အခန်း ၇၂
Vol. 8 Ch. 72
အခန်း ၇၂ မကောင်းသော ဆက်ဆံရေးဖြင့် ခွဲခွာခြင်း
ဝမ်ယဲ့က အပြင်သို့ ပြူထွက်နေသော ကလေးငယ်၏ခေါင်းလေးကို အတွင်းဘက်သို့ ပြန်ဆွဲသွင်းလိုက်ပြီး လိုက်ကာကို ပေါ့ပေါ့ပါးပါး ပြန်ချလိုက်သည်။ နယ်စားမင်းအိမ်တော်မှ ရထားလုံးများက တစ်စီးပြီး တစ်စီး ရှေ့ဆင့်နောက်ဆင့် ထွက်ခွာလာခဲ့ကြပြီး ဆက်တိုက် ရွေ့လျားသွားကြသည်။
ရွှီနယ်စားမင်းက ဝေးကွာသွားသော ရထားလုံးတန်းရှည်ကြီးကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ ညည်းတွားသံဖြင့် ပြောလိုက်သည်။
"အခုတော့ ဒီအိမ်တော်အကျယ်ကြီးထဲမှာ ငါတို့ ညီအစ်ကိုနှစ်ယောက်ပဲ ကျန်ခဲ့တော့တာပေါ့"
ရွှီယွဲ့ကျားက သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရွှီနယ်စားမင်းကို တည်ငြိမ်သောလေသံဖြင့် လှမ်းပြောလိုက်သည်။
"အစ်ကို... အစ်ကို လိုက်သွားချင်ရင် လိုက်သွားလို့ရပါတယ်"
ရွှီနယ်စားမင်းက သူ၏ ဟန်ဆောင်မှုကို မည်သူမျှ မရိပ်မိစေရန် တင်းမာသော မျက်နှာပေးကို ထိန်းသိမ်းထားရင်း ပြန်ပြောလိုက်သည်။
"ငါ့မှာ လုပ်စရာ အလုပ်တွေ ရှိသေးတယ်၊ မင်းရဲ့ မရီးက ငါ့ကို လိုက်ခဲ့စေချင်ပေမယ့် ငါ တကယ်ကို အချိန်မပေးနိုင်လို့ပါကွ"
ရွှီယွဲ့ကျားက ထိုစကားကို ယုံကြည်သွားသည့်အလား ပုံမှန်အတိုင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ရထားလုံးတွေ သိပ်မဝေးသေးပါဘူး၊ အစ်ကို စိတ်ပြောင်းသွားရင် အမီလိုက်လို့ ရပါသေးတယ်"
ထိုသို့ပြောပြီးနောက် သူက မြင်းတစ်ကောင် အမြန်ပြင်ခိုင်းရန် လူခေါ်တော့မည့်အလား လှည့်ထွက်သွားသောကြောင့် ရွှီနယ်စားမင်းလည်း သူ့ကို အမြန် ဆွဲထားလိုက်ရသည်။
"နေဦး... မင်းက ဘာကို လိုက်ခိုင်းနေတာလဲ၊ ငါ ပြောပြီးပြီလေ၊ ငါ အလုပ်တွေ ရှုပ်နေပါတယ်ဆိုနေမှကွာ"
ရွှီယွဲ့ကျား ရပ်တန့်သွားသည်ကို မြင်မှ ရွှီနယ်စားမင်းက သူ့အနားသို့ တိုးသွားပြီး ဆက်ပြောလိုက်သည်။
"ဟူး... မင်းရဲ့ မရီး ငါတို့ အိမ်တော်ကို ရောက်လာတာ နှစ်တွေ ဒီလောက်ကြာပြီ၊ တစ်ခါမှ ဒီလောက်အကြာကြီး အပြင်ကို သွားမနေဖူးဘူးလေ"
‘ငါ ကောင်းကောင်း အသားမကျရုံလေးပါကွာ’
ရွှီယွဲ့ကျားက ရွှီနယ်စားမင်းကို ထပ်ကြည့်လိုက်ပြီး ခပ်တည်တည် ပြောနေပြန်သည်။
"မရီးက အစ်ကိုအတွက် အိမ်တော်တစ်ခုလုံးရဲ့ ကိစ္စတွေကို စီမံခန့်ခွဲပေးဖို့ စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့တာပါ၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျေးဇူးတရားတွေက ကြီးမားလွန်းနေပြီ၊ အစ်ကို့စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာကို ဆိုလိုချင်တာလဲ"
ရွှီနယ်စားမင်းက ယနေ့တွင် သူ၏ညီဖြစ်သူ အနည်းငယ် ထူးဆန်းနေပြီး ထိုလေသံကိုလည်း ရင်းနှီးနေသလို ထူးထူးဆန်းဆန်း ခံစားနေရသည်။ အကြာကြီး စဉ်းစားပြီးသော်လည်း သူ ဆက်မစဥ်းစားနိုင်တော့ဘဲ ပြန်မေးလိုက်သည်။
"မင်းရဲ့မရီး အပြင်သွားတာကို ငါက ဘယ်တုန်းက သဘောမတူဘူးလို့ ပြောမိလို့လဲ"
ရွှီယွဲ့ကျား : "ကျိထန်းကလည်း အစ်ကို သဘောမတူဘူးလို့ မပြောခဲ့ပါဘူး"
ရွှီနယ်စားမင်း : "...."
‘နောက်ဆုံးတော့ ဒီရင်းနှီးမှုက ဘယ်နေရာက လာတယ်ဆိုတာ ငါ သဘောပေါက်သွားပြီ’
နောက်ဆုံးတွင် သူလည်း စိတ်အနှောင့်အယှက်ဖြစ်လွန်းသောကြောင့် မထိန်းနိုင်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"မင်းမိန်းမ ဒီအိမ်တော်ကို မရောက်ခင်တုန်းက မင်းရဲ့ မရီးက ဒီလိုမျိုး မဟုတ်ဘူး"
ရွှီယွဲ့ကျား : "အစ်ကိုအနေနဲ့ မရီးအပေါ် မကျေနပ်တာရှိရင် မျက်နှာချင်းဆိုင် ဖွင့်ပြောသင့်တယ်၊ သူရဲ့နောက်ကွယ်မှာ သူ့အကြောင်း ဆွေးနွေးတာက လူကြီးလူကောင်းတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူး"
ရွှီနယ်စားမင်း : “.....”
'ငါက ရှင်းရှင်းလင်းလင်းကို သူ့မိန်းမအကြောင်း ပြောနေတာလေ... သူက ငါ့ကို ဘာလို့ ဒီလိုမျိုး စွပ်စွဲရတာလဲ'
ညီအစ်ကိုနှစ်ယောက်သည် ညံ့ဖျင်းသော ဆက်ဆံရေးဖြင့် လမ်းခွဲလိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်ခြံဝင်းများဆီသို့ ပြန်သွားခဲ့ကြသည်။
..........။......။........
ဝမ်ယဲ့က သူမ၏ တစ်သက်တာတွင် အပြင်သို့ ထွက်ခဲလှပြီး အိမ်ထောင်ပြုပြီးခါစ တစ်နှစ်အတွင်း၌သာ အပြင်ထွက်ဖူးသည့် အကြိမ်အနည်းငယ် ရှိခဲ့သည်။ ရထားလုံးများ မြို့ပြင်သို့ ရောက်ရှိသွားချိန်တွင် သူမက လိုက်ကာကို ထပ်မံပင့်မလိုက်ပြီး ပြင်ပရှိ စိမ်းလန်းစိုပြည်သော ရှုခင်းများကို ကြည့်နေကာ သူမ၏ စိတ်ခံစားချက်များလည်း တက်ကြွပြီး ပိုလန်းဆန်းလာခဲ့သည်။
သူမက နောက်သို့ အနည်းငယ် ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
"မမ... ဒီက ရှုခင်းက တကယ် လှတာပဲနော်"
ထူထဲပြီး အရွက်ထူသော ဝါးတောအုပ်က နေရောင်ခြည်အများစုကို ပိတ်ဆို့ထားပြီး နွေလေပြေညှင်း တိုက်ခတ်လာသည့်အခါ ဝါး၏ အနံ့သင်းသင်းလေးကို ရှူရှိုက်မိစေသည်။ ယခုချိန်က နွေရာသီ ဝင်ကာစဖြစ်နေသည်ကတော့ စိတ်မကောင်းစရာပင်။ နွေဦးရာသီ၌ ဤနေရာမှ ဖြတ်သွားရလျှင် ဝမ်ယဲ့တစ်ယောက် အပြင်ထွက်ပြီး ဝါးပင်ပေါက်များ သွားတူးမည်က သေချာနေခဲ့သည်။
လမ်းခရီးက အနည်းငယ် ပိုဝေးသော်လည်း ဤလမ်းတစ်လျှောက်ရှိ ရှုခင်းက အသာယာဆုံးဖြစ်သောကြောင့် လုသခင်မက ဤလမ်းကြောင်းကို အထူးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် ရှီးချွမ်တောင်သို့ သွားရမည့် ခရီးစဉ်က ပျင်းစရာကောင်းတော့မည် မဟုတ်ပေ။
လုသခင်မက ထောက်ခံလိုက်သည်။
"လှတာပေါ့... ဒါပေမယ့် ရှီးချွမ်တောင်ရဲ့ ရှုခင်းတွေက ဒီထက် အများကြီး ပိုလှတယ်၊ ညီမလေး အဲ့ဒီကို ရောက်ရင် သေချာပေါက် သဘောကျမှာပါ"
အပန်းဖြေရန်နှင့် အပူဒဏ်မှ ရှောင်ရှားရန် အပြင်ထွက်ခွင့်ရသဖြင့် ဝမ်ယဲ့အနေဖြင့် မည်သို့မျှ ဝမ်းမသာဘဲ မနေချေ။ ရထားလုံးက ဝါးတောကို ဖြတ်ကျော်သွားပြီးနောက် ဝမ်ယဲ့က လိုက်ကာကို ခေတ္တမျှ လွှတ်ချလိုက်ပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။
"မမ ရွေးချယ်တဲ့နေရာက သေချာပေါက် အကောင်းဆုံး ဖြစ်မှာပါ"
"နင့်ပါးစပ်ကတော့လေ... အမြဲတမ်း ချိုနေပြီး လူတွေကို မြှောက်ပင့်နိုင်လွန်းတယ်၊ ရွှမ်အာကလည်း အဲ့ဒါတွေအားလုံးကို မင်းဆီကနေ အကုန်အတုခိုးပြီး သင်ယူထားပြီးပြီ"
လုသခင်မ၏ စကားများထဲတွင် အပြစ်တင်သည့် အရိပ်အယောင်များ ပါဝင်နေသော်လည်း သူမ၏ မျက်ဝန်းများထဲတွင်တော့ အလိုလိုက်ချစ်ခင်ရိပ်များ ထင်ဟပ်နေခဲ့သည်။
ဝမ်ယဲ့က ဘေးနားတွင် လိမ္မာရေးခြားရှိစွာ ထိုင်နေသော ကလေးငယ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အပြစ်ကင်းစင်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်မ ရွှမ်အာကို မသင်ပေးပါဘူးနော်... သူ့ရဲ့ဆရာက ဆရာရှီပါ"
လုသခင်မ ဆိုလိုချင်သည်မှာ ထိုအကြောင်းအရာ မဟုတ်သော်လည်း ဘာမှမသိရှာသော ရွှီယွိရွှမ်လေးကတော့ ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ထောက်ခံနေရှာသည်။
"ဟုတ်တယ်"
လုသခင်မတစ်ယောက် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ထပ်ပြောလိုက်သည်။
"အခုတော့ နင်တို့ အမေနဲ့ သားနှစ်ယောက်လုံး ငါ့ရှေ့မှာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမပြီး ညီညီညွတ်ညွတ် လှည့်စားတတ်နေပြီပဲ"
ဝမ်ယဲ့က မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီကျင့်လင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"မမမှာလည်း ကျင့်လင်း ရှိတာပဲကို"
ရွှီကျင့်လင်းက စာပေပညာတွင် သိပ်မထူးချွန်သော်လည်း လူနုံလူအတော့ မဟုတ်ပေ။ သူ့၏မိခင်နှင့် ဒုတိယအဒေါ်တို့ ဘာအကြောင်း ပြောနေကြသည်ကို သူ နားလည်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူက ရွှီယွိရွှမ်ကဲ့သို့ သူမတို့နောက် မလိုက်ဘဲ အလိုက်တသိ ငြိမ်ငြိမ်လေး နေနေသဖြင့် အခြေအနေက ရှက်ကိုးရှက်ကန်း ဖြစ်မသွားခဲ့ပေ။
လုသခင်မက သူမ၏သားကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးမိတွေးရာ တွေးနေလေသည်။
'ကလေးတွေက ကြီးလာလေလေ... ငယ်ငယ်တုန်းကလောက် ချစ်ဖို့မကောင်းတော့လေပဲ'
မိမိအမည်ကို ခေါ်သံကြားသဖြင့် ရွှီကျင့်လင်း ခေါင်းမော့ကြည့်လိုက်ချိန်တွင် မိခင်ဖြစ်သူက သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေမှန်း သူ သိလိုက်ရသည်။ သူ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီးမှ မိခင်ဖြစ်သူကို လှမ်းခေါ်လိုက်သည်။
"မေမေ"
လုသခင်မလည်း ထိုခေါ်သံကြောင့် အတွေးကမ္ဘာထဲမှ ပြန်လည်နိုးထလာပြီး ပြန်ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ရွှီကျင့်လင်းက "အော်" ဟုသာ ရေရွတ်လိုက်ပြီး အခြားအရာများကို စိတ်မဝင်စားတော့ဘဲ သူ့လက်ထဲမှ ပဟေဠိအရုပ်လေးဖြင့် ဆက်ဆော့ကစားနေသည်။ သူက သူ့ပတ်ဝန်းကျင်မှ ကမ္ဘာကြီးကို လုံးဝ သတိမထားမိသလို ပြုမူနေသည်။
လုသခင်မ : "......"
ဝမ်ယဲ့ကတော့ ရွှီယွိရွှမ်၏ ဆံထုံးလေးကို ဆော့ကစားရန် မျက်တောင်လေးပင့်ကာ အကြည့်လွှဲထားပြီး ဖြစ်သည်။
......။......။.........
သူမတို့ စောစောစီးစီး ခရီးထွက်လာခဲ့ကြသဖြင့် မွန်းတည့်ချိန်တွင် ရှီးချွမ်တောင်အနီးရှိ သစ်တောဥယျာဉ်ခြံဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အိမ်တော်ထိန်းဝူက နယ်စားမင်းအိမ်တော်ထံမှ သတင်းကြိုရထားသဖြင့် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကာ သခင်များ ရောက်ရှိလာလျှင် သုံးဆောင်နိုင်ရန် အစားအသောက်များကိုလည်း အဆင်သင့် ချက်ပြုတ်ထားပြီး ဖြစ်သည်။
ဝမ်ယဲ့နှင့် လုသခင်မတို့ သူမတို့၏ လှည်းပေါ်မှ ဆင်းလာသည်နှင့် အိမ်တော်ထိန်းဝူက သူ၏မိသားစုတစ်ခုလုံးကို ဦးဆောင်ကာ ဂါရဝပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် မကြာသေးမီက ဤဥယျာဉ်ခြံတွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်အမျိုးမျိုးကို အစီရင်ခံရန်လည်း အခွင့်အရေး ယူလိုက်သည်။
အိမ်တော်ထိန်းဝူက နယ်စားမင်းအိမ်တော်မှ အမှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး လုသခင်မ၏ ယုံကြည်စိတ်ချမှုကို ရရှိထားသူလည်း ဖြစ်သည်။ ယခုခရီးစဉ်က အဓိကအားဖြင့် နွေရာသီ၏ အပူဒဏ်မှ ရှောင်ရှားရန်ဖြစ်သဖြင့် သူမက အခြေအနေများကို အကျဉ်းရုံးမျှသာ စစ်ဆေးပြီးနောက် အိမ်တော်ထိန်းဝူကို ပြန်ထွက်သွားခွင့်ပြုလိုက်သည်။
တစ်မနက်ခင်းလုံး ရထားလုံးစီးလာရသဖြင့် လူတိုင်း အနည်းငယ် ပင်ပန်းနေကြပြီ ဖြစ်သည်။ လုသခင်မက အစားအသောက် စားပြီးမှသာ အထုပ်အပိုးများ ဖြည်ရန် ဆုံးဖြတ်လိုက်ပြီး အရင်ဆုံး အစားစားရန် ပြင်ဆင်လိုက်သည်။
အစားအသောက်များကို အိမ်တော်ထိန်းဝူ၏ အကြီးဆုံးချွေးမမှ ချက်ပြုတ်ပေးထားခြင်းဖြစ်ပြီး အများစုက သာမန်ကျေးလက်ဟင်းလျာများသာ ဖြစ်သည်။ သို့သော်လည်း ဟင်းပွဲပြင်ဆင်ပုံကတော့ လုသခင်မ၏ အလေ့အထအတိုင်း သပ်ရပ်လှပနေပြီး အနေတော်ပမာဏသာ ပြင်ဆင်ပေးထားသည်။
ဤနေရာမှ စမ်းရေက အနည်းငယ် ချိုမြိန်သော အရသာရှိသဖြင့် လက်ဖက်ရည်ဖျော်ရန် သို့မဟုတ် ဟင်းချက်ရန် အလွန်ကောင်းမွန်သည်ဟု ဆိုကြသည်။ ယနေ့ ဟင်းလျာများကိုလည်း ဤစမ်းရေဖြင့် ချက်ပြုတ်ထားခြင်းပင်။
သို့သော်လည်း လုသခင်မ ကြိုတင်သတိပေးထားခဲ့ခြင်း ဖြစ်နိုင်ပြီး ဟင်းပွဲတစ်ခုတွင်မှ ငရုတ်သီး၏အရိပ်အယောင်ကို မတွေ့ရပေ။ ကံကောင်းသည်မှာ အသားဟင်းများစွာ ပါဝင်နေခြင်းပင်။
ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး နောက်ဆုံးတွင် အသားကို ဝဝလင်လင် စားနိုင်တော့မည်ဟု တွေးကာ ဝမ်းသာနေမိသည်။
စမ်းရေဖြင့် ချက်ပြုတ်ထားသော မှိုကြက်သားချက်က အမှန်တကယ် အရသာပိုရှိနေသောကြောင့် ဝမ်ယဲ့က နောက်ထပ်တစ်တုံး ထပ်ယူလိုက်သည်။
သူမတို့ အပန်းဖြေရန် လာခဲ့ကြခြင်း ဖြစ်သဖြင့် အစားစားချိန်တွင် စကားမပြောရဟူသော စည်းကမ်းချက်လည်း မရှိတော့ပေ။ အရသာကို ထပ်မံမြည်းစမ်းပြီးနောက် ဝမ်ယဲ့က တူအသန့်တစ်စုံကို အသုံးပြုကာ လုသခင်မအတွက် အသားတစ်တုံး ညှပ်ယူပေးရင်း ပြောလိုက်သည်။
"မမ... ဒီမှိုကြက်သားချက်က တော်တော်လေး အရသာရှိတယ်"
လုသခင်မက အနည်းငယ် မြည်းစမ်းကြည့်ပြီးနောက် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြန်မေးလိုက်သည်။
"ကြက်ကင်နဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ"
ဝမ်ယဲ့၏ လှုပ်ရှားမှုများ တုံ့ခနဲ ဖြစ်သွားပြီး မျက်တောင်လေး တဖျတ်ဖျတ်ခတ်ကာ ပြန်ပြောလိုက်သည်။
"မမ... ဘာတွေပြောနေတာလဲဟင်၊ ဘယ်က ကြက်ကင်လဲ၊ ကျွန်မ နားမလည်ဘူး"
လုသခင်မက သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။
ဝမ်ယဲ့ : "......"
'ဘယ်သူက သစ္စာဖောက်လိုက်တာလဲ...'
အထိန်းတော်ကျိ နွှင်ပေးထားသည့် ကြက်ပေါင်သားကို မြိန်ရည်ရှက်ရည် စားနေသော ရွှီယွိရွှမ်လေးက လူကြီးနှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားဟန်ပြုကာ ရုတ်တရက် အော်ပြောလိုက်သည်။
"နှစ်ခုလုံး အရသာရှိတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က သူ့ကို လှမ်းကြည့်လိုက်သည်။
'အော်... မင်းကိုး၊ သစ္စာဖောက်လေး'
ဝမ်ယဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။
"ကြက်ကင်ကို အမတ်မင်း ဝယ်လာခဲ့တာပါ၊ ကျွန်မ ကြိုမသိခဲ့ပါဘူး"
ဤသည်က အမှန်တရားဖြစ်ပြီး သူမ အပြစ်လွှဲချနေခြင်း မဟုတ်ပေ။
လုသခင်မက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ထပ်ပြောလိုက်သည်။
"ကဲပါ... ငါ နင့်ကို အပြစ်ပေးမလို့ မဟုတ်ပါဘူး၊ လန့်နေလိုက်တာလည်း... ကြည့်ပါဦး"
သူမက ဝမ်ယဲ့ကို မုန့်ပဲသရေစာများ မစားရဟု တားမြစ်ထားခြင်း မဟုတ်ဘဲ အလွန်အကျွံ စားမိမည်ကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။ ကြက်ကင်ကို သူမ၏ ဒုတိယမတ်လေး ယူလာပေးသည်ဟူသောအချက်ကတော့ သူမအတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်သွားခဲ့သည်။
ဝမ်ယဲ့က အခြေအနေကို ပိုရှင်းလင်းအောင် ထပ်ပြောလိုက်ပြန်သည်။
"ကျွန်မက ကြက်ပေါင်နှစ်ချောင်းပဲ စားလိုက်တာပါ"
လုသခင်မက အစောပိုင်းတွင် ခန့်မှန်းရုံသာ ခန့်မှန်းခဲ့ခြင်းဖြစ်ပြီး ယခု ထိုစကားကို ကြားလိုက်ရသဖြင့် ထပ်မေးလိုက်သည်။
"ဒါဆို ကျန်တဲ့အပိုင်းတွေကို ရွှမ်အာ စားလိုက်တာပေါ့ ဟုတ်လား"
သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရွှီယွိရွှမ်၏ ဗိုက်ပူပူလေးပေါ်သို့ အကြည့်က ရောက်သွားကာ အရင်ကထက် ပိုစူထွက်နေသလို ခံစားလိုက်ရသည်။
ဝမ်ယဲ့က ငြင်းဆန်လိုက်ပြန်သည်။
"မဟုတ်ပါဘူး၊ အမတ်မင်းလည်း စားတယ်၊ ရွှမ်အာက ကြက်တောင်ပံနှစ်ချောင်းပဲ ကိုက်စားခဲ့တာပါ"
ထိုအချိန်မှသာ လုသခင်မက စိတ်အေးသွားဟန်ဖြင့် အကြည့်လွှဲလိုက်သည်။
သို့သော်လည်း ဝမ်ယဲ့ ထိုအကြောင်းကို ပြောလိုက်ပြီးနောက် လုသခင်မက ရွှီယွိရွှမ် ပိုဝလာသည်ကို သတိထားမိသွားသည်။
သူမက ခဏမျှ စဉ်းစားလိုက်ပြီး အထိန်းတော်ကျိကို မော့ကြည့်ကာ ညွှန်ကြားလိုက်သည်။
"သူ့ကို ဂရုစိုက်ဦး... သူ့ကို အများကြီး မကျွေးမိစေနဲ့၊ မဟုတ်ရင် အစာမကြေ ဖြစ်လိမ့်မယ်"
အထိန်းတော်ကျိက နာနာခံခံ ပြန်ဖြေနေသည်။
"ဟုတ်ကဲ့ပါ သခင်မ"
ထို့နောက်တွင်တော့ ရွှီယွိရွှမ်တစ်ယောက် သူ့ပန်းကန်ထဲမှ အသားဝေစု တစ်ဝက်ခန့် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းလေးများ တုန်ယင်သွားသော်လည်း ငိုယိုခြင်း၊ ဂျီကျခြင်းမျိုးတော့ မလုပ်ရှာပေ။
ရိုးရှင်းသော နေ့လည်စာကို စားပြီးနောက်တွင် အစေခံများက သူမတို့ နေထိုင်ရမည့် အခန်းဆောင်များကို သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ပြီးစီးသွားကြပြီ ဖြစ်သည်။
ဝမ်ယဲ့က နှစ်လိုဖွယ်ကောင်းသော အိပ်စက်ခြင်းထဲသို့ ကျရောက်သွားခဲ့သည်။ ဤနေရာသို့ ရောက်ကတည်းက ပြတင်းပေါက်အပြင်ဘက်မှ စိမ်းစိုနေသော သစ်ရွက်များကိုသာ မမြင်ရလျှင် ဆောင်းဦးရာသီ ရောက်နေပြီဟုပင် သူမ ထင်မှတ်မိပေလိမ့်မည်။
သူမ အိပ်ရာမှ နိုးလာပြီးနောက် ဝမ်ယဲ့က ထောင်ကျီကို မြင်းစီးဝတ်စုံတစ်စုံ ရှာပေးရန် ညွှန်ကြားလိုက်သည်။ ဤနေရာသို့ မလာခင်ကတည်းက လုသခင်မက ဤအပန်းဖြေအိမ်ရာ အနီးအနားတွင် မြင်းစီးရန် သင့်တော်သော မြက်ခင်းပြင်တစ်ခု ရှိကြောင်း သူမကို ပြောခဲ့ဖူးသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤဥယျဉ်ခြံ၌ မြင်းကောင်းအချို့လည်း မွေးမြူထားသည်။ ထို့ကြောင့် လုသခင်မက သူမ မြင်းစီးတတ်လားဟု လူလွှတ်ပြီး မေးမြန်းခဲ့သည်။ အကယ်၍ သူမ မြင်းစီးတတ်ပါက မြင်းစီးဝတ်စုံနှစ်စုံ အဆင်သင့် ပြင်ဆင်ထားပေးမည်ဟု ပြောခဲ့သည်။
ထိုအကြောင်း ပြောရလျှင် ဝမ်ယဲ့က မြင်းကို ကျွမ်းကျွမ်းကျင်ကျင် စီးနင်းနိုင်သည်။ သို့သော်လည်း ယခုဘဝတွင်တော့ ငယ်စဉ်က မြင်းပုလေးများကို တစ်ကြိမ်၊ နှစ်ကြိမ်မျှသာ စီးဖူးခြင်း ဖြစ်သည်။ ယခင်ဘဝတုန်းကတော့ မြင်းစီးဝါသနာပါသော ရင်းနှီးမြုပ်နှံသူများ၏ အကြိုက်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် သူမ ဤဆန်းပြားသော မြင်းစီးအတတ်ပညာကို လပေါင်းများစွာ ကြိုးစားသင်ယူခဲ့ရဖူးသည်။
လုသခင်မလည်း မြင်းစီးတတ်သော်လည်း သူမ သင်ယူခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ရာ အများစုကို မေ့လျော့နေပြီ ဖြစ်သည်။ ထို့အပြင် သူမကိုယ်တိုင်ကလည်း မြင်းစီးခြင်းကို သိပ်ပြီး စိတ်ပါဝင်စားမှု မရှိလှပေ။
ဤနေရာရှိ လေထုက အလွန်သန့်ရှင်းလတ်ဆတ်ပြီး စမ်းရေဖြင့် ဖျော်စပ်ထားသော လက်ဖက်ရည်က ကျေးလက်ဆန်ဆန် ထူးခြားသော အရသာကို ပေးစွမ်းနိုင်သည်။
မြက်ခင်းပြင်ဘေးတွင် ကျယ်ပြန့်သော မြင်ကွင်းနှင့် သာယာလှပသော ရှုခင်းများကို ကြည့်ရှုနိုင်သည့် နားနေဆောင်ငယ်လေးတစ်ခု ရှိသည်။
လုသခင်မက အစေခံများကို မုန့်ပဲသရေစာနှင့် လက်ဖက်ရည်များ ယူဆောင်လာစေပြီး နားနေဆောင်ထဲတွင် ထိုင်နေခဲ့သည်။ အသက်ခြောက်နှစ်ကျော်အရွယ်ရှိပြီ ဖြစ်သော ရွှီကျင့်လင်းက လုသခင်မ၏ ခွင့်ပြုချက်ဖြင့် လိုက်ပါလာသော ကိုယ်ရံတော်တစ်ဦးထံ အပ်နှံခံထားရသည်။ သူက အိမ်တော်ထိန်းဝူဆီမှ ရရှိထားသည့် မြင်းပုလေးတစ်ကောင်ဖြင့် မြင်းစီးနည်းကို ဖြည်းဖြည်းချင်း သင်ယူနေသည်။
ရွှီယွိရွှမ်ကတော့ လုသခင်မ၏ ဘေးနားတွင် ထိုင်ကာ ပဲဝါမုန့်အပိုင်းအစလေးတစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်း အားကျသော မျက်လုံးလေးများဖြင့် ငေးကြည့်နေရှာသည်။
ကလေးဆိုသည်က အသစ်အဆန်းကို အလွယ်တကူ စိတ်ဝင်စားတတ်ကြစမြဲပင်။
လုသခင်မက သူ့အမူအရာလေးကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ရွှမ်အာက ငယ်သေးလို့ပါ၊ ရွှမ်အာ ကြီးလာရင် အဒေါ်က ရွှမ်အာကို မြင်းစီးသင်ခိုင်းဖို့ လူရှာပေးမယ်နော်"
အမှန်တကယ်တွင် ရွှီယွိရွှမ်လည်း ထိုအကြောင်းကို နားထောင်ခဲ့ရဖူးသည်။ သူက သင်ယူရန်အတွက် အလွန် သေးငယ်လွန်းနေသေးသည်။ ထိုစကားကို သူ နားလည်နေသော်လည်း အားကျစိတ်ကိုတော့ မထိန်းချုပ်နိုင်သေးပေ။
ရွှီယွိရွှမ်က စိတ်ဓာတ်ကျနေဟန်လေးဖြင့် ခေါင်းညိတ်ပြနေရှာသည်။
လုသခင်မက သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"မင်းမေမေ မြင်းစီးတာကို ကြည့်နေရတာလည်း ကောင်းတာပဲလေ"
ဝမ်ယဲ့က မြက်ခင်းပြင်ကို မြင်းဖြင့် တစ်ပတ်ပတ်ပြီးသွားပြီ ဖြစ်သည်။ သူမ၏ မင်နက်ရောင်ဆံပင်ကို မြင့်မြင့်စည်းထားသောကြောင့် လေထဲတွင် ဝဲခါနေသည်။ လက်တိုမြင်းစီးဝတ်စုံအနီရောင်ကို ဝတ်ဆင်ထားသော သူမပုံစံက ဓားရှည်တစ်လက်သာ လိုနေပြီး ပြဇာတ်ထဲမှ သူရဲကောင်းမလေးတစ်ဦးနှင့် တူနေလေသည်။
ရွှီယွိရွှမ်က အဝေးတွင် ဆွဲဆောင်မှုရှိရှိ ရဲရဲတောက် လှုပ်ရှားနေသော မိခင်ဖြစ်သူကို ငေးကြည့်ရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
မြင်းစီးရသည်က ပင်ပန်းလာသဖြင့် ဝမ်ယဲ့က စမ်းချောင်းလေးအတိုင်း လိုက်ပါလာခဲ့ပြီး မြင်းကို ရေသောက်စေလိုက်သည်။ ရံဖန်ရံခါတွင် ယုန်များနှင့် တောကြက်များ ဖြတ်ပြေးသွားသည်ကို မြင်ရသော်လည်း သူမ မည်သို့ဖမ်းရမည်ကို မသိပေ။
သို့သော်လည်း သူမ တောရိုင်းသစ်သီးအတော်များများကိုတော့ ဆွတ်ခူးနိုင်ခဲ့သည်။ ပိုးစာသီး တစ်အိတ်စာ၊ တောစပျစ်သီး အနည်းငယ်နှင့် အခြား ဘယ်ရီသီးမျိုးစုံကို ရရှိလာခဲ့သည်။
နားနေဆောင်အနီးသို့ ပြန်ရောက်လာချိန်တွင် ဝမ်ယဲ့က မြင်းပေါ်မှ ဆင်းလိုက်ပြီး တောသစ်သီးများကို နားနေဆောင်ထဲသို့ သယ်ဆောင်လာကာ ကျောက်စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ သူမ၏ ပါးစပ်ကလည်း ချိုချိုသာသာ ပြောနေသေးသည်။
"ဒါတွေအကုန်လုံး ကျွန်မကိုယ်တိုင် ခူးလာတာနော်၊ အိမ်ပြန်ရောက်ရင် မမအတွက် သစ်သီးလက်ဖက်ရည် လုပ်ပေးမယ်လေ"
လုသခင်မက သူမအား ပိုးပဝါတစ်ထည် ကမ်းပေးရင်း ပြောလိုက်သည်။
"မျက်နှာကို သုတ်လိုက်ဦး၊ ချွေးတွေ ရွှဲနေတာပဲ"
ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"မမ... ဒါ ချွေးမဟုတ်ပါဘူး၊ စမ်းချောင်းဘေးမှာ မျက်နှာသစ်ခဲ့လို့ ရေတွေ စိုနေတာပါ"
ပိုးစာသီးများက ခူးရန် ခက်ခဲလှသည်။ ပိုးစာပင်အိုကြီးက အလွန်မြင့်သဖြင့် သူမ သစ်ကိုင်းတစ်ချောင်းဖြင့် ရိုက်ချခဲ့သည်။ ထိုအတောအတွင်း အချို့အသီးများက သူမမျက်နှာပေါ်သို့ ခေါင်းမာစွာ ကျရောက်လာပြီး စေးကပ်ကပ်အရည်များ ပေကျံသွားစေခဲ့သည်။
ရွှီယွိရွှမ်က စားပွဲပေါ်ရှိ အနီရောင်၊ ခရမ်းရောင်၊ အဝါရောင်နှင့် အစိမ်းရောင် ရှိသော ရောင်စုံအသီးအနှံများကို ကြည့်ကာ လှမ်းခေါ်လိုက်သည်။
"မေမေ..."
သူ့စကားမဆုံးသေးခင် ဝမ်ယဲ့က ပိုးစာသီးတစ်လုံးကို ကောက်ယူကာ သူ့ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်ရင်း ပြောလိုက်သည်။
"ရော့... တစ်ကိုက်လောက် စားကြည့်လေ"
ပိုးစာသီးက အနည်းငယ် ချဉ်နေပုံရသည်။ ရွှီယွိရွှမ်က ဝါးနေရင်း လေကို တရှူးရှူး ရှူသွင်းလိုက်ပြီး မျက်နှာလေးပါ ရှုံ့မဲ့သွားသည်။ သို့သော်လည်း ပြန်ထွေးထုတ်ရန် နှမြောနေပုံရသည်။ နောက်ဆုံးတွင်တော့ အထိန်းတော်ကျိက လက်ကိုင်ပဝါဖြင့် ညင်ညင်သာသာ ဖယ်ထုတ်ပေးလိုက်သည်။
ဝမ်ယဲ့က အစိမ်းရောင်စပျစ်သီးတစ်လုံးကို လှမ်းယူကာ သူ့ကို ထပ်ကျွေးလိုက်ပြန်သည်။
လုသခင်မက ထိုမြင်ကွင်းကို ကြည့်နေသော်လည်း ဝင်မစွက်ဖက်ရန် ရွေးချယ်လိုက်သည်။
ရွှီယွိရွှမ်ကလည်း ဤစပျစ်သီးကတော့ ချိုလိမ့်မည်ဟု ထင်မှတ်ကာ နှစ်ခါမစဉ်းစားဘဲ ကိုက်လိုက်ပြန်သည်။ ၎င်း၏ ချဉ်စူးလှသော အရသာကြောင့် သူ့သွားလေးများပင် ကျွတ်ထွက်သွားတော့မလို ခံစားလိုက်ရသည်။ စပျစ်သီးကို ထွေးထုတ်ပြီးနောက် ရွှီယွိရွှမ်က ဝမ်ယဲ့ကို မျက်ရည်အဝိုင်းသားဖြင့် ကြည့်ကာ အော်ငိုတော့သည်။
"မေမေ"
ဝမ်ယဲ့က အမူအရာမပြောင်းသေးဘဲ သူ့ကို ပြန်မေးလိုက်သည်။
"နောက်ထပ် စားချင်သေးလား"
ရွှီယွိရွှမ်က ခေါင်းကို အပြင်းအထန် ခါယမ်းပြနေသည်။
'မကောင်းဘူး...'
ထိုအခါမှသာ ဝမ်ယဲ့က စားပွဲပေါ်ရှိ မုန့်များဆီသို့ အကြည့်လွှဲလိုက်ပြီး သူ အကြိုက်ဆုံး ဆီးသီးမုန့်ကို ကောက်ယူကာ ချော့မော့လိုက်သည်။
"ဒါလေး စားလိုက်နော်"
ရွှီယွိရွှမ်က ချိုမြိန်သော ဆီးသီးမုန့်ကို ကိုင်ကာ ပါးစပ်ထဲတွင် ကျန်ရှိနေသော ခါးသက်သက် အရသာများကို ဖျောက်ဖျက်ရန် တဝကြီး ကိုက်စားလိုက်သည်။
ဝမ်ယဲ့တစ်ယောက် ရွှီယွိရွှမ်ကို 'စနောက်' ပြီးနောက်တွင်မှ လုသခင်မက နောက်ဆုံးတွင် စကားပြောလာခဲ့သည်။
"နင်ကတော့လေ... အမြဲတမ်း ကလေးကို ဒီလိုမျိုး ကျီစယ်နေတာပဲ၊ သတိလည်းထားဦး၊ တစ်နေ့ကျရင် သူ နင့်ကို တကယ် စိတ်ဆိုးသွားလိမ့်မယ်"
‘ဝမ်ယဲ့ရဲ့ ရည်ရွယ်ချက်တွေက ရွှမ်အာရဲ့ အကျိုးအတွက်ဆိုတာ သိသာနေပေမယ့် အဲဒီပန်းတိုင်ကို ရောက်ဖို့ အမြဲတမ်း ထူးခြားတဲ့ နည်းလမ်းကို သုံးပြီး ခလေးကို ရွေးချယ်ဖို့ အတင်းအကျပ် တောင်းဆိုနေတတ်တယ်’
ဝမ်ယဲ့က လုသခင်မ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမဘာသာသောက်ရန် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ကပ်ချွဲလိုက်သည်။
"အဲ့လိုဖြစ်လာရင် မမက ကျွန်မဘက်ကနေ ကူပြောပေးပေါ့"
လုသခင်မ : "..."
......။.....။......
ရှီးချွမ်တောင်သို့ ရောက်ရှိလာကတည်းက ဝမ်ယဲ့တစ်ယောက် တစ်ချက်ကလေးမျှ ငြိမ်ငြိမ်မနေခဲ့ပေ။ လုသခင်မက သူမ ဤမျှလောက်အထိ တက်ကြွလှုပ်ရှားနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ မြင်းစီးခြင်း၊ တောင်တက်ခြင်း၊ တောအုပ်ထဲတွင် တောသီးများ ဆွတ်ခူးခြင်းစသည်တို့ကို ပြုလုပ်ရုံသာမကဘဲ မြစ်ထဲသို့ တိတ်တဆိတ် ဆင်းကာ ငါးပင် ဖမ်းခဲ့သေးသည်။
လုသခင်မ သိရှိသွားချိန်တွင် ငါးများက စားပွဲပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင်တော့ သူမအနေဖြင့်လည်း ဘာမှ မပြောနိုင်တော့ချေ။
ထိုငါးများက စမ်းချောင်းထဲသို့ စီးဝင်သော တောင်ကျစမ်းရေအတွင်း၌ ရှင်သန်ကြီးပြင်းကြသဖြင့် ၎င်းတို့၏ အသားက ပိုနူးညံ့ပြီး အရသာ အလွန်ရှိလှသည်။ ပထမဆုံးတစ်ကိုက် မြည်းစမ်းကြည့်ပြီးနောက်တွင် လုသခင်မက ဝမ်ယဲ့ မြစ်ထဲဆင်းသည့် ကိစ္စကို ထပ်အပြစ်မပြောတော့ဘဲ အစေခံများကိုသာ ပိုဂရုစိုက်ပေးရန် မှာကြားလိုက်သည်။
သူမတို့နှစ်ယောက် ထွက်ခွာသွားပြီး ပဥ္စမမြောက်နေ့တွင် နယ်စားမင်းအိမ်တော်က ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေပြီး အစေခံများက သူတို့၏လုပ်ရိုးလုပ်စဉ်များကို စနစ်တကျလုပ်ဆောင်ကာ တစ်ဦးချင်းစီ၏တာဝန်များကို ထမ်းဆောင်ကြသည်။
ရွှီယွဲ့ကျားက သူ၏ ပုံမှန်အလုပ်ဝတ္တရားများကို လုပ်ဆောင်နေပြီး ရွှီနယ်စားမင်းကလည်း တစ်ခါတစ်ရံ မြို့တော်၏ ဆင်ခြေဖုံးရှိ စစ်စခန်းကို သွားရောက်ကြည့်ရှုလေ့ရှိသည်။
ထိုနေ့ညနေတွင် ရွှီယွဲ့ကျား အရှေ့ဘက်ခြံဝန်းထဲ၌ ရုံးတော်ကိစ္စများ စီမံခန့်ခွဲနေစဉ် ရွှီနယ်စားမင်း ရောက်ရှိလာခဲ့သည်။ သူက မေးလိုက်သည်။
"မင်းရဲ့ အကြီးဆုံးမရီးတို့ ထွက်သွားတာ ဆယ်ရက်လောက်ရှိပြီ မဟုတ်လား"
ရွှီယွဲ့ကျားက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒီနေ့အပါအဝင်ဆိုရင် ငါးရက်ပဲ ရှိပါသေးတယ်"
ရွှီနယ်စားမင်းက သံသယဝင်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"အဲ့လိုလား... ဒါပေမယ့် ငါ့စိတ်ထဲမှာ ဆယ်ရက်ကျော်သွားပြီလို့ ဘာလို့ ခံစားနေရတာလဲ"
ရွှီယွဲ့ကျားက သူ့လက်ထဲမှ စာအုပ်ကို ပိတ်လိုက်ပြီး အစ်ကိုဖြစ်သူကို မော့ကြည့်ကာ ပြန်ပြောလိုက်သည်။
"အစ်ကို... အစ်ကို အမှတ်မှားနေတာပါ"
ရွှီနယ်စားမင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏အကြည့်က ရွှီယွဲ့ကျားလက်ထဲမှ စာအုပ်မျက်နှာဖုံးပေါ်သို့ ကျရောက်သွားကာ မေးလိုက်ပြန်သည်။
"မင်းက ဘာလို့ အခုမှ 'စာသုံးလုံးကျမ်း'ကို ဖတ်နေရတာလဲ၊ ဒါ ရွှမ်အာရဲ့ စာအုပ် မဟုတ်ဘူးလား"
ရွှီယွဲ့ကျားက စာအုပ်ကို စာအုပ်စင်ပေါ်သို့ ပြန်လည်တင်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"အချိန်ဖြုန်းဖို့အတွက် ဒီအတိုင်း လှန်လှောကြည့်နေရုံတင်ပါ"
ရွှီနယ်စားမင်းက သိပ်အာရုံမစိုက်တော့ဘဲ ဆက်ပြောလိုက်သည်။
"မင်းရဲ့ အကြီးဆုံးမရီး အိမ်တော်ကို ဘယ်တော့ပြန်လာမလဲဆိုတာ ငါ သိချင်မိတယ်"
ရွှီယွဲ့ကျား : "နောက်ထပ် ဆယ်ရက်"
ရွှီနယ်စားမင်းက နောက်ထပ် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။
"နောက်ထပ် ဆယ်ရက်တောင်..."
ရွှီယွဲ့ကျား : "အစ်ကို စိတ်ပူနေတယ်ဆိုရင် သွားကြည့်လို့ရတယ်လေ"
ရွှီနယ်စားမင်းတစ်ယောက် သွေးဆောင်ခံလိုက်ရသော်လည်း သူ၏ ပုံမှန်ဆင်ခြေကိုသာ ဆက်သုံးနေသေးသည်။
"ငါက အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာပါကွာ"
ရွှီယွဲ့ကျား၏ မျက်နှာအမူအရာကတော့ ခံစားချက်ကင်းမဲ့နေဆဲပင်။
"အင်း..."
ရွှီနယ်စားမင်းက သူ့ကိုယ်သူ မှန်ကန်ကြောင်း ထပ်ဆင်ခြေပေးရန် ကြိုးစားလိုက်သည်။
"ငါ တကယ် အလုပ်ရှုပ်နေတာပါကွ"