အခန်း ၄၄
Vol. 5 Ch. 44
အခန်း ၄၄ လုပ်ငန်းစဉ်က အရေးမကြီးပါဘူး
‘မင်းသမီးလေး ကြိုက်တာဆိုမှတော့ အရသာရှိမှာ သေချာတယ်လေ’
ဝမ်ယဲ့က တည်ကြည်သောအမူအရာဖြင့် ပြောနေသေးသည်။
"ယောက်ျား... ရှင် နည်းနည်းလောက် မြည်းကြည့်သင့်တယ်၊ အဲ့လိုဆိုရင် ကျွန်မ လိမ်နေလား အမှန်ပြောတာလားဆိုတာ သိနိုင်လိမ့်မယ်"
သူမကိုယ်တိုင်ကတော့ ထိုမုန့်ကို ထပ်စားချင်စိတ် အလျဉ်းမရှိတော့ပေ။
ဤလှပသော မုန့်သေးသေးလေးများနှင့် နှိုင်းယှဉ်လျှင် ဝမ်ယဲ့က စားပွဲပေါ်တွင် ခင်းကျင်းထားသည့် များပြားသော စားဖွယ်စုံကိုသာ ပိုနှစ်သက်သည်။
မုန့်များကို ထပ်စားချင်နေသေးသည့် ရွှီယွိရွှမ်ကိုတော့ ဝမ်ယဲ့က တားလိုက်သည်။
"ရွှမ်အာ တစ်ဘူးတောင် ကုန်အောင် စားထားပြီးပြီနော်၊ ကျန်တဲ့တစ်ဘူးကိုတော့ ဖေဖေ စားဖို့ ချန်ထားပေးလိုက်ဦး"
ထိုစကားကြောင့် ရွှီယွိရွှမ်တစ်ယောက် စားပွဲတစ်ဖက်ရှိ ရွှီယွဲ့ကျားကို တမ်းတမ်းတတ လှမ်းကြည့်နေလေသည်။
ရွှီယွဲ့ကျားက သားဖြစ်သူ၏ အသနားခံနေသော အကြည့်များကို လျစ်လျူရှုကာ မုန့်တစ်ဖဲ့ မြည်းစမ်းကြည့်နေသည်။ ခဏအကြာတွင် သူက ပြောလာခဲ့သည်။
"အစေခံက မုန့်မှားဝယ်လာမိတာ ဖြစ်နိုင်တယ်"
ဝမ်ယဲ့ကလည်း အလိုက်သင့် ထောက်ခံလိုက်သည်။
"ယောက်ျား ပြောတာ မှန်တယ်"
ဝမ်ယဲ့က စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်ပြီး အထိန်းတော်ကျိကို ခေါ်ကာ ရွှီယွိရွှမ် ထမင်းစားနိုင်ရန် ကူညီခိုင်းလိုက်သည်။ ရွှီယွဲ့ကျားကလည်း ထိုအခွင့်အရေးကို အသုံးချပြီး မုန့်ဘူးကို အသာအယာ အဝေးသို့ တွန်းပို့ထားလိုက်သည်။
မုန့်နှစ်ဖဲ့ လျော့နည်းနေသော မုန့်ဘူးလေးက စားပွဲထောင့်တွင် အထီးကျန်စွာ ရှိနေပြီး မိသားစုသုံးယောက်ကတော့ သဟဇာတဖြစ်စွာဖြင့် ညစာသုံးဆောင်နေကြသည်။ ထမင်းစားပြီးနောက်တွင် ရွှီယွဲ့ကျားက အရှေ့ဘက်အဆောင်ရှိ စာကြည့်ခန်းသို့ ပြန်သွားပြီး ဝမ်ယဲ့က အထိန်းတော်ကျိကို ရွှီယွိရွှမ်အား အဓိကခြံဝင်းသို့ ပြန်ခေါ်သွားရန် ညွှန်ကြားလိုက်သည်။
အချိန်က စောသေးသောကြောင့် ဗိုက်ပြည့်နေသည့် ဝမ်ယဲ့က အစာကြေစေရန် ခန်းမအတွင်း၌ အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။ ထိုအချိန်တွင် ထောင်ကျီက ခန်းမအလယ်တွင် ရပ်ကာ ပုံပြင်စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အသံနေအသံထား မှန်မှန်ဖြင့် စာဖတ်ပြနေသည်။
ဝမ်ယဲ့က နှစ်သက်စွား နားထောင်ရင်း ကျေကျေနပ်နပ် တွေးနေပြန်သည်။
'ရှေးခေတ်မှာ Audiobook နားထောင်လို့ မရဘူးလို့ ဘယ်သူပြောလဲ... ဒါပဲပေါ့'
ပုံပြင်နားထောင်ပြီးနောက် ဝမ်ယဲ့က ရေနွေးနွေးဖြင့် ရေချိုးကာ ည ၉ နာရီခန့်တွင် အိပ်ရာဝင်ခဲ့သည်။
သူမ စောစောအိပ်ရာဝင်ခဲ့သဖြင့် နောက်တစ်နေ့တွင်လည်း စောစော နိုးလာခဲ့သည်။ မနက် ၆ နာရီတွင် ဝမ်ယဲ့ နိုးနေပြီ ဖြစ်သည်။
ထိုနေ့အတွက် ထွေထွေထူးထူး အစီအစဉ်မရှိသဖြင့် ဝမ်ယဲ့လည်း နံနက်စာကို အေးအေးဆေးဆေး စားသောက်ခဲ့ပြီး မနေ့ညက ဖတ်လို့မပြီးသေးသည့် ပုံပြင်စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။
ခဏအကြာတွင် လျိုယာ ရောက်လာပြီး သခင်ငယ်လေးက အနောက်ဘက်ဝင်းဆီသို့ လာနေကြောင်း သတင်းပို့လာသည်။ ဝမ်ယဲ့က စာအုပ်ကို ချလိုက်ပြီး ယွင်ကျီကို ညောင်စောင်းအနီးမှ ကြမ်းပြင်ပေါ်တွင် ထူထဲသော စောင်တစ်ထည် ခင်းခိုင်းလိုက်ပြီး အနောက်ဘက်စျေးမှ ဝယ်ယူထားသော ထူးထူးခြားခြား အဆင်တန်ဆာပုံစံ အရုပ်မျိုးစုံကို ဖြန့်ခင်းခိုင်းလိုက်သည်။
ရွှီယွိရွှမ် အနောက်ဘက်ခြံဝင်းသို့ ရောက်သည်နှင့် ကြမ်းပြင်ပေါ်မှ ထူးဆန်းသော ကစားစရာများဆီသို့ ချက်ချင်း အာရုံရောက်သွားပြီး သူ့ဘာသာသူ ဆော့နေလေသည်။
စာကြည့်ခန်းတွင် ကြမ်းပြင်အပူပေးစနစ် တပ်ဆင်ထားသည့်အပြင် နူးညံ့ထူထဲသော ကော်ဇောကိုလည်း ခင်းထားသဖြင့် သူ အအေးမိမည် သို့မဟုတ် ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေစရာမလိုပေ။
ယခုအခါ အနောက်ဘက်ခြံဝင်း၏ စာကြည့်ခန်းက ဝမ်ယဲ့ စရောက်ခါစကလို မဟုတ်တော့ပေ။ မူလက ရှိနေသည့် စားပွဲနှင့် ကုလားထိုင်များကို ဘေးသို့ တွန်းပို့ထားပြီး အလယ်ရှိ ကျယ်ဝန်းသော နေရာလွတ်က ရွှီယွိရွှမ်၏ ကစားကွင်း ဖြစ်နေချေပြီ။
ရွှီယွိရွှမ်တစ်ယောက် ယခင်က ဤမျှအထိ လွတ်လွတ်လပ်လပ် မကစားဖူးခဲ့ပေ။ သူက စာကြည့်ခန်းထဲသို့ ဝင်ဝင်ချင်း "မေမေ" ဟု တစ်ခွန်းသာ လှမ်းခေါ်ခဲ့ပြီး ထို့နောက်တွင် ကြမ်းပြင်ပေါ်ရှိ ကစားစရာများထဲသို့ အလုံးစုံ နစ်မြောသွားခဲ့သည်။
ဝမ်ယဲ့ကလည်း လေသံတိုးတိုးဖြင့် ပြန်ထူးလိုက်ပြီး သူမ၏ ညောင်စောင်းကို မှီလျက် ပုံပြင်စာအုပ်ကိုသာ အာရုံစိုက် ဆက်ဖတ်နေလေသည်။
'ကလေးတွေက မျက်စိတစ်မှိတ်အတွင်းမှာ ကြီးလာကြတာပဲ' ဆိုသည့် စကားအတိုင်းပင်၊ မကြာသေးမီက သူ့ကို ချီရသည်မှာ လက်ညောင်းလာသလို ဝမ်ယဲ့ ခံစားခဲ့ရသည်။ ဝမ်ယဲ့က သူမကိုယ်သူမ ပင်ပန်းအောင် လုပ်မည့်သူမျိုး မဟုတ်ပေ။ ကစားစရာ တစ်ခုတည်းနှင့် သူ့အာရုံကို မဆွဲဆောင်နိုင်လျှင် သူမက တစ်ဘူးလုံး ထုတ်ပေးမည် ဖြစ်သည်။ မိခင်နှင့် သားက အကွာအဝေးတစ်ခုခြားလျက် တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်ဘဲ ကိုယ့်အလုပ်ကိုယ် လုပ်နေကြခြင်းဖြင့် သဟဇာတဖြစ်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားကြသည်။
ရံဖန်ရံခါတွင် ရွှီယွိရွှမ်က အလွန်အမင်း စိတ်လှုပ်ရှားလာတတ်ပြီး "မေမေ" ဟု လှမ်းခေါ်တတ်သလို ဝမ်ယဲ့ကလည်း အမြဲတမ်း ပြန်ထူးပေးလေ့ရှိသည်။
ပုံပြင်စာအုပ်၏ နောက်ဆုံးအခန်းကို ဖတ်ပြီးသွားချိန်တွင် ဝမ်ယဲ့က အကျောဆန့်ထုတ်ရင်း ဘေးသို့ တစ်ချက် ကြည့်လိုက်သည်။ ရွှီယွိရွှမ်၏အနားတွင် ဟယ်ရှန်းနှင့် ရန်တုန်တို့သာ ရှိနေသည်ကို သူမ သတိထားမိသွားသည်။
‘အထိန်းတော်ကျိ ဘယ်ရောက်သွားတာလဲ’
ဝမ်ယဲ့က နားမလည်နိုင်သဖြင့် လှမ်းမေးလိုက်သည်။
"ရန်တုန်... ကျိမား အပြင်သွားလို့လား"
ရွှီယွိရွှမ် အနောက်ဘက်ခြံဝင်းသို့ ရောက်လာစဉ်က သူမ စာအုပ်ထဲမှ အရေးကြီးသည့် အခန်းကို ရောက်နေသဖြင့် သူ့နောက်တွင် လူဘယ်နှစ်ယောက် ပါလာသည်ကို သတိမထားမိလိုက်ပေ။ ရန်တုန်က တရိုတသေ ပြန်ဖြေနေသည်။
"သခင်မ... ကျိမား နေမကောင်းဖြစ်နေလို့ပါ၊ နောက်ရက်အနည်းငယ်အထိ သခင်ငယ်လေးအနားမှာ အနီးကပ် ပြုစုနိုင်တော့မှာ မဟုတ်ပါဘူး"
ဝမ်ယဲ့က ကိုယ်ကို မတ်ကာ ထပ်မေးလိုက်သည်။
"ဒါပေမယ့် မနေ့ကအထိ သူ နေကောင်းနေသေးတာပဲ မဟုတ်လား"
ရန်တုန်က ထပ်ရှင်းပြနေသည်။
"မနေ့က သခင်မတို့ အနောက်ဘက်ခြံဝင်းမှာ မရှိတုန်း သခင်ငယ်လေးက ကြက်တောင် ကန်တာ ကြည့်ချင်တယ်ဆိုလို့ ကျိမားက သူကိုယ်တိုင် ကစားပြခဲ့တာပါ၊ အဲ့ဒီအချိန်တုန်းကတော့ ဘာမှ မဖြစ်သလိုပါပဲ၊ ဒါပေမယ့် ဒီမနက် အိပ်ရာနိုးလာတော့ ခြေထောက်တွေ တောင့်တင်းနေပြီး နာကျင်နေတာလေ၊ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
"သမားတော် ခေါ်ပြီးပြီလား"
"ခေါ်ပြီးပါပြီရှင့်၊ သမားတော်က ကြွက်သားတွေနဲ့ အကြောတွေ နည်းနည်းစီ ဒဏ်ရာရသွားတာမို့ ရက်အနည်းငယ်လောက် အနားယူဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်"
"ကျိမားကို သေသေချာချာ အနားယူခိုင်းလိုက်ပါ၊ ဒီရက်ပိုင်းအတွင်း နင်နဲ့ ဟယ်ရှန်း အလုပ်ပို ပင်ပန်းရတော့မယ်"
ရန်တုန်က အမြန် ပြန်ဖြေလိုက်သည်။
"သခင်ငယ်လေးကို ပြုစုစောင့်ရှောက်ဖို့က ဒီအစေခံလေးတွေရဲ့ တာဝန်ပါရှင့်"
ဝမ်ယဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်လည်း ရွှီယွိရွှမ်ကို အကြိမ်အနည်းငယ် လှမ်းကြည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။
'ဟူး... ဒါက သူများကို အခက်တွေ့အောင် လုပ်နိုင်တဲ့ နောက်ထပ်တစ်ယောက်ပဲ'
‘တကယ်တော့ အထိန်းတော်ကျိက အသက်သုံးဆယ့်ကိုးနှစ်လောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် နှစ်ပေါင်းများစွာ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက် နည်းပါးခဲ့တော့ ရုတ်တရက် နေ့တစ်ဝက်နီးပါး ကြက်တောင် ကန်လိုက်တာက သူမကို နာကျင်စေမှာပေါ့။ နောက်တစ်နေ့မှာ ခြေထောက်တွေ မသယ်ချင်လောက်အောင် ဖြစ်ပြီး လမ်းမလျှောက်နိုင်တော့တာက အံ့ဩစရာမဟုတ်တော့ဘူး’
.......။.......။........
လပြက္ခဒိန်၏ ပထမလကုန်ဆုံးပြီးနောက် ရာသီဥတုက တဖြည်းဖြည်း ပိုနွေးလာခဲ့သည်။ ထိုအတောအတွင်း ချန်လဲ့မင်းသမီး၏ စာသင်ဖော်အဖြစ် ရွေးချယ်ခံရသူစာရင်း အတည်ဖြစ်သွားပြီ ဖြစ်ကြောင်း ဝမ်ယဲ့ ရွှီယွဲ့ကျားထံမှ သိလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်း ဝမ်ရန် ရွေးချယ်ခြင်း မခံခဲ့ရပေ။
မင်းသမီး၏ စာသင်ဖော်အဖြစ် ရွေးချယ်ခံရသူ နှစ်ဦးတွင် တစ်ဦးက နန်းတွင်းအခမ်းအနားရေးရာဝန်ကြီးဌာနမှ စတုတ္ထအဆင့်အရာရှိ၏ အငယ်ဆုံးသမီး ဖြစ်ပြီး နောက်တစ်ဦးက တော်ဝင်ကျောင်းတော်မှ ဌာနမှူး၏ တစ်ဦးတည်းသော မြေးမလေး ဖြစ်သည်။
ရွှီယွဲ့ကျားက သူ ဖတ်နေသော စာအုပ်ကို ဘေးသို့ ချလိုက်ပြီး ပြောပြနေသည်။
"ဒီကိစ္စက ပြီးသွားပြီ၊ စာသင်ဖော်အဖြစ် ရွေးချယ်ခံရတဲ့သူ နှစ်ယောက်လည်း မကြာခင် နန်းတွင်းကို ဝင်ရတော့မှာဆိုတော့ မင်း စိတ်အေးလက်အေး နေလို့ ရပြီ"
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယောက်ျား"
"ကိုယ် ဘာမှမလုပ်ပေးခဲ့ပါဘူး"
ဧကရာဇ်မင်းမြတ်၏ မင်းသမီးအတွက် စာသင်ဖော်ရွေးချယ်မှု စံနှုန်းများကို သူမအား အသိပေးရုံမျှသာ သူ လုပ်ဆောင်ခဲ့သည်ကို ဝမ်ယဲ့လည်း သိထားခဲ့သည်။
"ဒါပေမယ့်..."
ရွှီယွဲ့ကျားက တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆက်ပြောနေပြန်သည်။
"မင်းရဲ့ ညီမဝမ်ရန်က ဒီရွေးချယ်မှုအတွင်းမှာ စစ်ဆေးမှုအသေးစား တော်တော်များများကို အမှတ်အများဆုံး ရအောင် ဖြေနိုင်ခဲ့တယ်"
ဝမ်ယဲ့၏ မျက်နှာက ဂုဏ်ယူမှုများကြောင့် ဝင်းပသွားသည်။
"ကျွန်မရဲ့ညီမလေးက တော်တော် ထက်မြက်တာလေ၊ သူ ပထမရတာက ဖြစ်သင့်တဲ့ အရာပဲ"
ရွှီယွဲ့ကျား၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားပြီး မေးလာပြန်သည်။
"ကိုယ် မှတ်မိနေတာက မင်းတို့နှစ်ယောက်ကို မိခင်တစ်ယောက်တည်းက မွေးထားတာနော်"
သူ၏ လေသံထဲတွင် တစ်ခုခု ထူးခြားနေသည်ကို ဝမ်ယဲ့ ခံစားမိလိုက်သည်။ သူမက ရွှီယွဲ့ကျားကို မော့ကြည့်ကာ ချက်ချင်း တုံ့ပြန်လိုက်သည်။
"အနည်းဆုံးတော့ ကျွန်မက တစ်ခါသင်ပေးတာနဲ့ ပြဿနာဖြေရှင်းနည်းတွေကို မှတ်မိနိုင်သေးတယ်လေ၊ ရှင့်လို တစ်မျိုးတည်းပဲ သိတာမှ မဟုတ်တာ"
ထိုသို့ ပြန်ပြောပြီးနောက် သူမ အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။
ဝမ်ယဲ့က စာအုပ်ကို ချကာ စောင်ကို ဆွဲခြုံလိုက်ပြီး သူ့ကို ကျောခိုင်းလိုက်သည်။
"မီးမှိတ်ဖို့ မမေ့နဲ့ဦး"
ယောက်ျားတစ်ယောက်၏ မာန်မာနနှင့် ပတ်သက်လာလျှင် ရွှီယွဲ့ကျားလည်း အတူတူဖြစ်ပြီး အလွယ်တကူ ဝန်ခံမည်မဟုတ်ပေ။
မီးပိတ်ပြီးနောက် သူက ခပ်ဆတ်ဆတ် လေသံဖြင့် ပြောလိုက်သေးသည်။
"လုပ်ငန်းစဥ်က အရေးမကြီးပါဘူး"
ထိုစကားကို ကြားလိုက်ရသည့် ဝမ်ယဲ့ : “.....”
‘ရှင်ကများ လုပ်ငန်းစဥ်ကို ပြောရဲသေးတယ်ပေါ့'
.........။.........။.........
ရှန်သခင်မ ပေးပို့လိုက်သည့် ပိုးထည်လိပ်က ကလေးတစ်ဦးအတွက် နွေဦးဝတ်စုံ နှစ်စုံချုပ်ရန် လုံလောက်သည်ထက် ပိုနေသည်။ အစများ ကျန်နေသေးသည်ကို မြင်လိုက်ရချိန်တွင် ကိုယ်လုပ်တော်ချန်းက ဝမ်ယဲ့အတွက်ပါ ဝတ်စုံတစ်စုံ ချုပ်ပေးလိုက်သည်။ ပိုနေသည့် အဝတ်စအသေးလေးများကိုတော့ နောက်ပိုင်းတွင် အဆင်တန်ဆာငယ်လေးများ ပြုလုပ်ရန် ခေတ္တသိမ်းဆည်းထားလိုက်သည်။
ဝတ်စုံသုံးစုံလုံး ချုပ်ပြီးသွားချိန်တွင် ဝမ်ရန် မင်းသမီး၏ စာသင်ဖော်အဖြစ် ရွေးချယ်မခံရသည့် သတင်းလည်း ပျံ့နှံ့လာခဲ့သည်။ ကိုယ်လုပ်တော်ချန်းက သူမ၏ အငယ်ဆုံးသမီးလေး စိတ်မကောင်းဖြစ်နေမည်ကို စိုးရိမ်သွားပြီး ဝတ်စုံသစ်များကိုပင် အဓိကခြံဝင်းသို့ မပို့နိုင်တော့ပေ။
သူမက မီးဖိုချောင်ကို ဝမ်ရန် အကြိုက်ဆုံး ဟင်းလျာများ ပြင်ဆင်ခိုင်းလိုက်သည်။
အမှန်စင်စစ်တွင် ဝမ်ရန်က စိတ်မကောင်းဖြစ်နေခြင်း လုံးဝ မရှိချေ။ အရွေးခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ သူမက မည်သည့်ရလဒ်ကိုမဆို လက်ခံနိုင်စွမ်း ရှိသည်။ သူမက မိခင်ဖြစ်သူအား အမှန်အတိုင်း ပြောပြရန် ကြံရွယ်ထားသော်လည်း သူမ အကြိုက်ဆုံးဟင်းများဖြင့် ပြည့်နှက်နေသော စားပွဲဝိုင်းကို မြင်လိုက်ရချိန်တွင်တော့ ထိုအကြံကို ခေတ္တမျှ ဆိုင်းငံ့ထားလိုက်သည်။
'ကိစ္စမရှိပါဘူး၊ ဒီထမင်းဝိုင်းလေးပြီးမှပဲ ယိနျန်းကို ရှင်းပြလိုက်တော့မယ်'
စားပွဲပေါ်တွင် ကန်စွန်းဥယိုများ၊ ဝက်ချိုချက်နူးနူးအိအိ၊ သကြားနှစ်ဆထည့်ထားသည့် နွားနို့လက်ဖက်ရည်နှင့် နူးညံ့စေးပိုင်နေသော ပဲနီလေးမုန့်များ ရှိနေသည်။ သွားလဲနေသည့်အရွယ်ဖြစ်သော ဝမ်ရန်အတွက် ဤမျှများပြားသော အချိုများကို တစ်ပြိုင်နက်တည်း စားခွင့်ရရန် ခက်ခဲနေသည့်အချိန် ဖြစ်သည်။
ကိုယ်လုပ်တော်ချန်းက သူမ၏သမီးငယ်လေးကို နှစ်သိမ့်ပေးချင်သည့်အတွက် အချိုပွဲများ ပိုပြင်ဆင်ပေးရန် မီးဖိုချောင်ကို မှာကြားထားခဲ့ခြင်း ဖြစ်သည်။
ဝမ်ရန်က မွှေးကြိုင်ချိုမြိန်လှသော နွားနို့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူမ၏ အမြဲတမ်း ရင့်ကျက်နေတတ်သော မျက်နှာလေးက ပျော်ရွှင်မှုကြောင့် နူးညံ့သွားသည်။
ထမင်းစားပြီးနောက် ပလုပ်ကျင်းကာ ပါးစပ်ကို ဆေးကြောပြီးမှ ဝမ်ရန်က သူမ၏မိခင်ကို အမှန်အတိုင်း ပြောပြလိုက်သည်။
"ယိနျန်း... တကယ်တော့ သမီး စိတ်မကောင်း မဖြစ်ပါဘူး"
နောက်ဆုံးအဆင့် နှစ်သိမ့်စကားများ ပြောရန် ပြင်နေသည့် ကိုယ်လုပ်တော်ချန်းက အံ့အားသင့်သွားပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။
ဝမ်ရန်က ရိုးရိုးသားသား ရှင်းပြနေသည်။
"အရွေးမခံရတာလည်း သူ့အကျိုးကျေးဇူးနဲ့သူ ရှိတာပဲလေ၊ ဧကရာဇ်မင်းမြတ်က အရည်အချင်းအရှိဆုံး လူသုံးယောက်ကို တန်ဖိုးကြီးလက်ဆောင်တွေ အများကြီး ပေးသနားခဲ့တာ"
သူမက ပထမရရှိခဲ့သည့်အတွက် ဒုတိယနှင့် တတိယရသူနှစ်ဦး ပေါင်းထားသည်ထက်ပင် ပိုမိုများပြားသော လက်ဆောင်များ ရရှိခဲ့သည်။ ဝမ်ရန်ကတော့ ဧကရာဇ်မင်းမြတ်က သူမ၏ဖခင်ထက် ပိုရက်ရောသည်ဟု တွေးနေမိသည်။
သူမက ရတနာများ ထပ်မံရရှိရန် မင်းသမီးလေးအနေဖြင့် နှစ်စဉ် စာသင်ဖော်ရွေးချယ်ပွဲများ ကျင်းပစေချင်မိသည်။
ဧကရာဇ်မင်းမြတ်က စာသင်ဖော်ရွေးချယ်ရာတွင် စာမေးပွဲအမှတ်ကို ကြည့်ပြီး ရွေးချယ်ခြင်းမဟုတ်မှန်း ဝမ်ရန် သတိထားမိခဲ့သည်။
နောက်ဆုံးလူဖြစ်ရန် သူမတွင် ယုံကြည်ချက်မရှိသော်လည်း ပထမရရန်အတွက်တော့ သူမ သေချာပေါက် လုပ်နိုင်မည်ဟု ခံစားနေရသည်။
ကိုယ်လုပ်တော်ချန်းက သူမ၏သမီးကို ပြုစုစောင့်ရှောက်ပေးရသည့် အစေခံများကို လှည့်ကြည့်ကာ လှမ်းမေးလိုက်သည်။
"ဒါကို ဘာလို့ ငါ့ကို ဘယ်သူမှ မပြောကြတာလဲ"
ဝမ်ရန်က ဝင်ဖြေလိုက်သည်။
"ယိနျန်းကို မပြောပြဖို့ သမီး သူတို့ကို တားထားလို့ပါ"
အစပိုင်းတွင် သူမက ထမင်းမစားမီ သူမ၏အမေ အံ့သြသွားအောင် လုပ်ရန် ကြံရွယ်ထားသော်လည်း ကိုယ်လုပ်တော်ချန်းက သူမကို အတင်းအကျပ် နှစ်သိမ့်ပေးနေခဲ့သဖြင့် အခွင့်မသာခဲ့ခြင်း ဖြစ်သည်။
ကိုယ်လုပ်တော်ချန်းက အချိုပွဲများဖြင့် ပြည့်နှက်နေသော စားပွဲဝိုင်းကို တစ်ချက်ကြည့်ပြီးမှ နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ဝမ်ရန်က ရယ်မောရင်း စကားဆက်ပြောနေသည်။
"သမီး စောစောက လက်ဆောင်တွေကို စစ်ကြည့်တော့ ကျောက်စိမ်းတုံးလှလှလေးတွေ ပါတာ တွေ့တယ်၊ အဲ့ဒါတွေကို စတုတ္ထအစ်မဆီ ပို့ပေးပြီး အဆင်တန်ဆာတွေ လုပ်ခိုင်းချင်တယ်"
ကိုယ်လုပ်တော်ချန်းက ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချပေးလိုက်သည်။
"တစ်တုံးပဲ ရွေးပြီး ပို့လိုက်ပါ၊ ကျန်တာကိုတော့ သမီးအတွက် သိမ်းထားလိုက်၊ ဒါတွေက နန်းတွင်းက ချီးမြှင့်တဲ့ ဆုလက်ဆောင်တွေလေ"
ဝမ်ရန်က ခေါင်းညိတ်ပြသော်လည်း ထိုလက်ဆောင်များ၏ အရေးပါမှုကိုတော့ သူမ အပြည့်အဝ နားမလည်သေးပေ။
သုံးရက်အကြာတွင် ကျောက်စိမ်းနှင့် ဝတ်စုံသုံးစုံက နယ်စားမင်းအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
ထိုပစ္စည်းနှစ်မျိုးတည်းသာမကဘဲ သခင်မရှန်းကလည်း သူမ၏နာမည်ဖြင့် အခြားပစ္စည်းအချို့ကို ထပ်ထည့်ပေးလိုက်သေးသည်။ သူမအနေဖြင့် ဝမ်ယဲ့ကို အထူးတလည် မနှစ်သက်သော်လည်း ဝမ်မိသားစုက ချို့တဲ့သည်ဟု နယ်စားမင်းအိမ်တော်မှ လူများ အထင်မြင်သေးမည်ကိုတော့ စိုးရိမ်နေဆဲပင်။
ဝမ်ယဲ့ ထိုပစ္စည်းများကို လက်ခံရရှိချိန်တွင် သူမ အဓိကခြံဝင်း၌ ရှိနေပြီး အထိန်းတော်ကြီးတစ်ယောက်က နွေဦးဝတ်စုံအတွက် သူမကို ကိုယ်တိုင်းပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစုမှ ပေးပို့လိုက်သော ပစ္စည်းများကို အဓိကခြံဝင်းသို့ တိုက်ရိုက်ယူဆောင်လာခဲ့ကြသည်။
အိမ်တော်ရှိ လူများအတွက် နွေဦးဝတ်စုံများကို နွေဦးရာသီမစမီ ကြိုတင်ချုပ်လုပ်ရမည်ဖြစ်ရာ ယခုအချိန် ကိုယ်တိုင်း တိုင်းခြင်းက နောက်မကျသေးပေ။ အဓိကခြံဝင်းမှ စတင်တိုင်းတာခြင်းဖြစ်ပြီး ဝမ်ယဲ့ကလည်း ယနေ့ ဤနေရာ၌ ရောက်ရှိနေခဲ့သည်။
လုသခင်မက သူမ၏ကိုယ်တိုင်းကို တိုင်းတာပြီးနောက် အထိန်းတော်ကြီးအား ဝမ်ယဲ့ကိုပါ ကိုယ်တိုင်း တိုင်းပေးရန် ညွှန်ကြားလိုက်သည်။ သူမ၏ရှေ့တွင် လှည့်ပတ်ကာ ကိုယ်တိုင်း အတိုင်းခံနေသည့် ဝမ်ယဲ့ကို ကြည့်ရင်း လုသခင်မက ထိုမိန်းခလေးကို လှလှပပ ပြင်ဆင်ပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေလေသည်။
လုသခင်မက လှမ်းပြောလိုက်သည်။
"ဒီနှစ်တော့ ညီမလေးအတွက် နွေဦးဝတ်စုံ အပိုလေးတွေ ထပ်ချုပ်ပေးရမယ်၊ ညီမလေးက အသားအရေလှပြီး ဖြူဖွေးနေတာဆိုတော့ ဘယ်လိုအထည်မျိုးနဲ့မဆို လိုက်ဖက်နေမှာ သေချာတယ်"
ဝမ်ယဲ့ကလည်း မရှက်မကြောက် ပြန်ထောက်ခံလိုက်သည်။
"ကျွန်မလည်း အဲ့ဒီလိုပဲ ထင်တယ်၊ မမရဲ့ အမြင်က တကယ်ကို စူးရှတာပဲ"
လုသခင်မ : "..."
နယ်စားမင်းအိမ်တော်၏ စည်းမျဉ်းအရ အိမ်တော်သခင်များက တစ်ရာသီလျှင် ဝတ်စုံလေးစုံစီ ရရှိကြသည်။
၎င်းက အိမ်တော်၏ သတ်မှတ်ချက်သာ ဖြစ်ပြီး လုသခင်မက အပ်ချုပ်သမများကို သူမ၏ ကိုယ်ပိုင်အထည်စများ ထပ်ပေးကာ ဝတ်စုံအနည်းငယ် အမြဲပိုချုပ်ခိုင်းလေ့ရှိသည်။
ဝမ်ယဲ့က ဆောင်းရာသီတွင် နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာခြင်း ဖြစ်ပြီး သူမ၏ ဗီရိုထဲရှိ အဝတ်အစားများက ဝမ်မိသားစုထံမှ ပါလာသော အသုံးအဆောင်များသာ ဖြစ်သည်။ ထိုအဝတ်အစားများက ယခင်နှစ်မှ ချုပ်ပုံများဖြစ်ကာ အနည်းငယ် ခေတ်နောက်ကျနေပြီ ဖြစ်သည်။ အိမ်ထဲတွင် ဝတ်ဆင်ရန် အဆင်ပြေသော်လည်း အပြင်ထွက်ရန်အတွက်တော့ မသင့်တော်လှပေ။
မကြာမီတွင် နွေဦးရာသီပွဲတော်အတွက် ဧည့်ခံပွဲများစွာ ရှိလာတော့မည်ဖြစ်ရာ ယခုကတည်းက ဝတ်စုံအသစ်များ ကြိုတင်ပြင်ဆင်ထားမှ အချိန်ကိုက် ဖြစ်ပေလိမ့်မည်။
လုသခင်မက အထိန်းတော်ကြီးကို ဝမ်ယဲ့အတွက် ကိုယ်တိုင်း သေသေချာချာ တိုင်းတာပေးရန် ညွှန်ကြားနေသည်။
ဝမ်မိသားစုမှ ပေးပို့လိုက်သော ပစ္စည်းများထဲတွင် ရွှီယွိရွှမ်အတွက် ဝတ်စုံတစ်စုံ ပါဝင်ကြောင်း ကြားသိရသဖြင့် လုသခင်မက ထိုဝတ်စုံကို ထုတ်ယူကာ အသာအယာ စစ်ဆေးကြည့်လိုက်သည်။ လက်ရာမှာ သေသပ်လှပပြီး အတိုင်းအတာကလည်း ကွက်တိ ဖြစ်သည့်အပြင် ချုပ်ထားသည့်ပုံစံကလည်း အဆင်ပြေလှသည်။
ယခုဆိုလျှင် ရွှီယွိရွှမ်ထံ၌ သူ့၏ဘွားဘွား ချုပ်ပေးထားသော ဝတ်စုံတစ်စုံ ရှိသွားပြီ ဖြစ်သည်။
ထိုဘွားဘွားက မည်သူဖြစ်သည်ဆိုသည့် အချက်ကိုတော့ လုသခင်မ အသေးစိတ် ဆက်မတွေးတော့ပေ။
ရွှီယွိရွှမ်အတွက် ပစ္စည်းများအပြင် သေတ္တာအောက်ခြေတွင် အမျိုးသမီးဝတ်စုံ နှစ်စုံလည်း ပါရှိနေသေးသည်။ ထိုအဝတ်အစားများက မည်သူ့အတွက်မှန်း သိသာနေသည်။ သို့သော် လုသခင်မက အဝတ်အစားများပေါ်တွင် တင်ထားသည့် ကျောက်စိမ်းနှင့် စာကိုတော့ လက်ဖျားနှင့်မျှပင် မထိခဲ့ချေ။
အပ်ချုပ်သမက ဝမ်ယဲ့ကို ကိုယ်တိုင်း တိုင်းပေးပြီးနောက် လုသခင်မက ဝမ်မိသားစုမှ ရွှီယွိရွှမ်အတွက် ချုပ်ပေးလိုက်သော နွေဦးဝတ်စုံလေးနှင့် သေတ္တာထဲရှိ တိမ်တိုက်ပုံစံ ပန်းထိုးထားသည့် ပိုးထည်ဝတ်စုံနှစ်စုံကို တစ်ချက် ထပ်ကြည့်လိုက်သည်။
ဝမ်မိသားစုမှ ကိုယ်လုပ်တော်ချန်းက ထိုမျှ ကောင်းမွန်သော အထည်မျိုး တတ်နိုင်မည်မဟုတ်သဖြင့် ၎င်းက သခင်မရှန်း ပေးထားမှန်း သူ သိနိုင်သည်။
လုသခင်မက ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းမော့ကာ ထပ်ပြောလိုက်သည်။
"ခုမှပဲ သတိရတော့တယ်၊ ငါ့ဆီမှာ ရှုပိုးထည်အလိပ်တွေ ရှိနေသေးတာပဲ၊ အဲ့ထဲက အရောင်တစ်မျိုးက ညီမလေးနဲ့ အရမ်းလိုက်မှာ သေချာတယ်၊ နေဦး... နောက်မှ ချင်းရွှယ်ကို ပို့ခိုင်းလိုက်မယ်"
လုသခင်မ လက်ထဲရှိ ကလေးဝတ်စုံလေးကို လှမ်းကြည့်နေသည့် ဝမ်ယဲ့ : “...”
‘သူမရဲ့ စကားသံထဲမှာ ပြိုင်ဆိုင်ချင်တဲ့ အရိပ်အယောင်တချို့ ပါနေသလိုပဲနော်’