အခန်း ၆၅
Vol. 7 Ch. 65
အခန်း ၆၅ ရွှမ်အာ သူ့မေမေကို ကယ်တင်ပေးခြင်း
အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ပွေ့ချီကာ ဘေးဘက်အဆောင်သို့ ပြန်လာခဲ့သည်။ အခြေအနေက ပုံမှန်မဟုတ်သည်ကို ကလေးငယ်ပင် သိရှိနားလည်နေပုံရသည်။ သူက အထိန်းတော်ကျိ၏ ရင်ခွင်ထဲသို့ ပိုတိုးဝင်လိုက်ပြီး သူ့ကိုယ်သူ လက်ညိုးထိုးကာ တိုးတိုးလေး မေးနေရှာသည်။
"ကျိမား... ဖေဖေက ရွှမ်အာကို ဒေါသထွက်နေတာလားဟင်"
အထိန်းတော်ကျိက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"မဟုတ်ပါဘူး သခင်ငယ်လေးရယ်၊ ဒုတိယသခင်က သခင်ငယ်လေးကို ဒေါသထွက်နေတာ မဟုတ်ပါဘူး"
ရွှီယွိရွှမ်က ဇဝေဇဝါ ဖြစ်နေပုံရသည်။
"ဒါဆို... ဒါဆို ဘာလို့လဲ"
အထိန်းတော်ကျိက ခေတ္တမျှ စဥ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ဒုတိယသခင်က ဒုတိယသခင်မကို ဒေါသထွက်နေတာ ဖြစ်နိုင်တယ်"
ရွှီယွိရွှမ်မှာ အံ့အားသင့်သွားပြီး ရုတ်တရက် ရေရွတ်လိုက်သည်။
"မေမေလား"
အထိန်းတော်ကျိက ခေါင်းညိတ်ပြလိုက်သည်။ ရွှီယွိရွှမ်က ခေါင်းလေးစောင်းကာ နားမလည်နိုင်ဟန်လေးဖြင့် သူမကို ကြည့်နေပြန်သည်။
"မေမေက ဘာအမှားလုပ်လို့လဲ"
"ဒုတိယသခင်မက မပြောသင့်တဲ့ စကားမျိုး ပြောမိသွားလို့ ထင်တယ်"
အထိန်းတော်ကျိက ခန့်မှန်းလိုက်သည်။
ရွှီယွိရွှမ်က ယခုအချိန်အထိ နားမလည်နိုင်သေးဘဲ ထပ်မေးနေပြန်သည်။
"မေမေက ဘာ... ဘာတွေ ပြောလိုက်လို့လဲ"
အထိန်းတော်ကျိ : "......"
‘ဒါက ဖြေရလွယ်ကူတဲ့ မေးခွန်းတစ်ခု မဟုတ်တော့ဘူး’
ရွှီယွိရွှမ်က ထပ်ပြောလိုက်သည်။
"ဒေါသထွက်တာက မကောင်းဘူး၊ အရမ်းဆိုးတယ်"
‘ဖေဖေက မေမေ့ကို အနိုင်ကျင့်နေပြီ ထင်တယ်’
ထို့နောက် သူက အထိန်းတော်ကျိ၏ ရင်ခွင်ထဲမှ ခုန်ဆင်းရန် ကြိုးစားရင်း ထပ်ပြောလိုက်သည်။
"ကျွန်တော်... သွားချင်တယ်၊ သွားချင်တယ်.... မေမေ့ကို ကယ်ဖို့ သွားမယ်"
သူက အရင်တစ်ခါ သူ့၏ဒုတိယအစ်ကို့ကို လုသခင်မ၏ လက်ထဲမှ ကယ်ခဲ့သလိုမျိုး သူမေမေကို ကယ်ချင်နေခြင်း ဖြစ်သည်။
အထိန်းတော်ကျိက သူ့ကို အလောတကြီး တားလိုက်သည်။
"သခင်ငယ်လေး၊ အခု ဒုတိယသခင်နဲ့ ဒုတိယသခင်မတို့ သီးသန့် စကားပြောနေကြတာလေ၊ ရွှမ်အာက နာခံတတ်တဲ့ကလေးတစ်ယောက် ဖြစ်သင့်တယ် မဟုတ်ဘူးလား"
ရွှီယွိရွှမ်က ပိုစိုးရိမ်လာပုံရပြီး ပလုံးပထွေး ပြောနေရှာသည်။
"ဒါပေမယ့်... ဒါပေမယ့် ဖေဖေက မေမေ့ကို ဆိုးတယ်"
သူ စိတ်လောနေသောကြောင့် ဒေါသထွက်ခြင်းနှင့် အနိုင်ကျင့်ခြင်းဟူသော စကားများ ပြောရန် ခက်ခဲလာပြီး ရင်းနှီးနေသည့် “ဆိုးတယ်” ဟူသော စကားကသာ သူ့ပါးစပ်မှ အလိုအလျောက်ထွက်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အထိန်းတော်ကျိက သူ ပြောချင်သည့်စကားကို နားလည်နိုင်သည်။ သူမက အခြေအနေကို ပြန်ပြောပြရင်း မုသားအချို့ ရောနှောကာ ရှင်းပြလိုက်သည်။
"အခြေအနေက သခင်ငယ်လေး ထင်သလောက် ဆိုးမှာ မဟုတ်ပါဘူး၊ ဒုတိယသခင်နဲ့ သခင်မကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်၊ အခုလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို ဆွေးနွေးနေကြတာ ဖြစ်မှာပါ၊ တကယ်လို့ သခင်ငယ်လေး စိတ်ပူနေသေးတယ်ဆိုရင် မနက်ဖြန်ကျမှ ကျိမား သခင်ငယ်လေးကို ခေါ်သွားပေးမယ်လေ၊ ဟုတ်ပြီလား"
စောစောက သူမတို့ ထွက်မလာခင်တွင် သူမ ရန်တုန်ကို ထိုခြံဝင်းထဲ၌ တမင်ချန်ထားခဲ့သည်။ ဒုတိယသခင်မက အနောက်ဘက်အဆောင်ရှိ အစေခံအားလုံးကို ပြန်လွှတ်လိုက်ပြီး အခန်းထဲ၌ ဒုတိယသခင်နှင့်အတူ နှစ်ယောက်တည်း ကျန်နေခဲ့သည်ဟု ရန်တုန်က လာသတင်းပို့ခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ရွှီယွိရွှမ်ကို ထိုနေရာသို့ ခေါ်သွားပါက သခင်နှစ်ဦးကို အနှောင့်အယှက် ဖြစ်စေမည်အား အထိန်းတော်ကျိ စိုးရိမ်နေမိသည်။
သူမက ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"မိုးလည်း ချုပ်တော့မယ်၊ မီးဖိုချောင်က သခင်ငယ်လေး အကြိုက်ဆုံး ဆီးသီးမုန့်တွေ လုပ်ထားတယ်နော်"
'ဆီးသီးမုန့်' ဟူသော အသံကို ကြားသည်နှင့် ရွှီယွိရွှမ်က ချက်ချင်း လှည့်ပြောလိုက်သည်။
"ရွှမ်အာ စားချင်တယ်"
‘မေမေ့ကို ကယ်တင်ဖို့ကတော့ ခဏလောက် စောင့်လို့ရပါတယ်လေ၊ ဟုတ်တယ်မလား’
ထို့ကြောင့် ရွှီယွိရွှမ်တစ်ယောက် အထိန်းတော်ကျိ၏ ဖျောင်းဖျမှုကို လက်ခံကာ ဘေးဘက်အဆောင်တွင် ဆီးသီးမုန့်များကို ပျော်ပျော်ပါးပါး စားသောက်နေခဲ့သည်။ မုန့်စားနေရင်း တစ်ဝက်ခန့်အရောက်တွင် သူက ရုတ်တရက် ရပ်လိုက်ပြီး အထိန်းတော်ကျိကို လှမ်းပြောလိုက်သည်။
"မေမေ့အတွက် ချန်ထားပေးဦး၊ မနက်ဖြန်ကျရင် ရွှမ်အာ မေမေ့ကို သွားကယ်ပေးမှာ"
အထိန်းတော်ကျိကလည်း အလိုက်သင့် ကတိပေးလိုက်သည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကျိမားက သေချာပေါက် ချန်ထားပေးမှာပေါ့"
...........။......။.......
သို့သော်လည်း နောက်တစ်နေ့တွင် မေမေ့ကို ကယ်တင်ရန် စိတ်အားထက်သန်နေသော ရွှီယွိရွှမ်တစ်ယောက် အခန်းတံခါးကိုပင် ဖြတ်ကျော်ခွင့် မရခဲ့ပေ။
နောက်တစ်နေ့ မနက်စောစောတွင် သူ အနောက်ဘက်ခြံဝင်း၏ အဓိကအဆောင်သို့ ရောက်လာခဲ့သော်လည်း ရွှီယွဲ့ကျား တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသည်။
ရွှီယွိရွှမ်က တင်းတင်းကျပ်ကျပ် ပိတ်ထားသော အတွင်းခန်းတံခါးကို အကြိမ်ကြိမ် ခိုးကြည့်ရင်း မေးလိုက်သည်။
"မေမေ ဘယ်မှာလဲဟင်"
အချိန်က စောနေသေးသဖြင့် မနက်စာပင် မပြင်ရသေးပေ။ ရွှီယွိရွှမ်တစ်ယောက် ဗိုက်ဟောင်းလောင်းဖြင့် ရောက်လာခြင်း ဖြစ်သည်။
တစ်နေ့ခင်းနှင့် တစ်ညလုံး ကုန်လွန်သွားပြီ ဖြစ်သောကြောင့် သခင်နှစ်ယောက်၏ ဒေါသများ ပြေသွားလောက်ပြီဟု အထိန်းတော်ကျိ တွေးထားခဲ့သည်။ ထို့အပြင် သားဖြစ်သူ ရှိနေပါက လေထုက ပိုနွေးထွေးသွားနိုင်မည်ဟုသော မျှော်လင့်ချက်ဖြင့် ကလေးကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ရွှီယွဲ့ကျားက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး လေသံအေးအေးဖြင့် ပြန်ဖြေလိုက်သည်။
"မင်းမေမေ အနားယူနေတယ်"
ထိုစကားကို ကြားသည်နှင့် ရွှီယွိရွှမ်က အထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း ရွှီယွဲ့ကျားက လှမ်းတားလိုက်သည်။
"မေမေ့ကို သွားမနှောင့်ယှက်ရဘူး"
ရွှီယွိရွှမ်က များသောအားဖြင့် ဖခင်ဖြစ်သူ၏ စကားကို နားထောင်လေ့ ရှိသူဖြစ်သည်။
သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရွှီယွဲ့ကျားအနားသို့ ချဥ်းကပ်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ဖေဖေ"
ထို့နောက် သူက ရုတ်တရက် သူ့နှာခေါင်းလေးကို ရှုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ချိုမြိန်တဲ့အနံ့လား"
ရွှီယွိရွှမ်က ထိုရနံ့ကို မှတ်မိနေသည်။ ၎င်းက သူ့မေမေဆီကရတတ်သည့် ရနံ့ ဖြစ်သည်။
လက်ဖက်ရည်ခွက်ကို ချရန်ပြင်နေသော ရွှီယွဲ့ကျား၏လက်ကလည်း လေထဲ၌ ခဏတာ တန့်သွားရသည်။ သူက အနံ့ခံကြည့်ရန် ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး သစ်တော်ပန်းရနံ့ သင်းသင်းလေးကို အမှန်တကယ် ခံစားလိုက်ရသည်။
ယမန်နေ့ညမှ အဖြစ်အပျက်များက သူ့ခေါင်းထဲသို့ အစီအရီ ပြန်ဝင်လာသောကြောင့် ရွှီယွဲ့ကျား၏ အမူအရာ အနည်းငယ် ပြောင်းသွားပြီး သူ အနေခက်သွားပုံရသည်။
ထို့နောက်တွင် သူက စကားလုံးများဖြင့် ဖုံးဖိလိုက်သည်။
"အရင်ဆုံး မနက်စာ စားကြမယ်"
"ဟုတ်ကဲ့"
သူ့မေမေ့ကို မကယ်တင်နိုင်ရှာသည့် ရွှီယွိရွှမ်က စိတ်ပျက်လက်ပျက်ဖြင့် တစ်ခွန်းသာ ပြန်ပြောလိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။
သို့တိုင်အောင် သူ့၏ဦးနှောက်လေးထဲတွင် မေးခွန်းကြီးများ ပြည့်နှက်နေလေသည်။
'မေမေ့ကို ကယ်ဖို့က ဘာလို့ ဒီလောက် ခက်နေရတာလဲ၊ အရင်တုန်းက ဒုတိယအစ်ကို့ကို အကြီးဆုံးအဒေါ်လက်ထဲကနေ ကယ်တုန်းကဆိုရင် အဒေါ်ရဲ့ရင်ခွင်ထဲကို တိုးဝင်လိုက်ရုံပဲလေ...'
မည်မျှပင် စဥ်းစားပါစေ နားမလည်နိုင် ဖြစ်နေသည့် ရွှီယွိရွှမ်က ဆရာဖြစ်သူ ရှီပိုင်လီ၏ ခြံဝင်းသို့ ရောက်သည်အထိ စိတ်မပါလက်မပါ ဖြစ်နေဆဲပင်။
ရှီပိုင်လီက သူ့အနားသို့ ချဥ်းကပ်လာသည်။ သူက အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း အိုမင်းခြင်း အငွေ့အသက် မရှိသေးပေ။ သူ သူ့ခေါက်ယပ်တောင်ကို ဖြန့်လိုက်သည့်အချိန်မျိုးတွင် နုပျိုခန့်ညားသော အရှိန်အဝါမျိုး ပေါ်လာတတ်သေးသည်။
သူ၏ တပည့်လေး စိတ်မကြည်မလင် ဖြစ်နေသည်ကို မြင်နေရသောကြောင့် သူက ကလေးလေး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ရွှီယွိရွှမ်၏ မျက်လုံးများနှင့် တစ်တန်းတည်း ဖြစ်အောင် ကိုယ်ကိုကိုင်းကာ မေးလိုက်သည်။
"ရွှမ်အာ... မင်း ဘာဖြစ်နေတာလဲ"
ရွှီယွိရွှမ်က သူ့ပါးလေးကို သူ့လက်ဖဝါးသေးသေးလေးနှစ်ဖက်ဖြင့် ထောက်ထားရင်း ရှီပိုင်လီကို မော့ကြည့်ကာ ကလေးသံလေးဖြင့် ပြောလိုက်သည်။
"ဖေဖေ စိတ်ဆိုးနေတယ်၊ ရွှမ်အာက မေမေ့ကို ကယ်ချင်ပေမယ့် ဖေဖေက ခွင့်မပြုဘူး"
ရွှီယွိရွှမ်၏ မျက်လုံးထဲတွင်တော့ သူ၏ဆရာက အရာရာကို လုပ်ဆောင်နိုင်သူဟု ထင်မှတ်ထားခြင်း ဖြစ်သည်။
ရှီပိုင်လီက ရွှီယွဲ့ကျားနှင့် ညီအစ်ကိုအဖြစ် သစ္စာဆိုထားသူ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ဝူကျိုးတွင် တွေ့ဆုံခဲ့ခြင်းနှင့် တစ်ခါတစ်ရံ စာအဆက်အသွယ် ရှိခြင်းတို့မှလွဲ၍ သူတို့နှစ်ဦးကြားတွင် နက်နက်ရှိုင်းရှိုင်း ထိတွေ့မှုမျိုး သိပ်မရှိခဲ့ပေ။
ရှီပိုင်လီက နှစ်ရှည်လများ တာ့ကျင်းအင်ပါယာတစ်ခွင်သို့ လှည့်လည်သွားလာခဲ့သူဖြစ်ပြီး ဤလူငယ် အမတ်မင်းအကြောင်းကို အတော်အတန် ကြားဖူးနားဝ ရှိခဲ့သည်။ လူအများ၏ ပြောစကားများအရ ရွှီယွဲ့ကျားက အပြုံးအရယ် နည်းပါးပြီး သူ့ကိုယ်သူ တင်းကြပ်သူဖြစ်သလို တခြားသူအတွက်လည်း ဆက်ဆံရခက်သည့် လူတစ်ယောက် ဖြစ်သည်။
သို့သော် ဝူကျိုးတွင် ဆုံတွေ့ခဲ့ပြီးနောက် ရှီပိုင်လီ၏ အမြင်က ပြောင်းလဲသွားခဲ့သည်။ သူ၏ ညီအစ်ကိုက အလွန်တည်ငြိမ်ပြီး အခြားသူများအပေါ် ဒေါသတကြီး တုံ့ပြန်တတ်သူ မဟုတ်ပေ။
သူ ရွှီယွဲ့ကျားကို 'ညီအစ်ကို' ဟု နှစ်ပေါင်းများစွာ ခေါ်လာခဲ့သော်လည်း ရွှီယွဲ့ကျားက တစ်ခါမျှ စိတ်မဆိုးခဲ့ဖူးချေ။ ၎င်းက ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် သူ၏ စည်းကမ်းသတ်မှတ်ချက်များ အလွန်မြင့်မားခြင်း မရှိကြောင်း ပြသနေသည်။
အများကိစ္စနှင့် ကိုယ်ပိုင်ကိစ္စများကို ပြတ်ပြတ်သားသား ခွဲခြားတတ်သည့် ထိုကဲ့သို့သော လူမျိုးက အမှန်တကယ်တွင် ပေါင်းသင်းရ အလွန်သက်သောင့်သက်သာ ရှိလှသည်။ သူ ဘာကို ဂရုစိုက်ပြီး ဘာကို ဂရုမစိုက်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ စိတ်ခံစားချက် တည်ငြိမ်လှသည့် လူတစ်ယောက် ရုတ်တရက် ဒေါသထွက်သွားသည်ဆိုသော အချက်က ရှီပိုင်လီကို စိတ်ဝင်စားသွားစေသည်။ သူက အပြုံးဖြင့် မေးလိုက်သည်။
"မင်းအမေက မင်းအဖေကို ဒေါသထွက်အောင် လုပ်နိုင်တယ်ဆိုတော့... သူက တကယ့်ကို အရည်အချင်း ရှိတာပဲ"
"ဒါဆို... မေမေကို ကယ်လို့ရမလားဟင်"
ဆရာ၏ လေသံကို ကြားရသည်မှာ အခြေအနေက အတော်လေး စိုးရိမ်ရပုံပေါက်နေသဖြင့် ရွှီယွိရွှမ်၏ နှလုံးသားလေး တင်းကျပ်သွားရသည်။
ရှီပိုင်လီက ယပ်တောင်ကို ခတ်လိုက်ရင်း မတ်တတ်ရပ်ကာ စုတ်တချက် သပ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"ကယ်လို့ မရတော့ဘူး"
သို့သော်ငြားလည်း သူ ရည်ရွယ်ပြောဆိုနေသည်က ရွှီယွဲ့ကျား၏ အခြေအနေကို ပြောနေခြင်းသာ ဖြစ်သည်။
ရွှီယွိရွှမ်က ပိုစိုးရိမ်လာကာ အလောတကြီး ပြောလိုက်သည်။
"မရဘူး၊ ကယ်မှ ဖြစ်မယ်၊ အဲ့ဒါက ရွှမ်အာရဲ့ မေမေလေ"
ရှီပိုင်လီက နှစ်လှမ်းခန့် ရှေ့တိုးလိုက်ပြီးမှ နောက်သို့ လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ မင်းအမေ ဘာမှမဖြစ်ပါဘူး၊ အရင်ဆုံး စာလုံးတချို့ မှတ်မိအောင် လုပ်ကြမယ်၊ ပြီးရင် မင်းအဖေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေ သင်ပေးမယ်"
ရွှီယွိရွှမ်က ချက်ချင်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။
'ဟူး.... မေမေ့ကို ကယ်လို့ ရသွားပြီ'
.......။......။.......
စစ်အချိန် (မနက် ၉ နာရီမှ ၁၁ နာရီအတွင်း) ရောက်မှသာ ဝမ်ယဲ့တစ်ယောက် အိပ်ရာမှ နိုးလာခဲ့သည်။
ဤမျှလောက်အထိ နောက်ကျအောင် အိပ်ခဲ့ရသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် သူမ နိုးလာသည့်အချိန်တွင် စိတ်မကြည်သေးဘဲ ခေတ္တမျှ ဝေဝေဝါးဝါး ဖြစ်နေရသည်။ သူမ အိပ်ရာပေါ်တွင် အချိန်ခဏကြာ ထိုင်နေပြီးနောက်မှသာ တစ်ယောက်ယောက် ဝင်လာရန် အော်ခေါ်လိုက်သည်။
သူမ သမ်းဝေရင်း ကိုယ်လက်သန့်စင်နေချိန်တွင် ယွင်ကျီက သန့်ရှင်းသော ဝတ်ရုံကို ယူလာပေးပြီး ထောင်ကျီက ဆံပင်ပြင်ပေးရန် ကူညီပေးနေသည်။
ဝမ်ယဲ့က မှန်တင်ခုံရှေ့တွင် ထိုင်နေပြီး မှန်ထဲမှ သူမပုံရိပ်ကို ငေးကြည့်နေသည်။ သူမ၏ မျက်နှာသွင်ပြင်က ယခင်ကထက် ပိုစိုပြည်တောက်ပနေသည်။
'တစ်ယောက်တည်း ညဥ့်နက်တာနဲ့ နှစ်ယောက်အတူ ညဥ့်နက်တာက တကယ်ကို ကွာခြားတာပဲ...'
မှန်ထဲမှ လူကို ကြည့်ခြင်းဖြင့် ထိုကွာခြားချက်က သိသာနေသည်။
ဝမ်ယဲ့က မှန်ထဲမှ သူမကိုယ်သူမ စစ်ဆေးကြည့်နေပြီး တော်တော်လေး စိတ်ကျေနပ်သွားသည်။
ထိုအချိန်တွင် ယွင်ကျီက စကားဆိုလာသည်။
"သခင်မ... သခင်ငယ်လေးက ကျောင်းဆင်းတာနဲ့ ဒီကို တန်းလာပြီး အပြင်မှာ စောင့်နေပါတယ်"
ဝမ်ယဲ့က သူမ၏ လက်ဝတ်ရတနာသေတ္တာထဲမှ ဆံထိုးများကို ရွေးချယ်နေပြီး သစ်တော်ပန်းပုံစံ ဆံထိုးလေးတစ်ချောင်းကို ထုတ်ကာ ထောင်ကျီကို ကမ်းပေးရင်း ပြန်မေးလိုက်သည်။
"သူက ဘာလို့ အဓိကခြံဝင်းကို မသွားတာလဲ"
ယွင်ကျီက ပြန်ဖြေလိုက်သည်။
"အစေခံတွေကို မေးကြည့်တော့ သခင်ငယ်လေးက သခင်မကို ကယ်ဖို့ လာတာလို့ ပြောပါတယ်"
"ငါ့ကို ကယ်ဖို့..."
ဝမ်ယဲ့တစ်ယောက် နားမလည်နိုင်ဖြစ်သွားပြီး ထပ်မေးလိုက်သည်။
"ငါ့ကို ဘာကနေ ကယ်မှာလဲ"
ယွင်ကျီကလည်း သေချာမသိသောကြောင့် သူမ မသိကြောင်း ပြောပြလိုက်သည်။
"သခင်ငယ်လေးက အစေခံတွေကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး"
သို့သော် ထောင်ကျီက သူမ၏ ခန့်မှန်းချက်ကို ဝင်ပြောလိုက်သည်။
"ဝမ်အိမ်တော်ကနေ ပြန်လာကတည်းက ဒီမနက်အထိ သခင်ငယ်လေးက သခင်မကို မတွေ့ရသေးဘူးလေ၊ အဲ့ဒါကြောင့် သခင်မကို လွမ်းနေပြီး စကားတွေ မှားပြောနေတာ ဖြစ်မှာပါ"
ယွင်ကျီက ထပ်ဖြည့်ပြောလိုက်သည်။
"ကျိမားကလည်း ရှင်းရှင်းလင်းလင်း မပြောပြဘူး၊ သခင်ငယ်လေးက ဆီးသီးမုန့်တွေ ပြင်ဆင်လာတယ်လို့ပဲ ပြောပြခဲ့တယ်"
ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း ပိုစိတ်ဝင်စားသွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်လား... ဒါဆို သွားကြည့်ကြတာပေါ့"
ထောင်ကျီက အလောတကြီး မေးနေသေးသည်။
"မနက်စာ ပြင်လိုက်ရမလားရှင့်"
ဝမ်ယဲ့က သူမ၏ ဟာလာဟင်းလင်းဖြစ်နေသော သူမ၏ဗိုက်ကို ပွတ်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ပြင်လိုက်တော့၊ စားရင်းနဲ့ပဲ ကြည့်ကြတာပေါ့"
‘မနက်စောစောစီးစီး ဆီးသီးမုန့်တွေ စားတာက အချိုရော... အဆီရော များလွန်းတယ်’
ဧည့်ခန်းထဲတွင် ရွှီယွိရွှမ်က ထမင်းစားပွဲ၌ ထိုင်နေပြီး လက်ထဲတွင် ဆီးသီးမုန့် တစ်ချပ်လုံးကို ကိုင်ထားသည်။ သူက ထိုမုန့်ကို ခဏခဏ ကြည့်လိုက်၊ တံတွေးမျိုချလိုက်နှင့် ပါးစပ်လေး လှုပ်စိလှုပ်စိ ဖြစ်နေလေသည်။
ဝမ်ယဲ့ ထွက်လာသည့်အချိန်တွင် ထိုမြင်ကွင်းကို အမှတ်မထင် မြင်လိုက်ရသည်။ သူမက မျက်ခုံးပင့်လိုက်ပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရွှီယွိရွှမ်က သူမကို မြင်သည်နှင့် ဝမ်းသာအားရ သက်ပြင်းချကာ လှမ်းခေါ်လိုက်သည်။
"မေမေ"
ထောင်ကျီက ရေနွေးနွေးလေးတစ်ခွက် ငှဲ့ပေးလာသည်။ ဝမ်ယဲ့က လည်ချောင်း စိုသွားအောင် တစ်ငုံသောက်လိုက်ပြီး ကလေးလေး ကိုင်ထားသော ဆီးသီးမုန့်ကို ညွှန်ပြကာ သူ့ကို မေးလိုက်သည်။
"ဘာလို့ မစားတာလဲ"
ရွှီယွိရွှမ်က တံတွေးကို ထပ်မံမျိုချလိုက်ပြီးမှ ပြန်ဖြေလာခဲ့သည်။
"ဒါက မေမေ့အတွက်ပါ၊ ရွှမ်အာ မစားဘူး"
"ရွှမ်အာ မစားဘူးဆိုပေါ့၊ တကယ်လား"
ကလေးလေးက ခိုင်မာသော ဆုံးဖြတ်ချက်ရှိကြောင်း ပြသနေသည့်အလား ခေါင်းကို အလေးအနက် ခါယမ်းပြနေသည်။
ဝမ်ယဲ့က လက်ဖက်ရည်သောက်ရင်း ဆက်မေးလိုက်သည်။
"ရွှမ်အာ မေမေ့ကို ကယ်ဖို့ လာတယ်လို့ ယွင်ကျီဆီက ကြားတယ်"
ရွှီယွိရွှမ်က အလွန်တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြနေသည်။
"ဟုတ်တယ်၊ ဖေဖေက မေမေ့အပေါ် တစ်ညလုံး ရက်စက်နေတာ၊ အဲ့ဒါကြောင့် ရွှမ်အာက မေမေ့ကို ကယ်ဖို့ လာတာ"
"အွတ်... အဟွတ်... အဟွတ်..."
ထိုစကားကို ကြားလိုက်ရသည့် ဝမ်ယဲ့တစ်ယောက် ပါးစပ်ထဲမှ လက်ဖက်ရည်များကိုပင် ပြန်ထွေးထုတ်မတတ် ဖြစ်သွားရသည်။ သူမ လက်ဖက်ရည်ကို အနိုင်နိုင် မျိုချလိုက်ရသော်လည်း မတော်တဆ သီးသွားပြီး တော်တော်နှင့် မရပ်နိုင်ဘဲ တဟွတ်ဟွတ် ချောင်းဆိုးနေရသည်။
"တစ်ညလုံး" ဆိုသည့် စကားစုက လူတစ်ယောက်၏ စိတ်ကူးစိတ်သန်းများကို လှုံ့ဆော်ရန် အလွန် လွယ်ကူလွန်းနေသည်။
အနီးနားတွင် စောင့်နေသည့် ယွင်ကျီ၏ မျက်နှာထားပင် တော်တော်လေး ပုံမှန်မဟုတ်တော့ပေ။
‘မနေ့ညက သခင်မရဲ့ အခန်းထဲက ရေတောင်းသံတွေကို ငါ အသိဆုံးလေ’
ရွှီယွိရွှမ်က လုသခင်မ သူ့ကို ချော့မြှူလေ့ရှိသည့် ပုံစံကို အတုယူကာ သူ၏ နွေးထွေးသော လက်ကလေးကို ဝမ်ယဲ့၏ ကျောပေါ်သို့ တင်ထားပြီး ညင်ညင်သာသာ ပုတ်ပေးနေသည်။
"ချောင်းမဆိုးနဲ့တော့နော်... ချောင်းမဆိုးနဲ့တော့..."
အမောဖြေပြီးသည့်နောက် ဝမ်ယဲ့က သူ့ကို ထပ်မေးလိုက်သည်။
"ဒါတွေကို ဘယ်သူ့ဆီက ကြားတာလဲ"
ရွှီယွိရွှမ်က သူ၏ ဗိုက်ပူပူလေးကို ရှေ့သို့ ထုတ်ကာ ဂုဏ်ယူဟန်အပြည့်ဖြင့် ပြန်ဖြေနေသည်။
"ရွှမ်အာ အကုန်သိတယ်"
ဝမ်ယဲ့ : “.....”
‘ဒါက ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းတဲ့ အဓိပ္ပာယ်မဲ့စကားတွေလား၊ ဒါမှမဟုတ် ဒီကလေးက တစ်ညတည်းနဲ့ ရုတ်တရက်ကြီး လူကြီးဖြစ်သွားတာလား’
ကံကောင်းထောက်မစွာဖြင့် နေ့လယ်စာ နီးကပ်နေပြီဖြစ်သော မနက်စာက စားပွဲပေါ်သို့ ရောက်ရှိလာသည်။ ဝမ်ယဲ့က အရင်စားရန် ဆုံးဖြတ်လိုက်သည်။ သူမက ကလေးကိုလည်း မမေ့မလျော့ ပြောလိုက်သေးသည်။
"အဲ့ဒီ ဆီးသီးမုန့်ကို သားပဲ စားလိုက်တော့နော်၊ မေမေက ဒါတွေပဲ စားတော့မယ်"
သူမ၏ အကြည့်များက စားပွဲပေါ်ရှိ ဟင်းလျာများပေါ်သို့ ဝေ့ဝဲရောက်ရှိသွားသည်။
ရွှီယွိရွှမ်ကလည်း ဗိုက်ဆာနေသည်မဟုတ်ဘဲ စားချင်ရုံသက်သက်သာ ဖြစ်သည်။
ထို့ကြောင့် သူ့အတွက် သူ့ရှေ့တွင် ခင်းကျင်းထားသော ဟင်းလျာများထက် လက်ထဲမှ ဆီးသီးမုန့်က ပိုဆွဲဆောင်မှုရှိနေသည်။
သူက လိမ္မာပါးနပ်စွာဖြင့် လက်ထဲမှ ဆီးသီးမုန့်ကို တစ်ကိုက် ကိုက်လိုက်သည်။ ထို့နောက် သူ မော့ကြည့်လိုက်ချိန်တွင် ဝမ်ယဲ့တစ်ယောက် ဝမ်တန်လေးများကို တစ်ခုပြီးတစ်ခု ပါးစပ်ထဲသို့ ထည့်နေသည်ကို မြင်လိုက်ရသည်။
သူ၏ ဒုတိယအစ်ကိုကို အဒေါ်ဖြစ်သူ၏ အိမ်မှ သူကိုယ်တိုင် သွားရောက်ခေါ်ဆောင်လာခဲ့စဥ်ကလည်း ဒုတိယအစ်ကိုဖြစ်သူက သူ့အခန်းထဲတွင် မုန့်များကို ယခုကဲ့သို့ အငမ်းမရ စားခဲ့သည်ကို သူ ပြန်မှတ်မိသွားခဲ့သည်။
တစ်ခုတည်းသော ကွာခြားချက်က သူ၏ ဒုတိယအစ်ကိုက ငိုယိုရင်း စားနေခဲ့သော်လည်း မေမေကတော့ ငိုမနေခြင်းပင်။ သို့သော် နှစ်ယောက်စလုံးက စားနေကြသည်ဖြစ်ရာ သူတို့အားလုံး ဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့ကြပြီဟု သူ ယူဆလိုက်သည်။
ရွှီယွိရွှမ်က အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း ဆီးသီးမုန့်ကို ကုန်အောင်စားကာ သူ၏စားချင်စိတ်ကို ဖြေဖျောက်လိုက်သည်။
ဝမ်တွန်ပန်းကန်ထဲမှ ကြက်စွမ်ပြုတ်ကိုပါ ကုန်အောင် သောက်ပြီးသွားသည့် ဝမ်ယဲ့က မုန့်ပေါင်းများကို မြိန်ရည်ယှက်ရည် စားသောက်နေပြန်သည်။
ရွှီယွိရွှမ်က သူ့လက်ပေါ်ရှိ မုန့်အစအနများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး ပဝါကို ယွင်ကျီထံ ပြန်ပေးလိုက်သည်။ သူ ရှေ့သို့ တိုးလိုက်ရာ အမှတ်မထင် ဝမ်ယဲ့၏ လက်မောင်းကို တိုက်မိသွားပြီး ရင်းနှီးနေသော ရနံ့တစ်ခုကို ရလိုက်သည်။ ယွင်ကျီက သူ့ကို ကမန်းကတမ်း လှမ်းထိန်းပေးလိုက်သည်။
သို့သော် ရွှီယွိရွှမ်က ဝမ်ယဲ့အနားသို့ ပိုတိုးရန်သာ ကြိုးစားနေသည်။
ဝမ်ယဲ့က မုန့်ပေါင်းတစ်ခု စားနေရင်း သူ့ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"သား ဘာလုပ်ချင်လို့လဲ"
ရွှီယွိရွှမ်က ခေါင်းလေးမော့ကာ ဝမ်ယဲ့၏ လက်မောင်းကို ညွှန်ပြပြီး နှုတ်ခမ်းလေးဆူကာ ပြန်မေးနေသည်။
"ကောင်းတဲ့ အနံ့လား"
ဝမ်ယဲ့က ချက်ချင်း ရယ်မောလိုက်ပြီး စောဒကတတ်လိုက်သည်။
"မေမေက အမြဲတမ်း မွှေးနေတာပဲ မဟုတ်ဘူးလား"
သို့သော် ရွှီယွိရွှမ်က ထပ်ဖြည့်ပြောလိုက်သည်။
"ဖေဖေ့ အနံ့"
ဝမ်ယဲ့က အစား ဝါးစားနေခြင်းကို ရပ်တန့်လိုက်သည်။ သူမကိုယ်သူမ ပြန်နမ်းကြည့်လိုက်ရာ အမှန်တကယ် ထိုရနံ့ဖြစ်နေသည်ကို သတိပြုမိသွားသည်။
မနေ့ညက သူမ အမှတ်မထင် ရွှီယွဲ့ကျား အမြဲသုံးနေကျ ဆပ်ပြာကို သုံးမိသွားခဲ့ပြီး နောက်ပိုင်းတွင် သူမ သုံးနေကျဖြစ်သော သစ်တော်ပန်းရနံ့ ဆပ်ပြာအသစ်ကို သူ့အတွက် ထုတ်ပေးခဲ့မိသည်ကို သတိရသွားသည်။
ရွှီယွဲ့ကျား သုံးသည့်ဆပ်ပြာက ရိုးရိုးဆပ်ပြာမျှသာ ဖြစ်သော်လည်း ရွှီယွိရွှမ်၏ နှာခေါင်းက ဤမျှအထိ အထိမခံနိုင်အောင် စူးရှနေလိမ့်မည်ဟု ဝမ်ယဲ့ မထင်ထားခဲ့ပေ။
သူက အမှန်တကယ် ကွဲပြားခြားနားမှုကို သိနိုင်နေသည်။