← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀ နှလုံးသား၏ ရုတ်တရက် အ‌ပြောင်းအလဲ

ဝမ်ယဲ့တစ်ယောက် ရုတ်တရက် ပေါ်လာသော အတွေးစုံတို့ကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

"ကဲ... အချိန်တော်တော်နှောင်းနေပြီ၊ ယောက်ျားလည်း ကိုယ်လက်သန့်စင်ပြီး အမြန် အနားယူသင့်တယ်နော်"

မုဆိုးမဘဝတွင် ပျော်စရာအချို့ ရှိနိုင်သည်ဟု ဆိုကြသော်လည်း ဝမ်ယဲ့ကတော့ ဤမျှစောစောစီးစီး မုဆိုးမ အဖြစ်မခံနိုင်သေးပေ။

ရွှီယွဲ့ကျား : "..."

‘ထူးဆန်းတဲ့ ခံစားချက်ကြီးက ပြန်ပေါ်လာပြန်ပြီ’

......။........။......

စည်ကားလှသော နှစ်သစ်ကူးပွဲတော် ပြီးဆုံးသွားပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် သခင်မလု၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရခဲ့သည်။

နှစ်သစ်ကူး တတိယနေ့ပြီးနောက် ပဉ္စမမြောက်နေ့ရောက်လာချိန်တွင် နယ်စားမင်းရွှီနှင့် ရွှီယွိရွှမ်တို့၏ မွေးနေ့သို့ ရောက်ရှိလာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဦးလေးနှင့်တူတို့က မွေးနေ့တူနေကြပြီး ၎င်းကို ရွှီယွိရွှမ်၏ မွေးနေ့ရောက်မှသာ ဝမ်ယဲ့ သိလိုက်ရခြင်း ဖြစ်သည်။

သူတို့၏မွေးနေ့အတွက် ဧည့်သည်များစွာ ရောက်ရှိလာကြပြီး အားလုံးက ရာထူးကြီးအရာရှိများဖြစ်ကာ ရွှီယွဲ့ကျားနှင့် သူ့အစ်ကိုတို့၏ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။

ကံကောင်းထောက်မစွာဖြင့် သခင်မလုက အရာအားလုံးကို စီစဉ်ကိုင်တွယ်နေပြီး ဝမ်ယဲ့က လိမ္မာယဉ်ကျေးသော အဖော်တစ်ဦးအဖြစ်သာ ဘေးမှ ပါဝင်ပေးရန် လိုအပ်သည်။ ရွှီယွဲ့ကျား၏ ထူးခြားသော ရာထူးကြောင့် သူ့ထံသို့ တကူးတက လာရောက်တွေ့ဆုံသူ အလွန်အမင်း မများလှဘဲ မိသားစုအနည်းငယ်သာ သူ့ကြောင့် သီးသန့်လာကြခြင်း ဖြစ်သည်။

ဝမ်ယဲ့အတွက် အမှတ်ရစရာ အကောင်းဆုံးဧည့်သည်က မြို့တော်ဝန်ဝမ် ဖြစ်သည်။ သူက အတော်လေး စိတ်ဝင်စားစရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

မျိုးရိုးမြင့်မိသားစုကြီးတစ်ခု၏ အိမ်ထောင်ဦးစီးကတော် ဖြစ်ရခြင်းကလည်း မလွယ်ကူလှပေ။ အခြားသူများ နှစ်သစ်ကူးအားလပ်ရက်အတွင်း ကိုယ်အလေးချိန် တက်လာကြသော်လည်း သခင်မလုကတော့ တစ်ရက်ထက်တစ်ရက် ပိန်ကျသွားပုံပေါ်သည်။ သူမ၏ အသက် နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း နှစ်သစ်ကူးပွဲပြီးချိန်တွင် သူမ အရင်ကလောက် ရွှန်းပနေခြင်း မရှိတော့ချေ။

ဤအချက်က သခင်မလုအား သူမ၏ 'ရွှေလက်မှတ်' အဖြစ် အမြဲတမ်း တွယ်ကပ်ထားရန် ဝမ်ယဲ့ကို လုံးဝ စိတ်ပိုင်းဖြတ်မိစေသည်။ သူမကိုယ်တိုင်တော့ ထိုကဲ့သို့ ပင်ပန်းသောဘဝမျိုးဖြင့် မည်သို့မျှ မရှင်သန်ချင်တော့ပေ။

ဤသို့တွေးမိချိန်တွင် ဝမ်ယဲ့က သူမ၏ ယောင်းမကောင်းတစ်ယောက် မပီသမှုအတွက် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သို့သော်လည်း အမှန်အတိုင်းပြောရလျှင် ထိုခံစားချက်က အလွန်အကျွံ ပြင်းထန်သည်တော့ မဟုတ်ပြန်ပေ။

ရွှီကျင့်ရုန်အား စုန့်ရှန်ကျောင်းတော်သို့ ပို့ရန် နှစ်လပင် မလိုတော့သဖြင့် ကောင်လေးက နှစ်သစ်ကူး၏ ရှစ်ရက်မြောက်နေ့မှ စတင်ကာ အနောက်ဘက်ခြံဝန်းသို့ ခဏခဏ လာရောက်လည်ပတ်နေသည်။ သူက ဝမ်ယဲ့ရှေ့တွင် ရင်လေးနေဟန်ဖြင့် သက်ပြင်းကြီးများကို တရှိုက်ရှိုက် ချကာ ညည်းညူတတ်သေးသည်။

ယနေ့က သူ ရောက်လာသည့် တတိယမြောက်အကြိမ် ဖြစ်သည်။

ယခုတစ်ခေါက်တွင် ရွှီကျင့်ရုန်က စစ်အချိန်တွင် သူ့၏နောက်လိုက်ငယ်လေး နှစ်ယောက်နှင့်အတူ အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိလာခဲ့သည်။

(စစ်အချိန်- မနက် ၉ နာရီမှ ၁၁ နာရီဝန်းကျင်)

ဝမ်ယဲ့က တစ်ယောက်ထက်တစ်ယောက် ပိုပုပြီး လုံးနေသော ကောင်လေးသုံးယောက် တန်းစီရပ်နေသည်ကို ကြည့်ကာ နှုတ်ခမ်းလေး တွန့်‌ကွေးနေသည်။

သူတို့လည်း သူမကို အသီးသီး နှုတ်ဆက်နေကြသည်။

"ဒုတိယအဒေါ်" "မေမေ"

ခြံဝန်းထဲတွင် လေတိုက်နေသောကြောင့် ဝမ်ယဲ့က သူမ စုဆောင်းထားသော အရုပ်သေတ္တာကို ထုတ်ပေးရန် ထောင်ကျီကို ညွှန်ကြားလိုက်ပြီး အငယ်လေး နှစ်ယောက်ကို အထဲ၌ ဆော့ကစားစေလိုက်သည်။

ရွှီကျင့်ရုန်ကတော့ ရင်းနှီးနေပြီ ဖြစ်သဖြင့် ခန်းမထဲမှ ထိုင်ခုံတစ်ခုကို ဆွဲထုတ်လာကာ ဒန်းပေါ်တွင် ထိုင်နေသော ဝမ်ယဲ့၏ ဘေးနားတွင် ချလိုက်သည်။ ထို့နောက် သူက ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်ဖဝါးဖြင့် မေးထောက်ပြီး တံတောင်ကို ဒူးပေါ်တင်ကာ တစ်ကမ္ဘာလုံးမှ အပူထုတ်သမျှကို သူ ထမ်းပိုးထားရသလိုမျိုး သက်ပြင်း ချနေပြန်သည်။

ဝမ်ယဲ့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ့ကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

"ကျောင်းတော်ကို သွားရမှာက တကယ်ပဲ အဲ့ဒီလောက်တောင် ဆိုးလို့လား"

ရွှီကျင့်ရုန်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြန်ဖြေနေသည်။

"ဆိုးတာပေါ့၊ စုန့်ရှန်ကျောင်းတော်မှာ အစေခံတွေ ဒါမှမဟုတ် စာအုပ်အိတ် သယ်ပေးမယ့်ကောင်လေးတွေကို ခေါ်သွားလို့ မရဘူးလို့ ကြားတယ်၊ ကိုယ့်ကိစ္စကိုယ် အကုန်လုပ်ရမယ်တဲ့၊ ပြီးတော့ အဲ့ဒီမှာ လယ်ကွင်းတွေ အများကြီး ရှိပြီး အသက် ဆယ့်နှစ်နှစ်ကျော်တဲ့ ကျောင်းသားတိုင်း လယ်ထဲဆင်း အလုပ်လုပ်ရတယ်လို့လည်း ကြားထားသေးတယ်"

သူက အသက် ကိုးနှစ်နီးပါး ရှိနေပြီ ဖြစ်ကာ ဆယ့်နှစ်နှစ်ပြည့်ရန် သိပ်မလိုတော့ပေ။ သူ၏ အရည်အချင်းနှင့်ဆိုလျှင် အခြေခံစာမေးပွဲ အောင်ရန် ထိုကျောင်းတော်၌ ခြောက်နှစ်၊ ခုနစ်နှစ်ခန့် နေရဦးမည် ဖြစ်သည်။

ရွှီကျင့်ရုန်က သူ့အဝတ်ကိုပင် သူ တစ်ခါမှ မလျှော်ဖူးပေ။ သို့သော် သူက အိမ်တော်မှ လယ်သမားများကို မြင်ခဲ့ဖူးသည်။ သူတို့အားလုံးက အသားမည်းပြီး ပိန်ပိန်ပါးပါးများသာ ဖြစ်ကြသည်။ သူကတော့ သူ ကြီးလာလျှင် ထိုကဲ့သို့ မဖြစ်ချင်ပေ။ ထိုသို့ဖြစ်သွားလျှင် မိန်းမရရန် ခက်ခဲလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။

ဝမ်ယဲ့က လန်ချန်ရှိ ရွှီမိသားစု တည်ထောင်ထားသော စုန့်ရှန်ကျောင်းတော်နှင့် မရင်းနှီးသော်လည်း ရွှီကျင့်ရုန် ပြောပြပုံအရဆိုလျှင် အတော်လေး ကောင်းမွန်သည့်ပုံ ပေါ်သည်။

တော်ဝင် စာမေးပွဲများက ကလေးကစားစရာ မဟုတ်ပေ။ အကယ်၍ စာသင်သားများက သူတို့၏ လက်ညှိုးကိုပင် သူတို့ မ... မနိုင်လောက်အောင် ပျော့ညံ့နေလျှင် စာမေးပွဲ ပထမဆုံးနေ့၌ပင် အသက်ရှင်ရန် ခက်ခဲသွားပေလိမ့်မည်။

ရွှီကျင့်ရုန်က ဝမ်ယဲ့ကို သံသယရှိသော အကြည့်ဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။

"ဒုတိယအဒေါ်... ကျွန်တော် မြင်နေရတာက အဒေါ်က ဒီကိစ္စကို ပျော်နေသလိုပဲနော်"

ဝမ်ယဲ့က ဝန်မခံဘဲ ချက်ချင်း ငြင်းလိုက်သည်။

"မင်း မှားနေပြီ"

'ကျွန်တော် မျက်စိမကန်းပါဘူး'

ရွှီကျင့်ရုန်တစ်ယောက် ထိုသို့ တွေးနေသော်လည်း ယနေ့ သူ ရောက်လာရသည့် ရည်ရွယ်ချက်ကို သတိရကာ ထိုစကားကို ပြန်မျိုချလိုက်ရသည်။

"ဒုတိယအဒေါ်ရေ... အဒေါ်ရဲ့ တူလေးကတော့ ဒုက္ခရောက်တော့မှာ သေချာတယ်"

ရွှီကျင့်ရုန်က စတင်သရုပ်ဆောင်နေပြီး သူ၏ သရုပ်ဆောင်ချက်များက အတော်လေး ကြည့်ရဆိုးနေသည်။

ဝမ်ယဲ့က ဆက်မကြည့်နိုင်တော့ဘဲ ချက်ချင်း တားဆီးလိုက်သည်။

"စကားကို ကောင်းကောင်းပြောစမ်းပါ"

ရွှီကျင့်ရုန်က ခေတ္တတုံ့ဆိုင်းသွားပြီးမှ အရှက်မရှိ ဖွင့်ပြောလာခဲ့သည်။

"ကျွန်တော် မသွားခင် သိုးနံရိုးကင်နဲ့ ဝက်လက်ပေါင်းလေး နောက်တစ်ခါလောက် ထပ်စားချင်လို့ပါ"

ထိုနေ့က စားခဲ့ရသော အရသာမှာ သူ့၏အာရုံထဲတွင် စွဲထင်နေဆဲ ဖြစ်သော်လည်း ထိုအချိန်ကတည်းက သူ ထပ်မစားရတော့ပေ။

ဝမ်ယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး သူ့ကို ကြည့်ကာ ပြန်မေးလိုက်သည်။

"ဪ... ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက မင်း အနောက်ဘက်ခြံဝန်းကို ခဏခဏ လာချောင်းနေတာပေါ့လေ၊ ဟုတ်လား"

ရွှီကျင့်ရုန်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြန်ဖြေနေသည်။

"အဲ့လို မဟုတ်ပါဘူး၊ ကျွန်တော်က ဒုတိယအဒေါ်ကို အဖော်ပြုပေးချင်လို့ ဒီကို လာခဲ့တာပါ"

'ငါကတော့ နင် မလာရင် ပိုပြီး စိတ်အေးရမှာ သေချာတယ်'

ဝမ်ယဲ့က စိတ်ထဲမှ ရေရွတ်ကာ ရယ်မောရင်း သူမ၏စာအုပ်ကို ပိတ်လိုက်သည်။

"ဒီနေ့တော့ သိုးနံရိုးရော၊ ဝက်လက်ရော မရှိဘူး၊ ဒါပေမယ့် ဒီအဒေါ်က မင်းတို့ကို ဘာဘီကျူး ကျွေးဖို့ ဆုံးဖြတ်လိုက်တယ်၊ ဘယ်လိုလဲ"

နှစ်သစ်ကူး စားသောက်ပွဲများကြောင့် ဝမ်ယဲ့ ကိုယ်အလေးချိန် အနည်းငယ် တက်လာခဲ့သည်။ ထို့ကြောင့် ယခုလတွင် သူမ အသားလျှော့စားပြီး ဝိတ်ပြန်ချရန် စီစဉ်ထားခဲ့သည်။ ရလဒ်အနေဖြင့် သိုးနံရိုးကင်နှင့် ဝက်လက်ပေါင်းက သူမ၏ စားသောက်ဖွယ်ရာစာရင်းတွင် မပါဝင်တော့ပေ။ သူမကိုယ်တိုင် မစားနိုင်ချိန်တွင် အခြားသူများ သူမရှေ့၌ အားရပါးရ စားနေသည်ကိုလည်း မမြင်ချင်ပေ။

ဘာဘီကျူးဆိုလျှင်တော့ ရွေးချယ်စရာ ပိုများသည်။ သူမအနေဖြင့် အသီးအရွက်များကိုသာ အဓိကထား စားပြီး အသားကို လျှော့စားနိုင်သည်။ တစ်နပ်စာလောက်နှင့်တော့ ဘာမှမဖြစ်နိုင်ဟု ဝမ်ယဲ့ တွေးနေခဲ့သည်။

ရွှီကျင့်ရုန်က ဝမ်းသာအားရ ခေါင်းညိတ်ပြနေသည်။

"ဟုတ်ကဲ့.... ဟုတ်ကဲ့.... ရပါတယ်"

သိုးနံရိုးနှင့် ဝက်လက်ပေါင်း မရှိသော်လည်း အသားသက်ကလည်း ကောင်းနေဆဲပင်။ ပြီးခဲ့သည့်တစ်ခေါက်က သူ သိုးနံရိုးနှင့် ဝက်လက်ကိုသာ အာရုံစိုက်နေခဲ့ပြီး အသားကင်ကို ကောင်းကောင်း မမြည်းစမ်းလိုက်ရပေ။

ဝမ်ယဲ့က မီးဖိုဆောင်သို့ သွားပြီး ချက်ချင်း ပြင်ဆင်ထားရန် ထောင်ကျီကို ညွှန်ကြားလိုက်သည်။

ဝမ်ယဲ့က သခင်မလုနှင့် အမြဲရင်းရင်းနှီးနှီး နေရန် ဆုံးဖြတ်ထားပြီး သူမ၏ အားလပ်ချိန်များတွင် သခင်မလု ကျန်းမာအားပြည့်စေရန် အာဟာရဖြစ်စေမည့် စွပ်ပြုတ်အချို့ကို စမ်းချက်ရန် စီစဉ်ထားခဲ့သည်။ သို့သော် သခင်မလု၏ အကြိုက်ကို အရင်သိရန် လိုအပ်နေသောကြောင့် သားဖြစ်သူ ရွှီကျင့်ရုန်ထံမှ စုံစမ်းရန်က အကောင်းဆုံး အခွင့်အရေး ဖြစ်လာခဲ့သည်။

‘အဆင်သင့်လိုက်တာဟယ်....အချိန်ကိုက်ပဲ’

ဘာဘီကျူး လုပ်ရသည်က ရိုးရှင်းသည်။ အသီးအရွက်နှင့် အသားများကို ဆေးကြောပြီး အတုံးလေးများ တုံးခြင်း သို့မဟုတ် အလွှာလေးများ လွှာခြင်း စသည်ဖြင့် ပြုလုပ်ကာ အသားလေးများဖြင့် တုတ်ချောင်းလေးများဖြင့် ထိုးရသည်။ ထို့နောက် မီးသွေးဖိုပြင်ကာ ဆီအလွှာလေး သုတ်ထားသည့် အသားတုတ်များကို သံဆကာပေါ်သို့ တင်လိုက်ရုံသာ ဖြစ်သည်။

ခဏခဏ လှန်ပေးပြီး ဇီယာမှုန့်နှင့် ငရုတ်သီးမှုန့်လေး ဖြူးပေးရသည်။ အသားတုတ်ချောင်းလေးများမှ ဆီများ တဖြဖြ မြည်လာပြီး အနံ့လေး သင်းလာလျှင် စားရန် အသင့်ဖြစ်သွားချေပြီ။ အစပ်ကြိုက်သူများအတွက် စားခါနီး၌ ငရုတ်သီးမှုန့်လေး ထပ်ဖြူးလိုက်လျှင် အလွန်ပင် ကွက်တိကျသွားပေလိမ့်မည်။

နေ့လယ်စာအတွက် အသားကင် စားရမည်ဟု ကြားလိုက်ရချိန်တွင် ရွှီကျင့်လင်းက သူ၏ အရုပ်များကို ပစ်ချကာ သူ့အစ်ကိုနောက်သို့ တကောက်ကောက် လိုက်နေတော့သည်။ သူ့အစ်ကို သူ့အား ချန်ရစ်ခဲ့မည်ကို အတော်လေး စိုးရိမ်နေပုံရသည်။

ရွှီကျင့်လင်းက နောက်တစ်လကျော်လျှင် အသက်ခြောက်နှစ် ပြည့်တော့မည် ဖြစ်သည်။ ကလေးများနှင့် ပတ်သက်လျှင် ဝမ်ယဲ့၏ သဘောထားက ရိုးရှင်းလွန်းသည်။ အသက် ငါးနှစ်ကျော်လျှင် အဆိပ်မပါသရွေ့ သူတို့ ကြိုက်တာ ကျွေးမည် ဖြစ်ပြီး သူမ တားမည်မဟုတ်ပေ။

သို့သော် အသက် ငါးနှစ်အောက် ကလေးများအတွက်တော့ ဝမ်ယဲ့က သူမ၏ အထူးကျွမ်းကျင်မှုဖြစ်သော 'အာရုံပြောင်းခြင်း အနုပညာ' ကို အသုံးပြုလေ့ရှိသည်။

ထို့ကြောင့် ရွှီယွိရွှမ် စကားလေး မပီကလာ ပီကလာဖြင့် သူ့အစ်ကိုများနှင့်အတူ အသားကင် စားချင်သည်ဟု ပူဆာလာချိန်တွင် ဝမ်ယဲ့က သူ့ခေါင်းလေးကို ညင်ညင်သာသာ ပုတ်ပေးပြီး ချက်ချင်း သဘောတူလိုက်သည်။

"စိတ်မပူနဲ့.... ရွှမ်အာရဲ့... မေမေက သားကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"

ထို့နောက် သူမက ဟုန်ရှင်းအား နွားနို့အရသာ မုန့်ပေါင်းလုံးသေးသေးလေးများ၊ အသားအကျက်ကြော်နှင့် ဂေါ်ဖီရွက်ကြော်အနည်းငယ် ပြင်ဆင်ခိုင်းလိုက်သည်။

ရွှီယွိရွှမ်ကတော့ ဘာမှမသိဘဲ ၎င်းက ဝမ်ယဲ့၏ သူ့အတွက် သီးသန့် ချစ်ခင်မြတ်နိုးမှုဟု ယုံကြည်ကာ ပါးစပ်မစေ့နိုင်အောင် ပြုံးနေရှာသည်။

အနားတွင် ရပ်နေသော အထိန်းတော်ကျိကတော့ သက်ပြင်းကိုသာ ခိုးချနေမိသည်။

‘သခင်ငယ်လေးက ဘယ်အချိန်မှ ဒုတိယသခင်မရဲ့ လှည့်ကွက်တွေထဲကနေ လွတ်မြောက်နိုင်မှာလဲ’

ရိုးရိုးသားသား ပြောရလျှင် သူမ၏ အစေခံသက်တမ်းတစ်လျှောက် ဝမ်ယဲ့လို လူတစ်ယောက်ကို သူမ တစ်ခါမှ မကြုံခဲ့ဖူးပေ။ ဝမ်ယဲ့၏ နည်းလမ်းများက ထူးဆန်းပြီး မသင့်တော်သလို ခံစားရစေသော်လည်း အမြဲတမ်း စည်းဘောင်အတွင်း၌ ရှိနေတတ်သည်။

သူမ၏ ရည်ရွယ်ချက်က သခင်ငယ်လေး၏ အကျိုးအတွက် အမြဲ ဖြစ်နေသော်လည်း သူမ၏ ချဉ်းကပ်ပုံကတော့ သာမန်လူများနှင့် မတူဘဲ တစ်မူထူးခြားနေခဲ့သည်။

အစောပိုင်းတွင် အမြဲတမ်း စိုးရိမ်ပူပန်ခဲ့ရသော အထိန်းတော်ကျိလည်း ယခုအချိန်၌ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ သူမက သူမ၏ သခင်လေးအတွက်တော့ သနားစိတ် အနည်းငယ် ဝင်နေမိသေးသည်။

ရွှီကျင့်လင်း၏ အသားကင်များကို ဇီယာမှုန့်ဖြင့် နယ်ထားပြီး ရွှီယွိရွှမ်ကတော့ မီးသွေးဖိုပေါ်တွင် ခဏမျှ နွှေးထားသည့် နွားနို့အရသာ ပေါင်မုန့်လုံးလေးများကို သူ၏ အထူးအသား၊ ဂေါ်ဖီကင်များဖြင့် မြိန်ရေယှက်ရေ စားနေလေသည်။ ရွှီကျင့်ရုန်က ဝမ်ယဲ့ကဲ့သို့ပင် ငရုတ်သီးမှုန့် အပြည့်ဖြူးထားသော အသားကင်များကို ပိုနှစ်သက်သည်။

ရွှီကျင့်ရုန်တစ်ယောက် အစပ်ဒဏ်ကြောင့် ချွေးပြန်နေပြီး ပါးစပ်ကလည်း တရှူးရှူး တရှဲရှဲ အသံများ ထွက်နေသည်။ အငယ်လေး နှစ်ယောက်က အစပ် မစားရသော်လည်း သူ့ကို လိုက်တုကာ တရှူးရှူး တရှဲရှဲ အသံများ ထွက်နေကြသည်။

ထိုမြင်ကွင်းက အမှန်တကယ် ရယ်စရာကောင်းနေပြီး ဝမ်ယဲ့ကို သူ့မျက်နှာကို မထောက်တော့ဘဲ ရယ်ချလိုက်သည်။

ရွှီကျင့်ရုန် : "..."

ရုတ်တရက် အနည်းငယ် ရှက်သွားသော ရွှီကျင့်ရုံက နို့လက်ဖက်ရည်တစ်ခွက်ကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး ရှက်စိတ်ကို အစားအသောက်အပေါ် ပုံချကာ အမဲသားကင်တစ်တုံးကို အားပါးတရ ကိုက်စားလိုက်သည်။

ရွှီကျင့်ရုန်ထံမှ သခင်မလု၏ အကြိုက်များကို သိရှိပြီးနောက် ဝမ်ယဲ့တစ်ယောက် ပြင်ဆင်မှုများ စတင်ခဲ့သည်။

ဝမ်ယဲ့က သခင်မလုအတွက် အာဟာရဖြစ်စေမည့် အစားအစာများကို သူမကိုယ်တိုင် ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက သူမ၏ စိတ်ရင်းစေတနာကို ပြသရာရောက်ရုံတင်မကဘဲ သခင်မလုနှင့် အမြဲရင်းရင်းနှီးနှီး နေချင်သည့် သူမ၏ ရေရှည်စီမံကိန်းအတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။ ကံကောင်းသည်မှာ ချက်ပြုတ်ခြင်းက သူမအတွက် သိပ်မခက်ခဲလှပေ။ ဝမ်ယဲ့က ၎င်းကို အချိန်ဖြုန်းသည့် နည်းလမ်းတစ်ခုအဖြစ် သဘောထားလိုက်သည်။

သခင်မလုက ပေါ့ပေါ့ပါးပါး အရသာများကို ပိုနှစ်သက်ပြီး အဆီများကို တခါတရံမှသာ စားတတ်သူဖြစ်သည်။ သူမက လတ်ဆတ်ဆတ်နှင့် ကြွပ်ကြွပ်ရွရွရှိသော ဟင်းလျာများကို ပိုနှစ်သက်သည်။

သူမ ဤမျှအထိ ပိန်နေသည်မှာလည်း မထူးဆန်းသော်လည်း ကြာရှည်အတွက်တော့ မသင့်တော်ပေ။ ဝမ်ယဲ့က စဉ်းစားခန်းဝင်ပြီးနောက် ပေါ့ပါးသော်လည်း အသားဓာတ်ပါဝင်သော ဟင်းလျာအချို့နှင့် အားဖြစ်စေမည့် စွပ်ပြုတ်အချို့ကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ်ကြာ စမ်းသပ်ချက်ပြုတ်ပြီးနောက် သူမ အတော်လေး အဆင်ပြေလာခဲ့ပြီး နောက်တစ်နေ့တွင် သခင်မလုထံသို့ ဟင်းနှစ်ခွက် ပို့ပေးရန် စီစဉ်လိုက်သည်။

တာ့ကျင်းမင်းဆက်တွင် အစိုးရရုံးတော်များကို မီးထွန်းပွဲတော်ပြီးမှသာ ပြန်ဖွင့်လေ့ရှိသော်လည်း ရွှီယွဲ့ကျားကတော့ နှစ်သစ်ကူးပြီး ခုနစ်ရက်မြောက်နေ့ကတည်းက တရားရေးဝန်ကြီးဌာနရှိ သူ့တာဝန်များကို ပြန်ထမ်းဆောင်နေခဲ့ပြီ ဖြစ်သည်။

ယနေ့တွင် ရွှီယွဲ့ကျားက အနောက်ဘက်ခြံဝန်းသို့ ရွှီအချိန်မှ ပြန်ရောက်လာပြီး ပုံမှန်ထက် နောက်ကျနေခဲ့သည်။

( ရွှီအချိန် - ည ၇ နာရီမှ ၉ နာရီဝန်းကျင်)

ဝမ်ယဲ့က ရေချိုးပြီး ရေချိုးခန်းထဲမှ ညဝတ်အင်္ကျီဖြင့် ထွက်လာစဉ် ရွှီယွဲ့ကျားက အတွင်းခန်းထဲသို့ ဝင်လာသည်။ ဝမ်ယဲ့က သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်သည်။

"ယောကျ်ား... ပြန်လာပြီလား"

ရွှီယွဲ့ကျားက ‘အင်း’ ဟုသာ ခပ်တိုးတိုး အသံပြုပြီး ထပ်ပြောလာခဲ့သည်။

"အပြင်မှာ ဧကရာဇ်မင်းမြတ်ဆီက လက်ဆောင်တွေ ရောက်နေတယ်၊ သေချာသိမ်းထားလိုက်ဦး"

"ဧကရာဇ်မင်းမြတ်ရဲ့ လက်ဆောင်တွေလား"

ဝမ်ယဲ့က အပေါ်ဝတ်ရုံလေးကို ထပ်ဝတ်လိုက်ပြီး အပြင်ခန်းသို့ ထွက်လာခဲ့သည်။ ခန်းမဆောင်တစ်ခုလုံး ပြည့်လုနီးပါးရှိသော သစ်သားသေတ္တာကြီး အများအပြားကို သူမ မြင်လိုက်ရသည်။

သူမက ရွှီယွဲ့ကျားကို လှည့်မေးလိုက်သည်။

"ဒါတွေ အားလုံးက ဧကရာဇ်မင်းမြတ် ပေးလိုက်တာလား"

"ဧကရီကလည်း နည်းနည်း ပေးလိုက်သေးတယ်"

"အဲ့ဒါက ကျွန်မအတွက် သီးသန့်ပေးတာလား"

“အင်း”

ဝမ်ယဲ့က တစ်ခါမှ မဆုံဖူးသော ဧကရီက သူမအပေါ် ဤမျှအထိ မျက်နှာသာပေးကာ လက်ဆောင်များ တစ်ပြိုင်နက် ပို့လိမ့်မည်ဟု ယုံကြည်ရလောက်အောင် မိုက်မဲသူ မဟုတ်ပေ။

အကြောင်းအရင်းက ရွှီယွဲ့ကျားကြောင့်သာ ဖြစ်နိုင်မှန်း သူမ တွက်ချက်နိုင်သည်။ တော်ဝင်ဇနီးမောင်နှံများပင်လျှင် 'ခင်ပွန်းဖြစ်သူက ဦးဆောင်ပြီး ဇနီးက လိုက်ပါရသည်' ဆိုသည့် မူကို လိုက်နာကြသည်။

အရင်းခံအကြောင်းရင်းကို နားလည်သော်လည်း သူမရှေ့မှ သေတ္တာကြီးများကို ကြည့်ရင်း ဝမ်ယဲ့တစ်ယောက် ဝေဝေဝါးဝါး ခံစားနေရဆဲပင်။

သူမ အနီးဆုံးသေတ္တာများကို ဖွင့်ခိုင်းလိုက်ရာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများ၊ ရှေးဟောင်းပစ္စည်းများ၊ ပန်းချီနှင့် ကဗျာလက်ရေးမူများ မရေမတွက်နိုင်အောင် ရှိနေလေသည်။ တော်ဝင်မိသားစုများသာ သုံးစွဲခွင့်ရှိသော ရှားပါးဆေးဖက်ဝင် အပင်များနှင့် အဆင့်မြင့် ငှက်သိုက်များလည်း ပါဝင်နေသေးသည်။

လက်ဆောင်များ၏ ကြွယ်ဝမှုက ဝမ်ယဲ့ကို သံသယဝင်လာစေသည်။

'ဧကရာဇ်က ရွှီယွဲ့ကျားကို ဝအောင်ကျွေးပြီးမှ သတ်စားတော့မလို့လား'

‘ဟုတ်တယ်၊ ဘယ်လောက်ပဲ ထက်တဲ့ ဓားဖြစ်ဖြစ် တစ်နေ့တော့ တုံးသွားမှာပဲလေ...’

ရွှီယွဲ့ကျားက ဝမ်ယဲ့၏ လွန်လွန်ကဲကဲ တွေးတောနေဟန်ရှိသော မျက်နှာပေးကို သတိထားမိသွားပြီး နှုတ်ခမ်းကို အနည်းငယ်ကွေးညွှန်ကာ ထပ်ပြောလိုက်သည်။

"ဧကရာဇ်မင်းမြတ်ရဲ့ ရည်ရွယ်ချက်က မင်း ထင်သလို မရှုပ်ထွေးဘူး၊ စိတ်အေးအေးထားပြီး လက်ခံလိုက်ပါ"

ဝမ်ယဲ့က သူမကိုယ်သူမ ပြန်ထိန်းလိုက်ပြီး ဘာမှ မဖြစ်သလို ပြန်ဖြေလိုက်သည်။

"ကျွန်မမှာ ဘာအတွေးမှ မရှိပါဘူး"

ရွှီယွဲ့ကျားက သူမနှင့် ငြင်းခုံမနေတော့ပေ။

"ဒါတွေကို သေချာသိမ်းထားလိုက်ဦး၊ တော်ဝင်လက်ဆောင်တွေကို ပြန်ရောင်းလို့ မရဘူးဆိုတာလည်း မှတ်ထားဦးနော်"

ဝမ်ယဲ့က အထင်သေးခံရသည်ဟု တွေးကာ ခပ်ဆတ်ဆတ် ပြန်ပြောလိုက်သည်။

"ရှင်က ကျွန်မကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ"

နောက်ဆုံးတွင် အသာစီးရသွားသော ရွှီယွဲ့ကျားက ကျောခိုင်းလှည့်ထွက်သွားရင်း သိသိသာသာ မဟုတ်သော အပြုံးလေးဖြင့် ပြန်ပြောလာခဲ့သည်။

"ကိုယ်က စေတနာနဲ့ သတိပေးရုံသက်သက်ပါ"

ဝမ်ယဲ့ကလည်း သွားကြိတ်လျက် အေးစက်သော လှောင်သံဖြင့် လှမ်းပြောလိုက်သည်။

"ကြီးမားလှတဲ့ ခင်ပွန်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်ရှင့်"

'ဟွန့်.... ဒီလို ဖြစ်လာမှတော့.... ရှင့်အတွက် ဒီဂျင်ဆင်းတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ငှက်သိုက်တွေကို တစ်စက်မှ ရဖို့ မျှော်လင့်မနေနဲ့တော့'

နောက်တစ်နေ့တွင် ဝမ်ယဲ့က ဆေးဘက်ဝင်ဟင်းလျာများကို သူမကိုယ်တိုင်ပြင်ဆင်ပြီး ပင်မခြံဝန်းသို့ ယူဆောင်သွားရာ သခင်မလုတစ်ယောက် အတော်ပင် အံ့အားသင့်နေရှာသည်။ ခင်းကျင်းထားသော ဟင်းပွဲများကို ကြည့်ရင်း ဝမ်ယဲ့ထံတွင် လေလွင့်ဝိညာဉ်တစ်ခုခု ပူးကပ်နေသလားဟုပင် သခင်မလု သံသယဝင်နေမိသည်။

သခင်မလု၏ မယုံကြည်နိုင်သော အကြည့်များကို ရင်ဆိုင်ရင်း ဝမ်ယဲ့က တည်တည်ငြိမ်ငြိမ်လေး ရှင်းပြလိုက်သည်။

"ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မမ တော်တော်လေး ပင်ပန်းနေတာကို ကျွန်မ သတိထားမိလို့ပါ၊ ဒါကြောင့် မမ အားပြန်ပြည့်အောင် ဒီဆေးဘက်ဝင်ဟင်းလေးတွေ ပြင်ဆင်လာခဲ့တာပါ"

သူမ၏ လေသံက နူးညံ့ပျော့ပြောင်းနေပြီး သိတတ်နာခံမှုနှင့် ရိုးသားမှုများ ပြည့်နေသောကြောင့် သခင်မလု၏ သံသယများ တဖြည်းဖြည်း ပြေလျော့သွားသည်။

‘အင်း....ဒါက တကယ်ပဲ ဝမ်ရှီရဲ့ စိတ်ရင်းမှန် ဖြစ်နိုင်ပါတယ်လေ’

ဟင်းလျာများ၏ ရနံ့က သခင်မလု၏ စားချင်စိတ်ကို နှိုးဆွပေးနေသည်။ ယခုတလော သူမ များပြားလှသော အလုပ်များကြောင့် အစားစားချင်စိတ် မရှိသလောက် ဖြစ်နေသော်လည်း ယနေ့ မျှော်လင့်မထားဘဲ အစားစာချင်စိတ် ပြန်ဖြစ်လာခဲ့သည်။

သခင်မလုက ဟင်းလျာများကို ဖြည်းဖြည်းချင်း မြည်းစမ်းကြည့်နေကာ သူမ ပုံမှန်စားနေကျ ဟင်းများနှင့် အတော်လေး ကွဲပြားနေသည်ကို ခံစားမိသွားသည်။ ဝမ်ယဲ့အနေဖြင့် ဤဟင်းများအတွက် အတော်လေး စဉ်းစားပြင်ဆင်ခဲ့ကြောင်း ထင်ရှားနေသည်။

စားချင်စိတ် ပြန်ပေါ်လာသဖြင့် သခင်မလုလည်း ဗိုက်ဝလုနီးပါးအထိ စားပြီးမှ အရှိန်လျှော့လိုက်သည်။ သူမက ကျေနပ်အားရသော အမူအရာဖြင့် ဝမ်ယဲ့ကို ကြည့်ကာ လှမ်းမေးနေသည်။

"ဒီငှက်သိုက်က တော်ဝင်လက်ဆောင်ထဲက မဟုတ်လား"

ဝမ်ယဲ့က မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"မမရဲ့ အကြည့်အောက်မှာ ဘာကိုမှ ဖုံးကွယ်လို့ မရဘူး"

သခင်မလုက အပြုံးဖြင့် ပြန်ရှင်းပြနေသည်။

"အရင်က ငါ နန်းတော်ကို သွားလည်တုန်းကလည်း ဧကရီမယ်မယ်က ငါ့ကို လက်ဆောင်ပေးဖူးတယ်လေ"

ဝမ်ယဲ့က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ဒီမနက် ကျွန်မ တစ်ပန်းကန်စာ ပြင်ခိုင်းပြီး သောက်ကြည့်တော့ အရသာ တော်တော်ကောင်းတာနဲ့ မမကိုလည်း ဝေမျှပေးချင်လို့ ယူလာခဲ့တာပါ"

သခင်မလုက ဇွန်းကို ချလိုက်ပြီး ဝမ်ယဲ့ကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"ငါ့ဆီမှာ ဘာမှမလိုပါဘူး၊ အဲ့ဒါတွေကို နင့်အတွက်ပဲ သိမ်းထားစမ်းပါ"

ထို့နောက် သူမက အဓိပ္ပာယ်ပါသော လေသံဖြင့် ထပ်ပြောနေသေးသည်။

"နင့်ရဲ့အမေ သခင်မရှန်းကလည်း ဝမ်အိမ်တော်တစ်ခုလုံးကို စီမံခန့်ခွဲနေရတာလေ၊ အဲ့ဒါက လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ဘူးနော်"

အခြေအနေတူသူများ၏ အချင်းချင်း ကိုယ်ချင်းစာစိတ်က ပိုနက်ရှိုင်းတတ်ကြသည်။ သခင်မလုက အကျယ်တဝင့် မပြောခဲ့သော်လည်း ဝမ်ယဲ့ကတော့ နားလည်နိုင်ခဲ့သည်။

ဝမ်ယဲ့က အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

"မမရဲ့ အကြံပေးချက်ကို ကျွန်မ လိုက်နာပါ့မယ်"

ရက်အတော်ကြာအောင် ဆေးဘက်ဝင်ဟင်းလျာများ ပို့ပေးပြီးနောက် ဝမ်ယဲ့က ကျန်ရှိနေသော ငှက်သိုက်များကို ကြည့်ကာ ယွင်ကျီနှင့် ထောင်ကျီတို့ကို ခေါ်လိုက်သည်။ ရုတ်တရက် သူမက သူမကိုယ့်သူမ ပြန်လည်သုံးသပ်ဟန်ဖြင့် မေးနေပြန်သည်။

"ငါ အရင်တုန်းက တကယ်ပဲ စိတ်ပူစရာကောင်းတဲ့သူ ဖြစ်ခဲ့မယ်လို့ နင်တို့ ထင်လား၊ ငါ့လို သမီးမျိုးရထားတာ ငါ့အမေနဲ့ ယိနျန်းတို့ အရင်ဘဝက တကယ့်ကို ကြောက်စရာကောင်းတဲ့ အပြစ်တွေ ကျူးလွန်ခဲ့မိလို့များလား"

ထောင်ကျီနှင့် ယွင်ကျီတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာမှပြန်မပြောရန် ပါးပါးနပ်နပ် ဆုံးဖြတ်လိုက်ကြသည်။

သခင်မ၏ စကားများကို နားထောင်ပေးခြင်းက အကောင်းဆုံးဖြစ်သော်လည်း ဘယ်တော့မှ ဝင်ရောက်ထောက်ခံခြင်း မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် သူမတို့၏ သခင်မက စိတ်ထဲမှ တကယ်မပါဘဲ ပြောတတ်သောကြောင့်ပင်။

သို့သော်လည်း သခင်မ ပြောသမျှ စကားအများစုက အချက်ကျကျနှင့် ထိမှန်လွန်းလှသည်ကိုတော့ ငြင်းမရပေ။

ဝမ်ယဲ့ကလည်း သူမတို့ဆီမှ အဖြေကို မျှော်လင့်မနေခဲ့ချေ။ သူမက ငှက်သိုက်များကို သုံးစုခွဲရန် ညွှန်ကြားလိုက်ပြီး နောက်တစ်နေ့တွင် ဝမ်အိမ်တော်သို့ သွားပြီး ထိုသုံးစုကို ပို့ပေးရန် ယွင်ကျီကို ညွှန်ကြားလိုက်သည်။

ထောင်ကျီ ရေတွက်ကြည့်ရာ သုံးစုသာ ရှိသည်ကို သတိထားမိသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။

"သခင်မ... ချန်းယိနျန်းနဲ့ ပဉ္စမသခင်မလေးတို့အတွက်ရော.... မပို့တော့ဘူးလား"

ဝမ်ယဲ့က သေတ္တာထဲတွင် ကျန်ရှိနေသေးသော ငှက်သိုက်များကို တစ်ချက်ကြည့်ပြီးမှ ပြန်ဖြေလိုက်သည်။

"အလောတကြီး ပို့ဖို့ မလိုဘူး၊ ဒုတိယယောင်းမ ကလေးမွေးလို့ အိမ်ပြန်တဲ့အခါမှ ယိနျန်းနဲ့ ညီမလေးအတွက် ငါဘာသာ ယူသွားပေးလိုက်မယ်"

ဝမ်ယဲ့က ဤကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကို သခင်မရှန်း၏ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပို့ပေးရန် မတွေးထားခဲ့ပေ။

လက်ရှိတွင် ဝမ်အိမ်တော်က သဟဇာတဖြစ်နေသော်လည်း ဝမ်ယဲ့အနေဖြင့် ကိုယ်လုပ်တော်ချန်းနှင့် သူမ၏ ညီမငယ်အား ဝမ်မိသားစုတစ်ခုလုံး၏ အာရုံစိုက်စရာ မဖြစ်စေလိုပေ။ အားလုံး ဘာအနှောင့်အယှက်မှ မရှိဘဲ အေးအေးချမ်းချမ်း နေထိုင်သွားနိုင်မှာသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

.......။.......။.......

နောက်တစ်နေ့..... ဝမ်အိမ်တော်၏ ပင်မခန်းမဆောင်တွင်.....

သခင်မရှန်းက သူမ၏ ချွေးမနှစ်ယောက်ကို ခေါ်ယူကာ ပြောနေခဲ့သည်။

"ဒါတွေက နင်တို့ရဲ့ စတုတ္ထညီမ ပို့လိုက်တဲ့ တော်ဝင်ငှက်သိုက်တွေပဲ၊ တစ်ယောက်ကို တစ်စုစီ ပြန်ယူသွားကြ"

ယန်ရှီနှင့် လျရှီတို့က အံ့သြဝမ်းသာ ဖြစ်သွားကြသည်။ ယန်ရှီက အံ့ဩတကြီး ရေရွတ်နေသေးသည်။

"တော်ဝင်ငှက်သိုက်တွေ ဟုတ်လား"

သခင်မရှန်းက ခပ်အေးအေး ခေါင်းညိတ်ပြလိုက်သည်။ အမှန်တကယ်တွင်တော့ သူမကိုယ်တိုင်လည်း ဝမ်ယဲ့၏ ရည်ရွယ်ချက်ကို ဇဝေဇဝါ ဖြစ်နေရသည်။

လက်ဆောင်စာရင်းကို သူမ စစ်ဆေးကြည့်ခဲ့ပြီး ငှက်သိုက်က သုံးစုသာ ပါရှိကာ ကိုယ်လုပ်တော်ချန်းအတွက် မပါဝင်သည်က ထင်ရှားနေသည်။ ထိုသို့ဆိုလျှင် ဝမ်ယဲ့ အဘယ်ကြောင့် ဤမျှအထိ ဒုက္ခခံကာ ပို့ပေးသည်ကို သူမ မမှန်းဆနိုင်တော့ပေ။

‘အိမ်ထောင်ကျသွားလို့ အဲ့ကလေးမရဲ့ အမြဲတမ်း ထက်မြက်လွန်းတဲ့ အကျင့်တွေ ပြောင်းလဲသွားခဲ့တာဖြစ်နိုင်မလား’

သူမ မည်သို့ပင်တွေးနေပါစေ သခင်မရှန်းအနေဖြင့် တည်ငြိမ်သော အမူအရာကို ထိန်းထားဆဲပင်။

"ဒါက နင်တို့ စတုတ္ထညီမရဲ့ စေတနာဆိုတော့လည်း ကျေးဇူးတင်စကားပြောပြီး လက်ခံလိုက်ကြပေါ့၊ သူ့ရဲ့ သိတတ်မှုကိုလည်း မှတ်ထားကြဦး"

ယန်ရှီနှင့် လျိုရှီတို့က သဘောတူကြောင်း ခေါင်းညိတ်ပြနေကြသည်။

နေ့လယ်စာ စားချိန်တွင် သခင်မရှန်းက သူမ၏ ချွေးမများကို အတူတူ စားရန် ခေါ်ထားလိုက်သည်။ အစေခံတစ်ဦးက ငှက်သိုက်ပန်းကန်လုံးကြီးတစ်လုံး ယူလာရာ သခင်မရှန်းက သူမတို့ကို တစ်ယောက်တစ်ပန်းကန်စီ ခွဲဝေပေးလိုက်သည်။

သခင်မရှန်းကိုယ်တိုင်လည်း တစ်ပန်းကန် သောက်နေသော်လည်း သူမ သောက်လေလေ စိတ်ထဲမှ မတင်မကျ ဖြစ်လာလေလေ ဖြစ်နေရှာသည်။

ရုတ်တရက် သူမက မကြာသေးမီရက်အတွင်း ကိုယ်လုပ်တော်ချန်း လာရောက်တွေ့ဆုံခဲ့သည်ကို သတိရသွားခဲ့သည်။ ထိုစဉ်က ကိုယ်လုပ်တော်ချန်းက နယ်စားမင်းအိမ်တော်မှ သခင်ငယ်လေးအတွက် အဝတ်အစားတစ်စုံကို သခင်မရှန်း၏ အမည်ဖြင့် ပေးပို့ချင်ကြောင်း ပြောခဲ့ဖူးသည်။

သခင်မရှန်းက နှုတ်ဖြင့်သာ သဘောတူခဲ့ပြီး ဘာမှ ထပ်မံလုပ်ဆောင်ပေးခဲ့ခြင်း မရှိခဲ့ပေ။

ယခုတော့ သူမ၏ ပန်းကန်လုံးထဲရှိ ငှက်သိုက်ကို ကြည့်ရင်း သခင်မရှန်းက စိတ်ထဲတွင် တွေးနေပြန်သည်။

'သိုလှောင်ရုံထဲမှာ စူးကျိုးက လာတဲ့ တိမ်တိုက်ပန်းပုံစံ ပိုးထည်နှစ်လိပ် ကျန်သေးတာပဲ။ ချန်းယိနျန်း အဝတ်ချုပ်ဖို့ တစ်လိပ် ပေးလိုက်မယ်'

‘အဲ့လိုမှ မဟုတ်ရင် ငါ ဒီငှက်သိုက်ကို စိတ်ဖြောင့်ဖြောင့်နဲ့ သောက်နိုင်တော့မှာ မဟုတ်ဘူး’

All Chapters