အခန်း ၆၀
Vol. 6 Ch. 60
အခန်း ၆၀ ကျေးဇူးတင်ခြင်း
နောက်တစ်နေ့တွင် ရွှီယွိရွှမ်တစ်ယောက် သူ၏စာအုပ်အိတ်ထဲမှ ယုန်မွေးစုတ်တံတစ်ချောင်း ထပ်မံဆွဲထုတ်မိသွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဝမ်ယဲ့က ထိုကလေး၏ တုံ့ပြန်မှုကို ကြည့်ချင်သဖြင့် ယနေ့တွင် တမင်စောစောထကာ ရွှီယွိရွှမ်နှင့်အတူ မနက်စာ စားခဲ့ခြင်း ဖြစ်သည်။
ရွှီယွိရွှမ်က ယုန်မွေးစုတ်တံကို ကောက်ယူကာ ဝမ်ယဲ့ကို ကမ်းပေးရင်း မေးလာခဲ့သည်။
"မေမေ... ဒေါ်ဒေါ်ငယ်က မေ့ခဲ့တာလားဟင်"
ဝမ်ယဲ့က ကြက်သားဟင်းရည်ထဲမှ ဝမ်တွန်လေးကို တစ်လုတ်စားလိုက်ရင်း သူ၏ မျှော်လင့်ချက်လေးကို ရိုက်ချိုးလိုက်သည်။
"သားရဲ့ ဒေါ်ဒေါ်ငယ်က မေ့ခဲ့တာမဟုတ်ဘူး၊ ဒါက သားအတွက်လေ"
ရွှီယွိရွှမ်က မယုံနိုင်ဖြစ်နေပုံရသည်။ သူက တစ်ခုခုကို တွေးမိသွားပုံရပြီး စားပွဲပေါ်မှ ဆင်းကာ သူ့စာအုပ်အိတ်ကို မှောက်ချလိုက်သည်။ သူက အိတ်ထဲမှ ပြုတ်ကျလာသော ပစ္စည်းလေးများကို ဂရုမစိုက်ဘဲ ဒုတိယမြောက် ယုန်မွေးစုတ်တံ မရှိကြောင်း အတည်ပြုပြီးမှသာ ရပ်တန့်လိုက်သည်။
ဝမ်ယဲ့မှာ ထိုအဖြစ်ကို ကြည့်နေပြီး ရယ်ချင်နေသော်လည်း ထိုစုတ်တံက မနေ့ညက ရွှီယွဲ့ကျားကိုယ်တိုင် အနောက်ဘက်ခြံဝင်းသို့ ရောက်လာကာ သူ့အိတ်ထဲသို့ ထည့်ပေးသွားခြင်းဖြစ်ကြောင်းကိုတော့ လုံးဝ မပြောပြခဲ့ပေ။
ရွှီယွိရွှမ်က ထမင်းစားပွဲသို့ ပြန်ရောက်လာပြီး ဝက်ရုပ်ပုံစံ နို့ပေါင်မုန့်လေးကို ကိုက်စားနေကာ သူ့စာအုပ်အိတ်လေးကိုလည်း မကြာခဏ လှမ်းကြည့်နေသည်။ သူ၏မျက်လုံးလေးများက ရွေ့လျားနေပြီး တစ်ခုခုကို ထပ်မံ ကြံစည်နေပုံရသည်။ သူ့ထံတွင် ဆော့ကစားရန် ယုန်မွေးစုတ်တံတစ်သေတ္တာလုံး ရှိနေသည်ကို သိထားသော ဝမ်ယဲ့ကလည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပေ။ ရွှီယွိရွှမ်၏ အနည်းငယ် စိတ်ပျက်နေသော မျက်နှာလေးကို မြင်ရချိန်တွင် ဝမ်ယဲ့တစ်ယောက် အစာစားချင်စိတ် ပြန်ပေါ်လာပြီး ကြက်သားဝမ်တွန်တစ်ပန်းကန်နှင့် အစာသွတ်မုန့်နှစ်လုံးကို အပိုဆောင်း စားပစ်လိုက်သည်။
မနေ့ညက ဝမ်ယဲ့ ရွှီယွဲ့ကျားထံမှ သတင်းတစ်ခု ကြားသိခဲ့ရသည်။ ပြည်နှင်ဒဏ် ပေးခံထားရသည့် နာမည်ပျက်ပညာရှိကို ယနေ့တွင် မင်ကျိုးသို့ ပို့ဆောင်မည့်အကြောင်း ဖြစ်သည်။ ရက်တွက်ကြည့်လိုက်လျှင် သူမ အပြင်မထွက်ဖြစ်သည်မှာ အတော်ပင် ကြာမြင့်နေပြီဖြစ်ကြောင်း ဝမ်ယဲ့ သတိပြုမိသွားသည်။ ထိုအချိန်မှာပင် တိုက်ဆိုင်စွာဖြင့် ရွှယ်ကျင့်ရှန်းထံမှ ဖိတ်ကြားလွှာတစ်ခု ရောက်ရှိလာခဲ့သည်။
ရွှယ်ကျင့်ရှန်း၏ ဖိတ်ကြားရသည့် အကြောင်းရင်းက ရိုးရှင်းပြီး လယ်တော်အိမ်တွင် တည်းခိုခဲ့စဉ်က သူမနှင့် သူမ၏ညီမလေးကို စောင့်ရှောက်ပေးခဲ့သည့်အတွက် ဝမ်ယဲ့ကို ကျေးဇူးတင်လိုခြင်း ဖြစ်သည်။
သို့သော် ဝမ်ယဲ့ကတော့ ထိုထက်မကသော အကြောင်းရင်းတစ်ခု ရှိနေဦးမည်မှန်း ကြိုတင်ရိပ်မိနေသည်။ သို့သော်လည်း သူမက ဘာမှမသိသလို ဟန်ဆောင်ကာ ထိုဖိတ်ကြားမှုကို လက်ခံလိုက်သည်။
.......။........။......
ကျူးရှန်းလို့စားသောက်ဆိုင်တွင်....
ရွှယ်ကျင့်ရှန်းက လမ်းမကြီးကို အပေါ်စီးမှ မြင်ရသည့် ပြတင်းပေါက်ပါသော သီးသန့်ခန်းတစ်ခုကို ကြိုတင်မှာယူထားခဲ့သည်။
သူမက ဝမ်ယဲ့နှင့် တစ်ကြိမ်သာ ဆုံခဲ့ဖူးပြီး ရုတ်တရက် ဖိတ်ကြားချက်ပေးပို့ခြင်းက မယဉ်ကျေးရာရောက်မည်ကို စိုးရိမ်သောကြောင့် ဝမ်ယဲ့၏ ဝမ်းကွဲမတ်လေးတော်စပ်သူ၏ ဇနီးဖြစ်သော ဝမ်ရှီကိုပါ ဖိတ်ကြားထားခဲ့သည်။ ဝမ်မိသားစုနှင့် ရွှယ်မိသားစုက ခင်မင်ရင်းစွဲရှိကြသဖြင့် ဤသို့ ဝမ်ရှီပါဝင်လာခြင်းက ဆုံဆည်းမှုကို ပိုသဘာဝကျသွားစေပြီး သက်တောင့်သက်သာဖြစ်လာစေသည်။
ကျူးရှန်းလို့က ဝမ်ရှီ အကြုံပြုထားသည့် နေရာဖြစ်သည်။ ထိုနေရာမှ ဟင်းလျာများက အလွန် အရသာရှိသောကြောင့် ဝမ်ယဲ့ ကြိုက်နှစ်သက်လိမ့်မည်ဟု တွေးကာ သူမ ထောက်ခံပေးခဲ့ခြင်းဖြစ်သည်။
ဝမ်ရှီက ရွှယ်မိသားစု၏ ကိစ္စရပ်များကို မသိထားဘဲ ဤတွေ့ဆုံမှုကို ရိုးရိုးရှင်းရှင်း မိတ်ဆုံစားပွဲတစ်ခုဟုသာ ထင်မှတ်နေခဲ့သည်။
ရွှယ်ကျင့်ရှန်းကလည်း အမှန်တရားကို ပြောပြမထားခဲ့ပေ။ ဤကိစ္စက ညီမဖြစ်သူ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် သူမ၏ မိဘများက လျှို့ဝှက်ထားရန် အသေအချာ မှာကြားထားခြင်း ဖြစ်သည်။ ထိုအကြောင်းစုံကို မိဘများအပြင် သူမနှင့် သူမ၏ ဆဌမမောင်လေး ရွှယ်ယန်တို့သာ သိထားကြသည်။
သူမ သိခဲ့ရသည်က သူမ၏မိဘများအနေဖြင့် ထိုနေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သူမထံမှ သိလိုသောကြောင့် ဖြစ်သည်။
ရွှယ်ယန်ကတော့ သူ၏ နှုတ်မစောင့်မှုကြောင့် ဘိုးဘေးခန်းမတွင် နှစ်ပတ်ကြာ ဒူးထောက်ရန် အပြစ်ပေးခံထားရသည်။ သူ လုပ်ခဲ့သည့် အမှားနှင့်နှိုင်းယှဥ်လျှင် ထိုပြစ်ဒဏ်က နည်းလွန်းနေသည်ဟု ရွှယ်ကျင့်ရှန်း ခံစားနေရသည်။
ဝမ်ယဲ့ ရောက်ရှိလာချိန်တွင် သူမက သီးသန့်ခန်းထဲသို့ နောက်ဆုံးမှ ဝင်လာသူ ဖြစ်နေသည်ကို သိလိုက်ရသည်။ သူမက အားနာနေဟန်လေးဖြင့် တောင်းပန်လိုက်သည်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်နော်"
ရွှယ်ကျင့်ရှန်းက မတ်တတ်ထရပ်ကာ ထိုင်ရန် ဖိတ်ခေါ်ရင်း ပြန်ပြောလိုက်သည်။
"နောက်မကျပါဘူးရှင်၊ ကျွန်မနဲ့ ရှုယန်လည်း ခုလေးတင်မှ ရောက်လာကြတာပါ"
ရှုယန်ဆိုသည်က ဝမ်ရှီ၏ အပျိုဘဝနာမည် ဖြစ်သည်။
ဝိုင်းစက်ပြီး အပြစ်ကင်းစင်သော မျက်နှာလေးရှိသည့် ရွှယ်ကျင့်ယောင်က ဝမ်ယဲ့နှင့် တစ်ကြိမ်သာ ဆုံဖူးသော်လည်း သူမကို အမြဲတမ်း ခင်တွယ်နေတတ်သည်။ ဝမ်ယဲ့နှင့်ဆိုလျှင် စိတ်အေးလက်အေးရှိပြီး စကားပြောလျှင်လည်း အများကြီး တွေးတောနေစရာ မလိုဟု သူမ ခံစားနေရသည်။
ရွှယ်ကျင့်ယောင်က ပြတင်းပေါက်ဘေးရှိ သူမနှင့် မျက်နှာချင်းဆိုင်နေရာကို ဂုဏ်ယူစွာ လက်ညှိုးထိုးပြရင်း ဝင်ပြောလာခဲ့သည်။
"အစ်မယဲ့... ညီမက ဒီနေရာကို အစ်မအတွက် အထူးတလည် ချန်ထားပေးတာနော်"
ရွှယ်ကျင့်ရှန်းက သက်ပြင်းတစ်ချက်ချကာ တောင်းပန်လိုက်သည်။
"သူကတော့ အမြဲတမ်း ဒီလိုပါပဲ၊ ရွှီသခင်မ စိတ်မရှိပါနဲ့နော်"
ဝမ်ယဲ့က မည်သူနှင့် ထိုင်ရသည်ကို ဂရုမစိုက်ပေ။ သူမက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
"ကျွန်မကို ရွှီသခင်မလို့ မခေါ်ပါနဲ့၊ ယဲ့နျန်းလို့ပဲ ခေါ်ပါ"
ရွှယ်ကျင့်ရှန်းက ခေါင်းညိတ်ပြနေသည်။
"ဒါဆိုရင် ယဲ့နျန်းလည်း အခုကစပြီး ကျွန်မကို ကျင့်ရှန်းလို့ပဲ ခေါ်တော့နော်"
ဝမ်ယဲ့ ထိုင်လိုက်သည်နှင့် ရွှယ်ကျင့်ယောင်က သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ဒါက ကျူးရှန်းလို့ရဲ့ နာမည်ကြီး 'ဇီးသီးလက်ဖက်ရည်' လေ၊ အစ်မယဲ့ မြည်းကြည့်ပါဦး"
ရွှယ်ကျင့်ရှန်းက စနောက်လိုက်သည်။
"နင်... ငါ့အပေါ်ကျတော့ တစ်ခါမှ ဒီလို ဂရုမစိုက်ဖူးပါလား"
ရွှယ်ကျင့်ယောင်က တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဒါကတော့... ညီမက အစ်မယဲ့ကို ပိုသဘောကျတာကိုး"
ဝမ်ယဲ့က လက်ဖက်ရည်တစ်ငုံ သောက်ကြည့်လိုက်သည်။ လက်ဖက်ရည်၏ ခါးသက်သည့် အရသာက ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ဇီးသီး၏ ချိုမြိန်မှုနှင့် ရောယှက်နေသော ချဉ်ဖြဖြ အရသာလေးက လန်းဆန်းမှုကို ပေးစွမ်းနေသည်။ ပုံမှန်လက်ဖက်ရည်၏ ခါးသက်မှုကို မကြိုက်သူများအတွက်မူ ဤအရသာက အတော်ပင် နှစ်သက်စရာ ကောင်းနေလေသည်။
ဝမ်ယဲ့ မရောက်လာခင်ကတည်းက သုံးခွက်လောက် သောက်ထားပြီးသော ရွှယ်ကျင့်ယောင်က သူမ၏ ခေါင်းလေးကို စောင်းကာ မေးနေပြန်သည်။
"အစ်မယဲ့ ကြိုက်ရဲ့လားဟင်"
ဝမ်ယဲ့က စိတ်ရင်းဖြင့် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
"အရသာ တကယ်ကောင်းတယ်"
ထိုဇီးသီးလက်ဖက်ရည်က သူမကို အတွေးတစ်ခု ရစေသည်။
'ဇီးသီးရယ် ရေခဲရယ် သုံးပြီး ဇီးဖျော်ရည်အေးအေးလေး ဖျော်သောက်ရရင် အရမ်း ကောင်းမှာပဲ'
ဝမ်ရှီကလည်း ဝင်ပြောနေသည်။
"ဒီနေရာက နာမည်ကြီး ဟင်းလျာတချို့ဆိုရင် တကယ်ကို ထူးခြားတာနော်"
ရွှယ်ကျင့်ရှန်းက ထပ်ပြောလာသည်။
"ယဲ့နျန်းက အစပ်ကြိုက်တယ်လို့ ရှုယန်ဆီက ကြားထားတာနဲ့ ဒီကျူးရှန်းလို့ကို ရွေးလိုက်တာပါ၊ သူတို့ဆီက စားဖိုမှူးက လင်းချန်ဟင်းလျာတွေကို အထူးပြု ချက်ပြုတ်ပေးတာလေ"
ဝမ်ယဲ့မှာ အံ့သြဝမ်းသာဟန်ဖြင့် တုံ့ပြန်လိုက်သည်။
"ဒါဆိုရင်တော့ ဒီနေ့ ကျွန်မ အရမ်း ကံကောင်းသွားပြီပေါ့"
နေလည်စာ စားချိန် မရောက်သေးသဖြင့် စားပွဲပေါ်တွင် ဇီးသီးလက်ဖက်ရည်တစ်အိုးနှင့် ကျူးရှန်းလို့၏ အဆာပြေမုန့်အနည်းငယ်သာ ရှိနေသေးသည်။ ထိုအခိုက်အတန့်တွင် လမ်းမထက်ဆီမှ ရုတ်ရုတ်သဲသဲ ဆူညံသံများကို ကြားလိုက်ရသည်။
အပြင်ဘက်က အရာအားလုံးကို အာရုံစိုက်နေသော ရွှယ်ကျင့်ယောင်က အော်ပြောလိုက်သည်။
"ဟိုမှာ ကြည့်ပါဦး၊ အဲ့နေ့က လယ်တောအိမ်မှာ အစ်မယဲ့ ဖမ်းမိလိုက်တဲ့ လူယုတ်မာကြီးပဲ"
အားလုံးက သူမ ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြသည်။ ဝမ်ယဲ့လည်း ပိုရှင်းလင်းစွာ မြင်နိုင်ရန် ပြတင်းပေါက်မှ အပြင်သို့ ငုံ့ကြည့်လိုက်သည်။
အကျဉ်းသားအဝတ်အစားများ ဝတ်ဆင်ထားပြီး ခြေချင်းခတ်ခံထားရသော ရှမုကျစ်က မင်ကျိုးသို့ ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားအုပ်စုကြားတွင် ယိုင်တိုင်တိုင် လျှောက်လှမ်းနေသည်။ ထိုနေရာတွင် ပို့ဆောင်ခံရမည့် အကျဉ်းသားများစွာ ရှိသော်လည်း တစ်မြို့လုံးတွင် သူတစ်ယောက်တည်းသာ နာမည်ဆိုးဖြင့် ကျော်ကြားနေသူ ဖြစ်သည်။
ဝမ်ရှီက ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်ကာ ရေရွတ်လိုက်သည်။
"သခင်မတန့်က အခုထိ ကျန်းမာရေး ပြန်မကောင်းသေးဘူးလို့ ကျွန်မ ကြားတယ်၊ သူခမျာ သိပ်ကို အားနည်းနေတာ၊ ရှမုကျစ်က ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ"
ရွှယ်ကျင့်ယောင်ကလည်း ဝင်မေးလိုက်သည်။
"သခင်မတန့်က မြို့တော်မှာပဲ ဆက်နေမှာလားဟင်"
ဝမ်ရှီက ပြန်ဖြေလိုက်သည်။
"မနေလောက်တော့ပါဘူး၊ သူ့မိဘတွေက သူ့ကိုရော သူ့သမီးလေးကိုပါ ဝမ်ချန်ကို ပြန်ခေါ်သွားဖို့ ရောက်နေကြပြီလေ"
သူမ၏ ယောက္ခမဖြစ်သူက တစ်နေ့လျှင် ဤအကြောင်းကို အကြိမ်ကြိမ် ပြောဆိုနေသဖြင့် ဝမ်ရှီ မမှတ်မိရန် ခက်ခဲလှသည်။
ရွှယ်ကျင့်ယောင်က ခပ်တိုးတိုး သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။
"ဝမ်ချန်ကို ပြန်သွားတာက ပိုကောင်းပါတယ်၊ အနည်းဆုံးတော့ မြို့တော်က အတင်းအဖျင်းတွေနဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကို ခံနေစရာ မလိုတော့ဘူးပေါ့၊ ဒီကိစ္စမှာ သူက အပြစ်မရှိဆုံးလူပဲ"
ရွှယ်ကျင့်ရှန်းက မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ ငြိမ်သက်နေသည့် ဝမ်ယဲ့ကို တစ်ချက် အကဲခတ်လိုက်သည်။ မည်သို့ ဆက်ပြောရမည်ကို မသေချာသဖြင့် သူမ ဂရုတစိုက် ဆက်ပြောလိုက်သည်။
"တကယ်တော့ တန့်မိသားစုက သူ့ကို ပညာသင်ပေးနိုင်ဖို့အတွက် ဝမ်ချန်က သူတို့ရဲ့ ပိုးထည်လုပ်ငန်းကိုတောင် မြို့တော်ဆီ ပြောင်းဖို့ စီစဉ်ခဲ့ကြတာ၊ မြို့တော်မှာ စီးပွားရေးအသစ် စတင်ဖို့ဆိုတာ မလွယ်ဘူးလေ၊ ဒါကိုတောင် သူတို့က ရှမုကျစ်အတွက် အစကနေ ပြန်စဖို့ ဝန်မလေးခဲ့ကြဘူး၊ ဒါကိုတောင် သူက ကျေးဇူးကန်းခဲ့သေးတယ်"
ဝမ်ယဲ့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။
"မှန်တယ်၊ ကျားတောင်မှ ကျားပေါက်ကလေးတွေကို ပြန်မစားဘူး၊ သူက တကယ့်ကို စက်ဆုပ်ဖို့ကောင်းတဲ့ လူယုတ်မာပဲ"
ရွှယ်ကျင့်ရှန်းက ဝမ်ယဲ့၏ တုံ့ပြန်မှုကို အနီးကပ် စောင့်ကြည့်နေသည်။ ဝမ်ယဲ့၏ မျက်နှာတွင် တွေဝေခြင်း သို့မဟုတ် သံသယဖြစ်ခြင်း အရိပ်အယောင်တစ်ခုမျှ မတွေ့ရသဖြင့် ဝမ်ယဲ့ ဖြစ်ကြောင်းကုန်စင်ကို အမှန်တကယ် မသိရှိကြောင်း သူမ ကောက်ချက်ချလိုက်သည်။
အမှန်တကယ်တွင် ရွှီယွဲ့ကျားက သူ၏ တိကျပြတ်သားသော ဂုဏ်သိက္ခာကြောင့် လူသိများသူဖြစ်ရာ ထိုသို့သော ကိစ္စရပ်များကို ဇနီးဖြစ်သူနှင့် ဆွေးနွေးမည် မဟုတ်ပေ။ ရွှယ်ကျင့်ရှန်းကလည်း သူမဖခင်၏ ကိုယ်စား ဆောင်ရွက်ပေးနေရခြင်း ဖြစ်သည်။
မကြာသေးမီက ရွှယ်ကျင့်ရှန်း၏ ဖခင် မြို့တော်ဝန် ဝမ်ရှန်းထံမှ သတင်းတစ်ခု ကြားသိခဲ့ရသည်။ ထိုသတင်းက ရွှီယွဲ့ကျားအနေဖြင့် ရွှယ်မိသားစုနှင့် ပတ်သက်သည့် ကောလာဟလအားလုံးကို နှိပ်ကွပ်ရန် အမိန့်ပေးခဲ့သည့်သတင်း ဖြစ်သည်။ အမတ်မင်းရွှယ်အနေဖြင့် ရွှီယွဲ့ကျားကို လူသိရှင်ကြား ကျေးဇူးတင်ရန် မဖြစ်နိုင်သောကြောင့် သူ့၏ သမီးကြီးက နွေဦးအပျော်ခရီးတွင် ဝမ်ယဲ့နှင့် အတူရှိခဲ့သည်ကို အခွင့်ကောင်းယူကာ ယနေ့ဆုံဆည်းမှုကို စီစဉ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ဝမ်ယဲ့က အခြေအနေကို မသိနေသဖြင့် ရွှယ်ကျင့်ရှန်းကလည်း အကြောင်းအရာကို နက်နက်နဲနဲ မပြောတော့ဘဲ သာမန်စကားဝိုင်းအဖြစ်သာ လွှဲပြောင်းလိုက်သည်။
အကျဉ်းသားများ အဝေးသို့ ရောက်သွားပြီး ဆူညံသံများ ငြိမ်ကျသွားချိန်တွင် ဝမ်ယဲ့က ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။ ရွှယ်ကျင့်ယောင်ကလည်း စားပွဲဆီသို့ စိတ်မပါ့တပါဖြင့် အာရုံပြန်လှည့်လာသည်။
ထိုအချိန်တွင် ရွှယ်ကျင့်ရှန်းက ကလေးငယ်များ စာစတင်သင်ကြားရာတွင် အသုံးပြုသည့် ယုန်မွေးစုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ယဲ့နျန်း... ယွိရွှမ်လေးလည်း မကြာခင် စာစသင်ရတော့မယ် မဟုတ်လား၊ ဒါက ကျွန်မအဖေ သူ့မြေးအတွက် ဝယ်ထားတဲ့ စုတ်တံတစ်စုံလေ၊ အဲ့ထဲက တစ်ချောင်းကို ယွိရွှမ်လေး ပန်းချီဆွဲတဲ့အခါ သုံးဖို့အတွက် ကျွန်မ ရွေးထားပေးတယ်"
ယုန်မွေးစုတ်တံက ရှားပါးလှသည်မဟုတ်သော်လည်း ရွှယ်ကျင့်ရှန်း ကိုင်ထားသည့် စုတ်တံက စိမ်းဖန့်ရောင်ကျောက်စိမ်းလက်ကိုင်ဖြင့် ပြုလုပ်ထားသော စုံတွဲစုတ်တံ ဖြစ်နေသည်။
ဝမ်ယဲ့က ချက်ချင်း လက်မခံသေးဘဲ ပြန်မေးလိုက်သည်။
"ဒီစုတ်တံက အစုံလိုက်ရှိတာလေ၊ အခုလို ခွဲလိုက်ရင် နှမြောစရာ မကောင်းဘူးလား"
သူမက ရွှယ်ကျင့်ရှန်း၏ ရည်ရွယ်ချက်ကို ရိပ်မိနေသော်လည်း ထိုကိစ္စကို လုံးဝ မသိချင်ယောင်ဆောင်ရန်သာ ရွေးချယ်လိုက်သည်။
ရွှယ်ကျင့်ရှန်းက ပြန်ရှင်းပြနေသည်။
"စုတ်တံတစ်ချောင်းပါပဲ၊ ဒီနေ့ အိမ်တော်က မထွက်ခင် ပေါ့ပေါ့ပါးပါး ယူလာမိတာ၊ ယဲ့နျန်းက ဒါကို သာမန်ပစ္စည်းတစ်ခုလို့ ထင်သွားမှာတောင် စိုးရိမ်နေခဲ့တာလေ"
"ဒါဆိုရင်လည်း ရွှမ်အာကို သူ့ရဲ့ ဒေါ်လေးကျင့်ရှန်းက ပေးတဲ့လက်ဆောင်လို့ ကျွန်မ ပြောပြလိုက်ပါ့မယ်၊ သူ တကယ် သဘောကျမှာ သေချာပါတယ်"
စုတ်တံကို လက်ခံပြီးနောက် ဝမ်ယဲ့က ဆက်ပြောလိုက်သည်။
"ရွှမ်အာက တခြားလူတွေအတွက် လက်ဆောင်ကို သူကိုယ်တိုင် ရွေးရတာ ဝါသနာပါတယ်၊ သူ တစ်ခုခု ရွေးပြီးပြီဆိုရင် ယွင်အာအတွက် အိမ်တော်ကို ကျွန်မ ပို့ပေးလိုက်ပါ့မယ်"
ရွှယ်ကျင့်ရှန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
"ဒီလောက်အထိ အားနာနေစရာ မလိုပါဘူးရှင်"
ဝမ်ရှီက စနောက်နေပြန်သည်။
"ကျင့်ရှန်း... ငါ့ရဲ့ ချန်အာ စာသင်ရမယ့်အချိန်ရောက်လာရင်လည်း မမေ့နဲ့ဦးနော်"
ရွှယ်ကျင့်ရှန်းက ကူကယ်ရာမဲ့ဟန်ဖြင့် သူမကို ကြည့်ကာ ပြန်ပြောလိုက်သည်။
"ငါက ချန်အာကို ဘယ်လိုလုပ် မေ့ပါ့မလဲ"
အမှန်တကယ်တွင်လည်း သူမက ဝမ်ရှီ၏ သားအတွက် လက်ဆောင် ကြိုပြင်ဆင်ထားပြီး ဖြစ်သည်။ ဤနေရာသို့ မရောက်လာခင်ကတည်းက ဝမ်ရှီ၏ ရထားလုံးပေါ်သို့ တင်ပေးခိုင်းထားခဲ့ခြင်းပင်။
.......။.......။.......
ကျူးရှန်းလို့မှ ထွက်ခွာလာပြီးနောက် ဝမ်ယဲ့ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် မွန်းလွဲပိုင်း ဖြစ်နေချေပြီ။
ဝမ်ယဲ့က အနောက်ဘက်ခြံဝင်းသို့ တန်းမပြန်ဘဲ အဓိကခြံဝင်းဘက်သို့ အရင်ဦးတည်လိုက်သည်။
သူမက ကျူးရှန်းလို့ "နွေဦးမက်မွန်သီး" လက်ဖက်ရည်နှင့် မုန့်အချို့ကို ဝယ်ယူလာခဲ့သည်။ သူတို့ဆိုင် စီးပွားရေးကောင်းရခြင်းက အကြောင်းရင်းရှိသည်ဟု ဆိုရပေမည်။ ထိုဆိုင်တွင် ရာသီအလိုက် အကန့်အသတ်ဖြင့်သာ ရောင်းချသည့် အစားအစာနှင့် လက်ဖက်ရည်ကို ရောင်းချလေ့ရှိပြီး ထိုရာသီကုန်သွားပါက ထပ်မံဝယ်ယူ၍ မရနိုင်တော့ပေ။ ထိုအချက်ကပင် လူတို့၏ ဝယ်ယူစားသောက်ချင်စိတ်ကို ဆွပေးသလိုဖြစ်နေကာ စီးပွားရေးကို များစွာဖြစ်ထွန်းစေခြင်းပင်။
ထိုလက်ဖက်ရည်နှင့် မုန့်များက လုသခင်မအတွက် အထူးရည်ရွယ်ခြင်း ဖြစ်သည်။ ဝမ်ယဲ့အနေဖြင့် သူမ အပြင်ထွက်ပြီး သူငယ်ချင်းများနှင့် တွေ့ဆုံနေစဉ်မှာပင် မိမိအား သတိတရရှိနေသည်ကို သိရလျှင် လုသခင်မ ကျိန်းသေပေါက် နှစ်သက်မည်ဟု ဝမ်ယဲ့ ယုံကြည်ထားသည်။
သူမ အဓိကခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် အထိန်းတော်ရှန်းကို မြင်လိုက်ရသောကြောင့် ဝမ်ယဲ့က လှမ်းမေးလိုက်သည်။
"ရှန်းမား.. ကျွန်မရဲ့ အကြီးဆုံးယောင်းမ အိပ်ရာနိုးပြီလားရှင်"
အထိန်းတော်ရှန်းက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေပေးနေသည်။
"ဒုတိယသခင်မ... သခင်မက အချိန်ကိုက်ရောက်လာတာပဲ၊ အကြီးဆုံးသခင်မက အခုလေးတင် နိုးတာလာပါ"
ဝမ်ယဲ့က အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။
"အဆင်သင့်လိုက်တာ၊ ကျွန်မ မမအတွက် ကျူးရှန်းလို့က မုန့်တွေ ဝယ်လာခဲ့တယ်၊ ချိုချိုချဉ်ချဉ်လေးတွေလေ"
အထိန်းတော်ရှန်း လာယူသည်ကိုပင် မစောင့်တော့ဘဲ ဝမ်ယဲ့က ထောင်ကျီ၏လက်ထဲမှ မုန့်နှင့် လက်ဖက်ရည်များကို သူမကိုယ်တိုင်ယူကာ အထဲသို့ လှမ်းခေါ်ရင်း ဝင်သွားလိုက်သည်။
"မမ... ကျွန်မ ပြန်လာပြီ"
"နည်းနည်းလောက် တည်တည်ငြိမ်ငြိမ် နေပါဦးဟယ်၊ ဒီမှာ ကြည့်နေတဲ့လူတွေ အများကြီး ရှိတယ်လေ"
အတွင်းဆောင်ထဲမှ ထွက်လာရင်း ရင်းနှီးနေသည့် ပုံရိပ်ကို မြင်လိုက်ရသဖြင့် လုသခင်မက သက်ပြင်းတစ်ချက်ချကာ ကူကယ်ရာမဲ့ လှမ်းပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် နင်က နယ်စားမင်းအိမ်တော်ရဲ့ ဒုတိယသခင်မနော်"
ဝမ်ယဲ့ကတော့ ဂရုမစိုက်ဟန်ဖြင့် သူမ၏လက်လေးကို ဝှေ့ယမ်းပြနေသည်။
"မမ ရှိနေတာပဲ၊ ကျွန်မက ဘာကို ကြောက်နေရမှာလဲ၊ ဘယ်သူကမှ ကျွန်မကို မလေးမစား လုပ်ရဲမှာ မဟုတ်ပါဘူး"
ဝမ်ယဲ့က သူမ၏သခင်မကို အမြဲလိုလို မြှောက်ပင့်ပြောဆိုတတ်သောကြောင့် အထိန်းတော်ရှန်းလည်း အသားကျနေပြီ ဖြစ်သည်။ သူမ၏ မြှောက်ပင့်စကားများက ထူးထူးခြားခြား ဆန်းပြားနေခြင်း မရှိသော်လည်း လုသခင်မကတော့ အလွန်နှစ်သက်သဘောကျပုံရသည်။
လုသခင်မက သူမကို ခပ်စောင်းစောင်းလေး ကြည့်လိုက်ပြီး ညည်းညူနေရှာသည်။
"အခုဆို ရွှမ်အာတောင် နင့်ထက် ပိုပြီး တည်ငြိမ်နေပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က မုန့်နှင့် လက်ဖက်ရည်များကို အသာချလိုက်ရင်း မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"အိုး... ရွှမ်အာက မမကို ဘယ်လိုတောင် ချော့မော့လိုက်တာလဲ၊ ကျွန်မတော့ သူ့ဆီကနေ ပြန်သင်ယူရဦးမယ် ထင်တယ်"
လုသခင်မက စကားကို ပြန်ပြင်ပေးနေသည်။
"ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ၊ ရွှမ်အာက စာသင်ပြီးတော့ ငါ့ဆီ ရောက်လာတယ်၊ သူက ငါ လက်ဆောင်ပေးရမယ့် စာရင်းကို ရေးနေတာကို တွေ့သွားပြီး သူ့ရဲ့ ပထမဆုံး စုတ်တံကို ချက်ချင်း သွားယူပြီး ငါ့ကို လာပေးရှာတယ်၊ ကျင့်လင်းတောင် သူ့လောက် အတွေးတတ်ဘူး၊ ရွှမ်အာက အရမ်း သိတတ်တာပဲ"
ဝမ်ယဲ့က အတွေးထဲတွင် ခပ်ပြုံးပြုံး ဖြစ်သွားသော်လည်း အပြင်ပန်းတွင်တော့ တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်သေးသည်။
"ဒါနဲ့ မမ အဲ့ဒီစုတ်တံကို သုံးပြီးတော့ သူ့ကို ပြန်ပေးလိုက်ရဲ့လား"
လုသခင်မက ဘာမျှမရိပ်မိဘဲ ပြန်ဖြေလိုက်သည်။
"ရွှမ်အာက ငါ့ကို သုံးစေချင်တာလေ၊ ပြီးတော့ စုတ်တံကလည်း မင်ရည်တွေ စိုနေပြီပဲ၊ သူက စုတ်တံကိုင်တဲ့ ပုံစံကို လေ့ကျင့်နေရတုန်းလေ၊ နင်နဲ့ ကျိထန်းကပဲ သူ့အတွက် အသစ်တစ်ချောင်း ဝယ်ပေးလိုက်ပေါ့"
မည်သို့ပင်ဖြစ်စေ ၎င်းက စုတ်တံတစ်ချောင်းသာဖြစ်ပြီး ကလေးတစ်ယောက်၏ ရိုသေသိတတ်မှု အထိမ်းအမှတ်အဖြစ် ပေးအပ်ခြင်း ဖြစ်သည်။ လုသခင်မက ၎င်းကို ပြန်ပေးရန် အစီအစဉ်မရှိပေ။
ဝမ်ယဲ့က ခပ်ပြုံးပြုံး ပြန်ပြောလိုက်သည်။
"ကောင်းပါပြီရှင်၊ ပြဿနာမရှိပါဘူး၊ သူ့အဖေက ရွှမ်အာအတွက် ယုန်မွေးစုတ်တံ သေတ္တာတစ်လုံးစာ အဆင်သင့် ပြင်ပေးထားပြီးသားပါ"
လုသခင်မက နားမလည်နိုင်ဟန်ဖြင့် မေးလာခဲ့သည်။
"ဘာလို့ တစ်သေတ္တာတောင် ပြင်ထားရတာလဲ"
ဝမ်ယဲ့က သူမသား၏ အစီအစဉ်လေးကို ဖော်ထုတ်ရန် လုံးဝ ဝန်မလေးနေခဲ့ချေ။
"လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလည်း ရွှမ်အာက သူ့မှာ ရှိတဲ့ တစ်ချောင်းတည်းသော ယုန်မွေးစုတ်တံပါဆိုပြီး ကျွန်မရဲ့ ညီမလေးကို ဟုတ်တံတစ်ချောင်း ပေးလိုက်သေးတယ်လေ"
ခဏမျှ ကြာပြီးနောက်တွင် လုသခင်လည်း အခြေအနေမှန်ကို ရိပ်မိသွားတော့သည်။
"..."