← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈ သူစိမ်း

အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့က မြို့တော်တွင် အကြာကြီး မနေထိုင်နိုင်ကြပေ။ အကြီးဆုံးအဒေါ်က မြို့တော်တွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်ပြီး အဆင်ပြေနေသေးသော်လည်း ယောင်ရှီကတော့ ထိုသို့မဟုတ်ပေ။ သူမက မြို့တော်သို့ နှစ်ကြိမ်သာ ရောက်ဖူးခဲ့သည်။

ပထမအကြိမ်က သူမ ငယ်ရွယ်စဉ်ကဖြစ်ပြီး သူမ၏ မှတ်ဉာဏ်များက ဝေဝါးနေပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူမ၏ ယောက္ခမနှင့်အတူ မြို့တော်သို့ လိုက်ပါလာခဲ့သော်လည်း ဧည့်ခံပွဲအချို့ တက်ရောက်ခဲ့ရရုံသာရှိပြီး မြို့တော်၏ ရှုခင်းများကို အမှန်တကယ် ခံစားကြည့်ရှုခွင့် မရခဲ့ရှာချေ။

ယခုအခါ သူမတို့ လင်းချန်သို့ ပြန်ရမည့်အချိန် နီးကပ်လာပြီ ဖြစ်သဖြင့် သူမက ထိုအခွင့်အရေးကို အသုံးချကာ မြို့တော်၏ ဓလေ့ထုံးစံများနှင့် ရှုခင်းများကို လေ့လာခံစားကြည့်ချင်နေသည်။

သူမ၏ ဆန္ဒကို သိရှိသွားသည့် ဝမ်ရှီက ထိုကိစ္စကို တာဝန်ယူလိုက်ပြီး နွေဦးရာသီ အပန်းဖြေခရီးအသွင်ဖြင့် ဆွေမျိုးအချို့နှင့် သူငယ်ချင်းများကို မြို့ပြင်သို့ အလည်အပတ်သွားရန် ဖိတ်ကြားခဲ့သည်။

ထိုသူများထဲတွင် ယောင်ရှီလည်း ပါဝင်သည်။ ဝမ်ရှီနှင့် ယောင်ရှီတို့က အချိန်အကြာကြီး အတူမနေခဲ့ရသော်လည်း ဆုံတွေ့ခဲ့ရသည့် အကြိမ်အနည်းငယ်အတွင်းမှာပင် အံ့ဩစရာကောင်းလောက်အောင် စိတ်တူကိုယ်တူ ဖြစ်ခဲ့ကြသည်။

ယောင်ရှီက ဖိတ်စာ လက်ခံရရှိသည်နှင့် အနောက်ဘက်ခြံဝင်းသို့ ရောက်လာပြီး ဝမ်ယဲ့ အတူလိုက်ရန် ဆန္ဒ ရှိ မရှိ မေးမြန်းခဲ့သည်။

ဝမ်ယဲ့လည်း ဖိတ်စာ ရရှိထားပြီးသားဖြစ်သည်။ မြို့ပြင်သို့ဟု ဆိုသဖြင့် သူမ ခဏမျှ စဉ်းစားကာ ပြန်ဖြေလိုက်သည်။

"ကျွန်မ လိုက်ခဲ့မယ်လေ"

‘အိမ်ထဲမှာ လဝက်လောက် ပိတ်မိနေပြီးပြီ ဆိုတော့ လတ်ဆတ်တဲ့ လေကောင်းလေသန့်လေး သွားရှူဖို့ အချိန်တန်ပြီ’

နွေဦးရာသီကြောင့် အရာအားလုံး ပြန်လည်သက်ဝင်လာသည်နှင့်အမျှ ဝမ်ယဲ့က လတ်ဆတ်သော တောဟင်းသီးဟင်းရွက် ချက်ပြုတ်နည်း အချို့ကို ရုတ်တရက် သတိရသွားသည်။

အပြင်ထွက်ရန်အတွက် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ရန် လိုအပ်သောကြောင့် ဝမ်ယဲ့က ယွင်ကျီနှင့် ထောင်ကျီတို့ကို ပေါ့ပေါ့ပါးပါး အဝတ်အစားနှစ်စုံ ပြင်ဆင်ထားခိုင်းလိုက်သည်။

ရာသီဥတုက အနည်းငယ် ပိုနွေးလာခဲ့ပြီဖြစ်သောကြောင့် လုသခင်မဘက်တွင်လည်း ဖိတ်စာအချို့ လက်ခံရရှိထားခဲ့သည်။ အချို့ကို ငြင်းပယ်၍ရသော်လည်း အချို့ကတော့ ငြင်းပယ်ရန် မသင့်တော်ပေ။

ဝမ်ယဲ့ ယောင်ရှီတို့နှင့်အတူ နွေဦးအပန်းဖြေခရီး သွားမည်ကို သိရှိရချိန်တွင် လုသခင်မက သူမကို အတင်းအကြပ် အဖော်လိုက်ခိုင်းခြင်း မပြုတော့ပေ။

လုသခင်မ ပထမဆုံး တက်ရောက်ရမည့် ဧည့်ခံပွဲက ကျင်းယွမ်မြို့စားမင်း၏ ဇနီး ကျင်းပသော ပန်းရှုစားပွဲတော် ဖြစ်သည်။ ထိုမြို့စား၏ အမွေခံဆက်ခံသူ သခင်လေးက ယမန်နှစ်ကပင် ဝမ်အိမ်တော်နှင့် ခမည်းခမက်တော်စပ်သော ယုံချန်းမှူးမတ်အိမ်တော်၏ ကိုးယောက်မြောက်သမီးနှင့် စေ့စပ်ထားပြီး ဖြစ်သည်။ ယုံချန်းမှူးမတ်အိမ်တော်က ဝမ်မိသားစုနှင့် ခမည်းခမက် တော်စပ်နေသလို နယ်စားမင်းအိမ်တော်နှင့် ဝမ်အိမ်တော်ကြားတွင်လည်း အလားတူ တော်စပ်မှု ရှိနေခဲ့သည်။

ကျင်းယွမ်မြို့စားမင်း၏ ဇနီးက မကြာမီ အရွယ်ရောက်တော့မည့် သူမ၏ သမီးဖြစ်သူအတွက် ဤပန်းကြည့်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

နယ်စားမင်းအိမ်တော်နှင့် ကျင်းယွမ်မြို့စားမင်းအိမ်တော်တို့က အလွန်အမင်း ရင်းနှီးကြသည်တော့ မဟုတ်ပေ။ အရေးအကြီးဆုံးဆက်နွယ်မှုက မကြာသေးမီအချိန်အတွင်း ကျင်းယွမ်မြို့စားမင်းအိမ်တော်မှ ကိုယ်လုပ်တော်ဖွား သမီးတစ်ဦးက ဝမ်မင်းသား၏ ကိုယ်လုပ်တော် ဖြစ်လာခဲ့ခြင်းနှင့် ဝမ်မင်းသားက ရွှူယွဲ့ကျားကို သိပ်သဘောကျပုံမရခြင်းပင်။

ဝမ်ယဲ့တို့ မြို့ပြင်သို့ သွားလည်ပတ်ရန် နေရာအား အတည်ပြုနေချိန်တွင် လုသခင်မက ပြောလာခဲ့သည်။

"အဲ့ဒီနားမှာ အနောက်ဘက်ခြံဝင်းရဲ့ ပိုင်ဆိုင်မှုထဲက အိမ်တော်လေးတစ်ခု ရှိနေတာ ငါ မှတ်မိတယ်၊ အဲ့ဒီမှာ သစ်သီးပင်တွေ စိုက်ထားတဲ့ တောင်ကုန်းလေးတစ်ခုလည်း ရှိတယ်၊ အခုဆိုရင် ပန်းတွေပွင့်နေမယ့် အချိန်ပဲ၊ အပြင်မှာ လည်ပတ်လို့ ပင်ပန်းလာရင် အဲ့ဒီကို သွားလို့ ရတယ်"

ဝမ်ယဲ့ သူမ၏ စကားအတိုင်း စိတ်ကူးကြည့်လိုက်ရာ အတော်လေး ကောင်းမွန်သည်ဟု ထောက်ခံမိသွားသည်။

သူမတို့ ပန်းပွင့်ဖတ်လေးများကို ခူးယူကာ မုန့်များပင် လုပ်စားနိုင်ကြလိမ့်မည်။ အနည်းဆုံးအနေဖြင့် ပန်းလက်ဖက်ရည် သောက်နိုင်ပေလိမ့်မည်။ ထို့ထက်ပို၍ ပန်းပွင့်လေးများ ထည့်ထားသော ရေချိုးစည်တွင် ရေစိမ်နိုင်သလို၊ ရေမွှေးအတွက် ပန်းပွင့်ဖတ်လေးများကို အမှုန့်ကြိတ်ပြီး သုံးနိုင်သေးသည်။

"လျိုယာက ငါနဲ့အတူ အဲ့ဒီကို တစ်ခါ ရောက်ဖူးတယ်၊ သူ့ကိုပါ ခေါ်သွားလိုက်"

လုသခင်မက ထပ်ပြောနေပြန်သည်။

“ညီမလေး နားလည်ပါပြီ၊ မမ”

ဝမ်ယဲ့ကလည်း ခေါင်းညိတ်လိုက်သည်။

ဒုတိယသခင်မနှင့်အတူ အပြင်ထွက်ရမည်ကို သိရှိသွားသော လျိုယာက အခန်းသို့ မပြန်ရသေးခင်မှာပင် ယူသွားရမည့် ပစ္စည်းများကို စာရင်းလုပ်နေလေသည်။

"ကျေးလက်မှာ ပိုးမွှားတွေ အများကြီး ရှိနိုင်တယ်၊ ဒါကြောင့် ပိုးမွှားပြေးတဲ့ ဆေးတွေ အများကြီး ယူသွားရမယ်၊ စားစရာနဲ့ သောက်စရာ အမျိုးမျိုးလည်း ယူသွားသင့်တယ်"

လောလောဆယ်တွင် အခြားအရာများကို မစဉ်းစားနိုင်သေးသောကြောင့် လျိုယာက လှမ်းမေးလိုက်သည်။

" လျိုရှင်း... ငါ တစ်ခုခု ကျန်ခဲ့သေးလား"

လျိုရှင်း မဖြေနိုင်မီမှာပင် လျိုယာက ထပ်ပြောလိုက်ပြန်သည်။

"ဪ... ဟုတ်သားပဲ၊ အပေါ်ရုံဝတ်စုံ နှစ်ထည်လည်း ယူသွားရမယ်။ ကျေးလက်မှာက လေတိုက်တာ ကြမ်းတယ်လေ"

လျိုရှင်းတစ်ယောက် မနေနိုင်တော့ဘဲ ပြန်မေးလိုက်သည်။

"ဒါက နွေဦးအပန်းဖြေခရီးထွက်ရုံတင်ပဲကို... နင်က ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"

လျိုယာက ဇဝေဇဝါမျက်နှာပေးဖြင့် ပြန်မေးနေသည်။

"ငါ စိတ်လှုပ်ရှားနေလို့လား"

"အင်းလေ၊ စိတ်လှုပ်ရှားနေတာပဲကို”

လျိုယာက သူမကို ထူးဆန်းသလို ကြည့်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"လျိုရှင်း ... နင်ရော... လိုက်ချင်လို့လား"

လျိုရှင်းက အလျင်အမြန် ငြင်းဆိုလိုက်သည်။

"နင် အတွေးလွန်နေပြီ"

လျိုရှင်း၏ အမူအရာက ဟန်ဆောင်နေခြင်း မဟုတ်သည်ကို မြင်လိုက်ရချိန်တွင် လျိုယာက ထပ်ပြောလိုက်ပြန်သည်။

"ဒီနေ့ ငါက ဒုတိယသခင်မနောက်ကို လိုက်ရမှာဆိုတော့... နင်ပဲ အနောက်ဘက်ခြံဝင်းကို ငါ့ကိုယ်စား သေချာကြည့်ပေးထားဦးနော်။ 'တော်တဲ့သူက အလုပ်ပိုလုပ်ရတာပဲ' မဟုတ်လား"

ဤစကားစုက လျိုယာ ဝမ်ယဲ့ထံမှ သင်ယူထားခြင်း ဖြစ်သည်။

လျိုရှင်း : "..."

နောက်ဆုံးတွင် အကြီးဆုံးအဒေါ်က လုသခင်မနှင့်အတူ ကျင်းယွမ်မြို့စားမင်းအိမ်တော်သို့ လိုက်ပါသွားပြီး ဝမ်ယဲ့နှင့် ယောင်ရှီတို့က ဝမ်ရှီ၏ ဖိတ်ကြားချက်ဖြင့် မြို့ပြင်သို့ နွေဦးအပန်းဖြေခရီး ထွက်လာခဲ့ကြသည်။

သူတို့လေးယောက်စလုံး အိမ်တော်မှ တစ်ချိန်တည်း ထွက်လာခဲ့ကြသည်။ ဝမ်ယဲ့တို့နှစ်ဦး ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်ကို မြင်နေရသည့် အကြီးဆုံးအဒေါ်က အားကျသလိုဖြင့် ပြောနေပြန်သည်။

"ငယ်ရတာ အရမ်းကောင်းတာပဲ”

အမှန်တကယ်တွင် သူမလည်း နွေဦးအပန်းဖြေခရီးကို လိုက်ပါချင်နေမိသည်။

သို့သော်လည်း ကျင်းယွမ်မြို့စားမင်း၏ ဇနီးဘက်မှ မောင်ဖြစ်သူက ဝန်ထမ်းရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ 'သားသမီးတွေ အရွယ်ရောက်သွားရင် သူတို့အတွက် စိုးရိမ်စရာမလိုတော့ဘူး' ဟု ပြောလေ့ရှိကြသော်လည်း အကြီးဆုံးအဒေါ်ကတော့ ထိုသို့မခံစားရပေ။

ယခုအချိန်တွင် သူမ၏သားက အောင်မြင်မှုအတော်အသင့် ရနေပြီဖြစ်သော်လည်း သူမအတွက်တော့ စိုးရိမ်ပူပန်စရာများ ပေးနေဆဲပင်။

'ငါ အတိတ်ဘဝက ဘယ်လို အကုသိုလ်ကံတွေများ ကျူးလွန်ခဲ့မိလို့ ဒီလို အလိုလိုက်ခံ သားတစ်ယောက်ကို မွေးခဲ့မိတာလဲ'

ယောင်ရှီက သူမ၏ယောက္ခမကို မျက်လုံးချင်း တည့်တည့်မကြည့်ရဲတော့ပေ။ သူမ၏ယောက္ခမ အကြီးဆုံးယောင်းမနှင့်အတူ ကျင်းယွမ်မြို့စားမင်းအိမ်တော်ရှိ ဧည့်ခံပွဲသို့ တက်ရောက်ရမည်ကို သိလိုက်ရချိန်တွင် သူမ ရင်ထဲ၌ တိတ်တဆိတ် ဝမ်းသာနေမိသည်။

ဤသို့တွေးမိခြင်းက မှားယွင်းနေမှန်း သူမ သိနေသော်လည်း မတွေးဘဲလည်း မနေနိုင်ခဲ့ပေ။ ယောက္ခမဖြစ်သူ လူမှုရေးကိစ္စများအတွက် တာဝန်ယူနေရချိန်တွင် သူမ အပန်းဖြေခရီး ထွက်ခွင့်ရခြင်းက ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

အပြင်လူများရှိစဉ် သူမ အတည်ငြိမ်ဆုံး အနေအထားဖြင့် ထိန်းထားနိုင်ခဲ့သော်လည်း မြင်းရထားပေါ်သို့ ရောက်သွားပြီး ဝမ်ယဲ့တစ်ယောက်တည်း ရှိနေချိန်တွင်တော့ ယောင်ရှီ မအောင့်နိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်မိသည်။

ဝမ်ယဲ့က သူမ၏ရယ်သံကို ကြားသွားပြီး စပ်စုလိုက်သည်။

"ဘာတွေ သဘောကျနေတာလဲ"

ယောင်ရှီက သူမ၏ခေါင်းလေးကို ခါယမ်းပြီးမှ ရှင်းပြနေသည်။

"ဒုတိယယောင်းမ... ယောင်းမ နားလည်မှာ မဟုတ်ပါဘူး၊ ကျွန်မတို့ လင်းချန်မှာသာ ရှိနေရင် ဒီနေ့ ဧည့်ခံပွဲတက်ရမှာက ကျွန်မ ဖြစ်နေပြီး၊ နွေဦးအပန်းဖြေခရီး ထွက်ရမှာက ကျွန်မရဲ့ယောက္ခမ ဖြစ်နေမှာလေ"

နှစ်လနီးပါး အတူတူ နေထိုင်ပြောဆိုလာခဲ့ပြီးနောက် ဝမ်ယဲ့နှင့် သူမ၏ယောက္ခမက အချို့နေရာများတွင် တူညီနေကြမှန်း ယောင်ရှီ သိထားသောကြောင့် သူမ၏ အတွေးများကို ရင်ဖွင့်နေခြင်း ဖြစ်သည်။

ဝမ်ယဲ့က လင်းချန်ရှိ အကြီးဆုံးအဒေါ်၏ ဘဝအကြောင်းကို စိတ်ဝင်စားနေပြီး အပြုံးဖြင့် ထပ်မေးလိုက်သည်။

"အကြီးဆုံးအဒေါ်က တကယ်ပဲ အဲ့ဒီလောက်တောင် စိတ်ဝင်စားဖို့ကောင်းတာလား"

ယောင်ရှီကတော့ ရင်ဖွင့်နေရှာသည်။

"ဟုတ်တယ်၊ ကျွန်မနဲ့ ကျွန်မရဲ့ ခင်ပွန်း လက်ထပ်ပြီး နှစ်လအတွင်းမှာ ယောက္ခမက အိမ်ရဲ့ စီမံခန့်ခွဲမှု တာဝန်တွေကို ကျွန်မလက်ထဲ အပ်လိုက်တာ၊ အဲ့ဒီအချိန်ကစပြီး လင်းချန်က အရာရှိကတော်တွေနဲ့ ဆက်ဆံရတာက ကျွန်မအလုပ် ဖြစ်လာပြီး၊ ကျွန်မရဲ့ယောက္ခမကတော့ အေးအေးဆေးဆေး အပန်းဖြေနေတော့တာပဲ"

အချိန်ကြာလာသည်နှင့်အမျှ သူမ၏ယောက္ခမတွင် အခြားသားတစ်ယောက် ရှိပါက သူမနှင့်အတူ အလုပ်များ ဝေမျှလုပ်ကိုင်ပေးမည့် ယောင်းမတစ်ယောက် ရှိလာနိုင်မည်ဟုပင် ယောင်ရှီ ကြောင်တောင်တောင် တွေးတတ်လာခဲ့သည်။

ထိုအတွေးကြောင့် ယောင်ရှီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် အပြစ်ရှိသလို ခံစားချက်များ ရောယှက်နေလေသည်။

"ရိုးရိုးသားသားပြောရရင် ကျွန်မ... ကျွန်မရဲ့ ယောက္ခမအပေါ် အားနာမိသလို သူ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်၊ ယောက္ခမက ကျွန်မရဲ့ ခင်ပွန်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရပြီး ကျွန်မခင်ပွန်းရဲ့ အနာဂတ်အတွက် အများကြီး ရုန်းကန်ခဲ့ရတာပါ၊ အခု သားက အိမ်ထောင်ကျပြီး အခြေကျသွားတော့ ယောက္ခမအနေနဲ့ အနားယူချင်တာကို ကျွန်မ နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် တစ်ခုရှိတာက... ယောက္ခမက ကျွန်မရဲ့ ရှေ့တင် ဗြောင်ကျကျ အေးအေးဆေးဆေး အနားယူပြပြီး ပျော်ရွှင်ပြနေလို့ပါ"

ယောင်ရှီတစ်ယောက် ယခင်က ဤအကြောင်းရင်းကို နားမလည်ခဲ့သော်လည်း ယနေ့ ယောက္ခမဖြစ်သူ၏ မျက်လုံးများထဲမှ အရိပ်အယောင်ကို မြင်လိုက်ရမှသာ စတင်သဘောပေါက်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းက ပျော်ရွှင်မှုကို နှစ်ဆတိုးစေမှန်း သူမ သိသွားခဲ့ချေပြီ။

ဝမ်ယဲ့ကတော့ ပြောစရာမလိုအောင် နားလည်ပြီးသား ဖြစ်သည်။ အကြီးဆုံးအဒေါ်၏ အတွေးအခေါ်က သူမနှင့် တော်တော်လေး ဆင်တူလှသဖြင့် သူမအနေဖြင့် ကိုယ်ချင်းစာပေးနိုင်သည်။

ဝမ်ယဲ့က ပြုံးလိုက်ပြီး ယောင်ရှီ၏ ဒူးလေးကို ပုတ်ကာ လှမ်းပြောလိုက်သည်။

"ဒီနေ့တော့ စိတ်လွတ်ကိုယ်လွတ် ပျော်လိုက်ပါ၊ အပြစ်ရှိသလိုမျိုး ခံစားမနေနဲ့တော့၊ ဘာပဲဖြစ်ဖြစ် နင်က ဒီတစ်ရက်လေးပဲ အနားယူရတာလေ၊ အဲ့ဒီလိုပဲ... နင့်ယောက္ခမကလည်း ဒီနှစ်ရက်လောက်ပဲ သည်းခံရမှာ"

ယောင်ရှီကတော့ မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေပုံရသည်။

ခဏကြာမှသာ သူမက ထစ်ထစ်ငေါ့ငေါ့ ပြောလာခဲ့သည်။

"ဒုတိယယောင်းမ... ယောင်းမက... ယောင်းမက လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ ကောင်းကောင်းကြီး သိတာပဲ"

သူမတို့က ဝမ်ရှီနှင့် မြို့တံခါးအပြင်ဘက်တွင် တွေ့ဆုံရန် ချိန်းဆိုထားကြခြင်း ဖြစ်သည်။

ဝမ်ယဲ့နှင့် ယောင်ရှီအပြင် ဝမ်ရှီက သူမ၏ အပျိုဘဝကတည်းက အရင်းနှီးဆုံး သူငယ်ချင်းကိုလည်း ဖိတ်ထားသေးသည်။ ထိုသူငယ်ချင်းဖြစ်သူက သူမ၏ ညီမငယ်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့သည်။ ဝမ်ယဲ့နှင့် ယောင်ရှီတို့ မြို့တံခါးသို့ ရောက်ရှိသွားချိန်တွင် ဝမ်ရှီက ထိုနေရာသို့ ကြိုရောက်နှင့်နေပြီ ဖြစ်သည်။

ဝမ်သခင်မက သူမတို့ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါ့ရဲ့သူငယ်ချင်းကောင်း ကျင့်ရှန်း၊ ပြီးတော့ ဒါက သူ့ရဲ့ညီမလေး ကျင့်ယောင်"

အသီးသီး နှုတ်ဆက်စကားများ အပြန်အလှန် ပြောပြီးနောက် သူမတို့နှစ်ဦးက ထုံးတမ်းရေးရာဝန်ကြီးဌာနမှ အမတ်မင်းရွှယ်၏ သမီးများဖြစ်ကြောင်း ဝမ်ရှီထံမှတစ်ဆင့် ဝမ်ယဲ့ သိရှိခဲ့ရသည်။ သို့သော်လည်း ရွှယ်ကျင့်ရှန်းက အိမ်ထောင်ကျသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်ကာ တစ်နှစ်အရွယ် ကလေးတစ်ယောက်ပင် ရှိနေပြီ ဖြစ်သည်။

ရွှယ်ကျင့်ယောင်ကတော့ အသက်ဆယ့်လေးနှစ်သာ ရှိသေးသည်။ သူမ ဆောင်းရာသီတစ်ခုလုံး အိမ်တော်ထဲ၌ ပိတ်လှောင်နေခဲ့ရပြီး အတော်လေး ပျင်းရိငြီးငွေ့နေခဲ့သည်။ သူမ၏အစ်မဖြစ်သူက သူငယ်ချင်းနှင့်အတူ နွေဦးအပန်းဖြေခရီး ထွက်မည်ဟု သိလိုက်ရချိန်တွင် သူမလည်း အတူလိုက်နိုင်ရန် ပူဆာခဲ့ခြင်း ဖြစ်သည်။

ထိုမိန်းကလေးထံမှ ငယ်ရွယ်နုပျိုသော အငွေ့အသက်များ ခံစားရစေပြီး ပါးဖောင်းဖောင်းလေးများနှင့် တောက်ပရွှန်းလဲ့သော မျက်ဝန်းများက ဖြူစင်အေးဆေးသည့် မိန်းမပျိုလေးတစ်ဦးဖြစ်ကြောင်း သိသာနေသည်။

ဝမ်ယဲ့က သူမကို ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

‘သူက တကယ်ကို ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ’

နွေဦးအပန်းဖြေခရီးကို မြို့ပြင်ရှိ ရှုခင်းလှပပြီး စမ်းချောင်းကွေး‌ကွေးလေးများ ရှိရာ ချွမ်းဖုန်းအဆောင်အနီးတွင် လည်ပတ်ကြခြင်း ဖြစ်သည်။

(ချွမ်းဖုန်း = နွေဦးလေပြေ)

လမ်းခရီးတွင် ရွှယ်ကျင့်ရှန်းက ဝမ်ရှီကို ပြောပြနေသည်။

"နင်သာ မဖိတ်ဘူးဆိုရင် ငါ အပြင်ထွက်နိုင်ဖို့တောင် မလွယ်တော့ဘူး"

ရွှယ်ကျင့်ရှန်း၏ ခင်ပွန်းမိသားစုကလည်း မှူးမတ်မျိုးနွယ်မှ ဖြစ်ကြသည်။ သို့သော်လည်း သူမ၏ယောက္ခမက အနည်းငယ် မာန်မာနထားတတ်သူမျိုး ဖြစ်သည်။

ဝမ်ရှီက မြေးဖြစ်သူအပေါ် အလွန်အမင်း အလိုလိုက်တတ်သည့် သူမ သူငယ်ချင်း၏ ယောက္ခမအကြောင်းကို ကြားသိထားပြီး ဖြစ်သည်။ ထိုမြေး၏ မိခင်ဖြစ်နေသည့် ရွှယ်ကျင့်ရှန်းလည်း ကလေးအနားတွင် အချိန်ပြည့် ရှိနေရမည်ဟု အတင်းအကျပ် သတ်မှတ်ခံထားရပုံပေါ်သည်။

သို့သော် ဤကိစ္စများက ပြင်ပလူဖြစ်သည့် ဝမ်ရှီအနေဖြင့် ဝင်ရောက်မှတ်ချက်ပေးရန် မသင့်တော်ပေ။ သူမက ပြေရာပြေကြောင်းသာ ပြောလိုက်သည်။

"ဒီနေ့ကတော့ ပျော်ဖို့ သက်သက်ပဲလေ၊ တခြားအကြောင်းတွေကို ခေတ္တဘေးဖယ်ထားလိုက်ကြရအောင်"

ရွှယ်ကျင့်ရှန်းက ထိုအချက်ကို တွေးတောကာ သဘောတူလိုက်ပြီး စိတ်ပေါ့ပါးသွားသည့်အလား ပြုံးလိုက်သည်။

သူမတို့ သတ်မှတ်ထားသည့်နေရာသို့ ရောက်သွားချိန်တွင် ဝမ်ရှီ၊ ယောင်ရှီနှင့် ရွှယ်ကျင့်ရှန်းတို့ကည် နွေဦးရှုခင်းကို ခံစားရင်း စကားစမြည်ပြောရန် ချွမ်းဖုန်းအဆောင်သို့ သွားထိုင်နေခဲ့ကြသည်။

ဝမ်ယဲ့ကတော့ သူမတို့နှင့်အတူ မလိုက်သွားခဲ့ပေ။ သူမက ငါးမျှားတံတစ်ချောင်း ယူလာခဲ့ပြီး နေ့လယ်စာအတွက် ငါးကင်လုပ်ရန် ငါးအချို့ကို ကိုယ်တိုင် ဖမ်းယူချင်နေလေသည်။

လိုက်ပါလာသည့် အစေခံများနှင့် ကျေးကျွန်များအပြင် မိသားစုတစ်ခုချင်းစီက သူမတို့ ဘေးကင်းလုံခြုံစေရန်အတွက် လျှို့ဝှက်စောင့်ရှောက်ပေးမည့် ကိုယ်ရံတော်များကိုပါ တိတ်တဆိတ် စေလွှတ်ထားကြသည်။

ထိုကိုယ်ရံတော်များက ကိုယ့်တာဝန်နှင့်ကိုယ် ရှိနေမှန်း သိနေသည့် ဝမ်ယဲ့က ကြိုတင်ပြင်ဆင်လာခဲ့ပြီး ဦးလေးချိုးအား သူ့သားနှင့်အတူ လိုက်လာရန် ညွှန်ကြားထားခဲ့သည်။

ယခုအခါ ဖခင်ဖြစ်သူက ရထားလုံးကို စောင့်ကြည့်နေပြီး သားဖြစ်သူကတော့ ဝမ်ယဲ့ ငါးစာအဖြစ်သုံးရန် တီကောင်များကို တူးပေးနေသည်။

ရွှယ်ကျင့်ယောင်ကလည်း ငယ်ရွယ်သူပီပီ ငြိမ်ငြိမ်လေး မနေနိုင်တော့ပေ။ သူမက ဝမ်ယဲ့ကို စတွေ့ကတည်းက ပေါင်းသင်းရလွယ်မည့်သူဟု ခံစားခဲ့ရပြီး ဝမ်ယဲ့ သူမကို ပြုံးပြလိုက်ချိန်တွင် ထိုအချက်က ပိုသေချာသွားခဲ့သည်။

ဦးလေးချိုး၏သားဖြစ်သူ ချိုးရှစ်က တီကောင်အချို့နှင့်အတူ ပြန်ရောက်လာပြီး ငါးမျှားချိတ်တွင် တပ်ဆင်နေလေပြီ။

ထိုအရာကို မြင်နေရသော ရွှယ်ကျင့်ယောင်က မသိမသာ နောက်ဆုတ်သွားပြီး လှမ်းမေးနေသည်။

"အစ်မယဲ့... ကျွန်မတို့ ငါးဖမ်းဖို့ ဒါကို တကယ်ကြီး သုံးမှာလားဟင်"

ဝမ်ယဲ့က ချိုးရှစ် ငါးစာတပ်ဆင်ပြီးသည်ကို စောင့်နေရင်း ထိုမိန်းမငယ်လေး၏ အမေးကို အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။

"ဒါပေါ့၊ ငါးတွေက ဒါကို အကြိုက်ဆုံးလေ"

သူမ၏ ဘဝတစ်လျှောက်လုံး ဤမျှ အရုပ်ဆိုးသော အကောင်မျိုးကို မမြင်ဖူးသည့် ရွှယ်ကျင့်ယောင်က လက်ခံရန် တုံ့ဆိုင်းနေလေသည်။

ဝမ်ယဲ့ ငါးမျှားကြိုးကို ရေထဲသို့ ပစ်ချလိုက်ပြီးမှသာ သူမ စပ်စုချင်စိတ်ဖြင့် အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာကာ မေးနေပြန်သည်။

"ဒါနဲ့ တကယ်ပဲ ငါး မိနိုင်လို့လား"

မြက်ခင်းပြင်ပေါ်တွင် ဖျာတစ်ချပ် ခင်းထားပြီး ဝမ်ယဲ့က ငါးမျှားတံကို ကိုင်ကာ ထိုအပေါ်သို့ ဝင်ထိုင်လိုက်သည်။

"ဒါပေါ့၊ ငါက ငါးမျှားတဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ပဲ"

ရွှယ်ကျင့်ယောင်က မယုံတဝက် ယုံတဝက်ဖြင့် သူမ၏ အစေခံကို နောက်ထပ် ဖျာတစ်ချပ် ခင်းခိုင်းကာ ဝမ်ယဲ့၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ချွမ်းဖုန်းအဆောင်ထဲတော့ ရွှယ်ကျင့်ရှန်းက ထိုမြင်ကွင်းကို ကြည့်နေရင်း မနေနိုင်ဘဲ ပြောနေလေသည်။

"ကျင့်ယောင်နဲ့ ရွှီသခင်မတို့ ဒီလောက်အထိ အဆင်ပြေပြေ ပေါင်းမိသွားလိမ့်မယ်လို့ ငါ တခါမှ မတွေးမိခဲ့ဘူး"

ဝမ်ရှီက တခိခိ ရယ်မောရင်း ဝင်ပြောလိုက်သည်။

"ဒုတိယယောင်းမက သဘောကောင်းပြီး ကြင်နာတတ်တယ်၊ ပျော်ပျော်လည်း နေတတ်တော့ ကျင့်ယောင်လို ကလေးစိတ် မကုန်သေးတဲ့ ကောင်မလေးတွေက သူ့ကို သဘောကျကြတာ သဘာဝပါပဲ"

ယောင်ရှီကလည်း ထိုအချက်ကို ခေါင်းညိတ် ထောက်ခံနေသည်။

ရွှယ်ကျင့်ရှန်းက လွန်ခဲ့သော နှစ်နှစ်အတွင်း အိမ်တော်ပြင်ပသို့ သိပ်မထွက်ဖြစ်သဖြင့် ဝမ်ယဲ့အကြောင်းကို ဘာမျှ မသိထားခဲ့ပေ။ ယခုအခါ ထိုနှစ်ယောက် သက်သောင့်သက်သာဖြင့် ရင်းရင်းနှီးနှီး ရှိနေကြသည်ကို မြင်ရသဖြင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် စိတ်အေးသွားရသည်။

သူမတွင် ဤညီမလေး တစ်ယောက်တည်းသာ ရှိပြီး သူမ၏ ညီမက အနည်းငယ် စိတ်လိုက်မာန်ပါ လုပ်တတ်သူ ဖြစ်သည်။ သူမ၏ အရွယ်ရောက်အခမ်းအနား တစ်နှစ်ပင် မလိုတော့သည့် အချိန်တွင် ကျင့်ယောင်တစ်ယောက် တစ်စုံတစ်ဦးကို မတော်တဆ စိတ်အနှောင့်အယှက် ဖြစ်စေမိပြီး နောင်တစ်ချိန် သူမ၏အိမ်ထောင်ရေးအပေါ် ထိခိုက်မည်ကို ရွှယ်ကျင့်ရှန်း စိုးရိမ်နေခြင်း ဖြစ်သည်။

ဝမ်ရှီက သူငယ်ချင်းဖြစ်သူ၏ လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ငါ့ရဲ့ ဒုတိယယောင်းမက တကယ်ကို အခြေအနေ အရိပ်အကဲ နားလည်တဲ့သူပါ"

စမ်းချောင်းလေးဘေးတွင် နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရွှယ်ကျင့်ယောင်က ရေပုံးထဲတွင် အားမရှိသလို ကူးခတ်နေသော ငါးအသေးလေး အနည်းငယ်ကို ကြည့်ကာ မပြောဘဲ မနေနိုင်တော့ပေ။

"အစ်မယဲ့... တစ်ယောက်ယောက်ကို ဝါးခြင်းတောင်းယူပြီး ဆင်းခပ်ခိုင်းလိုက်ရင် ဒီထက် ပိုမြန်မယ် ထင်တယ်နော်"

နာရီဝက်ကြာမှ ငါးအသေးလေး သုံးကောင်သာ ဖမ်းမိထားသော ဝမ်ယဲ့လည်း ခဏတာမျှ ဆွံ့အသွားရသည်။

သူမ ပြောလိုက်သည်မှာ မှားသွားပြီဟု ခံစားလိုက်ရသည့် ရွှယ်ကျင့်ယောင်က အမြန် ထပ်ပြောလိုက်သည်။

"အစ်မယဲ့... ကျွန်မတို့ တောထွက် ဟင်းသီးဟင်းရွက် သွားတူးကြရင်ကော ဘယ်လိုလဲ၊ ကျွန်မ အဲ့ဒါမျိုး တစ်ခါမှ မလုပ်ဖူးဘူး"

ဝမ်ယဲ့က အနည်းငယ် အေးစက်စက် လေသံဖြင့် ချောင်းဟန့်လိုက်ပြီး ငါးမျှားတံကို ပစ်ချလိုက်သည်။

"နင်က အဲ့ဒါကို လိုချင်တယ်ဆိုတော့လည်း ငါ ခဏလောက် လိုက်ခဲ့ပေးပါ့မယ်"

ထောင်ကျီက ရယ်ချင်စိတ်ကို အောင့်ထားရင်း ချိုးရှစ်ကို ဝါးခြင်းတောင်းယူကာ ငါးအသေးလေးအချို့ကို ခပ်ယူရန် တိုးတိုးလေး ညွှန်ကြားနေသည်။

စမ်းချောင်းရေက တိမ်ပြီး ငါးကြီးများ နည်းပါးလှသည့်အပြင် ၎င်းတို့က အလွန်လည်း ပါးနပ်ကြသည်။ ထို့ကြောင့် ငါးအသေးလေးများကိုသာ ဖမ်းယူနိုင်မည်ပင်။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင် ထိုငါးလေးများကို ကြက်ဥနှစ်ဖြင့် လူးကာ ကြော်စားပါက အလွန်အရသာရှိသော သရေစာတစ်မျိုး ဖြစ်လာနိုင်သေးသည်။

ငါးကင်စားရန် အစီအစဉ်ကတော့ ဖြစ်နိုင်ခြေ မရှိတော့ပေ။

တောဟင်းသီးဟင်းရွက်များထဲတွင် ဝမ်ယဲ့က သိုးကျောင်းသားမုန်ညှင်း တစ်မျိုးတည်းကိုသာ ခွဲခြားသိပြီး ၎င်းတို့ကိုသာ အာရုံစိုက်တူးနေလေသည်။

တစ်ဖက်တွင်မူ ရွှယ်ကျင့်ယောင်က မည်သည့်အပင်ကိုမျှ ခွဲခြား မသိပေ။ အကြိမ်အနည်းငယ် ကြိုးစားတူးပြီးနောက် သူမ၏တောင်းထဲတွင် ပါလာသမျှက ပေါင်းပင်များသာ ဖြစ်နေလေသည်။

သို့သော်လည်း တောဟင်းသီးဟင်းရွက်တူးရခြင်း၏ ပျော်ရွှင်မှုက ထိုကျေးလက်ဆန်ဆန် လှုပ်ရှားမှုလေး၏ ရိုးရှင်းသော အလှတရားဆီမှသာ ရရှိနိုင်သည်။

တောင်းတစ်ဝက်ခန့် ပြည့်သွားချိန်တွင် ဝမ်ယဲ့ ရပ်တန့်လိုက်သည်။ ဤကဲ့သို့သော လှုပ်ရှားမှုမျိုး၏ ဆွဲဆောင်မှုက အချိန်အကြာကြီး မလုပ်မိစေရန်သာ ဖြစ်သည်။

သူမ၏တောင်းကို ပစ်ထားခဲ့သည်မှာ ကြာနေပြီ ဖြစ်သော ရွှယ်ကျင့်ယောင်က တောပန်းစည်းကြီးတစ်စည်းနှင့်အတူ ပြန်ရောက်လာသည်။

သူမက ထိုပန်းလေးများကို 'နီနီလေး'၊ 'ခရမ်းလေး'၊ 'ဝါဝါလေး'၊ 'ပန်းရောင်လေး' နှင့် 'ဖြူဖြူလေး' ဟု နာမည်များပင် ပေးထားသေးသည်။

ဝမ်ယဲ့ကတော့ ထိုအမည်များကို နားထောင်ရင်း ခဏမျှ ဆွံ့အသွားရသည်။

'ရွှယ်ကျင့်ယောင်က ငါ့ထက်တောင် ကလေးဆန်နေတာပဲ'

ဝမ်ယဲ့က သူမ၏လက်ထဲမှ တောက်ပနေသော 'ဟွေ့ဟွေ့လေး' ကို တစ်ချက် ကြည့်လိုက်မိသည်။

ထိုအချိန်တွင် ချိုးရှစ်နှင့် အခြားအစေခံနှစ်ဦးက စမ်းချောင်းထဲမှ ငါးလေးများကို ပုံးတစ်ဝက်ခန့် ရအောင် ခပ်ယူနိုင်ခဲ့ကြသည်။

အချိန်များ ကုန်ဆုံးသွားသည်မှာ မြန်ဆန်လှသည်။

ချန်းနန်မြို့စားမင်းအိမ်တော်ကလည်း ဤနေရာနှင့် မလှမ်းမကမ်း၌ စိုက်ပျိုးရေးခြံတစ်ခု ရှိနေသည်။ သို့သော်လည်း လုသခင်မနှင့် ဝမ်ယဲ့တို့ ပြောဆိုခဲ့သည့်နေရာနှင့် ယှဉ်လျှင် နှစ်ဆလောက် ပိုဝေးသည့်အပြင် ထိုနေရာ၏ ရှုခင်းကလည်း သိပ်မလှပေ။

ပြင်ပလူများလည်း မရှိဘဲ အားလုံးက ရင်းနှီးသော ဆွေမျိုးများသာ ဖြစ်သဖြင့် ဝမ်ရှီက ဝမ်ယဲ့ အကြံပြုထားသော ခြံဝင်းသို့သွားရန် သဘောတူလိုက်သည်။ မြင်းရထားပေါ်တွင် အချိန်အကြာကြီး လှုပ်ခါစီးနင်းနေရမည့် ဒုက္ခမှ ကင်းဝေးသွားသဖြင့် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။

ဝမ်ရှီက အခြေအနေကို ရွှယ်ကျင့်ရှန်းကို ရှင်းပြပြီးနောက် ရွှယ်ကျင့်ရှန်းကလည်း ကန့်ကွက်ခြင်း မရှိပေ။

လျိုယာက ပြင်ဆင်စရာရှိသည်များ ကြိုပြင်ဆင်ပေးရန် ခြံဝင်းသို့ အရင်င်သွားနှင့်သည်။ သို့သော် ဝမ်ယဲ့နှင့် အခြားသူများ ရောက်ရှိသွားချိန်တွင် လျိုယာ၏မျက်နှာက ထိတ်လန့်နေသည့်ပုံ ဖြစ်နေလေသည်။ သူမက ဝမ်ယဲ့အနားသို့ အပြေးအလွှား ရောက်လာပြီး အသံကို နှိမ့်ကာ တိုးတိုးလေး သတင်းပို့နေသည်။

"ဒုတိယသခင်မ... သူစိမ်းအမျိုးသားတစ်ယောက် ခြံဝင်းထဲကို အထိတ်တလန့် ပြေးဝင်လာတာ တွေ့လိုက်ရတယ်လို့ ခြံဝင်းတာဝန်ခံက အခုလေးတင် သတင်းပို့လာပါတယ်"

All Chapters