အခန်း ၅၉
Vol. 6 Ch. 59
အပိုင်း ၅၉ သားသမီး ဝတ္တရား
ယန်ရှီက နယ်စားမင်းအိမ်တော်တွင် အကြာကြီး မနေခဲ့ပေ။ နေ့လယ်စာ စားသောက်ပြီးနောက် ဝမ်ယဲ့က သူမတို့ကို အိမ်တော်အတွင်း လိုက်လံပြသပေးခဲ့ပြီး လက်ဖက်ရည်နှင့် မုန့်အချို့ဖြင့် ဧည့်ခံပြီးနောက် သူမတို့က ဝမ်အိမ်တော်သို့ ပြန်ရန် ရထားလုံးပေါ်သို့ တက်ခဲ့ကြသည်။
ဝမ်ယဲ့က ယန်ရှီ ဝမ်အိမ်တော်သို့ ပြန်ယူသွားရန် မုန့်သေတ္တာသုံးလုံးကိုလည်း ပြင်ဆင်ပေးလိုက်သေးသည်။ အစပိုင်းတွင် ယန်ရှီ ငြင်းပယ်ရန် ကြိုးစားခဲ့သော်လည်း ဝမ်ယဲ့က တားမြစ်လိုက်သည်။
"အကြီးဆုံးယောင်းမ... ဒါတွေက လင်းချန်ကနေ အကြီးဆုံးအဒေါ်ရွှီ သယ်လာပေးတဲ့ ဒေသထွက်မုန့်လေးတွေပါ၊ အမေက မြို့တော်မှာ နေလာတာ ကြာပြီဆိုတော့ ဒါမျိုးတွေ မစားရတာ ကြာလောက်ပြီပေါ့၊ ကျွန်မက အမေ့အပေါ် သိတတ်တဲ့အနေနဲ့ ပေးတာပါ၊ အကြီးဆုံးယောင်းမ မတားပါနဲ့တော့နော်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ယန်ရှီလည်း ထပ်မငြင်းသာတော့ပေ။ သေတ္တာထဲတွင်လည်း သာမန်မုန့်များသာ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူမ၏ ရထားလုံးထဲသို့ ထည့်ခိုင်းလိုက်သည်။
ထို့နောက် ယန်ရှီက အပြုံးလေးဖြင့် ပြောလာခဲ့သည်။
"ဒါတွေက စတုတ္ထညီမလေး အမေ့အပေါ် သိတတ်လို့ ပေးလိုက်တဲ့ လက်ဆောင်တွေလို့ အမေ့ကို ပြန်ပြောပြလိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် သူမက သူမ၏ သားဖြစ်သူ ဝမ်ချန်ကို ခေါ်ကာ ရထားလုံးပေါ်သို့ အရင်တက်သွားပြီး ဝမ်ယဲ့နှင့် သူမ၏ ညီမလေး စကားပြောနိုင်ရန် အချိန်ပေးလိုက်သည်။ ဝမ်ယဲ့က ဝမ်ရန်၏ ဆံပင်လေးများကို အသာအယာ ပွတ်သပ်ပေးရင်း ပြောနေခဲ့သည်။
"ကောင်းပြီ... အခု အိမ်ပြန်တော့နော်၊ ဒုတိယယောင်းမ ကလေးမွေးပြီးလို့ တလပြည့်ပွဲ ကျင်းပတဲ့နေ့ကျရင် ညီမလေးနဲ့ ယိနျန်းကို တွေ့ဖို့ အစ်မ ပြန်လာခဲ့မယ်"
သူမက စိတ်ခံစားမှုဆန်သည့် စကားလုံးများ ပြောရာတွင် ကျွမ်းကျင်သူ မဟုတ်ပေ။ ဝမ်ရန်၏ မျက်လုံးများထဲတွင် မခွဲနိုင်မခွာရက်ဖြစ်နေမှုများ ပြည့်နှက်နေပြီး တိုးတိုးလေး ပြောလာခဲ့သည်။
"စတုတ္ထအစ်မ... ညီမလေး စာကို ကြိုးစားသင်ပါ့မယ်၊ ပြီးတော့ ပိုက်ဆံလည်း စုထားပါ့မယ်"
သူမ၏ စကားကြောင့် ဝမ်ယဲ့တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။
"နင်က အခုထိ ပိုက်ဆံစုနေတုန်းပဲလား"
ဝမ်ရန်က အလေးအနက် ခေါင်းညိတ်ပြပြီးနောက် ဝမ်ယဲ့ကို ခါးကိုင်းခိုင်းကာ သူမ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ညီမလေး အခုဆို လျန်နှစ်ရာနီးပါးလောက် စုမိနေပြီ"
"အဲ့လောက်တောင် များလား"
ဝမ်ယဲ့ စိတ်ထဲမှ တွက်ချက်ကြည့်လိုက်မိသည်။
‘ဒါက လအနည်းငယ်ပဲ ရှိသေးတာလေ’
ဝမ်ရန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် သူမ၏ နဖူးလေးကို ပြန်ထိလိုက်ပြီးမှ ရှင်းပြနေသည်။
"အမှန်တော့ အဖေပေးတဲ့ ပိုက်ဆံတွေကို စာအုပ်ဝယ်ဖို့ သုံးပစ်လိုက်တာ၊ ဒီလျန်နှစ်ရာက အမေ၊ အစ်ကိုတွေနဲ့ ယောင်းမတွေပေးတဲ့ နှစ်သစ်ကူးမုန့်ဖိုးတွေကနေ ရတာပါ"
ရှန်းသခင်မက အိမ်ထောင်မှုကို စနစ်တကျနှင့် ခြိုးခြံချွေတာစွာ စီမံခန့်ခွဲတတ်သူ ဖြစ်ပြီး အသုံးအဖြုန်းကြီးသူမဟုတ်ပေ။ ဝမ်ရန် ထိုမျှအထိ ငွေအမြောက်အမြား စုဆောင်းနိုင်သည်က ဝမ်ယဲ့အတွက် အနည်းငယ် အံ့သြစရာ ဖြစ်နေသည်။ ရှန်းသခင်မအပေါ် သူမ၏ သိတတ်မှုက အနည်းငယ် လိုအပ်သွားပုံရသည်ဟု ဝမ်ယဲ့ တွေးမိသွားသည်။
ထိုအချိန်တွင် စောင့်နေရသည်မှာ ကြာပြီဖြစ်သော ရွှီယွိရွှမ်က သူမတို့နှစ်ယောက်ကြားသို့ တိုးဝင်လာသည်။
"မေမေ.... ဒေါ်ဒေါ်ငယ်"
ဝမ်ယဲ့က ရုတ်တရက် ပေါ်လာသော ခေါင်းလုံးလုံးလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ရွှမ်အာ... လိမ္မာရမယ်လေ၊ မေမေက ဒေါ်ဒေါ်ငယ်နဲ့ စကားပြောနေတာလေ"
ရွှီယွိရွှမ်က သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း တောင်းဆိုလာခဲ့သည်။
"ရွှမ်အာလည်း နားထောင်ချင်တယ်"
ဝမ်ယဲ့က ဝမ်ရန် ရထားလုံးပေါ်သို့ တက်နိုင်ရန် ကူညီပေးလိုက်ပြီး သူမအနားတွင် ကပ်နေသော ကလေးလေးကို ထပ်ပြောလိုက်သည်။
"ဟုတ်ပြီလေ... ဒါဆိုလည်း နားထောင်ပေါ့"
'လေထဲက စကားတွေကိုပဲ နားထောင်လိုက်တော့'
ရွှီယွိရွှမ်မှာ ကြောင်အမ်းအမ်း အမူအရာလေးဖြင့် ပြန်မေးနေရှာသည်။
"ဒါပဲလား"
ရထားလုံးပေါ်သို့ မတက်မီ ဝမ်ရန်က ဝမ်ယဲ့ကို နောက်ဆုံးအကြိမ် နှုတ်ဆက်လိုက်ပြီးနောက် ရွှီယွိရွှမ်ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။
"ရွှမ်အာ... ယုန်မွေးစုတ်တံလေးအတွက် ကျေးဇူးတင်ပါတယ်နော်... တူလေး"
"ယုန်မွေးစုတ်တံ" ဟု ပြောလိုက်သည်ကို ကြားလိုက်ရသော ရွှီယွိရွှမ်ကတော့ အပျော်ကြီး ပျော်သွားပြီး သူ့လက်ကလေးကို လှုပ်ခါပြကာ ပြန်ပြောနေသည်။
"ရပါတယ် ဒေါ်ဒေါ်ငယ်ရဲ့"
ဝမ်ယဲ့က ထိုကလေး၏ ခေါင်းလေးကို အသာပုတ်လိုက်ရင်း ရေရွတ်လိုက်သည်။
"ဒီကလေးလေးကတော့လေ..."
သူမ၏ ညီမငယ်နှင့် ယန်ရှီတို့ကို လိုက်ပို့ပေးပြီးနောက် ဝမ်ယဲ့က ရွှီယွိရွှမ်ကို အနောက်ဘက်ခြံဝင်းသို့ ပြန်ခေါ်လာခဲ့သည်။
ဝမ်အိမ်တော်သို့ ပြန်ရောက်သွားသည့် ယန်ရှီက အဝတ်အစားများ လဲလှယ်ပြီးနောက် အချိန်စောနေသေးသည်ဟု တွေးကာ မုန့်သေတ္တာသုံးလုံးကို ယူပြီး သူမ၏ ယောက္ခမဖြစ်သူ ရှန်းသခင်မနေထိုင်သည့် အဓိကခြံဝင်းဆီသို့ ထွက်လာခဲ့သည်။ ထိုနေ့တွင် ရှန်းသခင်မက စူးကျိုးသို့ ပို့ပေးရမည့် စေ့စပ်လက်ဆောင်များအတွက် အချောသတ် စီစဉ်နေခြင်း ဖြစ်သည်။
ယန်ရှီ သေတ္တာသုံးလုံးနှင့် ရောက်လာသည်ကို မြင်ရသောကြောင့် ရှန်သခင်မလည်း ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းလာခဲ့သည်။
ယန်ရှီက ချက်ချင်း ရှင်းပြလိုက်သည် ။
"အမေ... ဒါတွေက စတုတ္ထညီမလေး ပေးလိုက်တဲ့ လင်ချန်ရဲ့ ဒေသထွက်မုန့်လေးတွေပါ"
ရှန်သခင်မ ခေတ္တမျှ ဆိုင်းငံ့သွားပြီးမှ ခပ်ပေါ့ပေါ့ ရေရွတ်လိုက်သည်။
"အော်... ဟုတ်လား"
ယန်ရှီက သေတ္တာများကို အထဲသို့ သယ်ခိုင်းလိုက်သည်။
"ကျွန်မ စတုတ္ထညီမလေး ပေးတာကို မယူတော့ဘူးလို့ ငြင်းခဲ့ပါသေးတယ်၊ ဒါပေမယ့် သူက အမေ့အပေါ် သိတတ်တဲ့အနေနဲ့ ပေးတာလို့ ပြောနေတာနဲ့ပဲ အမေ့ကိုယ်စား လက်ခံခဲ့လိုက်တာပါ"
ရှန်းသခင်မက ယန်ရှီကို ကြည့်ကာ ပြန်အတည်ပြုလိုက်သည်။
"ငါ့အပေါ် သိတတ်လို့ ပေးတာပေါ့လေ"
ယန်ရှီက ခေါင်းညိတ်ပြလိုက်သည်။ ၎င်းက ရှန်းသခင်မ ခဏတာမျှ တိတ်ဆိတ်သွားစေသည်။
ရှန်းသခင်မ : “......”
'အခုတစ်ခါရော.... စတုတ္ထသမီးက ဘာတွေများ ကြံစည်နေပြန်ပြီလဲ'
ရှန်းသခင်မတစ်ယောက် အကြောင်းအရာမျိုးစုံကို တွေးတောစဥ်းစားနေသော်လည်း အဖြေရှာမရသဖြင့် မုန့်သေတ္တာများကို ပြန်ကြည့်လိုက်ပြန်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက ညွှန်ကြားလိုက်သည်။
"ဒါဆိုရင်လည်း ဒီမုန့်တွေကို ခြံဝင်းတွေဆီ ဝေပေးလိုက်ပါ၊ ရှီးစွေ့ခြံဝင်းကိုတော့ နည်းနည်း ပိုပေးလိုက်ပေါ့"
ယန်ရှီလည်း ထိုသို့ ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ စတုတ္ထညီမလေး သီးသန့်ပြင်ဆင်ပေးလိုက်သော လက်ဆောင်များက ရိုးရိုးသားသား သိတတ်ရုံသက်သက်ထက် ပိုနိုင်သည်ဟု သူမ ခံစားနေမိသည်။ ထို့ကြောင့် သူမက ချက်ချင်း သဘောတူလိုက်သည်။
"ဟုတ်ကဲ့ပါ အမေ၊ ကျွန်မ ချောချောမောမောဖြစ်အောင် စီစဉ်လိုက်ပါ့မယ်"
ထို့နောက် ရှန်းသခင်မက ထပ်မေးလိုက်သည်။
"နယ်စားမင်းအိမ်တော်ကို သွားခဲ့ရတဲ့ ခရီးစဥ်ကရော ဘယ်လိုလဲ"
ယန်ရှီက သူမ တွေ့ကြုံခဲ့သမျှကို ပြန်စဥ်းစားရင်း သေသေချာချာ ပြန်ဖြေလိုက်သည်။
"နယ်စားမင်းကတော်က စတုတ္ထညီမလေးအပေါ် အရမ်းကြင်နာတယ်၊ အိမ်တော်က သခင်လေးတွေကလည်း သူ့ကို ခင်တွယ်ကြပုံရတယ်၊ အထူးသဖြင့် ရွှမ်အာပေါ့... သူတို့သားအမိ နှစ်ယောက် ဘေးချင်းယှဉ်ရပ်နေတာကို ကြည့်ရတာက တကယ့်ကို သားအမိအရင်းတွေ အတိုင်းပါပဲ"
ထိုစကားကို ကြားမှသာ ရှန်းသခင်မလည်း အနည်းငယ် စိတ်အေးသွားရသည်။ ယန်ရှီကလည်း တွေးတောရင်း သက်ပြင်းချလိုက်သည်။
‘မြို့တော်မှာ ဒုတိယဇနီးဖြစ်လာရတဲ့ အမျိုးသမီးတွေ အများကြီး ရှိပေမယ့် စတုတ္ထညီမလေးလို သူမရဲ့ လင်ပါသားနဲ့ သဟဇာတဖြစ်အောင် နေနိုင်တဲ့သူမျိုးကို တစ်ခါမျှ မတွေ့ဖူးသေးဘူး။ သူတို့ကြားမှာ ဘာအဆီးအတားမှ ရှိပုံမရဘူး။’
ထိုသို့ တွေးပြီးနောက် သူမက ယောက္ခမဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည် ။
"အမေ... အရမ်းလည်း စိတ်ပူမနေပါနဲ့တော့၊ စတုတ္ထညီမလေးကို ကြည့်ရတာ အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပုံရပါတယ်"
ရှန်းသခင်မက ရုတ်တရက် စိတ်ထဲ တစ်မျိုးဖြစ်သွားကာ ပြန်ပြောလိုက်သည်။
"ငါက ဘာလို့ သူ့အတွက် စိတ်ပူနေရမှာလဲ"
.......။.......။.......
နွေဦးရာသီ၏ လေထုက နွေးထွေးနေပြီဖြစ်သော်လည်း လေးလပိုင်း၏ ညနေခင်းလေပြေကတော့ အေးမြမြ ရှိနေဆဲပင်။
ယခုအချိန်တွင် ရွှီယွိရွှမ်က အနောက်ဘက်ခြံဝင်း၌သာ ညစာစားလေ့ရှိသည်။ ဝမ်ယဲ့က ညစာကို ညနေ ၆ နာရီဝန်းကျင် (ယောင်အချိန်) တွင် အမြဲပြင်ဆင်ခိုင်းတတ်သည်။ အကယ်၍ ရွှီယွဲ့ကျား အချိန်မီပြန်ရောက်လျှင် သုံးယောက်သားအတူတူ စားသောက်လေ့ရှိကြသည်။
ယနေ့တွင် တရားရေးဝန်ကြီးဌာန၌ အလုပ်သိပ်မများပုံဘဲ ညစာမစားမီ မိနစ်အနည်းငယ်အလိုတွင် ရွှီယွဲ့ကျား ပြန်ရောက်လာခဲ့သည်။ ဝမ်ယဲ့က ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။
"ယောက်ျား ပြန်လာပြီလား"
ရွှီယွိရွှမ်ကလည်း ပျော်ပျော်ရွှင်ရွှင် လှမ်းခေါ်လိုက်သည်။
"ဖေဖေ"
အနောက်ဘက် စာကြည့်ခန်းက ဝမ်ယဲ့၏ နယ်မြေဖြစ်သွားခဲ့ပြီ ဖြစ်ရာ ရွှီယွဲ့ကျားက ညအိပ်ရန်အတွက်မှလွဲပြီး ထိုနေရာသို့ ခြေချခဲလှသည်။ ရွှီယွဲ့ကျားက ခေတ္တရပ်ကာ ဝမ်ယဲ့ကို သံသယဖြင့် ကြည့်လိုက်သည်။
ဝမ်ယဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သူ့ကို ရှင် ပေးထားတဲ့ ယုန်မွေးစုတ်တံကို ဒီနေ့ ကျွန်မရဲ့ညီမလေးဆီ ပေးလိုက်တယ်လေ"
"သူ့အတွက် စုတ်တံတစ်သေတ္တာစာ ပြင်ပေးထားတဲ့အကြောင်း မင်း မပြောပြလိုက်ဘူးလား"
"အခု ဘာလို ပြောနေမှာလဲ၊ မနက်ဖြန်မနက် သူ နိုးလာတဲ့အချိန်ကျမှ ဒီအံ့သြစရာလေးကို သူဘာသာသူ ရှာတွေ့တာက ပိုမကောင်းဘူးလား"
ရွှီယွဲ့ကျားက သူ့ကိုယ်သူ "ဒုက္ခ" ထဲမှ လွတ်မြောက်သွားပြီဟု ထင်နေရှာသော ရွှီယွိရွှမ်ကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ"