အခန်း ၄၇
Vol. 5 Ch. 47
အခန်း ၄၇ အဓိပ္ပာယ်နှစ်ခွ
အထိန်းတော်ကျိ စားစရာဘူးကို ဖွင့်ကြည့်လိုက်ချိန်တွင် ကလေးတစ်ယောက်၏ လက်ဖဝါးခန့်သာရှိသော ကိတ်မုန့်လေးကို တွေ့လိုက်ရသည်။ သူမ ခဏမျှ စဥ်းစားပြီးနောက် ထိုကိတ်မုန့်ကို တစ်ဝက်တိတိ ဖြတ်ထုတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ညစာစားရန် တစ်နာရီသာ လိုတော့သည်ဖြစ်ရာ ယခုအချိန်တွင် မုန့်အများကြီးစားပါက ထမင်းစားချင်စိတ် ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။ ရွှီယွိရွှမ်က သူ့မုန့်လေး ရုတ်တရက် သေးငယ်သွားသည်ကို ကြည့်ပြီး တိုးတိုးလေး ကန့်ကွက်ရှာသည်။
"ကျိမား... နည်းသွားပြီ"
အထိန်းတော်ကျိက ကျန်ရှိသော မုန့်များကို ရန်တုန်အား သိမ်းခိုင်းလိုက်ပြီး ထောင့်တစ်နေရာတွင် အနည်းငယ် ပဲ့သွားသော စားပွဲပေါ်မှ မုန့်လေးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"မနည်းပါဘူးကွယ်၊ ကျိမား ကြည့်နေတာပဲလေ၊ သခင်လေး... မြန်မြန်စားလိုက်နော်"
ကိတ်မုန့်လေးက နူးညံ့အိစက်နေသဖြင့် အထိန်းတော်ကျိက ရွှီယွိရွှမ်ကိုယ်တိုင် ခပ်စားနိုင်ရန် ဇွန်းအသေးလေးတစ်ချောင်း ပြင်ပေးထားသည်။ ရွှီယွိရွှမ်က နှုတ်ခမ်းလေးကို ဆူလိုက်ပြီး သူ့လက်ထဲမှ ဇွန်းကို လွှတ်ချလိုက်ရာ ဇွန်းလေးက ကြမ်းပြင်ပေါ်သို့ လျောကျသွားသည်။ ထို့နောက် သူက လှည့်ထွက်ကာ စာကြည့်ခန်းဆီသို့ ပြေးသွားတော့သည်။
စာအုပ်များ တဖြည်းဖြည်း များလာသဖြင့် ဝမ်ယဲ့တစ်ယောက် စာအုပ်စင်အသစ်တစ်ခု ထပ်ဖြည့်ထားရသည်။ ယခု သူမက စာအုပ်စင်ရှေ့တွင် ရပ်နေပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရမည့် စာကောင်းပေကောင်းကို ရွေးချယ်နေသကဲ့သို့ အလွန်အမင်း တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် စာအုပ်ရွေးနေသည်။
ရွှီယွိရွှမ်က ပြေးလိုက်၊ လမ်းလျှောက်လိုက်ဖြင့် ဝမ်ယဲ့ရှိရာသို့ ရောက်လာခဲ့သည်။ သူက တရားဝင် အမှုဖွင့် တိုင်တန်းနေသလို အမူအရာလေးဖြင့် ညည်းညူတိုင်တန်းနေသည်။
"မေမေ... ကျိမားက သားရဲ့ မုန့်ကို ယူသွားတယ်"
'ကိတ်မုန့်' ဟူသော စကားလုံးကို ဝမ်ယဲ့က အကြိမ်အနည်းငယ်သာ ပြောဖူးသေးသဖြင့် ရွှီယွိရွှမ်က ထိုစကားလုံးကို သေချာနားမလည်သေးပေ။
ဝမ်ယဲ့က စာအုပ်၏ ပထမစာမျက်နှာရှိ အနှစ်ချုပ်ကို ဖတ်ရှုကြည့်နေပြီး ထိုအထဲတွင် အာရုံရောက်နေသော်လည်း သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြန်မေးလိုက်သည်။
"ကျိမားက သားရဲ့ ကိတ်မုန့်ကို ယူသွားတယ်လို့ ပြောတာလား"
ရွှီယွိရွှမ်က ခေါင်းကို အားပါပါ ညိတ်ပြနေသည်။
"ဟုတ်တယ်၊ မေမေ... သားကို ကူညီပါဦး"
ဝမ်ယဲ့က ရယ်မောလိုက်ပြီး နောက်ထပ်စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ အထိန်းတော်ကျိအနေဖြင့် ကိတ်မုန့်တစ်တုံးလုံးက ရွှီယွိရွှမ်အတွက် များလွန်းသည်ဟု ယူဆကာ တစ်ဝက် သို့မဟုတ် တစ်ဝက်ထက်မက ဖြတ်တောက်ပစ်လိုက်သည်ကို လူလည်လေးက သတိထားမိသွားခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။
ဝမ်ယဲ့က တစ်ခါမှ ကလေးမွေးဖူးသူ မဟုတ်သဖြင့် ရွှီယွိရွှမ်ကို အမြဲစောင့်ရှောက်ပေးနေသည့် အထိန်းတော်ကျိကသာ ကလေးအတွက် မည်မျှ စားသင့်သည်ကို အသိဆုံးဖြစ်မည်ဟု သူမ ယုံကြည်ထားသည်။ ရွှီယွိရွှမ် သူမထံသို့ လာရောက် အကူအညီတောင်းခြင်းက မှားယွင်းသော လူဆီတွင် လာတိုင်နေခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင် သူမနှစ်သက်သော ဝတ္ထုစာအုပ်ကို ရှာတွေ့သွားပြီးနောက် ဝမ်ယဲ့က ရွှီယွိရွှမ်ကို ငုံ့ကြည့်ကာ မေးမြန်းလိုက်သည်။
"မေမေ ယူလာပေးတဲ့ ကိတ်မုန့်ကိုတောင် မကုန်အောင် မစားဘဲနဲ့... မေမေက ဘာလို့ သားကို ကူညီရမှာလဲ"
ရွှီယွိရွှမ်၏မျက်နှာလေး ငိုင်ကျသွားပြီး ထိုအကြောင်းပြချက်ကို နားလည်နိုင်ရန် သူ၏ ဦးနှောက်အသေးလေးဖြင့် ခက်ခက်ခဲခဲ စဥ်းစားနေရှာသည်။ သို့သော်လည်း သူက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ရွှမ်အာ စားမယ်နော်"
ဝမ်ယဲ့က သူ၏ ဖူးဖူးဖောင်းဖောင်း မေးစေ့လေးကို ဖျစ်ညှစ်လိုက်ပြီး ခပ်တည်တည်ဖြင့် ဆက်ပြောလိုက်သည်။
"ဒါဆိုရင် ပြန်သွားပြီး ကုန်အောင်စားလိုက်ဦး၊ စားပြီးသွားရင် မေမေက သားဘက်ကနေ သေချာပေါက် ရပ်တည်ပေးမယ်"
တစ်ခုခု မှားနေသလို ခံစားနေရသော်လည်း ရွှီယွိရွှမ်ခမျာ ဘာမှ သေချာမစဥ်းစားနိုင်သေးခင် စာကြည့်ခန်းထဲမှ ညင်ညင်သာသာ တွန်းထုတ်ခံလိုက်ရသည်။
အထိန်းတော်ကျိက ခန်းမဆောင်ထဲတွင် စောင့်နေခဲ့သည်။ ရွှီယွိရွှမ် စာကြည့်ခန်းထဲမှ တကယ် နှင်ထုတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောကြောင့် သူမ၏ မျက်ဝန်းများထဲတွင် အပြုံးတစ်ခု ဝင်းလက်သွားသည်။ သူမက ရှေ့သို့ တိုးကာ ကြိုဆိုလိုက်သည်။
"သခင်ငယ်လေး... ကိတ်မုန့် စားချင်သေးလား"
ရွှီယွိရွှမ်က ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။
"စားမယ်"
'အကုန်စားပြီးမှ မေမေက ကူညီပေးမှာလေ'
ရွှီယွိရွှမ်က သူ၏ ထိုင်ခုံပုလေးပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူ့ကိုယ်ပိုင်ဇွန်းလေးကို ကိုင်ပြီး တစ်လုပ်ချင်းစီ စားနေလေသည်။ သူ တစ်ခါမှ မစားဖူးသော ထိုမုန့်၏အရသာက ယခင်က စားခဲ့ဖူးသမျှနှင့် မတူဘဲ ထူးခြားနေသည်။
ကိတ်မုန့်ပေါ်ရှိ အဖြူရောင် ပန်းပွင့်လေးက ပါးစပ်ထဲ၌ ရေကဲ့သို့ ပျော်ဝင်သွားပြီး ခဏအတွင်းမှာပင် လည်ချောင်းထဲသို့ ချောမွေ့စွာ စီးဆင်းသွားသည်။
ရွှီယွိရွှမ်အတွက် ထိုကိတ်မုန့်အသေးလေးကို ကုန်အောင်စားရန် နာရီဝက်နီးပါး အချိန်ယူခဲ့ရသည်။ သူ နောက်ဆုံးတစ်လုပ်ကို မြိုချလိုက်သည်နှင့် အထိန်းတော်ကျိက ရေနွေးနွေးလေးတစ်ခွက် ကမ်းပေးရင်း ပြောလိုက်သည်။
"သခင်ငယ်လေး... အကြီးဆုံးသခင်မအတွက် မွေးနေ့လက်ဆောင် ပြင်ထားတယ် မဟုတ်လား၊ အခု သွားပေးသင့်ပြီနော်"
ရွှီယွိရွှမ်၏ မျက်နှာလေးက ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး ဝင်းလက်သွားသည်။
"ဟုတ်သားပဲ... သွားမယ်"
မုန့်စားပြီးလျှင် မေမေ့ဆီမှ အကူအညီတောင်းရန် ကိစ္စကိုတော့ ရွှီယွိရွှမ်တစ်ယောက် အပြီးအပိုင် မေ့သွားခဲ့ချေပြီ။
အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်အနေဖြင့် လူကြီးတစ်ယောက်၏ မွေးနေ့ကို မှတ်မိနေရန်နှင့် လက်ဆောင် ကြိုတင်ပြင်ဆင်ထားရန်ဆိုသည်က မဖြစ်နိုင်ပေ။
ထိုအရာများအားလုံးက အထိန်းတော်ကျိ၏ ကြိုတင်သင်ကြားပေးမှုသာ ဖြစ်သည်။ လုသခင်မက ရွှီယွိရွှမ်ကို သူမ၏ သားအရင်းကဲ့သို့ ချစ်ခင်ပြီး စောင့်ရှောက်ပေးခဲ့သဖြင့် ချစ်ရသော မိသားစုဝင်တစ်ယောက်အနေဖြင့် သူမ၏မွေးနေ့တွင် တစ်ခုခုလုပ်ပေးခြင်းက ဖြစ်သင့်သောအရာပင်။
သို့တိုင်အောင် ကလေးလေးအတွက်တော့ ဆုတောင်းစကား အနည်းငယ် ပြောရုံနှင့် လုံလောက်နေပြီ ဖြစ်သည်။ ရွှီယွိရွှမ်၏ အသက်အရွယ်အရ အများကြီး မပြောနိုင်သေးသဖြင့် အထိန်းတော်ကျိက သူ့ကို မွေးနေ့ဆုတောင်းစကားအချို့ တိုးတိုးလေး သင်ပေးထားခဲ့သည်။
ကောင်းချီးစကားလုံးအနည်းငယ်က ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသော်လည်း လုသခင်မကတော့ အတိုင်းထက်အလွန် ဝမ်းသာနေရှာသည်။ ရွှီယွိရွှမ်ဆီမှ ဤမျှရှည်လျားသော စကားစုများကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းကြောင့် ဖြစ်သည်။
ရွှီယွိရွှမ်၏ ဆုတောင်းစကားနှင့် ယှဉ်လိုက်ပါက စားပွဲပေါ်ရှိ ကျန်ရှိသော လက်ဆောင်များက "ရိုးရိုးသာမန်" အဆင့်သာ ရှိတော့သည်။
အထိန်းတော်ကျိနှင့် ရွှီယွိရွှမ်တို့ ထွက်သွားပြီးနောက် ဝမ်ယဲ့က ကျန်ရှိနေသော ကိတ်မုန့်နှစ်တုံးကို ယူခိုင်းလိုက်ပြီး လျိုယာနှင့် လျိုရှင်းတို့ကို မြည်းကြည့်နိုင်ရန် ပေးခိုင်းလိုက်သည်။ ဝမ်ယဲ့အနားတွင် အမြဲရှိနေသည့် ယွင်ကျီနှင့် ထောင်ကျီတို့က စားစရာသောက်စရာ မပြတ်သည့်အပြင် သူမတို့၏အလုပ်တာဝန်ကလည်း ပေါ့ပါးလှသည်။
လျိုယာနှင့် လျိုရှင်းတို့က အလုပ်တာဝန် အတော်များများကို တာဝန်ယူထားရသဖြင့် သူမတို့အား လစာတိုးပေးရန် ဝမ်ယဲ့ စဥ်းစားထားသေးသည်။
ရွှီယွဲ့ကျားနှင့် ပတ်သက်လျှင်တော့ သူ ပထမဆုံးအကြိမ် ကိတ်မုန့်စားစဥ်က "အေးအေးလူလူ" စားနေသည့် ပုံစံကို ဝမ်ယဲ့ ပြန်တွေးနေမိသည်။ ထိုအမူအရာက သူ ထိုမုန့်ကို သိပ်ပြီး မကြိုက်ဟူသော အဓိပ္ပာယ်လည်း ဖြစ်နိုင်သည်။
နှစ်သစ်ကူးပြီးကတည်းက ရွှီယွဲ့ကျားတစ်ယောက် အတော်လေး အလုပ်များနေခဲ့သည်။ အမှုသစ်များ မပေါ်ပေါက်ခဲ့သော်လည်း တရားရေးဝန်ကြီးဌာနတွင် ယခင်ဧကရာဇ်ဟောင်းလက်ထက်က ကျန်ရစ်ခဲ့သည့် အမှုဟောင်းများနှင့် လွဲမှားစွာ ကိုင်တွယ်ခဲ့သည့် အမှုပေါင်းများစွာ ပုံနေသေးသည်။ ၎င်းတို့အနက်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်က ပြန်စစ်ဆေးရန် လိုအပ်နေသည်။
နှစ်ရက်အကြာတွင် ရွှီနယ်စားမင်းက ရွှီယွဲ့ကျားကို ရှေ့အဆောင်တွင် အထူးတလည် စောင့်နေခဲ့ပြီး ညနေမိုးချုပ်မှသာ သူ့ကို တွေ့လိုက်ရသည်။
ရွှီယွဲ့ကျားက စာကြည့်ခန်းထဲသို့ ဝင်လာပြီး သူ၏ အစ်ကိုဖြစ်သူကို မြင်လိုက်ရသောကြောင့် သူ၏မျက်ဝန်းများထဲတွင် အံ့သြရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။
"အစ်ကို... တစ်ခုခု လိုအပ်လို့လား"
ရွှီနယ်စားမင်းကလည်း မည်သို့ စပြောရမှန်း မသိဖြစ်နေကာ အနည်းငယ် အနေရခက်နေသလို ခံစားနေရသည်။
"မင်းရဲ့ ဇနီးက မင်း မရီးရဲ့ မွေးနေ့အတွက် ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာ မင်း သိလား"
ရွှီယွဲ့ကျားက စားပွဲကို ပတ်လျှောက်သွားပြီး သူ့လက်ထဲမှ စာအုပ်ကို စင်ပေါ်သို့ တင်နေရင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သိပါတယ်"
ရွှီနယ်စားမင်းက သက်ပြင်းချပြီး ထပ်ပြောလိုက်သည်။
"ခယ်မလေးက ဒီပညာတွေကို ဘယ်ကနေ သင်လာလဲဆိုတာ ငါလည်း မသိတော့ဘူး၊ မွေးနေ့ကိတ်တွေ၊ နှလုံးသားပုံစံ မီးရှူးမီးပန်းတွေနဲ့ ချိုသာတဲ့ စကားလုံးတွေဆိုလားပဲ... မင်းရဲ့မရီးက အခုထိ အဲ့ဒါတွေကိုပဲ တဖွဖွ ပြောနေတုန်းပဲ"
ရွှီယွဲ့ကျားက ကိတ်မုန့်အကြောင်းကိုသာ သိထားပြီး ဝမ်ယဲ့၏ အခြားသော ပြင်ဆင်မှုများကိုတော့ မသိခဲ့ပေ။
သို့သော် ပုံပြင်စာအုပ်များ အပြည့်ရှိနေသည့် သူမ၏ စာအုပ်စင် နှစ်ခုကို တွေးကြည့်လိုက်လျှင် သူမ ဤကဲ့သို့ လုပ်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ရွှီယွဲ့ကျား၏ နှုတ်ခမ်းအစုံက အနည်းငယ် ကွေးညွှတ်သွားပြီး အစ်ကိုဖြစ်သူကို မော့ကြည့်ကာ ပြန်မေးလိုက်သည်။
"ဒါဆို... အစ်ကို ဒီနေ့ ဒီကို လာတာက အဲ့ဒါကြောင့်ပဲလား"
ရွှီနယ်စားမင်းက ပွင့်ပွင့်လင်းလင်း ပြောလာပြန်သည်။
"ကျင့်ရုံ၊ ကျင့်လင်းနဲ့ ငါပေးတဲ့ လက်ဆောင်တွေက ခယ်မလေးရဲ့ လက်ဆောင်နဲ့ ယှဥ်ရင် ဘာမှကို မဟုတ်တော့သလို ဖြစ်သွားတယ်"
ရွှီယွဲ့ကျားက အရေးမစိုက်သလို ပြန်ပြောလိုက်သည်။
"ဒါက အစ်ကိုတို့ အလေးအနက် မထားခဲ့လို့ ဖြစ်မှာပါ"
ရွှီနယ်စားမင်းတစ်ယောက် ခဏတာမျှ ဆွံ့အသွားရသည်။
ရွှီယွဲ့ကျားက ထပ်ပြောလိုက်သေးသည်။
"အစ်ကို... အခုထက်ပိုပြီး ကြိုးစားသင့်တယ်"
ရွှီနယ်စားမင်း၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားပုံပေါ်ပြီး ပြန်မေးလာခဲ့သည်။
"...ကျိထန်း၊ ငါပြောတာကို မင်း နားလည်ရဲ့လား"
ရွှီယွဲ့ကျားကတော့ မလှုပ်မယှက် တည်ငြိမ်နေမြဲပင်။ သူ တရားရေးဝန်ကြီးဌာနမှ အမှုတွဲဟောင်းအချို့ကို ယူလာခဲ့သောကြောင့် အိပ်ရာမဝင်မီ ပြန်လည်စစ်ဆေးရန် ပြင်ဆင်နေသည်။
"အဲဒါတွေက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
"ဒါက မင်းနဲ့ ဆိုင်တာပေါ့ကွ၊ ခယ်မလေးက မင်းရဲ့ ဇနီးလေ၊ မင်းအပေါ်မှာပဲ ပိုပြီး အာရုံစိုက်သင့်တာလေ၊ မင်းကို အာရုံမစိုက်နိုင်ရင်တောင် အနည်းဆုံးတော့ ရွှမ်အာအပေါ်မှာပဲ ဂရုစိုက်သင့်တာ မဟုတ်ဘူးလား၊ ဒါမှမဟုတ်လည်း အနောက်ဆောင်မှာပဲ အေးအေးဆေးဆေး နေပြီး ကောင်းကောင်းမွန်မွန် စားသောက်နေရုံပဲလေ၊ ငါတို့ နယ်စားမင်းအိမ်တော်က သူ့ကို နှိမ်ချဆက်ဆံမှာ မဟုတ်ပါဘူးကွာ၊ အခုတော့ ဘာလို့ မင်းရဲ့မရီးကိုပဲ အမြဲတမ်း တွယ်ကပ်နေရတာလဲ၊ မင်းက သူ့ရဲ့ ခင်ပွန်းဆိုတော့ သူ့ရဲ့ အမူအကျင့်တွေကို လမ်းညွှန်ပေးသင့်တယ်"
ရွှီယွဲ့ကျားက အေးအေးဆေးဆေး ပြန်မေးနေဆဲပင်။
"လင်ညီအစ်မအချင်းချင်း သင့်သင့်မြတ်မြတ် နေ နေတာက ကောင်းတာပဲ မဟုတ်ဘူးလား"
ရွှီနယ်စားမင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း စောဒကတက်နေပြန်သည်။
"ဒါပေမယ် ဒါက သင့်မြတ်တာထက် ပိုလွန်နေပြီလေ..... အရင်နှစ်တွေတုန်းကဆိုရင် မင်းမရီးက ငါ ပေးခဲ့တဲ့ လက်ဆောင်တွေကို အမြဲတမ်း နှစ်သက်ခဲ့တာ၊ ဒါပေမယ့် ဒီနှစ်တော့ သူ့ရဲ့ သဘောထားက လုံးဝကို ပြောင်းလဲသွားတယ်"
ရွှီနယ်စားမင်း ထုတ်မပြောခဲ့သည့် အချက်တစ်ခုက ရွှီယွိရွှမ် သင်ယူလာခဲ့သည့် ဆုတောင်းစကား နှစ်ခွန်းကပင် သူနှင့် သူ့သားများ ပေးသည့် လက်ဆောင်များထက် ပိုပေါ်လွင်တောက်ပနေကြောင်း ဖြစ်သည်။
ရွှီယွဲ့ကျား : "ဒါက ဝမ်ယဲ့နဲ့ ဘာဆိုင်လို့လဲ"
ရွှီနယ်စားမင်း : "သူနဲ့ ဆိုင်တာပေါ့၊ ပြီးတော့ မင်းက ခယ်မလေးရဲ့ ခင်ပွန်းလေ၊ သူ ဒီလိုပါးပါးနပ်နပ် ဖြစ်အောင် ဘယ်ကနေ သင်လာလဲဆိုတာ မင်း မသိဘူးလား"
ရွှီယွဲ့ကျားက ခဏတာမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ကျွန်တော် သိပါတယ်"
ရွှီနယ်စားမင်းကလည်း ချက်ချင်း တောင်းဆိုလာသည်။
"ဒါဆို ငါ့ကို ပြောပြလေ"
ရွှီယွဲ့ကျားက ခဏပင် တုံ့ဆိုင်းမနေဘဲ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"အစ်ကို တခြားနည်းလမ်းပဲ ရှာကြည့်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်"
‘နှစ်ပေါင်းများစွာ ပုံပြင်စာအုပ်တွေ ဖတ်ရှုပြီးမှ ရလာတဲ့ အတွေ့အကြုံဆိုတာက ဘယ်သူမဆို အလွယ်တကူ လိုက်လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ’
"ပြီးတော့..."
ရွှီယွဲ့ကျားက ထပ်ပြောနေသေးသည်။
"အစ်ကို... စကားပြောတာကို ဆင်ခြင်ပေးစေချင်ပါတယ်"
ရွှီနယ်စားမင်း : "...”
‘နောက်ဆုံးတော့ ငါ့အမှား ဖြစ်သွားပြီလား’
ရွှီနယ်စားမင်းက သက်ပြင်းချရင်း ညည်းညူနေပြန်သည်။
"လျိုယွမ်ကျိုက်က လက်ဝတ်ရတနာတွေပဲဆိုရင်တောင် ပုံစံကတော့ နှစ်တိုင်း မတူပါဘူးကွာ၊ ဒါပေမယ့် မင်းရဲ့ မရီးကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါ ပေးခဲ့တဲ့ လက်ဆောင်တွေက အတူတူပဲလို့ ဇွတ်ပြောနေတယ်၊ ဘာလက်ဆောင်ပေးမလဲဆိုတာ ကြိုသိနေလို့ ခန့်မှန်းဖို့တောင် ပျင်းနေပြီတဲ့လေ"
ဤကဲ့သို့သော ညည်းညူသံများကို သူ၏ ညီဖြစ်သူ ရွှီယွဲ့ကျားကိုသာ ပြောပြနိုင်သည်။ အကယ်၍ သူ သူ့သားများကို ပြောပြလိုက်ပါက နာရီဝက်အတွင်း သူ့ဇနီး၏နားထဲသို့ ထိုစကားများ ပြန်ရောက်သွားပေလိမ့်မည်။
'အတူတူပဲ' ဟူသော စကားစုကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျား၏ မျက်နှာထက်၌ အနေရခက်သော အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားသည်။ သူက အမှုတွဲစာမျက်နှာကို တစ်ရွက်လှန်လိုက်ပြီး နောက်ဆုံးတွင် မော့ကြည့်ကာ မေးလိုက်ပြန်သည်။
"အစ်ကို... ဒီရက်ပိုင်း အလုပ်မရှိဘူးလား"
ရွှီနယ်စားမင်းက ညီဖြစ်သူ၏ အကြည့်ကို မရှောင်လွှဲဘဲ ရင်ဆိုင်ကြည့်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဧကရာဇ်မင်းမြတ် ပေးထားတဲ့ တာဝန်တွေကို လွန်ခဲ့တဲ့ လဝက်ကတည်းက အပြစ်ပြောစရာမရှိအောင် အောင်အောင်မြင်မြင် ပြီးစီးခဲ့တာပါကွာ၊ မကြာသေးခင်ကတောင် တော်ဝင်လက်နက်တိုက်က လေးမြားတွေကို အဆင့်မြှင့်တင်တဲ့နေရာမှာ ကူညီပေးခဲ့သေးတယ်"
ရွှီနယ်စားမင်းက အများကိစ္စနှင့် ကိုယ်ပိုင်ကိစ္စကို ခွဲခြားရာတွင် အမြဲတမ်း တင်းကြပ်သူဖြစ်ပြီး အလုပ်ကို ဘယ်သောအခါမှ မနှောင့်နှေးစေသူ ဖြစ်သည်။ သူက အမြဲတမ်း အလုပ်တစ်ခုပြီးမှ နောက်တစ်ခုသို့ ကူးပြောင်းလေ့ရှိသည်။
ရွှီယွဲ့ကျားက သူ့ကို အကြံပေးလိုက်သည်။
"ဒီနေ့ ဧကရာဇ်မင်းမြတ် ပြောတာ ကြားလိုက်တယ်၊ ဆဋ္ဌမတပ်ရင်းက လက်နက်အချို့က မှတ်တမ်းတွေနဲ့ ကိုက်ညီမှု မရှိဘူးတဲ့၊ အစ်ကို အားနေတယ်ဆိုရင် အဲ့ဒါကို စစ်ဆေးပေးဖို့ ဘာလို့ အဆိုမပြုတာလဲ"
ရွှီနယ်စားမင်းက ထိုနေရာတွင်ပင် ချက်ချင်း သဘောတူမိတော့မလို ဖြစ်သွားသော်လည်း နောက်ဆုံးအချိန်တွင် သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့သည်။
‘ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ သင့်တော်တဲ့ နေရာနဲ့ အချိန်အခါ ရှိတယ်လေ။ အခုက အလုပ်ကိစ္စ ပြောဖို့ လာတာ မဟုတ်ဘူး’
ရွှီနယ်စားမင်းက လိုရင်းကို ထပ်ပြောလိုက်သည်။
"မင်း အားလပ်ချိန် ရှိလာရင် ခယ်မလေးနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောပေးဦး၊ မင်းအတွက် မဟုတ်တောင်မှ မင်းရဲ့ အစ်ကိုဖြစ်တဲ့ ငါ့အတွက်ပေါ့"
'ဟူး... ဆဋ္ဌမတပ်ရင်းမှာ တစ်ခုခု ထူးခြားနေလို့လား၊ ငါ စုံစမ်းကြည့်ဖို့ လိုမယ် ထင်တယ်'
ရွှီနယ်စားမင်းက ရွှီယွဲ့ကျား၏ အဖြေကိုပင် မစောင့်တော့ဘဲ ပြန်ထွက်သွားသည်။ သို့သော် သူ မထွက်သွားမီ ပြောဖြစ်အောင် ပြောသွားလိုက်သေးသည်။
"ဒါနဲ့... အဲ့ဒီကိတ်မုန့်ကို ဘယ်လိုလုပ်ရမလဲဆိုတာလည်း မေးပေးဦး"
.....။......။......
ထိုနေ့ညဦးပိုင်းတွင် ဝမ်ယဲ့ ဘေးအဆောင်မှ အပြင်သို့ လှမ်းထွက်လိုက်စဉ်မှာပင် ထောင်ကျီ ရောက်လာပြီး ရွှီယွဲ့ကျား အနောက်ဘက်ခြံဝင်းသို့ ဦးတည်လာနေကြောင်း သတင်းပို့ခဲ့သည်။ ထိုအရာက ဝမ်ယဲ့ကို အနည်းငယ် အံ့သြသွားစေသည်။ ပုံမှန်အားဖြင့် ဤအချိန်မျိုးတွင် ရွှီယွဲ့ကျားက အရှေ့ဘက်ခြံဝင်း၌သာ နေလေ့ရှိသောကြောင့် ဖြစ်သည်။
ရွှီယွဲ့ကျား ကိုယ်လက်သန့်စင်ပြီးချိန်တွင် ဝမ်ယဲ့က ကုတင်ပေါ်၌ လှဲလျောင်းနေရင်း စာအုပ်တစ်အုပ်ကို ကိုင်ထားပြီးသား ဖြစ်နေလေသည်။
ရွှီယွဲ့ကျား သူမ အနားသို့ ကပ်မလာမီမှာပင် ဝမ်ယဲ့က ဘေးကင်းစေရန်အတွက် အပွင့်လင်းဆုံးနည်းလမ်းကို ရွေးချယ်ကာ ကြိုပြောလိုက်သည်။
"ယောက်ျား... ကျွန်မ ဒီနေ့ နေလို့ သိပ်မကောင်းဘူး"
စောင်ကို မရန် ပြင်နေသည့် ရွှီယွဲ့ကျား၏ လက်များက လေထဲတွင် တုန့်ခနဲ ဖြစ်သွားသည်။ ခဏတာမျှ တိတ်ဆိတ်သွားပြီးမှ သူ ပြန်ပြောလာခဲ့သည်။
"မင်း အများကြီး တွေးနေပြီ"
"တော်သေးတာပေါ့"
ဝမ်ယဲ့က အလကားသက်သက် အများကြီး တွေးနေခြင်းတော့ မဟုတ်ပေ။ အမျိုးသားတစ်ယောက်တွင် ရံဖန်ရံခါ လိုအပ်ချက်များ ရှိတတ်မြဲဖြစ်ပြီး ရွှီယွဲ့ကျားကလည်း ခြွင်းချက် မဟုတ်ချေ။ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးအနေဖြင့် သူ ယခုကဲ့သို့ အချိန်မျိုးတွင် အနောက်ဘက်အဆောင်သို့ ရုတ်တရက် ပြန်လာအိပ်ခြင်းက ထိုသို့သော ကိစ္စရပ်များကို တွေးမိစေသည်မှာ သဘာဝပင် ဖြစ်သည်။
ရွှီယွဲ့ကျား ကုတင်ပေါ်သို့ တက်လာချိန်တွင် ဝမ်ယဲ့က သူမ၏စာအုပ်ကို ပိတ်လိုက်ပြီး ထပ်မေးလိုက်သည်။
"ယောက်ျား... ကျွန်မကို မေးစရာတစ်ခုခု ရှိလို့လား"
‘တကယ်လို့ အဲ့ကိစ္စ မဟုတ်ရင်တောင် အခြားအကြောင်းရင်း တစ်ခုခုတော့ ရှိမှာ သေချာတယ်။ ရွှီယွဲ့ကျားက အကြောင်းကိစ္စမရှိဘဲ ဒီလို ရောက်လာမယ့် လူစားမျိုး မဟုတ်ဘူး’
"ကိစ္စတစ်ခုတော့ ရှိတယ်"
ရွှီယွဲ့ကျားက ဖုံးကွယ်မပေးတော့ဘဲ ရွှီနယ်စားမင်းအတွက် ပြောပေးလိုက်သည်။
"အစ်ကိုက အဲ့ဒီကိတ်မုန့်လုပ်တဲ့ နည်းလမ်းကို မေးခိုင်းလိုက်လို့"
"ဒါပဲလား"
ရွှီယွဲ့ကျားက ခေါင်းတစ်ချက် ညိတ်ပြပြီးမှ သူမကို ကြည့်လိုက်သည်။
ဝမ်ယဲ့ကတော့ သူ့ကို ပြန်ကြည့်ရင်း ခေါင်းခါ ပြလိုက်သည်။
“မရဘူး”
‘ယောင်ရှီကို ပြောပြတယ်ဆိုတာက ငါ့အတွက် ဘာမှ မထိခိုက်စေလို့လေ၊ နယ်စားမင်းကို ပြောပြတာက တမျိုးဖြစ်သွားပြီ။ ငါ သူ့ကို ပြောပြလိုက်ရင် ငါ လုသခင်မ ဘေးမှာ နေဖို့ အကြောင်းပြချက် ပျောက်သွားမှာပေါ့’
ထိုအတွေးကြောင့် ဝမ်ယဲ့က ရွှီယွဲ့ကျားကို အကြံပေးလိုက်သည်။
"ဒီနေ့ ယောက်ျား ကျွန်မဆီကို မလာခဲ့ဘူးလို့ပဲ သဘောထားလိုက်ရင်ရော... ဘယ်လိုလဲ"
ရွှီယွဲ့ကျားက သူ့အစ်ကိုအတွက် ထိုနည်းလမ်း ရရှိရန် အထူးတလည် စိတ်အားထက်သန်နေခြင်း မရှိသော်လည်း ထပ်မေးလိုက်သေးသည်။
"ဒီနည်းလမ်းက အဲ့လောက်တောင် အရေးကြီးလို့လား"
သူ့မျက်ဝန်းထဲမှ မသိမသာ ထွက်ပေါ်လာသည့် ခံစားချက်ကို ကြည့်ပြီးနောက် သူ အလေးအနက် မထားမှန်း ဝမ်ယဲ့ ရိပ်မိနေသည်။
ထိုအချက်ကို သဘောပေါက်သွားသည့်အချိန်တွင် ဝမ်ယဲ့က သူမ၏ နှုတ်ခမ်းအစုံကို အနည်းငယ် ကွေးညွတ်ကာ ရှင်းပြလိုက်သည်။
"ခဲအိုအနေနဲ့ သူ့ဇနီး စိတ်ကျေနပ်အောင် လုပ်ပေးချင်တယ်ဆိုရင် သူ့ဘာသာသူ နည်းလမ်းရှာသင့်တာပေါ့၊ ကျွန်မဆီကနေ လာသင်နေရင် သူ့ဇနီးဆီက မျက်နှာသာပေးမှုကို သူ ရချင်မှ ရမှာနော်"
"တကယ်လို့ ကိုယ် စားချင်တယ်ဆိုရင်ရော... မင်း ဘယ်လို လုပ်မလဲ"
ရွှီယွဲ့ကျားက ရုတ်တရက် မေးလိုက်သည်။
ဝမ်ယဲ့က ခဏမျှ ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"ယောက်ျားရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင်တော့ သက်ရှည်ခေါက်ဆွဲက ပိုလိုက်ဖက်မယ်လို့ ကျွန်မ ထင်တယ်"
ထို့အပြင် ရွှီယွဲ့ကျား၏ မွေးနေ့က ဆောင်းဦးပေါက်မှဖြစ်ကြောင်း ဝမ်ယဲ့ ဝေဝေဝါးဝါး မှတ်မိနေသေးသည်။
‘ဟွန့်..... အချိန်တွေ အများကြီး လိုသေးတယ် မဟုတ်ဘူးလား’
"ပြုမူသမျှ အပြုအမူတိုင်းက စိတ်ရင်းပါသလို ထူးခြားမှုလည်း ရှိနေရမယ်လေ"
ဝမ်ယဲ့က တည်ကြည်သော အမူအရာဖြင့် မေးနေပြန်သည်။
"ယောက်ျား.... ရှင် ကျွန်မ ပြောတာကို နားလည်ရဲ့လား"
ရွှီယွဲ့ကျား၏ အကြည့်များက တည်ငြိမ်နေဆဲပင်။
"မင်း ကိုယ့်ကို သတိပေးနေတာလား"
ရွှီယွဲ့ကျားက ဝမ်ယဲ့၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်း ဖမ်းမိသွားသည်။
‘သူမရဲ့ မွေးနေ့ကလည်း သိပ်မဝေးတော့ဘူးပဲ’
ဝမ်ယဲ့က ခဏတာမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ကျွန်မက တခြားလူတွေနဲ့ မတူဘူးလေ၊ ကျွန်မက ကိုယ်တိုင်ဦးဆောင်ရတာကို ပိုကြိုက်တယ်"
ဤစကားက အဓိပ္ပာယ် နှစ်ခွထွက်နေလေသည်။
ဝမ်ယဲ့က ဖြည်းညှင်းစွာ လှဲလျောင်းလိုက်ပြီး မျက်လုံးမမှိတ်မီ ထပ်ပြောလိုက်သေးသည်။
"ယောကျာ်း... သေချာ စောင့်ကြည့်နေလိုက်နော်"
ရွှီယွဲ့ကျား : “....”