← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁ နှစ်သစ်ကူးလိုမျိုး

နန်းတွင်းစာမေးပွဲတွင် ရှုံးနိမ့်ခဲ့သော ပညာသင်သားတစ်ဦးက သူ့ဇနီးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် အမှုက ပါဝင်ပတ်သတ်မှု မရှိသည့် လူများအကြားတွင် ရေပန်းစားသော အတင်းအဖျင်းသတင်းတစ်ခု ဖြစ်လာခဲ့သည်။

ဝမ်ချန်က မြို့တော်နှင့် မနီးမဝေးတွင် ရှိနေပြီး သတင်းရသွားသည့် တန့်သခင်မ၏ မိဘများကလည်း ရက်အနည်းငယ်အတွင်း မြို့တော်သို့ ရောက်ရှိလာကြသည်။

သတင်းများ ပျံ့နှံ့လာသည်နှင့်အမျှ ဝမ်ယဲ့ပင် ပြောပြစရာမလိုတော့ဘဲ လုသခင်မနှင့် အကြီးဆုံးအဒေါ်တို့က ဤအမှု၏ အတွင်းဇာတ်လမ်းကို အကြမ်းဖျင်း သိရှိသွားခဲ့ကြသည်။

ရှမျိုးရိုးရှိသော ပညာသင်သားတစ်ယောက်က ချိုင်ယွင်ကျိုက်မှ ဝယ်ယူလာသော မုန့်များပေါ်တွင် သွေးလည်ပတ်မှု အားကောင်းစေပြီး သွေးခဲများကို ပျော်ဆင်းစေသည့် ဆေးတစ်မျိုး သုတ်လိမ်းကာ ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျစေပြီး အသက်ဆုံးရှုံးစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဇနီးဖြစ်သူ၏ အထိန်းတော်ကြီးက အချိန်မီ သိရှိသွားခဲ့ပြီး ထိုပညာသင်သားက ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မြို့တော်ဝန်ရုံးမှ ရဲမက်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ အမှုကို အလျင်အမြန် ဖြေရှင်းနိုင်ခဲ့ပြီး သက်သေအခိုင်အမာဖြင့် အဆုံးသတ်သွားခဲ့သည်။

ထိုရှမျိုးရိုး၏ ပညာသင်သားဘွဲ့အမည်ကို ရုပ်သိမ်းလိုက်ပြီး ပြည်နှင်ဒဏ် ပေးလိုက်သည့်အပြင် သူ၏ မျိုးဆက်သုံးဆက်တိုင်အောင် နန်းတွင်းစာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်လိုက်သည်။ ၎င်းက မြို့တော်ဝန်ရုံးမှ ပေါက်ကြားလာသော ကောလဟာလများ ဖြစ်သည်။

အချို့ကတော့ တန့်သခင်မအနေဖြင့် ကလေးဆုံးရှုံးခဲ့ရသော်လည်း အသက်ရှင်နေသေးသဖြင့် မြို့တော်ဝန်ရုံး၏ စီရင်ချက်က ပြင်းထန်လွန်းသည်ဟု ဝေဖန်ကြသည်။

ရှမုကျစ်က လာမည့်နှစ် နွေဦးစာမေးပွဲတွင် အောင်မြင်နိုင်သည့် ပညာသင်သားတစ်ဦး ဖြစ်သည်ဟု သူတို့ ယူဆနေကြသည်။

အချို့ကတော့ ရှမုကျစ်က ပညာသင်သားတစ်ဦး ဖြစ်သော်လည်း သူ၏ ယောက္ခမပိုင် ပစ္စည်းများကို သိမ်းပိုက်ရန်အတွက် ဇနီးနှင့် သားသမီးကို အဆိပ်ခတ်ရန် ကြိုးပမ်းခြင်းက ကိုယ်ကျင့်တရား ပျက်ပြားသည့် လုပ်ရပ်ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ဤကဲ့သို့သော လူမျိုးက အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် မထိုက်တန်သဖြင့် စီရင်ချက်က လွန်ကဲခြင်း မရှိဟု ပြန်ငြင်းခုံကြသည်။

တစ်ခုတည်းသော နှမြောစရာက ဖွင့်လှစ်သည်မှာ မကြာသေးသော ချိုင်ယွင်ကျိုက်အတွက် ဖြစ်သည်။ ရှမုကျစ်က ထိုဆိုင်မှ မုန့်များကို ဝယ်ယူခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသဖြင့် ဆိုင်ပိုင်ရှင်လည်း ဝေဖန်မှုများစွာ ခံခဲ့ရပြီး ဆိုင်ကို ယာယီပိတ်ထားလိုက်ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထောင်ကျီတစ်ယောက် မြို့ထဲသို့ ခဏခဏ သွားရောက်ခဲ့ပြီး အမှု၏ အသေးစိတ်အချက်အလက်အားလုံးကို အလျင်အမြန် စုံစမ်းသိရှိလာခဲ့သည်။

အစမှ အဆုံးအထိ 'ရွှယ်မိသားစု' အကြောင်းကို ဝမ်ယဲ့ မကြားရခြင်းက အဓိပ္ပာယ် နှစ်မျိုးသာ ရှိနိုင်သည်။ တစ်ခုက ရွှီယွဲ့ကျား သူမကို နောက်ပြောင်နေခြင်း ဖြစ်နိုင်ပြီး၊ နောက်တစ်ခုကတော့ အမှု၏ အချက်အလက် အစစ်အမှန်များကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။

ဝမ်ယဲ့ကတော့ ဒုတိယအချက်ကိုသာ ပိုယုံကြည်နေမိသည်။ သူမ၏ ရွှီယွဲ့ကျားအပေါ် နားလည်မှု အကန့်အသတ်အရ သူက ပေါ့ပျက်ပျက်နှင့် နောက်ပြောင်တတ်သော လူစားမျိုး မဟုတ်ပေ။

ထောင်ကျီက သတင်းအချက်အလက် စုဆောင်းရာတွင် အလွန် ကျွမ်းကျင်လှသည်။ သူမက လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် ဝေခွဲမရဖြစ်နေသော လေသံဖြင့် ထပ်ပြောလာခဲ့သည်။

"ဒုတိယသခင်မ... ဒီအစေခံ နောက်ထပ် ကြားခဲ့တာ တစ်ခုရှိသေးတယ်၊ ဒါပေမယ့် ပြောပြသင့် မပြောပြသင့် မဝေခွဲတတ်တော့ဘူး"

ဝမ်ယဲ့က သူမ၏ လက်သည်းများကို ညှိနေရင်း ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။

"ပြောသာ ပြောပါ"

ထောင်ကျီက အသံကို နှိမ့်ပြီးမှ ပြောပြလာသည်။

"နစ်နာသူဖြစ်တဲ့ တန့်သခင်မမှာ ခြောက်လ၊ ခုနစ်လအရွယ် သမီးလေးတစ်ယောက် ရှိသေးတယ်တဲ့၊ အခု ဆုံးရှုံးသွားတဲ့ ကလေးက ငါးလရှိပြီ၊ သားလေးလို့ သိခဲ့ရတယ်"

သူမ သတင်းအချက်အလက်များ စတင်စုဆောင်းချိန်တွင် တန့်သခင်မအပေါ် သနားစိတ်သာ ရှိခဲ့သော်လည်း အသေးစိတ် သိလာရသည့်အခါ ထောင်ကျီတစ်ယောက် စိုးရိမ်စိတ်များ ဝင်လာတော့သည်။

ဝမ်ယဲ့က ကိုယ်ကို မတ်လိုက်ပြီး ထောင်ကျီကို ကြည့်ကာ ထပ်မေးလိုက်သည်။

"တန့်သခင်မက ကလေးမွေးပြီးပြီးချင်းမှာပဲ နောက်တစ်ခါ ကိုယ်ဝန်ထပ်ရှိခဲ့တာလို့ နင် ပြောချင်တာလား"

ထောင်ကျီက ခေါင်းညိတ်ပြရင်း သူမ သိခဲ့ရသမျှကို ဆက်ပြောပြနေသည်။

"သူ့ခင်ပွန်းက သူ့ခန္ဓာကိုယ် အားနည်းသွားစေဖို့နဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါ 'မတော်တဆမှု' ဆိုတာ ပိုပြီး ယုံကြည်စရာကောင်းအောင်လို့ တမင်တကာ အချိန်ကိုက်ပြီး ကိုယ်ဝန်ရအောင် လုပ်ခဲ့တာလို့လည်း ပြောနေကြတယ်"

ဤခေတ်တွင် ကိုယ်ဝန်တားနည်းများ ရှိသလို တစ်ဖက်တွင်လည်း ကိုယ်ဝန်ရအောင် ကူညီပေးနိုင်သည့် နည်းလမ်းများ ရှိနေသေးသည်။

ထောင်ကျီက ကိုယ်ဝန်တားနည်းများကို ရှာဖွေပေးခဲ့သူဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများကို မကြောက်သော်လည်း ဝမ်ယဲ့၏ အနာဂတ်အတွက်တော့ စိုးရိမ်နေရှာသည်။

ဝမ်ယဲ့ကလည်း ထောင်ကျီ၏ စိုးရိမ်မှုကို နားလည်နိုင်သည်။ အကယ်၍ ထောင်ကျီပင် ဤအချက်အလက်များကို ရှာဖွေနိုင်ခဲ့လျှင် အမှုနှင့် ပတ်သက်နေသူများကလည်း သေချာပေါက် သိရှိနေပေလိမ့်မည်။

ဝမ်ယဲ့တစ်ယောက် လက်သည်းညှိချင်စိတ် မရှိတော့ဘဲ လက်သည်းဆိုးဆေး အသစ်စမ်းသပ်ရန် အစီအစဉ်ကိုပါ ဘေးဖယ်ထားလိုက်သည်။

ရွှီယွဲ့ကျားက ထက်မြက်သောသူဖြစ်သဖြင့် ဤအချက်အလက်များကို ဆက်စပ်ကြည့်ရန် ခက်ခဲလိမ့်မည်ဟု ဝမ်ယဲ့ မတွေးထားချေ။

ဝမ်ယဲ့က ကလေးယူရန် အစီအစဉ်မရှိသည့် သူမ၏ ဆုံးဖြတ်ချက်ကို ထာဝရ ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိသော်လည်း အသင့်တော်ဆုံး အဖြေတစ်ခု မတွေ့မချင်း တတ်နိုင်သမျှ လျှို့ဝှက်ထားနိုင်ရန် မျှော်လင့်နေမိသည်။

သူမ မည်သူတစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်ကိုမှ ထိခိုက်အောင် မလုပ်ဆောင်ခဲ့ပေ။ သူမဘာသာ ကိုယ်ဝန်ရရန် ခက်ခဲစေသည့် အစားအစာများကို စားသုံးခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် အတူအိပ်စက်ခြင်းကိုလည်း တတ်နိုင်သလောက် ရှောင်ရှားခဲ့သည်။

သူမ၏ ဓမ္မတာက မှန်ကန်နေပြီး ကျန်းမာရေးကလည်း အလွန် ကောင်းမွန်နေသည်။ အကယ်၍ သူမ ကိုယ်ဝန်မရရှိခဲ့လျှင်လည်း ၎င်းက သူမ၏ အပြစ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ခင်ပွန်းဖြစ်သူကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော်လည်း နယ်စားမင်းအိမ်တော်က သူမ ကနဦး ထင်မှတ်ထားသည်ထက် ပိုကောင်းမွန်နေပြီး ရွှီယွဲ့ကျားကလည်း ထိုနည်းတူပင် ဖြစ်သည်။ အကယ်၍ ရွှီယွဲ့ကျားဘက်မှ ကလေးများများ ယူရန် အတင်းအကျပ် တောင်းဆိုလာလျှင်လည်း ဝမ်ယဲ့အနေဖြင့် သူ နှစ်သက်မည့် ကိုယ်လုပ်တော်တစ်ယောက် ရှာဖွေပေးရန် ဝန်လေးနေမည်မဟုတ်ပေ။

သူက အလှအပကို မက်မောသည်ဖြစ်စေ၊ အကျင့်စာရိတ္တကောင်းသူကို လိုချင်သည် ဖြစ်စေ သို့မဟုတ် ထက်မြက်သူကို ပိုင်ဆိုင်ချင်လျှင်ပင် သူ လိုချင်သမျှကို သူမ ရှာပေးနိုင်သည်။ သူမကို ကလေးမွေးခိုင်းရန် အတင်းဖိအားပေးခြင်းမှတပါး ဝမ်ယဲ့က အရာအားလုံးကို လက်ခံနိုင်ခဲ့သည်။

သို့သော်လည်း အမှန်တရား ပေါ်ပေါက်သွားပါက နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို ဝမ်ယဲ့ သိထားခဲ့သည်။ သူမက သူမကိုယ်သူမ ထိခိုက်မှု အနည်းဆုံးဖြစ်အောင်သာ ကြိုးစားနေခြင်း ဖြစ်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ယဲ့က ရုတ်တရက် စကားပြောလိုက်သည်။

"သွား... ကျိမားကို သွားပြောလိုက်၊ ငါ ရွှမ်အာကို လွမ်းနေတယ်လို့"

ထောင်ကျီတစ်ယောက် ခဏတာမျှ ကြောင်အသွားပြီး အာမေဋိတ်သံပင် ထွက်သွားရသည်။

"ရှင်..."

........။.........။.........

ရှမုကျစ် သူ့ဇနီးကို သတ်ရန် ကြိုးပမ်းသည့် အမှုနှင့် ပတ်သက်ပြီး ပျံ့နှံ့နေသော ဝန်ခံချက်အသေးစိတ်များက ဝမ်ရှန်း တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားစေခဲ့သော အချက်အလက်များ ဖြစ်သည်။

အကယ်၍ အရာအားလုံးကို ဖုံးကွယ်ထားခဲ့လျှင် အဖြစ်မှန်ကို သိချင်နေသည့် စူးစမ်းသူများက ပိုနက်နက်နဲနဲ တူးဆွကြပေလိမ့်မည်။ ထိုအချိန်တွင် အမှု၏ အစစ်အမှန် အချက်အလက် အပြည့်အစုံ ပေါ်ပေါက်သွားနိုင်ပြီး ဒုက္ခများသွားပေလိမ့်မည်။

ဖိနှိပ်ခြင်းထက် လမ်းညွှန်ပေးခြင်းက ပိုကောင်းသည်ဟူသော စကားအရ အများပြည်သူအနေဖြင့် ဤအမှုကို သာမန်လုပ်ကြံသတ်ဖြတ်မှုတစ်ခုအဖြစ် ယုံကြည်သွားအောင် လုပ်ဆောင်လိုက်ခြင်းက ပိုကောင်းမွန်သော ဆုံးဖြတ်ချက်ပင်။

မြို့တော်ဝန်ရုံး၏ ထောင်အတွင်း၌ ဝမ်ရှန်းက စစ်ဆေးချက် မှတ်တမ်းအသစ်ကို ရွှီယွဲ့ကျားထံ ကမ်းပေးရင်း သတင်းပို့နေသည်။

"ချိုင်ယွင်ကျိုက်က အလုပ်သမားတွေအားလုံး ဒီမှာ ရှိနေပါတယ်၊ ကျွန်တော် စစ်ဆေးကြည့်ပြီးသလောက်တော့ သူတို့ရဲ့ ဘိုးဘွားတွေက မြို့တော်က လူတွေပါ၊ ဒါပေမယ့် ထွက်ပြေးသွားတဲ့ မုန့်ဖုတ်သမားတွေရဲ့ နောက်ကြောင်းကတော့ သဲသဲကွဲကွဲ မရှိပါဘူး"

ဤအကြံအစည်က တော်ဝင်မိသားစုကို ဦးတည်ထားခြင်း ဖြစ်နိုင်ကြောင်း ဝမ်ရှန်း သိရှိသွားချိန်တွင် သူက ချိုင်ယွင်ကျိုက်သို့ ချက်ချင်း လူလွှတ်ပြီး ရှာဖွေခိုင်းခဲ့သည်။ ဆိုင်တာဝန်ခံဖြစ်သူ ကျိုးချွမ်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သော်လည်း သူက နှစ်ရှီးချန်အတွင်း အဆိပ်မိပြီး သေဆုံးသွားခဲ့သည်။

ကျိုးချွမ်က အာဏာပိုင်များ သူ့ထံ ရောက်လာမည်ကို ကြိုသိနေသည့်အလား အဆိပ်ကို သူ့ဘာသာသူ ကြိုသောက်ထားခြင်း ဖြစ်နိုင်သည်။ ထိုအဆိပ်ကို နှစ်ရှီးချန်ကြာမှ အာနိသင်ပြစေရန် စီမံထားခြင်းဖြစ်ပြီး အချိန်ဆွဲနိုင်ရန် ရည်ရွယ်ထားပုံရသည်။

ချိုင်ယွင်ကျိုက်တွင် လူကြိုက်အများဆုံးနှင့် အရောင်းရဆုံးမုန့်က တန့်သခင်မကို ကိုယ်ဝန်ပျက်ကျစေခဲ့သည့်မုန့် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုမုန့်ကို ဖောက်သည်ဟောင်းများအတွက်သာ ရောင်းချပေးလေ့ရှိပြီး ရှမုကျစ်ကဲ့သို့ အဆင့်အတန်းမျိုးရှိသူအဖို့ ဝယ်ယူနိုင်ရန် မလွယ်ကူပေ။ ထိုနေ့က ဆိုင်အလုပ်သမားတစ်ဦး အမှားလုပ်ခဲ့မိသောကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

ထိုမုန့်များထဲတွင် အဆိပ်မပါဝင်သော်လည်း စွဲလမ်းစေသည့် ပစ္စည်းတစ်မျိုး ပါဝင်နေကြောင်း နန်းတွင်းသမားတော်များက တွေ့ရှိခဲ့ကြသည်။ သာမန်လူများက ပုံမှန်စားသုံးပါက ခန္ဓာကိုယ် တဖြည်းဖြည်း အားနည်းလာပြီး ထိုဆေးအပေါ်တွင် ပိုမိုမှီခိုလာမည် ဖြစ်သည်။

မင်းသမီးလေး ချိုင်ယွင်ကျိုက်ထဲသို့ မတော်တဆ ရောက်ရှိသွားခြင်းကလည်း တိုက်ဆိုင်မှုတစ်ခု မဟုတ်တော့ပုံရသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်တော့ အကျိုးသက်ရောက်မှုက ပိုပြင်းထန်ပြီး တန့်သခင်မ၏ ခန္ဓာကိုယ်ကလည်း အစကတည်းက အားနည်းနေခဲ့သည်။ ရလဒ်အနေဖြင့် ထိုဆေးပါသော မုန့်ကို စားသုံးမိပြီးနောက် သူမ၏သန္ဓေသားကို မထိန်းထားနိုင်တော့ပေ။ သူမ အသက်ရှင်ကျန်ရစ်ခြင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေလေသည်။

စစ်ဆေးချက်မှတ်တမ်းကို ဖတ်ပြီးနောက် ရွှီယွဲ့ကျားက အတွေးထဲတွင် နစ်မြုပ်နေပုံရကာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စကားစလိုက်သည်။

"ရှမုကျစ်က ရွှယ်မိသားစုကို အမှုထဲ ဆွဲထည့်ဖို့ ကြိုးစားခဲ့တဲ့ ကိစ္စကတော့ သေသေချာချာ စုံစမ်းပြီးသွားပြီ၊ ဒါက ဓလေ့ထုံးတမ်းရေးရာဌာနက လက်ထောက်ဝန်ကြီးရွှယ်ရဲ့ မိသားစုနဲ့ ပတ်သက်နေတော့ ဧကရာဇ်မင်းမြတ်က ဒီအကြောင်းတွေ အပြင်ကို မပေါက်ကြားစေဖို့ အထူး မိန့်တော်မူထားတယ်"

ဝမ်ရှန့်ကလည်း ချက်ချင်း အာမခံလိုက်သည်။

"ဒီအရာရှိ ဘယ်သူ့ကိုမှ တစ်ခွန်းတောင် မပြောမိစေရပါဘူး"

ဤအကြောင်းကို ပြောရလျှင် ဝမ်ရှန်း စိတ်ပျက်လွန်းသောကြောင့် စကားထဲပင် ထည့်မပြောချင်တော့ပေ။ ရှမုကျစ်က မည်သို့သော နည်းလမ်းဖြင့် သူ့ကိုယ်သူ တတိယအဆင့် အရာရှိကြီးတစ်ဦး၏ သမီးနှင့် ထိုက်တန်သည်ဟု ယုံကြည်နေခဲ့သည်ကိုလည်း သူ စဉ်းစား၍ပင် မရတော့ပေ။

နောက်ဆုံး သူ့အစီအစဥ် အောင်မြင်ခဲ့လျှင်ပင် ဓလေ့ထုံးတမ်းရေးရာဌာနမှ လက်ထောက်ဝန်ကြီးက သမက်ဖြစ်သူအတွက်နှင့် သူ၏ရာထူးဂုဏ်ရှိန်ကို အသုံးချမည့်သူ မဟုတ်ပေ။ တာ့ကျင်းမင်းဆက်၏ တော်ဝင်စာမေးပွဲစနစ်က အလွန် တင်းကြပ်လှပြီး မည်သည့် လက်ထောက်ဝန်ကြီးကမျှ ဤကဲ့သို့သော လှည့်စားမှုမျိုး ပြုလုပ်ပြီး ဖုံးကွယ်ပေးနိုင်စွမ်း မရှိကြချေ။

မဖြစ်နိုင်သည့် ကိစ္စတစ်ခုအတွက် ရှမုကျစ်က ဆယ်လကျော်ကြာအောင် အကွက်ချစီစဉ်ခဲ့သည်။ ပထမဦးဆုံး သူက ကလေးမွေးဖွားပြီးခါစဖြစ်သော သူ၏ဇနီးအား မတော်တဆ နောက်ထပ်ကိုယ်ဝန်ရှိလာအောင် လုပ်ဆောင်ခဲ့သည်။

ရှမုကျစ်၏ အစီအစဉ်အရ တန့်သခင်မ၏ ကိုယ်ဝန်ပျက်ကျမှုက နောက်ထပ်ရက်အနည်းငယ်အကြာ သူမ၏ ယုံကြည်ရသော အထိန်းတော်ကြီးနှင့် အစေခံမိန်းကလေးတို့ မရှိသည့်နေ့တွင် ဖြစ်ပွားရမည် ဖြစ်သည်။

ရွှီယွဲ့ကျားက စစ်ဆေးချက်မှတ်တမ်းကို ဝမ်ရှန်းထံ ပြန်ပေးရင်း ထပ်ပြောလိုက်သည်။

"တန့်သခင်မနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ခင်ဗျား သေချာကိုင်တွယ်လိုက်ပါဦး"

ဝမ်ရှန်းက ဦးညွှတ်ရင်း ပြန်ဖြေလိုက်သည်။

"ဒီအရာရှိ နားလည်ပါပြီ၊ ရွှယ်မိသားစုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဝန်ခံချက်အပိုင်းတွေကိုလည်း ဖယ်ရှားပြီးပါပြီ"

မြို့တော်ဝန် ဖြစ်လာကတည်းက ဝမ်ရှန်းလည်း ခက်ခဲသော အမှုအခင်းများအတွက် တရားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးဖြစ်သည့် ဤလူငယ်လေးနှင့်အတူ လက်တွဲလုပ်ဆောင်လေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ရွှီယွဲ့ကျား၏ လုပ်ဆောင်ပုံလုပ်ဆောင်နည်းများကို နားလည်လာခဲ့သည်။

ဥပမာအားဖြင့် ရှမုကျစ်၏ အမှုကို ကြည့်လျှင် ဝမ်ရှန်းသာ တာဝန်ယူရပါက ရှမုကျစ် ရွှယ်မိသားစုအား အမှုထဲဆွဲထည့်ရန် ကြိုးပမ်းမှုကို လူသိရှင်ကြား ချပြမိပေလိမ့်မည်။ ရွှယ်မိသားစုဘက်မှ အပြစ်မရှိကြောင်း သက်သေပြနိုင်လျှင်ပင် ကောလာဟလများကတော့ ပျံ့နှံ့နေဦးမည် ဖြစ်သည်။

အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦး ဤကဲ့သို့သော စွပ်စွဲချက်များကြောင့် မတရား နာမည်ဖျက်ခံရပါက ကောင်းမွန်သော အိမ်ထောင်ဖက် ရှာဖွေရန် ခက်ခဲသွားပေလိမ့်မည်။ ကိုယ်ပိုင်သမီးလေးတစ်ယောက် ရှိထားသည့် ဝမ်ရှန်းအနေဖြင့် ရွှီယွဲ့ကျား၏ လုပ်ဆောင်ချက်ကို နားလည်ပေးနိုင်သည်။

သို့သော်လည်း နားလည်ပေးနိုင်ခြင်းက ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကို သူကိုယ်တိုင် စဉ်းစားမိမည်ဟုတော့ မဆိုလိုပေ။

"ချိုင်ယွင်ကျိုက်ရဲ့ နောက်ကြောင်းနဲ့ မြို့တော်က သြဇာကြီးတဲ့ မိသားစုတွေနဲ့ သူတို့ကြားက ပတ်သက်ဆက်နွှယ်မှုကို ဆက်ပြီး စုံစမ်းစစ်ဆေးပါ"

ရွှီယွဲ့ကျားက ညွှန်ကြားချက်ထပ်ပေးလိုက်သည်။

.........။........။.....

နယ်စားမင်းအိမ်တော်၏ အနောက်ဘက်ခြံဝင်းတွင်.........

အစေခံများက ဝမ်ယဲ့၏ ညွှန်ကြားချက်အတိုင်း မူလရှိပြီးသား ဒန်းဘေးတွင် ဒန်းအသေးလေးတစ်ခု တပ်ဆင်နေကြသည်။ ထိုဒန်းအသေးလေးက ရွှီယွိရွှမ်အတွက် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပြီး ဒန်းအကြီးထက် ပိုမိုသေးငယ်ကာ ပုံစံချင်းလည်း ကွဲပြားနေသည်။

၎င်းကို ရွှီယွိရွှမ်၏ အရွယ်အစားနှင့် အံကိုက်ဖြစ်အောင် ပြုလုပ်ထားပြီး သူ ထိုင်လိုက်သည့်အခါ သူ့ခြေထောက်များက မြေပြင်နှင့် ထိနေမည်ဖြစ်သည်။ ထို့အပြင် ဒန်းလေး၏ ဘေးပတ်ပတ်လည်တွင် အကာအရံများ ပါရှိနေသဖြင့် ဒန်းတစ်ခုလုံး ပြောက်ပြန်မလှန်သရွေ့ သူ ပြုတ်ကျရန် မဖြစ်နိုင်ပေ။

အထိန်းတော်ကျိက ရွှီယွိရွှမ်ကို အနောက်ဘက်ခြံဝင်းသို့ ခေါ်ဆောင်လာခဲ့ပြီး ဒန်းလေးအကြောင်း သိလိုက်ရသည်နှင့် ကလေးလေးက အလွန်ပင် စိတ်လှုပ်ရှားသွားသည်။

"ဒါက တကယ်ပဲ ရွှမ်အာအတွက်လား"

သူက သူ့ရင်ဘတ်လေးကို လက်ညှိုးထိုးကာ ဝမ်ယဲ့ကို ထပ်ခါတလဲလဲ မေးနေပြီး ဝမ်ယဲ့ကလည်း အလွယ်တကူ အာမခံလိုက်သည်။

“ဟုတ်တယ်”

ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲသို့ ပျော်ရွှင်စွာ ခုန်ဝင်လိုက်ပြီး တခိခိရယ်မောနေလေသည်။ ဝမ်ယဲ့က သူ့ကို ညင်ညင်သာသာ ပြန်ပွေ့ဖက်ပေးထားပြီး သူမ၏ အပြုံးများတွင်လည်း နွေးထွေးကြင်နာမှုများ ပြည့်နှက်နေသည်။

အနီးတွင် ရပ်နေသော အထိန်းတော်ကျိက ထိုမြင်ကွင်းကို ကြည့်နေရင်း ပျော်ရွှင်နေသော်လည်း တစ်ခုခု လွဲချော်နေသလို ခံစားနေရသည့် သူမ၏ စိတ်ခံစားချက်ကိုတော့ ဖျောက်ဖျက်မရနိုင် ဖြစ်နေရသည်။

'ဒုတိယသခင်မက တော်တော်လေး ပြောင်းလဲသွားသလိုပဲ...'

စောင့်ဆိုင်းနေစဉ်အတွင်း ဝမ်ယဲ့က ရွှီယွိရွှမ် ကစားရန်အတွက် တာဝန်ခံချန်၏ သားထံမှ ဝယ်ယူခဲ့သော ဝါးမြင်းရုပ်လေးကို ထုတ်ပေးလိုက်သည်။ ထိုဝါးမြင်းရုပ်လေးက ရွှီယွိရွှမ် ထိုင်ရန် အနေတော်ဖြစ်ပြီး သူ့ခြေဖျားလေးများက မြေပြင်နှင့် မသိမသာ ထိနေသည်။

ရွှီယွိရွှမ်ကတော့ ဝါးမြင်းရုပ်လေးပေါ်တွင် ရှေ့တိုးနောက်ငင် ခုန်ပေါက်ရင်း အလွန် ပျော်ရွှင်နေလေသည်။ ဝမ်ယဲ့က ရံဖန်ရံခါ သူ့ကို လှမ်းမေးတတ်သေးသည်။

"ရွှမ်အာ ပျော်ရဲ့လား"

ရွှီယွိရွှမ်ကလည်း သူ့၏ မေးစေ့လေးကို အထက်သို့ ပင့်တင်ရင်း ပြန်ဖြေနေသည်။

"ပျော်တယ်"

.........။........။......

မကြာမီမှာပင် ဒန်းအသေးလေးက အဆင်သင့်ဖြစ်သွားပြီး ရွှီယွိရွှမ်၏ နုနယ်သော အရေပြားကို ဝါးစူးများ မရှမိစေရန် အတွင်းအပြင်ကို နူးညံ့ပျော့ပျောင်းသော အခင်းများဖြင့် ဖုံးအုပ်ပေးလိုက်သည်။

နောက်ဆုံးတွင် ဝမ်ယဲ့ကိုယ်တိုင် သူ့ကို ဒန်းပေါ်သို့ တင်ပေးလိုက်သည်။

ဤသည်က ရွှီယွိရွှမ်အတွက် ဘေးမှ တစ်ယောက်ယောက် ထိန်းပေးစရာမလိုဘဲ သူတစ်ယောက်တည်း ပထမဆုံးအကြိမ် ဒန်းစီးဖူးခြင်းဖြစ်သည်။ သူက ဒန်းလေးကို စူးစမ်းလိုစိတ်ဖြင့် လိုက်ကိုင်ကြည့်နေပြီး သူ့၏ မျက်လုံးလေးများတွင်လည်း အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။

ဝမ်ယဲ့က ဝါးမြင်းရုပ်လေးနှင့် လိုက်ဖက်ညီစေရန် ဒန်းဘေးတွင် ဝါးစားပွဲအသေးလေးတစ်ခု ချထားပေးရန် ထောင်ကျီကို ညွှန်ကြားလိုက်သည်။ စားပွဲပေါ်တွင် ရွှီယွိရွှမ် အကြိုက်ဆုံး မုန့်နှစ်မျိုးနှင့် ရေနွေးအိုးတစ်လုံးကို တည်ခင်းပေးထားသေးသည်။

စာအုပ်များ မရှိသည်မှလွဲ၍ ကျန်သည့် ပြင်ဆင်မှုများက ဝမ်ယဲ့၏ ကိုယ်ပိုင်အပြင်အဆင်နှင့် ထပ်တူနီးပါးပင်။ သို့သော်လည်း အပြင်ပန်းကြည့်ကောင်းစေရန်အတွက် ဝမ်ယဲ့က ရွှီယွိရွှမ်၏ ဖခင်ဖြစ်သူထံမှ စာအုပ်တစ်အုပ်ကို ယူကာ အလှဆင်သည့်အနေဖြင့် ဝါးစားပွဲလေးပေါ်သို့ တင်ပေးထားလိုက်သည်။

အားလုံးအသင့်ဖြစ်သွားချိန်တွင် ဝမ်ယဲ့က အထိန်းတော်ကျိကို ပါးပါးနပ်နပ်ဖြင့် အနားယူခွင့်ပေးလိုက်သည်။ စင်္ကြံအောက်တွင် အမေနှင့် သားအပြင် ထောင်ကျီတစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။

ဝမ်ယဲ့က စကားစလိုက်သည်။

"မေမေက သားအပေါ် ကောင်းရဲ့လား"

"ဟုတ်ကဲ့"

"ဘယ်လိုမျိုး ကောင်းတာလဲ"

ရွှီယွိရွှမ်က လက်ထဲမှ မုန့်ကို တစ်ကိုက် ကိုက်လိုက်ရင်း ပြန်ဖြေနေသည်။

"နှစ်သစ်ကူးလိုမျိုး"

ကလေးငယ်များ၏ ခံစားချက်ဖော်ပြပုံက အလွန် ရိုးရှင်းလှသည်။

ဝမ်ယဲ့ : "..."

သူမ ဘေးမှ ထောင်ကျီကတော့ ရယ်နေပြီ ဖြစ်သည်။

ဝမ်ယဲ့က စိတ်ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ထပ်မေးလိုက်သည်။

"ရွှမ်အာ... တကယ်လို့ သားဖေဖေနဲ့ မေမေနဲ့ စကားများကြရင် သားက မေမေ့ဘက်က ရပ်တည်ပေးမှာလား"

ရွှီယွိရွှမ်က ဇဝေဇဝါ ဖြစ်သွားပုံရသည်။

"စကားများတာလား"

သူ စကားများခြင်း၏ အဓိပ္ပာယ်ကို နားမလည်နိုင်မှန်း ရိပ်မိသွားသဖြင့် ဝမ်ယဲ့က ဥပမာတစ်ခု ပေးလိုက်သည်။

"ဥပမာ... သားဖေဖေမှာ မုန့်တစ်ပန်းကန် ရှိနေပြီးတာတောင် မေမေ့ကို နောက်ထပ် တစ်ပန်းကန် ထပ်လုပ်ပေးဖို့ ပြောတာမျိုးလေ၊ မေမေက မလုပ်ပေးချင်ဘူး... အဲ့ဒါဆိုရင် သားက မေမေ့ဘက်ကနေ ကူပြောပေးမှာလား"

သို့သော်လည်း ရွှီယွိရွှမ်က "မုန့်" ဆိုသည့် စကားလုံးကိုသာ ကြားလိုက်ပုံရသည်။ သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြရင်း တောင်းဆိုလိုက်သည်။

"လုပ်ပေး၊ ရွှမ်အာ စားမယ်"

ဝမ်ယဲ့ : "..."

'ငါ့ဒန်းလေးတော့ အလကားဖြစ်သွားရပြီ...'

ရွှီယွိရွှမ်က သူ၏ ခြေထောက်လေးများကို လွှဲရင်း ဘာကိုမှ ဂရုမစိုက်သည့်အလား မုန့်ကို မြိန်ရေယှက်ရေ စားနေလေသည်။ ဝမ်ယဲ့က သူ့ကို ကြည့်ရင်း သူ၏ ပုံစံလေးကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ခဏအကြာမှသာ ထိုကလေးငယ်လေးက သူမ၏ ပုံတူဗားရှင်းလေး ဖြစ်နေသည်ကို နားလည်လိုက်ရသည်။

'ထားလိုက်ပါတော့လေ... ဒီကောင်လေးကို အားကိုးလို့ မရနိုင်လောက်ဘူး'

ဝမ်ယဲ့က သူမ၏ ကိုယ်ပိုင်ဒန်းပေါ်တွင် ပြန်ထိုင်လိုက်ရင်း လက်ဖက်ရည်သောက်ကာ ပုံပြင်စာအုပ်ဖတ်လိုက် မုန့်စားလိုက် လုပ်နေပြန်သည်။

‘ထားပါတော့.... ဘာပဲဖြစ်လာဖြစ်လာ... ရင်ဆိုင်ဖြေရှင်းရုံပဲပေါ့’

ရွှီယွဲ့ကျား အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာပြီး သူ ပင်မအိမ်ဆောင်ထဲသို့ ဝင်လိုက်သည်နှင့် စင်္ကြံအောက်မှ ပြောင်းလဲမှုများကို ချက်ချင်း သတိပြုမိသွားသည်။

ဒန်းအသေးလေး၊ စားပွဲအသေးလေး၊ မုန့်အသေးလေးများ၊ ရေနွေးအိုးအသေးလေးနှင့် လူအသေးလေးတစ်ယောက်....

သူ ရုတ်တရက် ရောက်လာသည်ကို မြင်လိုက်ရသော ထောင်ကျီက အမြန်ဦးညွှတ်လိုက်ရင်း တိုးတိုးလေး အသိပေးလိုက်သည်။

"သခင်မ... ဒုတိယသခင် ပြန်ရောက်ပါပြီ"

ဝမ်ယဲ့က သူမ၏ မျက်နှာပေါ်တွင် အုပ်ထားသော စာအုပ်ကို အမြန်ဖယ်လိုက်ကာ ငိုက်မြည်းနေမှုများလည်း ချက်ချင်း ပျောက်ကွယ်သွားရသည်။ သူမက သူမဆီသို့ လျှောက်လာနေသော လူရိပ်ကို ကြည့်ရင်း တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။

"ယောက်ျား"

ရွှီယွဲ့ကျားက သူမတို့အနားသို့ လျှောက်လာပြီး မျက်နှာပေါ်တွင် စာအုပ်အုပ်ထားသည့် ရွှီယွိရွှမ်ကို တစ်ချက်ကြည့်လိုက်ကာ ခေတ္တမျှ ရပ်တန့်သွားသည်။ ထို့နောက် သူက စာအုပ်ကို ဖယ်လိုက်ရာ ရွှီယွိရွှမ်တစ်ယောက် ခဏတာမျှ ကြောင်အမ်းသွားပြီး မည်သူမှန်း သိလိုက်သည်နှင့် အော်ခေါ်လိုက်သည်။

“ဖေဖေ”

ရွှီယွဲ့ကျားက စာအုပ်ကို ကိုင်ထားရင်း ပြောလာခဲ့သည်။

"နောက်သုံးရက်နေရင် မင်းရဲ့ ဆရာ ရောက်လာလိမ့်မယ်"

ရွှီယွိရွှမ်က ဘာမှ နားမလည်သည့်အလား ငေးကြည့်နေလေသည်။ ဝမ်ယဲ့ကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းထားရသည်။

ရွှီယွိရွှမ်ကို စကားပြောပြီးနောက် ရွှီယွဲ့ကျားက ဝမ်ယဲ့ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ၏ အမူအရာက အနည်းငယ် အေးစက်နေသည်။

"ကိုယ်နဲ့အတူ အထဲကို လိုက်ခဲ့၊ မင်းကို မေးစရာ ရှိတယ်"

ဝမ်ယဲ့က သူ၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်သည်။ အတူတူ နေထိုင်လာခဲ့သည့် သံယောဇဥ်ကြောင့်ဖြစ်နိုင်သလို ရွှီယွဲ့ကျား မေးချင်နေသည့် အကြောင်းအရာကို ဝမ်ယဲ့ ရိပ်မိနေသည်။

All Chapters