အခန်း ၆၃
Vol. 7 Ch. 63
အခန်း ၆၃ တလပြည့်ဧည့်ခံပွဲ
မိသားစုသုံးယောက် နေ့ခင်းဘက် လက်ဖက်ရည်သောက်ပြီးနောက် ဝမ်ယဲ့က ထောင်ကျီနှင့် ယွင်ကျီတို့ကို သူမ ယူလာသည့် စာအုပ်ပုံနှစ်ပုံကို သယ်လာခိုင်းလိုက်သည်။ ထို့နောက် ရွှီယွိရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။
"ကဲ... သွားပြီး ထိကြည့်လိုက်ဦး၊ ဒါတွေအားလုံးက ရွှမ်အာအတွက်ပဲ"
ရွှီယွိရွှမ်၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး ဝမ်ယဲ့ပြောသည့်အတိုင်း အလိုလိုခြေလှမ်းပြင်ကာ စာအုပ်ပုံကို သွားထိကြည့်နေသည်။
သူက အသံတုန်တုန်လေးများဖြင့် လှည့်ပြောနေပြန်သည်။
"မေမေ... ဒါတွေက အရမ်းလေးတယ်"
"ရွှမ်အာက ထိကြည့်ရုံနဲ့ အဲ့ဒါကို သိနိုင်တာလား"
သူမ၏ မျက်နှာအမူအရာက ဖော်ပြရခက်နေသော်လည်း ရွှီယွိရွှမ်က သူ၏လေးလံနေသော ခေါင်းလေးကို ခပ်တည်တည် ညိတ်ပြနေသည်။
"အင်း... ဟုတ်တယ်"
၎င်းက ပြတ်သားလှသော လေသံလေးပင်။
ဝမ်ယဲ့ကလည်း ချက်ချင်းဆိုသလို ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လည်း ရွှမ်အာ အဲ့ဒါတွေကို တစ်ခုချင်းစီ သင်ယူရလိမ့်မယ်၊ ဖြည်းဖြည်းချင်း သင်သွားရင် အဲ့ဒါတွေက လေးတယ်လို့ ခံစားရတော့မှာ မဟုတ်ဘူး"
ရွှီယွိရွှမ်က စာအုပ်ပုံနှစ်ပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီယွဲ့ကျားဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။
ရှေ့ကလူက အပြောင်းအလဲမရှိသော်လည်း နောက်ကလူကတော့ ကလေးလေး၏အကြည့်ကို အေးအေးဆေးဆေး လွှဲဖယ်လိုက်ပြီး မျက်လုံးချင်း မဆုံအောင် နေနေလေသည်။ ရွှီယွိရွှမ်၏ မျက်ခုံးလေးနှစ်ခုကတော့ တစ်ခုနှင့်တစ်ခု အပြိုင်တွန့်ချိုးကာ ထိကပ်လုနီးပါး ဖြစ်နေရှာသည်။
.......။......။........
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ရာသီဥတုက တဖြည်းဖြည်း ပိုပူပြင်းလာခဲ့သည်။
တစ်နေ့တွင် ဝမ်ယဲ့ နေ့ခင်းဘက်အိပ်ရာမှ တစ်ရေးနိုးလာခဲ့သည်။ ထောင်ကျီက အပြုံးတစ်ခုနှင့် အခန်းထဲသို့ ဝင်လာပြီး ပြောလိုက်သည်။
"သခင်မ၊ ဝမ်အိမ်တော်က စာရောက်လာပါတယ်၊ သခင်မလျို ကလေးမွေးပြီတဲ့"
အိပ်ငိုက်နေဆဲဖြစ်သော ဝမ်ယဲ့တစ်ယောက် ချက်ချင်း နိုးကြားသွားပြီး ပြန်မေးလိုက်သည်။
"ဒီလောက်တောင် စောစောစီးစီး မွေးလိုက်တာလား၊ ယောကျ်ားလေးလား မိန်းကလေးလား"
ထောင်ကျီက ပျော်ရွှင်မှုအပြည့်ဖြင့် ပြန်ဖြေနေသည်။
"စာပို့တဲ့သူ ပြောတာတော့ မိန်းကလေးတဲ့ရှင့်"
"ဒါဆိုရင်တော့ ငါ့မှာ တူမလေးတစ်ယောက် ရှိသွားပြီပေါ့"
ဝမ်ယဲ့က ဆက်ပြောလိုက်သည်။
"ယွင်ကျီကို သွားပြောလိုက်ဦး၊ ကလေးရဲ့ သုံးရက်မြောက်နေ့ ခေါင်းဆေးမင်္ဂလာအတွက် ငွေသော့ခလောက်လေး တစ်ခု ပို့ပေးရမယ်"
ထောင်ကျီက ပြန်ပြာလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မ"
ကလေးမွေးဖွားလာခြင်းနှင့်အတူ ရက်တစ်ရာပြည့်ဧည့်ခံပွဲကလည်း နီးကပ်လာပြီ ဖြစ်သည်။ ဝမ်ယဲ့အနေဖြင့် မကြာမီ သူမ၏ မိခင်နှင့် ညီမငယ်လေးကို ပြန်တွေ့ရတော့မည် ဖြစ်သောကြောင့် တစ်နေ့တာလုံး စိတ်ကြည်လင်လန်းဆန်းနေသည်။
ဝမ်အိမ်တော်မှ လူများက နယ်စားမင်းအိမ်တော်သို့ သတင်းလာပေးသည့်အတွက် ပင်မခြံဝင်းထဲတွင် ရှိနေသော လုသခင်မကလည်း ထိုသတင်းကို ချက်ချင်း သိရှိသွားခဲ့သည်။ ထိုအချိန်တွင် သူမက သူမ၏ အကြီးဆုံးသားဆီမှ ရောက်လာသော စာများကို ဖတ်နေခြင်းဖြစ်သည်။ ထိုစာများက ရက်အနည်းငယ်ခြားတစ်ခါ ပုံမှန်ရောက်ရှိနေခြင်းပင်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း အခြေအနေက အနည်းငယ် တိုးတက်လာခဲ့သည်။ ယခင်က သုံးရက် သို့မဟုတ် ငါးရက်တစ်ခါ စာရောက်လေ့ရှိသော်လည်း ယခုအခါ ခုနစ်ရက် သို့မဟုတ် ရှစ်ရက်မှသာ စာတစ်စောင် ရောက်ရှိလာတော့သည်။
အစပိုင်းတွင် သူမဘက်မှလည်း စာမျက်နှာတစ်မျက်နှာ သို့မဟုတ် နှစ်မျက်နှာခန့်အထိ ပြန်စာရေးနိုင်သေးသည်။ ယခုအချိန်တွင်တော့ လုသခင်မက ထိုစာများကို စာရင်းစာအုပ်များကဲ့သို့ သဘောထားကာ ဖတ်ပြီးသည်နှင့် အနီရောင်ဝိုင်းလေးတစ်ခု ဝိုင်းလိုက်ပြီး အားပေးစကား အနည်းငယ်သာ ရေးသားတော့သည်။
အထိန်းတော်ရှန်း အစီရင်ခံနေသော သတင်းကို ကြားပြီးနောက် လုသခင်မက စာလုံးများ ပြည့်နှက်နေသော စာရွက်ကို ချလိုက်ပြီး သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မိန်းကလေးလား... မိန်းကလေးဆိုတော့ ကောင်းတာပေါ့"
လုသခင်မက စာကို သေသေသပ်သပ် ပြန်သိမ်းလိုက်ပြီး ခဏတာ စဥ်းစားပြီးမှ ထပ်ပြောလိုက်သည်။
"ရှန်းမား... ရွှေဝက်ပုံ သော့သီးလေးတစ်ခု သွားလုပ်ခိုင်းလိုက်ပါ၊ ကလေး ရက်တစ်ရာပြည့်တဲ့အခါကျရင် ယဲ့အာကို တစ်ခါတည်း ယူသွားခိုင်းလိုက်မယ်"
အထိန်းတော်ရှန်းက ခေါင်းငုံ့ကာ နာခံမှုရှိရှိ တုံ့ပြန်လိုက်သည်။
.......။........။.......
ကလေး၏ တတိယမြောက် ခေါင်းဆေးမင်္ဂလာ ပြီးဆုံးသွားပြီးနောက် ဝမ်ယဲ့တစ်ယောက် လုပ်စရာ အလုပ်မရှိသဖြင့် အနောက်ဘက်ခြံဝင်းထဲ၌ လမ်းလျှောက်နေခဲ့သည်။ ရွှီယွိရွှမ်က အိပ်ရာမှ နိုးကာစ ဖြစ်ပြီး သူ၏ ဆံပင်ထုံးလေးကလည်း ဖရိုဖရဲ ဖြစ်နေသည်။ သူ၏ နဖူးပေါ်တွင် ဝဲကျနေသော ဆံနွယ်အချို့ကို ထိကြည့်လိုက်လျှင်ပင် စိုစွတ်နေသလို ခံစားရစေသည်။
၎င်းက ချွေးကြောင့်လား၊ သို့မဟုတ် သူ တစ်ခုခု အရသာရှိသည့်အစားအစာကို အိပ်မက်မက်ခဲ့ခြင်းကြောင့်လား ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သေချာပေါက် တံတွေး ဖြစ်ဖို့ များနေပေသည်။
ဝမ်ယဲ့က ထိုဘေးဘက်အဆောင်သို့ ရောက်လာလေ့မရှိဖြစ်သဖြင့် သူမကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်လေး အံ့ဩသွားပြီး မျက်လုံးလေးများပါ ဝင်းပသွားရှာသည်။ သူက ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။
"မေမေ"
အထိန်းတော်ကျိက သူ့ကို အပြင်ဝတ်ရုံ ဝတ်ပေးနေခြင်း ဖြစ်သည်။ နက်ပြာရောင် ဝတ်စုံလေးက ရွှီယွိရွှမ်၏ အသားအရည်ကို ပိုဝင်းပနေစေပြီး သူ့၏ အနီရောင်နှုတ်ခမ်းများနှင့် အဖြူရောင်သွားများကို ပိုထင်ရှားပေါ်လွင်စေသည်။
ရွှီယွိရွှမ်က သူ့ခြေတိုတိုလေးများဖြင့် ခုတင်ပေါ်မှ ဆင်းရန် ကြိုးစားလိုက်သော်လည်း ဝမ်ယဲ့က ခပ်ပြတ်ပြတ် လေသံဖြင့် လှမ်းတားလိုက်သည်။
"ငြိမ်ငြိမ်နေစမ်း... ကျိမားက မင်းကို အဝတ်အစား ဝတ်ပေးနေတယ်လေ"
ထိုစကားကို ကြားသည်နှင့် ရွှီယွိရွှမ်က ခုတင်ပေါ်တွင် လိမ္မာယဉ်ကျေးစွာ ငြိမ်ငြိမ်လေး ရပ်နေလေသည်။ သူက အမှန်တကယ်ကို စည်းကမ်းရှိသည့် ကလေးငယ်လေးအလား ပြုမူနေသည်။
ဤကလေးက အငြိုးအတေး ထားတတ်သူမဟုတ်ကြောင်း ဝမ်ယဲ့ သတိထားမိခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ သူမက သူ့အပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံလေလေ၊ သူက ပိုပြီး စကားနားထောင်လေလေ ဖြစ်နေခဲ့သည်။
ထို့ပြင် သူက တဖက်လူကို သိမ်းသွင်းရာတွင် ပါရမီပါပုံရပြီး ဘယ်လိုပုံစံလုပ်ပြလျှင် အခြားလူက အချစ်ပိုမည်ကို ကောင်းကောင်းသိနေပုံရသည်။ သူက ငြိမ်ငြိမ်လေး ရပ်နေပြီးနောက် အထိန်းတော်ကျိကို အချိုသာဆုံး ပြုံးပြကာ တိုးတိုးလေး ခေါ်လိုက်သည်။
"ကျိမား"
အထိန်းတော်ကျိ၏ စိတ်ထဲတွင် နွေးထွေးသွားရပြီး ပိုအလိုလိုက်ချင်စိတ်များ ပေါ်လာခဲ့သည်။
"သခင်လေးငယ် ခုန်ချချင်ရင် ခုန်ချလို့ရတယ်နော်၊ ကျိမား ဖမ်းပေးမှာပေါ့"
အကယ်၍ လုသခင်မသာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် အထိန်းတော်ကျိအနေဖြင့် ဤကဲ့သို့ ပြောရဲမည်မဟုတ်ပေ။ သို့သော် ဝမ်ယဲ့ရှေ့တွင် ဖြစ်နေသောကြောင့် စည်းကမ်းပိုင်းကို အနည်းငယ် လျှော့ချလိုက်ခြင်း ဖြစ်သည်။
ရွှီယွိရွှမ်က အခြေအနေကို နားလည်ပုံရပြီး သူမအား အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခိုးကြည့်လိုက်သည်ကို ဝမ်ယဲ့ မြင်လိုက်ရသည်။
အထိန်းတော်ကျိ အပြင်ဝတ်ရုံနှင့် ဖိနပ်လေးများကို ဝတ်ပေးပြီးနောက် ရွှီယွိရွှမ်တစ်ယောက် ခုတင်ပေါ်မှ ဆင်းလာနိုင်ခဲ့သည်။ ရန်တုန်က ရေနွေးနွေးလေးများ အပြည့်ထည့်ထားသော ကြေးနီဇလုံကို သယ်လာပေးပြီး ရွှီယွိရွှမ်၏ မျက်နှာနှင့် လက်လေးများကို ဆေးကြောပေးနေသည်။
အရာအားလုံး ပြီးစီးသွားချိန်တွင် ဝမ်ယဲ့က ရွှီယွိရွှမ်ကို သတင်းကောင်းတစ်ခု ပြောပြလိုက်သည်။
"ရွှမ်အာ... သားမှာ ဝမ်းကွဲညီမလေးတစ်ယောက် ရနေပြီနော်၊ သိလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွိရွှမ်က ခေါင်းလေးကို မော့ကာ ဇဝေဇဝါ ဖြစ်နေသော မျက်နှာလေးဖြင့် ပြန်မေးလိုက်သည်။
"ညီမလေးလား"
ဝမ်ယဲ့က သူ့ကို ရှင်းပြလိုက်သည်။
"မင်းရဲ့ ဝမ်းကွဲအစ်ကို 'ဝမ်ချန်' ကို မှတ်မိသေးလား"
ရွှီယွိရွှမ်က ခေါင်းလေး ငြိတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... မှတ်မိတယ်၊ အဲ့ဒီစာညှပ်ကို ဝမ်းကွဲအစ်ကို ပေးခဲ့တာ"
ဝမ်ယဲ့က ဆက်ရှင်းပြလိုက်သည်။
"အဲ့ဒီဝမ်းကွဲညီမလေးက ချန်အာရဲ့ ညီမလေးပေါ့"
ရွှီယွိရွှမ်က တစ်ခုခုကို စဥ်းစားနေပုံရပြီး ရုတ်တရက် မေးလိုက်သည်။
"ဝမ်းကွဲညီမလေးက စာဖတ်ရမှာလားဟင်"
ဝမ်ယဲ့က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"အခုလောလောဆယ်တော့ မဖတ်ရသေးဘူး"
စာဖတ်ခြင်းက အသိပညာ ဗဟုသုတများ ရစေပုံပေါ်ပြီး ရွှီယွိရွှမ်က ပို၍ပင် နားမလည်နိုင် ဖြစ်သွားရသည်။
"ဘာလို့လဲဟင်... ရွှမ်အာကတော့ စာဖတ်ရတယ်လေ"
"မင်းရဲ့ ဝမ်းကွဲညီမလေးက အရမ်းငယ်သေးလို့လေ"
ရွှီယွိရွှမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရွှမ်အာလည်း ငယ်သေးတယ်"
ဝမ်ယဲ့က သူ ပြောလိုက်သည့်စကားကို ရှင်းရှင်းမကြားလိုက်ရသော်လည်း သူက အလေးအနက်ထားကာ ဆက်ပြောနေသည်။
"စာမဖတ်လို့ မရဘူးလေ"
ထို့နောက် သူက ဝမ်ယဲ့၏ လက်အင်္ကျီစလေးကို ဆွဲကာ ထပ်ပြောလိုက်သည်။
"ရွှမ်အာ ဝမ်းကွဲညီမလေးကို လက်ဆောင်ပေးချင်တယ်"
ဝမ်ယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း ပြန်မေးလိုက်သည်။
"သားက ဘာပေးချင်လို့လဲ"
ရွှီယွိရွှမ်၏ ပါးစပ်လေးက ပြုံးချင်နေပုံရသော်လည်း သူက မပြုံးမိအောင် ထိန်းထားရင်း ပြန်ဖြေနေသည်။
"စာအုပ်"
ဝမ်ယဲ့ : “...”
‘မင်းကတော့ တော်တော်လေးကို လည်လာပြီပဲ’
ရွှီယွိရွှမ်က သူ့ပါးစပ်လေးကို ပိတ်ကာ စိတ်ထဲမှ တိတ်တိတ်လေး ရယ်မောနေသည်။
'ဟီး ဟီး... အကုန်လုံး ပေးပစ်လိုက်မယ်'
........။.......။.......
လျိုရှီ၏ သမီးငယ်လေး ရက်တစ်ရာပြည့်သည့်နေ့တွင် ဝမ်ယဲ့က ရွှီယွိရွှမ်နှင့် သူ့၏ဖခင်ကို ခေါ်ဆောင်ကာ ဝမ်အိမ်တော်သို့ သွားခဲ့သည်။
ဝမ်မိသားစု၏ ယခုမျိုးဆက်တွင် ပထမဆုံးသော မိန်းကလေးဖြစ်သော မြေးမလေး 'ဝမ်စစ်ယင်း' ၏ ရက်တစ်ရာပြည့်ပွဲကို သခင်မရှန်းက ခမ်းခမ်းနားနားနှင့် စည်စည်ကားကား ပြင်ဆင်ပေးထားသည်။
ယနေ့တွင် ဧည့်သည်များစွာ တက်ရောက်လာကြပြီး ဝမ်ယဲ့က အိမ်ထောင်ပြုပြီးသား ဝမ်မိသားစု၏ သမီးတစ်ယောက်ဖြစ်သောကြောင့် သခင်မရှန်းက သူမကို တိုတိုတုတ်တုတ်သာ နှုတ်ဆက်ခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်ပေးထားသည်။ သူမ ပြဿနာမရှာသရွေ့ သူမ သွားချင်သည့်နေရာတိုင်းသို့ သွားနိုင်သည်။
ဝမ်ယဲ့က အရှေ့ဘက်ခန်းမဆောင်တွင် ရွှီယွဲ့ကျားနှင့် လမ်းခွဲလိုက်သည်။ သူက အမျိုးသားများရှိရာဘက်သို့ ထွက်သွားပြီး ဝမ်ယဲ့ကတော့ ကလေးလေးကို ကြည့်ရန် လျိုရှီ၏ ခြံဝင်းဆီသို့ သွားရန် ပြင်လိုက်သည်။
ရွှီယွိရွှမ်အတွက်တော့ ဝမ်ယဲ့က သူ့သဘောထားကို မေးကြည့်ခဲ့ပြီး သူက ညီမလေးကို သွားကြည့်ချင်သည်ဟု ပြောလာခဲ့သည်။ သို့သော် ဝမ်ယဲ့ကတော့ သူ ယူလာသည့် စာအုပ်နှစ်အုပ်ကို အမြန်ဆုံး လက်ဆောင်ပေးပစ်ချင်နေခြင်း ဖြစ်လိမ့်မည်ဟုသာ သံသယဝင်နေမိသည်။
ဘာကြောင့် စာအုပ်နှစ်အုပ်တည်း ဖြစ်နေရတာလဲဟု မေးလျှင်တော့ ရွှီယွိရွှမ်ကိုယ်တိုင်နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ သူက လူကောင်သေးသေးလေး ဖြစ်ပြီး ခွန်အားကလည်း နည်းနေသေးသဖြင့် အများဆုံး စာအုပ်နှစ်အုပ်သာ သယ်နိုင်ခြင်း ဖြစ်သည်။
သူမတို့ မထွက်ခွာမီတွင် ရွှီယွိရွှမ်တစ်ယောက် စာအုပ်စင်ပေါ်မှ ထူထဲသည့် စာအုပ်နှစ်အုပ်ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်နေသည်ကို ဝမ်ယဲ့ တွေ့ခဲ့ရသည်။ ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ နှစ်ယောက်စလုံး၏ ခွင့်ပြုချက်ရပြီးနောက်တွင် အထိန်းတော်ကျိလည်း သူ့ကို မကူညီရဲတော့ပေ။ ထို့ကြောင့် စာအုပ်နှစ်အုပ်သာ သယ်လာနိုင်ခဲ့ခြင်းပင်။ သုံးအုပ်ဆိုလျှင် သူ ကိုယ်တိုင်သယ်ရန် ခွန်အား မလုံလောက်တော့ချေ။
လက်ရှိတွင် ဝမ်ယဲ့က ရွှီယွိရွှမ်ကို ခေါ်ဆောင်ကာ လျိုရှီ နေထိုင်သည့် ခြံဝင်းဆီသို့ ဦးတည်နေသည်။
ထိုနေရာတွင် ပိုစည်ကားနေပြီး လျိုရှီ၏ ဆွေမျိုးများသာမက ယန်ရှီနှင့် အိမ်ထောင်ကျပြီးသား ဝမ်မိသားစုဝင် အမျိုးသမီးအချို့လည်း ရောက်ရှိနေကြသည်။ ဝမ်ယဲ့ကတော့ နောက်ဆုံးမှ ရောက်လာသူ ဖြစ်သည်။
ကလေးလေးနှင့် လျိုရှီအတွက် လက်ဆောင်များကို ပေးအပ်ပြီးနောက် ဝမ်ယဲ့က ကလေးလေးအနားသို့ အနီးကပ်သွား ကြည့်လိုက်သည်။
လျိုရှီက ဤကိုယ်ဝန်ကို မွေးဖွားရာတွင် အတော်လေး ခက်ခဲခဲ့သဖြင့် သခင်မရှန်းက သူမကို မီးနေသည်နားချိန်ကို ပုံမှန်ထက် နှစ်ဆယူရန် ညွှန်ကြားထားသည်။ ကလေးငယ်လေးက နို့စို့ပြီးခါစဖြစ်၍ အိပ်ပျော်နေလေပြီ။
ဝမ်ယဲ့က ကလေးလေးကို စူးစိုက်ကြည့်ရင်း သူမ ယခင်ကမြင်ဖူးသည့် ဝမ်မိသားစုမှ ကလေးလေးများနှင့် ရုပ်ချင်းဆင်သလားဟု တွေးကာ ပြန်နှိုင်းယှဥ်နေမိသည်။ မည်သို့ပင်ဖြစ်စေ ချီးမွမ်းစကားကိုတော့ ပြောလိုက်သေးသည်။
"သူလေးက တကယ့်ကို လှတာပဲ၊ ဒုတိယယောင်းမနဲ့ တော်တော်တူတယ်နော်"
မိမိ၏ကလေးကို ချီးမွမ်းသည်အား မနှစ်သက်သူ မရှိသလောက်ပင်။ ကျန်းမာရေး အပြည့်အဝ မကောင်းသေးသည့် လျိုရှီ၏ မျက်နှာထက်တွင် သွေးရောင်လေးများ လွှမ်းသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
"မင်းရဲ့ ဒုတိယအစ်ကိုကတော့ သူ့နဲ့တူတယ်လို့ ပြောနေတာပဲ"
လျိုရှီက သူမ၏ ပထမဦးဆုံးကလေးကို သားနှင့် သမီး ခွဲခြားဆက်ဆံခြင်း မရှိသော်လည်း သူမ၏ ယောက္ခမနှင့် ခင်ပွန်းဖြစ်သူက စိတ်ထဲထားမည်ကိုတော့ စိုးရိမ်နေခဲ့သည်။ သမီးလေးမှန်း သိလိုက်ရသည့်အခါ သူမ ဝမ်းသာသွားသလို စိုးရိမ်စိတ်လည်း ဖြစ်ခဲ့ရသည်။
သူမ၏ ယောက္ခမနှင့် ခင်ပွန်းက စိတ်ပျက်သွားမည်ကို သူမ ကြောက်ရွံ့နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ၏ စိုးရိမ်မှုများက အလကား ဖြစ်သွားခဲ့သည်။ သခင်မရှန်းက စစ်ယင်းလေးကို အလွန်ချစ်သလို သူမ၏ ခင်ပွန်းကလည်း သမီးလေးကို အလွန်ချစ်မြတ်နိုးမှန်း သိသာနေသည်။
ဝမ်ယဲ့ကတော့ ထိုစကားကို မတုံ့ပြန်တော့ချေ။ သူမ၏ ဒုတိယအစ်ကိုက မျက်နှာလိုက်ပြီး သူနှင့် တူသည်ဟု မြင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူမ ယူဆလိုက်သည်။
ထိုအချိန်တွင် ရွှီယွိရွှမ်က စာအုပ်များကို ပိုက်လျက် လူကြားထဲသို့ တိုးဝင်လာပြီး ဝင်ပြောလိုက်သည်။
"ဒါက... ရွှမ်အာ ဝမ်းကွဲညီမလေးကိုပေးတဲ့ လက်ဆောင်ပါ"
လျိုရှီက အံ့ဩသွားပြီး ဝမ်ယဲ့ကို တစ်ချက်လှမ်းကြည့်ကာ ပြန်မေးလိုက်သည်။
"ဒါက ရွှမ်အာ ကိုယ်တိုင်ပေးတာလား..."
ဝမ်ယဲ့က ကလေးငယ်ကိုယ်စား ရှင်းပြပေးလိုက်သည်။
"သူ့မှာ ဝမ်းကွဲညီမလေး တစ်ယောက်ရှိမှန်း သိပြီးကတည်းက စစ်ယင်းလေးအတွက် ရက်တစ်ရာပြည့် လက်ဆောင်ဆိုပြီး ဒီစာအုပ်နှစ်အုပ်ကို သူကိုယ်တိုင် ရွေးထားတာပါ"
လျိုရှီက ရယ်မောလိုက်ပြီး မိခင်တစ်ယောက်၏ နူးညံ့သိမ်မွေ့သော အကြည့်များဖြင့် ရွှီယွိရွှမ်ကို ကြည့်ကာ သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း ကျေးဇူးတင်စကားပြောလိုက်သည်။
"ဒါဆိုရင် စစ်ယင်းလေးရဲ့ အမေအနေနဲ့ အဒေါ်က ရွှမ်အာလေးကို ကျေးဇူးတင်ပါတယ်နော်"
စာအုပ်များကို အောင်မြင်စွာ ပေးလိုက်နိုင်သဖြင့် ရွှီယွိရွှမ်၏ မျက်နှာလေးတွင် စိတ်သက်သာရာရသွားသည့် အမူအရာလေး ပေါ်လာပြီး ရွှင်ရွှင်ပျပျ ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး... ရွှမ်အာ လုပ်ပေးသင့်တဲ့အရာပါ"
ဘေးနားမှ ကြည့်နေသည့် ယန်ရှီက ဝင်ပြောလိုက်သည်။
"ရွှမ်အာက ငါ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ထက်စာရင် ပိုသွက်လာသလိုပဲနော်"
ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။
"သူ စာစသင်နေတာ အချိန်နည်းနည်း ပိုကြာလာပြီလေ”
လျိုရှီနှင့် သူမ၏ တူမလေးကို တွေ့ဆုံပြီးနောက် ဝမ်ယဲ့က ထိုနေရာတွင် အကြာကြီး ဆက်မနေတော့ပေ။ လျိုရှီလည်း သူမ၏ မိသားစုဝင်များနှင့် လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန်အတွက် ရွှီယွိရွှမ်ကို ခေါ်ကာ အတွင်းခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ ခန်းမဆောင်ထဲတွင်တော့ ကလေးကို အရင်ဝင်ကြည့်ပြီးသွားကြသူများ ရှိနေပြီး လက်ဖက်ရည်သောက်ရင်း အေးအေးလူလူ စကားစမြည် ပြောနေကြသည်။
ဝမ်မိသားစုမှ ကလေးများကြားတွင် ကြီးကြီးမားမား ပဋိပက္ခများ မရှိသောကြောင့် တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ငြင်းခုံခြင်း မရှိကြပေ။ ပုံမှန်အားဖြင့် ချဥ်းကပ်ရခက်သည့် ဝမ်ဟွေ့ပင်လျှင် ယနေ့ ပိုတည်ငြိမ်အေးချမ်းနေပုံရသည်။
ဝမ်ယွိဝန်က သူမ၏သမီးလေး လင်းရှုအာကို ခေါ်လာသလို ဝမ်လန်ကလည်း သူမ၏ သမီးလေးကို ခေါ်လာခဲ့သည်။ မိန်းကလေးငယ်နှစ်ဦးက အသက်အရွယ် အနည်းငယ်ကွာခြားနေသော်လည်း အတူတူ ကစားနေကြသည်။
ဝမ်ဟွေ့၏ ဘေးတွင်တော့ သူမ၏ သားကြီးဖြစ်သည့် တုမင်ယောင် ရပ်နေသည်။
ဝမ်ရန်ကတော့ နန်းတွင်း၌သာ ရှိနေသေးသဖြင့် ဝမ်ယဲ့အနေဖြင့် သူမကို တည်ခင်းဧည့်ခံပွဲ စတင်ခါနီးမှသာ တွေ့ရတော့မည် ဖြစ်သည်။
ရွှီယွိရွှမ်က ဝမ်ချန်နှင့် အနည်းငယ် ရင်းနှီးပြီး ယန်ရှီကလည်း ဝမ်ချန်ကို ညီငယ်လေးများအား သေချာဂရုစိုက်ရန် ထပ်တလဲလဲ မှာကြားထားသည်။
ဝမ်ချန်က ခြောက်နှစ်သားအရွယ်သာ ရှိသေးသော်လည်း သက်တူရွယ်တူ ကလေးများထက် ပိုတည်ငြိမ်ရင့်ကျက်သည်။ ခန်းမထဲတွင် လူများလွန်းသဖြင့် သူက ညီငယ်လေးများကို ခေါ်ကာ ခြံဝင်းထဲ၌ သွားကစားရန် ဆုံးဖြတ်လိုက်သည်။
ခြံဝင်းထဲတွင် ကလေးများကို စောင့်ကြည့်ပေးမည့် အထိန်းတော်များနှင့် အစေခံများ ရှိနေသဖြင့် လူကြီးများအားလုံး စိတ်အေးလက်အေး ရှိနေကြသည်။
ကလေးများထဲတွင် ရွှီယွိရွှမ်က အငယ်ဆုံးဖြစ်ပြီး ဝမ်ချန်က သူ့ကို အဂရုစိုက်ဆုံး ဖြစ်သည်။ တုမင်ယောင်ကတော့ လူကြီးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရန် အစွမ်းကုန် ကြိုးစားရင်း အကြံပြုလိုက်သည်။
"ငါတို့တွေ စကားလုံးဝှက်တမ်း ကစားကြမလား"
ဝမ်ချန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ငြင်းပယ်လိုက်သည်။
"ချီအာနဲ့ ရွှမ်အာတို့က အရမ်းငယ်သေးတယ်၊ သူတို့ ခန်မှန်းနိုင်မှာ မဟုတ်ဘူး"
ရွှီယွိရွှမ်ထက် အနည်းငယ်မျှသာ ကြီးသည့် ဝမ်ချီက ကလေးသံလေးဖြင့် ဝင်ပြန်ပြောလိုက်သည်။
"ချီအာ ခန့်မှန်းနိုင်ပါတယ်"
ရွှီယွိရွှမ်ကလည်း နောက်ကျမခံဘဲ ဝင်ပြောနေသည်။
"ရွှမ်အာလည်း ခန့်မှန်းနိုင်တယ်"
သူတို့က 'ခန့်မှန်းနိုင်တယ်' ဟု ပြောလိုက်သောကြောင့် တုမင်ယောင်က သူတို့ အမှန်တကယ် ခန့်မှန်းနိုင်သည်ဟု မိုက်မိုက်မဲမဲ ယုံကြည်သွားသည်။ ထို့ကြောင့် သူက စတင်လိုက်သည်။
"ဒါဆို ငါကပဲ အရင်မေးခွန်းထုတ်မယ်"
"စာလုံးတစ်လုံးတည်းနဲ့ အရင် စကြရအောင်၊ အဲ့ဒါက အရမ်းလွယ်တယ်"
တုမင်ယောင်က စကားထာ စဝှက်လိုက်သည်။
"သူ့မှာ အထူရှိသလို အပါးလည်း ရှိတယ်၊ စာသားတွေရော ပုံတွေရော ပါတယ်၊ သူ့ထဲမှာ ဗဟုသုတတွေ ဝှက်ထားပြီး ဖတ်လေလေ ပိုမြတ်နိုးလေလေပဲ"
၎င်းက အမှန်တကယ်လည်း ရိုးရှင်းလွန်းနေသည်။ ဝမ်ချန်က ချက်ချင်းဆိုသလို အဖြေကို သိသွားသော်လည်း သူ ထုတ်မပြောခဲ့ပေ။ သူ၏ ဒုတိယညီလေးနှင့် ဝမ်းကွဲကတော့ ခန့်မှန်းနိုင်ရန် ခက်ခဲမည်ဟု သူ မှန်းဆနေခဲ့သည်။
အမှန်တကယ်တွင်လည်း ဝမ်ချီ မသိနိုင်သလို ရွှီယွိရွှမ်ကလည်း လုံးဝကို ကြောင်တောင်တောင်လေး ဖြစ်နေရှာသည်။
တုမင်ယောင်က ခေါင်းကုတ်ရင်း ထပ်ပြောလိုက်သည်။
"မင်းတို့ သေချာမကြားလိုက်ဘူး ထင်တယ်၊ ငါ နောက်တစ်ခါ ထပ်ပြောမယ်လေ"
သူ နှစ်ခါလောက် ထပ်ပြောသော်လည်း ကလေးငယ် နှစ်ယောက်ကတော့ မသိကြသေးပေ။
ဝမ်ချီက စိတ်မရှည်ဖြစ်လာပြီး သူ့အစ်ကိုကို အကူအညီတောင်းသလို ကြည့်လိုက်သည်။ ဝမ်ချန်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
"ချီအာ... အဲ့ဒါ 'စာအုပ်' လေ၊ ရွှမ်အာ... မင်းပဲ ညီမလေးစစ်ယင်းကို စာအုပ်နှစ်အုပ် ပေးခဲ့တာ မဟုတ်ဘူးလား"
ဝမ်ချီက နားလည်သွားပုံ ရသည်။
တုမင်ယောင်က ထောက်ခံလိုက်သည်။
"ဝမ်းကွဲချန်အာ ပြောတာမှန်တယ်၊ အဖြေက 'စာအုပ်' လေ"
"ဒါပေမယ့်..."
ရွှီယွိရွှမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ရွှမ်အာက စာဖတ်ရတာ မကြိုက်ဘူးလေ၊ အဲ့ဒါက 'ပိုဖတ်လေလေ မြတ်နိုးလေလေ' ဖြစ်အောင် မလုပ်နိုင်ဘူး"
တုမင်ယောင်က သဘောမတူပေ။
"အဲ့လိုမျိုး မဖြစ်နိုင်ဘူး၊ ကလေးတွေ အားလုံးက စာဖတ်ရတာ ကြိုက်ကြတယ်လို့ ငါ့အဖေ ပြောပြဖူးတယ်"
သူကိုယ်တိုင်လည်း အစက စာဖတ်ရခြင်းကို မကြိုက်ခဲ့ပေ။ ကလေးများအနေဖြင့် စာဖတ်ရခြင်းအား မကြိုက်လျှင် အလိမ်ခံရရန် လွယ်ကူသည်ဟု သူ့အဖေ ပြောပြပြီးနောက်မှသာ သူ စာဖတ်ခြင်းကို တဖြည်းဖြည်း မြတ်နိုးလာခဲ့ခြင်း ဖြစ်သည်။
ရွှီယွိရွှမ်က ဇွတ်ငြင်းနေသည်။
"ရွှမ်အာကတော့ လုံးဝ မကြိုက်ဘူး!"
တုမင်ယောင်ကလည်း ပြန်ငြင်းလိုက်သည်။
"ငါ့အဖေက ငါ့ကို လိမ်မှာ မဟုတ်ဘူး"
ကလေးနှစ်ယောက် ရန်ဖြစ်တော့မည့် အခြေအနေကို မြင်လိုက်သော ဝမ်ချန်က ကြားထဲမှ အမြန်ဝင်ဖြန်ဖြေပေးလိုက်သည်။
"မင်ယောင်... ရွှမ်အာက အရမ်း ငယ်သေးလို့ပါ၊ မင်းလည်း သူ့အရွယ်လောက်တုန်းက စာဖတ်ရတာ အခုလိုမျိုး မကြိုက်ခဲ့ဘူးလေ"
တုမင်ယောင်က စဥ်းစားကြည့်လိုက်ပြီး ထိုစကားက မှန်နေကြောင်း နားလည်သွားသည်။ သူ၏ ယုံကြည်ချက်များက ချက်ချင်း လွင့်စင်သွားပြီး ပြန်တောင်းပန်လိုက်သည်။
"မင်ယောင်က သေချာ မစဥ်းစားမိလိုက်လို့ပါ"
ရွှီယွိရွှမ်က သူ့ပါးစပ်လေးကို စူလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"ရွှမ်အာ အခု သိသွားပြီ"
ထို့နောက် သူက မေးစေ့လေးကို မော့ကာ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြန်သည်။
"အစ်ကို မင်ယောင်က ဇနီးတစ်ယောက် ရှာချင်လို့ စာဖတ်တာကို ကြိုက်တာ"
ဝမ်ချန်ကတော့ ဆွံ့အသွားရှာသည်။
'ငါ့ဝမ်းကွဲလေး ရွှမ်အာကို ဘယ်သူက ဒါတွေ သင်ပေးလိုက်တာလဲ...'
တုမင်ယောင်၏ မျက်နှာက နီရဲသွားပြီး အလျင်အမြန် ငြင်းဆန်လိုက်သည်။
"ငါ မယူချင်ဘူး၊ ငါ အဲ့လို မပြောခဲ့ဘူးနော်"