အခန်း ၃၅
Vol. 4 Ch. 35
အခန်း ၃၅ အသေးအဖွဲအတွေးတွေ
လုသခင်မက ရွှီနယ်စားမင်းအိမ်တော်၏ အထွေထွေကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲပေးနေသောကြောင့် ဝမ်ယဲ့၏ နေ့ရက်များက အတော်လေး ပေါ့ပါးနေခဲ့သည်။
"အချိန်အခါကိုက် ကျလာတဲ့နှင်းက ကောင်းမွန်တဲ့ ရိတ်သိမ်းမှုကို ပေးစွမ်းတယ်" ဆိုသည့်စကားအတိုင်း နှစ်သစ်ကူးနီးလာချိန်တွင် နောက်ထပ်နှင်းများ သည်းထန်စွာ ကျဆင်းလာပြီး မြေပြင်တစ်ခုလုံး အဖြူရောင်ဖြစ်သည်အထိ ဖုံးလွှမ်းနေလေသည်။
လုသခင်မက အလုပ်များနေသည့်ကြားမှပင် အကြီးဆုံးအဒေါ်ဖြစ်သူက နောက်နေ့တွင် အနောက်ဘက်ခြံဝင်းသို့ သွားရောက်လည်ပတ်ရန် အစီအစဉ်ရှိနေကြောင်း သိရှိသွားခဲ့သည်။ ထို့ကြောင့် ယနေ့တွင် သူမက ဝမ်ယဲ့ကို သီးသန့်ခေါ်ယူကာ စကားအချို့ မှာကြားနေလေသည်။
လုသခင်မက လက်ဆောင်စာရင်းကို တစ်ချက်လှန်ကြည့်ရင်း အောက်ဘက်တွင် ထိုင်နေသော ဝမ်ယဲ့ကို ပြောလိုက်သည်။
"အကြီးဆုံးအဒေါ်က စိတ်သဘောထားပွင့်လင်းပြီး သူတစ်ပါးကို အပြစ်ရှာတတ်သူ မဟုတ်ပေမယ့် ငါတို့အတွက် အကြီးအကဲတစ်ယောက်ဆိုတာကတော့ မငြင်းနိုင်ဘူးလေ၊ ဒါကြောင့် ညီမလေးရဲ့ ပုံမှန်အသေးအဖွဲအတွေးတွေကို အခုလောလောဆယ် နည်းနည်းလေး ထိန်းထားနိုင်ရင် အကောင်းဆုံးပဲ"
လုသခင်မက သူမ၏ အပြုအမူများကို သည်းခံနိုင်သော်လည်း အဒေါ်ဖြစ်သူကလည်း ထိုသို့ လက်ခံပေးလိမ့်မည်ဟု မဆိုလိုပေ။
လုသခင်မ မှတ်မိသလောက်ဆိုလျှင် သူမ ရွှီအိမ်တော်သို့ စတင်လက်ထပ်ဝင်ရောက်လာစဉ်က အကြီးဆုံးအဒေါ်လည်း ရက်အနည်းငယ် လာရောက်တည်းခိုခဲ့ဖူးသည်။ ထိုအတိတ်တွင် သူမ အလွန်ပင် တင်းကြပ်ပြတ်သားပြီး ကျော့ရှင်းတည်ငြိမ်ကာ အပြုံးချိုချိုလေးကို ဖော်ပြပြီး အမြဲတမ်း စောင့်စည်းတတ်သူ ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း သူမ၏ ဝမ်းကွဲမတ်လေး ပိုအောင်မြင်လာပြီး အိမ်ထောင်ပြုခဲ့သဖြင့် အကြီးဆုံးအဒေါ်ကလည်း နောက်ဆုံးတွင် စိတ်လက်ပေါ့ပါးသွားကာ သူမ၏ စိတ်နေစိတ်ထားကလည်း လိုက်လျောညီထွေရှိလာပြီး နူးညံ့လာခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း လူတစ်ယောက်၏ ပင်ကိုယ်ဗီဇဆိုသည်က တစ်ညတည်းနှင့် ပြောင်းလဲသွားနိုင်သည် မဟုတ်ပေ။ ဝမ်ယဲ့အနေဖြင့် အကြီးဆုံးအဒေါ်ကို တစ်ခါနှစ်ခါမျှသာ ဆုံဖူးပြီး သူမ မြင်တွေ့ခဲ့ရသည်မှာ အဒေါ်ဖြစ်သူ၏ ပင်ကိုယ်စရိုက်အမှန်ဟု ထင်မှတ်မှားသွားမည်ကို လုသခင်မက စိုးရိမ်နေခြင်း ဖြစ်သည်။ အကယ်၍ ဝမ်ယဲ့ မတော်တဆ သတိမထားမိဘဲ သူမတို့နှစ်ဦးကြားတွင် မနှစ်မြို့ဖွယ်ရာ တစ်ခုခု ဖြစ်ပေါ်လာမည်ကို သူမ မလိုလားပေ။
ဝမ်ယဲ့က လုသခင်မ၏ ညွှန်ကြားချက်များကို လိမ္မာပါးနပ်စွာ သဘောတူလိုက်သည်။
အမှန်တကယ်တွင်လည်း သူမက အကြီးဆုံးအဒေါ်နှင့် ပတ်သက်ပြီး များများစားစား မသိပေ။ သူမတို့နှစ်ဦးစလုံး နယ်စားမင်းအိမ်တော်အတွင်း၌ နေထိုင်ကြသော်လည်း တွေ့ဆုံရခြင်းက ရှားပါးလွန်းလှသည်။
လုသခင်မက ဤသို့ ကြိုတင်အကြံပေးလာခြင်းအပေါ်တွင်လည်း ဝမ်ယဲ့တစ်ယောက် ကျေးဇူးတင်နေမိသည်။
လူကြီးတစ်ယောက်က လာရောက်လည်ပတ်မည် ဖြစ်သောကြောင့် ဝမ်ယဲ့အနေဖြင့်လည်း ဧည့်ဝတ်ကျေပွန်ရန် အထူးလိုအပ်နေသည်။ လုသခင်မ စကားပြောပြီးနောက်တွင် ဝမ်ယဲ့က အဒေါ်ဖြစ်သူနှင့် ယောင်ရှီတို့၏ အကြိုက်များကို မေးမြန်းလိုက်သည်။
လုသခင်မကလည်း အသေးစိတ်အချက်အလက်အားလုံးကို စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။
နောက်ဆုံးတွင် သူမက ထပ်ပြောလိုက်သေးသည်။
"အရမ်းလည်း စိတ်ပူမနေပါနဲ့၊ အကြီးဆုံးအဒေါ်က ပျင်းနေပြီး နှစ်သစ်မကူးခင် ညီမလေးတို့ရဲ့ ခြံဝင်းကို တရားဝင် လာလည်ချင်ရုံတင်ပါ၊ ခဏတဖြုတ် စကားစမြည် ပြောချင်လို့ ဖြစ်မှာပါ"
ဝမ်ယဲ့က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"မမ စိတ်မပူပါနဲ့၊ အကြီးဆုံးအဒေါ်နဲ့ ဝမ်းကွဲယောင်းမလေးကို ညီမလေး သေချာပေါက် ဂရုတစိုက် ဧည့်ခံပါမယ်"
သူမ၏ ကတိစကားကို ကြားပြီးနောက် လုသခင်မက ဝမ်ယဲ့၏ ရိုးရှင်းလှသော ဆံပင်အဆင်တန်ဆာများကို သတိထားမိသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။
"ညီမလေးဆီမှာ ငွေရော အလုံအလောက် ရှိရဲ့လား၊ မမ ပေးထားတဲ့ ပတ္တမြားတွေကို ဘာလို့ အခုထိ မသုံးသေးတာလဲ"
ဝမ်ယဲ့က ပြန်ရှင်းပြလိုက်သည်။
"အဲ့ဒီပတ္တမြားတွေက အရမ်းတန်ဖိုးကြီးလွန်းလို့ပါ၊ ဘယ်လိုဆံထိုးပုံစံမျိုး လုပ်ရမလဲဆိုတာကို ညီမလေး အခုထိ မဆုံးဖြတ်နိုင်သေးဘူး"
လုသခင်မက လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်သည်။
"အိုး... ဒါက ပတ္တမြားသေတ္တာသေးသေးလေး တစ်လုံးပါပဲ၊ တကယ်လို့ လုပ်ပြီးသွားမှ အဲ့ဒီဆံထိုးပုံစံကို မကြိုက်ဘူးဆိုရင် ပြန်ယူလာခဲ့၊ မမ နောက်ထပ် သေတ္တာအသစ်နဲ့ ပြန်လဲပေးမယ်"
သူမ၏ လေသံတွင် သူမကိုယ်သူမ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
တင်းအန်းမြို့စားအိမ်တော်၏ အချစ်ခံရဆုံး အကြီးဆုံးသမီးဖြစ်သည့်အလျောက် လုသခင်မ၏ ခန်းဝင်ပစ္စည်းများက အလွန်တရာ များပြားပြီး ခမ်းနားလှသည်။ အကယ်၍ မင်းညီမင်းသားများ၏ ခန်းဝင်ပစ္စည်းထက် မကျော်လွန်ရဟူသော စည်းကမ်းသာ မရှိလျှင် လုသခင်မ၏ ပစ္စည်းများက ဤထက်ပင် ပိုမိုကြီးကျယ်နေပေလိမ့်မည်။
ပတ္တမြားတစ်သေတ္တာဆိုသည်က သူမအတွက်တော့ ဘာမှမဟုတ်ပေ။
လုသခင်မ၏ ရုပ်ရည်က ပင်ကိုယ်မားဖြင့် ထင်ရှားပြီး တောက်ပနေသော်လည်း နယ်စားမင်းကတော် တစ်ယောက်အနေဖြင့် သူမက ပိုကျော့ရှင်းထည်ဝါနေရန် လိုအပ်သည်။ သူမ၏ အဝတ်အစားနှင့် အဆောင်အယောင်များက ရိုးရှင်းသော်လည်း သူမ၏ အမူအရာနှင့် ပေါင်းစပ်လိုက်လျှင် တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိသည့် အငွေ့အသက်ကို ပေးစွမ်းနိုင်သည်။
သို့သော် ယနေ့တွင် ဝမ်ယဲ့အပေါ် ထားရှိသည့် သူမ၏ ပေါ့ပေါ့ပါးပါး သဘောထားကြောင့် သူမက ပိုဆွဲဆောင်မှု ရှိနေသလို ဝမ်ယဲ့ ခံစားနေရသည်။
ဝမ်ယဲ့ကတော့ ထိုအလှတရားကို မြင်လိုက်ရပြီး စိတ်ထဲမှ မနေနိုင်ဘဲ တွေးနေပြန်သည်။
'ရွှီနယ်စားမင်းကတော့ တကယ်ပဲ ကံကောင်းတဲ့ လူသားပဲ'
"ဒါဆိုရင်တော့ မမရဲ့ စကားကို ညီမလေး နားထောင်ပါ့မယ်၊ နောက်ရက်အနည်းငယ်နေရင် ယွင်ကျီကို အဲ့ဒီပတ္တမြားတွေပေးပြီး ဆံထိုးအသစ် တစ်ခုလောက် သွားလုပ်ခိုင်းလိုက်မယ်လေ"
အစပိုင်းတွင် ဝမ်ယဲ့က ထိုပတ္တမြားသေတ္တာကို လုံးဝ မထိရန် စိတ်ကူးထားခဲ့သည်။
သို့သော်လည်း ကြွယ်ဝချမ်းသာပြီး ရင်သပ်ရှုမောအောင် လှပသည့် အမျိုးသမီးတစ်ယောက်က "စိတ်ကြိုက်သာ လုပ်စမ်းပါ။ အဆင်မပြေရင် မမ တာဝန်ယူတယ်" ဟု ရုတ်တရက် ပြောလာသည့်အချိန်မျိုးတွင် မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ပတ္တမြားအသစ်နှင့် ပြန်လဲနိုင်ခြင်း၊ မလဲနိုင်ခြင်းက ဝမ်ယဲ့အတွက် အရေးမကြီးလှသော်လည်း လုသခင်မ၏ စေတနာကို အလဟဿ မဖြစ်စေရန်ကတော့ အရေးကြီးလှပေသည်။
လုသခင်မဘက်မှ ဝမ်ယဲ့၏ တစ်ခါတစ်ရံ ထူးဆန်းသော အပြုအမူများကို သည်းခံပေးထားခြင်းမှာ ဝမ်ယဲ့၏ သင့်တော်သလို ပြုမူတတ်ခြင်းအပေါ်တွင်လည်း မူတည်နေသေးသည်။ ဝမ်ယဲ့က ကိစ္စတိုင်းတွင် ဘယ်အချိန်ရှေ့တိုးရမည်၊ မည်သည့်အချိန်တွင် နောက်ဆုတ်အလျော့ပေးရမည်ကို ကောင်းကောင်းသိသူ ဖြစ်သည်။
ဝမ်ယဲ့ထံတွင် အခြားသော မှူးမတ်ကတော်များကဲ့သို့ တည်ငြိမ်ရင့်ကျက်မှု မရှိသော်လည်း ထက်မြက်ပြီး အကဲခတ်နိုင်စွမ်းမြင့်မားသည့် နှလုံးသားတစ်စုံ ရှိနေခဲ့သည်။
ဝမ်ယဲ့၏ ဖုံးကွယ်မရသော အပြုံးကို မြင်လိုက်ရချိန်တွင်တော့ လုသခင်မ၏ မျက်ဝန်းများထဲတွင် အားကိုးရာမဲ့သွားသည့် အရိပ်အယောင်လေးများ ဖြတ်ပြေးသွားသည်။ သို့သော်လည်း သူမက ထပ်ပြောလိုက်သေးသည်။
"မြို့တော်မှာဆိုရင်တော့ အကောင်းဆုံး ဆံထိုးတွေကို လျိုယွမ်ကျိတ်မှာပဲ လုပ်ကြတယ်၊ ယွင်ကျီကို နယ်စားမင်းအိမ်တော်ရဲ့ တံဆိပ်ပြား ထည့်ပေးလိုက်ဖို့ မမေ့နဲ့ဦး"
ဝမ်ယဲ့၏ မျက်ဝန်းလေးများက အပြုံးကြောင့် လခြမ်းကွေးလေးသဏ္ဌာန် ဖြစ်သွားပြီး နာနာခံခံ တုံ့ပြန်လိုက်သည်။
"ညီမလေး အားလုံးကို မှတ်ထားပါမယ်ရှင့်"
လုသခင်မက နှစ်သစ်ကူးအတွက် လက်ဆောင်စာရင်းများကို ဆက်လက်စစ်ဆေးနေရသော်လည်း ဝမ်ယဲ့ကတော့ အဓိကခြံဝင်းထဲတွင် အချိန်ဖြုန်းနေကာ လက်ဖက်ရည်သောက်လိုက်၊ မုန့်စားလိုက်ဖြင့် အတော်လေးကို အေးအေးဆေးဆေး ဖြစ်နေလေသည်။
သူမကို ကြည့်ရသည်မှာ အလွန်အမင်း သက်သောင့်သက်သာ ရှိလှသည်။
သမီးယောင်းမနှစ်ယောက်ကြားတွင် ခုနကမှ ပွင့်လန်းလာသည့် နွေးထွေးမှုနှင့် ရင်းနှီးမှုတို့လည်း ခဏချင်း ပြန်ပျောက်ကွယ်သွားတော့သည်။ လုသခင်မတစ်ယောက် စိတ်လည်းတို၊ မနာလည်းလို ဖြစ်သွားကာ ဝမ်ယဲ့ကို နှင်ထုတ်လိုက်တော့သည်။
"ပြန်တော့... ဒီမှာ မမနဲ့အတူ နေပေးစရာ မလိုဘူး"
ဝမ်ယဲ့က ချက်ချင်း ထရပ်ကာ တရိုတသေ ဦးညွှတ်လိုက်သည်။
"ဒါဆိုရင်တော့ မမ လုပ်စရာရှိတာ ဆက်လုပ်ပါနော်၊ ညီမလေး အနောက်ဘက်ခြံဝင်းကို အရင် ပြန်နှင့်ပါမယ်"
လုသခင်မက သူမကို ကြည့်ပင်မကြည့်တော့ဘဲ လက်ဆောင်စာရင်းကိုသာ အာရုံစိုက်ဟန်ဆောင်ရင်း ထပ်ပြောလိုက်သည်။
"သွား... သွားတော့"
ဝမ်ယဲ့က စိတ်ထဲမှ တိတ်တဆိတ် ပြုံးလိုက်ပြီး အဓိကခြံဝင်းထဲမှ အေးအေးလူလူ ပြန်ထွက်ခွာလာခဲ့သည်။
အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်ချိန်တွင် ဝမ်ယဲ့က ထောင်ကျီနှင့် ယွင်ကျီတို့ကို ခေါ်ကာ သူမတို့ လုပ်ဆောင်ရမည့် အလုပ်များကို စတင်ညွှန်ကြားနေသည်။
လင်းချန်က မြို့တော်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ထိုဒေသရှိ လူများက အစပ်စားရခြင်းကို နှစ်သက်ကြသည်။
အကြီးဆုံးအဒေါ်က မြို့တော်မှ လူဖြစ်သော်လည်း လင်းချန်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူမ၏ အကြိုက်တွင် ဒေသထွက် စားစရာများ လွှမ်းမိုးခံရလောက်ပြီး ဖြစ်နိုင်သည်ဟု ဝမ်ယဲ့ တွက်ဆလိုက်သည်။
သူမ၏အတွေး မှန်ကန်ပြီး အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ နှစ်ဦးစလုံးက ဝမ်ယဲ့ကဲ့သို့ပင် အရသာပြင်းပြင်းများကို နှစ်သက်ကြပြီး အကြိုက်တူသူများ ဖြစ်နေကြသည်။
ဝမ်ယဲ့က ဟင်းလျာစာရင်းကို အမြန်ဆုံး ရေးဆွဲလိုက်ပြီး နောက်နေ့ နေ့လယ်စာအတွက် ဤစာရင်းအတိုင်း ပြင်ဆင်ပေးရန် ထောင်ကျီမှတစ်ဆင့် မီးဖိုချောင်သို့ အကြောင်းကြားလိုက်သည်။
အကယ်၍ အကြီးဆုံးအဒေါ် တစ်ယောက်တည်းသာ လာမည်ဆိုလျှင် ပိုရိုးရှင်းပေလိမ့်မည်။ သို့သော် ယောင်ရှီပါ လာမည်ဖြစ်သောကြောင့် ရွှီယွဲ့ကျားအနေဖြင့် အနောက်ဘက်ခြံဝင်းတွင် သူမတို့နှင့်အတူ စားသောက်ရန် မသင့်တော်တော့ပေ။
ထိုညတွင် ရွှီယွဲ့ကျားက ထုံးစံအတိုင်း ဝမ်ယဲ့၏အခန်းသို့ လာရောက်အိပ်စက်ခဲ့သည်။
ဝမ်ယဲ့က ထိုအကြောင်းကို ပြောပြလိုက်သည်။
ရွှီယွဲ့ကျားကဲ့သို့ ထက်မြက်သော အမျိုးသားတစ်ဦးက ချက်ချင်း သဘောပေါက်သွားပြီး ဝမ်ယဲ့ အဆင်ပြေအောင် ပြောလာခဲ့သည်။
"တိုက်တိုက်ဆိုင်ဆိုင်.... ကိုယ် မနက်ဖြန် အပြင်သွားစရာ ကိစ္စလေးတွေ ရှိနေတာနဲ့ အတော်ပဲ"
လိမ္မာပါးနပ်လွန်းသူနှင့် စကားပြောရခြင်းက အမြဲတမ်း လွယ်ကူလှသည်။ ဝမ်ယဲ့က စိတ်အေးလက်အေးဖြင့် လဲလျောင်းလိုက်ကာ သူ့ကိုပင် အဖော်ခေါ်လိုက်သေးသည်။
"ယောကျ်ား... အခု အိပ်ကြရအောင်လေ"
နောက်နေ့တွင် စောစောထရမည် ဖြစ်သောကြောင့် ယနေ့ည အင်အားသုံးရမည့် ကိစ္စရပ်များ ပြုလုပ်ရန် မသင့်တော်ပေ။
.......။......။........
နောက်နေ့ မနက်ခင်း မော့အချိန်တွင် ဝမ်ယဲ့ နိုးလာသောအခါ ရွှီယွဲ့ကျားက အနောက်ဘက်ခြံဝင်းတွင် မရှိတော့ပေ။
မော့အချိန် (မနက် ၅ နာရီမှ ၇ နာရီဝန်းကျင်)
နှစ်သစ်ကူး အားလပ်ရက်များတွင်ပင် ရွှီယွဲ့ကျားက သူ၏ ပုံမှန်အလုပ်ချိန်အတိုင်း လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဝမ်ယဲ့ကတော့ သူ၏ စည်းကမ်းရှိမှုကို မချီးကျူးဘဲ မနေနိုင်ချေ။
ဝမ်ယဲ့က မျက်နှာသစ် သန့်စင်ပြီးနောက် မနက်စာကို ပေါ့ပေါ့ပါးပါးသာ စားလိုက်သည်။ မကြာမီမှာပင် အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ခေါ်ဆောင်လာခဲ့သည်။ ဝမ်ယဲ့က လွန်ခဲ့သော ရက်အနည်းငယ်က အနောက်ဈေးမှ ဝယ်လာခဲ့သည့် သေတ္တာထဲမှ ကစားစရာ အချို့ကို ထုတ်ပေးကာ သူ့ဘာသာ ဆော့ခိုင်းလိုက်သည်။
အထိန်းတော်ကျိနှင့် အခြားသူများ စောင့်ကြည့်ပေးနေသဖြင့် ဝမ်ယဲ့ စိုးရိမ်စရာတော့ သိပ်မလိုပေ။
စစ်အချိန်ရောက်လာသည်နှင့် လခြမ်းတံခါးပေါက်တွင် စောင့်နေသော အစေခံမလေးက အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ အနောက်ဘက်ခြံဝင်းသို့ ဦးတည်လာနေပြီ ဖြစ်ကြောင်း လာရောက်သတင်းပို့ခဲ့သည်။
စစ်အချိန် (မနက် ၉ နာရီမှ ၁၁ နာရီဝန်းကျင်)
ဝမ်ယဲ့လည်း မျိုးဆက်သစ်လူငယ်တစ်ဦးအနေဖြင့် သူမတို့ကို ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့ရသည်။
အကြီးဆုံးအဒေါ်က ယောင်ရှီနှင့်အတူ လခြမ်းတံခါးမှ ဝင်လာပြီး သူမတို့ကို ကြိုဆိုရန် ထွက်လာသော ဝမ်ယဲ့ကို မြင်သည်နှင့် ပြုံးပြလိုက်သည်။
"ဒီလောက် အေးစိမ့်နေတဲ့အချိန်မှာ အပြင်အထိ ထွက်လာနေစရာ မလိုပါဘူးကွယ်၊ အစေခံမလေးကိုပဲ လမ်းပြခိုင်းလိုက်ရင် ရနေတာပဲကို"
ဝမ်ယဲ့ကလည်း အပြုံးချိုချိုဖြင့် ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။
"အကြီးဆုံးအဒေါ်နဲ့ ဝမ်းကွဲယောင်းမလေးက ဒီလိုနှင်းတွေကြားထဲမှာတောင် သတိတရနဲ့ လာလည်ကြတာလေ... ကျွန်မက ဘယ်လိုလုပ် အထဲမှာ နွေးနွေးထွေးထွေး ထိုင်စောင့်နိုင်မှာလဲရှင်"
သူမတို့သုံးဦး ပင်မခန်းမထဲသို့ ဝင်လာကြပြီးနောက် ဝမ်ယဲ့က အစေခံများကို လက်ဖက်ရည် တည်ခင်းခိုင်းလိုက်သည်။ ထို့နောက် ရွှီယွိရွှမ်ကိုလည်း လူကြီးများကို ဂါရဝပြုရန် ခေါ်လိုက်သည်။
အကြီးဆုံးအဒေါ်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အနည်းငယ် နွေးလာမှ စကားစလာသည်။
"ဒီရက်ပိုင်း သူငယ်ချင်းဟောင်းတွေနဲ့ တွေ့နေရတာနဲ့တင် အလုပ်များနေပြီး နင်ဆီကို အစောကြီး မလာဖြစ်ခဲ့တာလေ"
ဝမ်ယဲ့ကလည်း ချက်ချင်း ပြန်ပြောလိုက်သည်။
"အကြီးဆုံးအဒေါ် မြို့တော်ကနေ ခွဲခွာသွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစကားပြောချင်တာ သဘာဝပါပဲ၊ ကျွန်မက တူမလေးလေ၊ စောတယ် နောက်ကျတယ်ရယ်လို့ မရှိပါဘူးရှင်"
ရင်းနှီးမှု မရှိသေးသော သူမတို့နှစ်ဦးက ယဉ်ကျေးပျူငှာသော စကားများကို အပြန်အလှန် ပြောဆိုနေကြသည်။
အကြီးဆုံးအဒေါ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေပြီး ဒုတိယခြံဝင်းက ပင်မခြံဝင်းနှင့် အတော်လေး ကွဲပြားနေသည်ကို သတိထားမိသွားသည်။
ထိုကွဲပြားမှုက ရှုခင်း သို့မဟုတ် အဆောင်အယောင်များကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်၏ အငွေ့အသက်ကြောင့် ဖြစ်သည်။ ပင်မခြံဝင်းက တည်ကြည်လေးနက်ပြီး စနစ်တကျ ရှိလှသော်လည်း ဒုတိယခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် စိတ်လက်ပေါ့ပါးမှုကို ခံစားရစေသည်။
ဒုတိယခြံဝင်းရှိ အစေခံများက စည်းကမ်းမရှိသည်တော့ မဟုတ်ပေ။ သို့သော်လည်း ဤကဲ့သို့ အေးအေးလူလူနှင့် သက်သောင့်သက်သာရှိသော အငွေ့အသက်မျိုးကတော့ တွေ့ရန် ခက်ခဲသောအရာ ဖြစ်သည်။
အိမ်ကြီးအိမ်ကောင်းများမှ အစေခံများကလည်း ရုပ်သေးရုပ်များ မဟုတ်ကြပေ။ သူတို့ကြားတွင်လည်း ရင်းနှီးမှုသံယောဇဉ်များနှင့် အကျိုးစီးပွားအတွက် ပဋိပက္ခများ အမြဲရှိနေတတ်သည်။
"ဒီနေရာလေးက နင်နဲ့ တော်တော်လိုက်ဖက်တာပဲ"
အကြီးဆုံးအဒေါ်က စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
သူမက နှိမနှိမ်ချချ ပြန်ဖြေလိုက်သည်။
"ဒါတွေအားလုံးက ကျွန်မရဲ့ အကြီးဆုံးယောင်းမကြောင့်ပါ"
"အင်း၊ နင့်ရဲ့ ယောင်းမကြီးက ဒီနယ်စားမင်းအိမ်တော် တစ်ခုလုံးကို နှစ်တွေ အများကြီး စီမံခန့်ခွဲခဲ့ရတယ်... သူ့အတွက်လည်း မလွယ်ကူရှာပါဘူး"
သူမ၏ မောင်နှင့် ယောင်းမဖြစ်သူတို့က စောစီးစွာ ကွယ်လွန်သွားခဲ့ကြပြီး လုသခင်မသာ မရှိလျှင် ဤအိမ်တော်ကြီးက ဖရိုဖရဲ ဖြစ်နေပေလိမ့်မည်။
ဝမ်ယဲ့ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ ပင်မခြံဝင်းသို့ သွားတိုင်း လုသခင်မတစ်ယောက် အမြဲအလုပ်ရှုပ်နေသည်ကို တွေ့ရတတ်သည်။ သူမအတွက် အလုပ်များက အမှန်တကယ် များပြားလှပေသည်။
အကြီးဆုံးအဒေါ်က သက်ပြင်းတစ်ချက်ချကာ ဆက်ပြောနေပြန်သည်။
"ကျင့်ရုံက ဒီနှစ်မှ ရှစ်နှစ်ပဲ ရှိသေးတယ်... သူ အိမ်ထောင်ပြုနိုင်တဲ့အရွယ် ရောက်ဖို့ဆိုရင် အနည်းဆုံး နောက်ထပ် ဆယ်နှစ်လောက် စောင့်ရဦးမှာပဲ"
ဝမ်ယဲ့က သူမကို မော့ကြည့်ကာ နားမလည်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။
"အကြီးဆုံးအဒေါ်... ဘာကို ဆိုလိုတာလဲဟင်"
အကြီးဆုံးအဒေါ်က "ဒါလေးတောင် မသိဘူးလား" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ကာ ရှင်းပြနေသည်။
"ကျင့်ရုံ အိမ်ထောင်ပြုပြီးရင် နင့်ရဲ့ အကြီးဆုံးယောင်းမ အနားယူလို့ ရပြီလေ၊ အဲ့လိုမှမဟုတ်ရင် သူ့အတွက် မိန်းမရှာပေးရတဲ့ ဒုက္ခတွေကို ဘာလို့ ခံနေဦးမှာလဲ"
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ယဲ့လည်း အဒေါ်ဖြစ်သူ၏ ဘေးတွင် နာနာခံခံ ထိုင်နေသော ယောင်ရှီကို အလိုအလျောက် လှမ်းကြည့်မိသွားသည်။
ယောင်ရှီ၏ မျက်နှာလေးတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ ဝမ်ယဲ့၏ အကြည့်ကို သတိထားမိသွားမှသာ သူမက အားတင်းပြီး ပြန်ပြုံးပြနေရှာသည်။
ယောင်ရှီကလည်း အမှန်တကယ် စိတ်ညစ်နေခြင်းပင်။ သူမ အိမ်ထောင်မပြုခင် သူမ၏ မိခင်က အိမ်မှုကိစ္စ စီမံခန့်ခွဲခြင်းကဲ့သို့သော အသေးအဖွဲကိစ္စများကို အာရုံမစိုက်ရန် အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။ ထိုအရာများကို ယောက္ခမဖြစ်သူက ကိုင်တွယ်သည်က ဖြစ်သင့်သောအရာသာ ဖြစ်သည်။ သူမ၏ ဦးစားပေးတာဝန်က ကိုယ်ဝန် မြန်မြန်ရပြီး သားလေးတစ်ယောက် မွေးဖွားပေးရန်သာ ဖြစ်သည်။
သို့သော် သူမ ထင်မှတ်မထားသည်မှာ လက်ထပ်ပြီးနောက် သူမ၏ ဘဝက မိခင်ဖြစ်သူ စိတ်ကူးခဲ့သလိုမျိုး လုံးဝ ဖြစ်မလာခဲ့ခြင်းပင်။ လက်ထပ်ပြီး နှစ်လမပြည့်သေးခင်မှာပင် သူမ၏ ယောက္ခမက အိမ်မှုကိစ္စ တာဝန်အားလုံးကို သူမလက်ထဲ ထိုးထည့်ပြီး အေးအေးဆေးဆေး အနားယူသွားတော့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ယဲ့ အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။
ဤအကြီးဆုံးအဒေါ်က လုသခင်မ ပြောပြခဲ့သလိုမျိုး မဟုတ်ဘဲ တစ်မျိုးဖြစ်နေလေပြီ။
ဝမ်ယဲ့၏ တွန့်ဆုတ်နေမှုကို ရိပ်မိသွားသော အကြီးဆုံးအဒေါ်က ချက်ချင်း ပြန်မေးလာသည်။
"ဘာလဲ... ငါ ပြောတာ မှားနေလို့လား"
ဝမ်ယဲ့တစ်ယောက် ဘာမှ ပြန်မပြောဘဲ ငြိမ်နေသော်လည်း သူမ၏ စိတ်ထဲတွင်တော့ အလွန်အမင်း သဘောတူနေမိသည်။
"အကြီးဆုံးအဒေါ် ပြောတာ မှန်ပါတယ်"
အကြီးဆုံးအဒေါ်က ဝမ်ယဲ့၏ မျက်နှာထားကို ကြည့်ရုံနှင့် သူမ ဘာတွေးနေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နင်ရဲ့ အကြီးဆုံးယောင်းမနဲ့ နင်နဲ့က စိတ်နေစိတ်ထား မတူဘူးလေ၊ ဒါကြောင့် သူ့ရှေ့မှာတော့ ငါ နည်းနည်းလေး ဟန်ဆောင်နေရတာပေါ့၊ မဟုတ်ရင် သူ့ကို ခြောက်လှန့်လိုက်သလို ဖြစ်သွားဦးမယ်"
လူတစ်ယောက်၏ ပင်ကိုယ်ဗီဇကို ပြောင်းလဲ၍ မရသော်လည်း ခဏတဖြုတ် ဟန်ဆောင်ရသည်ကတော့ ဖြစ်နိုင်သေးသည်။
ဝမ်ယဲ့လည်း မပြုံးဘဲ မနေနိုင်တော့ဘဲ ပြုံးလိုက်ပြီးမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဪ... ဒီလိုကိုး"
ဤအချက်ကို သိသွားပြီးနောက်တွင် သူမကလည်း ဤအဒေါ်ရှေ့တွင် အိန္ဒြေရှင်မလေးအဖြစ် ဟန်ဆောင်နေရန် မလိုတော့ဟု ဆုံးဖြတ်လိုက်သည်။
ဝမ်ယဲ့လည်း တဖြည်းဖြည်းနှင့် စိတ်လက်ပေါ့ပါးလာသည်။
အကြီးဆုံးအဒေါ်က ဆက်ပြောနေသည်။
"နောင်တစ်ချိန် နယ်စားမင်းအိမ်တော် ခွဲဝေဖို့ ဖြစ်လာရင်တော့ အိမ်ထောင်စုတစ်ခုကို စီမံခန့်ခွဲရတဲ့ ဒုက္ခတွေကို နင် နားလည်လာလိမ့်မယ်"
ဝမ်ယဲ့က ခေါင်းငုံ့ကာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"ရွှမ်အာက ငယ်သေးတော့ သူ့ရဲ့ အကြီးဆုံးအဒေါ်နဲ့ ခွဲလို့ မရသေးဘူးလေ"
ဤစကားက နားထောင်ရသည်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း ရွှီယွိရွှမ်ကို လုသခင်မက ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ကျိုးကြောင်းဆီလျော်သည်ဟုလည်း ဆိုနိုင်သည်။
အဒေါ်ကြီးက အပြစ်ကင်းစင်ပြီး ဇဝေဇဝါ ဟန်လေးဖြင့် နာနာခံခံ ထိုင်နေသော ရွှီယွိရွှမ်ကို တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒါပေမယ့် နင် စိုးရိမ်မနေပါနဲ့၊ ကလေးဆိုတာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးပြင်းလာတတ်တာပါ၊ နင် မသိလိုက်ခင်မှာပဲ သူက အိမ်ထောင်ပြုနိုင်မယ့်အရွယ်ကို ရောက်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင်တော့ နင် အနားယူလို့ ရပြီပေါ့"
ဝမ်ယဲ့က သူမ၏ စိတ်ထဲတွင် အမြန် တွက်ချက်နေသည်။ ရွှီယွိရွှမ် အိမ်ထောင်ပြုနိုင်ရန်က အနည်းဆုံး နောက်ထပ် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်လောက် စောင့်ရပေဦးမည်။
ယခင်က သူမ ဤမျှအထိ မတွေးမိခဲ့သော်လည်း ယခု အကြီးဆုံးအဒေါ်၏ စကားကို ကြားပြီးနောက်တွင် ဝမ်ယဲ့လည်း ရုတ်တရက် သတိပြုမိသွားသည်။
‘ငါ အဲ့လောက် အကြာကြီး အေးအေးဆေးဆေး နေနိုင်ပါ့မလား’
‘လုသခင်မကရော ငါ့ကို နောက်ထပ် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်လောက်အထိ ဆက်ပြီး သည်းခံပေးနိုင်ပါ့မလား’
ဝမ်ယဲ့က သူမ ရင်ခွင်ထဲတွင် နာနာခံခံ မှီထိုင်နေသော ရွှီယွိရွှမ်ကို ကြည့်ကာ စိတ်ရင်းဖြင့် တိုက်တွန်းလိုက်သည်။
"ရွှမ်အာ... တကယ်ကို ကြိုးစားပြီး မြန်မြန်ကြီးပြင်းလာရမယ်နော်... ဟုတ်ပြီလား"
ရွှီယွိရွှမ်က တစ်ဝက်တစ်ပျက်သာ နားလည်သော်လည်း အလေးအနက် ခေါင်းညိတ်ပြရှာသည်။
သူ၏ အတည်ပေါက် မျက်နှာပေးလေးကြောင့် အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ ရယ်မောမိကြသည်။
အထူးသဖြင့် ယောင်ရှီ ဖြစ်သည်။ သူမ ရွှီယွိရွှမ်ကို ကြည့်နေသည့် အကြည့်များတွင် တမ်းတမှုများ ပြည့်နှက်နေသည်။ သူမ ရှန်းမိသားစုသို့ လက်ထပ်ဝင်ရောက်လာသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း ယနေ့ထက်တိုင် ကိုယ်ဝန်မရသေးပေ။
ကံကောင်းသည်မှာ သူမထံတွင် ကောင်းမွန်သော ယောက္ခမတစ်ဦး ရှိနေခြင်းပင်။ သူမ၏ ယောက္ခမက သူမကို မည်သည့်အခါမှ ဖိအားမပေးခဲ့သလို သူမ၏ခင်ပွန်းအတွက် ကိုယ်လုပ်တော်ရှာပေးရန်လည်း မတောင်းဆိုခဲ့ပေ။
သူမ၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးရန်အတွက် ယောက္ခမဖြစ်သူက သူမနှင့် သူမ၏ခင်ပွန်းကို စစ်ဆေးပေးရန် ယုံကြည်စိတ်ချရသော သမားတော်တစ်ဦးကိုပင် ရှာဖွေပေးခဲ့သေးသည်။
သမားတော်က သူမတို့ဇနီးမောင်နှံနှစ်ဦးစလုံးတွင် မည်သည့်ပြဿနာမျှမရှိကြောင်းနှင့် ကိုယ်ဝန်မရသေးခြင်းက ကံကြမ္မာအပေါ်တွင်သာ မူတည်ကြောင်း ပြောပြခဲ့သည်။
ယခုတစ်ခေါက် သူမကို မြို့တော်သို့ ခေါ်ဆောင်လာခြင်းကလည်း သူမ စိတ်လက်ပေါ့ပါးစေရန်အတွက် တစိတ်တပိုင်း ပါဝင်သည်။
စကားစမြည် ပြောဆိုနေကြရင်း အနောက်ဘက်ခြံဝင်း၏ အငွေ့အသက်က ပိုပေါ့ပါးလာသည်။
အကြီးဆုံးအဒေါ်က သူမ၏ ပင်ကိုယ်စရိုက်အမှန်ကို တဖြည်းဖြည်း ထုတ်ပြနေသည်။
"ငါက ချွေးမရွေးတဲ့နေရာမှာ အမြင်အတော်စူးရှတာနော်၊ နင် ယောက္ခမလုပ်ရမယ့် အချိန်ရောက်လာရင် ငါ့ဆီ လာခဲ့၊ ငါ နင့်အတွက် သေချာရွေးပေးမယ်"
ဘေးတွင် ထိုင်နေသော ယောင်ရှီကတော့ အလွန်အမင်း ရှက်ရွံ့သွားပြီး မျက်နှာကိုပင် အုပ်ထားချင်စိတ် ပေါက်နေရှာသည်။
ထိုစကားကို ကြားသည်နှင့် ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
ထို့နောက် သူမက စကားပြောနေကြသည်ကို ဘာမှမသိဘဲ မုန့်ကိုသာ စားနေသည့် ရွှီယွိရွှမ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ယောင်ရှီကို တစ်ချက်ကြည့်ကာ အလေးအနက် ခေါင်းညိတ်သဘောတူလိုက်သည်။
"အကြီးဆုံးအဒေါ်က တကယ်ပဲ အမြင်ရှိတယ်"
သို့သော် သူမ၏ စံနှုန်းကတော့ သိပ်မမြင့်လှပေ။ အိမ်မှုကိစ္စကို ကောင်းကောင်းစီမံနိုင်သူ ဖြစ်လျှင်ပင် သူမအတွက် လုံလောက်နေချေပြီ။
အကြီးဆုံးအဒေါ်က စိတ်ကျေနပ်သွားသော်လည်း ထပ်ပြောနေပြန်သည်။
"ချွေးမကောင်းဆိုတာ ရှာရခက်တယ်ကွဲ့၊ ငါ့ရဲ့ ဒုတိယတူလေး ကျိထန်းက ရာထူးတွေ ဆက်တက်နေဦးမှာပဲ၊ နင် အေးအေးဆေးဆေး နေချင်တယ်ဆိုရင်တော့ နင့်ရဲ့ အကြီးဆုံးယောင်းမလို လူမျိုးကို ရှာရလိမ့်မယ်"
လွန်ကဲစွာ ထူးချွန်လွန်းသည့် ခင်ပွန်းတစ်ယောက် ရှိနေခြင်းကလည်း ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နိုင်သည်ကို ဝမ်ယဲ့ ပထမဆုံးအကြိမ် သိရှိလိုက်ရသည်။
ဝမ်ယဲ့၏ ဝေခွဲမရဖြစ်နေသော မျက်နှာထားကို မြင်သော အကြီးဆုံးအဒေါ်ကြီး နားလည်သည့် အကြည့်မျိုးဖြင့် ကြည့်ကာ ထပ်ပြောလာပြန်သည်။
"ဘာလဲ...နင် နင်ရဲ့ အကြီးဆုံးယောင်းမကို ဘယ်လိုမျိုး ထပ်ပြီး ကပ်တွယ်ရမလဲဆိုတာ စဉ်းစားနေတာလား"
ဝမ်ယဲ့ကတော့ အလွယ်တကူ ဝန်မခံပေ။
"ဘာလို့ 'ကပ်တွယ်တယ်' လို့ ပြောရမှာလဲရှင့်... ကျွန်မက မမနဲ့ မခွဲနိုင်တာပါ"
အကြီးဆုံးအဒေါ်ကြီးကတော့ တဟားဟား ရယ်မောနေလေသည်။
"ဒါက ရှက်စရာမှ မဟုတ်တာ၊ ငါသာ နင့်နေရာမှာဆိုရင်လည်း သူ့ကို ကပ်တွယ်ဖို့ နည်းလမ်းရှာမိမှာပဲ"
သူမက ဝမ်ယဲ့ကို မနာလိုသည့် အရိပ်အယောင်လေးဖြင့် ကြည့်လိုက်ရင်း ထပ်ပြောနေပြန်သည်။
"နင်ကတော့ ဒီလောက်ကောင်းတဲ့ ယောင်းမကို ရထားပြီး တကယ့်ကို ကံထူးတာပဲ၊ ဘာမှတောင် လုပ်စရာ မလိုဘူး"
‘ငါနဲ့များ ကွာလိုက်တာ၊ ငါမှာတော့ အမြဲတမ်း သူတစ်ပါးအတွက် ယောင်းမကောင်း ဒါမဟုတ် ချွေးမကောင်းတစ်ယောက်အဖြစ် တာဝန်ကျေပွန်အောင် လုပ်ပေးခဲ့ရတာ မဟုတ်ဘူးလား’
တစ်ခါတစ်ရံတွင် အမျိုးသမီးများက ထူးဆန်းသော အရာများကိုပင် တစ်ယောက်နှင့်တစ်ယောက် ကြွားဝါတတ်ကြသည်။
ဝမ်ယဲ့က သူမ၏ ကျောကို ဆန့်လိုက်ပြီး ခပ်မော့မော့ ပြန်ဖြေလိုက်သည်။
"ကျွန်မက ကံကောင်းရုံသက်သက်ပါရှင်"