အခန်း ၃၇
Vol. 4 Ch. 37
အခန်း ၃၇ ဖခင်မေတ္တာနဲ့ သားလိမ္မာလေးရဲ့ သိတတ်မှု
ခြေထောက်ပေါ် မတ်မတ်ပြန်ရပ်နိုင်ပြီးနောက်တွင် ရွှီယွိရွှမ်က ထောင်ကျီ၏အကူအညီဖြင့် ရွှေဝက်ရုပ်ကြီးကို လှုပ်ယမ်းနိုင်သွားသည်။ အထဲမှ တဂျောက်ဂျောက်မြည်သံများကို ကြားရတိုင်း သူ အလွန်အမင်း ပျော်ရွှင်နေလေသည်။
ထိုမျှနှင့်တင် အားမရသေးဘဲ ရွှီယွိရွှမ်က သူ့အိတ်လေးထဲမှ အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ ပေးထားသည့် ရွှေမြေပဲစေ့များနှင့် ငွေဖရုံစေ့များကိုပါ ထုတ်လိုက်ပြီး ယခင်အတိုင်း ရွှေဝက်ရုပ်၏ကျောပေါ်ရှိ အပေါက်လေးထဲသို့ ဂရုတစိုက် တစ်ခုချင်းစီ ထည့်နေပြန်သည်။
ထိုရွှေမြေပဲစေ့နှင့် ငွေဖရုံစေ့လေးများက အပေါက်နှင့်စာလျှင် အများကြီး သေးငယ်နေသော်လည်း သူကတော့ ပျော်ပျော်ရွှင်ရွှင် ထည့်နေသေးသည်။
အားလုံးထည့်ပြီးသွားသည်နှင့် ရွှီယွိရွှမ်က ဝက်ရုပ်ကြီးကို ထပ်မံလှုပ်ယမ်းနေပြန်သည်။ သို့သော်လည်း ရွှေဝက်ရုပ်ကြီးကို ဇောက်ထိုးလှန်လိုက်မိအချိန်တွင် ရွှေမြေပဲစေ့နှင့် ငွေဖရုံစေ့လေးများက အပေါက်ထဲမှ ပြန်ထွက်လာပြီး ရွှီယွိရွှမ်၏ ခြေထောက်လေးများဘေး၌ ပြန့်ကျဲသွားသည်။
သခင်မလုက အစေခံမလေးများအား ပြန့်ကျဲသွားသည့် ထိုရွှေမြေပဲစေ့နှင့် ငွေဖရုံစေ့များကို ကောက်ခိုင်းပြီး အနီရောင်ခါးချိတ်အိတ်လေးထဲသို့ ပြန်ထည့်ခိုင်းလိုက်သည်။
ရွှီကျင့်ရုံကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး မနာလိုအားကျဖြစ်နေလေသည်။ သူလည်း ထိုကဲ့သို့သော စုဘူးတစ်ခုလောက် လိုချင်နေမိသည်။ သို့မှသာ နှစ်စဉ်နှစ်တိုင်း "ကလေးကို အလိုလိုက်ရာကျပြီး အကျင့်ပျက်မှာစိုးလို့" ဆိုသည့် အကြောင်းပြချက်ဖြင့် သူ့အမေ သိမ်းသွားတတ်သည့် နှစ်သစ်ကူးမုန့်ဖိုးများကို သူကိုယ်တိုင် သိမ်းထားနိုင်မည် ဖြစ်သည်။
လစဉ်လတိုင်းလည်း သူ့အတွက် မုန့်ဖိုးအဖြစ် ငွေအနည်းငယ်သာ ရရှိသည်။
ရွှီကျင့်ရုံအတွက်တော့ နှစ်သစ်ကူးမုန့်ဖိုးဆိုသည်က ညအိပ်ရာဝင်ချိန်တွင် ခေါင်းအောက်၌ တစ်ညတာ ထည့်အိပ်ခွင့်ရပြီး နောက်တစ်နေ့မနက်တွင် ချက်ချင်း အသိမ်းခံလိုက်ရသည့် အရာမျိုးသာ ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း သခင်မလုက သူမ၏သားနှစ်ယောက်ကို နှစ်သစ်ကူးမုန့်ဖိုးအဖြစ် ရွှေထင်းရှူးစေ့များ ပေးလေ့ရှိသည်။
ရွှီကျင့်ရုံက အများကြီး မတောင်းဆိုချင်ဘဲ ထင်းရှူးစေ့ပုံ စုဘူးအကြီးကြီး တစ်ခုသာ ရချင်နေမိသည်။
ထိုသို့တွေးတောရင်း ရွှီကျင့်ရုံက မျှော်လင့်ချက်အပြည့်ဖြင့် သခင်မလုကို လှမ်းကြည့်လိုက်သည်။
သခင်မလုကတော့ အကြီးဆုံးသား၏အကြည့်ကို သတိထားမိသည့်တိုင် မမြင်ချင်ယောင်ဆောင်ကာ မျက်နှာလွှဲလိုက်သည်။
သူမ၏ တုံ့ပြန်မှုကို မြင်နေရသည့် ရွှီကျင့်ရုံ၏ မျက်နှာလေးပေါ်တွင် မကျေမနပ်ဖြစ်မှုများ သိသိသာသာ ပေါ်လာခဲ့သည်။
စိတ်ထဲကလည်း 'ဟွန့်' ဟု ရေရွတ်လိုက်မိသေးသည်။
ရွှီကျင့်လင်းကလည်း သူ့ဝမ်းကွဲညီလေးလက်ထဲမှ ရွှေဝက်စုဘူးကို စိတ်ဝင်တစား ရှိနေခဲ့သည်။ သို့သော်လည်း သူ၏အတွေးများက ထိုစုဘူးထဲတွင် မုန့်များ သိမ်းထား၍ ရ မရ ဆိုသည့်အချက်အပေါ် အာရုံစိုက်နေခြင်းပင်။ မကြာသေးမီက သူ့အမေက သူ နေ့စဉ်စားရမည့် မုန့်အရေအတွက်နှင့် အကြိမ်ရေကို ကန့်သတ်ထားခဲ့သည်။
ရွှီကျင့်လင်းက သူ့လက်ဖမိုးပေါ်မှ အသားလေးကို ဆွဲကြည့်ပြီး ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
‘ဒီရက်ပိုင်းတွေအတွင်း ငါ ပိန်သွားတာပဲ’
‘ငါ့မှာ မုန့်တွေကို တိတ်တဆိတ် ဝှက်ထားနိုင်မယ့် ရတနာသေတ္တာလေး တစ်ခုလောက်ရှိရင် အရမ်းကောင်းမှာပဲ’
တစ်ဖက်တွင်လည်း ရွှီယွိရွှမ်က ရွှေဝက်စုဘူးကို အားရပါးရ လှုပ်ယမ်းပြီးနောက် စုဘူးကို ပြန်မလိုက်ရာ ရုတ်တရက်ဆိုသလို သူ့ဖခင် ရွှီယွဲ့ကျား၏ ရင်ခွင်ထဲသို့ မှောက်လျက်သား ပြုတ်ကျသွားသည်။
သူက ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ချွဲနွဲ့နေသလိုမျိုး လူးလွန့်နေသည်။
ရွှီယွဲ့ကျား၏ ကိုယ်ခန္ဓာက အနည်းငယ် တောင့်တင်းသွားပြီး ထိုမြင်ကွင်းက လူတိုင်းကို ရယ်မောစေခဲ့သည်။
သခင်မလုအတွက်လည်း ရွှီယွိရွှမ်က ရွှီယွဲ့ကျားအပေါ် ဤမျှအထိ ချစ်ခင်ပြနေသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အတော်ပင် ထူးဆန်းအံ့သြနေရသည်။
ဝမ်ယဲ့ကလည်း ရွှီယွဲ့ကျား၏ အနည်းငယ် အနေရခက်နေသော မျက်နှာထားကို သတိထားမိပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။
လူတိုင်း၏ ရယ်သံကို ကြားလိုက်ချိန်တွင် ရွှီယွိရွှမ်က ခေါင်းလေးကို ဖြည်းဖြည်းချင်း မော့ကြည့်လာကာ သားအဖနှစ်ယောက် အကြည့်ချင်း ဆုံသွားကြသည်။
ရွှီယွိရွှမ်၏ အပြစ်ကင်းစင်သော မျက်လုံးလေးများတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေပြီး သူက သူ့အဖေကို မေးချင်ဟန်လေးဖြင့် ခေါ်လိုက်သည်။
"ဖေဖေ"
မိဘမေတ္တာနှင့် မိဘအပေါ်သိတတ်မှုများ ပါဝင်သော နွေးထွေးလှပသည့် သားအဖ သံယောဇဉ် အခိုက်အတန့်လေး ဖြစ်ပေါ်တော့မည်ဟု လူတိုင်း ထင်မှတ်ထားချိန်မှာပင် ရွှီယွိရွှမ်က ရွှီယွဲ့ကျား၏ ရင်ခွင်ထဲမှ ရုတ်တရက် ရုန်းထွက်လိုက်ပြီး ရွှေဝက်စုဘူးကို ပိုက်လျက် ဝမ်ယဲ့ဆီသို့ တွေဝေခြင်း လှည့်သွားတော့သည်။
ဝမ်ယဲ့လည်း သူမဆီသို့ ကမ်းပေးသလိုလို၊ ပစ်ပေးသလိုလို ဖြစ်နေသည့် စုဘူးကြီးကို မဖြစ်မနေ လှမ်းဖမ်းလိုက်ရသည်။
ထို့နောက် ရွှီယွိရွှမ်က သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ခဏမျှ မော့ကြည့်နေပြီးမှ ချိုချိုချိုသာ ခေါ်လိုက်ပြန်သည်။
"မေမေ"
သူ့လေသံက စောစောက သူ သုံးခဲ့သည့် မေးခွန်းထုတ်သလို လေသံမျိုးနှင့် လုံးဝကို ကွဲပြားနေသည်။
ဘေးက ကြည့်နေသူများ : "..."
‘နောက်ဆုံးတော့ သူက သူ့ဖေဖေနဲ့ မေမေကို မှားသွားခဲ့တာပဲ’
‘ဒါပေမယ့် ဒါကိုလည်း "ဖခင်မေတ္တာနဲ့ သားလိမ္မာလေးရဲ့ သိတတ်မှု" ဆိုတဲ့ ပုံစံမျိုးလို့ပဲ သတ်မှတ်ရမှာပေါ့လေ’
ဝမ်ယဲ့က ရွှီယွိရွှမ်၏ ချစ်ခင်ယုယမှုကို တုံ့ပြန်သည့်အနေဖြင့် သူ့ခေါင်းလေးကို ညင်ညင်သာသာ ပုတ်ပေးလိုက်ပြီးမှ ကျန်သူများဆီမှ လာနေသော အကြည့်အမျိူးမျိုးကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်ရသည်။
သားဖြစ်သူ၏ အငြင်းပယ်ခံလိုက်ရသော ရွှီယွဲ့ကျားကလည်း ဘာမှမဖြစ်သလို တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကို အေးအေးလူလူ ဆက်သောက်နေခဲ့သည်။ လူတိုင်း၏ စနောက်လိုသော အကြည့်များက သူ့အပေါ်တွင် အရာထင်ပုံမရပေ။ ဤအချက်တွင်တော့ ထိုဇနီးမောင်နှံနှစ်ဦး အမှန်တကယ် တူညီကြသည်ဟု ဆိုရပေတော့မည်။
ညဉ့်နက်လာသည်နှင့်အမျှ ကလေးများက ဆက်ပြီး မတောင့်ခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် အိပ်ပျော်သွားကြသည်။ လူကြီးများကတော့ ထုံးတမ်းစဉ်လာအတိုင်း သန်းခေါင်ယံအထိ စောင့်ကာ အမှတ်တရအနေဖြင့် ဖက်ထုပ်အနည်းငယ်စီ စားလိုက်ကြသည်။ ထို့နောက် အနားယူရန် မိမိတို့၏ခြံဝန်းများသို့ ပြန်လာခဲ့ကြသည်။
ဝမ်ယဲ့ကတော့ အဓိကမီးဖိုချောင်မှ လုပ်ထားသည့် ဖက်ထုပ်များက အထူးအရသာရှိသည်ဟု ခံစားနေရသည်။ အစာသွတ်ထားသည့် အစာများကလည်း သူမအကြိုက်များ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမတို့ မပြန်မီ သူမက ထောင်ကျီကို အဓိကမီးဖိုချောင်ဆီသို့ ဝင်ကြည့်ခိုင်းလိုက်သည်။ အပိုရှိလျှင် အနောက်ဘက်ခြံဝန်းသို့ ယူလာခဲ့ရန် ဖြစ်သည်။ သို့မှသာ မနက်ဖြန်တွင် သူမ၏ မီးဖိုချောင်အသေးလေး၌ ဖက်ထုပ် ထပ်လုပ်နေရသည့် ဒုက္ခ ကင်းဝေးသွားပေလိမ့်မည်။
ထောင်ကျီကလည်း သွက်လက်လှသည်။ သူမက ခဏအတွင်း ပြန်ရောက်လာပြီး အနောက်ဘက်ခြံဝန်းသို့ ပြန်သည့် ရေပေါ်စင်္ကြံတံတားထက်တွင် ဝမ်ယဲ့တို့နှင့် ဆုံမိကြသည်။
ဝမ်ယဲ့က ထောင်ကျီကိုင်လာသော ခြင်းတောင်းကို ကြည့်ကာ လှမ်းမေးလိုက်သည်။
"ဘယ်လောက်တောင် ယူလာခဲ့တာလဲ"
ထောင်ကျီက ဂါရဝပြုပြီး ပြန်ဖြေလိုက်သည်။
"အများကြီးတော့ မဟုတ်ပါဘူး၊ အစာသွတ် တစ်မျိုးစီကို နည်းနည်းစီ ယူလာတော့ စုစုပေါင်း အခုခြောက်ဆယ်လောက်ပါပဲ"
လမ်းတစ်လျှောက်တွင် မီးအိမ်များ ထွန်းထားသော်လည်း ညမှောင်နေသဖြင့် ခြင်းတောင်းထဲမှ အရာများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ရွှီယွဲ့ကျားက ခြင်းတောင်းကို တစ်ချက်ကြည့်ပြီးနောက် ဝမ်ယဲ့ကို လှမ်းကြည့်ကာ မေးလာပြန်သည်။
"မင်း အဓိကမီးဖိုချောင်ကို ဘာသွားလုပ်ခိုင်းလိုက်တာလဲ"
ဖုံးကွယ်ထားစရာ မလိုသဖြင့် ဝမ်ယဲ့ကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
"စောစောက စားခဲ့တဲ့ ဖက်ထုတ်တွေက အရသာရှိလို့လေ၊ ကျွန်မ ကြိုက်လို့ ထောင်ကျီကို သွားယူခိုင်းလိုက်တာ"
ဆောင်းတွင်း၌ လုပ်ထားသည့် ဖက်ထုပ်များက အေးခဲထားသရွေ့ အကြာကြီး အထားခံသဖြင့် သူမအနေဖြင့် အကြိမ်ပေါင်းများစွာ စားနိုင်ပေသည်။
သူမ၏ အလေ့အကျင့်ကို သိနေသော်လည်း ရွှီယွဲ့ကျားက မေးခွန်းထုတ်နေဆဲပင်။
"အဲ့ဒါက မင်း ပုံမှန်စားနေကျ ဖက်ထုပ်တွေနဲ့ ဘာကွာလို့လဲ"
"ကွာတာပေါ့"
ဝမ်ယဲ့က ပြန်ရှင်းပြလိုက်သည်။
"ရှင် နှစ်သစ်ကူးအကြိုညမှာ လုပ်တဲ့ ဖက်ထုပ်တွေကို ပုံမှန်ရက်တွေမှာ စားလို့ ရလို့လား"
ရွှီယွဲ့ကျားက သူမ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်သွားပြီး ပြန်ပြောလိုက်သည်။
"ဒါက ဆင်ခြေသက်သက်ပဲ"
ဝမ်ယဲ့က ရယ်မောရင်း အောင်ပွဲခံနေသည်။
"ဆင်ခြေဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့... ရှင့်ကို အနိုင်ပြောနိုင်ရင် အဆင်ပြေတယ်"
ရွှီယွဲ့ကျား : "..."
ဝမ်ယဲ့ကတော့ ရွှီယွဲ့ကျားတစ်ယောက် ဤရက်ပိုင်း အားလပ်ရက်အတွင်း အလုပ်မရှိဘဲ အားနေလို့လားဟုပင် တွေးမိသွားသည်။
‘သူက ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို လိုက်မေးတတ်တဲ့ လူစားမျိုးမှန်း ငါ အရင်က ဘာလို့ သတိမထားမိခဲ့တာလဲ’
‘ဒါနဲ့ နေပါဦး... တာ့ကျင်းအင်ပါယာရဲ့ ရုံးတော်တွေက ဘယ်တော့မှ ပြန်ဖွင့်မှာလဲ’
ဤရက်ပိုင်းအတွင်း သူမ၏ အနောက်ဘက်ခြံဝန်း၌ ရွှီယွဲ့ကျားကို မကြာခဏ တွေ့နေရသည်က အကြိမ်ရေ များလွန်းနေသည်ဟု ဝမ်ယဲ့ ခံစားနေရသည်။
ဝမ်ယဲ့က ထိုအကြောင်းကို စဉ်းစားရင်း အနောက်ဘက်ခြံဝန်းသို့ ပြန်ရောက်လာသည်။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာထဲ လဲလျောင်းတော့မည့် ရွှီယွဲ့ကျားကို ကြည့်ရင်း သူမ ရုတ်တရက် မျက်စိများ ကြည်လင်လာသည်။
အစောပိုင်းတွင် သူမ၏စိတ်ထဲမှ သူ့ကို အပြစ်တင်နေမိသည့် အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမက အရိပ်အမြွက် ပြောလိုက်သည်။
"အမတ်မင်း... အစာကြေအောင် လမ်းလေး ဘာလေး ခဏလောက် လျှောက်ကြမလား"
ရွှီယွဲ့ကျား : "..."
.......။.......။........
တာ့ကျင်းမင်းဆက်တွင် နှစ်သစ်ကူး ပထမနေ့၌ ဆွေမျိုးများထံ သွားရောက်လည်ပတ်ခြင်းကို တားမြစ်ထားသည့် ဥပဒေ မရှိသော်လည်း လူအများစုက ဒုတိယနေ့မှသာ စတင်လည်ပတ်လေ့ ရှိကြသည်။
သခင်မလုကလည်း ပုံမှန်အားဖြင့် နှစ်သစ်ကူး ဒုတိယနေ့တွင် သူမ၏ မိဘအိမ်ဖြစ်သော တင်းအန်းမြို့စားမင်း အိမ်တော်သို့ သွားရောက်လည်ပတ်လေ့ရှိသည်။ သို့သော် ယခုနှစ်တွင် မြို့တော်သို့ ပြန်ရောက်နေသည့် သူမတို့၏ အကြီးဆုံးအဒေါ်နှင့် ဝမ်းကွဲယောင်းမတို့ ရှိနေသဖြင့် သူမတို့အား ဧည့်ခံရာတွင် လစ်ဟင်းမှုမရှိစေရန် သခင်မလုက ပထမနေ့မှာပင် မိဘအိမ်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဆိုလျှင် နှစ်သစ်ကူး၏ဒုတိယနေ့၌ ဝမ်မိသားစုအိမ်သို့ သွားရောက်ရန် စီစဉ်ထားသည့် ရွှီယွဲ့ကျား၊ ဝမ်ယဲ့တို့နှင့်လည်း တိုက်ဆိုင်မှု မရှိတော့ဘဲ အဆင်ပြေသွားစေမည် ဖြစ်သည်။
ချန်းနန်မြို့စားမင်းအိမ်တော်မှ ရွှီယွဲ့ကျား၏ အဒေါ်ငယ်ကတော့ သူမ၏ ခင်ပွန်းဖြစ်သူတွင်လည်း ညီမတစ်ယောက် ရှိနေသဖြင့် များသောအားဖြင့် တတိယနေ့ကျမှသာ ခင်ပွန်း၊ သားသမီးများနှင့်အတူ နယ်စားမင်းအိမ်တော်သို့ လာရောက်လည်ပတ်လေ့ ရှိသည်။
ယခုနှစ်တွင်လည်း ထိုအစီအစဉ်အတိုင်း ဖြစ်သည်။
မြို့တော်ထဲတွင် နေထိုင်ကြသော နယ်စားမင်းအိမ်တော်၏ အခြားသော ဆွေမျိုးများကလည်း ထိုထုံးစံအတိုင်း နှစ်သစ်ကူး နှုတ်ခွန်ဆက်သရန် တတိယမြောက်နေ့မှသာ လာရောက်လေ့ရှိကြသည်။
နှစ်သစ်ကူး၏ပထမနေ့ ချန်အချိန်တွင် သခင်မလုတို့ မိသားစုဝင်လေးဦး နယ်စားမင်းအိမ်တော်မှ ထွက်ခွာသွားကြသည်။
(ချန်အချိန်- နံနက် ၇ မှ ၉ နာရီ)
သူမတို့ မထွက်ခွာမီတွင် သခင်မလုက အထိန်းတော်ကျိအား ရွှီယွိရွှမ်ကို အနောက်ဘက်ခြံဝန်းသို့ ခေါ်သွားပေးရန် မှာကြားခဲ့သည်။
ဒုတိယသခင်မ ဝမ်ယဲ့ အိပ်ရာမှ မနိုးသေးကြောင်း သိလိုက်ရသည့် အထိန်းတော်ကျိက ရွှီယွိရွှမ်ကို အနောက်ဘက်စာကြည့်ခန်းမှ ရွှီယွဲ့ကျားထံသို့ အရင်ခေါ်သွားပေးလိုက်သည်။
အထိန်းတော်ကျိက သူ့ကို အောက်ချပေးလိုက်သည်နှင့် ရွှီယွိရွှမ်က ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
"ဖေဖေ"
ရွှီယွဲ့ကျားက ခေါင်းညိတ်ပြရင်း လှမ်းပြောလိုက်သည်။
"မင်းမေမေက အိပ်ပျော်နေတုန်းပဲ၊ စိတ်ရှည်ရှည်နဲ့ ခဏလောက် ထပ်စောင့်လိုက်ဦး"
ရွှီယွိရွှမ်က နားလည်သွားပုံရသည်။ သူက အထိန်းတော်ကျိဆီမှ ကစားစရာအချို့ တောင်းလိုက်ပြီး ခန်းဆီးနောက်မှ ညောင်စောင်ပေါ်သို့ တက်ကာ တစ်ယောက်တည်း ဆော့ကစားနေသည်။
သို့သော်လည်း ကလေးတစ်ယောက်၏ စိတ်ရှည်မှုက အကန့်အသတ် ရှိပြီး ကစားစရာများက သူ့ကို အကြာကြီး ဆွဲဆောင်မထားနိုင်ခဲ့ချေ။
ရွှီယွိရွှမ်က သူ ဆော့နေသည့် ပုံပျက်ပန်းပျက် ဂျုံရုပ်လေးနှစ်ရုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး ညောင်စောင်းပေါ်မှ ဆင်းကာ ရွှီယွဲ့ကျားအနားသို့ ချဉ်းကပ်သွားသည်။ သူက ခေါင်းလေးစောင်းကာ မေးမြန်းနေသည်။
"မေမေ့ကို သွားကြည့်လို့ ရလား"
ရွှီယွဲ့ကျားက အချိန်ကို ခန့်မှန်းကြည့်ပြီးနောက် သဘောတူလိုက်သည်။
"ခဏပဲ သွားကြည့်နော်၊ ပြီးရင် ပြန်လာခဲ့"
နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ရွှီယွိရွှမ်ကတော့ အားတက်သရော ခေါင်းညိတ်ပြနေသည်။
မနက်စောစော အဓိကခြံဝန်းသို့ သွားစရာမလိုသဖြင့် ဝမ်ယဲ့တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမ နိုးတဝက်ဖြစ်လာချိန်တွင် သူမ၏ ပါးပေါ်၌ တစ်ခုခုရှိနေသလို ခံစားလိုက်ရသည်။
သူမ မျက်လုံးမဖွင့်ဘဲ ယောင်ယမ်းပြီး ပုတ်ထုတ်ရန် လက်လှမ်းလိုက်ရာ နွေးထွေးသည့် လက်ကလေးတစ်ဖက်ကို ဖမ်းမိသွားသည်။
ထို့နောက်တွင် ကလေးတစ်ယောက်၏ တခိခိရယ်သံကို ကြားလိုက်ရသည်။
ဝမ်ယဲ့က သူမ၏မျက်လုံးကို အတင်းအားယူ ဖွင့်ကြည့်လိုက်ပြီး သူမနှင့် အလွန်နီးကပ်နေသော ဖောင်းအိအိ မျက်နှာလေးတစ်ခုကို မြင်သွားခဲ့သည်။
ထိုကလေးလေးက သူမကို မေးနေပြန်သည်။
"မေမေ... အိပ်နေတုန်းလား"
ဝမ်ယဲ့က ဘာမှ ပြန်မပြောသောကြောင့် ကလေးလေးက သူမ၏ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြန်သည်။
ဝမ်ယဲ့ : "..."
‘သူများ အိပ်နေတာကို နှောင့်ယှက်တာက တကယ့်ကို အားနာစရာ မရှိတဲ့ အပြုအမူပဲ’
တွေးနေစရာပင်မလိုတော့ဘဲ ထိုကလေးလေးက ဝမ်ယဲ့၏ လက်စားချေမှုကို ရင်ဆိုင်လိုက်ရပြီး အိပ်ရာထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
အိပ်ချင်စိတ်မရှိဘဲ သူ့မေမေ နိုးလာပြီး သူ့နှင့်အတူ ကစားပေးစေချင်သည့် ရွှီယွိရွှမ်ကတော့ ဝမ်ယဲ့၏ ရင်ခွင်ထဲ၌ တင်းကျပ်စွာ ဖက်ထားခံလိုက်ရပြီး ရုန်းမထွက်နိုင်တော့ပေ။
ဝမ်ယဲ့က သူ့ကို တင်းတင်းလေး ဖက်ထားရင်း ပြန်အိပ်ပျော်သွားသည်။
ရွှီယွိရွှမ် အိပ်ခန်းထဲက ပြန်ထွက်မလာသည်ကို သတိထားမိသွားသည့် ရွှီယွဲ့ကျားက သူ ဖတ်နေသည့် စာအုပ်ကို ပိတ်ကာ မတ်တတ်ထရပ်ပြီး အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
တံခါးကို တွန်းဖွင့်လိုက်ချိန်အထိ ရွှီယွဲ့ကျား ရွှီယွိရွှမ်ကို ရှာမတွေ့သေးပေ။ နောက်ဆုံးတွင် သူ၏ အကြည့်က ကန့်လန့်ကာများကို တင်းကျပ်စွာ ပိတ်ထားသည့် အမိုးပါသော ခုတင်ကြီးဆီသို့ ရောက်ရှိသွားသည်။
သူ ထိုနေရာသို့ လျှောက်သွားပြီး ကန့်လန့်ကာ ထောင့်စွန်းလေးကို တိတ်တဆိတ် မလိုက်ရာ ရုန်းကန်ရန် တဖြည်းဖြည်း လက်လျှော့လိုက်ပုံရသည့် ရွှီယွိရွှမ်၏ မျက်လုံးများနှင့် ဆုံသွားခဲ့သည်။
ရွှီယွိရွှမ်က အတော်လေး အားကိုးရာမဲ့နေသည့် ပုံစံဖြင့် တိုးတိုးလေး လှမ်းပြောနေသည်။
"ဖေဖေ... ကယ်ပါဦး"
ရွှီယွဲ့ကျားက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အမျိုးသမီးလေးကို တစ်ချက်ကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားကာ ကန့်လန့်ကာကို နဂိုမူလအတိုင်း ပြန်ချပေးလိုက်သည်။