← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁ ပိုတောင်လှနေသေးတယ်

လုသခင်မက ဝမ်ယဲ့ မကြာသေးမီက ကိုယ်အလေးချိန် အနည်းငယ် ကျဆင်းသွားသည်ကို သတိပြုမိသွားသဖြင့် ကျေးလက်တောရွာရှိ ရှီးချွမ်တောင်အနီးမှ သစ်တောအိမ်ရာကို သတိရသွားခဲ့သည်။

ထိုနေရာကို တောင်တန်းသုံးဖက် ဝန်းရံထားပြီး အုပ်ဆိုင်းနေသော သစ်တောကြီးများက နေရောင်ခြည်ကို ကာကွယ်ပေးထားသောကြောင့် အေးမြနေလေရာ နွေရာသီအတွက် အပူရှောင်ရန် အလွန်အဆင်ပြေသော နေရာတစ်ခု ဖြစ်သည်။

ထိုနေရာတွင် အမြဲတမ်း နေထိုင်ရန် မဖြစ်နိုင်သော်လည်း တစ်ပတ်ကျော်မျှ သွားရောက်တည်းခိုခြင်းက နွေရာသီ၏ အပူဆုံးရက်များကို ရှောင်ရှားရန် အသင့်တော်ဆုံးနေရာ ဖြစ်ပုံရသည်။

လုသခင်မက ဝမ်ယဲ့ကို တစ်ယောက်တည်း လွှတ်လိုက်ရန် စိတ်မချ ဖြစ်နေပြီး ကံကောင်းထောက်မစွာဖြင့် သူမလည်း မကြာသေးမီက တက်ရောက်ရန် လိုအပ်သော လူမှုရေးပွဲများအားလုံးကို တက်ရောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ အိမ်တော်တွင်လည်း အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စရပ်များ မရှိတော့ချေ။ ရလဒ်အနေဖြင့် ကလေးများကို ခေါ်ပြီး အပန်းဖြေခရီးတိုလေး သွားရန် စိတ်ကူးက ကောင်းမွန်သော အကြံဉာဏ်တစ်ခု ဖြစ်လာခဲ့သည်။

ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့ကတော့ သူမ၏ စာရင်းထဲသို့ပင် ပါဝင်ခွင့်မရကြပေ။ သူတို့နှစ်ဦးစလုံးတွင် ကိုယ်စီတာဝန်များ ရှိနေကြပြီး အားလပ်ရက် မရှိသည့်အပြင် အိမ်တော်၏ ကိစ္စအဝဝကို ကြီးကြပ်ကွပ်ကဲရန် အကြီးအကဲတစ်ယောက် ရှိနေဖို့လည်း အရေးကြီးနေသေးသည်။

လုသခင်မက သူမ မရှိသည့်အချိန်တွင် အစေခံများအကြား ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် အထိန်းတော်ရှန်းကိုလည်း အိမ်တော်၌ ချန်ထားခဲ့ရန် စီစဉ်ထားသည်။

ချင်းရွှယ် အနောက်ဘက်ခြံဝင်းမှ ပြန်ရောက်လာပြီးနောက်တွင် လုသခင်မက အစေခံများကို စေလွှတ်ကာ ရွှီကျင့်လင်းနှင့် ရွှီယွိရွှမ်တို့၏ဆရာများထံမှ နှစ်ပတ်စာ ခွင့်ရက် တောင်းခံခိုင်းလိုက်သည်။ ရွှီကျင့်လင်းတစ်‌ယောက် နံနက်စာ စားနေစဉ်အတွင်း နောက်ထပ် နှစ်ပတ်ခန့် စာသင်ခန်း သွားရန် မလိုတော့ကြောင်း သိရှိလိုက်ရပြီး အလွန်ဝမ်းသာသွားကာ ပင်မအဆောင်သို့ လောလောလတ်လတ် ရောက်ရှိလာသော ရွှီယွိရွှမ်ကို ပြေးဖက်လိုက်သည်။

ရွှီယွိရွှမ်က ရုန်းကန်ရင်း သူ့ကို အမြန်တွန်းထုတ်ကာ ပြန်အော်နေသည်။

"ဒုတိယအစ်ကို... ရွှမ်အာကို လွှတ်ပေး"

‘ဒီမှာ အသက်ရှူကျပ်လုနီးပါး ဖြစ်နေပြီဗျ’

လုသခင်မက ကလေးနှစ်ယောက်ကို အမြန် ဆွဲခွဲလိုက်ပြီး ရွှီကျင့်လင်းကို ဆူပူလိုက်သည်။

"မင်း ဘာလို့ ဒီလောက်တောင် အဆင်အခြင်မဲ့နေရတာလဲ၊ မင်းညီလေး နေရခက်နေတာကို မမြင်ဘူးလား"

ရွှီကျင့်လင်းက သူ၏အမှားကို သိရှိသွားပြီး ခေါင်းလေး ကုတ်ကာ နာနာခံခံ တောင်းပန်လိုက်သည်။

"ရွှမ်အာ... ဒုတိယအစ်ကို စိတ်လှုပ်ရှားလွန်းလို့ မေ့သွားတာပါ"

ရွှီယွိရွှမ်က အသက်ပြင်းပြင်းတစ်ချက်ရှူကာ ခေါင်းခါပြလိုက်သည်။

"ရပါတယ်"

သူ့၏ ဒုတိယအစ်ကိုက မကောင်းသည့်စိတ်နှင့် လုပ်ခဲ့ခြင်းမဟုတ်မှန်း သူ နားလည်နေသည်။

ထိုနေ့နံနက်အစောပိုင်းတွင် ချင်းရွှယ်က အနောက်ဘက်ခြံဝင်း၌ အထိန်းတော်ကျိနှင့် တွေ့ဆုံခဲ့ပြီး လုသခင်မ၏ အစီအစဉ်များကို ပေါ့ပေါ့ပါးပါး ပြောပြခဲ့သည်။ ထို့ကြောင့် အထိန်းတော်ကျိက အသေးစိတ်အချက်အလက်များကို စုံစမ်းရန်အတွက် ရွှီယွိရွှမ်ကို ခေါ်ကာ အဓိကခြံဝင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

လုသခင်မက သခင်ငယ်လေးကို ရှီးချွမ်တောင်သို့ ခေါ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရှိလိုက်ရချိန်တွင် အထိန်းတော်ကျိက ချက်ချင်း ခွင့်တောင်းလိုက်သည်။

"ဒါဆိုရင် ဒီအစေခံအိုကြီးက သခင်ငယ်လေးရဲ့ ခရီးဆောင်အိတ်တွေ ပြင်ဆင်ဖို့ ပြန်လိုက်ပါဦးမယ်"

လုသခင်မက ခေါင်းညိတ်ကာ ပြန်ခွင့်ပေးလိုက်သည်။

"သွားလေ... ရွှမ်အာကတော့ ငါနဲ့အတူ ဒီမှာပဲ နေခဲ့ပါစေ"

အထိန်းတော်ကျိက နာနာခံခံ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ရှီးချွမ်တောင်က ဘယ်နေရာတွင် ရှိမှန်း သူ မသိသော်လည်း စာသင်ခန်းသို့ သွားရန် မလိုတော့ဘူးဟူသော အတွေးကြောင့် ရွှီယွိရွှမ်တစ်ယောက် အလွန် ဝမ်းသာနေလေသည်။ ညီအစ်ကိုနှစ်ယောက်စလုံး ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးနေကြသည်ကို မြင်လိုက်ရသောကြောင့် လုသခင်မလည်း မပြုံးဘဲ မနေနိုင်တော့ပေ။

"အပြင်ထွက် ဆော့ရမှာက ဒီလောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းနေလို့လား"

ညီအစ်ကိုနှစ်ယောက်စလုံးက ပြိုင်တူ ခေါင်းညိတ်ပြနေကြသည်။

ရွှီကျင့်လင်းက ရုတ်တရက် ပြောလိုက်သည်။

"အစ်ကိုကြီးပါ ကျွန်တော်တို့နဲ့အတူ ရှိနေရင် ပိုပျော်ဖို့ ကောင်းမှာ သေချာတယ်”

ရွှီယွိရွှမ်ကလည်း သူတို့၏အစ်ကိုကြီးက သိုင်းကစားပြရင်း ပုံပြင်များ ပြောပြတတ်သည်ကို ပြန်မှတ်မိသွားကာ ခေါင်းညိတ်ပြနေသည်။

ရွှီကျင့်လင်း မပြောလျှင် လုသခင်မက သူမတွင် နောက်ထပ် သားတစ်ယောက် ရှိနေသေးသည်ကို မေ့လုနီးပါး ဖြစ်သွားပေလိမ့်မည်။ သာမန်အားဖြင့် သုံးရက်မှ ငါးရက်အတွင်း စာတစ်စောင်၊ နှစ်စောင်ခန့် လက်ခံရရှိလေ့ရှိသော်လည်း သူမ၏ အကြီးဆုံးသားထံမှ အဆက်အသွယ်မရသည်မှာ လဝက်ကျော်မျှ ရှိနေပြီ ဖြစ်သည်။

သူ စာသင်ကျောင်းရှိ လူနေမှုဘဝနှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာကာ အသားကျနေပြီဟု သူမ တွေးဆလိုက်သည်။

သူမက သူမ၏ သားငယ်ကို ရှင်းပြလိုက်သည်။

"မင်းတို့ရဲ့ အစ်ကိုကြီးက စာလေ့လာတဲ့နေရာမှာ အာရုံစိုက်ဖို့ လိုတယ်လေ၊ မင်းတို့နဲ့အတူ မေမေရယ်၊ မင်းတို့ရဲ့ ဒုတိယအဒေါ်ရယ် လိုက်ပါပေးမှာ၊ ဒါက ပိုကောင်းတယ် မဟုတ်ဘူးလား"

ရွှီကျင့်လင်းတစ်ယောက် မငြင်းရဲသဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

ရွှီယွိရွှမ်က ဝင်မေးလိုက်သည်။

"ဒေါ်ဒေါ်...မေမေလည်း လိုက်မှာလားဟင်"

လုသခင်မက သူ့ဆီသို့ အကြည့်ရောက်သွားပြီး သူမ၏ အသံကို နူးညံ့သိမ်မွေ့စေလျက် ပြန်ဖြေပေးလိုက်သည်။

"အင်း"

"ကျိမားရော လိုက်မှာလားဟင်"

ရွှီယွိရွှမ်က ဆက်မေးမြန်းနေပြန်သည်။

လုသခင်မက ခေါင်းညိတ်ပြလိုက်သည်။

"ဖေဖေရော လိုက်မှာလား"

ရွှီယွိရွှမ်က ဆက်မေးနေပြီး လုသခင်မက ခေါင်းခါပြလိုက်သည်။

"ဒါဆို ဦးလေးရော"

ရွှီယွိရွှမ်က ထပ်မံစူးစမ်းနေပြန်သည်။

"သူလည်း လိုက်မှာ မဟုတ်ဘူး"

လုသခင်မက ပြန်ဖြေလိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ ရွှီယွိရွှမ်က အကြောင်းအရင်းကို သိချင်သဖြင့် မေးမြန်းလိုက်သည်။

"ဘာလို့ မလိုက်တာလဲဟင်"

"မင်းရဲ့ အကြီးဆုံးဦးလေးက အလုပ်ရှုပ်နေလို့လေ၊ ဒါကြောင့် ဒီတစ်ခေါက် သူက ဒေါ်ဒေါ်တို့နဲ့အတူ မလိုက်နိုင်ဘူး"

‘လူကြီးတွေက အမြဲတမ်း အလုပ်ရှုပ်နေကြတာပဲ’

ရွှီယွိရွှမ်က လူကြီးတစ်ယောက်လို သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရင်း ညည်းတွားလိုက်သည်။

"ကောင်းပါပြီလေ"

လုသခင်မက သူ၏ လူကြီးလေးလို အမူအရာကို ကြည့်ကာ သဘောကျနေပြီး ရယ်မောလိုက်သည်။

"မင်း... မင်းအမေဆီက ဘယ်လို အတတ်ဆန်းတွေ သင်ထားတာလဲ"

ရွှီယွိရွှမ်က ခေါင်းကို ခါယမ်းရင်း ငြင်းဆန်လိုက်သည်။

"ရွှမ်အာ.... ဘာမှ မသင်ထားပါဘူး"

လုသခင်မက သူ့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ထပ်ပြောလိုက်သည်။

"မင်းအမေက မင်းကို တကယ်ပဲ အဖိုးတန်ရွှေတုံးလေးလို ဂရုစိုက်ထားတာပဲ"

သူမက နယ်စားကြီး၏ ဇနီးအဖြစ် အချိန်အကြာကြီး နေထိုင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ဟန်ဆောင်ပန်ဆောင် သံယောဇဉ်နှင့် စစ်မှန်သော မေတ္တာကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။ အချို့သောအရာများကို အပေါ်ယံ အသွင်အပြင်မျှဖြင့် ဆုံးဖြတ်၍ မရနိုင်ကြောင်း သူမ နားလည်ထားခဲ့သည်။

ရွှီယွိရွှမ်က သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်ပြီး ရုတ်တရက် လုသခင်မ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမကို ပွေ့ဖက်လိုက်ပြီး ချွဲနွဲ့လိုက်သည်။

"ဒေါ်ဒေါ်ကလည်း အရမ်းကောင်းတယ်"

လုသခင်မက ပြုံးနေပြီး သူ၏ ပါးပြင်လေးကို ညင်ညင်သာသာ ပွတ်သပ်ပေးနေရင်း ပြန်မေးလိုက်သည်။

"ရွှမ်အာ... မနက်စာကို ဘာတွေ စားလာတာလဲ၊ ဒီနှုတ်ခမ်းလေးက အတော်ကို ချိုနေပါလား"

ရွှီယွိရွှမ်က အလျင်အမြန် ခေါင်းခါယမ်းရင်း ပြန်ဖြေလိုက်သည်။

"ရွှမ်အာ ယာဂုပဲ သောက်လာတာပါ၊ ကြက်ကင် မစားပါဘူး"

လုသခင်မ : "......"

‘ဒီနေရာမှာ ကြက်ကင်က ဘယ်လိုလုပ်ပြီး ကြားညှပ်ပါလာတာလဲ...’

.......။.......။........

ညနေပိုင်းတွင် ရွှီယွဲ့ကျား အိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ဝမ်ယဲ့တစ်ယောက် ခရီးဆောင်အိတ်များ ထုတ်ပိုးနေဆဲ ဖြစ်သည်။

ယခုခရီးစဉ်က နှစ်ပတ်ကျော်မျှ ကြာမြင့်မည် ဖြစ်သဖြင့် ပြင်ဆင်စရာ ပစ္စည်းအတော်များများ ရှိနေသည်။ သို့သော် အစေခံ အများအပြား ခေါ်ဆောင်သွားရန် မလိုအပ်ဘဲ ယွင်ကျီနှင့် ထောင်ကျီ နှစ်ယောက်တည်း ရှိနေလျှင်ပင် လုံလောက်သည်ဟု သူမ ယူဆ‌ထားသည်။

ရွှီယွိရွှမ်အတွက်တော့ လုသခင်မတွင် အစီအစဉ်တစ်ခုခု ရှိပြီးသား ဖြစ်မည်ဟု ဝမ်ယဲ့ ယုံကြည်နေသည်။ အကယ်၍ ထိုသို့အစီအစဉ်မျိုး မရှိလျှင်လည်း အရည်အချင်းရှိသော အထိန်းတော်ကျိ ရှိနေသေးသည်။

လက်ရှိတွင် ဝမ်ယဲ့က စာအုပ်စင်ပေါ်မှ စာအုပ်အချို့ကို ရွေးချယ်ရန် အာရုံစိုက်နေခဲ့သည်။ လုသခင်မနှင့်အတူ သွားရမည် ဖြစ်သောကြောင့် သူမ မသင့်တော်သော စာအုပ်မျိုးကို မယူသွားဘဲ စိတ်ဝင်စားစရာ ကောင်းသော ခရီးသွားမှတ်တမ်းအချို့ကိုသာ ယူရန် စဉ်းစားနေခြင်း ဖြစ်သည်။ ယခင်က သူမ ထိုကဲ့သို့စာအုပ်အချို့ ဝယ်ထားခဲ့သည်ကို ဝမ်ယဲ့ မှတ်မိနေသော်လည်း ယခု ရှာမတွေ့နိုင် ဖြစ်နေရသည်။

ရွှီယွဲ့ကျားက စာကြည့်ခန်းအတွင်းသို့ ဝင်လာပြီး သူမက စာအုပ်စင်များအား လိုက်လံ ကြည့်ရှုနေသည်ကို သတိပြုမိသွားသည်။ သူက ခြေလှမ်း နှေးနှေးဖြင့် အနားသို့ တိုးကပ်လာကာ မေးနေခဲ့သည်။

"ခရီးထွက်ရမှာကို အချစ်ဝတ္ထုတွေ ယူသွားဖို့ ပြင်နေတာလား"

ဝမ်ယဲ့က ခေါင်းခါပြရင်း ငြင်းဆန်လိုက်သည်။

"မဟုတ်ပါဘူး... ကျွန်မ လမ်းမှာ ဖတ်ဖို့ စိတ်ဝင်စားစရာ ကောင်းတဲ့ ခရီးသွားမှတ်တမ်းနှစ်အုပ်လောက် ရှာနေတာပါ"

ရွှီယွဲ့ကျားက 'ကွန်ဖြူးရှပ်ကျမ်းစာ'၊ 'စာသုံးလုံးကျမ်း' နှင့် အခြားသော စာပေကျမ်းဂန်များ ပြည့်နှက်နေသည့် စာအုပ်စင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို သတိပေးလိုက်သည်။

"ခရီးသွားမှတ်တမ်းတွေက ဒီစင်မှာ မဟုတ်ဘူး"

သူက ပြောပြောဆိုဆိုဖြင့် အခြားစာအုပ်စင်တစ်ခုဆီသို့ လျှောက်သွားကာ ဝမ်ယဲ့ လိုချင်နေသော ခရီးသွားမှတ်တမ်းများကို အတိအကျ ထုတ်ယူပြီး သူမဆီသို့ ကမ်းပေးလိုက်သည်။

ဝမ်ယဲ့က ထိုစာအုပ်များကို လက်ခံလိုက်ပြီး စာမျက်နှာများကို အမြန်လှန်လှောကြည့်လိုက်ရာ သူမ ရှာနေသည့် စာအုပ်များ ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူမ အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ကျွန်မ ဘယ်နားမှာ ထားမိလဲ မသိဖြစ်နေပြီး လုံးဝကို မေ့နေတာ၊ ယောက်ျားက ဘယ်လိုလုပ် မှတ်မိနေတာလဲ"

သူမက လှည့်ပြန်လိုက်ပြီး ထိုခရီးသွားမှတ်တမ်းနှစ်အုပ်ကို သစ်သားသေတ္တာငယ်လေးထဲသို့ ထည့်လိုက်ရင်း ကြွေးကြော်လိုက်သည်။

"ပြီးပြီ"

ထိုအချိန်တွင် ရုတ်တရက် သူမ၏ နောက်ကျောဘက်မှ လေပြေညင်းတစ်ချက် ဖြတ်တိုက်သွားသဖြင့် ဝမ်ယဲ့က ဗီဇစိတ်အရ နောက်သို့ လှည့်ကြည့်လိုက်သည်။ ရွှီယွဲ့ကျားက သူမ စောစောက ချထားခဲ့သော ပိုးယပ်တောင်ကို ကိုင်ကာ သူမအတွက် ယပ်ခတ်ပေးနေသည်ကို တွေ့လိုက်ရသည်။ ဝမ်ယဲ့၏ မျက်ဝန်းအစုံတွင် အံ့ဩတုန်လှုပ်မှု အပိုင်းအစလေးများ ဖြတ်ပြေးသွားပြီးနောက် မေးမြန်းလိုက်သည်။

"ရှင် ဒီနေ့ စိတ်အခြေအနေ တော်တော်ကောင်းနေပုံရတယ်နော်... ယောင်္ကျား"

ရွှီယွဲ့ကျား : "မဟုတ်ပါဘူး"

ဝမ်ယဲ့က သူ့လက်ထဲမှ လှပသော ပိုးယပ်တောင်လေးကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ထိုအရာက သူ၏ ပုံမှန် အေးစက်တည်ငြိမ်သော အမူအရာနှင့် လုံးဝ လိုက်ဖက်မှု မရှိသလို ဖြစ်နေခဲ့သည်။ သူမ ထပ်မေးလိုက်မိပြန်သည်။

"ဒါဆိုရင်... ဒါက ဘာသဘောလဲဟင်"

အကြောင်းပြချက်မရှိဘဲ သူမကို ဤသို့ ဝန်ဆောင်မှုပေးနေခြင်းက ဝမ်ယဲ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ရွှီယွဲ့ကျားက သူမကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။

"မင်း ရင်းနှီးနေတယ်လို့ မခံစားရဘူးလား"

ဝမ်ယဲ့တစ်ယောက် ခဏမျှ တုံ့ဆိုင်းသွားရပြီး မရေရာသော မှတ်ဉာဏ် အပိုင်းအစအချို့က သူမခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

‘ဒါဆို ညဘက်တွေ ငါ့ကို ညင်ညင်သာသာ ယပ်ခတ်ပေးနေခဲ့တဲ့ ခရုနတ်သမီးက.....

‘ငါ တကယ်ကို အိမ်မက်လို့ ထင်‌နေတာလေ’

‘မဟုတ်ဘူး... အခုတော့ လယ်တောထဲက မိန်းမပျိုလေး မဟုတ်တော့ဘဲ လယ်တောက သခင်လေးတစ်ယောက် ဖြစ်နေတာပေါ့’

"ဒါဆို... အဲ့ဒါ ရှင်ဖြစ်နေတာပေါ့"

"ဟုတ်တယ်"

ဝမ်ယဲ့ သူ့ကို ကြည့်လိုက်ရာ ရွှီယွဲ့ကျား၏ အနည်းငယ် နက်ရှိုင်းနေသော မျက်ဝန်းများနှင့် ဆုံမိသွားပြီး သူမ၏ နှုတ်ခမ်းဖျားတွင် အသင့်ရှိနေသော စကားလုံးများက နောက်သို့ ဆုတ်သွားကာ တခြားတစ်ခုကို ပြောမိသွားသည်။

"အခုက ပိုတောင် ချောနေသေးတယ်"

သူမ၏ လေသံက စိတ်ရင်းမှန်ဖြစ်ကြောင်း သိသာနေသည်။

ရွှီယွဲ့ကျား : "......"

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီလောက်ပဲလား"

ဝမ်ယဲ့က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထပ်ပြောလိုက်သည်။

"ဆက်ပြီး ကြိုးစားပေးပါဦး"

ထိုအရာက ယခုအချိန်တွင် သူမ၏ စစ်မှန်သော အတွေးသာ ဖြစ်သည်။ ညဘက်တွင် သူ ယပ်ခတ်ပေးခြင်းက သူမကို ပိုမို သက်တောင့်သက်သာ အိပ်ပျော်စေသည်။

ရွှီယွဲ့ကျားက အနည်းငယ် စိတ်လှုပ်ရှားသွားဟန်ဖြင့် လေကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"ထားလိုက်ပါတော့"

ဝမ်ယဲ့က အခြေအနေကို ပြန်ကယ်တင်ရန် ကြိုးစားလိုက်သည်။

"ယောက်ျားရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်"

ညဘက်တွင် လင်သားဖြစ်သူက ယပ်ခတ်ပေးခြင်းဆိုသည်မှာ ရှားပါးလှသည်။ သူမက စိတ်ရင်းမှန်ဖြင့် ပြောနေခြင်း ဖြစ်သော်လည်း စိတ်ထက် နှုတ်က ပိုစောသွားခြင်းသာ ဖြစ်သည်။

သူမ၏ မိခင်အိမ်တွင် ရှိစဉ်က သူမ ဤကဲ့သို့ ဘယ်တုန်းကမှ မပြုမူခဲ့ဖူးချေ။ ရွှီနယ်စားမင်း အိမ်တော်အတွင်းရှိ ဘဝက အလိုလိုက်ခံရလွန်းသဖြင့် သူအ စိတ်အေးလက်အေး ဖြစ်သွားခဲ့ခြင်းပင်။ သို့သော်လည်း ရွှီယွဲ့ကျားက ထပ်မမေးမြန်းတော့ဘဲ သူမ၏ အဖြေကို လက်ခံလိုက်သည်။

စစ်မှန်သော ခံစားချက်များက တစ်ခါတစ်ရံတွင် ဆုံးဖြတ်ချက်ကို ဝေဝါးစေတတ်ပြီး ပြီးခဲ့သည့်ညက သူ၏ အပြုအမူများက ထိုအချက်ကို သက်သေပြနေသည်။ သူ မိမိကိုယ်ကိုယ် ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်ရန်အတွက် နေ့ခင်းဘက် အချိန်အတော်များများကို ကုန်လွန်စေခဲ့ရသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရွှီယွဲ့ကျားက ရှင်းပြရန် ကြိုးစားရင်း စပြောလိုက်ပြန်သည်။

"ကိုယ် အဲ့လိုမျိုး ရည်ရွယ်တာ မဟုတ်ပါဘူး၊ မင်းအနေနဲ့ စိတ်ထဲထားဖို့ မလိုပါဘူး"

သူ၏ စကားလုံးများက မရေမရာဖြစ်နေသော်လည်း ဝမ်ယဲ့ကတော့ နားလည်နိုင်ဆဲ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် သူမအနေဖြင့်လည်း ထိုသို့ မဖြစ်ရန် ပိုဆန္ဒရှိနေမိသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးက သူမ၏ စဉ်းစားတွေးခေါ်မှု ဘောင်အပြင်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူမတို့၏ သဘောတူညီမှု အိမ်ထောင်ရေးတွင် ရုတ်တရက်ဆိုသလို တစ်ယောက်က ရည်ရွယ်ချက်အသစ်များကို ပြသလာခဲ့သည်။ သူမတို့၏ လက်ရှိ ဆက်ဆံရေး အခြေအနေက ကာမဂုဏ်နှောင်ကြိုးမှသည် သံယောဇဉ်ခံစားချက်နှောင်ကြိုးဆီသို့ ကူးပြောင်းခြင်း ဖြစ်ပြီး ၎င်းက အလွန်အန္တရာယ်များလှသည်။

ဝမ်ယဲ့က ရွှီယွဲ့ကျားကို လိမ်ညာရန် ဆန္ဒမရှိချေ။

"ကျွန်မ စိတ်ထဲမထားပါဘူး၊ ဒါပေမယ့် ရှင် လက်မခံနိုင်မှာကိုတော့ စိုးရိမ်မိတယ်"

သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

ရှုဲ့ကျားက ပြန်ချေပလိုက်သည်။

"မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ"

‘သူက ဒီအပြောင်းအလဲကို သဘောတူချင်နေတာလား’

တွန်းအား ရရှိသွားသဖြင့် ဝမ်ယဲ့က အကြံပြုလိုက်သည်။

"ဒါဆိုရင်... အရာအားလုံးကို ပုံမှန်အတိုင်း ဆက်သွားသင့်လား"

‘ထားလိုက်ပါတော့.... မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ ဒီအပြောင်းအလဲတွေကို တစ်ဆင့်ချင်းစီ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်လိုက်ရုံပေါ့။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ လုသခင်မ ရှိနေသေးတယ် မဟုတ်ဘူးလား’

‘ပြီးတော့ ရွှီယွဲ့ကျားကိုယ်တိုင်လည်း တစ်နေ့နေ့မှာ သူ့အလိုလို ပြန်စဉ်းစားသုံးသပ်မိသွားနိုင်သေးတယ်’

ရွှီယွဲ့ကျား : "ကောင်းပြီလေ"

ယနေ့က ပုံမှန်မဟုတ်သော နေ့တစ်နေ့ ဖြစ်နေပြီး ထင်ရှားနေသည်က သူ့ဘက်မှ လုံလောက်အောင် တည်ငြိမ်မှု မရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

သူက ပုံမှန်အားဖြင့် အလွန်အမင်း ရည်မှန်းချက်ကြီးမားသူ တစ်ယောက် မဟုတ်ခဲ့ချေ။

ဝမ်ယဲ့က ပုံမှန်အားဖြင့် စိုးရိမ်ပူပန်မှုကင်းစွာ နေတတ်သော်လည်း ဤမမျှော်လင့်ထားသော ဖွင့်ဟမှု အပြီးတွင် ရွှီယွဲ့ကျား၏ သိမ်မွေ့သော အပြောင်းအလဲများကို သူမ သတိမပြုမိဘဲ မနေနိုင်ခဲ့ချေ။

ယခင်က သူမ သူမတို့၏လက်တွေ့ကျသော ဆက်ဆံရေးထက် ကျော်လွန်သည့် မည်သည့် ခံစားချက်ကိုမျှ ထည့်သွင်းမစဉ်းစားခဲ့ပေ။ ထိုအရာအားလုံးက ကောင်းမွန်စွာ ကြီးပြင်းလာသော သူ၏ ရှိရင်းစွဲ ယဉ်ကျေးမှုကြောင့်ဟုသာ သူမ မှတ်ယူထားခဲ့သည်။

သို့သော်လည်း ယခု ပြန်စဉ်းစားကြည့်သောအခါ ၎င်းက လုံးဝ မှန်ကန်နေခြင်း မရှိ‌တော့ချေ။

(t/n: ဟူး... သူများ စုံတွဲက အထာတွေနဲ့ ပြောနေပြီ ဘာပြောမှန်း မသိဖြစ်နေရတဲ့ကြားထဲ စာရေးဆရာကပါ သွယ်ဝိုက်ရေးနေသေးတယ်၊ တကယ်က ရွှီယွဲ့ကျား သူ့အပေါ် ကောင်းနေတာတွေကို ဝမ်ယဲ့က ချစ်လို့ လုပ်ပေးတာ မဟုတ်ဘဲ သူက လူကောင်းမို့လို့ သူရဲ့ ပုံမှန်အပြုအမူအတိုင်း ကောင်းပေးနေတာလို့ ထင်နေတာပါ)

သူတို့နှစ်ဦးကြားတွင် အနေရခက်သော တိတ်ဆိတ်မှုတစ်ခုက ရှည်လျားစွာ တည်ရှိနေပြီး သူတို့၏ မျက်ဝန်းများ တစ်ဖန် ပြန်ဆုံစည်းမိသွားသည့် အချိန်အထိ ဖြစ်သည်။

နောက်ဆုံးတွင် ရွှီယွဲ့ကျားက လှမ်းပြောလိုက်သည်။

"ကိုယ် ရေသွားချိုးလိုက်ဦးမယ်"

ဝမ်ယဲ့ : "......"

‘ငါ တကယ်ပဲ အဲ့လိုသဘောမျိုးနဲ့ ပြောခဲ့တာ မဟုတ်ပါဘူးဟယ်’

သို့သော်ငြားလည်း သူ၏ ရှားရှားပါးပါး ဦးဆောင်မှုကိုတော့ သူမ တန်ဖိုးထားမိသည်မှာ အမှန်ပင် ဖြစ်နေလေသည်။

.......။......။.......

နောက်တစ်နေ့ မနက်စောစောတွင် ရွှီယွဲ့ကျားက ထိုမိခင်နှင့်သားကို အိမ်တော်အပြင်အထိ လိုက်ပို့ပေးခဲ့သည်။ သူတို့ ရထားလုံးပေါ်သို့ တက်သွားသည့်တိုင်အောင် သူ့အကြည့်များက မခွာဘဲ ရှိနေခဲ့သည်။ သူမတို့ ထိုင်ခုံများတွင် ထိုင်ပြီးနောက်မှသာ သူ မျက်နှာပြန်လွှဲသွားသည်။

အနီးအနားတွင် ရစ်သီရစ်သီ လုပ်နေသော ရွှီနယ်စားမင်းကလည်း လုသခင်မအနားသို့ ကပ်သွားပြီး တိုးတိုးလေး ကပ်ပြောနေသည်။

"ခေါ်သွားမယ့် အစောင့်တွေက ဒီလောက် နည်းနေတာ အဆင်ပြေပါ့မလား... ကိုယ် လိုက်ခဲ့ရမလား"

လုသခင်မက သူ့အကြံအစည်ကို ချက်ချင်း ပယ်ချလိုက်သည်။

"ဒီလောက်ဆို လုံလောက်နေပါပြီ၊ ပြီးတော့ ကျိထန်းတောင် မလိုက်တာ၊ ရှင်က လိုက်လာဖို့ဆိုတာ မသင့်တော်ဘူး"

ရွှီနယ်စားမင်းတစ်ယောက် မချင့်မရဲဖြင့် နောက်ဆုတ်လိုက်ရသော်လည်း ပြောဖြစ်အောင် ထပ်ပြောလိုက်သေးသည်။

"ဒါဆိုရင်လည်း စောစောပြန်လာခဲ့ဦး"

ဝမ်ယဲ့က လိုက်ကာကို ပင့်မကာ ရွှီယွဲ့ကျားကို တစ်ချက် အကဲခတ်လိုက်ပြီးနောက် လုသခင်မကို တိုက်တွန်းလိုက်သည်။

"မမ..."

သူမ၏နောက်မှ ရွှီယွိရွှမ်၏ ခေါင်းလေးကလည်း ပြူထွက်လာပြီး လုသခင်မအား စိတ်အားထက်သန်စွာ လက်လှမ်းပြနေသည်။

"ဒေါ်ဒေါ်... မြန်မြန်တက်လာခဲ့လေ"

ရွှီယွိရွှမ်က သူမအား လှမ်းခေါ်နေသည်ကို မြင်လိုက်ရသည့် လုသခင်မက ရွှီနယ်စားမင်းနှင့် အရေးမပါသောအကြောင်းအရာများ ထပ်မပြောတော့ဘဲ စကားဖြတ်ပြောလိုက်သည်။

"ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါတယ်၊ လိုက်ပို့နေဖို့ မလိုတော့ဘူး"

သူမက လှည့်ပင်မကြည့်တော့ဘဲ အစေခံမိန်းကလေး၏ ကူညီတွဲပေးမှုဖြင့် ရထားလုံးပေါ်သို့ တက်သွားခဲ့သည်။

ရွှီနယ်စားမင်း : "..."

ဝမ်ယဲ့က လိုက်ကာကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏ရင်ခွင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာသော ကလေးငယ်ဘက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ရွှမ်အာရဲ့ ဖေဖေကို မြန်မြန်လေး နှုတ်ဆက်လိုက်ဦး"

ထိုအခါမှသာ ရွှီယွိရွှမ်က စိတ်လှုပ်ရှားမှုများပြည့်နေသော လေသံဖြင့် ရွှီယွဲ့ကျားအား လက်လှမ်းပြလိုက်သည်။

"ဖေဖေ... သားတို့ သွားပြီနော်"

"အင်း"

ရွှီယွဲ့ကျားက ခပ်တိုးတိုးအသံဖြင့် တုံ့ပြန်လိုက်ပြီး ကလေး၏ အနောက်မှ လူဆီသို့ အကြည့်ကို ရွှေ့လိုက်ရင်း ထပ်ပြောလိုက်သည်။

"လမ်းခရီးမှာ ဂရုစိုက်ကြဦး"

ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"ကျွန်မ သိပါပြီ"

ရွှီယွိရွှမ်ကလည်း ကြားဖြတ်အော်ပြောလိုက်သည်။

"ရွှမ်အာ သိပါပြီ"

All Chapters