← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈ အပြောင်းအလဲ

ရွှီယွိရွှမ်က ငယ်သေးသဖြင့် တစ်ရှီးချန်၏ လေးပုံတစ်ပုံခန့် လမ်းလျှောက်ရခြင်းက သူ၏ အကန့်အသတ် ဖြစ်သည်။ ထို့နောက်တွင် သူ အချီခံရန် လိုအပ်လာသည်။ ယခင်က အထိန်းတော်ကျိ အမြဲချီပေးလေ့ရှိသော်လည်း ယနေ့တွင် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ကလေးလေးက ရွှီယွဲ့ကျားထံသို့ လက်ကမ်းလိုက်သည်။

ဝမ်ယဲ့က ထိုမြင်ကွင်းကို ကြည့်နေပြီး သဘောကျနေကာ ဝင်တိုက်တွန်းလိုက်သည်။

"ယောက်ျား... ရွှမ်အာက ယောက်ျား ချီပေးတာကို ခံချင်နေတာ"

ရွှီယွဲ့ကျားက သူ့မျက်လုံးကို အောက်စိုက်ပြီး ရွှီယွိရွှမ်ကို ခဏတာမျှ စိုက်ကြည့်ပြီးနောက် ကုန်းချီလိုက်သည်။

ရွှီယွိရွှမ်က ရွှီယွဲ့ကျား၏ လည်ပင်းကို ချက်ချင်း တင်းတင်းကျပ်ကျပ် ပြန်ဖက်လိုက်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေကာ သူ၏ ဖောင်းအိနေသော ပါးပြင်လေးကို ဖခင်ဖြစ်သူ၏ ရင်ခွင်နှင့် ခဏမျှ ကပ်ထားလိုက်သည်။

ဖခင်နှင့် သား ဤမျှလောက် နီးကပ်ခဲ့ဖူးခြင်း မရှိသဖြင့် ရွှီယွဲ့ကျားတစ်ယောက် အံ့အားသင့်ကာ တောင့်တောင့်ကြီး ဖြစ်သွားရသည်။

ရွှီယွိရွှမ်က သူ၏ ပါးပြင်လေးကို ပြန်ခွာလိုက်ပြီး ဝမ်ယဲ့ဘက်သို့ လှည့်ကာ အသံကြည်ကြည်လေးဖြင့် အော်ပြောလိုက်သည်။

"ဖေဖေက တောင့်တောင့်ကြီး ဖြစ်သွားတာလား"

ဝမ်ယဲ့က ရယ်သံကို ထိန်းရင်း ပြန်ပြောလိုက်သည်။

"ရွှမ်အာရဲ့ အဖေက အရမ်းပျော်နေလို့ပါ၊ သားက သူ့အပေါ် ဒီလိုမျိုး ဆက်ဆံတာကို သူ အရမ်းသဘောကျနေတာလေ"

ရွှီယွဲ့ကျားက သူမကို ဘေးတစောင်းကြည့်လိုက်သော်လည်း ဝမ်ယဲ့ကတော့ မသိချင်ယောင်ဆောင်နေလိုက်သည်။

ရွှီယွိရွှမ်က လေးလေးနက်နက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"ဆရာက ပြောတယ်... ရွှမ်အာ ဒီလိုလုပ်ပေးရင် ဖေဖေက သဘောကျလိမ့်မယ်တဲ့"

"သဘောကျလိမ့်မယ်တဲ့" ဟု အော်ပြောလိုက်သည့် အသံက အလွန်ကျယ်လောင်လွန်းလှသဖြင့် အဝေးတစ်နေရာတွင် သစ်ကိုင်းဖြတ်နေသည့် အစေခံများပင် မသိမသာ လှည့်ကြည့်နေကြသည်။

ဝမ်ယဲ့က "အိုး..." ဟု အသံပြုရင်း နားလည်သွားသည်။ နေ့တဝက်အတွင်း သိသိသာသာ ပြောင်းလဲသွားခြင်းက အခြားကြောင့်မဟုတ်ဘဲ ရှီပိုင်လီ၏ လက်ချက် ဖြစ်နေလေသည်။

ဝမ်ယဲ့တစ်ယောက် အနည်းငယ် ပြေလျော့သွားပြီဖြစ်သည့် ရွှီယွဲ့ကျားကို တစ်ချက်ကြည့်ရင်း တွေးတောနေလေသည်။

'သူ ရှီပိုင်လီကို ရွှီယွိရွှမ်ရဲ့ ဆရာအဖြစ် ဖိတ်ခေါ်မိတာကို နောင်တရနေမလား'

ရွှီယွိရွှမ်ကတော့ ဖခင်ဖြစ်သူထံမှ အဖြေမရသဖြင့် တစာစာ ခေါ်ကာ နှောက်ယှက်နေပြန်သည်။

"ဖေဖေ... ဖေဖေ...."

သူ့၏နီထွေးသော နှုတ်ခမ်းလေးနှင့် ပုလဲလုံးလေးကဲ့သို့ ဖြူစင်သည့် သွားလေးများက ရွှီယွဲ့ကျားနှင့် နီးကပ်နေပြီး ဝိုင်းစက်ပြီး အရည်လဲ့နေသည့် မျက်လုံးလေးများကလည်း ဖခင်ဖြစ်သူကို ရဲရဲတင်းတင်း စိုက်ကြည့်နေကြသည်။

ရွှီယွဲ့ကျားလည်း မတတ်သာသည့်အဆုံး "အမ်း"ဟု တုံ့ပြန်လိုက်ရသည်။

ရွှီယွိရွှမ်က သွားလေးများပေါ်သည်အထိ ပြုံးလိုက်ပြီး ရွှီယွဲ့ကျား၏ ရင်ခွင်ထဲသို့ ပိုတိုးဝင်လိုက်သည်။ ထို့နောက် ရွှီယွဲ့ကျားက ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလာခဲ့သည်။

"သွားကြမယ်"

ထိုစကားကို ကြားလိုက်ရသည့် ရွှီယွိရွှမ်ကလည်း နောက်တွင် ခြေတစ်လှမ်းခန့် နောက်ကျပြီး ကျန်ရစ်နေခဲ့သော ဝမ်ယဲ့ဘက်သို့ အမြန်လှည့်ကာ လက်ကလေးကို ဝှေ့ယမ်းပြလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဝမ်ယဲ့ : “.....”

'သူက ငါ့ကို ခွေးလေး၊ ကြောင်လေးတွေကို ခေါ်သလိုမျိုး ခေါ်နေတာလား... ဒီအချိန်တိုလေးအတွင်း ရှီပိုင်လီက သူ့ကို ဘာတွေများ သင်ပေးလိုက်တာပါလိမ့်'

ယနေ့က ရွှီယွိရွှမ်၏ ပထမဆုံး ကျောင်းတက်သည့်နေ့ ဖြစ်သဖြင့် ဝမ်ယဲ့က သူ့အတွက် နွေးထွေးပြီး ကောင်းမွန်သော အမှတ်တရလေးများ ချန်ထားပေးရန် တွေးနေခဲ့သည်။ သူမက မီးဖိုချောင်ကို ရွှီယွိရွှမ် အကြိုက်ဆုံး ဟင်းလျာအချို့ ပြင်ဆင်ခိုင်းထားပြီး ယနေ့တွင် မိခင်ကောင်း တစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

ယခုအချိန်တွင် ရွှီယွိရွှမ်က ဇွန်းသေးသေးလေးကို မြဲမြဲမြံမြံ ကိုင်နိုင်နေပြီဖြစ်သဖြင့် အထိန်းတော်ကျိ တကူးတက ခွံ့ကျွေးရန် မလိုအပ်တော့ပေ။ ဝမ်ယဲ့က စားရခက်သည့် ဟင်းများကို အတုံးသေးသေးလေးများ တုံးပေးနေပြီး ကလေးလေးက သူဘာသာသူ ခပ်ယူစားသောက်နေသည်။

သူက သူ့အတွက် သီးသန့်ထိုင်ခုံလေးပေါ်တွင် ထိုင်နေရင်း အသားများကို ပါးစပ်ထဲ အပြည့်ထည့်ကာ တစ်ချက်ချင်း ဝါးစားနေသည်။ သူ့ပုံစံလေးက နာခံမှုအပြည့်နှင့် ချစ်စရာကောင်းနေသောကြောင့် ဘေးတွင် ကြည့်နေသော အထိန်းတော်ကျိတစ်ယောက် ကြည်နူးမဆုံး ဖြစ်နေရသည်။

ထို့နောက် အထိန်းတော်ကျိ၏ အကြည့်များက အနည်းငယ် ရွှေ့သွားသည်။

ဝမ်ယဲက သူမကိုယ်သူမ ညှဉ်းဆဲတတ်သူ မဟုတ်ချေ။ ထမင်းစားပွဲပေါ်တွင် သူမတို့၏ အကြိုက်ကိုယ်စီအတိုင်း ဟင်းလျာပုံစံ သုံးမျိုး ပြင်ဆင်ထားသည်။

ဝမ်ယဲ့အတွက် အစပ်၊ ရွှီယွိရွှမ်အတွက် အချိုနှင့် ရွှီယွဲ့ကျားအတွက် အပေါ့အရသာ ဖြစ်သည်။ လင်းချန်ထွက် ငရုတ်သီးများဖြင့် ချက်ထားသည့် ကြက်သားအစပ်က သူမ ယခင်က စားဖူးသမျှထက် ပိုအရသာရှိနေသည်။ ဝမ်ယဲ့တစ်ယောက် ငရုတ်သီးစေ့ကို မတော်တဆ ကိုက်မိသွားပြီး ထိုအစပ်ရှိန်က လည်ချောင်းထဲအထိ ပျံ့နှံ့သွားသည်။

သူမက ထိုအစပ်ဒဏ်က အောင့်ထားရင်း ကြက်သားတစ်တုံးကို တူဖြင့် ညှပ်ကာ ရွှီယွဲ့ကျား၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

"ယောက်ျား... ရှင် ဒီရက်ပိုင်း အလုပ်တွေ များလွန်းပြီး ကိုယ်အလေးချိန်ကျသွားသလိုပဲ... ဒီကြက်သားအစပ်လေး မြည်းကြည့်ပါဦး၊ ထမင်းနဲ့စားရင် ခံတွင်းမြိန်စေတယ်"

ရွှီယွဲ့ကျားက သူမ စပ်နေသည်ကို မသိဘဲ အထိန်းတော်ကျိ ရှိနေသဖြင့် သူမ ဟန်ဆောင်ပန်ဆောင် ပြုမူပြနေသည်ဟုသာ ထင်မှတ်သွားသည်။ သူက သူ့ပန်းကန်ထဲမှ ကြက်သားတုံးကို တစ်ချက်ကြည့်ပြီး တူဖြင့် ညှပ်ကာ စားလိုက်သည်။ နှစ်ချက်၊ သုံးချက်ခန့် ဝါးပြီးနောက်မှသာ တစ်ခုခု မှားယွင်းနေသည်ကို သူ သတိပြုမိသွားသည်။ ထိုအချိန်တွင် ဝမ်ယဲ့က သူ့ကို အကြည့်လွှဲကာ ဟင်းရည်ကို သောက်နေပြီ ဖြစ်သည်။

ရွှီယွဲ့ကျားက ဘာမှမဖြစ်သလို မျက်နှာပေးဖြင့်ပင် ကြက်သားကို မြိုချလိုက်သည်။

ဝမ်ယဲ့ တုံ့ပြန်ချိန် မရလိုက်မီ သူက ကြက်ဟင်းခါးသီးတစ်ဖက်ကို ညှပ်ယူပြီး သူမပန်းကန်ထဲ ထည့်ပေးရင်း ပြောလာခဲ့သည်။

"အစပ်တွေ အများကြီးစားရင် အပူကန်တတ်တယ်... ကြက်ဟင်းခါးသီးက အပူငြိမ်းစေပြီး ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တယ်"

ဝမ်ယဲ့က အရာအားလုံးနီးပါး စားသော်လည်း ကြက်ဟင်းခါးသီးကိုတော့ လုံးဝ မစားချေ။ သူမက ထိုကြက်ဟင်းခါးသီးဖက်လေးကို ရွှီယွိရွှမ်၏ ပန်းကန်ထဲသို့ ချက်ချင်း ပြောင်းထည့်ပေးရင်း ပြောလိုက်သည်။

"ကောက်ညှင်းလုံးနဲ့ အသားတွေ အများကြီးစားရင် အစာမကြေ ဖြစ်လိမ့်မယ်... ရော့၊ ဒါ ဖေဖေ ပေးတဲ့ ကြက်ဟင်းခါးသီး၊ စားကြည့်လိုက်နော်"

ရွှီယွိရွှမ်က အခြေအနေကို မသိဘဲ နာနာခံခံဖြင့် ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သို့သော် တစ်ချက်မျှ ဝါးပြီးသည်နှင့် သူ့မျက်ခုံးလေးများ တွန့်ချိုးသွားကာ ကြက်ဟင်းခါးသီးကို ပြန်ထွေးထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ရေ..... ရေ....."

ဝမ်ယဲ့ သူ့ကို ဟင်းချိုတစ်ငုံ အမြန်တိုက်လိုက်မှသာ ရွှီယွိရွှမ်တစ်ယောက် ထိုမနှစ်မြို့ဖွယ် အရသာကို မြိုချနိုင်သွားတော့သည်။ ထို့နောက် သူက ညည်းညူလာသည်။

"ရွှမ်အာ မစားချင်တော့ဘူး"

သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူနှင့် မျက်စောင်းထိုးတွင် ထိုင်နေသော ရွှီယွဲ့ကျားဘက်သို့ လှည့်ပြောလိုက်သည်။

"ဖေဖေ... ဖေဖေ စား"

ဝမ်ယဲ့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"မင်းဖေဖေက အဲ့ဒါကို တကယ်ကြိုက်တာ"

ရွှီယွိရွှမ်က ခိုင်မာသော အမူအရာလေးဖြင့် ထပ်ပြောနေသည်။

"ဆရာက ပြောတယ်... ကလေးတွေက မိဘအပေါ် သိတတ်ရမယ်တဲ့"

'ဒါကြောင့် ဖေဖေပဲ စားလိုက်ပါတော့'

ရွှီယွဲ့ကျား : "..."

ဝမ်ယဲ့ကတော့ မျက်ခုံးပင့်နေလေသည်။

‘တကယ့်ကို သိတတ်လွန်းတဲ့ သားလိမ္မာလေးပဲ’

ဘေးမှ ကြည့်နေသော အထိန်းတော်ကျိအတွက်တော့ တစ်ဦးကို တစ်ဦး ဂရုစိုက်နေကြသည့် ဤမြင်ကွင်းက သာယာချမ်းမြေ့ဖွယ် မိသားစုပုံရိပ်တစ်ခုသာ ဖြစ်နေခဲ့သည်။

......။.....။.......

ရွှီယွိရွှမ်၏ အခြေခံပညာရေးလမ်းကြောင်းကို ချောချောမွေ့မွေ့ စတင်နိုင်ခဲ့သော်လည်း ထိုကဲ့သို့ နွေးထွေးသော အခိုက်အတန့်လေးများကတော့ အမြဲတမ်း တိုတောင်းလေ့ရှိသည်။ ကျောင်းတက်သည့် ပထမဆုံးနေ့တွင် ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ သူ့ကို ကျောင်းသွားကြိုခဲ့ကြသော်လည်း ဒုတိယနေ့တွင်တော့ လုသခင်မက သွားကြိုခဲ့သည်။ တတိယမြောက်နေ့တွင်မူ ရွှီနယ်စားမင်းပါ လိုက်ပါသွားခဲ့သည်။

ထိုနေ့နောက်ပိုင်းတွင်တော့ အထိန်းတော်ကျိတစ်ယောက်တည်းသာ သွားကြိုရတော့သည်။

ရွှီယွိရွှမ်က သူ့၏ကျားခေါင်းပုံစံ ပန်းထိုးထားသည့် လွယ်အိတ်လေးကို လွယ်ထားဆဲပင်။ သူ့လက်တစ်ဖက်ကို ရန်တုန်က ဆွဲထားပြီး ကျန်တစ်ဖက်တွင်တော့ အထိန်းတော်ကျိ ရှိနေလေသည်။

သူက အထိန်းတော်ကျိကို မေးလိုက်သည်။

"မေမေရောဟင်"

အထိန်းတော်ကျိက စိတ်ရှည်လက်ရှည် ပြန်ဖြေနေရှာသည်။

"ဒုတိယသခင်မရဲ့ မိသားစုဝင်တွေ ရောက်နေကြတယ်၊ အခု သူတို့ကို အနောက်ဘက်ခြံဝင်း ဧည့်ခံနေရလို့ သခင်ငယ်လေးကို လာမကြိုနိုင်တာပါ"

ရွှီယွိရွှမ်က သိချင်စိတ်ဖြင့် ထပ်မေးပြန်သည်။

"ဘယ်သူတွေ ရောက်နေတာလဲ"

အထိန်းတော်ကျိက ကြင်နာစွာ ပြုံးနေရင်း ပြန်ဖြေလိုက်သည်။

"သခင်ငယ်လေးရဲ့ အကြီးဆုံးဒေါ်ဒေါ်ရယ်၊ ဝမ်းကွဲအစ်ကိုရယ်၊ နောက်ပြီး သခင်ငယ်လေးရဲ့ ဒေါ်ဒေါ်ငယ်လည်း ရောက်နေတယ်"

ရွှီယွိရွှမ်၏ မျက်လုံးလေးများ ဝိုင်းစက်သွားသည်။

"ဒေါ်ဒေါ်ငယ်"

ထိုနာမည်ကို သူ တစ်နေရာရာတွင် ကြားဖူးသလိုလို ရှိနေသဖြင့် ရင်ထဲတွင် ရုတ်တရက် မတင်မကျ ဖြစ်သွားရသည်။

.......။......။........

နယ်စားမင်းအိမ်တော်သို့ ရောက်ရှိချိန်တွင် ယန်ရှီက ထုံးစံအတိုင်း အဓိကခြံဝင်းရှိ လုသခင်မကို အရင်ဆုံး သွားရောက်တွေ့ဆုံခဲ့သည်။ အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုကြပြီးနောက် လုသခင်မက ချင်းရွှယ်ကို စေလွှတ်ပြီး ယန်ရှီနှင့် ကလေးနှစ်ဦးကို အနောက်ဘက်ခြံဝင်းသို့ ပို့ဆောင်ပေးခဲ့သည်။

ယန်ရှီ အနောက်ဘက်ခြံဝင်းသို့ လှမ်းဝင်လိုက်သည်နှင့် အမိုးအောက်တွင် ဆွဲထားသည့် အရွယ်အစားမတူသော ဒန်းနှစ်ခုကို သတိပြုမိသွားသည်။ သတင်းကြိုရထားသော ဝမ်ယဲ့ကလည်း သူတို့ကို ခရီးဦးကြိုပြုရန် အိမ်ထဲမှ ထွက်လာနေသည်။

သူမက တောက်ပသော အပြုံးလေးဖြင့် လှမ်းကြိုနှုတ်ဆက်နေသည်။

"အကြီးဆုံးယောင်းမ"

ဝမ်ယဲ့၏ တောက်ပနေသော မျက်နှာသွင်ပြင်နှင့် လွတ်လပ်ပေါ့ပါးနေသည့် အမူအရာကို ကြည့်ခြင်းဖြင့် သူမ ဤအိမ်တော်တွင် အေးအေးချမ်းချမ်း နေထိုင်နေရကြောင်း ယန်ရှီ ရိပ်မိလိုက်သည်။

သူမကလည်း ပြန်ပြုံးပြရင်း ညင်ညင်သာသာ ပြောလိုက်သည်။

"စတုတ္ထညီမလေး၊ အမေက နင့်အတွက် စိတ်ပူနေတာ၊ တကယ်ဆို သူကိုယ်တိုင်တောင် လာချင်နေတာပါ... ဒါပေမယ့် အိမ်တော်ရဲ့ ကိစ္စတွေကြောင့် မအားလပ်တာမို့ အစ်မကိုပဲ လွှတ်လိုက်တာလေ"

ထို့နောက် ဘေးရှိ ကလေးနှစ်ယောက်ကို တစ်ချက်ကြည့်ကာ ဆက်ပြောနေသည်။

"ဒီနေ့ အိမ်တော်က စာသင်ကျောင်းကလည်း ပိတ်ရက်ပေးတယ်လေ၊ ဒါနဲ့ သူတို့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်တာ"

ဝမ်ယဲ့က အရင်နှုတ်ဆက်လိုက်သည်။

"ချန်အာ"

ဝမ်ချန်က လိမ္မာယဉ်ကျေးစွာဖြင့် ပြန်နှုတ်ဆက်နေသည်။

"စတုတ္ထအဒေါ်"

ထို့နောက် ဝမ်ယဲ့၏ အကြည့်များက ဘေးနားရှိ ဝမ်ရန်ထံသို့ ရောက်ရှိသွားသည်။ ညီအစ်မနှစ်ယောက် တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်မိသွားသော်လည်း ဘာစကားမှတော့ မပြောဖြစ်ကြချေ။

ဝမ်ယဲ့က ယန်ရှီဘက်သို့ ပြန်လှည့်ကာ ဖိတ်ခေါ်လိုက်သည်။

"အကြီးဆုံးယောင်းမ... အထဲဝင်ပြီး စကားပြောကြရအောင်လေ"

ယန်ရှီက ခေါင်းညိတ်ပြလိုက်သည်။

ရွှီယွိရွှမ် ကျောင်းမှ ပြန်ရောက်လာချိန်တွင် ဝမ်ယဲ့နှင့် ယန်ရှီတို့က ဝမ်ယဲ့၏ ဒုတိယယောင်းမဖြစ်သည့် လျိုရှီ ကလေးမွေးဖွားတော့မည့် အကြောင်း ဆွေးနွေးနေကြသည်။

အခန်းထဲတွင် မရင်းနှီးသော မျက်နှာအသစ်များကို မြင်လိုက်ရသဖြင့် ရွှီယွိရွှမ်က တံခါးဝ၌ ရပ်တန့်နေခဲ့သည်။

ယန်ရှီက ထိုကလေးငယ်ကို အရင်ဆုံး သတိပြုမိသွားပြီး အပြုံးလေးဖြင့် ပြာလိုက်ပြန်သည်။

"ရွှမ်အာကို မတွေ့ရတာတောင် တော်တော်ကြာသွားပြီပဲ... သူ တော်တော်လေး အရပ်ရှည်လာတာတယ်"

ဝမ်ယဲ့က ရွှီယွိရွှမ်ကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာဦး"

ရွှီယွိရွှမ်က စူးစမ်းလိုစိတ်အပြည့်ဖြင့် ဝမ်ယဲ့ထံသို့ တုံ့နှေးတုံ့နှေး လျှောက်လာနေသည်။ ဝမ်ယဲ့က သူ့ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက သားရဲ့ အကြီးဆုံးဒေါဒေါ်လေ"

ကျောင်းစတက်နေပြီ ဖြစ်သဖြင့် ရွှီယွိရွှမ်က အရင်ကထက် ပိုလူရည်လည်နေပြီ ဖြစ်သည်။ သူ၏ တုံ့ပြန်မှုက အလွန်မြန်ဆန်ပြီး သူက ယန်ရှီကို ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ယွိရွှမ်က အကြီးဆုံးကိုဒေါ်ဒေါ်ကို ဂါရဝပြုပါတယ်ခင်ဗျ"

ယန်ရှီက စိတ်ရင်းဖြင့် ချီးကျူးနေသည်။

"တကယ့်ကို လိမ္မာပြီး ယဉ်ကျေးတဲ့ ကလေးလေးပဲ"

ရွှီယွိရွှမ်က သူ့ကိုယ်သူ ဂုဏ်ယူနေပြီး သူ၏ ပြုံးစိစိဖြစ်နေသော နှုတ်ခမ်းလေးကို မနည်းထိန်းထားရရှာသည်။

ဝမ်ယဲ့ကတော့ သူမ သားလေး၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာလေးကို မသိသလို လျစ်လျူရှုထားလိုက်သည်။ ရှီပိုင်လီကဲ့သို့ ဆရာမျိုးနှင့် စာသင်နေရသည်ဖြစ်ရာ ဤကလေး ကြီးလာလျှင် စကားချိုချိုနှင့် လိမ္မာပါးနပ်သူတစ်ဦး ဖြစ်လာမည်က အသေအချာပင်။ လောလောဆယ်တွင်တော့ သူက ငယ်ရွယ်နေဆဲဖြစ်ကာ သူ့၏အတွင်းစိတ်ကို ဖုံးကွယ်ထားနိုင်စွမ်း မရှိသေးပေ။

ဝမ်ယဲ့က ထပ်မိတ်ဆက်ပေးလိုက်သည်။

"ဒါက သားရဲ့ ဝမ်းကွဲအစ်ကို ဝမ်ချန်လေ"

ကလေးနှစ်ယောက်တွင် တစ်ယောက်က အကြီး၊ တစ်ယောက်က အငယ် ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်ကြသည်။

"ဝမ်းကွဲအစ်ကို"

"ဝမ်းကွဲညီလေး"

ဝမ်ယဲ့က ကလေးလေးများ တစ်ယောက်နှင့်တစ်ယောက် လူကြီးလေးများသဖွယ် တည်တည်တံ့တံ့ ဆက်ဆံနေကြသည်ကို ကြည့်ပြီး အလွန် သဘောကျနေလေသည်။

ဝမ်ချန်၏ သေးသွယ်သော မျက်နှာသွင်ပြင်က သူ့ဖခင်နှင့် ဆင်တူပြီး အမူအရာများကလည်း စနစ်တကျ ရှိနေကာ ယဥ်ယဉ်ကျေးကျေး ပြုမူနိုင်နေပြီ ဖြစ်သည်။

ရွှီယွိရွှမ်ကတော့ ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးများ၊ သွားဖြူဖြူသေးသေးလေးများနှင့် ဖောင်းအိနေသော ပါးပြင်လေးများကို ပိုင်ဆိုင်သည်။ သူက ရုပ်ရည်က မည်သူနှင့်မျှ လုံးဝကြီး ဆင်တူမနေသော်လည်း လူတိုင်း၏ အလှပဆုံးသွင်ပြင်များကို စုစည်းထားသလို ဖြစ်နေလေသည်။ သူ၏ မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ် လုပ်နေသော်လည်း ဟိုဟိုဒီဒီ လျှောက်ကြည့်မနေဘဲ တည်ငြိမ်နေသည်။

သူ ပထမဆုံး အလည်လာခြင်းဖြစ်သောကြောင့် ဝမ်ချန်က လက်ဆောင်အဖြစ် ကိုယ်တိုင်လုပ်ထားသော စာညှပ်လေးတစ်ခု ပြင်ဆင်လာခဲ့သည်။ နှုတ်ဆက်ပြီးနောက် သူက ထိုစာညှပ်လေးကို ထုတ်ယူကာ ရွှီယွိရွှမ်ဆီသို့ ကမ်းပေးလိုက်သည်။

"ဝမ်းကွဲညီလေး... ဒါက မင်းအတွက် လက်ဆောင်ပါ"

"ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို"

ရွှီယွိရွှမ်က စာညှပ်လေးကို ဝမ်းသာအားရ လက်ခံလိုက်သည်။ ထို့နောက် သူက မချွတ်ရသေးသော လွယ်အိတ်လေးထဲသို့ လက်နှိုက်ကာ ဟိုဟိုဒီဒီ ရှာဖွေလိုက်ပြီး ဝါးပုစဉ်းရင်ကွဲအရုပ်လေးတစ်ရုပ်ကို ထုတ်ယူကာ ဝမ်ချန်ဆီသို့ ပေးလိုက်သည်။

"ရွှမ်အာလည်း ဝမ်ကွဲအစ်ကို့ကို လက်ဆောင်ပေးမယ်"

ဝမ်ချန်လည်း ငယ်စဉ်က ဝါးပုစဉ်းရင်ကွဲများနှင့် ကစားခဲ့ဖူးသည်။ သို့သော်လည်း သူ ကျောင်းတက်ရသည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သဖြင့် သူ့ကစားစရာ အဟောင်းများကို ညီလေးဖြစ်သူ ဝမ်ချီထံ ပေးလိုက်ပြီးသား ဖြစ်သည်။ သို့သော်လည်း ယခု ဝမ်းကွဲညီငယ်လေးက ပေးသော လက်ဆောင်ဖြစ်သဖြင့် သူက ကျေးဇူးတင်စွာ လက်ခံလိုက်သည်။

ဝမ်ချန်က အရုပ်လေးကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဝမ်းကွဲညီလေး... အစ်ကို ဒါကို အရမ်းကြိုက်တယ်"

ရွှီယွိရွှမ်က ရိုးရှင်းသော်လည်း လက်ရာမြောက်လှသော စာညှပ်လေးကို ပွတ်သပ်ရင်း စိတ်ပါလက်ပါ ပြန်ပြောနေသည်။

"ရွှမ်အာလည်း ဒါကို တကယ်ကြိုက်တယ်"

ထိုမြင်ကွင်းကို ကြည့်နေသော ယန်ရှီက အပြုံးဖျော့ဖျော့ဖြင့် ဝင်ပြောလိုက်သည်။

"သူတို့နှစ်ယောက် ဒီလောက်အဆင်ပြေပြေ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး"

ဝမ်ယဲ့က ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ချန်အာက တကယ်ကို လူကြီးလေးလို ဖြစ်လာပြီပဲ"

ကလေးနှစ်ယောက် စကားထပ်မပြောနိုင်သေးခင် ဝမ်ယဲ့က ဝင်ပြောလိုက်သည်။

ရွှမ်အာ... ဒီမှာ သားရဲ့ ဒေါ်ဒေါ်ငယ်လည်း ရှိသေးတယ်နော်"

တစ်ဘက်မှ ဝမ်ရန်ကလည်း အနည်းငယ် စိုးရိမ်နေရှာသည်။ ဤသည်မှာ အစ်မဖြစ်သူ၏ အိမ်တော်ဖြစ်သော်လည်း သူမအတွက်တော့ မိသားစုအိမ်တော်၏ အပြင်ဘက်သို့ ပထမဆုံးအကြိမ် အလည်ထွက်ခွင့်ရခြင်း ဖြစ်သည်။ သူမလည်း လက်ဆောင်တစ်ခု ယူလာခဲ့သည်။ ဝမ်ချန်ပေးသော စာညှပ်နှင့် ဆင်တူသော်လည်း သူမ၏ လက်ဆောင်က စာသားတစ်လုံးသာ ကွာခြားသည်။ သူမ၏ တူလေးက ဝမ်ချန်ပေးသော လက်ဆောင်ကို ကြိုက်နှစ်သက်နေသည်ကို မြင်ရမှသာ သူမ၏ စိုးရိမ်စိတ်များ လျော့ပါးသွားရသည်။ ပြီးခဲ့သည့်အကြိမ်က သူမ အလျင်စလို အထုပ်ပြင်ခဲ့ပြီး စာအုပ်အချို့လည်း ကျန်နေခဲ့သည်။ ထို့ကြောင့် လက်ဆောင်အမျိုးအစားတူကို နှစ်ကြိမ်ပေးလျှင် သူမ၏တူလေးက သဘောကျပါ့မလားဟု ဝမ်ရန် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ရွှီယွိရွှမ်၏ အကြည့်များက ဝမ်ရန်ထံသို့ ကျရောက်သွားပြီး သူက လေသံလေးကို နှိမ့်ကာ နှုတ်ဆက်နေသည်။

"ဒေါ်ဒေါ်ငယ်"

ဝမ်ရန်က ရှက်ကိုးရှက်ကန်းနှင့် "အင်း..." ဟု ခပ်တိုးတိုး ပြန်ထူးလိုက်သည်။

ထို့နောက် သူမ ကိုင်ထားသော မှတ်ချက်များပါသည့် အခြေခံစာအုပ် သုံးအုပ်ကို ထုတ်ပေးလိုက်နေသည်။

"တူလေး... ဒါက ဒေါ်ဒေါ်ငယ် ပေးတဲ့လက်ဆောင်ပါ"

ထိုစာအုပ်များကို မြင်လိုက်သည်နှင့် ရွှီယွိရွှမ်က အလိုအလျောက် နောက်သို့ ခြေလှမ်းတဝက်ခန့် ပြန်ဆုတ်သွားသည်။ သူ၏ တုံ့ပြန်မှုက ဝမ်ချန် စာညှပ်ပေးစဉ်ကလောက် စိတ်အားထက်သန်မှု မရှိတော့ပေ။

ဝမ်ချန် ပေးခဲ့သော စာညှပ်လေးက လှပသော်လည်း ဝမ်ရန်၏ စာအုပ်များက အဟောင်း ဖြစ်သောကြောင့် အနည်းငယ် ဆုတ်ပြဲနေခဲ့သည်။

ဝမ်ရန်ကတော့ နားလည်ပေးနိုင်ဆဲပင်။

‘တူလေး မကြိုက်တာက ပုံမှန်ပဲလေ၊ ငါ ငယ်ငယ်တုန်းက လှတာလေးတွေကို သဘောကျခဲ့သလိုမျိုးပေါ့။’

ဝမ်ယဲ့က အထိန်းတော်ကျိအား ရွှီယွိရွှမ်၏လက်ထဲမှ စာအုပ်များကို လှမ်းယူခိုင်းလိုက်ပြီး ညီမ ဖြစ်သူကို လှမ်းပေါ်လိုက်သည်။

"ညီမလေး... စတုတ္ထအစ်မဆီ လာခဲ့ဦး"

ဝမ်ရန် သူမ အနားသို့ ရောက်လာချိန်တွင် ဝမ်ယဲ့က သူမ၏ ခေါင်းပေါ်မှ ဆံထုံးဝိုင်းဝိုင်းလေး နှစ်ခုကို အသာအယာ ပွတ်သပ်ပေးရင်း ချော့ပြောလိုက်သည်။

"မင်းရဲ့ တူလေးက ဒါကို တကယ်ကြိုက်တာပါ"

ဝမ်ရန်၏ မျက်လုံးလေးများ တောက်ပသွားပြီး ပြန်မေးလာသည်။

"တကယ်လား"

"မယုံရင် စောင့်ကြည့်လိုက်လေ"

ဝမ်ယဲ့က မျက်ရိပ်ပြလိုက်ပြီး ဝမ်ရန်က ဇဝေဇဝါဖြင့် လှမ်းကြည့်နေသည်။ ထိုစဉ်မှာပင် ရွှီယွိရွှမ် သူ့လွယ်အိတ်လေးထဲမှ တစ်ခုခုကို ထပ်မံရှာဖွေနေသည်ကို သူမ မြင်လိုက်ရသည်။

တစ်ဖက်မှ ကလေးလေးရွှီယွိရွှမ်ကလည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လွယ်အိတ်ထဲ ခေါင်းစိုက်နေခြင်း ဖြစ်သည်။

‘အရင်က သူ ဒေါ်ဒေါ်ငယ်ရဲ့ တစ်ခုခုကို ချိုးဖဲ့ဖျက်ဆီးခဲ့ဖူးတယ်မလား’

နောက်ဆုံးတွင် သူ ရှာနေသည့်အရာကို လွယ်အိတ်ထဲမှ တွေ့သွားပြီး ရွှီယွိရွှမ်က ဝမ်ရန် ဘက်သို့ လှည့်ကာ သူမကို လှမ်းပေးလိုက်သည်။

"ဒီမှာ"

၎င်းက ယုန်မွေးနှင့် ပြုလုပ်ထားသော စုတ်တံလေးတစ်ချောင်း ဖြစ်သည်။

ဝမ်ရန်က အံ့အားသင့်နေဟန်ဖြင့် လှမ်းယူလိုက်သည်။

ရွှီယွိရွှမ်၏ မျက်နှာလေးလည်း ချက်ချင်း ဝင်းပသွားသည်။

'ဒီလိုဆိုရင်တော့ ငါ မနက်ဖြန် စာရေးပြီး လက်နာစရာ မလိုတော့ဘူးပေါ့'

ဝမ်ရန်၏ စိတ်ထဲတွင်လည်း ထိုယုန်မွေးစုတ်တံလေးက ဝါးပုစဉ်းရင်ကွဲထက် အများကြီး ပိုအဖိုးတန်နေခဲ့သည်။

' တူလေးက ဒေါ်ဒေါ်ငယ်ပေးတဲ့ စာအုပ်တွေကို တကယ်ပဲ ကြိုက်တာပဲ'

ဝမ်ရန်က စုတ်တံလေးကို တင်းတင်းဆုပ်ကိုင်ရင်း ပြုံးလိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရွှမ်အာ"

ဝမ်ယဲ့ကတော့ ထိုကလေးလေး၏ အတွင်းစိတ်ကူးကို လူပုံအလယ်တွင် မဖော်ထုတ်တော့ပေ။

'စုတ်တံကို ပေးလိုက်ရုံနဲ့ စုတ်တံကိုင်ပြီး စာကျင့်စရာ မလိုတော့ဘူးလို့ ထင်နေတာလား... အိပ်မက်ပဲ မက်နေလိုက်တော့'

All Chapters