← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂ မျိုးဆက်

အခန်းထဲသို့ လှမ်းဝင်လိုက်စဉ် ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။ ရွှီယွဲ့ကျားဘက်မှ စပြီး အသံထွက်မလာသရွေ့ သူမဘက်ကလည်း ဘာမှမသိသလိုပဲ ဆက်ပြီး ဟန်ဆောင်နေရန် ဖြစ်သည်။

ပင်မအိမ်ကြီးထဲသို့ ဝင်လာပြီးနောက် ရွှီယွဲ့ကျားက အနောက်ဘက်ခြမ်းရှိ စာကြည့်ခန်းဆီသို့ တိုက်ရိုက်ဦးတည်နေသည်။ ထိုသည်ကို မြင်နေရသော ဝမ်ယဲ့ကလည်း တိတ်တဆိတ် နောက်မှ လိုက်ပါသွားခဲ့သည်။

လက်ဖက်ရည်နှင့် မုန့်များအတွက် စားပွဲဝိုင်းလေး တစ်လုံး ရှိနေပြီဖြစ်သော ထိုစာကြည့်ခန်းက ယခင်ကနှင့်မတူဘဲ အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလက ရှိနေသော စာရေးစားပွဲနှင့် ကုလားထိုင်များကို ထောင့်တစ်နေရာသို့ တွန်းပို့ထားပြီး ၎င်းတို့နေရာတွင် နူးညံ့သော ညောင်စောင်းတစ်ခု၊ ခန်းဆီးတစ်ခုနှင့် စာအုပ်စင်များ အစားထိုး နေရာယူထားသည်။

အကြီးအကျယ် ပြောင်းလဲသွားသော စာကြည့်ခန်းကို ကြည့်ရင်း ရွှီယွဲ့ကျားတစ်ယောက် ခဏတာမျှ တုံ့ဆိုင်းသွားသေးသည်။ ထို့နောက် သူက စားပွဲဝိုင်းလေးဆီသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။ ဝမ်ယဲ့ကလည်း တွေဝေမနေဘဲ သူ့၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

လေထုက ပုံမှန်ထက် ပိုလေးလံနေပြီး အခန်းလေးက တိတ်ဆိတ်လွန်းနေသည်။ ရွှီယွဲ့ကျား ဤမျှအထိ တည်ကြည်လေးနက်သော အမူအရာ ဖြစ်နေသည်ကို ဝမ်ယဲ့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမ၏ ခန့်မှန်းချက်များက အမှန်နှင့် သိပ်မဝေးကြောင်း သိသာနေသည်။

သူမကိုယ်သူမ ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းဖြင့် မည်သို့ရှင်းပြရမည်ကို ဝမ်ယဲ့ အသည်းအသန် စဉ်းစားနေပြီ ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ တစ်ယောက်ယောက်ကတော့ စကားစကို စတင်ရမည်ဖြစ်သည်။

ဝမ်ယဲ့က တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။

"ယောက်ျား.... ရှင် ကျွန်မကို တစ်ခုခုခေါ်မေးစရာ ရှိလို့လား"

လင်မယားအကြားတွင် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု ရှိသင့်သော်လည်း ရွှီယွဲ့ကျားအနေဖြင့်လည်း ဤကိစ္စကြောင့် သူတို့၏ ရိုးရှင်းသော ဆက်ဆံရေး ထိခိုက်မည်ကို မလိုလားပေ။ သက်သေမရှိဘဲ ခန့်မှန်းချက်သက်သက်ဖြင့် စွပ်စွဲခြင်းကလည်း နာကျင်မှုကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သူက ပါးပါးနပ်နပ်ဖြင့် စမေးလိုက်သည်။

"မင်း.... ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားတာမျိုး ရှိလား"

ဝမ်ယဲ့က နားမလည်သလို ဟန်ဆောင်လိုက်သည်။

"ယောက်ျားက ဘာလို့ အဲ့လိုမေးရတာလဲဟင်"

သူမက မသိသလို ဟန်ဆောင်နေသောကြောင့် ရွှီယွဲ့ကျားက ပွင့်ပွင့်လင်းလင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

"ကိုယ်တို့ လက်ထပ်ခဲ့တာ အခုဆိုရင် နှစ်ဝက်လောက် ရှိနေပြီ၊ ဒီအတောအတွင်း မင်း ကိုယ်ဝန်တားဆေး သောက်တာမျိုး ဒါမှမဟုတ် တခြား ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေကို သုံးနေခဲ့တာလား"

ဝမ်ယဲ့က ချက်ချင်း ငြင်းဆန်လိုက်သည်။

"လုံးဝ မသုံးဖူးဘူး"

ဝမ်ယဲ့က ကိုယ်ဝန်တားဆေးများကို အမှန်တကယ် မသောက်ခဲ့ချေ။ သူမ၏ အမြင်တွင် ထိုအရာများက အမျိုးသမီးများ၏ ခန္ဓာကိုယ်အတွက် အလွန် အန္တရာယ်များလှပြီး ကလေးယူခြင်းနှင့် ကလေးမရရန် မိမိ၏ခန္ဓာကိုယ်ကို ဖျက်ဆီးခြင်းက ထူးမခြားနားသောကိစ္စသာ ဖြစ်သည်။

အတိတ်တုန်းက သူမ မည်မျှတွက်ချက်ပြီး ကိုယ်ကျိုးရှာခဲ့သည်ဖြစ်စေ ဤကိစ္စနှင့် ပတ်သက်လျှင်တော့ ရွှီယွဲ့ကျားကို ယုံကြည်ချက်ရှိရှိ ပြန်ဖြေနိုင်သည်။

ထို့ပြင် သူက ဤမျှအထိ ပွင့်လင်းစွာ မေးလာပြီဖြစ်သဖြင့် ဝမ်ယဲ့ကလည်း ရှောင်လွှဲနေတော့မည် မဟုတ်ပေ။ ဤဟန်ဆောင်မှု အလွှာပါးလေးက တစ်နေ့မဟုတ် တစ်နေ့ ပေါက်ထွက်သွားမည်ကို သူမ နားလည်ပြီး ဖြစ်သည်။

"ယောက်ျား... ကျွန်မ ကိုယ်ဝန်တားဆေးတွေ တစ်ခါမှ မသောက်ခဲ့ဘူးဆိုတာ အာမခံနိုင်ပါတယ်"

ဝမ်ယဲ့က ခိုင်ခိုင်မာမာ ပြောပြီးမှ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်။

"ဒါပေမယ့်.... ဒါကို ဘယ်လို သိသွားတာလဲ"

သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်တချို့ ရှိနေသော်လည်း မေးကြည့်ချင်နေဆဲပင်။

ရွှီယွဲ့ကျား၏ အမူအရာက ဘာမှ မပြောင်းလဲဘဲ သူက သူ့ခံစားချက်ကို လုံးဝ ထုတ်မပြခဲ့ပေ။ သူ၏အသံကလည်း တည်ငြိမ်နေဆဲပင်။

"တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကိုယ့်မှာ မှတ်ဉာဏ်ကောင်းတစ်ခု ရှိနေလို့ပါ"

‘တကယ်လို့ ငါမှာသာ ဒီလိုမျိုး အချက်အလက်တွေကို ဆက်စပ်တွေးခေါ်နိုင်တဲ့ ဦးနှောက် မရှိခဲ့ရင် ဘယ်လို လုပ်ပြီး တရားရေးဌာနရဲ့ လက်ထောက်ဝန်ကြီး ရာထူးကို ယူထားနိုင်မှာတုန်း’

ဝမ်ယဲ့က သံသယလေသံဖြင့် ထပ်မေးလိုက်သည်။

"ဒါပဲလား"

အမှန်စင်စစ်တွင် သူမ သူ၏ တွေးခေါ်ပုံကို သဘောတူနေမိသည်။

သူမတို့၏ အတူနေချိန်များက အလွန်နည်းပါးပြီး ပုံသေနည်းအတိုင်း ဖြစ်နေခဲ့သည်။ ထို့အပြင် ထိုရှားပါးသော အခိုက်အတန့်များတွင် သူမက ထုံးစံနှင့်မတူသော လှုပ်ရှားမှုအချို့ကို ပြုလုပ်ခဲ့သေးသည်။ ရွှီယွဲ့ကျားကဲ့သို့ ရှေးရိုးစွဲပြီး စည်းကမ်းကြီးသူတစ်ယောက်အတွက်တော့ ထိုအချက်များက ထင်ရှားနေပေလိမ့်မည်။ သူ မှတ်မိနေခြင်းက ပုံမှန်သာ ဖြစ်သည်။

သူတို့ လက်ထပ်ပြီးသည်မှာ ခြောက်လကြာနေလာပြီ ဖြစ်သလို တန့်သခင်မ၏ အမှုကိစ္စလည်း ရှိနေသဖြင့် ဝမ်ယဲ့၏ ခန္ဓာကိုယ်က ကျန်းမာပြီး ကလေးရနိုင်စွမ်းရှိသည်ဟု တွက်ဆနိုင်သည်။ ရွှီယွဲ့ကျားအနေဖြင့် တစ်ခုခုကို သံသယဝင်လာခြင်းက သဘာဝကျနေသည်။

ထို့အပြင် ရွှီယွဲ့ကျားက ဖခင်တစ်ယောက် ဖြစ်နေပြီးသူ ဖြစ်သည်။

"ကျွန်မ ဘယ်လိုရက်မျိုးတွေမှာ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းနည်းမလဲဆိုတာကို နည်းနည်းပါးပါး မေးမြန်းကြည့်ခဲ့တယ်"

ဝမ်ယဲ့က အလေးအနက် ထပ်ပြောလိုက်သည်။

"အန္တရာယ်ရှိတဲ့ တားဆေးတွေကိုတော့ ကျွန်မ တကယ် မသောက်ခဲ့ပါဘူး"

ယခုအချိန်တွင် ဝမ်ယဲ့ သတိပြုမိလာသည်မှာ ရွှီယွဲ့ကျား၏ ဒေါသက သူမ ကလေးမယူချင်သည့်အပေါ်တွင် မူတည်နေပုံမရခြင်းပင်။ အကယ်၍ ထိုသို့သာဆိုလျှင် သူ၏ ပထမဆုံးမေးခွန်းက "မင်း ဘာလို့ ကလေးမယူချင်တာလဲ" ဟုသာ ဖြစ်သင့်ပြီး ဤသို့ စကားကို ပတ်လှည့်ပြောနေမည် မဟုတ်ချေ။

ရွှီယွဲ့ကျားက သံသယမကင်းဟန်ဖြင့် ဆက်ပြောနေသည်။

"ကိုယ် သေသေချာချာ စုံစမ်းကြည့်ပြီးပြီ၊ ရက်တွက်တာတစ်ခုတည်းနဲ့ကတော့ လုံးဝစိတ်ချရတဲ့ နည်းလမ်းမဟုတ်ဘူး"

သူမကို မတရား မစွပ်စွဲမိစေရန် သူ အိမ်မပြန်မီ ရွှီယွဲ့ကျားက ရှမုကျစ်ကို အကြိမ်ကြိမ်စစ်မေးခဲ့ရုံသာမက အမှုကိစ္စကို အကြောင်းပြကာ သမားတော်တစ်ဦးနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့သေးသည်။

ရက်ရွေးပြီး အတူနေခြင်းက ကိုယ်ဝန်ရရှိနိုင်ခြေအပေါ် အထောက်အကူပြုနိုင်သလို တားဆီးရာတွင်လည်း အသုံးဝင်သည်။ သို့တိုင်အောင် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိကြောင်း သူ အတည်ပြုခဲ့ပြီးဖြစ်သည်။ အမှန်တကယ် စိတ်ချရစေရန် ဆေးဝါးသုံးစွဲဖို့ လိုအပ်ဆဲပင်။

ဤအဆင့်သို့ ရောက်လာပြီ ဖြစ်ရာ ထပ်မံဖုံးကွယ်ထားရန် မလိုတော့ပေ။ ထို့ကြောင့် ဝမ်ယဲ့က ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

"အစားအသောက်ပိုင်းဆိုင်ရာ ချိန်ညှိမှုတွေလည်း ရှိပါတယ်၊ ဒါပေမယ့် ကျွန်မ သမားတော်နဲ့ တိုင်ပင်ပြီးပြီပါ၊ ခန္ဓာကိုယ်ကို မထိခိုက်စေတဲ့ သာမန်အစားအစာတွေပါပဲ၊ ကိုယ်ဝန်ရနိုင်ခြေကို နည်းနည်းလေး လျော့ကျစေရုံသက်သက်ပါ"

ရွှီယွဲ့ကျားက ဝမ်ယဲ့ကို အတော်ကြာအောင် စိုက်ကြည့်နေပြီး သူ၏ အမူအရာကို ခန့်မှန်းရန် ခက်ခဲ‌‌နေသည်။ ဝမ်ယဲ့ မလိမ်နေကြောင်း သေချာသွားချိန်တွင် သူ၏ တိုးညှင်းလေးနက်သော အသံ ပြန်ထွက်ခဲ့သည်။

"ဒီပြဿနာရဲ့ အရင်းအမြစ်က ကိုယ်ကြောင့်ပါ၊ မင်းလည်း တခြားအမျိုးသမီးတွေလိုပဲ တွေးနေလိမ့်မယ်လို့ ကိုယ် တထစ်ချ တွက်ဆခဲ့မိတယ်"

ဝမ်ယဲ့ : "...."

‘ဒါ ငါ မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုး မဟုတ်ဘူး၊ သူ ဘာဖြစ်နေတာလဲ၊ ဒါက ပုံမှန် မဟုတ်ဘူးလေ’

ဝမ်ယဲ့က ရွှီယွဲ့ကျားကို သံသယများ ပြည့်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

ရွှီယွဲ့ကျား : "..."

သူက အကြည့်လွှဲလိုက်ပြီး ထပ်ပြောလာခဲ့သည်။

"ဒါပေမယ့် မင်း သန္ဓေတားဆေးတွေ လုံးဝ မသောက်ရဘူး၊ တကယ်လို့ မင်း တစ်ချိန်ချိန်မှာ နောင်တရလာခဲ့ရင် အဲ့ဒီဆေးတွေပေးတဲ့ ဆိုးကျိုးတွေက ပြန်ပြင်လို့ မရတော့ဘူး"

"ဒါပေမယ့်..."

ရွှီယွဲ့ကျားက ထပ်ဖြည့်ပြောလာသေးသည်။

"အခု မင်း မသောက်ဘူးလို့ ပြောတဲ့အတွက် ဒီတစ်ကြိမ်တော့ ကိုယ် မင်းကို ယုံပေးမယ်"

ဝမ်ယဲ့တစ်ယောက် စိတ်ထဲတွင် မတင်မကျ ဖြစ်နေသလို ခံစားနေရသည်။

‘ရွှီယွဲ့ကျားက စိတ်မဆိုးဘူးလား’

ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူမ မနေနိုင်ဘဲ ပြန်မေးလိုက်မိသည်။

"ယောက်ျား... ကျွန်မ ဒီလိုတွေ လုပ်ခဲ့တာကို ရှင် တကယ်ပဲ စိတ်ထဲမထားဘူးလား"

"မင်းဘက်က မလိုလားဘဲ ကိုယ် အတင်းအကျပ် လုပ်မယ်ဆိုရင် ဒါက အနိုင်ကျင့်ရာ ရောက်လိမ့်မယ်၊ ပြီးတော့.... ဇနီးမောင်နှံတွေကြားမှာ ရိုးသားမှု ရှိသင့်တယ်၊ ဒီကိစ္စက ကိုယ်တို့ နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်"

ရွှီယွဲ့ကျားက တည်တည်ငြိမ်ငြိမ် ဆက်ပြောနေပြန်သည်။

"သားသမီးကိစ္စက အရေးကြီးတယ်လေ၊ ကိုယ်ကလည်း မင်းရဲ့ ဆန္ဒကို တစ်ခါမှ မမေးခဲ့မိသလို မင်းကလည်း ကိုယ်နဲ့ မတိုင်ပင်ဘဲ မင်းဘာသာ ဆုံးဖြတ်ချက် ချခဲ့တယ်"

ဝမ်ယဲ့ တစ်ဝက်လောက် စိတ်သက်သာရာရသွားသော်လည်း လုံးဝကြီးတော့ နားမလည်နိုင်သေးပေ။

သူမက ရွှီယွဲ့ကျားကို ခဏခဏ လှမ်းကြည့်နေရင်း စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။ သူမ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စမ်းသပ်လိုက်သည်။

"ဖုန်း"

ရွှီယွဲ့ကျားက မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဘာကြက်သားလဲ"

(T/n : ဖုန်း နဲ့ ကြက်က အသံထွက် ဆင်တူတယ်တဲ့)

ရွှီယွဲ့ကျား၏ အမူအရာက ဇဝေဇဝါနှင့် ကြောင်အအ ဖြစ်နေပြီး သူမ ဘာကြောင့် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်မှန်း သူ စဉ်းစားမရ ဖြစ်နေပုံပေါ်သည်။

"မင်း ကြက်သားစားချင်ရင် မီးဖိုဆောင်ကို ချက်ခိုင်းလိုက်လေ"

ဝမ်ယဲ့က အတွေးထဲမှ ရုန်းထွက်လိုက်ပြီး သက်ပြင်းတစ်ချက် အသာချလိုက်သည်။

‘ငါ အရမ်းကို အလေးအနက် တွေးမိသွားပြီထင်ပါရဲ့’

‘ဒါပေမယ့် နောက်ပိုင်းခေတ်တွေမှာတောင် ရွှီယွဲ့ကျားလို မျိုးဆက်ပြန့်ပွားရေးအတွက် စိတ်မဝင်စားတဲ့ အမျိုးသားမျိုးက ရှားလှတယ်လေ။ အခု ရွှီယွဲ့ကျား စိတ်မဆိုးတာက သူ့မှာ သားတစ်ယောက် ရှိပြီးသားမို့လို့လား’

‘ငါ တကယ်ပဲ ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်နဲ့ လာဆုံနေတာလား၊ ဒါကတော့ ယုတ္တိမရှိတော့ဘူးဟဲ့’

အခြေအနေကို သဘောပေါက်သွားပြီးနောက် ဝမ်ယဲ့၏ စိတ်က ပိုပေါ့ပါးသွားသည်။ သူမက သူ့စကားအတိုင်း အလိုက်သင့် ပြန်ဖြေလိုက်သည်။

"ကျွန်မက ယောက်ျားများ စားချင်သလားလို့ ထပ်မေးကြည့်တာပါ"

ရွှီယွဲ့ကျား : "မလိုပါဘူး"

ဝမ်ယဲ့က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်ပြန်သည်။

"ယောက်ျား... ဒါဆိုရင် ကလေးကိစ္စကရော ဘယ်လိုလုပ်ရမှာလဲ"

ရွှီယွဲ့ကျား၏ လေသံကတော့ သူ့၏ပုံစံအတိုင်း တည်ငြိမ်အေးဆေးနေဆဲပင်။

"မင်း ကြိုက်သလို ပြောလိုက်"

သူ့မျက်နှာနှင့် အမူအရာကို ကြည့်ရသည်မှာ သားသမီးကိစ္စကို အမှန်တကယ် ဂရုမစိုက်ပုံရသည်။

"ဒါပေမယ့် အချိန်ကြာလာရင် လူတွေက ပြောကြလိမ့်မယ်၊ မမကလည်း စိုးရိမ်လာလိမ့်မယ်၊ အဲ့လို ဖြစ်လာရင် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"

ရွှီယွဲ့ကျား၏ သဘောထားက အံ့သြစရာကောင်းနေသော်လည်း စကားစပ်မိတုန်း အရာအားလုံး ကြိုပြောထားရန် ဝမ်ယဲ့ ဆုံးဖြတ်လိုက်သည်။

ရွှီယွဲ့ကျားက သူမကို လှမ်းကြည့်နေပြီး သူ့အကြည့်မှ အသံထွက်နိုင်လျှင် ဤသို့ ဖြစ်ပေလမ့်မည်။

[ဒါကို ကိုယ် သင်ပေးဖို့ လိုသေးလို့လား၊ ဒီအိမ်တော်မှာ မင်းလောက် စကားပြောတတ်ပြီး လိုက်လျောညီထွေ နေတတ်တဲ့သူ ရှိသေးလို့လား]

သို့သော်လည်း သူ ပြောလိုက်သေးသည်။

"တကယ်လို့ မရီး မေးလာရင် ကိုယ့်ကြောင့်လို့ ပြောလိုက်၊ ဒါမှမဟုတ်ရင်လည်း ရွှမ်အာကို အကြောင်းပြလိုက်ပေါ့"

ဝမ်ယဲ့၏ မျက်နှာလေးက ချက်ချင်း ဝင်းပသွားပြီး အချိုသာဆုံး လေသံဖြင့် ပြန်ပြောနေသည်။

"ယောက်ျားက ကျွန်မအပေါ် တကယ်ကို ကောင်းတာပဲနော်"

ရွှီယွဲ့ကျား၏ စိတ်ရင်းအမှန်က မည်သို့ပင်ရှိစေကာမူ သူမ၏ရှေ့မှောက်တွင် ဤကဲ့သို့ ကတိမျိုးပေးရန် ဝန်မလေးခြင်းက ဝမ်ယဲ့၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေခဲ့သည်။

သူမ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ရွှီယွဲ့ကျားလည်း ခဏတာမျှ စကားမပြောနိုင်ဘဲ ကြောင်အသွားရရှာသည်။

သူက ပျော်ရွှင်မှုကြောင့် မျက်လုံးလေးများ ဝင်းပနေသော အမျိုးသမီး‌လေးကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အတော်ကြာမှ သူ ထပ်မေးလာပြန်သည်။

"မင်း ပြောတဲ့ အစားအသောက်နဲ့ ချိန်ညှိတဲ့နည်းလမ်းတွေက... အမျိုးသားတွေအတွက်ရော အကျိုးသက်ရောက်မှု ရှိလား"

ဝမ်ယဲ့က အမှတ်တမဲ့ မျက်မှောင်တစ်ချက် ကြုတ်သွားသော်လည်း ချက်ချင်း ပြန်ထိန်းကာ အဖြေပေးလိုက်သည်။

"အဲ့ဒီအကြောင်းတော့ ကျွန်မ မမေးမိဘူး"

သူမ ထောင်ကျီကို ဆေးနည်း ရှာခိုင်းစဥ်တွင် ၎င်းက အမျိုးသားများအတွက် အလုပ်ဖြစ်၊ မဖြစ်ဆိုသည်ကို သူမ လုံးဝ ထည့်မစဉ်းစားခဲ့မိပေ။ လူအများစုအတွက် ထိုကဲ့သို့ စိတ်ကူးယဉ်ဆန်သော အကြံအစည်မျိုးက လိုချင်သောရလဒ်ကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ရွှီယွဲ့ကျားကလည်း ဤကဲ့သို့သော မေးခွန်းမျိုးကို အပျော်သဘောနှင့် မေးမည့်သူမျိုး မဟုတ်သည်မှာ ထင်ရှားနေသည်။

ဝမ်ယဲ့တစ်ယောက် ရွှီယွဲ့ကျား၏ အပြုအမူကြောင့် တစ်ဖန်ဇဝေဇဝါ ဖြစ်သွားရပြန်သည်။

သူမ စိတ်ရှုပ်နေပြီး ထပ်တွေးနေစဥ်မှာပင် ရွှီယွဲ့ကျားက ထပ်ပြောလာပြန်သည်။

"အဲ့ဒီလိုဆိုရင်တော့... ပိုပြီး စိတ်ချရတဲ့ နည်းလမ်းမတွေ့မချင်း ကိုယ်တို့ကြားမှာ..."

ဤအကြောင်းအရာကို ပြောနေချိန်တွင် ရွှီယွဲ့ကျား အနည်းငယ် အနေရခက်သွားပုံပေါ်ပြီး သူ့နားရွက်ဖျားလေးများပင် နီရဲလာသည်။

ဝမ်ယဲ့က လွှတ်ခနဲ ပြောချလိုက်သည်။

"မလိုပါဘူး၊ ကျွန်မတို့ အရင်ကလည်း ကိုယ်ဝန်မရခဲ့ဘူးလေ၊ ရှင် ရှင့်ကိုယ်ရှင် ယုံကြည်မှု ရှိသင့်တယ်"

သူမ ဘာကို ဆိုလိုမှန်း နားလည်နေသည့် ရွှီယွဲ့ကျားက အနည်းငယ် စိတ်ဆိုးသွားပြီး သူမကို အော်လိုက်သည်။

“ဝမ်ယဲ့”

ဝမ်ယဲ့က လယ်ကွင်းထဲမှ ချော်နေသည့် ငါးရှဉ့်တစ်ကောင်လို ရှောင်ထွက်ပြီး ချက်ချင်း တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်.... ယောက်ျား"

သူမ၏ လေသံက အလွန် ရိုးသားပုံပေါ်နေပြီး တောင်းပန်သည့် အချိန်ကလည်း အလွန် အံကိုက်ဖြစ်နေသည်။

ရွှီယွဲ့ကျား၏ အမူအရာက ပြောင်းလဲသွားပြန်သည်။

"မင်း....."

"မေမေ"

ထိုအခိုက်အတန့်တွင် တံခါးဝ၌ ခေါင်းလေး တစ်လုံး ရုတ်တရက် ပေါ်လာပြီး ရွှီယွဲ့ကျား၏ စကားကို ဖြတ်ပြောလိုက်သည်။

သူတို့နှစ်ဦးစလုံး၏ အကြည့်က တံခါးဆီသို့ ရောက်သွားကြသည်။ မည်သည့်အချိန်က ရောက်နေမှန်းမသိသော ရွှီယွိရွှမ်က သူတို့ဆီသို့ တရွေ့ရွေ့ လျှောက်လာနေသည်။

ကလေးလေးက ဝမ်ယဲ့ ပေါင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခေါင်းလေးကို မော့ကာ သူတို့ကို ကြည့်သည်။ သူက မျက်မှောင်လေးများကို ကြုတ်ထားပြီး မကျေမနပ် ပြောနေသေးသည်။

"ကြာလိုက်တာ"

ထို့နောက် သူက ဗလာဖြစ်နေသော စားပွဲဝိုင်းလေးကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား လှည့်မေးလာသည်။

"ဖေဖေ... မုန့်တွေ ခိုးစားလိုက်တာလား"

ဝမ်ယဲ့ : "..."

'မှတ်ဖို့တွေ အများကြီးထဲမှာမှ ဘာလို့ ဒါကိုပဲ ကွက်ကွက်ကွင်းကွင်း သတိရနေရတာလဲ...'

ရွှီယွဲ့ကျားက ဝမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ကာ စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ငါ ဘယ်တုန်းက မင်းရဲ့ မုန့်တွေကို ခိုးစားဖူးလို့လဲ"

ဝမ်ယဲ့ ရွှီယွိရွှမ်၏ ပါးစပ်ကို ပိတ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ရွှီယွိရွှမ်က သူမကို လက်ညှိုးထိုးကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်ပြီ ဖြစ်သည်။

"မေမေ ပြောတယ်လေ၊ ဖေဖေမှာ ရှိတယ်၊ ထပ်ပြီး ခိုးတယ်... တဲ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျားက ဇဝေဇဝါ ဖြစ်သွားပြီး စူးစမ်းသော အကြည့်ဖြင့် ဝမ်ယဲ့ဘက်သို့ လှည့်လိုက်သည်။

ဝမ်ယဲ့လည်း အမြန် ရှင်းပြလိုက်ရသည်။

"ကျွန်မ သူ့ကို စနောက်လိုက်ရုံတင်ပါ"

စကားပြောရင်းနှင့် သူမက ကလေးလေး၏ ဆံပင်လေးများကို ဖွပေးလိုက်ရာ သူ၏ ဆံထုံးလေး ပျက်သွားသည်။ တော်သေးသည်မှာ ကလေးက သူမ ထိုသို့လုပ်သည်ကို ကျင့်သားရနေခြင်းပင်။

"အိုး... ဒါနဲ့"

ဝမ်ယဲ့က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်ပြန်သည်။

"ရှင် အစောပိုင်းက ရွှယ်မိသားစုအကြောင်း ပြောခဲ့တယ်နော်၊ ဒါပေမယ့် သူတို့နဲ့ ပတ်သက်တဲ့ ကောလာဟလ တစ်ခုတောင် ကျွန်မ မကြားမိဘူး"

ရွှီယွိရွှမ်၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် ရွှီယွဲ့ကျားက ဝမ်ယဲ့၏ စောစောက မလေးစားမှုကို ဆက်အပြစ်မတင်တော့ပေ။ သူက စိတ် တည်ငြိမ်အောင် လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ ပြန်ဖြေလိုက်သည်။

"သူတို့က မထိုက်တန်တဲ့ ကံဆိုးမှုတစ်ခုနဲ့ ကြုံခဲ့ရတာပါ"

ဝမ်ယဲ့က ချက်ချင်း အာမခံလိုက်သည်။

"ကျွန်မ ဘယ်သူ့ကိုမှ တစ်ခွန်းတောင် မပြောပါဘူး"

ရွှီယွဲ့ကျားက ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ထပ်ပြောလိုက်သည်။

"ရွှယ်မိသားစုနဲ့ ပတ်သက်တဲ့ အပိုင်းကို အရှင်မင်းကြီးက အထူးညွှန်ကြားထားတယ်၊ စတုတ္ထမြောက် လူတစ်ယောက် မသိသွားစေနဲ့တဲ့"

ဝမ်ယဲ့က အသေအချာ စဉ်းစားနေသည်။ သူမက နှုတ်လုံသူဖြစ်သလို အိပ်မက်ထဲတွင် ယောင်ပြီး စကားပြောတတ်သည့် အလေ့အကျင့်လည်း မရှိပေ။

ထို့ကြောင့် သူမက ထပ်ပြောလိုက်သည်။

"ယောက်ျား.... ရှင်ပဲ ပြောခဲ့တယ်လေ ကျွန်မတို့ ဇနီးမောင်နှံက တစ်သားတည်းပဲဆို၊ အဲ့ဒါကြောင့် ကျွန်မတို့ကို လူတစ်ယောက်တည်းလို့ပဲ သတ်မှတ်ရမှာပေါ့"

ရွှီယွဲ့ကျား : “...”

‘မင်းက အရေထူရုံတင်မကတော့ဘူး၊ မင်းမျက်နှာက ခံတပ်မြို့ရိုးကြီးတစ်ခုလို ဖောက်ထွင်းလို့မရအောင် မာကျောလွန်းနေပြီ’

"ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့တဲ့ ကဗျာပွဲတော်တစ်ခုမှာ ရှမုကျစ်က ဓလေ့ထုံးတမ်းရေးရာဌာနက လက်ထောက်ဝန်ကြီး ဖြစ်တဲ့ ရွှယ်အမတ်မင်းရဲ့ ခြောက်ယောက်မြောက်ကလေးနဲ့ တွေ့ဆုံခဲ့ပြီး တဖြည်းဖြည်းနဲ့ တဖက်သတ်ဆန်ဆန် မလျော်ကန်တဲ့ စိတ်ခံစားချက်တွေ ရှိလာခဲ့တာ"

ရွှီယွဲ့ကျားက အသေးစိတ်ကို ထပ်မရှင်းပြတော့ဘဲ ပေါ့ပေါးပါးပါး ထပ်ပြောလိုက်သည်။

"ကျန်တာတွေကတော့ မင်း သေသေချာချာ စဉ်းစားကြည့်ရုံနဲ့ ခန့်မှန်းလို့ရမှာပါ"

တာ့ကျင်းမင်းဆက်၏ နန်းတွင်းစာမေးပွဲများကို ဓလေ့ထုံးတမ်းရေးရာဌာနက အမြဲတမ်း ကြီးကြပ်ကွပ်ကဲလေ့ရှိသည်။ ဝမ်ယဲ့တစ်ယောက် ခဏတာမျှ ငြိမ်သက်သွားပြီးနောက် လွန်ခဲ့သောရက်က ရွှီယွဲ့ကျားဘက်မှ သူမ၏ နွေဦးခရီးစဥ်အကြောင်း အကြောင်းမဲ့ လာမေးခဲ့သည်ကို ပြန်ဆက်စပ်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဝမ်ယဲ့က အမည်တစ်ခုကို အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှ ရွတ်ဆိုလိုက်သည်။

“ရွှယ်ကျင့်ယောင်”

ရွှီယွဲ့ကျားက မငြင်းဆိုခဲ့ပေ။

အခြေအနေက ဤသို့ဆိုလျှင် သူမအနေဖြင့် အသေးစိတ်များကို သိနေရန် မလိုတော့ပေ။ ဝမ်ယဲ့က ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ အချို့သော အတင်းအဖျင်းသတင်းများက တူးဆွနေရန် မထိုက်တန်ပေ။

သူမ ထိုမိန်းကလေးနှင့် တစ်ကြိမ်သာ ဆုံဖူးသော်လည်း ကလေးမလေးက အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းသူတစ်ဦးဖြစ်ကြောင်း၊ ပွင့်သစ်စ ပန်းလေးတစ်ပွင့်ကဲ့သို့ လန်းဆန်းတက်ကြွနေပြီး အသက် ဆယ့်လေးနှစ်အရွယ်သာ ရှိနေသေးကြောင်း သူမ သိထားခဲ့သည်။ ရွှီယွဲ့ကျား၏ စကားက အပြည့်အဝ မှန်ကန်နေပြီး ဤကိစ္စကို လူသိနည်းလေ ပိုကောင်းလေပင်။

ဝမ်ယဲ့က စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့် မေးလိုက်ပြန်သည်။

"ဒီည ညစာကို ဒီမှာပဲ စားမှာလား"

ရွှီယွဲ့ကျား : "ကောင်းပြီ"

ဝမ်ယဲ့က ရွှီယွိရွှမ်ကို သူဆီ တွန်းပို့လိုက်ပြီး တောင်းဆိုလိုက်သည်။

"ဒါဆိုရင်တော့ ယောက်ျား... ရွှမ်အာကို ခဏလောက် ကြည့်ပေးထားပါဦး၊ ကျွန်မ မီးဖိုဆောင်ကို သွားပြီး ရှင် ကြိုက်တဲ့ ဟင်းလျာလေးတွေ ထပ်ပြင်ခိုင်းလိုက်ဦးမယ်"

ပြောပြောဆိုဆိုနှင့် သူမက စာကြည့်ခန်းထဲမှ ထွက်ခွာသွားပြီး ဖြစ်ပျက်နေသမျှကို ချက်ချင်း လိုက်မမီသေးသော သားအဖနှစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။

ဝမ်ယဲ့က ခန်းမဆောင်ကြီးထဲမှ ထွက်လာပြီး အဝေးတွင် ရပ်နေသော အထိန်းတော်ကျိကို လှမ်းမြင်လိုက်သည်။ သူမက အထိန်းတော်ကျိ၏ အနားသို့ ချဉ်းကပ်သွားပြီး သတင်းပေးလိုက်သည်။

"အထိန်းတော်ကျိ... အမတ်မင်းက ရွှမ်အာနဲ့ နှစ်ယောက်တည်း အချိန်ကုန်ဆုံးချင်လို့တဲ့"

ဝမ်ယဲ့ ထွက်လာသည်ကို မြင်ရသောကြောင့် အခန်းထဲသို့ ဝင်ရန် ပြင်နေသော အထိန်းတော်ကျိလည်း ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ရသည်။ သူမ အံ့သြသွားသော်လည်း ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။

“ဒီအစေခံအိုကြီး နားလည်ပါပြီ"

ဝမ်ယဲ့ကလည်း စိတ်ကျေနပ်နေဟန်ဖြင့် မီးဖိုဆောင်သို့ ထွက်သွားသည်။

‘သူတို့သားအဖ ပိုရင်းနှီးအောင် အချိန်ပေးသင့်တယ် မဟုတ်ဘူးလား’

စာကြည့်ခန်းထဲမှ သိပ်ပြီး မရင်းနှီးလှသော သားအဖနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ရွှီယွိရွှမ်၏ ဝိုင်းစက်နေသော မျက်လုံးလေးများက ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး သူက တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဖေဖေ... ပြောလေ"

ကလေး၏ လက်မောင်းကို ကိုင်ထားသော ရွှီယွဲ့ကျား၏ လက်ချောင်းများက အနည်းငယ် တောင့်တင်းသွားပြီး သူကလည်း ဇဝေဇဝါဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဘာကို ပြောရမှာလဲ"

ရွှီယွိရွှမ်၏ မျက်နှာလေးက တည်ကြည်သွားပြီး စိတ်ရင်းဖြင့် တိုက်တွန်းနေသည်။

"မေမေ့ရဲ့ မုန့်တွေကို မခိုးဘူးလို့"

"ပြီးတော့ ရွှမ်အာ့ မုန့်တွေကိုလည်း မခိုးနဲ့နော်"

ရွှီယွဲ့ကျား : "..."

.......။........။........

ဇာတ်လမ်းတိုလေး

ရွှီယွဲ့ကျား : "ငါ... သူ့ကို မနက်ဖြန်ပဲ ကျောင်းပို့လိုက်တော့မယ်"

All Chapters