← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅ သူ့ကို မသတ်နဲ့နော်...

ရလဒ်အနေဖြင့် ရွှီယွိရွှမ်တစ်ယောက် အပေါ့သွားရန်အတွက် ဖခင်ဖြစ်သူ၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။

ဝမ်ယဲ့က အလွန်အိပ်ချင်နေသော်လည်း ရွှီယွဲ့ကျား ရွှီယွိရွှမ်ကို ပွေ့ချီကာ ပြန်ရောက်လာသည်အထိ အိပ်ပျော်မသွားအောင် အတင်းကျိတ်မှတ်သည်းခံ စောင့်နေပြီးမှ လှမ်းမေးလိုက်သည်။

"ဒီလိုဆိုရင်တော့ သူ အိပ်ရာစိုအောင် မလုပ်လောက်တော့ဘူးမလား"

ရွှီယွိရွှမ်ကလည်း အိပ်ချင်စိတ်များ တော်တော်များများ ပြယ်လွင့်နေပြီ ဖြစ်ရာ ဝမ်ယဲ့၏ စကားများကို အတိုင်းသား ကြားလိုက်ရသည်။ သူက မကျေမနပ်ဖြင့် တိုးတိုးလေး နှာမှုတ်လိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ ရွှီယွဲ့ကျား၏ လေသံက ပိုသေချာလာပုံရသည်။

"မရှိလောက်တော့ပါဘူး"

ထိုစကားကို ကြားမှသာ ဝမ်ယဲ့လည်း စိတ်အေးလက်အေးဖြစ်သွားပြီး ချက်ချင်း အိပ်ပျော်သွားတော့သည်။

ရွှီယွဲ့ကျားက ရွှီယွိရွှမ်ကို ကုတင်၏ အလယ်တွင် ပြန်သိပ်လိုက်သည်။ ကလေးက ရွှီယွဲ့ကျားကို ကြည့်ကာ တစ်ခုခု ထပ်ပြောချင်နေသော်လည်း ရွှီယွဲ့ကျားက အသံတိုးတိုးဖြင့် တားမြစ်လိုက်သည်။

"မင်းရဲ့မေမေကို မနှောင့်ယှက်နဲ့... အိပ်တော့"

ရွှီယွိရွှမ်က သူ၏ သေးငယ်သော ကန့်ကွက်မှုကို မကြားတကြား ညည်းတွားသံလေးအဖြစ် ပြောင်းလဲလိုက်သည်။

"ဟွန့်"

နောက်တစ်နေ့တွင် ဝမ်ယဲ့ ဝေဝေဝါးဝါးဖြင့် အိပ်ရာနိုးလာခဲ့ပြီး သူမ၏ ရင်ခွင်ထဲတွင် တစ်စုံတစ်ခု အပိုဆောင်း ရောက်ရှိနေသလို ခံစားလိုက်ရသည်။ သူမ လက်လှမ်းပြီး စမ်းကြည့်လိုက်ရာ သေးငယ်သော ခြေဖဝါးတစ်စုံကို သွားထိလိုက်မိသည်။

ဝမ်ယဲ့ : "..."

သူမက အောက်ဘက်သို့ ထပ်စမ်းကြည့်လိုက်ရာ ပိုနူးညံ့သော အရာတစ်ခုကို ထိမိသွားပြန်သည်။ ၎င်းက ရွှီယွိရွှမ်၏ တင်ပါးလေး ဖြစ်ပုံရသည်။ အတန်ကြာပြီးနောက် ကုတင်ခြေရင်းဘက်မှ ကလေးငယ်တစ်ယောက်၏ တခိခိ ရယ်မောသံများ ထွက်ပေါ်လာသည်။ ဝမ်ယဲ့တစ်ယောက် မျက်လုံးကို အနိုင်နိုင်ဖွင့်ပြီး ကုတင်ခြေရင်းဘက်သို့ လှမ်းကြည့်လိုက်ရာ ခြေထောက်တစ်ဖက်ကို မြှောက်လျက် လမ်းကြောင်းပြောင်းကာ သူမထံသို့ ယိုင်ထိုးယိုင်ထိုး လာနေသော ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။

သူက တွားသွားနေရင်း လှမ်းခေါ်လိုက်သည်။

"မေမေ"

ဝမ်ယဲ့တစ်ယောက် ရုတ်တရက်ကြီး သူ့မေမေ မလုပ်ချင်တော့သလို ခံစားလိုက်ရသည်။

သူမက လှမ်းမေးလိုက်သည်။

"မင်းဖေဖေရော... ဘယ်ရောက်သွားလဲ"

ရွှီယွိရွှမ်က အတော်လေး ကြိုးစားအားထုတ်ပြီးနောက် ဝမ်ယဲ့၏ အနားသို့ ရောက်ရှိလာပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"သွားပြီ"

ဝမ်ယဲ့လည်း အိပ်ရာမှထကာ ခြင်ထောင်ပါးပါးလေးကို မတင်လိုက်ပြီး အပြင်သို့ လှမ်းခေါ်လိုက်သည်။ ထောင်ကျီနှင့် အထိန်းတော်ကျိတို့ နှစ်ယောက်စလုံး ပြိုင်တူ ဝင်လာကြသည်။

ညတစ်ညလုံး အိပ်စက်ပြီးနောက် ရွှီယွိရွှမ်၏ ခြေထောက်ကို ဆေးပြန်ထည့်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။ အထိန်းတော်ကျိက သူ့ကို ကုတင်ပေါ်မှ ပွေ့ချီလိုက်ပြီးနောက် ဝမ်ယဲ့ကို ခွင့်တောင်းလိုက်သည်။

"ဒုတိယသခင်မ... ဒီအစေခံအိုကြီးက သခင်ငယ်လေးကို ဆေးလဲပေးဖို့ အနောက်ဘက်အဆောင်ကို ခေါ်သွားလိုက်ပါဦးမယ်"

ဝမ်ယဲ့က သူမ၏လက်ကို အရင်ဆုံး အနံ့ခံကြည့်လိုက်သည်။ ကံကောင်းသည်က ခြေစော်နံမနေခြင်းပင်။

ထို့နောက် သူမက ခေါင်းညိတ်ပြလိုက်သည်။

"သွားလေ"

ရာသီဥတုက ပူပြင်းသဖြင့် အပိုထပ်များ ထပ်ဝတ်စရာ မလိုတော့ပေ။ အထိန်းတော်ကျိက အိပ်ရာဝင်အင်္ကျီဝတ်ထားဆဲဖြစ်သော ရွှီယွိရွှမ်ကို ပွေ့ချီကာ အနောက်ဘက်အဆောင်သို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။

လမ်းခုလတ်တွင် သူမက မေးလိုက်သည်။

"သခင်ငယ်လေး... အပေါ့သွားချင်နေပြီလား"

ပုံမှန်ဆိုလျှင် ရွှီယွိရွှမ်က နိုးနိုးချင်း သန့်စင်ခန်းသို့ တစ်ကြိမ် သွားလေ့ရှိသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ယခုတစ်ကြိမ်တွင် ရွှီယွိရွှမ်က ခေါင်းခါပြကာ ပြောလာခြင်းပင်။

"ဟင့်အင်း... မသွားချင်ဘူး"

အထိန်းတော်ကျိက ရွှီယွိရွှမ်တစ်ယောက် ဂျီကျနေသည်ဟု ထင်မှတ်ကာ ညင်ညင်သာသာ ဖျောင်းဖျလိုက်သည်။

"တစ်ခေါက်လောက်တော့ သွားလိုက်လေ... နော်"

ရွှီယွိရွှမ်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

"မသွားဘူး"

ထို့နောက် သူက ဆက်ပြောနေသေးသည်။

"ဖေဖေက ရှမ်အာကို ပွေ့ပြီး ခေါ်သွားပေးတယ်"

အထိန်းတော်ကျိက အံ့ဩသွားပြီး အလောတကြီး ထပ်မေးမြန်းလိုက်သည်။

"သခင်ငယ်လေး... ဒီအစေခံအိုကြီးကို လိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်"

စာပေအနည်းငယ် သင်ကြားဖူးထားသော ရွှီယွိရွှမ်က ယခုအချိန်တွင် လက်ချောင်းလေးများဖြင့် ရေတွက်နည်းကို သိနေပြီ ဖြစ်သည်။

သူက လက်ချောင်းနှစ်ချောင်း ထောင်ပြရင်း ထပ်ပြောလိုက်သည်။

"နှစ်ခေါက်တောင်"

ကျီအထိန်းတော် : "သခင်ငယ်လေးက မနက်ခင်းမှာ သန့်စင်ခန်းကို နှစ်ခေါက်တောင် သွားခဲ့တာလား"

ရွှီယွိရွှမ်က ခေါင်းခါပြလိုက်သည်။

"အိပ်နေတုန်း တစ်ခေါက်နဲ့ နိုးလာတော့ တစ်ခေါက်"

အထိန်းတော်ကျိက စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။

'ဒုတိယသခင် သခင်ငယ်လေးကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တာပဲ'

ရွှီယွိရွှမ်က အထိန်းတော်ကျိထံမှ သူ့ဖခင်၏ လုပ်ရပ်အပေါ် မှတ်ချက်တစ်ခုခု စောင့်မျှော်နေခဲ့သော်လည်း သူ အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် လှည့်ကြည့်လိုက်ရာ အဘွားအိုက ဘာမှ မပြောခဲ့ပေ။ ၎င်းက သူ့ကို နားမလည်နိုင်ဖြစ်စေသည်။

‘ကျိမားလည်း တုံးအသွားပြီ ထင်တယ်’

....။.....။.....

အနောက်ဘက်အဆောင်....

ကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲလှယ်ပြီးနောက် ဝမ်ယဲ့က ညောင်စောင်းပေါ်တွင် ပြန်လှဲလျောင်းနေပြီး မျက်လုံးများကို မှိတ်ထားလိုက်ကာ သူမ၏ လက်မောင်းများကို နှိပ်နယ်ပေးရန် ထောင်ကျီကို တောင်းဆိုလိုက်သည်။ မနေ့က ဘာမှမခံစားရသော်လည်း ယနေ့မနက် အိပ်ရာထလိုက်ချိန်တွင် သူမ၏လက်မောင်းနှစ်ဖက်စလုံး နာကျင်ကိုက်ခဲနေလေသည်။

‘အဲ့ကလေး ရွှီယွိရွှမ်... ကိုယ်အလေးချိန် လျှော့ဖို့ လိုနေပြီလားမသိဘူး’

ထောင်ကျီက ဝမ်ယဲ့ကို နှိပ်ပေးရန် သူမအနားသို့ လျှောက်လာနေပြီး ရုတ်တရက် ပြန်ရောက်လာသော ရွှီယွဲ့ကျားက သူမကို အသံတိတ် တားမြစ်လိုက်သည်။

ရွှီယွဲ့ကျားက အိပ်ခန်းအတွင်းသို့ ဝင်လာပြီး ခုံပုလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ဝမ်ယဲ့၏ လက်မောင်းကို သူ့ဒူးပေါ်သို့ တင်လိုက်ပြီး အပ်စိုက်မှတ်များအတိုင်း တိတိကျကျ နှိပ်နယ်ပေးနေသည်။

ဝမ်ယဲ့ကတော့ သူမအား နှိပ်နယ်ပေးနေသူ ပြောင်းလဲသွားသည်ကို မသိသေးပေ။ သူမက ယနေ့တွင် ထောင်ကျီ၏ လက်အားက ပိုသန်မာလာပြီး အနှိပ်ခံရသည်မှာ ပိုသက်တောင့်သက်သာရှိသည်ဟုသာ ခံစားနေရသည်။

ဝမ်ယဲ့တစ်ယောက် မျက်လုံးများကို မှိတ်လျက် ဇိမ်ခံနေပြီး ရာသီဥတုသာ မပူပြင်းပါက သူမ တစ်ရေးတစ်မော ပြန်အိပ်ပျော်သွားလောက်သည်။ နာရီဝက်နီးပါး ကြာပြီးနောက် ရွှီယွဲ့ကျားက ရုတ်တရက် မေးလိုက်သည်။

"အခု သက်သာသွားပြီလား"

ဝမ်ယဲ့ လန့်ဖျတ်သွားပြီး အံ့ဩတုန်လှုပ်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်မိသည်။

"ရှင် ရုံးတော်ကို မသွားဘူးလား"

ရွှီယွဲ့ကျားက သူမကို ကြည့်ကာ ပြန်ပြောလိုက်သည်။

"မင်းကို ဘယ်သူပြောလဲ"

ဝမ်ယဲ့က ဆတ်ခနဲ ထထိုင်ရင်း ပြန်ပြောလိုက်သည်။

"ရွှမ်အာလေ"

"ကိုယ် စာကြည့်ခန်းကိုပဲ သွားခဲ့တာပါ၊ ဒီနေ့က ပိတ်ရက်"

‘နောက်ထပ် ပိတ်ရက်တစ်ခု ဟုတ်လား’

မကြာသေးမီရက်များအတွင်း သူ၏ ရုံးပိတ်ရက်များ တော်တော်လေး များနေသလို ဝမ်ယဲ့ ခံစားလိုက်ရသည်။ သူမ၏ ညာဘက်လက်မောင်းက သက်သာသွားပြီဖြစ်သောကြောင့် ထိုလက်ကို ပြန်ရုပ်လိုက်ပြီး အခြားလက်တစ်ဖက်သို့ ပြောင်းပေးလိုက်သည်။ ရွှီယွဲ့ကျား၏ အကြည့်များကို စိုက်ကြည့်ရင်း ဝမ်ယဲ့က ဘာမှ တွန့်ဆုတ်မနေဘဲ သူ့ကို တိုက်တွန်းလိုက်သည်။

"ဆက်နှိပ်ပေးဦးလေ"

ရွှီယွဲ့ကျား : "........."

ဝမ်ယဲ့က သေသေချာချာ စဥ်းစားတွေးတောပြီး ဖြစ်သည်။

‘အခုအချိန်မှာ သူက ငါ့အပေါ် သိသာထင်ရှားတဲ့ ခံစားချက်လေးတွေ ပွင့်ပွင့်လင်းလင်း ပြသနေပြီဆိုမှတော့ အရင်ဆုံး အကျိုးခံစားခွင့်ကို အပြည့်အဝ ယူထားရမယ်။ နောင်ပိုင်း သူ စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့လည်း စိုးရိမ်မနေချင်တော့ဘူး။’

‘ဘာပဲဖြစ်ဖြစ် စိတ်နှလုံးဆိုတာက ထိန်းချုပ်ဖို့ အခက်ခဲဆုံးအရာလေ။ တကယ်လို့ သူ တကယ် စိတ်ပြောင်းသွားခဲ့ရင်လည်း အဲ့အချိန်ကျမှ ပြောကြတာပေါ့။’

‘အဲ့လို ဖြစ်သွားရင်တောင် အဆိုးဆုံးက အတူအိပ်ဖော်တစ်ယောက် ဆုံးရှုံးသွားရုံပါပဲလေ။ ငါ့မှာ အကြီးဆုံးယောင်းမ ရှိနေသေးတာပဲ။ ပြီးတော့ အိုစာမင်းစာအတွက် လုံလောက်တဲ့ စုဆောင်းငွေတွေလည်း ရှိနေသေးတယ်’

‘ပြီးတော့ ဉာဏ်ပွင့်သွားတဲ့ အမျိုးသားတစ်ယောက်က တကယ်ကို ကွဲပြားခြားနားသွားပြီ။ ယခင်ကဆို သူ ငါ့လက်မောင်း ဒါမှမဟုတ် ပုခုံးတွေကို သူ့သဘောနဲ့သူ နှိပ်နယ်ပေးခဲ့တာမျိုး ရှိလို့လား’

မနက်စာ ဟင်းပွဲများအားလုံးကို မပြင်ဆင်ရသေးမီ အချိန်လေးမှတွင် ရွှီယွိရွှမ်တစ်ယောက် ပြန်ရောက်ရှိလာခဲ့သည်။

သူက ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့၏ အလယ်တွင် ဝင်ထိုင်ကာ ကြက်ပေါင်တစ်ခုကို မြိန်ရေရှက်ရေ ကိုက်စားနေသည်။

လုသခင်မက မည်သည့်အရာကိုမဆို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးနိုင်သည်ဟု ယုံကြည်သဖြင့် မနက်စောစောကတည်းက လူလွှတ်ကာ ကြက်စွပ်ပြုတ် ပြုတ်ခိုင်းထားခြင်း ဖြစ်သည်။

ဝမ်ယဲ့က ငရုတ်သီးမပါသော နှမ်းအနှစ်ဖြင့် လုပ်ထားသည့် ခေါက်ဆွဲအေးတစ်ပွဲကို စားနေသည်။ ရွှီယွိရွှမ်တစ်ယောက် ကြက်ပေါင်အား ပျော်ပျော်ရွှင်ရွှင် ကိုက်ဝါးနေသည်ကို ကြည့်ရင်း သူမက ရုတ်တရက် လှမ်းပြောလိုက်သည်။

"နေလည်စာကျရင် ရွှမ်အာအတွက် ဘဲသားစွပ်ပြုတ် ချက်ပေးရမလား"

ရွှီယွိရွှမ်က ဆတ်ခနဲ ရပ်တန့်သွားပြီး သူ၏ ပါးစပ်လေး လှုပ်ကာ ပြန်မေးနေသည်။

"ဘဲလား..."

ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"ဟုတ်တယ်... ဘဲသား"

ရွှီယွိရွှမ်က ခေါင်းခါပြလိုက်သည်။

"ရွှမ်အာ... ဘဲ မစားချင်ဘူး"

ဝမ်ယဲ့က ထပ်မေးလိုက်သည်။

"ဒါဆို ငန်းကော..."

"ရွှမ်အာကို ကိုက်ခဲ့တဲ့ ငန်းကြီးလေ"

သူမက ထပ်ပြောလိုက်သေးသည်။

ရွှီယွိရွှမ်က သူ့ခေါင်းလေးကို အပြင်းအထန် ညိတ်ပြလိုက်ပြီး တည်တည်တံ့တံ့လေး ပြန်ဖြေလိုက်သည်။

"စားမယ်"

သူက သူ့ရန်သူ့ကို ပြန်စားရန်ပင် သတ္တိရှိနေပြီး စိတ်ဒဏ်ရာရရှိခဲ့သည့် အရိပ်အယောင်မျိုး လုံးဝ မရှိတော့ချေ။ ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေခဲ့သည်။

'သူက တော်တော်လေး စိတ်ဓာတ်ကြံ့ခိုင်သားပဲ...'

သို့သော်လည်း ခဏအကြာတွင် ရွှီယွိရွှမ် ဆက်ပြောသည်ကို သူမ ကြားလိုက်ရသည်။

"နည်းနည်းပဲ စားမယ်... ခြေထောက်ပဲ စားမှာ၊ သူ့ကို မသတ်နဲ့နော်"

ဝမ်ယဲ့ : "..."

'မင်းက တကယ်ကို စားတတ်သောက်တတ်တာပဲ'

'သနားကြင်နာတတ်စိတ်လေးတော့ ရှိပါရဲ့... ဒါပေမယ့် အများကြီးတော့ မဟုတ်ပြန်ဘူး'

လဝက်ကျော်ခန့် ဆေးထည့်ပေးပြီးနောက် ရွှီယွိရွှမ်၏ ခြေထောက်ဒဏ်ရာလည်း အတော်လေး သက်သာလာခဲ့ပြီ ဖြစ်သည်။ ဆေးဆက်ထည့်နေရဆဲ ဖြစ်သော်လည်း ယခင်ကလို ဆေးထည့်တိုင်း အော်ဟစ်ငိုယိုခြင်းမျိုး မရှိတော့ပေ။ ပူပြင်းလှသော ရာသီဥတုကလည်း တဖြည်းဖြည်း လျော့ပါးလာပြီး နွေနှောင်းကာလမှ ဆောင်းဦးအစသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။

ရှီပိုင်လီ လန်ချန်မှ ပြန်မရောက်သေးသဖြင့် ရွှီယွိရွှမ်တစ်ယောက် စာသင်ခန်း သွားရန်လည်း မလိုအပ်သေးချေ။ ထို့ကြောင့် ဤရက်ပိုင်း အချိန်အတော်များများကို အနောက်ဘက်အဆောင်တွင်သာ ကုန်ဆုံးနေခဲ့သည်။

သို့သော်လည်း ရွှီယွဲ့ကျား မရှိသည့် အချိန်တိုင်းတွင် ဝမ်ယဲ့က သူ့ကို အဓိကခြံဝင်းဆီသို့ ခေါ်ဆောင်သွားတတ်သည်။

လုသခင်မက သူ့ကို အတိုင်းထက်အလွန် အလိုလိုက် အကြိုက်ဆောင်တတ်သည်။ သူမသာ ရှိနေလျှင် ရွှီယွိရွှမ်က ဝမ်ယဲ့ကို လာရောက်နှောင့်ယှက်ခြင်း နည်းပါးသွားတတ်သည့်အပြင် ပိုအရေးကြီးသည်က ဝမ်ယဲ့အနေဖြင့် ဝတ္ထုဖတ်ရသည်ထက် ပိုစိတ်ဝင်စားဖို့ကောင်းကာ စိတ်လှုပ်ရှားဖွယ် အတင်းအဖျင်း ဇာတ်လမ်းစုံကို လုသခင်မထံမှ ကြားခွင့်ရခြင်းပင်။ ယနေ့တွင်လည်း ဝမ်ယဲ့က အိပ်ရာမှ နိုးသည်နှင့် ထုံးစံအတိုင်း ကလေးကို ခေါ်ကာ အဓိကခြံဝင်းဆီသို့ ရောက်လာပြန်သည်။

မိခင်နှင့် သားဖြစ်သူ ရောက်လာသည်နှင့် လုသခင်မက သူမ၏ အစေခံမိန်ကလေးများကို သူတို့နှစ်ဦး အကြိုက်ဆုံး မုန့်နှစ်ပန်းကန် ယူလာပေးရန် ခိုင်းစေလိုက်သည်။

နေရာတကျ ထိုင်ပြီးနောက် ဝမ်ယဲ့က လုသခင်မ ကိုင်ထားသည့်စာကို သတိပြုမိသွားပြီး လှမ်းမေးလိုက်သည်။

"အဲ့ဒါ ကျင်ရုံဆီက လာတဲ့စာလားဟင်"

လုသခင်မက ခေါင်းညိတ်ပြရင်း ရှင်းပြနေသည်။

"ဟုတ်တယ်... ရွှမ်အာရဲ့ ဆရာက အဝတ်အစားနဲ့ စားစရာတချို့ ပို့ပေးဖို့ ကူညီပေးလို့သာပေါ့၊ မဟုတ်ရင် သူ အိမ်ကို စာပြန်ရေးဖို့တောင် သတိရမယ့်ပုံမပေါ်ဘူး"

ဝမ်ယဲ့က ကွေ့ဟွားမုန့်တစ်ခုကို မြည်းစမ်းကြည့်ရင်း ပြန်ပြောလိုက်သည်။

"မမ အရင်တုန်းက ပြောဖူးတာက ဒီလိုမဟုတ်ပါဘူးနော်"

လုသခင်မက ညည်းညူနေရှာသည်။

"အရင်တုန်းကဆိုရင် သုံးရက်ကနေ ငါးရက်တစ်ခါ စာအစောင်စောင် ရဖူးတာလေ၊ အခုတော့ တစ်လရှိပြီ စာတစ်စောင်မှ ရောက်မလာဘူး၊ အဲ့ဒါကြောင့်လည်း ငါ ဒီရက်ပိုင်းအတွင်း လန်ချန်ကို သွားကြည့်မလို့တောင် စဉ်းစားနေမိတာ"

ဆောင်းဦးလယ်ပွဲတော်ရောက်ရန် တစ်လခွဲခန့်သာ လိုတော့သည်။ ဆောင်းဦးလယ်ပွဲတော်မှ နောက်တစ်နှစ် နွေဦးအစအထိကာလက လုသခင်မ အလုပ်အရှုပ်ဆုံး အချိန်ဖြစ်သည်။

သူမအနေဖြင့် အမှန်တကယ် အေးအေးဆေးဆေး နားရသည့်အချိန်ဟူ၍ နွေရာသီ၏ အပူဆုံးရက်များတွင်သာ ရှိတတ်သည်။

လုသခင်မက သူမ၏ သားကြီး စုန့်ရှန်ကျောင်းတော်တွင် ပညာရေးကျဆင်းသွားမည်ကို စိုးရိမ်နေခြင်းမျိုး မဟုတ်ပေ။ သူက အိမ်တွင် စာသင်စဉ်ကတည်းက အလယ်အလတ်အဆင့်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။

သူမက ထိုစာသင်ကျောင်းကိုလည်း ယုံကြည်စိတ်ချမှု အပြည့်ရှိနေခဲ့သည်။

သို့သော်လည်း လန်ချန်တွင် သားဖြစ်သူကို ပြုစုစောင့်ရှောက်ရန် လွှတ်ထားသည့် အိမ်ထိန်းကြီးနှင့် အစေခံတို့က စာထဲတွင် အရာအားလုံး အဆင်ပြေကြောင်း ရေးသားထားသော်လည်း မကြာသေးမီက သခင်လေးက ငွေကြေးသုံးစွဲမှု ပိုများလာသည်ဟု တင်ပြထားကြသည်။ ငွေကြေးအနည်းငယ်မျှက လုသခင်မအတွက် အရေးမကြီးလှသော်လည်း သူမ၏ သားကြီးက ဤငွေများကို မကောင်းသော အလေ့အထအချို့တွင် သုံးစွဲနေမည်ကို သူမ စိုးရိမ်နေမိခြင်း ဖြစ်သည်။ သူမကိုယ်တိုင် သွားရောက် မကြည့်ရှုရလျှင် သူမ စိတ်အေးနိုင်မည် မဟုတ်ချေ။

လုသခင်မက ပြောနေရင်းဖြင့် အစီအစဥ် ချလိုက်သည်။

"အိမ်တော်ရဲ့ ကိစ္စတွေကို စီစဥ်ပြီးတဲ့ အချိန်အထိ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ပြီးမှ သွားမယ်"

ထိုစကားကို ပြောပြီးနောက်တွင် လုသခင်မက ဝမ်ယဲ့ကို ရုတ်တရက် လှမ်းကြည့်ကာ ထပ်ပြောလိုက်သည်။

"ငါ မရှိတဲ့ အချိန်အတောအတွင်း အိမ်တော်ရဲ့ ကိစ္စတွေကို ညီမလေးကပဲ တာဝန်ယူပေးရမယ်... ငါ ရှန်းမားကို ချန်ထားခဲ့ပေးမယ်၊ နားမလည်တာ ရှိရင် သူ့ကို မေးလို့ ရတယ်"

အထိန်းတော်ရှန်းက လုသခင်မ ငယ်စဥ်ကတည်းက သူမ၏အနားတွင် ခစားခဲ့သူ ဖြစ်သည်။ တင်းအန်းမြို့စားမင်းအိမ်တော်မှ ယခု နယ်စားမင်းအိမ်တော်အထိ နှစ်ပေါင်းများစွာအတွင်း ကောင်းမွန်စွာ လေ့ကျင့်ပျိုးထောင်ခြင်း ခံထားရသူဖြစ်သောကြောင့် အလွယ်တကူ သွားရှုပ်ရရနိုင်မည့်သူမျိုးတော့ မဟုတ်ချေ။

ဝမ်ယဲ့တစ်ယောက် ရုတ်တရက်ဆိုသလို ပါးစပ်ထဲမှ မုန့်ပင် အရသာမရှိတော့သလို ခံစားလိုက်ရသည်။

‘ငါ့ကို တာဝန်လွှဲပေးခဲ့မယ် ဆိုတာက ဘာသဘောလဲ’

ဝမ်ယဲ့က အလျင်အမြန် ပြန်မေးလိုက်သည်။

"မမ... ဘယ်တော့လောက် ပြန်လာဖို့ စိတ်ကူးထားလဲဟင်"

လုသခင်မက ပြန်ပြောလိုက်သည်။

"အသွားအပြန် ခရီးက နှစ်ရက်ကြာမယ်... အနည်းဆုံးတော့ ငါးရက်ပေါ့"

သူမအနေဖြင့်လည်း အိမ်တော်အတွင်းရှိ ကိစ္စအဝဝကို စီမံခန့်ခွဲရဦးမည်ဖြစ်ရာ လန်ချန်တွင် အကြာကြီး နေထိုင်နိုင်မည် မဟုတ်ချေ။

ဝမ်ယဲ့ : "ငါးရက်တောင်..."

‘ဒါက ငါးရက်တောင် အိမ်တွင်းမှုကိစ္စအဝဝကို စီမံခန့်ခွဲရမယ်လို့ အဓိပ္ပာယ်ရနေတာပဲ’

'အဲ့ဒါတော့ မဖြစ်နိုင်ဘူး...'

ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

"မမအစား ကျွန်မပဲ သွားလိုက်ရင်ရော... လန်ချန်က သိပ်လည်းမနီးဘူး၊ သွားရတာနဲ့တင် တစ်ရက်ကြာမှာ၊ ကျွန်မက မမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်လို့ပါ"

ဝမ်ယဲ့က အလွန်ရိုးသားပြီး စိတ်ရင်းမှန်သည့် လေသံဖြင့် ပြောနေရှာသည်။

လုသခင်မက ဤအချက်ကို ယခင်က မစဉ်းစားမိခဲ့ပေ။ သူမကိုယ်စား ဝမ်ယဲ့ကို သွားခွင့်ပြုရန် စဉ်းစားရင်း ခဏမျှ တုံ့ဆိုင်းသွားကာ ထပ်မေးလိုက်ပြန်သည်။

"ညီမလေးက ပင်ပန်းမှာကို မကြောက်ဘူးလား"

ဝမ်ယဲ့က ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။

"မကြောက်ပါဘူး"

‘နှစ်ရက်ပဲ အပင်ပန်းခံမှာလား ဒါမှမဟုတ် ငါးရက်၊ ခြောက်ရက်၊ ခုနစ်ရက်၊ ရှစ်ရက်လောက် ပင်ပန်းရမှလားဆိုတာကိုတော့ ကျွန်မ တွက်ချက်တတ်ပါသေးတယ်ရှင့်’

ထို့အပြင် သူမ တစ်သက်လုံး ခရီးဝေး မသွားဖူးသဖြင့် ဤခရီးစဉ်ကို အားလပ်ရက် ခရီးတိုလေးတစ်ခုအဖြစ် သတ်မှတ်နိုင်သေးသည်။

ဝမ်ယဲ့က ရှီပိုင်လီ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနှင့် ခရီးသွားမှတ်တမ်းများထဲတွင် လန်ချန်၏ ရှုခင်းများအား ဖော်ပြထားသည်ကို ဖတ်ခဲ့ဖူးသည်။ စည်ကားလှသော မြို့တော်နှင့် နှိုင်းယှဉ်လျှင် လန်ချန်က တောတောင်၊ မြစ်ချောင်းများနှင့် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး ကဗျာဆန်သည့် ဆွဲဆောင်မှု ပြည့်နှက်နေသည့် နေရာတစ်ခု ဆိုကြသည်။

လုသခင်မက ဝေခွဲမရ ဖြစ်နေဆဲပင်။

"ကျင့်ရုံက သူ့စာထဲမှာ ညီမလေးရဲ့ အဆောင်က မီးဖိုချောင်ငယ်လေးက လုပ်တဲ့ ဟင်းလျာတွေကို လွမ်းတယ်လို့ ပြောထားသေးတယ်"

ဝမ်ယဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။

"အဲ့ဒါကို ဖြေရှင်းဖို့က လွယ်ပါတယ်၊ ကျွန်မနဲ့အတူ ဟုန်ရှင်းကိုပါ ခေါ်သွားလိုက်မယ်လေ၊ ဒါဆို ကျင့်ရုံအတွက် အရသာရှိတဲ့ စားစရာတွေ ချက်ပေးလို့ ရတာပေါ့။ စုန့်ရှန်ကျောင်းတော်က ထမင်းချက်ဆောင်က ဟင်းတွေက သာမန်ပဲလို့ ကျွန်မ ကြားဖူးတယ်၊ အခုဆို ရာသီတဝက်လောက်တောင် ရှိနေပြီဆိုတော့ ကျင့်ရုံလည်း ဟုန်ရှင်းရဲ့ လက်ရာကို လွမ်းနေလောက်မှာ သေချာပါတယ်"

လုသခင်မက တဖြည်းဖြည်း သဘောတူညီလာသည်။ သူမက ခဏမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

"ညီမလေးနဲ့အတူ လိုက်ပါဖို့ အစောင့်ရဲမက်တွေ ထည့်ပေးလိုက်မယ်၊ အဲ့ဒီကို ရောက်တာနဲ့ ကျင့်ရုံ လောင်းကစားတာမျိုးလို မကောင်းတဲ့ အရာတွေ လုပ်နေလားဆိုတာကို စုံစမ်းဖို့ သူတို့ကို လွှတ်လိုက်၊ ကျန်းမား ပြောတာတော့ သူ ဒီရက်ပိုင်း ငွေကြေး သုံးစွဲတာ ပိုများနေတယ်တဲ့"

၎င်းက လုသခင်မအတွက် တစ်ခုတည်းသော စိုးရိမ်ပူပန်မှု ဖြစ်သည်။

ဝမ်ယဲ့က အလျင်အမြန် သဘောတူလိုက်သည်။

"သူတို့ကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ကျွန်မ အမိန့်ပေးလိုက်ပါ့မယ်"

နောက်ဆုံးတွင် လုသခင်မလည်း အနည်းငယ် စိတ်အေးသွားရသည်။ သူမက ခရီးဝေးသွားရခြင်းကို မနှစ်သက်သလို သူမကိုယ်စား အခြားသူတစ်ဦးဦး သွားမည်ကိုလည်း စိတ်မချနိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဝမ်ယဲ့ကသာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သည်။

ရွှီကျင့်ရုံက ဝမ်ယဲ့၏ စကားကို နားထောင်သည့်အပြင် ပိုအရေးကြီးသည်က သူမက မိသားစုဝင်ဖြစ်နေသဖြင့် သူမကို လှည့်စားမည်မဟုတ်ခြင်းပင်။

နောက်ဆုံးတွင် ဝမ်ယဲ့ အလိုရှိနေသည့်အတိုင်း ဖြစ်လာခဲ့သည်။ သူမက အပြုံးလေးဖြင့် အာမခံနေသေးသည်။

"မမ ပြောတဲ့အတိုင်း ကျွန်မ လုပ်ပါ့မယ်"

တစ်ချိန်လုံး ငြိမ်သက်စွာ နားထောင်နေသည့် ရွှီယွိရွှမ်က နောက်ဆုံးတွင် အကြောင်းအရာတစ်ခုကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

‘မေမေက အဝေးကို သွားတော့မယ်’

သူက အလျင်အမြန် ဝင်မေးလိုက်သည်။

"မေမေ... ဘယ်သွားမလို့လဲဟင်"

ဝမ်ယဲ့က သူ့ဘက်သို့ လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"မေမေက ရွှမ်အာရဲ့ အကြီးဆုံးအစ်ကို ကျင့်ရုံကို သွားကြည့်မလို့လေ"

ထို့နောက် ရွှီယွိရွှမ်က သူ့ကိုယ်သူ ပြန်ညွှန်ပြရင်း မေးလာပြန်သည်။

"ဒါဆို ရွှမ်အာကရော..."

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"ဆရာရှီက မကြာခင် ပြန်ရောက်တော့မှာ၊ ရွှမ်အာကတော့ အိမ်မှာပဲနေပြီး စာကို ကြိုးကြိုးစားစား သင်ရမယ်"

ရွှီယွိရွှမ် : "ဒါဆို ဖေဖေရော..."

ဝမ်ယဲ့က ဘာမှပင် စဉ်းစားမနေဘဲ ပြန်ဖြေပေးလိုက်သည်။

"ဖေဖေကလည်း ရွှမ်အာနဲ့အတူ အိမ်မှာ ရှိနေမှာပေါ့"

ရွှီယွိရွှမ်က ဘာမှ ထပ်မငြင်းဆန်တော့ဘဲ ခေါင်းလေး ညိတ်ကာ ပြန်ပြောလိုက်သည်။

"ရွှမ်အာ သိပါပြီ"

သူမတို့ ရွှီယွဲ့ကျားအကြောင်း ပြောနေသည်ကို ကြားလိုက်ရချိန်တွင် လုသခင်မက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထပ်ပြောလိုက်သည်။

"မေ့တော့မလို့... နောက်ထပ် လဝက်ကျော်လောက်ဆို ကျိထန်းရဲ့ မွေးနေ့ ရောက်တော့မှာနော်၊ ညီမလေး... နင် မှတ်မိသေးရဲ့လား"

အမှန်အတိုင်း ပြောရလျှင် ဝမ်ယဲ့တစ်ယောက် ထိုအကြောင်းကို လုံးဝ မတွေးမိခဲ့ပေ။ သူမတို့ ဇာတာချင်း လဲလှယ်စဉ်က သူမက တစ်ချက်သာ ဖတ်ကြည့်ခဲ့ပြီး သိပ်ပြီး ဂရုမစိုက်ခဲ့မိချေ။ သို့သော်လည်း လုသခင်မ၏ ရှေ့တွင်တော့ သူမ မမှတ်မိကြောင်း လုံးဝ ဝန်ခံမည်မဟုတ်ပေ။

ဝမ်ယဲ့က ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။

"မှတ်မိတာပေါ့... မမရယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်မ လန်ချန်ကို သွားပြီး ကျင့်ရုံကို ကြည့်ချင်တာက အမတ်မင်းအတွက် ထူးခြားတဲ့ မွေးနေ့လက်ဆောင်တစ်ခု ရှာပေးချင်တာလည်း ပါပါတယ်"

ဝမ်ယဲ့က စိတ်ထဲတွင် အနည်းငယ်မျှပင် အပြစ်မကင်းသလို ခံစားရခြင်းမရှိဘဲ ချက်ချင်း လိမ်ညာပြီး ဖန်တီးပြောဆိုလိုက်သည်။

လင်မယားနှစ်ယောက်ကြားမှ သဟဇာတဖြစ်မှုနှင့် နွေးထွေးမှုကို မြင်တွေ့ရသောကြောင့် လုသခင်မလည်း ဝမ်းသာနေရှာသည်။ သူမက ထပ်ပြောလိုက်သေးသည်။

"ညီမလေးမှာ ဒီလို ရည်ရွယ်ချက်ရှိတာ ကောင်းတာပေါ့၊ ဒါပေမယ့် ငွေကြေးကိစ္စကိုတော့ တွန့်တိုမနေနဲ့ဦး၊ အနောက်ဘက်ခြံဝန်းကလည်း လတိုင်း ဝင်ငွေကောင်း နေတာပဲလေ၊ ဘာမဆို လိုအပ်တာရှိရင် စာရင်းကိုင်အခန်းကို သွားယူလိုက်ပေါ့"

သူမ၏ ကိုယ်ပိုင်စုဆောင်းငွေကို သုံးစွဲရန် မလိုတော့သဖြင့် ဝမ်ယဲ့က အမှန်တကယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း သူမက ပြန်ပြောလိုက်သေးသည်။

"အမတ်မင်းရဲ့ ပိုက်ဆံကို သုံးပြီး သူ့အတွက် မွေးနေ့လက်ဆောင် ဝယ်ပေးတယ်ဆိုတာက... အဲ့ဒါက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လားဟင်"

လုသခင်မက ပြန်ချေပလိုက်သည်။

"ဘာက မသင့်တော်ရမှာလဲ၊ နင်တို့က လင်မယားတွေလေ၊ လင်မယားဆိုတာ တစ်စိတ်တဝမ်းတည်းပဲ၊ သူ့အပိုင် ငါ့အပိုင် ခွဲနေစရာ မလိုဘူး၊ ပြီးတော့ ကျိထန်းကလည်း လတိုင်း လစာ ရနေတာလေ၊ အိမ်တော်ကလည်း သူ့ရဲ့ အသုံးစရိတ်ကို တစ်ရက်မှ မပျက်ကွက်စေခဲ့ဘူး၊ အဲ့ဒါက သူ သုံးဖို့အတွက် လုံလောက်တာထက်တောင် ပိုနေပြီ၊ အဲ့ဒီပိုက်ဆံတွေကို ဘဏ္ဍာတိုက်ထဲမှာပဲ ဒီအတိုင်း ပစ်ထားတော့ ဘာထူးမှာလဲ၊ နင်နဲ့ ရွှမ်အာပဲ မသုံးရင် ဘယ်သူ သုံးမှာလဲ"

လုသခင်မက သူမ၏ အမြင်ကို ရှင်းရှင်းလင်းလင်း ပြောပြလာသဖြင့် ဝမ်ယဲ့အနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ပေ။ သူမက လိမ္မာသိတတ်စွာဖြင့် နာနာခံခံ ပြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့ မမ ပြောတဲ့အတိုင်း လုပ်ပါ့မယ်"

ထိုနေ့ညနေတွင် ရွှီယွဲ့ကျားက နောက်ထပ် သုံးရက်အကြာ၌ ဝမ်ယဲ့ လန်ချန်သို့ ထွက်ခွာတော့မည်ကို သိရှိသွားသော်လည်း တုံ့ပြန်မှုတော့ မပြခဲ့ပေ။ သို့သော်လည်း ဝမ်ယဲ့၏ စူးရှသော အကဲခတ်နိုင်စွမ်းအရ သူ၏ စိတ်ခံစားချက် သိပ်မကောင်းလှကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

ဝမ်ယဲ့က သူ့ကို ရှင်းပြလိုက်သည်။

"ကျွန်မက အကြီးဆုံးယောင်းမရဲ့ ကိုယ်စား သွားပေးရမှာလေ၊ ရက်အနည်းငယ်ပဲ ကြာမှာပါ"

ရွှီယွဲ့ကျားက သူမ စကားကို မယုံကြည်ပေ။

"ရက်အနည်းငယ်ပဲလား"

သူ့အကြည့်က စူးရှလွန်းလှသဖြင့် သူမ၏ စိတ်ကို ထိုးဖောက်မြင်နိုင်နေသည့်အတိုင်း ဖြစ်နေလေသည်။

ဝမ်ယဲ့က မုန့်များကို တမြုံ့မြုံ့ဝါးနေသည့် ရွှီယွိရွှမ်ကိုပါ ဆွဲခေါ်ပြီး ပြန်ပြောလိုက်သည်။

"ကျွန်မ ရွှမ်အာနဲ့ ပြောပြီးသွားပြီ၊ ကျွန်မ မရှိတဲ့ ရက်တွေမှာ သူ ရှင်နဲ့အတူ အိပ်ပေးလိမ့်မယ်"

ရွှီယွိရွှမ်ကလည်း အလိုက်တသိ ပူးပေါင်းပါဝင်ပေးနေသည်။

"ဖေဖေ မကြောက်နဲ့နော်... ရွှမ်အာ ဖေဖေနဲ့အတူ အိပ်ပေးမယ်"

သူ့မေမေ သူ့ကို ပြောထားသည်မှာ သူ့ဖေဖေက ညဘက် တစ်ယောက်တည်း အိပ်ရလျှင် ကြောက်တတ်သဖြင့် သူက အတူတူ နေပေးရမည်ဟူ၍ ဖြစ်သည်။

ရွှီယွိရွှမ်က သူ့ဖေဖေ ဘာကို ကြောက်နေမှန်း မသိသော်လည်း သားတစ်ယောက်အနေဖြင့် သူ့ဖေဖေကို ကာကွယ်ပေးရန်က သူ့တာဝန်ဟု ခံယူထားသည်။

ရွှီယွဲ့ကျားက ငြင်းဆန်လိုက်သည်။

"မင်းဘာသာမင်း သွားပါ၊ သူ့ကို မလိုဘူး"

ရွှီယွိရွှမ်က ထိုစကားကို နားလည်နေပြီး ချက်ချင်း နှုတ်ခမ်းလေး စူကာ သူ့ကိုယ်တစ်ဝက်ကို စောင်းပြီး ရွှီယွဲ့ကျားအား ကျောပေးလိုက်သည်။

ဝမ်ယဲ့က ရယ်မောလိုက်ပြီး စိတ်ထဲတွင် ရှိသည့်အတိုင်း ဖွင့်ပြောလိုက်သည်။

"ရှင်က သူ အိပ်ရာ စိုအောင် လုပ်မှာကို စိုးရိမ်နေတာလား"

ယခုတစ်ကြိမ်တွင်တော့ ရွှီယွိရွှမ်က သူ့ကိုယ်တစ်ခုလုံးကို လှည့်ပစ်လိုက်ပြီး ဝမ်ယဲ့ကိုပါ ဂရုမစိုက်တော့ပေ။

ရွှီယွဲ့ကျားက သူ့သားကို တစ်ချက် ကြည့်လိုက်ပြီး သူ့အကြည့်က ဝမ်ယဲ့ဆီသို့ ပြန်ရောက်လာကာ ထပ်ပြောလိုက်သည်။

"စောစော ပြန်လာခဲ့"

ဝမ်ယဲ့က ကတိပေးလိုက်သည်။

"ပြန်လာပါ့မယ်"

ဝမ်ယဲ့၏ ပါးစပ်မှ ထွက်လာသော "ပြန်လာပါ့မယ်" ဆိုသည့် စကားလုံးက သိပ်ပြီး ယုံကြည် စိတ်ချရမှု မရှိမှန်း သူမကိုယ်တိုင် သိသော်လည်း ရွှီယွဲ့ကျားကတော့ သူမကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

ထိုအချိန်တွင် ဝမ်ယဲ့က ရုတ်တရက် သတိရသွားပြီး ထပ်ပြောလိုက်သည်။

"ဒါနဲ့... ရှင့်ရဲ့ မွေးနေ့ မကြာခင် ရောက်တော့မယ်နော်"

ရွှီယွဲ့ကျား : "အင်း..."

သူက အမူအရာ လုံးဝ မရှိဘဲ ပြန်ထူးနေဆဲပင်။

ဝမ်ယဲ့က သူ ကြားရုံမျှ လေသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။

"ကျွန်မ ရှင့်အတွက် ဘယ်လို မွေးနေ့လက်ဆောင်မျိုး ပြင်ဆင်ပေးသင့်လဲ"

ထိုအချိန်မှသာ ရွှီယွဲ့ကျား၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏ အမူအရာကလည်း သိသိသာသာ နူးညံ့ပျော့ပျောင်းသွားခဲ့သည်။

All Chapters