အခန်း ၆၇
Vol. 7 Ch. 67
အခန်း ၆၇ မေမေ ဗိုက်မဆာဘူး
ထိုထမင်းတစ်နပ်က ယောကျာ်းတစ်ယောက် ဆင်ခြေဆင်လက်များဖြင့် ပတ်ပြေးနေချိန်တွင် မည်သို့သော ပုံစံရှိသည်ကို ဝမ်ယဲ့အား ကောင်းကောင်းကြီး သိမြင်သွားစေခဲ့သည်။
တကယ်၍ ရွှီယွဲ့ကျားသာ လူလေလူလွင့်တစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့လျှင် သူ ဖြုန်းသမျှကို လိုက်လျော်ပေးရန်အတွက် ရွှီနယ်စားမင်းဆယ်ယောက်ရှိလျှင်ပင် လုံလောက်မည်မဟုတ်ပေ။
ဝမ်ယဲ့တစ်ယောက် သူမကိုယ်သူမ အားမလိုအားမရ ဖြစ်ကာ စိတ်ထဲမှ သက်ပြင်းချနေပြန်သည်။
‘တကယ်တော့ ငါကမှ လုသခင်မအပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးနိုင်ခဲ့သေးတယ်။ ရွှီနယ်စားမင်းက ရွှီယွဲ့ကျားဆီကနေ ဘာတွေများ ရခဲ့ဖူးလို့လဲ’
‘အင်း.... သူ ရနိုင်တာက.... အဆုံးအစမရှိတဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေပဲ ဖြစ်မှာပေါ့’
ဝမ်ယဲ့တစ်ယောက် နယ်စားမင်းရွှီအတွက် ရုတ်တရက် ဝမ်းနည်းကြေကွဲမိသွားသည်။
ကျူးရှန်းလို့မှ မထွက်ခွာမီ တာဝန်ခံချင်က တောင်းပန်တိုးလျှိုးသည့် အပြုံးလေးဖြင့် သူမတို့ ရှေ့သို့ တစ်ဖန်တိုးလာပြီး မုန့်သေတ္တာတစ်လုံးကို ကမ်းပေးနေခဲ့သည်။
"ဒါက ကျွန်တော်မျိုးတို့ ဆိုင်ကအသစ်ထွက်ထားတဲ့ မုန့်လေးပါ"
၎င်းက သာမန် ဆီးသီးမုန့်များနှင့်မတူဘဲ ဝမ်ယဲ့ ယခင်ဘဝက စားခဲ့ဖူးသည့် နှင်းမှုန်လမုန့်နှင့် ဆင်တူနေသည်။ ဖြူဖွေးပြီး အနည်းငယ် အေးစိမ့်နေပုံရသော မျက်နှာပြင်အလွှာလေးက ဆီးသီးအနှစ်ကို ပတ်ပတ်လည် ခြုံငုံအုပ်မိုးထားသည်။
ဆီးသီး၏ ချဉ်ချဉ်ချိုချို အရသာက နွေရာသီနှင့် အလွန်လိုက်ဖက်လှပြီး ဘယ်တော့မှ ရိုးအီသွားခြင်းမျိုး မရှိပေ။
ဤနှင်းလွှာဆီးသီးမုန့်၏ နေ့စဉ်ရောင်းချရမည့် အရေအတွက်က သာမန် ဆီးသီးမုန့်ထက် ပိုနည်းပါးပြီး ကျူးရှန်းလို့တွင်လည်း ပထမဆုံးအကြိမ် ရောင်းချခြင်း ဖြစ်သည်။ ဆန်းသစ်သည့်အပြင် အလွန်လည်း လူကြိုက်များလှသဖြင့် ယခုအချိန်မှ ကြိုတင်မှာယူချင်လျှင် ရရှိရန် တစ်လကျော်မျှ စောင့်ဆိုင်းရမည် ဖြစ်သည်။
ဆိုင်တာဝန်ခံချင်က အပြုံးဖြင့် ထပ်ပြောနေသေးသည်။
"ဒါက လေးစားသမှုနဲ့ ပေးတဲ့ လက်ဆောင်အသေးအဖွဲလေးပါ၊ ဘာမှထူးခြားတာ မရှိပါဘူး"
ရွှီယွဲ့ကျားက ဝမ်ယဲ့၏ မျက်နှာပေါ်မှ ဆိုင်တာဝန်ခံချင်ထံသို့ အကြည့်ရွှေ့လိုက်ပြီး ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆိုင်တာဝန်ခံကြီး"
တာဝန်ခံချင်က ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ပြီး အရိုအသေပေးရင်း ဆက်ပြောလာခဲ့သည်။
"မုန့်တစ်သေတ္တာသေးသေးလေးပါပဲ၊ အမတ်မင်းရွှီနဲ့ သခင်မတို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ်ခင်ဗျ"
မုန့်များက သင့်တော်သည့် လက်ခံမည့်သူများထံ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် တာဝန်ခံချင်၏ မျက်နှာထက်မှ အပြုံးက ပိုစစ်မှန်လာသည်။
"အမတ်မင်းရွှီနဲ့ သခင်မ၊ လမ်းခရီးမှာ ဂရုစိုက်ပါဦးခင်ဗျာ"
ရွှီယွဲ့ကျားက ရထားလုံးပေါ်သို့ ရောက်သည်အထိ မုန့်သေတ္တာကို သူကိုယ်တိုင် သယ်ဆောင်လာခဲ့ပြီး ရထားလုံးပေါ်သို့ ရောက်သည်နှင့် ဝမ်ယဲ့က သူမ၏ အသံကို နှိမ့်ကာ မုန့်သေတ္တာကို ဖွင့်ရန် အလျင်စလို တိုက်တွန်းလိုက်သည်။
ရွှီယွဲ့ကျားက သူမ၏ အနည်းငယ် ဖောင်းကားနေသော ဗိုက်ကို တချက်ကြည့်ကာ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်သည်။
"မင်း စားဖို့ နေရာကျန်သေးလို့လား"
ဝမ်ယဲ့က သူမ၏ ဗိုက်လေးကို လက်ဖြင့်အုပ်ကာ ပြန်ဖြေလိုက်သည်။
"ဒီနေ့ တခြားမုန့်တွေ မစားရသေးဘူးလေ၊ ရပါတယ်"
‘ကျွန်မ နည်းနည်းလေးပဲ စားပေမယ့် ဗိုက်ပြည့်နေတာလေ’
ရွှီယွဲ့ကျားလည်း ဘာမှ မတတ်နိုင်တော့ဘဲ မုန့်သေတ္တာကို ဖွင့်ပေးလိုက်ရသည်။ ၎င်းတွင် အလွှာနှစ်လွှာ ပါရှိပြီး မုန့်ကလေးများက သေးငယ်ကာ ကလေးငယ်တစ်ယောက်၏ လက်ဖဝါးခန့်သာ ရှိပြီး အလွှာတစ်ခုစီတွင် ခြောက်ခုစီ စီထည့်ထားသည်။
ဝမ်ယဲ့က ချက်ချင်း လက်လှမ်းလိုက်ပြီး တစ်ခုကို ကောက်ယူ မြည်းစမ်းကြည့်လိုက်သည်။
ထို့နောက် တည်တည်တံ့တံ့ မျက်နှာလေးဖြင့် မှတ်ချက်ပေးလိုက်သည်။
"အရသာရှိတယ်"
သူမက နောက်ထပ် အနည်းငယ်ကို ဆက်စားလိုက်ရာ ပထမအလွှာ ကုန်သွားခဲ့သည်။ ထို့နောက် ဝမ်ယဲ့က ကျန်ရှိနေသော မုန့်ခြောက်ခုကို ကြည့်ရင်း စဥ်းစားနေလေသည်။
“ဒါတွေကို အကြီးဆုံးယောင်းမအတွက် ချန်ထားပေးသင့်လား”
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျားက သူမဘက်သို့ လှည့်ကြည့်လာသည်။
တစ်စုံတစ်ခုကို တွေးမိသွား၍လားမသိနိုင်သော်လည်း သူ့နှုတ်ခမ်းအစုံက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူမအနေဖြင့် ထိုမုန့်များကို အမှန်တကယ် ချန်ထားနိုင်ပါစေဟု သူ ဆုတောင်းပေးလိုက်သည်။
.......။.......။.......
ရှန့်အချိန်(ညနေ ၃ နာရီမှ ၅ နာရီ)တွင် ဇနီးမောင်နှံနှစ်ဦး စီးနင်းလာသော ရထားလုံးက နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။
ဝမ်ယဲ့က မုန့်သေတ္တာကို ကိုင်ထားပြီး လမ်းတစ်ဝက်တွင် ရွှီယွဲ့ကျားနှင့် လမ်းခွဲခဲ့သည်။ သူမက အဓိကခြံဝင်းဘက်သို့ အရင်ဝင်ရမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤအချိန်တွင် လုသခင်မက အိမ်တော်၌မရှိဘဲ ဧည့်ခံပွဲတစ်ခုသို့ သွားရောက်နေခဲ့သည်။ ယခုလို တစ်နှစ်တာ၏ ရာသီဥတု သာယာသော အချိန်အခါမျိုးတွင် ဖိတ်စာများစွာ တဖွဲဖွဲရောက်ရှိနေတတ်သဖြင့် သူမ ပြန်မရောက်သေးခြင်း ဖြစ်သည်။
အခြေအနေကို နားလည်ပြီးနောက် ဝမ်ယဲ့က မုန့်သေတ္တာကို ချင်းရွှယ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီး ၎င်းက ယွီဖုန်းကျိုက်မှ အထူးတလည် ဝယ်ယူလာခဲ့သည့် အချိုပွဲဖြစ်ကြောင်း ပြောပြလိုက်သည်။ ထို့အပြင် သူမနှင့် ရွှီယွဲ့ကျားတို့ ကျူးရှန်းလို့တွင် သွားရောက် စားသောက်ခဲ့ကြကြောင်းကိုလည်း ပေါ့ပေါ့ပါးပါး ထည့်ပြောလိုက်သေးသည်။
အမှန်စင်စစ်တွင် ယွီဖုန်းကျိုက်နှင့် ကျူးရှန်းလို့တို့က တစ်ခုနှင့်တစ်ခု နီးကပ်လှသည်တော့ မဟုတ်ပေ။
လုသခင်မက ဝမ်ယဲ့ ပြန်ရောက်ပြီး တစ်နာရီကျော်အကြာမှသာ ပြန်ရောက်ရှိလာခဲ့သည်။ သူမက ယနေ့တွင် ကျင်းယွမ်မြို့စားမင်းကတော် ကျင်းပသည့် ကြာပန်းရှုစားပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် အဆင်မပြေမှု အနည်းငယ်ရှိခဲ့ခြင်းကြောင့် လုသခင်မ ပြန်လာချိန် နောက်ကျသွားရခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကိစ္စအားလုံးက ကောင်းကောင်းမွန်မွန် ပြေလည်သွားခဲ့သည်။
သခင်မလု ပင်မအဆောင်တွင် ထိုင်နေစဉ် ပိုင်မေ့က လက်ဖက်ရည် လာရောက်တည်ခင်းပေးပြီး ချင်းရွှယ်ကတော့ ဝမ်ယဲ့ ယူဆောင်လာခဲ့သော မုန့်များကို ပန်းကန်ပြားတစ်ခုဖြင့် သေသပ်စွာ ပြင်ဆင်လိုက်သည်။ ထို့နောက် ၎င်းကို သယ်ဆောင်လာရင်း သခင်မဖြစ်သူကို တင်ပြနေသည်။
"သခင်မ... ဒါက ဒုတိယသခင်မ သခင်မအတွက် ယွီဖုန်းကျိုက်ကနေ အထူးတလည် ဝယ်လာပေးတဲ့ မုန့်တွေပါ"
ဝမ်ယဲ့ ယနေ့ အိမ်တော်ပြင်ပသို့ ထွက်သွားသည်ကို သူမ မသိခဲ့ရသဖြင့် လုသခင်မက ချက်ချင်း မေးမြန်းလိုက်သည်။
"ဒုတိယသခင်မက ဒီနေ့ အပြင်သွားခဲ့တာလား"
ချင်းရွှယ်က တရိုတသေ ဦးညွတ်ရင်း ပြန်ဖြေနေသည်။
"ဟုတ်ပါတယ်ရှင့်၊ ဒုတိယသခင်မက ဒုတိယသခင်နဲ့အတူ ကျူးရှန်းလို့ကို သွားခဲ့တာပါ၊ ဒုတိယသခင်မ ပြောတာကတော့ အိမ်တော်ကို ပြန်တဲ့လမ်းမှာ ယွီဖုန်းကျိုက်ကို ဖြတ်လာတာနဲ့ မုန့်တစ်သေတ္တာ ဝယ်ခဲ့တာလို့ ပြောပါတယ်"
လုသခင်မက စားပွဲပေါ်ရှိ မုန့်များကို ကြည့်နေပြီး သူမ၏စိတ်ထဲသို့ အတွေးများစွာ ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း သူမ ပိုအံ့အားသင့်မိသည်က သူမ၏ ဒုတိယမောင်ငယ်ဖြစ်သူပါ အတူအပြင်ထွက်သွားခဲ့ခြင်းပင်။
နယ်စားမင်းရွှီက မကြာသေးမီရက်များအတွင်း တရားရေးဝန်ကြီးဌာနတွင် အလုပ်များနေသည်ဟု ပြောခဲ့သည်ကို သူမ ကောင်းကောင်းကြီး မှတ်မိနေသေးသည်။
......။......။......
ဝမ်ယဲ့က အဓိကခြံဝင်းမှ ထွက်ခွာလာပြီး အနောက်ဘက်ဆောင်သို့ ပြန်လာခဲ့သည်။ သူမ ခြံဝင်းအတွင်းသို့ ခြေချလိုက်သည်နှင့် ရွှီယွိရွှမ်၏ ပုံရိပ်လေးကို လှမ်းမြင်လိုက်ရသည်။
သူက စင်္ကြံလမ်းတွင် လည်ပတ်လေးဆန့်ကာ မျှော်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူမ ပြန်ရောက်လာသည်ကို မြင်သွားပြီး အစပိုင်းတွင် သူ မသိစိတ်ဖြင့် ပြုံးမိသွားသော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နှုတ်ခမ်းအစုံက ချက်ချင်း အောက်သို့ ပြန်တွဲကျသွားသည်။ ထို့နောက် သူက သူ့ကိုယ်လေးကို လှည့်ကာ ဗိုက်ကလေးကို လက်ဖြင့် အုပ်လျက် ဝမ်ယဲ့ကို ကျောပေးထားလိုက်သည်။
ပုံမှန်အားဖြင့် အမြဲတမ်း သက်ဝင် လှုပ်ရှားပြီး တောက်ပနေတတ်သော သူ့မျက်လုံးလေးများကတော့ ဝမ်ယဲ့ကို ရံဖန်ရံခါ ခိုးကြည့်ရန် အားထုတ်နေကြသည်။
ဝမ်ယဲ့ သူ့အနားသို့ ချဉ်းကပ်သွားချိန်တွင် သူက သူ့၏မကျေနပ်မှုကို ဖော်ပြရန် တမင်တကာ ကျယ်လောင်သည့် အသံလေးဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ဝမ်ယဲ့က ထောင်ကျီထံမှ ပေါ့ပါးသော မုန့်သေတ္တာကို လှမ်းယူလိုက်ပြီး အပြုံးလေးဖြင့် တိုးကပ်သွားကာ လှမ်းပြောလိုက်သည်။
"ရွှမ်အာ... မေမေက သားအတွက် မုန့်တွေ ယူလာပေးတယ်နော်"
ရွှီယွိရွှမ်က အနောက်ဘက်ဆောင် စာကြည့်ခန်း၏ အပြင်ဘက် ပြတင်းပေါက်အောက်တွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ စာကြည့်ခန်းအတွင်းတော့ ရွှီယွဲ့ကျားက စာရွက်စာတမ်းများကို စစ်ဆေးနေသည်။ အသံကို ကြားလိုက်ရသဖြင့် သူ မော့ကြည့်လိုက်ချိန်တွင် ဝမ်ယဲ့က သူမ၏ကိုယ်လေးကို ကိုင်းညွတ်ပြီး မုန့်သေတ္တာ ဖွင့်ပြနေသည်ကို သူ မြင်လိုက်ရသည်။
ပြတင်းပေါက်အောက်တွင် ရွှီယွိရွှမ်က သူ့နှုတ်ခမ်းလေးကို ဆူထားဆဲဖြစ်ပြီး ညည်းညူလိုက်သည်။
"ရွှမ်အာက မေမေ့ကို ဒီလောက်အကြာကြီး စောင့်နေခဲ့တာ၊ မေမေက မရှိဘူး၊ လူလိမ်ကြီး... ဟွန့်"
ဝမ်ယဲ့က ဘာဆင်ခြေမှ မပေးတော့ဘဲ မုန့်သေတ္တာထဲတွင် တစ်ခုတည်းသာ ကျန်ရှိတော့သော နှင်းလွှာဆီးသီးမုန့်လေးကို တိုက်ရိုက်ထုတ်ယူကာ ရွှီယွိရွှမ်၏ ပါးစပ်နားသို့ ပို့ပြီး မြှူဆွယ်လိုက်သည်။
"အရင်ဆုံး မြည်းကြည့်ပါဦး၊ ရွှမ်အာရဲ့"
ရွှီယွိရွှမ်က ငြင်းရန် ပါးစပ်ဟလိုက်သည်။
"မစား..."
သို့သော်လည်း သူ မတော်တဆ မုန့်အစွန်းလေးကို ကိုက်မိသွားခဲ့သည်။
ကျန်ရှိနေသော အပြစ်တင် ညည်းညူသံများအားလုံးက ထိုမုန့်လေးနှင့်အတူ သူ့ဗိုက်ထဲသို့ မျိုချခြင်း ခံလိုက်ရသည်။
"အရသာရှိလား"
ဝမ်ယဲ့က အပြုံးဖြင့် မေးလိုက်သည်။
ရွှီယွိရွှမ်၏ ပါးစပ်က လှုပ်ရှားနေဆဲ ဖြစ်သည်။ ဝမ်ယဲ့၏ မေးခွန်းကို ကြားလိုက်ချိန်တွင် သူက အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။
"အရသာရှိတယ်"
ဝမ်ယဲ့က ပိုကြီးသည့် ကျန်နေသောအပိုင်းကို သူ့အတွက် ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"ဒါက မေမေ အကြာကြီး တန်းစီစောင့်ပြီးမှ ယူလာပေးခဲ့တာနော်၊ တစ်ခုတည်းပဲ ကျန်တော့တာကို မေမေတောင် မစားဘဲ ချန်ထားခဲ့တာ"
ရွှီယွိရွှမ်က သူ့လက်ထဲမှ မုန့်ကို ကြည့်ပြီး ချက်ချင်း ပြန်ပေးရန် ကြိုးစားနေရှာသည်။
"မေမေလည်း စားပါဦး"
ဝမ်ယဲ့က မုန့်၏ အကိုက်ခံထားရသောနေရာတွင် ထင်ကျန်နေသည့် မသိမသာ တံတွေးရာလေးကို ကြည့်ရင်း ပြတ်ပြတ်သားသား ခေါင်းခါယမ်းလျက် အခိုင်အမာ ငြင်းပယ်လိုက်သည်။
"ရွှမ်အာပဲ စားပါ၊ မေမေ ဗိုက်မဆာဘူး"
ရွှီယွိရွှမ်က နောက်ထပ်တစ်လုပ် ထပ်မံကိုက်စားလိုက်ပြီးနောက် မုန့်ကုန်သွားသောအခါ သူ့နှုတ်ခမ်းအစုံက သိသိသာသာ အပေါ်သို့ ကွေးညွတ်သွားခဲ့သည်။
သူ အမှန်တကယ် ပျော်ရွှင်သွားသည်မှာ ထင်ရှားနေသည်။
'ကလေးတွေက တကယ်ပဲ စိတ်ကျေနပ်အောင် ထားရလွယ်ကူတာပဲ...'
ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ တွေးနေရင်း မုန့်တစ်တုံး ချန်ထားခဲ့မိသည့် သူမ၏ ကံကောင်းမှုကို ကျေးဇူးတင်နေမိသည်။
အစပိုင်းတွင် ဝမ်ယဲ့က မုန့်ခြောက်တုံးလုံးကို ချန်ထားပြီး လုသခင်မ အဆန်းအပြားအဖြစ် မြည်းစမ်းကြည့်နိုင်ရန် သွားပေးဖို့ စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အိမ်တော်သို့အပြန်လမ်းက အလွန်ဝေးကွာလွန်းလှသဖြင့် သူမ စိတ်ကို မထိန်းချုပ်နိုင်ဘဲ စားမိသွားခဲ့သည်။
နောက်ဆုံးတွင် သူမ ယွီဖုန်းကျိုက်သို့ နောက်တစ်ခေါက် ပြန်သွားပြီး အခြားအရသာရှိသည့် မုန့်တစ်သေတ္တာကို ထပ်မံဝယ်ယူခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ယွီဖုန်းကျိုက်မှ မုန့်အားလုံးကလည်း အရသာ ကောင်းမွန်သောကြောင့် လုသခင်မ သဘောကျနှစ်သက်ပေလိမ့်မည်။
သို့သော် ဝမ်ယဲ့ မသိခဲ့သည်က လုသခင်မ သူမ ပို့ပေးခဲ့သော မုန့်နှစ်တုံးကို စားပြီး လက်ဖက်ရည်နှစ်ခွက် သောက်ပြီးချိန်တွင် အမတ်မင်းရွှီကလည်း ယွိဖုန်းစားသောက်ဆိုင်မှ မုန့်များကို အဓိကခြံဝင်းသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
လူမသိသူမသိဖြင့် အမတ်မင်းရွှီ၏ စိတ်ထဲမှ သူမ၏ ပုံရိပ်လေးက အနည်းငယ် 'ကျဆင်း' သွားခဲ့ရသည်။
.........။......။......
ဝမ်ယဲ့က ရွှီယွဲ့ကျားနှင့်အတူ ကျူးရှန်းလို့သို့ သွားခဲ့သည့် နောက်ဆုံးအကြိမ်မှ စပြီး အိမ်တော်ပြင်ပသို့ နောက်ထပ်မထွက်ဖြစ်တော့ပေ။ ရာသီဥတုက တဖြည်းဖြည်း ပိုပူပြင်းလာသော်လည်း ကံကောင်းထောက်မစွာဖြင့် နယ်စားမင်းအိမ်တော်က ချမ်းသာကြွယ်ဝလှသည့်အပြင် သူမထံတွင် မှီခိုအားထားရမည့် လုသခင်မ၏ အရှိန်အဝါလည်း ရှိနေသေးသည်။
နေ့စဉ်နေ့တိုင်း အခန်းထဲရှိ ရေခဲဇလုံကို အမြဲတစေ ရေခဲများ ဖြည့်တင်းထားပေးသဖြင့် တစ်နေ့တာလုံး အခန်းတွင်း၌ အေးစိမ့်နေခဲ့သည်။
ယခုရက်ပိုင်းတွင် ဝမ်ယဲ့က သူမ၏ ခြံဝင်းထဲမှ မထွက်တော့ဘဲ သူမ အပြင်ထွက်လျှင်လည်း အဓိကခြံဝင်းရှိ လုသခင်မထံသို့ မျက်နှာပြရန်အတွက်သာ ဖြစ်သည်။
ယနေ့တွင် လုသခင်မက လတ်ဆတ်သော လိုက်ချီးသီးတစ်တောင်း ပို့ပေးလာခဲ့သဖြင့် ဝမ်ယဲ့က ၎င်းကို အသုံးပြုပြီး လိုက်ချီးသီးနှင့် ဘယ်ရီသီးဖျော်ရည်အေးအေးတစ်မျိုး ပြုလုပ်လိုက်သည်။
သူမက အဓိကခြံဝင်းသို့ အဓိကခြတင်းသို့ သုံးခွက် ပို့ပေးခဲ့ပြီး ကျန်ရှိနေသော ဖျော်ရည်များ၏ ထက်ဝက်ခန့်ကို သူမဘာသာ သောက်လိုက်သည်။ ထိုအချိန်တွင် ရွှီယွိရွှမ်က ရှီပိုင်လီထံတွင် စာသင်ကြားရာမှ ပြန်မရောက်သေးသလို ရွှီယွဲ့ကျားကလည်း အိမ်သို့ ပြန်မလာသေးချေ။
ရာသီဥတု ပူပြင်းလှသဖြင့် ညစာတွင် အအေးဟင်းလျာ အများစု ပြင်ဆင်ထားပြီး ကျန်ရှိသော ပူပူနွေးနွေး ဟင်းလျာအနည်းငယ်ကလည်း အတော်အတန် ပေါ့ပါးသောအရသာများ ဖြစ်သည်။
ဝမ်ယဲ့က ထောင်ကျီအား သားအဖနှစ်ယောက်အတွက် ဖျော်ရည်တစ်ခွက်စီ သွားတည်ခင်းပေးရန် ညွှန်ကြားလိုက်သည်။
ရွှီယွိရွှမ်က ဖျော်ရည်ခွက်၏ အနားသတ်ကို စတင်ကိုင်ကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။
"အေးတယ်"
ဝမ်ယဲ့က လှမ်းပြောလိုက်သည်။
"ဒါပေမယ့် အရသာရှိတယ်"
အမှန်စင်စစ်တွင် ရွှီယွိရွှမ်၏ ဖျော်ရည်ခွက်က ခဏမျှသာ အအေးခံထားခြင်းဖြစ်သဖြင့် အလွန်အမင်း အေးစိမ့်မနေခဲ့ပေ။
သို့သော်လည်း ယခင်က ရေခဲဟူသောအရာကို တစ်ခါမျှ မကြုံတွေ့ဖူးသည့် ရွှီယွိရွှမ်အတွက်တော့ ထိုပမာဏက လုံလောက်နေပြီ ဖြစ်သည်။ သူက သူနှင့် သူ့ဖခင်အတွက်သာ ဖျော်ရည်တစ်ခွက်စီ ရှိနေသည်ကို မြင်သွားပြီး မေးလိုက်ပြန်သည်။
"မေမေမှာရော မရှိဘူးလား"
"ရှိတာပေါ့"
ဝမ်ယဲ့က သူမရှေ့ရှိ အအေးဖျော်ရည်ခွက်ကို အနားသို့ တိုးကပ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"မေမေက ဒီအကျန်တွေကို ကုန်အောင် သောက်မှာလေ"
ရွှီယွိရွှမ်က 'ပမာဏ' ဟူသော သဘောတရားကို အပြည့်အဝ နားမလည်သေးသော်လည်း 'အကျန်' ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကိုတော့ ကောင်းကောင်း နားလည်နေပြီ ဖြစ်သည်။
‘မေမေက ဘာလို့ အကျန်တွေကို သောက်ရမှာလဲ’
ရွှီယွိရွှမ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"မေမေနဲ့ ဖေဖေနဲ့ ခွက်ချင်းလဲလိုက်လေ"
သူ့ဖေဖေ၏ ဖျော်ရည်ခွက်ထဲတွင် ရှိနေသောအရာက ပိုအရသာရှိမည့်ပုံ ပေါ်နေသည်ဟု သူ ယူဆလိုက်သည်။
ရွှီယွဲ့ကျား : "..."
ဝမ်ယဲ့က ရယ်ချင်စိတ်ကို အောင့်အီးထားရင်း ငြင်းဆန်လိုက်သည်။
"သားရဲ့ဖေဖေက မိသားစုရဲ့ အကြီးအကဲလေ၊ ဖေဖေက မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ရတယ်၊ ရွှမ်အာအတွက် မုန့်တွေတောင် ဝယ်လာပေးသေးတယ် မဟုတ်လား၊ ဖေဖေကို အကျန်တွေ ပေးသောက်လို့ ဘယ်ဖြစ်မလဲ"
ထိုစကားကို ကြားပြီးနောက် ရွှီယွိရွှမ်က အနည်းငယ် တွေဝေသွားပြီးမှ အကြံပြုလာခဲ့သည်။
"ဒါဆို... မေမေ ရွှမ်အာရဲ့ခွက်ကို ယူမလား"
သူ ထိုသို့ပြောလိုက်သော်လည်း သူ့ခွက်ကို ဝမ်ယဲ့အနားသို့ တိုးပေးလိုက်ချိန်တွင်တော့ သူ့မျက်ဝန်းများထဲ၌ နှမြောတသမှုများ အပြည့် ရှိနေခဲ့သည်။
"ရွှန်အာကလည်း နေ့တိုင်း စာတွေကို ကြိုးကြိုးစားစား သင်ယူနေရတာပဲ၊ အကျန်တွေကို သောက်ဖို့ မလိုပါဘူး"
ဝမ်ယဲ့၏စကားကြောင့် ရွှီယွိရွှမ်က ဇဝေဇဝါဖြစ်သွားပြီး ပြန်မေးလိုက်သည်။
"ဒါဆို... ဘယ်သူ သောက်သင့်တာလဲဟင်"
"မေမေပေါ့... မေမေ သောက်သင့်တာလေ၊ မေမေက တစ်နေ့လုံး ဘာမှမလုပ်ဘဲ အလကားနေနေတဲ့သူဆိုတော့ အကျန်တွေကို သောက်ဖို့ အသင့်တော်ဆုံးပဲ"
ဝမ်ယဲ့က သူမကိုယ်သူမ ကောင်းကောင်းကြီး နားလည်နေပုံဖြင့် ပြန်ဖြေလိုက်သည်။
အတန်ကြာ တွေဝေနေပြီးနောက် နောက်ဆုံးတွင် ရွှီယွိရွှမ်က ပြောလာပြန်သည်။
"နောက်တစ်ခါကျရင် သား မေမေနဲ့ လဲပေးမယ်နော်"
ဝမ်ယဲ့က သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း သဘောတူလိုက်သည်။
"ကောင်းပါပြီ... နောက်တစ်ခါကျရင် မေမေတို့ လဲကြမယ်’
'နောက်တစ်ခါကျရင်တော့ မင်းကို ပိုများတဲ့ ပန်းကန်လုံးကြီး ချန်ထားပေးမယ်...'
ညစာစားပြီးသည့်နောက်တွင် အချိုပွဲအဖြစ် ဖရဲသီး ရှိနေသေးသည်။ ရွှီယွိရွှမ်က ဖရဲသီးအစိတ် သေးသေးလေးကို စားလိုက်ပြီး စိတ်ကျေနပ်သွားကာ သူ့၏ အဆောင်ဆီသို့ ပြန်သွားခဲ့သည်။
ရွှီယွဲ့ကျားကလည်း ဖရဲသီးနှစ်စိတ် စားခဲ့ပြီး ဝမ်ယဲ့ကတော့ ရွှီယွိရွှမ် ထွက်သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်မှသာ သူမက ဖရဲသီးတစ်ခြမ်းကို ရင်ခွင်ထဲပိုက်ကာ ဇွန်းအသေးလေးဖြင့် တဖြည်းဖြည်းချင်း နှိုက်စားနေသည်။
ထိုဖရဲသီးက မြို့တော်၏ ဆင်ခြေဖုံးရှိ စိုက်ခင်းတစ်ခုမှ ထွက်ရှိခြင်းဖြစ်ပြီး နံနက်စောစောကမှ အိမ်တော်သို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။ ရေခဲရိုက်ထားသဖြင့် အတော်အတန် လန်းဆန်းအေးမြနေပြီး အမှန်ပင် ချိုမြိန်နေသော်လည်း ဘာကြောင်းမှန်းမသိဘဲ ဝမ်အိမ်တော်တွင် စားခဲ့ရဖူးသော အရသာကို မမှီသလို ခံစားနေရသည်။
ဝမ်ယဲ့အနေဖြင့် သူမ၏ ဒုတိယဦးလေးက စာပေလေ့လာရာတွင် ထူးချွန်သူတစ်ယောက် မဟုတ်သော်လည်း ဖရဲသီးစိုက်ပျိုးသည့်နေရာတွင်တော့ အောင်မြင်မှုတစ်ခု ရှိသည်ကို မဝန်ခံဘဲ မနေနိုင်တော့ချေ။ ယခုမှပင် သူမ ယခင်က မည်မျှအလိုလိုက်ခြင်း ခံခဲ့ရသည်ကို သဘောပေါက်မိသွားသည်။ ဖရဲသီးတစ်ခြမ်းလုံး ကုန်အောင်စားပြီးသည့်တိုင် ဝမ်ယဲ့တစ်ယောက် ထိုအတိတ်မှ အရသာကို တမ်းတနေမိဆဲ ဖြစ်သည်။
ခဏမျှ စဥ်းစားပြီးနောက် သူမ စိတ်လိုက်မာန်ပါဖြင့် တခုခု လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ရွှီယွဲ့ကျားကို လှမ်းခေါ်လိုက်သည်။
"ယောက်ျား... လာကူညီပေးပါဦး"
ရွှီယွဲ့ကျားတစ်ယောက် သူမ အနားသို့ ရောက်ရှိသွားချိန်မှသာ သူ ကူညီပေးရမည့်အရာက ဖရဲသီးစေ့များအား သီးသန့်ဖယ်ထုတ်ပေးရန် ဖြစ်နေသည်ကို သိလိုက်ရသည်။
ဝမ်ယဲ့က အလိုက်သင့် ရှင်းပြနေသည်။
"ကျွန်မတို့ရဲ့ ဇာတိမြေဖြစ်တဲ့ စူးကျိုးမှာ ဒုတိယဦးလေး ရှိသေးတယ်လေ၊ သူ စိုက်တဲ့ ဖရဲသီးတွေက ဒါတွေထက် အများကြီး ပိုအရသာရှိတယ်"
အချိန်ကို တွက်ချက်ကြည့်လျှင် သူမတို့၏ ဇာတိမြေ စူးကျိုးမှ ဖရဲသီးများက မကြာမီ မြို့တော်သို့ လှည်းများဖြင့် ရောက်ရှိလာတော့မည် ဖြစ်သည်။
ထိုအချိန်တွင် အိမ်သို့ စာတစ်စောင် ပြန်ရေးလိုက်မည်ဆိုပါက အချိန်ကိုက် ဖြစ်ပေလိမ့်မည်။
ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးမြန်းလာခဲ့သည်။
"ဒီနေ့ ဖရဲသီးက မချိုလို့လား"
ဝမ်ယဲ့က ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အဲ့လိုတော့လည်း မဟုတ်ပါဘူး"
သူမက ထပ်ပြီး အကျယ်တဝံ့ ရှင်းမပြတော့ဘဲ အရိပ်အမြွက်မျှသာ ပြောလိုက်သည်။
"နောက်ရက်အနည်းငယ်နေလို့ ရှင်ကိုယ်တိုင် မြည်းစမ်းကြည့်ရတဲ့အချိန်ရောက်ရင် နားလည်သွားမှာပါ"
.....။.....။.....
ယခုနှစ်တွင် သူမ၏ ဒုတိယမတ်က ဖရဲသီးနှင့် သစ်သီးဝလံ အပြည့်တင်ဆောင်ထားသည့် လှည်းအစီးရေ ဆယ်ဂဏန်းကျော်ကို ပို့ဆောင်ပေးခဲ့သည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း သခင်မရှန်းက ခြံဝင်းအသီးသီးသို့ အရင်ဆုံး ခွဲဝေပေးလိုက်ပြီး ကျန်ရှိနေသည့်သစ်သီးများကို ဂိုဒေါင်ထဲ၌ သိုလှောင်ထားစေသည်။
ထိုအရာအားလုံးကို စီစဥ်ပြီးစီးသွားပြီးနောက်တွင်မှ သူမက ဝမ်ယဲ့ ပို့ပေးခဲ့သည့် စာကို သွားဖတ်လိုက်သည်။
စာကို ဖတ်ရှုပြီးနောက် သခင်မရှန်းတစ်ယောက် အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ရသည်။
ထို့နောက်တွင် သူမက အထိန်းတော်ဟန်အား စူးကျိုးမှ ရောက်ရှိလာသော သစ်သီးဝလံအချို့ကို အိမ်တော်မှ အိမ်ထောင်ကျပြီး ထွက်ခွာသွားကြသည့် သမီးများအတွက် ဝေစုတစ်ခုစီ ပြင်ဆင်ပြီး သွားရောက်ပို့ဆောင်ပေးရန် ညွှန်ကြားလိုက်သည်။
သုံးရက်အကြာတွင် ဝမ်ယဲ့တစ်ယောက် သခင်မရှန်း ပို့လိုက်သော ဖရဲသီးများကို လက်ခံရရှိခဲ့သည်။
သူမ ရရှိသည်က စုစုပေါင်း ငါးလုံးဖြစ်ပြီး ပုံမှန်ရရှိရမည့် ဝေစုထက် ပိုမိုများပြားနေသည်။ ဝမ်ယဲ့က ထောင်ကျီအား အစေခံမိန်းကလေးနှစ်ယောက်ကို ရှာခိုင်းပြီး အဓိကခြံဝင်းသို့ ဖရဲသီးနှစ်လုံး သွားပို့စေခဲ့သည်။
ကျန်ရှိနေသော သစ်သီးဝလံ ခြင်းတောင်းနှစ်တောင်းကတော့ နယ်စားမင်းအိမ်တော်ထဲတွင် ထိုသစ်သီးများ အလွန်အမင်း ပေါများနေသဖြင့် ဝမ်ယဲ့က အခြားသူများကို ထပ်ခွဲဝေမပေးတော့ချေ။
လုသခင်မ ကြီးမားလှသော ဖရဲသီးနှစ်လုံးကို လက်ခံရရှိချိန်တွင် ရွှီကျင့်လင်းက ထိုနေရာသို့ ရောက်ရှိနေခဲ့ပြီး စားချင်သည်ဟု ပူဆာနေခဲ့သည်။
ထို့ကြောင့် လုသခင်မက အစေခံတစ်ဦးအား ဖရဲသီးတစ်လုံးကို လှီးဖြတ်ရန် ခိုင်းစေလိုက်သည်။
မိခင်နှင့်သားနှစ်ယောက်စလုံး ဖရဲသီးတစ်စိတ်စီ စားလိုက်ကြပြီး အစားအသောက် ဂျီများတတ်သော ရွှီကျင့်လင်း၏ လျှာဖျားက ကွာခြားချက်ကို ချက်ချင်း သတိပြုမိသွားသည်။
"မေမေ... ဒါက အရင်နေ့ကထက် ပိုပြီး အရသာရှိတယ်နော်"
လုသခင်မလည်း ထိုနည်းတူ ခံစားရသဖြင့် ၎င်း၏ မူလအရင်းအမြစ်ကို မေးမြန်းစုံစမ်းရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။
ထိုအချိန်မှသာ ဤဖရဲသီးများက ဝမ်ယဲ့၏ ဒုတိယဦးလေး စိုက်ပျိုးထားခြင်းဖြစ်ပြီး စူးကျိုးမှ မြို့တော်အထိ ဝေးကွာလှသော ခရီးကို ဖြတ်ကျော်ကာ သယ်ဆောင်လာရခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။
လုသခင်မက သူမ အနားရှိ အထိန်းတော်ရှန်းကို ပြောလိုက်သည်။
"ကျွန်မ မှတ်မိသလောက်တော့ ယန်ကျိုးက စူးကျိုးနဲ့ သိပ်မဝေးဘူး မဟုတ်လား"
အထိန်းတော်ရှန်းက သခင်မလု၏ စကားထဲမှ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားပြီး ခဏမျှ စဥ်းစားကာ ပြန်ဖြေလိုက်သည်။
"ဒါပေမယ့်လည်း... တတိယသခင်ကြီးရဲ့ ကျန်းမာရေးက အမြဲတမ်း ဆိုးဝါးနေတာကို သခင်မလည်း သိနေတာပါပဲ"
ထိုသို့မဟုတ်လျှင် မည်သူကမျှ မြို့တော်ကဲ့သို့ စည်ကားလှသော နေရာကို စွန့်ခွာပြီး အနားယူရန်အတွက် သူတို့၏ မွေးရပ်မြေ ယန်ကျိုးသို့ ပြန်သွားမည်မဟုတ်ချေ။
တတိယသခင်ကြီးအား ဖရဲသီးစိုက်ပျိုးရန် ခိုင်းစေခြင်းက အမှန်တကယ် အလှမ်းကြီးမားသော တောင်းဆိုချက်တစ်ခု ဖြစ်ပေလိမ့်မည်။