← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀ ခရုမိန်းခလေး

ရေခဲမရှိသော တစ်နာရီက အဆုံးမရှိနိုင်တော့သလိုမျိုး ခံစားရစေသည်။ ဝမ်ယဲ့တစ်ယောက် စာအုပ်ကို အတော်ကြာအောင် ဖတ်လိုက်ရသည်ဟု ထင်နေသော်လည်း အချိန်တဝက်ခန့်သာ ကုန်လွန်သွားသေးကြောင်း သိလိုက်ရသည်။

ထိုအချိန်မှာပင် ထောင်ကျီက အခန်းထဲသို့ တိတ်တဆိတ် ဝင်လာပြီး သူမအနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး သတင်းပို့နေသည်။

"သခင်မ... လျိုယာပြောတာတော့ ဒုတိယသခင်နဲ့ သခင်ငယ်လေးတို့ အနောက်ဘက်အဆောင်ကို ရောက်ခါနီးပြီတဲ့၊ ဒါပေမယ့် သူတို့ အပြင်ဘက်မှာတင် ရပ်နေပြီး အထဲကို ဝင်မလာကြဘူးရှင့်၊ သူတို့ ဘာလုပ်နေကြတာလဲ မသိဘူးနော်"

ဝမ်ယဲ့က စာအုပ်ပေါ်မှ သူမ၏အကြည့်ကို ထောင်ကျီထံ ရွှေ့လိုက်ရင်း ပြန်မေးလိုက်သည်။

"သူတို့ အဲ့ဒီမှာ ရပ်နေတာ ဘယ်လောက်ကြာပြီလဲ"

ထောင်ကျီက ပြန်ဖြေလာသည်။

"အဲ့ဒါတော့ ဒီအစေခံလည်း အသေအချာ မသိပါဘူးရှင့်"

ဝမ်ယဲ့က စာအုပ်ကို ပိတ်ကာ မတ်တတ်ရပ်လိုက်ရင်း ရေရွတ်လိုက်သည်။

"အဲ့ဒီသားအဖနှစ်ယောက် အခု ဘာတွေ ကြံစည်နေကြပြန်တာလဲ"

မည်သို့ပင်ဖြစ်စေ သူမ ပျင်းနေသည်ဖြစ်ရာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အပြင်တွင် နေသိပ်မပူတော့ကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူမက ထပ်ပြောလိုက်သည်။

"လာ... ပျော်စရာလေးတွေ သွားကြည့်ကြမယ်"

အနောက်ဆောင်၏ အပြင်ဘက်တွင်တော့ သားအဖနှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်နေသလို ရပ်နေကြဆဲ ဖြစ်သည်။

ဝမ်ယဲ့ ရောက်ရှိသွားချိန်တွင် ရွှီယွိရွှမ်က ရွှီယွဲ့ကျား၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး တစ်ခုခုကို အဖြေရှာရန် ကြိုးစားနေသည့်အလား ခေါင်းလေးစောင်းကာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမလည်း စပ်စုလိုသော အကြည့်ဖြင့် ရွှီယွဲ့ကျားကို ကြည့်လိုက်ရာ သူက တစ်ခုခုကို ကိုင်ထားပြီး ရွှီယွိရွှမ်၏ အမြင်ကို ရှောင်တိမ်းရန် အဆက်မပြတ် ကြိုးစားနေမှန်း သူမ သိလိုက်ရသည်။

နောက်ဆုံးတွင် မောပန်းသွားသော ရွှီယွိရွှမ်က ရပ်တန့်လိုက်ပြီး မှုန်ကုပ်ကုပ်အမူအရာဖြင့် အသံကျယ်ကျယ် နှာမှုတ်လိုက်သည်။

"ဖေဖေ..."

ဒီတစ်ကြိမ်တွင်တော့ သူ အမှန်တကယ် စိတ်ဆိုးသွားခြင်းပင်။

ဝမ်ယဲ့က အနားသို့ လျှောက်သွားနေရင်း လှမ်းမေးလိုက်သည်။

"နှစ်ယောက်သား အပြင်မှာ ဘာလုပ်နေကြတာလဲ"

အထိန်းတော်ကျိနှင့် အခြားသူများက သူမကို မြင်သွားပြီး အလျင်အမြန် ဂါရဝပြုလိုက်ကြသည်။

သူမ၏ အသံကို ကြားလိုက်ရသဖြင့် ရွှီယွဲ့ကျားက လှည့်ကြည့်လာပြီး သူ၏အကြည့်က ဝမ်ယဲ့၏ ဦးခေါင်းထက်မှ ထီးပေါ်သို့ ကျရောက်သွားခဲ့သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြန်မေးလိုက်သည်။

"အပြင်သွားမလို့လား"

ဝမ်ယဲ့က ချက်ချင်း ငြင်းဆိုလိုက်သည်။

"မသွားပါဘူး၊ ကျွန်မက ယောက်ျားနဲ့ ရွှမ်အာကို ကြိုဆိုဖို့ တကူးတက ထွက်လာခဲ့တာပါ”

ထီးကို ကိုင်ထားသော ထောင်ကျီကတော့ အခန်းထဲမှ ထွက်လာစဉ် သူမ၏သခင်မ ပြောခဲ့သည့် 'ပျော်စရာလေးတွေ သွားကြည့်မယ်' ဆိုသည့်စကားကို ပြန်အမှတ်ရသွားကာ တိတ်တဆိတ် မျက်လွှာချလိုက်သည်။

ထိုအတောအတွင်း ဝမ်ယဲ့က ရွှီယွိရွှမ်၏ ဖောင်းအစ်နေသော ပါးပြင်လေးများကို သတိပြုမိသွားကာ ရွှီယွဲ့ကျားကို ထပ်မေးလိုက်သည်။

"ရှင် သူ့ကို အနိုင်ကျင့်ပြန်ပြီလား"

"ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ"

ဝမ်ယဲ့က သူမတို့ဘေးနားရှိ ကောင်လေးကို လက်ညှိုးထိုးပြရင်း ပြန်ပြောလိုက်သည်။

"ရှင် သူ့ကို အနိုင်မကျင့်ရင် သူ ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ၊ သူက အသက်ငယ်သေးပေမယ့် စိတ်သဘောထား အတော်လေး တည်ငြိမ်နေပြီ၊ ဒီလိုမျိုး ဒေါသထွက်တာမျိုး သိပ်မရှိဘူး"

ဝမ်ယဲ့ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်က အပြေးအလွှား လျှောက်လာပြီး အသံကျယ်ကျယ်ဖြင့် တိုင်တန်းနေသည်။

"မေမေ... ဖေဖေက အရသာရှိတဲ့ မုန့်တွေကို ဝှက်ထားတယ်၊ ရွှမ်အာ အားလုံး မြင်လိုက်တယ်”

"အရသာရှိတဲ့ မုန့်တွေ ဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသဖြင့် ဝမ်ယဲ့၏ အကြည့်က ရွှီယွဲ့ကျား သူ၏လက်ကို ကွယ်ဝှက်ထားသည့်ဘက်သို့ ရွှေ့သွားခဲ့ပြီး သူ ကောင်းကောင်း မဖုံးကွယ်နိုင်ဘဲ ဖြစ်နေသည့် ဆီစိမ်စက္ကူအိတ်၏ ထောင့်စွန်းလေးကို လှမ်းမြင်လိုက်ရသည်။

မိခင်နှင့် သားဖြစ်သူတို့၏ တစ်ပုံစံတည်း တူညီနေသော စပ်စုလိုသည့် အကြည့်များကို ရင်ဆိုင်ရင်း ရွှီယွဲ့ကျားတစ်ယောက် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်သည်။

"အရင်ဆုံး အထဲကို ဝင်ကြမယ်"

သူတို့သုံးယောက်စလုံး အနောက်အဆောင်သို့ ပြန်ရောက်လာကြပြီး အခန်းထဲရှိ အစေခံမိန်းကလေးများအားလုံးကို ထွက်သွားခိုင်းလိုက်သည်။

ရွှီယွဲ့ကျားက ဝမ်ယဲ့နှင့် ရွှီယွိရွှမ်တို့၏ မျှော်လင့်ချက်များပြည့်နေသော အကြည့်များအောက်တွင် ထိုဆီစိမ်စက္ကူအိတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

ထိုအချိန်တွင် ဝမ်ယဲ့က အနံ့ရသွားပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ကြက်ကင်ပဲ"

‘အသားနံ့ ရနေတာ မဆန်းတော့ပါဘူးလေ’

ရွှီယွဲ့ကျားက အသံတိုးတိုးဖြင့် ဝန်ခံလိုက်သည်။

"ပြန်လာတဲ့ လမ်းမှာ ဝင်ဝယ်လာတာ"

ဝမ်ယဲ့က ဆီစိမ်စက္ကူအိတ်ကို ဖွင့်ကြည့်လိုက်ပြီး ဇီယာစေ့ဖြင့် နယ်ထားခြင်း ဖြစ်ကာ အလွန်ကောင်းမွန်မည့်ပုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ တော်တော်လေး ကျေနပ်သွားရသည်။

"ကျေးဇူးတင်ပါတယ် ယောက်ျား"

ဝမ်ယဲ့က သူမ ကြက်ကင် မစားရသည်မှာ ခေတ်ကာလပေါင်းများစွာ ကြာမြင့်နေပြီဟု ခံစားနေရပုံဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

သူမ၏ တောက်ပသော အပြုံးလေးကို မြင်လိုက်ရသဖြင့် ရွှီယွဲ့ကျား၏ နှုတ်ခမ်းအစုံလည်း အနည်းငယ် ကွေးညွတ်သွားခဲ့သည်။ သို့သော် သူ၏အကြည့်က မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ရွှီယွိရွှမ်၏ မျက်နှာလေးဆီသို့ ကျရောက်သွားပြီး ထပ်ပြောလိုက်ပြန်သည်။

"ကိုယ်က သူ့ကို ပေးမသိဘဲ ဝှက်ထားဖို့ စိတ်ကူးထားတာ"

ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ပယ်ချလိုက်သည်။

"သူက ကလေးလေးပဲရှိသေးတာ၊ ဘယ်လောက်များ စားနိုင်မှာမို့လို့လဲ"

ရွှီယွိရွှမ်က ထိုကြက်ကင်တွင် သူ့အတွက်လည်း ဝေစုပါဝင်ကြောင်း နားလည်သွားသည့်အလား ရွှီယွဲ့ကျားကို ချက်ချင်း နှာမှုတ်ပြကာ ဖခင်ဖြစ်သူ၏ စောစောက အပြုအမူများအပေါ် မကျေနပ်ကြောင်း ဖော်ပြလိုက်သည်။

ဝမ်ယဲ့က ကြက်တောင်ပံတစ်ချောင်းကို ဖဲ့ယူကာ ရွှီယွိရွှမ်ဆီသို့ ကမ်းပေးရင်း တိုက်တွန်းလိုက်သည်။

"စားလေ"

"ကျေးဇူးတင်ပါတယ် မေမေ"

ရွှီယွိရွှမ်က ပျော်ရွှင်စွာ လှမ်းယူလိုက်ပြီး အသားအနည်းငယ်ကို သူ၏ သွားပေါက်စလေးများဖြင့် စတင်ကိုက်စားနေလေသည်။

ထို့နောက် ဝမ်ယဲ့က ကြက်ပေါင်သားမှ အသားအနည်းငယ်ကို ဖဲ့ယူကာ ရွှီယွဲ့ကျားကို ခွံ့ပေးရင်း ပြောလိုက်သည်။

"ယောက်ျားက ပင်ပန်းခံပြီး ဝယ်လာပေးတာဆိုတော့ ယောက်ျားလည်း နည်းနည်းလောက် မြည်းကြည့်သင့်တယ်"

ရွှီယွဲ့ကျား၏ အကြည့်က အသားပိုင်းလေးဆီမှ သူမ၏ မျက်နှာဆီသို့ ရွှေ့လျားလာပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

ဝမ်ယဲ့က သူ၏အကြည့်ကို ပြန်ကြည့်ရင်း စိတ်ထဲမှ တွေးနေခဲ့သည်။

'သူက ညစ်ပတ်တယ်လို့ ထင်နေတာလား'

‘ဒီလူမှာ သန့်ရှင်းမှု အစွဲအလမ်းလွန်ရောဂါ ရှိနေတာကို ငါ မေ့သွားတယ်’

ရွှီယွဲ့ကျား စကားမပြောရသေးမီမှာပင် ရွှီယွိရွှမ်၏ ခေါင်းလေးက ပြူထွက်လာပြီး ထိုအသားဖတ်လေးကို စိတ်ဝင်တစား စိုက်ကြည့်ရင်း ပြောလာခဲ့သည်။

"မေမေ... ရွှမ်အာကတော့ စိတ်မရှိဘူးနော်"

ကြက်ကင်က အမှန်တကယ် အရသာရှိ လှပြီး မုန့်များထက်ပင် ပိုကောင်းနေသလို သူ ခံစားနေရသည်။

ရွှီယွဲ့ကျားက သူ့သားကို တစ်ချက်လှမ်းကြည့်ကာ ခပ်တည်တည် ပြန်ပြောလိုက်သည်။

"မရဘူး"

ထို့နောက် သူက ကောင်လေး၏ ရှေ့မှာပင် ဝမ်ယဲ့ ခွံ့ပေးသော ကြက်သားကို စားလိုက်ပြီး သူ၏အကြည့်က သူမအပေါ်သို့ ယခင်ကထက် ပိုမိုနက်ရှိုင်းစွာ ကျရောက်နေလေသည်။

ရွှီယွိရွှမ်က စိတ်ပျက်သွားပြီး သူ၏ ကြက်တောင်ပံလေးကိုသာ ဆက်ကိုက်ရန် ပြန်လှည့်သွားသည်။ ဝမ်ယဲ့က အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ မေမေ နောက်ထပ် ကြက်တောင်ပံအသေးလေး တစ်ခုကိုလည်း ရွှမ်အာအတွက် ချန်ထားပေးမှာပါ"

ရွှီယွိရွှမ်က အသားကို ဝါးစားနေရသဖြင့် စကားမပြောနိုင်ဘဲ "အင်း... အင်း" ဟုသာ အသံပြုကာ ခေါင်းလေးငြိမ့်ပြနေသည်။

"ကြက်ပေါင်ကိုတော့ မေမေပဲ စားလိုက်တော့မယ်နော်"

ဝမ်ယဲ့က ထိုစကားကို ပြောလိုက်ပြီး ကြက်ပေါင်တစ်ချောင်းကို ဖဲ့ယူလိုက်သည်။ သူမက အသားပိုများသည့် ကြက်ပေါင်သားကို ပိုနှစ်သက်သည်။

အစပိုင်းတွင် တစ်ဝက်ခန့်သာ စားပြီး ညစာအတွက် ချန်ထားရန် ဝမ်ယဲ့ စိတ်ကူးလိုက်သေးသည်။ သို့သော် ရွှီယွဲ့ကျား၏ မျက်လုံးများက သူမ၏ ကြက်ပေါင်ဆီသို့ မကြာခဏ လှမ်းကြည့်နေသည်ကို သတိပြုမိသွားချိန်တွင် သူမ ခဏမျှ စဉ်းစားလိုက်ပြီး ကြက်ကင်မှ အသား နောက်ထပ်တစ်ဖတ်ကို ဖဲ့ကာ သူ့ကို ခွံ့ပေးလိုက်ပြန်သည်။

ရွှီယွဲ့ကျားကလည်း အလိုက်သင့် စားလိုက်ပြန်သည်။

ထိုအချိန်မှသာ ဝမ်ယဲ့ နားလည်သွားရသည်။

‘မျိုးရိုးမြင့်အသိုင်းအဝိုင်းက သခင်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာရပြီး အခုအချိန်မှာလည်း အောင်မြင်ကျော်ကြားနေတဲ့ သူ့လိုလူတစ်ယောက်မှာ ဂုဏ်ပကာသန အနည်းငယ် ရှိနေတာက ပုံမှန်ပါပဲ။’

‘ရွှီယွဲ့ကျားတစ်ယောက် ငါ့လိုမျိုး ကြက်ကင်ကို လက်နဲ့ ကိုင်ပြီး စားသောက်နေမှပဲ အမှန်တကယ် အံ့ဩစရာ ဖြစ်လာမှာ။ သူက ငါ့အတွက် ရည်ရွယ်ချက်ရှိရှိ ဝင်ဝယ်ပေးခဲ့တာကို ထောက်ထားပြီး သူ့ကို နောက်ထပ် နည်းနည်းခွံ့ပေးတာက ကိစ္စတော့ မရှိပါဘူးလေ။’

‘ပြီးတော့ ဘယ်သူက အရသာရှိတဲ့ အစားအစာရဲ့ ဆွဲဆောင်မှုကို ခုခံနိုင်မှာတုန်း’

သုံးယောက်သား ကြက်ကင်အများစုကို ခွဲဝေစားသောက်ခဲ့ကြပြီး နောက်ထပ် ကြက်ပေါင်တစ်ဖက် အပါအဝင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

အခန်းတစ်ခုလုံးတွင် ကြက်ကင်နံ့များဖြင့် ပြည့်နှက်နေပြီး ဗိုက်ပြည့်သွားပြီးနောက် ဝမ်ယဲ့က ရွှီယွိရွှမ်ကို သတိပေးလိုက်သည်။

"ရွှမ်အာ... တကယ်လို့ သားရဲ့ အ‌‌ဒေါ် မေးရင် ဖေဖေက အရသာရှိတဲ့ မုန့်တွေ ယူလာပေးတယ်လို့ပဲ ပြောရမယ်နော်၊ နားလည်လား"

ရွှီယွိရွှမ်က ဇဝေဇဝါဟန်လေးဖြင့် ပြန်မေးနေသည်။

"ဘာလို့လဲဟင်"

ဝမ်ယဲ့က ညင်ညင်သာသာ ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ ရွှမ်အာရဲ့ အဒေါ် သိ သွားရင် နောက်ခါ ဒါမျိုးတွေ စားရတော့မှာ မဟုတ်လို့ပဲ"

ရွှီယွိရွှမ်က ခေါင်းကို အပြင်းအထန် ရမ်းလိုက်ပြီး သူ့ပါးစပ်ကို လက်ဖြင့် အုပ်ကာ ပြန်ပြောလိုက်သည်။

"ရွှမ်အာ မပြောဘူး"

အသက်ငယ်သည့် ကောင်လေးကို ကိုယ်တွယ်ပြီးနောက် ဝမ်ယဲ့က အသက်ကြီးသည့် ကောင်လေးကို လှည့်ကြည့်ကာ ချိုသာသော အပြုံးလေးဖြင့် ပြောလိုက်သည်။

"ယောက်ျား၊ ရှင်လည်းပဲ အဲ့လိုပဲ ပြောနော်”

ရှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။

"ဒါဆို မင်းပြောချင်တဲ့ သဘောက ဒါပေါ့"

ဝမ်ယဲ့က ဖုံးကွယ်ရန် မကြိုးစားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဒါကို ထိရောက်တဲ့ လာဘ်ထိုးခြင်းလို့ ခေါ်တယ်"

ဤအခြေအနေမျိုးတွင် လောဘကြီး၍ မရပေ။ လူတိုင်းကို အတူတူဆွဲသွင်းနိုင်မှသာ သူမ၏ ကြက်ကင်စားပွဲကြီးအကြောင်း လုသခင်မ၏ နားထဲသို့ မပေါက်ကြားအောင် သေချာပေါက် တားဆီးနိုင်ပေလိမ့်မည်။

ရွှီယွိရွှမ် သူတို့ကို မမိသွားလျှင် ကိစ္စမရှိသော်လည်း ယခု မိသွားပြီဖြစ်သောကြောင့် သူ့ကို ဆက်ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ပေ။ ကလေးငယ်တစ်ယောက်၏ ပါးစပ်ကို ကြက်တောင်ပံနှစ်ချောင်းဖြင့် ပိတ်လိုက်နိုင်ခြင်းက အမှန်တကယ်ကို တွက်ခြေကိုက်သည့် အရောင်းအဝယ်တစ်ခု ဖြစ်သည်။

"ဒါပေမယ့်လည်း ကြက်ကင် ဝယ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယောက်ျား"

"လမ်းကြုံလို့ ဝင်ဝယ်လာခဲ့ရုံတင်ပါ"

"အင်း... အင်း"

ဝမ်ယဲ့က နှစ်ချက်မျှ အသံပြုရင်း ပြောလိုက်သည်။

"ကျွန်မ နားလည်ပါပြီ... ယောက်ျားကိုယ်တိုင် စားချင်လို့ ဝယ်လာတာမျိုး မဟုတ်တာတော့ သေချာပါတယ်"

ရွှီယွဲ့ကျား : "..."

ညစာစားချိန်တွင် ဝမ်ယဲ့က ကျန်ရှိနေသော ကြက်ကင်များထဲမှ အနည်းငယ်စီကို ရွှီယွိရွှမ်နှင့် ရွှီယွဲ့ကျားတို့အား အသီးသီး ခွဲဝေပေးလိုက်ပြီး ကျန်နေသည့်အသားများကိုတော့ သူမအတွက် ချန်ထားလိုက်သည်။

သူတို့က အစေခံများ၏ အမြင်နှင့် ဝေးရာတွင် တိတ်တဆိတ် စားသောက်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့က သူမ အစားစားချိန်တွင် ဘေး၌ လူရှုပ်နေသည်ကို ဘယ်သောအခါမှ မနှစ်သက်သလို ရွှီယွဲ့ကျားကလည်း ပို၍ပင် မနှစ်သက်ခဲ့ချေ။ သူ့အတွက် အစေခံမိန်းကလေးများ၏ တစ်ခုတည်းသော အသုံးဝင်မှုက လက်ဖက်ရည် တည်ခင်းပေးခြင်းသာ ဖြစ်ပုံရသည်။

မြို့တော်မှ မျိုးရိုးမြင့်သခင်လေးများတွင် ရှိတတ်သည့် မောက်မာသော အမူအရာမျိုးကို ရွှီယွဲ့ကျားထံတွင် ဝမ်ယဲ့ တစ်ခါမျှ မတွေ့ခဲ့ဖူးချေ။ ယခုအခါ ရွှီယွိရွှမ်ပင်လျှင် အထိန်းတော်ကြီးကျိ၏ အကူအညီမပါဘဲ သူ့ဘာသာ စားနိုင်နေပြီ ဖြစ်သည်။

...........။........။.........

မကြာသေးမီက ဝမ်ယဲ့ 'အပျိုစင်နတ်သမီးလေးတစ်ပါး’ကို ခဏခဏ အိမ်မက်မက်နေခဲ့သည်။ ထိုနတ်သမီးလေးက အိမ်မှုကိစ္စများကို ကူညီပေးရုံတင်မကဘဲ ညဘက်တွင်လည်း အဖော်ပြုပေးပြီး အေးမြသည့် ခံစားချက်ကိုပါ ပေးစွမ်းနိုင်သေးသည်။

'အပျိုစင်နတ်သမီးလေးရဲ့ ဝန်ဆောင်မှုတွေက ချက်ပြုတ်ပေးတာအပြင် ညဘက်အဖော်ပြုပေးတာနဲ့ အေးမြအောင် လုပ်ပေးတဲ့အထိပါ တိုးချဲ့သွားတာလား...'

ဝမ်ယဲ့တစ်ယောက် အိပ်ရာ နိုးလာတိုင်း ထိုသို့ အမြဲတမ်း တွေးတောနေမိသည်။

နေ့ခင်းဘက်တွင် တွေးတောမိသောအရာများက ညဘက်တွင် အိမ်မက်အဖြစ် ပေါ်လာတတ်သည်ဟု ဆိုကြသည်။ ရေချိုးပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် ကုတင်ပေါ်ရှိ ရွှီယွဲ့ကျားကို လှမ်းကြည့်ရင်း တွေးလိုက်မိပြန်သည်။

'အပျိုစင်နတ်သမီးလေးက စိတ်ကူးယဉ်သက်သက်ပဲ... ဒါပေမယ့် ဒီလူကြီးကတော့ တကယ့်အစစ်အမှန်ကြီးပဲ'

ဝမ်ယဲ့ ပြန်လှည့်ထွက်သွားပြီး သူမ ပြန်ရောက်လာသည့်အချိန်တွင် သူမ၏ လက်ထဲ၌ အနက်ရောင် ပိုးသားစတစ်စကို ကိုင်ဆောင်ထားသည်။

သူမက သူ့အနားသို့ တိတ်တဆိတ် လျှောက်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။

"ယောက်ျား..."

ရွှီယွဲ့ကျားက အသံကြားသဖြင့် မော့ကြည့်လိုက်ရာ သူမ ကိုင်ထားသည့် အရာကို မြင်တွေ့လိုက်ရသည်။ ဝမ်ယဲ့ ဘာမှမပြောရသေးမီမှာပင် သူက ဖတ်လက်စ စာအုပ်ကို ဘေးချလိုက်ပြီး မည်သည့် ခံစားချက်မှန်း ခန့်မှန်းရခက်သည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

"ဒါကလည်း လာဘ်ထိုးတဲ့ အစီအစဉ်ထဲက တစ်ခုပဲလား"

ဝမ်ယဲ့က ခေါင်းယမ်းရင်း ငြင်းဆန်လိုက်သည်။

"မဟုတ်ပါဘူး... ယောက်ျားကို ဒီပိုးသားဖဲပြားအသစ်လေး စမ်းကြည့်စေချင်လို့ပါ"

ပြီးခဲ့သည့်အကြိမ်က သူမ၏ကျောပေါ်တွင် ဆူးများတင်ကာ တောင်းပန်ခဲ့စဉ်ကလို သူမ သူ၏ညဝတ်အင်္ကျီကို ဆွဲဖြဲရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် အနက်ရောင်က သူ့အသားအရောင်နှင့် ပိုလိုက်ဖက်သည်ဟု သူမ ခံစားနေရသည်။

အရာအားလုံးက သဘာဝကျကျ ဖြစ်ပျက်သွားခဲ့ပြီး အထူးသဖြင့် ဝမ်ယဲ့ ထိုပိုးသားဖဲပြားလေးဖြင့် ရွှီယွဲ့ကျား၏ မျက်လုံးများကို စည်းနှောင်ပေးလိုက်သည့် အချိန်တွင် ဖြစ်သည်။

သူ မြင်တွေ့နိုင်သမျှက အမှောင်ထုသာ ဖြစ်နေသဖြင့် သူ့၏ အာရုံခံစားမှုများက ပိုထက်မြက်လာခဲ့သည်။ လှိုက်လှဲလာသော အပူရှိန်က ယခင်ကထက် ပိုပြင်းထန်ပြီး အရှိန်အဟုန် ပိုကောင်းနေစေသည်။

ဝမ်ယဲ့ နိုးလာချိန်တွင် အပူရှိန်တစ်ခုကို ခံစားလိုက်ရပြီး သူမ၏ ရင်ခွင်ထဲတွင် အမျိုးသားတစ်ယောက်၏ လက်မောင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက ရွှီယွဲ့ကျား ဖြစ်နေသည်ကို မြင်မှသာ သူမ သက်ပြင်းချနိုင်တော့သည်။

"နောက်ဆုံးတော့ နိုးလာပြီပေါ့"

ရွှီယွဲ့ကျားက ဝမ်ယဲ့ထက် အများကြီး စောနိုးနေခဲ့ခြင်း ဖြစ်သော်လည်း ကုတင်ပေါ်မှ ထမသွားခဲ့ပေ။

ဝမ်ယဲ့က သူ၏ လက်မောင်းကို အမြန် လွှတ်ပေးလိုက်ပြီး သမ်းဝေကာ ထထိုင်လိုက်ရင်း သူ့ကို မေးလိုက်သည်။

"ယောက်ျား... ရှင် ဒီနေ့ ရုံးတော်ကို မသွားရဘူးလား"

ချုပ်တည်းထားမှုများ လွတ်မြောက်သွားပြီးနောက် ရွှီယွဲ့ကျားက ကုတင်ပေါ်မှ ထလိုက်ပြီး ပြောလိုက်သည်။

"သွားရမှာ"

"ဒါဆို ဘာလို့..."

"မင်း ကိုယ့်ကို တစ်ချိန်လုံး ဖက်ထားတာလေ"

ဝမ်ယဲ့က သူမ၏အပြစ်ဟု မထင်ဘဲ ချက်ချင်း ပြန်ချေပလိုက်သည်။

"ကျွန်မ ဆွဲထားတဲ့ လက်က ဘယ်လောက်သန်မာလို့လဲ၊ ယောက်ျားသာ ရုန်းထွက်ချင်ရင် လွတ်အောင် ရုန်းနိုင်မှာ သေချာပါတယ်"

'မနေ့ညက အိမ်မက်ထဲမှာ အပျိုစင်နတ်သမီးလေးက ဘာလို့ ဒီလောက်တောင် ပူနေရတာလဲဆိုတာ မဆန်းတော့ပါဘူး... လူမှားပြီး ဖက်ထားမိလို့ကိုး'

ရွှီယွဲ့ကျားက သူ၏ လျော့ရဲနေသော ညဝတ်အင်္ကျီကြိုးများကို ပြန်ပြင်ဆင်ရင်း အသံခပ်လေးလေးဖြင့် ပြောလိုက်သည်။

"မင်းက မင်းကိုယ်မင်း သေချာမသိသေးဘူးပဲ"

ထိုအမျိုးသား၏ စကားလုံးများထဲတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ရည်ညွှန်းထားသည့် အဓိပ္ပာယ်များ ရှိနေလေသည်။

ဝမ်ယဲ့က အင်္ကျီကြိုးချည်နေသည့် သူ၏ လှုပ်ရှားမှုများကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။

"ဒါက မတော်တဆဖြစ်သွားတာပါ... အဲ့ဒါက ယောက်ျား ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူးလေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် အဝတ်လဲနေသော ရွှီယွဲ့ကျား၏ လက်က ခေတ္တရပ်တန့်သွားပြီး သူမကို ထပ်စိုက်ကြည့်နေကာ သူ့အကြည့်များက ပိုနက်ရှိုင်းလာသည်။

"ဒါဆို မင်းက ဘယ်သူလို့ ထင်နေတာလဲ"

"ခရုမိန်းကလေးလေ"

ဝမ်ယဲ့က လွှတ်ခနဲ ပြောလိုက်ပြီးမှ ထပ်ရှင်းပြလိုက်သည်။

"မကြာသေးခင်က ကျွန်မ အိမ်မက်တွေ ခဏခဏ မက်နေလို့ပါ၊ အိမ်မက်ထဲမှာ အပျိုစင်နတ်သမီးလေး ရှိနေတတ်ပြီး ကျွန်မက သူ့ကို ဖက်ထားမိတယ်လို့ ထင်နေတာ"

ဤတစ်ခေါက်တွင်မူ ထို 'အပျိုစင်နတ်သမီးလေး' က လှည့်ကြည့်လာခဲ့သော်လည်း သူမအနေဖြင့် မျက်နှာသွင်ပြင် အသေးစိတ်ကို အတိအကျ မမှတ်မိတော့ပေ။ သို့သော်လည်း ထိုနတ်သမီးလေးက အလွန်လှပလွန်းမည်မှာတော့ ပြောနေစရာပင် မလိုတော့ချေ။ ထို့ကြောင့် ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"ပြီးတော့ သူက အရမ်းအရမ်း ချောမောလှပတဲ့ မိန်းမလှလေးတစ်ယောက်ပဲ"

ရွှီယွဲ့ကျားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အဝတ်အစားများကို ဆက်ဝတ်နေရင်း ပေါ့ပေါ့ပါးပါး ထပ်မေးလိုက်သည်။

"မင်း အိမ်မက်ထဲမှာ သူနဲ့ ဘာတွေလုပ်ခဲ့လို့လဲ"

ဤမျှလောက် ပူအိုက်နေသော နံနက်ခင်းတွင် သူမ ဆက်အိပ်ပျော်နိုင်တော့မည် မဟုတ်သောကြောင့် ဝမ်ယဲ့လည်း ကုတင်ပေါ်မှ ဆင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ရွှီယွဲ့ကျားကို ပြန်ဖြေလိုက်သည်။

"ဘာမှမလုပ်ပါဘူး... သူက ကျွန်မကို ယပ်ခပ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဖက်ထားရုံတင်ပါ"

'ဒါပေမဲ့ နောက်ဆုံးတော့ လူမှားပြီး ဖက်မိသွားတာပေါ့'

"မင်း အိမ်မက်ထဲကလူက ခရုနတ်သမီးဆိုတာ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ"

"သေချာတာပေါ့... ဘာလို့လဲဆိုတော့ သူက ကျွန်မရဲ့ အဝတ်အစားတွေကိုလည်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပေးတယ်၊ စကားလည်း မပြောဘူး၊ အလုပ်ပြီးတာနဲ့ ထွက်သွားတယ်"

ဝမ်ယဲ့တစ်ယောက် ထိုစကားကို ပြောပြီးသွားသည်နှင့် တပြိုင်နက် သူမ၏ စကားလုံးများက နှစ်ခွအဓိပ္ပာယ် သက်ရောက်နေနိုင်သည်ကို ရိပ်မိသွားသည်။

ရွှီယွဲ့ကျား : "……"

သူမ ဖော်ပြနေသည့် ပုံစံက ရွှီယွဲ့ကျားကို ရည်ညွှန်းနေသလို ဖြစ်နေလေသည်။

ဝမ်ယဲ့တစ်ယောက် သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

'ဒါတွေက အိမ်မက်သက်သက်ပဲ... အိမ်မက်ဆိုတာ အစစ်အမှန်မှ မဟုတ်တာ'

'အပျိုစင်နတ်သမီးလေး ဆိုတာလည်း မရှိသလို၊ အရမ်းချောမောတဲ့ မိန်းမလှလေးဆိုတာလည်း မရှိဘူး'

၎င်းက အတုအယောင်မျှသာ ဖြစ်သည်ဟု တွေးပြီးကာမှ ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ ထပ်မံ တမ်းတမိသွားပြန်သည်။

"ယောက်ျား... ဒီအိမ်မက်က ဘာကို ဆိုလိုတာလဲလို့ ထင်လဲဟင်၊ ဒါက ရှေ့မှာ ဖြစ်လာနိုင်တဲ့ နိမိတ်ကို ပြသတဲ့ အိမ်မက်မျိုးများလား"

'ဥပမာအနေနဲ့ လုသခင်မက ဒီနေ့ ကျွန်မကို ရေခဲသုံးခွင့်ပြုမယ်လို့ ကြိုတင်အတိတ်နိမိတ် ပြနေတာမျိုးလား...'

ရွှီယွဲ့ကျားက သူ၏ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ မျက်နှာထက်မှ မည်သည့်ခံစားချက်ကိုမျှ ခန့်မှန်း၍မရပေ။ ဝမ်ယဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး ယွင်ကျီ၏ အသံလည်း ထွက်ပေါ်လာသည်။ ဝမ်ယဲ့က သူမကို အထဲသို့ ဝင်လာရန် ခွင့်ပြုလိုက်သည်။

ယွင်ကျီက အထဲသို့ ဝင်လာပြီးနောက် ရွှီယွဲ့ကျားအား အရင် ဦးညွှတ်ဂါရဝပြုလိုက်ပြီးမှ ဝမ်ယဲ့ထံသို့ လျှောက်လှမ်းလာကာ တရိုတသေ သတင်းပို့လိုက်သည်။

"သခင်မ... အဓိကခြံဝင်း ချင်းရွှယ် ရောက်လာပါတယ်၊ မနက်ဖြန်ကျရင် နွေရာသီ အပူရှောင်ဖို့အတွက် ရှီးချွမ်တောင်ကို သွားဖို့ ရှိလို့ သခင်မ လိုက်ချင်လားလို့ လုသခင်မကိုယ်စား လာမေးတာပါ"

ရှီးချွမ်တောင်က သိပ်မဝေးလှသဖြင့် တစ်မနက်ခင်း (နေ့ဝက်ခရီး)ဖြင့် ရောက်ရှိနိုင်သည်။

လုသခင်မ၏ မင်္ဂလာခန်းဝင်ပစ္စည်းများထဲတွင် ရှီးချွမ်တောင်အနီးရှိ သစ်တောများဝန်းရံထားသော အိမ်ခြံဝင်းတစ်ခု ပါဝင်ကြောင်း လုသခင်မ ပြောခဲ့ဖူးသည်ကို ဝမ်ယဲ့ မှတ်မိသွားသည်။ ထိုအိမ်ရာက သုံးဖက်သုံးတန်လုံး တောင်ကျစမ်းရေများဖြင့် ဝန်းရံထားသော နေရာ ဖြစ်သောကြောင့် အပူရှောင်ရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်သည်။

ဝမ်ယဲ့က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

"လိုက်မယ်"

ရာသီဥတုက ပိုမိုပူပြင်းလာနေပြီဖြစ်ရာ ရေခဲမရှိသော အခန်းထဲတွင် သူမ ဆက်ည်းမခံချင်တော့ပေ။ အတည်ပြုချက် ရရှိပြီးနောက် ယွင်ကျီက ပြန်အကြောင်းပြန်ရန် အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် ဝမ်ယဲ့က တိတ်ဆိတ်နေသော ရွှီယွဲ့ကျားကို လှမ်းကြည့်လိုက်ပြီး ပေါ့ပါးရွှင်လန်းသော အရိပ်အယောင်များ ပြည့်နေသည့် မျက်ဝန်းများဖြင့် လှမ်းပြောလိုက်သည်။

"ကျွန်မ ယောက်ျားကို ပြောသားပဲ၊ သူက တကယ့်ကို အရမ်းအရမ်း ချောမောလှပတဲ့ မိန်းမလှလေးပါဆို"

(ခရုမိန်းကလေး အကြောင်း နည်းနည်း ပြောပြပါရစေ။ ဒီစကားက ရှေးဟောင်းပုံပြင်ကနေ ပေါ်လာတဲ့ တင်စားတဲ့ စကားမျိုးပါ၊ တနေ့လုံး ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်ပေးပြီး ဂရုစိုက်တတ်တဲ့သူမျိုးကို ခရုမိန်းခလေးလို့ ခေါ်ပါတယ်တဲ့၊ ပုံပြင်ကတော့ မြစ်ထဲကနေ ခရုအကြီးကြီးကို ကောက်လာတဲ့ ဆင်းရဲသားလေးအကြောင်းပါ၊ ခရုကြီးကို ကောက်လာပြီး နောက်ပိုင်းမှာ သူ နေ့ခင်းဘက် အလုပ်သွားပြီး ညနေ အိမ်ပြန်လာရင် သူ အိမ်က သန့်ရှင်းသပ်ရပ်နေပြီ ပူပူနွေးနွေး စားစရာ က အဆင်သင့် ကြိုနေပါတယ်တဲ့၊ နောက်ပိုင်း သူ မသင်္ကာလို့ ပြန်ချောင်းတော့ ခရုထဲက နတ်သမီးလေး ထွက်လာပြီး သူအတွက် ချက်ပြုတ်ပေးတာပါတဲ့ရှင်၊ ဘဝအမှန် ပေါ်သွားတော့ နတ်သမီးလေးက ကောင်းကင်ဘုံကို ပြန်သွားပါတယ်တဲ့၊ ခရုခွံကြီးကိုတော့ ချန်ထားခဲ့ ဆင်းရဲသားလေးအတွက် ခရုခွံကနေ စားစရာတွေ ဆက်ပြီး ထောက်ပံ့ပေးပါသတဲ့)

All Chapters