← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄ ယောကျ်ားကို လှည့်စားခြင်း

သို့သော် ဝမ်ယဲ့က သာမန်လူ မဟုတ်ဘဲ သူမကိုယ်တိုင်က အရှက်မကွဲရလျှင် ဘေးလူများ အရှက်ကွဲသည့်တိုင် အဆင်ပြေသည်ဟု ခံယူထားသူ ဖြစ်သည်။

"ရွှမ်အာတစ်ယောက်တည်း ရှိနေတယ် ထင်လို့ပါ"

သူမ၏ မျက်နှာထက်တွင် ဖမ်းမိခံရလိုက်ရသည့် ရှက်ရွံ့ခြင်း အရိပ်အယောင် အနည်းငယ်ပင် မရှိနေချေ။ သူမက တည်ငြိမ်သော အမူအရာဖြင့် ရွှီယွဲ့ကျားကို လှမ်းခေါ်လိုက်ပြီး သူ့၏ ဘေးမှ သာသာယာယာ ဖြတ်လျှောက်သွားသည်။

“ယောက်ျား”

အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးငယ်များက သူတစ်ပါးကို အတုခိုးတတ်ပြီး သင်လွယ်တတ်လွယ်သည့် အရွယ်ဖြစ်သည်။

ရွှီယွိရွှမ်က ဝမ်ယဲ့နောက်မှ လှုပ်စိလှုပ်စိဖြင့် လိုက်ပါလာပြီး ရွှီယွဲ့ကျား ဘေးမှ ဖြတ်သွားချိန်တွင် ဝမ်ယဲ့ကို အတုယူကာ "ဖေဖေ" ဟု ခေါ်လိုက်သေးသည်။ ထို့နောက်မှ အထိန်းတော်ကျိအား သူ့ကို ချီခေါ်သွားရန် အချက်ပြလိုက်သည်။

ရွှီယွဲ့ကျား : "..."

နေရာတွင် ဝင်ထိုင်ပြီးနောက် ဝမ်ယဲ့က သူမနောက်သို့ တကောက်ကောက် လိုက်လာသည့် အကောင်ပေါက်လေးကို တစ်ချက်ကြည့်လိုက်ကာ မုန့်များကို အရင်သိမ်းရန် ထောင်ကျီကို အချက်ပြလိုက်သည်။

ထောင်ကျီက ချက်ချင်း သဘောပေါက်သွားပြီး အလျင်အမြန် ထွက်ခွာသွားသည်။

ရွှီယွိရွှမ်၏ အကြည့်များက ထောင်ကျီ ထွက်ခွာသွားရာ နောက်ကျောဆီသို့ လိုက်ပါသွားပြီး သိသိသာသာ စိုးရိမ်ပူပန်လာပုံရသည်။

"မေမေ..."

ဝမ်ယဲ့က မရွှေ့ရသေးသည့် သေတ္တာထဲမှ ဆေးရောင်ခြယ်ဂျုံရုပ်လေးတစ်ရုပ်ကို အေးအေးဆေးဆေး ထုတ်ယူကာ သူ့လက်ထဲ ထည့်ပေးလိုက်သည်။

"ဒါလေးနဲ့ ခဏဆော့ကြည့်ပါဦး"

လုသခင်မ၏ အကျင့်စရိုက်အရ ရွှီယွိရွှမ်အတွက် လမ်းဘေးဈေးသည်များထံမှ ဤသို့သော အပေါစားအရုပ်များ ဝယ်ပေးမည်မဟုတ်ပေ။ ရွှီယွိရွှမ်၏ ကစားစရာများကို ဝမ်ယဲ့ ယခင်က မြင်ဖူးခဲ့ပြီး ၎င်းတို့အားလုံးက ကျွမ်းကျင်လက်သမားများမှ အရည်အသွေးမြင့်သစ်သားများဖြင့် စေ့စေ့စပ်စပ် ပြုလုပ်ထားသော အရုပ်လေးများ ဖြစ်သည်။

ထိုကစားစရာ တစ်ခုချင်းစီ၏ တန်ဖိုးက ယခု သူမ ယူလာသော သေတ္တာတစ်လုံးစာနှင့် ညီမျှသည်။

ဤအဆန်းအပြားလေးကို မြင်ပြီးနောက် ကလေးလေးက အာရုံပြောင်းသွားပြီး ထောင်ကျီ ယူသွားသည့် စက္ကူထုပ်ထဲမှ မုန့်များကို မေ့သွားရန် ဝမ်ယဲ့ မျှော်လင့်နေမိသည်။

ရွှီယွိရွှမ်က ဂျုံရုပ်လေးကို အမှန်တကယ် ဆန်းသစ်သည်ဟု ယူဆသွားပြီး ခေါင်းလေး ငုံ့ကာ အကြာကြီး ကြည့်နေသေးသည်။ သို့သော်လည်း သူ့စိတ်ထဲတွင် စားစရာက ကစားစရာထက် ပိုအရေးပါနေဆဲပင်။ သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ရွှီယွဲ့ကျား ပြန်ဝင်လာသည်ကို မြင်သွားပြီး သူ့လက်ထဲမှ ဂျုံရုပ်လေးကို ကမ်းပေးလိုက်သည်။

"ဖေဖေ... ဒါ... ဆော့"

သံယောဇဉ်ဆိုသည်က အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာတတ်သည်။ ရွှီယွဲ့ကျား၏ မျက်နှာထားက သူ့ထုံးစံအတိုင်း အေးစက်နေဆဲ ဖြစ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တည်ဆောက်ခဲ့သည့် သားအဖသံယောဇဉ်ကြောင့် ရွှီယွိရွှမ်က သူ့ဖခင်ကို အရင်ကလောက် မကြောက်တော့ပေ။

ယခုဆိုလျှင် သူကိုယ်တိုင် မဆော့ချင်တော့သည့်အရာကို ဖခင်ဖြစ်သူထံ လက်ဆင့်ကမ်းဝံ့နေချေပြီ။

ဝမ်ယဲ့က ထိုမြင်ကွင်းကို ကြည့်နေပြီး တော်တော်လေး ရယ်စရာ ကောင်းသည်ဟု တွေးကာ ပြုံးနေမိသည်။ သို့သော် ရွှီယွိရွှမ်က အရုပ်ကို ပေးပြီးနောက် တောင်းဆိုသော အကြည့်များဖြင့် သူမဘက်သို့ ပြန်လှည့်လာသည်ကို မြင်လိုက်ရသည်။

‘သူ လက်မလျှော့သေးဘူးပဲ’

‘ဟူး... ငါ့အစီအစဉ် ပျက်သွားပြီ’

ဝမ်ယဲ့က စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း လှမ်းပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ သားအတွက်လည်း ဝေစု ရှိပါတယ်"

ထို့နောက် သူမက သူနှင့် လုံးဝ မအပ်စပ်သည့် ဂျုံရုပ်လေးကို ကိုင်ထားပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သော ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

"အိုး... ယောကျ်ားအတွက်လည်း ဝေစုတစ်စု ပါလာသေးတယ်”

ဝမ်ယဲ့က ယဉ်ကျေးမှုအရ ပြောလိုက်ခြင်း ဖြစ်သည်။ သူမ ယူလာသည့် မုန့်များထဲတွင် ရွှီယွဲ့ကျားလိုလူမျိုး ထိတွေ့မည့်အရာ တစ်ခုမှ မပါဝင်နေချေ။

သူမ ထင်ထားသည့်အတိုင်း ရွှီယွဲ့ကျားက ငြင်းပယ်လိုက်သည်။

ရွှီယွိရွှမ်ကတော့ ဖခင်ဖြစ်သူ ငြင်းလိုက်သည်ကို ကြားသည်နှင့် ဝမ်းသာသွားပုံရပြီး သူ့မျက်လုံးလေးများ တောက်ပလာသည်။

ဝမ်ယဲ့က ကောင်လေး၏ အကြံအစည် သေးသေးလေးကို ချက်ချင်း ရိပ်မိသွားသော်လည်း ဘာမှမပြောဘဲ သူမ၏နှုတ်ခမ်းလေးကိုသာ အသာအယာ စေ့ထားလိုက်သည်။

ညစာစားရန် အချိန်စောနေသေးသလို သားအဖနှစ်ယောက်လုံးကလည်း ပြန်မည့်ပုံ မပေါ်သဖြင့် ဝမ်ယဲ့တစ်ယောက် အချိန်ကုန်စေရန် တစ်ခုခုကို ရှာကြံရတော့သည်။

ထိုသို့မဟုတ်ပါက တစ်ယောက်က စကားကို ပီပီသသ မပြောနိုင်သလို နောက်တစ်ယောက်က စကားတစ်ခွန်း ပြောရန် ခက်ခဲလှသည့် ဤသားအဖနှစ်ယောက်ရှေ့၌ ထိုင်နေရသည်မှာ သူမ ပျင်းလွန်း၍ သေသွားနိုင်ပေသည်။

ထို့ကြောင့် သူမက ထရပ်လိုက်ပြီး အနောက်ဘက်ရှိ စာကြည့်ခန်းသို့ သွားလိုက်သည်။ သူမ အရင်က မဖတ်ဖူးသေးသည့် ဝတ္ထုတစ်အုပ်ကို ရွေးချယ်ပြီးနောက် ပြတင်းပေါက်ဘေးရှိ ညောင်စောင်းအိအိလေးပေါ်တွင် အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လှဲလျောင်းလိုက်သည်။

အပြင်တွင် စောင့်နေကြသည့် သားအဖနှစ်ယောက်ကိုတော့ သူမ ဂရုမစိုက်တော့ပေ။

ဧည့်ခန်းထဲတွင် ဝမ်ယဲ့ ပြန်ထွက်လာမည့်အရေးကို လည်ပင်းရှည်အောင် စောင့်နေသော်လည်း အချည်းနှီး ဖြစ်နေသည့် ရွှီယွိရွှမ်က ထိုင်ခုံပေါ်မှ ဆင်းရန် ကြိုးစားနေသည်။

သူ၏ ခြေထောက်လေးများက ကြမ်းပြင်နှင့် မထိနိုင်ဖြစ်နေကာ နောက်ဆုံးတွင် အထိန်းတော်ကျိက သူ့ကို ‌အောက်ချပေးခဲ့ရသည်။

ကြမ်းပြင်ပေါ် ရောက်သည်နှင့် ရွှီယွိရွှမ်က ခြေလှမ်းသွက်သွက်ဖြင့် အနောက်ဘက်စာကြည့်ခန်းဆီသို့ ဦးတည်လိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင် သူက ဘာကြောင့်မှန်းမသိ ရပ်တန့်သွားပြီး နောက်သို့ ပြန်လှည့်လာကာ ရွှီယွဲ့ကျား၏ ဝတ်ရုံစကို ဆွဲလိုက်သည်။ ထို့နောက် အသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။

"ဖေဖေ... သားနဲ့... လိုက်ခဲ့"

ရွှီယွိရွှမ် အထဲသို့ လိုက်ဝင်လာခြင်းကို ဝမ်ယဲ့ မအံ့သြသော်လည်း ရွှီယွဲ့ကျားပါ လိုက်ပါလာခြင်းကတော့ သူမအတွက် ထင်မှတ်မထားသော အခြေအနေဖြစ်နေလေသည်။

'ဒီရက်ပိုင်း တရားရေးဝန်ကြီးဌာနက တကယ်ပဲ အလုပ်မများတာ ထင်တယ်...'

ဝမ်ယဲ့က သူ့ကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် သူမ၏ ဝတ္ထုစာအုပ်ကို အာရုံပြန်စိုက်လိုက်သည်။

ထိုအချိန်တွင် ရွှီယွိရွှမ်က ကျွမ်းကျင်လှသော အမူအရာဖြင့် ညောင်စောင်းအိအိလေးပေါ်သို့ တွားသွားတက်လာပြီး စောင်စွန်းကို မကာ ဝမ်ယဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

သူ၏ ခေါင်းလုံးလုံးလေးက စောင်ထဲမှ ထွက်လာပြီး ပါးဖောင်းဖောင်းလေးများက နီမြန်းကာ သွားစိပ်စိပ်လေးများ ပေါ်သည်အထိ ပြုံးပြနေသည်။

ဝမ်ယဲ့ကလည်း သဘာဝကျကျပင် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်ပြီး ခေါင်းအုံးအပိုလေးတစ်ခုလို ပွေ့ဖက်ထားလိုက်သည်။

စာမျက်နှာတစ်ခုကို လှန်ပြီးနောက်တွင်မှ ဝမ်ယဲ့တစ်ယောက် သူမလက်ထဲရှိ ဝတ္ထုမျက်နှာဖုံးကို သတိတရ ပြန်ကြည့်လိုက်သည်။ ထိုစာအုပ်က လက်ရှိ ရွှီယွဲ့ကျား ကိုင်ထားသည့် စာအုပ်နှင့် အတူတူ ဖြစ်နေသည်။

ကွာခြားချက်မှာ သူ ကိုင်ထားသည်က အလေးအနက်ထားဖတ်ရသည့် ကျမ်းစာအုပ်ဖြစ်ပြီး သူမ ကိုင်ထားသည်မှာကတော့ အစမှအဆုံးအထိ အနှစ်သာရမရှိသော ဖျော်ဖြေရေး ဝတ္ထုသက်သက် ဖြစ်နေခြင်းပင်။

ရွှီယွဲ့ကျားကလည်း ထိုအချက်ကို သတိထားမိပုံရသည်။

သူတို့နှစ်ဦး၏ အကြည့်များ အမှတ်မထင် ဆုံမိသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့က ဘာမှမဖြစ်သလို အမူအရာမပျက်ဘဲ စာကို ဆက်ဖတ်နေခဲ့သည်။

ရွှီယွဲ့ကျား၏ အကြည့်များက ညောင်စောင်းပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ကပ်နေကြသည့် သားအမိနှစ်ယောက်ဆီသို့ ရောက်နေခဲ့သည်။

အမြဲပြုံးရွှင်နေတတ်သော မျက်နှာတစ်ခုနှင့် ဘာမှမသိနားမလည်သည့် အပြစ်ကင်းစင်သော မျက်ဝန်းတစ်စုံ...

ထိုမြင်ကွင်းက လောကရှိ မည်သည့်ရှုခင်းထက်မဆို ပိုဆွဲဆောင်မှုရှိနေပြီး လူတစ်ယောက်ကို အကြည့်မခွာချင်အောင် ဆွဲဆောင်နိုင်သည်။

ထိုအမျိုးသား၏ အကြည့်များက ပြင်းထန်ခြင်း မရှိသော်လည်း လျစ်လျူရှုထားရန်လည်း မလွယ်ကူလှပေ။

စာမျက်နှာအနည်းငယ် ထပ်လှန်ပြီးနောက် ဝမ်ယဲ့ မော့ကြည့်လိုက်ရာ ရွှီယွဲ့ကျားတစ်ယောက် စာရေးခုံနောက်၌ နေရာယူထားသည်ကို သူမ တွေ့လိုက်ရသည်။

ညောင်စောင်းနှင့် စာရေးခုံကြားတွင် မည်သည့်အတားအဆီးမျှ မရှိပေ။ ဝမ်ယဲ့၏ တွေးတွေးဆဆ အကြည့်ကို မြင်လိုက်ရသည့် လျိုယာက နောက်ပိုင်းတွင် ထိုနေရာ၌ ခန်းဆီးတစ်ခု ထားရန် တွေးနေခဲ့သည်။

ဝတ္ထုထဲမှ စာလုံးများကို မဖတ်တတ်သေးသည့် ရွှီယွိရွှမ်က ဝမ်ယဲ့ကို စာမျက်နှာလှန်ရန် တိုက်တွန်းတတ်နေပြီ ဖြစ်သည်။ သူက ဝမ်ယဲ့ စာမျက်နှာလှန်သည့် အချိန်ကို မှတ်မိနေပြီး ဝမ်ယဲ့ ခဏတာ ရပ်တန့်သွားသည်ကို သတိထားမိသွားကာ ကလေးသံလေးဖြင့် လှမ်းပြောနေသည်။

"မေမေ... လှန်... လှန်"

ဝမ်ယဲ့က သူမ၏ အတွေးများထဲမှ ရုန်းထွက်ကာ ကလေးကို ငုံ့ကြည့်လိုက်ပြီး ခဏအကြာတွင် စာမျက်နှာကို လှန်ပေးလိုက်သည်။

ထိုအခါမှသာ ရွှီယွိရွှမ်တစ်ယောက် စိတ်ကျေနပ်သွားသည်။

သူမတို့သုံးဦးကြားတွင် ရယ်မောသံ သို့မဟုတ် စကားပြောသံများ မရှိသော်လည်း ပြောမပြနိုင်သော နွေးထွေးမှုနှင့် ဟန်ချက်ညီမှုမျိုး ရှိနေခဲ့သည်။

စာကြည့်ခန်း၏အပြင်ဘက်မှ ကြည့်နေသော အထိန်းတော်ကျိက ထိုမြင်ကွင်းကို မြင်နေပြီး စိတ်လှုပ်ရှားမှုနှင့် ကြည်နူးမှုကို မထိန်းချုပ်နိုင် ဖြစ်နေရှာသည်။

သို့သော် သူမ ထွက်သွားပြီး မကြာမီမှာပင် ဝမ်ယဲ့တစ်ယောက် ရေငတ်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်တွင် သူမ အရသာရှိသော အငန်မုန့်များ အတော်များများ စားခဲ့မိသောကြောင့် ဖြစ်သည်။

စာရေးခုံပေါ်တွင် လက်ဖက်ရည်အိုး ရှိသော်လည်း ဝမ်ယဲ့က ထမယူချင်ဖြစ်နေသေးသည်။ ထို့ကြောင့် သူမရှေ့မှ အမျိုးသားကို လှမ်းခေါ်လိုက်သည်။

"ယောကျ်ား"

ရွှီယွဲ့ကျားက မော့ကြည့်လာသည်။ သူ၏လက်ထဲတွင်တော့ မည်သည့်အချိန်က ကိုင်ထားမှန်းမသိသော စုတ်တံတစ်ချောင်း ရှိနေသည်။

'စာဖတ်နေရင်းတောင် မှတ်စုထုတ်တာ ဒါမှမဟုတ် အတွေးတွေကို ချရေးတာကို မရပ်နိုင်ဘူးပဲ... သူကတော့ တကယ်ပဲ နားတယ်လို့ကို မရှိဘူး'

‘ငါနဲ့တော့ လုံးဝမတူဘူး၊ ငါကတော့ အလွန်ဆုံးရှိလှ အိပ်မက်ထဲမှာပဲ စာကျက်နိုင်တဲ့သူလေ’

"ဘာဖြစ်လို့လဲ"

ရွှီယွဲ့ကျားက မေးနေလေသည်။

ဝမ်ယဲ့က သူမ၏ ခြောက်ကပ်နေသော လည်ချောင်းကို ရှင်းလိုက်ပြီး ပြန်ပြောလိုက်သည်။

"ယောကျ်ား... ရွှမ်အာက ရေငတ်နေလို့တဲ့"

ရွှီယွိရွှမ်က နားမလည်ဟန်လေးဖြင့် ခေါင်းလေးစောင်းကာ ကြည့်လာခဲ့သည်။

"မေမေ"

ရွှီယွဲ့ကျားက သူမ၏ အကြံအစည်ကို အကဲခတ်မိသည့်အလား သူမကို ပြန်ကြည့်လိုက်သော်လည်း ဝမ်ယဲ့ကတော့ အပြုံးလေးဖြင့်သာ တုံ့ပြန်လိုက်သည်။

ခဏအကြာတွင် ဝမ်ယဲ့ရှေ့သို့ လက်ဖက်ရည်တစ်ခွက် ရောက်လာခဲ့သည်။ သူမက ထိုခွက်ကို အေးအေးဆေးဆေး လှမ်းယူလိုက်သည်။

"ကျေးဇူးတင်ပါတယ် ယောကျ်ား... ပင်ပန်းသွားပြီနော်"

ရွှီယွိရွှမ်က ထွေထွေထူးထူး ရေငတ်မနေသော်လည်း သူ့အမေက သူ ရေငတ်နေသည်ဟု ပြောထားသောကြောင့် ရေတိုက်မည်အထင်ဖြင့် ပါးစပ်လေးဟကာ အလိုက်သင့်လေး စောင့်နေရှာသည်။

ဝမ်ယဲ့က သူ့အမူအရာကို မြင်နေသော်လည်း ပြောဖြစ်အောင် ပြောလိုက်သေးသည်။

"မေမေ သားအတွက် အပူချိန် စမ်းပေးမယ်နော်"

လက်ဖက်ရည်တစ်ခွက်လုံးကို မော့သောက်လိုက်ပြီးမှ သူမက ကလေးကို မေးနေပြန်သည်။

"တော်တော်ပူတယ်... သား သောက်ချင်သေးလား"

ရွှီယွိရွှမ်က သဘောပေါက်သွားပြီး ခေါင်းလေးကိုသာ ခါယမ်းပြလိုက်သည်။

ထိုမြင်ကွင်းတစ်ခုလုံးကို မြင်နေခဲ့ရသည့် ရွှီယွဲ့ကျားက ဝင်ပြောလိုက်သည်။

"နောက်တစ်ခါဆိုရင် မင်း ရွှမ်အာကို အကြောင်းပြချက်အနေတဲ့ သုံးဖို့ မလိုဘူး"

ဝမ်ယဲ့၏ အာရုံစိုက်မှုကတော့ တစ်မျိုးတဖုံ ဖြစ်နေပြီး ပြန်မေးလိုက်သည်။

"နောက်တစ်ခါ ဆိုတာမျိုးလည်း ရှိဦးမှာလား"

လက်ဖက်ရည်ခွက်အလွတ်ကို လှမ်းယူနေသည့် ရွှီယွဲ့ကျား : "..."

ဝမ်ယဲ့တစ်ယောက် ရွှီယွဲ့ကျားကို ထပ်မခိုင်းရဲတော့ပေ။ သို့တိုင်အောင် သူမ၏ မျက်လုံးများကသာ ဝတ္ထုပေါ်တွင် ရှိနေပြီး သူမ၏အတွေးများကတော့ အဝေးသို့ လွင့်ပျံသွားပြီ ဖြစ်သည်။

‘ရွှီယွဲ့ကျားရဲ့ အမူအရာကို ကြည့်ရတာ စောစောက ငါ့ရဲ့တောင်းဆိုချက်တွေကို စိတ်ထဲထားပုံမရဘူး’

‘ရွှမ်အာက သူ့သားဆိုတော့ အဲ့လိုအရည်အချင်းကောင်းတွေကို အမွေဆက်ခံထားသင့်တယ် မဟုတ်ဘူးလား’

အတွေးနှင့်အတူ ဝမ်ယဲ့က သူမ၏ရင်ခွင်ထဲမှ အထုပ်ကလေးကို ကြည့်ကာ ရုတ်တရက် သက်ပြင်းချလိုက်မိသည်။

"ကလေးလေး... မြန်မြန်လေး ကြီးပြင်လာရမယ်နော်"

ရွှီယွိရွှမ်ကတော့ ဘာမှနားမလည်ဘဲ ကြောင်တောင်တောင်လေး ပြန်ကြည့်နေရှာသည်။

အချိန်များက အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး ညစာစားရန် အချိန်သို့ ရောက်လာခဲ့ချေပြီ။

ဝမ်ယဲ့က အချိန်ကို ခန့်မှန်းကာ ဝတ္ထုကို ပိတ်ပြီး ညောင်စောင်းပေါ်မှ ဆင်းလိုက်သည်။ သူမနောက်မှ အမြီးလေးကလည်း တကောက်ကောက် လိုက်လာပြီး စားပွဲတွင် တစ်ယောက်ပြီးတစ်ယောက် နေရာယူလိုက်ကြသည်။

သားအမိနှစ်ယောက် နေရာတွင် ထိုင်ပြီးမှသာ ရွှီယွဲ့ကျားက စာကြည့်ခန်းထဲမှ အေးအေးဆေးဆေး ထွက်လာခဲ့သည်။

ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ စားပွဲပေါ်သို့ ရောက်ရှိလာပြီး ဝမ်ယဲ့ ထောင်ကျီကို ဝယ်လာခိုင်းသည့် မုန့်များလည်း အပါအဝင် ဖြစ်သည်။ ၎င်းတို့ကို ပန်းကန်များထဲတွင် သပ်သပ်ရပ်ရပ် ထည့်ထားပြီး အခြားဟင်းလျာများနှင့် ရောနှောထားသည်။

ထန်ဟုလူကတော့ အပြန်လမ်းတွင် စားကုန်သွားပြီး ဆန်မုန့်အစပ်၊ ကောက်ညှင်းလုံးကြော်နှင့် အသီးအရွက်သုတ် အနည်းငယ်သာ ကျန်နေတော့သည်။ အိမ်အပြန်လမ်းတွင် ဝမ်ယဲ့က ထောင်ကျီအား ဆေးဘက်ဝင်အမွှေးအကြိုင်များဖြင့် ပြုတ်ထားသော အသားနှပ်တစ်ထုတ်နှင့် ရွှေအိုရောင်သန်းကာ စားချင်စဖွယ်ဖြစ်နေသော ငါးကြော်အထုပ်ငယ်လေး တစ်ထုပ်ကိုပါ ထပ်ဝယ်ခိုင်းခဲ့သေးသည်။

ထို့ပြင် လက်ဖြင့်ပင် မတို့ရသေးသည့် ပဲမုန့်အချို့လည်း ရှိနေသေးသည်။ ဝမ်ယဲ့က သူမ ထိုမုန့်ကို မစားရသေးသဖြင့် ထောင်ကျီအား ထိုပဲမုန့်ပန်းကန်ကို ရွှီယွိရွှမ်၏ ဘေး၌ တမင်တကာ ချခိုင်းလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ရွှီနယ်စားမင်းအိမ်တော်ရှိ စားဖိုမှူးများက ဤဟင်းလျာများကို လုပ်တတ်ရုံသာမက ပိုအရသာရှိအောင်နှင့် ကျန်းမာရေးနှင့် ညီညွတ်အောင်လည်း ပြုလုပ်နိုင်ကြသည်။

သို့သော် တစ်ခါတစ်ရံတွင် အစားအသောက်ကောင်းများကို အမြဲစားနေရဖန်များလာသောအခါ ခေတ်သစ်စကားအရ အာဟာရမရှိသည့် အစားအစာဟု ခေါ်ဆိုနိုင်သော လမ်းဘေးစာများကို တမ်းတမိတတ်သည်မှာ သဘာဝပင် ဖြစ်သည်။

လက်ရှိတွင် ပဲမုန့်အနည်းငယ်ကို ကြွေပန်းကန်ပြား၏အလယ်တွင် သပ်ရပ်စွာ စီပြီး တည်ခင်းထားသည်။

ဝမ်ယဲ့က အလွန် စဉ်းစားပေးတတ်သည့် ပုံစံဖြင့် မုန့်တစ်ဖဲ့ကို ယူကာ ရွှီယွိရွှမ်အတွက် ထည့်ပေးလိုက်သည်။

"ရွှမ်အာ၊ ဒါလေး မြည်းကြည့်ပါဦး"

ဤပဲမုန့်က ယွိဖန်းစားသောက်ဆိုင်မှ ဖြစ်ပြီး အလွန် လက်ရာမြောက်လှသည်။ ရွှီယွိရွှမ်က လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထိုမုန့်ကို စားခဲ့ရပြီး ၎င်း၏အရသာကိုပင် ဝေဝါးဝါး မှတ်မိနေသေးသည်။

‘အရသာတော့ ရှိပါတယ်... ဒါပေမယ့်... ဒါပေမယ့်...’

နောက်ဆုံးတွင် ရွှီယွိရွှမ်က ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

သူ့စိတ်ထဲတွင် စောစောက ထောင်ကျီ ကိုင်လာသည့် စက္ကူထုပ်ထဲမှ မုန့်များကိုသာ စွဲလမ်းနေပုံရသည်။

'အခုထိတောင် မမေ့သေးဘူးလား'

ရွှီယွိရွှမ် ငြင်းလိုက်သည်ကို မြင်သည်နှင့် ဝမ်ယဲ့ ဝမ်းနည်းသွားဟန်ဆောင်ကာ ထပ်ပြောလိုက်သည်။

"ဒီမုန့်ကို မေမေ အကြာကြီး တန်းစီပြီးမှ ဝယ်နိုင်ခဲ့တာ၊ အခုတော့.....”

ယွိဖန်းစားသောက်ဆိုင်မှ မုန့်များက လှပပြီး အရသာကောင်းသောကြောင့် လူကြိုက်များသည်။ သာမန်ပဲမုန့်ကဲ့သို့ အရာမျိုးပင်လျှင် နေ့စဉ် သတ်မှတ်အရေအတွက်အတိုင်းသာ ရောင်းချခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစည်းကမ်းများက သာမန်လူများအတွက်သာ ဖြစ်သည်။ ယွိဖန်းစားသောက်ဆိုင် ပိုင်ရှင်သာ အခြေအနေအပေါ်မူတည်ပြီး လိုက်လျောညီထွေ မလုပ်တတ်လျှင် မြို့တော်၌ ဤမျှ ကြီးကျယ်သော လုပ်ငန်းမျိုး ဖြစ်လာမည်မဟုတ်ပေ။

ဝမ်ယဲ့ ဝမ်မိသားစုတွင် ရှိနေစဉ်က ယွိဖန်းစားသောက်ဆိုင်မှ မုန့်တစ်သေတ္တာလောက် မြည်းစမ်းနိုင်ရန် ထောင်ကျီကို အပြင်သို့ လွှတ်ပြီး ဝယ်ခိုင်းရသည်။

ထိုစဉ်က စည်းကမ်းအတိုင်း တန်းစီစောင့်ဆိုင်းခဲ့ရသည်။ တစ်ခါတစ်ရံ ကံမကောင်းလျှင် သူမ အလှည့်ရောက်မှ မုန့် ကုန်သွားတတ်သေးသည်။

ယခုတော့ အခြေအနေက ပြောင်းလဲသွားခဲ့ချေပြီ။ ထောင်ကျီ နယ်စားမင်းအိမ်တော်၏ အမှတ်အသား တံဆိပ်ပြားကို ယူဆောင်သွားရုံဖြင့် ဆိုင်တာဝန်ခံကိုယ်တိုင် ထွက်ကြိုကာ သီးသန့်အခန်းတွင် စောင့်ဆိုင်းရန် ဖိတ်ခေါ်ခဲ့သည်။

ယွိဖန်းစားသောက်ဆိုင်က သူတို့ သတ်မှတ်ထားသော အရေအတွက်အပြင် ဆယ်ပွဲ သို့မဟုတ် အပွဲနှစ်ဆယ်ခန့်ကို နေ့စဉ် ပိုပြင်ဆင်ထားလေ့ရှိသည်။ ထိုအပိုပွဲများက နယ်စားမင်းအိမ်တော်ကဲ့သို့သော အဆင့်တူ အခြားမှူးမတ်မျိုးနွယ်မိသားစုကြီးများအတွက် သီးသန့်ချန်ထားခြင်း ဖြစ်သည်။

အာဏာနှင့် အခွင့်ထူးခံဆိုသည်စကားက ဤနေရာတွင် အမှန်တကယ် အသုံးဝင်လှသည်။

သူမ ပြောပြီးသည့်အချိန်အထိ ရွှီယွိရွှမ်က တုတ်တုတ်မလှုပ် ဖြစ်နေသည်ကို မြင်ရသောကြောင့် ဝမ်ယဲ့က သူ့ကို အတင်းအကျပ် မတိုက်တွန်းတော့ပေ။ သူမဘာသာ ပဲမုန့်ကို ကောက်ယူကာ စားလိုက်တော့သည်။

အရသာက ကောင်းမွန်လွန်းလှသည်။

"မေမေ"

ဝမ်ယဲ့က သူ့ကို ကျွေးခဲ့သည့် ပဲမုန့်ကို ပြန်စားလိုက်သောကြောင့် ရွှီယွိရွှမ်၏ မျက်လုံးလေးများ ပြူးသွားပြီး အသံကလည်း ငိုတော့မည့်အတိုင်း တုန်ရီနေရှာသည်။

‘ရွှမ်အာလည်း စားချင်တယ်လို့’

သို့သော် ဝမ်ယဲ့ကတော့ တည်ငြိမ်နေဆဲပင်။ စားပွဲပေါ်ရှိ အရသာရှိသော ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်ပြီး သူမက နောက်ဆုံးအကြိမ်အဖြစ် မေးလိုက်သည်။

"ဒီမှာ စားစရာတွေ အများကြီး ရှိတယ်လေ၊ ရွှမ်အာ.... သားက တကယ် မစားဘူးလား"

သူမ ဘာကြံစည်နေသည်ကို အနည်းငယ် ရိပ်မိနေသည့် ရွှီယွဲ့ကျားက လှမ်းကြည့်လိုက်သော်လည်း တားဆီးခြင်းတော့ မရှိချေ။

ရွှီယွိရွှမ်က စားပွဲပေါ်ရှိ လှပစွာ ပြင်ဆင်ထားသော ဟင်းပွဲများကို ကြည့်လိုက်သော်လည်း သူ၏ မျက်နှာလေးတွင် စိတ်ဝင်စားမှုကင်းမဲ့နေသည်။

သူ၏သေးငယ်သော မျက်နှာလေးပေါ်တွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိနေပြီး အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

ကလေးတိုင်းက ပုံစံတူသာ ဖြစ်ပြီး လူကြီးများက သူတို့ထံမှ တစ်ခုခုကို ဝှက်ထားလေလေ၊ သူတို့၏ သိချင်စိတ် ပြင်းပြလေလေ ဖြစ်သည်။

အမှန်စင်စစ် ရွှီယွိရွှမ်က အစပိုင်းတွင် ထိုမုန့်ကို စားရန် အလွန်အမင်း စိတ်ဝင်စားနေခြင်း မဟုတ်သော်လည်း ဝမ်ယဲ့ မုန့်ကို ကာကွယ်ခဲ့သည့် အမူအရာက သူ့ကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့ခြင်းပင်။ ယခု သူက ထိုအရာကို ရအောင်ယူမည်ဟု ဆုံးဖြတ်ထားပုံရသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့က ကြိုတင်ပြင်ဆင်လာခဲ့သည်။

သူမက ဘေးနားရှိ ထောင်ကျီကို တစ်ချက်ကြည့်လိုက်ရာ ထောင်ကျီက ချက်ချင်း သဘောပေါက်သွားပြီး အပြင်သို့ ပြန်ထွက်သွားသည်။ ခဏအကြာတွင် သူမက ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။

ထိုဗန်းပေါ်တွင် အထဲ၌ စားစရာများ ဖောင်းကားနေသည့် ရင်းနှီးနေသော စက္ကူထုပ်ကြီး တစ်ထုပ် ပါလာသည်။ ထိုအထုပ်အောက်တွင်တော့ အလွတ်ဖြစ်နေသော ကြွေပန်းကန်ပြား နှစ်ချပ်လည်း ရှိနေသေးသည်။

ရွှီယွိရွှမ်၏ ရှေ့၌ပင် ဝမ်ယဲ့က စက္ကူထုပ်ထဲမှ စားစရာများကို ပန်းကန်များထဲသို့ လောင်းထည့်ရန် ထောင်ကျီအား ညွှန်ကြားလိုက်သည်။

ထို့နောက် ဝမ်ယဲ့က ကလေးလေးကို နောက်ဆုံးအကြိမ်အဖြစ် မေးလိုက်ပြန်သည်။

"ရွှမ်အာ... သေချာစဉ်းစားဦးနော်၊ သား တစ်ခုပဲ ရွေးလို့ရမှာ"

ပန်းကန်ထဲတွင် ရှိနေသောအရာကို မြင်လိုက်ရသည့် အထိန်းတော်ကျိကတော့ စကားပင် မပြောနိုင်တော့ပေ။

'ဒုတိယသခင်မကတော့ တကယ်ကို ထူးဆန်းတဲ့ နည်းလမ်းတွေ စဉ်းစားနိုင်တာပဲ...'

သို့သော် ရွှီယွိရွှမ်ကတော့ ဘာမှ နားမလည်ရှာပေ။ ထိုစက္ကူထုပ်ထဲတွင် ဝမ်ယဲ့ အပြင်မှ ဝယ်လာခဲ့သည့် မုန့်များ ရှိနေသည်ဟုသာ သူ ထင်မှတ်နေရှာသည်။

ဝမ်ယဲ့က သူ့ရှေ့၌ အခုချက်ချင်း ထည့်လိုက်သည့် မုန့်နှစ်ပန်းကန်ကို သူ့ရှေ့သို့ တိုးပေးလိုက်သည်။

ထိုအရာများ အနီးအနားသို့ ရောက်လာချိန်တွင် ရွှီယွိရွှမ် မည့်သည့်အရာကို ရွေးချယ်မည်က သိသာထင်ရှားနေသည်။

ရွှီယွိရွှမ်က စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်မျှပင် လှည့်မကြည့်တော့ပေ။ ထိုအစား သူက သူ့ရှေ့ရှိ မုန့်နှစ်ပန်ကန်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြရင်း အထိန်းတော်ကျိအား သူ့ကို ကျွေးရန် တောင်းဆိုနေသည်။

"ကျိမား... ရွှမ်အာ...စား.."

သူက အသက်ငယ်သေးသဖြင့် လှည့်စားရန် အလွန် လွယ်ကူနေသည်။ ဝမ်ယဲ့က ငရုတ်သီးမှုန့်များ ဖြူးထားသည့် ငါးကြော်တစ်ဖဲ့ကို ပျော်ပျော်ရွှင်ရွှင် ဖဲ့ယူကာ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မွှေးကြိုင်ပြီး စပ်စပ်လေးနှင့် ကြွပ်ရွနေသည်က အလွန်ပင် အရသာရှိလှသည်။

တချိန်တည်းမှာပင် ရွှီယွိရွှမ်ကလည်း အထိန်းတော်ကျိ သူ့ကို ကျွေးနေသည့် ဝက်သားကြော်ကို စားရင်း ပျော်ရွှင်နေသည်။

သူ့အတွက်တော့ ထိုမုန့်အသစ်က ရင်းနှီးနေသော အရသာတစ်ခုခု ရှိသလို ခံစားရကောင်း ခံစားရနိုင်သောလည်း စက္ကူထုပ်ထဲမှ လောင်းချလိုက်သည်ဟူသော အချက်က ဖွံ့ဖြိုးစသာ ရှိသေးသည့် ကလေးတစ်ယောက်၏ စိတ်ကို လှည့်စားရန် လုံလောက်နေခဲ့ချေပြီ။

All Chapters