← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉ ထွက်ပြေးလာတဲ့သူ

ဤကဲ့သို့ သာယာဖွယ်နေ့မျိုးတွင် ဝမ်ယဲ့က အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များကြောင့် တခြားသူများ စိတ်အနှောင့်အယှက် မဖြစ်စေချင်ပေ။ သူမက လျိုယာကို စကားဆက်မပြောရန် လက်ဟန်ပြလိုက်ပြီး နောက်နားတွင် ရပ်နေသော လူစုဘက်သို့ လှည့်ကာ လှမ်းပြောလိုက်သည်။

"အားလုံးပဲ အထဲမှာ ခဏလောက် အနားယူရင်း လက်ဖက်ရည်သောက်ကြပါဦး၊ ကျွန်မ နေ့လယ်စာအတွက် ပြင်ဆင်နေတာတွေကို သွားကြည့်လိုက်ဦးမယ်နော်"

ရိုးရှင်းသည့် ရွှယ်ကျင့်ယောင်က ချက်ချင်း လှမ်းပြောလာခဲ့သည်။

"အစ်မယဲ့... ကျွန်မလည်း လိုက်ခဲ့မယ်လေ"

သူမ၏ စကားမဆုံးခင်မှာပင် ရွှယ်ကျင့်ရှန်းက ဝင်တားလိုက်သည်။

"နင် ဘယ်မှ မသွားရဘူး၊ နင့်အင်္ကျီလက်မှာ ရွှံ့တွေ ပေနေတာကိုလည်း ပြန်ကြည့်ပါဦး၊ ငါနဲ့အတူ အထဲဝင်ပြီး အင်္ကျီလဲရမယ်"

ရွှီသခင်မတွင် လုပ်စရာကိစ္စတစ်ခုခု ရှိနေသည်မှာ သိသာလှသဖြင့် ရွှယ်ကျင့်ရှန်းက သူမ၏ညီမကို ငြိမ်ငြိမ်နေရန် အရိပ်အကဲပြလိုက်သည်။ ထို့ကြောင့် ရွှယ်ကျင့်ယောင်လည်း သူမအစ်မ၏ ဆွဲခေါ်ရာနောက်သို့ ပါသွားရသည်။

အားလုံး အထဲသို့ ဝင်သွားကြပြီးနောက် ဝမ်ယဲ့က ထပ်မေးလိုက်သည်။

"အဲ့ဒီလူက ဘယ်သူလဲဆိုတာ သိရပြီလား"

လျိုယာက ခေါင်းခါပြလိုက်သည်။

"သူက ဘာမှ သိပ်မပြောဘူး၊ ဒါပေမယ့် သူ ဝတ်ထားတာကို ကြည့်ရရင်တော့ သူ ပြောသလို ဆင်းရဲပြီး အနှိမ်ခံရတဲ့ စာသင်သားတစ်ယောက်နဲ့ တူနေတယ်"

ဝမ်ယဲ့၏ မျက်ဝန်းများထဲတွင် သံသယရိပ်များ ယှက်သန်းသွားသည်။

"စာသင်သား ဟုတ်လား... စာသင်သားတစ်ယောက်က ဘာကိစ္စနဲ့ ငါတို့ခြံဝင်းထဲကို အတင်းဝင်လာရတာလဲ"

လျိုယာလည်း ဝမ်ယဲ့နည်းတူ ဇဝေဇဝါ ဖြစ်နေလေသည်။ သူမက ထိုလူ ပြောခဲ့သည့် စကားများကို ပြန်ပြောပြလိုက်သည်။

"သူ ပြောတာတော့ အကြွေးရှင်တွေလက်ကနေ လွတ်အောင် ပြေးလွှားလာရင်း လာပုန်းနေတာတဲ့"

နောက်ထပ် နာရီဝက်ခန့်ကြာသည်အထိ ဝမ်ယဲ့တစ်ယောက် သနားစဖွယ် စာသင်သားတစ်ယောက်၏ အကြောင်းကို နားထောင်ခဲ့ရသည်။ အကျဥ်းချုပ်ရလျှင် ထိုသူက စားဝတ်နေရေးအတွက် စာအုပ်ဆိုင်တစ်ဆိုင်တွင် စာမူကူးပေးရင်း အသက်မွေးနေသော်လည်း အကွက်ဆင်ခံရကာ ငွေလျန်တစ်ရာ အကြွေးတင်သွားခဲ့ရသည်ဟု သိခဲ့ရသည်။

ဝမ်ယဲ့ : "..."

‘အမလေး.... ဒီဇာတ်ကွက်မျိုးက ရိုးအီနေပြီဟဲ့’

ရိုမန့်စ်ဝတ္ထုများစွာ ဖတ်ဖူးသည့် ဝမ်ယဲ့အတွက်တော့ ဤကဲ့သို့ ခေတ်စားနေသော ဇာတ်ကွက်မျိုးကို စာနာ နားလည်ပေးနိုင်ရန် ခက်ခဲလှသည်။

လျိုယာကတော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေရှာသည်။ သူမက ခြံဝင်းတာဝန်ခံနှင့် လယ်သူရင်းငှားအချို့ကို ထိုလူအား သိုလှောင်ခန်းအသေးလေးထဲတွင် ထည့်ထားစေပြီး စောင့်ကြည့်ထားရန် ညွှန်ကြားထားခဲ့သည်။ ယခု မည်သို့ ဆက်လုပ်ရမည်ကို ဝမ်ယဲ့ထံမှ ညွှန်ကြားချက် တောင်းခံနေခြင်း ဖြစ်သည်။

ဝမ်ယဲ့က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

"တာဝန်ခံချန်ကို ပြောလိုက်... သူ့ကို ကြိုးတုတ်ထားခိုင်း၊ ပြီးရင် သန်မာတဲ့ လူငယ်တချို့ကို သေချာစောင့်ကြည့်ခိုင်းထား၊ နောက်ပြီး အစေခံတစ်ယောက်ကို မြို့ထဲလွှတ်ပြီး အာဏာပိုင်တွေဆီကို သတင်းပို့ခိုင်းလိုက်"

နှစ်ပေါင်းများစွာ ဝတ္ထုဖတ်လာခဲ့သည့် သူမ၏အတွေ့အကြုံအရ လမ်းဘေးမှ ဇစ်မြစ်မသိရသည့် အမျိုးသားတစ်ယာက်ကို လက်ခံထားခြင်း မပြုသင့်မှန်း ဝမ်ယဲ့ ကောင်းကောင်းသိနေခဲ့သည်။

လျိုယာက ထိတ်လန့်တကြား ပြန်မေးလိုက်သည်။

"အာဏာပိုင်တွေဆီကို တိုင်မလို့လား၊ အဲ့ဒီလောက်အထိ အရေးကြီးလို့လားဟင်"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"ဖုံးကွယ်ထားစရာ ရှိတဲ့လူကပဲ သူ့ရဲ့အထောက်အထားကို ပြောဖို့ တွန့်ဆုတ်နေတတ်တာ၊ ပြီးတော့ သူ ခွင့်ပြုချက်မရှိဘဲ ခြံဝင်းထဲကို ကျူးကျော်ဝင်လာတာလေ၊ နေပါဦး... သူ သီးနှံတွေကို ဖျက်ဆီးခဲ့သေးလား"

ယခုက စိုက်ပျိုးရေးရာသီ ဖြစ်ပြီး အကယ်၍ ထိုလူက လယ်ကွင်းထဲ၌ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးအောင် မလုပ်ခဲ့ပါက တခြားသူများအနေဖြင့် မောင်းထုတ်ရုံသာ မောင်းထုတ်လိုက်မည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ဖမ်းဆီးထားသည်ကို ကြည့်ခြင်းအားဖြင့် သူ တစ်ခုခု ဖျက်ဆီးခဲ့သည်မှာ သေချာနေသည်။

လျိုယာက ခေါင်းညိတ်ပြနေသည်။

"တာဝန်ခံချန်ပြောတာတော့ အဲ့ဒီစာသင်သားက မျိုးစေ့တစ်အိတ်ကို ဖျက်ဆီးလိုက်တယ်တဲ့"

မျိုးစေ့ဆိုသည်က လယ်သမားများအတွက် သူတို့၏ အသက်သွေးကြောဖြစ်ပြီး နောက်တစ်ကြိမ် ရိတ်သိမ်းချိန်အတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။ ဤလယ်တောအိမ်က အဓိကအားဖြင့် သစ်သီးပင်များကို စိုက်ပျိုးသော်လည်း ကောက်နှံစိုက်ရန် ရည်ရွယ်ထားသော မြေမူ ၃၀ ကျော် ရှိနေသေးသည်။ ထိုစာသင်သားက လယ်ကွင်းထဲသို့ မဆင်မခြင် တိုးဝင်းရင်း မျိုးစေ့တစ်အိတ်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အနီးနားတွင် ပိုးမွှားဖမ်းနေသည့် လယ်ငှားမောင်နှမနှစ်ယောက်သာ မရှိခဲ့လျှင် ထိုစာသင်သားကို မည်သူမျှ သတိမထားမိဘဲ သူ လွတ်မြောက်သွားနိုင်ပေသည်။

လျိုယာ၏ ပြောပြချက်ကို ထပ်ကြားရပြီးနောက် ဝမ်ယဲ့၏ ဆုံးဖြတ်ချက်က ပိုခိုင်မာလာခဲ့သည်။

"လူကြီးတွေ ပြောတဲ့စကားက အမှန်ပဲ... စာသင်သားတွေက လက်တွေ့အလုပ်မှာ အသုံးမဝင်ဘူး၊ ချိုးရှစ်ကို မြို့ထဲက အာဏာပိုင်တွေဆီ သတင်းသွားပို့ဖို့ ပြောလိုက်"

လျိုယာက ဦးညွှတ်ရင်း ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်မ"

ဝမ်ယဲ့က ထပ်ပြောလိုက်သေးသည်။

"သူ တကယ်ပဲ အပြစ်မရှိဘူးဆိုရင်တောင် အိမ်ငှားတွေအတွက် မျိုးစေ့ဖိုး ပြန်လျော်ပေးခိုင်းလိုက်၊ တကယ်လို့ သူ အပြစ်ရှိတယ်ဆိုရင်တော့ မျိုးစေ့ဖိုးတင်မကဘဲ သူ နှောင့်နှေးအောင်လုပ်လိုက်တဲ့ နွေဦးစိုက်ပျိုးရေး အချိန်အတွက်ပါ ထပ်တိုးပေးခိုင်းရမယ်"

ဤအိမ်ခြံဝင်းက သူမ၏ ဒုတိယအိမ်ကဲ့သို့ ဖြစ်နေပြီး သူစိမ်းတစ်ယောက် ကျူးကျော်ဝင်ရောက်လာမှုကို အာဏာပိုင်များထံ တိုင်ကြားခြင်းက သင့်တော်ပေသည်။ သူမ၏ ဆုံးဖြတ်ချက်က မှားယွင်းစရာ မရှိဟု ဝမ်ယဲ့ ယုံကြည်နေသည်။

တာဝန်ခံချန်နှင့် အခြားသူများက သူမ ညွှန်ကြားလိုက်သည့်အတိုင်း ထိုလူကို တိုင်တွင် ကြိုးဖြင့် ချည်နှောင်ပြီးနောက် ဝမ်ယဲ့က သူ့ကို သွားကြည့်လိုက်သည်။

ထိုလူက ကြောက်ရွံ့ခြင်းကြောင့် ဖြစ်နိုင်သလို ဒေါသကြောင့်လည်း ဖြစ်နိုင်ပြီး သူ့တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေသည်။ သူ၏ အပြာရောင်ဝတ်ရုံက ညစ်ပတ်ပေရေနေပြီး ပါးစပ်ထဲတွင်လည်း အဝတ်မည်းတစ်စ ထိုးထည့်ခံထားရသည်။ အစပိုင်းတွင် တာဝန်ခံချန်က သူနှင့် သူ၏လူများ အလွန်အကျွံ လုပ်မိသွားပြီလားဟု စိုးရိမ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် သခင်မက စိတ်ထဲထားပုံ မရပေ။

ထိုလူကို တစ်ချက်ကြည့်ပြီးနောက် ဝမ်ယဲ့က တာဝန်ခံချန်ဘက်သို့ လှည့်ကာ ပြောပြလိုက်သည်။

"ဒီကိစ္စကို အာဏာပိုင်တွေဆီ သတင်းပို့ဖို့ အစေခံတစ်ယောက် လွှတ်လိုက်ပြီ၊ သူ ဖျက်ဆီးခဲ့တဲ့ မျိုးစေ့တွေအတွက် သူ လျော်ကြေးပေးရမယ်"

"အာဏာပိုင်တွေဆီ သတင်းပို့ဖို့" ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် ထိုစာသင်သား၏ မျက်ဝန်းများထဲ၌ ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။

တာဝန်ခံချန်ကတော့ ဝမ်ယဲ့၏ စကားကြောင့် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ကာ ကျေးဇူးတင်စကား ပြောနေသည်။

"ကျေးဇူးတင်ပါတယ်၊ ဒုတိယသခင်မ"

တာဝန်ခံချန်က ရိုးသားသည့် လူတစ်ယောက် ဖြစ်သည်။ သူ၏ မိခင်က ကွယ်လွန်သွားပြီ ဖြစ်သော နယ်စားမင်းကတော်ဟောင်းထံတွင် အလုပ်အကျွေးပြုခဲ့သည့် အစေခံအိုကြီးတစ်ဦး ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့သည်။ သူ မူလက နယ်စားမင်းအိမ်တော်၏ ဆိုင်တစ်ဆိုင်ကို တာဝန်ယူ စီမံခဲ့ရသော်လည်း သူ၏ ပွင့်လင်းရိုးသားလွန်းသော စရိုက်ကြောင့် ဆုံးရှုံးမှုများ ကြုံခဲ့ရပြီး ဆိုင်ကလည်း အခြေအနေ မကောင်းတော့ပေ။

နောက်ပိုင်းတွင် နယ်စားမင်းကတော်က သူ ဆိုင်စီမံခန့်ခွဲသည့် အလုပ်နှင့် မကိုက်ညီမှန်း သိရှိသွားပြီး လယ်တော်အိမ်ကို ကြီးကြပ်ရန် ပြောင်းလဲတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

သူ ဤခြံဝင်းကို စီမံခန့်ခွဲလာခဲ့သည်မှာ ခြောက်နှစ် ခုနစ်နှစ်ခန့် ရှိပြီဖြစ်ကာ သူက စိုက်ပျိုးရေးအလုပ်နှင့် ပိုကိုက်ညီကြောင်း သက်သေပြနိုင်ခဲ့သည်။ ဤလယ်တော်အိမ်နှင့် ခြံဝင်းအပါအဝင် လယ်ယာများရှိ သူရင်းငှားများကလည်း အလုပ်ကြိုးစားပြီး ရိုးသားကြသူများ ဖြစ်သည်။ နှစ်အတော်ကြာလာသည်နှင့်အမျှ တာဝန်ခံချန်လည်း သူတို့နှင့် ခင်မင်ရင်းနှီးမှုများ ရလာခဲ့သည်။ သူတို့၏ ဘဝများက မည်မျှ ခက်ခဲကြောင်းနှင့် သေးငယ်သော အနှောင့်အယှက်လေးတစ်ခုကပင် သူတို့အတွက် မည်မျှ ထိခိုက်စေနိုင်ကြောင်း သူ ကောင်းကောင်း သိနေပြီ ဖြစ်သည်။

ဝမ်ယဲ့က ချည်နှောင်ခံထားရသော လူဘက်သို့ ပြန်လှည့်ကာ ပါးစပ်ထဲမှ အဝတ်ကို ဖယ်ရှားပေးရန် တာဝန်ခံချန်အား ညွှန်ကြားလိုက်သည်။

လူအုပ်ကြီး၏ရှေ့တွင် သူမက စမေးလိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

ထိုစာသင်သားက သနားစဖွယ် ပုံစံဖမ်းနေကာ အမျိုးသမီးတစ်ဦးက သူ့ကို စကားပြောနေသည်ကို မြင်သည်နှင့် ထစ်ထစ်ငေါ့ငေါ့ စတင်ရှင်းပြတော့သည်။ သူ ပြောနေသည့်စကားများက လျိုယာထံမှ ဝမ်ယဲ့ ကြားထားပြီးသား ဇာတ်လမ်းအတိုင်း ဖြစ်သည်။ သူက သူ့ကိုယ်သူ သနားစဖွယ်ဖြစ်အောင် လုပ်နေပြီး စာနာမှုရရန် ကြိုးပမ်းနေသော်လည်း သူမ မေးသည့် မေးခွန်းများအတွက် တိကျသော အဖြေတစ်ခုမှ မပေးနိုင်ပေ။

ဝမ်ယဲ့က ဘာ အမူအရာမှ မပြဘဲ တည်ငြိမ်နေဆဲပင်။

'ဒီလူရဲ့ ဇာတ်လမ်းပြောတဲ့ စွမ်းရည်က လက်ဖက်ရည်ဆိုင်က ပုံပြောဆရာတွေထက်တောင် အများကြီး နိမ့်ကျနေသေးတယ်'

သူထံမှ မည်သည့် အသုံးဝင်သော အချက်အလက်မှ ရနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဝမ်ယဲ့က ထိုလူ့၏ပါးစပ်ကို ပြန်ပိတ်ထားရန် တာဝန်ခံချန်ကို ခပ်ပြတ်ပြတ် ညွှန်ကြားလိုက်သည်။

‘သူက အရမ်း ဆူညံလွန်းနေတယ်’

ထူးခြားမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် ချက်ချင်း သိရှိနိုင်စေရန် ထောင်ကျီကို ထိုနေရာတွင် ထားခဲ့ပြီး ဝမ်ယဲ့က ပင်မအိမ်ကြီးဆီသို့ ပြန်လာခဲ့သည်။

သူမ ရောက်ရှိသွားချိန်တွင် ယောင်ရှီက အင်္ကျီလဲပြီး လက်ဖက်ရည် ထိုင်သောက်နေပြီ ဖြစ်သည်။ ဝမ်ယဲ့ ပြန်လာသည်ကို မြင်သည်နှင့် သူမက လက်ဖက်ရည်ခွက်ကို ချကာ လှမ်းမေးလိုက်သည်။

"ခြံဝင်းထဲမှာ တစ်ခုခု ဖြစ်လို့လား"

"အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ အခု ရှင်းပြီးသွားပါပြီ"

ဝမ်ယဲ့က တိုတိုတုတ်တုတ်သာ ရှင်းပြလိုက်သည်။ ဝမ်ယဲ့၏ အေးဆေးတည်ငြိမ်သော အမူအရာကို မြင်နေရသဖြင့် ယောင်ရှီလည်း သာမန်အသေးအဖွဲကိစ္စဟု ထင်သွားပြီး ထပ်မမေးတော့ပေ။

နေ့လယ်စာက စစ်မှန်သော ကျေးလက်ဟင်းလျာများ ဖြစ်ပြီး ကျေးလက်အစားအစာနှင့် မယဉ်ပါးသူများအတွက်လည်း အနုစိတ်ပြင်ဆင်ထားသော ဟင်းအချို့ကိုလည်း ပြင်ဆင်ပေးထားသည်။

လူတိုင်း မိမိတို့နှစ်သက်ရာကို ရွေးချယ် စားသုံးနိုင်သည်။

ဝမ်ယဲ့ ဖမ်းမိထားသော ငါးအသေကြော်ပန်းကန်တစ်ချပ်လည်း ပြင်ဆင်ပေးထားသည်။ ထိုငါးလေးများကို ကြက်ဥ၊ ဂျုံမှုန့်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားတို့ဖြင့် နယ်ထားသော မုန့်နှစ်ထဲတွင် နှစ်ကာ ရွှေဝါရောင်သန်းပြီး ကြွပ်ရွနေသည်အထိ ကြော်ထားခြင်းဖြစ်သည်။ မည်သည့်အမွှေးအကြိုင်မျှ ထပ်မထည့်ဘဲ စားလျှင်ပင် အရသာရှိနေပြီး ငါးညှီနံ့လည်း လုံးဝမရှိပေ။ အရသာ အနည်းငယ် ပိုပြင်းပြင်းစားချင်သူများအတွက် ငရုတ်သီးမှုန့်ပန်းကန်လေးကို ဘေးတွင် ချပေးထားသည်။

ထိုငရုတ်သီးမှုန့်ကို သူမတို့၏ အကြီးဆုံးအဒေါ် လင်းချန်မှ ယူလာပေးခြင်း ဖြစ်သည်။ နွေဦးခရီးစဥ်မထွက်မီကပင် ဝမ်ယဲ့က ထောင်ကျီကို ငရုတ်သီးမှုန့်နည်းနည်း ထည့်လာရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။

စောစောက ခူးဆွတ်ထားသည့် တောဟင်းသီးဟင်းရွက် အချို့ကိုလည်း ရေနွေးဖျောပြီး အအေးသုပ်အဖြစ် တည်ခင်းထားသည်။ ကျန်ရှိနေသည့် သိုးကျောင်းသားမုန်ညှင်းများကိုတော့ အိမ်ပြန်ရောက်လျှင် ဝက်သားဖြင့် ရောကာ ဖက်ထုတ် သို့မဟုတ် မုန့်ပေါင်းများတွင် အစာသွပ်ရန် ဝမ်ယဲ့ ရည်ရွယ်ထားသည်။

တောဟင်းသီးဟင်းရွက် အအေးသုပ်က နှမ်းဆီလေး အနည်းငယ် ဆမ်းလိုက်ရုံဖြင့် မွှေးကြိုင်သောရနံ့များ ကြွတက်လာကာ ပြည့်စုံသွားသည်။ ရွှယ်ကျင့်ယောင်က ဝမ်ယဲ့ ငါးလေးကြော်ကို ခဏခဏ လှမ်းယူစားနေသည်ကို သတိထားမိနေပြီး စူးစမ်းချင်စိတ်ဖြင့် သူမလည်း မြည်းကြည့်လိုက်သည်။

အရသာရှိသည်ကို သိသွားသည်နှင့်တပြိုင်နက် သူမက ရွှယ်ကျင့်ရှန်းအတွက်လည်း တစ်ဖဲ့ယူပေးလိုက်ရင်း လှမ်းပြောလိုက်သည်။

"အစ်မ... ဒါလေး မြည်းကြည့်ပါဦး"

ရွှယ်ကျင့်ယောင်က သူမကိုယ်တိုင်စားသည့် ငါးကြော်တွင် ငရုတ်သီးမှုန့် မတို့သော်လည်း သူမ၏အစ်မကို ပေးသည့် အပိုင်းကိုတော့ ငရုတ်သီးအနည်းငယ် တို့ပေးလိုက်သည်။

ရွှယ်ကျင့်ရှန်းကလည်း ညီမဖြစ်သူ၏ စေတနာကို မငြင်းပယ်ဘဲ အနည်းငယ် ကိုက်စားကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်သည်။

"စားလို့ ကောင်းသားပဲ၊ ဒါပေမယ့် နည်းနည်းတော့ စပ်တယ်"

ဝမ်ယဲ့က ရှင်းပြလိုက်သည်။

"ဒီငရုတ်သီးက လင်းချန်ကလာတာလေ၊ မြို့တော်မှာရှိတဲ့ ငရုတ်သီးတွေထက် အများကြီး ပိုစပ်တယ်"

ရွှယ်ကျင့်ရှန်းက နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါကြောင့်ကိုး"

ဝမ်ယဲ့က ပြုံးလိုက်ပြီး အစပ်ပိုပေါ့သော ငရုတ်သီးမှုန့် ပြင်ဆင်ပေးရန် ယွင်ကျီကို မသိမသာ ညွှန်ကြားလိုက်သည်။ ဝမ်ယဲ့က ဤဝိုင်းတွင် သူမတစ်ယောက်တည်း အစပ်ကြိုက်သူဟု ထင်မှတ်ထားသောကြောင့် အစပ်ပြင်းသော ငရုတ်သီးမှုန့်ကိုသာ ချခိုင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ ရွှယ်ကျင့်ရှန်းကလည်း အစပ်ကို နှစ်သက်ဟန်ရှိပြီး သူမ စားနိုင်သည့် ပမာဏက အကန့်အသတ်ရှိပုံပေါ်သည်။ ထိုသို့မဟုတ်လျှင် ရွှယ်ကျင့်ယောင်က သူမ၏အစ်မကို ပေးသည့် ငါးကြော်တွင် ငရုတ်သီးမှုန့် တို့ပေးနေမည် မဟုတ်ပေ။

နေလယ်စာ စားပြီးနောက် အချိန်စောနေသေးသောကြောင့် သူမတို့က အိမ်ပြန်ရန် အလျင်မလိုကြသေးချေ။ လယ်တောခြံဝင်းထဲတွင် သစ်သီးခြံတစ်ခုလည်း ရှိပြီး ယခုအချိန်တွင် ပန်းများ ဝေဝေဆာဆာ ပွင့်နေပြီ ဖြစ်ကာ အေးအေးလူလူ လမ်းလျှောက်ရန် အကောင်းဆုံးနေရာ ဖြစ်နေသည်။

သစ်သီးခြံထဲတွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများပါရှိသည့် နားနေဆောင်လေးတစ်ခုလည်း ဆောက်လုပ်ထားသည်။ ထိုနေရာက လက်ဖက်ရည်သောက်ရင်း ရှုခင်းကြည့်ရန် အဆင်သင့်ဖြစ်စေသည်။

"ဒီနေရာက တကယ့်ကို လှတာပဲ"

ယောင်ရှီ ကျေနပ်အားရစွာ သက်ပြင်းချရင်း ပြောလာခဲ့သည်။

‘နောက်ဆုံးတော့ ငါလည်း ငါ့ယောက္ခမရဲ့ ပျော်ရွှင်မှုတွေကို နားလည်သွားပြီ’

ဝမ်ရှီနှင့် ရွှယ်ကျင့်ရှန်းတို့ကလည်း တပြိုင်တည်း ထောက်ခံလိုက်ကြသည်။

သူမတို့၏ အပန်းဖြေခရီးက ဟိုဟိုဒီဒီ လျှောက်သွားခြင်း၊ တောပန်းလေးများ ခူးခြင်း၊ တောထွက်ဟင်းရွက်များ ရှာခြင်းနှင့် ငါးအနည်းငယ် ဖမ်းခြင်းလောက်သာ ဖြစ်သော်လည်း ဤရိုးရှင်းသော လှုပ်ရှားမှုများက အိမ်တွင် နေရခြင်းနှင့် လူမှုရေးပွဲများ တက်ရခြင်းထက် ပိုစိတ်ပေါ့ပါးစေပြီး ပိုပျော်ရွှင်စေသည်။

တောင်ကုန်းလေးများတွင် ပန်းနုရောင်နှင့် အဖြူရောင် ပန်းပွင့်လေးများ ဖုံးလွှမ်းနေပြီး ရှုခင်းက အလွန်အေးချမ်းနေလေသည်။ အချိန်အတော်ကြာ ခရီးဝေးမထွက်ဖြစ်ခဲ့သော ရွှယ်ကျင့်ရှန်းလည်း နှစ်ပေါင်းများစွာက မခံစားခဲ့ရဖူးသော စိတ်အေးချမ်းမှုကို ခံစားနေရသည်။

အဝေးတစ်နေရာတွင် ခြင်းတောင်းလေးကိုင်ကာ မြေပြင်ပေါ်သို့ ကျနေသော ပန်းပွင့်ဖတ်လေးများကို လိုက်လံကောက်ယူနေသည့် ညီမဖြစ်သူကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးလေးများ တွဲခိုနေသည်။

ဝမ်ရှီက စကားစလိုက်သည်။

"ကျင့်ယောင်က လာမယ့်နှစ်ဆိုရင် အရွယ်ရောက်ပြီနော်၊ ဟုတ်တယ်မလား"

ရွှယ်ကျင့်ရှန်းက နှမြောတသဟန်ဖြင့် ခေါင်းညိတ်ပြရင်း ပြန်ဖြေနေသည်။

"ဟုတ်တယ်၊ သူက တကယ်ကို အရမ်းမြန်မြန် ကြီးပြင်းလာတာပဲ"

ဝမ်ရှီက ရွှယ်ကျင့်ရှန်းဘက်သို့ လှည့်ကာ စူးစမ်းဟန်ဖြင့် မေးလိုက်ပြန်သည်။

"ရွှယ်သခင်မက ကျင့်ယောင်အတွက် ဘာစီစဥ်ထားတာ ရှိလဲ"

ရွှယ်ကျင့်ရှန်းက ခေါင်းခါလိုက်သည်။

"ငါ တကယ်ကို စိတ်ပူမိတယ်။ ကျင့်ယောင်ရဲ့ စိတ်နေစိတ်ထားက မငြိမ်ဘူးလေ၊ တကယ်လို့ သူ ထွက်သွားတဲ့အခါ... သူ ဒုက္ခရောက်မှာကို စိုးရိမ်နေမိတယ်"

အပြင်လူများ မရှိသောကြောင့် ရွှယ်ကျင့်ရှန်းက သူမ၏ စိတ်ထဲတွင် ရှိနေသည့်အရာများကို ပွင့်ပွင့်လင်းလင်း ပြောပြနေသည်။

"မိသားစုရဲ့ ရည်ရွယ်ချက်ကတော့ ရိုးသားဖြောင့်မတ်တဲ့ မိသားစုနောက်ခံရှိပြီး ပညာတတ်တဲ့ မိသားစုမျိုးကို ရွေးချယ်ပေးဖို့ပါ၊ အချိန်တန်ရင်တော့ ငါလည်း ညီမလေးအတွက် ခမ်းနားတဲ့ မင်္ဂလာလက်ဆောင်တွေ ပြင်ဆင်ပေးမှာပါ"

ရွှယ်ကျင့်ရှန်းက သူမ၏ ညီမငယ်လေးကို သူမလိုမျိုး မဖြစ်စေချင်တော့ပေ။ ဂုဏ်သရေရှိ မိသားစုကြီးတစ်ခုထဲသို့ လက်ထပ်ဝင်ရောက်လိုက်ခြင်းက သက်တောင့်သက်သာရှိမှုကို ဆောင်ကြဥ်းပေးလိမ့်မည်ဟု ထင်ခဲ့မိသော သူမ၏ အမှားမျိုးကို သူမ၏ ညီမလေး မတွေ့ကြုံရစေရန် သူမ မျှော်လင့်နေမိသည်။

ဝမ်ရှီက သူမကိုယ်တိုင် သက်ပြင်းတစ်ချက်ချရင်း သူငယ်ချင်းကို နှစ်သိမ့်‌ပေးနေသည်။

"နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် လိုပါသေးတယ်လေ၊ အလျင်စလို လုပ်ဖို့ မလိုသေးပါဘူး"

ထိုသို့ပြောပြီးနောက် သူမက နားနေဆောင် အပြင်ဘက်ရှိ ဝါးခုံတန်းရှည်လေးပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည့် ဝမ်ယဲ့ကို လှမ်းကြည့်လိုက်သည်။ ရွှယ်ကျင့်ရှန်းကလည်း ဝမ်ရှီ၏ အကြည့်နောက်သို့ လိုက်ကြည့်နေသည်။ ထိုအချိန်မှသာ ဝမ်ယဲ့က သူမတို့ထက် အသက်အနည်းငယ် ပိုကြီးပုံရသည်ကို သူမ ရုတ်တရက် သတိပြုမိသွားသည်။

ဝမ်သခင်မက ချောင်းအသာဟန့်လိုက်ပြီး ပြန်မေးလိုက်သည်။

“ငါ ပြောချင်တာကို နင် နားလည်တယ်မလား"

ရွှယ်ကျင့်ရှန်း : "..."

‘အမှန်အတိုင်းပြောရရင် ငါ လုံးလုံးလျားလျား နားလည်တယ်လို့တော့ မပြောရဲဘူးလေ’

‘လူတိုင်းက ဒီလိုမျိုး ကောင်းချီးပေးခံရတဲ့ ကံကြမ္မာကို ပိုင်ဆိုင်ခွင့်မရနိုင်ဘူး’

ဝမ်ယဲ့က ဝါးခုံတန်းလေးပေါ်တွင် လှဲလျောင်းရင်း မျက်လုံးများကို မှိတ်ကာ လေပြေညင်းကို ခံစားနေခဲ့သည်။ ရလဒ်အနေဖြင့် မကြာမီ သူမ အိပ်ငိုက်လာတော့သည်။

ထိုဝါးခုံတန်းရှည်ကို တာဝန်ခံချန်၏ အကြီးဆုံးသား ပြုလုပ်ထားခြင်းဖြစ်ပြီး သူ၏ ဝါးရက်လုပ်မှုအတတ်ပညာက ထူးချွန်သောကြောင့် ခုံတန်းရှည်က ခိုင်ခံ့ပြီး လက်ရာသေသပ်နေသည်။

နယ်စားမင်းအိမ်တော်မှ လစဉ်ပေးသည့် ထောက်ပံ့ကြေးအပြင် သူ၏မိသားစုဝင်ငွေကို ဝါးထည်ပစ္စည်းများ ရောင်းချခြင်းမှ ရရှိခဲ့ခြင်းပင်။ ဝမ်ယဲ့က သူထံမှ စားပွဲငယ်လေးများ၊ ထိုင်ခုံများနှင့် ဝါးမြင်းရုပ်လေးများအပါအဝင် ဝါးထည်အတော်များများကို ဝယ်ယူထားခဲ့သည်။

ဝမ်ယဲ့က ဝါးခုံတန်းရှည်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်နှာပေါ်၌ စာအုပ်တစ်အုပ် အုပ်ထားကာ အစိမ်းနုရောင်ဝတ်ရုံရှည်တစ်ထည်ကို လွှမ်းခြုံထားသည်။ သူမ၏ဘေးမှ ဝါးစားပွဲငယ်လေးပေါ်တွင်လည်း မုန့်မျိုးစုံနှင့် လက်ဖက်ရည်များ ပြည့်နှက်နေသည်။ သူမ အိပ်ပျော်လုနီးနီးဖြစ်နေချိန်တွင် ယွင်ကျီက သတင်းတစ်ခုနှင့်အတူ ရုတ်တရက် ရောက်ရှိလာသည်။

"သခင်မ... ချိုးရှစ် ပြန်ရောက်ပါပြီ"

ဝမ်ယဲ့၏ တုန့်ပြန်မှုက အနည်းငယ် နှေးကွေးနေပြီး ခဏအကြာမှ သူမ၏မျက်နှာပေါ်ရှိ စာအုပ်ကို ဖယ်ကာ ထိုင်လိုက်သည်။

"အခြေအနေကို ရှင်းပြပြီး လူကို လွှဲပေးလိုက်ပါ"

ဝမ်ယဲ့ ညွှန်ကြားပြီးချိန်တွင် ယွင်ကျီက သူမအနားသို့ တိုးကပ်ကာ ပြောလာခဲ့သည်။

"သခင်မ ပြောခဲ့တာတွေက အရမ်းမှန်တယ်၊ အဲ့ဒီပညာသင်သားက ကြည့်ရတာ အားနည်းပုံပေါက်ပေမယ့် တကယ်တမ်းတော့ အဲ့လိုမဟုတ်ဘူး ဖြစ်နေတယ်"

ဝမ်ယဲ့ မတ်မတ်ထိုင်လိုက်ပြီး ထပ်မေးလိုက်သည်။

"အကြောင်းစုံကို အသေးစိတ် ပြောပြပါဦး"

ယွင်ကျီက ချိုးရှစ် မြို့ထဲသို့ ပြန်ဝင်သွားချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြနေသည်။ ချိုးရှစ် မြို့ထဲသို့ မရောက်မီ မြို့ပြင်သို့ ထွက်လာသည့် မြို့ဝန်ရုံးမှ ရဲမက်တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ချိုးရှစ်က တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိသဖြင့် နယ်စားမင်းအိမ်တော်၏ အမှတ်အသားတံဆိပ်ကို ထုတ်ပြကာ အခြေအနေကို မေးမြန်းခဲ့သည်။ ထိုအချိန်တွင် သူတို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားတရားခံတစ်ဦးကို လိုက်လံဖမ်းဆီးနေကြောင်း သိလိုက်ရသည်။

သူတို့၏ ဖော်ပြချက်အရ ချိုးရှစ်ကလည်း ထိုသူမှာ ရွာအနီးတွင် ပေါ်လာခဲ့သည့် သူစိမ်းဖြစ်နိုင်သည်ဟု သံသယဝင်မိသွားသည်။ ထို့ကြောင့် သူက တာဝန်ခံအရာရှိ ဖြစ်သူအား အခြေအနေကို အကျဥ်းချုပ် ရှင်းပြလိုက်သည်။

ယွင်ကျီက အဆုံးသတ်အနေဖြင့် သတင်းထပ်ပို့နေသည်။

"ချိုးရှစ် ခေါ်လာတဲ့ ရဲမက်တွေက အခု ဂိုဒေါင်မှာ ရှိနေပါတယ်"

ဝမ်ယဲ့က မတ်တပ်ထရပ်လိုက်ရင်း အလောတကြီး ပြောလိုက်သည်။

"ဒါဆိုရင် ငါ အဲ့ဒီကို သွားကြည့်မှ ဖြစ်မှာပေါ့"

ဂိုဒေါင်က သစ်သီးခြံနှင့် အတန်ငယ်ဝေးနေသဖြင့် ဆူညံသံများက ရှုခင်းကြည့်နေသူများကို အနှောင့်အယှက် ဖြစ်စေမည်မဟုတ်ပေ။ ဝမ်ယဲ့ ဂိုဒေါင်သို့ ရောက်ရှိသွားချိန်တွင် ထိုပညာသင်သားက တိုင်တွင် ချည်နှောင်ထားခြင်းမှ လွတ်မြောက်နေပြီ ဖြစ်သော်လည်း သူ၏ လက်နှင့် ခြေထောက်များကိုတော့ ဆက်လက်တုတ်နှောင်ထားဆဲဖြစ်သည်။

လိုက်လံဖမ်းဆီးမှုကို ဦးဆောင်လာသည့် အရာရှိက မြို့တော်ဝန်ဝမ်၏ လက်အောက်ငယ်သား ရဲမက်ခေါင်းဆောင်လျောင် ဖြစ်သည်။ သူက ဝမ်ယဲ့ကို တရိုတသေ ဦးညွှတ်ပြီးမှ ကျေးဇူးတင်စကား ပြောနေလေသည်။

"ဒီလူကို ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ရွှီသခင်မကို ကျေးဇူးတင်ပါတယ်"

ဝမ်ယဲ့ကလည်း ယဉ်ယဥ်ကျေးကျေး တုံ့ပြန်လိုက်သည်။

"သူ့ရဲ့ အပြုအမူတွေက သံသယဖြစ်စရာ ကောင်းနေလို့ ကျွန်မ သူ့ကို တုတ်နှောင်ခိုင်းထားတာပါ၊ အာဏာပိုင်တွေကို အကြောင်းကြားဖို့လည်း တာဝန်ခံကို မှာထားပါတယ်၊ ကျွန်မတို့အနေနဲ့ ခေါင်းဆောင်လျောင်ရဲ့ စုံစမ်းစစ်ဆေးမှုကို ဝင်ရောက်နှောင့်ယှက်မိသလို ဖြစ်မသွားဖို့ပဲ မျှော်လင့်မိပါတယ်"

ခေါင်းဆောင်လျောင်က အလျင်အမြန် အာမခံလိုက်သည်။

"အဲ့လို လုံးဝ မဖြစ်ပါဘူး"

သူက ချိုးရှစ်ထံမှ အချက်အလက်များကို ရယူထားပြီး ဖြစ်သလို တာဝန်ခံချန်နှင့် လယ်လုပ်သားများထံမှလည်း အတည်ပြုပြီး ဖြစ်သည်။ အကယ်၍ ဝမ်ယဲ့၏ ပြတ်သားသော ဆုံးဖြတ်ချက်သာ မရှိခဲ့လျှင် ဤတရားခံ လွတ်မြောက်သွားနိုင်ပြီး ဖမ်းဆီးရေးကလည်း ပိုကြာမြင့်သွားပေလိမ့်မည်။

ထို့ကြောင့် ခေါင်းဆောင်လျောင်က ဝမ်ယဲ့ကို အလွန် ကျေးဇူးတင်နေလေသည်။

ဝမ်ယဲ့ကလည်း ခေါင်းဆောင်လျောင်၏ မျက်လုံးထဲမှ ကြည်လင်ပြတ်သားမှုနှင့် အရှိန်အဝါတို့ကို သတိပြုမိနေပြီး သူက ကျိုးကြောင်းဆင်ခြင်တတ်သူပြီး ချဉ်းကပ်ရလွယ်ကူသူတစ်ဦးမှန်း ရိမ်မိသွားသည်။

ထို့ကြောင့် သူမက မသိနားမလည်ဟန်ဆောင်ကာ ထပ်မေးလိုက်သည်။

"ဒီလူက ဘာပြစ်မှုကျူးလွန်ထားလို့လဲရှင့်"

ခေါင်းဆောင်လျောင်က ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ပြန်ဖြေပေးခဲ့သည်။

"ကျွန်တော် သိသလောက်တော့ သူက လွန်ခဲ့တဲ့ နှစ်နှစ်က နန်းတွင်းစာမေးပွဲမှာ ကျရှုံးခဲ့တဲ့ ပညာသင်သားတစ်ဦးပါ၊ မနေ့က သူက သူ့ရဲ့မိသားစုဝင်တွေကို အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တယ်၊ အသေးစိတ်ကိုတော့ မြို့တော်ကို ပြန်ခေါ်သွားပြီး စစ်ဆေးမှပဲ သိရမှာပါ"

ဆိုလိုသည်မှာ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရန် အဆင်မပြေချေ။ ဝမ်ယဲ့ကလည်း မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိနေပြီး ဆက်မမေးတော့ပေ။

"ဒါဆိုရင်တော့ သူ့ကို ပြန်ခေါ်သွားဖို့ ခေါင်းဆောင်လျောင်ကိုပဲ ဒုက္ခပေးရတော့မယ်"

ခေါင်းဆောင်လျောင်က သက်ပြင်းအသာချကာ စိတ်သက်သာရာရသွားဟန်ဖြင့် ဝမ်ယဲ့ကို ထပ်ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ရွှီသခင်မ"

.......။......။.......

ရဲမက်များ ရောက်ရှိလာသည့် သတင်းက တောမီးပမာ ပျံ့နှံ့သွားပြီး နားနေဆောင်ထဲတွင် ရှုခင်းကြည့်နေကြသူများ၏ နားထဲသို့ ရောက်ရှိသွားသည်။

ဝမ်ယဲ့ ပြန်ရောက်လာချိန်တွင် ယောင်ရှီက သူမ၏လက်ကို လှမ်းဆွဲကာ စမေးနေသည်။

"ဒါက ကိစ္စအကြီးကြီးမဟုတ်ဘူးလို့ နင် ပြောခဲ့တာမဟုတ်ဘူးလား၊ အခုတော့ ဘာလို့ ရဲမက်တွေပါ ပါလာရတာလဲ"

ဝမ်ယဲ့က လေသံအေးအေးလေးဖြင့် ပြန်ရှင်းပြလိုက်သည်။

"ဒါက တကယ်ပဲ ကိစ္စအကြီးကြီး မဟုတ်ပါဘူး၊ မြို့ဝန်ရုံးကနေ ထွက်ပြေးလာတဲ့ တရားခံတစ်ယောက်က ဒီရွာနားမှာ ပုန်းနေတာပါ၊ တာဝန်ခံချန်က သူ့ကို သူခိုးလို့ ထင်ပြီး ဖမ်းဆီးတုတ်နှောင်ထားလိုက်တာ၊ အာဏာပိုင်တွေကို အကြောင်းကြားဖို့ လုပ်နေတုန်းမှာ သူ့နောက်ကို လိုက်လာတဲ့ ရဲမက်တွေနဲ့ တည့်တည့်တိုးသွားတာပဲ"

ဝမ်ယဲ့က တရားခံ ခြံဝင်းထဲအထိ ဝင်ရောက်လာခဲ့သည်ဟူသောအချက်ကိုတော့ လူတိုင်းကို ထိတ်လန့်မသွားစေရန် ထိန်ချန်ထားလိုက်သည်။

ယောင်ရှီက စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်ကာ ထပ်ပြောလာခဲ့သည်။

"တာဝန်ခံချန်က သူ့ကို အမိအရ ဖမ်းနိုင်ခဲ့လို့ တော်သေးတာပေါ့"

ဝမ်ရှီကလည်း ဝင်မေးလာပြန်သည်။

"ရဲမက်တွေ ရှိသေးလား"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"သူတို့ ထွက်သွားကြပါပြီ"

ရွှယ်ကျင့်ယောင်က စပ်စုချင်စိတ်ဖြင့် မေးလာခဲ့သည်။

"အစ်မယဲ့... သူ ဘာပြစ်မှုကျူးလွန်ခဲ့လဲဆိုတာ သိလားဟင်"

ရွှယ်ကျင့်ရှန်းက သူမ၏ အင်္ကျီလက်ကို ဆွဲကာ အသံတိုးတိုးဖြင့် ဆူငေါက်လိုက်သည်။

"မိန်းမပျိုလေးတစ်ယောက်က ဒီလိုကိစ္စမျိုးတွေကို ဘာလို့ စပ်စုနေရတာလဲ"

ရွှယ်ကျင့်ယောင်က နှုတ်ခမ်းလေးဆူကာ သူမ၏အစ်မ မမြင်အောင် ဝမ်ယဲ့ကို အကူအညီတောင်းသည့်အကြည့်ဖြင့် လှမ်းကြည့်နေသည်။

ဝမ်ယဲ့က အပြုံးဖြင့် ပြောပြလိုက်သည်။

"ခေါင်းဆောင်လျောင်က အများကြီး မပြောပြဘူး၊ ဒါပေမယ့် အဲ့ဒီလူက မိသားစုဝင်တစ်ယောက်ကို အဆိပ်ခတ်တယ်လို့ သံသယရှိခံရပြီး သူ့ကို ရှာဖွေတွေ့ရှိသွားတဲ့ အခြားမိသားစုဝင်က အာဏာပိုင်တွေကို သတင်းပို့ခဲ့တာတဲ့"

ဝမ်ရှီက မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

"ဘယ်လို အငြိုးအတေးတွေရှိလို့ အခြားတစ်ယောက်ကို ဒီလောက် ကြမ်းကြုတ်တဲ့လုပ်ရပ် လုပ်ဖို့ တွန်းအားဖြစ်လာခဲ့တာလဲ "

ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ထပ်ပြောပြလိုက်သည်။

"အဲ့ဒီပညာသင်သားကို ကြည့်ရတာတော့ ဂုဏ်သိက္ခာရှိပုံပါပဲ၊ သူက သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ကောင် ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သူက ထင်မှာလဲ"

ယောင်ရှီကလည်း ထောက်ခံလိုက်သည်။

"ဒါကြောင့်မို့လို့ 'အသွင်အပြင်က လှည့်စားနိုင်တယ်'လို့ ပြောကြတာပေါ့၊ ရုပ်ရည်ချောမောတိုင်း နှလုံးသားကောင်းမွန်မယ်လို့ အာမခံချက်မရှိဘူးလေ"

ဝမ်ယဲ့က ထပ်ပြောလိုက်ပြန်သည်။

"သူက စာမေးပွဲကျထားတဲ့ ပညာသင်သားတစ်ယောက်လို့လည်း ကြားလိုက်တယ်"

ထိုစကားက အားလုံးကို ငြိမ်သက်သွား‌စေပြီး အတွေးတစ်ခုတည်းကို တပြိုင်တည်းတွေးမိသွားစေသည်။

'သူ စာမေးပွဲမအောင်ခဲ့တာ တော်သေးတာပေါ့'

ဤအဖြစ်အပျက်ကြောင့် သူမတို့လည်း ရှုခင်းကြည့်ချင်စိတ် ပျက်ပြယ်သွားခဲ့ရသည်။ မြို့တော်ထဲသို့ ပြန်ရန် အချိန်ကလည်း တော်တော်လေး နီးကပ်နေပြီဖြစ်သည်။

ခေါင်းဆောင်လျောင်နှင့် သူ၏အဖွဲ့က မြင်းများကို စီးနှင်လာခဲ့သောကြောင့် ဝမ်ယဲ့တို့ထက် ရှီးချန်တစ်ဝက်ခန့် စောပြီး မြို့ထဲသို့ ရောက်ရှိသွားကြသည်။

ဝမ်ယဲ့တို့၏ ရထားလုံးများ မြို့ထဲသို့ ပြန်ဝင်ရောက်လာချိန်တွင် ထိုတရားခံနှင့်ပတ်သက်သည့် ကောလာဟလများလည်း စတင်ပျံ့နှံ့နေလေပြီ။ ဝမ်ယဲ့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ရာ အမှန်တရား၏ တစ်စိတ်တစ်ပိုင်းကို သိရှိလိုက်ရသည်။

အဆိပ်ခတ်ခံရသည့် သားကောင်က အခြားသူမဟုတ်ဘဲ ထိုပညာသင်သား၏ တရားဝင်ဇနီးဖြစ်ကာ ကိုယ်ဝန် ခြောက်လ ရှိနေပြီဟု သတင်းများ ထွက်ပေါ်လာသည်။ သူမ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် အချိန်မီကုသမှုခံယူနိုင်ခဲ့သောကြောင့် အသက်ရှင်ခဲ့သည်။ သို့သော် ကလေးကတော့ ကံမကောင်းရှာခဲ့ပေ။

ဝမ်ယဲ့နှင့် ရထားလုံးတစ်စီးတည်း အတူစီးလာသည့် ယောင်ရှီကလည်း ထိုအကြောင်းကို ကြားသွားပြီး မယုံနိုင်ဖြစ်နေကာ ထိတ်လန့်တုန်လှုပ်နေရှာသည်။

"သူ့ရဲ့ဇနီးက သူ့ကလေးကို ကိုယ်ဝန်ဆောင်ပေးထားတာလေ၊ သူက ဘယ်လိုစိတ်နဲ့များ ဒီလိုမျိုး ရက်ရက်စက်စက် လုပ်ရက်ရတာလဲ"

ဤကဲ့သို့သော လူစားမျိုးသာ နန်းတွင်းစာမေးပွဲအောင်ပြီး အရာရှိဖြစ်ခဲ့မည်ဆိုလျှင်ဟု တွေးမိပြီး သူမ ပိုဒေါသထွက်နေလေသည်။

"ဒီလိုလူမျိုးက အရာရှိရာထူးကို ရယူဖို့ လုံးဝမထိုက်တန်ဘူး"

ဝမ်ယဲ့၏ အာရုံကတော့ ထိုပညာသင်သား၏ ဇနီးအပေါ်သို့ ရောက်ရှိနေခဲ့သည်။ ထိုအမျိုးသမီးက ချမ်းသာကြွယ်ဝသော ကုန်သည်မိသားစုမှ တစ်ဦးတည်းသောသမီး ဖြစ်ပြီး အမွေဆက်ခံသူစစ်စစ် ဖြစ်နေသောကြောင့်ပင်။

သူမက များပြားလှသော အမွေအနှစ်များကို ဆက်ခံမည့် တစ်ဦးတည်းသော သမီးဖြစ်ပြီး ဤအချက်ကို ကြားလိုက်ရချိန်တွင် အမျိုးမျိုး တွေးတောမှန်းဆမိရန် မခဲယဉ်းတော့ပေ။ သို့သော်လည်း စိတ်မကောင်းစရာက သူမတို့ ထိုမျှသာ စုံစမ်းသိရှိနိုင်ခဲ့ကြသည်။ အသေးစိတ် အချက်အလက်ကိုတော့ ပြင်ပလူများမသိအောင် ဆက်လက် ဖုံးကွယ်ထားဆဲ ဖြစ်သည်။

နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်ချိန်တွင် အပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေသည့် ရွှီယွဲ့ကျားကို ဝမ်ယဲ့ တွေ့လိုက်ရသည်။ သူ၏ အလျင်စလို ခြေလှမ်းများအရ တစ်စုံတစ်ရာ အရေးကြီးနေမှန်း သိသာနေသည်။

ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း သူ့အနားသို့ ချဉ်းကပ်ကာ ခပ်တိုးတိုး မေးလိုက်သည်။

"အဆိပ်ခတ်တဲ့ အမှုကြောင့် အပြင်သွားမလို့လား"

ရွှီယွဲ့ကျားကိုယ်တိုင်လည်း အသေးစိတ် အချက်အလက်များကို သိရှိထားကာစ ဖြစ်ပြီး ဝမ်ယဲ့ ကြိုတင်သိရှိနေခြင်းကို အံ့အားသင့်နေသည်။

ဝမ်ယဲ့က ထိုလူ၏ မေးခွန်းထုတ်သည့်အကြည့်ကို နားလည်သွားပြီး လယ်တော်အိမ်တွင် ဖြစ်ပျက်ခဲ့သမျှ ရှင်းပြလိုက်သည်။

သူမ၏စကားများကို နားထောင်ပြီးနောက် ရွှီယွဲ့ကျားက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။

"အမှုက နည်းနည်းတော့ ရှုပ်ထွေးနေတယ်၊ အခုလောလောဆယ် ဆွေးနွေးဖို့တော့ မသင့်တော်ဘူး"

အကယ်၍ အခြားပတ်သက်ဆက်နွှယ်သူများ မရှိပါက မြို့တော်ဝန်ဝမ်ရှန်းအနေဖြင့် ရွှီယွဲ့ကျားထံ လာရောက် အကြံတောင်းနေစရာ အကြောင်းမရှိပေ။

"ရှုပ်ထွေးတယ် ဟုတ်လား... ဒါဆိုရင်လည်း ကျွန်မ ရှင့်ကို အချိန်မဆွဲတော့ပါဘူး"

သူမ ခန့်မှန်းထားသကဲ့သို့ ရိုးရှင်းပါက သူ ဤမျှအထိ လျှို့ဝှက်ထားမည် မဟုတ်ကြောင်း ဝမ်ယဲ့ နားလည်လိုက်သည်။ ရွှီယွဲ့ကျားက ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ထပ်ပြောလိုက်သည်။

"မင်း တကယ် သိချင်နေတယ်ဆိုရင် အမှုပြီးပြတ်သွားတဲ့အခါ ကိုယ် သိသလောက် ပြန်ပြောပြပေးပါ့မယ်"

ဝမ်ယဲ့ : "..."

‘ငါက အဲ့ဒီလောက်ကြီးလည်း စပ်စုချင်နေတာ မဟုတ်ပါဘူး... အင်း... နည်းနည်းတော့ စပ်စုချင်တာပေါ့လေ’

ထိုအချိန်တွင် သူ့အနောက်မှ ကလေးငယ်တစ်ဦး၏ အသံလေး ထွက်ပေါ်လာပြီး ဖခင်ဖြစ်သူကို လှမ်းခေါ်နေသယောင် ရှိသည်။ ရွှီယွဲ့ကျားက ချက်ချင်း ထပ်ပြောလာသည်။

"ကိုယ် သွားရတော့မယ်"

ထို့နောက် သူက အနောက်ဘက် ခြံဝင်းထဲမှ အလျင်အမြန် ထွက်ခွာသွားသည်။

ဝမ်ယဲ့က အဝေးမှ ပြေးလာသော ရွှီယွိရွှမ်၏ ပုံရိပ်လေးကို လှမ်းမြင်လိုက်ရပြီး မပြုံးဘဲ မနေနိုင်တော့ချေ။

ရွှီယွိရွှမ်ကလည်း ဝမ်ယဲ့ကို မြင်သွားပြီး သူ့မျက်လုံးလေးများ တောက်ပသွားကာ အနားသို့ ရောက်လာသည်။

"မေမေ ပြန်လာပြီလား"

ထို့နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ နှုတ်ခမ်းလေးဆူလျက် ပြောလိုက်ပြန်သည်။

"ဖေဖေက ထွက်သွားပြီ"

ဝမ်ယဲ့က ရယ်မောရင်း မေးမြန်းလိုက်သည်။

"ဒီနေ့ ဖေဖေ့ကို ဘာလုပ်လိုက်ပြန်ပြီလဲ"

ရွှီယွိရွှမ်၏ ခေါ်သံကို ကြားရုံဖြင့် ရွှီယွဲ့ကျား ဤမျှ အလျင်စလို ထွက်ပြေးသွားသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ရွှီယွိရွှမ်က အပြစ်ကင်းစင်ဟန်လေးဖြင့် ခေါင်းခါပြနေသည်။

"မလုပ်ဘူး....မလုပ်ဘူး"

‘ရွှမ်အာ တကယ် ဘာမှ မလုပ်ဘူးလို့’

ရွှီယွိရွှမ်ထံမှ အဖြေမရသဖြင့် ဝမ်ယဲ့က အထိန်းတော်ကျိဘက်သို့ လှည့်ကာ အကျိုးအကြောင်း မေးမြန်းလိုက်သည်။

အထိန်းတော်ကျိက ချက်ချင်း ရှင်းပြနေသည်။

"ဘာမှ မဟုတ်ပါဘူး၊ ဒီမနက် သခင်ငယ်လေး နိုးလာတော့ ဒုတိယသခင်မကို မတွေ့တာနဲ့ အိမ်မှာ ရှိနေတဲ့ ဒုတိယသခင်ကိုပဲ ကပ်တွယ်နေလို့ပါ"

"ဒါပဲလား"

ဤမျှလောက် ရိုးရှင်းလိမ့်မည်ဟု ဝမ်ယဲ့ လုံးဝ မယုံကြည်ပေ။ ဤအချိန်အတွင်း တစ်စုံတစ်ရာ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့မည်မှာ သေချာနေသည်။ အထိန်းတော်ကျိက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလာခဲ့သည်။

"အဲ့ဒါကလေ... သခင်ငယ်လေးက မြေပုံဆွဲလိုက်လို့ပါ"

ဝမ်ယဲ့က စူးစမ်းချင်ပုံဖြင့် ထပ်မေးလိုက်သည်။

"အဲ့ဒီမြေပုံကို အမတ်မင်းရဲ့ ကိုယ်ပေါ်မှာများ ဆွဲလိုက်တာလား"

အထိန်းတော်ကျိက အသံမထွက်ဘဲ ခေါင်းသာ ညိတ်ပြနေသည်။

ဝမ်ယဲ့က ရယ်သံကို အောင့်ထားရင်း ရွှီယွိရွှမ်၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

"မင်းကတော့ တကယ်ကို ရဲတင်းနေတာပဲ"

ရွှီယွဲ့ကျားတစ်ယောက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသည့်နှယ် အလျင်စလို ထွက်သွားရသည့် အကြောင်းအရင်းကို ယခုမှ ဝမ်ယဲ့ နားလည်သွားရသည်။

ရွှီယွိရွှမ်ကတော့ ဝမ်ယဲ့ သူ့ကို ချီးကျူးနေသည်ဟု ထင်မှတ်ကာ သူ၏ ဝမ်းဗိုက်ကလေးကို ရှေ့သို့ ထုတ်လျက် ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် ပြောနေသေးသည်။

"ရွှမ်အာက တော်တယ်"

(t/n: ရွှမ်အာက နှစ်နှစ်ပဲ ရှိသေးတယ်၊ မြေပုံဆွဲတတ်ပြီလားလို့ မတွေးကြနဲ့နော်၊ ဒီမှာ မြေပုံဆွဲတယ်ဆိုတာက အိပ်ရာထဲမှာ ရူးရူးပေါက်မိတာကို ပြောတာပါ၊ အိပ်ရာရဲ့ စိုသွားတဲ့ နေရာက အကွက်က ပုံစံမမှန်ပဲ မြေပုံတွေလိုမျိုးဖြစ်နေလို့ ဟာသသဘောနဲ့ တင်စားပါတယ်တဲ့၊ ကြောင်လေးတွေ ခွေးလေးတွေကြောင့် ခြေရာတွေ ထင်သွားတာမျိုးကိုလည်း မြေပုံဆွဲတယ်လို့ သုံးကြပါတယ်တဲ့)

All Chapters