← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆ နှစ်သစ်ကူးမုန့်ဖိုး

အကြီးဆုံးအဒေါ်က ဝမ်ယဲ့၏ မျက်နှာပေါ်ရှိ အနည်းငယ် ဝင့်ကြွားနေသော အမူအရာကို သတိထားမိသွားပြီး သူမ၏ ချွေးမဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ယောင်ရှီ : "..."

‘ငါ ဘာမှနားမလည်သလိုမျိုး ဟန်ဆောင်နေဖို့ အချိန်မီနိုင်သေးလား’

‘ငါ့ယောက္ခမက တကယ်ပဲ ငါ့ကို အခက်တွေ့အောင် လုပ်နေတော့တာပဲ၊ ငါက ဘယ်လိုလုပ်ပြီး ဝမ်းကွဲယောင်းမ ဝမ်ယဲ့နဲ့ ယှဉ်လို့ရမှာလဲ’

ဝမ်ယဲ့အတွက်တော့ အကြီးဆုံးအဒေါ်က ဤရှေးခတ်တွင် ပထမဦးဆုံးတွေ့ဖူးသည့် စိတ်ချင်း လုံးဝထပ်တူကျသော လူတစ်ယောက်ဖြစ်ပြီး သူမနှင့် စကားပြောရသည်က အလွန် စိတ်လက်ပေါ့ပါးစေကာ ပျော်စရာကောင်းလှသည်။

မသိလိုက်မသိဘာသာဖြင့် နေ့လယ်စာစားချိန်သို့ ရောက်ရှိလာခဲ့သည်။

ဝမ်ယဲ့က နောက်ပြောင်ဟန်လေးဖြင့် ပြောနေပြန်သည်။

"မီးဖိုချောင်ကလူတွေကို လင်းချန်ရဲ့ ဟင်းလျာတချို့ကို သင်ခိုင်းထားပေမယ့် အချိန်ကပ်ပြီး ကမန်းကတန်း လုပ်ထားရတာမျိုး ဖြစ်နေတယ်၊ တကယ်လို့ အရသာမရှိရင်လည်း ဘယ်သူကိုမှ ပြန်မပြောပါနဲ့နော်"

အကြီးဆုံးအဒေါ်ကလည်း စိတ်ထဲမထားဘဲ ပြုံးပြုံးရွှင်ရွှင် ပြန်ပြောလာခဲ့သည်။

"တကယ်တော့ ငါလည်း လင်းချန်က ဟင်းတွေကို စားရတာ ငြီးငွေ့နေပြီ၊ မြို့တော်ရဲ့ စစ်မှန်တဲ့ ဟင်းလျာတွေကို မစားရတာလည်း တော်တော်တောင် ကြာနေပြီ"

ယောင်ရှီကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ဝင်ပြောလာသည်။

"အမေ ပြောတာကို ခဏခဏ ကြားဖူးပေမယ့် အခုမှပဲ မြည်းစမ်းကြည့်ခွင့် ရတော့မယ်"

ယောင်ရှီက လင်းချန်သူ စစ်စစ်မဟုတ်ပေ။ သူမ အလွန်ငယ်ရွယ်စဉ်က ဖခင်ဖြစ်သူနှင့်အတူ မြို့တော်သို့ လာရောက်လည်ပတ်ဖူးသော်လည်း ကလေးဘဝမှ အရသာများကို မမှတ်မိနိုင်တော့ချေ။

နောက်ပိုင်းတွင် သူမ၏ဖခင် နန်းတွင်းစာမေးပွဲအောင်မြင်ပြီးနောက် မိခင်နှင့် သူမတို့ သားသမီးများက ဖခင်တာဝန်ကျရာ မြို့များသို့ လိုက်ပါသွားခဲ့ကြသည်။ အစပိုင်းတွင် လင်းချန် မဟုတ်သော်လည်း နောက်ဆုံးတွင် ထိုမြို့၌ အကြာဆုံး နေထိုင်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

သူမတို့ စကားပြောနေစဉ်အတွင်း အစေခံမလေးများက ဟင်းလျာများကို တစ်ခုပြီးတစ်ခု စတင်တည်ခင်းနေကြသည်။

သို့သော်လည်း နောက်ဆုံးမှ စားပွဲပေါ်သို့ ရောက်လာသည်မှာ စက္ကူအိတ်ဖြင့် ထုပ်ထားသော မုန့်ထုတ်လေးဖြစ်ပြီး ဗန်းထဲတွင်လည်း ပန်းကန်ပြားအလွတ်အချို့ ပါလာခဲ့သည်။

သူ့ထိုင်ခုံလေးပေါ်တွင် နာနာခံခံ ထိုင်နေသည့် ရွှီယွဲ့ရွှမ်က စားပွဲပေါ်မှ ထိုစက္ကူအိတ်လေးကို မြင်သွားပြီး မျက်လုံးလေးများ တောက်ပသွားသည်။

အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ နှစ်ယောက်စလုံးလည်း ဇဝေဇဝါ ဖြစ်နေကြသည်။ အကြီးဆုံးအဒေါ်က အရင်မေးလိုက်သည်။

"ဝမ်ယဲ့... ဒါက ဘာတွေလဲ"

ဝမ်ယဲ့က လွန်ခဲ့သော ရက်အနည်းငယ်မှ အဖြစ်အပျက်ကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး ရွှီယွဲ့ရွှမ်၏ လုံးဝန်းသော ဦးခေါင်းလေးကို ပွတ်သပ်ရင်း ဆက်ပြောပြနေသည်။

"သူက ဒါကို အခုထိ စိတ်ဝင်တစား ဖြစ်နေတုန်းပဲလေ၊ အဲ့ဒါကြောင့်လည်း သူ့ဆန္ဒကို လိုက်လျောပေးနေရတာပေါ့"

အကြီးဆုံးအဒေါ်က တဟားဟား ရယ်မောပြီးမှ ချီးမွန်းနေသည်။

"ငါ ဒါကို လုံးဝ မတွေးမိဘူး၊ ကျိထန်းရဲ့ ဝမ်းကွဲငယ်ငယ်တုန်းကလည်း အစားအရမ်း ရွေးခဲ့တာ"

ထိုစဉ်က သူမ၏ ခင်ပွန်း ကွယ်လွန်ခါစ ဖြစ်ပြီး အကြီးဆုံး ချွေးမတစ်ယောက် ဖြစ်သည့် သူမ အနေဖြင့် ကြည့်ရှုစောင့်ရှောက်ရမည့် မောင်နှမများစွာ ရှိနေခဲ့သည်။ ထို့ကြောင့် သူမ သားဖြစ်သူအပေါ် အနည်းငယ် လျစ်လျူရှုသသလို ဖြစ်ခဲ့ရသည်။

သူ့ကို ပြုစုစောင့်‌ရှောက်ရသည့် အထိန်းတော်များကလည်း သူ့ကို အလွန်အမင်း ရိုသေကြောက်ရွံ့ကြပြီး သူ လိုချင်သမျှ အကုန်ပေးခဲ့ကြသည်။ တစ်နှစ်အတွင်းမှာပင် သူက အစားရွေးပြီး ဂျီကျတတ်သော အကျင့်ဆိုးတစ်ခု စွဲသွားခဲ့သည်။

သူမ သိသွားပြီးနောက်တွင် သားဖြစ်သူ၏ ထိုအကျင့်ကို ပြန်ပြင်ရန် အတော်လေး ကြိုးစားခဲ့ရဖူးသည်။

ယောင်ရှီက စိတ်ဝင်တစား နားထောင်နေရင်း သူမခင်ပွန်း၏ မျက်နှာကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်နေမိသည်။ အစားရွေးတတ်သည့် သူ့ပုံစံကို သူမ လုံးဝ စိတ်ကူးကြည့်၍ မရနိုင် ဖြစ်နေရသည်။

လုံလောက်အောင် ရယ်ပြီးနောက် အကြီးဆုံးအဒေါ်က ရုတ်တရက် အကြောင်းအရာ ပြောင်းပြီး မေးလာပြန်သည်။

"နင် ပြောခဲ့တဲ့ ငါးကြော်က အရသာရှိလား"

ဝမ်ယဲ့က ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"အရမ်း အရသာ ရှိတယ်၊ အပေါ်ကနေ ငရုတ်သီးမှုန့်လေးတွေ ဖြူးပေးထားတော့ မွှေးမွှေးလေးနဲ့ စပ်စပ်လေး"

အကြီးဆုံးအဒေါ်က စားပွဲပေါ်မှ ဟင်းလျာများကို ကြည့်ပြီး နှမြောတသဟန်ဖြင့် ပြောနေပြန်သည်။

"ငါလည်း စားကြည့်ချင်လိုက်တာ"

ယောင်ရှီက ချက်ချင်း ဝင်ပြောလိုက်သည်။

"ဒါက လွယ်ပါတယ်၊ ခဏနေရင် လူလွှတ်ပြီး ငါးသေးလေးတွေ ဖမ်းခိုင်းလိုက်မယ်၊ ပြီးရင် မုန့်နှစ်နဲ့ လူးပြီး အိမ်မှာ ကြော်ပေးမယ်လေ၊ အမေ မြည်းကြည့်လို့ ရတာပေါ့"

ယောင်ရှီက သူမ၏အကြံ အလွန်ကောင်းသည်ဟု ထင်နေသော်လည်း သူမ၏စကားအဆုံးတွင် အကြည့်ချင်း ဆင်တူနေသော မျက်လုံးနှစ်စုံက သူမကို စူးစိုက်ကြည့်နေမှန်း သိလိုက်ရသည်။

အကြီးဆုံးအဒေါ်က သူမ၏ ချွေးမကို "နင် ဘာမှ နားမလည်ပါလား" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

"နင့်ရဲ့ စေတနာအတွက်တော့ ငါ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အခုက ဆောင်းတွင်းကြီးလေ၊ ငါးသေးလေးတွေ ဖမ်းဖို့ ဘယ်သူကိုမှ ရေကန်ထဲ မလွှတ်ပါနဲ့ဟယ်"

ယောင်ရှီတစ်ယောက် ဝေခွဲမရ ဖြစ်နေပြန်သည်။

"ဒါပေမဲ့ အမေကိုယ်တိုင် စားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

သူမက ရှင်းပြချက်ရလိုဟန်ဖြင့် ဝမ်ယဲ့ကို လှမ်းကြည့်လိုက်သေးသည်။

ဝမ်ယဲ့ကတော့ ဘာမှမပြောဘဲ ပြုံးနေရုံသာ ပြုံးနေလိုက်သည်။

အကြောင်းရင်းက အမှန်တကယ် ရိုးရှင်းပါသည်။ ငါးမုန့်နှစ်ကြော်ဆိုသည်မှာ ရှုပ်ထွေးသည့် ဟင်းလျာမဟုတ်သောကြောင့် အိမ်တွင်လည်း ထိုအရသာအတိုင်း အလွယ်တကူ လုပ်စားနိုင်သည်။

သို့သော်လည်း အကြီးဆုံးအဒေါ်က ဝမ်ယဲ့နှင့် ခံစားချက်တူညီပြီး ထိုဟင်းလျာ၏ အရသာထက် လမ်းဘေးဈေးသည်ထံမှ ဝယ်စားရသည့် အတွေ့အကြုံကို ပိုပြီး ခံစားချင်နေခြင်း ဖြစ်သည်။

အိမ်တွင် လုပ်စားရသည့် အရသာနှင့် လမ်းဘေးဆိုင်လေးတွင် ဝယ်စားရသည့် အရသာက ခံစားချက်ကို သိသိသာသာ ကွာခြားစေသည်။

ဝမ်ယဲ့က အကြီးဆုံးအဒေါ်ကိုသာ ပြောပြလိုက်သည်။

"အဲ့ဒီငါးမုန့်နှစ်ကြော်က ထောင်ကျီကို လမ်းဘေးဈေးသည်ဆီမှာ သွားဝယ်ခိုင်းထားတာပါ၊ အခုတော့ အဲ့ဒီဈေးသည်လည်း နှစ်သစ်ကူးအတွက် နေရပ်ပြန်သွားပြီ၊ အားလပ်ရက်ပြီးလို့ သူ ပြန်လာပြီး ဆိုင်ပြန်ဖွင့်တာနဲ့ အကြီးဆုံးအဒေါ်အတွက် တစ်ထုတ်ဝယ်ပေးဖို့ ထောင်ကျီကို လွှတ်လိုက်ပါ့မယ်"

အကြီးဆုံးအဒေါ်က ချက်ချင်း သဘောတူညီလိုက်သည်။

"အဲ့လိုဆိုရင် အဆင်ပြေသွားပြီ”

အကြီးဆုံးအဒေါ်က ယောင်ရှီနှင့်အတူ မြို့တော်တွင် နွေဦးရာသီအထိ နေထိုင်ပြီးမှ လင်းချန်သို့ ပြန်ရန် စီစဉ်ထားခဲ့သည်။ သူမ၏သား ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်သည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိနေပြီဖြစ်ရာ သူ၏ စွမ်းဆောင်ရည်မှတ်တမ်းများအရ နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း ရာထူးတိုးရန် အလားအလာရှိနေသည်။

အကြီးဆုံးအဒေါ် ယခုနှစ်တွင် မြို့တော်သို့ ပြန်လာရသည့် အကြောင်းရင်းတစ်ခုကလည်း သူမသား၏ အနာဂတ်လမ်းကြောင်း ချောမွေ့စေရန် ကြိုတင်ပြင်ဆင်ပေးရန် ဖြစ်သည်။

သူမ၏သား မြို့တော်သို့ ပြန်မလာနိုင်လျှင်ပင် မြို့တော်နှင့် ပိုနီးသည့် ဒေသတစ်ခုသို့ ပြောင်းရွှေ့တာဝန်ကျနိုင်ရန် သူမ မျှော်လင့်နေခဲ့သည်။

နွေဦးရာသီရောက်ရန် နှစ်လကျော်ကျော်သာ လိုတော့သဖြင့် သူမ စောင့်စားနေသည့် ငါးမုန့်နှစ်ကြော်ကို မြည်းစမ်းခွင့်ရမည်မှာ သေချာနေသည်။

အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့က အနောက်ဘက်ခြံဝန်းတွင် မှောင်ရီပျိုးခါနီးအထိ နေခဲ့ကြပြီး မပြန်ချင်ပြန်ချင်ဖြင့် ထွက်ခွာသွားကြသည်။

သူမတို့ မသွားမီတွင် အကြီးဆုံးအဒေါ်က ဝမ်ယဲ့ကို ပြောသွားခဲ့သေးသည်။

"နင်က ဒီလောက် ပေါင်းရသင်းရ လွယ်မှန်း သိရင် ငါ မနက်အစောကြီးကတည်းက လာခဲ့ပါတယ်"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"အနောက်ဘက်ခြံဝန်းကို နောက်တစ်ခါ လာလည်ချင်ရင် ကြိုပြီး သတင်းပေးလိုက်ရုံပါပဲ၊ ကျွန်မတို့က အကြီးဆုံးအဒေါ်ကို အမြဲတမ်း ကြိုဆိုနေမှာပါ"

ထို့နောက် သူမက အပြုံးလေးဖြင့် အကြီးဆုံးအဒေါ်နှင့် ဝမ်းကွဲယောင်းမတို့ကို လိုက်ပို့ပေးလိုက်သည်။

ဝမ်ယဲ့အတွက်တော့ အကြီးဆုံးအဒေါ်က အဒေါ်တစ်ယောက်ထက် ပိုသွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် စိတ်တူကိုယ်တူ လူမျိုးကို ရှာတွေ့ရန်က အလွန်ခဲယဉ်းလှသဖြင့် ဝမ်ယဲ့တစ်ယောက် ဤသံယောဇဉ်ကို အလွန်တန်ဖိုးထားနေမိသည်။

ညနေပိုင်းတွင် ဝမ်ယဲ့တစ်ယောက်တည်း ညစာစားပြီးနောက် လက်ဖက်ရည်သောက်နေစဉ် ရွှီယွဲ့ကျားက အနောက်ဘက်ခြံဝန်းသို့ ပြန်ရောက်လာသည်။

နှစ်သစ်ကူးအကြိုညသို့ ရောက်ရန် နှစ်ရက်သာလိုတော့သော်လည်း သူက အမတ်မင်းဝတ်စုံဖြင့် ပြန်လာသည်ကို မြင်ရသဖြင့် ဝမ်ယဲ့လည်း သိလိုစိတ်ဖြင့် မေးလိုက်မိသည်။

"ရှင် ဒီနေ့အထိ တကယ်ပဲ ရုံးတော်ကိစ္စတွေ ရှိနေသေးတာလား"

သူမက သူ အကြောင်းပြချက်ပေးပြီး ရှောင်ထွက်သွားသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

အဝတ်အစားလဲရန် အခန်းထဲသို့ မဝင်မီ ရွှီယွဲ့ကျားက အတိုချုံး ရှင်းပြနေသည်။

"နန်းတော်ထဲ သွားစရာ ရှိလို့ပါ"

သူ အမတ်မင်းဝတ်စုံကို လဲလှယ်ပြီး ပြန်ထွက်လာချိန်တွင် ဝမ်ယဲ့က လတ်ဆတ်ပြီး ပူပူနွေးနွေး ဟင်းလျာများကို အဆင်သင့် ပြင်ဆင်ပေးထားပြီး ဖြစ်နေသည်။

ထိုအရာက သူမဆီတွင် တွေ့ရခဲတဲ့ ဂရုစိုက်မှုမျိုးပင်။

ရွှီယွဲ့ကျားက သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်။

ဝမ်ယဲ့က ချက်ချင်း လှမ်းမေးလိုက်သည်။

"ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ"

ရွှီယွဲ့ကျားက ညစာ မစားရသေးသဖြင့် စားပွဲတွင် ဝင်ထိုင်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"မင်း စိတ်အခြေအနေ ကောင်းနေပုံပဲ"

ဝမ်ယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း မေးလိုက်ပြန်သည်။

"ဘာလို့ အဲ့ဒီလို ထင်တာလဲ"

ရွှီယွဲ့ကျားက ပြန်မဖြေဘဲ စားပွဲပေါ်ရှိ ဟင်းလျာများကိုသာ တစ်ချက်ကြည့်လိုက်သည်။

ဝမ်ယဲ့ကလည်း သူ အကြည့်အတိုင်း လိုက်ကြည့်နေပြီး သူ ဘာကို ဆိုလိုမှန်း သိသွားသဖြင့် မရယ်ဘဲ မနေနိုင်တော့ပေ။

"စိတ်မပူပါနဲ့၊ ယောက်ျား အေးအေးဆေးဆေး စားလို့ ရပါတယ်၊ ကျွန်မ ဒီနေ့ စိတ်ကြည်နေလို့ပါ"

ရွှီယွဲ့ကျားကလည်း သူမထံတွင် တစ်ခုခု မရိုးသားသော ရည်ရွယ်ချက် ရှိနေမည်ကို စိုးရိမ်နေသူ မဟုတ်ပေ။ သူက တူကို ကောက်ကိုင်ပြီး စတင်စားသောက်နေသည်။

အချိန်စောနေသေးသဖြင့် ဝမ်ယဲ့က ထိုစားပွဲတွင် ဆက်ထိုင်နေပြီး လက်ဖက်ရည်သောက်ရင်း ရွှီယွဲ့ကျား စားနေသည်ကို ကြည့်နေလိုက်သည်။

‘ရုပ်ချောတဲ့လူတွေက စားနေသောက်နေရင်တောင် ကြည့်လို့ကောင်းတာပဲ’

ဗိုက်ဝလုနီးပါးဖြစ်လာသောအခါ ရွှီယွဲ့ကျားက သူမကို မော့ကြည့်ပြီး မေးလိုက်ပြန်သည်။

"အကြီးဆုံးအဒေါ်နဲ့ အချိန်ကောင်းလေးတွေ ရခဲ့တယ်မလား"

ဝမ်ယဲ့က အံ့သြတကြီး ပြန်မေးလိုက်သည်။

"ရှင် ကျွန်မရဲ့ အစေခံမလေးတွေကို လာဘ်ထိုးထားတာလား"

စကားပြောရင်းနှင့်ပင် သူမက ဘေးတွင် ရပ်နေသည့် ယွင်ကျီနှင့် ထောင်ကျီတို့ကို စစ်ဆေးသည့် အကြည့်ဖြင့် ခပ်တည်တည် လှမ်းကြည့်လိုက်သည်။

ထောင်ကျီက သူမ၏သစ္စာရှိမှုကို အလျင်အမြန် ဖော်ပြနေသည်။

"ဒီအစေခံက ဘယ်တော့မှ အဲ့လို မလုပ်ပါဘူး၊ ဒီအစေခံက သခင်မအပေါ်မှာပဲ အမြဲတမ်း သစ္စာရှိမှာပါ"

ရွှီယွဲ့ကျား ရှိနေသဖြင့် ယွင်ကျီက ထောင်ကျီလောက် မရဲတင်းသော်လည်း ဝမ်ယဲ့၏ အကြည့် သူမထံသို့ ကျရောက်လာချိန်တွင် သူမလည်း အလွန်သစ္စာရှိကြောင်း ပြသသည့် အမူအရာမျိုး လုပ်ပြလာသည်။

ဝမ်ယဲ့က ရယ်မောရင်း လှမ်းပြောလိုက်သည်။

"ငါက ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ၊ ကြည့်စမ်းပါဦး... နင်တို့ နှစ်ယောက်စလုံး ဘယ်လောက်တောင် လန့်သွားကြတာလဲ"

ထို့နောက် သူမ၏ အကြည့်က ရွှီယွဲ့ကျားထံသို့ ဖြည်းညှင်းစွာ ပြန်ရောက်ရှိသွားပြီး သူ့မျက်နှာပေါ်တွင် ခဏမျှ ရပ်တန့်နေခဲ့သည်။

ရွှီယွဲ့ကျား၏ အမူအရာကတော့ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ သူက ခပ်အေးအေး ပြန်ရှင်းပြနေသည်။

"အကြီးဆုံးအဒေါ်ရဲ့ အကျင့်နဲ့ မင်းရဲ့ စရိုက်ကို ကိုယ် ကောင်းကောင်း သိနေလို့ပါ"

ဝမ်ယဲ့က တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အံ့ဩစရာ မရှိတော့ပါဘူး... ဒါကြောင့် ရှင်က ကျွန်မကို ဒီလောက်တောင် သည်းခံပေးနိုင်တာကိုး"

‘ငါကတော့ သူရဲ့ ပင်ကိုယ်စရိုက်က သည်းခံနိုင်စွမ်း မြင့်မားလို့ သည်းခံနေတာလို့ပဲ ထင်ထားခဲ့တာ’

ရွှီယွဲ့ကျား : "..."

‘မျက်နှာအရေထူသလောက် သူ့ကိုယ်သူတော့ သိသားပဲ’

........။......။........

အချိန်က တ‌ရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဆယ့်နှစ်လပိုင်း သုံးဆယ်ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ဝမ်ယဲ့အတွက် အနှစ်နှစ်ဆယ်လုံးလုံး နေထိုင်ခဲ့ရသည့် ဝမ်အိမ်တော်မှ ထွက်လာပြီးနောက် ရွှီနယ်စားမင်းအိမ်တော်တွင် ပထမဦးဆုံး ဖြတ်သန်းရမည့် နှစ်သစ်ကူးအကြိုည ဖြစ်သည်။

ဘေးပတ်ဝန်းကျင်မှ လူများ ပြောင်းလဲသွားသောကြောင့် ခံစားချက်ကလည်း မလွဲမသွေ ကွဲပြားနေခဲ့သည်။

နှစ်သစ်ကူးအကြို ညစာစားပွဲကို အဓိကခြံဝန်းတွင် ဆင်နွှဲမည်ဖြစ်သောကြောင့် ဝမ်ယဲ့လည်း မနက်စောစောကတည်းက ရောက်နေခဲ့သည်။ ထိုနေရာတွင် လူစုနေပြီး စည်ကားနေလေသည်။

ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့က ခန်ခုတင်ပေါ်တွင် ရွှီယွိရွှမ်နှင့်အတူ ကစားနေကြသည်။

ရွှီကျင့်လင်းနှင့် ရွှီယွိရွှမ်တို့က ငယ်သေးသောကြောင့် ခုတင်ပေါ်တွင် ဟိုပြေးဒီပြေး လုပ်နေကြသည်။

ရွှီကျင့်ရုံကတော့ သူတို့ထက် ပိုပင်ပန်းနေရသည်။ သူက နယ်စားမင်းရွှီနှင့် တူပြီး အရပ်အမောင်း မြင့်မားကာ ပုခုံးကျယ်သည်။ ထို့ကြောင့် သူ့၏ သက်တူရွယ်တူ ကောင်လေးများထက် အနည်းဆုံး ခေါင်းတစ်ဝက်စာလောက် ပိုမြင့်နေခဲ့သည်။

ရွှီကျင့်လင်းက “လင်းယုန်ကြက်ကလေးဖမ်းတမ်းကစားနည်း"ကို ဇွတ်ကစားချင်နေသည်။ သူက ကြက်ကလေး၊ ရွှီယွိရွှမ်က ကြက်မကြီးနှင့် ရွှီကျင့်ရုံက လင်းယုန်အဖြစ် ကစားရခြင်း ဖြစ်သည်။

ကောင်လေးသုံးယောက်က ခုတင်ပေါ်မှာ အော်ဟစ်ရယ်မောရင်း ဆော့ကစားနေကြသည်။

တစ်ယောက်ကိုမှ မိအောင် မဖမ်းနိုင်သလို ဟန်ဆောင်ရသည်ကလည်း အတော်ပင် ပင်ပန်းလှသည်။ ရွှီကျင့်ရုံတစ်ယောက် ခုတင်ပေါ်တွင် ဒူးထောက်ထားရပြီး သူ့ညီလေးများ နောက်သို့ အမီလိုက်နိုင်ရန် ဟိုဘက်ဒီဘက် ယိမ်းထိုးလှုပ်ရှားနေရသည်။

သခင်မလုက သူတို့ကို အကြိမ်အနည်းငယ် ဆူပူသော်လည်း တစ်ယောက်မှ နားမထောင်ကြပေ။ နောက်ဆုံးတွင် နှစ်သစ်ကူးအကြိုညလည်း ဖြစ်သောကြောင့် သူတို့ကို စိတ်ကြိုက် ဆော့ကစားခွင့်ပေးလိုက်ပြီး ထပ်မတားတော့ပေ။

သူမက အစေခံမလေးများနှင့် အထိန်းတော်များကိုသာ ခုတင်ဘေးတွင် ရပ်စောင့်စေပြီး ကလေးများကို ကြည့်ခိုင်းထားလိုက်သည်။

ဝမ်ယဲ့ အခန်းထဲသို့ ဝင်လာပြီး မကြာမီမှာပင် ရွှီကျင့်ရုံက ခုတင်ပေါ်၌ ပြိုလဲကျသွားပြီး လက်လျှော့လိုက်သည်။

"မကစားတော့ဘူး၊ မကစားတော့ဘူး၊ ရွှီကျင့်လင်း.... ငါ့ဘောင်းဘီကို ဆွဲမနေနဲ့တော့"

ရွှီကျင့်ရုံက သူ့ဘောင်းဘီခါးပတ်ကို အသည်းအသန် ဆုပ်ကိုင်ထားပြီး အလန့်တကြား ဖြစ်နေကာ ရွှီကျင့်လင်း၏ နာမည်အပြည့်အစုံကိုပင် အော်ခေါ်လိုက်မိသည်။

ဝမ်ယဲ့က ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

'သနားစရာ ကလေးလေး... ငယ်ငယ်လေးနဲ့ ကလေးထိန်းရတဲ့ အခက်အခဲကို ခံစားနေရရှာပြီ'

ထိုအချိန်တွင် သခင်မလုက ခုတင်ပေါ်မှ ကောင်လေးများကို လှမ်းခေါ်ပြီး ဝမ်ယဲ့ကို လာနှုတ်ဆက်ရန် ပြောလိုက်သည်။

ကောင်လေးသုံးယောက် နှုတ်ဆက်ရန် ရောက်မလာခင်မှာပင် ဝမ်ယဲ့က အဓိကခြံဝန်းသို့ အရင်ရောက်နှင့်နေသည့် အကြီးဆုံးအဒေါ်ကို အရင် ဂါရဝပြု နှုတ်ဆက်လိုက်သည်။

ရှန်းမိသားစုဝင် တစ်ဦးတစ်ယောက်မှ မြို့တော်တွင် မရှိသောကြောင့် အကြီးဆုံးအဒေါ်နှင့် သူမ၏ ချွေးမတို့က နယ်စားမင်းအိမ်တော်၌ပင် နှစ်သစ်ကူးကို အတူတူ လာရောက်ဆင်နွှဲကြခြင်း ဖြစ်သည်။

ရွှီကျင့်ရုံက ဂါရဝပြုပြီးနောက် မေးလာခဲ့သည်။

"ဒုတိယအဒေါ်... မကြာသေးခင်က အရသာရှိတဲ့ မုန့်တွေ အမြဲလုပ်စားနေတယ်လို့ ကျွန်တော် ကြားတယ်၊ ဘာလို့ ကျွန်တော့်ကို အနောက်ဘက်ခြံဝန်းကို မခေါ်တာလဲဟင်"

"ဘယ်သူက အဲ့ဒီလို ကောလာဟလတွေ လွှင့်နေတာလဲ"

ဝမ်ယဲ့က ပြန်မေးလိုက်သည်။

‘တကယ်တော့ မကြာသေးမီကမှ မဟုတ်ဘူးလေ၊ ငါ့ရဲ့ အနောက်ဘက်ခြံဝန်းက မီးဖိုချောင်မှာ နေ့တိုင်းနေ့တိုင်း အရသာရှိတာတွေ ပြင်ဆင်နေတာ။’

ရွှီကျင့်ရုံက ခုတင်ပေါ်ကို မေးငေါ့ပြရင်း ပြန်ဖြေလာသည်။

"ရွှမ်အာ ပြောပြတာလေ၊ သူက ဒုတိယအဒေါ်ဆီမှာ ကြော်ထားတဲ့ ငါးသေးသေးလေးတွေ အများကြီး စားခဲ့ရတယ်တဲ့"

ဝမ်ယဲ့က ထိုနေရာရှိ လူအားလုံး၏ အကြည့်များကို ရင်ဆိုင်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်။

"အဲ့ဒါက ပြောင်းဖူးမှုန့်နဲ့ ဂျုံမှုန့်ကို ရောပြီး ငါးလေးတွေလို ပုံဖော်ထားတဲ့ မုန့်ပေါင်းလုံးလေးတွေပါ"

ပထမတစ်ကြိမ်တွင် ရိုးရှင်းသော ဟင်းလျာတစ်မျိုးဖြင့် လှည့်စား၍ ရခဲ့သော်လည်း ဒုတိယအကြိမ်တွင် အလုပ်မဖြစ်တော့ပေ။ ထို့ကြောင့် ဝမ်ယဲ့က မီးဖိုချောင်ကို မုန့်ပေါင်း ပေါင်းခိုင်းတိုင်း အမြဲတမ်း ငါးရုပ်ပုံစံ မုန့်ပေါင်းလေးများ တစ်ပန်းကန်စာ ထည့်လုပ်ခိုင်းထားခြင်း ဖြစ်သည်။

အကြီးဆုံးအဒေါ်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း လှမ်းပြောလိုက်သည်။

"နင်ကတော့ တကယ်ကို စိတ်ကူးကောင်းတွေ ထွက်နေ‌တော့တာပဲ"

ယောင်ရှီက ပါးစပ်ကို လက်ဖြင့် အုပ်ကာ ညင်ညင်သာသာ ရယ်မောနေသည်။

သခင်မလုကလည်း အားကိုးရာမဲ့သလို ကြည့်နေလေသည်။ သူမကိုယ်တိုင်လည်း ထိုအကြောင်းကို ကြားသိခဲ့စဉ်က ဝမ်ယဲ့၏ ပါးနပ်မှုကို အတော်လေး အထင်ကြီးခဲ့ရသည်။

ရွှီကျင့်ရုံကတော့ အလျှော့မပေးသေးပေ။

"ဒါဆိုရင် စပ်စပ်လေးနဲ့ အရသာရှိတဲ့ ဆန်မုန့်တွေကရော"

"အဲ့ဒါက ကြက်ဥအကာနဲ့ လုပ်ထားတဲ့ ကြက်ဥလိပ်ထူထူတွေကို အတုံးလေးတွေတုံးပြီး သစ်သီးယိုနဲ့ တို့စားတာပါ"

ဝမ်ယဲ့က ပြန်ရှင်းပြလိုက်သည်။

ရွှီယွိရွှမ်က အစပ်ဆိုသည်ကို ဘာမှန်းမသိသေးတာကြောင့် ဝမ်ယဲ့က ဆက်ပြောလိုက်သည်။

"တကယ်လို့ ကျင့်ရုံ စားချင်တယ်ဆိုရင် ဒီနေ့ မီးဖိုချောင်ကို လုပ်ခိုင်းပေးမယ်လေ"

ရွှီကျင့်ရုံ၏ မျက်နှာလေးက ရှုံ့မဲ့သွားပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။

"မလိုတော့ပါဘူး၊ ကျွန်တော် ရုတ်တရက်ကြီး စားချင်စိတ် ပျောက်သွားပြီ"

‘သနားစရာကောင်းတဲ့ ရွှမ်အာလေး... ဒုတိယအဒေါ် လှည့်စားတာကို ဒီလောက်တောင် ခံနေရရှာတယ်’

သို့သော်လည်း ဝမ်ယဲ့က သူ့ကို ဒီအတိုင်း လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူမက ပြုံးလျက် ထပ်မေးလိုက်သည်။

"မင်းရဲ့ ဆရာပေးထားတဲ့ အိမ်စာတွေရော.. ပြီးပြီလား"

‘ကလေးတွေအတွက် နှစ်သစ်ကူးမှာ အကြောက်ရဆုံးက ဘာလဲ... အိမ်စာတွေ၊ ပညာရေးတွေအကြောင်း အမေးခံရတာပဲ’

မျှော်လင့်ထားသည့်အတိုင်း ရွှီကျင့်ရုံ၏ မျက်နှာက တောင့်တင်းသွားပြီး ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောနေရှာသည်။

"ဒုတိယအ‌ဒေါ်... အဒေါ်ကလည်း..."

သူ လွန်ခဲ့သော ရက်အနည်းငယ်က အသည်းအသန် စာရေးခဲ့သော်လည်း အခုထိ တစ်ဝက်ခန့်သာ ပြီးသေးသည်။ နွေဦးရာသီ မစတင်မီ အပီအပြင် ကစားရန် စီစဉ်ထားသမျှလည်း လုံးဝကို ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

ရွှီကျင့်ရုံတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပျော့ခွေကျသွားတော့သည်။

ဝမ်ယဲ့ကတော့ သူ့ကို ကြင်နာသော မျက်လုံးများ၊ သနားဂရုနာသက်သော အပြုံးများဖြင့် ကြည့်နေခဲ့သည်။

သခင်မလုက ကြားထဲမှ ဝင်ပြောလာပြန်သည်။

"မင်းရဲ့ ဒုတိယအ‌ဒေါ်က မင်းကို ဂရုစိုက်လို့ မေးနေတာလေ၊ လေးလေးစားစား ပြန်ဖြေစမ်း"

ရွှီကျင့်ရုံခမျာ သူ့အမေက ဒုတိယအဒေါ်အကြောင်း လုံးဝနားမလည်သေးဘူးဟု ခံစားနေရသည်။

သူမက သူ့ကို ဂရုစိုက်နေခြင်း မဟုတ်ဘဲ တမင်သက်သက် သူ့၏အားနည်းချက်ကို ထိုးဆွနေခြင်းသာ ဖြစ်သည်။

......။.......။......

လက်ရှိ ဧကရာဇ်မင်းမြတ် နန်းတက်ပြီးနောက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နန်းတွင်းနှစ်သစ်ကူး ညစာစားပွဲကို ဖျက်သိမ်းလိုက်သည်။ ထိုကဲ့သို့ ပျော်ရွှင်စရာကောင်းသော အချိန်မျိုးကို မိသားစုနှင့်အတူသာ ကုန်ဆုံးသင့်သည်ဟု အမိန့်တော်ထုတ်ပြန်ခဲ့သည်။

နန်းတွင်းပွဲသို့ တက်ရောက်ရန် မလိုတော့သဖြင့် နယ်စားမင်းအိမ်တော်၏ နှစ်သစ်ကူးအကြို ညစာစားပွဲကို စောစောစီးစီး ပြင်ဆင်လိုက်ကြသည်။

မိသားစုတစ်ခုလုံး စားပွဲဝိုင်းတွင် စုံစုံလင်လင် ရှိနေကြပြီး ဝမ်ယဲ့ တစ်ခါမှ မမြင်ဖူး၊ မစားဖူးသော ဟင်းလျာများကဖြင့် စားပွဲကြီးတစ်ခုလုံး ပြည့်လျှံနေသည်။ သခင်မလုက လူတိုင်း၏ အကြိုက်ကို အသေးစိတ် ဂရုစိုက်ပြီး ပြင်ဆင်ထားပေးခြင်း ဖြစ်သည်။

ထိုညတွင် ဝမ်ယဲ့က သခင်မလု ကိုယ်တိုင်ချက်ထားသော မက်မွန်ပွင့်ဝိုင်ကိုလည်း အနည်းငယ် သောက်နေခဲ့သည်။ စုစုပေါင်း အိုးအသေး ငါးအိုးသာ ရှိသော်လည်း ထိုညတွင် နှစ်အိုးကို ထုတ်ယူခဲ့သည်။

ဝမ်ယဲ့က ဝိုင်ကို မြည်းစမ်းရင်း ဟင်းများကို မြိန်ရေယှက်ရေ စားနေသောကြောင့် မသိလိုက်ဘာသာဖြင့် ဗိုက်ပြည့်သွားတော့သည်။

သူမ၏ မိခင်၊ ညီမငယ်လေးတို့နှင့်အတူ နှစ်သစ်ကူးကို မဖြတ်သန်းနိုင်သော်လည်း ရွှီကျင့်လင်း သူ့အစ်ကို၏ ပန်းကန်ထဲမှ အသားလုံးများအား လုယူနေသည်ကို ကြည့်ရသည်ကလည်း မဆိုးလှပေ။

ဝမ်ယဲ့ နောက်ထပ် ဝိုင်တစ်ခွက် ငှဲ့လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူမအား ကြည့်နေသည်ကို သူမ သတိထားမိသွားသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် ရွှီယွဲ့ကျား ဖြစ်နေသောကြောင့် သူ့ခွက်ထဲကိုပါ ဝိုင်ငှဲ့ပေးရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အမတ်မင်း... ကျွန်မနဲ့အတူ သောက်မလား"

ရွှီယွဲ့ကျားက သေရည်သောက်ခဲသူ ဖြစ်ပြီး ယခုကဲ့သို့ ပွဲလမ်းသဘင်များတွင်သာ ချွင်းချက်အနေဖြင့် သောက်တတ်သည်။ ယနေ့ညတွင် သူ တစ်ခွက်သာ သောက်ရသေးသည်။

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရွှီယွဲ့ကျားက ခွက်ကို မြှောက်လိုက်ပြီး ဝမ်ယဲ့၏ ခွက်နှင့် ခွက်ချင်းတိုက်လိုက်သည်။

ဝမ်ယဲ့က သူ့နှုတ်ခမ်းဖျားမှ အပြုံးရိပ်လေးကို ကြည့်ရင်း ထပ်ပြောလိုက်သည်။

"ပျော်ရွှင်စရာ နှစ်သစ်ကူးအကြိုညလေး ဖြစ်ပါစေ၊ ယောက်ျား"

‘ငါတော့ ဒီဘဝတစ်လျှောက်လုံး ရွှီယွဲ့ကျားနဲ့ပဲ ချည်နှောင်ထားမိတော့မယ် ထင်ပါရဲ့’

သူတို့နှစ်ယောက်ကြားတွင် ထိုင်နေသော ရွှီယွိရွှမ်က ဘယ်ကြည့်ညာကြည့် လုပ်နေရင်း သူ့၏ ရေခွက်လေးကို အားတက်သရော မြှောက်ကာ သူတို့နှင့် ခွက်တိုက်ရန် ကြိုးစားနေသည်။

သူက ကလေးသံလေးဖြင့် ပြောနေသေးသည်။

"ရွှမ်အာ...တိုက်မယ်"

ဝမ်ယဲ့က ပါးစပ်ဘေးတွင် ရေများ ပေကျံနေသည့် ရွှီယွိရွှမ်ကို ငုံ့ကြည့်ကာ ရယ်မောလိုက်သည်။

"သားကိုတောင် မေ့တော့မလို့"

သူမက သူ့ခွက်ကို တိုက်ပေးလိုက်ပြီး ရွှီယွဲ့ကျားကိုလည်း တိုက်ပေးရန် မျက်ရိပ်ပြလိုက်သည်။ ရွှီယွဲ့ကျားကလည်း လိုက်လျောပေးနေသည်။

နှစ်သစ်ကူးအကြို ညစာစားပြီးနောက် အားလုံးက သန်းခေါင်ယံတွင် စားရမည့် ဖက်ထုပ်များကို စောင့်ရင်း အဓိကခြံဝန်းမှာပင် ဆက်ရှိနေကြသည်။

ထိုအတောအတွင်း အကြီးဆုံးအဒေါ်က ကလေးများကို ရွှေမြေပဲစေ့လေးများ ထည့်ထားသော အနီရောက်အိတ်လေးများ ပေးနေပြီး ယောင်ရှီကတော့ ငွေဖရုံစေ့လေးများကို လက်ဆောင်ပေးခဲ့သည်။

ထို့နောက် သခင်မလုနှင့် နယ်စားမင်းရွှီတို့၏ အလှည့်သို့ ရောက်ရှိလာသည်။ နယ်စားမင်းရွှီကတော့ ရိုးရိုးရှင်းရှင်းပင် အနီရောင်အိတ်တစ်ခုစီထဲတွင် ငွေလဲလက်မှတ်တစ်စောင်စီ ထည့်ပေးထားသည်။

သခင်မလု၏ လက်ဆောင်များက အကြီးဆုံးအဒေါ်၏ လက်ဆောင်နှင့် ဆင်တူသော်လည်း မြေပဲစေ့များအစား ‌ရွှေထင်းရှူးစေ့လေးများ ထည့်ပေးထားခြင်း ဖြစ်သည်။ သို့သော် ရွှီယွိရွှမ်အတွက် စာအိတ်ထဲတွင်မူ ရွှေဝက်ရုပ်ကလေးများ ပြည့်နှက်နေလေသည်။

ရွှီယွိရွှမ်က သူ့အိတ်လေးကို ဖွင့်ကြည့်လိုက်ရာ ရွှေဝက်ရုပ်လေးများကို မြင်သွားပြီး ဝမ်ယဲ့ဆီသို့ ပြေးသွားကာ အိတ်လေးကို ချက်ချင်း ကမ်းပေးလိုက်သည်။

"မေမေ... မေမေ့အတွက်"

လူတိုင်း၏ အကြည့်များက ဝမ်ယဲ့ထံသို့ ရောက်ရှိသွားကြပြန်သည်။

ဝမ်ယဲ့ : "..."

‘ဒါက တကယ့်ကို အနေရခက်စရာပဲ’

ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့က တည်ငြိမ်ရန် ထိန်းထားနိုင်ဆဲပင်။ သူမက ရွှီယွိရွှမ်၏ ခေါင်းလေးကို ပုတ်ပေးရင်း ပြန်ပြောလိုက်သည်။

"သားရဲ့ သိတတ်မှုအတွက် မေမေ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီရွှေဝက်လေးတွေကို ရွှမ်အာပဲ သိမ်းထားလိုက်ပါ"

ရွှီယွိရွှမ်က ဇဝေဇဝါ ဖြစ်သွားသော်လည်း ဇွတ်အတင်း ပေးနေသေးသည်။

"မေမေ... ကြိုက်တယ်လေ"

"အင်း... တကယ်တော့ မေမေလည်း သားအတွက် နှစ်သစ်ကူးလက်ဆောင် ပြင်ထားတာ ရှိတယ်၊ သား ကြည့်ချင်လား"

အမှန်စစ်စစ်တွင် ဝမ်ယဲ့က နှစ်သစ်ကူးပြီး ငါးရက်မြောက်နေ့၌ ကျရောက်မည့် ကလေးလေး၏မွေးနေ့မှ ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ရွှီယွိရွှမ်၏ ယခုအပြုအမူကြောင့် သူမ လက်ဦးမှု ရယူလိုက်ရခြင်းပင်။

"လက်ဆောင်" ဆိုသည့် စကားလုံးက ရွှီယွိရွှမ်၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့... ကြည့်ချင်တယ်"

ဝမ်ယဲ့က ထောင်ကျီကို သွားယူခိုင်းလိုက်သည်။ ခဏအကြာတွင် ထောင်ကျီက ဗန်းတစ်ခုဖြင့် ပြန်ရောက်လာပြီး ထိုဗန်းပေါ်တွင် ရွှေရောင်ဝက်ရုပ်ကြီးတစ်ခု ပါလာသည်။

အကြီးဆုံးအဒေါ်က သိလိုစိတ်ဖြင့် မေးလာခဲ့သည်။

"ဒါက ဘာလေးလဲ"

ကျန်လူများလည်း သူမနှင့်ထပ်တူသာ ဖြစ်ပြီး နားမလည်နိုင် ဖြစ်နေကြသည်။

ဝမ်ယဲ့က ရှင်းပြလိုက်သည်။

"ဒါက ရွှမ်အာအတွက် ကျွန်မ လက်မှုပညာရှင်တစ်ယောက်ကို သီးသန့်လုပ်ခိုင်းထားတဲ့ ရွှေဝက်စုဘူးလေးပါ"

အကြီးဆုံးအဒေါ်က သိပြီဟူသော သဘောဖြင့် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

"တော်တော်စိတ်ဝင်စားဖို့ ကောင်းသားပဲ"

သခင်မလုကလည်း ဝင်ပြောလာသည်။

"ညီမလေး...အလုပ်ရှုပ်သွားရပြီ၊ ကျေးဇူးတင်ပါတယ်"

ဝမ်ယဲ့က အနည်းငယ် ပြုံးလိုက်ရင်း သူမဘေးမှ ရွှီယွဲ့ကျားကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ရွှမ်အာက ကျွန်မကို မေမေလို့ ခေါ်နေတာလေ၊ ဒါက ကျွန်မ လုပ်ပေးသင့်တဲ့ အရာပါ"

အမှန်တကယ်တော့ သူမက သူမ၏ပိုက်ဆံ တစ်ပြားမှ သုံးထားခြင်း မဟုတ်ပေ။ 'သိုးမွေးဆိုတာ သိုးဆီကပဲ ရတာ' ဆိုသည့်စကားအတိုင်း ဤလက်ဆောင်ကလည်း ရွှီယွိရွှမ် ဖခင်၏ ပိုက်ဆံများသာ ဖြစ်သည်။

ရွှီယွိရွှမ်က သဘောပေါက်သွားပြီး သူ့ခေါင်းထက်ပင် ပိုကြီးနေသည့် ရွှေဝက်ရုပ်ကြီးကို ကြည့်ကာ သူ့ကိုယ်သူ လက်သန်းလေးဖြင့် ညွှန်ပြရင်း မေးနေရှာသည်။

"သားအတွက်လား"

ဝမ်ယဲ့က အတည်ပြုပေးလိုက်သည်။

"ဒါပေါ့"

သူမက ဝက်ရုပ်၏ ကျောကုန်းပေါ်မှ အပေါက်လေးကို ညွှန်ပြရင်း ထပ်ပြောလိုက်သည်။

"သားရဲ့ အိတ်ထဲက ရွှေဝက်လေးတွေကို ဒီအပေါက်ထဲ ထည့်ကြည့်လိုက်"

သူမက စုဘူးကို တစ်ချက် လှုပ်ယမ်းပြလိုက်ရာ အထဲတွင် ရွှေဝက်ရုပ်လေးအချို့ ကြိုရောက်နေပြီးသား ဖြစ်သောကြောင့် တဂျောက်ဂျောက် အသံလေးများ ထွက်လာသည်။

ရွှီယွိရွှမ်က ဝမ်ယဲ့ ပြေသည့်အတိုင်း ရွှေဝက်ရုပ်လေးများကို တစ်ခုချင်းစီ အပေါက်ထဲသို့ ဂရုတစိုက် ထည့်နေသည်။ တစ်ခုထည့်ပြီးတိုင်း သူက "မေမေ" ဟု ဝမ်းသာအားရ အော်ခေါ်နေခဲ့သည်။

နောက်ဆုံးတွင် ဝမ်ယဲ့က မေးလိုက်သည်။

"ရွှမ်အာ... ကြိုက်ရဲ့လား"

အစပိုင်းတွင် သူမက အပေါက်ကို အကြွေစေ့ထည့်သည့် ပုံစံမျိုး လုပ်ရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွက် ရွှေဝက်စုဘူးကြီးထဲကို ကြေးပြားတွေ ထည့်ရမည်ကို နှမြောမိသွားသည်။ ထို့ကြောင့် ဒီဇိုင်းကို အနည်းငယ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ရွှီယွိရွှမ်က ရွှေဝက်ရုပ်ကြီးကို ထပ်ခါထပ်ခါ ကိုင်ကြည့်ပြီး ခေါင်းကို အားပါးတရ ညိတ်ကာ ပြောလိုက်သည်။

"ကြိုက်တယ်၊ အရမ်းကြိုက်တယ်"

‘ဒီလောက်ကြီးတဲ့ ဝက်ရုပ်မျိုးကို ရွှမ်အာ တစ်ခါမှ မမြင်ဖူးဘူး။’

ပြဿနာတစ်ခုက ရွှေဝက်ရုပ်ကြီးထဲသို့ ရွှေဝက်ကလေးတွေ ထည့်လိုက်ရာ အတော်လေး လေးလံသွားခြင်းပင်။ ရွှီယွိရွှမ်က ၎င်းကို မနိုင်မနင်း မကြည့်နေပြီး သူ့မျက်နှာလေး နီရဲလာသည်။

သူက မနိုင်တနိုင်ဖြင့် ပွေ့ယူနေသော်လည်း သူ့ခြေထောက်လေးများ တုန်ယင်လာကာ နောက်သို့ ပက်လက်လန် လဲတော့မလို ဖြစ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် ရွှီယွဲ့ကျားက အချိန်မီ လှမ်းဖမ်းနိုင်ခဲ့သည်။

(T/N : ဖတ်နေကြသူတွေဆို သိပေမယ့် မသိသေးတဲသူတွေအတွက် နည်းနည်းလေး ပြောပြချင်ပါတယ်။ ဒီမှာ ယောင်ရှီ ဆိုတာက “ယောင်”က မျိုးရိုးပါ၊ ‘ရှီ’ ကတော့ အိမ်ထောင်သည်မိန်းခလေးတွေကို ခေါ်တာပါ၊ အိမ်တော်မှာ တာဝန်မယူရတဲ့၊ အပေါ်မှာ ယောက္ခမရှိနေသေးတဲ့ အိမ်ထောင်သည်မိန်းခလေးတွေကို အတွက်သုံးတာမျိုးပါ၊ မျိုးရိုးကို ယောက်ျားမျိုးရိုးနဲ့ မိသားစုမှတ်တမ်းတင်ပါတယ်တဲ့၊ ဥပမာ ဝမ်ယဲ့ဆိုရင် ရွှီဝမ်ရှီပေါ့၊ ရွှီမိသားစုက ချွေးမဝမ်ဆိုတဲ့ သဘောပါ)

All Chapters