အခန်း ၆၉
Vol. 7 Ch. 69
အခန်း ၆၉ တိုင်တန်းသူ
ဝမ်ယဲ့တစ်ယောက် စကားပြောနေသူက သူမ၏အိပ်မက်ထဲမှလူ ဟုတ်မဟုတ် ကြည့်ရှုရန် ကုတင်ကန့်လန့်ကာကို မပင့်တင်ရသေးမီမှာပင် ထိုလူက ကန့်လန့်ကာကို အရင်ဦးစွာ ပင့်တင်လိုက်သည်။
အားနည်းလွန်းသဖြင့် မျက်နှာတစ်ပြင်လုံး ဖြူလျော်ကာ ချွေးများ စိုစွတ်နေသည့် ဝမ်ယဲ့က အားအင်ပြည့်ဝနေသလို ဟန်ဆောင်ကာ ပြုံးပြလိုက်ရင်း အော်ခေါ်လိုက်သည်။
"မမ... ဘာလို့ ဒီကို ရောက်နေတာလဲဟင်"
လုသခင်မက ပုံမှန်လို နူးညံ့သိမ်မွေ့မနေတော့ဘဲ မျက်မှောင်ကြုတ်ကြီးဖြင့် ပြောလိုက်သည်။
"ငါသာ ရောက်မလာရင် နင့်ရဲ့အခန်းက မကြာခင် ရေခဲခန်း ဖြစ်သွားလိမ့်မယ်"
သူမ စိတ်ဆိုးနေပုံက သူမ၏ ဒုတိယမောင်ဖြစ်သူ ရွှီယွဲ့ကျားနှင့် အလွန်တရာ ဆင်တူလှသဖြင့် ဝမ်ယဲ့က အပြစ်ရှိသလို ခေါင်းလေးငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဲ့ဒီလောက်လည်း မဟုတ်ပါဘူး"
"အဲ့ဒီလောက်လည်း မဟုတ်ဘူး ဟုတ်လား"
လုသခင်မက ကုတင်စောင်းတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ ဒေါသကို မထိန်းနိုင်တော့ပုံဖြင့် ထပ်ပြောလိုက်သည်။
"နင့်ကိုယ်နင် ပြန်ကြည့်စမ်း၊ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့... အားအင်လည်း မရှိတော့ဘူး"
သူမက ဝမ်ယဲ့၏ နဖူးကို စမ်းရန် လက်လှမ်းလိုက်ပြီး ဝမ်ယဲ့၏ ဦးရေပြားက ရေခဲကဲ့သို့ အေးစက်နေသည်ကို သိသွားပြန်သည်။
ဝမ်ယဲ့က လုသခင်မ၏ ဂရုဏာသက်မှုကို ရရှိရန် မျှော်လင့်ချက်ဖြင့် ရွှီယွိရွှမ်၏ သနားစဖွယ် မျက်နှာပေးမျိုးကို အတုခိုးပြီး ချွဲချွဲလေး ပြန်ပြောလိုက်သည်။
"မမကလည်း..."
လုသခင်မက သူမကို အမှန်တကယ် သနားသွားသော်လည်း စိုးရိမ်စိတ်က ပိုများနေသောကြောင့် ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
"ငါ နင့်ရဲ့အဆောင်က အစေခံတွေနဲ့ အထိန်းတော်တွေကို မှာထားပြီးပြီ၊ နောက်ရက်တွေမှာ နင့်ရဲ့အခန်းထဲကို ရေခဲအိုးတွေ လုံးဝ မသွင်းခိုင်းတော့ဘူး"
ဝမ်ယဲ့ : "...."
‘ဒါက မိုးကြိုးပစ်ချလိုက်သလိုပဲ’
သူမက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
"အရမ်းပူမှာ"
လုသခင်မက ပြန်ပြောလိုက်သည်။
"မပူစေရဘူး၊ နေ့ခင်းဘက်တိုင်း နင့်ကို အလှည့်ကျ ယပ်တောင်ခတ်ပေးဖို့ အစေခံတွေကို ငါ ထပ်ပို့ပေးထားမယ်"
"ဒီမနက် ကျိထန်း ငါ့ကို လာမပြောရင် နင် ငါ့ကို ဆက်ပြီး ဖုံးကွယ်ထားဦးမှာမလား၊ နင် အစားစားတိုင်းမှာလည်း အအေးတွေ သောက်နေတယ်ဆိုတာ ငါ မသိခဲ့ဘူး၊ ဖရဲသီးက သူ့ဘာသာ အေးမြတဲ့အသီး ဖြစ်နေတာတောင် နင်က ရေခဲတွေ အများကြီးနဲ့ သောက်နေသေးတယ်၊ နင့်ကိုယ်နင် သေကြောင်းကြံနေတာလား"
'ရွှီယွဲ့ကျား... တိုင်တောထူတဲ့လူကြီး'
ဝမ်ယဲ့က လုသခင်မ၏ အနောက်ဘက်သို့ လှမ်းကြည့်ကာ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း လုသခင်မက ကြားဖြတ်တားဆီးလိုက်သည်။
"ဟိုဟိုဒီဒီ လျှောက်ကြည့်မနေနဲ့တော့၊ နင့်ရဲ့ အစေခံမလေး နှစ်ယောက်ကလည်း ငါ မရှိတဲ့အချိန်မှာ နင့်ကို သေချာ စောင့်ကြည့်ပါ့မယ်လို့ ငါ့ကို ကတိပေးထားပြီးပြီ"
'ဒီသစ္စာဖောက်မလေး နှစ်ယောက်...'
ဝမ်ယဲ့တစ်ယောက် ရုတ်တရက် ရွာချလိုက်သည့် မိုးသည်းများကြောင့် စိုရွှဲသွားပြီး အားကိုးရာမဲ့နေသည့် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ လုသခင်မ၏ ဆူပူကြိမ်းမောင်းမှုကို ခံနေရသည်။ နောက်ဆုံးတွင် သူမအတွက် နောက်ထပ် အမေတစ်ယောက် တိုးလာသလို ဝမ်ယဲ့ ခံစားလာရသည်။ လုသခင်မက ဤမျှနှင့် မရပ်သေးဘဲ ဆက်ပြောနေပြန်သည်။
"သမားတော်လည်း အခု ရောက်လာလိမ့်မယ်၊ ဗိုက်အောင့်တာက သေးသေးမွှားမွှားကိစ္စ မဟုတ်ဘူး၊ နင် ဆေးသောက်ရမယ်"
"ဆေးသောက်ရမှာလား"
ဝမ်ယဲ့၏ အသံက ထိတ်လန့်တကြား မြင့်တက်သွားပြီးမှ သူမက လေသံကို ပြန်လျှော့ကာ ညှိနှိုင်းလိုက်သည်။
"မမ... ကျွန်မ ရေခဲတွေ မသုံးတော့ဘူးလေ၊ ဆေးမသောက်ဘဲ နေလို့ မရဘူးလားဟင်"
ခါးသက်သော ဆေးခါးကြီးများက ခါးသီးသည့် ကြက်ဟင်းခါးသီးကဲ့သို့ပင် သူမဘဝ၏ ရန်သူတော်ကြီး ဖြစ်သည်။
"မရဘူး"
လုသခင်မက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
"ငါက နင့်ရဲ့ယောင်းမဖြစ်နေသရွေ့တော့ ငါ နင့်ကို ထိန်းချုပ်ခွင့်ရှိတယ်"
ဝမ်ယဲ့တစ်ယောက် လုံးဝကို အရှုံးပေးလိုက်ရတော့သည်။
ခေတ္တမျှ ကြာပြီးနောက် သမားတော် ရောက်ရှိလာပြီး ကုတင်ကန့်လန့်ကာ၏ အပြင်ဘက်မှ နေကာ ဝမ်ယဲ့၏ ရောဂါအခြေအနေကို စမ်းသပ်ပေးပြီး ရောဂါလက္ခဏာ ခုနစ်ခု၊ ရှစ်ခုလောက်ကို စာရင်းပြုစုပေးနေသည်။
သမားတော်ကလည်း လုသခင်မထံမှ ကြိုတင်လာဘ်ထိုးခြင်း ခံထားရသည်ဟု ဝမ်ယဲ့ သံသယဝင်နေမိသည်။ သူမထံတွင် ထိုမျှလောက် ရောဂါဝေဒနာများ ရှိနေမည်ဟု သူမ လုံးဝ မယုံကြည်နိုင်ပေ။ ထိုသမားတော်က သူမ ညဉ့်နက်သည်အထိ မအိပ်ဘဲ နေတတ်သည့် အကျင့်ကိုပင် ထည့်ပြောသွားသေးသည်။
သမားတော်၏ ရှည်လျားသော ရောဂါရှာဖွေချက်ကို ကြားပြီးနောက် လုသခင်မ၏ နုနယ်သော မျက်ခုံးများက ပိုတွန့်ချိုးသွားခဲ့သည်။ သူမက အထိန်းတော်ရှန်းကို သမားတော်အား လိုက်ပါပို့ဆောင်ပေးရန်နှင့် ဆေးညွှန်းအတိုင်း ဆေးပြန်ယူလာရန် ညွှန်ကြားလိုက်သည်။
ဝမ်ယဲ့က ကုတင်ပေါ်တွင် ပြန်လည်လှဲလျောင်းပြီး အပေါ်မှ ကုတင်အမိုးကို စိုက်ကြည့်နေကာ သူမ၏ဘဝတော့ ပြီးသွားပြီဟု တွေးနေလေသည်။
လုသခင်မက ထွက်မသွားသေးဘဲ ကုတင်ဘေးတွင် ဆက်ထိုင်နေခဲ့သည်။ ထောင်ကျီက ရေနွေးဇလုံတစ်ခု ယူဆောင်လာရာ လုသခင်မက သူမကိုယ်တိုင် လက်သုတ်ပုဝါကို ညှစ်ပြီး ဝမ်ယဲ့၏ မျက်နှာကို သုတ်ပေးနေသည်။ သူမက လက်သာမက ပါးစပ်ကိုပါ အလုပ်ပေးနေခဲ့သည်။
"အနောက်ဘက်ခြံဝင်းရဲ့ အစားအသောက်တွေကိုလည်း ပြောင်းလဲဖို့ လိုနေပြီ၊ သမားတော် ပြောသွားတာက နောက်ရက်တွေမှာ အအေးတွေ၊ အစပ်တွေနဲ့ အဆီအစိမ့်တွေကို အလွန်အကျွံ မစားရဘူးတဲ့"
ဝမ်ယဲ့တစ်ယောက် လုံးဝကို ထုံထိုင်းပြီး အကြောသေသွားသလို ခံစားလိုက်ရသည်။
‘ရွှီယွဲ့ကျားလိုမျိုး စည်းကမ်းကြီးတဲ့ နေထိုင်ရရင် ဘဝက ဘာများ ပျော်စရာရှိနိုင်တော့မှာတုန်း’
လုသခင်မက အလွန်အမင်း စိတ်ဆိုးနေခဲ့သော်လည်း ဝမ်ယဲ့၏ သနားစဖွယ် မျက်နှာပေးလေးကို မြင်လိုက်ရသောကြောင့် သူမ၏ လေသံကို ပြန်လျှော့လိုက်သည်။
"ရက်အနည်းငယ်လောက်တော့ အောင့်အီးသည်းခံလိုက်ပေါ့၊ မကြာခင် ရာသီဥတုက အေးလာတော့မှာပါ"
ဝမ်ယဲ့က သူမကို မယုံကြည်နိုင်သလိုမျိုး မော့ကြည့်လိုက်သည်။
‘ရက်အနည်းငယ်... ဟုတ်လား၊ ဆောင်းဦးနဲ့ ဆောင်းရာသီ ရောက်ဖို့က အများကြီး လိုသေးတယ်လေ’
လုသခင်မက ဆက်ပြောနေသည်။
"ဒီနေ့ နေ့လယ်စာ စားချိန်ရောက်ရင် ငါ ရွှမ်အာနဲ့ ကျင့်လင်းကို ခေါ်ပြီး နင့်နဲ့အတူတူ လာစားပေးမယ်"
ဝမ်ယဲ့က မျှော်လင့်ချက်များ ပြည့်နေသော မျက်လုံးလေးကို ပင့်ကြည့်ကာ ပြန်မေးလိုက်သည်။
"ဒါဆို မနက်စာကရောဟင်"
"ရိုးရိုးယာဂုပဲ၊ မီးဖိုချောင်ကို ဂေါ်ဖီထုပ်အူတိုင်ကြော်တစ်ပွဲ ထည့်ပေးဖို့ ငါ မှာထားတယ်"
ဝမ်ယဲ့ : “.....”
'ကောင်းပါပြီ... မုန်ညင်းချဉ်လည်း မပါဘူး၊ ပဲတောင့်ချဥ်လည်း မပါဘူး၊ မုန်လာဥလည်း မရှိဘူးပေါ့'
ဝမ်ယဲ့၏ တိတ်တဆိတ် ဝမ်းနည်းကြေကွဲမှု မပြီးဆုံးခင်မှာပင် လုသခင်မက ထပ်ပြောလိုက်ပြန်သည်။
"ယာဂုသောက်ပြီး ရှီးချန်တစ်ဝက်အတွင်း ဆေးသောက်ဖို့ မမေ့နဲ့ဦး"
ရွှီယွိရွှမ်က ကုတင်အစွန်းကို ကိုင်ထားပြီး သူ၏ မျက်ခုံးလေးများကို တွန့်ချိုးလျက် တိုးတိုးလေး ကပ်ပြောနေသည်။
"ဆေးက အရမ်းခါးတယ်"
ဝမ်ယဲ့က ပျင်းရိပျင်းတွဲ ပြန်ပြောလိုက်သည်။
"ဒါဆို ရွှမ်အာက မေမေ့ကိုယ်စား သောက်ပေးပါလား"
ရွှီယွိရွှမ်က ချက်ချင်း အနောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်သွားသည်။ သူ၏ ထွက်ပြေးမှုက အမြဲတမ်းလိုလို ဤကဲ့သို့ လျင်မြန်နေလေ့ရှိသည်။
ဝမ်ယဲ့ : “...”
လုသခင်မ ရှိနေသရွေ့ ဝမ်ယဲ့တစ်ယောက် လိမ်လိမ်မာမာ နေထိုင်ခဲ့ပြီး ဘာပြဿနာမှ မရှာရဲခဲ့ပေ။ မနက်စာကလည်း ယာဂုဖြစ်ပြီး နေ့လယ်စာကလည်း ယာဂုသာ ဖြစ်နေပြန်သည်။ တခြားသူများ အသား စားနေချိန်တွင် သူမကတော့ ယာဂုသာ သောက်နေရရှာသည်။
နောက်ဆုံးတွင် လုသခင်မ ပြန်ထွက်သွားသောကြောင့် ဝမ်ယဲ့တစ်ယောက် ဟင်းတစ်လုပ်လောက် ခိုးစားရန် ကြိုးစားလိုက်သော်လည်း ထောင်ကျီက ဟင်းပွဲကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး အစေခံများကို ထိုဟင်းပွဲများအား အခန်းအပြင်သို့ သယ်ထုတ်သွားရန် ညွှန်ကြားလိုက်သည်။
ဝမ်ယဲ့က စိတ်ဆိုးချင်ယောင်ဆောင်ကာ လှမ်းပြောလိုက်သည်။
"ထောင်ကျီ... နင့်ရဲ့ လစာက ငါ့ဆီက လာတာနော်"
သူမ၏ အစေခံမလေးက ပုံမှန်ဆိုလျှင် သူမ၏ လစာနှင့် ပတ်သက်လာပါက အလွန် ဂရုစိုက်တတ်သူ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ထိုအကြံက အလုပ်မဖြစ်ခဲ့ပေ။
ထောင်ကျီက ဝမ်ယဲ့နှင့်အတူ စနောက်နေရသည်ကို သဘောကျတတ်သော်လည်း ယခုတစ်ကြိမ် ဝမ်ယဲ့ ရုတ်တရက် ဗိုက်အောင့်သည့်ကိစ္စက သူမကို အငိုက်မိသွားစေခဲ့သည်။ သခင်မ၏ အခြေအနေနှင့် ပတ်သက်လျှင် သူမတွင်လည်း တာဝန်ရှိသည်ဟု ခံစားရသဖြင့် ထောင်ကျီတစ်ယောက် မနက်ခင်းတစ်ခုလုံး နောင်တရလျက် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူမက တည်တည်ငြိမ်ငြိမ်လေး ပြန်ပြောလိုက်သည်။
"ဒီအစေခံရဲ့လစာကို ဖြတ်ချင်ရင်လည်း ဖြတ်ပါ၊ ဒါပေမယ့် သခင်မက ဒီဝက်သားနီချက်ကိုတော့ စားလို့ မရပါဘူး၊ သခင်မ ရက်အနည်းငယ်လောက် ပေါ့ပေါ့ပါးပါးပဲ စားရမယ်လို့ သမားတော်က ပြောသွားပါတယ်"
ယွင်ကျီက ပို၍ပင် ပြတ်သားနေသေးသည်။ သူမက ကျန်ရှိနေသော ဟင်းပွဲများကို အကုန်သိမ်းဆည်းသွားပြီး ပူပူနွေးနွေး ဟင်းသီးဟင်းရွက်နှင့် ကြက်ဥစွပ်ပြုတ်တစ်ပန်းကန်ကိုသာ ချန်ထားပေးခဲ့သည်။
ဝမ်ယဲ့ : “...”
တစ်နာရီခန့် ကြာပြီးနောက် လုသခင်မက သူမကို ပြန်လာကြည့်ချိန်တွင် ဝမ်ယဲ့၏ မျက်နှာအမူအရာက ညှိုးနွမ်းနေဆဲ ဖြစ်သော်လည်း နာနာခံခံ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက စိတ်ကျေနပ်သွားပြီး အနောက်ဘက်ခြံဝင်းမှ အစေခံများကို နောက်ထပ်တစ်ကြိမ် ပြတ်ပြတ်သားသား ညွှန်ကြားပြီးမှ ပြန်ထွက်ခွာသွားသည်။
ယာဂုနှစ်နပ် သောက်ပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် တစ်နေ့လုံး အားအင်ကုန်ခမ်း နေရသည်။ ယပ်တောင် နှစ်ခုဖြင့် သူမကို ယပ်ခတ်ပေးနေသော်လည်း လေပြည်သာ ရရှိပြီး အခန်းတွင်းမှ အိုက်စပ်စပ် ဖြစ်နေမှုကိုတော့ မဖယ်ရှားနိုင်ခဲ့ပေ။
ညစာစားချိန်တွင် ဝမ်ယဲ့က ယာဂုပန်းကန်နှင့် ဆေးပန်းကန်လုံးကို စိုက်ကြည့်နေပြီး ဘယ်အရာကို အရင်သောက်ရမှန်း မသိဖြစ်နေပြန်သည်။ နှစ်ခုစလုံးက သူမအတွက် အတူတူဖြစ်နေပြီး မြိုချရန် ခက်ခဲလွန်းလှသည်။
ရွှီယွိရွှမ်က သူမဘေးတွင် ထိုင်နေပြီး ပါးစပ်ထဲသို့ အသားလုံးများ အပြည့်ထည့်ကာ ဝါးစားနေသည်။
ခေတ္တမျှ ကြာပြီးနောက် သူက မေးလာခဲ့သည်။
"မေမေ... ဘာလို့ မစားတာလဲဟင်"
ဝမ်ယဲ့က သူမ၏ ယာဂုကို ညင်သာစွာ မွှေနေရင်း ပြန်ဖြေလိုက်သည်။
"မေမေ အစားစားချင်စိတ် မရှိလို့ပါ"
ရွှီယွိရွှမ်က သူ၏ ဇွန်းလေးကို ချက်ချင်း ချလိုက်ပြီး လုသခင်မ၏ အမူအရာကို အတုခိုးကာ ဝမ်ယဲ့၏ နဖူးကို စမ်းရန် လက်လှမ်းလိုက်သည်။ သူက တည်ကြည်သော မျက်နှာလေးဖြင့် ပြောနေသေးသည်။
"နေမကောင်းရင် ရောဂါပျောက်အောင် ဆေးသောက်ရမယ်လေ”
ဝမ်ယဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူ့ကို မော့ကြည့်ကာ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ရွှမ်အာက မေမေ့ကိုယ်စား မသောက်ပေးဘူးလေ"
ရွှီယွိရွှမ်က မည်းနက်နေသော ဆေးရည်ကို တချက်လှမ်းကြည့်ပြီးမှ ခေါင်းလေးကို ခါယမ်းရင်း ပြောလာပြန်သည်။
"ဆေးက အရမ်းခါးတယ်"
ဝမ်ယဲ့က စိတ်မကောင်းဖြစ်ဟန် အပြည့်ဖြင့် ထပ်ပြောလိုက်သည်။
"ရွှမ်အာက မေမေ့ကို မချစ်တော့ဘူးပဲ"
ရွှီယွိရွှမ်က အပြစ်ကင်းစင်ဟန်လေးဖြင့် အသံလေး မြှင့်ကာ ပြောနေရှာသည်။
"ရွှမ်အာက ချစ်ပါတယ်၊ ဒါပေမယ့် မေမေ့ရဲ့ရောဂါ ပျောက်အောင် မေမေကိုယ်တိုင် ဆေးသောက်ရမယ်လို့ အကြီးဆုံးအဒေါ်က ပြောထားတယ်"
ဝမ်ယဲ့က ပြန်ချေပလိုက်သည်။
"ဒါဆို မနက်တုန်းက ဘယ်သူက အရင်ဆုံးနဲ့ အမြန်ဆုံး ထွက်ပြေးသွားတာလဲ"
ရွှီယွိရွှမ်က အပြစ်ရှိသလိုမျိုး ခေါင်းလေးငုံ့သွားပြီး သူ့အသားလုံးများကိုသာ ဆက်ဝါးနေတော့သည်။ အတော်ကြာမှ ခေါင်းပြန်မော့လာပြီး ထပ်ပြောလာသည်။
"ဖေဖေပါ"
‘ဆရာက သင်ပေးထားတယ်လေ... တစ်ခုခုဆို ဖေဖေ့အပေါ်ကိုသာ ပုံချလိုက်တဲ့’
ဝမ်ယဲ့က ရွှီယွဲ့ကျားဘက်သို့ အကြည့်လွှဲပြီး လှမ်းမေးလိုက်သည်။
"ယောက်ျား... ရှင့်မှာရော... ဘာပြောစရာ ရှိသေးလဲ"
ရွှီယွဲ့ကျားက သူ၏ တူကို ချလိုက်ပြီးနောက် ဝမ်ယဲ့ကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ဆေးတွေ အေးကုန်တော့မယ်"
ဝမ်ယဲ့ : “...”
'ဘယ်လောက်တောင် အေးစက်ပြီး နှလုံးသားမဲ့တဲ့ စကားတွေလဲ'
ရွှီယွိရွှမ်ကလည်း သူ့အဖေ၏ အမူအရာကို အတုခိုးပြီး နောက်မှ လိုက်ပြောနေသည်။
"ဆေးတွေ အေးကုန်တော့မယ်"
သားအဖနှစ်ယောက်စလုံးက သူမကို စူးစိုက်ကြည့်နေသဖြင့် ဝမ်ယဲ့တစ်ယောက် ဆေးတစ်ပန်းကန်လုံးကို ကုန်အောင် သောက်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်ခွင့် မရှိတော့ပေ။
ထိုလုပ်ငန်းစဉ်က အလွန်ပင် ကြီးမားသော ညှဉ်းပန်းနှိပ်စက်မှုကြီး ဖြစ်နေခဲ့သည်။
"ကဲ... ကျေနပ်ကြပြီလား"
သူမက ဆေးပန်းကန်ကို ဘုန်းခနဲ ပြန်ချလိုက်သည်။
ရွှီယွဲ့ကျားက မျက်လှည့်ပြလိုက်သလိုမျိုး ဆီးသီးချိုခြောက်အိတ်လေးတစ်ခု ထုတ်ပေးလာပြီး တိုက်တွန်းနေသည်။
"အခါးပြေအောင် တစ်လုံး စားလိုက်"
ရွှီယွိရွှမ်က သူ့အမေ ဆီးသီးချိုခြောက် ရသွားသည်ကို မြင်သွားပြီး သူ့အဖေကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ရွှမ်အာအတွက် မပါဘူးလားဟင်"
"မင်းရော... ဆေးသောက်ချင်လို့လား"
"မသောက်ချင်ပါဘူး"
"ဆေးသောက်တဲ့လူပဲ ဆီးသီးချိုခြောက် စားရတာ"
ရွှီယွိရွှမ်က မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေဆဲ ဖြစ်သော်လည်း နာနာခံခံလေး ပြန်ပြောနေရှာသည်။
"ဒါဆို ရွှမ်အာ မစားတော့ပါဘူး"
ဝမ်ယဲ့က ဆီးသီးချိုခြောက်ကို ဝါးနေရင်း ရွှီယွဲ့ကျား၏ ပြင်ဆင်ပေးမှုကို တော်တော်လေး သဘောကျနေမိသည်။
‘ရွှီယွဲ့ကျားက တော်တော်ချိုတဲ့ ဆီးသီးတွေကို ဝယ်လာခဲ့တာပဲ’
.......။......။......
သမားတော် ပေးခဲ့သော ဆေးများထဲတွင် အိပ်ငိုက်စေသော အာနိသင် ပါဝင်သော်လည်း ဝမ်ယဲ့တစ်ယောက် ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ် လှဲလိုက်သည့်အချိန်တွင်တော့ အလွန်အမင်း အိုက်စပ်နေကာ အိပ်မပျော်နိုင် ဖြစ်နေခဲ့ရသည်။
သူမ ပိုးထည်ယပ်တောင်ဖြင့် သူမဘာသာ ယပ်ခတ်နေရင်း ခဏတာအတွင်းမှာပင် မရေမတွက်နိုင်အောင် သက်ပြင်းများ ချနေခဲ့သည်။
ယနေ့ညတွင်လည်း ရွှီယွဲ့ကျားက ဤအခန်း၌ပင် အိပ်စက်အနားယူမည် ဖြစ်ပြီး ဝမ်ယဲ့ကတော့ သူ့ကို မောင်းထုတ်ချင်နေမိသည်။
‘ကုတင်က ဒီလောက်ပဲ အကျယ်ရှိတာလေ၊ ရွှီယွဲ့ကျားသာ ငါ့ဘေးနားမှာ လာအိပ်ရင် ငါ့ဘေးနားမှာ မီးဖိုကြီးတစ်ခု လာချထားသလိုမျိုး ဖြစ်နေတော့မှာ မဟုတ်ဘူးလား’
သူမ အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း ရွှီယွဲ့ကျားက အနားသို့ ရောက်မလာသောကြောင့် ဝမ်ယဲ့လည်း အိပ်ချင်စိတ်များ တိုးလာခဲ့သည်။ နောက်ဆုံးတွင် သူမကိုယ်သူမ မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ မနက် ဝမ်ယဲ့ နိုးလာချိန်တွင် ရွှီယွဲ့ကျား မရှိတော့ပေ။ သူမက ထထိုင်လိုက်ပြီး သူမ၏ နဖူးကို စမ်းကြည့်လိုက်ရာ ညက အပူဒဏ်ကြောင့် နိုးမလာခဲ့သည်ကို အံ့ဩတကြီး သိလိုက်ရသည်။
......။.....။......
ခုနစ်ရက်၊ ရှစ်ရက်ခန့် ဆေးရည်များကို ဆက်တိုက် သောက်ပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် သူမကိုယ်သူမ လမ်းလျှောက်နေသည့် လူသားဆေးအိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားလိုက်ရသည်။
ယနေ့တွင်တော့ သူမ ဆေးသောက်ရခြင်းမှ လွတ်မြောက်သွားခဲ့ပြီး နေ့လယ်စာအတွက် ဝက်သားပြုတ်ပင် စားခွင့်ရခဲ့သည်။ အရသက အချိုဘက်သန်းနေသော်လည်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဟင်းသီးဟင်းရွက်ကြော်လောက်သာ စားခဲ့ရသော ဝမ်ယဲ့အတွက်တော့ ယခုဟင်းပွဲက အလွန်ပင် ခမ်းနားလှသော စားသောက်ပွဲကြီးတစ်ခု ဖြစ်နေလေသည်။
နေ့လယ်တစ်ရေးနိုးပြီးနောက် မီးဖိုချောင်က စွပ်ပြုတ်ချိုချိုတစ်ပန်းကန် ပြင်ဆင်ပေးခဲ့ပြီး ဝမ်ယဲ့က အရသာရှိသည်ဟု ခံစားနေရသော်လည်း ပိုအေးအေးလေး သောက်နိုင်ရန် မျှော်လင့်နေသေးသည်။
ရွှီယွိရွှမ်ကလည်း သူ၏ ဇွန်းသေးသေးလေးဖြင့် ပန်းကန်လုံးအသေးလေးထဲမှ စွပ်ပြုတ်ကို တဖြည်းဖြည်းချင်း သောက်နေသည်။
စားသောက်ပြီးနောက် သူက ပြောလာခဲ့သည်။
"မေမေ... ရွှမ်အာ စာသင်ခန်းကို သွားတော့မယ်နော်"
ယနေ့မှ စတင်ပြီး ရွှီယွိရွှမ်က နေ့ခင်းတိုင်း စာသင်ရတော့မည် ဖြစ်သည်။ ရှန့်ရှီအချိန်မှ စတင်ပြီး ရှီးချန်တစ်ဝက်ခန့် သင်ကြားရမည် ဖြစ်သည်။ ထိုအကြောင်းကို သိလိုက်ရစဥ်က ထိုကောင်လေး အတန်ကြာအောင် စိတ်ဓာတ်ကျနေခဲ့သေးသည်။
ဝမ်ယဲ့က ပန်းကန်လုံးကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"သွားလေ"
ရွှီယွိရွှမ်က လူကြီးလေးတစ်ယောက်လိုမျိုး လူမသိသူမသိ သက်ပြင်းတစ်ချက် ကျိတ်ချလိုက်ပြီး သူ၏ လွယ်အိတ်ငယ်လေးကို ပခုံးတွင် လွယ်ကာ လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။
တစ်ဖက်တွင်လည်း ဝမ်ယဲ့က စွပ်ပြုတ် သောက်ပြီးသွားပြီ ဖြစ်ကာ ညစာအတွက် ဘာစားရမည်ကို စိတ်လှုပ်ရှားစွာဖြင့် စတင်မျှော်လင့်နေခဲ့သည်။
ရွှီယွိရွှမ် စာသင်ခန်းရှိရာနေရာသို့ ရောက်ရှိသွားချိန်တွင် ရှီပိုင်လီ အိပ်ရာမှ နိုးလာသည်မှာ မကြာသေးပေ။
သူ အသက်ကြီးလာသည်နှင့်အမျှ ညဘက်တွင် အိပ်စက်ခြင်း နည်းပါးလာတတ်သော်လည်း နေ့ဘက်တွင်တော့ အိပ်ငိုက်တတ်လာခဲ့သည်။
ရှီပိုင်လီက မျက်နှာကို ရေအေးအေးဖြင့် သစ်ကာ လန်းဆန်းအောင်လုပ်လိုက်ပြီး မလှမ်းမကမ်းတွင် စည်းကမ်းတကျ ထိုင်နေသော သူတပည့်ငယ်လေး၏ အမူအရာကို သတိပြုမိသွားကာ လှမ်းမေးလိုက်သည်။
"မင်း...မင်းအဖေ့ကို ဘာသွားဆွမိလို့လဲ၊ ငါတို့ နှစ်သစ်ကူးပြီးမှ စာသင်ချိန် ထပ်တိုးဖို့ သဘောတူထားတာလေ... အခုကျတော့ ဘာလို့ စောသွားရတာလဲ"
ရွှီယွဲ့ကျားက လူလွှတ်ကာ တိုက်ရိုက် အကြောင်းကြားလာခြင်း ဖြစ်သဖြင့် ရှီပိုင်လီအတွက် မေးမြန်းခွင့်ပင် မရလိုက်ပေ။ ရွှီယွိရွှမ်ကလည်း အလားတူ နားမလည်နိုင်ဖြစ်နေကာ ခေါင်းလေးခါရင်း ပြောနေရှာသည်။
"ရွှမ်အာလည်း မသိဘူး"
ရှီပိုင်လီလည်း အဖြေရှာမရ ဖြစ်နေခဲ့သည်။ သူက ရွှီယွဲ့ကျားတစ်ယောက် သူ့သားကို မပြုစုချင်၍ ဤစာသင်ချိန်ကို တိုးလိုက်ခြင်း ဖြစ်မလားဟုပင် တွေးမိလိုက်သေးသည်။
သို့သော်လည်း ထပ်မံ စဉ်းစားကြည့်လိုက်ချိန်တွင်တော့ ထိုအချက်က ယုတ္တိမရှိပေ။ နယ်စားမင်းအိမ်တော်တွင် အစေခံ အလုံအလောက် ရှိနေပြီး ကလေးကို သူကိုယ်တိုင် ပြုစုစောင့်ရှောက်နေစရာ မလိုပေ။ ထို့အပြင် ရွှီယွဲ့ကျားကလည်း ကလေး မထိန်းချင်ရုံမျှဖြင့် စာပေအခြေခံ သင်ကြားပေးရုံသက်သက်သာ ရှိသည့် ဆရာဖြစ်သော သူ့ထံသို့ ကလေးကို ပစ်ချထားပေးရလောက်အောင် နှလုံးသားမရှိသူမျိုးလည်း မဟုတ်ပြန်ပေ။
နောက်ဆုံးတွင် အဖြေကို ရှာမတွေ့နိုင်တော့သဖြင့် ရှီပိုင်လီက ရွှီယွိရွှမ်ကို ထပ်ပြောလိုက်သည်။
"ဒီနေ့ အိမ်ပြန်ရောက်လို့ မင်းအဖေ့ကို တွေ့ရင် သူ့ကိုပဲ မေးကြည့်လိုက်တော့"
လက်ရှိတွင် ရှီပိုင်လီက ရွှီယွိရွှမ်၏ စိတ်နှလုံးထဲ၌ ဆရာကောင်းတစ်ယောက် ဖြစ်နေဆဲ ဖြစ်ကာ ရွှီယွိရွှမ်က သူ့စကားကို အမြဲတမ်း နားထောင်လေ့ရှိသည်။
ထို့ကြောင့် စာသင်ချိန် ပြီးဆုံးသွားပြီးနောက် ရွှီယွိရွှမ်က အနောက်ဘက်အဆောင်သို့ ပြန်သည့် လမ်းခွဲတစ်ခုတွင် ရုတ်တရက် အရှိန်သတ်ကာ ရပ်တန့်လိုက်သည်။
အထိန်းတော်ကျိက ကောင်လေး ပင်ပန်းနေပြီဟု ထင်မှတ်ကာ သူ့ကို ပွေ့ချီရန် ခါးကုန်းလိုက်သော်လည်း ရွှီယွိရွှမ်က ရှောင်တိမ်းရင်း တိုးတိုးလေး ပြောလိုက်သည်။
"ကျိမား... ခဏလောက် စောင့်မယ်"
အထိန်းတော်ကျိလည်း ဇဝေဇဝါဖြစ်သွားကာ ပြန်မေးလိုက်သည်။
"သခင်ငယ်လေးက ဘယ်သူ့ကို စောင့်နေတာလဲဟင်"
"ဖေဖေ့ကို"
ထိုစကားကို ကြားလိုက်ရသည့် အထိန်းတော်ကျိက အပြုံးဖြင့် ရှင်းပြလိုက်သည်။
"သခင်ငယ်လေး... ဒုတိယသခင် ပြန်ရောက်မယ့် အချိန်က တိတိကျကျ မရှိဘူးလေ၊ အနောက်ဆောင်ကို အရင်ပြန်ပြီးမှ စောင့်ကြရင် မကောင်းဘူးလား"
ရွှီယွိရွှမ်က ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"ဟင့်အင်း... ဒီမှာပဲ စောင့်မယ်"
အထိန်းတော်ကျိ ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်စဉ်မှာပင် ရွှီယွိရွှမ်၏ မျက်လုံးလေးများ ရုတ်တရက် တောက်ပသွားသည်ကို မြင်လိုက်ရပြီး ကလေးလေးက သူမ၏ နောက်ကွယ်မှ လူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"ဖေဖေ"
သူမ ချက်ချင်း လှည့်ကြည့်လိုက်ရာ လူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် အလျင်အမြန် ဂါရဝပြုလိုက်ရသည်။
ရွှီယွဲ့ကျားက အနားသို့ လျှောက်လာပြီး မေးလိုက်သည်။
"မင်း... ဒီမှာ ဘာလုပ်နေတာလဲ"
အထိန်းတော်ကျိက ဝင်ရှင်းပြလိုက်သည်။
"သခင်ငယ်လေးက ဒုတိယသခင်ကို ဒီမှာ စောင့်နေချင်တယ်လို့ ပြောခဲ့ပါတယ်"
ထိုစကားကြောင့် ရွှီယွဲ့ကျား၏ အကြည့်က အောက်သို့ ကျရောက်သွားသည်။
ရွှီယွိရွှမ်က ဆရာဖြစ်သူ မေးခိုင်းထားသည့် အကြောင်းအရာကို မေးရန် ပြင်ဆင်နေခဲ့သော်လည်း သူအကြည့်က ရွှီယွဲ့ကျား လက်ထဲတွင် ကိုင်ထားသော ဆီစိမ်စက္ကူထုပ်လေးပေါ်သို့ ကျရောက်သွားခဲ့သည်။
ထို့ကြောင့် သူ၏ မေးခွန်းက ချက်ချင်း ပြောင်းလဲသွားသည်။
"ဖေဖေ... အဲ့ဒါက ဘာလဲဟင်"
သူက ပြောနေရင်းဖြင့် ထိုဆီစိမ်စက္ကူထုပ်လေးကို မျက်တောင်မခတ် စူးစိုက်ကြည့်နေခဲ့သည်။
ရွှီယွဲ့ကျားက ကောင်လေး၏ အကြည့်ကို ကွယ်ရန်အတွက် သူ့လက်ကို သူ့နောက်ကျောဘက်သို့ တိတ်တဆိတ် ရွှေ့လိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဘာမှ မဟုတ်ဘူး"
သူ့အဖေက အရသာရှိမည့်အရာတစ်ခုကို သူ့ထံမှ ဖုံးကွယ်ထားသည်ကို နားလည်လိုက်သောကြောင့် ရွှီယွိရွှမ်က အသံတိုးတိုးလေးဖြင့် မကျေမနပ် ညည်းညူလိုက်သည်။
"ရွှမ်အာ မြင်လိုက်သားပဲ"