← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃ အဆိတ်ခံရခြင်း

ရွှီနယ်စားမင်းက သူ့စကားကို အလေးအနက် ထပ်ပြောလိုက်သော်လည်း အတော်ကြာသည်အထိ မည်သူမျှ ပြန်လည်တုံ့ပြန်ခြင်းမရှိချေ။

စာရေးခုံပေါ်တွင် စုတ်တံကို ကိုင်ကာ ကိုင်းညွတ်ပြီး စာရေးနေသည့် လူကို လှည့်ကြည့်လိုက်ပြီးနောက် ရွှီနယ်စားမင်းက သူ့မျက်နှာသူ ပြန်ဆယ်သည့်အနေဖြင့် ထပ်ပြောလိုက်သည်။

"ငါ အခုတလော တကယ်ကို အလုပ်ရှုပ်နေတာပါကွာ၊ အလုပ်နည်းနည်းပါးသွားမှပဲ ဒီကိစ္စကို မင်းနဲ့ ပြန်ဆွေးနွေးတော့မယ်"

ရွှီယွဲ့ကျားက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"အစ်ကို သဘောအတိုင်းပါပဲ"

သူ လုံးဝ မလှုပ်ခတ်ဘဲ တည်ငြိမ်နေသည်ကို မြင်လိုက်ရချိန်တွင် ရွှီနယ်စားမင်းက စူးစမ်းဟန်ဖြင့် ထပ်မေးလိုက်သည်။

"တကယ်လို့ ငါ အလုပ်တွေပြီးလို့ အချိန်ရရင်... မင်းမှာ ဘာအစီအစဉ်ရှိလဲ"

ထိုအချိန်တွင် ရွှီယွဲ့ကျားက သူ၏ မင်တံကို ချလိုက်ပြီး အစ်ကိုဖြစ်သူ၏ အကြည့်ကို တည့်တည့်ရင်ဆိုင်ကာ တည်ကြည်လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။

"အစ်ကို... ကျွန်တော် တကယ်ပဲ အလုပ်ရှုပ်နေလို့ပါ"

ရွှီနယ်စားမင်း : "..."

'ငါလည်း တကယ် အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား...'

ရွှီနယ်စားမင်းက လည်ချောင်းရှင်းချင်ဟန်ဆောင်ကာ ချောင်းဟန့်လိုက်ပြီး ထပ်ပြောလိုက်သည်။

"မင်းမှာ ရုံးတော်အလုပ်တွေ ရှိနေသေးတာဆိုတော့ ငါ မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး"

‘ငါ ရောက်ရောက်ချင်း ချက်ချင်း ပြန်အမောင်းထုတ်မခံရအောင် ဘယ်အချိန်မှာ သွားရမလဲဆိုတာ သေသေချာချာ စဉ်းစားတွေးတောဖို့ လိုအပ်နေပြီ’

.......။............။........

ဝမ်ယဲ့က ဤနေရာကို လုံးဝ စွဲမက်နှစ်သက်သွားခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူမက နယ်စားမင်းအိမ်တော်ကို ရှီးချွမ်တောင်ပေါ်၌ ဘာကြောင့် မဆောက်ထားကြတာလဲဟုပင် တွေးတောနေမိတတ်သည်။

ချစ်ခြင်းမေတ္တာ၏ ပျော်ရွှင်မှုကို ပထမဦးဆုံးအကြိမ် ခံစားနေရသော်လည်း မိမိချစ်ရသူနှင့် အတူတူရှိမနေနိုင်ခြင်းကတော့ အမှန်တကယ် နှမြောတောင့်တစရာ ဖြစ်နေပြန်သည်။

ရှီးချွမ်တောင်တွင် သူမတို့ တည်းခိုနေထိုင်သည့် ခုနစ်ရက်မြောက်နေ့တွင် ဝမ်ယဲ့က အိမ်တော်ထိန်းဝူထံမှ ခြေဆင်းနိုင်သည့် ကျောမှီထိုင်ခုံတစ်လုံး တောင်းဆိုလိုက်သည်။ သူမတို့နေထိုင်သည့် အိမ်တော်၏ အပြင်ဘက်ဝန်းက တော်တော်လေး ကျယ်ဝန်းပြီး ဝန်း၏ ထောင့်စွန်းနားလေးတွင် တောင်ပေါ်မှ စီးဆင်းလာသော စမ်းချောင်းငယ်လေး တစ်ခု ရှိနေသည်။

ဝမ်ယဲ့က ထိုင်ခုံကို စမ်းချောင်းဘေးတွင် ချထားစေပြီး အပေါ်မှ နေ‌ရောင်ကာအမိုးလေးတစ်ခု ဆောက်ခိုင်းလိုက်သည်။ ထို့နောက် နေ့ခင်းတစ်ဝက်လုံးကို ထိုနေရာ၌ လှဲလျောင်းနေတတ်သည်။

လုသခင်မ၏ ဆူပူကြိမ်းမောင်းမှုကို ရှောင်ရှားရန်အတွက် ဝမ်ယဲ့က သူမ၏ ထိုင်ခုံဘေးနားတွင် အလားတူ ထိုင်ခုံတစ်လုံးကို လုသခင်မအတွက် ချပေးခိုင်းလိုက်သည်။ ထို့အပြင် ထိုင်ခုံနှစ်လုံးကြားတွင် လက်ဖက်ရည်စားပွဲဝိုင်းလေးတစ်ခု ထားရှိကာ သူမ နေ့တိုင်း ကိုယ်တိုင်ဖျော်စပ်နေကျ ဖြစ်သည့် သစ်သီးလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အစပိုင်းတွင် လုသခင်မက ဤသို့ နေထိုင်ရသည်ကို အလေ့အထမရှိသဖြင့် အသားမကျသေးသော်လည်း နောက်ပိုင်းတွင် ဝမ်ယဲ့ စကားစပ်ရန်ပင် မလိုတော့ဘဲ နေ့ခင်းတစ်ရေးနိုးသည်နှင့် စားပွဲဝိုင်းသို့ ရောက်ရှိလာကာ လက်ဖက်ရည်သောက်ခြင်း၊ မုန့်စားခြင်းတို့ ပြုလုပ်ပြီး တောင်ပေါ်ရှုခင်းကို ကြည့်ရင်း လန်းဆန်းသော နွေလေညင်းကို လာရောက် ခံစားလေ့ရှိသည်။

ထို့အပြင် ဝမ်ယဲ့က အိမ်တော်ထိန်းဝူ၏ အကြီးဆုံးချွေးမအား သူမ ကြိုတင်ယူဆောင်လာခဲ့သည့် ဟင်းခတ်အမွှေးအကြိုင်အနှစ်များ ပေးခဲ့ပြီး ဘဲပေါင်းတစ်အိုး ချက်ပြုတ်ခိုင်းလိုက်သည်။

ဤဟင်းလျာအတွက် ဟင်းခတ်က ငါးမျိုးစုံအမွှေးအကြိုင်အရသာ သက်သက် ဖြစ်သောကြောင့် လုံးဝ စပ်နေခြင်းမရှိပေ။ ဘဲများကို အိမ်တော်ထိန်းဝူ ကိုယ်တိုင် အိမ်တော်ဝန်းထဲရှိ မွေးမြူရေးခြံမှ ယူဆောင်လာခြင်း ဖြစ်သောကြောင့် ဝမ်ယဲ့အနေဖြင့် လတ်ဆတ်သော ပါဝင်ပစ္စည်းများကို အသုံးပြုခွင့်ရခဲ့သည်။ ဘဲကို မပေါင်းခင် အရသာများ စိမ့်ဝင်သွားစေရန် တစ်နာရီခန့် နှပ်ထားလျှင် အကောင်းဆုံး ဖြစ်သည်။

မွှေးပျံ့လှသော ဟင်းခတ်အမွှေးအကြိုင်နံ့များက လီပေါင်းများစွာအထိ လွင့်ပျံသွားခဲ့ပြီး လုသခင်မက သူမသားငယ်လေး၏ ဆွဲခေါ်မှုကြောင့် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

အချိန်တန်ပြီ ဖြစ်သောကြောင့် ဝမ်ယဲ့က ဘဲပေါင်းတစ်တုံးကို ဆယ်ယူလိုက်ပြီး လုသခင်မ၏ အစေခံမလေး ပိုင်မေ့အား အသားနွှင်ခိုင်းလိုက်သည်။ ထို့နောက် လုသခင်မထံသို့ သူမကိုယ်တိုင် သွားပြင်ဆင်ပေးရင်း ပြောလိုက်သည်။

"မမ... မမ အရင်ဆုံး မြည်းကြည့်ပေးပါဦး"

လူတိုင်း၏ စူးစိုက်ကြည့်ရှုနေသော မျက်လုံးများအောက်တွင် လုသခင်မက အသားတစ်ဖတ်ကို အနည်းငယ် ကိုက်ကာ မြည်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"မဆိုးပါဘူး"

ဝမ်ယဲ့၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး ဘေးမှ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည့် ရွှီကျင့်လင်းနှင့် ရွှီယွိရွှမ်တို့ကလည်း အလားတူ စိတ်လှုပ်ရှားသွားကြသည်။

လုသခင်မ၏ အမြဲတမ်း တင်းမာခက်ထန်နေတတ်သော မျက်နှာအမူအရာက သူတို့၏ တုံ့ပြန်မှုများကြောင့် ပြေလျော့သွားကာ အပြုံးဖြင့် ခွင့်ပြုလိုက်သည်။

"စားချင်ရင်လည်း စားကြလေ၊ ချက်တောင် ချက်ပြီးနေပြီပဲ၊ အစားအစာကို မဖြုန်းတီးနဲ့"

ဝမ်ယဲ့က ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျွန်မတို့ လုံးဝ ဖြုန်းတီးမှာ မဟုတ်ပါဘူး"

အိုးထဲမှ ဘဲသားများက အတော်အတန် များပြားသည်ဟု ထင်နေရသော်လည်း အိမ်တော်ထိန်းဝူ၏ အကြီးဆုံးချွေးမက အိမ်သို့ ပြန်ယူဆောင်သွားရန် ပန်းကန်နှစ်ချပ်စာ ဖယ်ထားလိုက်သည်။ ထို့နောက် ကျန်နေရှိသည့်အသားများကို အားလုံးခွဲဝေစားသောက်ရမည်ဖြစ်သောကြောင့် များများစားစား မကျန်တော့ချေ။

ဘဲခြေထောက်များက အနည်းငယ်သာ ရှိသဖြင့် ဝမ်ယဲ့က အခြားသော ဘဲအစိတ်အပိုင်းအချို့ကို ရွေးချယ်ကာ ပန်းကန်များဖြင့် ပြင်ဆင်စေပြီး စမ်းချောင်းဘေးရှိ စားပွဲဝိုင်းဆီသို့ ပို့ခိုင်းလိုက်သည်။

ဘဲပေါင်းဟင်းလျာများထဲတွင် ဝမ်ယဲ့က ဘဲလည်ပင်း၊ ဘဲတောင်ပံနှင့် ဘဲခြေထောက်များအား ကိုက်စားသောက်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ယခုအကြိမ်တွင်တော့ သူမက ရွှီယွိရွှမ်ကို ဘဲပေါင်တုံးတစ်တုံး ပေးလိုက်သည်။

ဝမ်ယဲ့တစ်ယောက် သူမ၏ ကျော်မှီထိုင်ခုံပေါ်တွင် လှဲလျောင်းနေရင်း သစ်သီးလက်ဖက်ရည်ကို တစ်ငုံချင်းသောက်ကာ ဘဲလည်ပင်းကို မြိန်ရည်ရှက်ရည် ကိုက်စားနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူမအနေဖြင့် ဤနေရာ၌ ဘယ်တော့မှ ပျင်းရိငြီးငွေ့သွားခြင်းမရှိဘဲ ထာဝရ နေထိုင်သွားနိုင်သည်ဟုပင် ဝမ်ယဲ့ ခံစားနေရသည်။

လုသခင်မ ဘဲပေါင်း အတုံးလေးတစ်တုံးကို ကုန်အောင်စားလိုက်ပြီး ထပ်မစားတော့ချေ။ သို့သော်လည်း ဝမ်ယဲ့ကို တစ်စုံတစ်ရာ ဆူပူပြောဆိုခြင်းလည်း မပြုခဲ့ပေ။

လုသခင်မက စည်းစနစ်ကျနမှုကို အမြဲတမ်း ပြောဆိုတတ်သော်လည်း ယခု ဝမ်ယဲ့ လက်ဖြင့် တိုက်ရိုက်ကိုင်ကာ စားသောက်နေခြင်းအပေါ် တစ်ခွန်းတည်းသော ဝေဖန်ပြစ်တင်မှုမျှပင် မလုပ်ခဲ့သည်ကို ဝမ်ယဲ့ သတိပြုမိလိုက်သည်။

နောက်ပိုင်းတွင် သူမ သေချာပြန်စဉ်းစားကြည့်လိုက်ပြီး သဘောပေါက်သွားရသည်။ သူမတို့က အိမ်တော်ထဲတွင် မဟုတ်ဘဲ အပန်းဖြေယာတောအိမ်တွင် ရောက်ရှိနေကြခြင်း ဖြစ်ကာ ပြင်ပလူများလည်း မရှိကြသဖြင့် အနည်းငယ် လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခြင်းက လုသခင်မအတွက် ကြီးမားသော ပြဿနာတစ်ခု မဟုတ်နိုင်ကြောင်း နားလည်လိုက်ရသည်။

လုသခင်မက စည်းကမ်းကို တင်းတင်းကျပ်ကျပ် လိုက်နာရန် အမြဲတမ်း ဖိအားပေး တောင်းဆိုနေတတ်သည့် လူစားမျိုးတော့ မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် သူမ ရွှီကျင့်လင်းနှင့် ရွှီယွိရွှမ်တို့ကဲ့သို့သော ကလေးမျိုးကို ပြုစုပျိုးထောင်နိုင်လိမ့်မည် မဟုတ်ပေ။ သူမက သူမဘာသာ မြင့်မားသော စံနှုန်းများဖြင့် ထိန်းထိန်းသိမ်းသိမ်း နေတတ်သော်လည်း အခြားသူများအပေါ်တွင်တော့ မည်သည့်အခါမျှ အတင်းအကျပ် ဖိအားမပေးခဲ့ချေ။

ဤခရီးစဉ်အတွင်း လုသခင်မ၏ အကြောင်းကို ပိုသိလာရသဖြင့် ဝမ်ယဲ့တစ်ယောက် ပိုစိတ်အေးလက်အေး ဖြစ်သွားကာ ဘဲလည်ပင်းကို ဆက်ကိုက်ခဲနေခဲ့သည်။

ရွှီယွိရွှမ် ဘဲပေါင်တစ်တုံးကို စားပြီးနောက် ဝမ်ယဲ့က သူ နည်းနည်းချင်း ကိုက်စားနိုင်ရန် ဘဲခြေထောက်တစ်ချောင်း ပေးထားလိုက်သည်။ သူ ပြေးလွှားဆော့ကစားသည့်အခါတိုင်း လှုပ်ခါနေတတ်သည့် သူ့၏ဗိုက်ပူပူလေးက အစားအစာများကို ထပ်လက်ခံနိုင်စွမ်း မရှိတော့ချေ။

ဝမ်ယဲ့က ကျန်ရှိနေသော ဘဲပေါင်းပြုတ်ရည်များကို အသုံးပြုပြီး ကြာစွယ်ကွင်းများနှင့် ဟင်းသီးဟင်းရွက်များကို ထည့်ပြုတ်စေကာ ညစာအတွက် သတ်သတ်လွတ် ဟင်းလျာတစ်ခွက်အဖြစ် ထပ်မံပြင်ဆင်လိုက်သည်။

သူမ ယူဆောင်လာခဲ့သည့် ခရီးသွားမှတ်တမ်းစာအုပ် နှစ်အုပ်က လုသခင်မ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝမ်ယဲ့က လှမ်းကြည့်လိုက်ရာ လုသခင်မက ထိုစာအုပ်များကို ဖတ်ရှုပြီးလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသော်လည်း သူမကိုယ်တိုင်ကတော့ ထိုစာအုပ်ထဲတွင် ဘာအကြောင်းအရာ ပါဝင်သည်ကိုပင် မသိရှိသေးချေ။

ဝမ်ယဲ့က ဘဲလည်ပင်းကို အစဖျောက်လိုက်ပြီး ဘဲခြေထောက်များဆီသို့ အာရုံကူးပြောင်းကာ ဆက်စားသောက်နေခဲ့သည်။

စာဖတ်ရသည်ကို ငြီးငွေ့လာသည့် လုသခင်မက ခဏတာမျှ လှဲလျောင်းအနားယူလိုက်ပြီး မုန့်အနည်းငယ်ကို မြည်းစမ်းကာ လက်ဖက်ရည်တစ်ခွက် သောက်နေခဲ့သည်။ အပန်းဖြေခြင်း အမျိုးအစားနှစ်ခုစလုံးက သဟဇာတဖြစ်စွာ ပေါင်းစပ်နေခဲ့သည်။

ရွှီကျင့်လင်းက ရွှီယွိရွှမ်ကို အိမ်တော်ထိန်းဝူ၏ အငယ်ဆုံးချွေးမ မွေးမြူထားသည့် ဘဲပေါက်ကလေးများအား သွားရောက်ကြည့်ရှုရန် ခေါ်ဆောင်သွားခဲ့သည်။ ဘဲပေါက်ကလေးများက သိပ်မဝေးလှသော နေရာ၌ ရှိနေပြီး စမ်းချောင်း၏ အခြားတစ်ဖက်တွင် ရှိသောကြောင့် ဝင်းနံရံတစ်ခုဖြင့်သာ ခြားနေခြင်း ဖြစ်သည်။

ဘဲပေါက်ကလေးများက နွေရာသီတွင် ရေကူးရသည်ကို အလွန်နှစ်သက်ကြသည်။ အိမ်တော်ထိန်းဝူ၏ အငယ်ဆုံးချွေးမဖြစ်သူ ကျန်းရှီက ၎င်းတို့ကို စမ်းချောင်းဘေးသို့ မောင်းလာခဲ့သည်။ အဝါကွက်လေးများနှင့် အမွှေးပွပွ ဘဲပေါက်ကလေးများက ဝဖြိုးနေပြီး တက်ကြွဖျတ်လတ်နေကြကာ ရေထဲတွင် ဟိုဟိုဒီဒီ ကူးခတ်ရင်း တစ်ခါတစ်ရံတွင် "ကွာ့... ကွာ့..." ဟု အော်မြည်နေကြသည်။

ရွှီယွိရွှမ်က ခုံတန်းလျားအသေးလေးပေါ်တွင် ထိုင်ကာ ဘဲလေးများကို အတန်ကြာ စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် ဘာကြောင့်မှန်းမသိ ၎င်းတို့ကဲ့သို့ လိုက်အော်နေသည်။

"ကွာ့..."

ဘဲပေါက်ကလေး အနည်းငယ်က ထိုအသံကို ကြားလိုက်ရသဖြင့် ခေါင်းလေးများကို လှည့်ပြီး သူ့ကို ကြည့်လာကြသည်။

ကျန်းရှီက ထိတ်လန့်တုန်လှုပ်သွားပြီး အထိန်းတော်ကျိကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကာ ဘာပြောရမှန်းမသိ ဖြစ်နေလေသည်။

အထိန်းတော်ကျိကလည်း ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ချေ။ သူမအနေဖြင့် ဤကိစ္စကို မည်သို့ကိုင်တွယ်ရမည်ကိုအား စဉ်းစားတွေးတောနေစဉ်မှာပင် ရွှီကျင့်လင်းက ရွှီယွိရွှမ်အား ပြောလိုက်သည့် အသံကို သူမတို့ ကြားလိုက်ရသည်။

"ရွှမ်အာ... မင်းက ဘာလို့ ဘဲတစ်ကောင်လို လိုက်အော်နေရတာလဲ"

ရွှီယွိရွှမ်က စမ်းချောင်းထဲရှိ ဘဲပေါက်ကလေးများကို လက်ညှိုးထိုးပြရင်း ပြန်ပြောလိုက်သည်။

"သူတို့လည်း ကွာ့လို့ အော်နေတာပဲ"

ရွှီကျင့်လင်းက ပြတ်ပြတ်သားသားပင် ရှင်းပြလိုက်သည်။

"ဒါပေမယ့် ငါတို့က လူတွေလေ... လူစကားပြောရတယ်၊ သူတို့က ဘဲတွေမို့လို့ ကွာ့ကွာ့လို့ အော်တာ"

ကလေးငယ်များတွင် သူတို့၏ကိုယ်ပိုင် ထူးခြားသော အတွေးအခေါ်များ ရှိတတ်ကြသည်။ ရွှီယွိရွှမ်က နားမလည်နိုင်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။

"ဒါပေမယ့် အခု ဒုတိယအစ်ကိုလည်း ကွာ့ကွာ့လို့ အော်လိုက်ပြီလေ"

ရွှီကျင့်လင်း : "……"

ထိုအချိန်တွင် အထိန်းတော်ကျိက ရှေ့သို့ လှမ်းလာပြီး ပြောလိုက်သည်။

"သခင်ငယ်လေး... လူနဲ့ ဘဲက မတူဘူးလေ၊ သခင်ငယ်လေး စဉ်းစားကြည့်ပါဦး၊ တကယ်လို့ သခင်ငယ်လေးနဲ့ စာလုံးတွဲတဲ့ ကစားပွဲ ဆော့တဲ့အချိန်မှာ ဆရာရှီက ဘဲအော်သံတွေနဲ့ပဲ လာပြောနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ"

၎င်းက သူမ ဒုတိယသခင်မထံမှ သင်ယူထားခဲ့သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သခင်ငယ်လေးက အလွန်ငယ်ရွယ်သေးသဖြင့် အချို့သောအရာများကို လူကြီးတစ်ယောက်၏ အမြင်ဖြင့် ရှင်းပြ၍မရနိုင်ချေ။

ရွှီယွိရွှမ်က ထိုအခြေအနေကို စိတ်ကူးပုံဖော်ကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

"ဒါဆိုရင် ရွှမ်အာ နားလည်မှာ မဟုတ်တော့ဘူး"

အထိန်းတော်ကျိက အပြုံးဖြင့် ထပ်မေးလိုက်သည်။

"ဟုတ်တာပေါ့... ဒါဆိုရင် အခု သခင်ငယ်လေးက ဘဲတစ်ကောင်လို လိုက်အော်ချင်သေးလား"

ရွှီယွိရွှမ်က တည်ကြည်သောအမူအရာလေးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"အော်ချင်သေးတယ်"

အထိန်းတော်ကျိ : "......"

ရွှီယွိရွှမ်က စမ်းသပ်ကြည့်ချင်စိတ်ဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

"တကယ်လို့ ရွှမ်အာသာ အဲ့ဒါကို တတ်သွားရင် ဆရာက နားလည်မှာ မဟုတ်ဘူး၊ အဲ့ဒါဆို ရွှမ်အာ နိုင်ပြီပေါ့"

......။.....။......

ဝမ်ယဲ့က ဘဲခြေထောက် ကိုက်ခြင်းကို အဆုံးသတ်လိုက်ပြီး သစ်သီးလက်ဖက်ရည်ခွက် အကြီးကြီးကို ယူကာ အေးအေးလူလူ သောက်နေပြန်သည်။ ထိုအချိန်တွင် ရုတ်တရက် စူးရှကျယ်လောင်သော ဘဲအော်သံများကို ကြားလိုက်ရပြီး သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ဘဲပေါက်ကလေးတစ်အုပ်က စမ်းချောင်းအတိုင်း ကူးခတ်လာပြီး ခြံဝင်းထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ရွှီယွိရွှမ်က ၎င်းတို့နောက်သို့ တစ်လမ်းလုံး လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ခြံဝင်းထဲသို့ ရောက်သည်နှင့် သူက စမ်းချောင်းဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ပြီး အံ့ဩစရာကောင်းသည်မှာ ဘဲပေါက်ကလေးများက သူ့ကို လုံးဝမကြောက်ကြချေ။ သူတို့က ရေထဲမှ တစ်ကောင်ပြီးတစ်ကောင် တက်လာကြပြီး ရွှီယွိရွှမ်၏ အနောက်သို့ တကောက်ကောက် လိုက်နေကြသည်။

ဝမ်ယဲ့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရွှီယွိရွှမ်က ရုတ်တရတ် ဘဲအော်သံအတိုင်း ‘ကွာ့ ကွာ့’ ဟု အကြိမ်အနည်းငယ် အော်လိုက်သည်ကို သူမ ကြားလိုက်ရသည်။ ဘဲပေါက်ကလေးများကလည်း တုံ့ပြန်သည့်အနေဖြင့် ‘ကွာ့ ကွာ့’ ဟုပြန်အော်ကာ သူ့နောက်သို့ ပိုတိုးကပ်သွားကြသည်။

ဝမ်ယဲ့ : "……"

'သူတို့က ရွှီယွိရွှမ်ကို သူတို့အမေလို့ ထင်နေကြတာလား...'

ထိုမြင်ကွင်းကို သတိပြုမိသွားသည့် လုသခင်မကလည်း မတ်တတ်ရပ်ကာ လှမ်းကြည့်လိုက်မိပြီး ရွှီယွိရွှမ်နောက်သို့ တကောက်ကောက် လိုက်နေကြသော ဘဲပေါက်ကလေးများကို မြင်လိုက်ရသောကြောင့် ခဏတာမျှ စကားမဲ့သွားခဲ့ရသည်။

ဘဲပေါက်ကလေးများက တုန်တုန်တုန်တုန်နှင့် ဖြည်းညင်းစွာ လျှောက်နေကြပြီး ရွှီယွိရွှမ်က နှစ်လှမ်းမျှ လျှောက်လိုက်၊ ၎င်းတို့ကို ခေတ္တရပ်စောင့်လိုက် လုပ်နေပြီး တစ်ခါတစ်ရံတွင် ဘဲပေါက်လေးများ နောက်ကျကျန်ခဲ့ခြင်း ရှိ မရှိ ပြန်စစ်ဆေးရန်လည်း လှည့်ကြည့်တတ်သေးသည်။

ရွှီကျင့်လင်းက လုသခင်မ၏ အနားသို့ အရင်ဆုံး ပြန်ရောက်လာခဲ့ပြီး အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေသောလေသံဖြင့် ပြောလိုက်သည်။

"အမေ... သား ရွှမ်အာကို ဘဲလိုမျိုး လိုက်မအော်အောင် တားလို့ မရခဲ့ဘူး"

လုသခင်မက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။

"ဒါ မင်းအပြစ် မဟုတ်ပါဘူး... မင်းရဲ့ညီလေးက ငယ်သေးလို့ပါ၊ သူ ကြီးလာရင် နားလည်သွားလိမ့်မယ်"

ကလေးလေး၏ ရယ်စရာကောင်းသော အပြုအမူကို ကြည့်ရှုပြီးနောက် ဝမ်ယဲ့က အကြည့် ပြန်လွှဲရင်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်... ရွှမ်အာက ငယ်သေးလို့ပါ၊ ကလေးတွေအားလုံးက ဒီလိုပါပဲ"

လောလောဆယ်တွင် သူမ စိတ်ဝင်စားနေသည့်အရာက သူမ၏ ဘဲပေါက်ကလေးများ လမ်းမှားသို့ ဦးဆောင်ခေါ်သွားခြင်း ခံလိုက်ရသည်ကို သိရှိသွားသည့်အခါ ဘဲမကြီး မည်သို့ခံစားရမည်ကို သူမ သိချင်နေမိသည်။

သို့သော်လည်း ဘဲမကြီး ရောက်ရှိလာရမည့်အစား ကြောက်မက်ဖွယ်ကောင်းသော ငန်းကြီးတစ်ကောင် ရောက်ရှိလာခဲ့သည်။

ထိုငန်းကြီးက စမ်းချောင်း၏ အခြားတစ်ဖက်မှ ကူးခတ်လာပြီး လျှပ်စီးလက်သည့်အလား မြန်ဆန်သော အရှိန်နှုန်းဖြင့် ကုန်းပေါ်သို့ ပြေးတက်လာကာ ရွှီယွိရွှမ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပြီး သူ၏ ခြေထောက်သေးသေးလေးကို အားပြင်းပြင်းဖြင့် ဆိတ်ချလိုက်တော့သည်။

ဘဲပေါက်ကလေးများက ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏ အတောင်ပံသေးသေးလေးများကို ခတ်ရင်း အရပ်မျက်နှာအစုံသို့ ထွက်ပြေးလွင့်စင်သွားကြသလို ရွှီယွိရွှမ်၏ ငိုကြွေးသံ ကျယ်ကျယ်လောင်လောင်လည်း ပဲ့တင်ထပ်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဝမ်ယဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။ အခြားသူများ မလှုပ်ရှားနိုင်ခင်မှာပင် သူမက ကျော်မှီထိုင်ခုံပေါ်မှ ဝုန်းခနဲ ထရပ်ကာ ရွှီယွိရွှမ်ဆီသို့ ပြေးသွားပြီး ငန်းကြီး၏ နှုတ်သီးကို လက်ဖြင့် အတင်းဆွဲဖြဲကာ ဖယ်ရှားလိုက်သည်။ ထိုအချိန်မှသာ မှင်သက်နေကြသည့် အထိန်းတော်ကျိနှင့် အခြားသူများလည်း သတိဝင်လာကြပြီး ငန်းကြီးကို အဝေးသို့ မောင်းထုတ်ရန် အလျင်အမြန် ပြေးလာကြသည်။

တစ်ချိန်တည်းမှာပင် အထိန်းတော်ကျိက ဆေးဝါးများ သွားရောက်ယူဆောင်ရန် ရန်တုန်ကို အမြန်စေလွှတ်လိုက်သည်။

ဟယ်ရှန်းနှင့် အခြားသူများက ငန်းကြီးကို အဝေးသို့ အော်ဟစ်မောင်းထုတ်ရန် ကြိုးစားနေကြသော်လည်း ငန်းကြီးက ထွက်မသွားဘဲ လူကို ဆိတ်ပြီးသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးနေကြသော ဘဲပေါက်ကလေးများဆီသို့ ဦးတည်သွားသည်။ လုသခင်မကလည်း သူမ၏ ပုံမှန်ဣန္ဒြေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့် အပြေးအလွှား ရောက်ရှိလာကာ အလောတကြီး မေးလိုက်သည်။

"ဘယ်နားကို ထိခိုက်သွားတာလဲ"

ရွှီကျင့်လင်းကလည်း ညီဖြစ်သူ၏ ခြေထောက်ကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စိုးရိမ်တကြီး မေးနေလေသည်။

"ရွှမ်အာ... နာလားဟင်"

ဝမ်ယဲ့ ရွှီယွိရွှမ်၏ ဘောင်းဘီစကို ပင့်တင်လိုက်ရာ အရေပြား ပွန်းပဲ့ပြီး သွေးအနည်းငယ် ထွက်နေသည့် ဒဏ်ရာ ထင်ထင်ရှားရှား ရှိနေသော သူ၏ နုနယ်လှသည့် ခြေထောက်သေးသေးလေးကို တွေ့လိုက်ရသည်။

ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုလွန်းသဖြင့် မျက်လုံးလေးများ နီရဲလျက် ညည်းညူငိုကြွေးနေခဲ့သည်။

"မေမေ... နာတယ်"

ရန်တုန်က အမောတကော အပြေးအလွှား ပြန်ရောက်လာပြီး ဒဏ်ရာလိမ်းဆေးဗူးကို ကမ်းပေးရင်း ပြောလိုက်သည်။

"ဆေးရပါပြီရှင့်"

ဝမ်ယဲ့က ရွှီယွိရွှမ်ကို ရင်ခွင်ထဲ၌ ပွေ့ဖက်ထားရင်း အိမ်ထဲသို့ ပြန်ခေါ်လာခဲ့သည်။ ထောင်ကျီက ဒဏ်ရာကို ဆေးကြောရန်နှင့် ဆေးမလိမ်းမီ သန့်စင်ရန်အတွက် ရေနွေးနွေးလေးကို ယူဆောင်လာခဲ့သည်။

ရွှီယွိရွှမ်က အလွန်အမင်း ငိုကြွေးထားသဖြင့် ရှိုက်ကြီးတငင် ဖြစ်နေကာ မျက်လုံးလေးများလည်း မို့အစ်နေလေသည်။

လုသခင်မက စိုးရိမ်စိတ်ကို မထိန်းနိုင်ဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါတို့တွေ မြို့တော်ထဲကိုပဲ ပြန်သွားပြီး သမားတော်ကို ပိုကောင်းတဲ့ ဒဏ်ရာလိမ်းဆေးမျိုး ညွှန်းခိုင်းသင့်တယ်"

‘ဒီလောက်အထိ ပြင်းထန်တဲ့ ဒဏ်ရာမျိုးကို သာမန်ဆေးဝါးတွေနဲ့ပဲ ဖြစ်သလို မကုသသင့်ဘူးလေ’

ဝမ်ယဲ့ကလည်း မြို့တော်ထဲသို့ ပြန်ဝင်မည့် ထိုအစီအစဥ်ကို ကန့်ကွက်ဖြင်း မရှိခဲ့ချေ။ သူမတို့ အပြင်သို့ ရောက်ရှိနေသည်မှာ ဆယ်ရက်ကျော်မျှ ရှိနေပြီ ဖြစ်ပြီး လောလောဆယ်တွင် အရေးကြီးဆုံးကိစ္စက ရွှီယွိရွှမ်၏ ခြေထောက်မှ ဒဏ်ရာ ဖြစ်သည်။

သူမက ပိုမိုနက်ရှိုင်းသော အတွေးများကိုပင် တွေးတောနေသေးသည်။

'ငန်းတွေမှာလည်း ခွေးရူးပြန်ရောဂါလိုမျိုး ပိုးတွေ ရှိတတ်လားမသိဘူး...'

လုသခင်မက ဆုံးဖြတ်ချက် ချလိုက်ပြီး အစေခံများကို ချက်ချင်း အထုပ်အပိုးပြင်ကာ ထွက်ခွာရန် စီစဉ်ခိုင်းလိုက်သည်။

ထိုအချိန်အတောအတွင်းမှာပင် အိမ်တော်ထိန်းဝူနှင့် သူ၏ဇနီးဖြစ်သူတို့က သူတို့၏ အငယ်ဆုံးသား၊ အငယ်ဆုံးချွေးမဖြစ်သူတို့နှင့်အတူ တောင်းပန်ရန် ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်မှသာ ဝမ်ယဲ့နှင့် လုသခင်မတို့လည်း ဖြစ်ကြောင်းကုန်စင်ကို အပြည့်အစုံ သိခွင့်ရခဲ့ကြသည်။

အဖြစ်မှန်က ကျန်းရှီက ဘဲပေါက်ကလေးများ ရွှီယွိရွှမ်နောက်သို့ လိုက်ကာ အိမ်တော်ဝင်းထဲသို့ ဝင်သွားသည်ကို မြင်တွေ့ခဲ့သည်။ ထိုအချိန်တွင် သူမထံ၌ အရေးတကြီး လုပ်ဆောင်ရမည့် အလုပ်များ မရှိခဲ့ချေ။ ထို့ကြောင့် သူမက အပြင်ဘက်ရှိ ငန်းပေါက်ကလေး တစ်ဒါဇင်ကျော်ခန့်ကို မောင်းထုတ်ရန် ပြန်သွားခဲ့ခြင်း ဖြစ်သည်။

ငန်းမကြီးက ထိုမျှအထိ ရန်လိုတတ်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။ ကျန်းရှီ သူမ၏ ငန်းပေါက်ကလေးများအား မောင်းထုတ်သွားသည်ကို မြင်လိုက်ချိန်တွင် ငန်းမကြီးက ခြံစည်းရိုးကို ကျော်ကာ ပျံသန်းလာခဲ့ပြီး ထိုဘဲပေါက်ကလေးများကို သူမ၏ ကလေးများဟု မှားယွင်း ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ရလဒ်အနေဖြင့် ရွှီယွိရွှမ်ကို အဆိတ်ခံလိုက်ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း လုသခင်မအနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်ချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရှီတွင်လည်း လုံးဝဥဿုံ အပြစ်ရှိနေခြင်း မဟုတ်သောကြောင့်ပင်။ သူမက ကျန်းရှီအား နောက်နောင်တွင် ပိုဂရုစိုက်ရန်သာ သတိပေးလိုက်ပြီး အိမ်တော်ထိန်းဝူနှင့် သူ့မိသားစုကို ပြန်လွှတ်လိုက်သည်။

မြို့တော်ထဲသို့ ပြန်နေကြသည့် လမ်းခရီးတစ်လျှောက်တွင် ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲ၌သာ တစ်ချိန်လုံး မှီတွယ်နေပြီး တစ်ခါတစ်ရံတွင် ရှိုက်သံလေးများ ထွက်ပေါ်နေခဲ့သည်။

ဝမ်ယဲ့လည်း သူ့ကို လမ်းခရီးတစ်လျှောက်လုံး ပွေ့ချီထားခဲ့ရပြီး အဓိကအကြောင်းရင်းက ယခုအချိန်တွင် ရွှီယွိရွှမ်က သူမတစ်ယောက်တည်းကိုသာ ချီခွင့်ပြုသောကြောင့် ဖြစ်သည်။

သူမက ကလေးငယ်၏ ကျောပြင်လေးကို အသာအယာ ပုတ်ပေးရင်း ချော့မော့နေခဲ့သည်။

"အဆင်ပြေသွားပြီးနော်... ဘာမှ မဖြစ်တော့ဘူး၊ ငန်းကြီးကို ဖမ်းပြီး ပိတ်လှောင်ထားလိုက်ပြီလေ”

ရွှီယွိရွှမ်က ရှုံ့မဲ့ကာ ငိုရှိုက်ရင်း ပြောလိုက်သည်။

"ငန်းကြီး... ဆိုးတယ်"

ဝမ်ယဲ့က ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်... ဆိုးတယ်၊ အရမ်းကို ဆိုးတာ"

ရွှီယွိရွှမ်က အသံအက်အက်လေးဖြင့် အားတင်းကာ ထပ်ပြောနေသည်။

"သူ့ကို ပိတ်လှောင်ထား၊ အပြင်ကို လွှတ်မပေးနဲ့"

ဝမ်ယဲ့က ခေါင်းငြိမ့်သဘောတူလိုက်ရင်း အာမခံလိုက်သည်။

"အင်း... သူ့ကို လွှတ်မပေးတော့ဘူး၊ အမြဲတမ်း ပိတ်လှောင်ထားလိုက်မယ်လေ... နော်"

မကြာမီမှာပင် ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားခဲ့လေသည်။ လုသခင်မက ထိုမြင်ကွင်းကို ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် ရုတ်တရက် မျက်ရည်များ ဝဲတက်လာခဲ့သည်။

သူမက သူမ၏စိတ်ခံစားချက်ကို ထိန်းချုပ်ရန်အတွက် သူမ၏လက်ချောင်းလေးများဖြင့် မျက်ခွံကို အသာအယာ ဖိလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

သူတို့ အလောတကြီး မောင်းနှင်လာခဲ့ကြသော်လည်း နောက်ဆုံးတွင် နေဝင်ခါနီးအချိန်၌ မြို့တော်တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်နိုင်ခဲ့ကြသည်။

သို့သော်လည်း ထိုအချိန်တွင် မြင်းရထားများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

လုသခင်မက လိုက်ကာနောက်ကွယ်မှ လှမ်းမေးလိုက်သည်။

"ဘာလို့ ရပ်လိုက်တာလဲ"

ရထားထိန်းက ပြန်ဖြေလိုက်သည်။

"အကြီးဆုံးသခင်မ... နယ်စားမင်းကြီးနဲ့ ဒုတိယသခင်လေးတို့ ရောက်လာလို့ပါခင်ဗျာ"

ထိုစကားကို ကြားလိုက်ရမှသာ လုသခင်မက လိုက်ကာကို ပင့်တင်လိုက်ပြီး အရှေ့သို့ လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ညီအစ်ကိုနှစ်ယောက်ကို တွေ့လိုက်ရသည်။

ညီအစ်ကိုနှစ်ယောက်က မြင်းကိုယ်စီ စီးလျက် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ရွှီနယ်စားမင်းက မြင်းပေါ်မှ အရင်ဆင်းလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ လှမ်းမေးလိုက်သည်။

"ရှင်မ... ဘာလို့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်မနေတာလဲ"

လုသခင်မက ရွှီနယ်စားမင်း၏ အနောက်မှ ခပ်ဖြည်းဖြည်း လိုက်ပါလာသော ရွှီယွဲ့ကျားကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်များကို သူမ၏ ခင်ပွန်းဆီသို့ ပြန်‌ရွေ့ကာ ရှင်းပြလိုက်သည်။

"ကျေးလက်အိမ်တော်မှာ ရွှမ်အာ ငန်းဆိတ်ခံလိုက်ရလို့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်၊ ကျေးလက်မှာက ကျွမ်းကျင်တဲ့ သမားတော် မရှိဘူးဆိုတော့ ညီမလေးနဲ့ ကျွန်မ စိတ်မအေးနိုင်တာနဲ့ ပြန်လာခဲ့ကြတာ"

လုသခင်မက ရွှီယွိရွှမ်၏ ဒဏ်ရာအတွက် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သဖြင့် ထိုညီအစ်ကိုနှစ်ဦး မည်သည့်နေရာသို့ ဦးတည်သွားနေကြသည်ကို မေးမြန်းရန်ပင် မေ့လျော့နေခဲ့သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီနယ်စားမင်းလည်း ချက်ချင်း စိုးရိမ်သွားပြီး အလောတကြီး မေးလိုက်သည်။

"ဒဏ်ရာက ပြင်းထန်လို့လား"

"ရွှမ်အာက နာလွန်းလို့ ငိုပဲ ငိုနေတာ၊ ရှင်... တွေးကြည့်လေ"

ထို့နောက် သူမက ရွှီနယ်စားမင်းအား သူမ ရထားလုံးပေါ်မှ ဆင်းရန် ကူညီပေးစေပြီး ရွှီယွဲ့ကျားကို ညွှန်ကြားလိုက်သည်။

"ယဲ့နျန်းက လမ်းခရီးတစ်လျှောက်လုံး ရွှမ်အာကို ပွေ့ချီလာခဲ့တာ၊ ကျိထန်း... မင်း သူတို့ကို သွားကြည့်လိုက်ဦး"

ထို့နောက် သူမက ရွှီကျင့်လင်း ရှိနေသည့် ရထားလုံးဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။

ရွှီယွဲ့ကျားက မျက်မှောင် အနည်းငယ် ကြုတ်ရင်း တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့"

သူ ရထားလုံးပေါ်သို့ တက်လာခဲ့ပြီး အတွင်းမှ ဝမ်ယဲ့က ရွှီယွိရွှမ်ကို အချိန်အတော်ကြာအောင် ပွေ့ချီထားခဲ့ရသဖြင့် သူမ၏ လက်မောင်းများ တောင့်တင်းနေခဲ့ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ရွှီယွဲ့ကျား ဝင်လာပြီး သူမကို လှမ်းပြောလိုက်သည်။

"ကိုယ့်ကို ပေး၊ ကိုယ် ချီထားလိုက်မယ်"

ဝမ်ယဲ့က တဝက်တစ်ပျက် အိပ်ပျော်နေသော ကလေးငယ်ကို သူ့ဆီသို့ မဆိုင်းမတွ လွှဲပြောင်းပေးလိုက်ပြီး ထပ်ပြောလိုက်သည်။

"သူ ဒဏ်ရာရဖူးတာ ပထမဆုံးအကြိမ်မို့လို့ ထင်တယ်၊ လမ်းတစ်လျှောက်လုံး ငိုလာတာ"

အခြားတစ်ယောက်က သူ့အား ပွေ့ချီလိုက်သည်ကို သိရှိသွား၍လား မသိနိုင်သော်လည်း ရွှီယွိရွှမ်၏ နှုတ်ခမ်းလေးက အနည်းငယ် ဆူထွက်လာသည်။ သူက မျက်လုံးလေးများကို တစ်ဝက်မျှ ဖွင့်ကြည့်လိုက်ပြီး ရွှီယွဲ့ကျား၏ မျက်နှာကို မြင်တွေ့သွားကာ အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်သည်။

"ဖေဖေ...လား"

ရွှီယွဲ့ကျားက ညင်သာစွာ ပြန်ထူးလိုက်သည်။

"အင်း... ဖေဖေပါ"

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ရွှီယွိရွှမ်က သူ့မျက်လုံးများကို ပြန်ပိတ်လိုက်ပြီး ပြန်အိပ်ပျော်သွားခဲ့သည်။

ရွှီယွိရွှမ်၏ အသိစိတ်ထဲတွင် သူ၏ဖခင်က သူ၏မိခင်ကဲ့သို့ သူ့အတွက် အလွန်ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပုံရသည်။

All Chapters