← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆ ဆီးသီးအရက်

မိခင်ဖြစ်သူကို အောင်မြင်စွာ ကယ်တင်ပြီးသွားကြောင်း အတည်ပြုပြီးနောက်တွင် ရွှီယွိရွှမ်က အနောက်ဘက်ခြံဝင်း၌ ကြာကြာဆက်မနေတော့ပေ။ သူ အကြီးဆုံးအဒေါ်နှင့်အတူ နေ့လယ်စာစားရန် အဓိကခြံဝင်းသို့ သွားရဦးမည် ဖြစ်သည်။

‘ရွှမ်အာက တော်တော်လေး အလုပ်များတာပါဗျာ’

ဝမ်ယဲ့ကလည်း ရွှီယွိရွှမ်ကိုလည်း ဆွဲခေါ်ထားရန် အစီအစဉ်မရှိပေ။ သူမက မနက်စာနှင့် နေ့လယ်စာကို တစ်ပေါင်းတည်း စားထားပြီး ဖြစ်သည်။ အကယ်၍ ရွှီယွိရွှမ် သူမရှေ့၌ ထိုင်စားနေမည်ဆိုပါက သူမက ဘေးမှကြည့်နေရမည် ဖြစ်ကာ ၎င်းက သူမကို အလွန်အမင်း နာကျင်စေပေလိမ့်မည်။

သို့သော် ရွှီယွိရွှမ်က သူ မထွက်သွားခင် ပြောလခဲ့သည်။

"မေမေ... သား နေ့လယ်စာစားပြီးရင် မေမေ့ဆီ အဖော်လာလုပ်ပေးမယ်နော်"

ဝမ်ယဲ့က အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

"ဒါဆိုရင်လည်း နေ့လယ်ခင်းတစ်ရေးအိပ်ပြီးမှ လာခဲ့လေ" ၏

ထိုကတိကို ရရှိသွားပြီးနောက် ရွှီယွိရွှမ်က ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားခဲ့သည်။

ကလေးကို နှုတ်ဆက်ပြီးနောက်တွင် ဝမ်ယဲ့က ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ ယွင်ကျီကို ပြောလိုက်သည်။

"သွားပြင်ဆင်တော့၊ ခဏနေရင် ငါတို့ အပြင်ထွက်ကြမယ်"

သူမ စားသောက်ပြီးကာစဖြစ်ပြီး ဗိုက်လည်း မဆာသေးသဖြင့် အပြင်ထွက်ကာ စားစရာအသစ်အဆန်း ရှာဖွေရန် အကောင်းဆုံးအချိန်ဟု ဝမ်ယဲ့ ဆုံးဖြတ်လိုက်သည်။

ယွင်ကျီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်မေးလာသည်။

"သခင်ငယ်လေးကိုရော ဘယ်လိုလုပ်မှာလဲဟင်"

"ငါက သူ့ကို နေ့လယ်ကျရင် လာခဲ့ဖို့ပဲ ပြောလိုက်တာလေ၊ ငါ ဒီမှာ ရှိနေမယ်လို့မှ ကတိမပေးခဲ့တာ"

ယွင်ကျီ : "......"

‘ငါတို့ရဲ့ သခင်မက လူတွေကို လှည့်စားတဲ့နေရာမှာ တဖြည်းဖြည်းနဲ့ ပိုကျွမ်းကျင်လာပြီ’

ထောင်ကျီက တခိခိရယ်မောရင်း ဝင်ပြောလိုက်သည်။

"ယွင်ကျီ... သွားကြရအောင်၊ သခင်မရဲ့ အမိန့်ကို နားထောင်တာက မှားသွားမှာ မဟုတ်ဘူး"

အမှန်စင်စစ်တွင် သခင်ငယ်လေး ရွှမ်အာအနေဖြင့် သူမတို့သခင်မထံမှ ချိန်းဆိုမှု ဖောက်ဖျက်ခံရခြင်းက ပထမဆုံးအကြိမ် မဟုတ်သလို ဒုတိယအကြိမ်လည်း မဟုတ်တော့ပေ။ သူလည်း အတော်လေး ကျင့်သားရနေပြီ ဖြစ်ကြောင်း သူမတို့ သိထားပြီး ဖြစ်သည်။

ထောင်ကျီက ဝမ်ယဲ့ အပြင်ထွက်ရန် လိုအပ်သည်များကို ပြင်ဆင်ပေးရန် ယွင်ကျီအား ဆွဲခေါ်သွားသည်။

ဝမ်ယဲ့တစ်ယောက် စာအုပ်တစ်အုပ်ကို အမှတ်တမဲ့ ကောက်ကိုင်ကာ ဖတ်ရှုနေစဉ် ရုတ်တရက် သူမအပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည်။ သူမ အာရုံစိုက်ပြီး စာဖတ်နေသဖြင့် ထိုအရိပ် အနီးသို့ မရောက်လာခင် သတိမထားမိလိုက်ခြင်းဖြစ်သည်။

ဝမ်ယဲ့ စာအုပ်ကို ပိတ်ပြီး မော့ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ အကယ်၍ ယွင်ကျီ သို့မဟုတ် ထောင်ကျီသာဆိုလျှင် သူမ စာဖတ်နေစဉ်အတွင်း အနှောင့်အယှက်ပေးမည် မဟုတ်မှန်း သူမ သေချာသိနေသည်။

သို့သော် သူမကို ပိုစိတ်ဝင်စားစေသည်က ယနေ့ ရွှီယွဲ့ကျား အလုပ်မသွားခြင်းပင်။

အတွေးနှင့်အတူ သူမ အသံထွက်ပြီး မေးလိုက်သည်။

"ယောက်ျား... ဒီနေ့ တရားရေးရာဌာနကို မသွားဘူးလား"

ရွှီယွဲ့ကျားက သူမ၏ ညာဘက်ဘေးတွင် ဝင်ထိုင်ကာ သူ့အတွက် လက်ဖက်ရည်တစ်ခွက်ကို သူ့ဘာသာသူ ငှဲ့လိုက်သည်။ ဝမ်ယဲ့က ရုတ်တရက် ရေငတ်လာသဖြင့် သူ ကိုင်ထားသော လက်ဖက်ရည်ခွက်ကို တစ်ချက်နှစ်ချက် လှမ်းကြည့်သည်။

ရွှီယွဲ့ကျားက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် လက်ဖက်ရည်ခွက်ကို သူမဘက်သို့ တိုးပေးလိုက်ကာ သူ့အတွက် နောက်တစ်ခွက် ထပ်ငှဲ့လိုက်သည်။

"ကျေးဇူးတင်ပါတယ် ယောက်ျား"

ဝမ်ယဲ့ ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ခွက်ကို ပြန်အချတွင် ရွှီယွဲ့ကျား၏ အသံကို သူမ ကြားလိုက်ရသည်။

"ကိုယ် ဒီနေ့တစ်ရက် ခွင့်ယူထားတယ်"

ဝမ်ယဲ့က စိတ်ထဲမှ ‘ဟမ်...' ဟု ရေရွတ်လိုက်ပြီး အပြင်ကတော့ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။

"ဒါက တကယ်ကို ရှားပါးတဲ့ ကိစ္စပဲ၊ ယောက်ျားရဲ့ ပုံစံနဲ့ လုံးဝမတူဘူး"

ရွှီယွဲ့ကျားက သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ မေးလာပြန်သည်။

"ကိုယ် ဘာလို့ ခွင့်ယူတယ်ဆိုတာကို မင်း တကယ် မသိတာလား"

ဝမ်ယဲ့က ချက်ချင်း ပြန်ချေပလိုက်သည်။

"အဲ့ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ"

သူမပါးစပ်မှ စကားလုံးများ ထွက်သွားပြီးချိန်မှသာ ဝမ်ယဲ့တစ်ယောက် မနေ့ညက အကြောင်းအရာများကို ရုတ်တရက် သတိရသွားသည်။

‘အဟမ်း အဟမ်း... ကြည့်ရတာ တစ်နည်းနည်းနဲ့တော့ ဆက်စပ်နေသလိုပဲ၊ ဒါပေမဲ့ ဒါက ကိစ္စကြီးမှ မဟုတ်တာ’

‘သူ့ကို တစ်ခုခုက 'တွန်းအားပေး' ခဲ့လို့ သူက အတင်းအကျပ် လုပ်ခဲ့ရတာမျိုး၊ ဒါမှမဟုတ် သူက လုံးဝ မပျော်ရွှင်ခဲ့ဘူးဆိုတာမျိုးတော့ ငါ့ကို လာမပြောနဲ့နော်’

ဝမ်ယဲ့က သူမ၏ စကားကို ချက်ချင်း ပြင်ပြောလိုက်သည်။

"ယောကျ်ား ဒီနေ့ နောက်ကျမှ နိုးလာတာက ယောက်ျားကိုယ်တိုင်က ကိုယ့်ကိုကိုယ် အလိုလိုက်လွန်းလို့ပါ၊ ကျွန်မကတော့ လင်သားရဲ့ ဆန္ဒကို စိတ်ပါလက်ပါနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ ဇနီးကောင်းတစ်ယောက်ပဲ"

ထိုသို့ပြောရင်း သူမက အင်္ကျီလက်ထဲမှ ပိုးလက်ကိုင်ပဝါလေးကို ထုတ်ကာ ရှက်သွေးဖြာဟန်လေးဖြင့် သူမ၏မျက်နှာကို အသာအယာ ဖုံးကွယ်လိုက်သည်။

“......”

‘ဒီလိုပုံစံမျိုးက ပြန်ရောက်လာပြန်ပြီ’

ရွှီယွဲ့ကျားတစ်ယောက် သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေး ပြန်ပြောလိုက်ရသည်။

"ကိုယ် စကားမှားသွားတယ်"

ဝမ်ယဲ့က သူမ၏ ဟန်ဆောင်မှုများကို ချက်ချင်း ရပ်တန့်လိုက်ပြီး လက်ကိုင်ပဝါကို အင်္ကျီလက်ထဲသို့ ပြန်ထည့်လိုက်သည်။

"ခဏနေရင် ကျွန်မ အပြင်သွားတော့မှာ၊ နေ့လယ်စာကို ယောက်ျားတစ်ယောက်တည်း စားလိုက်တော့နော်"

ရွှီယွဲ့ကျားက သူမ၏ အပြုအမူများကို တိတ်တဆိတ် စောင့်ကြည့်နေပြီး အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မဆိုဘဲ နောက်ဆုံးတွင် "အော်" ဟုသာ တစ်လုံးတည်း ရေရွတ်လိုက်သည်။

ဝမ်ယဲ့က ဆက်ပြောလိုက်သည်။

"ရှင်ကြောင့်နဲ့ ကျွန်မ မနက်စာ စားတာ နောက်ကျသွားလို့ အခုထိ ဗိုက်ပြည့်နေတုန်းပဲ၊ ဒါကြောင့် အစာကြေအောင် အပြင်ထွက် လမ်းလျှောက်မလို့"

ထိုသို့ပြောရင်း ဝမ်ယဲ့က ရုတ်တရက် အကြံတစ်ခုရသွားကာ သူ့ဘက်သို့ လှည့်ကြည့်ပြီး ထပ်ပြောလိုက်သည်။

"ရှင်လည်း ကျွန်မနဲ့အတူ လိုက်ခဲ့ပါလား"

အမှန်စင်စစ်တွင် တစ်ယောက်တည်း ဈေးဝယ်ထွက်ရသည်က ကြာလာလျှင် ပျင်းစရာကောင်းလာတတ်သည်။ သူမအနေဖြင့် သူငယ်ချင်းအပေါင်းအသင်းအချို့ကို ခေါ်နိုင်သော်လည်း ဈေးဝယ်ထွက်ခြင်းက စိတ်အပန်းဖြေရန်အတွက်ဖြစ်ရာ ထိုမြင့်မြတ်သော အမျိုးသမီးများရှေ့တွင် ဟန်ဆောင်ပန်ဆောင် နေထိုင်ရသည်က ပိုပင်ပန်းသလို သူမ ခံစားရသည်။

တိတ်ဆိတ်ငြိမ်သက်သော လူစားမျိုးဖြစ်သည့် ရွှီယွဲ့ကျားကို ခေါ်သွားခြင်းက ပိုကောင်းနိုင်ပြီး သူမ ပျင်းလာလျင် သူ့ကို အနည်းငယ် စနောက်ရင်း အချိန်ဖြုန်းနိုင်ပေလိမ့်မည်။

ထိုအပြင် ဤကိစ္စက အရေးကြီးကိစ္စလည်း မဟုတ်ပေ။

ယခုအချိန်တွင် ဝမ်ယဲ့က ရွှီယွဲ့ကျား၏ စရိုက်ကို အတော်လေး သိရှိနားလည်နေပြီ ဖြစ်သည်။ သူမ 'တာ့ကျင်း' အင်ပါယာ၏ ဥပဒေများကို မချိုးဖောက်သရွေ့ သူမ ဘာပဲလုပ်လုပ် ရွှီယွဲ့ကျားက သူ့ဇနီးဖြစ်နေသည်ကို ထည့်တွက်ပေးကာ သည်းခံပေးတတ်သည်။

ရှင်းရှင်းလင်းလင်းပြောရလျှင် အခြားလူတစ်ဦးအနေဖြင့် သူ၏ စည်းမျဉ်းဘောင်များကို ရှင်းရှင်းလင်းလင်း သိရှိထားသရွေ့ ရွှီယွဲ့ကျားက ပေါင်းသင်းရ လွယ်ကူသူတစ်ဦးဖြစ်သည်။

သို့သော် ရွှီယွဲ့ကျားက မျက်လွှာချပြီး ပြန်ပြောလာသည်။

"ခနနေရင် ကိုယ် ကိုင်တွယ်ရမယ့် အလုပ်တချို့ ရှိနေသေးတယ်"

၎င်းက ငြင်းဆန်မှုပင်။

ဝမ်ယဲ့က မအံ့သြသလိုဟန်ဖြင့် "အော်" ဟု ရေရွတ်လိုက်သော်လည်း သူမ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

သူမက 'ခင်ပွန်းသာ ဘေးနားမှာရှိရင် ကျွန်မ တကယ်ကို စိတ်အေးရမှာပဲ'ဟု ပြောနေသည့်ဟန်ပန်မျိုးဖော်ပြထားပြီး ပါးစပ်ကတော့ တမျိုးပြောနေပြန်သည်။

"အဲ့လိုဆိုလည်း ကိစ္စမရှိပါဘူး၊ အလုပ်က ပိုအရေးကြီးတယ်လေ၊ ပြီးတော့ ရွှမ်အာက နေ့လယ်စာစားပြီးရင် ဒီကို လာမယ်လို့ ပြောထားတယ်၊ ရှင် ဒီမှာ ရှိနေတော့ ရွှမ်အာ ပျင်းနေမှာကို ကျွန်မ စိတ်ပူစရာ မလိုတော့ဘူးပေါ့"

ရွှီယွဲ့ကျား၏ အကြည့်များ အနည်းငယ် လှုပ်ရှားသွားပြီး ထပ်မေးလာပြန်သည်။

"မင်း ဘယ်ကို သွားမှာလဲ"

ဝမ်ယဲ့က သူမ၏ အစီအစဉ်ကို ပြောပြလိုက်သည်။

"အရင်ဆုံး အနောက်ဈေးဘက်ကို သွားကြည့်မယ်၊ အသစ်အဆန်းလေးတွေ ရှိမလားဆိုတာ သွားကြည့်ရမယ်၊ ပြီးရင်တော့ အချိန်ကို တွက်ပြီး ကျူးရှန်းလို့မှာ နေရာကြိုတင်မှာထားပြီးပြီ၊ ရှင် လိုက်မယ်ဆိုရင် ကျွန်မ ဧည့်ခံပါမယ်"

"ဘယ်အချိန် သွားမှာလဲ"

ဝမ်ယဲ့က တံခါးဝတွင် ပေါ်လာသော ထောင်ကျီကို တစ်ချက်ကြည့်လိုက်ကာ ပြန်ဖြေလိုက်သည်။

"အခုပဲ"

ရွှီယွဲ့ကျားက ချက်ချင်း ထရပ်လိုက်ပြီး ခပ်တည်တည် ပြန်ပြောနေသည်။

"မင်းက စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်နေမှတော့ ကိုယ် ဘယ်လို ငြင်းရက်ပါ့မလဲ"

“ရှင် ပြောတဲ့ အလုပ်တွေကရော"

ဝမ်ယဲ့က စူးစမ်းဟန်ဖြင့် မေးလိုက်ရာ ရွှီယွဲ့ကျားက နှုတ်ခမ်းကို အနည်းငယ် တွန့်ပြီး ပြန်ပြောလိုက်သည်။

"အလျင်စလို လုပ်ဖို့ မလိုပါဘူး"

ဝမ်ယဲ့က မျက်ခုံးပင့်လိုက်မိပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

‘ရွှမ်အာရဲ့ လွှမ်းမိုးမှုက တကယ်ကို ကြီးမားလွန်းနေတာပဲ’

.....။......။........

ဝမ်ယဲ့က တစ်သက်လုံး အပူဒဏ်ကို ကြောက်ရွံ့ခဲ့သူ ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာပြီးနောက် နှစ်စဉ်နှစ်တိုင်း သူမအတွက် အခက်ခဲဆုံးအချိန်က ယခုကဲ့သို့သော ကာလမျိုးပင်။

သို့သော် ယခု နွေရာသီ ရောက်ရှိနေပြီဖြစ်သော်လည်း အပူဆုံးရက်များသို့ မရောက်သေးပေ။ ထို့ကြောင့်လည်း ဝမ်ယဲ့အနေဖြင့် အလွန်အမင်း မပူပြင်းမီ အပြင်သို့ တစ်ခေါက် ထပ်ထွက်ချင်နေခြင်း ဖြစ်သည်။ အကယ်၍ ရာသီဥတု အမှန်တကယ် ပူပြင်းလာပြီဆိုလျှင် မည်သူကမျှ သူမ အိမ်ထဲမှ ထွက်လာအောင် ဖျောင်းဖျနိုင်တော့မည် မဟုတ်ပေ။

သူမက နွေရာသီကို ဖြတ်ကျော်ရန်အတွက် ရေခဲတုံးများကို ဖက်လျက် အိမ်ထဲ၌သာ အောင်းနေပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် သူမအနေဖြင့် ဂုဏ်သရေရှိသော မိသားစုကြီးထဲသို့ လက်ထပ်ဝင်ရောက်ခဲ့မိသည်ကို အလွန် ကျေးဇူးတင်နေမိသည်။ အကယ်၍ သူမသာ ရှန်းမိသားစု သို့မဟုတ် ပညာရှင်ဝူ၏ မိသားစုကို ရွေးချယ်ခဲ့မိပါက ယခုအချိန်တွင် ရေခဲဝယ်ရန်ပင် တတ်နိုင်လိမ့်မည် မဟုတ်ပေ။

ရထားလုံးထဲတွင် အနည်းငယ် အိုက်စပ်စပ် ဖြစ်နေသဖြင့် မထွက်ခွာမီ ဝမ်ယဲ့က ထောင်ကျီကို ရေခဲဇလုံတစ်ခု ပြင်ဆင်ခိုင်းပြီး သူမ၏ ခြေရင်းတွင် ထားစေသည်။ ရေခဲမှ ထွက်ပေါ်လာသော အေးမြသည့်လေက သူမ နေလို့ထိုင်လို့ ကောင်းသွားစေသည်။

အနောက်ဈေးနှင့် ကျူးရှန်းလို့က လမ်းကြောင်း မတူပေ။ နယ်စားမင်းအိမ်တော်မှ အနောက်ဈေးသို့ အရင်သွားပြီးမှ ကျူးရှန်းလို့သို့ ကူးရမည်ဖြစ်သဖြင့် ခရီးက အနည်းငယ် ကြာမြင့်ပေလိမ့်မည်။ ထိုအချိန်က ရွှီယွိရွှမ် နေ့လယ်ခင်း တစ်ရေးနိုးမည့် အချိန်လောက် ဖြစ်နေလေသည်။

ရထားလုံးက အနောက်ဈေး၏ အဝင်ဝသို့ ခပ်မြန်မြန် ဆိုက်ရောက်လာခဲ့သည်။ ဝမ်ယဲ့က သွားလာလှုပ်ရှားရ လွယ်ကူစေရန် လက်ဝကျဉ်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီး ရွှီယွဲ့ကျားကလည်း သူ အမြဲဝတ်ဆင်လေ့ရှိသည့် လက်ပွရှည်ဝတ်ရုံကြီးကို ချွတ်ထားခဲ့သည်။

သူက အစိမ်းရောင်ဝတ်ရုံကျပ်ကျပ်ကို ဝတ်ဆင်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သိုင်းပညာကျွမ်းကျင်သည့် အငွေ့အသက်မျိုး ပေါ်လွင်နေသည်။

ရထားလုံးပေါ်မှ ဆင်းလာပြီးနောက်တွင် ဝမ်ယဲ့က လမ်းလျှောက်နေရင်း သူ့ကို စကားစ ပြောလိုက်သည်။

"ယောက်ျား.... ရှင် ဘာလို့ စာမေးပွဲဖြေပြီး အရပ်ဘက်အရာရှိလမ်းကြောင်းကို ရွေးချယ်ခဲ့တာလဲ၊ နယ်စားမင်းအိမ်တော်ရဲ့ သားတစ်ယောက်အနေနဲ့ စစ်တပ်ဘက်ကို သွားသင့်တာ မဟုတ်ဘူးလား"

နယ်စားမင်းအိမ်တော်၏ ဘိုးဘေးများက စစ်မြေပြင်တွင် အောင်မြင်မှုများ ရယူကာ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့ကြသူများ ဖြစ်သည်။ ဝမ်ယဲ့ သိထားသလောက်ဆိုလျှင် 'ရွှီ' မိသားစု၏ ဆွေမျိုးသားချင်းများက ယခုထိ စစ်ပညာကိုသာ အဓိက သင်ယူကြပြီး သင့်တော်သည့် အရွယ်ရောက်လျှင် စစ်တပ်ထဲသို့ ဝင်ကြသူများ ဖြစ်သည်။

ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။

"ကိုယ် သိုင်းပညာ မတတ်ဘူးလို့ မင်းကို ဘယ်သူပြောလဲ"

ဝမ်ယဲ့က အံ့သြသွားပြီး ပြန်မေးလိုက်သည်။

"ရှင် တတ်တယ်လား"

သူမက ရွှီယွဲ့ကျားကို နယ်စားမင်းအိမ်တော်၏ ထူးခြားချက်တစ်ခုအဖြစ် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။

"နည်းနည်းပါးပါးတော့ တတ်ပါတယ်"

ဝမ်ယဲ့က အလျှော့မပေးဘဲ ထပ်မေးနေပြန်သည်။

"နည်းနည်းပါးပါးဆိုတာက ဘယ်လောက်အထိလဲ"

ရွှီယွဲ့ကျားက တိုးတိုးလေး ရှင်းပြနေသည်။

"ကိုယ် ငယ်ငယ်တုန်းက ကျန်းမာရေး အားနည်းခဲ့တယ်၊ သမားတော်က ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလေ့ကျင့်သင့်ဘူးလို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဓားသိုင်းအခြေခံအချို့ လေ့ကျင့်တာကတော့ ကျန်းမာရေးအတွက် ပိုကောင်းတယ်လေ"

ထိုအချိန်မှသာ ဝမ်ယဲ့ နားလည်သွားရသည်။ သူက အခြေခံ လှုပ်ရှားမှုအချို့ကို လုပ်နိုင်သော်လည်း စစ်သည်တော်များနှင့် ယှဉ်လျှင်တော့ သူ၏ အရည်အချင်းက အပေါ်ယံ အလှပြသလောက်သာ ရှိပေလိမ့်မည်။

‘ငါ အရင်က သူ့ရဲ ဝမ်းဗိုက်ကြွက်သားတွေကို သတိထားမိခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ ရုံးတော်တာဝန်တွေနဲ့ အလုပ်ရှုပ်နေပြီး လေ့ကျင့်ခန်း မလုပ်တဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဝမ်းဗိုက်ကြွက်သားတွေ ရှိနေရတာလဲလို့ တွေးပြီး အဲဒီအချိန်တုန်းက ငါ နည်းနည်းတော့ ဇဝေဇဝါဖြစ်ခဲ့သေးတယ်။ အခုတော့ အားလုံးက အဓိပ္ပာယ်ရှိသွားပြီ’

ဝမ်ယဲ့က ဆက်မေးလိုက်သည်။

"ရှင် အခုထိ လေ့ကျင့်နေတုန်းပဲလား"

ဝမ်ယဲ့တစ်ယောက် သူ လေ့ကျင့်နေသည်ကို အမှန်တကယ် မြင်ချင်နေမိသည်။

‘အပေါ်ယံ အလှပြရုံသက်သက်ဖြစ်တဲ့ 'ပန်းထိုးခေါင်းအုံး' တွေမှာတောင် လှပတဲ့ အမျိုးအစားနဲ့ ရုပ်ဆိုးတဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးရှိတယ်။ ရွှီယွဲ့ကျားကတော့ ပထမအမျိုးအစား ဖြစ်နိုင်တယ်’

ရွှီယွဲ့ကျားက သူမ၏ မျက်ဝန်းထဲမှ အတွေးကို ရိပ်မိသွားပြီး ချက်ချင်း အကြည့်လွှဲလိုက်ကာ ပြန်ပြောလိုက်သည်။

"ဈေးဝယ်ဖို့ကိုပဲ အာရုံစိုက်ပါ"

ဝမ်ယဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။

"တွန့်တိုလိုက်တာ"

ရွှီယွဲ့ကျား : "……"

‘ဟွန့် မပြချင်လည်း နေပေါ့’

ဝမ်ယဲ့က အလွန်အမင်း စိတ်ဝင်စားနေခြင်း မဟုတ်ဘဲ သိပ်မကြာခင်မှာပင် ဆိုင်ခန်းတစ်ခုရှိ ပုရစ်အိမ်လေးတစ်ခုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ရွှီယွဲ့ကျားကို ချက်ချင်း မေ့လျော့သွားသည်။

အနောက်ဈေးတွင် ဈေးဝယ်ပြီးနောက် နေ့လယ်စာစားချိန်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဝမ်ယဲ့က ရွှီယွဲ့ကျား ဘာမှ မစားရသေးသည်ကို ရုတ်တရက် သတိရသွားပြီး ချိုးရှစ်ကို ကျူးရှန်းလို့သို့ လမ်းကြောင်းပြောင်းခိုင်းလိုက်သည်။

ကျူးရှန်းလို့က အမြဲတမ်း လူစည်ကားနေတတ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့က သီးသန့်ခန်းတစ်ခု ကြိုမှာထားခဲ့သည်။

သီးသန့်ခန်းထဲတွင် ရေခဲကန်တစ်ခု ထားရှိပေးထားသောကြောင့် သူတို့၏ စီးပွားရေးအမြင်ရှိမှုကို ပြသနေသည်။ နွေဦးရာသီ ကုန်ဆုံးကာ နွေရောက်စသာ ရှိသေးသော်လည်း ရေခဲကန်များ ထားပေးသည်အထိ ရက်ရောနေကြသည်။ အခြား မည်သည့် စားသောက်ဆိုင်ကမျှ သူတို့နှင့် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ဤသီးသန့်ခန်းနှင့် ကျူးရှန်းလို့မှ အသစ်ထွက်ရှိထားသော ဇီးသီးအရက်ကို လွန်ခဲ့သော သုံးရက်ကတည်းက တွဲပြီး ကြိုတင် မှာထားရခြင်း ဖြစ်သည်။

ကျူးရှန်းလို့၏ ကိုယ်ပိုင် စည်းကမ်းများအရ တစ်ရက်လျှင် အိုးပေါင်းနှစ်ရာသာ ကန့်သတ်ထားသော ဇီးသီးအရက်ကို ကြိုတင်မှာယူနိုင်သော်လည်း သုံးရက်အတွင်း လာမယူပါက ဆိုင်ရှင်က အခြားသူများကို ပြန်လည်ရောင်းချမည် ဖြစ်သည်။

မည်သည့် ချွင်းချက်မှ မရှိပေ။

သီးသန့်ခန်းက ပြတင်းပေါက်နှင့် နီးနေပြီး ဝမ်ယဲ့က အထဲသို့ ဝင်ဝင်ချင်း ပြတင်းပေါက်ကို ဖွင့်ခိုင်းလိုက်သည်။ လေအေးလေးများ ဝင်လာပြီး ရေခဲကန်၏ အေးမြမှုနှင့်အတူ သူမ သက်သောင့်သက်သာ ဖြစ်သွားရသည်။

သူမက ရွှီယွဲ့ကျားအတွက် ပေါ့ပေါ့ပါးပါး ဟင်းလျာအချို့ကို မှာယူပေးလိုက်ပြီး ကြိုတင်မှာထားသည့် ဇီးသီးအရက်ကိုလည်း ဝိုင်းပေါ်သို့ တင်ခိုင်းလိုက်သည်။ အိုးဟု ခေါ်ဆိုသော်လည်း အိုးက သေးငယ်ပြီး နောက်ပိုင်းခေတ်၏ အလေးချိန်အတိုင်းဆိုလျှင် တစ်ပေါင်ခန့်သာ ရှိပေလိမ့်မည်။

ဤဝိုင်မျိုးက အလွန်အကျွံ မမူးစေဘဲ အရက်သောက်ရသည်ကို နှစ်သက်သော ဝမ်ယဲ့အတွက်တော့ သူမ တစ်ယောက်တည်းနှင့် တစ်အိုးလုံး ကုန်အောင် သောက်နိုင်သည်။

ရွှီယွဲ့ကျားက အရက် သိပ်မသောက်တတ်သည်ကို ထည့်သွင်းစဉ်းစားကာ သူမက စားပွဲထိုးကို ဇီးသီးလက်ဖက်ရည်တစ်အိုး ထပ်ယူလာခိုင်းလိုက်သည်။

ဇီးသီးအရက်က အနည်းငယ် ပျစ်ပြီး ချိုချဉ်ရနံ့လေးနှင့် ချောမွေ့ပြီး နူးညံ့သော အရသာကို ပေးစွမ်းနိုင်သည်။

ဝမ်ယဲ့က နောက်ထပ်တစ်ခွက် ငှဲ့လိုက်ပြီး ရွှီယွဲ့ကျားဘက်သို့ ခွက်မြှောက်ပြလိုက်သည်။

"ယောက်ျား၊ ခွက်တိုက်မလား"

ရွှီယွဲ့ကျားက သူ့ဘေးနားရှိ ဆီးသီးလက်ဖက်ရည်ထည့်ထားသော ကြွေခွက်ကို ကောက်ကိုင်လိုက်ပြီး ဝမ်ယဲ့၏ ခွက်နှင့် ခပ်ဖွဖွလေး တိုက်လိုက်သည်။ ထို့နောက် သူ၏အကြည့်များက ဝမ်ယဲ့၏ လက်ထဲရှိ ခွက်ဆီသို့ ရောက်သွားပြီးမှ သူမမျက်နှာဆီသို့ ရောက်လာပြန်သည်။

ထိုလူ၏ အကြည့်ကို ဆုံတွေ့လိုက်ရချိန်တွင် ဝမ်ယဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။

"စိတ်မပူပါနဲ့ ယောက်ျား... ဒီအရက်က မမူးပါဘူး"

သူမအနေဖြင့် ပြင်းရှသော အရက်အမျိုးမျိုးကိုပင် သောက်ဖူးသူ ဖြစ်ပြီး ဤသည်က သာမန်သစ်သီးဝိုင်လေးသာ ဖြစ်သည်။ ထို့ပြင် ဆီးသီးဝိုင်ဆိုသည်က အမျိုးသမီးများနှင့် ပိုသင့်တော်သည်။ အနည်းဆုံးအနေဖြင့် ဤနေရာရှိ ဆီးသီးဝိုင်များ၏ ထက်ဝက်ကျော်ကို မြို့တော်ရှိ အာဏာရှိပြီး ချမ်းသာကြွယ်ဝသော အမျိုးသမီးများထံ ရောင်းချပေးနေခြင်း ဖြစ်သည်။

ကျူးရှန်းလို့၏ ဆီးသီးဝိုင်ကို သူမ ကိုယ်တိုင် အိမ်တွင် ချက်ရန် ကြိုးစားကြည့်ခဲ့သော်လည်း အရသာက တစ်စုံတစ်ခု လိုအပ်နေသလို အမြဲတမ်း ခံစားနေရသည်။ ထိုသို့မဟုတ်လျှင် အရက်အနည်းငယ် သောက်ရုံအတွက်ဖြင့် သူမ ဤနေရာအထိ အဝေးကြီး လာနေစရာ အကြောင်းမရှိပေ။

ဝမ်ယဲ့က သူမ ဗိုက်မဆာသောကြောင့် သူမအတွက် ဘာဟင်းပွဲမှ မမှာထားခဲ့ပေ။ သို့သော်လည်း ရွှီယွဲ့ကျားအတွက် သူမ မှာပေးထားသော ဟင်းပွဲများကတော့ သူ အများကြီး မစားရဘဲ၊ အများစုက သူမဗိုက်ထဲသို့ ရောက်ရှိသွားသည်။

အစားအစာများ ကုန်ခါနီးပြီဖြစ်ပြီး အရက်အိုးထဲတွင်လည်း နှစ်ခွက်စာလောက်သာ ကျန်တော့သည်။ ဝမ်ယဲ့က သူမအတွက် တစ်ခွက်ငှဲ့လိုက်ပြီး ကျန်နေသည့်ဝိုင်ကို ရွှီယွဲ့ကျားအတွက် ချန်ထားပြီး ပြောလိုက်သည်။

"ယောက်ျား... ရှင်လည်း နည်းနည်းလောက် မြည်းကြည့်ပါလား"

ထို့နောက် သူမ ချက်ချင်း ထပ်ပြောလိုက်သည်။

"တစ်ခွက်ပဲနော်၊ အများကြီး မသောက်လိုက်နဲ့"

ဤသည်က သူ နောက်ထပ် ဘာမေးခွန်းမှ မမေးခင် ကြိုတင်ကာကွယ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

‘ဘယ်အမျိုးသမီးကများ ကိုယ့်ယောက်ျားကို နေ့လည်စာတယ်ကျွေးရုံတင်မကဘဲ အရက်ပါ ဝယ်တိုက်ရလောက်အောင် ရက်ရောနေပါ့မလဲ’

ကျူးရှန်းလို့မှ စားစရာများက ဈေးကြီးလွန်းပြီး သူမက သီးသန့်အခန်း ကြိုတင်မှာထားသောကြောင့် ပိုဈေးကြီးနေသည်။ ဤကုန်ကျစရိတ် အားလုံးကို သူမ၏ ကိုယ်ပိုင်စုဆောင်းငွေဖြင့် ရှင်းခဲ့ရခြင်း ဖြစ်သည်။

အပြင်ဘက် လမ်းမပေါ်တွင် ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေသည့် ‌စျေးသည်များ၏ အသံများ ဆူညံနေသည်။ ဝမ်ယဲ့က တစ်ချက်တစ်ချက် အပြင်ဘက်ကို လှမ်းကြည့်နေသေးသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဝမ်ယဲ့ အရင်က ခဏတာမျှ တွေ့ဆုံဖူးသည့် ရဲမက်ခေါင်းဆောင်လျောင်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူက ရဲမက်အနည်းငယ်ကို ဦးဆောင်ပြီး လမ်းမပေါ်သို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုလူများက လမ်းမ၏ အလယ်တွင်ရှိနေသော အမျိုးသားနှစ်ယောက်ကို ဝိုင်းရံထားကြသည်။ သူတို့ထဲမှ တစ်ယောက်က အခြားသူများထက် ရာထူးပိုမြင့်သူ ဖြစ်ရနိုင်ပြီး ထိုသို့မဟုတ်လျှင် ရဲမက်ခေါင်းဆောင်လျောင်နှင့် သူ့လူများက ထိုလူအပေါ် ထိုမျှအထိ ရိုသေလေစားနေမည် မဟုတ်ပေ။

ထိုလူက မြေပြင်ပေါ်တွင် လဲကျနေသည့် အမျိုးသားကို ကန်ကျောက်ရင်း ကျိန်ဆဲနေသည်။

"မင်းက တကယ်ကို ပြေးရဲတယ်ပေါ့၊ ခိုးသူအိုကြီး"

သီးသန့်ခန်းက ပထမထပ်တွင် တည်ရှိနေသောကြောင့် ဝမ်ယဲ့အနေဖြင့် အတော်လေး ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမ စူးစမ်းလိုစိတ်ဖြင့် ရွှီယွဲ့ကျားကို မေးလိုက်သည်။

"ယောက်ျားက အဲ့ဒီလူကို သိလား"

ရွှီယွဲ့ကျားက အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုလူက ရပ်သွားပြီး ခါးထောက်ကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ရွှီယွဲ့ကျားက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သွားခဲ့သည်။

ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။

"သူက ဝမ်မင်းသားလေ"

မကြာသေးမီက ဝမ်မင်းသား နန်းတော်သို့ အလာနည်းစေရန်အတွက် ဧကရာဇ်မင်းမြတ်က မြို့တော်ဝန်ဝမ်အား ဝမ်မင်းသားနှင့်အတူ ခိုးမှုဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးထားခဲ့သည်။ ယခု တစ်လကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် အမှုက ပြီးဆုံးသွားပုံရသည်။

ဝမ်ယဲ့က အံ့အားသင့်စွာဖြင့် ထပ်မေးလိုက်သည်။

"အဲဒါက သူလား"

သူမ၏ လေသံကို ကြည့်ရသည်မှာ သူမ ယုံကြည်ပုံမရပေ။ ရွှီယွဲ့ကျားက သံသယဖြင့် မေးလိုက်သည်။

"ဘာလို့ သူ မဖြစ်ရမှာလဲ"

ဝမ်ယဲ့က ရှင်းပြလိုက်သည်။

"ကျွန်မ ကြားဖူးတာက ဝမ်မင်းသားက အရက်နဲ့ မိန်းမကို ကြိုက်တယ်လို့ ကြားဖူးခဲ့တာလေ၊ မြင်မှပဲ ယုံတော့တယ်၊ သူက အတော်လေး ရုပ်ချောနေတာပဲ"

ဝမ်ယဲ့၏ စိတ်ကူးထဲတွင်တော့ ဝမ်မင်းသားက ဝဝဖိုင့်ဖိုင့်နှင့် ဖောင်းကားနေမည့်သူဟု ထင်မှတ်ထားခဲ့ခြင်းပင်။

"ရုပ်ချောတယ် ဟုတ်လား"

ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ထိုလူ၏ မျက်လုံးများထဲမှ ထူးဆန်းသည့် အရိပ်အယောင်ကို ခံစားမိလိုက်သဖြင့် ဝမ်ယဲ့က ချက်ချင်း လေသံပြောင်းလိုက်သည်။

"သေချာတာပေါ့၊ သူ ဘယ်လောက်ပဲ ရုပ်ချောချော ယောက်ျားရဲ့ ဂုဏ်အရှိအဝါကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး"

သူမက ချော့မော့ပြောဆိုရာတွင် အထူးကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်သည်။

ရွှီယွဲ့ကျားက ဘာမှပြန်မပြောဘဲ ပါးစပ်အနားစွန်းလေး တွန့်ရုံမျှသာ ပြုံးလိုက်သည်။ ခဏကြာပြီးနောက် သူက စားပွဲထိုးကို လှမ်းခေါ်ကာ ညွှန်ကြားလိုက်သည်။

"ဇီးသီးအရက် နောက်တစ်အိုး ထပ်ယူပေး"

စားပွဲထိုးက ခက်ခဲသွားဟန်ဖြင့် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် သခင်ကြီး... ကျွန်တော်တို့ဆိုင်က ဇီးသီးအရက်က ကြိုတင်မှာယူထားမှ ရတာမို့လို့ပါ"

ရွှီယွဲ့ကျားက လက်ကို မြှောက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။ သူက စားပွဲထိုးကို ခက်ခဲစေရန် မရည်ရွယ်ဘဲ ခပ်အေးအေး ထပ်ပြောလိုက်သည်။

"မင်းတို့ရဲ့ ဆိုင်တာဝန်ခံနဲ့ စကားပြောချင်တယ်"

စားပွဲထိုးကလည်း သူ့ရှေ့တွင်ရှိနေသည့် ဧည့်သည်နှစ်ဦးက သာမန်လူများမဟုတ်ကြောင်း ရိပ်မိနေသဖြင့် ချက်ချင်း သဘောတူလိုက်သည်။

"ခဏလောက်တော့ စောင့်ပေးပါဦး သခင်ကြီးတို့... ကျွန်တော် အခုပဲ တာဝန်ခံကို သွားခေါ်ပေးပါ့မယ်"

သီးသန့်ခန်းတံခါး ပြန်ပိတ်သွားသည့်အချိန်တွင် ဝမ်ယဲ့က စကားစလိုက်သည်။

"ယောက်ျား... အရင်တုန်းကတော့ အရက်တွေ အများကြီးသောက်တာက မကောင်းဘူးလို့ ရှင် ပြောခဲ့တာ မဟုတ်ဘူးလား"

"မင်း မကြိုက်လို့လား"

ဝမ်ယဲ့တစ်ယောက် ချက်ချင်း မြှောက်စားခံလိုက်ရသလို ခံစားမျသွားသော်လည်း စိတ်ထဲတွင် တစ်မျိုးကြီးလည်း ဖြစ်နေပြန်သည်။ သူမက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည့်အပြင် ထုတ်ပြောလိုက်မိသည်။

“ယောက်ျား... ရှင့်ကို တစ်ခုခု ပူးကပ်နေတာလား”

သူမ၏ စောစောက အမှတ်မထင် ချီးကျူးစကားကြောင့် သူ ယခုလို ပြုမူနေခြင်းဖြစ်သည်ဟုတော့ သူမ မတွေးမိပေ။

ရွှီယွဲ့ကျားက ထိုမျှအထိ အပေါ်ယံဆန်သူ မဟုတ်ဟု သူမ ထင်မှတ်ထားသောကြောင့် ဖြစ်သည်။

ရွှီယွဲ့ကျား : "ကလေးတွေက ထူးဆန်းတဲ့ အစွမ်းသတ္တိတွေနဲ့ နာမ်ဝိညာဉ်တွေအကြောင်း မပြောသင့်ဘူး"

ဝမ်ယဲ့ : "..."

‘အခုအချိန်မှာ ကျွန်မ သရဲတစ္ဆေတွေ ရှိတယ်ဆိုတာကိုပဲ ပိုယုံကြည်လိုက်ချင်တော့တယ်’

ကျူးရှန်းလို့၏ တာဝန်ခံက သိပ်မကြာခင် ရောက်ရှိလာခဲ့သည်။ ထိုသူ၏ မျိုးရိုးအမည်က ချင်ဖြစ်သည်။

တာဝန်ခံချင်က ဖော်ဖော်ရွေရွေ အပြုံးဖြင့် အခန်းထဲသို့ ဝင်လာသည်။ စားပွဲထိုးက ရွှီယွဲ့ကျားကို မမှတ်မိသော်လည်း သူကတော့ မှတ်မိနေသည်။ ရွှီယွဲ့ကျားကို မြင်လိုက်သည်နှင့် တာဝန်ခံချင်က ပိုယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော်မျိုးက သခင်လေးရွှီကို ဂါရဝပြုပါတယ်"

ရွှီယွဲ့ကျားက ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။

"တာဝန်ခံချင်"

ရွှီယွဲ့ကျား ဘာမှထပ်မပြောရသေးခင်မှာပင် တာဝန်ခံချင်က စားပွဲထိုးဘက်သို့ လှည့်ကာ တိုးတိုးလေး အမိန့်ပေးလိုက်သည်။

"သခင်လေးရွှီအတွက် ဇီးသီးအရက်နောက်တစ်အိုး အမြန်သွားယူခဲ့ချေ"

ဖြစ်ပျက်သမျှ အခြေအနေအားလုံးကို စောင့်ကြည့်နေသည့် ဝမ်ယဲ့တစ်ယောက် မတွေးဘဲ မနေနိုင်တော့ချေ။

ဇီးသီးအရက်အသစ်တစ်အိုး စားပွဲပေါ်သို့ ရောက်လာခဲ့သည်။

"ဒါဆိုရင် သခင်လေးရွှီနဲ့ သခင်မလေးရွှီတို့ အေးအေးဆေးဆေး သုံးဆောင်နိုင်ဖို့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"

တာဝန်ခံချင်က အလိုက်တသိ ပြောကာ အခန်းပြင်သို့ ထွက်သွားပြီး တံခါးကိုပါ ညင်ညင်သာသာ ပြန်ပိတ်ပေးသွားခဲ့သည်။

တံခါးဝတွင် စောင့်နေသည့် ထောင်ကျီကတော့ ယခုအချိန်တွင် ဘာမှအသုံးမဝင်သလို ဖြစ်နေရှာသည်။

အရက်အသစ်ကို တစ်ငုံသောက်ရင်း ဝမ်ယဲ့က ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်သည်။

"ယောက်ျား... ရှင် ပြောင်းလဲသွားပြီပဲ"

ရွှီယွဲ့ကျားက ခေါင်းမော့ကြည့်ကာ ပြန်မေးလိုက်သည်။

"မင်းက ကိုယ်ကို အဲ့လောက်တောင် ကောင်းကောင်း သိနေလို့လား"

ဝမ်ယဲ့က သူမ၏ အရက်ခွက်ထဲမှ အရက်ကို ငုံ့ကြည့်ရင်း ပြန်ပြောလိုက်သည်။

"အနည်းဆုံးတော့ အရင်တုန်းက ရှင် ရှင်ရဲ့အာဏာကို သုံးပြီး တခြားသူတွေကို ဒီလိုမျိုး မဖိနှိပ်ခဲ့ဖူးဘူးလေ"

ရွှီယွဲ့ကျားက ချက်ချင်း ပြန်ချေပသည်။

"တာဝန်ခံချင်က သူ့သဘောနဲ့သူ အရက်လာပို့ပေးတာ မဟုတ်ဘူးလား"

"ရှင် တရားရေးဝန်ကြီးဌာနမှာ ရှိနေတာ တကယ်ကို နှမြောဖို့ကောင်းတာပဲ"

ဝမ်ယဲ့က ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။

"ရှင်က တိုင်းတပါးမျိုးနွယ်စုတွေနဲ့ စေ့စပ်ညှိနှိုင်းရတဲ့ နေရာမှာ ရှိနေသင့်တာ၊ ရှင်သာ အဲ့ဒီမှာရှိရင် တာ့ကျင်းမင်းဆက်အတွက် လက်ဆောင်ပဏ္ဍာတွေ အများကြီး ပိုရမှာ သေချာတယ်"

"ဆိုင်တာဝန်ခံ ကိုယ့်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာက ကိုယ်က တရားရေးဌာနရဲ့ လက်ထောက်ဝန်ကြီးဖြစ်နေလို့ မဟုတ်ဘူး၊ နယ်စားမင်းအိမ်တော်ရဲ့ ဩဇာကို ကြောက်လို့ ဒီလောက် ရိုကျိုးနေတာ"

ဝမ်ယဲ့က အရက်ခွက်ကို ချလိုက်ပြီး သူမ၏ကိုယ်လေးကို အနည်းငယ် ရှေ့သို့ ကိုင်းကာ ထပ်မေးလိုက်သည်။

"အဲ့တော့.... ဘာထူးလို့လဲ"

ရွှီယွဲ့ကျားက အလွန် ရိုးသားဖြောင့်မတ်သော မျက်နှာပေးဖြင့် ရှင်းပြနေသည်။

"အခြေခံအားဖြင့် ပြောရရင် ကိုယ်က ကိုယ်ရဲ့ ကိုယ်ပိုင်အာဏာနဲ့ သူ့ကို ဖိနှိပ်ခဲ့တာ မဟုတ်ဘူးလေ၊ နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သတင်းကြောင့် တာဝန်ခံချင်က လိုက်လျောပေးခဲ့တာ၊ ပြီးတော့ 'ရွှီ' မိသားစုရဲ့ နယ်စားမင်းဆိုတဲ့ ရာထူးကို အကြီးဆုံးသားတွေကပဲ အမြဲတမ်း ဆက်ခံရတာ မဟုတ်လား"

ဝမ်ယဲ့တစ်ယောက် အတော်ကြာအောင် ဆွံ့အသွားပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။

"တကယ်တော့ ဒါက ရှင့်ရဲ့ အရည်အချင်းတွေကို အလဟဿဖြစ်စေတာပဲ"

'ရှင့်ရဲ့ အစ်ကိုကြီး ရှင် သူ့ရဲ့ ဂုဏ်သတင်းကို အပြင်မှာ ဒီလိုမျိုး "ဖျက်ဆီး" နေတာကို သိရောသိရဲ့လား'

All Chapters