အခန်း ၅၆
Vol. 6 Ch. 56
အခန်း ၅၆ ရှီပိုင်လီ
ရွှီယွဲ့ကျားကလည်း သူမ တမင်သက်သက် ပြောနေခြင်းမှန်း သိနေပုံရပြီး ဘာမှ ပြန်မပြောတော့ချေ။
သူ့အကြည့်က သူမလက်ထဲမှ စာအိတ်ပေါ်သို့ ကျရောက်နေပြီး မေးလာခဲ့သည်။
"တစ်ခုခု ဖြစ်လို့လား"
ဝမ်ယဲ့က သူ့အကြည့်အတိုင်း လိုက်ငုံကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ချန်အာနဲ့ ညီမလေးကို ဒီကိုခေါ်ပြီး တစ်ရက်လောက် အတူဆော့ဖို့ စဉ်းစားနေတာပါ"
ခဏအကြာတွင် သူမက ထပ်ပြောလိုက်သည်။
"အကြီးဆုံးယောင်းမကလည်း သဘောတူပြီးသားပါ"
ရွှီယွဲ့ကျား၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သက်ပြင်းတစ်ချက် အသာအယာ ချကာ ထပ်ပြောလာသည်။
"မင်း တကယ်ပဲ ခေါ်ချင်တယ်ဆိုရင်တော့ စောစောစီးစီး ခေါ်လိုက်တာ ပိုကောင်းလိမ့်မယ်"
ဝမ်ယဲ့က ဇဝေဇဝါဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဘာလို့လဲဟင်"
ရွှီယွဲ့ကျားက ချက်ချင်း မပြောသေးဘဲ လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်လိုက်ပြီးမှ စပြောနေသည်။
"ဧကရာဇ်မင်းမြတ်က ချန်လဲ့မင်းသမီးအတွက် စာသင်ဖော်တစ်ယောက် ထပ်ပြီး ရွေးချယ်ဖို့ စီစဉ်နေတယ်"
ဝမ်ယဲ့တစ်ယောက် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
"ကျွန်မရဲ့ ညီမလေးတော့ မဟုတ်ပါဘူးနော်"
ရွှီယွဲ့ကျားက ခေါင်းညိတ်ပြလာသည်။
"ဟုတ်တယ်"
ဝမ်ယဲ့ ဧကရာဇ်မင်းမြတ်နှင့် တစ်ခါမျှ မဆုံဖူးသလို ချန်လဲ့မင်းသမီးအကြောင်းကိုလည်း များများစားစား မသိပေ။ တော်ဝင်မိသားစုမှ ထိုသားအဖအပေါ် သူမ သိထားသမျှက ရွှီယွဲ့ကျား၏ ပြောပြချက်များသာ ဖြစ်သည်။ သူမက ထပ်မေးလိုက်သည်။
"ဘာလို့ စာသင်ဖော်တစ်ယောက် ထပ်လိုတာလဲဟင်"
"အခုရှိနေတဲ့ စာသင်ဖော်နှစ်ယောက်က အရမ်းငယ်လွန်းတော့ ချန်လဲ့မင်းသမီးရဲ့ စာသင်ကြားမှုတွေကို မလိုက်နိုင်ဘူးလို့ ပြောတာပဲ"
ထိုစကားက ဝမ်ယဲ့ကို ပိုသံသယဝင်သွားစေသည်။
"ဒါပေမယ့် ကျွန်မရဲ့ညီမလေးက ခုနစ်နှစ်ပဲ ရှိသေးတာလေ"
"ပြီးတော့ ဧကရာဇ်က ပြောတယ်ဆိုပြီး ရှင် ပြောပြခဲ့ဖူးတယ်လေ၊ မင်းသမီးလေးက သိပ်ပြီး... အဟမ်း... သိပ်မတော်ဘူးလို့ လူတွေ သိသွားစေချင်တာဆို"
သူမက နောက်ဆုံးအပိုင်းကို တိုးတိုးလေးသာ ပြောလိုက်ပြီး သူမကိုယ်သူမ ကာကွယ်လိုစိတ် ပြင်းပြနေပုံရသည်။
ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဧကရာဇ်မင်းမြတ်က မင်းသမီးလေးရဲ့ ရည်ရွယ်ချက်ကို နားလည်မှုလွဲသွားခဲ့တာ"
ဝမ်ယဲ့တစ်ယောက် ခေတ္တမျှ မှင်သက်သွားရပြီး တော်တော်ကြာမှ ထပ်မေးလိုက်မိသည်။
"ရှင်က ဒါတွေအားလုံးကို ဘယ်လိုသိနေတာလဲ"
" ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ကိုယ့်ကို ပြောပြတာလေ"
"ဒါပေမယ့် ဧကရာဇ်မင်းမြတ်က အရာအားလုံးကို ဘာလို့ ပြောပြနေတာလဲ"
ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ရှင်းပြလိုက်သည်။
"ဧကရာဇ်မင်းမြတ်က စိတ်သဘောထား ပြည့်ဝပြီး ချဉ်းကပ်ရ လွယ်ကူပါတယ်၊ သူက သူ့ရဲ့ အမတ်တွေနဲ့ ကိစ္စရပ်တွေ... ဆွေးနွေးရတာကို နှစ်သက်တယ်"
ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
"သြော်...အဲ့လိုလား.... ကျွန်မ နားလည်ပါပြီ"
‘နောက်တစ်မျိုး ပြောရရင်တော့ သူ အရမ်း စကားများတယ်ပေါ့လေ။ ကျွန်မ နားလည်လိုက်ပါပြီ’
ရွှီယွဲ့ကျား၏ အမူအရာအရ သူမ၏ညီမလေး ချန်လဲ့မင်းသမီး၏ စာသင်ဖော်ဖြစ်လာရန်က သေချာသလောက် ဖြစ်နေခဲ့သည်။ ဝမ်ယဲ့က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး စားပွဲကို ပတ်ကာ ရွှီယွဲ့ကျားထံသို့ လျှောက်သွားပြီး သူမ၏နေရာကို ဖယ်ပေးလိုက်သည်။
သူမ၏ အကြည့်များက ရုတ်တရက် နူးညံ့သွားပြီး တိုးတိုးလေး တောင်းဆိုနေသည်။
"အခုက ညစာစားဖို့ စောနေသေးတယ်လေ၊ နန်းတွင်းထဲက အခြေအနေလေးတွေ ကျွန်မကို ပြောပြပါလား"
ရွှီယွဲ့ကျားက ဝမ်ယဲ့ အမြဲအနားယူနေကျ ညောင်စောင်းပေါ်သို့ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။
"မယ်တော်ကြီးက ဘုရား၊ တရားကိုပဲ စိတ်နှစ်ထားပြီး နန်းတွင်းရေးတွေမှာ ဝင်မပါတော့ဘူး၊ ဧကရာဇ်မင်းမြတ်က ဉာဏ်ပညာကြီးမားတယ်၊ ကျိုးကြောင်းဆင်ခြင်တတ်တယ်၊ မိဖုရားခေါင်ကြီးက သီလရှိတယ်၊ အိမ်ရှေ့စံမင်းသားက တည်ငြိမ်တယ်၊ တွမ့်မင်းသားနဲ့ ကျန်တဲ့ မင်းသား၊ မင်းသမီးတွေကတော့ ငယ်သေးတယ်၊ ချန်လဲ့မင်းသမီးကတော့... ဧကရာဇ်မင်းမြတ်ရဲ့ ပြောပြချက်အရဆိုရင် သူက အရမ်းကို ပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်တယ်တဲ့"
ပထမပိုင်းမှတ်ချက်များက အမှန်ဖြစ်နိုင်သော်လည်း နောက်ဆုံးတစ်ခုကတော့ ဖခင်တစ်ယောက်၏ သမီးအပေါ် ဘက်လိုက်သော အမြင်သာ ဖြစ်လိမ့်မည်ဟု ဝမ်ယဲ့ တွေးနေခဲ့သည်။
ဝမ်ယဲ့က သူမ၏ သံသယအသေးစားလေးကို ထုတ်ဖော်လိုက်သည်။
"တွမ့်မင်းသားဆိုတာက မိဖုရားခေါင်ကြီးရဲ့ အငယ်ဆုံးသားလားဟင်"
ရွှီယွဲ့ကျားက ခေါင်းညိတ်ပြနေသည်။
"ဧကရာဇ်မင်းမြတ်မှာ သားသမီး သိပ်မများဘူး၊ မိဖုရားခေါင်ကြီးက မွေးတဲ့ သုံးယောက်အပြင် တခြား မင်းသားတစ်ပါးနဲ့ မင်းသမီး နှစ်ပါးပဲ ရှိတယ်"
ဝမ်ယဲ့က ယခုမှ အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
"ဧကရာဇ်မင်းမြတ်က မိဖုရားခေါင်ကြီးကို အတော်လေး အလေးထားပုံရတယ်နော်"
မိဖုရားခေါင်ကြီး၏ သားသမီးသုံးဦးအနက် တစ်ဦးက အသက်ခုနစ်နှစ်အရွယ်မှာပင် အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံရပြီး ကျန်နှစ်ဦးကလည်း ဘွဲ့ထူးဂုဏ်ထူးများ ရရှိထားကြသည်။
ဤအချက်က သူမ အရင်ဘဝတွင် ဖတ်ခဲ့ဖူးသော ဝတ္ထုများထဲမှ အကြောင်းအရာများနှင့် ကွဲလွဲနေသဖြင့် ဝမ်ယဲ့ စိတ်သက်သာရာ ရသွားသည်။
ဝမ်ယဲ့က အနာဂတ်အတွက် စဉ်းစားမနေတော့ဘဲ လက်ရှိအချိန်ကိုသာ အာရုံစိုက်လိုက်သည်။ သူမ၏ညီမလေးကလည်း မင်းသမီး၏ စာသင်ဖော်အဖြစ် တစ်သက်လုံး နေရမည် မဟုတ်ပေ။ ထိုအချိန်အတွင်း နန်းတွင်း၌ ကြီးကြီးမားမား ဘာမှမဖြစ်သရွေ့ အားလုံး အဆင်ပြေမည်သာ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ကလည်း သက်တော်အားဖြင့် သိပ်မကြီးသေးဘဲ ရွှီနယ်စားမင်းထက် နှစ်အနည်းငယ်မျှသာ အသက်ပိုကြီးပြီး စွမ်းအင်ပြည့်ဝနေဆဲဖြစ်သည်။ အကယ်၍ နောင်တွင် နတ်ရွာစံ ဧကရာဇ်မင်းကြီးကဲ့သို့ ဖြစ်လာမည်ဟု ကြိုတွေးလျှင်ပင် ထိုအချိန်သို့ ရောက်ရန် နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်ခန့် ကြာဦးမည် ဖြစ်သည်။
(t/n: အရှေ့ဧကရာဇ်တုန်းက ငယ်တုန်းမှာ ကောင်းကောင်းမွန်မွန် အုပ်ချုပ်နေပြီး အသက်ကြီးလာမှ ထဖောက်တာမျိုးပါ၊ သူက အိုပြီး တိုင်းပြည်ကို သေသေချာချာ မစီမံနိုင်တော့ဘူ၊ ဒါပေမယ့် အာဏာကိုလည်း လက်မလွှတ်ချင်ဘူးဆိုတာမျိုး ဖြစ်ခဲ့တာပါ)
သို့သော်လည်း ဝမ်ယဲ့က နန်းတွင်းနှင့် ပတ်သက်သော မေးခွန်းအချို့ကို ထပ်မံမေးမြန်းချင်နေသေးသည်။
ဥပမာအားဖြင့် ထင်ရှားသော တော်ဝင်ကြင်ယာတော်များက မည်သည့် အထက်တန်းလွှာ မိသားစုများမှ ဆင်းသက်လာသည်၊ သူမတို့၏ စိတ်နေစိတ်ထားများက မည်သို့ရှိသည်၊ မင်းသားငယ်နှင့် မင်းသမီးငယ်လေးများက မည်သည့် ကိုယ်လုပ်တော်များ၏ သားသမီးများဖြစ်သည် စသည်ဖြင့် သူမ သိချင်နေပြန်သည်။
သူမ မေးခွန်းများ ဆက်တိုက်မေးမြန်းပြီးနောက်တွင် ရွှီယွဲ့ကျားတစ်ယောက် လုံးဝ တိတ်ဆိတ်သွားတော့သည်။ သူက နန်းတွင်းထဲတွင် နေထိုင်သူမဟုတ်သလို အတွင်းဆောင်ကိစ္စအားလုံးကို သူ မည်သို့မျှ သိနိုင်မည်မဟုတ်ပေ။
ဝမ်ယဲ့က မေးခွန်းများမေးပြီးနောက် အရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး မေးနေပြန်သည်။
"ဘာလို့ ဘာမှ ပြန်မပြောတာလဲဟင်"
ရွှီယွဲ့ကျားက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလာသည်။
"မင်းသမီးနှစ်ပါးရဲ့ မိခင်က ကျင်းဖေး၊ တတိယမင်းသားရဲ့ မိခင်ကတော့ ယွီကွေ့ဖေး၊ ဒီအမျိုးသမီးတွေရဲ့ နောက်ခံမိသားစုက သိပ်မကြီးကျယ်ဘူးဆိုတော့ မင်း စိုးရိမ်နေဖို့ မလိုပါဘူး"
(ကွေ့ဖေး - တော်ဝင်ကြင်ယာတော် (မိဖုရားခေါင်အောက် တစ်ဆင့်နိမ့်)၊ ဖေး- ကြင်ယာတော်( ကွေ့ဖေးအောက် တစ်ဆင့်နိမ့်))
ဝမ်ယဲ့က ခေါင်းစောင်းရင်း မေးလိုက်ပြန်သည်။
"ဒါပဲလား"
ရွှီယွဲ့ကျားက ထွက်ခွာရန် ပြင်ရင်း မတ်တပ်ရပ်ကာ ထပ်ပြောလိုက်သည်။
"မင်း သိချင်တဲ့ အရာတွေကိုတော့ ကိုယ်လည်း သိမှာ မဟုတ်ဘူး"
ဝမ်ယဲ့ : "..."
'ပျင်းစရာကောင်းတဲ့ လူကြီး'
ဧကရာဇ်မင်းမြတ်က ရွှီယွဲ့ကျားလိုလူမျိုးနှင့် မိသားစုရေးရာကိစ္စများအတွက် မည်သို့ စကားစမြည် ပြောနေသည်ကို ဝမ်ယဲ့ စဉ်းစား၍ပင် မရတော့ပေ။
‘သူ ဒီသစ်သားတုံးကို အဖော်လုပ်ပြီး စကားပြောရတဲ့အထိ ဘယ်လောက်တောင် ပျင်းနေလို့လဲ’
.......။........။.......
ရွှီယွဲ့ကျားထံမှ ရရှိသော သတင်းအချက်အလက်များကို အခြေခံပြီး ဝမ်ယဲ့က သူမ၏စာကို ပြန်ရေးလိုက်သည်။
နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် သခင်မရှန်း ဝမ်ယဲ့ထံမှ စာကို လက်ခံရရှိခဲ့သည်။
သူမ၏ ဒုတိယမြောက် ချွေးမဖြစ်သူ မွေးဖွားရန် တစ်လပင် မလိုတော့သဖြင့် အိမ်တွင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများက အလွန်များပြားနေသည်။ ထို့အပြင် မနေ့က စူးကျိုးမှ စာတစ်စောင် ရောက်လာခဲ့ပြီး ဝမ်းကွဲတူတစ်ယောက်၏ မင်္ဂလာပွဲ အတည်ဖြစ်သွားပြီဖြစ်ရာ မြို့တော်မှ လက်ဆောင်ပစ္စည်းများ ပို့ပေးရန် လိုအပ်နေသေးသည်။
သခင်မရှန်း မကြာသေးမီက အလွန် အလုပ်များနေခဲ့သည်။ စာက ဝမ်ယဲ့ထံမှ ဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူမ ဇဝေဇဝါ ဖြစ်သွားရသည်။
သူမ၏အနားတွင် အထိန်းတော်ဟန်သာ ရှိနေသဖြင့် သခင်မရှန်းက စကားကို ထိန်းမနေတော့ဘဲ စာအိတ်ကို ဖွင့်ရင်း ရေရွတ်လိုက်သည်။
"လေးယောက်မြောက်ကောင်မလေးက ဘာတွေ ထပ်လုပ်ဦးမလို့လဲ"
သို့သော် စာအိတ်ထဲမှ စာရွက်သုံး၊ လေးရွက် ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် သူမ တိတ်ဆိတ်သွားရသည်။
သူမက 'နှုတ်ခွန်းဆက်စကားနှင့် စိုးရိမ်ပူပန်မှု'သည့် စကားလုံးများ ပြည့်နေသော ပထမစာရွက်ကို အလိုအလျောက် လျစ်လျူရှုလိုက်ပြီး ကျန်စာရွက်တွေကို ဂရုတစိုက် ဖတ်နေသည်။
စာကို ဖတ်ပြီးနောက် သခင်မရှန်း စာကို သိမ်းလိုက်ရုံမျှ ရှိသေးချိန်တွင် သူမ၏ အကြီးဆုံးချွေးမ ယန်ရှီ ရောက်ရှိလာသည်။
လျိုရှီ၏ ကလေးအတွက် ပြင်ဆင်ထားသော နို့ထိန်းက ဤအတောအတွင်း အအေးမိသွားသောကြောင့် တခြားအကျိုးဆက်များ ရှိလာမည်ကို ယန်ရှီ စိုးရိမ်နေသည်။ ထို့ကြောင့် သူမက အစားထိုးလဲလှယ်ရန် တွေးနေပြီး ထိုအကြောင်းကို သခင်မရှန်းထံသို့ လာရောက် အစီရင်ခံခြင်း ဖြစ်သည်။
သခင်မရှန်းက သူမကို အနားတွင် ဝင်ထိုင်ရန် အမူအရာပြလိုက်သည်။ ယန်ရှီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သခင်မရှန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"နင့်ရဲ့ ဆုံးဖြတ်ချက်တွေကို ငါ ယုံကြည်ပါတယ်၊ နင် စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်လိုက်ပါ"
သခင်မရှန်း၏ သဘောတူညီမှုကြောင့် ယန်ရှီလည်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ သို့သော် သခင်မရှန်း၏ အမူအရာတွင် တစ်ခုခု ထူးခြားနေသည်ကို သူမ သတိပြုမိသွားပြီး စိုးရိမ်တကြီး မေးလာခဲ့သည်။
"အမေ... တစ်ခုခု ဖြစ်လို့လားရှင့်"
သခင်မရှန်းက အတည်မဖြစ်သေးသည့် ကိစ္စကို ချွေးမဖြစ်သူနှင့် ဆွေးနွေးရန် မလိုလားပေ။ သူမက ပြောသင့်သည့်စကားကိုသာ ရွေးပြောလိုက်သည်။
"နင်တို့ရဲ့ စတုတ္ထညီမဆီက စာရောက်လာလို့ပါ၊ နယ်စားမင်းအိမ်တော်က ဆက်ခံသူသခင်လေးက ကျောင်းတော်ကို သွားပြီဆိုတော့ အိမ်တော်မှာ အရမ်းတိတ်ဆိတ်နေသလို ခံစားနေရတယ်တဲ့၊ အဲ့ဒါကြောင့် ချန်အာနဲ့ ရန်အာကို တစ်ရက်လောက် လာလည်ဖို ဖိတ်ခေါ်ထားတယ်"
ရွှီနယ်စားမင်း၏ ဒုတိယသားက သူမ၏ အကြီးဆုံးသားထက် အသက်အနည်းငယ်မျှသာ ကြီးသည်ကို ယန်ရှီ ပြန်တွေးနေမိသည်။ သို့သော်လည်း နယ်စားမင်းကတော်၏ မိသားစုဘက်တွင်လည်း သင့်တော်သော တူတော်မောင်များ ရှိနေသည်ကို သူမ သိထားသေးသည်။
‘ဘာကြောင့်များ ဆွေမျိုးတွေကို ကျော်ပြီး ချန်အာကို ဖိတ်ခေါ်ရတာလဲ’
‘ဒါက လူမှုရေးအရ ယဉ်ကျေးမှုူအနေနဲ့ ဖိတ်ကြားတာမျိုးပဲ ဖြစ်လိမ့်မယ်’
တွေးနေရင်းဖြင့် လုသခင်မက ဝမ်ယဲ့ကို မျက်နှာသာပေးသောအားဖြင့် ဤသို့လုပ်ဆောင်ပေးခြင်း ဖြစ်နိုင်ကြောင်း ယန်ရှီ နားလည်လာခဲ့သည်။ ဝမ်ယဲ့ကိုယ်တိုင် နယ်စားမင်းအိမ်တော်တွင် အဆင်ပြေပြေ နေထိုင်နေရသောကြောင့် ကလေးချင်း ရံဖန်ရံခါ အတူဆော့ကစားခြင်းကလည်း ထိခိုက်စရာမရှိပေ။
ယန်ရှီက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သွားပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"ချန်အာလည်း ဒီအတောအတွင်း စာတွေ အရမ်းကြိုးစားနေရရှာတာ၊ ကျွန်မလည်း သူ့ကို တစ်ရက်လောက် အနားပေးဖို့ စဉ်းစားနေတာနဲ့ အတော်ပဲ"
သခင်မရှန်းက ခေါင်းညိတ်ကာ ညွှန်ကြားနေသည်။
"အင်း,,,, ရက်သတ်မှတ်ပြီးရင် ချန်အာနဲ့ ရန်အာကို နင်ကိုယ်တိုင်ပဲ ခေါ်သွားပေးလိုက်ပါ"
ယန်ရှီကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။
ထိုနေ့ညနေတွင် ဝမ်သခင်ကြီးက ပင်မခြံဝင်းသို့ ရောက်ရှိလာပြီး သခင်မရှန်းက ဝမ်ယဲ့၏ စာထဲမှ အကြောင်းအရာများအား သူ့ကို ပြောပြနေသည်။
ထိုစကားကို နားထောင်ပြီးနောက် ဝမ်သခင်ကြီးက တအံ့တဩ ပြန်ပြောလိုက်သည်။
"တကယ်ကို တိုက်ဆိုင်တာပဲ၊ ကျိထန်းက ငါ့ဆီ ရောက်လာပြီး ဒီကိစ္စ လာပြောသွားသေးတယ်"
ထိုစကားက သခင်မရှန်းကို အနည်းငယ် အံ့သြသွားစေသည်။
"တကယ်လား"
ဝမ်သခင်ကြီးက သူမကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ကိုယ်က ဒီလိုကိစ္စမျိုးကို လိမ်ပြောပါ့မလား"
သခင်မရှန်းက ခေတ္တမျှ မှင်တက်နေပြီး စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
'စတုတ္ထသမီးက တကယ်ကို အရည်အချင်းရှိတာပဲ'
ဝမ်သခင်ကြီးကတော့ သူ့ဇနီးသည်က သူ့သမီးငယ်လေး နန်းတွင်းသို့ ရောက်ရှိသွားပြီး မင်းသမီးလေးအား စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေသည်ဟု ထင်မှတ်ကာ အားပေးစကား ပြောနေခဲ့သည်။
"အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး၊ ကိုယ် ဒီနေ့ ပညာရှင်မုန့်ကို အသေအချာ မေးကြည့်ခဲ့တယ်၊ သူ့ရဲ့ အကြီးဆုံးသားကနေ မွေးတဲ့ သမီးလေးကလည်း အခု မင်းသမီးလေးဆီကို စာသင်ဖော်အဖြစ် ရောက်နေတာလေ၊ မင်းသမီးလေးက သူ့အပေါ် အရမ်းကောင်းတယ်လို့ ပြောတယ်"
ပညာရှင်မုန့်၏ မြေးမလေးက ဝမ်ယဲ့၏ ညီမငယ်လေးထက်ပင် ပိုငယ်နေသေးသည်။
........။.......။.......
ရွှီကျင့်ရုံ ကျောင်းတော်သို့ ထွက်သွားပြီးနောက်တွင် ရွှီယွိရွှမ်အတွက် ဓားသိုင်းကပြပေးမည့်သူ မရှိတော့ပေ။
ရွှီယွိရွှမ်တစ်ယောက် ရက်အနည်းငယ်ခန့် စိတ်မပျော်မရွှင် ဖြစ်နေရှာသည်။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ရွှီယွဲ့ကျား ဖိတ်ခေါ်ထားသော ဆရာဖြစ်သူက နယ်စားမင်းအိမ်တော်သို့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ရာ ရွှီယွိရွှမ်အတွက် ဝမ်းနည်းနေဖို့ အချိန်မရှိတော့ပေ။
ထိုနေ့တွင် ရွှီယွဲ့ကျားက ဆရာနှင့် မိတ်ဆက်ပေးရန် ရွှီယွိရွှမ်ကို ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ယဲ့လည်း လုပ်စရာမရှိသဖြင့် အဖော်အဖြစ် လိုက်ပါသွားခဲ့သည်။
ရှီပိုင်လီက အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ကျန်းမာသည့်ပုံ ပေါ်နေကာ သူ့မျက်နှာကလည်း ချောမောခန့်ညားသည့် သွင်ပြင်မျိုး ဖြစ်သည်။ သိသားနေသည့်အချက်က သူက စကားကို ရင်းရင်းနှီးနှီး ပြောဆိုတတ်ခြင်းပင်။
ရွှီယွဲ့ကျားကို မြင်သည်နှင့် သူက ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။
"ကျိထန်း... ငါ့ရဲ့ သွေးသောက်ညီလေး၊ ငါတို့ ဝူကျိုးမှာ နောက်ဆုံးတွေ့ခဲ့တာ အခုဆို နှစ်နှစ်ကျော်သွားပြီပဲ"
စကားပြောပြီးနောက် ရှီပိုင်လီက ဝမ်ယဲ့ဘက်သို့ လှည့်ကာ နွေးနွေးထွေးထွေး ပြုံးပြလိုက်သည်။
"ဒါက ငါ့ရဲ့ ခယ်မလေးဖြစ်မှာပေါ့"
ဝမ်ယဲ့ကတော့ နှုတ်ဆိတ်နေဆဲပင်။
ဤလူက သူနှင့် သွေးသောက်ညီနောင် တော်စပ်ကြောင်း ရွှီယွဲ့ကျား တစ်ခါမျှ မပြောခဲ့ဖူးပေ။
သူမက မည်သို့ပြန်လည် ထူးရမည်ကို စဉ်းစားနေစဉ်မှာပင် ရွှီယွဲ့ကျားက ဝင်ပြောလိုက်သည်။
"အဲ့ဒီလို တော်စပ်မှုကို ကျွန်တော် တစ်ခါမှ အသိအမှတ် မပြုခဲ့ဘူး"
ရှီပိုင်လီက တဟားဟား ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ရပါတယ်၊ ငါဘက်က စိတ်မရှိပါဘူး"
ဝမ်ယဲ့က ရှီပိုင်လီကို စပ်စုသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ရွှီယွိရွှမ်ကို တစ်ချက်ကြည့်ကာ ကလေး၏ အနာဂတ် ပညာသင်ကြားရေးအတွက် မျှော်လင့်ချက်များ မြင့်တက်လာသလို ခံစားလိုက်ရသည်။
ရှီပိုင်လီက ရွှီယွိရွှမ်အတွက် ပြင်ဆင်လာသော လက်ဆောင်ကို ထုတ်ယူလိုက်ပြီး မေးမြန်းနိုင်သည်။
"မင်းနာမည်က ရွှမ်အာနော်... ဟုတ်တယ်မလား"
ရွှီယွိရွှမ်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ရှီပိုင်လီက လက်ဆောင်ကို ကမ်းပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"ရော့... ဒါက အနောက်ဈေးကနေ ဝယ်လာတဲ့ ကစားစရာလေးလေ"
ရွှီယွိရွှမ်က လက်ဆောင်ကို ယူလိုက်သော်လည်း ဇဝေဇဝါဖြစ်နေပုံရပြီး ခေတ္တမျှ စစ်ဆေးကြည့်နေသည်။ နောက်ဆုံးတွင် သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် အော်ပြောလိုက်သည်။
"ရွှမ်အာဆီမှာ တစ်ခု ရှိတယ်"
ရှီပိုင်လီက မျက်ခုံးပင့်ကာ တည်ကြည်လှသော ရွှီယွဲ့ကျားကို တစ်ချက်ကြည့်ပြီး သံသယအပြည့်ဖြင့် မေးလိုက်သည်။
"တကယ်လား"
ရှီပိုင်လီ၏ ပေါ့ပါးသော အမူအရာကြောင့် ရွှီယွိရွှမ်က သူနှင့် ပိုရင်းနှီးသွားသလို ခံစားရပုံပေါ်သည်။ သူက အလေးအနက် ခေါင်းညိတ်ပြရင်း ပြန်ဖြေနေသည်။
"မေမေ ဝယ်ပေးထားတာ"
သူ့မျက်နှာလေးက အလွန် တည်ကြည်နေသည်။
"သြော်..."
ရှီပိုင်လီက ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလာပြန်သည်။
"ငါ့ရဲ့ သွေးသောက်ညီနောင် ကျိထန်းက ဘယ်တုန်းကတည်းက ဒီလို ဝါသနာမျိုး ရှိသွားတာလဲလို့ စဉ်းစားနေတာ"
ရွှီယွဲ့ကျား : "..."
ဝမ်ယဲ့ကတော့ မရယ်မိအောင် ရယ်ချင်စိတ်ကို အနိုင်နိုင် မျိုသိပ်ထားရသည်။