အခန်း ၅၄
Vol. 6 Ch. 54
အခန်း ၅၄ ကြီးပြင်းလာရတာ အရမ်းကောင်းတယ်
ဝမ်ယဲ့ကတော့ ရွှီယွဲ့ကျား၏ မျက်နှာ အမူအရာ မည်သို့ရှိနေမည်ကို လုံးဝ ဂရုမစိုက်အားသေးပေ။ သူမက အောက်သို့ အနည်းငယ် ငုံ့လိုက်ပြီး ရွှီယွိရွှမ်ကို ထပ်ပြောနေသည်။
"သား ဇနီးကောင်းလေး မရနိုင်ရုံတင် မကဘူးနော်၊ နောက်ဆိုရင် မေမေနဲ့လည်း အတူတူ ဆက်ကစားနိုင်တော့မှာ မဟုတ်ဘူး"
ရွှီယွိရွှမ်၏ မျက်ခုံးလေးများ တစ်ခုနှင့်တစ်ခု ထိလုမတတ် တွန့်ကွေးသွားပြီး ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချရန် ရုန်းကန်နေပုံပေါ်သည်။
ခေတ္တအကြာတွင် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်လုံးလေးများ ဝင်းပလာကာ ပြန်ပြောလိုက်သည်။
"ကျိမား ရှိသေးတယ်"
သူ ဆိုလိုသည်မှာ သူ့မေမေ မရှိလျှင်ပင် သူ အထိန်းတော်ကျိနှင့် ဆက်ကစားနိုင်သေးသည်ဟူ၍ပင်။
'စာမသင်ရခြင်း' နှင့် 'မေမေနှင့် ဆက်ကစားရခြင်း' အကြားတွင် ရွှီယွိရွှမ်က ပထမတစ်ခုကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
ဝမ်ယဲ့ : "..."
'ဒီကလေးက စာသင်ရမှာကို တကယ်ကြီး မုန်းနေတာလား၊ ငါတို့ရဲ့ ပလတ်စတစ် သားအမိသံယောဇဉ်က အခုကတည်းက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီပေါ့'
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရွှီယွဲ့ကျားက သူ့အကြည့်များ အောက်စိုက်ချလိုက်ပြီး သူ့နှုတ်ခမ်းထောင့်များတွင် အပြုံးစလေးတစ်ခု ထွက်ပေါ်နေသည်။
ဝမ်ယဲ့လည်း ပြောစရာစကား မရှိတော့သဖြင့် စကားဆက်မပြောနိုင်တော့ပေ။ သူမက သူမ၏ ပုံပြင်စာအုပ်ကို ကောက်ယူပြီး စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။
‘ကလေးကို စာသင်ပေးဖို့ကတော့ ရွှီယွဲ့ကျားနဲ့ အသင့်တော်ဆုံးပဲ၊ ငါနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး’
ဝမ်ယဲ့ ထွက်သွားသည်ကို မြင်နေရသော ရွှီယွိရွှမ်က ရင်းနှီးနေသော အကျင့်လေးအတိုင်း မတ်တပ်ထရပ်ပြီး နောက်မှ လိုက်သွားရန် ပြင်ဆင်နေသည်။
သို့သော် ရွှီယွဲ့ကျား၏ တင်းမာသော အကြည့်တစ်ချက်အောက်တွင် ရွှီယွိရွှမ်တစ်ယောက် ချက်ချင်း ငြိမ်ကျသွားပြီး သူ့တင်ပါးလေးက ထိုင်ခုံပေါ်သို့ ပြန် ရောက်ရှိသွားသည်။
အပြင်ဘက်..... စင်္ကြံအောက်တွင်....
ဝမ်ယဲ့က ဒန်းပေါ်တွင် မှီနေပြီး ယွင်ကျီက သကြားစိမ်ဆီးသီးတစ်ပန်းကန် လာချပေးသည်။
ထောင်ကျီက သူမနောက်တွင် ရပ်နေကာ ဒန်းကို အသာအယာ လွှဲပေးနေသည်။ ဝမ်ယဲ့က ဆီးသီးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ရင်း စာကြည့်ခန်းထဲမှ ထွက်ပေါ်လာသော စာဖတ်သံကို နားထောင်နေသည်။ ခဏအကြာတွင် သူမ မနေနိုင်တော့ဘဲ သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။
"ကြီးပြင်းလာရတာက တကယ့်ကို ကောင်းတာပဲနော်"
ထောင်ကျီက ဒန်းကို လွှဲပေးရင်း ခပ်ပြုံးပြုံး ပြန်ပြောလိုက်သည်။
"သခင်မနဲ့ သခင်လေးက တကယ်ကို ရေစက်ရှိတာပဲ၊ နှစ်ယောက်စလုံး ငယ်ငယ်တည်းက စာသင်ရမှာကို မကြိုက်ကြဘူးလေ"
ဝမ်ယဲ့က သူမ၏မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ပြန်ရန်တွေ့လိုက်သည်။
"လျှောက်မပြောနဲ့၊ ငါ ငယ်ငယ်တုန်းက သူ့ထက် အများကြီး ပိုလိမ္မာတယ်"
ထောင်ကျီနှင့် ယွင်ကျီတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားကြသည်။
ဝမ်ယဲ့က တစ်ခုခုကို ရိပ်မိသွားသည့်အလား နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ထောင်ကျီနှင့် ယွင်ကျီတို့က တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်နေကြချေပြီ။ သို့တိုင်အောင် ဝမ်ယဲ့က မေးလိုက်သေးသည်။
"နင်တို့နှစ်ယောက် ငါ့ကို ရယ်နေကြတာလား"
ထောင်ကျီက အမြန်ခေါင်းခါပြီး ငြင်းလိုက်သည်။
" ဒီအစေခံ မရယ်ပါဘူး"
သို့သော် ယွင်ကျီကတော့ လိမ်ပြောရာတွင် လုံးဝ မကျွမ်းကျင်ပေ။ ဝမ်ယဲ့၏ အကြည့် သူမထံသို့ ရောက်လာချိန်တွင် သူမ၏ အမူအရာ ပျက်ယွင်းသွားသည်။
ဝမ်ယဲ့က သူမတို့ကို အပြစ်မယူခဲ့ပေ။ အမှန်အတိုင်း ဝန်ခံရလျှင် သူမတို့ ပြောနေသည်က အမှန်တရား ဖြစ်နေခဲ့သည်။
သူမ၏ ငယ်ဘဝ အမှတ်တရများက ယခုအခါ အလွန်ဝေးကွာသွားသလို ဝမ်ယဲ့ ခံစားနေရသည်။ ဝမ်ယဲ့က နောက်ထပ် ဆီးသီးတစ်လုံးကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ထိုအချိန်ကို ပြန်တွေးနေမိသည်။
ထိုစဉ်က သူမအပြင် ဝမ်လန်နှင့် ဝမ်ဟွေ့တို့လည်း အတူရှိခဲ့ကြသည်ကို သူမ သတိရသွားပြန်သည်။ ဝမ်ဟွေ့၏ ရံဖန်ရံခါ ဆိုးသွမ်းမှုများကို ဖယ်ထားလျှင် ထိုအချိန်များက သူမတို့အားလုံးအတူတူ အေးအေးဆေးဆေး ဖြတ်သန်းခဲ့ကြသည့် အချိန်များ ဖြစ်ခဲ့သည်။ ထိုအမှတ်တရများကြောင့် ဝမ်ယဲ့၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
.......။........။.........
နှစ်ရက်အကြာတွင် အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့က သူမတို့၏ ပစ္စည်းများကို သိမ်းဆည်းပြီးစီးသွားပြီ ဖြစ်သည်။ နယ်စားမင်းရွှီကိုယ်တိုင် ရွေးချယ်ပေးထားသော ကိုယ်ရံတော် ဆယ်ဦးအပြင်၊ သူမတို့ လာစဉ်က ငှားရမ်းခဲ့သော လုံခြုံရေးအဖွဲ့ကိုပါ ထပ်မံ ငှားရမ်းလိုက်ကြသည်။ ထိုအဖွဲ့ကလည်း လက်ရှိအချိန်တွင် မြို့တော်သို့ ရောက်ရှိနေကြပြီး သူတို့က အနီးနားရှိ မြို့များကိုလည်း အကြိမ်ပေါင်းများစွာ သွားလာဖူးသူများ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် သူတို့က ဝမ်ချန်မှ ကုန်ပစ္စည်းများကို မြို့တော်သို့ ပို့ဆောင်ရန် ရောက်လာခြင်း ဖြစ်သည်။ ယခင်ခရီးစဉ်ကတည်းက ရင်းနှီးပြီးသားဖြစ်သဖြင့် အကြီးဆုံးအဒေါ်က နောက်ထပ် အဖွဲ့အသစ်နှင့် ကျင့်သားရအောင် ထပ်လုပ်နေရန် မလိုတော့ဟု တွေးကာ ထိုအဖွဲ့နှင့်သာ အတူပြန်ရန် ဆုံးဖြတ်လိုက်သည်။
အပြန်ခရီးက အလောတကြီး မဟုတ်ဘဲ နွေရာသီမတိုင်မီ လင်းချန်သို့ ပြန်ရောက်လျှင် အဆင်ပြေပြီ ဖြစ်သောကြောင့် အကြီးဆုံးအဒေါ်က မြို့တော်၏ အထူးထွက်ကုန်များ တင်ဆောင်ထားသော ထိုလုံခြုံရေးအဖွဲ့နှင့်အတူ ဖြည်းဖြည်းချင်း ခရီးနှင်ရန် ဆုံးဖြတ်လိုက်သည်။
လုသခင်မက အထူးထွက်ကုန်သေတ္တာများကို ရထားလုံးပေါ်သို့ တင်ဆောင်နေသည့် အစေခံများကို ကိုယ်တိုင်ကြည့်ရှု စစ်ဆေးနေသည်။ တစ်ဖက်တွင်လည်း ဝမ်ယဲ့နှင့် အကြီးဆုံးအဒေါ်တို့က ဟင်းချက်နည်းများကို အပြန်အလှန် ဖလှယ်နေကြသည်။
ဝမ်ယဲ့ ထုတ်ပေးလိုက်သော အရာကို မြင်လိုက်ရချိန်တွင် အကြီးဆုံးအဒေါ်လည်း မရယ်ဘဲမနေနိုင်တော့ဘဲ ခွဲခွာရတော့မည့် ဝမ်းနည်းမှုများပင် ချက်ချင်း လွင့်စင်သွားရသည်။ သူမက စနောက်ကျီစယ်လိုက်သည်။
"နင့်ရဲ့ ဝမ်းကွဲမောင်က ငါနဲ့ တစ်စက်မှမတူဘူး၊ နင်ကတော့ ငါ့သမီးအရင်းအတိုင်းပဲ"
ဝမ်ယဲ့ကလည်း အချိုသာဆုံး ပြန်ဖြေလိုက်သည်။
"အကြီးဆုံးအဒေါ်ရဲ့ သမီးဖြစ်ရရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးရွှင်ရဆုံး ဖြစ်မှာ သေချာတယ်"
ဝမ်ယဲ့ မြှောက်ပင့်ပြောနေမှန်း သိသော်လည်း သူမ၏ မျက်နှာထားတည်တည်လေးကြောင့် အကြီးဆုံးအဒေါ်ခမျာ မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်။ ဘေးတွင် ရပ်နေသော ယောင်ရှီကတော့ ထိုအပြန်အလှန် စကားပြောပုံကို နမူနာယူရန် စိတ်ထဲမှ တိတ်တဆိတ် မှတ်သားထားလိုက်သည်။
အကြီးဆုံးအဒေါ်က ဟင်းချက်နည်းစာအုပ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး အထူးတလည် ပြောပြနေသည်။
"ငါ ပေးတဲ့ ဟင်းချက်နည်းက လင်းချန်ရဲ့ ဒေသထွက်မုန့်တွေအတွက်ပဲ၊ အဲဒါကို သေသေချာချာ သိမ်းထားဦး၊ စားချင်တဲ့အခါ မီးဖိုဆောင်ကို လုပ်ခိုင်းကြည့်ပေါ့၊ အခု ထည့်ပေးလိုက်တဲ့ ဒေသထွက်ကုန်တွေ ကုန်သွားရင်လည်း ငါ့ဆီ စာရေးလိုက်၊ ကုန်သည်အဖွဲ့နဲ့ ထပ်ပို့ပေးမယ်"
မိမိနှင့် အကြိုက်တူသူကို တွေ့ရရန် ခက်ခဲလွန်းသောကြောင့် အကြီးဆုံးအဒေါ်က ဝမ်ယဲ့နှင့် ခွဲခွာရန် တွန့်ဆုတ်နေရှာသည်။ ဝမ်ယဲ့က ခေါင်းညိတ်ပြကာ ကတိပေးလိုက်သည်။
"စိတ်ချပါ အဒေါ်၊ ကျွန်မ အားမနာတမ်း တောင်းမှာပါ"
ခရီးဆောင်အိတ်များအားလုံးကို ရထားလုံးများပေါ် တင်ပြီးသွားချိန်တွင် လုသခင်မက သူမတို့ အနားသို့ လျှောက်လာပြီး စကားဝင်ပြောလိုက်သည်။
"ဝမ်းကွဲမောင်လေး ထင်ရွှမ်းက ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်ပါ၊ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင် အဒေါ်လည်း မြို့တော်ကို ပြန်လာနိုင်မှာပါ"
ထင်ရွှမ်းဆိုသည်က အကြီးဆုံးအဒေါ်၏ တစ်ဦးတည်းသောသား ရှန်းထင်ရွှမ်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် အကြီးဆုံးအဒေါ်လည်း ချက်ချင်း ဝမ်းသာကျေနပ်သွားသည်။
"နင်တို့ရဲ့ ဝမ်းကွဲမောင်လေးက နင်တို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် နေထိုင်နိုင်ဖို့ ငါ မျှော်လင့်မိတယ်”
လင်းချန်က မည်မျှပင် ကောင်းနေပါစေ၊ မြို့တော်ကိုတော့ မယှဉ်နိုင်ပေ။ သူမက ဤမြို့တော်၌ မွေးဖွားကြီးပြင်းခဲ့ပြီး အိမ်ထောင်ကျကာ သားသမီးရခဲ့သည်အထိ သူမဘဝ၏ အချိန်အတော်များများကို ဤနေရာ၌ပင် ကုန်ဆုံးခဲ့သည်။
အကြီးဆုံးအဒေါ်နှင့် ယောင်ရှီတို့ကို လိုက်ပို့ကာ နှုတ်ဆက်ပြီးနောက် လုသခင်မက ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလာပြန်သည်။
"ငါနဲ့ ခဏလိုက်ခဲ့ပါဦး"
ဝမ်ယဲ့လည်း ဇဝေဇဝါဖြင့် နောက်မှ လိုက်သွားခဲ့ရသည်။
ပင်မခြံဝင်း၏ ခန်းမဆောင်သို့ ရောက်သွားချိန်တွင် လုသခင်မက ဝမ်ယဲ့ကို ထိုင်ခိုင်းလိုက်ပြီး ချင်းရွှယ်ကို လှမ်းခေါ်လိုက်သည်။
သူမ ခေါ်လိုက်သည်နှင့် ချင်းရွှယ်က အစေခံမိန်းကလေး ခြောက်ယောက်၊ ခုနစ်ယောက်ခန့်ကို ဦးဆောင်ကာ ခန်းမထဲသို့ ဝင်လာပြီး သူမတို့တစ်ယောက်ချင်းစီ၏ လက်ထဲတွင် လင်ဗန်းတစ်ခုစီ ပါလာသည်။
ဝမ်ယဲ့တစ်ယောက် အလွန် ထိတ်လန့်သွားရပြီး လက်ထဲမှ လက်ဖက်ရည်ခွက်ပင် လွတ်ကျလုနီးပါး ဖြစ်သွားရသည်။
‘လုသခင်မက ဘာတွေ ကြံစည်နေပြန်တာလဲ’
လုသခင်မက လင်ဗန်းပေါ်မှ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ယဲ့ကို လှမ်းပြောလိုက်သည်။
"သန်ဘက်ခါ နင့်မွေးနေ့လေ၊ ငါ နင့်ကို ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာ... ဆုံးဖြတ်လို့ မရတာနဲ့ပဲ ကောင်းတာလေးတချို့ ရွေးထားလိုက်တယ်၊ နင် ကြိုက်တာရှိလားလို့ ကြည့်ကြည့်ပါဦး၊ တကယ်လို့ ကြိုက်တယ်ဆိုရင် အားလုံး ယူသွားလို့ ရတယ်"
ရွှီယွဲ့ကျား ပေးမည့် လက်ဆောင်များနှင့် ထပ်မသွားစေရန် သူမ နှစ်ရက်စော ပေးရန် လုသခင်မ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ စေတနာကြောင့် ပြဿနာ ဖြစ်စေမည်ကို သူမ မလိုလားပေ။
လုသခင်မက ဝမ်ယဲ့ ပြုလုပ်ပေးခဲ့သော မွေးနေ့ကိတ်ကို ယနေ့အထိ အမှတ်ရနေဆဲ ဖြစ်သည်။ သူမ ထိုအကြောင်းကို အသေအချာ စုံစမ်းကြည့်ခဲ့ပြီး မြို့တော်တစ်ခုလုံးတွင် ထိုကိတ်မုန့်ကို ပထမဆုံး လက်ခံရရှိသူက သူမ ဖြစ်နေကြောင်း သိခဲ့ရသည်။
ဝမ်ယဲ့ အိမ်ထောင်မကျမီကလည်း သူမ၏ တရားဝင်မိခင်ဖြစ်သည့် သခင်မရှန်းအတွက်ပင် ထိုသို့ မလုပ်ပေးခဲ့ဖူးပေ။
ယခု လုသခင်မ အပြင်ထွက်ပြီး လူမှုရေးပွဲများသို့ တက်ရောက်တိုင်း သူငယ်ချင်းများက သူမကို မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေကြဆဲ ဖြစ်သည်။ ထိုမွေးနေ့ကို သူမ တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ချေ။
ဝမ်ယဲ့ကတော့ အိပ်မက်မက်နေသလို ခံစားနေရပြီး ယောင်ဝါးဝါး ပြန်မေးနေမိသည်။
"ကျွန်မ တစ်ခု ရွေးရမှာလားဟင်"
အကယ်၍ တစ်ခုတည်းသာ ရွေးခိုင်းမည်ဆိုလျှင် လုသခင်မ၏ ပုံမှန်စတိုင်နှင့် ပိုတူပေလိမ့်မည်။
သို့သော် လုသခင်မက မျက်မှောင်ကြုတ်လိုက်ကာ ထပ်ပြောလာခဲ့သည်။
"နင်က ဒီထဲက တစ်ခုပဲ ကြိုက်တာလား၊ အဲ့ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်နော်"
လုသခင်မက အစေခံများကို လင်ဗန်းများအား အနားသို့ ယူလာရန် အမိန့်ပေးလိုက်ပြီး ပစ္စည်းတစ်ခုချင်းစီကို ရှင်းပြနေသည်။
"ဒီပုလဲတွေက လုံးတန်းပြီး အရောင်လည်း တောက်ပတယ်၊ ဒီတိမ်တိုက်ပိုးထည်ကတော့ နွေရာသီဝတ်စုံချုပ်ဖို့ အကောင်းဆုံးပဲ၊ နင်နဲ့လိုက်မယ့် အရောင်ကို ငါ အသေအချာ ရွေးထားတာ၊ ပြီးတော့ ဒီဂျင်ဆင်း... နင် အရင်က ငါ သုံးတဲ့ နှုတ်ခမ်းနီနဲ့ မျက်နှာချေတွေကို ဘယ်မှာ ဝယ်လဲလို့ မေးဖူးတယ်မလား၊ အဲ့ဒီဆိုင်က အခုတလော ပုံစံအသစ်တွေ ထွက်ထားလို့ ငါ နင့်အတွက် တစ်ဘူးဝယ်ထားပေးတယ်... ပြီးတော့..."
လုသခင်မက ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ် ရှင်းပြနေပြီး ဝမ်ယဲ့အနေဖြင့် ဤအရာအားလုံးကို သဘောကျသင့်သည်ဟု သူမ အခိုင်အမာ ယုံကြည်နေပုံရသည်။
ဝမ်ယဲ့လည်း အလောတကြီး ကြားဖြတ် ပြောလိုက်ရသည်။
"မမ... မမပေးတဲ့ အရာအားလုံးကို ကျွန်မ တကယ်သဘောကျပါတယ်၊ ဒါပေမယ့်... ဒါတွေက အရမ်းများလွန်းနေလို့ပါ"
‘ဒါက ကျွန်မရဲ့ ရိုးရိုးမွေးနေ့လေ၊ အသက်တစ်ရာပြည့်တဲ့ အထိမ်းအမှတ်ပွဲမှ မဟုတ်တာ’
ထိုစကားကို ကြားလိုက်ရမှသာ လုသခင်မ၏ မျက်နှာက ပြေလျော့သွားသည်။
"ငါလည်း အဲ့လိုပဲ ထင်ပါတယ်၊ ငါ့ရဲ့ အမြင်တွေက ဒီလောက်အထိတော့ မကျဆင်းသေးပါဘူး"
ဝမ်ယဲ့က သက်ပြင်းချလိုက်ရင်း ထပ်ပြောလိုက်သည်။
"ဒါပေမယ့် အရမ်းများနေတယ်လေ"
လုသခင်မက လက်ကာပြရင်း ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်သည်။
"သိပ်မများပါဘူး၊ ဂိုဒေါင်ထဲကနေ နည်းနည်းလေး ရွေးထုတ်လာရုံတင်ပါ"
သူမ၏ လေသံက ပစ္စည်းတစ်ခုချင်းစီ၏ ကောင်းကွက်များကို အားရပါးရ ရှင်းပြခဲ့သူနှင့်ပင် မတူတော့ပေ။
ဝမ်ယဲ့က ထပ်ငြင်းရန် ပြင်လိုက်သော်လည်း လုသခင်မက ယတိပြတ် ပြောလိုက်သည်။
"အများကြီးလို့ ထင်ရပေမယ့် ဒါတွေထဲမှာ ထူးထူးခြားခြား ရှားပါးတာမျိုး တစ်ခုမှ မပါဘူးလေ"
နောက်ဆုံးတွင် ဝမ်ယဲ့လည်း စကားစပင် ပိတ်သွားရသည်။
‘ငါ ဘာထပ်ပြောနိုင်ဦးမှာလဲ’
ဝမ်ယဲ့၏ ငြင်းဆိုမှုက ရိုးသားသော်လည်း၊ လက်ဆောင်များ သူမလက်ထဲသို့ အမှန်တကယ် ရောက်လာချိန်တွင် ခံစားရသော ပျော်ရွှင်မှုကလည်း အစစ်အမှန် ဖြစ်သည်။
သူမက တိမ်တိုက်ပိုးထည်လေးကို လက်နှင့် ပွတ်သပ်ကြည့်ရင်း လက်ဆောင်များကို အနောက်ဘက်ခြံဝင်းသို့ ကူသယ်ပေးကြသော ချင်းရွှယ်နှင့် ပိုင်မေ့တို့၏ ရှေ့မှာတွင် လုသခင်မကို တခမ်းတနား မြှောက်ပင့်ချီးမွမ်းနေလေသည်။
ချင်းရွှယ်နှင့် ပိုင်မေ : "..."
'ဒုတိယသခင်မက ဒီလို ချီးမွမ်းစကားတွေကို ဘယ်မှာများ သွားသင်လာတာပါလိမ့်'
သူမတို့က ဦးညွှတ်ပြီး ပြန်ခါနီးတွင် ဝမ်ယဲ့က လှမ်းခေါ်လိုက်ပြန်သည်။
"နေဦး... ငါ မုန့်လေးတွေ လုပ်ထားသေးတယ်၊ အဲ့ဒါတွေကို အကြီးဆုံးယောင်းမအတွက် ငါ့ကိုယ်စား ယူသွားပေးကြပါဦး"
သူမအနေဖြင့် လုသခင်မ၏ ကြွယ်ဝချမ်းသာမှုကို မယှဉ်နိုင်သော်လည်း စေတနာအရတော့ အရှုံးမပေးနိုင်ချေ။
.......။........။.........
ရက်အနည်းငယ်ကြာ စာဖတ်ပြီးနောက်၊ မနက်တိုင်း တစ်ရှီးချန်သာ စာသင်ရတော့သဖြင့် ရွှီယွိရွှမ်လည်း စာသင်ရမည်ကို ပထမနေ့ကလောက် မတွန့်ဆုတ်တော့ပေ။
မကြာမီ ဝမ်ယဲ့၏ မွေးနေ့သို့ ရောက်လာခဲ့သည်။
တစ်ယောက်ယောက်က သူ့ကို ပြောပြထား၍လား မသိနိုင်သော်လည်း ရွှီယွိရွှမ်က အနောက်ဘက်ခြံဝင်းသို့ ရောက်လာသည်နှင့် ပထမဆုံး ပြောလာခဲ့သည်။
"မေမေ... မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ဝမ်ယဲ့၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားသည်။
‘ဘယ်သူက သူ့ကို ဒါတွေ သင်ပေးလိုက်တာတုန်း’
ထို့နောက် နွေးထွေးနူးညံ့သော အရာတစ်ခုက သူမ၏ ရင်ခွင်ထဲသို့ ရုတ်တရက် ရောက်လာပြီး ရွှီယွိရွှမ်က ခြေဖျားလေးထောက်ကာ ဝမ်ယဲ့၏ ညာဘက်ပါးပြင်ကို နမ်းလိုက်တော့သည်။
ဝမ်ယဲ့ ရှောင်ချိန်ပင် မရလိုက်ဘဲ သူမ၏ မျက်နှာတွင် တံတွေးများ ပေကျံသွားသည်။
ရွှီယွိရွှမ်ကတော့ သူ၏ 'လက်ရာ' ကို ကြည့်ပြီး အလွန်သဘောကျကာ တခိခိ ရယ်မောနေလေသည်။
ဝမ်ယဲ့ : "..."
'ဒီလူဆိုးလေး...'
ထိုနေ့မနက်တွင် မီးဖိုဆောင်က သက်ရှည်ခေါက်ဆွဲ ပြင်ပေးထားသည်။ ရွှီယွဲ့ကျား အိမ်တွင် မရှိသောကြောင့် ဝမ်ယဲ့က တစ်ပန်းကန်စားပြီး ရွှီယွိရွှမ်ကတော့ ပန်းကန်လုံးတစ်ဝက်သာ စားနိုင်ခဲ့သည်။
ယနေ့ စာသင်စရာ မလိုကြောင်း သိလိုက်ရချိန်တွင် ရွှီယွိရွှမ်၏ မျက်ခုံးလေးများက စိတ်လှုပ်ရှားမှုကြောင့် တွန့်လိမ်သွားပြီး သူ၏ ပျော်ရွှင်မှုကို လုံးဝ ဖုံးကွယ်မထားနိုင်တော့ပေ။
မွေးနေ့ဆိုသည်က တခြားနေ့ရက်များနှင့် ထူးထူးခြားခြား ကွာခြားလှသည်တော့ မဟုတ်ပေ။ ထမင်းစားပြီးနောက် ဝမ်ယဲ့က ရွှီယွိရွှမ်နှင့် ခဏတာ ကစားပေးပြီး သူမဘာသာ အနားယူနေလိုက်သည်။
ရွှီယွဲ့ကျားကတော့ ညမိုးချုပ်မှသာ အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။
ရွှီယွိရွှမ်က နေ့ခင်းဘက်တွင် အားရပါးရ ဆော့ကစားထားပြီး ပင်ပန်းနွမ်းနယ်နေသောကြောင့် အထိန်းတော်ကျိက သူ့ကို အနောက်ဘက်အဆောင်သို့ ခေါ်သွားကာ သိပ်ထားနှင့်ပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ယဲ့တစ်ယောက်တည်းသာ ညစာစားနေရသည်။
ယခုကဲ့သို့ အချိန်လွန်မှ ပြန်ရောက်လာသော ရွှီယွဲ့ကျားကို မြင်လိုက်ရသောကြောင့် ဝမ်ယဲ့က ထောင်ကျီကို နောက်ထပ် တစ်နေရာစာ ထပ်ပြင်ခိုင်းလိုက်သည်။
ရွှီယွဲ့ကျားက ယနေ့အစောပိုင်းကတည်းက နန်းတွင်းသို့ ဆင့်ခေါ်ခံခဲ့ရပြီး ညနေစောင်းမှသာ ပြန်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ရှေ့မှ ခမ်းနားလှသော ဟင်းလျာများကို ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် စကား စလိုက်သည်။
"ဒီနေ့က မင်းရဲ့ မွေးနေ့ဆိုတာ ကိုယ် မှတ်မိပါတယ်"
ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြန်မေးလိုက်သည်။
"ယောက်ျား...ရှင် မမေ့သေးဘူးပေါ့"
"မင်း ဘာလက်ဆောင် လိုချင်သလဲ"
ဝမ်ယဲ့က သူမ၏ တူကို ချလိုက်ပြီးမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ယောက်ျား သင့်တော်တယ်လို့ ထင်တာကို ပေးပါ၊ ကျွန်မက ဇီဇာကြောင်တဲ့သူ မဟုတ်ပါဘူး"
ရွှီယွဲ့ကျားနှင့် ပတ်သက်လာလျှင်တော့ သူမက လုသခင်မအပေါ် ယဉ်ကျေးသလို သူ့ကို ယဥ်ကျေးပြီး အားနာပါးနာ ငြင်းနေမည်မဟုတ်ပေ။
ရွှီယွဲ့ကျား : "...အရင်ဆုံး ထမင်းစားကြတာပေါ့"
ဝမ်ယဲ့ကတော့ စိတ်ထဲမှ ရေရွတ်လိုက်သေးသည်။
'ထူးဆန်းလိုက်တာ'
ညစာစားပြီးနောက် အစေခံများက လက်ဖက်ရည် လာချပေးကြသည်။ ရွှီယွဲ့ကျားက ရုတ်တရက် သူတို့ကို ထွက်သွားခိုင်းလိုက်သည်။ အားလုံး ထွက်သွားပြီးနောက် ဝမ်ယဲ့က လှမ်းမေးလိုက်သည်။
"ဘာလို့ သူတို့ကို နှင်လွှတ်လိုက်တာလဲ"
ရွှီယွဲ့ကျားက ချက်ချင်း ပြန်မဖြေဘဲ ထိုအစား သူ့အင်္ကျီလက်ထဲမှ ဆေးပုလင်းအသေးလေး တစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ကိုယ် တိတ်တဆိတ် ရှာဖွေထားတဲ့ သန္ဓေတားဆေးပဲ"
ဝမ်ယဲ့၏ မျက်နှာအမူအရာက ချက်ချင်း အေးစက်သွားသည်။
"ကျွန်မကို သောက်ခိုင်းဖို့လား"
ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်ပြီးမှ ဆက်ပြောနေသည်။
"ဒီဆေးက အမျိုးသားတွေ သောက်ရမှာ၊ သုံးလအတွက် တစ်လုံးပဲ သောက်ရတယ်တဲ့၊ ခန္ဓာကိုယ်ကိုလည်း မထိခိုက်စေဘူး"
ဝမ်ယဲ့တစ်ယောက် မှင်တက်သွားပြီး စကားသံ ပြန်ထွက်လာရန် အတော်လေး အချိန်ယူလိုက်ရသည်။
"ယောက်ျား.... ရှင်... ရှင် ဆိုလိုတာက... ရှင်ကိုယ်တိုင် သောက်မလို့လား"
‘ရွှီယွဲ့ကျား ရူးသွားတာလား၊ ဒါမှမဟုတ် ငါပဲ အိပ်မက်မက်နေတာလား’
နှစ်ရက်အတွင်းမှာပင် သူမ ဤကဲ့သို့သော အိပ်မက်ဆန်ဆန် အဖြစ်အပျက်မျိုး နှစ်ကြိမ်တိုင်တိုင် ကြုံခဲ့ရပြီ ဖြစ်သည်။
ရွှီယွဲ့ကျားက ဆေးလုံးတစ်လုံးကို ထုတ်လိုက်ရင်း ထပ်ရှင်းပြနေသည်။
"ကိုယ် နေရာအနှံ့အပြား စုံစမ်းကြည့်ပြီးပြီ၊ ကိုယ်တို့ တကယ်ပဲ စိတ်ချချင်တယ်ဆိုရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"
ရွှီယွဲ့ကျားက ဆေးပညာအကြောင်း များများစားစား မသိသော်လည်း သမားတော်အချို့ထံမှ သူ သိရှိထားသည်မှာ သမိုင်းတစ်လျှောက် သန္ဓေတားနည်း ပတ်သက်လာလျှင် အမျိုးသားဘက်မှ ကိုင်တွယ်ဖြေရှင်းခြင်းက ပိုရိုးရှင်းပြီး ဘေးထွက်ဆိုးကျိုးကို ဆယ်ပုံ ရှစ်ပုံမှ ကိုးပုံအထိ လျှော့ချနိုင်သည်ဟူ၍ပင်။
ဝမ်ယဲ့က သူ့လက်ဖဝါးပေါ်ရှိ အညိုရောင် ဆေးလုံးလေးကို ကြည့်နေရင်း စကားမပြောနိုင်ဘဲ အတော်ကြာအောင် ငေးနေမိသည်။
ရွှီယွဲ့ကျားက ဆေးလုံးကို ပုလင်းထဲ ပြန်ထည့်ကာ မတ်တပ်ရပ်လိုက်သည်။
"အိမ်တော်ကို ပြန်မလာခင်က ကိုယ် တစ်လုံး သောက်ခဲ့ပြီးပြီ"
ဝမ်ယဲ့ : "..."
ရွှီယွဲ့ကျား၏ ရုတ်တရက် လှုပ်ရှားမှုက သူမကို ခေတ္တမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ရွှီယွဲ့ကျားကည် ဘေးခန်းထဲမှ ပြန်ထွက်လာသည်။
ရေချိုးသန့်စင်ပြီးစဖြစ်၍ ရွှီယွဲ့ကျား၏ ဆံပင်ဖျားလေးများ စိုထိုင်းနေဆဲဖြစ်ပြီး ရေနွေးငွေ့ကြောင့် သူ၏ ဖြူဖျော့သော လည်ပင်းသားက နီမြန်းနေသည်။
ဝမ်ယဲ့တစ်ယောက် ရုတ်တရက် အာခေါင်များ ခြောက်သွေ့လာပြီး ရေငတ်လာသလို ခံစားနေရသည်။
သူ၏ ညဝတ်အင်္ကျီက ပုံမှန်နှင့်မတူဘဲ တိမ်တိုက်ပုံစံများ ပန်းထိုးထားသည်။
‘ဒါက "မွေးနေ့အတွက် အထူးအစီအစဉ်" လား’
ရွှီယွဲ့ကျား၏ အသံကတော့ တည်ငြိမ်နေဆဲပင်။
"မင်း ကျေနပ်ရဲ့လား"
ခုနတင်ကမှ စိတ်လှုပ်ရှားကြည်နူးစ ပြုနေသော်လည်း သူ့စကားကြောင့် ဝမ်ယဲ့၏ခံစားချက်များ ရှုပ်ထွေးသွားရပြန်သည်။
‘ရွှီယွဲ့ကျား... ရှင်က ဘယ်တုန်းကတည်းက ဒီလောက်အထိ ပါးပါးနပ်နပ်နဲ့ မြူဆွယ်တတ်သွားတာလဲ’
အခြေအနေက ဤသို့ဖြစ်လာပြီ ဖြစ်သလို၊ သူကိုယ်တိုင်ကလည်း တားဆေးသောက်ကာ အစပျိုးလာပြီဖြစ်သောကြောင့် ဝမ်ယဲ့ဘက်မှ တွန့်ဆုတ်နေစရာ အကြောင်းမရှိတော့ပေ။
ဝမ်ယဲ့၏မျက်လုံးလေးများက ဝင်းပသွားပြီး သူ့အနားသို့ တိုးသွားပြီး တိုးတိုးလေး ကပ်မေးလိုက်သည်။
"ယောကျာ်း... ကျွန်မတို့ အိပ်ဆောင်ဝင်ကြတော့မလား"
သို့သော် ရွှီယွဲ့ကျားက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ပြောလာခဲ့သည်။
"အရင်သွားပြီး ရေချိုးလိုက်ဦး"
ဝမ်ယဲ့၏ ရင်ထဲတွင် တောက်လောင်စပြုနေသော နွေးထွေးမှု မီးတောက်လေးပေါ်သို့ ရေအေးတစ်ပုံးနှင့် လောင်းချလိုက်သလိုမျိုး ဖြစ်သွားပြီး ထိုမီးတောက်လေးလည်း ချက်ချင်း ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။