← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅ ကိတ်မုန့်

လုသခင်မက အိမ်တော်ရှိလူများအတွက် ကိုယ်တိုင်းလာယူရန် အပ်ချုပ်သမားအား ခေါ်ခိုင်းထားခဲ့သည်။ ထိုအပ်ချုပ်သမား အလုပ်လုပ်သည့် ပန်းထိုးအလုပ်ရုံက နယ်စားမင်းအိမ်တော်မှ ပိုင်ဆိုင်သော လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။

ထိုအပ်ချုပ်သမားကလည်း အတော်လေး အကဲခတ်တော်သူ ဖြစ်သည်။ လုသခင်မ ဝမ်ယဲ့အပေါ် မည်မျှရက်ရောစွာ ဆက်ဆံနေသည်ကို သူမ မြင်နိုင်ခဲ့ပြီး ထိုသမီးယောင်းမနှစ်ယောက်၏ ဆက်ဆံရေးက ပြင်ပတွင် ကောလာဟလထွက်နေသလို မဟုတ်ကြောင်း သူမ ရိပ်မိသွားသည်။

ရလဒ်အနေဖြင့် သူမက ဝမ်ယဲ့အပေါ် ယခင်ကထက်ပင် ပိုရိုသေလေးစားစွာ ဆက်ဆံလာသည်။

အမှန်တကယ်တွင် လုသခင်မက ထိုအကြောင်းကို များများစားစား ထည့်မစဉ်းစားမိပေ။ ဝမ်ယဲ့၏မိထွေးဖြစ်သူ သခင်မရှန်းပင် ဤမျှရက်ရောနိုင်သေးလျှင် ဝမ်ယဲ့၏ အကြီးဆုံးယောင်းမတစ်ယောက်အနေဖြင့် သူမ နောက်ကျကျန်ရစ်နေ၍ မဖြစ်ဟုသာ ခံယူထားခြင်းဖြစ်သည်။

၎င်းက ဝမ်ယဲ့နှင့် ဘာမှ မဆိုင်ဘဲ၊ နယ်စားမင်းအိမ်တော်နှင့် ဝမ်အိမ်တော်ကြားမှ ယှဉ်ပြိုင်မှုသက်သက်သာ ဖြစ်သည်။ ကိုယ်တိုင်းယူပြီးသွားချိန်မှသာ ဝမ်ယဲ့တစ်ယောက် ထိုင်ပြီး အနားယူခွင့်ရသွားသည်။ ထောင်ကျိ ဖူရုံကျီမှ ဝယ်လာသည့် သစ်ကြားသီးမုန့်များက ရွှီယွဲ့ကျားက ချိုင်ယွင်ကျိုက်မှ ဝယ်လာပေးသည့် မုန့်များထက် အဆပေါင်းများစွာ ပိုအရသာရှိနေသည်။

ဝမ်ယဲ့က မုန့်နှစ်ခုကို ဆက်တိုက် စားလိုက်ပြီးမှ လုသခင်မ၏ရှေ့၌ပင် စာအိတ်ကို ဖောက်လိုက်သည်။

ထိုစာက သခင်မရှန်း ရေးထားခြင်း မဟုတ်ဘဲ ဝမ်ယဲ့က စာကို အစမှအဆုံးအထိ အေးအေးဆေးဆေး ဖတ်နေလိုက်သည်။ စာထဲတွင် အဝတ်အစားများအကြောင်း ပြောပြထားသည့်အပြင် သူမ၏ညီမလေး ဝမ်ရန် ရွေးချယ်မခံရကြောင်းကိုလည်း ရေးသားထားသည်။ သို့သော်လည်း ဧကရာဇ်မင်းမြတ်က သူမကို တန်ဖိုးကြီးပစ္စည်းများနှင့် ငွေသားများ ဆုလာဘ်ချီးမြှင့်ခဲ့သဖြင့် ဝမ်ရန်က စိတ်မကောင်းဖြစ်မနေကြောင်းကိုလည်း ကိုယ်လုပ်တော်ချန်းက ပြောပြထားသေးသည်။

သေတ္တာထဲရှိ ကျောက်စိမ်းက နန်းတွင်းမှ ချီးမြှင့်သည့် လက်ဆောင်ဖြစ်ပြီး၊ ဝမ်ယဲ့ မေ့သွားမည်ကို စိုးရိမ်သည့် ကိုယ်လုပ်တော်ချန်းက စာထဲတွင် အထူးတလည် အလေးပေး ရေးသားထားသည်။

စာကို ဖတ်ပြီးနောက် ဝမ်ယဲ့က ထိုစာကို ထောင်ကျိဆီသို့ ပေးကာ သိမ်းခိုင်းလိုက်သည်။ ဝမ်ယဲ့ စာဖတ်ပြီးသွားသည်ကို မြင်လိုက်မှ လုသခင်မက စမေးလာသည်။

"နင်ရဲ့ အိမ်ဘက်မှာရော... အားလုံး အဆင်ပြေကြရဲ့လား"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"အရာအားလုံး ချောချောမွေ့မွေ့ပါပဲ"

လုသခင်မက သေတ္တာထဲရှိ အဝတ်အစားများကို တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်ပြန်သည်။

"ဒီဝတ်စုံက ချုပ်ထားတဲ့ ပုံစံရော အရောင်လေးရော နင်နဲ့ အရမ်းလိုက်ဖက်တယ်၊ နောက်ရက် အနည်းငယ်ဆိုရင် ငါ့မွေးနေ့ရောက်တော့မယ်၊ ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ နင် ငါနဲ့အတူတူ လိုက်ခဲ့ဖို့ ဒီဝတ်စုံကို ဝတ်ပါလား"

အိမ်တော်ရှိ အပ်ချုပ်သမားများအား အဝတ်အစား အပြေးအလွှား ချုပ်ခိုင်းလျှင်ပင် တစ်လကျော် ကြာမြင့်မည်ဖြစ်သဖြင့် မွေးနေ့ပွဲအမီ ရနိုင်တော့မည်မဟုတ်ပေ။

ဝမ်ယဲ့က သူမ၏လက်ထဲမှ မုန့်ကို ချလိုက်ပြီး ပြန်မေးလိုက်သည်။

"မမက မွေးနေ့ပွဲကို ဘယ်လိုကျင်းပဖို့ စီစဉ်ထားတာလဲ"

'တကယ်လို့သာ လုသခင်မက ထုတ်မပြောဘူးဆိုရင် ငါတော့ လုံးဝကို မေ့နေတော့မှာပဲ...'

လုသခင်မက ပြန်ဖြေလိုက်သည်။

"ငါ ရင်းနှီးတဲ့ မိတ်ဆွေတချို့ကိုပဲ ဖိတ်မှာပါ၊ ငါတို့ရဲ့ အဒေါ်နှစ်ယောက်နဲ့ ကျန်တဲ့ဧည့်သည်အများစုကတော့ ငါ အိမ်ထောင်မကျခင်တုန်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းဟောင်းတွေပဲ ဖြစ်မှာပါ"

သို့သော်လည်း ယခုအခါ လူတိုင်းက အိမ်ထောင်ကျပြီး သားသမီးကိုယ်စီ ရှိနေကြပြီဖြစ်သဖြင့် တွေ့ဆုံရန် အခွင့်အရေးက အလွန်ရှားပါးလာခဲ့သည်။ သူမ၏ အဆင့်အတန်းက မြင့်မားသော်လည်း သူမကိုယ်တိုင်က ငယ်ရွယ်နေသေးသဖြင့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပရန်ကလည်း မသင့်တော်ပြန်ပေ။ ထို့အပြင် တစ်နှစ်မှ တစ်ခါသာ ကျင်းပရသော မွေးနေ့ပွဲအတွက် လုသခင်မက အပေါ်ယံသာ ရင်းနှီးရသည့် လူများကိုလည်း ဖိတ်ကြားလိုခြင်း မရှိပေ။

လုသခင်မက သူမ၏ မွေးနေ့တွင် ပေါ့ပေါ့ပါးပါး အနားယူချင်ရုံသာ ဖြစ်သည်။ ဝမ်ယဲ့က အကြံတစ်ခုရသွားပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"မမက ဒီဝတ်စုံကို ကျွန်မနဲ့ လိုက်ဖက်တယ်လို့ ထင်နေမှတော့... ကျွန်မ ဝတ်မှာပေါ့"

သူမ၏ အဝတ်အစားတိုင်းက လှပနေသဖြင့် ဝမ်ယဲ့က ဘာဝတ်ရဝတ်ရ အေးအေးဆေးဆေးသာ ဖြစ်သည်။ သူမအနေနှင့် ရုပ်ဆိုးသည့် အဝတ်အစားမျိုးကို ဝတ်ဆင်ချင်လျှင်ပင် ဝတ်ရန် အခွင့်အရေး မရခဲ့ဖူးချေ။

လုသခင်မကတော့ ဝမ်ယဲ့ သူမကိုယ်သူမ ဆက်ချီးမွမ်းခန်းဖွင့်မည့်အသံကို နားမထောင်ချင်တော့ပေ။

"ကဲပါ... ဝမ်မိသားစုက ပို့လိုက်တဲ့ ပစ္စည်းတွေကို ပြန်ယူသွားပြီး သေချာစီစဉ်ထားလိုက်ဦး"

"ဩော်..." လုသခင်မက တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလာသည်။

"ဒီသစ်ကြားသီးမုန့်တွေကိုလည်း ယူသွားလိုက်ဦး၊ ရွှမ်အာက သစ်ကြားသီးနဲ့ မတည့်ဘူး၊ အဲဒါကြောင့် သူ မမြင်ခင် နင် အကုန်စားထားလိုက်တော့"

ရွှီယွိရွှမ်က သစ်ကြားသီးမုန့်နှင့် မတည့်မှန်း ဝမ်ယဲ့ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

‘အိမ်တော်ထဲမှာ သစ်ကြားသီးကို တစ်ခါမှ မမြင်ရတာ အံ့သြစရာမဟုတ်တော့ဘူး။ တကယ်လို့ ငါ စားချင်တယ်ဆိုရင် ထောင်ကျိကို အပြင်လွှတ်ပြီး ဝယ်ခိုင်းရတော့မယ်’

ဝမ်ယဲ့တစ်ယောက် အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာပြီး လုသခင်မ၏ မွေးနေ့ပွဲအကြောင်း စတင်စဉ်းစားနေသည်။

'မွေးနေ့လက်ဆောင်ကတော့ သေချာပေါက် လိုအပ်တာပေါ့...'

လုသခင်မက သူမအပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဖြစ်သောကြောင့် ဝမ်ယဲ့က အပေါ်ယံဆန်သည့် မွေးနေ့လက်ဆောင်မျိုး မပေးချင်ပေ။ သို့သော်လည်း လုသခင်မတွင် တန်ဖိုးကြီးပစ္စည်းအားလုံးနီးပါး ရှိနေကာ ချို့တဲ့နေခြင်းမျိုး မရှိပေ။ သူမ၏ ကိုယ်ပိုင်သိုလှောင်ရုံထဲတွင် ရတနာသေတ္တာများစွာ ပြည့်နှက်နေပြီး ၎င်းတို့အား နေ့တိုင်းကြည့်ရခြင်းကပင် လုသခင်မအား ငြီးငွေ့စေမည်ဟု ဝမ်ယဲ့ တွက်ဆထားသည်။

ထို့အပြင် ဝမ်ယဲ့ ပိုင်ဆိုင်သမျှ တန်ဖိုးအရှိဆုံး ပစ္စည်းများကလည်း လုသခင်မ ပေးထားသည့် လက်ဆောင်များသာ ဖြစ်သည်။ သူမ ပေးထားသည့် လက်ဆောင်ကို သူမဆီသို့ ပြန်ပေးရန်ကလည်း မဖြစ်နိုင်ပေ။

အသေအချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် မွေးနေ့ကိတ်ပြုလုပ်ရန် ဝမ်ယဲ့ ဆုံးဖြတ်လိုက်သည်။ ၎င်းက အချိန်ကုန်လူပင်ပန်းမည့် အလုပ်ဖြစ်သော်လည်း သူမအတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ပေ။

‘အကောင်းဆုံး လက်ဆောင်ဆိုတာက လက်ခံရရှိသူရဲ့ နှလုံးသားကို အမှန်တကယ် လှုပ်ရှားစေနိုင်တဲ့ အရာမျိုးပဲ ဖြစ်သင့်တာလေ’

ဟုန်ရှင်းက ကိတ်မုန့်တစ်ခါမှ မလုပ်ဖူးသော်လည်း ဝမ်ယဲ့က သူမ မှတ်မိသမျှ အဆင့်ဆင့်ကို ပြောပြပြီး ဟုန်ရှင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် စမ်းသပ်ခိုင်းနေခဲ့သည်။

ကိတ်သားပြုလုပ်ရသည်က လွယ်ကူသည်။ အကြိမ်အနည်းငယ် ကျရှုံးပြီးနောက် ဟုန်ရှင်းက အလျင်အမြန် ကျွမ်းကျင်လာသည်။ ပျက်သွားသည့် ကိတ်သားများကိုလည်း လွှင့်မပစ်ခဲ့ပေ။ ကျရှုံးရသည့် အကြောင်းရင်းက ပါဝင်ပစ္စည်းအချိုးအစား မမှန်ကန်ဘဲ အချိုလွန်ကဲသွားခြင်း (သို့မဟုတ်) နူးညံ့မှုမရှိခြင်းတို့ကြောင့်သာ ဖြစ်သည်။

သို့သော်လည်း စားလို့ ရနေသေးသည်။ ဝမ်ယဲ့က အနည်းငယ် မြည်းကြည့်ပြီး ကျန်ရှိနေသည့် မုန့်များကို ဒုတိယခြံဝင်းရှိ အစေခံများကို ဝေပေးရန် ယွင်ကျီနှင့် ထောင်ကျီတို့ကို ညွှန်ကြားလိုက်သည်။

သို့သော်လည်း ခရင်မ်ပြုလုပ်ရသည်က ဒုက္ခများလှသည်။ ခေတ်မီလျှပ်စစ်မွှေစက် မရှိသဖြင့် လက်ဖြင့်သာ အားစိုက်ပြီး မွှေကြရသည်။ ရက်အတော်ကြာပြီးနောက် အနောက်ဘက်ခြံဝင်းရှိ အစေခံများအဖို့ လက်မောင်းများ နာကျင်ကိုက်ခဲနေကြပြီး ပစ္စည်းတစ်ခုခုကို ကိုင်လိုက်တိုင်း လက်များ တုန်ယင်နေကြသည်။

ထောင်ကျိလည်း အကြိမ်အနည်းငယ် စမ်းကြည့်ခဲ့သည်။ သို့သော်လည်း နောက်တစ်နေ့တွင် ဝမ်ယဲ့အတွက် လက်ဖက်ရည် တည်ခင်းပေးရာ၌ သူမ၏ လက်များ တုန်နေပြီး တစ်ကိုယ်လုံးပေါ်သို့ လက်ဖက်ရည်များ ဖိတ်စင်လုနီးပါး ဖြစ်ခဲ့ရသည်။

သိပ်မကြာခင် ရွှီယွဲ့ကျားက အနောက်ဘက်ခြံဝင်း၏ ထူးခြားသော အပြောင်းအလဲများကို သတိပြုမိသွားသည်။ လုသခင်မ၏ မွေးနေ့မတိုင်မီ နှစ်ရက်အလိုတွင် ကြည့်ကောင်းသည့် ကိတ်မုန့်တစ်ခုကို သူမတို့ ဖန်တီးနိုင်ခဲ့ကြသည်။ ၎င်းက ရိုးရှင်းသည့် အဝိုင်းပုံစံဖြစ်ပြီး လူကြီးတစ်ယောက်၏ လက်ဝါးခန့်အရွယ်အစားသာ ရှိသည်။

ညစာစားနေစဉ်အတွင်း ဝမ်ယဲ့က ထိုကိတ်မုန့်ကို စားပွဲအလယ်တွင် တင်ထားလိုက်သည်။ ရွှီယွဲ့ကျားက ထိုမုန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"မင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဒါနဲ့ အလုပ်ရှုပ်နေတာလား"

ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီးမှ ဖိတ်ခေါ်လိုက်သည်။

"ဟုတ်တယ်၊ ယောက်ျား.... ရှင်ရော မြည်းကြည့်ချင်လား"

သူမက ဟုန်ရှင်း၏ လက်ရာနှင့် သူမ၏ သင်ကြားပြသမှုအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။

ဝမ်ယဲ့က ယွင်ကျီကို ရွှီယွဲ့ကျားအတွက် မုန့်တစ်စိတ် လှီးပေးခိုင်းလိုက်ပြီးမှ ဆက်ရှင်းပြနေသည်။

"ကျွန်မ အကြီးဆုံးယောင်းမအတွက် မွေးနေ့လက်ဆောင်ကို ဒီလိုကိတ်မုန့်မျိုး ကိုယ်တိုင်လုပ်ပေးဖို့ စီစဉ်ထားတာ၊ ယောကျာ်းရော... ဘယ်လိုထင်လဲ"

ရွှီယွဲ့ကျားက မျက်လုံးပင့်ကြည့်လိုက်ပြီး သူမကို ပြန်မေးလိုက်သည်။

"မင်းဆီမှာ ငွေပြတ်နေလို့လား"

ဝမ်ယဲ့တစ်ယောက် မျက်စောင်းထိုးချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။

" 'စေတနာပါတဲ့ လက်ဆောင်တစ်ခုက ရွှေစင်တစ်ထောင်ထက် တန်ဖိုးရှိတယ်' ဆိုတဲ့ စကားကို ရှင် မကြားဖူးဘူးလား"

ရွှီယွဲ့ကျားက နားလည်သွားသယောင် ရှိသော်လည်း ညစာစားပြီးသည့်နောက်တွင် ငွေတုံးများအပြည့်ပါသည့် သေတ္တာတစ်လုံးကို လူလွှတ်ပြီး ပို့ခိုင်းလိုက်သေးသည်။

ဝမ်ယဲ့ : "..."

'ရွှီယွဲ့ကျားရဲ့ စိတ်ထဲမှာ ငါက ဘယ်လိုပုံပေါက်နေလဲဆိုတာ တကယ်ပဲ သိချင်မိတယ်...'

သူမ လျှို့ဝှက်ထားသဖြင့် ရွှီယွဲ့ကျားနှင့် အနောက်ဘက်ခြံဝင်းရှိ လူများသာ ဝမ်ယဲ့ မုန့်အမျိုးအစားအသစ်တစ်ခု ပြုလုပ်နေသည်ကို သိထားကြသည်။ သို့သော်လည်း ၎င်းက နယ်စားမင်းကတော်အတွက် ရည်ရွယ်သည်ကိုတော့ အစေခံများ မသိကြပေ။

ဝမ်ယဲ့က မည်သူ့ကိုမျှ မပြောရန် မှာကြားထားပြီး သူမကိုယ်တိုင်လည်း အကျိုးအကြောင်းကို ရှင်းမပြခဲ့ပေ။ စိတ်ရင်းစေတနာပါသည့် မွေးနေ့လက်ဆောင်ဆိုသည်က အံ့သြစရာဖြစ်နေသင့်သည်ဟု သူမ ယူဆထားသည်။

အနောက်ဘက်ခြံဝင်းရှိ အစေခံအများစုကလည်း ဒုတိယသခင်မ၏ ထူးထူးခြားခြား လုပ်တတ်သော ပုံစံကို အသားကျနေကြပြီဖြစ်ရာ သူမ အချိန်ဖြုန်းရန်အတွက် မုန့်အသစ်အဆန်းများ စမ်းကြည့်နေသည်ဟုသာ ထင်မှတ်နေကြသည်။ ရွှီယွိရွှမ် တစ်ယောက်သာလျှင် မကြာသေးမီက သူနှင့်အတူ ကစားဖော်မရှိသဖြင့် အနည်းငယ် စိတ်ပျက်နေရှာသည်။

အထိန်းတော်ကျိက တစ်စုံတစ်ခုကို ရိပ်မိနေသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ သူမက ဘာမှမသိသလို ဟန်ဆောင်ကာ သူမ၏သခင်ငယ်လေးကို အာရုံစိုက် ပြုစုစောင့်ရှောက်နေခဲ့သည်။

ယနေ့က နယ်စားမင်းကတော်၏ မွေးနေ့ဖြစ်သောကြောင့် ဒုတိယသခင်မက နံနက်စောစောကတည်းက လင်းရွေ့အဆောင်သို့ သွားနှင့်လေပြီ။

ရွှီယွိရွှမ်တစ်ယောက် အနောက်ဘက်ခြံဝင်းသို့ လာရန် အခွင့်အရေး ရသွားသော်လည်း အနောက်ဘက်ခြံဝင်းက အေးစက်တိတ်ဆိတ်နေသည်ကိုသာ သူ တွေ့လိုက်ရသည်။ သူ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ပင်မအဆောင်ကြီး၏ အပြင်ဘက်တံတိုင်းအနားသို့ ထိုင်ခုံပုလေးတစ်လုံး သယ်သွားကာ ငြိမ်ငြိမ်လေး ထိုင်နေရှာသည်။

သူ၏ သေးငယ်ပြီး တစ်ကိုယ်တည်းဖြစ်နေသော ပုံရိပ်လေးကို ကြည့်ရသည်မှာ အလွန်ပင် သနားစဖွယ် ဖြစ်နေလေသည်။

အထိန်းတော်ကျိကတော့ စိတ်မကောင်းဖြစ်နေသည့်တိုင် သူ့ကို သူ့မိခင်ရှိရာသို့ ခေါ်သွားပေးရန် မကမ်းလှမ်းခဲ့ပေ။

ယနေ့တွင် နယ်စားမင်းကတော်က ရင်းနှီးသော သူငယ်ချင်းအနည်းငယ်နှင့် ဆွေမျိုးအချို့ကိုသာ ဖိတ်ကြားထားခြင်းဖြစ်ပြီး အကြီးဆုံးသခင်လေး၊ ဒုတိယသခင်လေးနှင့် နယ်စားမင်းကိုယ်တိုင်ပင်လျှင် နေ့ခင်းဘက်၌ အဝေးသို့ သွားနေကြရသည်။ ထို့ကြောင့် သခင်လေးငယ်ကို ထိုစုဝေးပွဲသို့ ခေါ်သွားရန်က မသင့်တော်ပေ။

ထို့ကြောင့် အထိန်းတော်ကျိက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"သခင်ငယ်လေး ကြည့်ဖို့ ကျိမား ကြက်တောင် ကန်ပြရမလား"

ပြီးခဲ့သည့်တစ်ခေါက်က မတော်တဆ ဒဏ်ရာ ရခဲ့သော်လည်း အထိန်းတော်ကျိက ထပ်မံ မကျရှုံးစေရန် ဆုံးဖြတ်ထားသည်။ သူမ၏ ခြေထောက်များ ပြန်လည်သက်သာလာပြီးနောက် နေ့စဉ် ဆယ့်ငါးမိနစ်မှ မိနစ်သုံးဆယ်ခန့်အထိ ကြက်တောင်ကန်ခြင်း လေ့ကျင့်နေခဲ့သည်။

ရက်သတ္တပတ်တဝက်ခန့် ကြာပြီးနောက်တွင်တော့ သူမ၏ခြေထောက်များ နာကျင်ခြင်း မရှိတော့ဘဲ ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် ကန်နိုင်လာခဲ့ပြီ ဖြစ်သည်။

ရွှီယွိရွှမ်က အထိန်းတော်ကျိ သူ့ကို သူ့မိခင်ဆီ ခေါ်သွားမည်မဟုတ်ကြောင်း နားလည်သွားပုံရသဖြင့် မတတ်သာဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူက ယဥ်ယဉ်ကျေး‌ကျေး ပြောလိုက်သေးသည်။

"ကျေးဇူးတင်ပါတယ်၊ ကျိမား”

အထိန်းတော်ကျိက နွေးထွေးစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။

"ဒါက ဘာမှ မခက်ခဲပါဘူး သခင်ငယ်လေးရယ်"

........။.......။........

နယ်စားမင်းကတော်၏ မွေးနေ့အခမ်းအနားကို အဓိကအဆောင်၌ မကျင်းပဘဲ ရေကန်ဘေးရှိ ဘေးအဆောင်တစ်ခုတွင် ပြုလုပ်နေကြသည်။

ထိုနေရာက သိပ်မကျယ်ဝန်းသော်လည်း နယ်စားအိမ်တော်၏ ရှုခင်းအလှဆုံးနေရာ ဖြစ်ကာ လုသခင်မ လက်မထပ်မီက နေထိုင်ခဲ့သည့် အဆောင်ပုံစံကို အတုယူ တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤနေရာ၌ မွေးနေ့ပွဲကျင်းပခြင်းက အလွန် ထူးခြားသည့် အဓိပ္ပာယ် ရှိနေလေသည်။

ဧည့်သည်များကလည်း ရင်းနှီးမှုရှိကြောင်း ပြသသည့်အနေဖြင့် လုသခင်မကို သူမ၏ အပျိုဘဝနာမည်ဖြင့်သာ ခေါ်ဝေါ်နေကြသည်။

လုသခင်မ၏ သူငယ်ချင်းဟောင်းများထဲတွင် ဝမ်ယဲ့က အဒေါ်ယွီ တစ်ယောက်ကိုသာ သိသော်လည်း ယနေ့တွင် နောက်ထပ် လူအချို့နှင့် မိတ်ဆက်ခွင့် ရခဲ့သည်။

ထိုသူများက တော်ဝင်ကျောင်းတော်မှ ပညာရှင်တစ်ယောက်၏ ချွေးမ၊ တရားရေးဝန်ကြီး၏ မြေးချွေးမကြီးနှင့် တရားစီရင်ရေး အယူခံဌာနမှ လက်ထောက်ဝန်ကြီး၏ ဇနီးတို့ ဖြစ်ကြသည်။

အဒေါ်နှစ်ယောက်နှင့် ဝမ်းကွဲယောင်းမဖြစ်သူ ယောင်ရှီတို့ပါ ရှိနေသောကြောင့် စားပွဲဝိုင်းက အပြည့်ဖြစ်နေလေသည်။

လုသခင်မ လက်မထပ်မီက သူငယ်ချင်းများစွာ ရှိခဲ့သော်လည်း လက်ထပ်ပြီးနောက်တွင် အချို့က အခြေအနေအရပ်ရပ်ကြောင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြသည်။ နှစ်အတော်ကြာပြီးနောက်တွင် ဤလူအနည်းငယ်သာ ကျန်ရှိတော့သည်။

တော်ဝင်ကျောင်းတော်မှ ပညာရှင်၏ ချွေးမက မုန့်မိသားစုမှ ဖြစ်ပြီး သူမ၏ခင်ပွန်းက စတုတ္ထမြောက်သားဖြစ်သည်။ သူမ၏ မူရင်းမျိုးရိုးက လျိုဖြစ်သည်။ ဝမ်ယဲ့ မေးမြန်းကြည့်လိုက်ရာ ဒုတိယယောင်းမဖြစ်သူ လျိုရှီနှင့် မျိုးနွယ်တူဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း စစ်မက်ဖြစ်ပွားခဲ့သည့် ကာလများအတွင်း ဘိုးဘေးများက လူစုခွဲခဲ့ကြရပြီး စတုတ္ထသခင်မမုန့်၏ ဘိုးအေလက်ထက်ကျမှသာ မိသားစုနှစ်စု ပြန်လည်အဆက်အသွယ် ရခဲ့ခြင်းဖြစ်သည်။

(မိန်းခလေးက လျိုမိသးစုမှာ မွေးတာပါ၊ ယောကျာ်းရပြီးရင် တရားဝင်ဇနီးတွေက ယောက်ျားရဲ့ မိသားစုစာရင်းထဲကို အသွင်းခံရပါတယ်၊ သူယောကျာ်းက မုန့်မျိုးရိုးပါ)

စတုတ္ထသခင်မမုန့်ကတော့ သူမ၏ မျိုးနွယ်တူ ဝမ်းကွဲညီမဖြစ်သူ လျိုရုက ဝမ်ယဲ့၏ ဒုတိယအစ်ကိုနှင့် လက်ထပ်ထားကြောင်းကို ကြိုတင်သိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမ၏ သူငယ်ချင်းက ဝမ်ယဲ့ကို မွေးနေ့ပွဲသို့ ဖိတ်ကြားလိုက်သည့်အခါ စတုတ္ထသခင်မမုန့်အနေဖြင့် အရာအားလုံးကို နားလည်သွားခဲ့သည်။ ရလဒ်အနေဖြင့် ဧည့်သည်များထဲတွင် သူမက ဝမ်ယဲ့အပေါ် သိသိသာသာ ခင်မင်မှု ပြသနေခဲ့သည်။

သခင်မကျန်းကတော့ ဝန်ကြီးကျန်း၏ မြေးချွေးမကြီး ဖြစ်ကာ သူမ၏ခင်ပွန်းကလည်း တရားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သဖြင့် ရွှီယွဲ့ကျား၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်သည်။

ကျန်းမိသားစုက ထင်ရှားကျော်ကြားသည့် မျိုးနွယ်စုကြီးတစ်ခု မဟုတ်ပေ။ ယခင်ဧကရာဇ်မင်း လက်ထက်တွင် ကျန်းမိသားစုက မည်သည့်ဖက်ကိုမျှ မလိုက်ဘဲ ဖြောင့်မတ်စွာ နေခဲ့သဖြင့် ထီးနန်းလုနေကြသော မင်းသားများစွာ၏ ဖိနှိပ်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။ သခင်မကျန်း၏ အဘိုး၊ ဖခင်နှင့် မောင်နှမများ မတရားစွပ်စွဲခံရပြီး ထောင်သွင်းအကျဉ်းချခံရလုနီးပါးပင် ဖြစ်ခဲ့ရသည်။

အဆုံးသတ် အဆုံးအဖြတ်ပေးရမည့် အရေးကြီးသောအချိန်တွင် ရွှီယွဲ့ကျားက ကျန်းမိသားစု၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည့် လုံလောက်သော သက်သေအထောက်အထားများကို ရှာဖွေပေးခဲ့သဖြင့် သူတို့မိသားစု ဘေးဒုက္ခမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ရွှီယွဲ့ကျားလည်း မြို့တော်မှ တခြားနေရာသို့ ပြောင်းရွှေ့ခံခဲ့ရပြီး နှစ်အတော်ကြာသည်အထိ ရာထူးမတိုးတော့ချေ။

ထိုအကြောင်းကြောင့်ပင် သခင်မကျန်းက နယ်စားမင်းအိမ်တော်အပေါ် အမြဲတမ်း အားနာစိတ် ဖြစ်နေခဲ့ပြီး ယနေ့ ဝမ်ယဲ့နှင့် တွေ့ဆုံရချိန်တွင်လည်း ထိုအားနာစိတ်များက ဝမ်ယဲ့ထံသို့ အလိုအလျောက် ကူးစက်ရောက်ရှိလာတော့သည်။

တရားစီရင်ရေး အယူခံဌာနမှ လက်ထောက်ဝန်ကြီး၏ ဇနီးက ချန်မိသားစုမှ ဖြစ်သည်။ သူမက လုသခင်မ၏ အကောင်းဆုံးငယ်သူငယ်ချင်းဖြစ်ပြီး လမ်းလျှောက်တတ်စအရွယ်ကတည်းက သိကျွမ်းခဲ့ကြသူများ ဖြစ်သည်။

သခင်မချန်ကလည်း မူလတွင် မြို့စားမင်းအိမ်တော်တစ်ခုမှ သမီးတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း သူမ၏ဖခင်က ယခင်ဧကရာဇ်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သဖြင့် ဘွဲ့ထူးဂုဏ်ထူးများ ရုပ်သိမ်းခံရကာ ရာထူးချခံခဲ့ရသည်။ ဧကရာဇ်သစ် နန်းတက်လာပြီးနောက်မှသာ သူမ၏ဖခင်လည်း ရာထူးနှင့် ဘွဲ့ထူးများ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်တွင် သခင်မချန်က အိမ်ထောင်ကျပြီးသား ဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ ဖခင်ဖြစ်သူ ဘွဲ့ထူးဂုဏ်ထူးများ ပြန်လည်ရရှိခြင်းက အိမ်ထောင်သည်အမျိုးသမီးဖြစ်သော သူမအတွက်လည်း အကျိုးရှိစေခဲ့သည်။

အနည်းဆုံးတော့ သူမ၏ယောက္ခမက သူမအပေါ် ဗြောင်ကျကျ နှိပ်စက်ညှဉ်းပမ်းခြင်းမျိုး မလုပ်ရဲတော့ပေ။

အခြားအချက်များကို ဖယ်ထားလျှင်ပင် ထိုအမျိုးသမီးသုံးဦးစလုံးက ဝမ်ယဲ့အပေါ် ပထမဆုံးတွေ့ဆုံမှုမှာပင် အလွန်ကောင်းမွန်သော အထင်အမြင်များ ရှိခဲ့ကြသည်။ ဝမ်ယဲ့၏ မျက်ဝန်းများက ကြည်လင်နေပြီး သူမထံတွင် မည်သို့သော မကောင်းသည့် ရည်ရွယ်ချက်မျိုးမျှ ရှိနေပုံမပေါ်ချေ။

သို့သော်လည်း ယနေ့၏ အဓိကအာရုံစိုက်ခံရသင့်သူက လုသခင်မ ဖြစ်ပြီး ဤစုဝေးပွဲကလည်း သူမ၏မွေးနေ့ကို ဂုဏ်ပြုရန်အတွက်သာ ဖြစ်သည်။ လူတိုင်းကို မိတ်ဆက်ပေးပြီးနောက်တွင် အားလုံး၏ အာရုံက လုသခင်မထံသို့ ရောက်ရှိသွားသည်။

သူငယ်ချင်းများဖြစ်ကြသော်လည်း သူမတို့ မကြာခဏ တွေ့ဆုံရန် အခွင့်အရေး မရှိကြပေ။ လုသခင်မက အိမ်တော်ကြီးတစ်ခု၏ သခင်မဖြစ်နေသောကြောင့် သူမ၏ မွေးနေ့ကို အကြောင်းပြကာ လူတိုင်းကို ဖိတ်ကြားနိုင်သော်လည်း အခြားသူများကတော့ ထိုမျှလောက် အဆင်မပြေကြပေ။

စတုတ္ထသခင်မမုန့်ကို နမူနာကြည့်လျှင် သူမက စတုတ္ထမြောက်အိမ်ခွဲမှ ချွေးမတစ်ဦး ဖြစ်ပြီး အိမ်တွင်းရေးရာများကို စီမံခန့်ခွဲစရာ မလိုသော်လည်း အလယ်အလတ်အဆင့်တွင် ကြားညှပ်နေရကာ မည်သည့်ဖက်ကမှ အဆင်မပြေဘဲ အနေရခက်လှသည်။

သူမ၏ခင်ပွန်းတွင် ညီအစ်ကိုခုနစ်ယောက်ရှိပြီး အားလုံးက အမိုးတစ်ခုတည်းအောက်တွင် အတူနေထိုင်ကြသည်။ ရလဒ်အနေဖြင့် ညီအစ်ကိုများအကြားတွင်သော်လည်းကောင်း၊ လင်ညီအစ်မများအကြားတွင်သော်လည်းကောင်း ပဋိပက္ခများ ရှိနေတတ်သည်။

ဥပမာအားဖြင့် ဧကရာဇ်မင်းမြတ် မင်းသမီးအတွက် စာသင်ဖော်များ ရွေးချယ်ခဲ့သည့်အချိန်တွင် သူမ၏ ယောင်းမများအကြား၌ အကြီးအကျယ် စကားများခဲ့ကြပြီး ယခုထက်ထိပင် ပြေလည်မှု မရကြသေးပေ။

ထို့ကြောင့် သူမ၏ မွေးနေ့ပွဲကျင်းပရန်နှင့် သူငယ်ချင်းများကို ဖိတ်ကြားရန်ဆိုသည်က စတုတ္ထသခင်မမုန့်အတွက် မဖြစ်နိုင်မှန်း သေချာနေသည်။

လူတိုင်းက စကားပြောရယ်မောကာ ရှုခင်းများကို ကြည့်ရင်း ပျော်ရွှင်နေကြသည်။ ထို့နောက်တွင် သူမတို့၏ မွေးနေ့လက်ဆောင်များကို စတင်ပေးနေကြသည်။ လက်ဆောင်များက အလွန်အမင်း တန်ဖိုးကြီးလှသည်မဟုတ်ဘဲ စေတနာကိုသာ အဓိကထားကြသည်။ လုသခင်မကလည်း လက်ဆောင်များရရန်အတွက် နှစ်တိုင်း ဤစုဝေးပွဲကို ကျင်းပနေခြင်း မဟုတ်ပေ။

လုသခင်မက လက်ဆောင်တစ်ခုချင်းစီကို လက်ခံလိုက်ပြီး သူမ၏မျက်နှာတွင် ပျော်ရွှင်မှုများ အထိုင်းအသားပေါ်လွင်နေကာ ရွှင်မြူးနေသည့် အသံဖြင့် ပြောလိုက်သည်။

"အားလုံးက ကျွန်မအကြောင်းကို သိနေကြတာပဲ"

သတ္တမဦးလေး၏ ဇနီး အဒေါ်ယွီက စတုတ္ထသခင်မမုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။

"ဒီငြိမ်းချမ်းရေးအဆောင်က ဘုရားကျောင်းက ဆရာတော်ကြီးကိုယ်တိုင် ဆုတောင်းမေတ္တာတွေနဲ့ ကောင်းချီးထားတာလေ"

လုသခင်မက ပြန်ပြောလိုက်သည်။

"နင်တို့ပေးတဲ့ ဘယ်အရာကိုမဆို ငါ သဘောကျပြီးသားပါ"

အဒေါ်ယွီနှင့် အကြီးဆုံးအဒေါ်တို့ကလည်း သူမတို့၏ မွေးနေ့လက်ဆောင်များကို အသီးသီး ပေးအပ်နေကြသည်။ နှစ်ယောက်စလုံးက လုသခင်မ၏ အကြိုက်ကို သေချာဂရုစိုက်ပြီး ရွေးချယ်ထားကြခြင်း ဖြစ်သည်။

ယောင်ရှီက သူမကိုယ်တိုင် ချုပ်လုပ်ထားသည့် အမွှေးနံ့သာအိတ်ကလေးကို လက်ဆောင်ပေးခဲ့သည်။ ထိုအိတ်ထဲတွင် သူမ ကိုယ်ပိုင်ဖော်စပ်ထားသည့် စိတ်ကြည်လင်လန်းဆန်းစေမည့် အမွှေးနံ့သာများ ထည့်သွင်းပေးထားပြီး အာနိသင်ကလည်း အလွန်ထူးခြားသည်ဟု ပြောပြနေသည်။ သူမက လုသခင်မအတွက် ထိုအမွှေးနံ့သာ ဖော်စပ်နည်းကိုပါ တစ်ပါတည်း ထည့်ပေးထားသည်။

နယ်စားမင်းအိမ်တော်၏ အိမ်သခင်မတစ်ဦးအနေဖြင့် လုသခင်မတွင် တာဝန်ဝတ္တရားများစွာ ရှိနေသည်က အမှန်ပင်။ ယောင်ရှီက သေချာစဥ်းစားကြည့်ပြီးနောက် လုသခင်မအတွက် ထိုစိတ်ငြိမ်အမွှေးနံ့သာက သူမအတွက်ထက်ပင် ပိုအသုံးဝင်လိမ့်မည်ဟု ခံစားနေမိသည်။

ရှန်းမိသားစု၏ အိမ်တွင်းရေးရာများကို စီမံခန့်ခွဲရသည်ကပင် သူမအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။ လုသခင်မတစ်ယောက် ဤမျှနှစ်ပေါင်းများစွာတိုင်အောင် မည်သို့မည်ပုံ စီမံခန့်ခွဲလာခဲ့သည်ကို သူမ စဥ်းစားကြည့်၍ပင် မရနိုင်တော့ပေ။

အခြားသူများအားလုံး လက်ဆောင်ပေးပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ဝမ်ယဲ့က စပြောလိုက်သည်။

"အကြီးဆုံးယောင်းမ... ကျွန်မလည်း မမအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်၊ ဒါပေမယ့် တခြားသူတွေပေးတဲ့ လက်ဆောင်တွေနဲ့တော့ နည်းနည်းလေး ကွဲပြားမယ်နော်"

လုသခင်မက အနောက်ဘက်ခြံဝန်းအတွင်း ဖြစ်ပျက်နေသမျှကို အသေးစိတ်မသိသော်လည်း အနည်းငယ်တော့ ရိပ်မိထားသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရွှီယွိရွှမ်တစ်ယောက် အနောက်ဘက်ခြံဝန်းသို့ မသွားနိုင်ခဲ့သည်ကို ပြန်လည်သတိရသွားပြီး လုသခင်မက ခန့်မှန်းလိုက်သည်။

"ဒါဆို... လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မင်း အဲ့အတွက် အလုပ်ရှုပ်နေတာပေါ့ ဟုတ်လား"

ထိုအချိန်တွင် မျက်နှာပွင့်ရမည့်အခွင့်အရေးကို လက်လွတ်မခံတတ်သော ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"ကျွန်မ 'ကိတ်မုန့်' လို့ခေါ်တဲ့ အချိုပွဲအသစ်တစ်မျိုးကို စမ်းကြည့်နေတာပါ၊ အကြီးဆုံးယောင်းမ သဘောကျမှာ သေချာတယ်"

ထို့နောက် ဝမ်ယဲ့က အစေခံများအား ကိတ်မုန့် ယူလာပေးရန် ညွှန်ကြားလိုက်သည်။

ဝမ်ယဲ့ ပြင်ဆင်ထားသည့် ကိတ်မုန့်က အထပ်သုံးထပ်ပါဝင်သော အဝိုင်းပုံစံ ဖြစ်သည်။ အတွင်းဆုံးအလွှာတွင် သစ်သီးများညှပ်ထားသည့် ကိတ်မုန့်ဖြစ်ပြီး အပြင်ဘက်တွင် လက်ဖြင့်မွှေထားသည့် ချောမွေ့သည့် ခရင်မ်များဖြင့် ဖုံးအုပ်ထားသည်။ အပေါ်ယံတွင် သစ်သီးဖျော်ရည်ဖြင့် အရောင်ဆိုးထားသော ခရင်မ်ပန်းပွင့်လေးများ တင်ထားပြီး စုစုပေါင်း ပန်းပွင့် တစ်ဆယ့်ရှစ်ပွင့် ရှိနေသည်။

သခင်မချန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဒီလောက်ကြီးတဲ့ မုန့်မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး"

ကျန်သူများလည်း ထပ်တူ အံ့သြနေကြပြီး သူမတို့၏အကြည့်များက လုသခင်မထံမှတစ်ဆင့် ဝမ်ယဲ့ထံသို့ စူးစမ်းဟန်အပြည့်ဖြင့် ရောက်ရှိသွားကြသည်။ ဝမ်ယဲ့ကတော့ မျက်လှည့်ပြနေသည့်အလား သူမ၏နောက်ကျောဘက်မှ ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော ဖယောင်းတိုင်လေးများကို ထုတ်လိုက်သည်။ ၎င်းတို့က ဤပွဲအတွက် အထူးပြုလုပ်ထားသော ဖယောင်းတိုင် တစ်ဆယ့်ရှစ်တိုင် ဖြစ်သည်။

သူမက ယွင်ကျီနှင့် ထောင်ကျီတို့အား မီးရှူးမီးပန်းများကို မလှမ်းမကမ်းရှိ ရွှံ့ထဲသို့ ထိုးထည့်စေပြီး “လုယောင်ရှင်း၏ နှလုံးသား အတွက်”ဆိုသည့် စာလုံးကို ဖန်တီးစေခဲ့သည်။

သူမကိုယ်တိုင်လည်း ဖယောင်းတိုင်များကို ကိတ်မုန့်၏ အပေါ်ဆုံးအလွှာတွင် ထိုးစိုက်လိုက်ပြီး မီးမထွန်းမီ လုသခင်မကို လှမ်းပြောလိုက်သည်။

"ဒါတွေက မွေးနေ့ဖယောင်းတိုင်တွေလေ၊ ခဏနေရင် ကျွန်မ ဒါတွေကို မီးထွန်းပေးမယ်နော်၊ အဲ့ဒီအခါ မမက မျက်လုံးလေမှိတ်ပြီး စိတ်ထဲကနေ ဆုတောင်း သုံးခု တောင်းရမယ်၊ ပြီးရင် ဖယောင်းတိုင်တွေကို မှုတ်လိုက်တော့၊ အဲ့ဒါဆိုရင် မမတောင်းတဲ့ ဆုတွေ ပြည့်လာလိမ့်မယ်"

လုသခင်မအတွက်တော့ သူမ၏ရင်ထဲ၌ ဖြစ်ပေါ်လာသည့် ခံစားချက်ကို ဖော်ပြရန် ခက်ခဲနေရှာသည်။ ဝမ်းနည်းဝမ်းသာ ခံစားချက်မျိုး ဖြစ်နေပုံရသည်။ သူမက အပြစ်တင်သလိုလိုဖြင့် ပြောလိုက်သည်။

"အရမ်းကို ဟန်ပန်များတာပဲ၊ ဒါတွေအားလုံးကို ဘယ်ကနေ သင်လာတာလဲ"

'ဆုတောင်းတယ်ဆိုတာ အဲ့ဒီလောက်လွယ်လွယ်နဲ့ ပြည့်နိုင်ပါ့မလား...'

ဝမ်ယဲ့က ပြုံးဖြဲဖြဲဖြင့်ပြန် ပြောလိုက်သည်။

"ဒီနေ့က မမရဲ့ မွေးနေ့လေ၊ ကောင်းကင်ဘုံက ငဲ့ညှာပေးမှာပါ၊ ကျွန်မကိုသာ ယုံလိုက်ပါ"

လုသခင်မက ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်ရှိသော ထိုမုန့်ကို ကြည့်ရင်း မေးလိုက်သည်။

"ဒါကို ဘယ်လိုလုပ်ရမှာလဲ၊ မင်းပဲ အစအဆုံး လုပ်ပေးတော့"

သူမ အမှန်တကယ် ဘာဆက်လုပ်ရမှန်း မသိဖြစ်နေရသည်။

ဝမ်ယဲ့က ဖယောင်းတိုင်လေးများကို တစ်တိုင်ချင်းစီ စတင်မီးထွန်းလိုက်ပြီး လှမ်းပြောလိုက်သည်။

"ကဲ... မမ ဆုတောင်းလို့ ရပါပြီရှင့်"

လုသခင်မအတွက် ဤအတွေ့အကြုံက ပထမဆုံးဖြစ်ပြီး အလွန် ဆန်းသစ်နေလေသည်။ သူမက မျက်လုံးကို မှိတ်ကာ ဆုတောင်းသုံးခုကို သေသေချာချာ ဆုတောင်းလိုက်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ ထို့နောက် အားလုံး၏ စူးစိုက်ကြည့်ရှုနေမှုအောက်တွင် ဖယောင်းတိုင် တစ်ဆယ့်ရှစ်တိုင်လုံးကို မှုတ်ထုတ်လိုက်သည်။ တချိန်တည်းမှာပင် နှလုံးပုံသဏ္ဍာန် စီစဉ်ထားသော မီးရှူးမီးပန်းများက တောက်ပလာသည်။

"နောက်ထပ် ဘာလုပ်ရဦးမလဲ"

လုသခင်မက မစောင့်နိုင်ဘဲ လှမ်းမေးလိုက်သည်။

ဝမ်ယဲ့က ဖယောင်းတိုင်များကို ဖယ်ရှားလိုက်ပြီး ရှင်းပြနေသည်။

"နောက်တစ်ဆင့်က ကိတ်မုန့်လှီးရမှာ၊ မမ... အရင်ဆုံး စလှီးပေးပါဦး"

လုသခင်မက အနည်းငယ် တွန့်ဆုတ်နေသော်လည်း ကိတ်မုန့်ကို စတင်လှီးဖြတ်လိုက်သည်။ သူမက မသေချာသလိုဖြင့် ပြန်မေးနေသေးသည်။

"ဒါကို မင်းအရင် မြည်းကြည့်ပြီးပြီလား"

ဝမ်ယဲ့ကတော့ အရှက်မရှိစွာပင် ရွှီယွဲ့ကျားကို စကားထဲ ဆွဲသွင်းလိုက်ပြီး လုသခင်မ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကျွန်မ ဒါကို ပထမဆုံး လုပ်တုန်းကတော့ နည်းနည်း ကြမ်းတမ်းနေသေးတာ၊ ဒါပေမယ့် ကျွန်မရဲ့ ခင်ပွန်းက တစ်ခု မြည်းကြည့်ပြီးတဲ့နောက်မှာ ထပ်တောင် တောင်းစားသေးတယ်"

လုသခင်မ : "..."

'နင်နဲ့ ကျိထန်းတို့ လင်မယားကြားက ကိစ္စတွေကို ငါ့ကို လာပြောနေတာလား...'

သို့သော် ထိုကဲ့သို့ အာမခံချက် ရလိုက်သောကြောင့် လုသခင်မ ပို၍ စိတ်အေးသွားပြီး ရောက်ရှိနေသူ အားလုံးအတွက် ကိတ်မုန့်များကို သူမကိုယ်တိုင် လှီးဖြတ် ဝေငှပေးလိုက်သည်။

အဒေါ်ယွီနှင့် အကြီးဆုံးအဒေါ်တို့ကတော့ ကိတ်မုန့်က နူးညံ့ပြီး ချိုမြိန်မွှေးကြိုင်နေကြောင်း၊ အပေါ်ယံမှ ခရင်မ်ကလည်း ပါးစပ်ထဲတွင် အရည်ပျော်သွားသလို ခံစားရကြောင်း အသီးသီး ချီးမွမ်းနေကြသည်။

သခင်မကျန်းကတော့ ပိုသတိထားကြည့်တတ်သူ ဖြစ်သဖြင့် စောစောကတည်းက ဖယောင်းတိုင်များကို ရေတွက်ထားပြီး စိတ်ထဲတွင် သိချင်နေခဲ့သည်။ အရသာရှိသော ကိတ်မုန့်ကို မြည်းစမ်းကြည့်ပြီးနောက် သူမ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ဖယောင်းတိုင်က ဘာလို့ ဆယ့်ရှစ်တိုင်တောင် စိုက်ထားတာလဲ"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"ဒီဖယောင်းတိုင် ဆယ့်ရှစ်တိုင်က အကြီးဆုံးယောင်းမအတွက် ကျွန်မရဲ့ ဆုတောင်းကို ကိုယ်စားပြုတာပါ၊ မမ တစ်သက်လုံး မအိုမင်းဘဲ အမြဲတမ်း ဆယ့်ရှစ်နှစ်အရွယ်လို နုပျိုနေပါစေလို့ ဆုတောင်းပေးတာပါ"

လုသခင်မက ဆူသလိုလိုဖြင့် ဝင်ပြောလိုက်သည်။

"ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလဲ၊ သူများတွေ ရယ်တာ ခံရတော့မယ်"

သူမက ဝမ်ယဲ့ကို အပြစ်တင်နေသည်ဟု ဆိုသော်လည်း အပေါ်သို့ ကွေးတက်နေသော သူမ၏ နှုတ်ခမ်းအစုံကြောင့် သူမ၏စိတ်ရင်းအမှန်ကို ဖုံးကွယ်မထားနိုင်ပေ။

ဝမ်ယဲ့က မျက်တောင်လေး ခတ်ကာ အားနာစရာကောင်းလောက်အောင် ရိုးသားသည့် အကြည့်များဖြင့် ပြောနေပြန်သည်။

"ကျွန်မ တကယ် ပြောတာပါ"

သူမ၏ စကားလုံးများက အလွန် ချိုသာလွန်းလှသဖြင့် ကိတ်မုန့်ပန်းကန်များကို ကိုင်ထားကြသော အခြားသူများက သူမတို့၏အကြည့်များကို တခြားဘက်သို့သာ လွှဲလိုက်ကြသည်။

ထိုစကားကို နားထောင်လိုက်ရသော သခင်မကျန်း : "..."

'ငါ မမေးခဲ့သင့်ဘူး...'

မုန့်မိသားစုမှ စတုတ္ထသခင်မကတော့ သူမနှင့် သူမ၏ ယောင်းမများကြားမှ တင်းမာနေသော ဆက်ဆံရေးကို ပြန်လည်တွေးတောမိသွားပြီးနောက် ပါးစပ်ထဲမှ ကိတ်မုန့်ပင် မျိုရခက်သလို ဖြစ်သွားရရှာသည်။

‘လုယောင်ရှင်းကတော့ ထပ်ပြီး ကြွားဝါဦးတော့မယ်’

All Chapters