အခန်း ၄၁
Vol. 5 Ch. 41
အခန်း ၄၁ ပြည့်စုံလွန်းတဲ့ အထင်မှားမှုကြီး
သူမ၏ သိတတ်နားလည်မှုရှိသော လုပ်ရပ်ကြောင့် လုသခင်မ အစာစားချင်စိတ် ပျောက်လုနီးပါး စိတ်လှုပ်ရှားခဲ့ရသည်ကို ဝမ်ယဲ့ အိပ်မက်ပင်မက်ဖူးမည်မဟုတ်ပေ။ သူမက နေ့စဉ်နေ့တိုင်း အားဖြည့်စွပ်ပြုတ်များကို လုသခင်မထံ ပို့ဆောင်ပေးရုံသာမက နေ့လယ်စာများကိုပါ အတူတူ စားပေးခဲ့သေးသည်။
ထိုသို့ အာဟာရပြည့်ဝသော စားသောက်မှုပုံစံကို လဝက်ကျော်ကြာ စားသောက်ပြီးနောက်တွင် လုသခင်မ၏ မျက်နှာသွင်ပြင်က သိသိသာသာ ပြောင်းလဲလာခဲ့သည်။ သူမ၏ ပါးပြင်များက ပန်းရောင်သန်းကာ ဝင်းပလာပြီး နှစ်သစ်ကူးမတိုင်မီက ချုပ်လုပ်ထားသော အဝတ်အစားများပင် အနည်းငယ် ကျပ်ချင်လာသည်။
ဝမ်ယဲ့အတွက်တော့ ဤအားဖြည့်စာများကို ရက်ပေါင်းများစွာ အတူစားပေးခဲ့ပြီးနောက် နှစ်သစ်ကူးမတိုင်မီက ရှိခဲ့သော သူမ၏ ကိုယ်လုံးကိုယ်ပေါက်လေးကို ပြန်ရရှိသွားခဲ့သည်။ တူညီသော အစားအစာများက အမျိုးသမီးနှစ်ဦးအပေါ်တွင် လုံးဝကွဲပြားသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်။
ကံကောင်းသည်က သူမတို့နှစ်ယောက်စလုံး ရရှိလာသည့် ရလဒ်အသီးသီးအပေါ် ကျေနပ်နေကြခြင်းပင်။
ယခင်က အစားအသောက်ကို ပေါ့ပေါ့ပါးပါးနှင့် အနည်းငယ်သာ စားလေ့ရှိသော လုသခင်မက ဝမ်ယဲ့ ပြင်ဆင်ပေးသော အစားအစာများတွင် အဆီလည်းမများ၊ အစပ်လည်းမပါဘဲ အာဟာရဖြစ်ရုံသာမက အရသာလည်းရှိကာ စားကောင်းနေသဖြင့် အလွန်ကျေနပ်နေခဲ့သည်။
တစ်ဖက်တွင်လည်း အဆီများသော မုန့်များနှင့် ဝက်ခြေထောက်စွပ်ပြုတ်ကဲ့သို့သော ဟင်းရည်များကို ရက်အနည်းငယ်ခြားတစ်ခါ စားလေ့ရှိသော ဝမ်ယဲ့ကတော့ ယခုကဲ့သို့ စည်းကမ်းရှိပြီး ပေါ့ပါးသော စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းဖြင့် သဘာဝအလျောက် ကိုယ်အလေးချိန် ကျဆင်းသွားခဲ့သည်။
သို့သော် လုသခင်မကတော့ ထိုသို့ မတွေးမိပေ။
အားဖြည့်စွပ်ပြုတ်များကို ဖန်တီးရန် ကြိုးစားအားထုတ်မှုကြောင့် ပိန်ကျသွားသည်ဟု အထင်ခံနေရသော ဝမ်ယဲ့ကို ကြည့်ကာ လုသခင်မ အလွန် စိတ်လှုပ်ရှားနေမိသည်။ မြင့်မြတ်သော အရာရှိမိသားစုကြီး၏ အိမ်တော်သခင်မတစ်ဦးအနေဖြင့် ပင်ပန်းဆင်းရဲမှုဆိုသည်က ရှောင်လွှဲ၍မရဟုသာ သူမ အမြဲတစေ ယုံကြည်လက်ခံထားခဲ့သည်။
ထိုသို့ ရှောင်လွှဲ၍မရနိုင်ဟု ယူဆထားသောကြောင့်ပင် သူမက အရာအားလုံး အလိုအလျောက် ဖြစ်ပျက်နေသည်ဟု မှတ်ယူခဲ့ပြီး သူမကိုယ်တိုင်လည်း ဤအတိုင်း ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
လုသခင်မက ယနေ့ သူမကို အဘယ်ကြောင့် ခေါ်လိုက်မှန်း ဝမ်ယဲ့ မသိသေးပေ။ အားဖြည့်စွပ်ပြုတ်များကို ယမန်နေ့ကတည်းက ရပ်နားခဲ့ပြီးဖြစ်ကာ သမားတော်၏ အကူအညီဖြင့် သူမ ရေးဆွဲထားသော စားသောက်မှုပုံစံ ဇယားများကိုလည်း အိမ်တော်၏ ပင်မမီးဖိုဆောင်နှင့် စားဖိုမှူးများထံ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။
ဝမ်ယဲ့ ထိုင်လိုက်သည်နှင့် လုသခင်မက သူမ၏ အစေခံမလေး ချင်းရွှယ်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ချင်းရွှယ်က ဦးညွှတ်အလေးပြုကာ အခန်းအတွင်းမှ သေတ္တာတစ်လုံးကို ယူဆောင်လာခဲ့သည်။
ထို့နောက် လုသခင်မက ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"နင် ရွှမ်အာကို အရမ်းအလိုလိုက်လွန်းနေပြီ၊ အရင်ဆုံး သူ့ကို ရွှေသားဝက်စုဗူးလေး ပေးခဲ့တယ်၊ အခု သူ့မွေးနေ့ကျတော့ ရွှေသားအစစ်နဲ့လုပ်ထားတဲ့ ဝက်ရုပ်ကြီးကိုတောင် သီးသန့်မှာ ယူပြီး ပေးခဲ့တယ်ဆို၊ နင် ငွေတစ်သောင်းလောက် အကုန်ခံလိုက်တယ် မဟုတ်လား"
ဝမ်ယဲ့ : "..."
'ငါက ရွှမ်အာကို အလိုလိုက်တယ် ဟုတ်လား...'
‘ဟွန့်.... ဒီအိမ်တော်တစ်ခုလုံးမှာ ရွှမ်အာကို သူမထက် ပိုပြီး အလိုလိုက်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူးလို့ ဒီလုသခင်မကို အော်ပြောမိတော့မယ်’
ဝမ်ယဲ့ ရွှီယွိရွှမ်၏ မွေးနေ့အတွက် ရွှေသားအစစ်ဖြင့် ဝက်ရုပ်လုပ်ပေးရခြင်းမှာ လွယ်ကူသောကြောင့် ဖြစ်သည်။ ပုံစံခွက်က အဆင်သင့်ရှိပြီးသားဖြစ်သောကြောင့် အတွင်းထဲတွင် အခေါင်းပွမလုပ်ဘဲ ရွှေသားအပြည့် ထည့်ခိုင်းလိုက်ရုံသာဖြစ်သည်။
ငွေလျန်တစ်သောင်းဆိုသည်ကလည်း ရွှီယွဲ့ကျား၏ ကြွယ်ဝမှုထဲမှ "နုတ်ယူ" ထားခြင်းသာ ဖြစ်သည်။ ရွှီယွိရွှမ်က သူ့သားဖြစ်ပြီး အနှေးနှင့်အမြန်ဆိုသလို ရွှီယွဲ့ကျား၏ ပိုင်ဆိုင်မှု အများစုကို အမွေဆက်ခံရမည်သာ ဖြစ်သည်။
အရှင်းဆုံးပြောရလျှင် ဝမ်ယဲ့က ရွှီယွိရွှမ်၏ အနာဂတ်ပိုင်ဆိုင်မှုများကို အသုံးပြုပြီး သူ့အတွက် မွေးနေ့လက်ဆောင် ဝယ်ပေးလိုက်ခြင်းသာ ဖြစ်သည်။
‘ဟူး တကယ့်ကို ပြည့်စုံလွန်းတဲ့ အထင်မှားမှုကြီးပါပဲလား’
ဝမ်ယဲ့က အလွန်ပင် စိတ်စေတနာကောင်းနေသော လုသခင်မကို တစ်ချက်ကြည့်လိုက်သည်။ အထင်မှားမှုက အမြစ်တွယ်သွားပြီဖြစ်သဖြင့် ဝမ်ယဲ့က ၎င်းကို ပြောင်းလဲရန် မကြိုးစားတော့ဘဲ ရှက်စနိုး အပြုံးလေးတစ်ခုသာ ပြန်ပေးလိုက်သည်။
လုသခင်မ၏ အပြုံးကလည်း ပိုတောက်ပလာခဲ့သည်။ သူမ၏ စိတ်ထဲတွင် ဝမ်ယဲ့က အလွန်ထက်မြက်သော်လည်း အိမ်ထောင်ကျကာစ လူ့လောကအကြောင်း နားမလည်သေးသည့် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်နေဆဲဟု တွေးတောနေလေသည်။
'သူမရဲ့ ပင်ကိုဗီဇက ကြင်နာတတ်ပြီး အားနာတတ်သူပဲ... တခါတလေ ဟန်မဆောင်နိုင်တာက ငယ်ရွယ်သေးလို့ ဖြစ်မှာပါ...'
လုသခင်မက ဝမ်ယဲ့ သူမထက် ငါးနှစ်သာ ငယ်သည်ဆိုသောအချက်ကို လုံးဝ မေ့လျော့နေခဲ့သည်။ ဝမ်ယဲ့၏ ယခုအသက်အရွယ်တွင် လုသခင်မ ရွှီကျင့်လင်းကိုပင် မွေးဖွားပြီးနေချေပြီ။
လုသခင်မက ချင်းရွှယ်အား ထိုသေတ္တာကို ဝမ်ယဲ့၏ ဘေးတွင် ရပ်နေသော ယွင်ကျီထံသို့ ပေးရန် အမိန့်ပေးပြီးမှ ဆက်ပြောလိုက်သည်။
"ဒါက ဒုတိယခြံဝင်းရဲ့ ပိုင်ဆိုင်မှုတွေထဲက နောက်ဆုံး သုံးလပတ်အတွက် အမြတ်ငွေတွေပဲ၊ ဒါကို ယူသွားလိုက်ပါ"
‘ငွေလျန်တစ်သောင်းကနေ သုံးလပတ်အမြတ်ငွေအထိ ဆိုတော့... ဒါက နည်းနည်းတော့ များမနေဘူးလား’
ဝမ်ယဲ့က ဟန်ဆောင်ပန်ဆောင် ငြင်းဆန်လိုက်သေးသည်။
"မမ... ကျွန်မမှာ သုံးဖို့ ငွေ အလုံအလောက် ရှိပါတယ်"
"ဒါက အများကြီး မဟုတ်ပါဘူး၊ နင်လည်း ဒါတွေကို ကိုင်တွယ်နိုင်ဖို့ သင်ယူသင့်နေပြီ"
လုသခင်မ၏ စိတ်ထဲတွင်တော့ တစ်ခါပေးလျှင် ငွေတစ်သောင်းတည်း ပေးနေပါက ဝမ်ယဲ့အတွက် အသုံးစရိတ် စီမံခန့်ခွဲရန် ခက်ခဲလိမ့်မည်ဟု တွေးနေခြင်းပင်။ အကယ်၍ ထိုသတင်း ပြင်ပသို့ ပျံ့နှံ့သွားလျင် အိမ်တော်သခင်မဖြစ်သည့် သူမက သူမ၏ ဒုတိယယောင်းမအပေါ် ရက်စက်သည်ဟု လူ ပြောစရာ ဖြစ်လာပေလိမ့်မည်။
သို့သော် ဝမ်ယဲ့ကတော့ ထိုသို့ မတွေးနိုင်ဘဲ သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ခံစားလိုက်ရသည်။
'ငါ ကြိုးစားပမ်းစား လုပ်ပေးခဲ့တဲ့ အားဖြည့်စွပ်ပြုတ်တွေက ဘာမှ မထူးခြားခဲ့ဘူးလား... မဟုတ်ရင် အကြီးဆုံးယောင်းမက ငါ့ကို အိမ်မှုကိစ္စတွေ စီမံခန့်ခွဲဖို့ ဘာလို့ ဒီလောက် အတင်းအကျပ် သင်ခိုင်းနေမှာလဲ'
ဝမ်ယဲ့၏ စိတ်ထဲတွင်တော့ ငွေကြေးစီမံခန့်ခွဲခြင်းဆိုသည်က အိမ်မှုကိစ္စ အဝဝကို တာဝန်ယူရခြင်းနှင့် ထပ်တူဖြစ်နေလေသည်။
သူမ ပိုတွေးလေလေ၊ သူမ၏ ကနဦး တွန့်ဆုတ်မှုများက စစ်မှန်သော စိုးရိမ်ပူပန်မှုအဖြစ်သို့ ပြောင်းလဲသွားလေလေ ဖြစ်သည်။
ဝမ်ယဲ့တစ်ယောက် ဟန်ဆောင်မှု မရှိတော့ဘဲ ခိုင်ခိုင်မာမာ ငြင်းဆန်လိုက်သည်။
"မမ.... အမှန်အတိုင်း ပြောရရင်... ကျွန်မရဲ့ ခင်ပွန်းက ကျွန်မကို ရွှေရွက်လေးတွေနဲ့ ငွေပြားတွေ အများကြီး ပေးထားပြီးသားပါ၊ သုံးဖို့တောင် အခွင့်အရေး သိပ်မရှိပါဘူး"
သို့သော် ဝမ်ယဲ့က ငြင်းလေလေ၊ လုသခင်မက သူမ၏ စိတ်ရင်းမှန်မှုကို ပိုယုံကြည်လေလေ ဖြစ်နေခဲ့သည်။
လုသခင်မက ပြောလာခဲ့သည်။
"ငါ ပေးတာက ကျိထန်း နင့်ကို ပေးတဲ့ ရွှေတွေ၊ ငွေတွေနဲ့ မတူဘူး"
သူမက ဝမ်ယဲ့ကို စာရင်းအင်း ကိုင်တွယ်ခိုင်းခြင်းမျိုး (သို့မဟုတ်) စာရင်းစာအုပ်တွေ မှတ်သားခိုင်းခြင်းမျိုး လုပ်မည် မဟုတ်ပေ။
ဝမ်ယဲ့၏ တွက်ချက်မှု မြန်ဆန်ပုံအရ နယ်စားမင်းအိမ်တော်၏ တစ်နှစ်စာ စာရင်းများကို ကြည့်ရှုရန် နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ တစ်နှစ်ပြီးတစ်နှစ် စာရင်းများ ပုံလာခဲ့လျှင် သူမ နောက်ဘဝသို့ ကူးပြောင်းရမည့် အချိန်ရောက်သည်အထိ ထိုစာရင်းများကို ရှင်းလင်းပြီးမှ ထွက်ခွာခွင့် ရပြီး နယ်စားအိမ်တော်၏ စာရင်းများကြောင့် ပြန်လည်မွေးဖွားခွင့်ပင် ရနိုင်မည်မဟုတ်ချေ။
နောက်ဆုံးတွင် လုသခင်မ၏ မျက်နှာအမူအရာကို အကဲခတ်နေသည့် ဝမ်ယဲ့က သူမ လုသခင်မ၏ ရည်ရွယ်ချက်ကို လွဲမှားစွာ နားလည်သွားခဲ့ကြောင်း သဘောပေါက်သွားသည်။
'ဒါဆိုရင်လည်း လက်ခံလိုက်ရုံပဲပေါ့...'
ဝမ်ယဲ့ စိတ်လှုပ်ရှားသွားသည်ကို မြင်လိုက်မှသာ လုသခင်မလည်း ကျေနပ်သွားသည်။ သူမက ဝမ်ယဲ့ အများကြီး မတွေးစေရန် ထပ်ပြောလိုက်သေးသည်။
"အခုလောလောဆယ် ဒီလောက်ပဲ ပေးရတဲ့ အကြောင်းရင်းကတော့ နင် ငွေတွေ အများကြီးကို တစ်ခါတည်း ဘယ်လို ကိုင်တွယ်ရမလဲ မသိမှာ စိုးလို့ပါ"
အနောက်ဘက်ခြံဝင်းမှ အစေခံများကို သူမကိုယ်တိုင် ဂရုတစိုက် ရွေးချယ်လေ့ကျင့်ပေးထားပြီး ထိုစဉ်က သူတို့အားလုံး သူမ၏ အမိန့်ကိုသာ နာခံခဲ့ကြသူများ ဖြစ်ခဲ့ကြသည်။ ယခု အနောက်ဘက်ခြံဝင်းတွင် သခင်မအသစ် ရောက်နေပြီ ဖြစ်သော်လည်း ဝမ်ယဲ့၏ နူးညံ့သော သဘောထားကြောင့် အစေခံများအနေဖြင့် မကောင်းသော စိတ်များ မွေးမြူလာမည်ကို လုသခင်မ စိုးရိမ်နေမိသည်။
လုသခင်မက သူမ၏ စကားကို အဆုံးသတ်လိုက်သည်။
"နင် စာရင်းအင်းတွေ စီမံခန့်ခွဲတာ ကျွမ်းကျင်သွားပြီဆိုရင်တော့ ဒုတိယခြံဝင်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို နင့်လက်ထဲ လုံးဝ လွှဲပေးမှာပါ"
ဝမ်ယဲ့က လုသခင်မ၏ နောက်ဆုံးစကားကို မသိမသာ လျစ်လျူရှုလိုက်ပြီး ငွေစက္ကူများ ထည့်ထားသည့် သေတ္တာကို ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်သည်။
လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် လုသခင်မက သူမ မပြောရသေးသည့် အခြားကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားပြီး ထပ်ပြောလိုက်သည်။
"နောက်သုံးရက်နေရင် ငါ့ရဲ့ မိခင်ဘက်က ဝမ်းကွဲညီမ ရှင်းယန်ရဲ့ စေ့စပ်ပွဲ ရှိတယ်၊ နင် ငါနဲ့အတူ လိုက်ခဲ့ရမယ်၊ ဒီနှစ် မီးထွန်းပွဲတော်တုန်းကလည်း ငါ့အတွက် အားဖြည့်စာတွေ လုပ်ပေးနေရလို့ နင် ဘယ်မှ မသွားလိုက်ရဘူး မဟုတ်လား၊ ဒါက အစားပြန်ပေးဖို့ အခွင့်အရေးကောင်းပဲ"
ဝမ်ယဲ့တစ်ယောက် မျက်တောင်တခတ်ခတ် ဖြစ်သွားရသည်။ အမှန်အတိုင်း ပြောရလျှင် မီးထွန်းပွဲတော်တုန်းက သူမကိုယ်တိုင် အပြင် လုံးဝ မထွက်ချင်ခဲ့ခြင်းပင်။ လမ်းမများပေါ်တွင် လူများ အမြဲ ကြပ်ညပ်နေတတ်ပြီး ထိုလူအုပ်ကြီးကို မြင်သည်နှင့် သူမ၏ ယခင်ဘဝက အမျိုးသားအားလပ်ရက်ရှည် အမှတ်တရများကို သတိရစေသည်။ ထိုစဉ်က သူမ ခရီးထွက်ရန် စီစဉ်ခဲ့သော်လည်း သူမ မှတ်မိသမျှက ဦးခေါင်းများ လှိုင်းလုံးကြီးသဖွယ် လှုပ်ရှားနေသည်ကိုသာ ဖြစ်သည်။
ထိုအချိန်မှစ၍ ဝမ်ယဲ့က အားလပ်ရက်များတွင် ခရီးထွက်ရန် ဘယ်သောအခါမှ မစဉ်းစားတော့ပေ။
ယခုတစ်ကြိမ် လုသခင်မနှင့် လိုက်သွားရန်တော့ သူမ မငြင်းဆန်တော့ပေ။ သူမ အိမ်တော်ထဲတွင် အမြဲ ပုန်းနေ၍ မရဘဲ တစ်ခါတရံ အပြင်ထွက်ရန် လိုအပ်နေသေးသည်။
ထို့ကြောင့် ဝမ်ယဲ့က ပြန်မေးလိုက်သည်။
"ဝမ်းကွဲညီမရှင်းယန်က ဘာကြိုက်တတ်လဲဟင်... ကျွန်မ လက်ဆောင်တစ်ခုခု ပြင်ဆင်ချင်လို့ပါ"
လုသခင်မက ပြန်ဖြေလိုက်သည်။
"ရှင်းယန်က နူးညံ့သိမ်မွေ့ပြီး ဒီလိုအရာတွေကို စိတ်ထဲမထားတတ်ဘူး၊ သင့်တော်မယ့် တစ်ခုခု ပြင်ဆင်လိုက်ရင် ရပြီ"
ဝမ်ယဲ့က ထိုစကားကို နားလည်နိုင်ခဲ့သည်။ လက်ဆောင်က အလွန်အမင်း ထူးခြားဆန်းပြားနေစရာ မလိုသလို ပေါ့ပျက်ပျက်လည်း မဖြစ်စေဘဲ သာမန်တစ်ခုခု ဖြစ်လျှင် လုံလောက်ပြီးဟု ဆိုလိုခြင်းပင်။
လုသခင်မက ဝမ်ယဲ့ကို တင်းအန်းမြို့စားမင်းအိမ်တော်နှင့် ပတ်သက်သည့် ကိစ္စရပ်များအား ပြောလေ့ပြောထ သိပ်မရှိသော်လည်း ယခု စေ့စပ်ပွဲ နီးလာပြီဖြစ်သောကြောင့် ဝမ်ယဲ့ သိထားသင့်သည့် အချက်အချို့ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"ရှင်းယန်က ငါ့ရဲ့ တတိယဦးလေးကနေ မွေးထားတဲ့ သမီးလေ၊ လုမိသားစု၇ဲ့ ငါတို့မျိုးဆက်မှာ မိန်းကလေး သုံးယောက်ပဲ ရှိတယ်၊ တစ်ယောက်က အိမ်ခွဲတစ်ခုစီကပေါ့၊ မြို့စားမင်းအိမ်တော်ကို မခွဲခင်တုန်းက ငါက ရှင်းယန်ကို ငါ့ညီမအရင်းလိုပဲ သဘောထားခဲ့တာ"
"ရှင်းယန်နဲ့ စေ့စပ်လိုက်တဲ့ မိသားစုကလည်း နင် သိပြီးသား မိသားစုပဲ၊ ဓလေ့ထုံးတမ်းရေးဝန်ကြီးဌာနက ဝမ်မိသားစုရဲ့ ဒုတိယမြေးလေ၊ ငါတို့ရဲ့ အဒေါ် ရွှီရှန့်ရဲ့ အကြီးချွေးမရဲ့ ဒုတိယအစ်ကို"
ဝမ်ယဲ့ : "တိုက်ဆိုင်လိုက်တာ"
လုသခင်မက ပြန်ရှင်းပြနေသည်။
"မြို့တော်က သိပ်မကျယ်ဘူးလေ၊ ပြီးတော့ အိမ်ထောင်ရေးမိတ်ဖွဲ့မှုတွေကလည်း အမြဲတမ်း တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတတ်တယ်၊ အိမ်ထောင်ဖက် ရှာတဲ့အခါ ကိုယ်နဲ့ ရင်းနှီးတဲ့ မိသားစုဖြစ်နေရင် အကောင်းဆုံးပဲ... ဒါမှ အဆက်အသွယ် ပိုရှိလာလိမ့်မယ်"
ဝမ်မိသားစုက နာမည်ကောင်းရှိသည့် မိသားစုဖြစ်သဖြင့် လုသခင်မလည်း ထိုအိမ်ထောင်ရေးအတွက် အတော်လေး ကျေနပ်နေပုံရသည်။
စကားများ အများကြီး ပြောပြီးသည့်တိုင် လုသခင်မက သူမ၏ ဒုတိယဝမ်းကွဲညီမအကြောင်းကိုတော့ မပြောသေးပေ။ ဝမ်ယဲ့ကတော့ ထိုဒုတိယညီမက ပေါင်းသင်းဆက်ဆံရန် ခက်ခဲသူတစ်ဦး ဖြစ်နိုင်သည်ဟု ခံစားနေရသည်။
သူမ မျှော်လင့်ထားသည့်အတိုင်း ဝမ်မိသားစုနှင့် လုမိသားစု၏ ဒုတိယမိသားစုခွဲတို့ကြားမှ စေ့စပ်ကြောင်းလမ်းမှုကို ဆွေးနွေးပြီးနောက်တွင်မှ လုသခင်မက ပြောလာခဲ့သည်။
"ငါ့ရဲ့ ဒုတိယဝမ်းကွဲညီမ လုရှင်းရုံကတော့ နှစ်သစ်ကူးမတိုင်မီကတည်းက စေ့စပ်ထားတာ၊ အဲ့ဒီတုန်းက နင် အိမ်တော်ကို ရောက်ခါစပဲ ရှိသေးတယ်၊ ပြီးတော့ နှင်းတွေလည်း တော်တော်ကျနေတော့ လမ်းတွေကလည်း မကောင်းဘူး၊ အဲ့ဒါကြောင့် ငါ နင်ကို အဲ့ဒါတွေ မပြောဖြစ်သလို ခေါ်လည်း မခေါ်သွားဖြစ်ခဲ့ဘူး"
ဝမ်ယဲ့က တိတ်တဆိတ် နားထောင်နေပြီး တခုခုကို သတိထားကာ ဇဝေဇဝါ ဟန်လေးဖြင့် ပြန်မေးလိုက်သည်။
"ဒါဆိုရင် ကျွန်မ ဒီတစ်ခေါက်သွားတဲ့အခါ စေ့စပ်ပွဲလက်ဆောင်တစ်ခု အစားထိုးပေးလို့ ရတာပေါ့"
လုသခင်မက ချက်ချင်း ငြင်းလိုက်သည်။
"မလိုပါဘူး"
သူမက အကြောင်းပြချက်ကို အသေးစိတ် မရှင်းပြသော်လည်း မျက်မှောင်ကြုတ်ကာ ထပ်ပြောနေသေးသည်။
"စေ့စပ်ပွဲကို သွားရင် နင် သူနဲ့ မလွဲမသွေ ဆုံရလိမ့်မယ်၊ သူမနဲ့ အရောတဝင် မနေဖို့ ကြိုးစား၊ နင်တို့နှစ်ယောက် အဆင်ပြေမှာ မဟုတ်ဘူး"
ဝမ်ယဲ့ : "..."
'ကောင်းပြီလေ... မတွေ့ရသေးခင်ကတည်းကိုက မတည့်ဘူးဆိုတော့လည်း...'
လုသခင်မက အသေးစိတ် ဆက်မပြောသလို ဝမ်ယဲ့ကလည်း အတင်းအကျပ် မမေးမြန်းတော့ပေ။ သို့သော် "လုရှင်းရုံ" ဟု အမည်ကို ပြောလိုက်သည်နှင့် လုသခင်မ၏ မျက်မှောင်များ ကြုတ်သွားပုံကို ကြည့်ရုံဖြင့် သူမတို့ကြားတွင်လည်း သဟဇာတဖြစ်မည့် အလားအလာ မရှိကြောင်း ထင်ရှားနေသည်။
.......။.......။......
သုံးရက်အကြာ..... အနောက်ဘက်ခြံဝင်းတွင်....
မီးထွန်းပွဲတော်ပြီးကတည်းက ရုံးတော်အလုပ်များ ပြန်လည်စတင်ခဲ့သည်။ နှစ်သစ်ကူးကာလအတွင်း စုပုံနေသော အမှုတွဲများအပြင်၊ နှစ်သစ်ကူးမတိုင်မီက ဖြစ်ပွားခဲ့သော မှူးမတ်မျိုးနွယ်စုမှ သခင်လေးတစ်ယောက်က အရပ်သားတစ်ဦးအား သတ်ဖြတ်မှုအတွက် ပြစ်ဒဏ်ကို အတည်ပြုရန် လိုအပ်နေသဖြင့် ရွှီယွဲ့ကျား အလွန်အမင်း အလုပ်များနေခဲ့သည်။
မူလက ထိုအမှုကို နှစ်သစ်ကူးမတိုင်မီကတည်းက စီရင်ချက်ချပြီးသား ဖြစ်သည်။ သို့သော် လီမိသားစုက တနည်းနည်းဖြင့် ဝမ်မင်းသား၏ မျက်နှာသာပေးမှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ မင်းသား၏ ကြားဝင်စွက်ဖက်မှုကြောင့် ဆောင်းဦးပေါက်တွင် ကွပ်မျက်ရန် အမိန့်ချမှတ်ခံထားရသော အဓိကတရားခံ ကျန်းမင်၏ ပြစ်ဒဏ်က ကြန့်ကြာနေခဲ့ရသည်။ ရလဒ်အနေဖြင့် ရွှီယွဲ့ကျားတစ်ယောက် နေ့စဉ် စောစောထွက်ပြီး ညမိုးချုပ်မှ အိမ်ပြန်လာရလေ့ရှိသည်။
ယနေ့တွင် ရွှီယွဲ့ကျား ပုံမှန်ထက် အနည်းငယ် နောက်ကျမှ နိုးလာသော်လည်း အလင်းရောင် ထွက်စသာ ရှိသေးပြီး အပြင်ဘက်တွင် မည်းမှောင်နေဆဲ ဖြစ်သည်။
သူ ပုံမှန်အတိုင်း အသံမထွက်စေရန် သတိထားပြီး အိပ်ရာမှ ထရန် ပြင်လိုက်သည်။
ထိုစဉ် ရုတ်တရက် သူ၏ ညအိပ်ဝတ်ရုံ အနားစကို တစ်စုံတစ်ယောက်က အနောက်မှ လှမ်းဆွဲလိုက်သည်။
ဝမ်ယဲ့က စောင်ထဲမှ ခေါင်းလေးပြူထွက်လာပြီး သူမ၏မျက်လုံးလေးများက ဝိုးတဝါး ဖြစ်နေဆဲပင်။ အမှောင်ထဲတွင် တစ်စုံတစ်ဦး လှုပ်ရှားနေသည်ကို မြင်လိုက်သောကြောင့် သူမ အမှတ်တမဲ့ လှမ်းဆွဲလိုက်မိခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ညက ကိစ္စကြောင့်လားမသိနိုင်သော်လည်း သူမ၏ အသံက အနည်းငယ် ဗလုံးဗထွေးနှင့် နူးညံ့နေပြီး ရင်းနှီးကျွမ်းဝင်မှု အပြည့်ဖြင့် ပြောလာခဲ့သည်။
"ယောက်ျား....ခဏလောက် စောင့်ပေးဦး"
ဝမ်ယဲ့က စောင်ကို မလိုက်ပြီး အေးမြသောလေက သူမ၏ညအိပ်ဝတ်ရုံထဲသို့ တိုးဝင်လာသောကြောင့် သူမ ချက်ချင်း လန်းဆန်းသွားသည်။ သူမက ထထိုင်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
"ဒီနေ့ လုသခင်မနဲ့အတူ စေ့စပ်ပွဲ လိုက်သွားရမှာမို့ ကျွန်မလည်း စောစောထရမယ်"
ရွှီကျင့်လင်း : "..."
'စောစောထရမယ်ဆိုရင် ဘာလို့...'
သို့သော် ယခုအချိန်က ပြီးခဲ့သည့်ညမှ အဖြစ်အပျက်များကို ပြန်အမှတ်ရရန် သင့်တော်သော အချိန်မဟုတ်ပေ။ ရွှီကျင့်လင်းက ပြေလျော့နေပြီဖြစ်သော သူ့ဝတ်ရုံကြိုးကို တစ်ချက်ကြည့်လိုက်ပြီး အကူအညီမဲ့နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"လွှတ်ဦး"
"ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"
ဝမ်ယဲ့က ယခုမှ သတိထားမိသွားပြီး သူမလက်ကို လွှတ်ပေးလိုက်သည်။
သူမ အိပ်ရေးမဝသေးသဖြင့် အပြည့်အဝ နိုးကြားခြင်း မရှိသေးပေ။
ရွှီယွဲ့ကျားက ပြေလျော့သွားသော ဝတ်ရုံကြိုးကို တည်တည်ငြိမ်ငြိမ် ပြန်ချည်နေသည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ အကြည့်များက အနည်းငယ် ရွေ့လျားသွားပြီး အဓိပ္ပာယ်ပါပါ ပြောလာခဲ့သည်။
"နယ်စားမင်းအိမ်တော်က ချမ်းသာကြွယ်ဝတယ်ဆိုပေမယ့် ကိုယ်ရဲ့ ဒီညအိပ်ဝတ်ရုံက တစ်ခါပဲ ဝတ်ရသေးတာ၊ နောက်တစ်ခါကျရင် နည်းနည်းလောက် သတိထားပေး"
ထိုသို့ပြောပြီးနောက် သူက ဝမ်ယဲ့ကို ပြန်ပြောရန် အခွင့်အရေး မပေးဘဲ ထရပ်ကာ မျက်နှာသစ်ရန် ဘေးခန်းသို့ ထွက်သွားတော့သည်။
ဝမ်ယဲ့ သူ ပြောသွားသည့် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားချိန်တွင် သူက အခန်းထဲမှ ထွက်သွားပြီ ဖြစ်သည်။
ဝမ်ယဲ့ : "..."
‘မနေ့ညက ငါ မတော်တဆ သူ့ဝတ်ရုံကို ဆွဲဖြဲမိသွားရုံလေးတင်ပါ။ သူ့ရဲ့ ခေတ်နောက်ပြန်ဆွဲလွန်းတဲ့ ပုံစံကြီးကိုတောင် ငါ အပြစ်မတင်ရသေးဘူးလေ။’
‘အရင်ကလည်း ငါ အပြုအမူတွေကနေတစ်ဆင့် အရိပ်အမြွက် ပြခဲ့ပြီးသားကို၊ အဲ့ဒီနောက်ပိုင်းမှာလည်း သူက အရင်အတိုင်း ရှေးရိုးဆန်နေတုန်းပဲ။’
‘တကယ်ကို ခန့်မှန်းရလွယ်တဲ့ လူကြီးပဲ၊ အသစ်အဆန်းကို မရှိဘူး’
........။........။..........
နံနက်စောစောတွင် ဝမ်ယဲ့က လုသခင်မနှင့်အတူ လုမိသားစု၏ အိမ်သို့ လိုက်သွားခဲ့ပြီး ရွှီယွဲ့ကျားကလည်း တရားရေးဝန်ကြီးဌာနသို့ စောစောထွက်သွားခဲ့သည်။
ရွှီယွိရွှမ် အနောက်ဘက်ခြံဝင်းသို့ ရောက်လာချိန်တွင် တစ်ခြံလုံးက ဗလာကျင်းနေပြီး လူသူကင်းမဲ့နေလေပြီ။
သူ အိမ်ထဲ၊ အိမ်ပြင် အကုန်လုံး လိုက်ရှာသည့်တိုင် သူ့ဖခင်ကိုပင် ဘယ်နေရာမှ ရှာမတွေ့တော့ပေ။
ရွှီယွိရွှမ်းက အထိန်းတော်ကျိကို ကြည့်ကာ နှုတ်ခမ်းဆူလိုက်သည်။
"ဘာမှ မရှိဘူး"
အထိန်းတော်ကျိက ညင်ညင်သာသာ ချော့မော့နေသည်။
"ဒါပေမယ့် ဒီအစေခံအိုကြီးက သခင်လေးငယ်ကို အဖော်ပြုပေးနိုင်ပါတယ်"
ရွှီယွိရွှမ်က သူ၏မျက်နှာလေးကို မော့ကာ အလေးအနက် ပြန်မေးလိုက်သည်။
"ကျိမား... ကြက်တောင် ကန်နိုင်လား"
လွန်ခဲ့သည့် ရက်အနည်းငယ် ဝမ်ယဲ့တစ်ယောက် ကိုယ်အလေးချိန် လျှော့ချနေစဉ်အတွင်း လေ့ကျင့်ခန်း ဖြစ်စေရန် ကြက်တောင်တစ်ခု ပြုလုပ်ခိုင်းပြီး ခြံဝင်းထဲတွင် ကန်နေခဲ့သည်။ အစားအသောက် ထိန်းသိမ်းခြင်းနှင့် လေ့ကျင့်ခန်း ပေါင်းစပ်လိုက်သဖြင့် သူမ ဆယ့်ငါးရက်အတွင်း သိသိသာသာ ပိုသွယ်လျသွားခဲ့သည်။
ထိုအတောအတွင်း ရွှီယွိရွှမ်က အနောက်ဘက်ခြံဝင်းသို့ အကြိမ်အနည်းငယ် ရောက်လာခဲ့ပြီး ဝမ်ယဲ့ ကြက်တောင်ကန်နေသည်ကို တွေ့သွားကာ အလွန်သဘောကျသွားခဲ့သည်။ သို့သော် သူ့ခြေထောက်လေးများက တိုလွန်းသဖြင့် သေချာ မကန်နိုင်ရှာပေ။
အထိန်းတော်ကျိကလည်း ထိုအကြောင်းကို သိထားသဖြင့် သူမ၏ အိုမင်းရွံ့တွနေသော လက်မောင်းများကို တိတ်တဆိတ် ပွတ်သပ်ရင်း ဝေခွဲမရ ပြန်မေးနေသည်။
"သခင်ငယ်လေး ကြည့်ဖို့အတွက် ဟယ်ရှန်းနဲ့ ရန်တုန်တို့ကို ကန်ခိုင်းရင်ရော..."
ရွှီယွိရွှမ်က သူ့ကိုယ်လေးကို တစ်ဖက်သို့ လှည့်လိုက်ပြီး ကျောပေးကာ သူ မလိုလားကြောင်း ပြသနေသည်။
ဟယ်ရှန်းနှင့် ရန်တုန်က ရွှီယွိရွှမ်ကို ပြုစုစောင့်ရှောက်ရသည့် အစေခံများထဲမှ အားကိုးရဆုံး မိန်းကလေးနှစ်ဦး ဖြစ်သည်။ အထိန်းတော်ကျိ ပင်ပန်းနေချိန်မျိုးတွင် သူမတို့က ဝင်ရောက်ကူညီပေးလေ့ရှိသည်။ ရွှီယွိရွှမ်က သူမတို့နှင့် အတန်အသင့် ရင်းနှီးသော်လည်း သူ့မျက်လုံးများထဲတွင်တော့ အထိန်းတော်ကျိကို မမီသေးပေ။
"ကျိမား... ကျိမား မကန်ဘူးလား"
ကလေးငယ်များ၏ အသံက မူလကတည်းက နူးညံ့ပျော့ပျောင်းနေပြီး ယခု သနားစဖွယ် မျက်နှာပေးလေးနှင့် ပေါင်းစပ်လိုက်သောအခါ ငြင်းဆန်ရန် ခက်ခဲသွားစေသည်။ အထိန်းတော်ကျိက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူမ၏ အိုမင်းနေသော ခြေလက်များကို ဆန့်ထုတ်လိုက်သည်။
‘ကြက်တောင်ကန်တာပဲလေ... ဒီအဘွားကြီး သင်ယူနိုင်ပါသေးတယ်’