← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃ အပြစ်မကင်းသလို ခံစားရမှု

အထိန်းတော်ကျိက ကလေးကို ကမန်းကတမ်း ချော့မော့လိုက်သည်။

"သခင်ငယ်လေး... စိတ်မပူပါနဲ့၊ ဒီအစေခံအိုကြီးက သခင်ငယ်လေးအစား တစ်ခု ချန်ထားပေးပါတယ်"

ရွှီယွိရွှမ်၏ မျက်လုံးလေးများတွင် မျက်ရည်များ ဝိုင်းနေဆဲဖြစ်ပြီး အနည်းငယ် စိုးရိမ်နေပုံဖြင့် ပြန်မေးနေသေးသည်။

"တကယ်လား"

အထိန်းတော်ကျိက အခိုင်အမာ ခေါင်းငြိမ့်ပြလိုက်ပြီး ရွှီယွိရွှမ် စိတ်ချစေရန် ပြုံးပြလိုက်သည်။

"ဒီအစေခံအိုကြီးက သခင်ငယ်လေးကို မလိမ်ပါဘူး"

သူမအနေဖြင့် သခင်ငယ်လေးကို စောစော သတိမပေးမိသည်မှာ သခင်ငယ်လေး အားရပါးရ စားနေသည်ကို မြင်နေရဖြစ်သလို ဒုတိယသခင် မုန့်သေတ္တာနှစ်လုံး ယူလာသည်ကိုလည်း သတိထားမိသောကြောင့် ဖြစ်သည်။ ထို့အတွက် တစ်လုံးက သခင်ငယ်လေးအတွက် ဖြစ်ပြီး နောက်တစ်လုံးက ဒုတိယသခင်မအတွက် ဖြစ်နိုင်ချေ များသည်။

ဒုတိယသခင် သခင်ငယ်လေးအား တစ်ဝက်ချန်ခိုင်းရသည့် အကြောင်းအရင်းမှာ သခင်ငယ်လေးတစ်ယောက်တည်း အကုန်စားလိုက်လျှင် ညစာ မစားနိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်ဟု သူမ တွေးနေခဲ့သည်။

'နောက်ဆုံးတော့လည်း ဒုတိယသခင်က သခင်ငယ်လေးအပေါ် တကယ် ဂရုစိုက်ရှာသားပဲ၊ ဒုတိယသခင်ရဲ့ အေးစက်တဲ့ အသွင်အပြင်ကြောင့်သာ သူရဲ့ ဂရုစိုက်မှုက မသိမသာ ဖြစ်နေခဲ့တာ’

တစ်ဖက်တွင်လည်း အထိန်းတော်ကျိ၏ အာမခံချက်ကြောင့် ရွှီယွိရွှမ်တစ်ယောက် တဖြည်းဖြည်း စိတ်အေးသွားရသည်။

ရန်တုန်က ရေနွေးစွတ်သောအဝတ်ဖြင့် သခင်ငယ်လေး၏လက်များကို သုတ်ပေးလိုက်ပြီး ဟယ်ရှန်းက ရေနွေးနွေးတစ်ခွက် ငှဲ့ပေးနေသည်။ ရွှီယွိရွှမ်က သူ့ဘာသာသူ သောက်မည်ဟု ဇွတ်ပြောနေပြီး ခွက်ကို လက်လေးနှစ်ဖက်ဖြင့် မြဲမြဲကိုင်ကာ နှစ်ငုံတည်းဖြင့် အကုန်သောက်ချလိုက်သည်။

အထိန်းတော်ကျိက သူ့ကို ခြံဝင်းထဲတွင် ခဏသွားကစားချင်သလားဟု ထပ်မေးလိုက်သည်။ ရွှီယွိရွှမ်၏ အာရုံစိုက်မှုက ချက်ချင်းပြောင်းလဲသွားပြီး ပြန်ပြောလာခဲ့သည်။

"ရွှမ်အာ... တူတူပုန်းတမ်း ကစားချင်တယ်"

အထိန်းတော်ကျိကလည်း ချက်ချင်း သဘောတူလိုက်ပြီး ဟယ်ရှန်းကို ညွှန်ကြားလိုက်သည်။

"သခင်ငယ်လေးရဲ့ ခြံဝင်းထဲက အစေခံမလေးတွေကို သွားခေါ်လိုက်ဦး၊ သခင်ငယ်လေးနဲ့အတူ တူတူပုန်းတမ်း ကစားဖို့ ပြောလိုက်"

ဟယ်ရှန်းက အမိန့်ကို နာခံသည့်အနေဖြင့် ဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားသည်။

ထိုစဉ်မှာပင် ရွှီယွိရွှမ်က အထိန်းတော်ကျိ၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး ပူဆာနေပြန်သည်။

"ကျိမား... ကျိမားလည်း ကစားရမယ်နော်"

"ကောင်းပါပြီ... ဒီအစေခံအိုကြီးလည်း ကစားပါ့မယ်"

‘ငါ ကြက်တောင်တောင် ကန်နိုင်သေးတယ်၊ တူတူပုန်းတမ်းကစားရတာက ခက်ခဲတဲ့ကိစ္စ မလုပ်ပါဘူးလေ’

.......။........။........

တာ့ကျင်းမင်းဆက်၏ ဓလေ့ထုံးတမ်းအရ စေ့စပ်ကြောင်းလမ်းခြင်း တည်ခင်းဧည့်ခံပွဲ ကျင်းပသည့်အခါ သတို့သမီးနှင့် သတို့သား၏ မိသားစုနှစ်ဖက်လုံးက အသီးသီး စီစဉ်ကြရသည်။

နယ်စားအိမ်တော်က လုမိသားစုနှင့် အနည်းငယ် ဆွေမျိုးတော်စပ်သဖြင့် လုမိသားစု၏ တည်ခင်းဧည့်ခံပွဲသို့သာ တက်ရောက်ကြခြင်း ဖြစ်သည်။

ဝမ်မိသားစုဘက်မှ စေ့စပ်ပွဲကိုတော့ လွန်ခဲ့သည့် ဆယ်ရက်ခန့်က ကျင်းပခဲ့ပြီး ဖြစ်သည်။ ဝမ်မိသားစု၏ ဆွေမျိုးများအနေဖြင့် ဒေါ်လေးရွှီက သူမ၏ချွေးမနှင့်အတူ တက်ရောက်ခဲ့သေးသည်။ ထို့ကြောင့် သူမတို့ထဲတွင် ဝမ်ရှီနှင့် ဒေါ်လေးရွှီတို့သာ လုရှင်းယန်နှင့် စေ့စပ်ထားသည့် ဝမ်မိသားစုမှ ဒုတိယသခင်လေးကို အနီးကပ် မြင်ဖူးကြသည်။

အပြင်လူများ ရှိနေသည့်အချိန်တွင် ဒေါ်လေးရွှီက စကားသိပ်မပြောချေ။ သူများက စကားသုံးခွန်းပြောမှ သူမက ခေါင်းလေး ညိတ်ပြီး သိမ်သိမ်မွေ့မွေ့ ပြုံးကာ တစ်ခွန်းတစ်လေ ပြန်ပြောလေ့ရှိသည်။ မိသားစုချင်း ရှိနေသည့်အချိန်မှသာ သူမ ခရားရေလွှတ် စကားပြောလေ့ရှိခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ယနေ့စေ့စပ်ပွဲအတွင်း ထမင်းစားဝိုင်း တစ်ဝိုင်းလုံးက ဆွေးမျိုးများဖြင့် ပြည့်နေလေသည်။

စားပွဲပြီးသွားသည့်တိုင် ဒေါ်‌လေးရွှီတစ်ယောက် ပြောစရာစကားများ ကျန်နေသေးပုံရပြီး ထိုစကားအချို့ကို နားထောင်နေရသော ဝမ်ယဲ့ကလည်း အားမရသေးသလို ခံစားနေရသည်။ သူမနှင့် ဒေါ်လေးရွှီတို့က အကြည့်ချင်း ဆုံလိုက်ကြပြီး နှစ်ယောက်စလုံး ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေကြသည်။

အပြင်လူများ ရှိနေသဖြင့် ဝမ်ရှီက ဒေါ်လေးရွှီကို ရထားလုံးဆီသို့ အမြန် ပြန်တွဲခေါ်သွားသည်။ သားတစ်ယောက် မွေးဖွားပြီးနောက် ဝမ်ရှီလည်း အနည်းငယ် သတ္တိရှိလာပုံရသည်။

တစ်ဖက်တွင်လည်း အကြီးဆုံးအဒေါ်၏ ညွှန်ကြားချက်အရ ယောင်ရှီက ဝမ်ယဲ့အနားသို့ ချဉ်းကပ်လာပြီး တိုးတိုးလေး သတိပေးလိုက်သည်။

ဝမ်ယဲ့လည်း မတတ်သာသည့်အဆုံး လှည့်ထွက်လာခဲ့ပြီး ယောင်ရှီနှင့်အတူ နယ်စားမင်းအိမ်တော်၏ ရထားလုံးများဆီသို့ လျှောက်လာခဲ့ရသည်။

ဝမ်ယဲ့ ရထားလုံးပေါ်သို့ မတက်မီ အကြီးဆုံးအဒေါ်က သူမ အနားသို့ ရောက်လာပြီး ပြောနေပြန်သည်။

"သူ စကားဘယ်လောက်များလဲဆိုရင် ငါတောင် တစ်ခါတလေ သည်းမခံနိုင်ဘူး၊ နင်ကတော့ တော်တော် သဘောကျနေပုံပဲ"

ဝမ်ယဲ့က သူမ၏ မူပိုင် အပြစ်ကင်းဟန်လေးဖြင့် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ဒေါ်လေးက မြို့တော်မှာရှိတဲ့ ဂုဏ်သရေရှိ မိသားစုတွေနဲ့ သူတို့ကြားက ပတ်သက်မှုတွေကို ကျွန်မ ပိုနားလည်လာအောင် ကူညီပေးနေတာပါ"

သူမ ဝမ်မိသားစု၌ ရှိနေစဉ် ထိုကဲ့သို့သော အတင်းအဖျင်း သတင်းများကို ကြားနိုင်ခွင့်မရှိခဲ့ပေ။

ရထားလုံးထဲသို့ ရောက်နှင့်နေပြီဖြစ်သော လုသခင်မက သူမဘေးမှ ကန့်လန့်ကာကို မတင်လိုက်ပြီး ညင်ညင်သာသာ လှမ်းပြောလိုက်သည်။

"အကြီးဆုံးအဒေါ်... အဒေါ်လည်း လှည်းထဲ ဝင်သင့်ပြီ၊ ကျွန်မတို့ နောက်ကျနေပြီ"

အကြီးဆုံးအဒေါ်က ပြုံးလိုက်ပြီး အနောက်မှ ရထားလုံးဆီသို့ ထွက်ခွာသွားသည်။ ယောင်ရှီကလည်း ဝမ်ယဲ့ကို ခေါင်းတစ်ချက် ငြိမ့်ပြကာ အကြီးဆုံးအဒေါ်နောက်သို့ လိုက်ပါသွားသည်။ ထို့နောက်တွင် ယွမ်ကျီက ဝမ်ယဲ့ကို ကူညီရန် ရောက်လာခဲ့သည်။

ဝမ်ယဲ့ကတော့ ရထားလုံးထဲသို့ ဝင်ရန် ကိုယ်ကို ကိုင်းလိုက်ရင်း စိတ်ထဲမှ တွေးနေမိသည်။

'နယ်စားမင်းအိမ်တော်ကတော့ တကယ်ကို ငါ့အတွက် တမင် ဒီဇိုင်းထုတ်ပြီး ဖန်တီးထားတဲ့ အနားယူစရာ နေရာလေးပဲ'

ဝမ်ယဲ့က အဒေါ်နှစ်ယောက်လုံး၏ စရိုက်ကို အလွန်သဘောကျနေသည်။ တစ်ယောက်က စားရန်၊ ကစားရန်အတွက် အဖော်ကောင်းဖြစ်သလို နောက်တစ်ယောက်ကလည်း အတင်းပြောရန်အတွက် အကောင်းဆုံး အပေါင်းအသင်း ဖြစ်နေလေသည်။ ထို့ပြင် လုသခင်မလည်း ရှိနေသေးသည်။

ဝမ်ယဲ့၏ အမြင်တွင် လုသခင်မကတော့ အစွမ်းအထက်ဆုံး ဖြစ်သည်။ သူမက ဝမ်ယဲ့၏ အားနည်းချက်များကို တိုက်ရိုက် ထောက်ပြပေးတတ်သော်လည်း ဝမ်ယဲ့ကတော့ သူမ၏ 'အသုံးမကျမှုတွင်း' ထဲတွင် လှဲလျောင်းနေရခြင်းအား အလွန် နှစ်ခြိုက်နေမိသည်။

ဤ 'အသုံးမကျသူလေး' ငတ်မသေစေရန်အတွက် လုသခင်မက ထိုတွင်းထဲသို့ ငွေစက္ကူများနှင့် ကျောက်မျက်ရတနာများကို ရံဖန်ရံခါ ပစ်ထည့်ပေးလေ့ရှိသည်။

ထို့အပြင် သူမအတွက် စနောက်ကစားစရာ အသက်အရွယ်စုံ ကလေးများလည်း ရှိသလို၊ ရုပ်ရည်ချောမောပြီး စိတ်သဘောထားကောင်းကာ အလုပ်ကြိုးစားသည့် ခင်ပွန်းလည်း ရှိနေသေးသည်။ ထိုခင်ပွန်းသည်က အိမ်မပြန်နိုင်လောက်အောင် အလုပ်များနေသည့်တိုင် သူ ရောက်နေသည့်နေရာကို အမြဲ အကြောင်းကြားတတ်ပြီး ဖြူဖြူစင်စင် ရိုးရိုးသားသား သစ္စာရှိရှိ နေထိုင်တတ်သည်။

ထိုအကြောင်းကို တွေးနေရင်း ရထားလုံးထဲသို့ ဝင်လာသည့် ဝမ်ယဲ့က လုသခင်မကို ပြုံးပြလိုက်သည်။

'ယောင်းမကြီးရေ... အဲ့ဒီတုန်းက ကျွန်မကို ‌ရွေးချယ်ခဲ့မိလောက်အောင် အမြင်မှားခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်'

ဝမ်ယဲ့၏ ရင်ထဲမှ အတွေးကို မကြားနိုင်ရှာသည့် လုသခင်မကတော့ သူမ၏ အပြုံးကြောင့် ဇဝေဇဝါ ဖြစ်သွားရပြီး မတွေးဘဲ မနေနိုင်တော့ပေ။

'ဒီတစ်ခါ ဝမ်ရှီတစ်ယောက် ဘာတွေကြံစည်နေပြန်တာလဲ'

လုသခင်မက မေးရန် ပြင်လိုက်စဉ်မှာပင် ဝမ်ယဲ့က သူမ၏အနားသို့ တိုးကပ်သွားပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။

"မမက တကယ်ကို ကြင်နာတတ်တာပဲ”

လုသခင်မ : "..."

'တစ်ခုခုတော့ မဟုတ်သေးဘူး ထင်တယ်'

........။........။........

သူမတို့ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်ချိန်တွင် ရှန်အချိန်ကျော်နေပြီဖြစ်သည်။ အိမ်တော်ထဲသို့ ဝင်ပြီးနောက် မကြာမီမှာပင် ဝမ်ယဲ့နှင့် လုသခင်မတို့ လမ်းခွဲလိုက်ကြသည်။ တစ်ယောက်က အနောက်ဘက်ခြံဝန်းသို့ ဦးတည်ပြီး ကျန်တစ်ယောက်ကတော့ အရှေ့တည့်တည့်သို့ ဆက်သွားနေသည်။

တစ်နေကုန် အပြင်ထွက်ထားကြသဖြင့် သူမတို့နှစ်ယောက်လုံး အတော်လေး ပင်ပန်းနေကြပြီ ဖြစ်သည်။

အနောက်ဘက်ခြံဝန်းသို့ အပြန်လမ်းတွင် ဝမ်ယဲ့တစ်ယောက် ရန်တုန်ကို တွေ့လိုက်ရသည်။ သူမက ရန်တုန်၏ အရိုအသေပေးမှုကို ခံယူပြီးမှ မျက်ခုံးတစ်ချက် ပင့်ကာ လှမ်းမေးလိုက်သည်။

"သခင်ငယ်လေး အနောက်ဘက်ခြံဝန်းမှာ ရှိနေလား"

ရန်တုန်က တရိုတသေ ပြန်ဖြေနေသည်။

"ရှိပါတယ်ရှင့်"

ဝမ်ယဲ့က ဘာမှထပ်မပြောတော့ဘဲ ဆက်လျှောက်လာခဲ့သည်။

ရန်တုန်ကတော့ ကလေးငယ်အတွက် သေသေသပ်သပ် ခေါက်ထားသည့် ဆောင်းရာသီဝတ်များနှင့် ခြေအိတ်များ တင်ထားသော လင်ဗန်းကို ကိုင်ကာ အနောက်မှ လိုက်ပါလာသည်။

ဝမ်ယဲ့ အနောက်ဘက်ခြံဝန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် စင်္ကြံအောက်တွင် ရှိနေသော ရွှီယွိရွှမ်ကို လှမ်းမြင်လိုက်ရသည်။ သူ၏ခြေထောက်လေးများက မြေပြင်ပေါ်၌ မီးလောင်နေသည့်အတိုင်း အငြိမ်မနေဘဲ ခါယမ်းနေသည်။ နွေဦးပင် မရောက်သေးသော်လည်း သူကတော့ အတော်လေး တက်ကြွနေပုံရသည်။

ထို့နောက်တွင် ဝမ်ယဲ့ သိလိုက်ရသည်မှာ ကောင်လေးက အထိန်းတော်ကျိတို့နှင့်အတူ တူတူပုန်းတမ်းကစားနေခြင်း ဖြစ်သည်။ သူ ပြေးလွှားနေရင်းမှ သူ့ခြေထောက်ကို သူ ပြန်တိုက်မိပြီး ရွှံ့ဗွက်ထဲသို့ မှောက်ခုံလဲကျသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုနေရာက ရွှံ့ဗွက်ဖြစ်နေခဲ့သည်။ အကယ်၍ ကျောက်ခင်းလမ်းပေါ်တွင်သာ ဖြစ်ခဲ့ပါက သူ၏တင်ပါးလေး အညိုအမဲ စွဲသွားနိုင်ပေသည်။ သူ့အဝတ်အစားများ ညစ်ပေသွားသဖြင့် အသစ်လဲပေးရန် လိုအပ်လာသောကြောင့် အထိန်းတော်ကျိက ရန်တုန်ကို အဝတ်အစားသစ် သွားယူရန် အမြန်လွှတ်လိုက်ခြင်းဖြစ်သည်။

ရွှီယွိရွှမ် အဝတ်အစားလဲပြီးချိန်တွင် ဝမ်ယဲ့က လက်ဖက်ရည် နှစ်ခွက် ကုန်သွားပြီ ဖြစ်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ဝမ်ယဲ့တစ်ယောက် ရွှီယွိရွှမ်၏ မျက်နှာပေါ်တွင် အပြစ်မကင်းသလို ခံစားချင်မျိုး မြင်နေရသည်။

'ဒါက ငါ့ကို အားနာနေတာလား...'

ရွှီယွိရွှမ်က အခန်းထဲမှ ထွက်လာပြီး ခြေလှမ်းတန့်သွားကာ ဝမ်ယဲ့ကို ခဏတာမျှ စိုက်ကြည့်နေသေးသည်။

ဝမ်ယဲ့ အကြည့်လွှဲတော့မည့်ဆဲဆဲမှာပင် ရွှီယွိရွှမ်က ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး ယိမ်းထိုးရင်း လျှောက်လာနေသည်။ ထို့နောက် သူက အထိန်းတော်ကျိ၏ အကူအညီဖြင့် ထိုင်ခုံပေါ်သို့ တက်နေသည်။ သူ လက်ဖက်ရည်အိုးကို မရန် ကြိုးစားနေသော်လည်း အိုးက အလွန်လေးနေသဖြင့် အထိန်းတော်ကျိကို အကူအညီတောင်းဟန် လှည့်ကြည့်လိုက်သေးသည်။

အထိန်းတော်ကျိက သူ၏ရည်ရွယ်ချက်ကို သိနေဟန်ဖြင့် လက်ဖက်ရည်တစ်ခွက်ကို ညင်ညင်သာသာ ငှဲ့ပေးလိုက်သည်။ ရွှီယွိရွှမ်က ထိုခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဝမ်ယဲ့ရှိရာသို့ ဖြည်းဖြည်းချင်း တိုးလာပြီး တိုးတိုးလေး ပြောနေသည်။

"မေမေ... လက်ဖက်ရည် သောက်ပါဦး"

တတိယမြောက် လက်ဖက်ရည်ခွက်ကို ငှဲ့ရန် ပြင်နေသော ဝမ်ယဲ့က ခဏတာ တွေဝေသွားပြီးမှ ရွှီယွိရွှမ်ပေးသော ခွက်ကို လက်ခံလိုက်သည်။ သူမက လက်ဖက်ရည် မသောက်မီ မေးလိုက်သေးသည်။

"ရွှမ်အာ တစ်ခုခု အပြစ်လုပ်ထားလို့လား"

ရွှီယွိရွှမ်က ခေါင်းခါပြပြီး မပြစ်ကင်းသည့် ကလေးလေးလို ဟန်ဆောင်နေသည်။

ဝမ်ယဲ့က မျက်ခုံးပင့်လိုက်ပြီး သူ့နောက်မှ အထိန်းတော်ကျိကို ကြည့်လိုက်ကာ မေးလိုက်ပြန်သည်။

"ကျိမား၊ ဒီနေ့ ရွှမ်အာ လဲကျတဲ့အကြောင်းကို ကျွန်မ အကြီးဆုံးယောင်းမဆီ သွားတိုင်မှာ စိုးရိမ်လို့များ သူ့ကို လက်ဖက်ရည်နဲ့ လာလာဘ်ထိုးခိုင်းနေတာလား"

ထိုသို့သာဆိုလျှင် ဤလာဘ်ထိုးမှုက အလွန်ပင် နည်းပါးလွန်းလှသည်။

အထိန်းတော်ကျိ၏ နှုတ်ခမ်းများ တွန့်သွားပြီးမှ တရီုတသေ ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်မ... အထင်လွဲနေပါပြီ၊ သခင်မက ဒီနေ့ကိစ္စကို မပြောပြရင်တောင်မှ ဒီအစေခံအိုကြီးအနေနဲ့ အကြီးဆုံးသခင်မကို တောင်းပန်မှာပါ၊ သခင်လေးရဲ့ အခုလို အပြုအမူကတော့... သခင်လေးရဲ့ မိဘအပေါ် သိတတ်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်"

"ဟုတ်လား..."

ဝမ်ယဲ့၏ လေသံတွင် အနည်းငယ် စိတ်ပျက်နေသည့်အရိပ်အယောင်များ ပါဝင်နေသည်။

သူမက ရွှီယွိရွှမ်ကို တစ်ချက် ထပ်ကြည့်လိုက်ပြီး သေချာစူးစမ်းကာ အထိန်းတော်ကျိကို မေးလိုက်ပြန်သည်။

"သူ တကယ်ပဲ အပြစ်မကင်းတာမျိုး မလုပ်ခဲ့ဘူးဆိုတာ သေချာရဲ့လား"

အထိန်းတော်ကျိ : "မလုပ်ခဲ့ပါဘူး"

အထိန်းတော်ကျိက မုန့်များအကြောင်းကို တမင်တကာ ချန်ကာ ပြန်ဖြေနေခဲ့သည်။

ဝမ်ယဲ့ကတော့ သံသယအနည်းငယ် ရှိနေသေးသည်။ လက်ဖက်ရည် သောက်ပြီးနောက်တွင် သူမက ထရပ်ကာ အတွင်းခန်းဆီသို့ ဦးတည်လိုက်သည်။ ပွဲတက်ထားရသောကြောင့် သူမ၏ ဆံပင်ပေါ်တွင် ဆံထိုးများနှင့် အလှဆင်ပစ္စည်းများ ရှိနေသည်။ ဝမ်ယဲ့က ထိုအရာများကို ဖယ်ရှားရန် ယွန်ကျီကို ကူညီခိုင်းလိုက်သည်။

ရွှီယွိရွှမ်ကတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိသည့်လူတစ်ယောက် မဟုတ်သည့်အလား သူမနောက်သို့ တကောက်ကောက် လိုက်နေလေသည်။

ဝမ်ယဲ့က သူမ၏ မျက်နှာချေများကို ဆေးကြောကာ နှုတ်ခမ်းဆိုးဆေးများကို သုတ်ဖယ်လိုက်ပြီး မှန်တင်ခုံ၏ ထောင့်တစ်နေရာသို့ လက်လှမ်းလိုက်သည်။ သို့သော် တစ်ယောက်ယောက်က သူမထက် လက်ဦးသွားသည်။ ရွှီယွိရွှမ်က ထိုင်ခုံပုလေးပေါ်တွင် ဒူးထောက်လျက် သူ့ကိုယ်လေးကို ကိုင်းကာ အမွှေးနံ့သာဘူးလေးကို လှမ်းယူလိုက်ပြီး ဝမ်ယဲ့ထံ ကမ်းပေးနေကာ ချိုချိုသာသာ ပြောနေသေးသည်။

"မေမေ... မွှေးမွှေးလေး လိမ်းလိုက်ဦးနော်"

ဝမ်ယဲ့ : "..."

‘ဒါတောင်မှ ဘာအမှားမှ မလုပ်ထားဘူးလို့ ဇွတ်ငြင်းနေတုန်းပဲပေါ့’

ရွှီယွိရွှမ်က တစ်ခုခုကို အပြစ်မကင်းသလို ခံစားနေရပြီး ယခုကဲ့သို့ အလိုက်တသိ ပြုစုနေခြင်းဖြစ်ကြောင်း ဝမ်ယဲ့ အသေအချာ အတည်ပြုနိုင်သွားပြီ ဖြစ်သည်။ သို့သော် သူမက အလျင်မလိုသေးပေ။ ဤကလေးက လျှို့ဝှက်ချက်ကို ကြာကြာထိန်းထားနိုင်မည့်သူ မဟုတ်သဖြင့် မကြာခင် သူမ သိလာရမည်မှာ အသေအချာပင်။

ညမှောင်စပျိုးချိန်တွင် အနောက်ဘက်ခြံဝန်း၌ ညစာ ပြင်ဆင်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် ရွှီယွိရွှမ်က အနောက်ဘက်ခြံဝန်းတွင် ညစာစားလေ့ မရှိသော်လည်း ယနေ့ညတော့ ထူးခြားနေလေသည်။ သူက ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့၏ ကြားတွင် ထိုင်နေကျဖြစ်သော်လည်း ယနေ့တော့ ဝမ်ယဲ့၏ ဘေးနားတွင်သာ ကပ်ထိုင်နေသည်။

ဟင်းလျာများ ခင်းကျင်းပြီးသည်နှင့် ရွှီယွဲ့ကျားလည်း အနောက်ဘက်ခြံဝန်းသို့ အချိန်မှန် ရောက်ရှိလာခဲ့သည်။

လျိုယာ၏ ပြောပြချက်အရ ရွှီယွဲ့ကျား နန်းတော်မှ စောစောပြန်ရောက်နေခဲ့ပြီး ထိုအချိန်ကတည်းက ပြန်မထွက်တော့ခြင်းဟု ဝမ်ယဲ့ သိခဲ့ရသည်။

ဝမ်ယဲ့က သူ့ကို နှုတ်ဆက်လိုက်ပြီး သူ့လက်ထဲတွင် မုန့်ဘူးဟု ထင်ရသော ဘူးတစ်ဘူး ပါလာသည်ကို သတိပြုမိသွားသည်။

ထို့နောက် သူက ထိုဘူးကို ထမင်းစားပွဲပေါ် တင်လိုက်ပြီး သူမဘက်သို့ တိုးပေးလိုက်သည်။

ဝမ်ယဲ့က ထိုဘူးကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ဒါက ဘာလဲဟင်"

ရွှီယွဲ့ကျားက ဝမ်ယဲ့၏ နောက်တွင် ပုန်းနေသော ပုံရိပ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ပြန်လာတဲ့ လမ်းမှာ အသစ်ဖွင့်ထားတဲ့ မုန့်ဆိုင်တစ်ဆိုင်ကို ဖြတ်လာမိလို့"

ဝမ်ယဲ့၏ အကြည့်များတွင် သံသယရိပ်များ ပိုတိုးလာသည်။

‘ဒီနေ့ သားအဖနှစ်ယောက်လုံး ဘာတွေ ဖြစ်နေကြတာလဲ’

၎င်းက ရုတ်တရက် ဆန်ပြီး ခပ်တောင့်တောင့်နိုင်လှသဖြင့် အဓိပ္ပာယ်ဖော်ရ ခက်ခဲနေသည်။

သူမ၏ အကြည့်နှင့် ဆုံသွားချိန်တွင် ရွှီယွဲ့ကျားက ခဏတာ တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလာခဲ့သည်။

"ဆိုင် ဖွင့်တာ မကြာသေးတော့ တစ်ဘူးဝယ်တာနဲ့ တစ်ဘူး အပိုရတယ်"

ဝမ်ယဲ့က "အိုး..." ဟု ရေရွတ်လိုက်ပြီးမှ ထပ်ပြောလိုက်သည်။

"ယောက်ျားက ဒီလောက်တောင် ချွေတာပြီး မိသားစုကို ငဲ့ကွက်တတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး"

ရွှီယွဲ့ကျားကတော့ ပြောစရာ စကားမဲ့သွားဟန်ဖြင့် အသံသာ တုံ့ပြန်လိုက်သည်။

"...အမ်း"

ဝမ်ယဲ့လည်း ခဏမျှ ဆွံ့အသွားရသည်။ သူမက လျှောက်ပြောလိုက်ခြင်း ဖြစ်သော်လည်း သူက အမှန်တကယ် လက်ခံလိုက်သည်။

‘နေပါဦး...’

ဝမ်ယဲ့က တစ်ခုခုကို ပြန်တွေးမိသွားပြီး မေးလိုက်ပြန်သည်။

"တစ်ဘူးဝယ်ရင် တစ်ဘူးလက်ဆောင်လို့ ပြောတယ်မလား၊ အဲ့ဒီလက်ဆောင်ရတဲ့ တစ်ဘူးကရော ဘယ်မှာလဲ"

ဝမ်ယဲ့၏ အကြည့်အောက်တွင် ရွှီယွဲ့ကျား၏ မျက်ဝန်းများက အနည်းငယ် နေရာရွေ့သွားသည်။ ဝမ်ယဲ့ကလည်း သူ ကြည့်နေသည့် လမ်းကြောင်းအတိုင်း လှည့်ကြည့်လိုက်ပြီး အပြစ်မကင်းသည့် မျက်နှာပေးနှင့် ကလေးငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

ဝမ်ယဲ့၏ နှုတ်ခမ်းလေးများ တွန့်သွားကာ ယနေ့ညဦးပိုင်းက ကောင်လေး ပြသနေသည့် နားလည်ရခက်သော အပြုအမူများအားလုံးကို သဘောပေါက်သွားရသည်။ ရွှီယွိရွှမ်က တုန်တုန်ယင်ယင်နှင့် ထစ်ထစ်ငေါ့ငေါ့ ပြောနေရှာသည်။

"ကျိမား... ရွှမ်အာ.... ရွှမ်အာအတွက်.... တစ်ခု...တစ်ခု ချန်ပေးထားတယ်နော်"

ထို့နောက် သူက အထိန်းတော်ကျိ သူ့ကို ကူညီဖြေရှင်းပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် လှည့်ကြည့်နေသည်။

အထိန်းတော်ကျိ : "..."

'စိတ်မကောင်းပါဘူး သခင်လေးရယ်... ဒီအစေခံအိုကြီးက သခင်လေး စိတ်ချမ်းသာအောင် ချော့ပြောပေးခဲ့ရုံတင်ပါ'

အထိန်းတော်ကျိ၏ အမူအရာကို ကြည့်လိုက်ရုံနှင့် ဝမ်ယဲ့က အခြေအနေကို ရိပ်မိသွားသည်။ ‘ချန်ထားပေးတယ်' ဆိုသည့် စကားက ရွှီယွိရွှမ် စိတ်ကျေနပ်သွားအောင် ချော့မော့ပြောဆိုထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ရွှီယွဲ့ကျားက မီးလောင်ရာလေပင့် ထပ်ပြောလာခဲ့သည်။

"ကိုယ်... မင်းအတွက် တစ်ဝက်ချန်ထားဖို့ သူ့ကို မှာထားခဲ့တယ်"

ရွှီယွိရွှမ်က မိုးကြိုးပစ်ခံလိုက်ရသလို ငြိမ်သက်သွားပြီးနောက် သူ့ဖခင်ကို သစ္စာဖောက်တစ်ယောက်အား ကြည့်နေသလို စိုက်ကြည့်နေလေသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ယဲ့ မရယ်ဘဲ မနေနိုင်တော့ချေ။

သူမက ရွှီယွိရွှမ်၏ ဖောင်းအိနေသော ပါးလေးကို ဆွဲညှစ်ရင်း ပြောလိုက်သည်။

"တော်သေးတာပေါ့... ရွှမ်အာရဲ့ ဖေဖေက အမြော်အမြင်ရှိပြီး တစ်ဘူး ကြိုဖွက်ထားပေးတယ်"

မိခင်ဖြစ်သူက စိတ်ဆိုးပုံမပေါ်သည်ကို မြင်မှ ရွှီယွိရွှမ်လည်း အားတက်လာကာ သူမအနားသို့ တိုးကပ်လာခဲ့သည်။ ယခုမှ သူက အလျင်မလိုတော့ဘဲ သေသေချာချာ ရှင်းပြနေသည်။

"ဖေဖေက နည်းနည်းပဲ ဝယ်လာလို့... အဲ့ဒါကြောင့် ကုန်သွားတာ"

သူ့ရှင်းပြချက်က ရှုပ်ထွေးနေသော်လည်း အပြစ်လွှဲချသည့်နေရာတွင်တော့ ဆရာတစ်ဆူ ဖြစ်နေလေပြီ။

ဝမ်ယဲ့ မုန့်ဘူးကို ဖွင့်ကြည့်လိုက်ရာ အတွင်းထဲ၌ လက်ဖဝါးခန့်သာရှိသော ဘူးအသေးလေးတစ်ခုကို ထပ်တွေ့ရသည်။ ထိုဘူးကို ထပ်ဖွင့်လိုက်သည့်အခါမှသာ သေသပ်လှပသည့် မုန့်တုံးလေး အနည်းငယ်ကို တွေ့လိုက်ရသည်။

သားအဖနှစ်ယောက်၏ စူးစိုက်ကြည့်နေမှုအောက်တွင် ဝမ်ယဲ့က မုန့်တစ်ဖဲ့ကို မြည်းကြည့်လိုက်သည်။

ရွှီယွိရွှမ်က သူကိုယ်တိုင် စားနေရသည့်အလား ခေါင်းလေးကို စောင်းကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

"အရသာရှိတယ်မလား"

"စားလို့တော့ ရပါတယ်"

ဝမ်ယဲ့က ခပ်အေးအေး ပြန်ပြောလိုက်သည်။

ကမ္ဘာပေါ်ရှိ အရသာအရှိဆုံး အစားအစာအတော်များများကို မြည်းစမ်းဖူးသည့် ဝမ်ယဲ့အတွက် ဤမုန့်က ကောင်းမွန်သည့် အဆင့်တွင်သာ ရှိပြီး အကောင်းဆုံးတော့ မဟုတ်ပေ။

ရွှီယွိရွှမ် အရသာရှိသည်ဟု ထင်နေခြင်းမှာ သူက ထိုကဲ့သို့သော မုန့်မျိုးကို များများစားစား မစားဖူးသေးသောကြောင့် ဖြစ်နိုင်သည်။

မုန့်တစ်ဖဲ့ စားပြီးနောက် ဝမ်ယဲ့က ထပ်မေးလိုက်သည်။

"ယောက်ျား... ရှင် ဒီမုန့်တွေကို ဘယ်ဆိုင်ကနေ ဝယ်လာတာလဲ"

'ယောကျ်ားတွေရဲ့ အကြိုက်ကို ယုံလို့ မရဘူးဆိုတာ အမှန်ပဲ... အရသာက သိပ်မဆိုးရင် သူတို့က ကောင်းတယ်လို့ သတ်မှတ်လိုက်ပြီ'

ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။

"နန်အန်းလမ်းက ချိုင်ယွင်ကျိုက်ဆိုတဲ့ ဆိုင်"

"ချိုင်ယွင်ကျိုက်"

ဝမ်ယဲ့ က ထိုအမည်ကို မကြားဖူးဘဲ ဆိုင်အသစ် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

သို့သော် ဝမ်ယဲ့က ထပ်ပြန်မေးလိုက်သည်။

"ဒါနဲ့ ယောက်ျားက ဘာလို့ ရုတ်တရက်ကြီး ရွှမ်အာအတွက် မုန့်ဝယ်ပေးဖို့ သတိရသွားရတာလဲ"

ရွှီယွဲ့ကျားက အထိန်းတော်ကျိကို တစ်ချက်ကြည့်လိုက်ရာ သူမက အလိုက်တသိဖြင့် အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။ ထိုအခါမှသာ ရွှီယွဲ့ကျားက ပြောပြနေသည်။

"ဒီနေ့ ဧကရာဇ်မင်းမြတ်က ချန်လဲ့မင်းသမီးလေးအတွက် တစ်ဘူး ဝယ်ခိုင်းလိုက်လို့လေ"

ထိုစကားကို ကြားသည်နှင့် ဝမ်ယဲ့၏ လေသံက ချက်ချင်း ပြောင်းလဲသွားသည်။

"ဒီမုန့်က တကယ်ကို အရသာရှိတာပဲနော်"

လူကြီးများ အဘယ်ကြောင့် မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွားမှန်း မသိသည့် ရွှီယွိရွှမ်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"မေမေ"

ရွှီယွဲ့ကျား : "..."

......။......။.....

ဇာတ်လမ်းတိုလေး

ဧကရာဇ် : "အမတ်မင်းရွှီ... ဒီအကြောင်းကို အပြင်လူတွေကို မပြောပါနဲ့လို့ ငါကိုယ်တော် မှာထားတယ်မလား"

ရွှီယွဲ့ကျား : "ကျွန်တော်မျိုးရဲ့ဇနီးက အပြင်လူမှ မဟုတ်တာပဲ"

All Chapters