အခန်း ၅၇
Vol. 6 Ch. 57
အခန်း ၅၇ "နှုတ်ဆက်ပါတယ်" ဆရာ
ခဏတာ စကားစမြည်ပြောဆိုပြီးနောက် ဝမ်ယဲ့က ရွှီယွိရွှမ်၏ ဆရာဖြစ်သူ ရှီပိုင်လီအပေါ် စဦးအထင်ကြီးမှုတစ်ခု ရှိလာခဲ့သည်။ သူက ဗဟုသုတ ကြွယ်ဝရုံသာမက ဟာသဉာဏ်ရှိပြီး ထက်မြက်သူလည်း ဖြစ်သည်။ သူ၏ အပြောအဆိုနှင့် အပြုအမူတိုင်းတွင် လွတ်လပ်ပေါ့ပါးပြီး အတားအဆီးမဲ့သော ဟန်ပန်ရှိနေကာ သက်တောင့်သက်သာရှိမှုကို အပြည့်အဝ ဖော်ပြနေသည်။
သူ၏ အသက်အရွယ်နှင့် ထိုကဲ့သို့စိတ်နေစိတ်ထားမျိုးရှိသူကို ဝမ်ယဲ့တစ်ယောက် တစ်ခါမျှ မကြုံဖူးသေးချေ။ ရွှီယွဲ့ကျားတစ်ယောက် ရွှီယွိရွှမ်အတွက် ဤကဲ့သို့သော ဆရာမျိုးကို အမှန်တကယ် ရှာဖွေပေးခဲ့ခြင်းက အမှန်တကယ် အံ့သြစရာကောင်းလှသည်။
ရှီပိုင်လီက ရွှီယွိရွှမ် ဂါရဝပြု ဆက်သသော လက်ဖက်ရည်ကို သောက်လိုက်ပြီး စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချကာ လှမ်းပြောလိုက်သည်။
"အခုကစပြီး ငါက မင်းရဲ့ ဆရာပဲ"
ရွှီယွိရွှမ်က သူ၏လက်လေးနှစ်ဖက်ကို စုကာ ဦးညွှတ်လိုက်ပြီး ဇဝေဇဝါဖြစ်နေသော ပုံစံလေးဖြင့် ပြောလိုက်သည်။
"ရွှမ်အာက ဆရာ့ကို နှုတ်ဆက်ပါတယ်"
ဘေးမှ ရွှီယွဲ့ကျားက ပြင်ပေးလိုက်သည်။
" 'ဂါရဝပြုပါတယ်'လို့ ပြောရမှာ"
ရွှီယွိရွှမ်က ချက်ချင်း ပြင်ပြောလိုက်သည်။
"ဂါရဝပြုပါတယ်"
သူ့အသံလေးတွင် တက်ကြွမှုများ ပြည့်နှက်နေသည်။ အသေးအဖွဲလေးများကို အပြစ်မရှာတတ်သည့် ရှီပိုင်လီက ရွှီယွိရွှမ်၏ ခေါင်းလုံးလုံးလေးကို ပုတ်ပေးရင်း ဝင်ပြောလိုက်သည်။
"မင်းက မင်းအဖေထက် အများကြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာပဲ"
ရှီပိုင်လီ ဆိုလိုသည့်အဓိပ္ပာယ်ကို အနည်းငယ်သာ နားလည်ပုံရသည့် ရွှီယွိရွှမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြနေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှီပိုင်လီက သူ ရွှီယွိရွှမ်၏ ဆရာအဖြစ် မြို့တော်သို့ လာရန် ဆုံးဖြတ်ခဲ့သည့်အပေါ် မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခု ခံစားလိုက်ရသည်။
သူ ရွှီယွဲ့ကျား၏ ပုံစံတူ လူသေးသေးလေးတစ်ယောက်နှင့် တွေ့ရမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုတော့ ဝမ်းမြောက်ဝမ်းသာ အံ့သြသွားရသည်။ ထိုအံ့သြမှုက အသေးစားလေး မဟုတ်ပေ။ ဤကဲ့သို့သော ကလေးမျိုးကို သင်ကြားပေးရခြင်းက သူ့အတွက် အများကြီး ပိုစိတ်ဝင်စားစရာကောင်းပေလိမ့်မည်။
လက်ဖက်ရည် ဆက်သသည့် အခမ်းအနားပြီးနောက် ရွှီယွိရွှမ်က သူ၏ ပညာသင်ခရီးကို စတင်ရန် အသင့်ဖြစ်နေချေပြီ။ သို့သော် သူ၏ အသက်အရွယ် ငယ်နေသေးသည်ကို ထည့်သွင်းစဉ်းစားသောကြောင့် နံနက်တိုင်း မော့အချိန် မှ စစ်အချိန်အထိ တစ်ရှီးချန်သာ သင်ကြားရမည် ဖြစ်ပြီး တစ်လလျှင် သုံးရက် အားလပ်ရက် ရရှိမည် ဖြစ်သည်။ ဤအချိန်ဇယားက ယခုနှစ် နှစ်ကုန်အထိ ဆက်ရှိနေမည်ဖြစ်ပြီး သူ အသက်သုံးနှစ် ပြည့်ပြီးနောက်တွင် နေ့လည်ပိုင်း၌ နောက်ထပ် အတန်းနှစ်ခု ထပ်တိုးလာမည် ဖြစ်သည်။
တစ်ခုက စာပေပညာဖြစ်ပြီး နောက်တစ်ခုက သိုင်းပညာဖြစ်သည်။ သူ ကြီးပြင်းလာသည်နှင့်အမျှ အတန်းများ ပိုတိုးလာမည်ဖြစ်သည်။
နယ်စားမင်းအိမ်တော်၏ သားတစ်ယောက်အနေဖြင့် စာပေတွင် ထူးချွန်သည်ဖြစ်စေ၊ သိုင်းပညာတွင် ထူးချွန်သည်ဖြစ်စေ ကျန်သည့်တစ်ခုကို လုံးဝ လစ်လျူရှုထား၍ မရပေ။ နှစ်ခုလုံးတွင် ကျွမ်းကျင်ပိုင်နိုင်ရန် မလိုအပ်သော်လည်း နှစ်ခုလုံးကို မဖြစ်မနေ တတ်မြောက်နေရန် လိုအပ်သည်။
စစ်တပ်အတွင်းတွင် ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုကြောင့် အနားယူခဲ့ရသော စစ်မှုထမ်းဟောင်းများ အမြဲရှိနေတတ်သောကြောင့် သိုင်းပညာ သင်ကြားပြသပေးမည့် ဆရာကို တကူးတက ရှာဖွေနေရန် မလိုအပ်ပေ။
ရွှီနယ်စားမင်းကိုယ်တိုင်လည်း သူ၏ သားနှစ်ယောက်အတွက် သိုင်းပညာဆရာများကို ထိုစစ်မှုထမ်းဟောင်းများထဲမှ ရွေးချယ်ပေးခဲ့သည်။ သူတို့၏ အရည်အချင်းက အလွန်အမင်း ထူးကဲနေရန် မလိုဘဲ အခြေခံခိုင်မာလျှင် လုံလောက်နေပြီ ဖြစ်သည်။ အကြောင်းအရင်းက အခြေခံ တည်ဆောက်ချိန်တွင် အခြေခံ ခိုင်မာမှုအတွက်သာ အဓိကထားသောကြောင့် ဖြစ်သည်။
လောလောဆယ်တွင် ထိုသိုင်းပညာဆရာ၌ ရွှီကျင့်လင်း တစ်ယောက်တည်းသာ တပည့်အဖြစ် ရှိသော်လည်း နောက်နှစ်တွင် ရွှီယွိရွှမ်ပါ ပူးပေါင်းရမည် ဖြစ်သည်။
နယ်စားမင်းအိမ်တော်၏ အမွေဆက်ခံသူအနေဖြင့် ရွှီကျင့်ရုံက စစ်တပ်ထဲသို့ မလွဲမသေ ဝင်ရမည့် သူ့၏ကံကြမ္မာကို လက်ခံရမည် ဖြစ်သည်။ သူ အသက်လေးငါးနှစ်ခန့်ကတည်းက အခြေခံ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရပြီး ယခုအချိန်တွင် သူက အဆင့်မြင့်တိုက်ခိုက်ရေးပညာရပ်များကို သင်ယူနေပြီ ဖြစ်သည်။
ရှီပိုင်လီက အခြားသူများနှင့် အလွန်ကွာခြားနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ရွှီယွိရွှမ်က သူနှင့် စာသင်ရမည်ကို သိသွားချိန်တွင် အများကြီး ငြင်းဆန်မှု မပြခဲ့ပေ။
ရှီပိုင်လီ ပေးထားသည့် ဝက်ရုပ်ပုံစံဂျုံရုပ်လေးများနှင့် ဝါးဖြင့်ပြုလုပ်ထားသည့် ပုစဉ်းရင်ကွဲရုပ်လေးကို သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားကာ ကစားနေဆဲပင်။ ရင်းနှီးပြီးသားဖြစ်သည့် အထိန်းတော်ကျိ၊ ဟယ်ရှန်းနှင့် ရမ်တုန်တို့အပြင် "ကစားဖော်" အသစ်တစ်ယောက်လည်း ရှိနေသဖြင့် ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ ထွက်သွားချိန်တွင် ရွှီယွိရွှမ်က ခဏမျှသာ တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် ချစ်စဖွယ်အသံလေးဖြင့် လှမ်းအော်လိုက်သည်။
"ရွှမ်အာကို လာကြိုရမယ်နော်"
မိဘနှစ်ပါးထံမှ ကတိကို ရရှိပြီးနောက်တွင်မှ သူက ဝက်ရုပ်ပုံစံဂျုံရုပ်လေးကို ပြန်ကိုင်ကာ ဆော့ကစားနေလေသည်။
အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်ချိန်တွင် ဝမ်ယဲ့က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ယောက်ျား... ဆရာရှီနဲ့ ဘယ်လိုမျိုး သိကျွမ်းခဲ့တာလဲဟင်"
ရွှီယွဲ့ကျားက အကျဥ်းရုံး ရှင်းပြနေသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ် နန်းတွင်းအမိန့်နဲ့ အမှုတစ်ခုကို ကိုင်တွယ်ဖို့ ဝူကျိုးကို သွားခဲ့ရတယ်၊ လမ်းမှာ ယွီရွှေ့ခရိုင်က ထန်းရွှေရွာကို ဖြတ်သွားခဲ့ရတယ်၊ ဆရာရှီက ကိုယ့်ထက်အရင် အဲ့ဒီရွာကို အရင်ရောက်နေပြီး တစ်စုံတစ်ယောက်အတွက် မတရားမှုကို ဝင်ရောက်ဖြေရှင်းပေးတာကနေ ပြဿနာတက်နေတာလေ၊ ရွာသားတစ်ယောက်က သူ့ခေါင်းကို ရိုက်ခွဲလိုက်လို့ ကိုယ်ပဲ သူ့ကို ကယ်တင်ခဲ့ရတယ်"
ဝမ်ယဲ့က မေးခွန်းများ ကျန်ရှိနေဆဲဖြစ်ကာ ထပ်မေးနေသေးသည်။
"အဲ့ဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့တာလဲ... သူက ဘာလို့ ယောက်ျားကို ညီအစ်ကိုရင်းချာလို ပြောဆိုဆက်ဆံနေရတာလဲ"
ထိုစကားကြောင့် ရွှီယွဲ့ကျားတစ်ယောက် ခဏမျှ တုံ့ဆိုင်းသွားပြီး သူ့မျက်နှာထားကလည်း အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
"အဲ့ဒီတုန်းက သူ ပြောတာက... သူ့ရဲ့ အသက်အရွယ်အရဆိုရင် ကိုယ့်ရဲ့ မိဘအရွယ် ဆိုပေမယ့် ကိုယ့်ကို ညီနောင်လို့ ခေါ်တာက ကိုယ့်ရဲ့ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးတာတဲ့၊ ဒါက အသက်ကယ်တင်မှုအတွက် ကျေးဇူးဆပ်တာလို့ ပြောတာပဲ"
ဝမ်ယဲ့တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။ ရှီပိုင်လီ ထိုသို့ တောင်းဆိုခဲ့စဥ်က ရွှီယွဲ့ကျား၏ မျက်နှာတွင် ဖြစ်ပေါ်နေမည့် အမူအရာကို သူမ မြင်ယောင်ကြည့်နေမိသည်။
"ဒါတောင်မှ ယောက်ျားက သူ့ကို ရွှမ်အာရဲ့ ဆရာအဖြစ် ဖိတ်ခေါ်ခဲ့သေးတာလား၊ သူက ရွှမ်အာကို လမ်းမှားရောက်အောင် ပို့လိုက်မှာကို မစိုးရိမ်ဘူးလား"
သူမ၏ ရယ်သံများ ရပ်သွားပြီးနောက် ဝမ်ယဲ့က ထပ်မေးလိုက်ပြန်သည်။ ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။
"ရွှမ်အာရဲ့ စိတ်နေစိတ်ထားအရ တင်းကြပ်လွန်းတဲ့ ဆရာမျိုးက သူနဲ့ မကိုက်ညီဘူးလေ"
ဝမ်ယဲ့ကလည်း သဘောတူသည့်အနေဖြင့် ထောက်ခံလိုက်သည်။
"ဟုတ်တာပေါ့... ဥပမာပြောရရင် ယောက်ျားလို လူမျိုးဆိုရင် ရွှမ်အာအတွက် လုံးဝ အဆင်မပြေနိုင်ဘူး"
ရွှီယွဲ့ကျားက သူမကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"ကိုယ်က ရုံးတော်အလုပ်တွေနဲ့ အရမ်းအလုပ်ရှုပ်နေလို့ သင်ကြားရေးနည်းလမ်းတွေရဲ့ အသေးစိတ်ကို သေသေချာချာ မလေ့လာနိုင်ခဲ့တာပါ"
ဝမ်ယဲ့က ခေါင်းညိတ်ပြရင်း သူမ နားလည်ကြောင်း ရှင်းပြလိုက်သည်။
"ကျွန်မ နားလည်ပါပြီ၊ ယောက်ျား.... ရှင် အများကြီး ရှင်းပြနေစရာ မလိုပါဘူး"
ရွှီယွဲ့ကျားက အနေရခက်စွာဖြင့် အကြောင်းအရာကို ပြောင်းလိုက်သည်။
"ကိုယ်မှာ ကိုင်တွယ်စရာ အလုပ်တချို့ ကျန်နေသေးတယ်"
ဝမ်ယဲ့က သူ့ကို သတိပေးလိုက်သည်။
"စစ်အချိန်ရောက်ရင် ရွှမ်အာကို သွားကြိုဖို့ မမေ့နဲ့ဦးနော်"
‘ဘာပဲဖြစ်ဖြစ်၊ ကလေးရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့လေ။ လာမယ်လို့ ကတိပေးထားရင် အဲ့ကတိကို မချိုးဖောက်တာက အကောင်းဆုံးပဲ။’
ခန်းမဆောင်ထဲမှ ထွက်သွားနေပြီဖြစ်သော ရွှီယွဲ့ကျားက ပြန်ပြောသွားသေးသည်။
"ကိုယ် မှတ်မိပါတယ်"
တစ်ရှီးချန်ဆိုသည့် အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ဝမ်ယဲ့က သူမ ဖတ်နေသည့် ဝတ္ထုကို ချလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ အခန်းထဲသို့ ဝင်လာသော ထောင်ကျီကို မေးလိုက်သည်။
"ဒုတိယသခင် ရောက်လာပြီလား"
ထောင်ကျီက ခေါင်းညိတ်ပြလာသည်။
ဝမ်ယဲ့က ချက်ချင်း ထရပ်လိုက်ပြီး သူမကို လှမ်းပြောလိုက်သည်။
"အဲ့ဒီကောင်လေးကို သွားကြိုဖို့ အချိန်တန်ပြီ"
ရွှီယွိရွှမ်၏ စာသင်ခန်းကို ရှီပိုင်လီ ခေတ္တတည်းခိုနေသည့် ခြံဝင်းအတွင်းမှ စာကြည့်ဆောင်၌ ပြင်ဆင်ထားပေးခြင်း ဖြစ်သည်။ ထိုနေရာတွင် ပြုပြင်မွမ်းမံထားသည့် နားနေဆောင်လေးတစ်ခုလည်း ရှိပြီး ထိုနားနေဆောင်မှ ကြည့်လျှင် နွေဦးရာသီ၏ ရှုခင်းအလှအပများကို အပြည့်အဝ ခံစားနိုင်သည်။
ထို့အပြင် ထိုနားနေဆောင်လေးက အရိပ်ရသည့်နေရာတွင် ရှိနေပြီး ရာသီဥတု ပူပြင်းလာပါက စာသင်ခန်းကို ထိုနေရာသို့ ရွှေ့ပြောင်းသင်ကြားနိုင်ပြီး အေးအေးလူလူ ရှိစေမည် ဖြစ်သည်။
အနောက်ဘက်ခြံဝင်းမှ ထိုစာကြည့်ဆောင်သို့ လမ်းလျှောက်ပါက ဆယ်ငါးမိနစ်ခန့်သာ ကြာမြင့်သည်။
ပုခုံးပေါ်တွင် လွယ်အိတ်လေး လွယ်ထားသည့် ရွှီယွိရွှမ်တစ်ယောက် တံခါးဝ၌ စောင့်ဆိုင်းနေသည်မှာ အတန်ကြာနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် ချဉ်းကပ်လာသော စုံတွဲကို မြင်လိုက်ရသည့် ကလေးလေးက သူ့ခြေထောက်ကို မြှောက်ပြီး သူတို့ဆီကို ပြေးသွားဖို့ အသင့်ပြင်လိုက်သည်။ သို့သော်လည်း အထိန်းတော်ကျိက သူ့ကို တားကာ တိုးတိုးလေး ပြောလိုက်သည်။
"သခင်ငယ်လေး... ဆရာ့ကို မနှုတ်ဆက်ရသေးဘူးလေ"
ရွှီယွိရွှမ်က နှုတ်ခမ်းလေး ဆူလိုက်သည်။ လွန်ခဲ့သည့် တစ်နာရီကမှ ရှီပိုင်လီအပေါ် သူ ပြသခဲ့သော သံယောဇဥ်က ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ရှီပိုင်လီကတော့ အနီးအနားတွင် ထိုင်ကာ အေးအေးဆေးဆေး လက်ဖက်ရည်ကို သောက်နေပြီး မည်သည့်အရာကိုမျှ အလောတကြီး ဖြစ်နေပုံ မရချေ။
ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ အနီးသို့ ရောက်ခါနီးတွင် ရွှီယွိရွှမ်က သူ့ခြေထောက်တိုတိုလေးများကို ဖြည်းဖြည်းချင်း လှုပ်ရှားကာ ဘေးတစောင်းလှည့်လိုက်ပြီး ရှီပိုင်လီကို စနစ်တကျ ဦးညွှတ်ဂါရဝပြုလိုက်သည်။
"ရွှမ်အာ ဆရာ့ကို ဂါရဝပြုနှုတ်ဆက်ပါတယ်"
ဒီတစ်ကြိမ်တွင်မူ သူက "ဆရာ့ကို နှုတ်ဆက်ပါတယ်" ဟု အလွယ် မပြောတော့ချေ။
ရှီပိုင်လီက ခေါင်းကို အနည်းငယ်ညိတ်ပြရင်း ညင်ညင်သာသာ ပြန်ပြောလိုက်သည်။
"မင်းရဲ့ အဖေ၊ အမေတို့နဲ့အတူ အိမ်ပြန်လို့ရပြီ... မနက်ဖြန်မှ ထပ်လာခဲ့"
ရွှီယွိရွှမ်က နားလည်သွားပုံရပြီး နှာခေါင်းလေး ရှုံ့ကာ အသံလေးတစ်ချက် ပြုလိုက်သည်။
ယခုလေးတင် ရောက်ရှိလာသော ဝမ်ယဲ့က ထိုမြင်ကွင်းကို မြင်သွားပြီး သူ့လွယ်အိတ်လေးကို ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
"ဒီအိတ်လေးကို ဆရာ ပေးလိုက်တာလား"
ရွှီယွိရွှမ်က ရင်ဘတ်ပေါ်ရှိ အိတ်ကြိုးလေးကို ကိုင်ရင်း ခေါင်းညိတ်ပြလာသည်။
လုသခင်မကလည်း ရွှီယွိရွှမ်အတွက် လွယ်အိတ်တစ်လုံး ပြင်ဆင်ပေးခဲ့သော်လည်း သူကတော့ ကျားခေါင်းရုပ်လေး ပန်းထိုးထားသည့် ဤအိတ်ကို ပိုနှစ်သက်ပုံရသည်။
ဝမ်ယဲ့ အိတ်ထဲသို့ ငုံ့ကြည့်လိုက်ရာ ဝက်ရုပ်ပုံစံဂျုံရုပ်လေး၊ ဝါးပုစဉ်းရင်ကွဲအရုပ်နှင့် အခြားသော ကစားစရာမျိုးစုံကိုသာ တွေ့ရပြီး စာအုပ်တစ်အုပ်မှ မရှိပေ။ စာအုပ်များကတော့ အထိန်းတော်ကျိ သယ်လာသည့် အိတ်ထဲတွင် ရှိနေခဲ့သည်။
ရှီပိုင်လီက ရွှီယွဲ့ကျားကို မြင်သွားပြီး နှုတ်ဆက်လိုက်သည်။
"ညီလေးကျိထန်း"
ရွှီယွဲ့ကျားက ပြန်မဖြေသောကြောင့် ဝမ်ယဲ့လည်း ဝင်နှုတ်ဆက်လိုက်ရသည်။
"လူကြီးမင်းရှီ"
ရှီပိုင်လီက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြကာ "ခယ်မလေး" ဟု ပြန်နှုတ်ဆက်နေသည်။
ရွှီယွဲ့ကျား နှင့် ဝမ်ယဲ့တို့ စကားမပြောနိုင်ဘဲ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မိသားစုသုံးယောက် ရှီပိုင်လီကို နှုတ်ဆက်ပြီး ထိုခြံဝင်းအတွင်းမှ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဝမ်ယဲ့က ကလေးကို မေးမြန်းနေလေသည်။
"ရွှမ်အာ... ဒီနေ့ ဆရာက ဘာတွေ သင်ပေးလဲ"
သူမနှင့် ရွှီယွဲ့ကျားအကြားတွင် လျှောက်နေသော ရွှီယွိရွှမ်က ကလေးသံလေးဖြင့် ပြန်ဖြေနေသည်။
"စာလုံးရှာတဲ့ ကစားနည်းလေ"
ထို့နောက် သူ၏ မျက်ခွံလေးများ တွဲကျသွားကာ စိတ်ပျက်နေဟန်ဖြင့် ထပ်ပြောနေသည်။
"ရွှမ်အာ ခဏခဏ ရှုံးတယ်"
ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်ပြီး ထပ်မေးလိုက်သည်။
"ရှုံးရင် ဘာဖြစ်လဲ... အပြစ်ပေးတာမျိုး ရှိလား"
ထိုစကားကို ကြားရချိန်တွင် ရွှီယွိရွှမ်၏ နှုတ်ခမ်းလေး ဆူထွက်လာကာ မကျေမနပ် ပြောပြနေသည်။
"ရှိတာပေါ့၊ ဆရာကလည်း ဆိုးတယ်"
သူက ရွှီယွဲ့ကျားကို တစ်ချက် မော့ကြည့်ပြီး ထပ်ပြောလိုက်သည်။
"ဖေဖေ့လိုပဲ"
ဝမ်ယဲ့ နားလည်သွားသည်။ အပြစ်ပေးခြင်းက ရွှီယွိရွှမ်ကို စာသင်ခိုင်းခြင်းမျိုး ဖြစ်ပေလိမ့်မည်။
သူမက ထပ်မေးလိုက်သည်။
"ဒါဆို မနက်ဖြန်ရော ထပ်လာချင်သေးလား"
ရွှီယွိရွှမ်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလာခဲ့သည်။
"လာချင်တယ်... သား စာလုံးတွေ သင်ချင်တယ်"
ထို့နောက် သူက ခေါင်းခါပြနေပြန်သည်။
"ဒါပေမယ့် စာတော့ မကျက်ချင်ဘူး"
ဝမ်ယဲ့က ရယ်ချင်စိတ်ကို အောင့်ထားရင်း ထပ်ပြောလိုက်သည်။
"ဟုတ်တာပေါ့... ရွှမ်အာ စာလုံးတွေအားလုံးကို သိအောင် အာရုံစိုက်သင်ရမယ်၊ စာလုံးအားလုံး သိသွားပြီဆိုရင် ဆရာနဲ့ ကစားတဲ့အခါ နိုင်လိမ့်မယ်... အဲ့ကျရင် စာကျက်စရာ မလိုတော့ဘူးပေါ့"
ရွှီယွိရွှမ်က ခေါင်းကို အားပါပါ ညိတ်ပြနေသည်။
"ဟုတ်ကဲ့"
သူက သူ၏ လက်သီးဆုပ်လေးများကိုလည်း တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်ထားသေးသည်။