← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂ ဒါက သူမ အစစ်ပဲ

ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်မည့် ကတိကဝတ်များက ပထမဆုံးညမှာပင် ပျက်ပြယ်သွားခဲ့ရသည်။

အိပ်ရာနိုးလာပြီးနောက် ဝမ်ယဲ့တစ်ယောက် အသည်းအသန် ပြန်ဆင်ခြင်သုံးသပ်နေမိသည်။ ထို့နောက် ယနေ့ညတွင် ရွှီယွဲ့ကျား၏ ညှို့ယူဖမ်းစားတတ်သော ထောင်ချောက်ထဲသို့ ထပ်မကျသွားစေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

သူမ ဆေးကြောသန့်စင်ပြီးနောက်တွင် ထောင်ကျီက မနက်စာ တည်ခင်းပေးခဲ့သည်။ အဓိက ဟင်းလျာက ပဲပိစပ်အနှစ်ဖြင့် ကြော်ထားသော ခေါက်ဆွဲကြော် ဖြစ်ပြီး အခြားသော မုန့်ပေါင်းများ၊ မုန့်ညှက်ကြော်များနှင့် ပဲနို့ချိုချိုတို့လည်း ပါဝင်သည်။ ထိုအစားအစာအားလုံးက ဝမ်ယဲ့ အကြိုက်ဆုံးများ ဖြစ်နေလေသည်။

မနက်စာ စားပြီးနောက် သူမအတွက် ဝမ်မိသားစုမှ ပေးပို့သော စာတစ်စောင်ကို ဝမ်ယဲ့ လက်ခံရရှိခဲ့သည်။ ၎င်းက ရှန်းသခင်မကိုယ်တိုင် ရေးသားထားသောစာ ဖြစ်ပြီး သူမ၏ ညီမငယ်လေးက မင်းသမီးလေး၏ စာသင်ဖော်အဖြစ် ရွေးချယ်ခံရကြောင်းနှင့် နန်းတွင်းမှ မိန်းမစိုးတစ်ဦးက ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ဝမ်မိသားစုထံ လာရောက် ဖတ်ကြားပေးခဲ့ကြောင်း အသိပေးထားခြင်း ဖြစ်သည်။ သူမ၏ ညီမငယ်လေးက နောက်လတွင် နန်းတွင်းသို့ ဝင်ရောက်ရတော့မည် ဖြစ်သည်။

စာ၏ အဆုံးတွင်တော့ ရှန်းသခင်မက ဝမ်ယဲ့အား ဝမ်ရန် နန်းတွင်းသို့မဝင်ခင် အိမ်ပြန်လာချင်လားဟု မေးမြန်းထားသေးသည်။ အကယ်၍ ယခုမလာပါဘဲ လျိုရှီ၏ ကလေး တစ်လပြည့်ပွဲမှ ရောက်လာလျှင် ညီအစ်မနှစ်ယောက် လွဲချော်သွားနိုင်သောကြောင့် ဖြစ်သည်။

ဝမ်ယဲ့က အိမ်ပြန်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူမက ယွင်ကျီနှင့် ထောင်ကျီတို့ကို လိုအပ်သည်များ ထုပ်ပိုးရန် အမိန့်ပေးလိုက်ပြီး သဘက်ခါတွင် အိမ်သို့ ပြန်လာခဲ့မည်ဖြစ်ကြောင်း ရှန်းသခင်မထံ စာပြန်လိုက်သည်။

မနေ့ညက ရွှီယွဲ့ကျား၏ ရုပ်ရည်ကို ငေးမောနေမိသည့်အတွက် ဤကိစ္စကို မေးမြန်းရန် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

........။.......။........

နံနက်ခင်း ညီလာခံအပြီးတွင် ဧကရာဇ်မင်းမြတ်က ရွှီယွဲ့ကျားအား ခဏနေခဲ့ရန် မိန့်ကြားလိုက်သည်။

ချင်ကျန့်နန်းဆောင်အတွင်း၌ ဧကရာဇ်နှင့် ရွှီယွဲ့ကျားတို့က လတ်တလောဖြစ်ပွားနေသည့် "ချိုင်ယွင်ကျိုက်" အမှုအကြောင်း ဆွေးနွေးနေကြသည်။ ထိုအချိန်မှာပင် ဝမ်မင်းသား ဝင်ရောက်ခစားခွင့် တောင်းခံလာကြောင်း နန်းတွင်းအစေခံတစ်ဦးက လာရောက် သတင်းပို့ခဲ့သည်။

ဧကရာဇ်က သက်ပြင်းကို အသာချလိုက်ရင်း ညည်းညူပြီးမှ အမိန့်ပေးလိုက်သည်။

"ဟူး.... အခုတစ်ခါရော... သူ ဘာလာလုပ်ပြန်တာလဲ... သူ့ကို ဝင်ခွင့်ပေးလိုက်ပါ"

ဧကရာဇ်ထက် ဆယ်နှစ်ကျော် ငယ်ရွယ်ပြီး အသက်နှစ်ဆယ်ပင် မပြည့်သေးသော ဝမ်မင်းသားက မင်းသားဝတ်စုံကို ဝတ်ဆင်ကာ ဝင်ရောက်လာသည်။ သူ့ပုံစံက အရှိန်အဟုန်ဖြင့် ကြီးထွားလာသော ပေါ့ပလာပင်ပျိုတစ်ပင်နှင့်ပင် ဆင်တူနေသည်။

"ညီတော်က အစ်ကိုတော်ဧကရာဇ်ကို ဂါရဝပြုပါတယ်"

သူ ဒူးထောက်ရန် ပြင်လိုက်သော်လည်း ဧကရာဇ်က လက်ကို ဝေ့ယမ်းကာ တားမြစ်လိုက်သည်။

"တော်ပြီ... အခမ်းအနားတွေ လုပ်မနေနဲ့တော့၊ ဒီတစ်ခါ ဘာကိစ္စရှိလို့လဲ"

ဝမ်မင်းသားက တည်တည်ငြိမ်ငြိမ် ပြန်ဖြေနေသည်။

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ညီတော် အခုတလော အားလပ်နေတာနဲ့ အရှင်မင်းမြတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီထမ်းပိုးပေးချင်လို့ပါ"

သူ နန်းဆောင်အတွင်းသို့ ဝင်လာကတည်းက ရွှီယွဲ့ကျားကို တစ်ချက်ကလေးပင် လှည့်မကြည့်သေးပေ။

ပြီးခဲ့သည့်အကြိမ်က သူ ရွှီယွဲ့ကျားကြောင့် သူ့မယ်တော်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီး နန်းတော်သို့ တစ်လတိုင်တိုင် ဝင်ခွင့်ပိတ်ခံခဲ့ရသည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ဧကရာဇ်ခမျာ နားထင်ကြောများပင် လှုပ်သွားရသည်။ ဝမ်မင်းသားက နောက်တစ်ကြိမ် ပြဿနာရှာရန် ကြံစည်နေပြန်ပြီဟု သူ သိလိုက်သည်။ ထို့ကြောင့် ဧကရာဇ်က သူ့နောက်မှ မိန်းမစိုးငယ်လေးကို ချက်ချင်း အချက်ပြလိုက်ရာ ထိုကောင်လေးက နန်းဆောင်အတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားသည်။

ဧကရာဇ်က ဝမ်မင်းသားကို ထပ်မေးလိုက်သည်။

"ဒါနဲ့ ညီတော်က ငါကိုယ်တော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကူထမ်းပေးဖို့ ရည်ရွယ်ထားလဲ"

ဝမ်မင်းသားက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေနေသည်။

"ပြီးခဲ့တဲ့အကြိမ်က ညီတော်အနေနဲ့ အခြေအနေကို သေချာနားမလည်ခဲ့လို့ပါ၊ ဒီတစ်ခါ အရှင်မင်းမြတ်က အမှုအသစ်တစ်ခု ပေးအပ်မယ်ဆိုရင် ညီတော် သေချာပေါက် ကောင်းကောင်း ကိုင်တွယ်နိုင်မှာ သေချာပါတယ်"

ဧကရာဇ်က သူ့စကားကို လုံးဝအလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ မေးလိုက်ပြန်သည်။

"ဘယ်လို အမှုမျိုးကို ကိုင်တွယ်ချင်တာလဲ"

ဝမ်မင်းသားက သူ့အတွက် အခွင့်အရေးရပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ ပြုံးလိုက်ရင်း ‌လျှောက်တင်နေသည်။

"ဒါကတော့ ရှုပ်ထွေးလေ ပိုကောင်းလေပါပဲ၊ ညီတော်ရဲ့ အရည်အချင်းနဲ့ဆိုရင် ရိုးရှင်းတဲ့ အမှုတွေက ညီတော်ရဲ့ ပါရမီကို ဖြုန်းတီးရာ ရောက်ပါလိမ့်မယ်"

ဧကရာဇ်က ခေတ္တမျှ စကားမဲ့သွားပြီး နောက်ဆုံးတွင် မှတ်ချက်ပေးလိုက်သည်။

"မင်းကိုယ်မင်း သိမြင်နားလည်မှုက တကယ်ကို ရှင်းလင်းနေတာပဲ"

ဝမ်မင်းသားက နက်နဲသောအဓိပ္ပာယ်ကို နားမလည်ဘဲ ထောက်ခံနေသည်။

"ဒါပေါ့... ကျွန်တော်မျိုးက အရှင်မင်းမြတ်ရဲ့ ညီတော်လေ"

ဧကရာဇ် : "..."

စကားပြန်မပြောနိုင်လောက်အောင် ဖြစ်သွားသည့် ဧကရာဇ်က ရွှီယွဲ့ကျားကို အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်လိုက်သည်။

ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီး ဝမ်မင်းသားကို တစ်ချက်ဝေ့ကြည့်ကာ ဧကရာဇ်ကို လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်... အမှုတစ်ခုရဲ့ ရှုပ်ထွေးမှုက ဘယ်လောက်ပဲရှိရှိ၊ အဓိက ရည်ရွယ်ချက်က အရှင်မင်းမြတ်နဲ့ တာ့ကျင်းမင်းဆက်ကို အလုပ်အကျွေးပြုဖို့ ဖြစ်သင့်တယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်၊ ဒီလို ကိစ္စရပ်တွေကို လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ပြသဖို့အတွက် အသုံးမချသင့်ပါဘူး"

ထိုစကားကို ကြားနေရသည့် ဝမ်မင်းသား၏ မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားတော့သည်။

သူက အမြန် ပြန်ရှင်းပြနေသည်။

"အရှင်မင်းမြတ်... ရွှီယွဲ့ကျားက စကားကို တမင်သက်သက် လိုရာဆွဲ တွေးနေတာပါ၊ ညီတော် ဆိုလိုတာက အဲ့လိုမျိူး မဟုတ်ပါဘူး"

‘ငါက အရှင်မင်းမြတ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးပေးချင်ရုံလေးပါကွာ’

ဧကရာဇ်ကတော့ အခြေအနေကို နားလည်ပြီးသားဖြစ်သည်။ သူ၏ ညီတော်က ထိုမျှအထိ နက်နက်ရှိုင်းရှိုင်း တွေးခေါ်နိုင်စွမ်းမရှိမှန်း သူ သိထားသောကြောင့် ဝမ်မင်းသားကို နှစ်သိမ့်ပေးလိုက်သည်။

"အမတ်မင်းရွှီက ဘာကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ဘူးလို့ ငါကိုယ်တော် ယုံကြည်တယ်၊ ညီတော်ရဲ့ စေတနာကိုလည်း ငါကိုယ်တော် နားလည်တယ်၊ ဒါပေမယ့် အခုတလော မင်းရဲ့မယ်တော်က နေလို့ မကောင်းဘူး ဖြစ်နေတယ်၊ မင်း သူ့ဆီကို အရင် သွားကြည့်သင့်တယ် မဟုတ်ဘူးလား"

ဝမ်မင်းသားက ချက်ချင်း စိုးရိမ်တကြီး မေးလာခဲ့သည်။

"မယ်တော် ထပ်ပြီး နေမကောင်းဖြစ်နေတာလား"

ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။

"မင်း နန်းတော်ကို ရောက်တုန်းရောက်ခိုက် သူ့ဆီ အရင်သွားလိုက်ဦး"

"ကောင်းပါပြီ"

ဝမ်မင်းသားက ဤအရာမှာ သူ့ကို မောင်းထုတ်ရန် အကွက်ဆင်ခြင်းဖြစ်နိုင်သည်ဟု သံသယရှိသော်လည်း သူ့မယ်တော်၏ ကျန်းမာရေးနှင့် ပတ်သက်လာလျှင်တော့ သူ နှောင့်နှေးမနေရဲပေ။

သူက ရွှီယွဲ့ကျားကို တစ်ချက်စိုက်ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး နန်းဆောင်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးနောက် ဧကရာဇ်က သက်ပြင်းချကာ ရွှီယွဲ့ကျားကို လှမ်းပြောလိုက်သည်။

"အမတ်မင်းရွှီ၊ ငါကိုယ်တော်က မင်းကို လူဆိုးနေရာကနေ သရုပ်ဆောင်ခိုင်းပြီး ဒုက္ခခံခိုင်းမိတယ်"

ပစ်မှတ်အဖြစ် အသုံးချခံလိုက်ရသည့် ရွှီယွဲ့ကျားကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။

"ဒါက ဘာမှမဟုတ်ပါဘူး၊ ဝမ်မင်းသားက ကျွန်တော်မျိုးကို အမြဲတမ်း မကြိုက်ခဲ့တာပါ၊ ကျွန်တော်မျိုး ကျင့်သားရနေပါပြီ"

ဧကရာဇ်ခမျာ နောက်တစ်ကြိမ် ဆွံအသွားရပြန်သည်။

‘...အဲ့ဒီစကားက ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ"

.......။.......။......

နန်ရှို့နန်းဆောင်၏ ပင်မခြံဝင်းအတွင်း၌..,,,

အစေခံမလေး ချိုင်ကျီက ကြင်ယာတော်ရှု၏ မျက်နှာပေါ်တွင် မျက်နှာချေမှုန့်များ ခြယ်သရန် ကူညီပေးနေသည်။

"မယ်မယ်... တော်သင့်နေပါပြီရှင့်၊ အများကြီး လိမ်းလိုက်ရင် မင်းသားက အနံ့ကို သတိထားမိသွားပါလိမ့်မယ်"

ကြင်ယာတော်ရှုက ကြေးမှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်လိုက်ပြီး ကျေနပ်သွားကာ သဘောတူလိုက်သည်။

"နင် ပြောတာ မှန်တယ်... ငါ့သားတော်မှာ မောင်းမမိဿံတွေ နန်းဆောင်အပြည့်ရှိနေတာပဲ၊ သူက မိန်းမပျိုလေးတွေရဲ့ အမွှေးနံ့သာကို ဘယ်အရာထက်မဆို ပိုအကျွမ်းတဝင်ရှိနေမှာ သေချာတယ်"

သူမက ခေတ္တမျှ စကားရပ်ထားကာ နောက်သို့ လှည့်ကြည့်ပြီးမှ ဆက်ပြောလိုက်သည်။

"နောက်တစ်ခါကျရင် အနံ့မပါတဲ့ မျက်နှာချေတစ်ဗူး ရှာထားပေးဦး"

ချိုင်ကျီက ရယ်သံကို အောင့်ထားရင်း ဦးညွှတ်လိုက်သည်။

"ဒီအစေခံ နားလည်ပါပြီရှင့်"

ဝမ်မင်းသား ချင်ကျန့်နန်းဆောင်မှ အမြန်ထွက်ခွာလာပြီး နန်းတွင်းဆောင်များသို့ ဖြတ်ကာ နန်ရှို့နန်းဆောင်သို့ ရောက်ရှိလာချိန်တွင် ကြင်ယာတော်ရှုက နူးညံ့သော ခုတင်ထက်၌ မျက်နှာဖျော့တော့ပြီး အားအင်ချိနဲ့နေဟန်ဖြင့် လဲလျောင်းနေချေပြီ။

သူမ၏မျက်နှာက သေလုနီးပါး ဖြူဖျော့နေလေသည်။

ထိုအခြေအနေကို မြင်လိုက်ရသည့် ဝမ်မင်းသားခင်မျာ ထိတ်လန့်သွားလွန်းသောကြောင့် အဝင်ဝတွင် ခလုတ်တိုက်မလို ဖြစ်သွားခဲ့ပြီး ကြင်ယာတော်ရှုလည်း ဟန်ဆောင်မှု ပေါ်သွားတော့မလို ဖြစ်သွားခဲ့ရသည်။

"မယ်တော်... ဘာဖြစ်တာလဲ"

ဝမ်မင်းသားက နန်းဆောင်ထဲသို့ အပြေးအလွှား ဝင်လာပြီး စိုးရိမ်တကြီးဖြင့် သူ့မယ်တော်အနားသို့ ချဉ်းကပ်သွားသည်။

ကြင်ယာတော်ရှုက အားနည်းဟန်ဆောင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... မယ်တော် အဆင်ပြေပါတယ်၊ အခုတလော မင်းရဲ့ ညီမတော် ရှင်းယိအကြောင်း အိပ်မက်တွေ ခဏခဏ မက်နေလို့ပါ၊ မယ်တော် သူ့ကို သတိရနေမိတယ်"

ကြင်ယာတော်ရှု၏ သမီးတော်လေးက အသက်ငယ်ငယ်ဖြင့် ကွယ်လွန်သွားခဲ့သော်လည်း လက်ရှိဧကရာဇ် နန်းတက်လာပြီးနောက် သူ တစ်ခါမှ မတွေ့ဖူးသော ညီမတော်ကို "ရှင်းယိ" ဟူသော ဘွဲ့အမည် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

သူ့ညီမတော်အကြောင်း ပြောလိုက်ချိန်တွင် ဝမ်မင်းသား၏ ဒေါသများ ပျောက်ကွယ်သွားရသည်။ သူက မိခင်ဖြစ်သူကို ကြင်ကြင်နာနာ နှစ်သိမ့်ပေးလိုက်သည်။

"မယ်တော်ရယ်... မယ်တော် အဲ့ဒီလိုတွေ တွေးတောပူပန်နေရင် ရှင်းယိရဲ့ ဝိညာဉ်လည်း ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး"

ကြင်ယာတော်ရှုက ပုဝါလေးဖြင့် သူမ၏မျက်ဝန်းထောင့်ကို သုတ်လိုက်ရင်း မေးလိုက်ပြန်သည်။

"မင်း မင်းရဲ့အစ်ကိုတော်ကို သွားပြီး ဒုက္ခပေးပြန်ပြီလို့ မယ်တော် ကြားတယ်"

ဝမ်မင်းသား : "..."

‘ငါ သိသားပဲ’

"သားတော်က ဒုက္ခမပေးပါဘူး၊ အစ်ကိုတော်ကို ကူညီချင်ရုံတင်ပါ"

ကြင်ယာတော်ရှုကလည်း သွယ်ဝိုက်မနေဘဲ ရက်ရက်စက်စက် ဖွင့်ဟလိုက်သည်။

"မင်းရဲ့ အစ်ကိုတော်ကို ကူညီနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ မင်းရဲ့အိမ်တော်ထဲမှာပဲ ငြိမ်ငြိမ်လေးနေပြီး တော်ဝင်မျိုးနွယ်အတွက် မျိုးဆက်သစ်တွေ ပြန့်ပွားအောင် လုပ်ဖို့ပဲ"

ဝမ်မင်းသားက ဒေါသလည်းထွက် စိတ်လည်းပျက်သွားပြီး ပြန်ပြောလိုက်သည်။

"မယ်တော်က သားတော်ကို အထင်သေးလွန်းတယ်"

ကြင်ယာတော်ရှု၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ဝမ်းနည်းပူဆွေးဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်ပြန်သည်။

"ငါ့ရဲ့ ရှင်းယိလေး..."

ဝမ်မင်းသားက ခပ်တိုးတိုး ညည်းတွားလိုက်သည်။

"လာပြန်ပြီ.... ဒီတစ်ကွက်"

ကြင်ယာတော်ရှုက ထိုစကားကို ကြားလိုက်သော်လည်း စိတ်ထဲမှသာ တုံ့ပြန်လိုက်သည်။

'ဒီအကွက်ပဲ သုံးနေတော့ရော... ဘာဖြစ်လဲ၊ အလုပ်ဖြစ်ရင် ရပြီလေ'

ထို့နောက် သူမက လေးလေးနက်နက် ထပ်ပြောလိုက်သည်။

"ရွှီမိသားစုရဲ့ ဒုတိယသားက မင်းရဲ့ အစ်ကိုတော်အတွက် ပြဿနာတွေ အများကြီးကို ဖြေရှင်းပေးခဲ့တယ်၊ တော်ဝင်မျိုးနွယ် တစ်ယောက်အနေနဲ့ မင်းက ဒီလို သစ္စာရှိတဲ့ အမတ်မျိုးအပေါ် ကြင်နာမှု ထားသင့်တယ်၊ ဧကရာဇ်မင်းမြတ်က မယ်တော်တို့အပေါ် တကယ်ကို ရက်ရောခဲ့တာပါ၊ မင်းရဲ့ ညီအစ်ကိုတွေကိုပဲ ကြည့်လေ၊ ဘယ်သူမှ မင်းလောက် သက်တောင့်သက်သာ မနေခဲ့ရဘူး"

"သားးတော်ရဲ့ စေတနာကို မယ်တော် နားလည်ပါတယ်၊ သားတော်မှာ အစ်ကိုတော်ကို ကူညီပေးချင်တဲ့စိတ် ရှိတာကိုလည်း မယ်တော် ဝမ်းသာတယ်၊ ဧကရာဇ်မင်းမြတ်ကလည်း အဲ့ဒီအတိုင်း ခံစားရမှာ သေချာတယ်၊ ဒါပေမဲ့ သားတော်... ဒါက မယ်တော် မင်းကို အထင်သေးတာ မဟုတ်ဘူး၊ တစ်ခါတလေကျရင် လူဆိုတာ ကိုယ့်ရဲ့ အရည်အချင်းကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်တယ်၊ မင်း လုပ်နိုင်စွမ်းရှိတဲ့ အရာကိုပဲ လုပ်စမ်းပါ"

ဝမ်မင်းသားက ခေါင်းငိုက်စိုက်ကျသွားပြီး ဘာစကားမှ ပြန်မပြောတော့ပေ။

ကြင်ယာတော်ရှုက စကားအများကြီး ပြောလိုက်ရသဖြင့် လည်ချောင်းခြောက်လာကာ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသေးသည်။

သူမက အလျင်မလိုဘဲ လက်ဖက်ရည်သောက်ပြီးမှ ဆက်ပြောနေသည်။

"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ မယ်တော် မယ်တော်ကြီးဆီသွားပြီး မင်းကို အမှုအသေးလေးတစ်ခုလောက် ပေးအပ်ဖို့ မင်းရဲ့ အစ်ကိုတော်ကို ဖျောင်းဖျပေးဖို့ တောင်းဆိုပေးမယ်၊ သားတော် အောင်မြင်အောင် လုပ်နိုင်ရင် နောက်ထပ် အခွင့်အရေးတွေကို ဆက်ဆွေးနွေးကြတာပေါ့၊ အဲ့ဒါဆို တရားမျှတတယ် မဟုတ်လား"

ဝမ်မင်းသားက သေချာစဉ်းစားကြည့်ပြီးနောက် ဤအရာက တစ်ခုတည်းသော ရွေးချယ်ခွင့် ဖြစ်ကြောင်း နားလည်သွားသည်။ နောက်ဆုံးတွင် သူ မလိုလားသော်လည်း သဘောတူလိုက်ရသည်။

"သားတော် မယ်တော့်ရဲ့စကားကို နားထောင်ပါ့မယ်"

ကြင်ယာတော်ရှုက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ နားထင်ကို အသာအယာ ပွတ်လိုက်သည်။

"မယ်တော် အခု ပင်ပန်းနေပြီ၊ သားတော်လည်း မင်းသားအိမ်တော်ကို ပြန်တော့၊ ပြီးတော့ မှတ်ထားရမယ်တော်... မင်းရဲ့ အစ်ကိုတော် ရှေ့မှာ ရွှီမိသားစုရဲ့ ဒုတိယသားကို နောက်တစ်ခါ အချေအတင် သွားမပြောနဲ့တော့"

'မင်းက ခွေးပေါက်လေး တစ်ကောင်ပဲ ရှိသေးတာ... တောထဲက လာတဲ့ ဝံပုလွေတစ်ကောင်ကို မင်း ဘယ်လိုမှ မယှဥ်နိုင်ဘူး'

"သားတော် နောက်တစ်ခါ မလုပ်တော့ပါဘူး"

ဝမ်မင်းသားက အပြင်ပန်းတွင် လိုက်လျောနေသော်လည်း စိတ်ထဲတွင်တော့ ကြုံးဝါးနေလသည်။

'ရွှီယွဲ့ကျား... မင်း... စောင့်နေလိုက်ဦး'

.......။.......။.......

ဝမ်ယဲ့က ဝမ်ရန်နှင့် လိုက်ဖက်မည့် တောက်ပပြီး အရောင်ဖျော့ဖျော့ ပိတ်နှစ်အုပ် အပိုထည့်ရန် ထောင်ကျီကို ညွှန်ကြားလိုက်သည်။

ရှန်းသခင်မကလည်း ထိုကဲ့သို့သောအရာများကို သေချာပေါက် ပြင်ဆင်ပေးမည်ဖြစ်သော်လည်း လှပသောအဝတ်အစားဟူသည်က မည်မျှပင်များပြားပါစေ အပိုမဖြစ်နိုင်ပေ။ ယခုအချိန်တွင် သူမ တတ်နိုင်နေပြီဖြစ်သောကြောင့် ဝမ်ယဲ့က သူမ၏မိသားစုကို အကောင်းဆုံးအရာများသာ ပေးချင်နေသည်။

ပိတ်စများအပြင် ကိုယ်လုပ်တော်ချန်းအတွက် အားဆေးအချို့ကိုလည်း သူမ ထုပ်ပိုးခဲ့သေးသည်။

ဝမ်ရန် နန်းတွင်းသို့ ဝင်ရောက်သွားပြီးလျှင် ကိုယ်လုပ်တော်ချန်းအတွက် အတူနေပေးမည့်သူ မရှိတော့ဘဲ အဖော်မဲ့ ကျန်ရစ်ခဲ့တော့မည်ဖြစ်သည်။ ဝမ်ယဲ့က သူမ၏မိခင် အထီးကျန်ရာမှတစ်ဆင့် ဖျားနာမည်ကို စိုးရိမ်နေသဖြင့် ကျန်းမာရေးအတွက် ထိုအားဆေးများကို ကြိုတင်ပြင်ဆင်ပေးခြင်း ဖြစ်သည်။

ဝမ်အိမ်တော်သို့ ပြန်ရောက်သွားချိန်တွင် ဝမ်ယဲ့က ရှန်းသခင်မကို ဂါရဝပြုရန် ပင်မခြံဝင်းသို့ အရင်ဆုံး သွားရောက်ခဲ့သည်။ သူမ၏ဖခင်လည်း ထိုနေရာတွင် ရှိနေသလို ဝမ်ရန်ကလည်း အစွန်ဆုံးနေရာတွင် ထိုင်နေခဲ့သည်။

နှစ်ယောက်လုံးကို ဂါရဝပြုပြီးနောက် ဝမ်ယဲ့က ဝမ်ရန်၏အနားတွင် ဝင်ထိုင်လိုက်သည်။ သူမ၏ဖခင်က စကားအနည်းငယ် ပြောဆိုပြီးနောက် ရှန်းသခင်မက ပြောလာခဲ့သည်။

"နင်လည်း ပြန်လာရတာ မလွယ်ဘူး၊ သွားလေ... နင့်ရဲ့ယိနျန်းကို သွားတွေ့လိုက်ဦး"

ဝမ်ယဲ့က မတ်တတ်ထရပ်ကာ ဦးညွှတ်ရင်း ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အမေ"

......။.....။......

ရှီးစွေ့ခြံဝင်းအတွင်း......

ဝမ်ယဲ့က ဝမ်ရန်၏လက်ကို ဆွဲကာ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့ပြီး ကိုယ်လုပ်တော်ချန်းက သူမ၏ သမီးများကို ကြိုဆိုရန် ပင်မအခန်းအတွင်းမှ ထွက်လာခဲ့သည်။ လူယုံမဟုတ်သော အစေခံများကို အနားမှ ဖယ်ခိုင်းလိုက်ပြီးနောက် သုံးယောက်သား အထဲသို့ ဝင်လာခဲ့ကြသည်။

ကိုယ်လုပ်တော်ချန်းက သမီးငယ်လေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း သူမ၏စိုးရိမ်ပူပန်မှုများကို ဖွင့်ဟလာသည်။

"နန်းတွင်းဝင်ဖို့ အရွေးခံရတာက နင့်ရဲ့ ညီမလေးအတွက် ကောင်းချီးလား ဒါမှမဟုတ် ကျိန်စာလားဆိုတာ ငါလည်း မသိတော့ဘူး၊ တွေးကြည့်ရင် ရင်ပူတာပဲ သိတယ်"

ဝမ်ယဲ့က သူမ စိတ်အေးသွားစေရန် နှစ်သိမ့်ပေးလိုက်သည်။

"ယိနျန်း... ညီမလေး နန်းတွင်းကို ဝင်ရမှာက မင်းသမီးရဲ့ စာသင်ဖော်အဖြစ် သွားရမှာပါ၊ တစ်သက်လုံး နေရမှာ မဟုတ်ဘူးလေ၊ အများဆုံးရှိလှ သုံးနှစ်ကနေ ငါးနှစ်ပေါ့၊ ပြီးတော့ နန်းတွင်းကို ရောက်သွားပြီးရင်လည်း တစ်လကို နှစ်ရက်လောက် အိမ်တော်ကို ပြန်လာခွင့် ရှိမှာပါ၊ အဲ့ဒီလောက်ကြီး စိတ်ပူနေဖို့ မလိုပါဘူး၊ ယိနျန်း စိတ်အေးအေးထားလို့ ရပါတယ်"

ကိုယ်လုပ်တော်ချန်းကတော့ နန်းတွင်းရေးရာများအကြောင်း နားမလည်သဖြင့် စိတ်မအေးနိုင်သေးပေ။ ဝမ်ယဲ့က သူမ၏စိုးရိမ်မှုကို နားလည်ပေးနိုင်ပြီး ဆက်ရှင်းပြလိုက်သည်။

"သမီး အမတ်မင်းနဲ့ လုသခင်မဆီကနေ နန်းတွင်းရဲ့ အခြေအနေတွေကို စုံစမ်းထားပြီးပါပြီ၊ ညီမလေးက သူ့ရဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး အနေအထိုင် ဆင်ခြင်မယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး"

ထိုစကားကို ကြားရမှသာ ကိုယ်လုပ်တော်ချန်း၏ စိုးရိမ်ပူပန်မှုများ တစ်ဝက်ခန့် လျော့ပါးသွားသည်။ သူမ၏ သမီးကြီးက အိမ်ထောင်ရေးကိစ္စများတွင် အားကိုးမရသလို ဖြစ်ခဲ့သော်လည်း အခြားကိစ္စရပ်များတွင်တော့ အမြဲ အမျှော်အမြင် ရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စ သူမ၏ ညီမအရင်းအတွက် ဖြစ်နေသေးသည်။

ကိုယ်လုပ်တော်ချန်းနှင့် နှိုင်းယှဥ်လျှင် ဝမ်ရန်က နန်းတွင်းဝင်ရမည့်အရေးကို ဂရုမစိုက်သယောင် ရှိနေလေသည်။ သူမက သူမ၏ရင်ဘတ်လေးကို ဖိရင်း ပြောနေရှာသည်။

"တော်ပါသေးရဲ့.... ညီမက အရှင်မင်းမြတ် အရင်တုန်းက ချီးမြှင့်ထားတဲ့ ဆုလာဘ်တွေကို ပြန်သိမ်းသွားမှာကို ကြောက်နေမိတာ"

ကံကောင်းထောက်မစွာဖြင့် အိမ်တော်သို့ လာရောက်ခဲ့သော နန်းတွင်းမိန်းမစိုးက အမိန့်တော်ကိုသာ ဖတ်ကြားခဲ့ပြီး ယခင်ပေးထားသော ဆုလာဘ်များအကြောင်း တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

ကိုယ်လုပ်တော်ချန်းတစ်ယောက် ခေတ္တမျှ ဆွံအသွားရသည်။

"..."

ဝမ်ယဲ့က တခိခိ ရယ်မောပြီးမှ ပြန်ပြောလိုက်သည်။

"အရှင်မင်းမြတ်က ညီမလေး ထင်သလောက် စိတ်သဘောထား မသေးပါဘူး"

ဝမ်ရန်က သက်ပြင်းအရှည်ကြီး ချလိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ထပ်ပြောနေသည်။

"ညီမက အစိုးရိမ်လွန်သွားတာပါ"

‘ဒါပေမယ့် သူမက အဲဒီဆုလာဘ်တွေကို အသုံးပြုပြီးသွားပြီလေ၊ လက်ဆောင်တွေလည်း ပေးလိုက်သေးတယ်၊ ဧကရာဇ်က ပြန်ယူသွားချင်ရင်တောင် အများကြီးမကျန်တော့ဘူး’

ဝမ်ယဲ့က အချိန်အကြာကြီး မနေနိုင်ခဲ့ပေ။ ကိုယ်လုပ်တော်ချန်းနှင့် ညီမငယ်ကို နှစ်သိမ့်ပေးပြီးနောက် သူမ ပြန်ရမည့်အချိန်သို့ ရောက်လာခဲ့သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ရန်က သူမ၏ အခန်းငယ်လေးထဲသို့ အပြေးအလွှား ဝင်သွားပြန်သည်။

သူမ ပြန်ထွက်လာချိန်တွင် သူမ၏ ရင်ခွင်ထဲ၌ စာအုပ်အချို့ ပွေ့ပိုက်ထားပြီး သူမကို အလုပ်အကျွေးပြုနေကျ အစေခံမလေး၏ လက်ထဲတွင်လည်း စာအုပ်များစွာ ပါလာခဲ့သည်။ ဝမ်ရန်က ထိုစာအုပ်များကို ဝမ်ယဲ့အား ကမ်းပေးရင်း ပြောလိုက်သည်။

"အမေက ပြောတယ်... ညီမ နန်းတွင်းကို ရောက်သွားရင် လိုအပ်တဲ့ စာအုပ်တွေ အကုန်လုံးကို အဲ့ဒီက ပေးလိမ့်မယ်တဲ့၊ အဲ့ဒါကြောင့် ဒီစာအုပ်တွေကို တူလေးရွှမ်အာအတွက် ယူသွားပေးပါလား၊ ညီမ အဲ့ဒီထဲမှာ မှတ်စုတွေ ရေးပေးထားတယ်၊ အရမ်းကြီးတော့ လေးနက်ချင်မှ လေးနက်လိမ့်မယ်၊ ဒါပေမယ့် ဆရာကို မေးကြည့်ထားတာမို့ ရွှမ်အာရဲ့ အခြေခံစာသင်ကြားမှုအတွက်တော့ လုံလောက်မှာပါ"

ဝမ်ယဲ့က စာအုပ်များကို လက်ခံယူလိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဒီလောက်ထိ စဉ်းစားပေးပြီး ပြင်ဆင်ပေးတဲ့အတွက် စတုတ္ထအစ်မက ရွှမ်အာကိုယ်စား ကျေးဇူးတင်ပါတယ်နော်"

ဝမ်ရန်က ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်နှာလေး နီနီလေးဖြင့် ပြန်ပြောနေသည်။

"ဒါတွေက ညီမလေး သုံးဖူးတဲ့ စာအုပ်အဟောင်းတွေပါ၊ ရွှမ်အာ အထူးတလည် ပြင်ဆင်ပေးခဲ့တဲ့ ယုန်မွှေး စုတ်တံတွေနဲ့တော့ ဘယ်နှိုင်းယှဥ်လို့ ရပါ့မလဲ"

.......။......။.........

နယ်စားမင်းအိမ်တော်သို့ မပြန်မီ ဝမ်ယဲ့က သူမ ကြိုတင်မှာယူထားသော ဇီးသီးလက်ဖက်ရည်နှင့် ဇီးသီးမုန့်များကို ယူရန်အတွက် ကျူးရှန်းလို့သို့ ခေတ္တဝင်ခဲ့သေးသည်။ အိမ်တော်သို့ ပြန်ရောက်ရောက်ချင်းမှာပင် သူမက ပင်မခြံဝင်းသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

လုသခင်မက ဝမ်ယဲ့ ယနေ့ ဝမ်အိမ်တော်သို့ သွားသည်ကို သိထားပြီး သူမကို ညနေစောင်းလောက်မှ ပြန်ရောက်လာမည်ဟု တွက်ဆထားခဲ့သည်။ သို့သော် ဝမ်ယဲ့က သူမ နေ့လယ်ခင်း တစ်ရေးတမော အိပ်စက်ပြီးချိန်မှာပင် ပင်မခြံဝင်းသို့ ရောက်ရှိလာသောကြောင့် သူမ အံ့အားသင့်သွားရသည်။

လုသခင်မက ကျောင်းတော်မှ ငါးရက်တစ်ကြိမ် ရောက်ရှိလာတတ်သော သူမ၏ အကြီးဆုံးသားထံမှ စာကို ပြန်ချလိုက်ရင်း လှမ်းမေးလိုက်သည်။

"ပြန်လာတာ စောသားပဲ၊ နင့်အမေနဲ့ အချိန်ပို မကုန်ဆုံးခဲ့ဘူးလား"

ဝမ်ယဲ့က ထောင်ကျီကို အစားအစာဘူးအား ရှေ့သို့ ယူဆောင်လာခိုင်းလိုက်ပြီး လေသံအေးအေးလေးဖြင့် ရှင်းပြနေသည်။

"မမက ကျူးရှန်းလို့က ဇီးသီးလက်ဖက်ရည်နဲ့ ဇီးသီးမုန့်တွေကို ကြိုက်တတ်မှန်း ကျွန်မ သတိထားမိလို့ပါ၊ ဒါကြောင့် ဒီနေ့ အပြင်ထွက်တုန်း မမအတွက် ဝယ်လာခဲ့တယ်"

သူမ စုစုပေါင်း အစားအစာနှစ်ဘူး ဝယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ဘူးက လုသခင်မအတွက် ဖြစ်ပြီး ကျန်တစ်ဘူးက သူမ ကိုယ်တိုင်အတွက် ဖြစ်သည်။ သို့သော် ပင်မခြံဝင်းအတွင်းသို့ ဝင်လာချိန်တွင်တော့ ဝမ်ယဲ့က တစ်ဘူးတည်းသာ ယူဆောင်လာခဲ့သည်။

နယ်စားမင်းအိမ်တော်မှ ဝမ်အိမ်တော်သို့သွားသော လမ်းကြောင်းတွင် ကျူးရှန်းလို့ကို ဖြတ်သွားစရာ မလိုကြောင်း လုသခင်မ ကောင်းကောင်း သိထားသည်။ ထို့ကြောင့် ဝမ်ယဲ့က သူမအတွက် သီးသန့် လမ်းကြုံဝင်ကာ ဝယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိသာနေသည်။

"နင်က အရမ်း စဥ်းစားပေးတတ်တာပဲ"

လုသခင်မက စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။

"နောက်တစ်ခါကျရင် ဒီလောက်ထိ ဒုက္ခမခံပါနဲ့တော့"

သူမလည်း ကျူးရှန်းလို့၏ စည်းကမ်းများကို ကောင်းစွာ သိထားပြီး ကြိုတင်မှာထားလျှင်ပင် သတ်မှတ်ထားသော အချိန်အတွင်း လာမယူပါက ရတော့မည် မဟုတ်ကြောင်း နားလည်နေသည်။

ဝမ်ယဲ့ ဤမျှ စောစောပြန်လာခြင်းကလည်း ဤအကြောင်းကြောင့် ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းနိုင်သည်။ မိဘအိမ်သို့ ပြန်သွားရင်းနှင့်ပင် သူမအတွက် မုန့်များ ဝယ်ယူနိုင်ရန် စဉ်းစားပေးခဲ့သည်ကို တွေးမိကာ လုသခင်မ ဘာပြောရမှန်း မသိဖြစ်နေရှာသည်။

သူမ စကားလုံးရှာမရ ဖြစ်နေချိန်မှာပင် နယ်စားမင်းရွှီ ပြန်ရောက်လာခဲ့သည်။

ဝမ်ယဲ့က သူ့ကို ဂါရဝပြုနှုတ်ဆက်လိုက်သည်။

"အစ်ကိုကြီး"

နယ်စားမင်းက ခေါင်းကို အသာငြိမ့်ပြလိုက်ပြီးနောက် လုသခင်မဆီသို့ တိုက်ရိုက် လျှောက်သွားကာ ရှင်းပြနေသည်။

"စစ်သူကြီးလျိုက တာဝန်တွေ အစီရင်ခံဖို့ မြို့တော်ကို ပြန်ရောက်လာလို့လေ၊ ကိုယ်တို့ မတွေ့ရတာ နှစ်အတော်ကြာပြီဆိုတော့ ဒီနေ့ နေ့လယ် သူက ကိုယ်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေကို ကျူးရှန်းလို့မှာ သောက်ဖို့ ဖိတ်ထားတာနဲ့..."

ဤစကားက သူ အဘယ်ကြောင့် နောက်ကျမှ ပြန်ရောက်လာသည်ကို ရှင်းပြနေခြင်း ဖြစ်သည်။ ထို့နောက် စားပွဲပေါ်ရှိ ကျူးရှန်းလို့ တံဆိပ်ပါသော အစားအစာဘူးကို သူ သတိထားမိသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်မိသည်။

"ရှင်မလည်း ဒီနေ့ ကျူးရှန်းလို့ကို သွားခဲ့တာလား"

လုသခင်မက ပြန်ဖြေလိုက်သည်။

"မသွားပါဘူး၊ ညီမလေး ဝယ်လာပေးတာပါ"

စကားဝိုင်းက သူမဆီသို့ ဦးတည်လာချိန်တွင် ဝမ်ယဲ့က ချက်ချင်း ဝင်ရှင်းပြလိုက်သည်။

“အစ်ကိုကြီး... ညီမ ဒီနေ့ ဝမ်အိမ်တော်ကို သွားခဲ့တာပါ၊ အပြန်မှာ မမက ကျူးရှန်းလို့က မုန့်နဲ့ လက်ဖက်ရည်ကို ကြိုက်တယ်ဆိုတာ သတိရလို့ လမ်းကြုံဝင်ဝယ်ခဲ့တာပါ"

ဝမ်ယဲ့က စကားကို ထိုမျှနှင့် အဆုံးမသတ်ပဲ ဆက်ပြောနေသေးသည်။

"ဒါပေမယ့် ညီမက မမ ကြိုက်တဲ့ မုန့်တွေကိုပဲ ဝယ်ဖို့ စဉ်းစားနေမိလို့ အစ်ကိုကြီးလည်း အဲ့ဒီမှာ ရှိနေမယ်ဆိုတာကို မသိခဲ့ဘူး ဖြစ်သွားတယ်"

ရွှီနယ်စားမင်း : "..."

'ဘာလို့ ဒီစကားက တစ်မျိုးကြီးဖြစ်နေသလို့ ခံစားနေရတာလဲ...'

အစပိုင်းတွင် လုသခင်မက ဘာမှ သိပ်မတွေးမိသော်လည်း ဝမ်ယဲ့၏ စကားကို ကြားပြီးနောက်တွင် သူမ၏ အကြည့်များက လက်ဗလာဖြင့် ပြန်လာသော နယ်စားမင်းဆီသို့ ရောက်သွားပြီး အဓိပ္ပာယ်ဖော်မရသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

၎င်းက ရွှီနယ်စားမင်းကို ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားရစေသည်။

'ငါ့ရဲ့ ခယ်မလေး... တစ်ခုခု ကြံစည်နေပြီဆိုတာ သေချာတယ်...'

ဝမ်ယဲ့က နိဂုံးချုပ်အနေဖြင့် ထပ်ပြောလိုက်သေးသည်။

"မမ... မုန့်တွေလည်း ပေးပြီးပြီ၊ အစ်ကိုကြီးလည်း ပြန်ရောက်ပြီဆိုတော့ ကျွန်မ မမကို မနှောင့်ယှက်တော့ဘူးနော်၊ ကျွန်မ ပြန်လိုက်ပါဦးမယ်"

လုသခင်မက သူမကို ကြင်နာစွာ ပြုံးပြရင်း သွားခွင့်ပြုလိုက်သည်။

ဝမ်ယဲ့က နူးညံ့သိမ်မွေ့မှုအပြည့်ဖြင့် ဂါရဝပြုနှုတ်ဆက်လိုက်ပြီး သူမ၏ လာရောက်လည်ပတ်မှုကို ပြီးပြည့်စုံစွာ အဆုံးသတ်လိုက်သည်။

......။......။......

အနောက်ဘက်ခြံဝန်းအတွင်း.....

ရွှီယွိရွှမ်က နေ့လယ်ခင်း တစ်ရေးတမော အိပ်စက်ရာမှ နိုးလာပြီး ခြံထဲတွင် ဆော့ကစားနေသည်။ ဝမ်ယဲ့၏ အရိပ်အယောင်ကို မြင်သည်နှင့် သူက သူ့လက်ထဲမှ ကြိမ်ခြင်းလုံးလေးကို အမြန်ချကာ ပြေးလာလေခဲ့သည်။ သူ၏ မျက်လုံးလေးများကတော့ ယွင်ကျီ့လက်ထဲမှ အစားအစာဘူးဆီသို့ စူးစိုက်ကျရောက်နေသည်။

သူက ခါးလေးကို ကိုင်းညွတ်ကာ နှုတ်ဆက်လိုက်သည်။

"မေမေ... အရသာရှိတဲ့ မုန့်"

ရက်အနည်းငယ် ကျောက်တက်လိုက်ရသည်က အမှန်တကယ် အသုံးဝင်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူက အစားအစာဘူးကို မြင်သည်နှင့် မုန့်များပါလာမှန်း သူ သိနေလေပြီ။

ဝမ်ယဲ့က သူ မတ်မတ်ရပ်စေရန် လည်ပင်းနောက်စကို အသာဆွဲမလိုက်ပြီး မေးမြန်းလိုက်သည်။

"မင်းဖေဖေ ဘယ်မှာလဲ"

ရွှီယွိရွှမ်၏ အကြည့်များက အစားအစာဘူးဆီမှ မခွာသေးပေ။ ဝမ်ယဲ့၏ မေးခွန်းကို ကြားမှသာ ခဏတဖြုတ် နောက်လှည့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ဖေဖေ စာဖတ်နေတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ယဲ့က ယွင်ကျီလက်ထဲမှ အစားအစာဘူးကို ယူကာ အထဲသို့ လျှောက်ဝင်သွားပြီး ရွှီယွိရွှမ်ကလည်း အမြီးလေးသဖွယ် သူမနောက်မှ တကောက်ကောက် လိုက်လာလေသည်။

အနောက်ဘက်ရှိ စာကြည့်ခန်းအတွင်းတွင် ရွှီယွဲ့ကျားက အပြင်ဘက်မှ ခြေသံများကို ကြားသွားပြီး သူ့ရှေ့မှ စာအုပ်ကို ပိတ်လိုက်သည်။ သူ စားပွဲကို ပတ်ပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် အစားအစာဘူးကို ကိုင်ထားသော ဝမ်ယဲ့ကို တွေ့လိုက်ရသည်။

သူက ချက်ချင်း နှုတ်ဆက်လိုက်သည်။

"ပြန်လာပြီလား"

“အင်း”

ဝမ်ယဲ့က ခပ်တိုးတိုး ပြန်ဖြေပြီးနောက် အစားအစာဘူးကို ကမ်းပေးလိုက်သည်။

"ဒါတွေက ကျွန်မ ယောက်ျားအတွက် သီးသန့် ဝယ်လာပေးတဲ့ မုန့်တွေပါ"

ရွှီယွဲ့ကျား၏ အကြည့်များ ခေတ္တမျှ ရပ်တန့်သွားပြီး သူ သိသိသာသာ အံ့အားသင့်သွားပုံရသည်။

ဝမ်ယဲ့က သူ့အမူအရာကို ဂရုမစိုက်ဘဲ အနီးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူမက ပါးတစ်ဖက်ကို လက်ဖြင့် ထောက်ထားပြီး သူမကိုယ်သူမ ဖြောင့်မတ်သည့် အမူအရာမျိုး ဖမ်းနေလေသည်။ သူမ၏ ပုံစံက 'ကျွန်မမှာ ဝယ်လာပေးဖို့ပဲ တာဝန်ရှိတယ်၊ ကျန်တာတော့ ကျွန်မနဲ့မဆိုင်ဘူး' ဟု ပြောနေသကဲ့သို့ပင်။

ရွှီယွဲ့ကျားကလည်း စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

‘ဒါကမှ သူမရဲ့ ပုံစံ အစစ်ပဲ’

ထိုအချိန်တွင် ရွှီယွိရွှမ်က ဝမ်ယဲ့၏ အကူအညီဖြင့် ထိုင်ခုံပေါ်သို့ တက်ထိုင်လိုက်သည်။ သူက ဝမ်ယဲ့၏ အမူအရာကို အတုခိုးနေပြီး သူ့လက်ဖဝါးလေးဖြင့် ပါးကို ထောက်ကာ ရွှီယွဲ့ကျားကို တိုက်တွန်းနေသည်။

"ဖေဖေ.... မြန်မြန်ဖွင့်ပါ"

ရွှီယွဲ့ကျားကတော့ ဆွံ့အနေရှာသည်။

ခဏအကြာတွင် ထိုသားအမိနှစ်ယောက်၏ စူးစိုက်ကြည့်နေမှုကို ခံနေရသည့် ရွှီယွဲ့ကျားတစ်ယောက် အစားအစာဘူး၏ အဖုံးကို ဖွင့်လိုက်ပြီး မုန့်အမျိုးမျိုးနှင့် ဇီးသီးလက်ဖက်ရည်အိုးကို သေသေချာချာ တည်းခင်းပေးလိုက်ရသည်။

ထို့နောက် သူက သားအမိနှစ်ယောက်လုံးအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ ဝမ်ယဲ့က လက်ဖက်ရည်တစ်ငုံ သောက်ကာ အရသာခံပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလာခဲ့သည်။

"ယောက်ျားလည်း စားကြည့်ဦးလေ"

ရွှီယွိရွှမ်က လက်တစ်ဖက်တွင် လက်ဖက်ရည်ခွက်လေးကို ကိုင်ကာ ကျန်တစ်ဖက်က မုန့်ကို ကိုင်လျက် အငမ်းမရ မြည်းစမ်းနေသည်။ သို့တိုင်အောင် သူ ဝင်ပြောလိုက်သေးသည်။

"ဖေဖေ... စားပါ"

သူက သူနှင့် အနီးဆုံးရှိ မုန့်ပန်းကန်ကို ရွှီယွဲ့ကျားဆီသို့ ရက်ရက်ရောရော တွန်းပေးလိုက်သည်။

ထိုအပြုအမူကို မြင်လိုက်ရသည့် ဝမ်ယဲ့၏ မျက်လုံးလေးများ အနည်းငယ် မှေးကျဥ်းသွားသည်။

‘ကလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့ပါးပါး နေနိုင်ရတာလဲ’

"ဟုတ်သားပဲ.... ရွှမ်အာ..."

ဝမ်ယဲ့က သူမ လက်ထဲမှ ဇီးသီးမုန့်ကို ချလိုက်ရင်း ကလေး‌လေးကို လှမ်းပြောလိုက်သည်။ "မင်းရဲ့ ဒေါ်ဒေါ်ငယ်က မင်းအတွက် လက်ဆောင်တစ်ခု ပေးလိုက်တယ်"

မကြာသေးမီကပင် 'လက်ဆောင်' ဆိုသည့် စကားလုံးကို မကြားချင်လောက်အောင် ဖြစ်နေသော ရွှီယွိရွှမ်တစ်ယောက် မုန့်များအပေါ် စိတ်ဝင်စားမှု ချက်ချင်းပျောက်ဆုံးသွားပြီး ခေါင်းခါပြလိုက်သည်။

"ရွှမ်အာ မလိုချင်ဘူး"

"လူကြီးပေးတဲ့ လက်ဆောင်ကို ငြင်းလို့မရဘူးလေ"

ဝမ်ယဲ့၏ စကားက ရွှီယွိရွှမ်ကို နှုတ်ခမ်းလေး စူသွားစေသည်။

All Chapters