← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁ အကောင်းဆုံးဆရာ

သူမ၏ လူငယ်မျိုးဆက်သစ်တွေအပေါ် အမှန်တကယ် စိတ်ရင်းဖြင့် အလေးထားသူတစ်ယောက်ဖြစ်သော လုသခင်မက ဝမ်ယဲ့လုပ်သလိုမျိုးတော့ မလုပ်ရက်ခဲ့ပေ။

ကလေးများက နုနယ်လွန်းပြီး သူတို့ကို နည်းနည်းလောက် ပိုပြီး အလိုလိုက်ပေးသင့်သည်ဟု လုသခင်မ သတ်မှတ်ထားသည်။

"သူက ကလေးလေးပဲ ရှိသေးတာလေ၊ သိတတ်နားလည်တဲ့ အမူအရာတွေရဲ့နောက်ကွယ်မှာ တခြားဘာရည်ရွယ်ချက်ရှိနိုင်မှာလဲ"

ထို့နောက် သူမက ထပ်ပြောနေသေးသည်။

"နင်က ရွှမ်အာရဲ့ အမေလေ၊ ဘာလို့ သူ့အပေါ် ဒီလိုမျိုး အထင်အမြင်လွဲနေရတာလဲ"

သို့သော် လုသခင်မ၏ လေသံက အဆုံးသတ်နားအရောက်တွင် တိုးဝင်သွားပြီး ယုံကြည်ချက် ကင်းမဲ့နေပုံရသည်။

သူမက ရွှီယွိရွှမ်ဘက်မှ နှုတ်ဖြင့် ကာကွယ်ပြောဆိုပေးနေသော်လည်း လုသခင်မတစ်ယောက် သူမကို စတင်ယုံကြည်နေပြီဖြစ်ကြောင်း ဝမ်ယဲ့ သိနေခဲ့သည်။

ဝမ်ယဲ့က လုသခင်မအတွက် ဇီးလက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။

"ကောင်းပါပြီ... မမရယ်၊ တခြားသူတွေအကြောင်း ဆက်မပြောဘဲ နေကြမယ်လေ၊ ကျွန်မ ကျူးရှန်းလို့ကနေ ဝယ်လာတဲ့ ဒီဇီးလက်ဖက်ရည်လေး မြည်းကြည့်ပါဦး၊ မမ ကြိုက်မှာ သေချာတယ်"

လုသခင်မက နေ့လယ်ခင်း တစ်ရေးအိပ်ရာမှ နိုးလာပြီးတိုင်း သူမ ဘယ်လောက်ကြာကြာအိပ်စက်ခဲ့ပါစေ အမြဲတမ်း ငိုက်မြည်းနေတတ်သည်။ သူမအနေဖြင့် လန်းဆန်းသွားစေရန် ဇီးသီးကဲ့သို့ ချဉ်သောအရာတစ်ခုခုကို အမြဲတမ်း လိုအပ်လေ့ရှိသည်။

အထိန်းတော်ရှန်း ဇီးသီးများ အမြန်ပြင်ဆင်ပေးရန် မီးဖိုဆောင်သို့ သွားနေစဉ် ပင်မအဆောင်၏ မလှမ်းမကမ်း၌ ဝမ်ယဲ့နှင့် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လုသခင်မက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် အလေးအနက် မှတ်ချက်ပေးလိုက်သည်။

"တကယ်ကို ကောင်းတာပဲ၊ ဒါက ကျူးရှန်းလို့ရဲ့ လက်ဖက်ရည်အသစ်လား"

"ဟုတ်တယ်၊ သူတို့က တစ်ရက်ကို အိုးသုံးရာပဲ ရောင်းတာတဲ့၊ တော်သေးတာပေါ့၊ ညီမကျင့်ရှန်းက ကြိုမှာထားဖို့ သတိပေးခဲ့တယ်"

ထိုသို့မဟုတ်ဘဲ သူမတို့ နေ့လယ်စာစားပြီးမှ ဝယ်မည်ဆိုပါလျှင် နောက်ကျသွားပေလိမ့်မည်။

လုသခင်မက ချိုချဉ်အရသာရှိပြီး အလွန်နှစ်သက်ဖွယ်ကောင်းသော ဇီးသီးခြောက်မုန့်ကိုလည်း မြည်းစမ်းကြည့်နေခဲ့သည်။

ဝမ်ယဲ့က 'ကျင့်ရှန်း' ဟု ပြောလိုက်ချိန်တွင်တော့ လုသခင်မက ချက်ချင်း ဖြတ်မေးလိုက်သည်။

"ဒီကျင့်ရှန်းဆိုတာက ဓလေ့ထုံးတမ်းရေးရာဝန်ကြီးရဲ့ အကြီးဆုံးသမီးလား"

ဝမ်ယဲ့က အတည်ပြုပေးလိုက်သည်။

"ဟုတ်ကဲ့၊ သူပါပဲရှင့်"

လုသခင်မက ထိုမိန်းခလေးကို မှတ်မိနေပြီး ထပ်ပြောလိုက်သည်။

"သူက မိန်းကလေးကောင်းလေးတစ်ယောက်ပါ၊ ရှုယန်က သူနဲ့ အမြဲတမ်း ရင်းနှီးနေတာကို ငါ မှတ်မိနေသေးတယ်"

ဝမ်ယဲ့ကလည်း ဇီးသီးမုန့်တစ်ဖဲ့ကို စားနေရင်း ရှင်းပြလိုက်သည်။

"ကျွန်မလည်း ဝမ်ကွဲယောင်းမ ရှုယန်ကနေတစ်ဆင့် ညီမကျင့်ရှန်းနဲ့ သိခဲ့တာပါ"

ဝမ်ယဲ့က ရှုယန်ကို 'ဝမ်းကွဲယောင်းမ' ဟု ခေါ်ပြီး ကျင့်ရှန်းကို 'ညီမ' ဟု ခေါ်ဆိုနေခြင်းအား သတိပြုမိသွားသော လုသခင်မက ခပ်ပေါ့ပေါ့ ထပ်ပြောလိုက်သည်။

"ရွှယ်မိသားစုရဲ့ သမီးကြီးက မွေးတဲ့ကလေးတောင် အသက်တစ်နှစ် ကျော်နေပြီလေ၊ နင်က ဘာလို့ သူ့ကို 'ညီမ' လို့ ခေါ်နေရတာလဲ"

ဝမ်ယဲ့က ခဏမျှ တုံ့ခိုင်းသွားပြီးမှ ပြန်မေးလိုက်သည်။

"မမ... မေ့သွားပြီလား"

ဇီးသီးမုန့်က အတော်လေး အရသာရှိနေသဖြင့် လုသခင်မက နောက်ထပ်တစ်ဖဲ့ကို ထပ်စားရင်း ပြန်မေးလိုက်သည်။

"ငါ ဘာကို မေ့သွားလို့လဲ"

ဝမ်ယဲ့က သူမ၏ လှပဝိုင်းစက်သော ဖြူဖြူစင်စင် မျက်နှာလေးကို လုသခင်မ အနားသို့ ရုတ်တရက် တိုးကပ်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်မရဲ့ အသက်နှစ်ဆယ့်တစ်နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့တာ မကြာသေးဘူးလေ"

ဝမ်ယဲ့၏ ထိုစကားက လုသခင်မကို ခဏတာမျှ စကားမဲ့သွားစေသည်။ သူမ အမှန်တကယ် မေ့သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ယဲ့၏ ပုံမှန် အပြုအမူ အနေအထိုင်များက သူမထက် ငါးနှစ် ငယ်သည်ကို ယုံကြည်ရန် ခက်ခဲစေသည်။

ဝမ်ယဲ့ နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီးကတည်းက သူမ သမီးတစ်ယောက် ထပ်ရလာသလိုမျိုးပင် ခံစားခဲ့ရကြောင်း လုသခင်မ မကြာခဏ တွေးမိလေ့ရှိသည်။

ရွှယ်မိသားစုက သူတို့၏ အကြီးဆုံးသမီးကို အရွယ်ရောက်အခမ်းအနား ကျင်းပပြီး တစ်နှစ်ကျော်တွင် အိမ်ထောင်ချပေးခဲ့ကြသည်။ ယခုဆိုလျှင် သူမထံတွင် အသက်တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး ရှိနေပြီဖြစ်ကြောင်း လုသခင်မက ပြန်တွေးနေမိသည်။ မည်သို့ပင် တွက်ချက်ပါစေ သူမ နှစ်ဆယ့်တစ်နှစ်ထက် ပိုမကြီးနိုင်ကြောင်း သေချာနေသည်။ အမှန်တကယ်လည်း ဝမ်ယဲ့က သူမတို့ထဲတွင် အသက်အကြီးဆုံး ဖြစ်နေခြင်းပင်။

နောက်ကြောင်းကို ပြန်တွေးမိချိန်တွင် သူမအနေဖြင့် ရွှီမိသားစုနှင့် ဝမ်မိသားစုကြားမှ လက်ထပ်ထိမ်းမြားမှုကို သဘောတူခဲ့ခြင်းက ဒုတိယမောင်ဖြစ်သူ၏ တောင်းဆိုမှုကြောင့်သာမကပဲ သူတို့နှစ်ဦး၏ အသက်အရွယ်ကလည်း နီးစပ်မှု ရှိသောကြောင့် ဖြစ်ခဲ့မှန်း လုသခင်မ သတိရသွားခဲ့သည်။ သူမ ထည့်သွင်းစဉ်းစားခဲ့သည့် အခြားသော မိန်းခလေးများက လက်ထပ်နိုင်သည့် အရွယ်သို့ ရောက်ကာစ အမျိုးသမီးငယ်လေးများသာ ဖြစ်ခဲ့ဖူးသည်။

အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် မိန်းမပျိုလေးများက သူမ၏ ဒုတိယမတ်လေးထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ပိုငယ်နေကြသည်။ ထိုမိန်းကလေးငယ်များက အထက်တန်းလွှာမှ ဆင်းသက်လာသူများ ဖြစ်သော်လည်း သူမတို့၏ အပြုအမူများတွင် ကလေးဆန်သည့် အရိပ်အယောင်များ ရှိနေဆဲပင်။ သူမ၏ ဒုတိယမတ်ဖြစ်သူ ရွှီယွဲ့ကျားကတော့ သူ၏ အစ်ကိုဖြစ်သူထက်ပင် စကားနည်းသူဖြစ်ရာ ထိုအမျိုးသမီးငယ်လေးများနှင့်ဆိုလျှင် လုံးဝ အဆင်ပြေမည့်ပုံမပေါ်ဟု သူမ ယူဆခဲ့သည်။

တာ့ကျင်းမင်းဆက်တွင် အသက်နှစ်ဆယ်ကျော်သည်အထိ အိမ်ထောင်မပြုဘဲ နေထိုင်သည့် အမျိုးသမီးဟူသည် မရှိသလောက် အလွန်ရှားပါးသည်။ မိသားစုနှစ်ခုကြား စတင်ဆွေးနွေးစဉ်က ရှန်းသခင်မဘက်မှ ဝမ်ယဲ့၏ ယခင်စေ့စပ်ကြောင်းလမ်းမှုများအကြောင်း ရှင်းပြခဲ့သည်။ ထိုစဉ်က လုသခင်မကိုယ်တိုင် အတန်ငယ် ဝေခွဲမရ ဖြစ်ခဲ့ဖူးသည်။

ယခု ပြန်စဉ်းစားကြည့်မှသာ သူမ အတွေးအခေါ် ကျဉ်းမြောင်းခဲ့မိကြောင်း လုသခင်မ သတိထားမိလာခဲ့သည်။ အိမ်ထောင်ရေးကိစ္စဆိုသည်က အမျိုးသမီးတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မဟုတ်ဘဲ ပြဿနာတိုင်းက အမျိုးသားဘက်မှ မိသားစုများကြောင့်သာ ဖြစ်ခဲ့ရပြီး ဝမ်ယဲ့ကတော့ နစ်နာသူသာ ဖြစ်ခဲ့သည်။ ထိုသို့ တွေးမိသည်နှင့် လုသခင်မ ဝမ်ယဲ့ကို ကြည့်သည့် အကြည့်များက ပိုကြင်နာလာကာ စကားလမ်းကြောင်းကို ချက်ချင်းပင် လွှဲလိုက်သည်။

"ဒါတွေ ဆက်မပြောတော့ဘူး၊ ဒါနဲ့ ပြောပါဦး... ဒီနေ့ အပြင်သွားတုန်းက ထူးထူးခြားခြား ဘာတွေ ကြုံခဲ့သေးလဲ"

ဝမ်ယဲ့ကလည်း လုသခင်မ၏ မျက်ဝန်းထဲမှ ရုတ်တရက် နွေးထွေးလာသည့် အပြောင်းအလဲကို သတိထားမိသွားပြီး အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်။

'လုသခင်မက ငါ့အကြောင်း ဘာတွေများ လျှောက်တွေးနေတာပါလိမ့်'

ဝမ်ယဲ့က ထိုထူးဆန်းသည့် ခံစားချက်ကို ဖျောက်ပစ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"ထူးထူးခြားခြားတော့ မရှိပါဘူး၊ ဒါပေမယ့် လယ်တောအိမ်တော်မှာတုန်းက ကျွန်မ ဖမ်းမိခဲ့တဲ့ အဲ့ဒီစာမေးပွဲကျတဲ့ ပညာသင်သားကို တွေ့လိုက်ရတယ်၊ သူ ဒီနေ့ပဲ နယ်နှင်ဒဏ် အပေးခံလိုက်ရပြီလေ"

လုသခင်မကလည်း နယ်စားမင်းရွှီ ပြောပြသောကြောင့် ထိုအကြောင်းကို အကြမ်းဖျင်း ကြားထားပြီး ဖြစ်သည်။ ယနေ့မှ နယ်နှင်ဒဏ် ပေးသည်ကိုတော့ သူမ မသိခဲ့ပေ။ သူမက မှတ်ချက်ပေးလိုက်သည်။

"ဒီလို လူယုတ်မာမျိုးအတွက် နယ်နှင်ဒဏ်ဆိုတာက အရမ်း သက်ညှာသလို ဖြစ်နေသေးတယ်"

"ဒါနဲ့... စကားမစပ်....."

လုသခင်မက ရုတ်တရက် သတိရသွားဟန်ဖြင့် ထပ်ပြောလာသည်။

"ဧကရာဇ်မင်းမြတ်က ချန်လဲ့မင်းသမီးအတွက် စာသင်ဖော်အသစ်တစ်ယောက် ထပ်ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့ ငါ ကြားတယ်။ နင့်ရဲ့ ညီမလေး ရွေးချယ်ခံလိုက်ရပြီလား"

ရွှီယွဲ့ကျားထံမှ အတည်ပြုချက် မရသေးသဖြင့် ဝမ်ယဲ့က ဝေဝေဝါးဝါးသာ ပြန်ပြောလိုက်သည်။

"ကျွန်မရဲ့ ခင်ပွန်းသည်ကတော့ အဲ့ဒီအကြောင်း ပြောခဲ့သေးတယ်၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်က အခုထိ စဉ်းစားနေတုန်းပဲလို့ သူ ပြောခဲ့တာ"

လုသခင်မကတော့ အသေအချာ အတည်ပြုပေးနေသည်။

"ဒါက အတည်ဖြစ်သွားမှာပါ၊ ချန်လဲ့မင်းသမီးရဲ့ အရင် စာသင်ဖော်တွေထဲက တစ်ယောက် လျိုမိသားစုက နင်တို့ယောင်းမရဲ့ တူမလေးလေ၊ သူတို့ ပြောပုံအရဆိုရင် ရွေးချယ်ခံရတဲ့သူက ဝမ်မိသားစုက အမျိုးသမီးငယ်လေး ဖြစ်နေတယ်၊ အဲ့ဒါ နင့်ရဲ့ ညီမလေးပဲ ဖြစ်ရမယ်"

ဝမ်ယဲ့က ထိုလျိုမိသားစုမှ ထိုအမျိုးသမီးကို မှတ်မိနေသည်။ သူမက လုသခင်မ၏ မွေးနေ့ပွဲသို့ လာရောက်ခဲ့သည့် ရင်းနှီးသော သူငယ်ချင်းများထဲမှ တစ်ဦးဖြစ်ပြီး ဝမ်ယဲ့၏ ဒုတိယယောင်းမနှင့် မျိုးနွယ်စုတူသူ ဖြစ်သလို၊ တော်ဝင်ကျောင်းတော်မှ ပညာရှင်မိသားစု၏ စတုတ္ထသခင်မလည်း ဖြစ်သည်။ ချန်လဲ့မင်းသမီး၏ အဖော်တစ်ဦးက သူမယောင်းမ၏ သမီးပင် ဖြစ်သည်။

ဝမ်ယဲ့ တွေဝေနေသည်ကို မြင်နေရသောကြောင့် လုသခင်မက အားပေးစကား ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ လျိုမိသားစုက နင့်ရဲ့ အစ်မလျို ပြောတာကတော့ သူမရဲ့ ယောင်းမက သိပ်ပြီး စိတ်သဘောထား မကောင်းပေမယ့် သူ့ရဲ့ တူမလေးကတော့ ပေါင်းရသင်းရ လွယ်ပါတယ်တဲ့၊ ဝါးပုပ်ထဲက မျှစ်စို့ကောင်းတွေ ထွက်လာတဲ့ သဘောပေါ့၊ ပြီးတော့ နင့်ရဲ့ ညီမလေးကလည်း ချန်လဲ့မင်းသမီးရဲ့ စာသင်ဖော်အဖြစ် သွားရမှာလေ၊ သူတို့မိသားစုထဲကို လက်ထပ်ဝင်မှာမှ မဟုတ်တာ၊ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"

"နန်းတွင်းထဲက အခြေအနေတွေကတော့ အတော်လေး ရိုးရှင်းပါတယ်၊ ငါ နင့်ကို ရှင်းပြမယ်..."

ဝမ်ယဲ့က ပြုံးလိုက်ပြီး လုသခင်မ၏ စကားကို ကြားဖြတ် ပြောလိုက်သည်။

"မမ... အဲ့ဒီအကြောင်းတွေကို ကျွန်မရဲ့ ခင်ပွန်း ပြောပြပြီးသားပါ"

လုသခင်မက အမှန်တကယ် အံ့အားသင့်နေပြီး ချက်ချင်း ပြန်မေးလိုက်သည်။

"ကျိထန်းက နင့်ကို ဒီလိုကိစ္စတွေ ပြောပြတယ်... ဟုတ်လား"

နန်းတွင်းရေးရာများက ရိုးရှင်းသည်ဆိုသော်လည်း ရှင်းပြရန် အတန်ငယ် အားစိုက်ထုတ်ရသေးသည်။ သူမ၏ မောင်ငယ်ဖြစ်သူက ဇနီးသည်နှင့်အတူ ထိုင်ပြီး နန်းတွင်းရေးရာများကို ဆွေးနွေးနေမည်ကို လုသခင်မအနေဖြင့် လုံးဝ စိတ်ကူးယဉ်ကြည့်၍ပင် မရနိုင်ဖြစ်နေရသည်။

ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီး ရှင်းပြလိုက်သည်။

"အမတ်မင်းက အကျဉ်းလောက်ပဲ ရှင်းပြခဲ့တာပါ၊ ကျွန်မအတွက် မရှင်းလင်းသေးတဲ့ အသေးစိတ်လေးတွေ ရှိနေသေးလို့ နောက်တစ်ခေါက်လောက် ထပ်ပြီး ရှင်းပြပေးလို့ ရမလားဟင်"

'ရွှီယွဲ့ကျားကတော့ အသေးအဖွဲ အတင်းအဖျင်းတွေကို ပြောပြမယ့်သူ မဟုတ်ဘူးလေ၊ လုသခင်မဆီကနေမှ စိတ်ဝင်စားစရာ ကောင်းတာလေးတွေများ ကြားရမလားလို့ တူးဆွကြည့်လိုက်ဦးမယ်'

ထိုစကားကို ကြားလိုက်ရချိန်တွင် လုသခင်မ နားလည်သွားသည်။ သူမ၏ ဒုတိယမောင်ဖြစ်သူက ဝမ်ယဲ့ကို အခြေခံပတ်သက်မှုများလောက်သာ ရှင်းပြထားပြီး နန်းတွင်း၏အရှုပ်အထွေးများနှင့် အားပြိုင်မှုများကိုတော့ ချန်လှပ်ထားခဲ့ပုံရသည်။

လုသခင်မက သူမ သိသမျှဝေမျှပေးနေသည်။

"တကယ်တော့ နန်းတွင်းအခြေအနေက တော်တော်လေး ရိုးရှင်းပါတယ်၊ မယ်တော်ကြီးအနားမှာ ရှိနေတဲ့ ရှုဖေးကလွဲရင် နှောင်းဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ဟောင်း အများစုက နွေရာသီနန်းတော်မှာပဲ နေကြတာ၊ ရှုဖေးနဲ့ တခြားသူ နည်းနည်းပဲ နင်ရှို့နန်းဆောင်မှာ နေကြတာ၊ လက်ရှိဧကရာဇ်ကလည်း နန်းတက်လာကတည်းကလည်း မောင်းမမိဿံအသစ် ထပ်မရွေးသေးတော့ နန်းတွင်းရဲ့ အနောက်ဆောင်က တော်တော်လေးကို တိတ်ဆိတ်နေတာ"

ဝမ်ယဲ့က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

"ရှုဖေးက ဝမ်မင်းသားရဲ့ မယ်တော်လားဟင်"

လုသခင်မက အသံကို နှိမ့်ပြီး ပြောပြနေသည်။

"ရှုဖေးက အရင်တုန်းကတည်းက မယ်တော်ကြီးနဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံ‌ရေး ရှိခဲ့တာလေ၊ ဧကရာဇ်မင်းမြတ် အခုလို နန်းတက်နိုင်ခဲ့တာရဲ့ တစ်စိတ်တပိုင်းကလည်း ရှုဖေးတို့မိသားစုရဲ့ ကြိုးပမ်းမှုကြောင့်လို့ ပြောလို့ ရတယ်"

ယခင်ဧကရာဇ်က အကြီးဆုံးသားတော် ဖြစ်သည့် လက်ရှိဧကရာဇ်ကို မနှစ်သက်ခဲ့ဘဲ အာဏာမရှိအောင် တမင်တကာ ဂုဏ်သရေမရှိသည့် မိသားစုမျ အမျိုးသမီးနှင့် လက်ထပ်ပေးပြီး နှိပ်ကွပ်ခဲ့ဖူးသည်။

လုသခင်မက ဆက်ပြောပြနေသည်။

"မယ်တော်ကြီးက ဝေ့နယ်စားမင်းအိမ်တော်ကနေ ဆင်းသက်လာတာဆိုပေမယ့် သူရဲ့ မိသားစုနဲ့ ဆက်ဆံရေးက သာမန်‌လောက်ပဲ ရှိတယ်၊ နောက်ပိုင်း ဝေ့နယ်စားမင်းအိမ်တော်က လူတွေနဲ့တွေ့ရင် အထူးတလည် ရင်းနှီးအောင် လုပ်နေစရာ မလိုဘူး၊ ပုံမှန်အတိုင်းပဲ ဆက်ဆံလို့ ရတယ်"

ဝမ်ယဲ့က ချက်ချင်း စပ်စုလိုက်သည်။

"ဘာလို့လဲဟင်"

လုသခင်မက နှုတ်ခမ်းကို စေ့လိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒီကိစ္စက လျှောက်ပြောရမယ့်ကိစ္စမျိုး မဟုတ်ဘူးလေ"

ဝမ်ယဲ့က လုသခင်မ၏ အင်္ကျီလက်ကို ဆွဲကာ ပူဆာလိုက်သည်။

"မမကလည်း.... ပြောပြပါနော်"

လုသခင်မက ဝမ်ယဲ့၏ အသနားခံမှုကို မလွန်ဆန်နိုင်ဘဲ နောက်ဆုံးတွင် ပြောပြလာခဲ့သည်။

"ဒီနေ့တော့ ငါ ပြောပြလိုက်မယ်၊ ဒါပေမယ့် နင် ကြားပြီးရင်တော့ နင့်ပါးစပ်ကို နင်လုံအောင် ပိတ်ထားရမယ်နော်"

ဝမ်ယဲ့က အတည်ပေါက်ဟန်လေးဖြင့် ကတိပေးလိုက်သည်။

"ကျွန်မက ပါးစပ် အရမ်းလုံတာပါ မမရဲ့... အိပ်မက်ထဲမှာတောင် စကားမပြောဘူး သိလား"

လုသခင်မတစ်ယောက် ထပ်မံ ဆွံ့အသွားရပြန်သည်။

သို့သော်လည်း နောက်ဆုံးတွင် သူမက ဝမ်ယဲ့အနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"အဲ့ဒီတုန်းက ဧကရာဇ်မင်းမြတ်ဘက်မှာ အခြေအနေ မကောင်းတာကို မြင်တော့ ဝေ့နယ်စားမင်းအိမ်တော်က နဝမမင်းသားဘက်ကို ပြောင်းပြီး ထောက်ခံဖို့ ကြံစည်ခဲ့ကြတာလေ၊ အဲ့ဒီတုန်းက ရှုဖေးသာ မယ်တော်ကြီးဘက်ကနေ ကြားဝင်ကာကွယ်ပေးခဲ့တာမျိုး မရှိခဲ့ရင် မယ်တော်ကြီးက သူ့ရဲ့ မောင်အရင်းကြောင့် လုပ်ကြံတာကို ခံလိုက်ရမှာ"

အကျိုးရလဒ်အနေဖြင့် လက်ရှိဧကရာဇ် နန်းတက်လာပြီးနောက် ဝေ့နယ်စားမင်းအိမ်တော်ကို အမြစ်ပြတ် မချေမှုန်းခဲ့သော်လည်း နှစ်ဦးနှစ်ဖက် မျက်နှာမပျက်စေရန် အေးစက်စက် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

ဝမ်ယဲ့တစ်ယောက် ရုတ်တရက် သဘောပေါက်သွားပြီး ကောက်ချက်ချလိုက်သည်။

"ဒါကြောင့်လည်း ဧကရာဇ်မင်းမြတ်က သူ့ရဲ့ ဝမ်းကွဲညီတော်ဖြစ်တဲ့ ဝမ်မင်းသားကို ဒီလောက် အလိုလိုက်နေတာကိုး"

လုသခင်မက ထပ်ပြောပြနေသည်။

"ဝမ်မင်းသားက ရှုဖေးရဲ့ တစ်ဦးတည်းသော သားလေ၊ ဧကရာဇ်မင်းမြတ်ကလည်း မိဘအပေါ် သိတတ်တဲ့သူဆိုတော့ မယ်တော်ကြီးကို ရိုသေလေးစားတဲ့အနေနဲ့ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပေါ့"

ထို့အပြင် ဝမ်မင်းသား၏ စိတ်နေစိတ်ထားကလည်း မည်သူ့ကိုမျှ အန္တရာယ်မပေးနိုင်မှန်း သိသာနေသည်။

လုသခင်မကတော့ ထိုအကြောင်းကို တွေးမိတိုင်း တစ်ခါတရံ သက်ပြင်းချမိသေးသည်။ သူမက ကြင်ယာတော်ရှုနှင့် အကြိမ်အနည်းငယ် ဆုံခဲ့ဖူးပြီး ထိုကဲ့သို့ ထက်မြက်ပြီး နူးညံ့သည့် အမျိုးသမီးတွင် ဤကဲ့သို့သော သားမျိုး ရှိနေခြင်းက ယုံရခက်လှသည်။

လက်ရှိလုသခင်မ၏ ပုံစံကို မည်သို့ ဖော်ပြရမှန်းမသိသော်လည်း ထိုပုံစံက အကောင်းပြောနေခြင်းမျိုး မဟုတ်မှန်း ဝမ်ယဲ့ နားလည်နိုင်သည်။

လုသခင်မဆီမှ အရင်ဧကရာဇ်၏ နန်းတွင်းအတင်းအဖျင်းများကို ဗိုက်ဝအောင် နားထောင်ပြီးနောက် ဝမ်ယဲ့တစ်ယောက် ကျေနပ်အားရစွာဖြင့် အနောက်ဘက်ခြံဝင်းသို့ ပြန်လာခဲ့သည်။

သို့သော်လည်း သူမ အဓိကခြံဝင်းမှ မထွက်ခွာမီ ရွှယ်ကျင့်ရှန်း ရွှီယွိရွှမ်အတွက် ပေးလိုက်သည့် ယုန်မွေးစုတ်တံလေးကို တိတ်တဆိတ် ချန်ထားခဲ့ပြီး ရွှီယွိရွှမ်၏ ကျောင်းလွယ်အိတ်ထဲ ထည့်ပေးထားရန် လုသခင်မကို တိုးတိုးလေး မှာခဲ့သေးသည်။

'ဒီကောင်လေးက အဓိကခြံဝင်းမှာ ပုန်းနေရင် ငါ့လက်က လွတ်မယ်လို့ ထင်နေတာလား...'

........။.......။.........

အတင်းအဖျင်းသတင်းများကို အားရပါးရ နားထောင်ပြီးနောက် ဝမ်ယဲ့၏ စိတ်ထဲတွင် တစ်ခုသော အချက်ကို မေ့မရနိုင်ဘဲ ရှိနေခဲ့သည်။ သူမကိုယ်သူမ မခံစားမိသော်လည်း မကြာသေးမီက ခင်မင်ခဲ့သော အမျိုးသမီးများနှင့် နှိုင်းယှဥ်ကြည့်လျှင် အားလုံးထဲ၌ သူမက အသက်အရွယ် အနည်းငယ် ပိုကြီးနေသည်မှာ အမှန်ဖြစ်နေခဲ့သည်။

ဝမ်ယဲ့တစ်ယောက် အနောက်ဘက်အဆောင်သို့ တန်းတန်းမတ်မတ် ပြန်လာပြီး မှန်တင်ခုံရှေ့တွင် ထိုင်လိုက်ကာ ကြေးမှန်ထဲမှ သူမကိုယ်သူမ အကြိမ်ကြိမ် ပြန်ကြည့်နေမိသည်။ ကြေးမှန်ထဲမှ အမျိုးသမီးက ယခင်ကလို ဆွဲဆောင်မှုရှိပြီး လှပနေဆဲပင်။

သူမကိုယ်သူမ အမွှမ်းတင်နေခြင်း အနည်းငယ်ကို ဖယ်လိုက်လျှင်ပင် ဝမ်ယဲ့၏ ရုပ်ရည်က အမှန်တကယ် ရင်သပ်ရှုမောဖွယ် လှပနေဆဲ ဖြစ်သည်။

သို့သော်လည်း သူမ၏ အသားအရေက အနည်းငယ် ခြောက်သွေ့နေပုံရသည်။ ဝမ်ယဲ့က မှန်နားသို့ တိုးကပ်သွားပြီး သူမ၏ နှာခေါင်းဘေးတစ်ဝိုက်ကို လက်ဖျားလေးများဖြင့် ပွတ်သပ်ကြည့်နေပြန်သည်။ ထို့နောက် သူမက ထောင်ကျီကို ခေါ်ကာ မျက်နှာပေါင်းတင်ခရင်မ် ယူလာခိုင်းလိုက်သည်။

ထိုပေါင်းတင်ခရင်မ်က ဝမ်ယဲ့ကိုယ်တိုင် သမားတော်နှင့် တိုင်ပင်ကာ သူမ၏ အသားအရေနှင့် ကိုက်ညီအောင် စီမံဖော်စပ်ထားခြင်း ဖြစ်သည်။

ခရင်မ်၏အရောင်က အစိမ်းရောင်ဖြစ်ပြီး ခေတ်သစ်ကာလမှ မျက်နှာပေါင်းတင် Mask များကဲ့သို့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးသည့် အာနိသင်ရှိသည်။

အရင်ဘူးဟောင်းက ကုန်သွားပြီဖြစ်သဖြင့် ထောင်ကျီက ဘူးအသစ်တစ်ဘူး ယူလာပေးရင်း မေးမြန်းနေသည်။

"သခင်မ... ကျွန်မ လိမ်းပေးရမလားရှင့်"

ဝမ်ယဲ့က ငြင်းလိုက်သည်။

"မလိုဘူး၊ နောက်မှ ငါ့ဘာသာငါ လိမ်းလိုက်မယ်၊ အရင်ဆုံး ညနေစာ စားကြရအောင်"

ယနေ့တွင် ရွှီယွိရွှမ်က အဓိကခြံဝင်း၌ ကျန်နေခဲ့ပြီး ရွှီယွဲ့ကျားကလည်း ယခုအချိန်အထိ ပေါ်မလာသေးသဖြင့် သူ ပြန်လာမည့်ပုံ မရှိလောက်တော့ပေ။ ထို့ကြောင့် ဝမ်ယဲ့တစ်ယောက်တည်းသာ ညနေစာ စားလိုက်ရသည်။

ယနေ့ညတွင် ဝမ်ယဲ့တစ်ယောက် ဝတ္ထုဖတ်ရန် အစီအစဉ် မရှိဘဲ ထိုအစား တစ်ကိုယ်လုံးကို skincare လုပ်ရန်သာ ဆုံးဖြတ်ထားသည်။ သူမ သဘာဝအတိုင်း လှပနေသည်ဆိုသော်လည်း လုသခင်မနှင့် နှိုင်းယှဉ်လျှင်တော့ အနည်းငယ် လိုအပ်နေသေးသည်ကို ဝမ်ယဲ့ ဝန်ခံရပေတော့မည်။

'သဘာဝက ပေးထားတဲ့ အလှတရားက ဒါပဲရှိတာ၊ အဲ့ဒါကိုတော့ ပြောင်းလဲလို့ မရဘူး။ ဒါပေမယ့် ငါ့ကိုယ်ငါ ကောင်းကောင်း ဂရုမစိုက်ဘူးဆိုရင် တစ်နေ့ကျရင် လုသခင်မက ငါ့ကို ငြီးငွေ့သွားတာမျိုး ဖြစ်လာနိုင်တယ်...'

ရွှီအချိန်သို့ ရောက်လာချိန်တွင် ရွှီယွဲ့ကျား အိမ်တော်သို့ ပြန်ရောက်လာသည်။

(ရွှီအချိန် - ည ၇ နာရီမှ ၉ နာရီအတွင်း)

သူက အနောက်ဘက်အဆောင်သို့ တန်းတန်းမတ်မတ် ရောက်လာပြီး ယွင်ကျီက တံခါးဝတွင် ဂါရဝပြု ကြိုဆိုနေသည်။

ရွှီယွဲ့ကျားက ခန်းမထဲသို့ ဝင်လာပြီး အနောက်ဘက်ရှိ စာကြည့်ခန်းက ဟာလာဟင်းလင်း ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူက ယွင်ကျီဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

"သခင်မ ဘယ်မှာလဲ"

ယွင်ကျီက မျက်လွှာချကာ ပြန်ဖြေနေသည်။

"သခင်မက အခန်းထဲမှာပါရှင့်"

ရွှီယွဲ့ကျားက ခေါင်းညိတ်ပြပြီး အိပ်ဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။

သူ အိပ်ဆောင်တံခါးကို တွန်းဖွင့်လိုက်ကာ မှန်တင်ခုံမှစပြီး ခုတင်ဆီသို့ အကြည့်ရောက်သွားချိန်တော့ အစိမ်းရောင် မျက်နှာကြီးတစ်ခုကို တွေ့လိုက်ရသည်။

ရွှီယွဲ့ကျား၏ ခြေလှမ်းများ ခေတ္တမျှ ရပ်တန့်သွားရသည်။

ဝမ်ယဲ့က ခုတင်အလယ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် သဘာဝအတိုင်း တင်ထားခဲ့သည်။

ခြေသံကြားသွားသည့် ဝမ်ယဲ့က သူမ၏မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။

"ယောက်ျား.... ဒီနေ့ ပုံမှန်ထက် စောပြီး ပြန်ရောက်လာတာလား"

တရားထိုင်နေသည့် ပုံစံမျိုးနှင့် သူမ၏ စကားပြောသံကြောင့် ရွှီယွဲ့ကျားတစ်ယောက် ခဏမျှ စကားမဲ့သွားရသည်။ အချိန်အနည်းငယ် ကြာပြီးနောက်မှ သူက ပြန်မေးလိုက်သည်။

"မင်းမျက်နှာပေါ်က အဲ့ဒါက ဘာလဲ"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"မျက်နှာလိမ်းခရင်မ်ပါ၊ ကျွန်မရဲ့အသားအရေက အခုတလော နည်းနည်း ခြောက်နေလို့ အစိုဓာတ်ရအောင် ရေဓာတ်ပြန်ဖြည့်ပေးနေတာ"

ရွှီယွဲ့ကျားက ဘာမှ ထပ်မမေးတော့ဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်သည်။

"ကိုယ် သွားပြီး ကိုယ်လက်သန့်စင်လိုက်ဦးမယ်"

ဝမ်ယဲ့ : "...အိုး”

‘ငါ တစ်ခုခုကို မေ့နေသလိုပဲ’

ဝမ်ယဲ့တစ်ယောက် ရုတ်တရက် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေလေသည်။

ရွှီယွဲ့ကျား ဘေးခန်းမှ ကိုယ်လက်သန့်စင်ပြီး ပြန်လာချိန်တွင် ဝမ်ယဲ့၏ မျက်နှာပေါ်မှ ခရင်မ်များကို ဆေးကြောထားပြီး ဖြစ်သော်လည်း သူမက တရားထိုင်သည့် ပုံစံအတိုင်း ဆက်ထိုင်နေဆဲ ဖြစ်သည်။

ရွှီယွဲ့ကျားက အနားသို့ တိုးလာပြီး မေးလိုက်သည်။

"မင်း တစ်ညလုံး ဒီလိုပဲ ထိုင်နေဖို့ စိတ်ကူးထားတာလား"

ဝမ်ယဲ့က တင်ပလ္လင်ခွေကို ဖြည်းညင်းစွာ ဖြည်လိုက်ပြီး ခုတင်အနောက်ဘက်သို့ တိုးကပ်သွားရင်း တည်တည်တံ့တံ့ ပြောလိုက်သည်။

"အဲ့ဒါကလေ... ယောက်ျား၊ ကျွန်မ ဒီတစ်လလုံး စိတ်နဲ့ ခန္ဓာကို ပျိုးထောင်ဖို့အတွက် စောစောအိပ်ပြီး စောစောထဖို့ ဆုံးဖြတ်ထားလို့ပါ"

ရွှီယွဲ့ကျားက မျက်ခုံးတစ်ဖက် ပင့်ကာ ထပ်မေးနေပြန်သည်။

"မင်း သည်းခံနိုင်လို့လား"

ဝမ်ယဲ့ : "..."

သူမ ဝေခွဲမရဖြစ်နေသည့်အတွက်ကြောင့်သာ ဝမ်ယဲ့တစ်ယောက် စိတ်ထဲတွင် ဝေဝေဝါးဝါး ခံစားနေရခြင်း ဖြစ်သည်။

ရွှီယွဲ့ကျားက ကုတင်စွန်းတွင် ဝင်ထိုင်လိုက်ပြီး သူ့စောင်ကို ဆွဲခြုံလိုက်သည်။ သူက သူမကို ကြည့်ပင်မကြည့်ဘဲ ထပ်ပြောလိုက်သည်။

"ကိုယ့်ဘက်ကတော့ ကန့်ကွက်စရာ မရှိဘူး"

ဝမ်ယဲ့က ယနေ့မှ ထူးထူးခြားခြား အေးစက်ခက်ထန်နေသည့် အငွေ့အသက်များ ထွက်ပေါ်နေသော သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ပြောလုနီးပါး စကားလုံးများကို လည်ချောင်းဝမှ ပြန်မြိုချလိုက်ရပြီး စကားလမ်းကြောင်းကို အမြန် ပြောင်းလဲလိုက်ရသည်။

"ဒါပေမယ့်... မနက်ဖြန်ညကျမှပဲ စတော့မယ်"

ရွှီယွဲ့ကျားကတော့ အမူအရာမပြောင်းပဲ ခပ်တည်တည် ပြန်ပြောလိုက်သေးသည်။

“မင်းသဘောလေ"

ခဏအကြာတွင် ဝမ်ယဲ့က ရွှီယွဲ့ကျား၏ ညအိပ်အင်္ကျီအနားစကို ဆွဲလိုက်ရင်း နောင်တရစွာဖြင့် တွေးနေခဲ့သည်။

'အလှတရားက တကယ်ပဲ လူကို စိတ်အာရုံ ထွေပြားစေတယ်...'

‘ငါ ဒီည ကောင်းကောင်းအိပ်စက်နိုင်ဖို့ နွားနို့တွေ ပန်းပွင့်ဖတ်တွေနဲ့တောင် ရေချိုးထားခဲ့တာလေ၊ အခုတော့ ရွှီယွဲ့ကျားကပဲ အကျိုးအမြတ် ရသွားပြီ’

......။......။.....

နောက်တစ်နေ့ နံနက်ခင်းတွင် နီရဲသော နေမင်းကြီးက ကောင်းကင်ယံ၌ မြင့်မားစွာ စံမြန်းနေလေသည်။

ရွှီယွိရွှမ်က ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေပြီး သူ့စာအုပ်အိတ်ထဲမှ ဆွဲထုတ်ထားသော ယုန်မွေးစုတ်တံကို စိုက်ကြည့်ကာ မျက်လုံးလေးများ ပြူးလျက် ကြောင်အအလေး ဖြစ်နေရှာသည်။

'ဘာလို့ နောက်ထပ်တစ်ချောင်း ရှိနေသေးတာလဲ'

ထိုအချိန်တွင် ရှီပိုင်လီက လက်ဖက်ရည်တစ်ခွက်ကို ကိုင်ကာ လျှောက်ဝင်လာပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် အေးအေးလူလူ ထိုင်လိုက်သည်။ သူက စားပွဲပေါ်ကို တစ်ချက်ကြည့်ရင်း ခပ်ပေါ့ပေါ့ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ရွှီယွိရွှမ်က မနေ့ကနှင့် တူသလိုလို ရှိသော်လည်း မတူသည့် ယုန်မွေးစုတ်တံကို ကြည့်ကာ နှုတ်ခမ်းလေးစူလျက် ပြောနေရှာသည်။

"သူတို့အားလုံးက ဆိုးတယ်"

ရှီပိုင်လီက မျက်ခုံးတစ်ဖက် ပင့်ကာ ထပ်မေးလိုက်သည်။

"ဘာတွေဖြစ်လို့လဲ၊ ဆရာ့ကို ပြောပြပါဦး"

ရွှီယွိရွှမ်က သူတတ်သမျှ မှတ်သမျှ စကားလုံးအနည်းငယ်ဖြင့် "ယုန်မွေးစုတ်တံ ဖြစ်ရပ်ဆန်း" ကို ခက်ခက်ခဲခဲ ရှင်းပြနေသည်။ နောက်ဆုံးတွင် သူက သူ့မေးလေးကို လက်ဖြင့်ထောက်ကာ မျက်မှောင်ကြုတ်လျက် ညည်းညူလိုက်သည်။

"ရွှမ်အာက သနားဖို့ကောင်းတယ်"

ရှီပိုင်လီကတော့ အံ့သြခြင်းမရှိသည့် ပုံစံဖြင့် မှတ်ချက်ပေးလိုက်သည်။

"အင်း၊ ဒီကိစ္စမှာတော့ မင်းအဖေ တကယ်ကို အမှားလုပ်ခဲ့တာပဲ"

ရွှီယွိရွှမ်က သူ့ကိုယ်‌လေး လှုပ်ခါသွားအောင် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ရင်း ထောက်ခံလိုက်သည်။

"ဟုတ်တယ်"

"ဒါဆိုရင် ဒီနေ့ စုတ်တံကိုင်တာကို မကျင့်တော့ဘူး၊ အဲ့ဒီအစား စကားလုံး မှတ်တဲ့ ကစားနည်းလေးပဲ ကစားကြမလား"

ရွှီယွိရွှမ်က ဝမ်းသာအားရ ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

"ဆရာက အကောင်းဆုံးပဲ"

ရှီပိုင်လီက ထိုချီးမွမ်းစကားကို လက်ခံလိုက်ပြီး ထပ်ပြောနေသည်။

"ဒါဆိုရင် နောက်ပိုင်း ဆရာ ပြောတာကို သေချာနားထောင်ပြီး စာကို ကြိုးကြိုးစားစား သင်ယူရမယ်နော်"

ရွှီယွိရွှမ်၏ မျက်လုံးလေးများက တောက်ပလာပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

ရှီပိုင်လီက အခြေခံစာအုပ်တစ်အုပ်ကို ထုတ်လိုက်ရင်း အလုပ်စလိုက်သည်။

"ကဲ... စကြမယ်"

ရွှီယွိရွှမ်ကလည်း လိမ္မာသည့် ကလေးလေးတစ်ယောက်အသွင်ဖြင့် စာသင်ရန် ပြင်ဆင်လိုက်သည်။ ရှီပိုင်လီကတော့ ထိုယုန်မွေးစုတ်တံတစ်ဘူးလုံးက သူ၏ညီနောင်အရင်းအချာသဖွယ် ခင်မင်ရသူ ရွှီယွဲ့ကျားကို သူကိုယ်တိုင် အကြံပေးထားခဲ့ခြင်းဖြစ်ကြောင်း သူ၏တပည့်လေးကို မည်သည့်အခါမျှ ပြောပြမည်မဟုတ်ပေ။

ရှီမိသားစုတွင် မျိုးဆက်များစွာ ရှိနေပြီး ဤကိစ္စတွင် ရှီပိုင်လီက ရွှီယွဲ့ကျားထက် အတွေ့အကြုံ ပိုများနေသည်က ပုံမှန်သာဖြစ်သည်။

All Chapters