← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈ အပိုသင်ခန်းစာ

သူမ အနားတွင် နှစ်ပေါင်းများစွာ ခစားခဲ့သော အနီးကပ်အစေခံမကြီးက သူမ၏ အတွေးကို ရိပ်မိသွားမှန်း သိလိုက်ရသောကြောင့် လုသခင်မ အနည်းငယ် အနေရခက်သွားရသည်။

ကျန်းမာရေးမကောင်းသည့် တတိယဦးလေးအား ဖရဲသီးစိုက်ပျိုးရန် စိတ်ပူခိုင်းခြင်းက အမှန်တကယ် အနည်းငယ် ရယ်စရာကောင်းနေခဲ့သည်။

လုသခင်မက ဒုတိယမြောက် ဖရဲသီးစိတ်ကို စားနေပြီဖြစ်သော သူမ၏ သားငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားကာ ခဏကြာမှ ဆက်ပြောလိုက်သည်။

"ဒီဖရဲသီးနှစ်လုံးရဲ့ အစေ့တွေကို သီးသန့်ဖယ်ထားလိုက်၊ နောက်နှစ်ကျရင် တာဝန်ခံချန်ကို စမ်းပြီး စိုက်ခိုင်းကြည့်ရမယ်"

အထိန်းတော်ရှန်းက တိတ်တခိုး ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်မ"

ယခုလက်ရှိ လုသခင်မက အိမ်ထောင်မပြုခင် အချိန်ကထက် ပိုမိုတက်ကြွရွှင်လန်းနေပုံရသည်ဟု သူမ ခံစားနေမိသည်။

ဖရဲသီးက အမှန်တကယ် အလွန်ချိုမြိန်လှပြီး နယ်စားမင်းအိမ်တော်၏ လယ်တောခြံများတွင် စိုက်ပျိုးထားသော အသီးများထက် မနိမ့်ကျသည့်အပြင် ပိုအရည်ရွှန်းကာ လန်းဆန်းစေသည်။

လုသခင်မက ဝမ်ယဲ့၏ အလိုက်သိတတ်မှုကို သဘောကျနေမိရင်း သခင်မရှန်းကလည်း အလွန်တော်သော မိခင်တစ်ဦးဖြစ်သည်ဟု မတွေးဘဲ မနေနိုင်တော့ချေ။

‘ရှန်းသခင်မက ဝမ်ယဲ့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာ မဆန်းတော့ဘူးပဲ’

ဝမ်ယဲ့ကတော့ သစ်သီးခြင်းတောင်းများဖြင့် အနောက်ဘက်ခြံဝင်းသို့ ပြန်လာခဲ့သည်။ အနောက်ဘက်ခြံဝင်းထဲတွင် ရေခဲခန်းအသေးလေးတစ်ခု ရှိပြီး သေးငယ်သော်လည်း နွေရာသီတွင် သစ်သီးဝလံများနှင့် လက်ဖက်ရည်များ အေးခဲထားရန်အတွက်တော့ လုံလောက်နေဆဲဖြစ်သည်။ ၎င်းက ဝမ်ယဲ့ကို ရေခဲများ အကန့်အသတ်မရှိ သုံးစွဲနိုင်သလို ခံစားရစေသည်။

ဤအချိန်တွင် ရွှီယွိရွှမ်က စာသင်ခန်းထဲ၌ ရှိနေဆဲဖြစ်သည်။ ဝမ်ယဲ့က ထောင်ကျီအား ဖရဲသီးဖျော်ရည်လုပ်ရန် ရေခဲအချို့ သွားရောက်ယူဆောင်ခိုင်းလိုက်သည်။

ထောင်ကျီကလည်း မေးမြန်းလာခဲ့သည်။

"သခင်မ... မနက်စာအတွက် ဘာသုံးဆောင်ချင်ပါသလဲရှင်"

မနေ့ညက မိုးရွာသွန်းခဲ့သဖြင့် ယနေ့နံနက်ခင်းက ယခင်ရက်များကဲ့သို့ အိုက်စပ်စပ် မဖြစ်နေတော့ချေ။ ဝမ်ယဲ့က နွေရာသီတွင် အိပ်ရာထနောက်ကျတတ်သဖြင့် သူမ မနက်စာ မစားရသေးပေ။

ခဏတာမျှ စဥ်းစားပြီးနောက် ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"ငါ ရုတ်တရက် အသားကင်စားချင်စိတ် ပေါက်လာတယ်"

ဖျော်ရည်အေးများနှင့် အသားကင် တွဲဖက်စားခြင်းက အကောင်းဆုံး အတွဲအစပ် ဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ ဝမ်ယဲ့က ကိုယ်တိုင်ချက်ပြုတ်ရန် စိတ်မပါတော့ချေ။ သူမက မီးဖိုချောင်ကို အကင်များ ပြင်ဆင်ခိုင်းလိုက်ပြီး သူမဆီသို့ ယူလာခိုင်းလိုက်သည်။ ထို့နောက်မှ ချိုမြိန်သော ဖရဲသီးဖျော်ရည်နှင့်အတူ အကင်များကို တစ်လုပ်ချင်းစီ မြိန်ယှက်စွာ စားသောက်နေသည်။

‘တကယ်ကို ပျော်ဖို့ ကောင်းတာပဲ’

အကင်နှင့် ဖျော်ရည်များကို စားပွဲအနိမ်းလေးပေါ်တွင် တင်ထားပြီး ဝမ်ယဲ့က ခုံတန်းရှည်ပေါ်တွင် လဲလျောင်းနေကာ ထောင်ကျီက တစ်ဖက်တွင် ထိုင်ရင်း ပုံပြင်စာအုပ် ဖတ်ပြနေသည်။

ယွင်ကျီက ရေခဲခွက်ဘေးတွင် ထိုင်နေပြီး ယပ်ခပ်နေကာ အေးမြသောလေကို ဝမ်ယဲ့ဆီသို့ လမ်းညွှန်ပေးနေသည်။

'ဒါမှ တကယ့်ဘဝပဲ'

သူမ၏ အစားအသောက်အာသီသ ပြည့်ဝသွားပြီးနောက် ဝမ်ယဲ့က သတိရတရဖြင့် မှာကြားလိုက်သည်။

"ဒါနဲ့... ခဏနေလို့ အမတ်မင်း ပြန်လာရင် သူ့ဆီကိုလည်း ဖျော်ရည်တစ်ခွက် ပို့ပေးဖို့ သတိရဦးနော်"

ယွင်ကျီက ပြန်ဖြေလိုက်သည်။

"ဒီအစေခံ မှတ်သားထားပါမယ်ရှင့်"

ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"ငါ့အမေပို့လိုက်တဲ့ ဖရဲသီးကို သုံးနော်၊ ခွက်အသေးလေးပဲ ပို့ပေး... အများကြီး မထည့်နဲ့ဦး"

သူမ၏ ရည်ရွယ်ချက်က မည်သည့်ဖရဲသီးက ပိုအရည်ရွှန်းသည်ကို ရွှီယွဲ့ကျားအား မြည်းစမ်းကြည့်စေချင်ရုံသာ ဖြစ်သည်။

‘ခွက်အသေးလေးဆိုရင် လုံလောက်ပါပြီလေ၊ ပိုပို့လိုက်ရင် ငါ့အတွက် မလောက်မငှ ဖြစ်သွားလိမ့်မယ်’

ယွင်ကျီတစ်ယောက် ခဏတာမျှ ဆွံ့အသွားပြီးမှ ပြန်တုံ့ပြန်နိုင်ခဲ့သည်။

"ဒီအစေခံ နားလည်ပါပြီရှင့်"

သူမ၏ လေသံထဲတွင် အားနည်းနေသည့် အရိပ်အယောင်အနည်းငယ် ပါဝင်နေသည်။

ထောင်ကျီကတော့ စာမျက်နှာကို လှန်နေသည့် အခွင့်အရေးကို အသုံးချကာ ခိုးပြုံးနေလေသည်။

မနက်စာ စားချိန် နောက်ကျသွားခဲ့သဖြင့် နေ့လယ်စာ စားချိန်ကလည်း နောက်သို့ ရွှေ့ဆိုင်းသွားခဲ့ရသည်။

ဝမ်ယဲ့က မီးဖိုချောင်ဆီသို့ နေ့လယ်စာအတွက် ခေါက်ဆွဲအေးပြင်ဆင်ပေးရန် ညွှန်ကြားလိုက်သည်။ သူမ တစ်ယောက်တည်း စားရမည်ဖြစ်သောကြောင့် စည်းစနစ်လည်း မလိုအပ်ပေ။

သူမက စပ်စပ်မွှေးမွှေး ခေါက်ဆွဲအေးကို အသားမုန့်ပေါင်းနှင့် တွဲဖက်စားသုံးရန် ကြံစည်နေခဲ့သည်။ မုန့်ပေါင်းထဲသို့ ဝက်သားနီချက်နှင့် ငရုတ်စိမ်းပွပွများ ရောနှော အစာသွတ်ရန် မှာကြားလိုက်သေးသည်။

(မုန့်ပေါင်းဆိုတာကလေ တကယ်တော့ မန်ထိုပဲ၊ အသားထည့်လိုက်ရင် ပေါက်စီပေါ့၊ ဂျုံပိုကြမ်းတဲ့အခါ တရုတ်ဟမ်ဘာဂါနဲ့လည်း ဆင်တယ်ပြောတယ်)

သူမအတွက် ဖရဲသီး‌ဖျော်ရည် ရှိနေပြီးဖြစ်သဖြင့် ဟင်းရည်လည်း မလိုတော့ချေ။

ဖရဲသီးတစ်မျိုးတည်းကပင် ဝမ်ယဲ့အတွက် လိုလေသေးမရှိ ပြည့်စုံသွားစေသည်။ သူမ ရက်အတော်ကြာအောင် ထိုသို့ဆက်တိုက် စားသောက်နေခဲ့သည်။

နောက်ရက်များတွင် ခေါက်ဆွဲအေးနှင့် အသားမုန့်ပေါင်းများကို အခြားဟင်းလျာများနှင့် အစားထိုးခဲ့သည်။ အစပ်အရသာ အစာသွပ်ထားသောမုန့်ပေါင်းများ၊ ကြက်သားသုပ်၊ ကြက်သွန်မြိတ် ကြက်သားချက်၊ ကြက်ခြေထောက် အရိုးလွတ် အစရှိသည်တို့ ဖြစ်သည်။ ဝမ်ယဲ့က ရရှိနိုင်သော ကုန်ကြမ်းပစ္စည်းများဖြင့် ပြင်ဆင်နိုင်သည့် ဟင်းလျာမှန်သမျှကို ဟုန်ရှင်းအား ချက်ပြုတ်စေခဲ့သည်။

သူမတစ်ဦးတည်းသာ စားသုံးမည်ဖြစ်သဖြင့် အစားအစာ အမြောက်အမြား ပြင်ဆင်နေရန် မလိုအပ်ချေ။ ပုံမှန်အားဖြင့် ဟုန်ရှင်းတစ်ယောက်တည်းနှင့်တင် ချက်ပြုတ်ရန် လုံလောက်နေသည်။

မကြာသေးမီရက်များအတွင်း ရွှီယွဲ့ကျားတစ်ယောက် တော်တော်လေး အလုပ်ရှုပ်နေခဲ့သည်။ ဝမ်ယဲ့ သူ့ထံသို့ ဖရဲသီးဖျော်ရည်တစ်ခွက် ပို့ပေးခဲ့ပြီးနောက် သူကလည်း ရွှေဆံထိုးတစ်ချောင်း ပြန်လက်ဆောင်ပေးခဲ့သည့် အချိန်မှစပြီး သူမ သူ့ကို သိပ်မတွေ့ရတော့ချေ။

လုသခင်မ၏ အဆိုအရ ၎င်းက ဧကရာဇ်မင်းမြတ် ကိုယ်တိုင်တာဝန်ပေးထားသော အမှုတစ်ခုဖြစ်ပြီး ယခုအချိန်တွင် အကောင်အထည်ပေါ်စပြုနေပြီဟု ဝမ်ယဲ့ သိခဲ့ရသည်။

လုသခင်မက ရွှီနယ်စားမင်း၏ တီးတိုးစကားများမှတစ်ဆင့် ဤအကြောင်းကို သိရှိခဲ့ခြင်း ဖြစ်မည်ဟု ဝမ်ယဲ့ ခန့်မှန်းနိုင်ခဲ့သည်။

လုသခင်မက ပိုသိချင်လျှင် ထိုနည်းလမ်းအတိုင်း စမ်းသပ်ကြည့်နိုင်ကြောင်း ဝမ်ယဲ့ကို အရိပ်အမြွက် ပြောပြခဲ့သေးသည်။

ဝမ်ယဲ့ကလည်း မည်သို့လုပ်ရမည်ကို အမှန်တကယ် သိရှိနေသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူက ယခုရက်ပိုင်းအတွင်း အလုပ်များလွန်းလှသဖြင့် အိမ်သို့ ပြန်လာရန်ပင် ခဲယင်းနေလေသည်။ သူမအနေဖြင့် စမ်းသပ်ကြည့်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။

ယနေ့တွင်လည်း ဝမ်ယဲ့တစ်ယောက် ရွှီယွိရွှမ်နှင့် ညစာအတူစားရန် ပြင်ဆင်နေခဲ့သည်။ သို့သော် သူမ ညွှန်ကြားသံ မဆုံးသေးခင်မှာပင် ရွှီယွဲ့ကျား ပြန်ရောက်လာခဲ့သည်။ နေမဝင်သေးသဖြင့် ၎င်းက အလွန်ရှားပါးလှသော အခြေအနေ ဖြစ်နေခဲ့သည်။

သူမ ထောင်ကျီကို မီးဖိုချောင်သို့ နောက်တစ်ကြိမ် သွားအကြောင်းကြားရန် ခိုင်းစေလိုက်ရသည်။

"ယောက်ျား... ရှင် ပြန်လာပြီပဲ"

ဤအတောအတွင်း စိတ်ခံစားချက်ကောင်းနေသော ဝမ်ယဲ့က သူ့ကို ရွှင်ရွှင်လန်းလန်း နှုူတ်ဆက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ရွှီယွဲ့ကျားက သူမ၏ အပြုအမူကို သတိပြုမိသွားပြီး ခေတ္တမျှ တုံ့ဆိုင်းသွားကာ မော့ကြည့်ရင်း မေးလိုက်သည်။

"တစ်ခုခု ဖြစ်လို့လား"

လက်ဖက်ရည်ခွက်ကို ကိုင်ထားသော ဝမ်ယဲ့လည်း ခဏမျှ ဝေခွဲမရ ဖြစ်သွားရသည်။

"ဘာမှ မဖြစ်ပါဘူး"

ထိုနောက် ရွှီယွဲ့ကျားက စိတ်သက်သာရာရသွားဟန်ဖြင့် မျက်လွှာချကာ လက်ဖက်ရည်ခွက်ကို လှမ်းယူပြီး မော့သောက်လိုက်သည်။

ရွှီယွဲ့ကျား ဘာကိုဆိုလိုမှန်း ရိပ်မိသွားချိန်တွင် ဝမ်ယဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ ရွှီယွဲ့ကျား တမင်တကာ လုပ်နေခြင်းဖြစ်မည်ဟု သူမ သံသယဝင်မိသည်။

ထိုအချိန်တွင် ရွှီယွိရွှမ်က ကြိမ်ခြင်းလုံးတစ်လုံးကို ပိုက်လျက် ဝင်လာပြီး ဝမ်ယဲ့ကို သူနှင့်အတူ ကစားပေးရန် တောင်းဆိုလာခဲ့သည်။

ထိုကြိမ်ခြင်းလုံးက ပြီးခဲ့သည့်အကြိမ် ရွှီယွဲ့ကျားနှင့်အတူ အနောက်ဘက်စျေးသို့ သွားရောက်လည်ပတ်စဥ်က ဝမ်ယဲ့ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ရွှီယွိရွှမ်က ၎င်းကို သဘောကျသွားမှန်း သိလိုက်ရသောကြောင့် သူမက သူ့အတွက် ပေးခဲ့ခြင်း ဖြစ်သည်။

ဝမ်ယဲ့က ခြင်းလုံးကို လှမ်းယူလိုက်သည်။ အပြင်ဘက်တွင် ယခုအချိန်အထိ ပူပြင်းနေသေးသည်ကို ထည့်သွင်းစဥ်းစားကာ သူမ အပြင်သို့ မထွက်ချင်တော့ချေ။

ကြိမ်ခြင်းလုံးကို ခဏမျှ စိုက်ကြည့်ပြီးနောက် ဝမ်ယဲ့က ကြိမ်ခြင်းလုံးကို အနောက်ဘက် စာကြည့်ခန်းဆီသို့ ပစ်လိုက်ပြီး ခေါင်းလေးငုံ့ကာ ရွှီယွိရွှမ်ကို လှမ်းပြောလိုက်သည်။

"မြန်မြန် သွားကောက်လေ"

ရွှီယွိရွှမ်က ထိုနည်းလမ်းအတိုင်း တစ်ခါမျှ မကစားဖူးခဲ့ချေ။ တစ်ခုခု မှားယွင်းနေသလို ခံစားရသော်လည်း သူ၏ ဝိုင်းစက်သော မျက်ဝန်းလေးများက တောက်ပသွားပြီး ခြင်းလုံးကို ကောက်ရန် ချက်ချင်း လျှောက်သွားလိုက်သည်။

သူက ဝမ်ယဲ့ဆီသို့ ပြန်ရောက်လာပြီး သူမ သတိပေးရန် မလိုဘဲ သူမထံသို့ ခြင်းလုံးလေးကို အလိုအလျောက် ကမ်းပေးလာခဲ့သည်။ ဝမ်ယဲ့က ၎င်းကို ယူလိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်ပစ်လိုက်ပြန်သည်။

ရွှီယွိရွှမ်ကလည်း ဘောလုံးကောက်ရန် ပျော်ပျော်ရွှင်ရွှင် ပြေးသွားပြန်သည်။

ထိုအချိန်အတောအတွင်း ဝမ်ယဲ့က ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ ညှိနှိုင်းသည့် လေသံဖြင့် မေးလိုက်သည်။

"ယောက်ျား... ရွှမ်အာအတွက် စာသင်ချိန်တွေ ထပ်တိုးပေးဖို့က နောက်နှစ်အထိ စောင့်ရမှာလားဟင်"

ရွှီယွဲ့ကျားက ပြန်လည်ဖြေကြားခဲ့သည်။

"သူက စာလုံးအနည်းငယ်ပဲ သင်ယူရသေးတာလေ၊ အခုအချိန်မှာ သင်ခန်းစာတွေ ထပ်တိုးပေးတာက သူ့အတွက် အကျိုးယုတ်စေလိမ့်မယ်"

ရွှီယွိရွှမ်က ဘောလုံးကို ထပ်မံကောက်ယူလာပြီး တိုက်တွန်းနေပြန်သည်။

"မေမေ... နောက်တစ်ခေါက် ပြန်ပစ်ပေးပါဦး"

ဝမ်ယဲ့က ထပ်ပစ်ပေးလိုက်သော်လည်း လက်မလျှော့သေးဘဲ ဆက်ပြောနေသည်။

"ယောက်ျား... ပြန်ပြီး စဥ်းစားပေးပါဦး၊ တကယ်ပဲ ထပ်မစဥ်းစားတော့ဘူးလား"

'သူက အခုတောင် အူတူတူ အတတ ဖြစ်နေပြီလေ'

ရွှီယွဲ့ကျားက စာကြည့်ခန်းထဲသို့ ဘောလုံးကောက်ရန် ပြေးဝင်လာပြီး ငတုံးလေးလို ရယ်မောနေသည့် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးမှ အလွန်တည်ငြိမ်သော ဟန်ပန်ဖြင့် ပြန်ပြောလိုက်သည်။

"ပါရမီဆိုတာက အတင်းအကျပ် လုပ်ယူလို့ မရဘူး"

သူမ၏ နှလုံးသားအောက်ခြေအထိ စိတ်ပျက်သွားရသည့် ဝမ်ယဲ့ကတော့ သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ရွှီယွိရွှမ်ကတော့ ဘောလုံးကို နောက်တစ်ကြိမ် ကောက်ယူပြီးနေပြီ ဖြစ်သည်။

သူမက ၎င်းကို လှမ်းယူတော့မည့်အချိန်တွင် ရွှီယွိရွှမ်က ဘောလုံးကို ပိုတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

ထို့နောက်တွင်တော့ ဝမ်ယဲ့တစ်ယောက် သူမ၏ လင်ပါသားလေး ပြောလိုက်သော စကားကို ကြားလိုက်ရသည်။

"မေမေ... အခုက သား ပစ်ရမယ့် အလှည့်လေ"

ဝမ်ယဲ့ : "………"

မျှော်လင့်ထားသည့်အတိုင်းပင် ရွှီယွဲ့ကျား၏ နှုတ်ခမ်းထောင့်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး လက်ဖက်ရည်ကို ခပ်အေးအေး ဆက်သောက်နေလေသည်။ ဝမ်ယဲ့ကတော့ သူမ တူးသည့်ကျင်းထဲ သူမ ပြန်ကျသလိုမျိုး အဖြစ်ဆိုးနှင့် အမှန်တကယ် ကြုံတွေ့လိုက်ရချေပြီ။

ဝမ်ယဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြန်ပြောလိုက်သည်။

"ရွှမ်အာ... သားရဲ့ ဖေဖေကို အရင်ပစ်ခိုင်းလိုက်ပါလား"

ရွှီယွိရွှမ်က နားမလည်နိုင်ဟန်လေးဖြင့် ပြန်မေးလာသည်။

"ဘာလို့လဲဟင်"

"နှစ်သစ်ကူးတုန်းက ဘိုးဘွားတွေကို ကန်တော့ဖို့ ဘယ်သူက အရင်ဆုံး အမွှေးတိုင် ထွန်းခဲ့လဲဆိုတာ ရွှမ်အာ မှတ်မိသေးလား"

"ဖေဖေ"

ရွှီယွိရွှမ်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

ဝမ်ယဲ့က ထပ်မေးလိုက်သည်။

"အဲ့ဒါဆိုရင် အခု ခြင်းလုံးပစ်တဲ့နေရာမှာရော ဘယ်သူ အရင်ဖြစ်သင့်လဲ"

ရွှီယွိရွှမ်က သူ့အသိစိတ်ဖြင့်သူ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဖေဖေ အရင်ပစ်သင့်တယ်"

သူက ပြောပြီးသည်နှင့် ခြင်းလုံးကို ရွှီယွဲ့ကျားထံသို့ ကမ်းပေးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဒါဆို ဖေဖေပဲ အရင်ပစ်ပေးပါဦးနော်"

ရွှီယွဲ့ကျား : "...."

အခြားလူကို ရေထဲသို့ အောင်မြင်စွာ ဆွဲချနိုင်သွားသည့် ဝမ်ယဲ့ကတော့ စိတ်သက်သာရာ ရသွားပြီ ဖြစ်သည်။

ဘောလုံးပစ်သူအဖြစ် နှစ်ခေါက်မျှ ဆော့ကစားပြီးနောက် ရွှီယွိရွှမ်တစ်ယောက် လက်ဆေးနေစဉ်အတွင်းပင် မျက်နှာတစ်ခုလုံး အပြုံးများ ပြည့်နှက်နေခဲ့သည်။ ရွှီယွဲ့ကျားကတော့ လက်သုတ်ပုဝါဖြင့် လက်သုတ်ရင်း ရုတ်တရက် ပြောလာခဲ့သည်။

"မင်း စောစောက ပြောခဲ့တဲ့ကိစ္စ... စမ်းကြည့်ရင် ကောင်းမယ် ထင်တယ်"

ဝမ်ယဲ့က သူမ မည်သည့်အရာ ပြောခဲ့မှန်း မေ့လျော့နေပြီ ဖြစ်ကာ သူ့ကို မော့ကြည့်ရင်း ပြန်မေးလိုက်သည်။

"ဘာကို စမ်းကြည့်မှာလဲဟင်"

ရွှီယွဲ့ကျားက လက်သုတ်ပုဝါကို ပြန်ချလိုက်ပြီး သူမကို တည်ကြည်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"အပို သင်ခန်းစာတွေ ထပ်သင်ပေးဖို့လေ"

၎င်းက ရွှီယွိရွှမ်အတွက် ပြောခြင်းပင်။

ရွှီယွဲ့ကျား ဘာကိုဆိုလိုမှန်း သဘောပေါက်သွားချိန်တွင် ဝမ်ယဲ့တစ်ယောက် စိတ်မထိန်းနိုင်ဘဲ တဟားဟား အော်ရယ်မိတော့သည်။

လက်ဆေးပြီးသွားသော ရွှီယွိရွှမ်က သူမတို့ အနားသို့ လျှောက်လာပြီး ဝမ်ယဲ့ ရယ်မောနေသည်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။

"မေမေ... ဘာလို့ ရယ်နေတာလဲဟင်"

ဝမ်ယဲ့က အားရပါးရ ရယ်မောပြီးနောက် ရယ်သံကို ရပ်ကာ သူ့ကို ပြောပြလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ သားရဲ့ ဖေဖေက သားကို မေးစရာရှိလို့တဲ့"

ရွှီယွိရွှမ်က ထိုစကားကို ကြားကြားချင်း ရွှီယွဲ့ကျားဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ရွှီယွဲ့ကျားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ကို မေးလိုက်သည်။

"ဆရာရှီက မင်းအပေါ် ဘယ်လိုဆက်ဆံလဲ"

ရွှီယွိရွှမ်က အန္တရာယ်အရိပ်အယောင်ကို အနည်းငယ်မျှ မရိပ်မိဘဲ ပြန်ဖြေနေသည်။

"ဆရာက သားအပေါ် ကောင်းပါတယ်၊ ဘယ်တော့မှလည်း စိတ်မဆိုးဘူး"

ရွှီယွဲ့ကျားက ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"အင်း... အရမ်းကောင်းတယ်”

ဘာမျှ မသိရှာသော ရွှီယွိရွှမ်ကတော့ ထို 'အရမ်းကောင်းတယ်' ဆိုသည့် စကားလုံးနောက်ကွယ်တွင် မည်မျှအထိ ‘ကောင်းမည်’ကို မစဥ်းစားနိုင် ဖြစ်နေခဲ့သည်။

.......။......။.......

ညစာစားချိန်တွင် ဝမ်ယဲ့က ဖျော်ရည်များကို ချပေးထားပြီး ရွှီယွိရွှမ်အတွက်တော့ အခန်းအပူချိန်အတိုင်းရှိသော ဖရဲသီးဖျော်ရည် ခွက်အသေးလေးတစ်ခွက် ပြင်ဆင်ပေးထားသည်။

ရွှီယွဲ့ကျားအတွက်တော့ မီးဖိုချောင်တွင် အလုပ်ရှုပ်နေ၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိရဘဲ ဟင်းချိုတစ်ခွက်သာ ရှိနေလေသည်။

ရွှီယွဲ့ကျားက သူမ၏ ခွက်ထဲမှ ရေခဲတုံးများကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ လှမ်းမေးလိုက်သည်။

"မင်း ဒီရက်ပိုင်းတွေမှာ ဒီလိုပဲ အမြဲတမ်း စားနေတာလား"

ဝမ်ယဲ့က သူ့အကြည့်အတိုင်း လိုက်ကြည့်ရင်း သူမ၏ ခွက်ကို ငုံ့ကြည့်ကာ ပြန်မေးလိုက်သည်။

"ဒီအအေးကို ပြောနေတာလား"

"ဟုတ်တယ်"

"ဒီလိုပူပြင်းတဲ့နေ့မျိုးမှာ ဒါလေးသာ မရှိရင် ကျွန်မ ထမင်းစားလို့တောင် ဝင်မှာ မဟုတ်ဘူး၊ ရှင် သတိမထားမိဘူးလား၊ ကျွန်မ ဒီရက်ပိုင်းအတွင်း ကိုယ်အလေးချိန်ကျသွားတယ်လေ"

ရွှီယွဲ့ကျားက သူမကို ခဏမျှ စိုက်ကြည့်နေပြီး ဘာမှ မပြောတော့ချေ။ ထိုအချိန်မှသာ ဝမ်ယဲ့လည်း သူ၏ အနည်းငယ်အိစက်နေသော ဗိုက်ကလေးကို ပြန်ကိုင်ကြည့်မိပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ထပ်ပြောလိုက်သည်။

"သိပ်ပြီးတော့ အသိသာကြီး မဟုတ်ပေမယ့်ပေါ့လေ..."

ရွှီယွဲ့ကျားက သူ့အကြည့်ကို လွှဲလိုက်ပြီး ဆက်ပြောနေသည်။

"အအေးတွေက ဗိုက်အေးစေတယ်၊ နေ့တိုင်း ဒီလောက်အများကြီး သောက်နေရင် မင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်၊ နည်းနည်းတော့ ဂရုစိုက်ဦး"

သူက ထိုမျှနှင့် မရပ်ဘဲ ဆက်သတိပေးနေသေးသည်။

"နွေရာသီ ဖြစ်နေရင်တောင်မှ အအေးစာတွေကို အလွန်အကျွံ စားတာက မသင့်တော်ဘူး"

"ကျွန်မ နားလည်ပါပြီ... မနက်ဖြန် မသောက်တော့ပါဘူး"

ဝမ်ယဲ့က နာနာခံခံ‌လေး ပြန်ဖြေလိုက်သည်။ ရွှီယွဲ့ကျား၏ စကားလုံးများထဲမှ စိုးရိမ်ပူပန်မှုက အစစ်အမှန် ဟုတ်မဟုတ်ကို သူမ ခွဲခြားနိုင်သည်။

ထို့အပြင် သခင်မရှန်း ပို့ပေးထားသော ဖရဲသီးများလည်း ကုန်သွားပြီ ဖြစ်သဖြင့် သူမအနေဖြင့် တစ်ရက်မျှ နားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တတိယမြောက်နေ့ရောက်မှသာ အခြားအရသာများကို ပြောင်းသောက်ရန် ကြံစည်ထားသည်။

"ယောက်ျား... အရမ်း စိတ်ပူဖို့ မလိုပါဘူး၊ ကျွန်မရဲ့ ကျန်းမာရေးက လုံးဝ ကောင်းပါတယ်"

သို့သော်လည်း ထိုညမှာပင် သူမ၏ စကားများ မှားယွင်းနေကြောင်း ထွက်ပေါ်သွားရသည်။

ဝမ်ယဲ့တစ်ယောက် စူးစူးရှရှ ခံစားလိုက်ရသည့် နာကျင်မှုကြောင့် အိပ်ရာမှ လန့်နိုးလာခဲ့သည်။ သူမတစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ ရွှဲနစ်နေပြီး ဘေးနားရှိ လက်တစ်ဖက်ကို စမ်းတဝါးဝါး ဖမ်းဆုပ်မိမှသာ ယနေ့ညတွင် ရွှီယွဲ့ကျားတစ်ယောက် အနောက်ဘက်အဆောင်၌ လာအိပ်နေခဲ့သည်ကို သတိရမိသွားသည်။ သူမ သူ့ကို အလျင်အမြန် လှုပ်နှိုးလိုက်သည်။

"ရွှီယွဲ့ကျား... နာတယ်"

ရွှီယွဲ့ကျားက ချက်ချင်းဆိုသလို နိုးလာခဲ့ပြီး မှိန်ပျပျ အလင်းရောင်အောက်မှ ဖြူလျော်နေသော မျက်နှာတစ်ခုကို သူ တွေ့လိုက်ရသည်။

သူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ဘယ်နားက နာတာလဲ"

ဝမ်ယဲ့က သူမ၏ ဝမ်းဗိုက်တစ်ဝိုက်ကို စမ်းကြည့်ရင်း အလွန့်အလွန် နာကျင်နေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

"ဒီနား..."

ရွှီယွဲ့ကျားက သူမ တတ်နိုင်သမျှ လှဲလျောင်းနေစေရန် ကူညီပေးပြီးနောက် နာကျင်နေသော နေရာပေါ်သို့ သူ့လက်ကို တင်ကာ ခပ်ဖွဖွလေး နှိပ်နယ်ပေးနေသည်။

ခေတ္တမျှ ကြာပြီးနောက် သူ ထပ်မေးလိုက်သည်။

"အခု ဘယ်လိုနေသေးလဲ"

ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီးမှ ပြန်ခါယမ်းကာ ပြန်ဖြေလိုက်သည်။

"နည်းနည်းတော့ သက်သာသွားပြီ၊ ဒါပေမယ့် နာနေတုန်းပဲ"

ရွှီယွဲ့ကျားက သူ့လက်ကို အောက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ သူ၏ နွေးထွေးသော လက်ဖဝါးပြင်က သူမ၏ ဆီးခုံအပေါ်ပိုင်းပေါ်တွင် အခြေချသွားပြီး လားရာတစ်ခုတည်းအတိုင်း ဆက်ပွတ်သပ်ပြီး ညင်ညင်သာသာ နှိပ်နယ်ပေးနေသည်။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိဘဲ ဝမ်ယဲ့တစ်ယောက် သက်သာလာသည်ဟု ခံစားလိုက်ရသဖြင့် စူးစမ်းလိုစိတ် ပေါ်လာကာ မေးမြန်းလိုက်သည်။

"ယောက်ျားက ဆေးပညာကိုလည်း နားလည်တာလားဟင်"

ရွှီယွဲ့ကျားက ဆက်နှိပ်နယ်ပေးနေရင်း ပြန်ဖြေလိုက်သည်။

"ဆေးကျမ်းအချို့ ဖတ်ဖူးရုံပါ၊ ဗဟုသုတ အနည်းအကျဉ်းပဲ ရှိတာ"

ဝမ်ယဲ့၏ အသံက အားနည်းနေခဲ့သည်။

"ရှင် ရှိနေလို့ တော်သေးတာပေါ့"

သူမ၏ မျက်နှာအခြေအနေ ပြန်ကောင်းမွန်လာသည်ကို မြင်လိုက်ရမှသာ ရွှီယွဲ့ကျားက နှိပ်နယ်ပေးနေခြင်းကို ရပ်တန့်လိုက်သည်။

သူမနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူက ပြတ်သားပြီး တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကစပြီး ရေခဲပါတဲ့ ဖျော်ရည်အေးတွေ လုံးဝ မသောက်ရတော့ဘူး"

ဝမ်ယဲ့တစ်ယောက် ဆတ်ခနဲ ထထိုင်လုနီးပါး ဖြစ်သွားပြီး ပြန်ပြောလိုက်သည်။

"ဒါက အအေးသောက်တာနဲ့ ဘာမှမဆိုင်ဘူး"

ရွှီယွဲ့ကျားက ပြန်မငြင်းဘဲ သူမကို အမိန့်ပေးလိုက်သည်။

"ထ... ကိုယ် မင်း လမ်းလျှောက်လို့ရအောင် ကူတွဲပေးမယ်"

ဝမ်ယဲ့က နောက်သို့ တွန့်ဆုတ်သွားပြီး စောဒကတက်လိုက်သည်။

"အခု သိပ်မနာတော့ပါဘူး"

ရွှီယွဲ့ကျားက သူမကို အတင်းအကျပ် မတိုက်တွန်းဘဲ စူးစိုက်ကြည့်နေလေသည်။

သူ့အကြည့်အောက်တွင် ဝမ်ယဲ့တစ်ယောက် အပြစ်ရှိသလို ခံစားလာရပြီး နောက်ဆုံးတွင် အသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။

"ထပါ့မယ်..."

သို့သော်လည်း လမ်းအနည်းငယ် လျှောက်လိုက်ခြင်းက သူမကို အမှန်တကယ် ပိုသက်သာသွားစေသည်။

ဝမ်ယဲ့က မည်သည့်ခံစားချက်မျှ မပြသော ထိုလူကြီးကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သေးသည်။

သူမ၏ ဗိုက်အောင့်သည့်ကိစ္စက ဤမျှနှင့်တင် ပြီးဆုံးသွားပြီဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ရွှီယွဲ့ကျားက သူမ၏ အတွေးများကို ကြားသိနေပုံရသည်။

သူက သူမကို တည်ကြည်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ဒီည မင်း ဗိုက်နာခဲ့တဲ့အကြောင်း မရီးဆီကို ကိုယ် သတင်းပို့ခိုင်းလိုက်မယ်"

ဝမ်ယဲ့ : "...."

‘သူက ငါ့ကို ရုန်းကန်ခွင့်လေးတောင် မပေးတော့ဘူးပေါ့’

ရွှီယွဲ့ကျားက သူမ၏ အားနည်းချက်ကို အမှန်တကယ် ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ လုသခင်မကို အသိပေးလိုက်မည်ဆိုပါက သူမအနေဖြင့် ရွှီနယ်စားမင်းအိမ်တော်တစ်ခုလုံးတွင် နွေရာသီအတွင်း ရေခဲအသုံးပြုခွင့် မရသည့် တစ်ဦးတည်းသောလူ ဖြစ်သွားမည်ကို ဝမ်ယဲ့ စိုးရိမ်နေမိသည်။

ထိုစိုးရိမ်စိတ်ဖြင့်ပင် ဝမ်ယဲ့တစ်ယောက် ပြန်အိပ်မောကျသွားခဲ့သည်။

ယခုတစ်ကြိမ်တွင်တော့ သူမ အိပ်မက်တစ်ခု မက်နေပုံရသည်။ အိပ်မက်ထဲတွင် ရွှီယွဲ့ကျားက အဓိကဆောင်သို့ သွားရောက်ကာ တိုင်တန်းနေပြီးနောက် လုသခင်မက အနောက်ဆောင်သို့ ရောက်ရှိလာပြီး သူမ၏ အခန်းထဲရှိ ရေခဲအိုးများအားလုံးကို ဖယ်ရှားပစ်နေလေသည်။

အနောက်ဘက်ခြံဝင်းရှိ ရေခဲသိုလှောင်ခန်းအသေးလေးလည်း သော့ခတ်ခံလိုက်ရပြီး သော့ကလည်း လုသခင်မ၏ လက်အတွင်းသို့ ကျရောက်သွားခဲ့သည်။

သူမ သော့ကို မရရှိနိုင်သည့်အပြင် ပူပြင်းလှသော လှောင်အိမ်တစ်ခုထဲတွင်ပါ ခေတ္တမျှ ပိတ်လှောင်ခြင်း ခံထားရသည်။

ဝမ်ယဲ့တစ်ယောက် ထိတ်လန့်တကြား လန့်နိုးလာခဲ့ရပြီး ၎င်းက အလွန်တရာ ခြောက်ခြားဖွယ် ကောင်းသည်ဟု ခံစားနေရသည်။

သူမ၏ နဖူးပေါ်မှ ချွေးစေးများကို သုတ်ရန် လက်သုတ်ပုဝါကို လှမ်းယူလိုက်စဥ်မှာပင် ကုတင်ကန့်လန့်ကာ၏ အပြင်ဘက်မှ သူမ၏ အိပ်မက်ထဲက အသံကို အတိုင်းသား ကြားလိုက်ရသည်။ အိပ်မက်ထဲမှ စကားလုံးများအတိုင်း ထပ်တူထပ်မျှ ပြောနေခဲ့ခြင်းပင်။

"မြန်မြန်လုပ်ကြစမ်း... ဒီရေခဲအိုးတွေ အားလုံးကို ဖယ်ရှားလိုက်ကြ"

ဝမ်ယဲ့၏ လက်ထဲမှ လက်ကိုင်ပုဝါလေး ပြုတ်ကျသွားတော့သည်။

'သွားပြီ... အိပ်မက်ဆိုးက အမှန်အကန် ဖြစ်လာတော့မယ်...'

All Chapters