← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅ မရင်းနှီးတဲ့ စုံတွဲ

ထိုစကားကို ပြောပြီးနောက် ရွှီယွဲ့ကျားက ချက်ချင်း လှည့်ထွက်သွားပြီး ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားနေသည်။

ဝမ်ယဲ့တစ်ယောက် သက်ပြင်းတစ်ချက် အသာအယာချလိုက်ပြီး ဘေးခန်းတွင် ရေချိုးရန် ရေနွေးတစ်ပုံး ထပ်ပြင်ခိုင်းရတော့သည်။

နာရီဝက်ခန့်အကြာတွင် ဝမ်ယဲ့ ရေချိုးခန်းထဲမှ ထွက်လာပြီး သူမ၏ကိုယ်ပေါ်တွင် ရေနွေးငွေ့လေးများ ခိုတွဲနေကာ စိုစွတ်လန်းဆန်သော ခံစားမှုကို ဖြစ်ပေါ်စေသည်။

အသံနှင့် လှုပ်ရှားမှုကို သတိပြုမိသွားသည့် ရွှီယွဲ့ကျားက သူ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းကို အသာအယာ မော့လိုက်သည်။

ဝမ်ယဲ့က မျက်ခုံးတစ်ချက်ပင့်ကာ သူ့ဆီသို့ လျှောက်သွားလိုက်သည်။

ကုတင်ကန့်လန့်ကာများ ကျဆင်းသွားပြီး အခန်းထဲတွင် နွေဦး၏ နွေးထွေးမှုများ ရောယှက်နေသည့် ရင်းနှီးကျွမ်းဝင်မှု ပြည့်လျှံလာလေသည်။

.......။......။......

နောက်တစ်နေ့ ဝမ်ယဲ့ နိုးလာချိန်တွင် သူမက ခေါင်းလေးကို အနည်းငယ် ငဲ့စောင်းကြည့်လိုက်သည်။ ရွှီယွဲ့ကျားက သစ်သားအင်္ကျီချိတ်တွင် ချိတ်ထားသော သူ၏ အရာရှိဝတ်ရုံကို လှမ်းယူနေသည်။

သူ ဝတ်ထားသော ပိုးသားညအိပ်ဝတ်စုံကို မြင်လိုက်ရမှသာ ဝမ်ယဲ့တစ်ယောက် မနေ့ညက သူ ဝတ်ခဲ့သော တိမ်တိုက်ပုံစံ ချည်ထိုးညဝတ်အင်္ကျီ သူမကြောင့် စုတ်ပြဲသွားခဲ့ပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။

ရွှီယွဲ့ကျားက သူ့နောက်ကျောဘက်မှ လှုပ်ရှားမှုကို ရိပ်မိနေပြီး အနီရောင် နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ပြီးနောက် ဝမ်ယဲ့ဘက်သို့ လှည့်ကြည့်ကာ တည်ငြိမ်သောအကြည့်ဖြင့် မေးလိုက်သည်။

"နိုးပြီလား"

ဝမ်ယဲ့က သမ်းဝေရင်း ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ရှိနေပြီး စိတ်ကြည်လင်နေပုံရသည်။

မနေ့ညက အခြေအနေက ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ယခုလက်ရှိ လေထုနှင့် ခံစားချက်က ကွဲပြားနေသဖြင့် သူမအတွက် ထူးခြားသော အတွေ့အကြုံ ဖြစ်ခဲ့ရသည်။

သာမန်အရာတစ်ခုကို အကောင်းမွန်ဆုံးသော အဆင့်တစ်ခုအထိ ရောက်အောင် လုပ်ဆောင်နိုင်စွမ်း......

ရွှီယွဲ့ကျားတွင် ထိုသို့သော အရည်အချင်းရှိကြောင်း ဝမ်ယဲ့ ဝန်ခံရပေမည်။

ဝမ်ယဲ့က နူးညံ့သောအသံလေးဖြင့် တိုးတိုးလေးပြောလိုက်သည်။

"ယောက်ျားက အရမ်းအစောကြီး နိုးနေတာပဲ”

ရွှီယွဲ့ကျားက တည်ကြည်သောအမူအရာဖြင့် ပြန်ဖြေနေသည်။

"ကိုယ် အလုပ်တာဝန်တွေ ထမ်းဆောင်ဖို့ သွားရတော့မယ်"

မနေ့ညက မြင်ခွင့်ရခဲ့သော ရွှီယွဲ့ကျားကတော့ ခဏတာ ထင်ယောင်ထင်မှားတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

ဝမ်ယဲ့က "အိုး..." ဟု တုံ့ပြန်လိုက်ပြီးမှ ခဏစဉ်းစားကာ ထပ်ပြောလိုက်သည်။

"ဒီည ညစာစားဖို့ စောစောပြန်လာခဲ့နော်၊ ယောကျ်ား နှစ်သက်တဲ့ ဟင်းလျာတွေကို ပြင်ဆင်ပေးဖို့ မီးဖိုဆောင်ကို ပြောထားလိုက်မယ်"

ရွှီယွဲ့ကျားက သူ့ဝတ်ရုံကို ပြင်ဝတ်ရင်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလာသည်။

"ညစာစားချိန်အမီ ပြန်ရောက်ချင်မှ ရောက်နိုင်မယ်"

ဝမ်ယဲ့က အလိုက်သိလွန်းဟန်လေးဖြင့် နူးနူးညံ့ညံ့ ပြုံးကာ ထပ်ပြောလိုက်သည်။

"ရပါတယ်၊ ယောက်ျား ဘယ်လောက်ပဲ နောက်ကျပါစေ... ကျွန်မ စောင့်နေပါ့မယ်"

‘ငါက တကယ့်ကို သိတတ်နားလည်လွန်းတဲ့ ဇနီးသည်လေးပါနော်’

ရွှီယွဲ့ကျားက သူမကို အတန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေလေသည်။ သူ၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များအောက်တွင် ဝမ်ယဲ့က စိတ်ထဲမှ ခိုးရယ်နေသည်။ သူမက သူ့ကို တမင်တကာ ကျီစယ်လိုက်သည်။

"ယောက်ျား... ဒီည ကျွန်မရဲ့ မွေးနေ့ကို နောက်တစ်ခါ ထပ်ကျင်းပလို့ ရမလားဟင်"

‘ဟုတ်တယ်၊ ငါ ထင်ထားတဲ့ အတိုင်းပဲ ဒီမိန်းခလေးရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူအားလုံးရဲ့ အောက်မှာ မကောင်းဆိုးဝါး နှလုံးသားတစ်ခု ရှိနေတယ်’

ရွှီယွဲ့ကျားကတော့ သူ သောက်ခဲ့သော တားဆေးအကြောင်း သူမကို ပြောပြလိုက်ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ် အလေးအနက် စတင်စဉ်းစားနေချေပြီ။

သူ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ယဲ့က ထပ်ခေါ်လိုက်သည်။

"ယောက်ျား"

ရွှီယွဲ့ကျားက သူ၏ အရာရှိဦးထုပ်ကို ပြင်ဆင်ဆောင်းလိုက်ပြီး သူမကို တစ်ချက်မျှ ထပ်မကြည့်တော့ဘဲ အပြင်သို့ ထွက်သွားတော့သည်။

ထွက်သွားရင်းဖြင့် သူက တိုးတိုးလေး ရေရွတ်သွားသေးသည်။

"မင်း... နည်းနည်းလောက်တော့ ထိန်းထိန်းသိမ်းသိမ်း ရှိသင့်တယ်"

သူ၏လေသံတွင် အားကိုးရာမဲ့မှုနှင့် အခြားသော ခံစားချက်အချို့ ရောယှက်နေသည်။

ဝမ်ယဲ့ : "..."

'သူက တော်တော်လေး ရှက်တတ်တာပဲ'

‘အချစ်ဝတ္ထုတွေထဲက အကြောင်းအရာတွေက တကယ့်ကို အလိမ်အညာတွေပဲ’

ရွှီယွဲ့ကျား၏ အရိပ်အယောင် လုံးဝ ပျောက်ကွယ်သွားမှသာ ဝမ်ယဲ့က အပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။

"ထောင်ကျီ"

ခဏအကြာတွင် ထောင်ကျီက အခန်းထဲသို့ ဝင်လာပြီး မေးလာခဲ့သည်။

"သခင်မ... ဘာခိုင်းစရာရှိလို့လဲရှင့်"

ဝမ်ယဲ့က စောင်အောက်မှ သူမ၏ ခြေထောက်လေးကို ဆန့်ထုတ်ကာ အပြင်ဘက်မှ စောင်ကို ဘေးသို့ ကန်ထုတ်လိုက်ရင်း ညွှန်ကြားလိုက်သည်။

"ဒီစောင်ကို ယူသွားလိုက်တော့၊ ငါ ပြန်အိပ်ချင်သေးတယ်"

၎င်းက သူမအတွက် စိတ်အနှောက်အယှက် ဖြစ်နေသောကြောင့်ပင်။

‘ဟွန့်.... ဒါက မရင်းနှီးတဲ့ စုံတွဲမှာ ရှိသင့်တဲ့ အလေ့အထပဲ၊ ညဘက်မှာ စောင်တစ်ထည်တည်းကို အတူတူ မခြုံသင့်ဘူး’

.......။......။.........

ရွှီကျင့်ရုံကို နွေဦးရာသီတွင် စုန့်ရှန်ကျောင်းတော်သို့ စေလွှတ်ရန် သဘောတူထားခဲ့သော်လည်း ယခု လဝက်ခန့် နောက်ကျနေပြီ ဖြစ်သည်။

လုသခင်မက သားဖြစ်သူကို မခွဲနိုင်၍ နောက်ကျနေခြင်းတော့ မဟုတ်ပေ။ ရွှီကျင့်ရုံကို ကျေးလက်ခြံဝန်းတစ်ခုသို့ ရက်အနည်းငယ်ကြာ သွားရောက်နေထိုင်စေပြီး လယ်သမားများနှင့်အတူ လယ်ကွင်းထဲတွင် အလုပ်ဆင်းခိုင်းခြင်း၊ သူ့အဝတ်အစားများကို သူကိုယ်တိုင် လျှော်ဖွတ်တတ်အောင် သင်ကြားပေးနေခြင်းတို့ကြောင့် နောက်ကျနေရခြင်း ဖြစ်သည်။

သူ့အသက်အရွယ်အရ ကျောင်းတော်တွင် ထိုကဲ့သို့အလုပ်များ လုပ်ရန် မလိုသေးသော်လည်း ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်းက ကောင်းမွန်သောဆုံးဖြတ်ချက် ဖြစ်သည်။

သို့သော် လုသခင်မက လုံးဝကြီးတော့ ရက်စက်တတ်သူ မဟုတ်ပြန်ပေ။ ရွှီကျင့်ရုံကို ကျောင်းတော်သို့ ပို့ရသည့် အဓိကရည်ရွယ်ချက်မှာ ပညာသင်ရန်ဖြစ်ပြီး အထိန်းတော်ရှန်း၏ အငယ်ဆုံးသားကိုပါ အဖော်အဖြစ် ထည့်ပေးလိုက်သည်။ သူတို့က ကျောင်းတော်အနီးမှ ခြံဝန်းအသေးလေးတစ်ခု ငှားရမ်းထားပြီး လက်ရာကောင်းသော စားဖိုမှူးတစ်ဦးကိုလည်း ထည့်ပေးလိုက်မည် ဖြစ်သည်။

သတ်မှတ်ထားသော အဝတ်အစားလဲချိန်နှင့် စိုက်ပျိုးရေးရာသီ အားလပ်ရက်များအပြင် ကျောင်းတော်က ဆယ်ရက်လျှင် တစ်ကြိမ်၊ နေ့တဝက်စာ အားလပ်ချိန်ပေးလေ့ရှိသည်။

ထိုအားလပ်ရက်များတွင် ရွှီကျင့်ရုံအနေဖြင့် ငှားထားသော ခြံဝန်းလေးသို့ ပြန်လာနိုင်ပြီး ကောင်းမွန်သော အစားအသောက်များကို စားသောက်ကာ အနားယူနိုင်သည်။ အကယ်၍ လျှော်ဖွတ်ရန်လိုအပ်သော အဝတ်အစားများရှိလျှင်လည်း ထိုနေရာသို့ ယူဆောင်လာနိုင်သည်။

ထိုသို့လုပ်ဆောင်ပေးခြင်းက လုသခင်မတစ်ယောက်တည်း အလွန်အကျွံ ဖြည့်ဆည်းပေးခြင်း မဟုတ်ပေ။ မြို့တော်ရှိ အခြားသော မှူးမတ်အရာရှိမိသားစုများကလည်း သူတို့၏သားများကို စုန့်ရှန်ကျောင်းတော်သို့ ပို့ဆောင်သည့်အခါ အနီးအနားတွင် ခြံဝန်းငယ်လေးများ ငှားရမ်းပြီး အစေခံတစ်ဦး၊ နှစ်ဦးကိုပါ လိုက်ပါစေကာ သူတို့၏ သခင်လေးများအတွက် အစားအသောက်များ ပြင်ဆင်ပို့ဆောင်ပေးလေ့ရှိကြသည်။

ရွှီယွဲ့ကျားက အလုပ်သွားပြီ ဖြစ်ကာ ရွှီယွိရွှမ်အတွက် သူ ဖိတ်ခေါ်ထားသည့် ဆရာက သန်ဘက်ခါမှ ရောက်ရှိလာမည် ဖြစ်သည်။ ကြားထဲက နှစ်ရက်က ရွှီယွိရွှမ်အတွက် အားလပ်ရက်ဖြစ်သည်ဟု ဆိုရပေမည်။ နောက်ပိုင်းတွင် သူ တစ်နေ့လျှင် စာသင်ချိန် တစ်ရှီးချန် တိုးမြှင့် သင်ကြားရတော့မည် ဖြစ်သောကြောင့်ပင်။

သို့သော် ရွှီယွိရွှမ်က ဝမ်ယဲ့နှင့် ကစားရန် အနောက်ဘက်ခြံဝင်းသို့ ရောက်မလာခဲ့ပေ။ အခြေအနေကို မသိရှာသော ကလေးငယ်က ပြီးခဲ့သည့် နှစ်ရက်လုံးလုံး အရှေ့ဘက်ခြံဝင်းတွင်သာ နေထိုင်နေပြီး ရွှီကျင့်ရုံ နောက်သို့ တကောက်ကောက်လိုက်ကာ ပုံပြင်ပြောပြရန် ပူဆာနေခဲ့သည်။

ရွှီကျင့်ရုံ နောက်တစ်နေ့တွင် ထွက်ခွာတော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်ယဲ့က ကြာရှည်ခံမည့် မုန့်အချို့ ပြင်ဆင်ပေးရန် မီးဖိုဆောင်ကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူမကိုယ်တိုင် အရှေ့ဘက်ခြံဝင်းသို့ သွားပို့ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ လုသခင်မက သူမအပေါ် အလွန်ကောင်းလွန်နေသဖြင့် ဝမ်ယဲ့အဖို့ ထိုကျေးဇူးအားလုံးကို ပြန်ပေးဆပ်ရန် မဖြစ်နိုင်ပေ။ ရွှီကျင့်ရုံက သူမ၏ တူသား ဖြစ်နေသလို ကျေးဇူးဆပ်သည်ဟုလည်း သဘောထားနိုင်သောကြောင့် လုသခင်မ၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေယူရန် ဝမ်ယဲ့ ဆုံးဖြတ်လိုက်သည်။

အရှေ့ဘက်ခြံဝင်းတွင် ရွှီကျင့်ရုံက ရွှီယွိရွှမ်ကို သူ ခြံဝန်းထဲ၌ ကြုံတွေ့ခဲ့ရသော ရန်လိုသည့် ငန်းကြီးများအကြောင်း ပြောပြနေသည်။ သူက သစ်သားဓားလေးကို ဝေ့ယမ်းကာ ကွင်းကွင်းကွင်းကွင်း ပုံဖော်ပြနေပြီး သက်ဝင်လှုပ်ရှားမှု အပြည့်ဖြင့် ပြောပြနေသည်။

"အဲ့ဒီငန်းကြီးရဲ့ မျက်နှာက တကယ့်ကို ကြောက်စရာကောင်းတာနော်၊ ငါ့ကို မြင်တာနဲ့ အတောင်ပံတွေကို ဖြန့်ပြီး ငါ့ဆီ ပြေးဝင်လာတာလေ၊ တော်သေးတာပေါ့၊ ငါ အချိန်မီ သတိထားမိလို့ ငါ့ဓားနဲ့ ခုခံနိုင်ခဲ့တာ၊ ငန်းကြီးကတော့ တော်တော်လန့်သွားပြီး ရေထဲကို ခုန်ချသွားရရှာတယ်"

ရွှီယွိရွှမ်က ထိုဇာတ်ကွက်ထဲတွင် စီးမျောနေပြီး အံ့သြမှင်တက်နေသော မျက်နှာလေးနှင့် စိုက်ကြည့်နေရှာသည်။

ထိုပုံပြင်ကို အကြိမ်ပေါင်းများစွာ ကြားဖူးနေပြီဖြစ်သော ရွှီကျင့်လင်းကတော့ မုန့်စားရန်သာ အာရုံစိုက်နေပြီး ထိုစကားသံများကို နားထောင်ရန် ငြီးငွေ့နေချေပြီ။ သူ၏မျက်လုံးလေးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေပြီး တံခါးအပြင်ဘက်မှ ဝမ်ယဲ့တို့ကို မြင်သွားခဲ့သည်။

သူက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အစ်ကိုဖြစ်သူ၏ စကားကို ဖြတ်ပြောလိုက်သည်။

"အစ်ကို... ဒုတိယအဒေါ် ရောက်လာပြီ"

ရွှီကျင့်ရုံက ခြေတစ်ဖက်ထောက်ကာ အားရပါးရ သရုပ်ပြနေပြီး ရွှီကျင့်လင်း၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် သူ့ဓားနှင့်အတူ လဲကျလုနီးပါး ဖြစ်သွားရသည်။ ဝမ်ယဲ့ အခန်းထဲသို့ ဝင်လာချိန်တွင် သူ အနိုင်နိုင် ပြန်တည်ငြိမ်အောင် လုပ်နေရသည်။

ဝမ်ယဲ့က မမြင်ချင်ယောင် ဆောင်ပေးလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် ကိုးနှစ်သားအရွယ် ကောင်လေးတစ်ယောက်အတွက်လည်း ဂုဏ်သိက္ခာကို ထိန်းပေးသင့်တာပေါ့’

ရွှီကျင့်ရုံက ရှက်ကိုးရှက်ကန်းနှင့် အမူအရာကို ခက်ခက်ခဲခဲ ဖိနှိပ်လိုက်ပြီး သူ့ညီငယ်လေးများကို ဦးဆောင်ကာ ဝမ်ယဲ့ကို နှုတ်ဆက်လိုက်သည်။

ရွှီယွိရွှမ်ကလည်း သူမကို မြင်သည်နှင့် ချိုချိုသာသာ လှမ်းခေါ်နေသည်။

"မေမေ"

ဝမ်ယဲ့က "အင်း" ဟုသာ အသံဖြင့် အသိအမှတ်ပြု တုံ့ပြန်လိုက်ပြီး ထောင်ကျီနှင့် ယွင်ကျီတို့ကို ပစ္စည်းများ ချခိုင်းလိုက်သည်။

"ဒါတွေက ဟုန်ရှင်းကို အထူးပြင်ခိုင်းထားတဲ့ ကြာရှည်ခံမုန့်တွေ၊ မနက်ဖြန် ကျောင်းတော်ကို သွားတဲ့အခါ ယူသွားလို့ ရတယ်"

ရွှီကျင့်ရုံ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။

ဝမ်ယဲ့က မုန့်ထုပ်ထဲမှ တစ်ခုကို ဖွင့်ပြလိုက်ရာ ရွှီကျင့်လင်းက အစ်ကိုဖြစ်သူထက် အရင်ဦးအောင် ပြေးလာပြီး မုန့်နှစ်ခုကို ကောက်ယူလိုက်သည်။ တစ်ခုက သူ့အတွက်ဖြစ်ပြီး နောက်တစ်ခုကိုတော့ ရွှီယွိရွှမ်ကို လှမ်းပေးလိုက်သည်။

"ဒါလေးတွေက အငန်ဓာတ်လေးပါပြီး အချိုလေးလည်း နည်းနည်းထည့်ထားတယ်။ မင်းတို့အားလုံး စားလို့ရတယ်နော်၊ ပြီးတော့ အစပ်လေး နှစ်မျိုးလည်း လုပ်ပေးထားတယ်"

ဝမ်ယဲ့က ပြောနေရင်း ရွှီကျင့်ရုံကို တစ်ခု ကမ်းပေးကာ သတိပေးလိုက်သည်။

"ဒါပေမဲ့ ဒါတွေကို လဝက်အတွင်း ကုန်အောင်စားရမယ်နော်၊ အဲ့အချိန်ကျော်သွားရင်တော့ ကောင်းတော့မှာ မဟုတ်ဘူး"

ရွှီကျင့်ရုံက ကျေးဇူးတင်နေဟန်ဖြင့် ခေါင်းညိတ်ပြပြီး ပါးစပ်ထဲတွင် မုန့်များပြည့်နေလျက် နောက်ထပ် တစ်ခုကို အိတ်ထဲမှ နှိုက်ယူနေပြန်သည်။ ပုံမှန်အားဖြင့် သူ ချိုအီသောမုန့်များကို မကြိုက်သော်လည်း ဤချိုချိုငန်ငန် မုန့်လေးများကတော့ မမျှော်လင့်ဘဲ အလွန်အရသာရှိနေသည်။

"ဒုတိယအဒေါ်က အကောင်းဆုံးပဲ"

မုန့်ကို မျိုချပြီးနောက် ရွှီကျင့်ရုံက စိတ်ရင်းနှင့် အော်ပြောလိုက်သည်။

ဝမ်ယဲ့၏ နှုတ်ခမ်းတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီး သူမ ထပ်ပြောလိုက်သည်။

"အော်... ဒါနဲ့.... ဒုတိယအဒေါ်က မင်းရဲ့ ဒုတိယဦးလေးဆီကနေ အရည်အသွေးမြင့် စုတ်တံ နှစ်ချောင်းလည်း ယူလာပေးသေးတယ်၊ မင်းရဲ့ လက်ရေးတွေက ပြင်ဖို့လိုနေသေးတယ်လို့ မင်းတို့မေမေ ပြောနေတာကို အဒေါ် ကြားခဲ့တယ်၊ အဲ့ဒါတွေကို ယူသွားပြီး နေ့တိုင်း လက်ရေးလှ လေ့ကျင့်ရမယ်နော်"

ရွှီကျင့်ရုံ၏ မျက်နှာက ချက်ချင်း တောင့်တင်းသွားတော့သည်။

အရှေ့ဘက်ခြံဝင်းမှ ထွက်လာပြီးနောက် ဝမ်ယဲ့၏ စိတ်အခြေအနေက အလွန် ကောင်းမွန်နေသည်။ တခြား လုပ်စရာ အလုပ်လည်း မရှိသောကြောင့် သူမ လုသခင်မကို သွားရောက် "နှောင့်ယှက်" ရန် ပင်မခြံဝင်၏ ခန်းမဆောင်ဆီသို့ ထွက်လာခဲ့သည်။ ရွှီကျင့်ရုံအတွက် ပြင်ဆင်ထားသော မုန့်အချို့ကိုလည်း သူမနှင့်အတူ ယူဆောင်လာခဲ့သည်။

သာယာသော နွေဦးရာသီတွင် မြို့တော်ရှိ မိသားစုအများအပြားက မင်္ဂလာပွဲများ ကျင်းပနေကြသည်။ လုသခင်မက နယ်စားမင်းအိမ်တော်နှင့် ပတ်သက်ဆက်နွှယ်နေသော မိသားစုများထံမှ ဖိတ်စာများကို အသေအချာ စစ်ဆေးနေပြီး သွားသင့်၊ မသွားသင့် ဆုံးဖြတ်နေသည်။ တစ်ခါတစ်ရံတွင် ငြင်းပယ်၍မရသော ဖိတ်ကြားချက်အချို့လည်း ရှိနေတတ်သည်။

ဝမ်ယဲ့က အငန်မုန့်လေးတစ်ချပ်ကို ကောက်ယူကာ လုသခင်မ၏ နှုတ်ခမ်းနားသို့ တိုးပေးရင်း နူးညံ့စွာ ပြောလိုက်သည်။

"မမ... ဒါလေး မြည်းကြည့်ပါဦး"

လုသခင်မက သူမကို အားကိုးရာမဲ့သော အကြည့်ဖြင့် ကြည့်ကာ ညည်းညူလိုက်သည်။

"မင်း လုပ်ပုံက ကျင့်လင်းနဲ့ အတူတူပဲ"

ဝမ်ယဲ့က ရယ်သံလေးဖြင့် ရှင်းပြလိုက်သည်။

"မမ အလုပ်များနေမယ် ထင်လို့ပါ"

လုသခင်မက သက်ပြင်းချရင်း ဝမ်ယဲ့လက်ထဲမှ မုန့်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။

ဝမ်ယဲ့က စိတ်အားထက်သန်စွာ မေးနေသေးသည်။

"ကောင်းလားဟင်"

"ကောင်းပါတယ်၊ ဒါပေမယ့် အရသာ နည်းနည်းလေး ပိုလျော့လိုက်ရင် ပိုကောင်းမယ် ထင်တယ်"

လူတစ်ယောက်၏ အကြိုက်ကို ရက်အနည်းငယ်အတွင်း ပြောင်းလဲရန် မဖြစ်နိုင်ချေ။ ဤမုန့်က ဝမ်ယဲ့၏ အကြိုက်အတိုင်း လုပ်ထားခြင်းဖြစ်ရာ လုသခင်မအတွက်တော့ အရသာက အနည်းငယ် ထူးခြားနေသည်။

"နောက်တစ်ခါကျရင် မမအတွက် အရသာ ပျော့ပျော့လေး လုပ်ပေးမယ်နော်"

လုသခင်မက အပျော်သဘောသာ ပြောလိုက်ခြင်းဖြစ်ပြီး ဝမ်ယဲ့က တကယ်ကြီး သူမအတွက် သီးသန့် ဒုက္ခခံလုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမက အနည်းငယ် အားနာဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အိမ်တော်မှာ မုန့်လုပ်တတ်တဲ့ စားဖိုမှူးတွေ အများကြီး ရှိနေတာပဲ၊ နင်ကိုယ်တိုင် လုပ်နေဖို့ မလိုပါဘူး၊ နင် လုပ်တာတွေကို နင်ပဲ စားပါ၊ ငါ့အတွက် စိတ်ပူနေဖို့ မလိုပါဘူးဟယ်"

ဝမ်ယဲ့က နှုတ်ခမ်းလေး အနည်းငယ် စူလိုက်ပြီး မေးလိုက်သည်။

"ဒါဆို မမက ကျွန်မလုပ်တဲ့ မုန့်တွေကို မကြိုက်ဘူးပေါ့ ဟုတ်လား"

လုသခင်မ : "...အဲ့လို မဟုတ်ပါဘူး"

ဝမ်ယဲ့ : "ဒါဆို ပြီးတာပဲလေ"

ပြောပြောဆိုဆိုနှင့်ပင် သူမက နောက်ထပ် မုန့်တစ်ခု ခွံ့ပေးလိုက်ပြန်သည်။

လုသခင်မခမျာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ပါးစပ်ဟကာ စားလိုက်ရရှာသည်။

"ဒါနဲ့... နင့်ရဲ့ မိဘအိမ်က ဒုတိယယောင်းမက မကြာခင် ကလေးမွေးတော့မှာလား"

ဝမ်ယဲ့ နောက်ထပ် ထပ်ခွံ့မည်ကို စိုးရိမ်နေသည့် လုသခင်မက စကားလမ်းကြောင်းကို အမြန် ပြောင်းလိုက်သည်။

ဝမ်ယဲ့က ခေါင်းညိတ်ပြနေသည်။

"လာမယ့် လထဲမှာ မွေးမှာပါ၊ ဒါပေမယ့် တူလေး ဒါမှမဟုတ် တူမလေး တစ်လပြည့်မှ လာခဲ့ဖို့ အမေက စာရေးထားတယ်"

ထိုအချက်က သူမ ငါးလပိုင်းအထိ သူမ၏ မိခင်နှင့် ညီမငယ်ကို တွေ့ရဦးမည် မဟုတ်ဟု ဆိုလိုနေခြင်းပင်။

လုသခင်မက သခင်မရှန်း၏ ဆုံးဖြတ်ချက်ကို သဘောတူနေသည်။

"နင့် အမေက သေသေချာချာ စာပို့ထားမှတော့ သူ ပြောတာကိုပဲ နားထောင်လိုက်ပါ"

အိမ်ထောင်ကျပြီးသား သမီးဖြစ်သူက အကြောင်းမရှိဘဲ အိမ် ခဏခဏ ပြန်နေမည်ဆိုလျှင် လူမြင်မကောင်းရုံသာမက အနေရခက်စရာလည်း ဖြစ်နိုင်သေးသည်။

သခင်မရှန်းတွင် သူမ၏ ကိုယ်ပိုင်အကြောင်းပြချက်များ ရှိနေသည်ကို ဝမ်ယဲ့ နားလည်ပေးနိုင်သည်။

သူမ၏ အကြီးဆုံးအစ်မ ဝမ်ယွိဝန်ကလည်း ယုံချန်းမှူးမတ်အိမ်တော်တွင် နေထိုင်နေရသည်။ သူမက ယုံချန်းမှူးမတ်အိမ်တော်မှ ဆက်ခံသူ၏ ဇနီး ဖြစ်သောကြောင့် သားသမီးများကို ပြုစုစောင့်ရှောက်ရင်း တစ်ဖက်မှလည်း ယောက္ခမ၏ လူမှုရေးကိစ္စများကို ကူညီပေးနေရသည်။ ထို့ကြောင့် သူမ မိဘအိမ်သို့ မကြာခဏ ပြန်ရန် အချိန်မရှိသလောက် ဖြစ်နေရသည်။

ဝမ်ယဲ့ အနည်းငယ် စိတ်မကောင်းဖြစ်နေသည်ကို မြင်နိုင်သည့် လုသခင်မက ရုတ်တရက် အကြံပေးလာခဲ့သည်။

"ကျင့်ရုံ စုန့်ရှန်ကျောင်းတော်ကို သွားလိုက်ရင် ကျင့်လင်းတစ်ယောက် ပျင်းနေတော့မှာပဲ၊ သူက ကျင့်ရုံနဲ့ပဲ အမြဲဆော့နေကျလေ၊ ငါ မှတ်မိသလောက်ဆိုရင် နင်ရဲ့တူလေးက ကျင့်လင်းနဲ့ အသက်ချင်း သိပ်မကွာဘူး ထင်တယ်၊ နင် အချိန်ရရင် သူ့ကို တစ်ရက်လောက် ခေါ်လာခဲ့ပါလား၊ ကျင့်လင်းနဲ့ သူငယ်ချင်းဖြစ်သွားရင် ကစားဖော်ရတာပေါ့"

သူမက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုမျိုးနှင့် ထပ်ပြောလိုက်သေးသည်။

"ပြီးတော့ နင့်ရဲ့ညီမလေးကလည်း ကျင့်လင်းထက် တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ပိုကြီးမှာပါ၊ သူ့ကိုပါ တစ်ခါတည်း ခေါ်ခဲ့ပါလား"

ဝမ်ယဲ့၏ ရင်ထဲတွင် လှုပ်ခတ်သွားသော်လည်း အပြင်ပန်းတွင်တော့ မည်သည့်အမူအရာမျှ မပြဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်မေးလိုက်သည်။

"အဲ့ဒါက ဒုက္ခများလွန်းရာ မရောက်ဘူးလားဟင်"

လုသခင်မက လက်ကာပြရင်း ထပ်ပြောလိုက်သည်။

"ဘာကို ဒုက္ခများရမှာလဲ၊ နင်ကတော့ လျှောက်ပြောနေပြန်ပြီ၊ နင့်ညီမလေးက စာအရမ်းကြိုးစားတယ်လို့ ငါ ကြားဖူးတယ်၊ သူက ကျင့်လင်းနဲ့ ရွှမ်အာအတွက် စံနမူနာကောင်း ဖြစ်လာနိုင်တယ်"

ဝမ်ယဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ခေါင်ညိတ်လက်ခံလိုက်သည်။

"ဒါဆိုရင် ကျွန်မ ပြန်ရောက်တာနဲ့ အမေ့ဆီကို ချက်ချင်း စာရေးလိုက်ပါ့မယ်"

........။.......။.......

ညနေစောင်းတွင် ဝမ်ယဲ့က စာကြည့်ခန်းထဲမှ စာရေးစက္ကူအချို့ကို ယူလိုက်ပြီး ထောင်ကျီကို မှင်သွေးခိုင်းလိုက်သည်။

သူမက သခင်မရှန်းနှင့် ဖခင်ဖြစ်သူတို့၏ ကျန်းမာရေးကို အရင်ဆုံး မေးမြန်းခြင်းဖြင့် စာကို စတင်လိုက်သည်။ ထို့နောက် အစ်ကိုဖြစ်သူများ၊ ယန်ရှီ၊ လျိုရှီနှင့် သူတို့၏ သားသမီးများ၊ လျိုရှီ၏ ဝမ်းဗိုက်ထဲမှ မမွေးဖွားသေးသော ကလေးအကြောင်းကိုပါမကျန် အစုံအလင် ထည့်မေးထားသည်။

နှုတ်ခွန်းဆက်စကားများဖြင့် စက္ကူတစ်မျက်နှာလုံး ပြည့်သွားပြီးနောက်မှသာ ဝမ်ယဲ့က သူမ စာရေးရခြင်း၏ အဓိကအချက်ကို စတင်ရေးသားနေခဲ့သည်။

သူမ စာရေးပြီးခါနီးတွင် ရွှီယွဲ့ကျား အိမ်တော်သို့ ပြန်ရောက်လာသည်။

သူမအနေဖြင့် စားပွဲတွင် ကုန်း၍ စာရေးနေသည်က မြင်ရခဲသော မြင်ကွင်းဖြစ်ပြီး အတွင်းခန်းသို့ သွားရန် ပြင်နေသော ရွှီယွဲ့ကျားက လမ်းကြောင်းပြောင်းကာ သူမအနားသို့ ချဉ်းကပ်လာသည်။

ဝမ်ယဲ့ကလည်း ခြေသံကြားသွားပြီး မော့ကြည့်လိုက်ရာ သူမှန်း သိလိုက်ရသောကြောင့် ဘာမှ မပြောတော့ပေ။

စာကို အိတ်ပိတ်ပြီးမှသာ သူမ စကားစလိုက်သည်။

"စောစောပြန်ရောက်လာသားပဲ၊ ယောက်ျား.... ရှင် စိတ်ပြောင်းသွားပြီပေါ့"

ရွှီယွဲ့ကျား : "..."

ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်။ သူမအနေဖြင့် မွေးနေ့ကို အကြိမ်ကြိမ် ကျင်းပချင်လျှင်ပင် သူမ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်မည့် မဟုတ်ချေ။

All Chapters