အခန်း ၃၈
Vol. 4 Ch. 38
အခန်း ၃၈ နှစ်သစ်ကူးဒုတိယနေ့
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီးနောက် ဝမ်ယဲ့က သူမ၏ရင်ခွင်ထဲမှ နွေးထွေးသည့် ကိုယ်လုံးလေးကို အမှတ်တမဲ့ စမ်းလိုက်မိသည်။ သူမ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကာ သမ်းဝေလိုက်ပြီးမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ရွှီယွိရွှမ်က ဝိုင်းစက်ပြီး မျက်ရည်လည်နေသော မျက်လုံးကြီးများဖြင့် သူမကို စိုက်ကြည့်နေသည်။
သူမ နိုးလာသည်ကို မြင်သည်နှင့် ရွှီယွိရွှမ်က နှုတ်ခမ်းလေးဆူကာ စတင်တိုင်တောတော့သည်။
"မေမေ... ဆိုးတယ်... ဖေဖေလည်း... ဆိုးတယ်"
ဝမ်ယဲ့က ထိုစကားကို ကြားသွားပြီး မျက်ခုံးတစ်ဖက် ပင့်ကာ ပြန်ပြောလိုက်သည်။
"ဒါဆို မေမေ ထင်တာ မမှားဘူးပေါ့၊ စောစောက မင်းဖေဖေ တကယ်ပဲ အခန်းထဲကို ဝင်လာခဲ့တာပဲ"
စောစောက သူမ နိုးတစ်ဝက်ဖြစ်နေပြီး အိပ်မက်ဟု ထင်နေခဲ့ခြင်းပင်။
ဝမ်ယဲ့က ကလေးလေးကို စနောက်နေပြန်သည်။
"ဘာလဲ... ရွှမ်အာရဲ့ဖေဖေက ရွှမ်အာကို မကယ်ဘူးပေါ့၊ ဟုတ်လား"
ရွှီယွိရွှမ်က နှုတ်ခမ်းလေးကို ပိုစူပြရင်း ထပ်ပြောလာသည်။
"နှစ်ယောက်လုံး ဆိုးတယ်"
ဝမ်ယဲ့က ဖရိုဖရဲ ဖြစ်နေသော သူ့ဆံပင်လေးများကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"အင်း... ရွှမ်အာ ပြောတာ မှန်တယ်"
ဝမ်ယဲ့က ကလေးကို ပြန်မချေပတော့ပေ။
အတွင်းခန်းထဲမှ အသံကြားရသဖြင့် အပြင်တွင် စောင့်နေသည်မှာ ကြာပြီဖြစ်သော ယွင်ကျီက တံခါးတွန်းဖွင့်ကာ ဝင်လာခဲ့သည်။ သူမ၏နောက်တွင် အထိန်းတော်ကျိလည်း ပါလာခဲ့သည်။
ဝမ်ယဲ့က ရွှီယွိရွှမ်၏ အပြင်ဝတ်ကို မချွတ်ပေးဘဲ ကလေးကို အိပ်ရာထဲသို့ ဆွဲသွင်းခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် စောင်ထဲမှ ပြန်ထွက်လာချိန်တွင် သူ့မျက်နှာလေး နီမြန်းနေပြီး အပြင်ဝတ်ရုံကလည်း တွန့်ကြေနေကာ ဆက်ဝတ်ထားရန် မသင့်တော်တော့ပေ။ အထိန်းတော်ကျိက သူ့ကို ဝတ်စုံအသစ် လဲပေးနေသည်။
ဝမ်ယဲ့ အဝတ်အစားလဲရန် ကူညီပေးပြီးနောက် ယွင်ကျီက ပြောလာခဲ့သည်။
"အကြီးဆုံးအဒေါ်က လူလွှတ်လိုက်ပါတယ်၊ သခင်မကို နေ့လယ်စာ အတူတူစားဖို့ ဖိတ်ခိုင်းလိုက်တာပါ"
ဝမ်ယဲ့က အချိန်ကို မေးပြီးမှ ပြန်ဖြေလိုက်သည်။
"အကြီးဆုံးအဒေါ်ဆီကို လူလွှတ်လိုက်၊ ငါ ခဏနေရင် လာခဲ့မယ်လို့ အကြောင်းပြန်ပေး"
‘ဟူး.... မွန်းတည့်ခါနီးအထိ အိပ်နိုင်တာ ငါတစ်ယောက်ပဲ ရှိမယ် ထင်ပါရဲ့’
ယွင်ကျီက ဝမ်ယဲ့၏ ဆံပင်ကို ဆံထိုးထိုးပေးပြီးနောက် ထပ်ပြောလာပြန်သည်။
"ဒီအစေခံ အခုပဲ သွားစီစဥ်လိုက်ပါ့မယ်"
ယွင်ကျီ ထွက်သွားပြီးနောက် ဝမ်ယဲ့က မှန်အနားသို့ တိုးကပ်ကာ သူမ၏ မျက်ခုံးများကို ဂရုတစိုက် စတင်ဆွဲနေလေသည်။ တစ်ခါတရံတွင် သူမက မိတ်ကပ်ကိုယ်တိုင် လိမ်းရသည်ကို နှစ်သက်တတ်သည်။ ရလဒ်က သူမ မျှော်လင့်သလောက် အမြဲတမ်း မဖြစ်လာသော်လည်း ဝမ်ယဲ့ကတော့ ကျေနပ်နေမြဲပင်။
မျက်ခုံးဆွဲပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် မှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ မှန်ထဲမှ အလှလေး၏ မျက်ခုံးများက လှလှပပ ကွေးညွတ်နေသည်။ ယနေ့ ကြိုးစားအားထုတ်မှုက မဆိုးသောကြောင့် ဝမ်ယဲ့ အတော်လေး ကျေနပ်သွားသည်။
မျက်ခုံးကိစ္စ ပြီးသွားချိန်တွင် ဝမ်ယဲ့က အနီးရှိ အံဆွဲထဲမှ နှုတ်ခမ်းနီဘူးအသစ်ကို ထုတ်ယူလိုက်သည်။ သူမက နှုတ်ခမ်းနီကို လက်ထိပ်လေးဖြင့် အနည်းငယ် တို့ယူလိုက်သည်။ နှုတ်ခမ်းနီအသစ်က သစ်တော်ပွင့်နံ့သင်းသင်းလေး ရနေကာ အသားကလည်း ချောမွေ့ပြီး စိုပြေနေသည်။ သူမ ယခင်က သုံးဖူးသမျှထက် အများကြီး ပိုကောင်းနေသည်။
'ချမ်းသာတဲ့ အမျိုးသမီးတွေ ကြိုက်တဲ့ နှုတ်ခမ်းနီဆိုတော့လည်း တကယ်ကို ထူးခြားတာပဲ'
‘ဒီအလှကုန်တွေ ဝယ်ခဲ့တဲ့ဆိုင်ကို သခင်မလုဆီမှာ မေးမှ ဖြစ်တော့မယ်။ မနက်ဖြန် ဝမ်အိမ်တော်ကို ပြန်ရင် ယိနျန်းအတွက် တစ်ဘူးလောက် လက်ဆောင်ပေးချင်တယ်။’
နှုတ်ခမ်းနီ ဆိုးပြီးနောက် ဝမ်ယဲ့က မှန်ထဲမှ သူမကိုယ်သူမ တစ်ခါ ပြန်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပုံရိပ်လေးတစ်ခု သူမဆီသို့ ခိုးကြောင်ခိုးဝှက် လာနေသည်ကို သူမ၏မျက်လုံးထောင့်မှ မြင်လိုက်ရသောကြောင့် လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"မေမေကို့ လန့်အောင် လုပ်မလို့လား"
‘အား... မေမေက ရွှမ်အာကို ဖမ်းမိသွားပြီ’
လည်ပင်းကို ကျုံ့ကာ ခြေဖျားလေး ထောက်ပြီး လာနေသော ရွှီယွိရွှမ်တစ်ယောက် ခဏတာမျှ တောင့်တင်းသွားရသည်။ ထို့နောက် သူ့မျက်လုံးလေးများက ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး သူ အမှားတစ်ခုခု လုပ်ထားမှန်း သိသာနေသည်။
"မေမေ"
ရွှီယွိရွှမ်က ဝမ်ယဲ့ဆီသို့ ပြေးလာပြီး သူမ၏ ခါးကို ဖက်လိုက်ကာ ချွဲနွဲ့ပြီး အပြစ်မှ လွတ်အောင် ကြိုးစားနေသည်။
ထိုကဲ့သို့ မပီကလာ ပီကလာ ချွဲနေပုံက ဝမ်ယဲ့ကို ရယ်မောစေသည်။ သူမက နှုတ်ခမ်းနီ အကြွင်းအကျန်လေးများ ရှိနေသေးသည့် လက်ချောင်းဖြင့် သူ့ပါးလေးကို တို့လိုက်ရာ အနီရောင် အမှတ်လေး တစ်ခု ထင်ကျန်သွားသည်။
ရွှီယွိရွှမ်က သူမ၏လက်ချောင်းထိပ်မှ အနီရောင်ကို သတိထားမိသွားပြီး စူးစမ်းလိုစိတ် ပြင်းပြနေသည်။
ဝမ်ယဲ့က သူ့အမူအရာကို မြင်သွားပြီး မေးလိုက်သည်။
"ရွှမ်အာလည်း စမ်းကြည့်ချင်လို့လား"
ရွှီယွိရွှမ်က ဘာမှန်း မသိသော်လည်း စပ်စုချင်စိတ်ကြောင့် တွန့်ဆုတ်တွန့်ဆုတ်လေး ခေါင်းညိတ်ပြနေသည်။
ဝမ်ယဲ့က အတွင်းခန်းထဲ၌ ရှိနေသေးသည့် အထိန်းတော်ကျိကို တချက်လှမ်းကြည့်လိုက်သည်။
အထိန်းတော်ကျိ : "...ဒီအစေခံအိုကြီး အပြင်မှာ သွားစောင့်နေပါ့မယ်"
သူမက ဂါရဝပြုကာ အခန်းထဲမှ အမြန်ထွက်သွားသည်။
တံခါးပြန်ပိတ်သွားပြီးနောက် ဝမ်ယဲ့က ရွှီယွိရွှမ်ကို သူမပေါင်ပေါ်သို့ တင်လိုက်ပြီး သူမကိုယ်တိုင် သုံးခဲ့သည်ထက် ပိုများသော နှုတ်ခမ်းနီများကို တို့ယူလိုက်သည်။
သူမက ရွှီယွိရွှမ်၏ နဖူးအလယ်တွင် အနီစက်လေးတစ်စက် အရင်ချပေးလိုက်ရာ သူ့မျက်နှာလေးက ချက်ချင်း ပိုချစ်စဖွယ်ကောင်းသွားသည်။
သခင်မလု အိမ်တော်တွင် မရှိသောကြောင့် ဝမ်ယဲ့ ရွှီယွိရွှမ်ကို အရုပ်လုပ်ပြီး ကစားနေသည်ကို မည်သူမျှ လာတားနိုင်မည် မဟုတ်ပေ။
ဝမ်ယဲ့က ဖောင်းအိနေသော ပါးပြင်နှစ်ဖက်နှင့် နားသီးလေးများပေါ်တွင်လည်း နှုတ်ခမ်းနီများ တို့ပေးနေပြီး အနီရောင်အကွက်လေးများက ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေလေသည်။
အားလုံးပြီးသွားချိန်တွင် ဝမ်ယဲ့က ရွှီယွိရွှမ် သူ့ကိုယ်သူ မြင်နိုင်ရန် မှန်ကို အနားသို့ တိုးပေးလိုက်သည်။
ရွှီယွိရွှမ်က မှန်ထဲသို့ ငုံ့ကြည့်ရင်း တခိခိနှင့် မရပ်မနား ရယ်မောနေလေသည်။ သူ အတော်လေး သဘောကျနေပုံရသည်။
ဝမ်ယဲ့ကလည်း သူမ၏ လက်ရာကို အတော်လေး ကျေနပ်နေသည်။
‘တကယ်လို့သာ သူ့ခေါင်းကို ရိတ်လိုက်မယ်ဆိုရင် ကွမ်ယင်မယ်တော်ရဲ့ ဘေးက ဝေယျာဝစ္စလုပ်ပေးတဲ့ နတ်သူငယ်လေးနဲ့ တစ်ပုံစံတည်း ဖြစ်သွားလိမ့်မယ်။’
"မေမေ... ရွှမ်အာ ကြိုက်တယ်"
ရွှီယွိရွှမ်က ဝမ်ယဲ့၏ ပေါင်ပေါ်တွင် လူးလွန့်နေပြီး သူ့မျက်နှာပေါ်မှ အနီကွက်လေးများကို လက်ညှိုးထိုးပြကာ ပြုံးပျော်နေသည်။
"လှတယ်"
ယခုအချိန်တွင် ရွှီယွိရွှမ်က စောစောက အိပ်ရာထဲသို့ အတင်းအကျပ် အထည့်ခံရသည်ကို မေ့သွားပုံရပြီး ဝမ်ယဲ့ကို ပြန်ချွဲနွဲ့နေပြန်သည်။
တဖက်မှ ဝမ်ယဲ့ကလည်း သူမ၏ ကိုယ်ပိုင်အလှကိုလည်း မှန်ထဲ ပြန်ကြည့်ရင်း အမွှမ်းတင်နေသေးသည်။
"မေမေလည်း အရမ်းလှနေတာပဲ"
ရွှီယွိရွှမ်က ခေါင်းခါပြပြီး သူ့ကလေးသံလေးဖြင့် ငြင်းခုန်နေသည်။
"ရွှမ်အာက အလှဆုံး"
‘ကလေးဆန်လိုက်တာ’
ဝမ်ယဲ့က သူ့နဖူးလေးကို အသာအယာ တောက်လိုက်သော်လည်း သူ့ကို ပြန်မငြင်းတော့ပေ။
ခဏအကြာတွင် ဝမ်ယဲ့က သူမ၏ "လက်ရာမွန်" လေးကို လက်ဆွဲကာ အတွင်းခန်းထဲမှ ထွက်လာခဲ့သည်။
ရွှီယွဲ့ကျားက အနောက်ဘက်ဆောင်ထဲတွင် ရှိနေသေးကြောင်း ယွင်ကျီ ပြောပြထားသဖြင့် ဝမ်ယဲ့လည်း စာကြည့်ခန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။
ရွှီယွိရွှမ်က ဝမ်ယဲ့နောက်မှ တရွေ့ရွေ့ လိုက်ပါလာပြီး ရွှီယွဲ့ကျားကို မြင်လိုက်သည်နှင့် မျက်နှာလေး လွှဲကာ "ဟွန့်" ဟု အကျယ်ကြီး အသံပြုလိုက်သည်။
ရွှီယွဲ့ကျားက ထိုအသံကြောင့် မော့ကြည့်လိုက်ပြီး အဖြူအနီ ရောယှက်နေသော ရွှီယွိရွှမ်၏ မျက်နှာကို မြင်သွားကာ ခဏတာမျှ မှင်တက်နေလေသည်။
ဝမ်ယဲ့၏မျက်နှာတွင်တော့ နောက်ပြောင်ချင်သော အပြုံးတစ်ခုဖြင့် ရှိနေသည်။ သူမက ရွှီယွဲ့ကျား၏ အကြည့်နှင့် ဆုံစေပြီးမှ သူ့ကို လှမ်းပြောလိုက်သည်။
"အကြီးဆုံးအဒေါ်က ကျွန်မကို ထမင်းစားဖိတ်ထားလို့ ရှင်နဲ့အတူ နေ့လယ်စာ မစားပေးတော့ဘူးနော်"
"အိုး... ဒါနဲ့...."
ဝမ်ယဲ့က ရွှီယွိရွှမ်ကို သူမရှေ့သို့ ဆွဲထုတ်ရင်း ထပ်မေးလိုက်သည်။
"ဒါကို ဘယ်လိုမြင်လဲ ယောက်ျား"
ဝမ်ယဲ့ ရွှီယွဲ့ကျားအား မေးနေချိန်တွင် ရွှီယွိရွှမ်၏ နားရွက်ကလေးများက စိတ်ဝင်တစား ထောင်လာခဲ့သည်။
ဝမ်ယဲ့က ထပ်တိုက်တွန်းလိုက်သည်။
"ရွှမ်အာက ရှင့်ဆီက ချီးကျူးစကားကို စောင့်နေတာနော်"
ရွှီယွဲ့ကျား၏ အကြည့်က အောက်သို့ ကျရောက်သွားပြီး ရွှီယွိရွှမ်က မျှော်လင့်တကြီး ရှိနေသော်လည်း တစ်ဖက်တွင်လည်း အနည်းငယ် စိတ်ကောက်နေသည့် ပုံစံမျိုး ပြသနေသည်။
ရွှီယွဲ့ကျား၏ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွားပြီး နောက်ဆုံးတွင် သူက ပြနပြောလိုက်သည်။
"မဆိုးပါဘူး"
ရွှီယွိရွှမ်ကတော့ ထိုစကား၏ နက်နဲသော အဓိပ္ပာယ်ကို နားမလည်ဘဲ သူ့မျက်နှာလေး လင်းလက်သွားကာ အလွန်ကျေနပ်နေပုံရသည်။ ဝမ်ယဲ့ကတော့ ထိုစကားကို ပြောထွက်ရန် ရွှီယွဲ့ကျား မည်မျှအထိ ခက်ခဲနေမည်ကို နားလည်နေခဲ့သည်။
ဝမ်ယဲ့က အခြေအနေ ပိုမဆိုးသွားစေရန် ဆုံးဖြတ်လိုက်ပြီး သူမရှေ့မှ လူကို နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင်...ယောက်ျား... ကျွန်မ သွားတော့မယ်နော်"
"အင်း"
ရွှီယွဲ့ကျားက အေးစက်စက် ပြန်ဖြေလိုက်သည်။
သူမ မထွက်ခွာမီ ဝမ်ယဲ့က ရွှီယွိရွှမ်၏ ခေါင်းလေးကို ပုတ်ကာ မေးလိုက်သေးသည်။
"ကလေးလေး... ဖေဖေနဲ့ နေခဲ့မလား၊ ဒါမှမဟုတ် မေမေနဲ့ လိုက်မလား"
ရွှီယွိရွှမ်က ဘယ်သူ ပိုဆိုးလဲ နှိုင်းယှဥ်နေပုံဖြင့် သူတို့နှစ်ယောက်ကို ဘယ်ပြန်ညာပြန် ကြည့်နေသည်။
ခဏအကြာတွင် သူ ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး ဝမ်ယဲ့အနားသို့ တစ်လှမ်းတိုးလာကာ ခေါင်းလေးမော့ပြီး ပြောလိုက်သည်။
"မေမေနဲ့ လိုက်မယ်"
ဝမ်ယဲ့ကတော့ မအံ့သြဘဲ သူ့မျက်နှာကို ညွှန်ပြပြီး ထပ်မေးလိုက်သည်။
"ဒါတွေကို အရင်သုတ်ပေးရမလား"
ရွှီယွိရွှမ်က ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ခေါင်းခါပြနေသည်။
"ဟင့်အင်း"
ဝမ်ယဲ့က မျက်ခုံးပင့်လိုက်သည်။
"ကောင်းပြီလေ... ရွှမ်အာ ကြိုက်ရင် ပြီးတာပါပဲ"
ထို့နောက် သူမက လှမ်းခေါ်လိုက်သည်။
"ကျိမား"
မကြာမီမှာပင် အထိန်းတော်ကျိက စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိလာပြီး ဂါရဝပြုနေသည်။
"ဒုတိယသခင်မ ဘာများ အလိုရှိလို့လဲရှင့်"
ဝမ်ယဲ့က သူမရှေ့မှ ပုံရိပ်လေးကို ညွှန်ပြလိုက်သည်။
"သခင်ငယ်လေးကို ခေါ်ပြီး ကျွန်မနဲ့အတူ အကြီးဆုံးအဒေါ်ရဲ့ ခြံဝန်းကို လိုက်ခဲ့ပါ"
သူမတို့ အကြီးဆုံးအဒေါ် ခေတ္တတည်းခိုရာ ခြံဝန်းသို့ ရောက်ရှိသွားချိန်တွင် နေမွန်းတည့်နေလေပြီ။
အစေခံမလေး၏ သတင်းပို့သံကို ကြားပြီးနောက် အကြီးဆုံးအဒေါ်က ယောင်ရှီနှင့်အတူ သူမတို့ကို ကြိုဆိုရန် ထွက်လာခဲ့သည်။
အကြီးဆုံးအဒေါ်က သူမ၏ဟန်ပန်အတိုင်း ဖော်ဖော်ရွေရွေ ဖိတ်ခေါ်နေသည်။
"ငါ နင့်ကို စောင့်နေတာ တော်တော်ကြပြီ၊ အရသာရှိတဲ့ ဟင်းတွေကို စားပွဲအပြည့် ပြင်ထားတာနော်"
ဝမ်ယဲ့က သူမ၏ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"မနေ့ညက နှစ်သစ်ကူးအကြိုညဆိုတော့ အိပ်ယာဝင် ညဉ့်နက်သွားပြီး ဒီမနက် အိပ်ရာထ နောက်ကျသွားတာပါ"
အကြီးဆုံးအဒေါ်ကလည်း နှစ်သစ်ကူးအကြိုညတွင် မအိပ်ဘဲ စောင့်ရသည့်အတွက်ကြောင့်ဟုသာ ထင်သွားပြီး မထူးဆန်းဟု သတ်မှတ်လိုက်သည်။
သူမက ဝမ်ယဲ့အနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောနေသေးသည်။
"တကယ်တော့ ငါလည်း မနက်ခင်းတုန်းက အတော်လေး နောက်ကျမှ နိုးလာတာပါ"
ဘေးတွင် ရပ်နေသည့် ယောင်ရှီကလည်း ယောက္ခမ၏စကားကို ကြားသွားပြီး အနည်းငယ် ရှက်နေလေသည်။
သူမ၏ အကြည့်က အထိန်းတော်ကျိ ချီထားသော ရွှီယွိရွှမ်ထံသို့ ရောက်ရှိသွားပြီး လန့်ဖျပ်သွားကာ အလောတကြီး မေးလိုက်သည်။
"ရွှမ်အာ့ မျက်နှာက ဘာဖြစ်တာလဲ၊ တစ်ခုခု မတည့်တာ စားမိလို့လား"
ယောင်ရှီ လင်းချန်တွင် ရှိနေစဥ်က တိုင်းတပါးကုန်သည်တစ်ဦးကို မြင်ခဲ့ဖူးသည်။ ထိုသူက ပထမဆုံးအကြိမ် အစပ်ကို စားပြီးနောက် ခဏအကြာတွင် တစ်ကိုယ်လုံး အနီကွက်များ ထွက်လာခဲ့ဖူးသည်။ သမားတော်နှင့် စမ်းသပ်ပြီးနောက် ထိုကုန်သည်က စပ်သည့် အစားအစာများနှင့် မတည့်ကြောင်း သိခဲ့ရသည်။
အကြီးဆုံးအဒေါ်ကလည်း အခုမှ သတိထားမိသွားပြီး စိုးရိမ်တကြီး မေးလာခဲ့သည်။
"သမားတော် ခေါ်ပေးရမလား"
ဝမ်ယဲ့က အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။
"အကြီးဆုံးအဒေါ်... စိတ်အေးအေးထားပါ၊ ကျွန်မ သူ့မျက်နှာကို နှုတ်ခမ်းနီလေးတွေ တို့ပေးထားတာပါ"
အကြီးဆုံးအဒေါ်က ဝမ်ယဲ့ကို အံ့သြတကြီး ကြည့်နေလေသည်။ ထို့နောက်တွင် ရွှီယွိရွှမ်၏ နီမြန်းနေသော ပါးပြင်လေးများကို အသေအချာ ကြည့်ပြီး တဟားဟား ရယ်မောနေတော့သည်။
"နင်ကတော့ တကယ်ကို ကစားတတ်တာပဲ"
အကြီးဆုံးအဒေါ်ကတော့ သူမ ငယ်စဥ်က ဤကဲ့သို့ ပျော်စရာကောင်းသော အကြံမျိုး မစဉ်းစားမိခဲ့သည့်အတွက်င် နောင်တရနေရှာသည်။
ယောင်ရှီက ဘေးမှ တိတ်တဆိတ် ကြည့်နေရင်း ယောက္ခမဖြစ်သူ၏ စိတ်အားထက်သန်နေသော်လည်း အနည်းငယ် နောင်တရနေသည့် အမူအရာကို မြင်နေရပြီး လင်းချန်တွင် ကျန်ရစ်ခဲ့သည့် သူမ၏ ခင်ပွန်းအတွက် စိတ်သက်သာရာရသွားကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
'ဒီဝမ်းကွဲယောင်းမလေး ငါ့ယောက္ခမထက် အနှစ်နှစ်ဆယ်လောက် နောက်ကျပြီးမှ မွေးလာတာ ကံကောင်းတာပဲ'
နောက်ဆုံးတွင် ရယ်လို့ ဝသွားသည့် အကြီးဆုံးအဒေါ်က ချီးကျူးနေပြန်သည်။
"သူ့ကိုကြည့်ရတာ နှစ်သစ်ကူးပန်းချီကားထဲက အရုပ်လေးနဲ့ အရမ်းတူပြီး ချစ်ဖို့ ကောင်းလွန်းတယ်"
ရွှီယွိရွှမ်က သူ့ကို ချီးကျူးနေမှန်း နားလည်သွားပုံရသည်။ သူက နှုတ်ခမ်းလေးကို စေ့ထားပြီး ရှက်ပြုံးလေး ပြုံးပြနေသည်။ ထိုချစ်စဖွယ် အမူအရာလေးက အကြီးဆုံးအဒေါ်ကို ပိုသဘောကျသွားစေသည်။
အားလုံးက ပင်မခန်းမထဲသို့ ဝင်လာကြပြီး အစေခံများက စားပွဲပေါ်တွင် ဟင်းလျာများ တည်ခင်းပြင်ဆင်နေကြသည်။
ဝမ်ယဲ့က စားပွဲပေါ်မှ ဟင်းများကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားသည်။ အကြီးဆုံးအဒေါ်က သတိထားမိသွားပုံဖြင့် ရှင်းပြနေသည်။
"ငါ လင်းချန်က အထူးထွက်ကုန်တွေကို ကုန်တင်ယာဉ်တန်းနဲ့ မှာထားတာလေ၊ မနေ့ကမှ မြို့တော်ကို ရောက်တာ၊ အဲ့ဒါတွေနဲ့ ဟင်းလျာတချို့ ပြင်ခိုင်းထားပြီး အားလုံးက ဒီမှာ ရှိနေတယ်"
အကြီးဆုံးအဒေါ်က နှစ်သစ်ကူးမတိုင်မီ တစ်လကျော်ကျော်ကတည်းက မြို့တော်သို့ ပြန်ရန် လင်းချန်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ လမ်းခရီး လွယ်ကူစေရန်နှင့် မြန်မြန်ရောက်နိုင်ရန်အတွက် သူမ၏ ကိုယ်ပိုင်ပစ္စည်းများနှင့် လိုအပ်သော ရိက္ခာများကိုသာ ယူဆောင်လာခဲ့သည်။ လင်းချန်မှ အထူးစားသောက်ကုန်များကိုတော့ ကုန်တင်ယာဉ်တန်းဖြင့် မှာယူခဲ့သည်။ သို့သော် ထိုယာဉ်တန်းက လမ်းခရီးတစ်လျှောက် အခြားဖောက်သည်များ ရှိနေပြီး ဆယ်ရက်ကျော်ခန့် ကြန့်ကြာသွားခဲ့ခြင်း ဖြစ်သည်။
ဝမ်ယဲ့က ဝမ်းသာအားရ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်မ အများကြီး စားရတော့မှာပဲ"
အကြီးဆုံးအဒေါ်က အားရပါးရ ရယ်မောရင်း ပြန်ပြောလိုက်သည်။
“စားချင်သလောက်စား၊ ဒီမနက်ပဲ လင်းချန်က အချဉ်ဖောက်ထားတဲ့ အစားအစာတွေနဲ့ လျှို့ဝှက်ငရုတ်အနှစ်တွေကို သေတ္တာနှစ်လုံးထဲ အပြည့် ထည့်ထားခိုင်းတယ်၊ ပြီးရင် နင်ရဲ့လူတွေကို အနောက်ဘက်ခြံဝန်းဆီ ပြန်သယ်သွားခိုင်းလိုက်ဦး"
သူမတို့ ထိုင်ပြီးနောက်တွင် အကြီးဆုံးအဒေါ်က စားပွဲအလယ်ရှိ ဟင်းတစ်ခွက်ကို ညွှန်ပြကာ မိတ်ဆက်ပေးနေသည်။
"ဒီဝက်လက်ပေါင်းက လင်းချန်ရဲ့ သီးသန့်ဟင်းအနှစ်နဲ့ ပေါင်းထားတာ၊ အိမ်တော်က စားဖိုမှူးတွေ ပုံမှန်လုပ်နေကျ အရသာနဲ့ မတူဘဲ ထူးခြားတဲ့ အရသာရှိတယ်"
ဝမ်ယဲ့က ထိုဟင်းကို လှမ်းကြည့်လိုက်သည်။ ဝက်လက်ပေါင်းက ဆီရောင်တလက်လက်ဖြင့် အမှန်တကယ် စားချင်စဖွယ် ဖြစ်နေလေသည်။
ထောင်ကျီက ဓားအသေးလေးဖြင့် ဝက်သားတစ်တုံးကို ဖဲ့ယူကာ ဝမ်ယဲ့ရှေ့မှ ပန်းကန်ပြားပေါ်သို့ တင်ပေးလိုက်သည်။
ဝမ်ယဲ့က တူကို ယူပြီး မြည်းစမ်းကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဆီများနေသလို ထင်ရသော်လည်း စားလိုက်သည့်အခါတွင်တော့ အီသွားခြင်း မရှိပေ။ အနည်းငယ် စပ်သော်လည်း ထပ်ပြီး မြည်းကြည့်လိုက်ချိန်တွင် အချိုအရသာလေး ပါနေသည်ကိုလည်း ခံစားရစေသည်။
အကြီးဆုံးအဒေါ်က ထပ်ပြောနေသေးသည်။
"တကယ်တော့ လင်းချန်မှာဆိုရင် ဒီထက်တောင် ပိုစပ်အောင် လုပ်လို့ ရသေးတယ်၊ နင်က ပထမဆုံးအကြိမ် မြည်းစမ်းတာဆိုတော့ အရမ်းစပ်နေမှာ တွေးပြီး စားဖိုမှူးကို အစပ်လျှော့ခိုင်းထားတာ"
ပန်းကန်ထဲမှ ဝက်သားတုံးကို စားပြီးနောက် ဝမ်ယဲ့က ပြန်ပြောလိုက်သည်။
"ကျွန်မက အစပ်ကို တော်တော်လေး ခံနိုင်ရည်ရှိပါတယ်"
အကြီးဆုံးအဒေါ်က ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဝမ်းသာစရာပဲ၊ ငါ လင်းချန်ကနေ ငရုတ်သီးတွေ အများကြီး သယ်လာခဲ့တယ်၊ အဲ့ဒါတွေက မြို့တော်က ငရုတ်သီးတွေထက် အများကြီး ပိုစပ်တယ်၊ မင်း မစားနိုင်မှာစိုးလို့ အနောက်ဘက်ခြံဝန်းအတွက် အများကြီး မထည့်ပေးလိုက်မိဘူး၊ ထမင်းစားပြီးရင်တော့ နောက်ထပ် တစ်အိတ် ပိုထည့်ပေးလိုက်မယ်"
ကလေးတွေဆိုသည်မှာ မည်သည့်ဟင်းက အရသာအရှိဆုံးဟု အမြဲတမ်း မခွဲခြားနိုင်သော်လည်း မည်သည့်ဟင်းက အမြင်အလှဆုံးလဲဆိုသည်ကိုတော့ ကောင်းကောင်း သိနေကြသည်။
ရွှီယွိရွှမ်က သူ့ပန်းကန်လုံးထဲမှ အရောင်မပါသော အသားတုံးလေးကို တစ်ချက်ကြည့်လိုက်၊ သူ့မေမေ ပန်းကန်ထဲမှ အရောင်အသွေး စိုပြည်ပြီး တလက်လက် တောက်ပနေသည့် နူးညံ့လှသော အသားတုံးကို တစ်ချက်ကြည့်လိုက်နှင့် ဖြစ်နေရှာသည်။
‘ရွှမ်အာလည်း စားချင်လိုက်တာ’
သို့သော်လည်း ဝက်လက်ပေါင်းက သိသိသာသာ စပ်နေသဖြင့် အထိန်းတော်ကျိက ကလေးအတွက် သင့်တော်ပါ့မလားဟု တွေးနေပြီး မဝံ့မရဲ ဖြစ်နေကာ ဝမ်ယဲ့ဆီမှ ညွှန်ကြားချက်တောင်းလိုက်သည်။
ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"အဲ့ဒါက လွယ်ပါတယ်"
သူမက အထိန်းတော်ကျိကို အနားသို့ ခေါ်လိုက်ပြီး နားနားကပ်ကာ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်သည်။
အထိန်းတော်ကျိ၏ နှုတ်ခမ်းက အနည်းငယ် တွန့်သွားသော်လည်း ဝမ်ယဲ့ ခိုင်းသည့်အတိုင်း လုပ်ဆောင်နေသည်။
ခဏအကြာတွင် အစေခံမလေးတစ်ဦးက ဝက်လက်ပန်းကန်နောက်တစ်ချပ်ကို ယူလာပြီး ဝမ်ယဲ့က ရွှီယွိရွှမ်၏ ရှေ့တည့်တည့်တွင် ချပေးလိုက်သည်။
"ကဲ... စားတော့"
ရွှီယွိရွှမ်က အထိန်းတော်ကျိကို ချက်ချင်း လှမ်းကြည့်ပြီး ကလေးဆန်ဆန်အသံလေးဖြင့် တိုက်တွန်းနေသည်။
"မားမား... ကျွေး"
အထိန်းတော်ကျိက အတုံးအသေးလေး တစ်တုံး ဖဲ့လိုက်ပြီး ထိုအတုံးကို ပိုသေးသည့် အသားစလေးများအဖြစ် ထပ်ပိုင်းပြီးမှ ရွှီယွိရွှမ်ကို ကျွေးလိုက်သည်။
ဝမ်ယဲ့က သူ့ကို ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်သည်။
"စားလို့ ကောင်းရဲ့လား"
ရွှီယွိရွှမ်က အားပါးတရ ခေါင်းညိတ်ပြနေသည်။
"အရမ်းကောင်းတယ်"
"ဒါဆိုလည်း အများကြီး စားရမယ်နော်"
ထိုဝက်လက်ကို ရေနွေးဖြင့် အထပ်ထပ် ဆေးချထားပြီး မူလအရသာ အနည်းငယ်သာ ကျန်နေတော့သည်။ သူ ဤမျှအထိ မြိန်ရေယှက်ရေ စားနေသည်ကို ကြည့်ရသည်မှာ အတော်ပင် ရယ်စရာကောင်းလှသည်။
ကလေးလေး အတော်လေး ဗိုက်ပြည့်သွားချိန်တွင် ဝမ်ယဲ့က အထိန်းတော်ကျိကို လှမ်းပြောလိုက်သည်။
"သူ့ကို ကျွန်မပဲ ကြည့်လိုက်တော့မယ်၊ ကျိမား သွားနားလို့ ရပါပြီ"
အထိန်းတော်ကျိက တွန့်ဆုတ်နေဆဲပင်။
"ဒါပေမယ့်..."
ရွှီယွိရွှမ်က ဝမ်ယဲ့၏ လေသံကို လိုက်တုကာ ဝင်ပြောလာခဲ့သည်။
"မားမား... သွား"
သခင်လေးငယ်လေးက ဗိုက်ဝနေပြီ ဖြစ်သလို ဝမ်ယဲ့ကလည်း အကြီးဆုံးအဒေါ်နှင့် သီးသန့်စကားပြောလိုသည်ဟု အထိန်းတော်ကျိ ထင်မှတ်သွားပြီး ဂါရဝပြုကာ ထွက်ခွာသွားသည်။
ဝမ်ယဲ့က ထောင်ကျီကို အကြည့်တစ်ချက် ပေးလိုက်ရာ သူမကလည်း အဓိပ္ပာယ်ကို နားလည်သွားပြီး လူတိုင်းကို နှုတ်ဆက်ကာ အပြင်သို့ ထွက်သွားသည်။
အကြီးဆုံးအဒေါ်က ထိုအခြေအနေကို မြင်နေသည့်တိုင် ဘာမှ ဝင်မပြောဘဲ သူမနှင့် ချွေးမဖြစ်သူ ယောင်ရှီအား အလုပ်အကျွေးပြုနေသည့် အစေခံမလေးများကိုပါ အပြင်ထွက်ရန် လက်ဟန်ပြလိုက်သည်။
အခန်းထဲ၌ သူမတို့သုံးဦးနှင့် ရွှီယွိရွှမ်သာ ကျန်ရှိနေမှသာ အကြီးဆုံးအဒေါ်က ဝမ်ယဲ့ကို အကဲခတ်သည့် လေသံဖြင့် မေးလိုက်သည်။
"နင် ဒါကို လက်နဲ့ပဲ ကိုင်စားချင်လို့ မဟုတ်လား"
ဝမ်ယဲ့က အပြုံးလေးဖြင့် ဝန်ခံလိုက်သည်။
"အကြီးဆုံးအဒေါ် ခန့်မှန်းတာ မှန်ပါတယ်"
အကြီးဆုံးအဒေါ်က လက်ကာပြရင်း ထပ်ပြောနေလေသည်။
"ဒါပေါ့... ငါ နင့်ကို နားလည်တာပေါ့၊ ဒီဝက်လက်ပေါင်းပဲဖြစ်ဖြစ်၊ သိုးနံရိုးကင်ပဲဖြစ်ဖြစ်၊ အတုံးလေးတွေ တုံးထားတာထက် လက်နဲ့ကိုင်ပြီး ကိုက်စားရတာက ပိုပြီးတော့ အရသာရှိတယ်"
တိတ်တဆိတ် နားထောင်နေသည့် ယောင်ရှီကတော့ အတိတ်မှ အဖြစ်အပျက်များကို ရုတ်တရက် ပြန်တွေးနေလေသည်။ ထို့နောက် သူမ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"ဪ... ဒါကြောင့်မို့လို့ အမေက ခဏခဏ အစေခံတွေကို အပြင်လွှတ်တာကိုး၊ အဲ့ဒါက..."
"လက်နဲ့ ခိုးစားဖို့အတွက်" ဆိုသည့် စကားလုံးက သူမ၏ နှုတ်ခမ်းဖျားသို့ ရောက်နေသော်လည်း ထုတ်မပြောဘဲ ထိန်းထားလိုက်ရသည်။
အကြီးဆုံးအဒေါ် သူမ၏မျက်မှာကို မရမက တည်ထားပြီး စိတ်ဆိုးချင်ဟန်ဆောင်ကာ ခပ်တင်းတင်း ပြန်မေးလိုက်သည်။
"ဘာလဲ... ငါ ငယ်ငယ်တုန်းက ဒီလိုမျိုး ပျော်ရွှင်ခွင့် မရခဲ့ဘူး၊ အခု အသက်ကြီးမှ လက်နဲ့ကိုင်စားတာကို ခွင့်မပြုချင်ဘူးလား"
ဝမ်ယဲ့၏ အမြင်တွင် အကြီးဆုံးအဒေါ်က သူမကိုယ့်သူမ သေသေချာချာ ထိန်းသိမ်းထားသဖြင့် အသက်ကြီးပြီဟု မဆိုနိုင်သေးပေ။ သူမက မျိုးရိုးမြင့် အမျိုးသမီးတစ်ဦးနှင့် ပိုတူနေသည်။
ယောင်ရှီက အမြန် ငြင်းလိုက်သည်။
"ကျွန်မ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး အမေရယ်၊ အမေ ကြိုက်သလို စားလို့ရပါတယ်"
သူမ၏ ယောက္ခမ မုဆိုးမဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သလို သူမ၏ဘဝတစ်လျှောက်လုံး မိသားစုအတွက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည်။ မျိုးဆက်သစ် တစ်ယောက်အနေဖြင့် ဤကဲ့သို့ အသေးအဖွဲ ကိစ္စလေးကို သူမ မည်သို့မျှ ကန့်ကွက်မည်မဟုတ်ပေ။
သူမက အတော်လေး ကြောက်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခုကို မတော်တဆ သိလိုက်ရသလိုမျိုးသာ ခံစားနေရသည်။
ထိုသို့ဖြင့် အကြီးဆုံးအဒေါ်က ချွေးမဖြစ်သူ၏ ရှေ့မှောက်မှာပင် ဝက်လက်ပေါင်းကို လက်ဖြင့် ပေါ်ပေါ်ထင်ထင် ကိုင်စားနေလေသည်။
ဝမ်ယဲ့ကလည်း ထိုနည်းတူပင်။
ထမင်းကို ဇွန်းအသေးလေးဖြင့် မနိုင်မနင်း စတင်စားတတ်နေပြီ ဖြစ်သော ရွှီယွိရွှမ်က အကြီးဆုံးအဒေါ်နှင့် ဝမ်ယဲ့တို့ လက်ဖြင့် စားနေကြသည်ကို မြင်သွားပြီး ပျော်စရာကောင်းသည်ဟု ထင်မှတ်ကာ သူလည်း လိုက်စားချင်စိတ် ပြင်းပြနေရှာသည်။
ဝမ်ယဲ့က သူ့စိတ်ဝင်စားမှုကို သတိထားမိနေသည်။ လူကြီးတစ်ယောက်အနေဖြင့် သူမတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း ရွှီယွိရွှမ်ကတော့ ငယ်လွန်းသဖြင့် သူ့ကိုယ်သူ စီမံခန့်ခွဲနိုင်စွမ်း မရှိသေးပေ။ သူ ဤကဲ့သို့ အလေ့အကျင့်ဆိုးများ ရသွားမည်ကို ဝမ်ယဲ့ မလိုလားပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ယဲ့က သူမ၏ တူကို ကောက်ကိုင်ကာ ဝက်လက်ပေါ်ရှိ ငရုတ်ဆီနည်းနည်း တို့ယူပြီး သူ မြည်းစမ်းကြည့်နိုင်ရန် ကမ်းပေးလိုက်သည်။
ရွှီယွိရွှမ်က ရှေ့သို့ တိုးကာ စပ်စုချင်စိတ်ဖြင့် တူကို လျှာဖျားလေးဖြင့် လျက်ကြည့်လိုက်သည်။ အစပ်ဒဏ်က သူ့ကို လွှမ်းမိုးသွားပြီး သူ အသက်ကို တဟူးဟူးနှင့် ပြင်းပြင်းရှူနေလေသည်။
"မေမေ"
သူ့မျက်လုံးလေးများ နီရဲလာကာ ငိုမဲ့မဲ့လည်း ဖြစ်နေသေးသည်။
ဝမ်ယဲ့က အခြားလက်တစ်ဖက်ဖြင့် သူ့အတွက် ရေနွေးနွေးတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။
"ရွှမ်အာ လက်နဲ့ ကိုင်စားမလား၊ ဒါမှမဟုတ် ကျိမား ပြင်ပေးထားတဲ့ အသားကိုပဲ ဆက်စားမလား"
ရွှီယွိရွှမ်က မျက်ရည်ဝဲလျက် ခေါင်းကို အသည်းအသန် ခါယမ်းပြနေသည်။
"လက်နဲ့.... မစားဘူး၊ မားမား... အသားပဲ စားမယ်"
ဝမ်ယဲ့၏နှုတ်ခမ်းလေး တွန့်သွားပြီး အကယ်၍ အထိန်းတော်ကျိသာ ရွှီယွိရွှမ်က သူမ၏ အသားအား တောင်းနေသည်ဟု ကြားလျှင် မည်သို့ ခံစားရမည်ကို တွေးနေမိသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယောင်ရှီကတော့ မှင်တက်နေရှာသည်။ သူမ၏ ယောင်းမဝမ်းကွဲထံတွင် ထူးဆန်းပြီး မကုန်ဆုံးနိုင်သော နည်းလမ်းများ ရှိနေသလို သူမ ခံစားနေသည်။
အကြီးဆုံးအဒေါ်ကလည်း အားလုံးကို တိတ်တဆိတ် ကြည့်နေပြီး သူမ၏ တူချွေးမတော်စပ်သူ ဝမ်ယဲ့က ကလေးထိန်းသည့်နေရာတွင် တစ်မူထူးခြားသည့် နည်းလမ်းရှိသည်ဟု စိတ်ထဲမှ မှတ်ချက်ချနေသည်။
သူမ၏သားနှင့် အခွင့်အရေး မရှိတော့သော်လည်း ကံကောင်းသည်က သူမ ကျန်းမာရေးကောင်းသဖြင့် သူမ၏ မြေးများ ရွှီယွိရွှမ်၏ အရွယ်သို့ ရောက်လာသည်အထိ မြင်တွေ့ခွင့် ရနိုင်ပေလိမ့်မည်။
ဝမ်ယဲ့က ရေဆေးထားသော ဝက်လက်အတုံးအချို့ကို ထပ်မံဖဲ့ယူကာ ရွှီယွိရွှမ်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး သူ့ဘာသာ ဇွန်းဖြင့် ခပ်စားစေလိုက်သည်။
တစ်ခါစားရရန် အကြိမ်ကြိမ် ကြိုးစားနေရသော်လည်း ဗိုက် အတော်လေး တင်းနေပြီဖြစ်သလို အစပ်လည်း ကြောက်သွားပြီဖြစ်သော ရွှီယွိရွှမ်က ထိုသို့ ကြိုးစားနေရသည်ကို အရေးမစိုက်တော့ပေ။
အမှန်စင်စစ်တွင် တူဖြင့် တို့၍ မြည်းစမ်းခဲ့သော အစပ်က ထိုမျှအထိ မစပ်သော်လည်း အစပ်တစ်ခါမှ မစားဖူးသော ရွှီယွိရွှမ်အတွက်တော့ ထိုအနည်းငယ်ကပင် အလွန်အမင်း ပြင်းထန်လွန်းနေခဲ့သည်။
နေ့လယ်စာ စားပြီးနောက် အထိန်းတော်ကျိနှင့် အခြားသူများ ပြန်ရောက်လာကာ စားပွဲပေါ်မှ အစားအစာများကို သိမ်းဆည်းပြီး လက်ဖက်ရည် တည်ခင်းပေးကြသည်။
ဝမ်ယဲ့က ပလုတ်ကျင်းလိုက်ပြီး အထိန်းတော်ကျိအား ရွှီယွိရွှမ်၏ ပါးစပ်၊ နဖူး၊ ပါးပြင်နှင့် နားသီးများပေါ်မှ နှုတ်ခမ်းနီ အမှတ်အသားများကို သုတ်ခိုင်းလိုက်သည်။
သခင်မလု မကြာမီ အိမ်တော်သို့ ပြန်ရောက်တော့မည်ဖြစ်ရာ သဲလွန်စအားလုံးကို အမြန်ဖျောက်ဖျက်ရန် လိုအပ်နေသည်။
.......။.......။........
နှစ်သစ်ကူးဒုတိယနေ့တွင် ဝမ်ယဲ့က သခင်မလု ပြင်ပေးလိုက်သည့် လက်ဆောင်များနှင့်အတူ သူမ၏ မိဘအိမ်သို့ ပြန်လာခဲ့သည်။ ရွှီယွဲ့ကျားက ရွှီယွိရွှမ်ကိုပါ ခေါ်လာခဲ့ပြီး မိသားစုသုံးယောက်သည် ရထားလုံးဖြင့် ဝမ်အိမ်တော်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
နယ်စားမင်းအိမ်တော်မှ ပေးလိုက်သော နှစ်သစ်ကူးလက်ဆောင်များအပြင် ဝမ်ယဲ့က သူမ၏ ကိုယ်ပိုင်လက်ဆောင်များကိုလည်း ပြင်ဆင်လာခဲ့သေးသည်။ ထိုလက်ဆောင်များက ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့အတွက် ဖြစ်သည်။
ယခုတစ်ခေါက် ဝမ်အိမ်တော်သို့ လာရောက်ခြင်းက မင်္ဂလာဆောင်ပြီး ပြန်လာတုန်းကလို ကြီးကျယ်ခမ်းနားမှု မရှိတော့ပေ။ အကြောင်းမှာ ဝမ်မိသားစုတွင် အိမ်ထောင်ကျပြီးသား သမီးများက တစ်ယောက်ထက်မက ရှိနေသောကြောင့် ဖြစ်သည်။
ရွှီယွိရွှမ်ကို အထိန်းတော်ကျိက ချီထားဆဲဖြစ်ပြီး ဝမ်ယဲ့၏ နောက်မှလိုက်ကာ သခင်မရှန်း၏ ခြံဝန်းသို့ သွားခဲ့ကြသည်။
ရွှီယွဲ့ကျားကိုတော့ အစေခံတစ်ဦးက အရှေ့ခြံဝန်းသို့ ခေါ်ဆောင်သွားပြီး ဝမ်ယဲ့၏ ဖခင်၊ အစ်ကိုနှစ်ဦးနှင့် အခြားသော ယောက်ဖများနှင့် တွေ့ဆုံစေသည်။
နယ်စားမင်းအိမ်တော်က ဝမ်အိမ်တော်နှင့် အဝေးဆုံးဖြစ်သဖြင့် ဝမ်ယဲ့က နောက်ဆုံးမှ ရောက်ရှိလာသူ ဖြစ်သည်။
ရွှီယွိရွှမ်က ပထမတစ်ခေါက် လာစဉ်ကလို မကြောက်ရွံ့တော့ပေ။ သူ၏ မျက်လုံးများက မရင်းနှီးသော ပတ်ဝန်းကျင်နှင့် လူများအပေါ် သိလိုစိတ်ဖြင့် တောက်ပနေသည်။
ယန်ရှီပင်လျှင် သတိထားမိသွားပြီး သူမ၏ လင်ညီမဖြစ်သူ လျိုရှီကို တိုးတိုးလေး ပြောနေသည်။
"စတုတ္ထညီမလေးက ယွိရွှမ်ကို တကယ်ပဲ ကောင်းကောင်း ပြုစုပျိုးထောင်ထားတာပဲ"
ကိုယ်ဝန်ရှိနေသောကြောင့် ဖြစ်နိုင်သလို လျိုရှီ၏ ဝမ်းဗိုက်က သိသိသာသာ ထွက်နေပြီး ကလေးငယ်များကို ကြည့်သည့် အကြည့်များကလည်း ပိုမိုနူးညံ့လာခဲ့သည်။
သူမက ခေါင်းညိတ်ရင်း ထောက်ခံစကား ဆိုလိုက်သည်။
"ယွိရွှမ်က တကယ်ပဲ လိမ္မာယဉ်ကျေးပြီး နာခံတတ်တဲ့ ပုံစံလေးပဲ"
ဝမ်ယဲ့နှင့် သူမ၏ လင်ပါသားလေးတို့ အဆင်ပြေပြေ ရှိနေကြသည်က ကောင်းသော အချက် ဖြစ်ပြီး ၎င်းက လူတိုင်းကို စိတ်အေးစေသည်။
ဝမ်ယဲ့က သူမ၏ ညီမငယ် ဝမ်ရန်ဘေးတွင် ထိုင်လိုက်သည်။ နှစ်လ၊ သုံးလခန့် ခွဲခွာခဲ့ရပြီးနောက် ဝမ်ရန်က ပိုအရပ်ရှည်လာပြီး ပိုသွယ်လျလာသည်။
ဝမ်ရန်၏ အကြည့်များကလည်း ဝမ်ယဲ့သွားလေရာသို့ လိုက်ပါနေသည်။ ဝမ်ယဲ့ ထိုင်လိုက်သည်နှင့် သူမက ဝမ်ယဲ့နားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“စတုတ္ထအစ်မ... ကျွန်မနဲ့ ယိနျန်းက အစ်မကို အရမ်းသတိရနေတာ”
ဝမ်ယဲ့က သူမ၏ မျက်နှာလေးကို ညင်သာစွာ ထိကြည့်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ညီမလေးအတွက် နှစ်သစ်ကူးလက်ဆောင်တွေ ယူလာခဲ့တယ်"
ဝမ်ရန်၏ မျက်လုံးလေးများက သိသိသာသာ တောက်ပလာပြီး သူမ၏ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးလေးများ လင်းလက်လာသည်။ သူမ၏ စတုတ္ထအစ်မက သူမနှင့် ကိုယ်လုပ်တော်ချန်းကို မမေ့သေးသည့်အတွက် သူမ အလွန်ပျော်ရွှင်နေလေသည်။ နှစ်သစ်ကူးလက်ဆောင်အကြောင်း ပြောရလျှင်လည်း သူမနှင့် ကိုယ်လုပ်တော်ချန်းတို့က ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။
သခင်မရှန်း၏ ခြံဝန်းတွင် နာရီဝက်ကျော်ခန့် ထိုင်ပြီးနောက် သခင်မရှန်းက အခြားသမီးများကို ပြန်ခိုင်းရန် အကြောင်းပြချက်တစ်ခု ရှာလိုက်သည်။
သခင်မရှန်းတွင် ဝမ်ယွိဝန်ဟူသော သမီးတစ်ယောက်တည်းသာ ရှိပြီး နှစ်သစ်ကူးဒုတိယနေ့ ရှားရှားပါးပါး အိမ်ပြန်လာချိန်တွင် သူမ၏ သမီးနှင့်အတူ သီးသန့် အချိန်ကုန်ဆုံးကာ တီးတိုးစကားပြောချင်သည်က ပုံမှန်သာ ဖြစ်သည်။
ဝမ်လန်ကလည်း ယခုတစ်ခေါက်တွင် သူမ၏ သားကို ခေါ်လာခဲ့သည်။ မြေးကို တစ်ခါမှ မမြင်ဖူးသေးသော ကိုယ်လုပ်တော်ကွေ့ကို ပြသရန် ရည်ရွယ်ချက်ဖြင့် သူမ အရင်ဆုံး ထွက်သွားခဲ့သည်။
ဝမ်ဟွေ့ကတော့ သူမ၏ အကြီးဆုံးသားနှင့် ဒုတိယသားကို ခေါ်လာခဲ့သည်။ အငယ်ဆုံးလေးက ငယ်လွန်းသေးသဖြင့် ယောက္ခမ၏ စောင့်ရှောက်မှုအောက်တွင် ထားခဲ့ရသည်။
သူမက သူမ၏သားနှစ်ယောက်ကို ခေါ်ပြီး ဝမ်ယဲ့ဘေးမှ ဖြတ်သွားစဉ် တမင်သက်သက် "ဟွန့်" ဟု အကျယ်ကြီး အသံပြုသွားသေးသည်။
ဝမ်ယဲ့ : "..."
‘တကယ့်ကို ကလေးဆန်တာပဲဟယ်’
ဝမ်ရန်က အပြင်တွင် သူမကို စောင့်နေဆဲဖြစ်သဖြင့် ဝမ်ယဲ့က ဝမ်ဟွေ့နှင့် ငြင်းခုံရန် စိတ်မဝင်စားပေ။ သူမက ခေါင်းငုံ့ကာ ရွှီယွိရွှမ်ကို ပြောနေခဲ့သည်။
"သားကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ တစ်ခုက ကျိမားနဲ့အတူ ဖေဖေ့ဆီကို သွားမလား၊ နောက်တစ်ခုက ကျိမားကို ခဏဖယ်ခိုင်းပြီး မေမေနဲ့အတူ ရှီးစွေ့ခြံဝန်းကို လိုက်မလား"
လအနည်းငယ်အတွင်းမှာပင် ဝမ်ယဲ့က ရွှီယွိရွှမ်အား အလုပ်အကျွေးပြုနေသူများအကြောင်း အတော်အတန် နားလည်လာခဲ့သည်။ သူတို့က နှုတ်လုံကြပြီး ကိုယ့်နေရာကိုယ် သိကြသည်။ စည်းကမ်းဘောင်အတွင်း၌ အမိန့်ကို တိတိကျကျ နာခံတတ်ကြပြီး ဘောင်ကျော်ခြင်း၊ ကိုယ်ပိုင်သဘောဖြင့် လုပ်ဆောင်ခြင်းမျိုး မရှိကြပေ။
"မေမေ သားကို စဉ်းစားဖို့ ခဏအချိန်ပေးမယ်"
ဝမ်ယဲ့က ထပ်ပြောလိုက်သည်။
သို့သော် ခဏပင် မကြာလိုက်ဘဲ ရွှီယွိရွှမ်က မျက်တောင် နှစ်ခါခတ်လိုက်ပြီး သူ့ကို အကြာဆုံး ပြုစုလာသည့် အထိန်းတော်ကို လှည့်ပြောလိုက်သည်။
"မားမား... ဖယ်... ဖယ်ပေး"
အထိန်းတော်ကျိ : "..."
‘ဒီအစေခံအိုကြီး မအံ့သြတော့ပါဘူးလေ’
ဝမ်ရန်က ခြံဝန်းထဲတွင် စောင့်နေပြီး ဝမ်ယဲ့နောက်တွင် ရွှီယွိရွှမ် ပါလာသည်ကို မြင်သွားကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"တူလေး... တူလေးကလည်း ကျွန်မတို့နဲ့ လိုက်မှာလား"
အထိန်းတော်ကျိ ပါမလာသဖြင့် ရွှီယွိရွှမ်ကို ပင်မခြံဝန်းမှ ရှီးစွေ့ခြံဝန်းအထိ ချီရန် တာဝန်က ယွင်ကျီနှင့် ထောင်ကျီတို့အပေါ် ကျရောက်သွားသည်။
လတ်တလောတွင် ရွှီယွိရွှမ်က ယွင်ကျီ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး လိမ္မာယဉ်ကျေးသော ပုံစံလေး ရှိနေသည်။ ဝမ်ရန်က သူ့ကို နှစ်ခါသာ မြင်ဖူးသော်လည်း သူ့အပေါ် အမြင်ကတော့ အတော်လေး ကောင်းမွန်နေသည်။
သွေးသားမတော်စပ်သော်လည်း ဤတူလေးက သူမ၏ စတုတ္ထအစ်မဝမ်ယဲ့ကို ကြီးပြင်းလာသည်အထိ ဆက်ချစ်ခင်မြတ်နိုးနေရန် သူမ အလေးအနက် ဆုတောင်းနေမိသည်။ အနည်းဆုံးတော့ စာအုပ်အချို့တွင် ဖော်ပြထားသကဲ့သို့ ရန်လိုသော ဆက်ဆံရေးမျိုး မဖြစ်ဘဲ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရန် သူမ မျှော်လင့်နေမိသည်။
ကိုယ်လုပ်တော်ချန်း ခြံဝန်းတံခါးဝ၌ စောင့်နေသည်မှာ အချိန်အတော်ကြာနေချေပြီ။
သူမ၏ကလေးများကို အဝေးမှ လှမ်းမြင်လိုက်ရသည်နှင့် သူမက မျက်ရည်အဝဲသားဖြင့် ပြေးထွက်လာသည်။ ဝမ်ယဲ့၏ အရပ်ရှည်ရှည်နှင့် အနည်းငယ် ပိုစိုပြည်လှပလာသော ကိုယ်လုံးလေးကို အသေအချာ စစ်ဆေးကြည့်ပြီးနောက် သူမ၏ လျှာဖျားသို့ ရောက်နေသည့် "ပိန်သွားတယ်နော်" ဆိုသည့် စကားကို ပြန်မျိုချလိုက်ရသည်။
ကိုယ်လုပ်တော်ချန်းက ခဏမျှ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် အလောတကြီး တိုက်တွန်းလိုက်သည်။
"အထဲဝင်ရမယ်၊ အပြင်မှာ အေးတယ်"
ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်း၏ အကြည့်များထဲမှ အဓိပ္ပာယ်ကို နားလည်နေပြီး ပြုံးနေမိသည်။ ထို့နောက် နယ်စားမင်းအိမ်တော်မှ ပေးလိုက်သော လက်ဆောင်များနှင့် သူမကိုယ်တိုင် ပြင်ဆင်လာသော လက်ဆောင်များကို အထဲသို့ သယ်လာရန် အစေခံများအား ညွှန်ကြားလိုက်သည်။
သခင်မလုက ကိုယ်လုပ်တော်တစ်ဦးအတွက် နှစ်သစ်ကူးလက်ဆောင်ကို ဘယ်တော့မှ ပြင်ဆင်ပေးမည်မဟုတ်ပေ။ သူမ ဆန္ဒရှိလျှင်ပင် ဓလေ့ထုံးစံများက ခွင့်မပြုချေ။ ရှီးစွေ့ခြံဝန်းသို့ ပို့လိုက်သော လက်ဆောင်သေတ္တာက ဝမ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော် သခင်မလုက ဝမ်ရန်ကို ကောင်းကောင်းမသိသောကြောင့် ဖြစ်နိုင်သလို သေတ္တာထဲရှိ ပစ္စည်းများထဲမှ တစ်ခု၊ နှစ်ခုလောက်က ဝမ်ရန်နှင့် မသင့်တော်ဘဲ ကိုယ်လုပ်တော်ချန်းနှင့် ကွက်တိ ဖြစ်နေခဲ့သည်။
ဝမ်ယဲ့က ထိုအချက်ကို သတိထားမိလိုက်ပြီး နားလည်သွားသော အရိပ်အယောင်များနှင့်အတူ သူမ၏ မျက်လုံးလေးများ လက်ခနဲ ဖြစ်သွားသည်။
ကိုယ်လုပ်တော်ချန်းကတော့ ထိုသို့မတွေးပေ။ သူမက အမှန်တကယ် မှားထည့်ပေးလိုက်သည်ဟုသာ ရိုးရိုးသားသား ထင်မှတ်နေပြီး ပစ္စည်းများကို သိမ်းဆည်းရန် ကျင်းကျူးကို ညွှန်ကြားနေသည်။ ထို့နောက် ဝမ်ယဲ့အတွက် သူမ ပြင်ဆင်ထားသော နှစ်သစ်ကူးလက်ဆောင်များကို ထုတ်ပြနေသည်။
သူမက စကားပြောနေရင်း ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ပြနေသည်။
ကိုယ်လုပ်တော်ချန်းကိုယ်တိုင် တစ်ချက်ချင်း စိတ်ရှည်လက်ရှည် ထိုးထားသော ဝတ်ရုံရှည်တစ်ထည်၊ ဖိနပ်များ၊ ခြေအိတ်များနှင့် အမွှေးနံ့သာအိတ်တစ်လုံး ဖြစ်သည်။ ၎င်းတို့က အလွန်တရာ အဖိုးတန်လှသော အရာများ မဟုတ်သော်လည်း သူမ တတ်နိုင်သမျှထဲတွင် အကောင်းဆုံး ပစ္စည်းများ ဖြစ်သည်။
အထည်သားကလည်း သူမ ဖြည်းဖြည်းချင်း စုဆောင်းထားသည့် အရည်အသွေးမြင့် အထည်မျိုး ဖြစ်သည်။ ဝတ်ရုံက အစိမ်းနုရောင်ဖြစ်ပြီး ရိုးရှင်းသော ပန်းပွင့်လေးများဖြင့် ပုံဖော်ထားသောကြောင့် နွေဦးရာသီအစောပိုင်း အပြင်ထွက်သည့်အခါ ဝတ်ဆင်ရန် အလွန်သင့်တော်နေလေသည်။
ကိုယ်လုပ်တော်ချန်း၏ စိတ်ရင်းစေတနာပါသော လက်ဆောင်များနှင့် နှိုင်းယှဉ်လျှင် ဝမ်ရန်၏ လက်ဆောင်များက ပိုပွင့်လင်းနေသည် ဆက်ချစ်ခင်မြတ်နိုးနေပြီး ။ ပုံပြင်စာအုပ် တစ်သေတ္တာနှင့် ငွေအိတ်လေးတစ်လုံး ဖြစ်သည်။
ပုံပြင်စာအုပ်သေတ္တာကို မြင်လိုက်ရချိန်တွင် ကိုယ်လုပ်တော်ချန်း၏ နားထင်ကြောများ ဆတ်ခနဲ တုန်သွားသည်။ သူမ၏ သမီးကြီး မင်္ဂလာဆောင်သည့်နေ့က ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုကို ပြန်အမှတ်ရသွားပြီးနောက် သူမ ချက်ချင်း ဝင်တားလိုက်သည်။
"ယဲ့အာ... ဒီပုံပြင်စာအုပ်တွေကို မယူသွားသင့်ဘူး"
ဝမ်ရန်ကတော့ ဇဝေဇဝါ ဖြစ်နေရှာသည်။
"ဘာလို့လဲ... စတုတ္ထအစ်မက ဒါတွေကို ဖတ်ရတာ အရမ်းကြိုက်တယ်လေ"
ကိုယ်လုပ်တော်ချန်းက သူမ၏ သမီးငယ်က မည်သည့်အချိန်တွင် ဤစာအုပ်သေတ္တာကို တိတ်တဆိတ် ပြင်ထားမှန်း မသိခဲ့သလို၊ အများကြီးလည်း ရှင်းမပြနိုင် ဖြစ်နေသည်။ သူမက အဆင်ပြေသလို ရှင်းပြလိုက်သည်။
"နင့်အစ်မက အခု အိမ်ထောင်ကျသွားပြီလေ၊ သူ ပုံပြင်စာအုပ်တွေ အများကြီး မဖတ်သင့်တော့ဘူး"
ဝမ်ရန်မှာ အံ့သြသွားပြီး သူမကိုယ်သူမ ပြန်တွေးကာ ကြောက်ရွံ့စိတ်ဖြင့် အလောတကြီး မေးလိုက်သည်။
"ဒါဆို အိမ်ထောင်ကျသွားတာနဲ့ ပုံပြင်စာအုပ်တွေ ဖတ်လို့မရတော့ဘူးလား၊ အဲ့ဒါက ဘာစာအုပ်မှ ဖတ်လို့မရတော့ဘူးလို့ ဆိုလိုတာလား"
ကိုယ်လုပ်တော်ချန်း : "စာအုပ်တွေကတော့ ဖတ်လို့ ရပါသေးတယ်"
ဝမ်ရန်တစ်ယောက် ချက်ချင်း စိတ်သက်သာရသွားပြီး သက်ပြင်းချနိုင်သွားသော်လည်း ဆက်မေးမြန်းနေဆဲပင်။
"ဒါဆိုရင် ဘာလို့ ပုံပြင်စာအုပ်တွေ ဖတ်လို့မရတာလဲ"
လွန်ခဲ့သော ရက်အနည်းငယ်တွင် မိသားစုဆရာက ခရီးသွားမှတ်တမ်းများနှင့် အထွေထွေဗဟုသုတ စာအုပ်အချို့ကို လမ်းညွှန်ပေးခဲ့သည်။ ဝမ်ရန်က စာအုပ်ဆိုင်မှ ထိုစာအုပ်နှစ်အုပ် သွားဝယ်ခဲ့သည်။ သူမ စာလုံးအားလုံးကို တတ်မြောက်ထားပြီး ဖြစ်သောကြောင် ဆရာညွှန်ကြားသော ခရီးသွားမှတ်တမ်းများက စိတ်ဝင်စားစရာကောင်းရုံသာမက သူမ၏ အမြင်ကိုလည်း ကျယ်ပြန့်စေခဲ့သည်။
ကိုယ်လုပ်တော်ချန်းကိုယ်တိုင်ကလည်း ထက်မြက်လှသူ မဟုတ်ပေ။ သူမ၏ သမီးကြီး ငယ်စဉ်က ပညာရေးတွင် အားနည်းခဲ့ခြင်းက သူမဆီမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်ဟု တစ်ချိန်လုံး ယုံကြည်နေခဲ့ပြီး ထိုအပြစ်မကင်းစိတ်ဖြင့် နှစ်ပေါင်းများစွာ နေလာခဲ့သူ ဖြစ်သည်။
ဝမ်ယဲ့လည်း မနေသာတော့ဘဲ ကြားဝင်စေ့စပ်ပေးလိုက်သည်။
"ကဲပါ... ပုံပြင်စာအုပ်တွေကိုတော့ ငါ ယူသွားမယ်၊ ဒါပေမယ့် ငွေတွေကိုတော့ ညီမလေးပဲ သိမ်းထားလိုက်ပါ၊ အစ်မမှာ ပိုက်ဆံအလုံအလောက် ရှိတယ်"
ဝမ်ရန်က ဇွတ်အတင်း ပေးနေသေးသည်။
"စတုတ္ထအစ်မ... ကျွန်မတို့နဲ့ ယိနျန်းမှာလည်း ငွေမရှားပါဘူး၊ ဒါတွေက အစ်မအတွက်ပါ"
ဝမ်ယဲ့က စိတ်ရင်းဖြင့် ပြုံးလိုက်ပြီး သူမဘေးတွင် ထိုင်နေသော ရွှီယွိရွှမ်ကို ညင်ညင်သာသာ ပုတ်ပေးရင်း ပြောပြလိုက်သည်။
"သူ့ရဲ့ အကြီးဆုံးအဒေါ် သခင်မလုက ငါ့အပေါ် တကယ်ကောင်းတယ်"
‘ပြောရရင်တော့ လက်တစ်ချက် ဝှေ့လိုက်ရုံနဲ့ ကျောက်သံပတ္တမြားများကို လက်ဆောင်ပေးပြီး ငွေလဲလက်မှတ်တွေကိုလည်း ရက်ရက်ရောရော ပေးသေးတာနော်’
ကိုယ်လုပ်တော်ချန်းက စိုးရိမ်တကြီး မေးလာခဲ့သည်။
"ဒါဆိုရင် သူ့ရဲ့ အဖေကရော"
ဝမ်ယဲ့က သူမ စကားမှားသွားမှန်း နားလည်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။
‘သွားပြီ.... ငါ ရွှီယွဲ့ကျားအကြောင်း ပြောဖို့ မေ့သွားတာဟ’
ခဏမျှ စဉ်းစားပြီးနောက် သူမက အတည်ပေါက်ဖြင့် ပြန်ဖြေလိုက်သည်။
"သူကလည်း အတော်လေး လိုက်လျောညီထွေ ရှိပါတယ်"
'အထူးသဖြင့် အိပ်ရာထဲမှာပေါ့လေ'
ကိုယ်လုပ်တော်ချန်းက ဝမ်ယဲ့ လိမ်ပြောနေပုံမရသည်ကို မြင်သွားပြီး အနည်းငယ် စိတ်အေးသွားသည်။ သူမ၏ သမီးနှင့် သမက်တို့ အဆင်ပြေနေကြသည်က ကောင်းသော အချက်ပင်။
ထို့နောက် ဝမ်ယဲ့က သူမ ပြင်ဆင်လာသော လက်ဆောင်များကို ထုတ်ပေးလိုက်သည်။ ကိုယ်လုပ်တော်ချန်းအတွက် အရည်အသွေးမြင့် နှုတ်ခမ်းနီနှင့် မျက်နှာချေမှုန့်တစ်ဘူး ဖြစ်သည်။ မည်သည့်အမျိုးသမီးမဆို အသက်အရွယ်မရွေး အလှအပ၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ကြပေ။
သို့သော် ကိုယ်လုပ်တော်ချန်းက သူမ၏ နှလုံးသားကို နှစ်ခြမ်းခွဲကာ သူမ၏ ချစ်ခြင်းမေတ္တာအားလုံးကို သမီးနှစ်ယောက်ဖြစ်သော ဝမ်ယဲ့နှင့် ဝမ်ရန်တို့ ပေးဆပ်ထာခဲ့သည်။ သူမကိုယ်တိုင်အတွက်တော့ ဘာမှ ချန်မထားခဲ့သူ ဖြစ်သည်။ သူမ၏ စိတ်နေစိတ်ထားကို မပြောင်းလဲနိုင်သဖြင့် ဝမ်ယဲ့လည်း သမီးတစ်ယောက်အနေဖြင့် သူမကိုယ်တိုင် အစအဆုံး စီစဉ်ပေးရသည်။
ကိုယ်လုပ်တော်ချန်း ပုံမှန်သုံးနေကျ နှုတ်ခမ်းနီနှင့် မျက်နှာချေမှုန့်များကို ဝမ်ယဲ့ကသာ အမြဲပြင်ဆင်ပေးလေ့ရှိသည်။ သို့သော် သူမ တစ်ချက်နမ်းကြည့်ရုံဖြင့် ဤပစ္စည်းများက သူမ ယခင်က သုံးခဲ့ဖူးသမျှထက် အများကြီး ပိုဈေးကြီးကြောင်း ကိုယ်လုပ်တော်ချန်း သိနိုင်သေးသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဝမ်ယဲ့က သူမကို 'ဦးနှောက်ဆေး' ထားခဲ့သည်။ အကယ်၍ သမီးများ ပေးသည့် သိတတ်မှုလက်ဆောင်များကို ငြင်းပယ်လျှင် ၎င်းက သမီးများကို မချစ်ရာရောက်သည်ဟူ၍ပင်။
ရလဒ်အနေဖြင့် ကိုယ်လုပ်တော်ချန်းတစ်ယောက် ဝမ်ယဲ့ သုံးလိုက်ရမည့် ငွေပမာဏအတွက် ရင်နာနေမိသော်လည်း စကားတစ်ခွန်းမှ မဟရဲဘဲ နှုတ်ခမ်းနီနှင့် မျက်နှာချေဗူးကို လက်ခံလိုက်ရသည်။
ဝမ်ရန်အတွက် စုတ်တံ၊ မင်၊ စက္ကူနှင့် မှင်ကျောက် အစုံအလင်အပြင် ရွှေမျောက်ရုပ်လေးများ ထည့်ထားသည့် သေတ္တာအသေးလေး တစ်လုံးလည်း ပါဝင်သည်။ မျောက်ရုပ်လေး တစ်ရုပ်ချင်းစီက သခင်မလု ရွှီယွိရွှမ်ကို ပေးခဲ့သည့်ဝက်ရုပ်လေးများထက် ပိုသေးငယ်နေသည်။
ထို့အပြင် ဝမ်ယဲ့က အများကြီး မပြင်ဆင်ထားပေ။ ဝမ်ရန်က မျောက်နှစ်တွင် မွေးဖွားသူ ဖြစ်ပြီး နောက်ထပ် နှစ်လအကြာတွင် အသက် ခုနစ်နှစ် ပြည့်တော့မည် ဖြစ်သည်။ ထို့ကြောင့် ထိုသေတ္တာထဲတွင် ရွှေမျောက်ရုပ်လေး ခုနစ်ရုပ်တိတိ ရှိနေသည်။
ရွှီယွိရွှမ်က ရွှေမျောက်ရုပ်လေးများကို မြင်သွားပြီး သူ့၏ ရွှေဝက်စုဘူးကြီးကို သတိရသွားပုံဖြင့် မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ဝမ်ယဲ့က သူ့ကို ကြိုတင် တားမြစ်လိုက်သည်။
"ဒါတွေက သားအတွက် မဟုတ်ဘူး၊ သားမှာ ရွှေဝက်ရုပ်ကြီး ရှိပြီးသားနော်၊ ရောင့်ရဲတတ်အောင် သင်ယူရမယ်"
ထိုသို့ပြောပြီးနောက် သူမက သစ်သားသေတ္တာလေး၏ အဖုံးကို ပိတ်လိုက်ကာ ရွှီယွိရွှမ်၏ အမြင်ကို ပိတ်ဆို့လိုက်သည်။ ရွှေဝက်စုဘူးအကြီးကြီး ပိုင်ဆိုင်ထားပြီးဖြစ်သော ရွှီယွိရွှမ်ကလည်း ရိုးရိုးရှင်းရှင်း သေတ္တာအသေးလေးအပေါ် စိတ်ဝင်စားမှု ချက်ချင်း လျော့ကျသွားသည်။
ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့ ငြင်းခွင့်မသာအောင် ကျင်းကျူးအား ထိုရွှေမျောက်ရုပ်သေတ္တာကို အမြန်သိမ်းခိုင်းလိုက်သည်။
ဝမ်ရန်ကတော့ စိတ်ထဲတွင် မတင်မကျ ဖြစ်နေဆဲပင်။ ထိုရွှေမျောက်ရုပ်လေးများကို သူမ အလွန်နှစ်သက်မြတ်နိုးသော်လည်း ၎င်းတို့က အလွန်တန်ဖိုးကြီးလွန်းနေပြန်သည်။ ခေတ္တစဉ်းစားပြီးနောက် သူမက လှည့်ထွက်သွားပြီး သူမ၏ အခန်းထဲသို့ ပြေးဝင်သွားသည်။
သူမ ဘာလုပ်နေမှန်း ဝမ်ယဲ့ မသိခဲ့ရဘဲ ခဏအကြာတွင် စာအုပ်အဆင့်လိုက်ကြီး ပိုက်ပြီး ပြန်ထွက်လာသည်ကို မြင်မှသာ နားလည်သွားရသည်။
"ဒါတွေက ညီမလေး အစောပိုင်း စာသင်တုန်းက သုံးခဲ့တဲ့ စာအုပ်တွေလေ၊ အထဲမှာ မှတ်စုလေးတွေလည်း ရေးထားတယ်"
ဝမ်ရန်က ထိုစာအုပ်ပုံကြီးကို ရွှီယွိရွှမ်ရှေ့သို့ တွန်းပို့ရင်း ပြောလိုက်သည်။
"ဒါတွေ အားလုံးက တူလေးအတွက် လက်ဆောင်နော်"
သူမ စုဆောင်းထားသည့် ငွေကြေးက ရွှေမျောက်ရုပ်သေတ္တာနှင့် မယှဉ်နိုင်သဖြင့် ဝမ်ရန်က အစွမ်းကုန် တွေးတောပြီး ဤမှတ်စုပါသည့် အခြေခံစာအုပ်များက သူမ ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်။
သူမ၏ စတုတ္ထအစ်မနှင့် ကိုယ်လုပ်တော်ချန်းတို့ စကားပြောနေကြစဉ် ဤတူလေးက နွေဦးရာသီတွင် စာစတင်သင်ကြားတော့မည် ဖြစ်ကြောင်း သူမ ကြားခဲ့ရသည်။ ထို့ကြောင့် ဤစာအုပ်များက သူ့အတွက် မကြာမီ အသုံးဝင်လာပေလိမ့်မည်။
လက်ဆောင်က သေးငယ်သော်လည်း နက်နဲသော စေတနာများ ပြည့်နှက်နေသည်။ ဝမ်ရန်အနေဖြင့် ဤထက် ပိုကောင်းသော တုံ့ပြန်လက်ဆောင်မျိုးကို အမှန်ပင် မစဉ်းစားတတ်တော့ပေ။
ရွှီယွိရွှမ်က သူ့မေးစေ့အထိ ရောက်လုနီးပါးဖြစ်နေသော စာအုပ်ပုံကြီးကို ကြည့်ကာ ခေတ္တမျှ မှင်တက်နေလေသည်။
ဝမ်ရန်က စိုးရိမ်တကြီး မေးလိုက်သည်။
"တူလေးက ဒါတွေကို မကြိုက်လို့လား"
ဝမ်ယဲ့က မနေနိုင်ဘဲ ရယ်မောလိုက်ပြီးမှ ရွှီယွိရွှမ်ကိုယ်စား ပြန်ဖြေပေးလိုက်သည်။
"ကြိုက်တာပေါ့၊ သူက အရမ်းပျော်လွန်းလို့ ကြောင်တောင်တောင်လေး ဖြစ်နေတာလေ"
ထိုမှသာ ဝမ်ရန်လည်း စိတ်အေးသွားပြီး သက်ပြင်းချနိုင်သွားသည်။
"သူ ကြိုက်တယ်ဆိုရင်တော့ ညီမလေး ဝမ်းသာပါတယ်"