အခန်း ၄၆
Vol. 5 Ch. 46
အခန်း ၄၆ အရမ်းကောင်းတယ်
"ဒါပေမယ့် ဘာလို့ အမြဲတမ်း ဆယ့်ရှစ်နှစ်လဲ..."
အဒေါ်ယွီက လုသခင်မအတွက် ကြည်နူးမိသော်လည်း တစ်ဖက်တွင်လည်း ဇဝေဇဝါဖြစ်နေကာ သံသယဖြင့် မေးလိုက်ပြန်သည်။
လုသခင်မလည်း ဝမ်ယဲ့ကို မကြည့်ဘဲမနေနိုင်ခဲ့ပေ။ ဝမ်ယဲ့က စကားအရာတွင် ကျွမ်းကျင်သူမှန်း သူမ သိထားသော်လည်း ထိုစကားများက သူမထံသို့ တိုက်ရိုက်ဦးတည်လာချိန်တွင်တော့ သူမ ပြန်ငြင်းဆန်ရန် အမြဲတမ်း လမ်းစပျောက်ခဲ့ရသည်။
ဤကိတ်မုန့်ကို ဝမ်ယဲ့ကိုယ်တိုင် လက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင် လုသခင်မ၏ စိတ်ထဲ၌ မီးဖိုဘေးတွင် ကုန်းကုန်းကွကွဖြင့် အလုပ်ရှုပ်နေသော ပုံရိပ်လေးတစ်ခုကိုသာ မြင်ယောင်နေလေသည်။ မျက်နှာတွင် မီးခိုးမှိုင်းများ ပေကျံနေသော်လည်း ဇွဲမလျှော့ဘဲ ကြိုးစားနေမည့် ပုံစံလေးပင်။ ဆယ်ရက်ကျော် ကြိုးစားပြီးနောက်တွင်မှ အောင်မြင်သွားသဖြင့် ဝမ်းသာအားရ ငိုကြွေးနေမည့် ပုံရိပ်လေးကိုပါ တွေးနေမိပြီး ရယ်လည်းရယ်ချင်သလို ရင်ထဲတွင်လည်း နွေးထွေးနေရသည်။
ရှင်းပြရန်စောင့်နေသော ဝမ်ယဲ့ကလည်း အဆင်သင့် ရှင်းပြလိုက်သည်။
"တာ့ကျင်းမင်းဆက်မှာ အသက်ဆယ့်ငါးနှစ်ဆိုရင် မိန်းကလေးတွေ အရွယ်ရောက်ပြီလို့ သတ်မှတ်ကြတယ်၊ ဆယ့်ခြောက်နှစ်မှာ စေ့စပ်ကြရပြီး နောက်ဆုံး ဆယ့်ခုနနှစ်လောက်ဆို အိမ်ထောင်သည်တွေ ဖြစ်ကုန်ကြပြီ၊ အိမ်ထောင်ပြုပြီးတာနဲ့ အမျိုးသမီးအများစုက မိန်းမပျိုဘဝတုန်းကလို ပေါ့ပါးလွတ်လပ်တဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးသွားကြရတယ်လေ"
"ဒါကြောင့် ကျွန်မက အသက် ဆယ့်ရှစ်နှစ်ကို ရွေးချယ်လိုက်တာပါ၊ အဲ့ဒီပိုနေတဲ့ နှစ်နှစ်က ကောင်းကင်ဘုံဆီကနေ ခေတ္တချေးယူထားတာလို့ ပြောလို့ရတယ်၊ ဒီနေ့မှာ အဲ့ဒီနှစ်နှစ်ကို အကြီးဆုံးယောင်းမအတွက် လက်ဆောင်အဖြစ် ပေးအပ်တဲ့သဘောပါ၊ နောင်ဆယ်စုနှစ်ပေါင်းများစွာအထိ အကြီးဆုံးယောင်းမက ခုလို မွေးနေ့တွေမှာတင်မကဘဲ တခြားဘယ်နေ့ရက်မှာမဆို မိန်းမပျိုလေးတစ်ယောက်လို ပျော်ရွှင်မှုမျိုး ပြန်လည်ခံစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ တကယ်တော့ နှစ်နှစ်ဆိုတာ ရက်ပေါင်း ခုနစ်ရာကျော်တောင် ရှိတာလေ"
သူမ၏ စကားလုံးများက အနည်းငယ် ထူးဆန်းနေသော်လည်း ရောက်ရှိနေသူ အားလုံးကတော့ ထိုကဲ့သို့သော ခံစားချက်မျိုးကို နားလည်နေဖြင့် စိတ်လှုပ်ရှားကာ ထိုဘဝလေးကို ပြန်တမ်းတမိသွားကြသည်။ သူမတို့တွင် ငွေကြေးနှင့် အဆင့်အတန်း မပြည့်စုံခြင်းမျိုး မရှိဘဲ တကယ်တမ်း လိုအပ်နေသည်က ဤကဲ့သို့ စစ်မှန်သော စေတနာ ဖြစ်သည်။
အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် ဖြစ်ရခြင်းထက်စာလျှင် ပျိုရွယ်သော မိန်းကလေးတစ်ယောက် ဖြစ်ရခြင်းက ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်သည်က အမှန်ပင် ဖြစ်သည်။
'ယောင်ရှင်း ဘယ်ကနေ ဒီလောက် စကားအပြောအဆို ချိုသာတဲ့ ယောင်းမလေးကို ရှာလာတာပါလိမ့်...'
မုန့်မိသားစုမှ စတုတ္ထသခင်မကတော့ အလွန် အထင်ကြီးသွားတော့သည်။ သူမက လုသခင်မကို မနာလိုဖြစ်သလို၊ အားလည်း အားကျနေသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။ အများအားဖြင့်တော့ ကျေနပ်နေသည့် အရိပ်အယောင်များသာ ဖြစ်သည်။
သူမက လုသခင်မ၏ ဘေးတွင် နာခံတတ်ပြီး ဆင်ခြင်တုံတရားပြည့်နေဟန်လေးဖြင့် ရပ်နေသော ဝမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"ငါတို့ အပျိုဘဝတုန်းကလည်း ငါ နင့်ကို မယှဉ်နိုင်ခဲ့ဘူး၊ နောက်ပိုင်း အိမ်ထောင်ပြုတော့လည်း နင့်လောက် ကံမကောင်းခဲ့ပြန်ဘူး၊ အခုကြည့်ရတာ ငါ နင့်ကို ထပ်ပြီး ရှုံးရဦးမှာပဲ"
သူမအတွက်တော့ ယောင်းမအချင်းချင်း သဟဇာတဖြစ်ရန် မျှော်လင့်ခြင်းက သူမ၏သား အခုချက်ချင်း ထိပ်တန်းပါရမီရှင်ဖြစ်လာရန် မျှော်လင့်သည်ထက် ပိုခက်ခဲနေသေးသည်။
လုသခင်မနှင့် စတုတ္ထသခင်မမုန့်တို့က သူငယ်ချင်းများ မဖြစ်လာမီ အမြဲတမ်း တကျက်ကျက် ရန်ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ သူငယ်ချင်းဖြစ်သွားသည့်တိုင်အောင် သူမတို့၏ ပြောဆိုပုံက သိပ်မပြောင်းလဲခဲ့ပေ။
လုသခင်မက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါ ရှိနေသရွေ့တော့ နင်က ဒုတိယနေရာမှာပဲ နေလိုက်စမ်းပါ"
သခင်မကျန်းနှင့် သခင်မချန်တို့ကတော့ ပါးစပ်လေးများကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောနေကြသည်။
ဝမ်ယဲ့အနေဖြင့် လုသခင်မ ဤမျှလောက် တောက်ပရွှင်လန်းနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မိမိအနားတွင် စစ်မှန်သော သူငယ်ချင်းများ ရှိနေခြင်းက အမှန်တကယ် ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။
စိတ်လှုပ်ရှားမှု ကုန်သွားချိန်တွင် လုသခင်မက ဝမ်ယဲ့ကို တိုးတိုးလေး ကပ်မေးရန် မမေ့သေးပေ။
"ဒါတွေအားလုံးအတွက် ငွေအများကြီး ကုန်သွားလား"
ယွီဖန်းစားသောက်ဆိုင်နှင့် ဖူရုံကျိကဲ့သို့သော နေရာများမှ သာမန်မုန့်များပင် ငွေငါးလျန်မှ ဆယ်လျန်အထိ ပေးရတတ်ပြီး ပမာဏကလည်း များများစားစား မဟုတ်ပေ။ ယခု သူမတို့ရှေ့မှ လူဆယ်ယောက်စာလောက် စားနိုင်သော ကိတ်မုန့်ကြီးက ဆယ်ရက်ကျော် ကြိုးစားအားထုတ်ထားသည့် ဖန်တီးမှုအသစ် ဖြစ်နေသည်။ ထို့ကြောင့် ငွေအမြောက်အမြား ကုန်ကျလိမ့်မည်ဟု သူမ ထင်နေခြင်းပင်။
ဝမ်ယဲ့က လိမ်ညာရန် ရည်ရွယ်ချက်မရှိဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ဒါက နွားနို့၊ ဂျုံမှုန့်၊ ကြက်ဥ၊ သကြားနဲ့ ချိုတဲ့အသီးအနှံ နည်းနည်းပဲ ပါတာပါ"
သာမန်လူများအတွက် ထိုအရာများကပင် ဇိမ်ခံပစ္စည်းများ ဖြစ်နိုင်သော်လည်း ဂုဏ်သရေရှိလှသော ရွှီနယ်စားမင်းအိမ်တော်အတွက်တော့ နေ့စဉ်သုံးပစ္စည်းများသာ ဖြစ်သည်။
လုသခင်မက ဝမ်ယဲ့၏စကားကို မယုံကြည်ဘဲ ပြန်ပြောလိုက်သည်။
"နင် ငါ စိတ်သက်သာရာရအောင် ပြောနေစရာ မလိုပါဘူး၊ ငါ့မှာ အကြံရှိတယ်၊ မနက်ဖြန် နေ့လယ်စာ စားပြီးရင် ပင်မခြံဝင်းဘက်ကို လာခဲ့ဦး၊ နင့်အတွက် ကောင်းတာလေးတစ်ခု ပေးစရာရှိတယ်"
ဝမ်ယဲ့က ငြင်းချင်နေသော်လည်း လုသခင်မက တခြားဘက်သို့ လှည့်သွားချေပြီ။
ကိတ်မုန့်စားပြီးနောက် အကြီးဆုံးအဒေါ်နှင့် ဒေါ်လေးရွှီတို့က လူငယ်များ လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် ဘေးခန်းသို့ သွားကာ အနားယူနေကြသည်။
ဝမ်ယဲ့ကလည်း မွေးနေ့လက်ဆောင် ပေးပြီးသွားပြီ ဖြစ်သောကြောင့် အခြားသူများ၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် ယောင်ရှီကို ခေါ်ကာ ယဉ်ယဉ်ကျေးကျေး ထွက်ခွာသွားခဲ့သည်။
လုသခင်မအနေဖြင့် သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ရသည့် နေ့ရက်မျိုးက ရှားပါးလှသဖြင့် သူမတို့ စိတ်ကြိုက် စကားပြောဆိုနိုင်ရန် အချိန်ပေးသင့်ပေသည်။
ဝမ်ယဲ့နှင့် ယောင်ရှီတို့က ရေကန်ဘောင်သို့ လမ်းလျှောက်လာကြပြီး အစေခံမလေးထံမှ ငါးစာပန်းကန်ကို ယူလိုက်ကြသည်။ သူမတို့နှစ်ဦး ငါးစာများကို တစ်ချက်တစ်ချက် ကြဲပက်ပေးနေရင်း ခဏအကြာတွင် ယောင်ရှီက သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။
သူမက ဝမ်ယဲ့၏အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးမြန်းနေသည်။
"ဝမ်းကွဲယောင်းမလေး... အဲ့ဒီကိတ်မုန့်လုပ်နည်းလေးကို ပြောပြပေးလို့ ရမလားဟင်"
သူမက သူမကိုယ်တိုင် စမ်းလုပ်ဆောင်ကြည့်ချင်နေခြင်း ဖြစ်သည်။
ဝမ်ယဲ့က ငါးစာတစ်ဆုပ်ကို ကြဲပက်လိုက်ရာ လှပသော ရွှေငါးအုပ်ကြီးက သူမဆီသို့ တရုန်းရုန်း တိုးဝှေ့လာကြသည်။ သူမက ယောင်ရှီဘက်သို့ လှည့်ကာ ပြန်ပြောလိုက်သည်။
"ဝမ်းကွဲယောင်းမ ကြိုက်တယ်ဆိုရင်တော့ နောက်မှ လုပ်နည်းကို တစ်ခါတည်း ရေးပေးလိုက်ပါ့မယ်၊ အဲ့ဒါက သိပ်တော့ မခက်ပါဘူး"
'ဒါပေမဲ့ အချိန်နဲ့ လုပ်အားတော့ အတော်လေး ပေးရမယ်...'
ယောင်ရှီက အလွန်ဝမ်းသာနေပြီး သူမ ယောက္ခမ၏ မွေးနေ့က ဆောင်းဦးပေါက်တွင် ကျရောက်မည်အကြောင်း တွေးနေမိသည်။ ထိုအချိန်ဆိုလျှင် သူမတို့လည်း လင်းချန်သို့ ပြန်ရောက်နေလောက်ပြီ ဖြစ်သည်။ သူမ၏ ယောက္ခမအတွက် ထူးခြားသော မွေးနေ့ပွဲလေးတစ်ခု ပြင်ဆင်ပေးရန် သူမ ဆုံးဖြတ်လိုက်သည်။
ဝမ်ယဲ့ လုသခင်မ၏ စိတ်ကို အပိုင်ဖမ်းစားနိုင်သလိုမျိုး သူမ မလုပ်နိုင်ခဲ့လျှင်ပင်၊ အိမ်တွင်းမှုကိစ္စများ စီမံခန့်ခွဲရာ၌ ကူညီပေးနိုင်ရန်အတွက် ယောက္ခမဖြစ်သူ၏ စိတ်ကို အနည်းငယ် လှုပ်ခတ်သွားစေနိုင်ဖို့ သူမ မျှော်လင့်နေမိသည်။
'ဒီလောက် ဆန္ဒလေးကတော့ အများကြီး တောင်းဆိုတာ မဟုတ်ပါဘူးနော်...'
.......။......။......
သုံးထပ်ကိတ်မုန့်ကြီးက တစ်ခါတည်းနှင့် စားမကုန်ဘဲ အတော်လေး ကျန်နေသေးသည်။ အစပိုင်းတွင် လုသခင်မက သူမအတွက် သုံးပိုင်းစာလောက် ချန်ထားပြီး ပိုနေသည့်မုန့်များကို ချင်းရွှယ်နှင့် တခြားအစေခံများအား ဝေပေးရန် စိတ်ကူးထားခဲ့သည်။
သို့သော် စတုတ္ထသခင်မမုန့်က သူမ၏ သမီးနှစ်ယောက်အား မြည်းကြည့်ခိုင်းရန် နှစ်ပိုင်းလောက် ယူသွားချင်ကြောင်း ပြောလာသည်။
ထို့အပြင် ထိုကိတ်မုန့်အား မည်သို့ သိမ်းဆည်းရမည်ကိုလည်း ဝမ်ယဲ့အား မေးမြန်းနေသေးသည်။
ဝမ်ယဲ့ကလည်း ချက်ချင်း ပြန်ဖြေပေးလိုက်သည်။
"အခုက ရာသီဥတု အေးနေတော့ နည်းနည်း ပိုအထားခံပါတယ်ရှင့်၊ တကယ်လို့ မနက်ဖြန်မှ စားချင်တယ်ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် ရှိနေအောင် ရေခဲနဲ့ အအေးခံပြီး သိမ်းထားလို့ ရပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် စတုတ္ထသခင်မမုန့်က လုသခင်မကို ချက်ချင်း အကြံပေးလိုက်သည်။
"ဒါဆိုရင်တော့ နင်နဲ့ ဝမ်ယဲ့အတွက် တစ်ယောက်ကို သုံးပိုင်းစီလောက် ချန်ထားလိုက်လေ၊ ကျန်တာကိုတော့ ငါတို့တွေကို ခွဲဝေပေးလိုက်ပါနော်"
လုသခင်မက သဘောထားကြီးစွာဖြင့် ခွင့်ပြုပေးလိုက်ပြီး ပြောနေရင်းဖြင့် ဝမ်ယဲ့ကို တစ်ချက် ကြည့်လိုက်သေးသည်။
"နင်တို့ ယူချင်သလောက်သာ ယူသွားကြစမ်းပါ၊ ငါက စားချင်တဲ့အချိန်တိုင်း စားလို့ရတာပဲဥစ္စာ"
စတုတ္ထသခင်မမုန့် : "...ချင်ရွှယ်၊ ငါ့အတွက် အပိုင်းကြီးကြီးလေး တစ်ခုလောက် လှီးပေးဦး"
နောက်ဆုံးတွင် လုသခင်မနှင့် ဝမ်ယဲ့အပါအဝင် မိသားစုတစ်ခုချင်းစီက ကိတ်မုန့် သုံးပိုင်းစီ ရရှိခဲ့ကြသည်။
သူငယ်ချင်းများကို လိုက်ပို့ပေးပြီးနောက် လုသခင်မက အပြုံးများ ဝေနေသော မျက်နှာဖြင့် လင့်ရွှေ့အဆောင်သို့ ပြန်ရောက်လာခဲ့သည်။
ဝမ်ယဲ့က မပြန်သေးသည်ကို မြင်လိုက်ရသဖြင့် လုသခင်မက လှမ်းပြောလိုက်သည်။
"ငါ ပြောတာကို မမေ့နဲ့ဦးနော်၊ မနက်ဖြန် ပင်မခြံဝင်းဘက်ကို လာခဲ့ဦး"
အားကိုးရမည့် မဟာမိတ်တစ်ဦးကို ရရှိရန်အတွက် စစ်မှန်သော စေတနာနှင့် တီထွင်ဖန်တီးမှုက အရေးကြီးသော်လည်း ရိုးသားမှုကလည်း ထပ်တူ အရေးကြီးနေဆဲပင်။
ဝမ်ယဲ့အနေဖြင့် ကိတ်မုန့်လုပ်ရာတွင် ပေးဆပ်ခဲ့ရသည့် ကြိုးစားအားထုတ်မှုအပေါ် လုသခင်မ အထင်အမြင် မလွဲသွားစေချင်ပေ။ ထို့ကြောင့် သူမက အလေးအနက် ထပ်ပြောလိုက်သည်။
"ကျွန်မ ပြန်ရောက်တာနဲ့ ကိတ်မုန့်လုပ်နည်းကို ရေးပေးပါ့မယ်၊ အဲ့ဒီအခါကျရင် ကျွန်မ လိမ်မပြောခဲ့တာကို မမ သိရမှာပါ"
လုသခင်မက တွန့်ဆုတ်ခြင်းမရှိဘဲ ပယ်ချလိုက်သည်။
"ငါက အဲ့ဒီမုန့်လုပ်နည်းကို ယူပြီး ဘာလုပ်ရမှာလဲ၊ ငါ စားချင်ရင် နင်က မလုပ်ပေးဘူးလား"
ထိုကဲ့သို့ အခွင့်အရေးကောင်းကို မြင်လိုက်ရသဖြင့် ဝမ်ယဲ့က အလျင်အမြန် တုံ့ပြန်လိုက်သည်။
"မမ စားချင်တဲ့ အချိန်တိုင်း ကျွန်မ လုပ်ပေးမှာပေါ့"
လုသခင်မက သူမကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ဒါဆို ဘာလို့ လုပ်နည်းကို ပေးနေဦးမှာလဲ"
ဝမ်ယဲ့က တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ခဏမျှ တုံ့သွားပြီးမှ ထပ်ပြောလိုက်သည်။
"မမရဲ့ သဘောအတိုင်းပါရှင့်"
လုသခင်မက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ခပ်ဖွဖွ ချောင်းဟန့်လိုက်ရင်း ထပ်ပြောလိုက်သည်။
"ကဲပါ... နင်လည်း တစ်နေ့လုံးလည်း အလုပ်ရှုပ်ပြီး ပင်ပန်းသွားရပြီ၊ အနောက်ဘက်ခြံဝင်းကို ပြန်ပြီး အနားယူတော့လေ"
လုသခင်မ၏ ဖုံးကွယ်ထားသော အခြားတစ်ဖက်ကို သူမ ရှာဖွေတွေ့ရှိလိုက်သလို ခံစားနေရသည့် ဝမ်ယဲ့က ခပ်ဖျော့ဖျော့လေး ပြုံးနေလေသည်။
ပင်မခြံဝင်းသို့ ပြန်ရောက်သည့်တိုင်အောင် လုသခင်မ၏ မျက်နှာထက်မှ အပြုံးများက မှေးမှိန်မသွားသေးပေ။ အထိန်းတော်ရှန်းက လင်းရွှေ့အဆောင်သို့ လိုက်မသွားခဲ့သော်လည်း ချင်းရွှယ်နှင့် ပိုင်မေ့တို့ကတော့ လုသခင်မ၏ ဘေးတွင် တစ်နေကုန် အလုပ်အကျွေးပြုနေခဲ့ကြသည်။
သူမ၏ သခင်မ ဤမျှ ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည့် အထိန်းတော်ရှန်းက သမီးဖြစ်သူ ချင်းရွှယ်ကို ခေါ်ကာ အကြောင်းစုံ မေးမြန်းနေသည်။ အရာအားလုံးကို သိလိုက်ရပြီးနောက် သူမလည်း သူမ၏သခင်မအတွက် အလွန်ဝမ်းသာသွားရသည်။ ပြဿနာမရှာတတ်သော ယောင်းမတစ်ယောက် ရှိဖို့ဆိုသည်ကပင် ရှားပါးလှသည်ဖြစ်ရာ အနောက်ဘက်ခြံဝင်းမှ ဒုတိယသခင်မလေးကတော့ ထိုထက်ပင် ပို၍ စွမ်းဆောင်နိုင်ပုံရသည်ဟု သူမ တွေးနေမိသည်။
လုသခင်မက အထိန်းတော်ရှန်းကို ကိတ်မုန့်များအား သေသေချာချာ သိမ်းဆည်းထားရန် မှာကြားနေသည်။ အကြီးဆုံးသခင်လေးနှင့် ဒုတိယသခင်လေးတို့ ပြန်ရောက်လာသည့်အခါ ညစာစားပွဲ၌ တည်ခင်းပေးရန် ဖြစ်သည်။
တစ်နေ့ခင်းလုံးကို သူငယ်ချင်းများနှင့် ကုန်ဆုံးခဲ့ပြီးနောက် ယခုညနေခင်းကတော့ မိသားစုအတွက်သာ ဖြစ်သည်။
အထိန်းတော်ရှန်းကလည်း ဝမ်းသာအားရ လက်ခံလိုက်သည်။ မြို့တော်ရှိ မျိုးရိုးမြင့်အမျိုးသမီးများထဲတွင် သူမ၏သခင်မလောက် ကံကောင်းသည့်သူ မရှိဟု သူမ တွေးနေမိပြန်သည်။
ဤသေးငယ်သော မွေးနေ့ပွဲလေးက ထိုအချက်ကို သက်သေပြနေသကဲ့သို့ပင်။ နယ်စားမင်းက သူ့ဇနီးကို အလိုလိုက်ပြီး စိတ်တိုင်းကျလုပ်ခွင့်ပေးခြင်းက အံ့ဩချီးကျူးဖွယ် ကောင်းလှသည်။
......။.......။.......
နေဝင်ရီတရော.....
ရှန်အချိန်တွင် ရွှီနယ်စားမင်းနှင့် သူ့၏သားနှစ်ဦးတို့ အိမ်တော်သို့ ပြန်ရောက်လာကြသည်။ ပင်မခြံဝင်းဘက်သို့ လျှောက်လာစဉ် ရွှီနယ်စားမင်းက သူ့သားများကို သတိပေးလိုက်သေးသည်။
"ဒီနေ့က မင်းတို့မေမေရဲ့ မွေးနေ့နော်... သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြနဲ့၊ နားလည်လား"
ခဏခဏ သတိပေးခံနေရသဖြင့် ငြီးငွေ့နေသော ရွှီကျင့်ရုံက ဖခင်ဖြစ်သူ၏ လက်ထဲမှ သေတ္တာကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။
"ဖေဖေ... ဖေဖေက ဘာလို့ နှစ်တိုင်း လျိုယွမ်ကျိုက်က လက်ဝတ်ရတနာတွေကိုပဲ ဝယ်နေတာလဲ"
ရွှီနယ်စားမင်းက 'မင်းတို့က ဘာနားလည်မှာလဲ' ဟု ဆိုလိုသည့် အကြည့်မျိုးဖြင့် သားဖြစ်သူကို ကြည့်ပြီးမှ ပြန်ဖြေနေသည်။
"မင်းတို့ရဲ့ မေမေက လျိုယွမ်ကျိုက်က ရတနာတွေကို သဘောကျလို့ပေါ့ကွ"
သူ ဤလက်ဆောင်ကို လွန်ခဲ့သော သုံးလကတည်းက ကြိုတင်မှာယူထားခဲ့ခြင်း ဖြစ်သည်။
ရွှီကျင့်ရုံက နှုတ်ခမ်းစူကာ ထပ်ပြောလိုက်သည်။
"မေမေ သဘောကျတယ်ဆိုရင်တောင်... နှစ်တိုင်း အတူတူပဲ ပေးနေတာက သိပ်ပြီးတော့ အံ့သြစရာ မကောင်းတော့ဘူးလေ"
ဘေးတွင်ရှိနေသော မုန့်သေတ္တာကို ကိုင်ထားသည့် ရွှီကျင့်လင်းက အပြစ်ကင်းစင်ဟန်ဖြင့် ဝင်ပြောလာသည်။
"ယွီဖန်းစားသောက်ဆိုင်က မုန့်တွေက အကောင်းဆုံးပဲ၊ မေမေ့အတွက် ကျွန်တော် ဝယ်လာတာ... မေမေ မြင်ရင် အရမ်းပျော်သွားမှာနော်"
ထို့နောက် သူက ဘေးသို့ လှည့်ကာ မေးလိုက်ပြန်သည်။
"အကြီးဆုံးအစ်ကိုကရော ဘာပြင်ထားလဲ"
ရွှီကျင့်ရုံက သူ့ရင်ဘက်ကို အနည်းငယ် ကော့လိုက်ရင်း ပြန်ဖြေနေသည်။
"ငါ သိပ်မကြာခင်က စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရထားတယ်၊ ဆရာ့ဆီကလည်း ချီးကျူးစကား ကြားထားရတယ်၊ အဲ့ဒါက မေမေ့အတွက် ငါ့ရဲ့ မွေးနေ့လက်ဆောင်ပဲ"
ရွှီကျင့်လင်းက ခေါင်းခါလိုက်ပြီး ထပ်ပြောနေပြန်သည်။
"မေမေက ကျွန်တော့်ရဲ့ မုန့်တွေကို အကြိုက်ဆုံး ဖြစ်မှာပါဗျာ"
ရွှီနယ်စားမင်းက ချောင်းတစ်ချက်ဟန့်ကာ ဝင်ပြောလိုက်သည်။
"မင်းတို့ ကြိုက်ရုံနဲ့ မင်းတို့မေမေ ကြိုက်မယ်လို့ မဆိုလိုဘူးလေ၊ သူက ငါ ဝယ်လာတဲ့ လက်ဝတ်ရတနာကိုပဲ အကြိုက်ဆုံး ဖြစ်မှာ သေချာတယ်"
သားအဖသုံးယောက် ပင်မခြံဝင်းဆီသို့ ပြန်လာနေရင်း တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် ပြောဆိုလာကြသည်။ လုသခင်မက သူတို့ကို မြင်သွားပြီး အံ့သြသည့် အရိပ်အယောင် လုံးဝမပြဘဲ အေးအေးဆေးဆေး နှုတ်ဆက်လိုက်သည်။
"ပြန်လာကြပြီလား"
ရွှီနယ်စားမင်းက အစေခံများကို ထွက်သွားခိုင်းလိုက်ပြီး လက်ဆောင်သေတ္တာကို လုသခင်မရှေ့သို့ ချထားပေးကာ ဖွင့်ကြည့်ရန် တိုက်တွန်းနေသည်။ ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ကလည်း သူတို့ပြင်ဆင်လာသည့် လက်ဆောင်များကို အပြိုင်အဆိုင် ကမ်းပေးရင်း တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
"အမေ... ကျွန်တော့်ဟာကို အရင်ကြည့်ပါ"
လုသခင်မကတော့ အလျင်စလို ဖွင့်မကြည့်သေးပေ။ တစ်ခုချင်းစီကို တစ်ခါစီ ကြည့်လိုက်ပြီးနောက် သူမက မှတ်ချက်ပေးလိုက်သည်။
"လက်ဝတ်ရတနာ၊ ယွီဖန်းစားသောက်ဆိုင်က မုန့်တွေ... ပြီးတော့ ကျင့်ရုံရဲ့ လက်ဆောင်က သူရေးထားတဲ့ 'ထူးချွန်' စာစီစာကုံး ဖြစ်မှာပေါ့"
သူမက ခံစားချက်မပါသော မျက်နှာပေးဖြင့် ဆက်ပြောလိုက်သည်။
"နှစ်တိုင်း ဒီသုံးမျိုးပဲ"
ဖခင်နှင့် သားနှစ်ယောက် : "..."
........။........။.........
မွန်းလွဲကျော်ပြီးနောက်တွင် ဝမ်ယဲ့က ကိတ်မုန့်အပိုင်းငယ်လေး သုံးပိုင်းကို ယူဆောင်ကာ အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ ရွှီယွိရွှမ်က တစ်မနက်လုံးကို အနောက်ဘက်ခြံဝင်းတွင် ရှိနေပြီး အထိန်းတော်ကျိ၏ ကြက်တောင်ခတ် ကစားမှုကို ကြည့်ကာ အချိန်ကုန်ဆုံးခဲ့ရသည်။
သူက ဖခင်ဖြစ်သူ ရွှီယွဲ့ကျားနှင့်အတူ နေ့လယ်စာ စားခဲ့ပြီး ဘေးအဆောင်တွင် ခေတ္တ အိပ်စက်အနားယူခဲ့သည်။ နောက်ဆုံးတွင် သူ စောင့်မျှော်နေခဲ့သော ဝမ်ယဲ့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
"မေမေ"
ရွှီယွိရွှမ်က ဘေးအဆောင်မှ ထွက်လာပြီး တံခါးဝတွင် ဆက်စောင့်ရန် ထိုင်ခုံလေး သွားယူမည့်ဆဲဆဲ၌ အိမ်ရှေ့မှ ဝမ်ယဲ့၏ အရိပ်အယောင်ကို လှမ်းမြင်သွားသည်။ သူက ထိုင်ခုံလေးကို ချက်ချင်း ပစ်ချလိုက်ပြီး သူမဆီသို့ အပြေးတပိုင်း လျှောက်လှမ်းသွားတော့သည်။
ကလေးငယ်ကို မြင်လိုက်ရမှ ဝမ်ယဲ့လည်း ရွှီယွိရွှမ်ကို မတွေ့ရသည်မှာ ရက်အတော်ကြာသွားပြီဖြစ်ကြောင်း သတိရသွားသည်။ ကလေးက တစ်စုံတစ်ခုကို သတိထားမိသွားပြီး မတော်တဆ စကားပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ သူ့ကို အနောက်ဘက်ခြံဝင်းထဲသို့ အဝင်မခံခဲ့ခြင်း ဖြစ်သည်။
ဝမ်ယဲ့နှင့် မလှမ်းမကမ်းအရောက်တွင် ရွှီယွိရွှမ်က ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက လက်လေးနှစ်ဖက်ကို နောက်ပစ်ထားပြီး လုံးဝန်းသော ဗိုက်ပူပူလေးက ရှေ့သို့ ထွက်နေသည်။ ဝမ်ယဲ့ အနားသို့ လျှောက်လာသည်နှင့် သူက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ပါးဖောင်းဖောင်းလေးများမှ လေမှုတ်ထုတ်ကာ စိတ်ကောက်သည့်အမူအရာ လုပ်ပြနေလေသည်။
ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စိတ်ကောက်နေသော ကလေးငယ်ကို ကျော်ဖြတ်ကာ အေးအေးဆေးဆး ဆက်လျှောက်သွားသည်။ သူမက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သေးသည်။
"ဘယ်သူများ စိတ်ကောက်နေတာပါလိမ့်"
ဝမ်ယဲ့က သူ့ကို သတိမထားမိဘူးဟု ထင်မှတ်သွားသည့် ရွှီယွိရွှမ်ကတော့ အလွန်အမင်း စိုးရိမ်သွားရှာသည်။ သူက ချက်ချင်း လှည့်လိုက်ပြီး ဝမ်ယဲ့ နောက်သို့ အပြေးလိုက်ကာ အော်ပြောလိုက်သည်။
"ရွှမ်အာ..."
အနားသို့ လျှောက်လာသော အထိန်းတော်ကျိကတော့ ဆွံ့အသွားပြီး စိတ်ထဲမှ တွေးနေမိသည်။
'ခဏလေးတောင် မရှိသေးဘူး... သခင်ငယ်လေးကတော့ ဒုတိယသခင်မရဲ့ လှည့်ကွက်ထဲကို ပြန်ဝင် သွားပြီး ဝေ့လည်ချာလည် ဖြစ်သွားရပြန်ပြီ'
ဝမ်ယဲ့က အလွန် နှေးကွေးစွာ လျှောက်လှမ်းနေပြီး ရွှီယွိရွှမ် အမီလိုက်နိုင်သွားမှသာ သူမ၏ ခြေလှမ်းကို ရပ်လိုက်သည်။ ထို့နောက် သူ့ကို ငုံ့ကြည့်ကာ အံ့သြဟန်ဆောင်ရင်း ပြောလိုက်ပြန်သည်။
"မေမေက ရွှမ်အာအတွက် အရသာရှိတဲ့ ကိတ်မုန့်တွေ ယူလာတာလေ... အဲ့ဒါကြောင့်မို့လို့ စိတ်ကောက်နေတာလား"
ရွှီယွိရွှမ်၏ ပါးစပ်လေး အဟောင်းသား ဖြစ်သွားရသည်။
"အရသာရှိတာလား"
အရသာရှိတဲ့ ကိတ်မုန့်ဆိုသည့် စကားလုံး ကြားလိုက်ရသည်နှင့် သူ၏ အာရုံစိုက်မှုအားလုံးက ထိုအရာပေါ်သို့ ချက်ချင်း ရောက်သွားတော့သည်။
ဝမ်ယဲ့က လက်လှမ်းလိုက်သဖြင့် ထောင်ကျီက ကိတ်မုန့်သေတ္တာကို ကမ်းပေးလိုက်သည်။ ဝမ်ယဲ့က ကိုယ်ကို ကိုင်းညွတ်ကာ ရွှီယွိရွှမ်၏ ရှေ့တွင် သေတ္တာလေးကို ဖွင့်ပြလိုက်ပြီး ကိတ်မုန့်၏ ချိုမြိန်သော ရနံ့များက လေထုထဲသို့ ပျံ့လွင့်သွားသည်။
ရွှီယွိရွှမ်၏ မျက်လုံးလေးများက ဝမ်းသာမှုအပြည့်ဖြင့် ဝိုင်းစက်တောက်ပသွားပြီး ခေါင်းလေး မော့ကာ မေးနေလေသည်။
"ချိုလားဟင်"
ဝမ်ယဲ့က သေတ္တာအဖုံးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်ပြီး မေးနေပြန်သည်။
"စိတ်ကောက်နေတုန်းပဲလား"
ရွှီယွိရွှမ်၏ အကြည့်များက အဖုံးပိတ်သွားသော ကိတ်မုန့်သေတ္တာထံမှ မခွာနိုင်တော့ပေ။ သူက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းပြနေသည်။
"မကောက်တော့ပါဘူး... စိတ်မကောက်တော့ဘူး"
ရည်ရွယ်ချက် အောင်မြင်သွားသဖြင့် ဝမ်ယဲ့က ကိတ်မုန့်သေတ္တာကို အထိန်းတော်ကျိထံ ကမ်းပေးလိုက်ပြီး ညွှန်ကြားလိုက်သည်။
"သခင်ငယ်လေးကို အများကြီး မကျွေးနဲ့နော်၊ တစ်တုံးဆိုရင် လုံလောက်ပြီ"
အထိန်းတော်ကျိက ခေါင်းညိတ်ပြနေသည်။
"ဒီအစေခံအိုကြီး နားလည်ပါပြီ"
ကိတ်မုန့်သေတ္တာ အထိန်းတော်ကျိ၏ လက်ထဲသို့ ရောက်သွားသည်ကို မြင်လိုက်သည်နှင့် ရွှီယွိရွှမ်က သူမအနားသို့ အမြန်တိုးကပ်သွားပြီး ချိုသာသော အပြုံးလေးဖြင့် ခေါ်လိုက်သည်။
"ကျိမား...."
အထိန်းတော်ကျိ : "..."
‘ဒီအပြုံးက အရမ်းရင်းနှီးပြီး တစ်စုံတစ်ယောက်ရဲ့ မျက်နှာမှာ အမြဲတွေ့နေရသလိုပဲ’