အခန်း ၃၉
Vol. 4 Ch. 39
အခန်း ၃၉ ဘိုးဘွားသင်္ချိုင်းက မီးခိုးတွေ
ဝမ်ယဲ့က ခဏတာမျှ ရယ်မောနေပြီး ရွှီယွိရွှမ်၏ အနည်းငယ် စိတ်မကောင်းဖြစ်နေသော မျက်နှာထားလေးကို သတိထားမိသွားကာ ကျင်းကျူးအား သကြားကပ်မက်မွန်သီး တစ်ပန်းကန် ယူလာခိုင်းလိုက်သည်။
မက်မွန်သီးများက အစေ့ထုတ်ထားပြီးသား ဖြစ်သောကြောင့် ဝမ်ယဲ့က ရွှီယွိရွှမ်၏ လက်နှစ်ဖက်ထဲသို့ တစ်လုံးစီ ထည့်ပေးလိုက်သည်။
"ဟုတ်ပါပြီ... စားလိုက်ဦးနော်"
ဤခဏတာ ပျော်ရွှင်မှုလေးက ကလေးလေး၏ရင်ထဲမှ မတင်မကျ ဝမ်းနည်းမှုများကို ပြေပျောက်စေရန် ဝမ်ယဲ့ မျှော်လင့်နေမိသည်။
ထို့နောက် သူမက စောစောက ဝမ်ရန် ထုတ်လာသည့် စာအုပ်ပုံကြီးကို သိမ်းဆည်းရန် ယွင်ကျီကို အချက်ပြလိုက်သည်။ ကလေးကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် သိမ်းခိုင်းလိုက်သည်က အကောင်းဆုံးဖြစ်သည်။
စာအုပ်များကို သိမ်းသွားသည်ကို မြင်နေရသည့် ရွှီယွိရွှမ်က ထိုစာအုပ်များ သူ့နှင့် မသက်ဆိုင်တော့ဟု ထင်မှတ်သွားပုံရသည်။ သူက ဘယ်သူမှ သတိမထားမိဟု ထင်ကာ သူ့ပခုံးလေးများကို အသာအယာ လျှော့ချလိုက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူ့လက်ထဲမှ မက်မွန်သီးကို အားရပါးရ စားနေတော့သည်။
ထိုမြင်ကွင်းက ကိုယ်လုပ်တော်ချန်း၏ အာရုံကို ဖမ်စားနိုင်ခဲ့ပြီး သူမက ဝမ်ယဲ့ကို လှမ်းပြောလိုက်သည်။
"ရွှမ်အာကို ကြည့်ရတာကတော့ တကယ့်ကို လိမ္မာတဲ့ကလေးလေးပဲ"
ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။
"သူက ဘာမှနားမလည်သေးတဲ့ ကလေးလေးပဲ ရှိပါသေးတယ်"
ကိုယ်လုပ်တော်ချန်းကတော့ ထိုစကားကို သဘောမတူဘဲ ပြန်ငြင်းချင်နေသေးသည်။
“သုံးနှစ်အရွယ်မှာ လူတစ်ယောက်ရဲ့ အနာဂတ်ကို မြင်နိုင်တယ်" ဆိုသည့် စကားပုံအတိုင်း ရွှီယွိရွှမ်က သုံးနှစ်မပြည့်သေးသော်လည်း အခြေခံကျင့်ဝတ်များကို နားလည်နေပြီ ဖြစ်သည်။
"သူက နင့်အပေါ် သံယောဇဉ်ရှိတယ်ဆိုတော့ နင်လည်း သူ့အပေါ် စိတ်ရင်းနဲ့ ဆက်ဆံသင့်တယ်"
ကိုယ်လုပ်တော်ချန်းက သူမ၏သမီးကို အလေးအနက် အကြံပေးနေသည်။
"အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ အနည်းဆုံးတော့ အခုအချိန်မှာ သူက နင့်ကို သူ့အမေလို့ မြင်နေတာပဲ"
ဝမ်ယဲ့က ဘာမှ ပြန်မပြောသော်လည်း သူမ၏ စိတ်ထဲတွင် ရွှီယွိရွှမ်က သူမကို အမေတစ်ယောက်ထက် ကစားဖော်ကစားဖက် တစ်ယောက်အဖြစ် ပိုမြင်နေသည်ဟု ခံစားနေရသည်။
ဝမ်ယဲ့ နှုတ်ဆိတ်နေသည်ကို မြင်ရသဖြင့် ကိုယ်လုပ်တော်ချန်းက စေတနာအပြည့်ဖြင့် ထပ်ပြောလာပြန်သည်။
"နောင်တစ်ချိန်မှာ နင့်ရဲ့ ကိုယ်ပိုင်ရင်သွေး ရှိလာတဲ့အခါ နင့်ကလေးကို ပိုချစ်မိမှာကတော့ မလွဲမသေပေါ့၊ ဒါပေမယ့် ရွှမ်အာကိုတော့ ဘယ်တော့မှ လျစ်လျူမရှုနဲ့"
ကိုယ်လုပ်တော်ချန်း၏ စကားများက ရွှီယွိရွှမ်အပေါ် နက်ရှိုင်းသော သံယောဇဉ်ရှိသောကြောင့် မဟုတ်ဘဲ နယ်စားမင်းအိမ်တော်တွင် ဝမ်ယဲ့၏ အခြေအနေ ကောင်းမွန်စေရန်အတွက်သာ ဖြစ်ကြောင်း ဝမ်ယဲ့ နားလည်နိုင်သည်။
‘မိဘဆိုတာက သားသမီးတွေရဲ့ အနာဂတ်ကို မေတ္တာတရားနဲ့ ကြိုတင်စီစဉ်ပေးတတ်ကြတာပဲလေ’
ဝမ်ယဲ့က ထိုအချက်ကို အပြည့်အဝ နားလည်နေပြီး နာနာခံခံ ပြန်ဖြေလိုက်သည်။
"သမီး မှတ်ထားပါ့မယ်၊ ယိနျန်း"
ကိုယ်လုပ်တော်ချန်းက ဝမ်ယဲ့အနေဖြင့် သူမ၏ လင်ပါသားကို သားအရင်းကဲ့သို့ ဆက်ဆံရန် မမျှော်လင့်ထားပေ။ လူတိုင်းတွင် ဘက်လိုက်မှု ရှိစမြဲ ဖြစ်ပြီး မိမိ၏ သားသမီးအရင်းများကြား၌ပင် ကွဲပြားမှုများ ရှိနိုင်သေးသည်။
သို့သော် ကောင်းမွန်သော ဘဝတစ်ခုရရှိရန် ကြိုးစားအားထုတ်မှု လိုအပ်သည်ကလည်း အမှန်တရားသာ ဖြစ်သည်။ နက်ရှိုင်းသော သံယောဇဉ် မရှိလျှင်ပင် ကောင်းမွန်သော သဘောထားထားရှိရန်က အရေးကြီးနေသေးသည်။
ဝမ်ယဲ့၏ အဖြေကို ကြားလိုက်မှသာ ကိုယ်လုပ်တော်ချန်းက ကျေနပ်စွာ ပြုံးလိုက်ပြီး ရွှီယွိရွှမ်ကို ကြည့်ကာ သူ့ကိုယ်လုံးအရွယ်အစားကို စိတ်ထဲမှ မှတ်သားထားလိုက်သည်။ နောက်ပိုင်းတွင် အထည်သားကောင်းကောင်းဖြင့် နွေဦးဝတ်စုံတစ်ထည် ချုပ်ပေးရန် ဖြစ်သည်။
နယ်စားမင်းအိမ်တော်မှ သခင်လေးတစ်ယောက်အတွက် ကိုယ်လုပ်တော်တစ်ဦး ချုပ်ပေးသည့် အဝတ်အစားကို ဝတ်ဆင်ရန် မသင့်တော်သော်လည်း သခင်မရှန်း၏ အကူအညီဖြင့် အမည်ခံ ပေးပို့နိုင်သေးသည်။
ကိုယ်လုပ်တော်ချန်းက သခင်မရှန်း ငြင်းပယ်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမ၏ စိတ်ထဲတွင် သခင်မရှန်းက အကောင်းဆုံးသော သခင်မကြီး ဖြစ်သည်။ အခြားအိမ်တော်များမှ ကိုယ်လုပ်တော်များ မည်သို့ နေထိုင်ရသည်ကို သူမ မသိသော်လည်း သူမကိုယ်တိုင်ကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်တိုင် အေးအေးချမ်းချမ်း နေထိုင်ခဲ့ရသည်ကို သူမ နားလည်ထားသည်။ ကိုယ်လုပ်တော်ချန်း၏ စိတ်ထဲတွင် သခင်မရှန်းက ဝမ်ယဲ့၏ ဖခင်ထက် ပိုအရေးကြီးသူ ဖြစ်သည်။
သူမ၏ အစ်မနှင့် ကိုယ်လုပ်တော်ချန်းတို့ ပြောနေသည့် စကားများကို ကြားနေရသည့် ဝမ်ရန်ကလည်း စဉ်းစားခန်း ဝင်နေပြီး သူမ၏ အကြည့်က မက်မွန်သီး စားနေသည့် ရွှီယွိရွှမ်ဆီသို့ ရောက်ရှိသွားသည်။
အကယ်၍ သူမ၏အစ်မက သူ့ကို သားအရင်းလို ဆက်ဆံမည်ဆိုလျှင် သူမကလည်း ကလေးလေးကို တူအရင်းလို ဆက်ဆံမည် ဖြစ်သည်။
ဝမ်ရန်က သူမ စာသင်ချိန်ပြီးတိုင်း မှတ်စုရေးထားသည့် စာအုပ်အားလုံးကို သိမ်းထားမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
‘ငါ့စာအုပ်တွေကို တူလေးချန်အာအတွက် မငှားပေးတော့ဘူး။ အဲ့ကောင်လေး စာအုပ်တွေ ပြန်လာပေးတိုင်း အမြဲတမ်း ညစ်ပတ်နေပြီး စုတ်ပြဲနေတတ်တယ်’
ဝမ်ရန်က သူမ၏ တူလေး ချန်အာကို မနှစ်သက်ပေ။ ယခုတော့ သူမတွင် နောက်ထပ် တူလေးတစ်ယောက် ရှိနေပြီဖြစ်ရာ ထိုစာအုပ်များကို သူ့အတွက်သာ သိမ်းထားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
မက်မွန်သီးနှစ်လုံး စားပြီးသွားသည့် ရွှီယွိရွှမ်က ရုတ်တရက် သူ၏ ပခုံးပေါ်သို့ တစ်စုံတစ်ခု လာဖိနေပြီး လေးလံနေသလို ခံစားလိုက်ရသည်။
ဝမ်ရန်က သူ စားပြီးသွားသည်ကို မြင်သွားပြီး သူ့လက်လေးပေါ်မှ သကြားရည်များကို သုတ်ပေးရန် လက်ကိုင်ပုဝါလေးကို ထုတ်ယူလိုက်သည်။
တစ်စုံတစ်ယောက်က သူ့ကို သန့်ရှင်းရေးလုပ်ပေးနေသည်ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်က ဝမ်ရန်ကို ညီညာလှပသော သွားသေးသေးလေးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။ သူမ၏တူလေးက သူမအား ပြုံးပြနေသည်ကို မြင်နေရသော ဝမ်ရန်၏ စိတ်နှလုံးလည်း နူးညံ့ပျော့ပျောင်းသွားရသည်။
'အချိုတွေက တကယ့်ကို ကုသပေးနိုင်တာပဲ'
ဝမ်ယဲ့ကတော့ စိတ်ထဲမှ တွေးနေပြန်သည်။
ရွှီယွိရွှမ်၏ ပူပန်မှုကင်းသော မျက်နှာလေးကို ကြည့်ရသည်မှာ စောစောက စာအုပ်ပုံကြီးအကြောင်းကို မေ့သွားသည့်ပုံပင်။
ဝမ်အိမ်တော်တွင် နေ့လယ်စာစားပြီးနောက် ပြန်ရမည့်အချိန်သို့ ရောက်လာခဲ့သည်။
သူမတို့ မထွက်ခွာမီတွင် ဝမ်ယဲ့က လျိုရှီ၏ ဝမ်းဗိုက်ကို အသာအယာ တို့ထိကြည့်ကာ မေးလိုက်သေးသည်။
"ကလေးမွေးဖို့ နောက်ထပ် လေးလလောက် လိုသေးတာလား"
လျိုရှီက နူးညံ့သော အပြုံးဖြင့် ပြန်ဖြေနေသည်။
"ဟုတ်တယ်... ကလေးလှုပ်တာကို စခံစားရကတည်းက သူ့ရဲ့ကန်ချက်တွေက တော်တော်လေး အားပါတာပဲ"
ဝမ်ယဲ့က အချိန်ကို စိတ်ထဲမှ တွက်ချက်ကြည့်ပြီး ထပ်ပြောလိုက်သည်။
"အချိန်တွေက တကယ်ကို မြန်မြန်ဆန်ဆန် ကုန်သွားခဲ့တာပဲ"
လျီုရှီက ဝမ်ယဲ့ မနာလိုဖြစ်နေမည်ကို စိုးရိမ်ပြီး အမြန်ဖြည့်ပြောလိုက်သည်။
"အဲ့လောက်တော့ မမြန်ပါဘူး၊ ငါ အိမ်ထောင်ကျတာ တစ်နှစ်နီးပါး ရှိနေပြီလေ"
ရက်တွက်ကြည့်လျှင် ဝမ်ယဲ့ နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်ခဲ့သည်မှာ သုံးလခန့်သာ ရှိသေးသည်။
လျိုရှီက ဝမ်ယဲ့ ကလေးမရသေးသဖြင့် စိုးရိမ်ပူပန်နေမည်ကို စိုးရိမ်နေမိသည်။ အမှန်တကယ်တွင် ကလေးက ကံတရားအပေါ်တွင်လည်း မူတည်နေသေးသည်။ သူမ၏ မိခင်ပင်လျှင် အကြီးဆုံးအစ်ကိုကို မွေးပြီးနောက် ဒုတိယအစ်ကိုကို ရရန် ငါးနှစ်ခန့် စောင့်ခဲ့ရသည်။
ဝမ်ယဲ့ကတော့ လျိုရှီ အထင်အမြင်လွဲမှားနေသည်ကို သတိမထားမိပေ။ သူမ တွေးနေသည်က လျိုရှီ ကလေးမွေးပြီးလျှင် သုံးရက်မြောက်နေ့၊ တစ်လပြည့်နှင့် ရက်တစ်ရာပြည့် အခမ်းအနားများအတွက် မဖြစ်မနေ အိမ်ပြန်ရန် ဖြစ်သည်။ ထိုအခမ်းအနားများက ကိုယ်လုပ်တော်ချန်းနှင့် ညီမငယ်ကို တွေ့ဆုံရန် အခွင့်အရေးများ ဖြစ်လာနိုင်သည်။
.......။.......။.......
နယ်စားမင်းအိမ်တော်သို့ ပြန်သည့်လမ်းတွင် ဝမ်ယဲ့က သူမ၏ ညီမငယ်ပေးလိုက်သော ပုံပြင်စာအုပ်သေတ္တာကို ရွှီယွဲ့ကျား၏ ရှေ့၌ ဖွင့်ကြည့်လိုက်သည်။
ယခုတစ်ခေါက်တွင် သူမကို ဘယ်သူမှ ဖတ်ရမည့်စာအုပ်စာရင်း မပေးထားသဖြင့် သေတ္တာထဲတွင် ထူးဆန်းသော သရဲပုံပြင်နှင့် နတ်ဘုရားဒဏ္ဍာရီများ အပြည့်ရှိနေသည်။ သို့သော် ၎င်းတို့က ကျပန်းရွေးထားခြင်းတော့ မဟုတ်ပေ။ ဝမ်ယဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး စာမျက်နှာအချို့ကို ဖတ်ကြည့်ရာ သူမအကြိုက်နှင့် ကိုက်ညီနေမှန်း သိလိုက်ရသည်။
ဝမ်ယဲ့က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"ညီမအရင်းဆိုတော့ တကယ်ကို စိတ်ချင်းနီးတာပဲ"
"ဒေါ်ဒေါ်ငယ်"
ရွှီယွိရွှမ်က ထိုစကားလုံးကို ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။
ဝမ်ယဲ့က အံ့သြသွားပြီး ပြန်မေးလိုက်သည်။
"ရွှမ်အာက ‘ဒေါ်ဒေါ်ငယ်’ လို့တောင် ခေါ်တတ်နေပြီလား"
ခဏအကြာတွင် သူမက သူ့ခေါင်းလေးကို ပုတ်ကာ ချီးကျူးလိုက်သည်။
"ရွှမ်အာက တကယ်တော်တာပဲ၊ နောက်တစ်ခါကျရင် သားရဲ့ ဒေါ်ဒေါ်ငယ်ကို သားအတွက် စာအုပ်တွေ အများကြီး သိမ်းထားပေးဖို့ ပြောပေးမယ်နော်"
ရွှီယွိရွှမ်က ငြင်းပယ်သည့်အနေဖြင့် ခေါင်းကို အသည်းအသန် ခါယမ်းပြနေသည်။
"ဟင့်အင်း"
ရွှီယွိရွှမ်၏ အသက်အရွယ်အရ ဤ "စာအုပ်များ" ၏ စစ်မှန်သော အဓိပ္ပာယ်ကို သူ နားမလည်သေးသော်လည်း ၎င်းတို့အပေါ် မသိစိတ်မှ မနှစ်သက်မှု ရှိနေပုံရသည်။ ဝမ်ယဲ့ကတော့ ၎င်းကို နောက်ပိုင်ခေတ်၏ ဇီဝဗေဒ အတန်းထဲမှ အစားအစာကွင်းဆက် သဘာဝရန်သူဟုသာ တွေးလိုက်မိသည်။
သူမက တခုခုကို တွေးနေပြီး ရွှီယွဲ့ကျားကို လှမ်းကြည့်လိုက်ပြန်သည်။
‘ဟူး.... ထိပ်တန်းပညာရှင်ရဲ့ သားက စာအုပ်တွေကို မကြိုက်ဘူးတဲ့၊ "ဘိုးဘေးသင်္ချိုင်းက အမြဲတမ်း ကောင်းမွန်တဲ့ မီးခိုးတွေ ထွက်မနေနိုင်ဘူး" ဆိုတဲ့ စကား အမှန်ဖြစ်လာတော့မယ် ထင်ပါရဲ့’
"မင်းလည်း ဒါတွေကို ကြိုက်တာလား"
ရွှီယွဲ့ကျားက သူမ၏ အကြည့်ကို သတိထားမိသွားသလို စာအုပ်သေတ္တာထဲမှ ရင်းနှီးနေသော ခေါင်းစဉ်အချို့ကိုလည်း မြင်လိုက်ရသဖြင့် မေးလာခြင်း ဖြစ်သည်။
ဝမ်ယဲ့က သူ့လေသံ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
"ယောက်ျား.... ရှင် ဘာကို ဆိုလိုတာလဲဟင်"
ရွှီယွဲ့ကျားက အကြည့်လွှဲလိုက်ပြီးမှ ပြန်ဖြေလာသည်။
"ကိုယ်လည်း ဒီထဲက တချို့ကို ဖတ်ဖူးတယ်"
ဝမ်ယဲ့က မယုံကြည်သလို ပြန်မေးလိုက်သည်။
"တကယ်လား"
‘သူ့ပုံစံ ကြည့်ရတာ ဒီလိုသရဲပုံပြင်တွေကို ဖတ်မည့်ပုံလည်း မပေါ်ပါဘူး’
ရွှီယွဲ့ကျားက ရှင်းပြနေသည်။
"အဲ့စာအုပ်တွေ စာအုပ်စင်ပေါ်မှာ ရှိတယ်၊ ကိုယ် ဖတ်ပြီးသား စာအုပ်တွေမှာ မှတ်စုလေးတွေ ရေးထားတယ်၊ မင်း ကြိုက်တဲ့အချိန် သွားကြည့်လို့ရတယ်"
‘သရဲပုံပြင်တွေမှာ မှတ်စုရေးတယ်တဲ့လား’
ဝမ်ယဲ့ နားမလည်နိုင်တော့ပေ။
၎င်းက သူမ၏ အရင်ဘဝမှ "ခရီးသွားပြီးနောက် ခရီးသွားမှတ်တမ်းရေးပါ" သို့မဟုတ် "ရုပ်ရှင်သုံးသပ်ချက်ရေးပါ" ဆိုသည့် အိမ်စာများအား သတိရသွားစေသည်။
သို့သော်လည်း သူမက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သေးသည်။
"ကျွန်မ နားလည်ပါပြီ၊ ယောက်ျား"
ဝမ်ယဲ့၏ လေသံထဲတွင် စိတ်ရင်းမပါသည်ကို သတိပြုမိနေသည့် ရွှီယွဲ့ကျား : "..."
.......။.......။.........
နှစ်သစ်ကူး၏ တတိယမြောက်နေ့တွင် နယ်စားမင်းအိမ်တော်၌ ဆွေမျိုးများ စုံစုံလင်လင် စုဝေးကြသည်။
ချန်းနန်မြို့စားမင်း အိမ်တော်မှ ရွှီမိသားစုကဲ့သို့ ရင်းနှီးပြီးသားသူများအပြင်၊ ဝမ်ယဲ့အနေဖြင့် လက်ဖက်ရည်ဆက်သစဉ်က ခဏမျှသာ တွေ့ဖူးသည့် လူကြီးသူမများနှင့် တစ်ခါမှ မမြင်ဖူးသည့် လူငယ်များစွာလည်း ရောက်ရှိနေကြသည်။
အားလုံးကို နှုတ်ဆက်ပြီးနောက် ဝမ်ယဲ့ထံတွင် အတွေးတစ်ခုသာ ရှိတော့သည်။
‘ခေါင်းတွေကလည်း များလိုက်တာဟယ်’
ရွှီယွိရွှမ်၏ မိခင်ဘက်မှ အဘိုးအဘွားများ၏ မိသားစုက ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ရွှီယွဲ့ကျား၏ အဘိုးတွင် တရားဝင်ဇနီးမှ မွေးဖွားသော သားနှစ်ဦး၊ သမီးနှစ်ဦးအပြင် ကိုယ်လုပ်တော်များမှ မွေးဖွားသော သားသမီးများစွာ ရှိသော်လည်း ၎င်းတို့အနက်မှ လေးဦးသာ မြို့တော်တွင် ရှိနေကြသည်။ ရွှီယွဲ့ကျား၏ ဖခင်နှင့် သူ၏ စတုတ္ထမြောက်ဦးလေးတို့ ကွယ်လွန်သွားကြပြီ ဖြစ်ကာ အကြီးဆုံးအဒေါ်နှင့် ဒေါ်လေးရွှီတို့က အရင်းနှီးဆုံး ဆွေမျိုးများအဖြစ် ကျန်ရစ်နေခဲ့သည်။
ကိုယ်လုပ်တော်များမှ မွေးဖွားလာသည့် ဦးလေးများ၊ အဒေါ်များနှင့် ဆက်ဆံရေးက တစ်ဦးနှင့်တစ်ဦး မတူညီကြောင်း သခင်မလုက ဝမ်ယဲ့ကို ကြိုတင်ရှင်းပြထားခဲ့သည်။
နယ်စားမင်းအိမ်တော်၏ လူကြီးသူမများ ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဆွေမျိုးများထဲမှ မည်သူကမျှ ဤကဲ့သို့ စုဝေးမှုမျိုးကို မပျက်ကွက်ခဲ့ကြပေ။ အားလုံးက နယ်စားမင်း၏မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရနိုင်ရန် စိတ်အားထက်သန်နေကြသည်။
သခင်မလုက ဝမ်ယဲ့ကို သူမနှင့် ပိုရင်းနှီးသည့် ကိုယ်လုပ်တော်ဖွားအဒေါ်နှစ်ယောက်နှင့် မိတ်ဆက်ပေးနေသည်။ ကျန်ရှိနေသည့်သူများကိုတော့ မိတ်ဆက်ပေးရန် မလိုတော့ပေ။ သူမတို့က သူမတို့ဘာသာ ဝမ်ယဲ့အနားသို့ လာရောက် ချဥ်းကပ်နေကြသည်။
"ဒါက ငါတို့ရဲ့ ပဉ္စမအဒေါ်နဲ့ သတ္တမအဒေါ်လေ"
ဝမ်ယဲ့က သူမတို့ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။ သတ္တမအဒေါ်ဖြစ်သူ သခင်မယွီက နူးနူးညံ့ညံ့ ပြောလာခဲ့သည်။
"အားနာစရာမလိုပါဘူး၊ ငါတို့အားလုံးက မိသားစုတွေပါပဲ"
ပဉ္စမအဒေါ် သခင်မကောကတော့ ပိုပွင့်လင်းသူဖြစ်သည်။
"နင့်ရဲ့ သတ္တမအဒေါ် ပြောတာ မှန်တယ်၊ မိသားစုဝင်တွေ ကြားထဲမှာ ဒီလို အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး"
ဝမ်ယဲ့ မှတ်မိသလောက်ဆိုလျှင် စတုတ္ထဦးလေးမှ လွဲလျှင် နယ်စားမင်းဟောင်းကြီးက ပဉ္စမဦးလေးနှင့် အရင်းနှီးဆုံးဖြစ်သည်။ သူတို့နှစ်ဦးစလုံးက စစ်မှုထမ်းများ ဖြစ်ခဲ့သောကြောင့် ဖြစ်နိုင်သည်။
သခင်မကောက သာမန်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ပဉ္စမဦးလေး နယ်စပ်တွင် တာဝန်ကျစဉ်က တွေ့ဆုံခဲ့သည့် အရာရှိငယ်တစ်ဦး၏ သမီးဖြစ်သည်။
နူးညံ့သိမ်မွေ့ပြီး ဖော်ရွေပုံရသည့် သခင်မယွီကတော့ မင်္ဂလာမဆောင်မီကတည်းက သခင်မလု၏ ရင်းနှီးသော သူငယ်ချင်းများထဲမှ တစ်ဦးဖြစ်ခဲ့သည်။
ဤခေတ်ကာလ၏ ထုံးစံကလည်း ဤကဲ့သို့ ဖြစ်နေပြီး ညီအစ်ကိုများက အသက် ခုနစ်နှစ်၊ ရှစ်နှစ်မှ အနှစ်နှစ်ဆယ်ခန့်အထိ ကွာခြားလေ့ရှိကြသည်။ ကွယ်လွန်သူ နယ်စားမင်းဟောင်းကြီးက သူ၏ အငယ်ဆုံးညီထက် နှစ်ဆယ့်တစ်နှစ် ပိုကြီးသည်။
ရွှီယွဲ့ကျား၏ သတ္တမဦးလေးက သူ၏ အကြီးဆုံးတူဖြစ်သူ လက်ရှိနယ်စားမင်းထက် သုံးနှစ်ခန့်သာ ပိုကြီးသည်။
သခင်မယွီက ကျန်းမာရေးမကောင်းသဖြင့် ကလေးရရန် ခက်ခဲလိမ့်မည်ဟု သမားတော်များက ပြောခဲ့ကြသည်။ သူမ အိမ်ထောင်ကျပြီး နှစ်ပေါင်းများစွာကြာမှ သမီးတစ်ယောက်သာ ရရှိခဲ့ပြီး ထိုသမီးကို မွေးဖွားချိန်တွင်လည်း သူမ၏ အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် သူမက မိခင်ကွယ်လွန်သွားခဲ့သည့် ကိုယ်လုပ်တော်ဖွား သားတစ်ယောက်ကို သူမ၏ အမည်အောက်သို့ စာရင်းသွင်းကာ ပြုစုပျိုးထောင်ပေးခဲ့သည်။
အခြားတစ်ဖက်တွင်မူ သခင်မကောထံ၌ ကလေး ခြေက်ယောက် ရှိပြီး ကလေးအားလုံးကို သူမကိုယ်တိုင် မွေးဖွားထားခြင်း ဖြစ်သည်။ ပဉ္စမဦးလေးတွင် ကိုယ်လုပ်တော် လုံးဝ မရှိပေ။ သို့သော်လည်း ရွှီမိသားစု၏ ပဉ္စမဦးလေးက အိမ်ထောင်ကျချိန် နောက်ကျခဲ့သောကြောင့် သူ၏ အကြီးဆုံးသားက အသက်ဆယ့်လေးနှစ်သာ ရှိနေသေးသည်။
ဝမ်ယဲ့ သူတို့ကို စောစောက တွေ့ခဲ့ပြီး ဖြစ်ကာ သူတို့အားလုံးက မျက်လုံးလေးများ လင်းလက်နေသည့် တက်ကြွလှသော လူငယ်လေးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။ သူတို့ကို ကြည့်ရသည်မှာ အမှန်တကယ် စိတ်ချမ်းမြေ့ဖွယ် ဖြစ်နေလေသည်။
ထို့ကြောင့်လည်း လူကြီးသူမများထဲတွင် ဖခင်၏ ညီမအရင်း အဒေါ်နှစ်ဦးအပြင် သခင်မလုအနေဖြင့် သခင်မယွီနှင့် သခင်မကောတို့နှင့်သာ အဆင်ပြေပြေ ရှိနေခြင်းက အံ့သြစရာ မဟုတ်တော့ပေ။
လူကြီးသူမ အားလုံးနှင့် တွေ့ဆုံပြီးနောက် နေ့လယ်စာ စားရန် အချိန်အနည်းငယ် ကျန်သေးသဖြင့် ဝမ်ယဲ့က အနားယူရန်နှင့် လက်ဖက်ရည်သောက်ရန် တိတ်ဆိတ်သော ထောင့်တစ်နေရာကို ရှာလိုက်သည်။
ဆွေမျိုးအများစုက ဆက်ဆံရ လွယ်ကူကြသော်လည်း လူဦးရေက အလွန်များပြားလွန်းနေသည်။
ထောင်ကျီက မုန့်ဖိုဆောင်မှ မုန့်ပန်းကန်တစ်ချပ် ယူလာပေးပြီး ပြောနေရှာသည်။
"သခင်မ... ဗိုက်ဆာနေပြီလား၊ တစ်ခုခု စားထားဦးနော်၊ စောစောက စကားတွေ အများကြီး ပြောလိုက်ရတယ်မလား"
ဝမ်ယဲ့က မုန့်ကို တစ်ကိုက်စားလိုက်ပြီးမှ ညည်းညူလိုက်သည်။
"ကံကောင်းလို့..... ဒီလိုအချိန်မျိုးက တစ်နှစ်မှ တစ်ခါပဲ ရှိတယ်"
မုန့်ကို ဝါးပြီးနောက် ပန်းရနံ့သင်းနေသည့် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ဝမ်ယဲ့တစ်ယောက် မျက်မှောင်လေး အနည်းငယ်ကြုတ်လျက် သခင်မလုကို လှမ်းကြည့်နေမိသည်။ သခင်မလုက အရာအားလုံးကို ကျွမ်းကျင်စွာ ကိုင်တွယ်နေသော်လည်း ယခုအချိန်အထိတော့ လူအုပ်ကြားထဲမှ ရုန်းမထွက်နိုင်သေးပေ။
ရုတ်တရက် ဝမ်ယဲ့တစ်ယောက် မောပန်းနေသည်ဟု မခံစားရတော့ပေ။
‘ဟူး..... တကယ်တော့ တချို့ပျော်ရွှင်မှုတွေက နှိုင်းယှဉ်ကြည့်မှပဲ မြင်သာတာလေ’
.........။........။........
ညနေခင်းအချိန်.......
အနောက်ဘက်ခြံဝန်း
တစ်နေ့တာလုံး ပင်ပင်ပန်းပန်း ဆင်နွှဲခဲ့ရသည့် စုဝေးပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားချေပြီ။
ဝမ်ယဲ့က ညစာပြင်ဆင်ခိုင်းလိုက်ပြီး စားသောက်ပြီးနောက်တွင် ရွှီယွဲ့ကျားကို ကြည့်ကာ သက်ပြင်းချရင်း စကား စလိုက်သည်။
"ဒီနှစ်တွေတစ်လျှောက် အကြီးဆုံးယောင်းမလည်း တကယ်ကို ပင်ပန်းခဲ့မှာပဲနော်"
ရွှီယွဲ့ကျားက လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးမှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"မင်းလည်း သူရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးဖို့ ရွေးချယ်နိုင်တယ်လေ"
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ယဲ့က သူမ၏ ကိုယ်လေးကို ချက်ချင်း မတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
"တကယ်တော့ ကျွန်မထင်တာက အကြီးဆုံးယောင်းမှာ အားအင်တွေ အများကြီး ကျန်နေပါသေးတယ်၊ ကျွန်မ သူ့ကို ယုံကြည်တယ်"
သူမက စကားဖြင့် ကိုယ်ချင်းစာပြရာတွင် အလွန်တော်သော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရန်တော့ ရှောင်လွှဲချင်နေသူ ဖြစ်သည်။
သို့သော်လည်း ယနေ့ လာရောက်ကြသည့် လူကြီးသူမများထဲတွင် အမျိုးသမီးများသာ အများစုဖြစ်နေသည်ကို ဝမ်ယဲ့ သတိထားမိပြီး မတွေးဘဲ မနေနိုင်တော့ပေ။ သူမ အထင်လွဲနေခြင်း ဖြစ်နိုင်သော်လည်း နယ်စားမင်းအိမ်တော်မှ အမျိုးသားများက အသက် သိပ်မရှည်ကြသလို ဖြစ်နေသည်ဟု ထင်နေမိသည်။
ရလဒ်အနေဖြင့် သူမ၏ စိတ်ထဲ၌ အနည်းငယ် မသင့်တော်သော တွက်ချက်မှုအချို့ လုပ်မိသွားသည်။ နယ်စားမင်းအိုကြီး ကွယ်လွန်သွားသည်မှာ ဆယ်နှစ်နီးပါး ရှိပြီဖြစ်သည်။ အကယ်၍ သူ ယနေ့တိုင် သက်ရှိထင်ရှားရှိနေလျှင် အသက်ငါးဆယ်ကျော်ရုံသာ ရှိဦးမည် ဖြစ်သည်။
ရွှီယွဲ့ကျား၏ ဒုတိယဦးလေး၊ စတုတ္ထဦးလေးနှင့် ဆဋ္ဌမဦးလေးတို့ကလည်း သူတို့၏ အကောင်းဆုံးအရွယ်များမှာပင် ကွယ်လွန်သွားခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်နေသေးသည့် ဦးလေးများထဲတွင်လည်း သတ္တမဦးလေးက သူ့ဇနီးကဲ့သို့ပင် ကျန်းမာရေး သိပ်မကောင်းလှပေ။ ဇာတိမြေတွင် နေထိုင်သည့် တတိယမြောက်ဦးလေး၏ ကျန်းမာရေး အခြေအနေကလည်း ပို၍ပင် ဆိုးဝါးနေသေးသည်။ မြို့တော်တွင် ရှိနေသည့် ပဉ္စမဦးလေးနှင့် ဝေးလံသောဒေသတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသည့် အဋ္ဌမဦးလေးတို့သာ ကျန်းမာသန်စွမ်းကြသည်။
သို့သော်လည်း ထိုနှစ်ဦးက အတော်လေး ငယ်ရွယ်ကြသေးသည်။
ဤရုတ်တရက် ပေါ်လာသော အတွေးက အန္တရာယ်ရှိပြီး မသင့်လျော်လှသော်လည်း ဝမ်ယဲ့အနေဖြင့် ရွှီယွဲ့ကျားကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သူမ၏ မျက်နှာတွင် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ရွှီယွဲ့ကျားက ဝမ်ယဲ့ ကူညီရန် ငြင်းဆိုနေသည်ကို မအံ့သြသော်လည်း သူမ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ဇဝေဇဝါ ဖြစ်နေလေသည်။
သူမ၏ အကြည့်ထဲများထဲမှ "စိုးရိမ်ပူပန်မှု"ကို သူ နားလည်နိုင်သော်လည်း ထိုအကြည့်နောက်ကွယ်တွင် တစ်စုံတစ်ခု ထပ်ရှိနေသေးသလို သူ ခံစားနေရသည်။
ထိုနက်ရှိုင်းသည့် ပြဿနာအတွက်တော့ ရွှီယွဲ့ကျားတစ်ယောက် အကြောင်းပြချက် မရှိဘဲ ဘာကြောင့်မှန်းမသိ မသိချင်တော့ပေ။