← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄ အတူအိပ်ခြင်း

နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်သွားချိန်တွင် ကြိုတင်သတင်း ရရှိထားပြီးဖြစ်သော အိမ်တော်ထိန်းက သမားတော်ကို ခေါ်ယူထားပြီး ဖြစ်သည်။ သို့သော်လည်း သမားတော်က အခြေအနေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်မည်ကို စိုးရိမ်သဖြင့် ရွှီနယ်စားမင်းက ပိုမိုစိတ်ချရစေရန်အတွက် နန်းတွင်းမှ တော်ဝင်သမားတော်ကြီးကို ပင့်ဖိတ်ရန် သူ၏ကိုယ်ပိုင်တံဆိပ်ပြားဖြင့် အစေခံတစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်သည်။

ရွှီယွိရွှမ် နိုးလာပြီး သူ့ကိုယ်လေး ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ ရောက်ရှိနေသည်ကို သိလိုက်ရချိန်တွင် သူ အနည်းငယ် တွန့်လိမ်လှုပ်ရှားရင်း နှုတ်ခမ်းလေး တပြင်ပြင် ဖြစ်နေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။

ရာသီဥတုက ပူ၍လား သို့မဟုတ် ဒဏ်ရာက နာကျင်လွန်း၍လားမသိပဲ ကလေးငယ်၏ ဆံပင်များက ဖရိုဖရဲဖြစ်နေကာ ချွေးများနှင့် ကပ်စေးနေလေသည်။

လုသခင်မက သန့်ရှင်းသော အဝတ်အစားတစ်စုံ ယူဆောင်လာရန်နှင့် ရွှီယွိရွှမ်အား သန့်စင်ပေးရန် ရေအချို့ ယူလာပေးဖို့ အထိန်းတော်ကျိကို ညွှန်ကြားလိုက်သည်။ ကလေးငယ်၏ အပြင်ဘောင်းဘီကို ချွတ်ထားပြီးဖြစ်သဖြင့် အောက်ခံဘောင်းဘီအဖြူလေးတစ်ထည်သာ ကျန်ရှိနေလေသည်။

လူအများအပြား ကြည့်ရှုနေကြသဖြင့် ရွှီယွိရွှမ်က သူ့နာကျင်မှုကိုပင် သတိမထားမိတော့ဘဲ လက်သေးသေးလေးများဖြင့် ကယောင်ကတမ်း လိုက်ဖုံးကွယ်နေခဲ့ရာ ကလေးငယ်၏ ပုံစံလေးက တော်တော်လေး ရယ်ချင်စရာ ကောင်းနေခဲ့သည်။

ဝမ်ယဲ့တစ်ယောက် လူအများ၏ ရှေ့မှောက်တွင် အော်ဟစ်ရယ်မောမိခြင်း မရှိစေရန် အပြင်းအထန် အောင့်အည်းသည်းခံနေရသည်။

သိပ်မကြာခင် သမားတော် ရောက်ရှိလာပြီး ထိုသမားတော်၏ မျိုးရိုးအမည်က ချောင် ဖြစ်သည်။ အိမ်တော်၌ တစ်ဦးဦး နေမကောင်းဖြစ်သည့်အခါတိုင်း သူ့ကိုသာ ခေါ်ယူလေ့ရှိသည်။

သမားတော်ချောင်က သူ ငယ်ရွယ်စဉ်တွင် စစ်တပ်သမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သဖြင့် ရွှီယွိရွှမ်၏ ခြေသလုံးမှ ဒဏ်ရာကို သေသေချာချာ စစ်ဆေးပေးပြီးနောက် လုသခင်မ စိတ်အေးစေရန် ချက်ချင်း ရှင်းပြလိုက်သည်။

"သခင်မ... စိတ်အေးအေးထားပါ။ သခင်လေးရွှီရဲ့ ဒဏ်ရာက မပြင်းထန်ပါဘူး၊ ကျွန်တော်မျိုး လိမ်းဆေးတစ်မျိုး ညွှန်းပေးပါ့မယ်၊ တစ်လလောက် နေ့တိုင်း လိမ်းပေးမယ်ဆိုရင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာမှာပါ"

လုသခင်မ၏ ရင်ထဲမှ အပူလုံးကြီး ချက်ချင်း ကျဆင်းသွားခဲ့သော်လည်း သူမက ထပ်မေးမြန်းနေသေးသည်။

"သူ့ကျန်းမာရေးကို အားဖြည့်ပေးဖို့ ဆေးဝါးအချို့ သောက်ဖို့ လိုသေးလား"

ဆေးသောက်ရမည့်အကြောင်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရွှီယွိရွှမ်က ရွှီယွဲ့ကျား၏ ရင်ခွင်ထဲမှ အတင်းအလူးအလဲ ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။

"ဆေးမသောက်ဘူး၊ ဆေးမသောက်ချင်ဘူး"

ဝမ်ယဲ့က သူ့ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး အရင်ဆုံး ချော့မော့လိုက်သည်။

"ဒါက ရွှမ်အာ သောက်ဖို့ မဟုတ်ဘူး၊ ဟိုငန်းကြီးကို တိုက်ဖို့လေ"

ရွှီယွိရွှမ်က ချက်ချင်း ငြိမ်သက်သွားပြီး ခေါင်းလေး ညိတ်ကာ တုံ့ပြန်နေသည်။

"အင်း"

ထို့နောက် သူက ဆက်ပြောလိုက်သေးသည်။

"ဆိုးတဲ့ငန်းကြီးက ဆေးခါးကြီး သောက်ရမှာ"

လုသခင်မတစ်ယောက် စိတ်မောသလိုလိုနှင့် အသည်းယားသွားမိရင်း ရွှီယွိရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အဖြေကို သိလိုသဖြင့် သမားတော်ချောင်ဘက်သို့ အကြည့်ပြန်လှည့်လိုက်သည်။

သမားတော်ချောင်က နူးညံ့သောအပြုံးဖြင့် ပြန်ဖြေကြားနေသည်။

"ဆေးသောက်ဖို့ မလိုပါဘူးခင်ဗျာ၊ ဒါပေမယ့် ဆေးမလိမ်းခင် နေ့တိုင်း ဒဏ်ရာကို သန့်စင်ပေးဖို့တော့ အရေးကြီးပါတယ်၊ အဲ့လိုမှ ဒဏ်ရာက ပိုမြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းပြီး ယားယံတာ ဒါမှမဟုတ် ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါ"

"အစားအသောက်အပိုင်းမှာတော့ စပ်တဲ့အစာတွေနဲ့ ယားယံစေမယ့် အစားအစာတွေကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ"

လုသခင်မက သမားတော်ချောင်အား ချက်ချင်း ကျေးဇူးတင်စကားဆိုလိုက်ပြီး သူ့ကို ဆေးခန်းသို့ ပြန်လိုက်ပို့ဆောင်ရန် အိမ်တော်ထိန်းအား ညွှန်ကြားလိုက်သည်။ တဆက်တည်းမှာပင် ဆေးညွှန်းကို ယူပြီး ဆေးဝါးများ သွားဝယ်ရန်လည်း အခြားအစေခံတစ်ယောက်ကို စေလွှတ်လိုက်သည်။

မကြာမီမှာပင် နန်းတော်မှ တော်ဝင်သမားတော်လည်း ရောက်ရှိလာခဲ့သည်။ ဒဏ်ရာကို စစ်ဆေးပြီးနောက် သူကလည်း သမားတော်ချောင်၏ သုံးသပ်ချက်အတိုင်း ပြောကြားခဲ့သောကြောင့် နောက်ဆုံးတွင် လုသခင်မလည်း လုံးဝ စိတ်အေးသွားခဲ့ရသည်။

ဆေးသောက်ရန် မလိုကြောင်း သိလိုက်ရသဖြင့် ရွှီယွိရွှမ်လည်း တိတ်တဆိတ် သက်ပြင်းချနိုင်သွားသည်။ သို့သော်လည်း သူ၏ တည်ငြိမ်မှုက ကြာရှည်မခံခဲ့ပေ။ ထိုနေ့ညနေပိုင်း ဆေးလိမ်းပေးအချိန်တွင်တော့ သူ နာကျင်လွန်းသဖြင့် တကျော့ပြန် ငိုကြွေးရတော့သည်။

ထိုအတောအတွင်း ရွှီယွဲ့ကျားက သူ့ကို တချိန်လုံး ပွေ့ချီထားပေးခဲ့သလို ဝမ်ယဲ့ကလည်း အနား၌ ရှိနေပေးခဲ့သည်။ ရွှီယွိရွှမ်က "မေမေ" တစ်လှည့် "ဒေါ်ဒေါ်" တစ်လှည့်နှင့် ရံဖန်ရံခါတွင်လည်း "ဖေဖေ" ဟု ကြားညှပ်ခေါ်ကာ အော်ဟစ်ငိုယိုနေခဲ့ပြီး လူတိုင်း၏ စိတ်နှလုံးကို ထိခိုက်ကြေကွဲစေခဲ့သည်။

ညစာအတွက် လုသခင်မက ဒဏ်ရာကျက်စေရန် အထောက်အကူပြုသည်ဟု လူသိများသော ခိုစွပ်ပြုတ်ကို အထူးတလည် ချက်ပြုတ်ခိုင်းခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရွှီယွိရွှမ်က အစားအသောက် ပျက်မသွားဘဲ အသားများကို တော်တော်များများ စားနိုင်ခဲ့သည့်အပြင် စွပ်ပြုတ်တစ်ပန်းကန်ကိုပါ ကုန်အောင် သောက်နိုင်ခဲ့သည်။

ဒဏ်ရာအခြေအနေ ပြင်းထန်မှုကို ထည့်တွက်ပြီး လုသခင်မက ရွှီယွိရွှမ်အား စာသင်ခြင်းမှ ယာယီခွင့်ရက်ယူစေကာ တစ်လပြည့်အောင် အနားယူခိုင်းရန် ရည်ရွယ်လိုက်သည်။

ထိုနေ့အစောပိုင်းတွင် မိမိ၏တပည့်ဖြစ်သူ ငန်းအဆိတ်ခံရကြောင်း ရှီပိုင်လီလည်း သိရှိသွားပြီး ညစာမစားမီ ကလေးငယ်၏ အခြေအနေကို လာရောက်ကြည့်ရှုခဲ့သည်။

ရွှီယွိရွှမ် ခွင့်တစ်လ ယူမည်ဖြစ်ကြောင်း ကြားသိရပြီးနောက် ရှီပိုင်လီက သူ၏မိသားစုထံ သွားရောက်လည်ပတ်ရန် လန်ချန်သို့ ပြန်ချင်သည့် သူ့ဆန္ဒကို ချက်ချင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

သူက နှစ်ပေါင်းများစွာ လှည့်လည်သွားလာရင်း စာပေများ သင်ကြားပေးခဲ့သည်။ သူ စုန့်ရှန်းကျောင်းတော်သို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်ကြောင်း ယခုအချိန်မှ သူ သတိပြုမိသွားခဲ့သည်။ သူ့၏တူ၊ တူမများလည်း သူ့ကို မြင်တွေ့ချင်နေကြလိမ့်မည်ဟု သူ တွေးနေမိသည်။

လုသခင်မက ရှီပိုင်လီ၏ အစီအစဉ်ကို ကန့်ကွက်ခြင်း မရှိသော်လည်း လန်ချန်သို့ ပြန်မည့်သူ့အစီအစဉ်ကို ကြားရချိန်၌ အဆက်အသွယ်မရသည်မှာ အတန်ကြာပြီဖြစ်သော သူမ၏သားကြီးကို သတိရသွားသည်။ ထို့ကြောင့် သူမကိုယ်စား ပစ္စည်းအချို့ ကူညီသယ်ဆောင်ပေးရန် ရှီပိုင်လီအား တောင်းဆိုခဲ့ရာ သူကလည်း လမ်းကြုံနေသည်ဖြစ်၍ လိုလိုလားလား သဘောတူခဲ့သည်။

ညစာစားပြီးနောက် လုသခင်မက မေးမြန်းလိုက်သည်။

"ရွှမ်အာ... ဒီည ဒေါ်ဒေါ်နဲ့အတူ အိပ်မလား"

နယ်စားမင်းရွှီက ချက်ချင်း ကြားဖြတ် ဝင်ပြောလိုက်သည်။

"ရွှမ်အာက ဒုတိယညီလေးနဲ့ ဘယ်လောက် ရင်းနှီးနေတယ်ဆိုတာ မင်းလည်း မြင်သားပဲ၊ ထမင်းစားနေတုန်း သူ့ကို ပွေ့ဖက်ထားဖို့တောင် လိုတယ်၊ သူ ဒုတိယညီလေးနဲ့အတူ အနောက်ဘက်ခြံဝင်းကို ပြန်သွားချင်တာ သေချာပါတယ်"

ရွှီယွဲ့ကျားက သူ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

ရွှီယွိရွှမ်က သူ၏ စိုစွတ်နေသော မျက်တောင်ရှည်ရှည်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေပြီး မည်သို့ရွေးချယ်ရမည်ကို ဝေခွဲမရဖြစ်နေရှာသည်။

ထို့နောက် လုသခင်မက ထပ်မေးလိုက်ပြန်သည်။

"ရွှမ်အာက ဖေဖေ၊ မေမေတို့နဲ့ပဲ အတူတူ နေချင်တာလား၊ ဟုတ်လား"

သူက ခဏမျှ တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် ခေါင်းလေးညိတ်ပြလိုက်သည်။

ထိုအခါမှသာ လုသခင်မလည်း စိုးရိမ်စိတ်များ လျော့ပါးသွားပြီး ထပ်ပြောလိုက်သည်။

"ဒါဆိုရင်လည်း ဒေါ်ဒေါ်က အတင်းမခေါ်တော့ဘူးနော်"

ရွှီယွိရွှမ်က နှုတ်ခမ်းလေးလှုပ်ရုံဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် လာခဲ့မယ်နော်"

လုသခင်မက နွေးထွေးစွာ ပြုံးပြလိုက်ရင်း ပြန်ပြောလိုက်သည်။

"ကောင်းပါပြီကွယ်၊ မနက်ဖြန်ကျရင် လာခဲ့နော်"

ထို့သို့ဖြင့် ရွှီယွိရွှမ်က ဝမ်ယဲ့၊ ရွှီယွဲ့ကျားတို့နှင့်အတူ အနောက်ဆောင်သို့ လိုက်ပါလာခဲ့သည်။ သူက ရွှီယွဲ့ကျား၏ ရင်ခွင်ထဲ၌ ကွေးကွေးလေး ခိုဝင်နေရင်း တိုးတိုးလေး မေးနေခဲ့သည်။

"ဖေဖေ... ရွှမ်အာ... ဒီည ဖေဖေတို့၊ မေမေတို့နဲ့အတူ အိပ်လို့ရမလားဟင်"

ရွှီယွဲ့ကျားက တိုတိုတုတ်တုတ် ဖြေလိုက်သည်။

"အင်း"

ရွှီယွိရွှမ်က နှုတ်ခမ်းလေးကို စူလိုက်ပြီး ရွှီယွဲ့ကျား၏ ရင်ခွင်ထဲသို့ ပိုတိုးဝှေ့နေသည်။ တစ်ချိန်တည်းမှာပင် ဝမ်ယဲ့ကလည်း ဤည၌ ကလေးတစ်ယောက် တိုးလာမည်ဖြစ်သဖြင့် ကုတင်ပိုကြီးတစ်ခု ပြောင်းသင့်၊ မပြောင်းသင့်ကို စဉ်းစားနေခဲ့သည်။

အထိန်းတော်ကျိကလည်း နောက်မှ လိုက်ပါလာခဲ့ပြီး ရွှီယွိရွှမ်၏ ခြေထောက်တွင် ဒဏ်ရာရှိနေသဖြင့် ရေချိုးရန် မဖြစ်နိုင်သောကြောင့် စိုစွတ်သော အဝတ်စတစ်ခုဖြင့် သူ၏ခန္ဓာကိုယ်နှင့် ခြေလက်များကို ညင်ညင်သာသာ သုတ်ပေးခဲ့သည်။ သူ့ကို ကုတင်ပေါ်၌ သိပ်ပြီးနောက် အထိန်းတော်ကျိက အခန်းထဲမှ တိတ်တဆိတ် ပြန်ထွက်ခွာသွားခဲ့သည်။

ရွှီယွိရွှမ်က ကုတင်ပေါ်တွင် ထိုင်နေပြီး သူ့ခေါင်းအုံးလေးနှင့် စောင်လေးကို ဖက်ထားရင်း ဝမ်ယဲ့ အခန်းထဲသို့ ဝင်လာသည်ကို မြင်သည်နှင့် လှမ်းခေါ်လိုက်သည်။

"မေမေ"

ဝမ်ယဲ့က ပြန်ထူးလိုက်သည်။

"ကျိမား ဘယ်ရောက်သွားလဲ"

"ကျိမားက သွားပြီ"

ငန်းအဆိတ်ခံခဲ့ရသည့် အဖြစ်အပျက်က နာရီအနည်းငယ် ကြာမြင့်သွားခဲ့ပြီဖြစ်ရာ သူ၏ဒဏ်ရာက နာကျင်နေသေးသော်လည်း ရွှီယွိရွှမ်က ငိုကြွေးခြင်း မရှိတော့ပေ။ သို့သော်လည်း ယခုကဲ့သို့ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်မျိုးကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သောကြောင့် သူ၏စိတ်ခံစားချက်များ မတည်မငြိမ် ဖြစ်နေခြင်းက သဘာဝပင် ဖြစ်သည်။

လုသခင်မက ကလေးငယ် အိမ်မက်ဆိုးများ မက်မည်ကို စိုးရိမ်နေပြီး အဓိကခြံဝင်း၌ ခေါ်ထားချင်သော်လည်း အနောက်ဆောင်ရှိ ဇနီးမောင်နှံနှစ်ဦးနှင့်အတူ ရှိနေခြင်းက ရွှီယွိရွှမ်အတွက် အကောင်းဆုံးဖြစ်မှန်းလည်း သူမ နားလည်နေသည်။

ဝမ်ယဲ့က ရေချိုး သန့်စင်ရန် ဘေးခန်းသို့ သွားဖို့ ရည်ရွယ်ထားခဲ့သည်။ အခန်းထဲတွင် အခြားသူ မရှိသည်ကို တွေ့ရသဖြင့် သူမက ရွှီယွိရွှမ်အား ထပ်ပြောလိုက်သည်။

"မေမေ၊ သားရဲ့ဖေဖေကို သားအနားမှာ နေပေးဖို့ သွားခေါ်ပေးမယ်နော်"

ကလေးငယ်က ယနေ့တွင် တော်တော်လေး ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ဖခင်ဖြစ်သူအနေဖြင့် သူ့ကို နှစ်သိမ့်ပေးသင့်သည်မှာ မှန်ကန်နေသည်။

ရွှီယွိရွှမ်က ပျာပျာသလဲ လှမ်းမေးလိုက်သည်။

"မေမေ... ဘယ်သွားမလို့လဲဟင်"

ခြေထောက်တွင် ဖိနပ်မရှိတော့သောကြောင့် သူ ကုတင်ပေါ်မှပင် ဆင်းချင်လျှင်ပင် မဆင်းနိုင်တော့ပေ။

ဝမ်ယဲ့က မှန်တင်ခုံအနီးသို့ လျှောက်သွားကာ သူမ၏ဆံပင်ပေါ်မှ ဆံထိုးများကို ချွတ်ရင်း ခပ်အေးအေး ပြန်ဖြေလိုက်သည်။

"မေမေ ရေချိုးမလို့လေ"

ရွှီယွိရွှမ်က ပြန်ပြောလိုက်သည်။

"ဒါဆိုရင် မြန်မြန်လုပ်နော်"

ဝမ်ယဲ့က ရွှီယွဲ့ကျားကို သွားခေါ်ရန် စာကြည့်ခန်းသို့ သွားဖို့ ထရပ်လိုက်သည်။ ရွှီယွိရွှမ်၏ တိုက်တွန်းသံကို ကြားလိုက်ရချိန်တွင် သူမက ခပ်ပေါ့ပေါ့ လွှဲချလိုက်သည်။

"မြန်မြန်လုပ်လို့ မရဘူးလေ၊ သားရဲ့ဖေဖေက သန့်ရှင်းသပ်ရပ်မှုကို အရမ်းဂရုစိုက်တာ"

သူမ စကားမဆုံးသေးမီမှာပင် အတွင်းဆောင်တံခါးက အပြင်ဘက်မှ ပွင့်လာပြီး ရွှီယွဲ့ကျား ဝင်လာခဲ့သည်။

ဝမ်ယဲ့ : "..."

‘သွားပြီ... ငါ့ပါးစပ်ကတော့.....’

ရွှီယွဲ့ကျားနှင့် မျက်လုံးချင်းဆုံပြီးနောက် ဝမ်ယဲ့က ခပ်တည်တည် ပြောလိုက်သည်။

"ရှင်လာတာနဲ့ အတော်ပဲ၊ ကျွန်မ ရှင် ခေါ်ဖို့ လာတော့မလို့ လုပ်နေတာ၊ ရွှမ်အာက ရှင့်ကို အဖော်လုပ်ပေးစေချင်နေတယ်၊ ကျွန်မ ရေသွားချိုးလိုက်ဦးမယ်"

ရွှီယွဲ့ကျားက ကုတင်ပေါ်တွင် အပြစ်ကင်းစင်စွာ ရှိနေဆဲဖြစ်သော သူ့သားကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တည်တည် ပြန်ပြောလိုက်သည်။

"ဒီညတော့ မဟုတ်ဘူး"

ဝမ်ယဲ့ : "..."

သူမ ဘာပြောပြော ရွှီယွဲ့ကျား၏ စိတ်ကူးကို ပြောင်းလဲနိုင်မည်မဟုတ်မှန်း သိလိုက်သောကြောင့် ဝမ်ယဲ့က ဘာမှမပြောတော့ဘဲ ရေချိုးရန် ဘေးခန်းဆီသို့ လှမ်းသွားလိုက်သည်။

‘အခုချိန် ငါ ဘာပြောပြော အရာထင်မှာ မဟုတ်တော့ဘူး၊ သူ ငါ့ကို ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေမလဲဆိုတာ တွေးကြည့်လို့ ရနေပြီ၊ သူ့မှာ ဒီလို ထူးဆန်းတဲ့ အကြိုက်မျိုး ရှိလိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူး’

ဝမ်ယဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရွှီယွဲ့ကျားက ကလေးငယ်ကို တိတ်တဆိတ် အဖော်ပြုပေးရန် ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

ရွှီယွိရွှမ်က သူ့ခေါင်းအုံးလေးကို ခဏမျှ ဆော့ကစားနေပြီးနောက် ပျင်းရိလာသဖြင့် ရွှီယွဲ့ကျားကို မော့ကြည့်ကာ လှမ်းခေါ်လိုက်သည်။

"ဖေဖေ"

ရွှီယွဲ့ကျားက မေးလိုက်သည်။

"ဘာလဲ"

ရွှီယွိရွှမ်က ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတိရသွားပြီး ဖခင်ဖြစ်သူကို ပြန်ပြောနေသည်။

"ဒီနေ့ မေမေ သားကို ကယ်တုန်းက မေမေက အများကြီး အများကြီး အံ့ဩစရာ ကောင်းတယ်"

ငန်းအဆိတ်ခံရသည့် မှတ်ဥာဏ်ကို ပြန်တွေးမိလျှင် ထိတ်လန့်နေဆဲဖြစ်သော်လည်း သူ့မေမေက သူ့ကို ကယ်တင်ရန် အပြေးအလွှား ရောက်ရှိလာခဲ့သည့် အမှတ်တရကြောင့် ထိုကြောက်စိတ်များ အတန်ငယ် လျော့ပါးသွားရသည်။

"မင်းရဲ့မေမေက မင်းကို ကယ်ခဲ့တာလား"

ရွှီယွဲ့ကျားက ပြန်မေးလိုက်သည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် လူတိုင်းက ရွှီယွိရွှမ်၏ ဒဏ်ရာကိုသာ အာရုံစိုက်နေခဲ့ကြသည်။ လုသခင်မက အသေးစိတ်အချက်အလက်များကို ပြောရန် သတိမရခဲ့သလို ဝမ်ယဲ့ကိုယ်တိုင်ကလည်း သူမဘာသာ စကားပြောမည့်သူမျိုး မဟုတ်ပေ။

ရွှီယွိရွှမ်က သူ၏ခေါင်းအုံးလေးကို လွှတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဟန်အမူအရာ ပြုလုပ်ကာ ရှင်းပြနေသည်။

"မေမေက သူ့လက်နဲ့ အဲ့ဒီငန်းဆိုးကြီးကို ရွှမ်အာ ခြေထောက်ကနေ ဒီလို ဆွဲဖယ်လိုက်တာ"

စကားအဆုံးတွင် သူက ထပ်ဖြည့်ပြောလိုက်သေးသည်။

"မဟုတ်ရင် ရွှမ်အာရဲ့ ခြေထောက်လေး အစားခံရတော့မှာ"

ဝမ်ယဲ့ ဘေးခန်းမှ ပြန်ထွက်လာချိန်တွင် ရွှီယွိရွှမ်က အစားခံရမည့်အကြောင်း ပြောနေသည်ကို အမှတ်မထင် ကြားလိုက်ရသဖြင့် သူ ဗိုက်ဆာနေသည်ဟု ထင်မှတ်ကာ ဝင်ပြောလိုက်သည်။

"ကလေးတွေအတွက် ညဘက်မှာ အစားအများကြီး စားတာက လုံးဝ မကောင်းဘူးနော်"

သို့သော်လည်း သူမက ထပ်ဖြည့်ပြောလိုက်ပြန်သည်။

"ဒါပေမယ့် မေမေအတွက်ဆိုရင်တော့ ရတယ်"

ရွှီယွိရွှမ်၏ ဝမ်းဗိုက်လေးက ပြည့်အင့်နေပြီဖြစ်သောကြောင့် သူ ဗိုက်မဆာတော့ပေ။ ထို့ကြောင့် သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

"ရွှမ်အာ စားမလို့ မဟုတ်ဘူး"

ဝမ်ယဲ့က ရွှီယွဲ့ကျားကို တစ်ချက် လှမ်းကြည့်လိုက်ရာ ရွှီယွဲ့ကျားက ဝင်ရှင်းပြပေးလိုက်သည်။

"သူက ဒီနေ့ မင်း သူ့ကို ကယ်ခဲ့တဲ့အကြောင်း ပြောပြနေတာ"

ဝမ်ယဲ့က သဘောပေါက်သွားပြီးနောက် ချက်ချင်းဝင်ဂုဏ်ဖော်လိုက်သည်။

"ဒါက ကိစ္စအသေးအမွှားလေးပါပဲ၊ တကယ်လို့ ရှင် ကျွန်မကို ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ပိုလက်တွေ့ကျတဲ့ အကြောင်းအရာတွေအကြောင်း ပြောကြတာပေါ့"

ရွှီယွဲ့ကျားက ပြန်မေးလိုက်သည်။

"မင်း ဘာလိုချင်လို့လဲ"

ဝမ်ယဲ့က သူမ၏ အနည်းငယ် ဗလာဖြစ်နေသော ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။

"ပဲအနှစ်နဲ့ ခေါက်ဆွဲတစ်ပန်းကန်ကနေ အရင် စကြမယ်လေ"

"ပန်းကန်အသေးလေးဆို ရပါပြီ"

သူမက မျက်နှာအရေထူထူဖြင့် ထပ်ဖြည့်ပြောနေသေးသည်။

"ကျန်တာတွေကိုတော့ သူ မရှိတဲ့အချိန်ကျမှ ဆက်ဆွေးနွေးကြတာပေါ့"

‘ဒါကို သားရဲ့ အကြွေးအတွက် အဖေက ဆပ်ပေးတယ်လို့ ခေါ်တယ်’

......။........။........

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဝမ်ယဲ့တစ်ယောက် ပဲအနှစ်ခေါက်ဆွဲကို အရသာရှိရှိ မြိန်ရေရှက်ရေ စားသောက်နေလေသည်။ ရွှီယွိရွှမ်က ဘေးမှ ကြည့်နေကာ ပဲအနှစ်ခေါက်ဆွဲ၏ ရနံ့မွှေးမွှေးလေးကြောင့် စိတ်အာရုံတစ်ခုလုံး ဆွဲဆောင်ခံနေရသည်။ နောက်ဆုံးတွင် သူက ခေါင်းလေးစောင်းကာ အံ့ဩတကြီး မှတ်ချက်ချလိုက်သည်။

"ညဘက်မှာ အစားအများကြီးစားတာ မကောင်းဘူးဆို"

ဝမ်ယဲ့က ပဲအနှစ်ခေါက်ဆွဲကို သေသေချာချာ နှံ့အောင် နယ်ဖတ်ရင်း ပြန်ဖြေလိုက်သည်။

"မေမေ အဲ့ဒီလိုပြောတာက သားလိုမျိုး ကလေးငယ်လေးတွေအတွက် ပြောတာလေ၊ အခု မေမေက လူကြီးဖြစ်နေပြီဆိုတော့ စားလို့ရတယ်၊ သားကြီးလာတဲ့အခါကျရင်လည်း သား စားလို့ ရတယ်"

ရွှီယွိရွှမ်က ခေါင်းလှည့်ကာ ရွှီယွဲ့ကျားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ယဲ့ဘက်သို့ ပြန်လှည့်ကာ ဆက်မေးနေပြန်သည်။

"ဒါဆိုရင် ဖေဖေက မစားဘူးဆိုတော့ ဖေဖေလည်း လူကြီးမဖြစ်သေးဘူးပေါ့... ဟုတ်လား"

ပဲအနှစ်ခေါက်ဆွဲကို တူဖြင့် ညှပ်ယူနေသော ဝမ်ယဲ့၏ လက်များလည်း ခဏတာမျှ တုံ့ခနဲ ဖြစ်သွားရသည်။

“မင်းရဲ့ ဖေဖေက...”

အမှန်တကယ်တွင် သူမအနေဖြင့် ရွှီယွဲ့ကျားကို အတော်လေး လူကြီးဆန်သည်ဟု တွေးနေမိသည်။ ဝမ်ယဲ့က သူမ၏စိတ်ထဲရှိ မသင့်တော်သော အတွေးများကို မောင်းထုတ်ရန် ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ဖေဖေလည်း စားလို့ ရပါတယ်"

သူမက ရွှီယွဲ့ကျားကို စားရန် အရိပ်အယောင်ပြသည့်အနေဖြင့် ပဲအနှစ်ခေါက်ဆွဲအချို့ကို ညှပ်ယူကာ ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက သူ့ကို မျက်ရိပ်ပြလိုက်သေးသည်။

'တစ်လုတ်တည်းပါပဲ... ညဘက် သတ်မှတ်ချိန်ကျော်ရင် အစားမစားရဘူးဆိုတဲ့ ရှင့်ရဲ့ စည်းကမ်းကိုလည်း မဖျက်စီးမိပါဘူး'

ရွှီယွဲ့ကျားလည်း မတတ်သာသည့်အဆုံး ထိုခေါက်ဆွဲကို စားလိုက်ရသည်။

သူ့ဖေဖေ စားသည်ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်၏ မျက်နှာငယ်လေး၌ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။ သူတစ်ယောက်တည်းသာ စားခွင့်မရဟု သိလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့၏ဝမ်းဗိုက်လေးက ပြည့်အင့်နေပြီဖြစ်ရာ ထပ်မစားနိုင်တော့ချေ။ ရွှီယွိရွှမ်က ထိုအချက်ကို သူဘာသာသူ ပြန်တွေးပြီး အားတင်းကာ ဖြေသိမ့်လိုက်ရရှာသည်။

ဝမ်ယဲ့က ပဲအနှစ်ခေါက်ဆွဲများကို မြန်မြန်ဆန်ဆန် စားသောက်ပြီးစီးသွားပြီး ခံတွင်းကို ရေဖြင့် ပလုတ်ကျင်းကာ သန့်စင်လိုက်သည်။

ထိုအချိန်တွင် ရွှီယွဲ့ကျားကလည်း ကိုယ်လက်သန့်စင်ခြင်း ကိစ္စရပ်များကို အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ သူတို့သုံးယောက်စလုံး စောင်ပါးလေးတစ်ထည်စီ ခြုံကာ ကုတင်တစ်ခုတည်းပေါ်တွင် အတူတူ လှဲလျောင်းနေကြသည်။ ရွှီယွိရွှမ်က အလယ်တွင် အိပ်စက်ရသဖြင့် ဤဆန်းသစ်သော အတွေ့အကြုံအတွက် အလွန် ပျော်ရွှင်နေရှာသည်။

ညကိုးနာရီကျော်သွားပြီ ဖြစ်သော်လည်း သူ လုံးဝ အိပ်ငိုက်ခြင်းမရှိဘဲ အတော်လေး နိုးကြားနေကြဆဲ ဖြစ်သည်။

ရွှီယွိရွှမ်က သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်နေရင်း တခါတရံတွင် "မေမေ" သို့မဟုတ် "ဖေဖေ" ဟု လှမ်းခေါ်နေတတ်သည်။

ဝမ်ယဲ့က ရွှီယွဲ့ကျားကို လက်ဟန်ခြေဟန်ပြကာ လှမ်းပြောလိုက်သည်။

"ရှင် ရွှမ်အာကို စာအုပ်ထဲက စာနည်းနည်းလောက် ဖတ်မပြချင်ဘူးလား"

တစ်နေ့ခင်းလုံး ရုန်းရင်းဆန်ခတ် ဖြစ်ပျက်ခဲ့သောကြောင့် သူမအနေဖြင့် အနည်းငယ် မောပန်းနွမ်းနယ်မှုကို ခံစားနေရသည်။ ငန်းအဆိတ်ခံထားရသည့် ထိုကလေးငယ်က အဘယ်ကြောင့် ယခုထိ စွမ်းအင်များ ပြည့်ဝကာ တက်ကြွနေနိုင်သည်ကို သူမ နားမလည်နိုင်တော့ချေ။ ရွှီယွဲ့ကျားက ခဏမျှ စဥ်းစားပြီးနောက် သဘောတူလိုက်သည်။

"ကောင်းပြီလေ"

သူက ကုတင်ပေါ်မှထကာ အတွင်းဆောင်အပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် သူက စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာရာ ရွှီယွိရွှမ်၏ စုစမ်းချင်စိတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။

နောက်တစ်ခဏတွင် ရွှီယွဲ့ကျားက သူ့ဘေး၌ ဝင်ထိုင်ကာ စာ ဖတ်ပြနေသည်။

"အုပ်ချုပ်‌ရေး အတတ်ပညာဆိုတာက ဖြောင့်မတ်ခြင်း တရား..."

စာမျက်နှာတစ်မျက်နှာပင် မဆုံးသေးမီမှာပင် ရွှီယွိရွှမ်၏ ခေါင်းလေးက ဘေးသို့ စောင်းကာ အိပ်ပျော်သွားခဲ့ချေပြီ။

ရွှီယွဲ့ကျားက စာအုပ်ကို ပိတ်လိုက်ပြီးနောက် အကြည့်ကို ကုတင်အတွင်းဘက်သို့ ရွှေ့လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဥ်မှာပင် သူ့ကို စာဖတ်ပြခိုင်းခဲ့သည့် လူကိုယ်တိုင်ကလည်း အိပ်ပျော်နေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း စာအုပ်ကို ချထားလိုက်ကာ ယပ်တောင်ကိုသာ ကောက်ကိုင်လိုက်ရသည်။

လေပြေအေးလေးကို ခံစားမိလိုက်သဖြင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်သေးသော ဝမ်ယဲ့က ရုတ်တရက် မျက်လုံးပွင့်လာပြီး ယပ်တောင်ကို ကိုင်ထားသည့် ရွှီယွဲ့ကျားကို ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်များက အောက်ဘက်သို့ ရွေ့လျားသွားပြီး ရွှီယွိရွှမ်အပေါ်သို့ ကျရောက်သွားပြန်သည်။

သူမက ထပ်မေးလိုက်ပြန်သည်။

"တကယ်လို့ သူ အိပ်ရာကို စိုအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ"

ရွှီယွဲ့ကျား၏ ယပ်တောင်ခတ်နေသော လက်ကလည်း တုံ့ခနဲ ဖြစ်သွားသည်။ သူက ပထမဆုံးအကြိမ်အဖြစ် မရေမရာ အမူအရာဖြင့် ပြန်ဖြေနေခဲ့သည်။

"သူ လုပ်မှာ မဟုတ်လောက်ပါဘူး"

ဝမ်ယဲ့တစ်ယောက် ချက်ချင်း အိပ်ချင်စိတ်များ အကုန်လွင့်ပြယ်သွားရတော့သည်။ အကယ်၍ ဤကလေးငယ်က သူမ၏ကုတင်ပေါ်တွင် မြေပုံအကြီးကြီးတစ်ခုကို ချန်ထားခဲ့မည်ဆိုပါက သူမအနေဖြင့် အိပ်ရာထဲ အပေါ့သွားခြင်းကို ကြောက်ရွံ့သည့် ရောဂါပင် စွဲကပ်သွားနိုင်ပေသည်။ သူမက ခဏမျှ စဥ်းစားပြီး အကြံပြုလိုက်သည်။

"ရှင် ရွှမ်အာကို ခေါ်ပြီး သန့်စင်ခန်း သွားလိုက်ပါလား"

ရွှီယွဲ့ကျားက ဟောက်သံပင် ထွက်နေပြီဖြစ်သော သူ၏သားကို ကြည့်ကာ ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် ကလေးကို ပွေ့ချီလိုက်သည်။ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်သွားရသော ရွှီယွိရွှမ်က ဖခင်ဖြစ်သူ၏ ပွေ့ချီခြင်းကို ခံစားမိသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"သားတို့ ဘယ်သွားမလို့လဲဟင်"

ရွှီယွဲ့ကျား : "မင်းကို သန့်စင်ခန်း ခေါ်သွားမလို့"

ရွှီယွိရွှမ်က သူ၏ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် စေ့ပိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ရွှမ်အာ မသွားချင်ဘူး"

ရွှီယွဲ့ကျား : "မင်း သွားချင်တယ်"

All Chapters