီရှိ မီးဖိုချောင်လေးများကတော့ ပို၍ အေးဆေးနေကြသည်။

ဟုန်ရှင်းက ဝမ်မိသားစု၏ ပင်မမီးဖိုဆောင်ကြီးတွင် ဝမ်ယဲ့ ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်သည်။ ဟမ့်ဝူခြံဝင်းသို့ မရောက်မီက သူမက မီးမွှေးပေးရသည့် အစေခံမလေးတစ်ဦးသာ ဖြစ်သည်။ ဝမ်ယဲ့၏လက်အောက်၌ နှစ်အနည်းငယ်ကြာ သင်ယူပြီးမှသာ သူမ၏ ဟင်းချက်လက်ရာက သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဟင်းပွဲပြင်ဆင်ပုံက အနည်းငယ် အားနည်းနေသေးသော်လည်း သူမလည်း သူမကိုယ်သူမ တိုးတက်စေရန် အစွမ်းကုန် ကြိုးစားနေမှန်း မကြာသေးမီက စားခဲ့ရသော ဟင်းလျာများကို ကြည့်ခြင်းဖြင့် ဝမ်ယဲ့ သတိပြုမိနေသည်။

ဝမ်ယဲ့ နေရာယူလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီယွဲ့ကျားကလည်း အနောက်ဘက်ခြံဝင်းသို့ အချိန်မှန် ရောက်ရှိလာသည်။

သူက လရောင်ဆမ်းထားသလို ဖြူဖွေးသည့်ဝတ်ရုံကို ဆင်မြန်းထားပြီး ကျောက်စိမ်းပင်တစ်ပင်ကဲ့သို့ ကြော့ရှင်းနေကာ တပြိုင်တည်းမှာပင် အေးစက်တည်ငြိမ်ပြီး မြင့်မြတ်သောဟန်ပန်ကလည်း ဖြာထွက်နေသည်။ ဝမ်ယဲ့က သူ့ကို တန်ဖိုးထားမြတ်နိုးသည့် အကြည့်များဖြင့် ငေးကြည့်နေမိရင်း မနေ့ညက အနောက်ဘက်ခြံဝင်းတွင် ရှိနေခဲ့သည့် ရွှီယွဲ့ကျားနှင့် ယခု သူမရှေ့မှ ရွှီယွဲ့ကျားက လူနှစ်ယောက်ဖြစ်နေသလို သူမ ခံစားနေရသည်။

ထို့အပြင် သူမတို့၏ မင်္ဂလာဦးညတွင် ရွှီယွဲ့ကျား ထိုအနီရောင်တောက်တောက် ညအိပ်ဝတ်စုံကို ဝတ်ထားသည်အား သူမ တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ သူမအတွက်တော့ ထိုအတွေ့အကြုံက အရာအားလုံးနှင့် လုံးဝကို ကွဲပြားခြားနားခဲ့သည်။

ဝမ်ယဲ့က လမ်းမပေါ်တွင် သူနှင့် ရုတ်တရက် တွေ့ဆုံခဲ့သည့် အကြောင်းကိုလည်း ပြန်တွေးနေသေးသည်။ သူက အနီရင့်ရောင် အရာရှိဝတ်စုံကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါနေကာ သူ၏ အာဏာစက်ကို အပြည့်အဝ ထုတ်ဖော်ပြသနေခဲ့သည်။

ယခင်က ရွှီယွဲ့ကျား နန်းတွင်းစာမေးပွဲ အောင်မြင်ပြီး မြင်းစီးကာ လမ်းမများပေါ်၌ လှည့်လည်စဉ်က သူမ သွားကြည့်ရန် ပျင်းနေခဲ့သဖြင့် သူ၏ အတက်ကြွဆုံး အခိုက်အတန့်များကို လွဲချော်ခဲ့ရသည်။ ယခု ပြန်တွေးကြည့်မှသာ ဝမ်ယဲ့တစ်ယောက် အမှန်တကယ် နောင်တရနေမိသည်။ ပို၍ နောင်တရဖို့ ကောင်းသည်က ရွှီယွဲ့ကျား၏ ပုံစံတိုင်းကို သူမအနေဖြင့် အမြဲတမ်း မတွေ့ကြုံနိုင်ခြင်းပင်။

ဝမ်ယဲ့၏ မဖုံးမဖိဘဲ စိုက်ကြည့်နေသည့် အကြည့်များကြောင့် ရွှီယွဲ့ကျားက သူမဘက်သို့ အာရုံစိုက်လာခဲ့သည်။ သူ၏ဘဝတွင် သူ့ကို လေးစားအားကျသည့် အကြည့်များ၊ ချီးကျူးသည့် အကြည့်များ စသည့်ဖြင့် အကြည့်များစွာကို မြင်ဖူးခဲ့သော်လည်း ဤအမျိုးသမီး၏ အကြည့်ထဲတွင်တော့ ဖော်ပြရခက်သည့် ဆန္ဒများ ရောယှက်နေသလို သူ ခံစားရသည်။

ထိုလိုအင်ဆန္ဒကလည်း ရိုင်းစိုင်းမှု သို့မဟုတ် ရှက်ကြောက်မှုများ မပါဘဲ ထူးခြားသည့် ပွင့်လင်းရိုးသားမှုများ ရောယှက်နေခြင်းသာ ဖြစ်သည်။ ဝမ်ယဲ့က အမှန်တကယ် ပဟေဠိဆန်သူ ဖြစ်ပြီး ရွှီယွဲ့ကျားအနေဖြင့် သူမကို မြင်နိုင်နေသည်ဟု ထင်ခဲ့မိသော်လည်း အပြည့်အဝတော့ နားမလည်နိုင်သေးပေ။

သူ့ကို ငေးမောလို့ ဝသွားသည့်အခါမှသာ ဝမ်ယဲ့က ရွှီယွဲ့ကျားကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

မနေ့ညက လှုပ်ရှားမှုများက အတော်လေး အားအင်ကုန်ခမ်းစေသဖြင့် ဝမ်ယဲ့က စွပ်ပြုတ်တစ်ပန်းကန် သောက်ပြီး ထမင်းနှစ်ပန်းကန် ဆက်တိုက်စားလိုက်သလို အသားနှင့် ဟင်းသီးဟင်းရွက်များကိုလည်း အတော်များများ စားပစ်လိုက်သည်။

ရွှီယွဲ့ကျား စားသောက်သည့် ပမာဏကတော့ ပုံမှန်အတိုင်းပင်။ သို့သော် ဝမ်ယဲ့ ဒုတိယမြောက် ထမင်းပန်းကန်ကို စားနေစဉ် သူ၏ အကြည့်များက သူမ၏ ဝမ်းဗိုက်ဆီသို့ တစ်ကြိမ်နှစ်ကြိမ်လောက် ရောက်လာခဲ့သေးသည်။

ရွှီယွဲ့ကျားက သူ့အကြည့်ကို ဖုံးကွယ်မထားသောကြောင့် ဝမ်ယဲ့ကလည်း ထိုအကည့်ကို အလိုလို သတိထားမိနေသည်။ သူမက အလွန်အမင်း ပိန်လွန်းသူ မဟုတ်သော်လည်း ဝိတ်တက်နေသူလည်း မဟုတ်ပေ။ သူမက သီးသန့် အချိန်တစ်ခု ပေးပြီး ခေတ်မီယောဂလေ့ကျင့်ခန်းများကို ပုံမှန်လုပ်လေ့ရှိသဖြင့် နှစ်ပေါင်းများစွာအတွင်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို အချိုးအစားကျကျနှင့် သဘာဝအတိုင်း လှပအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။

သို့သော် သူမက တမင်တကာ မေးလိုက်သေးသည်။

"ယောက်ျားက ကျွန်မ အများကြီး စားတယ်လို့ ထင်နေတာလား"

ရွှီယွဲ့ကျားက အကြည့်လွှဲလိုက်ရင်း ပြန်ဖြေလိုက်သည်။

"မင်း အစားလွန်သွားမှာကို စိုးရိမ်လို့ပါ"

သူက အမှန်တကယ် ထိုသို့သဘောဖြင့် ပြောခြင်းမဟုတ်မှန်း နားလည်နေသည့် ဝမ်ယဲ့က သူမ၏မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ ယောက်ျားရယ်၊ ကျွန်မ ဘယ်လောက်စားရမလဲဆိုတာ ကျွန်မဘာသာ သိပါတယ်"

အစေခံမလေးများက စားပွဲကို သိမ်းဆည်းပြီး လက်ဖက်ရည်ပူပူ လာချပေးသည်။

ရွှီယွဲ့ကျားက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးမှ ထပ်ပြောလာခဲ့သည်။

"ရှင်မ သိတယ်ဆိုရင် အဆင်ပြေပါတယ်"

သူက သူ့ကိုယ်သူ တင်းကျပ်သော စည်းကမ်းများဖြင့် ထိန်းသိမ်းထားသူ ဖြစ်သော်လည်း တခြားသူများအပေါ်တွင်တော့ ထိုကဲ့သို့ လုပ်လုပ်ရန် ဘယ်သောအခါမှ အတင်းအကျပ် မတောင်းဆိုခဲ့ပေ။

သို့သော် နောက်ဆုံးတွင် "ဇနီး" ဆိုသူကတော့ "တခြားသူ" နှင့် ကွဲပြား‌နေသေးသည်။ အစကတည်းက ရွှီယွဲ့ကျားက "ဇနီး" ဆိုသူအပေါ် မျှော်လင့်ချက်များ ရှိခဲ့ပြီး သူမကို ရွှီယွိရွှမ်၏ "မိခင်" အဖြစ် ခံယူစေချင်ခဲ့သည်။

ထိုအကြောင်းပြချက်ကြောင့်လည်း သူမ၏ တောင်းဆိုချက်များက အလွန်အမင်း မဖြစ်နေသရွေ့ သူ ဖြည့်ဆည်းပေးရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။

ရွှီယွဲ့ကျားတစ်ယောက် လက်ဖက်ရည်သောက်ရင်း ဇီးသီးခြောက်စားနေသည့် အမျိုးသမီးလေးကို ကြည့်လိုက်မိသည်။ သူမ၏မျက်နှာလေးက ပန်းရောင်သန်းနေပြီး ဝင်းပလန်းဆန်းနေသည့်အတွက် သူ့နှလုံးခုန်သံပင် အနည်းငယ် မြန်သွားရသည်။

သူမ၏ လိုအပ်ချက်များက ကြည့်လိုက်ရုံနှင့်ပင် သိသာနေလေသည်။

ဝမ်ယဲ့ကတော့ ရွှီယွဲ့ကျား ဘာတွေးနေသည်ကို မသိခဲ့ပေ။ ထမင်းစားပြီးသည့်တိုင် သူ ထမသွားသေးသည်ကို မြင်လိုက်ရသဖြင့် သူမ သိချင်စိတ်ဖြင့် လှမ်းမေးလိုက်သည်။

"ယောက်ျား ဒီနေ့ ရုံးအလုပ်တွေ သိပ်မရှုပ်ဘူးလား"

ဤတာ့ကျင်းမင်းဆက်၏ အရာရှိများအတွက် နှစ်သစ်ကူး အားလပ်ရက်က ဆယ့်နှစ်လပိုင်း နှစ်ဆယ်ရက်နေ့မှ နောက်တစ်နှစ်၏ ပထမလ ဆယ့်ငါးရက်နေ့ မီးထွန်းပွဲတော်အထိ စုစုပေါင်း ၂၅ ရက်တောင် ကြာမြင့်သည်။ ရွှီယွဲ့ကျား၏ စရိုက်အရဆိုလျှင် သူက အားလပ်ရက် စတင်သည်နှင့် ချက်ချင်း အနားယူမည့်သူမျိုး မဟုတ်သည်မှာ သိသာနေသည်။

ရွှီယွဲ့ကျားက လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်ပြီး အေးအေးဆေးဆေး ပြန်ဖြေနေသည်။

"ဒီနေ့တော့ အရေးကြီးကိစ္စ မရှိဘူး"

"ဪ... ဒါဆိုရင် ယောက်ျား အဆင်ပြေသလို အနားယူလိုက်နော်၊ ကျွန်မ အပြင်ကို လမ်းလျှောက်ထွက်မလို့"

သူမက ပြောနေရင်းဖြင့် ထိုင်နေရာမှ ထလိုက်သည်။

ရွှီယွဲ့ကျား၏ အကြည့်များက သူမနောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာပြီး လှမ်းမေးလိုက်သည်။

"ဘယ်ကို သွားမလို့လဲ"

ဝမ်ယဲ့က ခေါင်းပင် လှည့်မကြည့်ဘဲ အပြင်သို့ လျှောက်လှမ်းနေရင်း ပြန်ဖြေလိုက်သည်။

"ဈေးဝယ်ထွက်မလို့"

ရွှီယွဲ့ကျား : "..."

ယနေ့ ရာသီဥတုက သာယာလှပလွန်းသဖြင့် ဝမ်ယဲ့က အစာကြေစေရန် အပြင်ထွက် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။ အတိတ်ကာလတွင် ဝမ်ယဲ့အတွက် အပြင်ထွက်ခွင့် အလွန်နည်းပါးခဲ့သည်။ ယွင်ကျီနှင့် ထောင်ကျီတို့ပင်လျှင် သူမထက် အပြင်သို့ ပိုရောက်ဖူးကြသည်။ နယ်စားမင်းအိမ်တော်သို့ ရောက်လာပြီးနောက်တွင် သူမအတွက် လွတ်လပ်ခွင့် ပိုရလာခဲ့သည်။

သို့သော်လည်း ဝမ်ယဲ့က ရွှေငွေရတနာဆိုင်များ သို့မဟုတ် အဝတ်အထည်နှင့် အလှကုန်ဆိုင်များသို့ မသွားချင်ပေ။ ထိုအရာများက သူမအတွက် ဘာမှမလိုလောက်အောင် ပြည့်စုံနေပြီးသား ဖြစ်သည်။ သူမ ဦးတည်နေသည်က အနောက်ဘက်ဈေးဆီသို့ ဖြစ်သည်။ ထိုနေရာက နောက်ပိုင်းခတ်၏ ပန်းနှင့် ငှက်ဈေးကွက်ကဲ့သို့ ဖြစ်နေပြီး ထူးဆန်းသော်လည်း စိတ်ဝင်စားစရာကောင်းသည့် ပစ္စည်းမျိုးစုံ ပြည့်နှက်နေတတ်သည်။

ဝမ်ယဲ့က သူမ နှစ်သက်သည့်အရာတစ်ခုခုကို တွေ့တိုင်း ထောင်ကျီကို ငွေရှင်းခိုင်းနေသည်။ ပစ္စည်းများက သိပ်မဈေးကြီးသလို သူမကလည်း ငွေကြေးပြတ်လပ်မနေတော့ပေ။

ဝမ်ယဲ့က ပင်လယ်ရပ်ခြားမှဟု ယူဆရသော ဖန်ခွက်တစ်စုံကိုပင် ရှာတွေ့ခဲ့သေးသည်။ ခွက်တစ်လုံးချင်းစီက အမျိုးသမီးတစ်ဦး၏ လက်ဝါးခန့်သာ ရှိပြီး ရောင်းချသူက မုတ်ဆိတ်ဗလဗွနှင့် ကုန်သည်တစ်ဦးဖြစ်သည်။ သူ၏ လေယူလေသိမ်းအရ မြို့တော်သား မဟုတ်သည်မှာ သေချာနေသည်။ ဤဖန်ခွက်များကို သူ ဘယ်နေရာမှ ရလာသည်ကတော့ ဝမ်ယဲ့လည်း မသေချာပေ။

ထိုဖန်ခွက်တစ်စုံကို ငွေဆယ်လျန် ပေးရသည်။ စိတ်ဝင်စားသူ များပြားသော်လည်း အနည်းငယ် ဈေးကြီးနေသောကြောင့် တကယ်တမ်း ဝယ်ယူသူက ရှားပါးနေသည်။ တာကျင်းမင်းဆက်တွင် ဖန်ထည်ပစ္စည်းများ ရှိသော်လည်း ကြမ်းတမ်းပြီး အနည်ဖတ်များ ပါဝင်တတ်သည်။ ထိုမုတ်ဆိတ်နှင့် ကုန်သည်လက်ထဲမှ ဖန်ခွက်များကဲ့သို့ ကြည်လင်တောက်ပနေခြင်းမျိုး မရှိသေးပေ။

ဖြစ်နိုင်သည်မှာ ဤအရာများက အမှန်တကယ် ပင်လယ်ရပ်ခြားမှ ဖြစ်ပေလိမ့်မည်။ ဝမ်ယဲ့က ထောင်ကျီကို ငွေရှင်းခိုင်းလိုက်ပြီး ထိုဖန်ခွက်များကို သူမ၏ စုဆောင်းမှုထဲသို့ ထည့်လိုက်သည်။ ဝမ်ယဲ့တစ်ယောက် နွေရာသီတုန်းက သူမကိုယ်တိုင် ချက်ထားသော ဝိုင်တစ်အိုး ရှိနေသေးသည်ကိုပင် သတိရသွားခဲ့သည်။

‘နောက်ဆိုရင် ဒီဖန်ခွက်တွေနဲ့ ဝိုင်သောက်လို့ရပြီကွ’

အနောက်ဘက်ဈေးတစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီး အသေးအဖွဲ ပစ္စည်းလေးများ အတော်များများ ဝယ်ယူပြီးနောက် ဝမ်ယဲ့က ကျေနပ်အားရစွာဖြင့် မြင်းရထားပေါ်သို့ ပြန်တက်ကာ ဦးလေးချိုးကို လက်ဖက်ရည်ဆိုင်တစ်ခုဆီသို့ မောင်းခိုင်းလိုက်သည်။

လက်ဖက်ရည်ဆိုင်သို့ ရောက်သွားချိန်တွင် ဝမ်ယဲ့က သီးသန့်ခန်းတစ်ခု တောင်းလိုက်သည်။ ဆိုင်၏အလယ်တွင် လက်ဖက်ရည်အိုးများ ချထားသည့် စားပွဲအရှည်ကြီးတစ်ခု ရှိပြီး ထိုစားပွဲ၏ အနောက်တွင် မုတ်ဆိတ်ရှည်နှင့် အဘိုးအိုတစ်ဦး ထိုင်နေသည်။ သူက သစ်သားတုံးလေးကို ခေါက်ကာ အနိမ့်အမြင့်၊ အတက်အကျ အသံစုံဖြင့် စိတ်ပါလက်ပါ ပုံပြောနေသည်။ ပထမထပ်၏ ခန်းမဆောင်နှင့် ဒုတိယထပ်၊ တတိယထပ်ရှိ သီးသန့်ခန်းများမှ ရံဖန်ရံခါ လက်ခုပ်သံများ ထွက်ပေါ်လာတတ်သည်။

ဝမ်ယဲ့က ဒုတိယထပ်မှ သီးသန့်ခန်းတစ်ခန်းကို ရွေးချယ်လိုက်ပြီး ပြတင်းပေါက်မှ ကြည့်လျှင် ပုံပြောသူ၏ စိတ်လှုပ်ရှားစရာကောင်းသော အမူအရာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ထိုအချိန်တွင် ထောင်ကျီက လမ်းဘေးမှ ဝယ်လာသော မုန့်ထုပ်များကို ယူဆောင်ကာ ပြန်ရောက်လာသည်။

ထိုမုန့်များက ဝမ်ယဲ့ အကြိုက်ဆုံးများဖြစ်သည့် ကောက်ညှင်းလုံးကြော်၊ ဆန်မုန့်အစပ်ကြော်၊ ပဲမှုန့်လုံးများ၊ ထန်ဟုလူများနှင့် အခြားမုန့်မျိုးစုံ ဖြစ်သည်။ ထို့အပြင် အသားမပါသော သက်သတ်လွတ်ဟင်းလျာအချို့လည်း ပါသေးသည်။ ယွင်ကျီက ဆိုင်အစေခံအား ပိလော့ချွန်းလက်ဖက်ရည်တစ်အိုးနှင့် ဆိုင်၏ နာမည်ကြီး မုန့်အချို့ကို တည်ခင်းခိုင်းလိုက်သည်။ နောက်ဆုံးတွင် ထောင်ကျီ ဝယ်လာသော မုန့်များကို ထည့်ရန် ပန်းကန်ပြားအချို့ကိုလည်း ထပ်တောင်းလိုက်သေးသည်။

(ထန်ဟုလူ- တရုတ်ကားတွေထဲက ဟော်သွန်သီးအနီလေးတွေ သကြားကပ်ပြီး တုတ်ထိုးထားတဲ့ သကြားလုံးချောင်းကို ပြောတာပါ)

သီးသန့်ခန်း အပြင်ဘက်တွင် နယ်စားမင်းအိမ်တော်မှ ကိုယ်ရံတော်များ စောင့်ကြပ်နေသဖြင့် ဝမ်ယဲ့အတွက် တစ်ခုခုဖြစ်မည်ကိုလည်း စိုးရိမ်စရာ မလိုပေ။ ဝမ်ယဲ့က အစေခံမလေးများကို ထန်ဟုလူ တစ်ချောင်းစီ ပေးလိုက်ပြီး သုံးယောက်သား အတူတူ စားနေကြသည်။

အပေါ်ယံ သကြားရည်လွှာလေးက ပါးပါးလေး ဖြစ်ပြီး တစ်ကိုက် ကိုက်လိုက်သည်နှင့် အထဲမှ ရဲရဲနီနေသော ဟော်သွန်သီးကို တွေ့နိုင်သည်။ ဝမ်ယဲ့ တစ်ကိုက် ကိုက်ကြည့်လိုက်ရာ အနည်းငယ် ချဉ်သော်လည်း သူမ သည်းခံနိုင်သည့် အတိုင်းအတာအတွင်းမှာပင် ရှိနေသေးသည်။

သို့သော်လည်း အချဉ် လုံးဝမစားနိုင်သည့် ထောင်ကျီကတော့ ကံမကောင်းရှာပေ။ သူမ၏ မျက်နှာက ပေါက်စီတစ်ခုလို ရှုံ့တွသွားသည်။ ဝမ်ယဲ့ကတော့ မထိန်းနိုင်တော့ဘဲ တဟားဟား ရယ်မောကာ စနောက်လိုက်သည်။

"တကယ်ပဲ အဲ့လောက်တောင် ချဉ်လို့လား"

ထောင်ကျီက ခါးသက်သော မျက်နှာဖြစ်နေသည့်တိုင် အစားအသောက်အား ‘အလဟဿ မဖြစ်စေရ’ ဟူသော မူဝါဒကို ဆုပ်ကိုင်ကာ ကျန်နေသည့် သစ်သီးများကို အတင်း မျိုချနေသည်။ ထို့နောက် သူမက ညည်းတွားလိုက်သည်။

"ဒီထန်ဟုလူရောင်းတဲ့ အဘိုးကြီးက လုံးဝ မရိုးသားဘူး"

ကံကောင်းထောက်မစွာဖြင့် သူမ ငါးချောင်းသာ ဝယ်ခဲ့ပြီး ဦးလေးချိုးကို တစ်ချောင်းပေးခဲ့သောကြောင့် ပန်းကန်ထဲတွင် တစ်ချောင်းသာ ကျန်တော့သည်။

ထန်ဟုလူတစ်ချောင်းကို စားပြီးသွားသည့် ဝမ်ယဲ့က သူမ၏ တူကို အသားမပါသော သတ်သတ်လွတ်ဟင်းအိုး၊ ဆန်မုန့်အစပ်ကြော်နှင့် ကောက်ညှင်းလုံးကြော်များဆီသို့ ဦးတည်လိုက်သည်။ နေ့လယ်စာက အပြည့်အဝ အစာမကြေသေးသောကြောင့် ဝမ်ယဲ့တစ်ယောက် တစ်ခုချင်းစီကို အနည်းငယ်စီသာ မြည်းစမ်းကြည့်နေခဲ့သည်။ ဆောင်းရာသီတွင် အစားအသောက်များက ကြာရှည်အသိမ်ခံသောကြောင့် ကျန်နေသည့်စားစရာများကို ညစာအတွက် ပြန်ယူသွားရန် စီစဉ်ထားသေးသည်။

လက်ဖက်ရည်ဆိုင်ရှိ ပုံပြောသူက ပညာရှိအမတ်လေးနှင့် အလှပိုင်ရှင်မိန်းမပျိုလေးတို့၏ စိတ်ကူးယဥ်ဆန်သော ဇာတ်လမ်းများကို ပြောပြနေသောကြောင့် ဝမ်ယဲ့က စိတ်ဝင်တစား မရှိတော့ပေ။ သူမက အသစ်အဆန်းလေး နားထောင်ချင်ရုံသက်သက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အချိန်တန်သည်နှင့် ဝမ်ယဲ့က ယနေ့ သူမ ဝယ်ယူခဲ့သမျှ ပစ္စည်းများနှင့်အတူ နယ်စားမင်းအိမ်တော်သို့ ပြန်လာခဲ့သည်။

နယ်စားမင်းအိမ်တော်၏အဝင်ဝသို့ ရောက်လာပြီး မြင်းရထားပေါ်မှ ဆင်းလိုက်သည့်အချိန်အထိ သူမ ဘယ်လောက် အများကြီး ဝယ်ခဲ့မိသည်ကို ဝမ်ယဲ့ သတိမထားမိခဲ့ပေ။

ရလဒ်အနေဖြင့် သူမ ဝယ်လာသည်က သေတ္တာကြီးတစ်လုံးအပြည့် ဖြစ်နေလေသည်။

ထိုအထဲတွင် ထောင်ကျီ၏ လက်ထဲ၌ ပွေ့ပိုက်ထားသည့် မုန့်ထုပ်များ မပါဝင်သေးချေ။ ကိုယ်ရံတော်များက သေတ္တာကို သယ်ဆောင်ပေးနေကြပြီး အနောက်ဘက်ခြံဝင်း၏ အပြင်ဘက်တွင် ချထားပေးခဲ့သည်။ ထို့ကြောင့် အထဲသို့ သယ်သွားရန် အစေခံမလေးနှစ်ဦးကို ထပ်ခေါ်လိုက်ရသည်။

"မေမေ"

ဝမ်ယဲ့ အနောက်ဘက်ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ကလေးငယ်တစ်ဦး၏ အသံကို အဝေးမှ လှမ်းကြားလိုက်ရသည်။

ဝမ်ယဲ့က သူမ တစ်ခုခုကို ကိုင်ထားသည်ဟု အမှတ်မှားကာ လက်နှစ်ဖက်ကို အလိုအလျောက် နောက်ပစ်လိုက်မိပြီးမှ သူမ ဘာမှ ကိုင်မထားသည်ကို သတိရသွားခဲ့သည်။ ဝမ်ယဲ့ လှမ်းကြည့်လိုက်ချိန်တွင် ဒန်းလေး၏ ဘေးနား၌ ထိုင်ခုံပုလေးတစ်လုံး ချထားသည်ကို တွေ့လိုက်ရသည်။

ရွှီယွိရွှမ်က ထိုခုံပေါ်တွင် ထိုင်နေပြီး သူ၏ ဖောင်းအိနေသော ပါးပြင်လေးများကို လက်နှစ်ဖက်ဖြင့် ထောက်ထားသည်။ ဝမ်ယဲ့ကို မြင်သည်နှင့် သူက ချက်ချင်း ထရပ်လိုက်ပြီး "မေမေ" ဟု လှမ်းခေါ်လိုက်သည်။ အထိန်းတော်ကျိကတော့ သူ့အနားတွင် တိတ်တဆိတ် ရပ်နေသည်။

ဝမ်ယဲ့က သူ့အနားသို့ ချဉ်းကပ်သွားပြီး ထုံးစံအတိုင်း သူ၏ ခေါင်းလေးကို ပုတ်ပေးကာ ပြန်မေးလိုက်သည်။

"ရွှမ်အာ ဒီမှာ ဘာလုပ်နေတာလဲ"

ရွှီယွိရွှမ်က ခေါင်းလေးမော့ကာ အချိုသာဆုံးအသံလေးဖြင့် ပြန်ဖြေနေသည်။

"မေမေ့ကို... စောင့်..."

ထိုစကားကို ပြောပြီးနောက် သူ၏ ဝိုင်းစက်သော မျက်လုံးလေးများက ထောင်ကျီ လက်ထဲမှ ဆီစိမ်စက္ကူထုပ်ဆီသို့ စူးစူးစမ်းစမ်း ကျရောက်သွားသည်။

ဝမ်ယဲ့ : "..."

ဝမ်ယဲ့က ရွှီယွိရွှမ်ကို အာရုံလွှဲရန် သူ့အကြည့်ကို အသာအယာ ကွယ်လိုက်ပြီး ထပ်မေးလိုက်သည်။

"သားဖေဖေရော... ဖေဖေက သားကို ဒီမှာ တစ်ယောက်တည်း ထားခဲ့တာလား၊ တကယ့်ကို တာဝန်မသိတဲ့လူပဲ"

အနားတွင် ရပ်နေသော အထိန်းတော်ကျိ : "..."

ဝမ်ယဲ့ ပြောနေပုံအရ ရွှီယွဲ့ကျားက အမှန်တကယ် ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ထားသလို ဖြစ်နေလေသည်။

"ကိုယ့်ကို ရှာနေတာလား"

ခပ်အေးအေးနှင့် တည်ငြိမ်သော အသံတစ်ခုက အခန်းထဲမှ ထွက်ပေါ်လာသည်။

စာအုပ်တစ်အုပ် ကိုင်ထားသော အမျိုးသားတစ်ဦးလည်း တံခါးဝတွင် ပေါ်လာခဲ့သည်။

ဝမ်ယဲ့ : "..."

‘ဒီလူက အခုထိ ဘာလို့ ရှိနေသေးတာလဲ’

All Chapters