← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂ သရေစာမုန့်များ

လုသခင်မ လက်ထပ်ပြီး သုံးနှစ်အကြာတွင် တင်းအန်းမြို့စားမင်းအိမ်တော်ကို သုံးပိုင်း ခွဲခြားပြီး ပိုင်ဆိုင်မှုများ ခွဲဝေခဲ့ကြသည်။ လုသခင်မ၏ ဖခင်က အကြီးဆုံးသား ဖြစ်ပြီး မြို့စားမင်းဘွဲ့ကို ဆက်ခံခဲ့သည်။ ဒုတိယဦးလေးကတော့ မြို့စားမင်းအိမ်တော်၏ အဆက်အသွယ်များနှင့် ခွဲဝေရရှိသော ပိုင်ဆိုင်မှုများကို အားကိုးကာ အရေးမပါသော ရာထူးအငယ်စားလေးတစ်ခုဖြင့် ဘဝကို အေးအေးလူလူ ဖြတ်သန်းနေလေသည်။

သို့သော် လုသခင်မ၏ တတိယဦးလေးကတော့ ပိုရည်မှန်းချက်ကြီးပြီး လုံ့လဝိရိယရှိသူ ဖြစ်သည်။ မြို့စားမင်းအိမ်တော်၏ ထောက်ပံ့မှုကြောင့် အရာရှိအသိုင်းအဝိုင်းတွင် သူ့ကို မည်သူကမျှ အထင်မသေးရဲကြပေ။ သူကိုယ်တိုင်၏ အရည်အချင်းနှင့် ပေါင်းစပ်လိုက်သောအခါ ယခုအချိန်၌ သူက နန်းတွင်း၏ အသုံးဝင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

ယနေ့ ကျင်းပသော စေ့စပ်ပွဲက တတိယဦးလေးလု၏ တစ်ဦးတည်းသောသမီး လုရှင်းယန်အတွက် ဖြစ်သည်။

ဝမ်ယဲ့နှင့် လုသခင်မတို့က ရထားလုံးတစ်စီးတည်း အတူစီးလာကြပြီး အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့က နောက်ထပ်ရထားလုံးတစ်စီးဖြင့် လိုက်ပါလာကြသည်။ သူမတို့ လုအိမ်တော်သို့ ရောက်ရှိသွားချိန်တွင် စေ့စပ်ဧည့်ခံပွဲက ဧည့်သည်များဖြင့် စည်ကားနေပြီ ဖြစ်သည်။

သူမတို့ ရထားလုံးပေါ်မှ ဆင်းလိုက်ချိန်တွင် အိမ်တော်ထဲသို့ ဝင်ရန် ပြင်နေသော ဒေါ်လေးရွှီနှင့် ဝမ်ရှီတို့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။

ဒေါ်လေးရွှီက သူမ၏ အနောက်ဘက်မှ နယ်စားမင်း၏မိသားစု ရောက်ရှိလာကြောင်း ကြေညာသံကို ကြားသွားပြီး လုသခင်မတို့ရောက်လာမှန်း ချက်ချင်း သိသွားခဲ့သည်။

မြို့တော်တွင် နယ်စားမင်းအိမ်တော်နှစ်ခုသာ ရှိပြီး ဝေ့နယ်စားမင်းအိမ်တော်က မယ်တော်ကြီး၏ မိခင်မိသားစု ဖြစ်သည်။ သို့သော်လည်း လက်ရှိဧကရာဇ် နန်းတက်ပြီးကတည်းက အတိတ်မှ ဖြစ်ရပ်များကြောင့် မျက်နှာသာပေးမခံရတော့ပေ။ မကြာသေးမီ နှစ်များအတွင်း ဝေ့နယ်စားမင်း၏မိသားစု လူမှုရေးပွဲများသို့ တက်ရောက်သည်မှာ ရှားပါးလှပြီး သူတို့က သိုသိုသိပ်သိပ် နေထိုင်ကြသည်။

လုမိသားစု၏ တတိယအိမ်ခွဲမှ စေ့စပ်ပွဲ ဖိတ်စာကို ရရှိခဲ့လျှင်ပင် ဝေ့နယ်စားမင်းအိမ်တော်က အလွန်ဆုံး လက်ဆောင်ပစ္စည်းသာ ပေးပို့မည်ဖြစ်ပြီး လူကိုယ်တိုင် လာရောက်လိမ့်မည် မဟုတ်ပေ။

ဒေါ်လေးရွှီ လှည့်ကြည့်လိုက်ချိန်တွင် လုသခင်မနှင့် သူမ၏ အကြီးဆုံးအစ်မ ရွှီယင်တို့ လာနေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လှေကားထစ်များကို ပြန်ဆင်းကာ ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

"တိုက်ဆိုင်လိုက်တာ၊ ငါတို့ ရှေ့ဆင့် နောက်ဆင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာပဲ"

လုသခင်မကလည်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"နယ်စားမင်းအိမ်တော်က လုအိမ်တော်နဲ့ သိပ်မဝေးဘူးလေ၊ ကျွန်မတို့က ဒေါ်လေးတို့ထက် နောက်ကျပြီးမှ ထွက်လာခဲ့တာပါ"

ဒေါ်လေးရွှီက ဝင်ပေါက်တွင် စကားအကြာကြီး ပြောရန် ရည်ရွယ်ချက်မရှိပေ။ သူမက ချက်ချင်း လောဆော်လိုက်သည်။

"ဒီနေ့ လေ တော်တော်တိုက်နေတယ်၊ ဒီမှာ ရပ်မနေကြနဲ့တော့... အထဲကို ဝင်ကြမယ်"

ထိုစကားကို ပြောပြီးနောက် သူမက ရွှီယင်ရှိရာသို့ လျှောက်သွားနေသည်။ ယောင်ရှီက တိတ်တဆိတ် ဘေးသို့ ခွဲထွက်ကာ ဒေါ်လေးရွှီအတွက် နေရာဖယ်ပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ ဝမ်ရှီ၏ ဘေးတွင် ဝင်ရပ်လိုက်သည်။

နှစ်သစ်ကူးမတိုင်မီတွင် အကြီးဆုံးအဒေါ်ရွှီယင်က ယောင်ရှီကို ချန်းနန်မြို့စားမင်းအိမ်တော်သို့ ခေါ်ဆောင်သွားခဲ့ပြီး နှစ်သစ်ကူးပြီးနောက်တွင်လည်း ထပ်မံသွားရောက်လည်ပတ်ခဲ့သေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ယောင်ရှီက ဝမ်ရှီနှင့် အတော်လေး ရင်းနှီးလာခဲ့သည်။

ဒေါ်လေးရွှီက ငယ်စဉ်ကတည်းက သူမ၏အစ်မဖြစ်သူ ရွှီယင်အပေါ် အမြဲ ချစ်ခင်တွယ်တာပြီး အားကိုးတတ်သူဖြစ် ဖြစ်သည်။ ယခုလည်း သူမ၏အစ်မကို မြင်လိုက်ရသည်နှင့် ငယ်ဘဝသို့ ပြန်ရောက်သွားသည့်နှယ် မျက်ဝန်းများ တောက်ပနေလေသည်။

သို့သော် ရွှီယင်ကတော့ ညီမဖြစ်သူ၏ ကပ်တွယ်လွန်းသော အမူအရာကြောင့် အနည်းငယ် စိတ်ရှုပ်နေပုံရသည်။ အကယ်၍ ဘေးတွင် အခြားလူများ ရှိမနေပါက သူမ၏ ညီမလေးနှင့် အကွာအဝေးတစ်ခုအထိ ခပ်ခွာခွာ နေမိပေလိမ့်မည်။

လုအိမ်တော်ထဲသို့ ရောက်သွားချိန်တွင် လုသခင်မက လူတိုင်းကို တတိယဦးလေး၏ ဇနီးနှင့် တွေ့ဆုံပေးရန် ခေါ်ဆောင်သွားခဲ့သည်။ တတိယအဒေါ်လုကတော့ သမီးဖြစ်သူ၏ စေ့စပ်ပွဲအတွက် အလွန်ကျေနပ်နေပုံရပြီး မျက်နှာတစ်ခုလုံး ပြုံးရွှင်နေသည်။

ဧည့်သည်တစ်ဦးချင်းစီကို နှုတ်ဆက်ပြီးနောက် တတိယအဒေါ်လုက လုသခင်မ၏ လက်ကို ဆွဲကိုင်ထားရင်း ပြောနေခဲ့သည်။

"ယောင်ရှင်း... တတိယအဒေါ် နင့်ကို အားမနာတော့ဘူးနော်၊ ဒီနေ့ ဧည့်သည်တွေ အရမ်းများနေတယ်၊ ဧည့်ဝတ်ပြုတဲ့နေရာမှာ သေချာမကိုင်တွယ်နိုင်ဘဲ တစ်ခုခု လစ်ဟင်းနေတာမျိုးရှိရင် တတိယအဒေါ်ကိုယ်စား ဝင်ကူညီပေးပါဦး။ နင့်ရဲ့ အဒေါ်နှစ်ယောက်နဲ့ ယောင်းမလေးတွေကိုလည်း သေချာ ဂရုစိုက်ပေးပါဦးနော်"

ယောင်ရှင်းဆိုသည်က လုသခင်မ၏ အပျိုအမည် ဖြစ်သည်။

လုသခင်မကလည်း အဒေါ်ဖြစ်သူ၏လက်ကို ပြန်ဆုပ်ကိုင်ထားရင်း ကတိပေးလိုက်သည်။

"တတိယအဒေါ်... စိတ်မပူပါနဲ့၊ အဒေါ် သတိမပေးရင်တောင် ကျွန်မက သူတို့ကို သေချာ ဂရစိုက်ပေးမှာပါ"

အကြီးဆုံးအဒေါ်က ဝင်ပြောလိုက်သည်။

“ဘာတွေ ပြောနေတာလဲ၊ ကျွန်မတို့က ဆွေမျိုးတွေလေ၊ ယောင်ရှင်းလည်း ရှိနေတာဆိုတော့ သူ အိမ်တော်အနှံ့ လိုက်ပြပေးလိမ့်မယ်”

ဒေါ်လေးရွှီကလည်း စဉ်းစားပေးသည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်တယ်၊ အခုဆို ကျွန်မတို့က မိသားစုတွေ ဖြစ်နေပြီလေ၊ သခင်မလု လုပ်စရာရှိတာ သွားလုပ်ပါ”

စေ့စပ်ဧည့်ခံပွဲ အမှန်တကယ် စည်ကားလွန်းလှသည်။ လုမိသားစု၏ ဆွေမျိုးအသိုင်းအဝိုင်းက ကျယ်ပြန့်လွန်းသလို တတိယဦးလေးလုကလည်း မကြာသေးမီကမှ ရာထူးတိုးထားသူဖြစ်သောကြောင့် သူ၏အဆင့်အတန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် ခမ်းနားကြီးကျယ်သော စေ့စပ်ပွဲကို ကျင်းပနေရခြင်း ဖြစ်သည်။

တတိယအဒေါ်လုက သူမ၏တူမဖြစ်သူ လုသခင်မ၏ စိတ်ရင်းကို ကောင်းစွာသိထားသောကြောင့် အချိန်ဆွဲမနေတော့ဘဲ သူမ၏သမီးကို ဧည့်သည်များအား နှုတ်ဆက်ရန် ခေါ်ထုတ်လာခဲ့သည်။ အကြီးဆုံးအဒေါ်၊ ဒေါ်လေးရွှီတို့နှင့် ခေတ္တစကားပြောပြီးနောက် အတူပါလာသည့် ချွေးမများကို ချီးမွမ်းနေပြန်သည်။

အချိန်အတန်ကြာမှသာ သူမက သမီးဖြစ်သူကို ပြန်ခေါ်သွားပြီး အခြားဧည့်သည်များကို ဧည့်ခံရန် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

လုအိမ်တော်မှ အစေခံများက ဝင်းအတွင်း၌ နေရာယူထားကြပြီး ဧည့်သည်များ ခေါ်ဆောင်လာသည့် အစေခံများကတော့ အပြင်ဘက်တွင် ရပ်စောင့်နေကြရသည်။

လုသခင်မနှင့် အကြီးဆုံးအဒေါ်တို့က လုရှင်းယန်၏ လက်ထပ်ပွဲအကြောင်း ဆွေးနွေးနေကြပြီး ဝမ်ရှီနှင့် ယောင်ရှီတို့ကလည်း တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ မုန့်စားနေသော ဝမ်ယဲ့ အပယ်ခံမဖြစ်နေစေရန်လည်း ရံဖန်ရံခါ စကားထဲ ထည့်ပြောပေးနေကြသည်။

ခန်းမထဲတွင် မိသားစုဝင်များသာ ကျန်ရှိတော့သည့်အချိန်၌ ဒေါ်လေးရွှီက သူမ အောင့်ထားရသော ကိစ္စကို စတင်ထုတ်ပြောလာခဲ့သည်။

သူမက လုပ်ချောင်းတစ်ချက် ဟန့်လိုက်သောကြောင့် အခြားသူများကလည်း စကားပြောနေရာမှ ရပ်တန့်သွားပြီး သူမထံသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ထိုအချိန်မှသာ ဒေါ်လေးရွှီက အပြုံးဖြင့် စပြောလိုက်သည်။

"ငါ့ရဲ့ အကြီးဆုံးယောင်းမတော့ မကြာသေးခင်က နောင်တရပြီး သတိဝင်လာပုံရတယ်"

သူမ၏ မျက်နှာအမူအရာက "ငါ့ကို အသေးစိတ် ထပ်မေးကြစမ်းပါ... မေးကြစမ်းပါ" ဟု အထင်အသား ရေးထားသကဲ့သို့ပင်။

ထိုအမူအရာကို မြင်လိုက်ရသော ဝမ်ရှီကတော့ ရှက်ရွံ့နေပြီး စိတ်ထဲမှ တွေးနေရှာသည်။

'ဒီလိုပွဲမျိုးကို လာတက်တဲ့အချိန်လေးမှာတော့ ငါ့ယောက္ခမက သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေလိမ့်မယ်လို့ ငါ မျှော်လင့်ခဲ့မိတာ... ငါ အရမ်းအများကြီး မျှော်လင့်မိသလို ဖြစ်သွားခဲ့ပြီ'

အကြီးဆုံးအဒေါ်က ပထမဆုံး စကားစလိုက်သည်။

"နင် သူ့ကို အကြံတစ်ခုခု ပြောလိုက်တာလား"

ရောက်ရှိနေသူများထဲတွင် ဝမ်ယဲ့တစ်ယောက်သာ အကြီးဆုံးအဒေါ်လိုမျိုး စူးစမ်းချင်စိတ် ပြင်းပြနေခဲ့သည်။ သို့သော်လည်း သူမက ဘာမှ ဝင်မပြောဘဲ ငြိမ်နေခဲ့သည်။ လုသခင်မနှင့် ယောင်ရှီတို့ကတော့ စိတ်ဝင်တစား မရှိသည့်တိုင် ယဥ်ကျေးမှုအရ နားထောင်ပေးနေကြသည်။

ဝမ်ယဲ့ကတော့ မုန့်စားနေသည်ကိုပင် ခေတ္တရပ်လိုက်မိသည်။

ဒေါ်လေးရွှီက သူမ၏ အစ်မကို ပြုံးပြလိုက်ပြီးမှ အသံကို အနည်းငယ်နှိမ့်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်မက ဘာလို့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး သွားပြောနေရမှာလဲ၊ သူဘာသာသူ သတိဝင်လာတာပါ၊ ဝမ်မင်းသားက ဝင်ရောက်စွက်ဖက်နေပေမယ့် ကျိထန်း ရှိနေတာဆိုတော့ ကျန်းမင် သေဒဏ်ကနေ မလွတ်နိုင်မှန်း လူတိုင်းသိနေကြတာပဲ၊ သခင်မလီက ကျန်းမင်အဖေရဲ့ စိတ်ဓာတ်အမှန်ကို မြင်သွားလို့ထင်ပါရဲ့၊ အခု သူက အတွင်းခန်းထဲက ကိုယ်လုပ်တော်တွေနဲ့ ပြိုင်ဆိုင်တာတွေကို ရပ်လိုက်ပြီလေ၊ အဲ့ဒီအစား သူ့ရဲ့ အငယ်ဆုံးသားကိုပဲ အာရုံစိုက်ပြီး ပြုစုပျိုးထောင်နေတယ်"

ဒေါ်လေးရွှီက အာခြောက်ပြေစေရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးမှ ဆက်ပြောနေသည်။

"သခင်မလီမှာ သားနှစ်ယောက်ပဲ ရှိတာလေ၊ အကြီးဆုံးသားက မကြာခင် မရှိတော့တာ ဖြစ်နိုင်သလို သူ့ယောကျ်ားကလည်း အားကိုးမရမှတော့ အငယ်ဆုံးသားကိုပဲ မျှော်လင့်ချက်တွေ ပုံအောထားရတော့မှာပေါ့၊ ဘာပဲဖြစ်ဖြစ် သားသမီးဆိုတာက ကိုယ့်သွေးသားပဲလေ၊ ယောကျ်ားနဲ့မှ မတူတာ၊ ကိုယ်လုပ်တော်တွေနဲ့ လိုက်ပြိုင်နေလို့ ဘာအကျိုးရှိမှာလဲ၊ သားသမီးတွေကောင်းမှ နောင်‌ရေးအတွက် စိတ်ချရမှာလေ"

ကျရှုံးမှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရခြင်းက သခင်မလီကို တုန်လှုပ်သွားစေခြင်းလည်း ဖြစ်နိုင်ပြီး သူမက မည်သူနှင့်မျှ မပြိုင်ဆိုင်တော့ဘဲ သူမ၏ သားငယ်အပေါ်တွင်သာ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူမ အိုမင်းလာချိန်တွင် ပြုစုစောင့်ရှောက်မည့်သူ ဖြစ်လာစေရန်သာ မျှော်လင့်နေလေသည်။

အကြီးဆုံးအဒေါ်က မှတ်ချက်ပေးလိုက်သည်။

"ဒါဆိုရင်တော့ နင့်ရဲ့ ယောင်းမကြီးက လုံးဝ မိုက်မဲတာတော့ မဟုတ်ဘူးပဲ"

လုသခင်မက ခဏမျှ စဉ်းစားပြီးနောက် ဝင်ပြောလာသည်။

"ဒါက အကောင်းဆုံး ရွေးချယ်မှုပါပဲ"

ဒေါ်လေးရွှီကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်"

မိခင်ဖြစ်သူများ၏ ရင်ထဲတွင် သားသမီးဆိုသည်က ယောကျ်ားဖြစ်သူထက် အဆမတန် ပိုအရေးကြီးသည်မှာ သေချာနေသည်။ မည်သို့ပင်ဖြစ်စေ သားသမီးက သူမတို့၏ သွေးသားရင်းချာများ ဖြစ်ပြီး ယောကျ်ားတစ်ယောက်နှင့် နှိုင်းယှဉ်ကြည့်စရာပင် မလိုချေ။

ထိုစကားကို ကြားနေရသည့် ဝမ်ယဲ့ကတော့ တစ်ခါတစ်ရံတွင် ခင်ပွန်းရော သားသမီးများပါ အားကိုး၍ မရနိုင်ကြောင်း ဝင်ပြောချင်နေသည်။

သို့သော်လည်း တာ့ကျန်းမင်းဆက်၏ မိဘအပေါ် သိတတ်ရိုသေမှုကို အလေးထားသည့် ဓလေ့ထုံးတမ်းအရ သခင်မလီအနေဖြင့် သားဖြစ်သူ ပုန်ကန်မှုမလုပ်ဘဲ အသက်ရှည်နေသရွေ့ သူမ၏ နောင်ရေး စိတ်ချရမည် ဖြစ်သည်။

ထို့ကြောင့်လည်း သူမကို မုဆိုးဖို ဖြစ်သည့် ကလေးတစ်ယောက်အဖေ ရွှီယွဲ့ကျားနှင့် အိမ်ထောင်ချပေးရန် သခင်မရှန်း မိတ်ဆက်ပေးခဲ့စဉ်က ဝမ်ယဲ့တစ်ယောက် ကောင်းကင်ပေါ်မှ မုန့်များ ပြုတ်ကျလာသလို ခံစားခဲ့ရခြင်း ဖြစ်သည်။

သူမကိုယ်တိုင် သားသမီးမမွေးချင်သောကြောင့် ရွှီယွိရွှမ်ကို သားအဖြစ် လက်ခံလိုက်ခြင်းက ဖိအားပေါင်း ကိုးဆယ်ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့သည်။

'လင်ပါသားဆိုတာလည်း သားတစ်ယောက်ပဲလေ၊ ငါ ပုန်ကန်တာမျိုး မလုပ်ဘဲ၊ ရွှီယွဲ့ကျားအပေါ် သစ္စာမဖောက်ဘူးဆိုရင် ငါ့ရဲ့ နောင်ရေးအတွက် တွေးပူနေစရာ မလိုဘူး'

‘ရွှီယွဲ့ကျား ကွယ်လွန်သွားတဲ့အချိန်ဆိုရင် ရွှီယွိရွှမ်မှာ ဇနီးနဲ့ သားသမီးတွေ ရှိနေလောက်ပြီ၊ အဲ့အချိန်ရောက်ရင် ငါ သီးသန့်ဝင်းလေးတစ်ခုထဲသို့ ပြောင်းနေပြီး အနားယူမယ်၊ ယွင်ကျီ၊ ထောင်ကျီတို့နဲ့အတူ ဘယ်သူ့ကိုမျှ ဂရုစိုက်နေစရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေးချမ်းချမ်း နေထိုင်သွားမယ်’

'ဘယ်ချွေးမကမှ မိသားစုကိစ္စတွေထဲ ဝင်မစွက်ဖက်တဲ့ ယောက္ခမမျိုးကို မုန်းမှာ မဟုတ်ဘူး'

ထိုအရာက ဝမ်ယဲ့က အတွေးများ ဖြစ်သည်။ သို့သော် သူမ အသက်ကြီးလာချိန်တွင် မျက်စိများ မှုန်ဝါးလာနိုင်သဖြင့် သူမအတွက် ဝတ္ထုဖတ်ပြပေးမည့် အစေခံမလေးတစ်ယောက်တော့ လိုအပ်ပေလိမ့်မည်ဟု ထပ်တွေးနေသေးသည်။

ထိုသို့ တွေးတောနေသောကြောင့် ဝမ်ယဲ့၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

တစ်ဖက်တွင် သခင်မလီ၏ အခြေအနေကို ဆွေးနွေးပြီးသွားသော ဒေါ်လေးရွှီက ဝမ်ယဲ့ ပြုံးနေသည်ကို သတိထားမိသွားပြီး စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။

"ယဲ့အာ... ဘာသဘောကျစရာတွေ တွေးနေတာလဲ၊ ငါတို့ကိုလည်း ပြောပြပါဦး"

သူမအနေဖြင့်လည်း အတင်းအဖျင်း ပြောစရာများ ကုန်သွားချိန်နှင့် အချိန်ကိုက် ဖြစ်နေလေသည်။

ဝမ်ယဲ့ : "..."

'ဒါကတော့ ပြောပြလို့ သိပ်အဆင်မပြေဘူးထင်တယ်...'

သူမ တွေးနေသည့် အကြောင်းအရာများကို ပြောပြလျှင် အခြားသူများ စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု ဝမ်ယဲ့ ခံစားနေရသည်။

........။.......။........

နန်းတော်အတွင်းရှိ ချင်ကျန့်ခန်းမဆောင်ထဲတွင်......

ဧကရာဇ်မင်းမြတ်ထက် ဆယ်နှစ်ခန့် ငယ်သော ဝမ်မင်းသားက တရားရေးဝန်ကြီးဌာနမှ အရာရှိအချို့ အမှုစီရင်ရာတွင် ဘက်လိုက်မှုရှိကြောင်း သက်သေအထောက်အထားများကို အားတက်သရော တင်ပြနေသည်။

ရွှေရောင်လှေကားထစ်များအထက်မှ ရာဇပလ္လင်ပေါ်ရှိ ဧကရာဇ်မင်းမြတ်ကတော့ စားပွဲပေါ်မှ လျှောက်တင်လွှာများကို လှန်လှောကြည့်ရှုရင်း ဝမ်မင်းသား၏ စကားများကို အမှုမဲ့အမှတ်မဲ့ နားထောင်နေသည်။

ဝမ်မင်းသား၏ တစ်ဖက်တွင် ရပ်နေသော ရွှီယွဲ့ကျားက ရုတ်တရက် သူ့နှာခေါင်းထဲမှ ယားယံလာသလို ခံစားလိုက်ရသည်။

၎င်းက သူ၏ တည်ငြိမ်မှုကို ပျက်ယွင်းလုနီးပါး ဖြစ်သွားစေခဲ့သည်။

ဧကရာဇ်မင်းမြတ်က သူ၏ထက်မြက်သော အာရုံခံစားမှု၊ စူးရှသော အမြင်တို့ဖြင့် ရွှီယွဲ့ကျား၏ အပြုအမူကို သတိထားမိသွားသည်။ သူက သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ပင့်တင်ကာ လှမ်းမေးလိုက်သည်။

"အမတ်မင်းရွှီ... နေမကောင်းဘူးလား"

ရွှီယွဲ့ကျားက ပုံမှန်အတိုင်းဖြစ်အောင် ပြန်ထိန်းချုပ်လိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ ပြန်လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုး ဘာမှမဖြစ်ပါဘူး... အရှင်မင်းမြတ်"

အဓိက သက်သေအထောက်အထားကို တင်ပြနေဆဲဖြစ်သော ဝမ်မင်းသားခမျာ သူ၏ စကားလမ်းကြောင်း ပြတ်တောက်လုနီးပါး ဖြစ်သွားရသည်။

ဧကရာဇ်မင်းမြတ်က သူ၏ အမတ်ကို မေးမြန်းပြီးနောက်မှ ညီတော်ဖြစ်သူ ရှိနေသေးသည်ကို သတိရသွားဟန်ဖြင့် ဝတ်ကျေတန်းကျေ ပြောလိုက်ပြန်သည်။

"ဘယ်နား ရောက်သွားပြီလဲ၊ ဆက်ပြောပါဦး"

ဝမ်မင်းသား : "..."

ဝမ်မင်းသား စကားမဆက်နိုင်ခင်မှာပင် ဧကရာဇ်၏ အနီးကပ်အစေခံ မိန်းမစိုးချုပ်ကြီးက ခန်းမအပြင်ဘက်မှ သတင်းတစ်ခု ရရှိလိုက်သည်။ သူက ဧကရာဇ်၏ အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး လျှောက်တင်နေသည်။

"အရှင်မင်းမြတ်... ကြင်ယာတော်ရှုရဲ့ နန်းဆောင်က မိန်းခလေးယန် ရောက်နေပြီး အရှင်မင်းမြတ်ကို တွေ့ခွင့်တောင်းနေပါတယ်၊ ကြင်ယာတော်ရှုက ဝမ်မင်းသားကို အရမ်းလွမ်းဆွတ်နေတာကြောင့် ဝမ်မင်းသားကို နင်ရှို့နန်းဆောင်ဆီ အရင်လာခွင့်ပြုဖို့ တောင်းဆိုနေပါတယ်၊ အရှင်မင်းမြတ်"

နင်ရှို့နန်းဆောင်ဆိုသည်က ကြင်ယာတော်ရှုမှ လွဲပြီး ကွယ်လွန်သွားသော ဧကရာဇ်ဟောင်း၏ သားသမီးမရှိသည့် ကြင်ယာတော်များ နေထိုင်ရာ နန်းဆောင် ဖြစ်သည်။

‘နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီ’

ဧကရာဇ်က အောက်တွင်ရှိသော ဝမ်မင်းသားကို တစ်ချက်ကြည့်လိုက်ပြီးမှ မိန့်ကြားလိုက်သည်။

"ညီတော်..... မင်းရဲ့ မယ်တော်က မင်းကို လွမ်းနေတယ်ဆိုတော့ နင်ရှို့နန်းဆောင်ကို အရင်သွားဖို့ ငါကိုယ်တော် ခွင့်ပြုပေးမယ်"

‘သူ့မယ်တော်က သူ့သားကို ကိုင်တွယ်လိမ့်မယ်၊ ဒီဧကရာဇ်ကတော့ အဲ့ကိစ္စအတွက် အချိန်မပေးချင်တော့ဘူး။’

ဝမ်မင်းသားက တစ်ခုခု ထပ်ပြောချင်နေသေးပုံပေါ်သည်။

“ဒါပေမယ့်....”

ဧကရာဇ်၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားပြီး အမူအရာကလည်း ပိုတည်ကြည်လေးနက်သွားကာ ခပ်ပြတ်ပြတ် မိန့်ကြားလိုက်သည်။

"ဒီကိစ္စကို နောက်ရက်မှ ဆက်ဆွေးနွေးကြမယ်"

ကြင်ယာတော်ရှုမှအပ ဝမ်မင်းသားက သူ၏နောင်တော် ဧကရာဇ်မင်းမြတ်ကိုသာ ကြောက်ရွံ့ရိုသေသူ ဖြစ်သည်။ သူက အေးဆေးတည်ငြိမ်စွာ ရပ်နေသော ရွှီယွဲ့ကျားကို တစ်ချက်ကြည့်လိုက်ပြီး ဆန္ဒမရှိပုံဖြင့် ခန်းမထဲမှ ထွက်ခွာသွားသည်။

ဝမ်မင်းသား ထွက်သွားပြီးနောက် ဧကရာဇ်က အောက်တွင် ရှိနေသော ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ မိန့်ကြားလိုက်ပြန်သည်။

"ငါကိုယ်တော်ရဲ့ ဒီညီတော်က ဘယ်တုန်းကမှ သိပ်ပြီး ဉာဏ်ကောင်းခဲ့တာ မဟုတ်ဘူး၊ ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီးတော့..... အမတ်ရွှီ.... သူ ဒီနေ့ ဒီကို လုံးဝမလာခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ၊ အမှုကိုတော့ မူလရည်ရွယ်ထားတဲ့အတိုင်းပဲ စီရင်ချက်ချလိုက်ပေါ့"

ရွှီယွဲ့ကျားက လက်နှစ်ဖက်ကို စုစည်းကာ တရိုတသေ ဦးညွှတ်ပြီးမှ ပြန် လျှောက်တင်လိုက်သည်။

"မိန့်ကြားတော်မူတဲ့အတိုင်းပါ အရှင်မင်းမြတ်"

ဧကရာဇ်က ရွှီယွဲ့ကျား၏ စည်းစနစ်ကြီးမားပြီး တည်ကြည်သော အမူအရာကို ကျင့်သားရနေပြီ ဖြစ်သည်။ သူက အစီရင်ခံစာကို ဘေးသို့ ဖယ်ထားလိုက်ပြီး ထပ်ပြောလိုက်သည်။

"ကျန်းမင်ရဲ့ အမှုက မြို့တော်မှာရှိတဲ့ မှူးမတ်မျိုးနွယ်စုဝင် လူငယ်လေးတွေအတွက် သတိပေးချက်တစ်ခု ဖြစ်လာဖို့ ငါကိုယ်တော် မျှော်လင့်မိတယ်"

ရွှီယွဲ့ကျားက ရိုးရိုးသားသား ပြန်လည်လျှောက်တင်လိုက်သည်။

"ဒီအမှုက တချို့သူတွေကိုတော့ တကယ်ပဲ ဟန့်တားနိုင်ခဲ့ပါတယ်.... အရှင်မင်းမြတ်"

မိန်းမစိုးလီက ဝမ်မင်းသားကို ချင်ကျန့်ခန်းမဆောင်၏ အပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး သူ ပြန်လာချိန်တွင် သူ့လက်ထဲ၌ မုန့်သေတ္တာတစ်လုံး ပါလာခဲ့သည်။

သူက ဘေးဘက် လှေကားမှ တက်သွားကာ ဧကရာဇ်၏ အနားသို့ တိုးကပ်သွားပြီး ကိုယ်ကို အနည်းငယ် ကိုင်းကာ တိုးတိုးလေး လျှောက်တင်နေသည်။

"အရှင်မင်းမြတ်... ဒါက ရှောင်လုဇီ နန်းတော်အပြင်ကနေ အခုလေးတင် ဝယ်လာတဲ့ ချိုင်ယွင်ကျိုက်က မုန့်အသစ်လေးပါ"

ဧကရာဇ်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး မုန့်သေတ္တာကို ဖွင့်ကြည့်လိုက်သည်။

အတွင်းတွင် ရှိနေသော နွေးနွေးထွေးထွေး ရှိနေသေးသည့် မုန့်များကို ကြည့်ပြီးနောက် သူက သေတ္တာကို ပြန်ပိတ်ကာ မိန့်ကြားလိုက်သည်။

"အဆိပ် ရှိ၊ မရှိ အရင်စစ်ဆေးလိုက်၊ ပြီးရင် မင်းသမီးဆီကို ပို့ပေးလိုက်ပါ"

"ဒီအစေခံအိုကြီး သေသေချာချာ စီစဉ်လိုက်ပါ့မယ်"

မိန်းမစိုးချုပ်လီက ချက်ချင်း ပြန်ဖြေလိုက်ပြီး မုန့်သေတ္တာကို ကိုင်ကာ ခန်းမထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။

မူလက ရွှီယွဲ့ကျားနှင့် တိုင်းရေးပြည်ရေးကိစ္စများ ဆွေးနွေးရန် ရည်ရွယ်နေသည့် ဧကရာဇ်က မိန်းမစိုးလီ၏ ကြားဖြတ်ဝင်ရောက်မှုကြောင့် စကားလမ်းကြောင်း ပြောင်းသွားပြီး သာမန်အကြောင်းအရာများဘက်သို့ ရောက်ရှိသွားသည်။

"ငါကိုယ်တော် ချန်လဲ့ကို အရမ်းအလိုလိုက်ထားမိတယ်၊ မကြာသေးခင်ကမှ သူက နန်းတော်အပြင်ကို တိတ်တဆိတ် ထွက်သွားပြီး အသစ်ဖွင့်ထားတဲ့ မုန့်ဆိုင်လေးတစ်ခုဆီ ရောက်သွားခဲ့တာလေ၊ သူ့ကို အတင်းအကျပ် ပြန်ခေါ်လာပြီးတဲ့နောက်မှာတောင် အဲ့ဒီဆိုင်က မုန့်တွေကိုပဲ စားချင်နေတယ်။ သူ့မယ်တော်ကတော့ သူ့ကို သင်ခန်းစာပေးချင်တာနဲ့ နန်းတော်ထဲက ဘယ်သူ့ကိုမှ သူ့အတွက် အဲ့ဒီမုန့်တွေ မဝယ်ပေးဖို့ အမိန့်ထုတ်ထားတယ်"

ထိုနေရာအရောက်တွင် ဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြောနေသည်။

"ဒါနဲ့ပဲ ချန်လဲ့က ငါကိုယ်တော်ဆီကို လာပူဆာတော့တာပေါ့၊ ငါကိုယ်တော်လည်း စိတ်ပျော့သွားတာနဲ့ လီကုန်းကုန်းကို အဲ့ဒီမုန့်တစ်သေတ္တာ ခိုးဝယ်ခိုင်းလိုက်ရတယ်"

"အမတ်မင်းရွှီ... ငါကိုယ်တော် ဘာကို ဆိုလိုတယ်ဆိုတာ မောင်မင်း နားလည်တယ်မလား”

ဧကရာဇ်က ရွှီယွဲ့ကျားကို ကြည့်ကာ မေးလိုက်ပြန်သည်။

ရွှီယွဲ့ကျားက ဧကရာဇ်၏ အသေးအဖွဲ ကိစ္စရပ်များအပေါ် အထူးတလည် စိတ်ဝင်စားခြင်း မရှိသော်လည်း ထပ်မံ ဦးညွှတ်လိုက်ကာ ပြန်လျှောက်တင်လိုက်သည်။

"ဒီလက်အောင်ငယ်သား နားလည်ပါပြီ... အရှင်မင်းမြတ်"

နန်းတော်မှ ထွက်ခွာလာပြီးနောက် ရွှီယွဲ့ကျားက နယ်စားမင်းအိမ်တော်၏ မြင်းရထားပေါ်သို့ တက်လိုက်သည်။ မြင်းရထားမောင်းသူ အားချွမ်းက ရွှီယွဲ့ကျား တိတ်ဆိတ်မှုကို နှစ်သက်မှန်း သိထားပြီး ဆူညံသံ အနည်းဆုံးဖြစ်အောင် ဂရုတစိုက် မောင်းနှင်နေသည်။

နန်းတော်မှ နယ်စားမင်းအိမ်တော်သို့ သွားရာလမ်းတွင် နန်အန်းလမ်းမကြီးကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ ဧကရာဇ် ပြောခဲ့သည့် ချိုင်ယွင်ကျိုက်ကလည်း ထိုလမ်းပေါ်တွင်ပင် ရှိနေလေသည်။

မြင်းရထားက နန်အန်းလမ်းအတိုင်း ခပ်မှန်မှန် မောင်းနှင်နေပြီး လမ်းချိုးတစ်ခုသို့ အကွေ့တွင် ရထားအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ခဏရပ်ဦး"

အားချွမ်းက မြင်းရထားကို ချက်ချင်း ရပ်လိုက်သည်။

ရွှီယွဲ့ကျားက လိုက်ကာကို လှန်တင်ပြီး အားချွမ်းကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်ကာ ညွှန်ကြားလိုက်သည်။

"ချိုင်ယွင်ကျိုက်ကို သွားပြီး မုန့်သေတ္တာနှစ်လုံး ဝယ်ခဲ့"

အားချွမ်းက ခေတ္တမျှ ကြောင်အနေသော်လည်း အမြန် ပြန်ဖြေလိုက်သည်။

"ဒီအစေခံ... အခုချက်ချင်း သွားလိုက်ပါ့မယ်... အရှင်"

သူက မြင်းရထားပေါ်မှ ခုန်ဆင်းကာ လမ်းမပိတ်စေရန် ရထားလုံးကို ဘေးသို့ ကပ်ထားလိုက်ပြီး ရွှီယွဲ့ကျား ပေးလိုက်သော ငွေစကို ကိုင်ကာ အပြေးအလွှား ထွက်ခွာသွားသည်။

.......။.......။........

နယ်စားမင်းအိမ်တော်..... အနောက်ဘက်ခြံဝင်း.....

အထိန်းတော်ကျိက ကြက်တောင်ကန်ရာတွင် အတော်လေး အရည်အချင်းရှိပြီး နာရီဝက်မပြည့်မီ တတ်မြောက်သွားခဲ့သည်။ သူမက ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဆက်တိုက် ကန်ပြနိုင်သဖြင့် ရွှီယွိရွှမ်လေး အလွန် ပျော်ရွှင်နေလေသည်။

ဝမ်ယဲ့၏ လွှမ်းမိုးမှုကြောင့် ဖြစ်ဟန်တူပြီး ရွှီယွိရွှမ်က လက်ခုပ်တီးပြီး "တော်တယ်၊ တော်တယ်" ဟုပင် ပြောတတ်နေပြီ ဖြစ်သည်။

ရွှီယွိရွှမ်၏ ချီးကျူးစကားများကြောင့် အားတက်သွားသော အထိန်းတော်ကျိကလည်း ပိုစိတ်အားထက်သန်စွာ ကန်ပြနေလေသည်။

ခဏကြာအောင် ကြည့်ပြီးနောက် ရွှီယွိရွှမ် ပင်ပန်းလာပြီး အိပ်ချင်လာပုံရသည်။ သူ့အမူအရာလေးကို မြင်လိုက်သော အထိန်းတော်ကျိက ကြက်တောင်ကို သိမ်းလိုက်ပြီး ရွှီယွိရွှမ်ကို နေ့လယ်ခင်း တစ်ရေး သိပ်ရန် ဟယ်ရှန်းအား အခန်းထဲသို့ ချီသွားခိုင်းလိုက်သည်။

ရွှီယွိရွှမ် တစ်ရေးနိုးလာချိန်တွင် ရွှီယွဲ့ကျား အိမ်တော်သို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။

တစ်နေ့ကုန် စောင့်ခဲ့ရသော ရွှီယွိရွှမ်က တစ်စုံတစ်ယောက် ပြန်လာသည်ကို မြင်သည်နှင့် ပြေးထွက်လာပြီး ရွှီယွဲ့ကျားကို လုံးဝ အံ့အားသင့်သွားစေသည်။ သူ ကိုင်လာသော မုန့်သေတ္တာကိုလည်း ဖုံးကွယ်ရန် အချိန်မရတော့ပေ။

ထိုသေတ္တာက ရွှီယွိရွှမ်၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်သွားခဲ့သည်။

ကလေးငယ်များတွင် စားစရာထည့်သည့် ဗူးခွံ၊ သေတ္တာများကို အလိုအလျောက် သိရှိနိုင်သော ထူးခြားသည့် အစွမ်းရှိပုံရပြီး ရွှီယွိရွှမ်ကလည်း ထိုနည်းတူပင်။ သူ၏ ဝိုင်းစက်နေသော မျက်လုံးလေးများက မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပလာပြီး ရွှီယွဲ့ကျားကို ကြည့်နေလေသည်။

ရွှီယွဲ့ကျားက သားဖြစ်သူ၏ အကြည့်ကို ပြန်ရင်ဆိုင်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားကာ နောက်ဆုံးတွင် သေသေချာချာ ပြောလိုက်သည်။

"မင်းမေမေအတွက် တစ်ဝက်ချန်ထားဖို့ မမေ့နဲ့ဦး"

ရွှီယွိရွှမ်က ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီး ကတိပေးနေသည်။

"မေမေ့အတွက် ချန်ထားမယ်"

ရွှီယွဲ့ကျားက မုန့်သေတ္တာတစ်လုံးကို အထိန်းတော်ကျိဆီသို့ ကမ်းပေးလိုက်သည်။

အထိန်းတော်ကျိ၏ လက်ထဲမှ မုန့်သေတ္တာကို မြင်နေရသည့် ရွှီယွိရွှမ်က စိတ်အားထက်သန်မူအပြည့်ဖြင့် သူမနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။ အထိန်းတော်ကျိက ရန်တုန်ကို သန့်ရှင်းသော ကြွေပန်းကန်ပြားတစ်ခု ယူခိုင်းလိုက်ပြီး မုန့်သေတ္တာထဲမှ မုန့်များကို ထုတ်ကာ ပန်းကန်ပေါ်၌ အစီအရီ ပြင်လိုက်သည်။

ဟယ်ရှန်းက ရွှီယွိရွှမ်၏ လက်ကလေးများကို သန့်စင်ပေးနေသည်။

မုန့်မစားမီတွင် ရွှီယွိရွှမ်က ရုတ်တရက် မေးလိုက်သည်။

"ကျိမား... ဘယ်နှစ်ခုလဲဟင်"

အထိန်းတော်ကျိက စိတ်ထဲမှ တိတ်တဆိတ် ရေတွက်လိုက်ပြီး သူ့ကို ပြုံးပြကာ ပြန်ဖြေလိုက်သည်။

"ငါးခု ရှိပါတယ်... သခင်ငယ်လေး"

အမှန်တကယ်တွင် ခြောက်ခုရှိသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွှီယွိရွှမ် စားရန် ဘေးကင်း၊ မကင်း သေချာစေရန် သူမတို့က တစ်ခုကို အရင် မြည်းကြည့်လေ့ရှိကြသည်။

ရွှီယွိရွှမ်က နားလည်သွားပုံရသည်။ သူက မုန့်တစ်ခုချင်းစီကို ရေတွက်နေသကဲ့သို့ လေထဲတွင် လက်ညှိုးလေး လိုက်ထိုးနေသည်။

ရေတွက်ပြီးနောက်တွင် အထိန်းတော်ကျိ ပန်းကန်ထဲသို့ ထည့်ပေးထားသော မုန့်တစ်ခုကို ကောက်ယူလိုက်ပြီး သူ၏ သွားသေးသေးလေးများဖြင့် ဖြည်းဖြည်းချင်း ကိုက်စားနေသည်။

မုန့်က နူးညံ့ပြီး မွှေးကြိုင်နေကာ ချိုလွန်းခြင်းလည်း မရှိပေ။ ရွှီယွိရွှမ် ရှောင်ရမည့် ပါဝင်ပစ္စည်းများလည်း မပါဝင်သဖြင့် အထိန်းတော်ကျိလည်း စိတ်အေးသွားရသည်။

ရွှီယွိရွှမ်က အလွန် မြိန်ရည်ယှက်ရည် စားနေသော်လည်း ရွှီယွဲ့ကျား၏ မှာကြားချက်ကိုတော့ မမေ့သေးပေ။ ဒုတိယမြောက်မုန့်ကို ကောက်ယူလိုက်သည့်အချိန်တွင် သူ၏ ကလေးသံလေးဖြင့် ပြောလိုက်ပြန်သည်။

"မေမေ့အတွက် ချန်ထားမယ်"

ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်... မုန့်တစ်ခု စားလိုက်တိုင်း သူ ထိုစကားကို ထပ်ခါထပ်ခါ ပြောနေလေသည်။

သို့သော် သူ စားလေ စားလေ ပိုကြိုက်လေလေ ဖြစ်လာပြီး နောက်ဆုံးတစ်လုပ်ကို စားပြီးသွားမှ ပန်းကန်ပြားကို ငုံ့ကြည့်လိုက်သည်။

သူ၏ မျက်လုံးလေးများက ထိတ်လန့်တကြား ဝိုင်းစက်သွားပြီး လက်ကလေးများကိုလည်း ဝှေ့ယမ်းကာ စိုးရိမ်တကြီး အော်ပြောလိုက်သည်။

"ကျိမား... ကုန်သွားပြီ"

ရွှီယွိရွှမ်၏ မျက်ဝန်းလေးများက ချက်ချင်း ရဲတက်လာပြီး အထိန်းတော်ကျိကို သနားစဖွယ် အကြည့်လေးဖြင့် မော့ကြည့်နေသည်။

"ရွှမ်အာ... မချန်မိဘူးလား"

All Chapters