← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀ ချိုင်ယွင်ကျိုက်

‘နှစ်နှစ်အရွယ် ကလေးတစ်ယောက်က ခုထိ အိပ်ရာထဲ ဆီးသွားတုန်းဆိုတာ ပုံမှန်ပဲလား...’

ဝမ်ယဲ့၏ စိတ်ထဲတွင် အနည်းငယ် သံသယရှိနေပြီး သူမ ဘာပြောရမှန်း မသိတော့သဖြင့် သူမ၏ ခါးလေးကို ကိုင်းလိုက်ပြီး ရွှီယွိရွှမ်၏ ဝမ်းဗိုက်ကလေးကို လက်ညှိုးဖြင့် တို့ကာ စနောက်လိုက်သည်။

"ရွှမ်အာ အခုတလော ကိုယ်အလေးချိန်တက်လာတာလား"

ကလေးက အရပ်လည်း ရှည်လာသလို စကားလည်း ပိုပြောတတ်လာပြီ ဖြစ်သည်။ သူက နားလည်သွားပုံဖြင့် ကိုယ်ကိုလှည့်ကာ ပြန်ပြောလာသည်။

"ရွှမ်အာ မဝဘူး"

"ဖေဖေ"

ရွှီယွိရွှမ်က အလောတကြီး ပြောနေသဖြင့် သူ့စကားသံများက အနည်းငယ် ဗလုံးဗထွေး ဖြစ်နေသည်။

"ရွှမ်းအာကို ရေသောက်ခိုင်းတာ"

ရွှီယွိရွှမ်က သူ၏ ဗိုက်ကလေးကို လက်ညှိုးထိုးပြကာ ပြတ်တောင်းပြတ်တောင်း ပြောပြ‌နေသည်။

"အဲ့ဒါကြောင့် ဗိုက်က ကြီးလာတာ"

ဝမ်ယဲ့ : "..."

‘သူ့စကားသံက ဘာလို့ လေယူလေသိမ်း ပြောင်းသွားတာလဲ’

ကလေးလေး၏ ချစ်စဖွယ် အမူအရာလေးကို ကြည့်ပြီး ဝမ်ယဲ့တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။

သူမက ထပ်ဖြည့်ပြောလိုက်သည်။

"အဲ့ဒီတော့ ရွှမ်အာက သူ့အပေါ်မှာ ဆီးသွားလိုက်တာပေါ့ ဟုတ်လား"

"ဆီး" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ရွှီယွိရွှမ်က ထိုစကား မကောင်းမှန်း သိနေသည့်အလား ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

သူက သူ့လက်ကလေးများကို လိမ်ဆွဲရင်း ပြန်ပြောလာသည်။

"အဲ့ဒါ ပုံဆွဲတာ"

ခေတ္တမျှ တိတ်သွားပြီးနောက် သူက ထပ်ဖြည့်ပြောနေသေးသည်။

"ကျိမား ပြောတာ"

သူက ဘာမှမစဉ်းစားဘဲ အထိန်းတော်ကျိကို အပြစ်ပုံချလိုက်ပြန်သည်။

ဝမ်ယဲ့က အထိန်းတော်ကျိကို ကြည့်ကာ ရယ်မောရင်း လှမ်းပြောလိုက်သည်။

"ကျိမား... ကြားတယ်မလား၊ သူ့ကို အရမ်း အလိုမလိုက်နဲ့၊ ကလေးတွေက နှလုံးသား မရှိဘူး၊ နောက်ဆုံးမှာ နာကျင်ရမှာက ကျိမားပဲ ဖြစ်လိမ့်မယ်"

အထိန်းတော်ကျိ : "..."

‘ဒုတိယသခင်မကတော့ တကယ်ပဲ တခြားလူရဲ့ နှလုံးသားက အားနည်းချက်ကို ထိုးနှက်နိုင်တာပဲ’

ဘာကြောင့်မှန်း မသိနိုင်သော်လည်း ထိုအချိန်တွင် ရွှီယွိရွှမ်က အထိန်းတော်ကျိ၏ လက်ကို ရုတ်တရက် သွားဆွဲကိုင်လိုက်ပြီး ချိုသာစွာ ပြုံးပြနေသည်။

"ကျိမား"

အထိန်းတော်ကျိ၏ စိတ်က ချက်ချင်း နူးညံ့ပျော့ပြောင်းသွားပြီး ကြင်ကြင်နာနာ ပြန်မေးလိုက်သည်။

"သခင်ငယ်လေး ဘာလုပ်ချင်လို့လဲ"

ကလေးများက အရာရာကို မေ့လွယ်ကြသည်။ လတ်တလောတွင် အထိန်းတော်ကျိက သူနှင့် အတူရှိနေချိန် အများဆုံး ဖြစ်သဖြင့် သူမကို ပိုတွယ်ကပ်နေခြင်းမှာ သဘာဝကျနေသည်။

ရွှီယွိရွှမ်က ခေါင်းလေးမော့ကာ ပြောနေပြန်သည်။

"ရွှမ်အာနဲ့အတူ ကစားကြမယ်"

အထိန်းတော်ကျိ၏ မျက်နှာက ဝင်းပသွားပြီး ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ၊ ကျိမား အခုပဲ သခင်ငယ်လေးနဲ့ ကစားပေးပါ့မယ်"

ရွှီယွိရွှမ်က ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး ထပ်ပြောနေသည်။

"ရွှမ်အာက ‘လင်းယုန်လေးက ကြက်မကြီးကို ဆိတ်တာ’ ကစားချင်တယ်"

အထိန်းတော်ကျိက ဂရုတစိုက် ပြင်ပေးလိုက်သည်။

"သခင်ငယ်လေး... အဲ့ဒါကို 'လင်းယုန်ကြီးက ကြက်ကလေးတွေကို ဖမ်းတမ်းကစားနည်း' လို့ ခေါ်တာပါ"

ရွှီယွိရွှမ်က ခေါင်းညိတ်ပြနေသည်။

"ဆိတ်တာပဲ မဟုတ်ဘူးလား"

အထိန်းတော်ကျိ : "..."

ဝမ်ယဲ့ကတော့ ရယ်သံကို မထိန်းနိုင်တော့ပေ။

သူတို့ ဝင်းအတွင်း၌ ကစားနေကြသည်။ အထိန်းတော်ကျိက အသက်ဆယ့်နှစ်နှစ်အရွယ် အစေခံမိန်းကလေး အနည်းငယ်ကို ကြက်ကလေးများအဖြစ် သတ်မှတ်ပေးပြီး သူမကိုယ်တိုင်ကတော့ သူတို့ကို ကာကွယ်ပေးသည့် ကြက်မကြီးအဖြစ် ကစားပေးနေသည်။ ရွှီယွိရွှမ်က လင်းယုန်လေး အဖြစ် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေသည်။ ဝမ်ယဲ့က စင်္ကြံအောက်ရှိ ဒန်းပေါ်တွင် ထိုင်ကာ လေညှင်းခံနေပြီး လက်ဖက်ရည်ကောင်းလေးကို သောက်ရင်း ရွှီယွိရွှမ် ကြက်ကလေးများအား လိုက်ဖမ်းနေသည်ကို ကြည့်နေသည်။

‘ဘယ်လောက်တောင် အေးချမ်းတဲ့ ဘဝလေးလဲ’

.......။.......။........

တစ်ဖက်တွင်လည်း ရွှီယွဲ့ကျားက သူ့မြင်းကို စီးနှင်ကာ မြို့တော်ဝန်ရုံးသို့ ရောက်ရှိလာခဲ့သည်။

ဝမ်ရှန်း စောင့်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ရွှီယွဲ့ကျားက ခန်းမထဲသို့ ဝင်သွားပြီး ချက်ချင်း စမေးလိုက်သည်။

"သံသယရှိသူရဲ့ နောက်ခံ"

ဤအမှုက သူ့ထက် ရာထူးနှစ်ဆလောက် ပိုမြင့်သည့် အရာရှိတစ်ဦးနှင့် ပတ်သက်နေသဖြင့် ဝမ်ရှန်းက အလွန်ဂရုတစိုက် သတိထားကာ ပြောဆိုနေခဲ့သည်။

"သူ့နာမည်က ရှမုကျစ်၊ ဝမ်ချန်က လာတာပါ၊ ကျင်းယွမ်တတိယမြောက်နှစ်မှာ စာမေးပွဲကျရှုံးခဲ့တဲ့ ပညာသင်သားတစ်ဦးပါ၊ သူက သူနဲ့ ဇာတိတူဖြစ်တဲ့ တန့်သခင်မနဲ့ အိမ်ထောင်ကျခဲ့ပါတယ်၊ အမျိုးသမီးရဲ့ မိသားစုက ပိုးထည်လုပ်ငန်း လုပ်ကိုင်ပါတယ်၊ တန့်သခင်မက တစ်ဦးတည်းသောသမီး ဆိုတော့ သူတို့မိသားစုက ရှမုကျစ် စာသင်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ကြတာပါ"

တာ့ကျင်းမင်းဆက်တွင် ယခင်မင်းဆက်များကဲ့သို့ ကုန်သည်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခြင်း မရှိဘဲ ကုန်သည်မျိုးနွယ်များလည်း စာသင်ကြားကာ နန်းတွင်းစာမေးပွဲ ဖြေဆိုနိုင်သည်။ သို့သော်လည်း ကုန်သည်ဆိုသည့် အဆင့်အတန်းကတော့ ညတွင်းချင်း ပြောင်းလဲသွားနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် ကုန်သည်များက သူတို့၏ သားသမီးများကို စာကြိုးစားရန် တိုက်တွန်းလေ့ရှိကြသည်။ သူတို့၏ အဆင့်အတန်း မြင့်မားလာစေရန် အခြားနည်းလမ်းတစ်ခုလည်း ရှိနေသေးသည်။ ၎င်းက အသက်ငယ်ငယ်နှင့် ခရိုင်အဆင့်စာမေးပွဲ အောင်မြင်ထားသော်လည်း ရှေ့ဆက်ရန် ငွေကြေးမတတ်နိုင်သည့် ပါရမီရှင် ပညာသင်သားများနှင့် သူတို့၏ သမီးများကို လက်ထပ်ပေးခြင်းပင်။

"ပြီးခဲ့တဲ့နှစ်နှစ်က စာမေးပွဲကျရှုံးပြီးနောက်မှာ ရှမုကျစ်က နောက်တစ်ကြိမ် စာမေးပွဲ ထပ်ဖြေဖို့အတွက် စာကိုပဲ အာရုံစိုက်ချင်တယ်လို့ အကြောင်းပြပြီး မြို့တော်မှာ ဆက်နေခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ စုံစမ်းစစ်ဆေးမှုအရ သူက သူ့ရဲ့မိတ်ဆွေတွေ ကျင်းပတဲ့ ကဗျာ၊ စာပေဆွေးနွေးပွဲတွေကို ခဏခဏတက်လေ့ရှိပြီး အရာရှိတချို့ရဲ့ သားတွေနဲ့လည်း မိတ်ဆွေဖွဲ့ထားတယ်လို့ သိခဲ့ရပါတယ်"

ဝမ်ရှန်းက ခဏနားပြီးမှ အသက်တစ်ချက် ပြင်းပြင်းရှူကာ ဆက်ပြောနေသည်။

"ရှမုကျစ် စာမေးပွဲကျပြီး သုံးလအကြာမှာ တန့်သခင်မက မြို့တော်ကို ရောက်လာခဲ့ပါတယ်၊ သူတို့က တန့်သခင်မရဲ့ ခန်းဝင်ပစ္စည်းတွေကို သုံးပြီး မြို့တော်မှာ ခြံဝင်းနှစ်ခုပါတဲ့ အိမ်တစ်လုံးကို ဝယ်ခဲ့ကြပါတယ်။ အိမ်နီးနားချင်းတွေကို မေးမြန်းကြည့်တော့ ရှမုကျစ်က သူ့ဇနီးအပေါ် အရမ်းကောင်းတယ်လို့ ပြောခဲ့ကြတယ်၊ သူ စာသင်ကျောင်းက ပြန်လာတိုင်း သူ့ဇနီးအကြိုက်ဆုံး မုန့်တွေကို အမြဲဝယ်လာပေးတတ်တယ်တဲ့"

"မနေ့ကလည်း ရှမုကျစ်က ပုံမှန်အတိုင်း မုန့်တွေ ဝယ်လာခဲ့ပါတယ်၊ ဒါပေမယ့် တန့်သခင်မ အဲ့ဒီမုန့်တွေကို စားပြီး ရှီးချန်တဝက်တောင်မပြည့်ခင်မှာ သူ့ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်းပြင်းထန်ထန် နာကျင်လာခဲ့ပါတယ်"

ဝမ်ရှန်းက ပျက်ကျသွားသည့် သန္ဓေသားလေးကို တွေးမိပြီး သက်ပြင်းချလိုက်ပြန်သည်။

"တန့်သခင်မရဲ့ အထိန်းတော်က တစ်ခုခုမှားနေပြီဆိုတာ သိသွားပြီး ရှမုကျစ်ကို ချက်ချင်း ဖမ်းဆီးပေးဖို့ အာဏာပိုင်တွေကို သတင်းပို့ဖို့ အစေခံတစ်ယောက်ကို လွှတ်လိုက်တာပါ၊ ကျွန်တော် ခေါင်းဆောင်လျောင်ကို လွှတ်လိုက်တော့ ရှမုကျစ်ရဲ့ စာကြည့်ခန်းထဲမှာ သွေးဆင်းစေမယ့်ဆေးနဲ့ သွေးလှည့်ပတ်မှုရပ်ဆိုင်းစေမယ့်ဆေးတွေကို တကယ်ပဲ ရှာတွေ့ခဲ့ပါတယ်၊ သူက သွေးဆောင်ခံခဲ့ရပြီး စွဲလမ်းမှုတစ်ခု ရှိနေတယ်လို့ ဝန်ခံပေမယ့် ဆေးတိုက်ဖို့ အခွင့်အရေးတော့ မရသေးဘူးလို့ အခိုင်အမာ ငြင်းနေတယ်၊ ထူးဆန်းတာက တန့်သခင်မ အဲ့ဒီနေ့က စားခဲ့သမျှ အရာအားလုံးကို ကျွန်တော်တို့ စစ်ဆေးကြည့်ပေမယ့် ရှမုကျစ် ပြင်ဆင်ထားတဲ့ ဆေးရဲ့ အစအနကိုတောင် ရှာမတွေ့ခဲ့ပါဘူး"

ရွှီယွဲ့ကျားက ထပ်မေးလိုက်သည်။

"ရှမုကျစ် ကိုင်တွယ်ခဲ့တဲ့ အစားအစာတွေကိုရော စစ်ပြီးပြီလား"

ဝမ်ရှန်းက ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ရှမုကျစ်ရဲ့ ဝန်ခံချက်အရ တန့်သခင်မက အခုတလော နန်အန်းလမ်းပေါ်မှာ ရှိတဲ့ လျိုယွမ်ကျိုက်က မုန့်တွေကို အရမ်းနှစ်သက်နေတာပါတဲ့၊ သူက နောက်ထပ် ရက်အနည်းငယ်ကြာမှ အဲ့ဒီမုန့်တွေထဲမှာ ဆေးခတ်ဖို့ စီစဉ်ထားတာပါ၊ ဒါပေမယ့် အဖြစ်အပျက်က သူ ထင်ထားတာထက် စောပြီး ဖြစ်သွားခဲ့တယ်"

"ကျန်နေတဲ့ မုန့်တွေကို မြို့တော်ရဲ့ အတော်ဆုံး သမားတော်နဲ့ စစ်ဆေးခိုင်းပေမယ့် ဘာအဆိပ်မှ ရှာမတွေ့ခဲ့ပါဘူး"

“ဒါပေမယ့် တန့်သခင်မက ချိုင်ယွင်ကျိုက်က မုန့်တွေကို စားပြီး တကယ်ပဲ နာကျင်မှုကို ခံစားခဲ့ရတာပါ၊ ရှမုကျစ်က ကြည့်ရတာတာ့ လူကောင်းတစ်ယောက်နဲ့ တူတယ်၊ ဘယ်သူက သူ ဒီလိုဆိုးရွားတဲ့ အလုပ်မျိုး လုပ်နိုင်လိမ့်မယ်လို့ ထင်မှာလဲ၊ အိမ်နီးနားချင်းတွေ ပြောတာတော့ ပြီးခဲ့တဲ့နှစ်က တန့်သခင်မ သမီးလေးတစ်ယောက် မွေးပြီးတဲ့နောက်မှာ ရှမုကျစ်က သူ့ဇနီးအပေါ် ပိုပြီးတောင် ဂရုစိုက်လာတယ်လို့ ပြောကြတယ်"

ပွင့်ပွင့်လင်းလင်း ပြောရလျှင် တန့်မိသားစုတွင် တန့်သခင်မ တစ်ဦးတည်းသာ သမီး ဖြစ်သည်။ ချမ်းသာကြွယ်ဝသော တန့်မိသားစုကြီး၏ အမွေအနှစ်အားလုံးက နောက်ဆုံးတွင် သူမ၏ သားသမီးများထံ ရောက်ရှိသွားမည်ဖြစ်ရာ ဖခင်ဖြစ်သူအနေဖြင့် ရှမုကျစ်လည်း အကျိုးအမြတ် ရရှိမည်ဖြစ်သည်။

‘သူက ဘာကိုများ ထပ်ပြီး လိုချင်နေရသေးတာလဲ’

ရွှီယွဲ့ကျားက စကားဖြတ်ပြောလိုက်သည်။

"အမျိုးသမီးက ပြီးခဲ့တဲ့နှစ်က သမီးတစ်ယောက် မွေးထားတာလား၊ အခု ပျက်ကျသွားတဲ့ သန္ဓေသားက ငါးလ၊ ခြောက်လ ရှိပြီလို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား"

ဝမ်ရှန်းက နယ်စားမင်းအိမ်တော်သို့ ပေးပို့ခဲ့သော စာထဲတွင် အမှုကို အကြမ်းဖျင်းသာ ဖော်ပြထားသဖြင့် ပါဝင်ပတ်သက်သူများအကြောင်း အသေးစိတ်ကို ရွှီယွဲ့ကျား မသိသေးပေ။ ထို့ကြောင့် တန့်သခင်မ ကိုယ်ဝန်မပျက်ကျမီက သမီးတစ်ယောက် မွေးဖွားထားပြီးဖြစ်သည်ကို ရွှီယွဲ့ကျား မသိခဲ့ခြင်းပင်။

ဝမ်ရှန်းက ထပ်ရှင်းပြလိုက်သည်။

"ပျက်ကျသွားတဲ့ သန္ဓေသားက သူ့ရဲ့ ဒုတိယမြောက်ရင်သွေးပါ၊ သူ့မှာ ခြောက်လ၊ ခုနစ်လအရွယ် သမီးလေးတစ်ယောက် ရှိပြီးသားပါ"

ရွှီယွဲ့ကျားက ဝမ်ရှန်းကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများက မည်းမှောင်သွားပြီး အေးစက်စက်အသံဖြင့် မေးလိုက်သည်။

"အဲ့ဒီတော့ တန့်သခင်မက ကလေးမွေးပြီး သိပ်မကြာခင် နောက်ထပ် ကိုယ်ဝန် ထပ်ရှိလာတာပေါ့၊ မြို့ဝန်မင်းဝမ်... ရှမုကျစ်က အိမ်နီးနားချင်းတွေ ပြောသလို သူ့ဇနီးအပေါ် တကယ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်ဆိုရင် ဒါက ဖြစ်နိုင်တယ်လို့ ခင်ဗျား ထင်လား"

ဝမ်ရှန်းလည်း ဝေခွဲမရဖြစ်ကာ တွေဝေသွားရသည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်နိုင်လား"

သို့သော် ရွှီယွဲ့ကျားကတော့ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"စုံစမ်းစစ်ဆေးလိုက်"

မြို့ဝန်မင်းဝမ်က လေးလေးနက်နက် ခေါင်းညိတ်သဘောတူပြီးနောက် ထပ်မေးလိုက်သည်။

"ရွှယ်မိသားစုကိစ္စကရော ဘယ်လို လုပ်ရမလဲ"

"အဲ့ဒီကိစ္စကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်၊ ပြီးတော့..."

ရွှီယွဲ့ကျားက စကား ရုတ်တရက် ရပ်လိုက်သည်။

ဝမ်ရှန်း : "ပြောပါ အမတ်မင်း"

"ရွှယ်မိသားစုနဲ့ ပတ်သက်တဲ့ကိစ္စကို ဒီအမှု အပြီးမသတ်မချင်း အရှင်မင်းမြတ်နဲ့ ကျုပ်၊ ပြီးတော့ ခင်ဗျားသုံးယောက်ပဲ သိစေချင်တယ်၊ ခင်ဗျား နားလည်တယ်မလား"

ဝမ်ရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဒီနိမ်ကျတဲ့ အရာရှိ နားလည်ပါပြီ၊ အခုကစပြီး ရှမုကျစ်ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဖို့ ကျွန်တော်ကိုယ်တိုင် လုပ်ဆောင်ပါ့မယ်"

ဓလေ့ထုံးတမ်းရေးရာဌာနမှ လက်ထောက်ဝန်ကြီး၏ ရွှယ်မိသားစုက ဖြောင့်မတ်သော အရာရှိမိသားစု ဖြစ်ပြီး လေးစားဖွယ်ကောင်းသော မိသားစု ဖြစ်သည်။ သူတို့အနေဖြင့် စာမေးပွဲကျထားသော ရှမုကျစ်ကဲ့သို့ ပညာသင်သားတစ်ဦးနှင့် ပူးပေါင်းကြံစည်ရန်က မဖြစ်နိုင်သလောက်ပင်။

‘သူတို့အတွက် ဘာအကျိုးအမြတ် ရမှာမို့လို့လဲ၊ ရွှယ်မိသားစုက သမီးတစ်ယောက်ကရော ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အိမ်ထောင်ရှိပြီးသား စာမေးပွဲကျထားတဲ့ ပညာသင်သားတစ်ယောက်ဆီကို သွားရမှာလဲ။ ဒါပေမယ့် ရှမုကျစ်ကတော့ သက်သေအဖြစ် ပစ္စည်းနှစ်ခုကိုတောင် ထုတ်ပြပြီး ဇွတ်အတင်း ပြောနေခဲ့တယ်။’

ဤအမှုက သူ့ထက် ရာထူးအဆင့် ပိုမြင့်သည့် အရာရှိတစ်ဦးနှင့် ပတ်သက်နေသဖြင့် ဝမ်ရှန်း မဝေခွဲနိုင်ဖြစ်နေရပြီး ဆုံးဖြတ်ချက်အတွက် ရွှီယွဲ့ကျားထံ အကူအညီ တောင်းခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရဲမက်ခေါင်းဆောင်လျောင်က သူ၏ဓားကို ကိုင်ကာ ဝင်လာပြီး လက်ခုပ်အုပ်လျက် သတင်းပို့လာခဲ့သည်။

"အမတ်မင်းတို့ခင်ဗျာ... ချိုင်ယွင်ကျိုက်ရဲ့ တာဝန်ခံ ရောက်လာပါပြီ"

ဆိုင်တာဝန်ခံ ကျိုးချွမ်က တောင်ပိုင်းဒေသမှ လူတစ်ဦး ဖြစ်သည်။

ဝမ်ရှန်းက ထိုလူ၏ နောက်ကြောင်းကို စုံစမ်းစစ်ဆေးပြီးသား ဖြစ်သည်။ တောင်ပိုင်းဒေသမှ ချမ်းသာသော ကုန်သည်တစ်ဦးဖြစ်သူ ကျိုးချွမ်က မြို့တော်မှ သြဇာအာဏာရှိသူအချို့နှင့် အဆက်အသွယ်ရှိပြီး ထိုအဆက်အသွယ်များကြောင့် ချိုင်ယွင်ကျိုက်ကို တည်ထောင်နိုင်ခဲ့ကာ လပိုင်းအတွင်း စီးပွားရေး အလွန်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျိုးချွမ်က မြှောက်ပင့်ရာတွင် အလွန်တော်သူတစ်ဦးဟုလည်း ကောလာဟလများ ထွက်နေခဲ့သည်။ အစပိုင်းတွင် ဝမ်ရှန်းက ထိုသတင်းကို မယုံကြည်ခဲ့သော်လည်း သူကိုယ်တိုင်စစ်မေးပြီးနောက်တွင် ကောလာဟလများက အမှန်ပင်ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ကျိုးချွမ်က သံသယရှိသူစာရင်းတွင် မပါဝင်သလို သူ့ဆိုင်မှ မုန့်များတွင်လည်း ပြဿနာတစ်စုံတစ်ရာ မတွေ့ရသဖြင့် ဝမ်ရှန်းက လုပ်ထုံးလုပ်နည်းအရ စစ်မေးပြီး သူ့ကို ပြန်လွှတ်ပေးလိုက်သည်။

ဝမ်ရှန်းက တန့်သခင်မ တစ်ခုခုကို မတော်တဆ စားမိရာမှ ဤအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်မည်ဟု ယူဆထားသော်လည်း ရှမုကျစ်၏ ပြစ်မှုကတော့ လူသတ်ရန် ကြိုးပမ်းမှုအဖြစ် ထင်ရှားနေပြီ ဖြစ်သည်။

ကျိုးချွမ်ကို ပြန်လွှတ်ပေးပြီးနောက်တွင် ဝမ်ရှန်းက သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။ ရွှီယွဲ့ကျားက ခန်းဆီးနောက်မှ ထွက်လာရင်း ကျိုးချွမ်၏ ကျောပြင်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ချိုင်ယွင်ကျိုက်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်”

"ကျုပ် အခု နန်းတော်ကို သွားဖို့ လိုနေပြီ"

ဝမ်ရှန်းတစ်ယောက် ဇဝေဇဝါ ဖြစ်နေသော်လည်း ချက်ချင်း သဘောတူလိုက်သည်။

........။........။........

နန်းတော်အတွင်းရှိ ချင်ကျန့်ခန်းမဆောင်တွင်.......

ဧကရာဇ်က ရွှီယွဲ့ကျား တင်ပြထားသော အမှုအစီရင်ခံသည့် လျှောက်တင်လွှာကို ဖတ်ရှုနေပြီး သူ၏မျက်လုံးများက အတွေးနက်နေဟန် ရှိသည်။

"အမတ်မင်းရွှီ... အမတ်မင်းက ချိုင်ယွင်ကျိုက်မှာ တစ်ခုခု သံသယဖြစ်စရာ ရှိတယ်လို့ ထင်နေတာလား"

ရွှီယွဲ့ကျားက အတည်ပြုချက်မပေးရဲဘဲ မယုတ်မလွန် ပြန်လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်... ကျွန်တော်မျိုးအနေနဲ့ ဆိုင်ပိုင်ရှင် ကျိုးချွမ်က ပုံမှန်မဟုတ်ဘူးလို့ သတိပြုမိရုံ သက်သက်ပါ"

သူက လျှောက်တင်လွှာထဲတွင် ထူးဆန်းမှုများကို အသေးစိတ် ရေးသားဖော်ပြထားခဲ့သည်။ ဝမ်ရှန်း၏ စုံစမ်းစစ်ဆေးမှုအရ ကျိုးချွမ်က လိမ္မာပါးနပ်သော ကုန်သည်တစ်ဦး ဖြစ်သည်။

ကုန်သည်အများစုက ထိုသို့ပင် ဖြစ်ကြသော်လည်း မည်သည့်ကုန်သည်မဆို သူကိုယ်တိုင် လူသတ်မှုတစ်ခုတွင် ပါဝင်ပတ်သက်နေနိုင်သည်ဟု သိလိုက်ရပါက ဤမျှအထိ တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။

သူ၏ ပုံမှန်အတိုင်း မြှောက်ပင့်နေမှုနှင့် ဟန်ပြထိတ်လန့်မှုများက ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေခြင်းပင်။

ဧကရာဇ်က အစီရင်ခံစာကို ပိတ်လိုက်ပြီး မေးလာခဲ့သည်။

"အမတ်မင်းရွှီ... မနေ့က ငါကိုယ်တော် အဲ့ဒီဆိုင်ကနေ မုန့်တွေ သွားဝယ်ဖို့ လူတစ်ယောက် လွှတ်ခဲ့တာကို အမတ်မင်း သိလား"

ထိုစကားက ရွှီယွဲ့ကျားကို မျက်မှောင်ကြုတ်သွားစေသည်။

"ကံမကောင်းချင်တော့ ရှောင်ချွမ်းဇီက နန်းတော်ကနေ ထွက်သွားပြီး ရုတ်တရက် ဗိုက်အောင့်ခဲ့တာကြောင့် ရှီးချန်တစ်ဝက်လောက် နောက်ကျပြီးမှ ရောက်သွားခဲ့တယ်"

ဧကရာဇ်က ဆက်ပြောနေသည်။

"ရှောင်ချွမ်းဇီက သူ အရင်တစ်ခေါက်က ဝယ်ခဲ့တဲ့ မုန့်မျိုးကို ထပ်ဝယ်လို့မရတော့လို့ တခြားဆိုင်က မုန့်တွေကိုပဲ ဝယ်လာပြီး ငါကိုယ်တော့်ကို လာတောင်းပန်ခဲ့တယ်၊ ပြီးတော့ ‌ရှောင်ချွမ်းဇီကို ငါကိုယ်တော် ဝယ်ခိုင်းတဲ့ မုန့်တွေက အခု မင်းရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့ တန့်သခင်မ စားခဲ့တဲ့ မုန့်တွေနဲ့ အတူတူပဲ ဖြစ်နေတယ်"

ဧကရာဇ်အနေဖြင့် ရွှီယွဲ့ကျားကို မပြောပြခဲ့သည်မှာ ဤကိစ္စက မိဖုရားထံသို့ မတော်တဆ ရောက်ရှိသွားခြင်းပင်။ သူသာ ဧကရာဇ် မဖြစ်နေလျှင် သူလည်း အပြစ်ပေးခံရနိုင်သည်။

ရွှီယွဲ့ကျားက အခြေအနေကို နားလည်သွားပြီး ထပ်လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုး ဒီအမှုကို အသေးစိတ် စုံစမ်းစစ်ဆေးပါ့မယ်"

အမှန်အတိုင်း ပြောရလျှင် ဧကရာဇ်လည်း အနည်းငယ် တုန်လှုပ်နေခဲ့သည်။

‘ငါကိုယ်တော်ရဲ့ ဧကရီ ပြောတာက မှန်တယ်၊ ချန်လဲ့မင်းသမီးကို အရမ်း အလိုလိုက်လို့ မရတော့ဘူး။ အခုအချိန်က စပြီး နန်းတွင်းစာဖိုဆောင်က မုန့်တွေကိုပဲ စားခိုင်းရမယ်။ နန်းတော်ထဲက အချိုပွဲတွေက အပြင်ဆိုင်က မုန့်တွေထက် ညံ့ဖျင်းနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား’

ထိုအကြောင်းကို တွေးနေရင်း ဧကရာဇ်က ထပ်ပြောလိုက်သည်။

"ရွှယ်မိသားစုကိစ္စနဲ့ ပတ်သက်ရင်တော့... အမတ်မင်း လုပ်တာ မှန်တယ်။ ငါကိုယ်တော်၊ မင်းနဲ့ ဝမ်ရှန်းကလွဲလို့ စတုတ္ထမြောက်လူတစ်ယောက်အနေနဲ့ ဒါတွေကို မသိသင့်ဘူး"

မည်သို့ပင်ဖြစ်စေ၊ ဤသည်မှာ မြင့်မြတ်သောမိသားစုမှ မိန်းမပျိုလေးတစ်ဦး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။

ရွှီယွဲ့ကျား : "အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်"

"ဒါနဲ့..."

ဧကရာဇ်က တစ်ခုခုကို ရုတ်တရက် သတိရသွားပုံဖြင့် ထပ်ပြောလာပြန်သည်။

"ရှမုကျစ်ကို မောင်မင်းရဲ့ ဇနီးသည်က ဖမ်းမိခဲ့တာလို့ ငါကိုယ်တော် ကြားခဲ့သေးတယ်"

ရွှီယွဲ့ကျား : “ဟုတ်ပါတယ်”

မြို့တော်ဝန်ရုံးမှ ရဲမက်များ ကိုယ်တိုင်တွေ့မြင်ခဲ့ကြသဖြင့် ဤကိစ္စကို လျှို့ဝှက်ထားရန်က မဖြစ်နိုင်ပေ။ ရွှီယွဲ့ကျား အနေဖြင့်လည်း ဝန်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အသေးစိတ် အကြောင်းအရာများကို မသိသေးသော ဧကရာဇ်က ရယ်မောရင်း မှတ်ချက်ပေးနေလေသည်။

"အန္တရာယ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိပြီး တည်တည်ငြိမ်ငြိမ် ရှိတယ်၊ တကယ်ကို မဆိုးဘူးပဲ"

သူက ရွှီယွဲ့ကျားကို ကြည့်ကာ စနောက်လိုက်သည်။

"ငါကိုယ်တော်က အမတ်မင်းအတွက် အိမ်ထောင်ဖက် ရှာပေးချင်တုန်းက အမတ်မင်း ဘာလို့ ငြင်းခဲ့တာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး၊ မင်းရဲ့ စိတ်ထဲမှာ တစ်စုံတစ်ယောက် ရှိနေပြီးသား ဖြစ်နေတာကို"

ဧကရာဇ်က နန်းတွင်းရေးရာများကိုသာမက နယ်စားမင်းအိမ်တော်၏ အရေးကိစ္စများကိုပါ အကုန်အစင် သိရှိထားသူဖြစ်သည်။ ထို့ကြောင့်လည်း သူက ရွှီယွဲ့ကျားအတွက် အိမ်ထောင်ဖက် စီစဉ်ပေးရန် စဉ်းစားခဲ့ပြီး မိဖုရားခေါင်ကြီး၏ မောင်တော်စပ်သူမှ မွေးဖွားသော အကြီးဆုံးသမီးကိုပင် လျှို့ဝှက်ရွေးချယ်ပေးခဲ့ဖူးသည်။ ထိုမိန်းကလေးက သူမ၏လှပမှု၊ နှုးညံ့သိမ်မွေ့မှုနှင့် သူမ၏ ထက်မြက်သော အရည်အချင်းများကြောင့် နာမည်ကျော်ကြားသူ ဖြစ်သည်။ သို့သော်လည်း ရွှီယွဲ့ကျားက ငြင်းပယ်လိမ့်မည်ဟုတော့ ဧကရာဇ် ထင်မထားခဲ့မိပေ။

ဧကရာဇ်ကလည်း သူ၏ဝန်ကြီးများအတွက် အတင်းအဓမ္မ အောင်သွယ်ပေးလိုစိတ်မရှိသဖြင့် ရွှီယွဲ့ကျား လက်မခံသည့်အခါ ထပ်ပြီး ဖိအားမပေးတော့ပေ။

သို့သော်လည်း အိမ်ရှေ့စံမင်းသားလေး အရွယ်ရောက်လာသည့်အခါ သူ့ဘေးနားတွင် ယုံကြည်ရသော ဝန်ကြီးတစ်ဦး မရှိဘဲ မည်သို့စီမံခန့်ခွဲမည်ကိုတော့ ဧကရာဇ် စိုးရိမ်ပူပန်နေခဲ့သည်။ ရွှီမိသားစုနှင့် ဝမ်မိသားစုတို့ အဘယ်ကြောင့် ခက်ခက်ခဲခဲ အိမ်ထောင်ဖက်အဖြစ် ပတ်သက်ခဲ့ရသည်ကိုလည်း သူ သဘာဝကျကျ ကြားသိထားပြီး ဖြစ်သည်။

ရွှီယွဲ့ကျားကဲ့သို့လူမျိုးက သူ့ဘက်မှ စတင်ပြီး တက်တက်ကြွကြွ ကမ်းလှမ်းကာ လက်ထပ်ယူခဲ့သော အမျိုးသမီးက မည်သို့မျှ လူအတစ်ယောက် မဖြစ်နိုင်ပေ။ နဝမမင်းသားနှင့် ပတ်သက်သည့် ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဝမ်မိသားစု၏ ဂုဏ်သတင်းက ကောင်းမွန်ကြောင်း သိသာထင်ရှားနေသည်။

ရွှီယွဲ့ကျား၏ သားဖြစ်သူကလည်း သူ၏ဉာဏ်ရည်ဉာဏ်သွေးများကို ဆက်ခံရရှိမည်မှာ သေချာနေပြီး ဧကရာဇ်က ထိုဇနီးမောင်နှံမှ မွေးဖွားလာမည့် ထူးချွန်ထက်မြက်မည့် သားငယ်လေးကို ယခုကတည်းက ကြိုတင်မျှော်လင့်နေလေသည်။

ရွှီယွဲ့ကျားက ဧကရာဇ်၏ ရှေ့မှောက်တွင် အများကြီး ရှင်းပြလိုစိတ်မရှိဘဲ ရိုးရိုးရှင်းရှင်းသာ လျှောက်တင်လိုက်သည်။

"ဒါက ကျွန်တော်မျိုးရဲ့ ဇနီးသည် ကံကောင်းသွားလို့ပါ"

ထို့နောက်တွင် ဧကရာဇ်က သူ့ဘေးနားရှိ မိန်းမစိုးလီကို တချက်ကြည့်လိုက်သည်။ မိန်းမစိုးလီက ချက်ချင်း ဦးညွှတ်ကာ လျှောက်တင်လာသည်။

"အရှင်မင်းမြတ်... ထုံးတမ်းရေးရာဌာနက လက်ထောက်ဝန်ကြီးရွှယ်နဲ့ သူ့သားတို့က ခန်းမဆောင် ပြင်ပမှာ စောင့်ဆိုင်းနေကြပါတယ်"

ဧကရာဇ်က ခေါင်းညိတ်ပြကာ အမိန့်ပေးလိုက်သည်။

"သူတို့ကို ဝင်လာခိုင်းလိုက်"

နန်းတော်ခန်းမဆောင်၏ အပြင်ဘက်တွင် ထုံးတမ်းရေးရာဌာနမှ လက်ထောက်ဝန်ကြီး ရွှယ်ရန်လီက သူ၏သားဖြစ်သူ ရွှယ်ရန်ကို ခေါ်ဆောင်ကာ ရောက်ရှိနေသည်။

ရွှယ်ရန်ကတော့ သူ၏နဖူးပေါ်မှ ချွေးများကို တရစပ် သုတ်နေရှာသည်။

.........။........။......

ဝမ်ယဲ့က တစ်နေ့လည်ခင်းလုံး 'လင်းယုန်နှင့် ကြက်မကြီး'ကို ကြည့်ရှုရင်း အချိန်ကုန်ဆုံးခဲ့သည်။ ရွှီယွိရွှမ်နှင့်အတူ ညစာပင် အတူစားခဲ့သေးသည်။

ညဉ့်နက်မှသာ ရွှီယွဲ့ကျားတစ်ယောက် ကြယ်ရောင်စုံအောက်၌ အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ သူ အနောက်ဘက်ခြံဝင်းသို့ ရောက်ရှိသွားချိန်တွင် ဝမ်ယွဲ့က သူ့ကို အကောင်းမွန်ဆုံးသော ဧည့်ဝတ်ပြုမှုများဖြင့် ကြိုဆိုခဲ့သည်။

ညစာနှင့် လက်ဖက်ရည်များက အဆင်သင့် ပြင်ဆင်ပြီး ဖြစ်ကာ သူ ညစာ မစားရသေးကြောင်း ကြားသိရချိန်တွင် ဝမ်ယဲ့က သူမကိုယ်တိုင် ဟင်းလျာများကို ခူးခပ်ပေးနေသည်။

ရွှီယွဲ့ကျားက သူ့ပန်းကန်ထဲမှ တောင်ပုံရာပုံ ဖြစ်နေသော ဟင်းများကို ကြည့်ကာ ခဏတာမျှ တုံ့ဆိုင်းသွားသော်လည်း တားတော့ တားလိုက်သေးသည်။

"ဒီလောက်ဆို လုံလောက်ပါပြီ"

ဝမ်ယဲ့က စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ဂရုတစိုက် မေးလိုက်သည်။

"ရှင့်အတွက် တစ်ခုခု အဆင်မပြေဖြစ်နေလို့လား၊ အဆင်မပြေရင် ကျွန်မ ချက်ချင်း ပြန်ပြင်ပေးမယ်လေ"

ရွှီယွဲ့ကျားက သူမကို တိတ်တဆိတ် ကြည့်လိုက်သည်။ ဝမ်ယဲ့က သဘောပေါက်သွားပြီး ထပ်ပြန်ပြောလိုက်သည်။

"ကျွန်မကလွဲလို့ပေါ့"

ရွှီယွဲ့ကျားက မျက်လွှာချလိုက်ပြီး သူ့ဘာသာသူ စတင်စားသောက်နေသည်။ ခဏအကြာတွင် သူက စမေးလာပြန်သည်။

"ဒီနေ့ မြို့ပြင်ကို နွေဦးထွက်ခရီး ဘယ်သူတွေနဲ့ သွားခဲ့တာလဲ"

'ဘာလို့ ဒါကို ရုတ်တရက်ကြီး ထမေးရတာလဲ...'

‘ငါ ဝမ်းကွဲယောင်းမတွေနဲ့ အပြင်သွားတာကို သူကို ဖုံးကွယ်ထားမိလို့လား၊ မဟုတ်ဘူး၊ သူ့ကို ပြောပြပြီးပြီ၊ ဒါဆိုရင်...’

ဝမ်ယဲ့၏ အပြုံးက ပျက်ယွင်းသွားပြီး ဇဝေဇဝါပုံစံလေးဖြင့် ပြန်မေးလိုက်သည်။

"ဒီအမှုက ရွှယ်မိသားစုနဲ့ ပတ်သက်နေတာတော့ မဟုတ်ဘူးမလား"

ရွှီယွဲ့ကျားက အင်းဟု ခပ်တိုးတိုး အသံပြုရုံသာ တုံ့ပြန်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

ဝမ်ယဲ့ : "..."

'အနည်းဆုံးတော့ အသေးစိတ်လေး ပြောပြလို့ မရဘူးလား...'

ထိုအမှုက တောမီးကဲ့သို့ပင် ပျံ့နှံ့သွားခဲ့သည်။ နှစ်ရက်အတွင်းမှာပင် နန်းတွင်းစာမေးပွဲ ရှုံးနိမ့်ခဲ့သော ပညာသင်သားတစ်ဦးက သူ၏ဇနီးကို အဆိပ်ခတ်သတ်ရန် ကြိုးပမ်းသည့် သတင်းက မြို့တော်တစ်ခွင် ပျံ့နှံ့သွားပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်။

သခင်မလုနှင့် အကြီးဆုံးအဒေါ်ကြီးတို့က ဧည့်ခံပွဲတစ်ခုမှ ပြန်လာကြပြီး တစ်ညအကြာမှပင် ထိုဖြစ်ရပ်ကို ကြားလိုက်ရသည်။ မကြာမီမှာပင် သူမတို့က ဝမ်ယဲ့ကို ဆင့်ခေါ်လိုက်သည်။

ပင်မခြံဝင်း၏ ခန်းမဆောင်ကြီးထဲတွင် သခင်မလုက မျက်မှောင်ကြုတ်ကာ မေးမြန်းနေသည်။

"ဒါက သာမန်လူသတ်မှု မဟုတ်ဘူးလား၊ ဘာလို့ ငါတို့ရဲ့ ဒုတိယမောင်လေးက ပါဝင်ပတ်သက်နေရတာလဲ"

မြို့တော်ဝန် ဝမ်ရှန်းအနေဖြင့် ရိုးရှင်းသော လူသတ်မှုတစ်ခုကို ကိုင်တွယ်ရန် အခက်အခဲ မရှိသင့်ပေ။ အကြီးဆုံးအဒေါ်ကတော့ အမှုကိစ္စကို ပိုစိတ်ဝင်တစားနေပုံပေါ်သည်။

"အဲ့ဒီပညာသင်သားကို အပြစ်ပေးပြီးပြီလား"

ဝမ်ယဲ့က မတတ်သာသလိုဟန်လေးဖြင့် ပြန်ဖြေလိုက်သည်။

"မမနဲ့ အကြီးဆုံးအဒေါ်ကလည်း... ကျွန်မက ဒီလို လျှို့ဝှက်ကိစ္စတွေကို ဘယ်လိုလုပ် သိမှာလဲ"

သခင်မလုက သူမ၏ တုံ့ပြန်မှု လွန်သွားကြောင်း သတိထားမိသွားပြီး ချောင်းဟန့်ကာ လေသံလျော့လိုက်သည်။

"ဒုတိယမောင်လေးက ညီမလေးကို ဘာမှမပြောပြဘူးလား"

အကယ်၍ ဝမ်ရှန်းအနေဖြင့် ရွှီယွဲ့ကျားကို ဖိတ်ခေါ်ခဲ့သည်ဆိုလျှင် ဤအမှုနောက်ကွယ်၌ တစ်ခုခု ရှိနိုင်သည်ကို သခင်မလု ခန့်မှန်းနိုင်သည်။ နယ်စားမင်း အိမ်မှာ ရှိနေလျှင် သူမကို ပြောပြပြီးသား ဖြစ်နေပေလိမ့်မည်။

ဝမ်ယဲ့ကတော့ ခိုင်ခိုင်မာမာ ငြင်းဆိုနေသည်။

"မမ... ကျွန်မရဲ့ ခင်ပွန်းသည်က စည်းကမ်းကြီးပြီး ဘက်လိုက်မှုမရှိတဲ့ အရာရှိတစ်ယောက်ပါ၊ ကျွန်မတို့ သူ့ရဲ့အလုပ်ကိစ္စတွေကို စပ်စုဖို့ မသင့်တော်ဘူးလေ"

သခင်မလုနှင့် အကြီးဆုံးအဒေါ် : "..."

All Chapters