← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆ အဆင့်မြင့်ဗားရှင်း

"ဟုတ်ပါပြီလေ"

ဝမ်ယဲ့က သူမကို ကျောပေးထားသည့် လုံးဝန်းသော ခေါင်းလုံးလေးကို ကြည့်ကာ အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"ရွှမ်အာလည်း တစ်ခု ရမှာပေါ့"

သူမ စကားပြောပြီးသည်နှင့် ရွှီယွိရွှမ်က အသံတိုးတိုးလေးဖြင့် ဝူးဝူးဝါးဝါး ပြန်ထူးနေရှာသည်။ ယခင်ကထက် အများကြီး ပိုတိုးသော်လည်း ယခုတစ်ကြိမ်တွင် ဝမ်းသာအားရ ဖြစ်နေသည့် အသံလေး ဖြစ်သည်။

ဝမ်ယဲ့က လက်လှမ်းပြီး သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း စိတ်ထဲမှ တွေးနေပြန်သည်။

'သူက တကယ်ကို ချော့မော့ရ လွယ်တာပဲ၊ ချစ်စရာကောင်းတဲ့ ကောင်လေး....'

ယခင် ရှီးချွမ်တောင်သို့ သွားခဲ့စဉ်က အကွာအဝေး နီးကပ်သည့်အပြင် ထိုသစ်တောဥယျဥ်ခြံက လုသခင်မ၏ ခန်းဝင်းပစ္စည်း ဖြစ်သောကြောင့် အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းများကိုသာ အဓိက ယူဆောင်သွားခဲ့ကြသည်။ သို့သော် ယခုတစ်ကြိမ်တွင် လန်ချန်သို့ သွားရမည် ဖြစ်ပြီး မြို့တော်မှ ထွက်ခွာကာ အခြားပြည်နယ်တစ်ခုသို့ အမှန်တကယ် သွားရောက်ရမည် ဖြစ်သည်။

ထို့ကြောင့် အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းများအပြင် ကဏ္ဍပေါင်းစုံ၌ လိုအပ်မည့် ပစ္စည်းများကို ဂရုတစိုက် စဉ်းစားပြင်ဆင်ရမည် ဖြစ်သည်။

သူတို့နှင့်အတူ လိုက်ပါမည့် အစောင့်ရဲမက် အရေအတွက်ကလည်း ပြီးခဲ့သည့်အကြိမ် ရှီးချွမ်တောင်သို့ သွားစဉ်ကထက် နှစ်ဆ တိုးလာခဲ့သည်။

လုသခင်မက ဝမ်ယဲ့အား သူမကိုယ်စား သွားခွင့်ပြုရန် သဘောတူခဲ့သော်လည်း စိုးရိမ်ပူပန်နေဆဲပင်။ သူမက ဝမ်ယဲ့ကို ခစားနေသည့် အစေခံမိန်းကလေးနှစ်ယောက်ဖြစ်သော ယွင်ကျီနှင့် ထောင်ကျီတို့ကို အဓိကခြံဝန်းသို့ အထူးခေါ်ယူခဲ့ပြီး အထိန်းတော်ရှန်းအား သေသေချာချာ ညွှန်ကြားသင်ပြခိုင်းခဲ့သည်။

ဝမ်ယဲ့ကတော့ ဤအချက်အပေါ် မည်သည့်ကန့်ကွက်မှုမျှ မရှိခဲ့ပေ။ သူမ၏ အစေခံမိန်းကလေးများ ပိုကျွမ်းကျင်လေလေ၊ သူမကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲ ပိုပြီး ပျင်းလို့ရလေလေဟု ဝမ်ယဲ့ ယူဆထားခဲ့သည်။

အထိန်းတော်ရှန်းက လုသခင်မ၏ လက်ရုံးတစ်ဦး ဖြစ်သည့်အတွက် အလွန် အရည်အချင်းရှိပြီး လိမ္မာပါးနပ်သူဖြစ်မှန်းလည်း သိသာနေသည်။ ယွင်ကျီနှင့် ထောင်ကျီတို့အနေဖြင့် အထိန်းတော်ရှန်းထံမှ သင်ယူခွင့်ရခြင်းဖြင့် ဧကန်မုချ အကျိုးကျေးဇူး အများကြီး ရှိပေလိမ့်မည်။

လန်ချန် ခရီးစဉ်အတွက် လိုအပ်သော ခရီးဆောင်အိတ်များနှင့် ပစ္စည်းပစ္စယများ ပြင်ဆင်ရသည်မှာ နှစ်ရက်အပြည့် ကြာမြင့်ခဲ့သည်။ ဝမ်ယဲ့က သူမ မထွက်ခွာမီ တစ်ရက်အလိုတွင် ဝမ်အိမ်တော်သို့ ပြန်ရန် စီစဉ်ခဲ့သည်။

ဝမ်ရန်က တစ်လလျှင် နှစ်ရက် အိမ်ပြန်နားခွင့်ရှိပြီး ယနေ့က ယခုလ၏ ပထမဆုံး နားရက် ဖြစ်ကြောင်း ဝမ်ယဲ့ တွက်ချက်ထားပြီး ဖြစ်သည်။ အကယ်၍ သူမ ယနေ့ မသွားဖြစ်လျှင် နောက်ထပ် တစ်လ ထပ်စောင့်ရပေလိမ့်မည်။

ထိုအကြောင်းကို သိရှိသွားသည့် လုသခင်မကလည်း သာမန်အားဆေးအချို့ကို ရွေးချယ်ပေးခဲ့သည်။ လက်ဆောင်ပစ္စည်းများ ယူဆောင်သွားခြင်းက အမြဲတမ်း ပိုကောင်းသည်ကို သိနေသောကြောင့် ဝမ်ယဲ့အား ယူသွားရန် တိုက်တွန်းခဲ့သည်။

တာ့ကျင်းမင်းဆက်တွင် လက်ထပ်ပြီးသား အမျိုးသမီးများက သာမန်နေ့ရက်များတွင် မိဘအိမ်သို့ ပြန်ရန် မလွယ်ကူသော်လည်း နယ်စားမင်းအိမ်တော်တွင်တော့ လုသခင်မက သူမ၏ မိဘများနှင့် တွေ့ဆုံရန် တင်းအန်းမြို့စားမင်းအိမ်တော်သို့ ခဏခဏ ပြန်လေ့ရှိသည်။

ဝမ်ယဲ့ မိဘအိမ်သို့ ပြန်မည့်ကိစ္စနှင့် ပတ်သက်လျှင်လည်း လုသခင်မ၏ စိတ်ထဲတွင် အခြားအတွေးများ မရှိနေခဲ့ပေ။ လုသခင်မ နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာကတည်းက သူမကိုယ်တိုင် အရာရာကို ဦးဆောင်ကိုင်တွယ်ခဲ့ရပြီး စည်းမျဉ်းစည်းကမ်း အားလုံးကိုလည်း သူမကိုယ်တိုင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ လက်အောက်ငယ်သားများကို စီမံခန့်ခွဲသည့် နည်းလမ်းက ထိရောက်မှုရှိပြီး သူမ၏ မိသားစုနှင့် ဆက်ဆံရာတွင်လည်း အရာရာက သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသရွေ့ သူမက ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပေ။

ဝမ်ယဲ့ကလည်း သူမ ယူဆောင်သွားရန် ကောင်းမွန်သော ပစ္စည်းအချို့ကို ထပ်ရွေးချယ်လိုက်သည်။ သူမ ထိုပစ္စည်းများ ထုပ်ပိုးနေစဉ် ရွှီယွိရွှမ်တစ်ယောက် အပြေးအလွှား ရောက်လာပြီး မေးနေပြန်သည်။

"မေမေ... ဘာလို့ ရွှမ်အာကို အတူတူ ခေါ်မသွားတာလဲဟင်"

ဝမ်ယဲ့က သူ့ကို ငုံ့ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"မေမေက ရွှမ်အာရဲ့ ဖေဖေကိုတောင် ခေါ်မသွားဘူးလေ"

သူမ၏ အသံက အရမ်းလည်း မကျယ်သလို အရမ်းလည်း မတိုးလှပေ။ အနောက်ဘက်စာကြည့်ခန်းတွင် ရုံးတော်အလုပ်များ ကိုင်တွယ်နေသည့် ရွှီယွဲ့ကျားအတွက် သူမ၏ စကားကို အတိုင်းသား ကြားနေရသည်။ ဆန်စက္ကူပေါ်တွင် ရေးလက်စ သူ့စုတ်တံက ခဏမျှ ရပ်တန့်သွားပြီးမှ ဆက်ရေးသားနေသည်။

ရွှီယွိရွှမ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်ပြန်သည်။

"ဒါဆို မေမေ... ရွှမ်အာအတွက် အရသာရှိတာတစ်ခုခု ယူလာပေးမှာလား"

"ကြက်တောင်ပံ စားချင်တယ်"

သူက နှုတ်ခမ်းလေး စူကာ တောင်းဆိုနေပြီး ထိုအရာကို သူ တောင့်တနေခဲ့သည်မှာ ဘယ်လောက်တောင် ကြာနေပြီမှန်း သိသာရန် အမူအရာဖြင့် ပြသနေသည်။ ဝမ်ယဲ့လည်း မရယ်ဘဲ မနေနိုင်တော့ချေ။

‘ဒီကောင်လေး အရသာရှိတာတစ်ခုခုကို တောင့်တနေတာက ဆန်းတော့မဆန်းပါဘူး‌လေ’

လုသခင်မ၏ နေ့စဉ်မပျက် ပို့ပေးသော စွပ်ပြုတ်ကို မသောက်ရသည်မှာ လဝက်ကျော်သွားပြီဖြစ်ပြီး သူ စားနိုင်သည့် အခြားဟင်းလျာများက ရွှီယွဲ့ကျား ပုံမှန်စားလေ့ရှိသည့် အစားအစာထက်ပင် ပိုအရသာပေါ့ပျက်ပျက် ဖြစ်နေခဲ့သည်။ ဤမျှလောက်ကြာအောင် အရသာပေါ့သည်များကိုသာ စားခဲ့ရသောကြောင့် သူ ရုတ်တရက် ကြက်ကင် စားမိပါက သူ့ဗိုက်ကလေး နာသွားနိုင်ပေသည်။

ထို့ကြောင့် ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"ရွှမ်အာရဲ့ အဖွားအိမ်မှာ မုန့်လုပ်တာ အရမ်းတော်တဲ့ စားဖိုမှူးတစ်ယောက် ရှိတယ်၊ ရွှမ်အာ... သူ့ရဲ့ ဆီးသီးမုန့်လေးတွေ စားကြည့်ချင်လား"

ရွှီယွိရွှမ်ကတော့ အမှန်တကယ် စားချင်နေသဖြင့် သူ့ခေါင်းလေးကို အသည်းအသန် ညိတ်ရင်း ပြန်ဖြေနေရှာသည်။

"ရွှမ်အာ စားချင်တယ်"

ဝမ်ယဲ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ရင်း ညည်းညူလိုက်သည်။

"ဒါပေမယ့် မေမေ့ရဲ့ လက်တွေက အားမရှိဘူး၊ တစ်ခါသွားရင် တစ်ခုပဲ သယ်လာနိုင်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွိရွှမ်၏ မျက်ခုံးတန်းလေးနှစ်ခုက တစ်ခုနှင့်တစ်ခု ထိလုနီးပါး တွန့်ချိုးသွားသည်။ အတော်ကြာအောင် ဝေခွဲမရဖြစ်နေပြီးမှ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။

"ဒါဆို... ဒါဆိုလည်း ဆီးသီးမုန့်ပဲ ယူခဲ့ပေးပါနော်"

ထိုသို့ပြောပြီးနောက် သူ့နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ မျှော်လင့်တကြီး ဖြစ်နေသည့်အပြင် စိတ်လှုပ်ရှားမှုကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်ထားပုံရသည်။

"ကောင်းပြီလေ"

ဝမ်ယဲ့က သဘောတူလိုက်ပြီး ထပ်ကတိပေးလိုက်သည်။

"မေမေ ရွှမ်အာအတွက် သေချာပေါက် ယူခဲ့ပေးမယ်"

ရွှီယွိရွှမ်က ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။

"အင်း... အင်း"

ကလေးငယ်လေး၏ ကိစ္စကို ဖြေရှင်းပြီးနောက် ဝမ်ယဲ့က စာကြည့်ခန်းထဲသို့ လျှောက်ဝင်သွားပြီး အမျိုးသားလေးကို မေးလိုက်သည်။

"ယောက်ျား... ရှင်ရော... ဘာစားချင်တာ ရှိလဲဟင်၊ ကျွန်မ ရှင့်အတွက်ပါ တစ်ခါတည်း ဝယ်ခဲ့ပေးမယ်လေ"

ရွှီယွဲ့ကျားက မျက်လုံးပင့်ကြည့်ရင်း ပြန်ပြောလိုက်သည်။

"ကိုယ်က ဘာမဆို အဆင်ပြေပါတယ်၊ အစား မရွေးဘူး"

"ကောင်းပါပြီ"

ဝမ်ယဲ့က သူ့တုံ့ပြန်မှုကို မအံ့သြမိဘဲ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်ပြီး စာကြည့်ခန်းထဲမှ လှည့်ထွက်လာခဲ့သည်။

သူမ လှည့်ထွက်သွားသည့် ထိုခဏချင်းမှာပင် ရွှီယွဲ့ကျား၏ အမြဲတမ်း တင်းစေ့နေတတ်သော နှုတ်ခမ်းအစုံက အနည်းငယ်မျှ ကွေးညွတ်သွားခဲ့သည်။

သို့သော်လည်း ခဏမျှသာ ဖြစ်သည်။

......။.......။......

ရှန်းသခင်မဘက်တွင်လည်း မနေ့ကတည်းက ဝမ်ယဲ့ထံမှ သူမ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် ဝမ်ရန်က လာရောက် ဂါရဝပြုပြီးနောက် ရှန်းသခင်မက သူမကို ခဏလောက် စောင့်ဆိုင်းရန် ပြောလိုက်သည်။

ဝမ်ရန်က သူမ၏ အစ်မ ယနေ့လာမည်ကို မသိသေးပေ။ သူမက သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

"အမေ... သမီးကို သီးသန့်ပြောစရာ ရှိလို့လားဟင်"

"အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊နင့်ရဲ့ စတုတ္ထအစ်မက ဒီနေ့ အိမ်ကို ပြန်လာပြီး နင်တို့ကို လာကြည့်ချင်လို့တဲ့၊ နောက်ထပ် ရှီးချန်တစ်ဝက်လောက်ဆို ရောက်လာလိမ့်မယ်"

ဝမ်ရန်၏ မျက်ဝန်းများထဲတွင် ပြင်းပြသော ဝမ်းသာရိပ်များ ချက်ချင်း ဖြတ်ပြေးသွားသော်လည်း သူမ၏ စကားလုံးများကတော့ တည်ငြိမ်နေဆဲပင်။

"ဒါဆို သမီး အမေ့နားမှာ ခဏလောက် ပိုနေပြီး အဖော်လုပ်ပေးပါ့မယ်"

ရှန်းသခင်မက သူမ၏ အငယ်ဆုံးသမီးကို တိတ်တဆိတ် အကဲခတ်နေသည်။ ချန်လဲ့မင်းသမီး၏ စာသင်ဖော်ဖြစ်လာကတည်းက သူမ၏စရိုက်က ပိုတည်ငြိမ်လာပြီး အပြောအဆို အမူအရာများကလည်း စည်းစနစ်ကျလာကာ အပြစ်ပြောစရာ မရှိတော့ပေ။ အိမ်တော်သို့ ပြန်နားခွင့်ရသည့် ရက်များတွင်လည်း သူမက တရားဝင်မိခင်ဖြစ်သူကို အမြဲတမ်း လာရောက်ဂါရဝပြုတတ်ပြီး သူမ၏ အပြုအမူ အနေအထိုင်က လိုက်လျောညီထွေဖြစ်ကာ တစ်ဖက်လူကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

ယခုလည်း "အမေ့နားမှာ ခဏလောက် ပိုနေပြီး အဖော်လုပ်ပေးပါ့မယ်" ဟု ပြောနေသော်လည်း သူမ၏စိတ်ထဲမှ ဝမ်ယဲ့အား စောင့်ချင်နေသည့် အဓိပ္ပာယ်ကိုတော့ ဖုံးကွယ်မထားခဲ့ပေ။

၎င်းက သခင်မရှန်းအား လွန်ခဲ့သော နှစ်အနည်းငယ်က ဝမ်ယဲ့ကို ရုတ်တရက် ပြန်သတိရမိစေသည်။ ထိုစဉ်က သူမအနေဖြင့် ဝမ်ယဲ့အား သူမ၏ သမီးများအနက် စိတ်အပူရဆုံးဟု သတ်မှတ်ထားဆဲဖြစ်ပြီး ဝမ်ယဲ့သည်လည်း ယနေ့ ဝမ်ရန်ကဲ့သို့ပင် ပြုမူနေထိုင်ခဲ့ဖူးသည်။

မည်သို့ပင်ဖြစ်စေ သူတို့က ညီအစ်မအရင်းအချာများ ဖြစ်နေဆဲပင်။ သူတို့၏ အမှန်တကယ် ပင်ကိုယ်စရိုက်များက ကောင်းကင်နှင့် မြေကြီးလို ကွာခြားနေသော်လည်း အတူတူရေရှည် နေထိုင်လာခဲ့ကြသည့်အတွက် အချို့သော ဆင်တူယိုးမှား အပြုအမူလေးများကတော့ ရှိနေသေးသည်။

ရှန်းသခင်မ စကားပြောပြီး မကြာမီမှာပင် ယင်ရွှမ်း ဝင်လာပြီး စတုတ္ထသခင်မလေး ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းပို့လာသည်။

ဝမ်ယဲ့က ခပ်သွက်သွက် ရောက်ရှိလာပြီး သူမ ဝင်လာသည်နှင့် တစ်ပြိုင်နက် ရှန်းသခင်မကို အရင်ဆုံး ဂါရဝပြုလိုက်သည်။

သူမ၏ ကျင့်ဝတ်အရာတွင် နန်းတွင်းမှ အတင်းကြပ်ဆုံးသော အထိန်းတော်ကြီးများပင် သူမ၏ အမူအရာ ပျက်ကွက်မှုကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ရှန်းသခင်မက သူမကို ထခိုင်းလိုက်ပြီး ဝမ်ရန်၏ အပေါ်ဘက်ရှိ ခုံတစ်ခုကို ညွှန်ပြကာ ထိုင်ခိုင်းလိုက်သည်။

ဝမ်ယဲ့က ဝင်ထိုင်လိုက်ပြီးနောက် သူမ၏ ညီမငယ်လေးနှင့် တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် ရှန်းသခင်မဘက်သို့ လှည့်ကာ တရိုတသေ မေးမြန်းနေသည်။

"အမေ... အခုတလော နေကောင်းကျန်းမာရဲ့လားဟင်"

၎င်းက လုပ်ထုံးလုပ်နည်းအရ မပျက်မကွက် မေးမြန်းရမည့် ဝတ္တရားတစ်ခု ဖြစ်ပြီး ရှန်းသခင်မရော ဝမ်ယဲ့ပါ ဤအချက်ကို နားလည်ထားကြသည်။

ရှန်သခင်မက ခေါင်းကို အသာအယာ ငြိမ့်ပြရင်း ပြန်ပြောလိုက်သည်။

"အင်း... အဆင်ပြေပါတယ်၊ အိမ်ကလူတွေအားလုံးလည်း ကျန်းမာကြတယ်"

ဝမ်ယဲ့က စိတ်အေးသွားသည့် အမူအရာကို ချက်ချင်း ပြသလိုက်ရင်း ထပ်ပြောလိုက်သည်။

"ကျွန်မ အမေ့အတွက် အာဟာရဖြည့်စွက်စာတချို့ ယူလာခဲ့သေးတယ်"

ထိုသို့ပြောပြီးနောက် သူမက ဘေးရှိ အစေခံမိန်းကလေးထံ ခေါင်းလှည့်ကာ ညွှန်ကြားလိုက်သည်။

"ယွင်ကျိ... နင် သွားပြီး သေသေချာချာ စစ်ဆေးလိုက်ဦး၊ ဘာတစ်ခုမှ မကျန်ခဲ့စေနဲ့နော်"

ယွင်ကျိက ဒူးလေးအသာညွတ်ကာ အရိုအသေပေးရင်း ပြန်ဖြေလိုက်သည်။

"ဒီအစေခံ နားလည်ပါပြီရှင့်"

ရှန်းသခင်မက ပြီးခဲ့သည့်အကြိမ်က သူမ လက်ခံရရှိခဲ့သော နန်းတွင်းသုံး ငှက်သိုက်ကို သတိရသွားပြီး စိတ်ထဲတွင် အနည်းငယ် အားနာသွားမိသည်။

"ဘာလို့ အကြောင်းပြချက်မရှိဘဲ အာဟာရဖြည့်စွက်စာတွေ ဒီလောက်အများကြီး ယူလာရတာလဲ"

ဝမ်ယဲ့က အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။

"အစက ယူလာဖို့ စိတ်မကူးမိပါဘူး၊ ဒါပေမယ့် ကျွန်မရဲ့ အကြီးဆုံးယောင်းမက ကျွန်မ အမေနဲ့ ညီမလေးဆီ လာလည်မယ်ဆိုတာကို သိသွားပြီး သူကပဲ ဂိုဒေါင်ထဲကနေ ဒါတွေကို ထုတ်ပြီး ယူသွားပေးဖို့ ပြောတာနဲ့ ယူလာခဲ့တာပါ"

ဟန်ဆောင်ပန်ဆောင် ယဥ်ယဥ်ကျေးကျေးစကား နှစ်ခွန်း၊ သုံးခွန်း ပြောပြီးနောက်တွင်တော့ မိခင်နှင့် သမီးကြားမှ နားလည်ပြီးသား သရုပ်ဆောင်မှုများ ပြိုကွဲသွားရသည်။

ရှန်းသခင်မက မည်သည့်ခံစားချက်မျှမပါသော လေသံဖြင့် မေးလာခဲ့သည်။

"လုသခင်မက နင့်ရဲ့ လှည့်ကွက်တွေကို အခုထိ မရိပ်ပုံသေးဘူးလား"

ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"ရိပ်မိလောက်မှာပါ၊ ဒါပေမယ့် သူက အခု ကျွန်မကို သဘောကျနေပြီဆိုတော့ သူ ရိပ်မိတာ၊ မရိပ်မိတာက သိပ်ပြီး အရေးမကြီးတော့ပါဘူး"

ရှန်းသခင်မ : "..."

‘ဒီလောက်ကြာသွားတာတောင် ဒီသမီးရဲ့ စကားပြောပုံနဲ့ စရိုက်ကတော့ လုံးဝ ပြောင်းလဲမသွားသေးဘူး’

ဝမ်ယဲ့က ဆက်ပြောလိုက်သည်။

"အော်... ဒါနဲ့ အမေ၊ ကျွန်မ မနက်ဖြန် လန်ချန်ကို သွားမလို့၊ တစ်ပတ် ဆယ်ရက်ကနေ လဝက်လောက်အထိ ကြာမယ် ထင်တယ်"

သူမ ပို့ထားသည့် စာထဲတွင် ဤအကြောင်းကို ထည့်မရေးထားခဲ့သဖြင့် ရှန်းသခင်မလည်း ထိုအကြောင်းကို မသိရသေးပေ။

"လန်ချန်ကို ဘာသွားလုပ်မလို့လဲ"

"နယ်စားမင်းအိမ်တော်က ဆက်ခံသူသခင်လေးက လန်ချန်မှာ ရှိတဲ့ စုန့်ရှန်းကျောင်းတော်မှာ စာသင်နေတာလေ၊ သူ အိမ်တော်ကို စာပြန်မပို့တာ အတော်ကြာပြီဆိုတော့ လုသခင်မက စိတ်ပူနေတာ၊ ဒါပေမယ့် သူကိုယ်တိုင် သွားကြည့်ဖို့ကလည်း အချိန်မပေးနိုင်ဖြစ်နေတယ်၊ အဲ့ဒါကြောင့် ကျွန်မကပဲ သူ့ကိုယ်စား ကူညီပြီး သွားကြည့်ပေးမလို့ပါ"

ရှန်သခင်မက အပေါ်ယံတုံ့ပြန်မှုတစ်ခုသာ ပြန်ပေးနေသည်။

"အော်... ငါ နားလည်ပြီ"

တကယ်တမ်းတွင်တော့ သူမက ဝမ်ယဲ့ပြောနေသည့် စကားများ၏ တစ်ဝက်ကိုသာ ယုံကြည်နိုင်သည်။ သူမ၏ ဤစတုတ္ထသမီးက တာဝန်ဝတ္တရားများကို အလကားနေရင်း သူမဘာသာ ဦးဆောင်ပြီး ထမ်းရွက်မည့် လူစားမျိုး မဟုတ်ပေ။ သူမ၏ ရှေ့တွင် ပိုခက်ခဲသော အလုပ်တစ်ခုခု ရှိနေ၍သာ သူမ ဤသို့ ရွေးချယ်လိုက်ခြင်းပင်။

ရှန်းသခင်မနှင့်အတူ သရုပ်ဆောင်မှုအပိုင်းကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက် ဝမ်ယဲ့က သူမ၏ ညီမငယ်ကို ရှီးစွေ့ခြံဝန်းသို့ အောင်အောင်မြင်မြင် ခေါ်ဆောင်လာနိုင်ခဲ့သည်။

သို့သော် သူမ မထွက်ခွာမီ ဝမ်ယဲ့က နောက်ဆုံးစကားတစ်ခွန်းကို ကောက်ကာငင်ကာ ပြောလိုက်သေးသည်။

"အော်... ဒါနဲ့ အမေ၊ သမီး အိမ်က မထွက်ခင်တုန်းက ရွှမ်အာက သူ့အဖွားအိမ်က ဆီးသီးမုန့် စားချင်တယ်လို့ ပူဆာနေတာလေ၊ အမေရော ဘယ်လိုထင်လဲဟင်"

ရှန်သခင်မ : "…ခဏနေရင် နင့်အတွက် တစ်ဗူး သေသေချာချာ ပြင်ဆင်ပေးခိုင်းလိုက်မယ်"

ဝမ်ယဲ့က ချိုသာသော အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အမေ"

ရှန်သခင်မက စိတ်မရှည်ဟန်ဖြင့် သူမကို နှင်လွှတ်လိုက်သည်။

"သွား... သွားတော့"

......။.......။.......

ရှီးစွေ့ခြံဝင်းသို့ ပြန်သည့်လမ်းခရီးတွင် ဝမ်ယဲ့က ဝမ်ရန်ကို နန်းတွင်းထဲ၌ သူမ၏ နေထိုင်ဖြတ်သန်းမှု အခြေအနေများ မေးမြန်းလာခဲ့သည်။ သူမတို့ နောက်ဆုံးအကြိမ် စကားပြောဖြစ်ခဲ့သည်က လျိုရှီ၏ သမီးလေး ရက်တစ်ရာပြည့်ဧည့်ခံပွဲတွင် ဖြစ်ပြီး၊ ထိုစဉ်က အလွန် ကမန်းကတန်း ဖြစ်နေခဲ့သဖြင့် သေသေချာချာ စကားမပြောနိုင်ခဲ့ကြပေ။

ဝမ်ရန်က ပြန်ဖြေနေသည်။

"မင်းသမီးက ညီမလေးအပေါ် အရမ်းကောင်းပါတယ်၊ ပြီးတော့ သူငယ်ချင်းကောင်းတချို့တောင် ရခဲ့သေးတယ်"

ယခင် ဝမ်အိမ်တော်ထဲတွင် ရှိနေစဥ် ဝမ်ရန်က ယန်ရှီ၏ သားကြီး သို့မဟုတ် စာဖတ်၊ စာရေး သင်ကြားပေးသည့် ရှန်းမိသားစု စာသင်ကျောင်းမှ ကျောင်းသားများကဲ့သို့သော အသက်တူရွယ်တူများနှင့်သာ ထိတွေ့ခွင့်ရခဲ့သည်။ သူမမှလွဲပြီး အခြား မိန်းကလေး မရှိခဲ့ပေ။

ယခု မင်းသမီး၏ စာသင်ဖော်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် သူမ၏ အချိန်အများစုကို နန်းတွင်းထဲတွင်သာ ကုန်ဆုံးရသော်လည်း သူမအနေဖြင့် စိတ်မညစ်ဘဲ ပျော်ရွှင်နေပုံရသည်။

ဝမ်ယဲ့က တစ်ခုခုကို သတိရသွားပြီး ထပ်မေးလိုက်သည်။

"အဲ့ဒါက နောက်ထပ် စာသင်ဖော်နှစ်ယောက်ကို ပြောတာလား"

ဝမ်ရန်က ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။

"သူတို့က ညီမလေးအပေါ် အရမ်းကောင်းကြတယ်၊ ပြီးတော့ ညီမလေးကိုလည်း ဉာဏ်ကောင်းတယ်လို့တောင် ချီးကျူးနေကြသေးတယ်"

ဝမ်ယဲ့က ပြုံးလိုက်ပြီးမှ ထပ်မေးလိုက်သည်။

"နန်းတွင်းထဲမှာ စာသင်ရတာ စိတ်ဖိစီးမှုတွေ ဘာတွေရော ရှိသေးလား"

ဝမ်ရန်က ရိုးရိုးသားသား ပြောပြနေသည်။

"အဲ့လိုတော့ မရှိပါဘူး၊ ညီမလေးက ဆရာပေးတဲ့ အိမ်စာတွေကို အချိန်မှန်မှန် ပြီးအောင် အမြဲတမ်း လုပ်နိုင်တယ်လေ၊ ဒါပေမယ့် မင်းသမီးရယ်၊ ရှို့ရှို့ရယ်၊ ယန်ဟောင်ရယ်ကတော့ ဆရာက အိမ်စာတွေအများကြီး ပေးတာကို မကြိုက်ကြဘူး"

ဝမ်ယဲ့က ချက်ချင်း နားလည်သွားခဲ့သည်။

သူမပြောသည့် 'ရှို့ရှို့' ဆိုသည်က တော်ဝင်ကျောင်းတော်မှ ပညာရှင်မုန့်၏ မြေးမတော်စပ်ပြီး လျိုသခင်မ၏ တူမဖြစ်သူ မုန့်ရှို့ရှို့ ဖြစ်နိုင်သည်။

ကျန်တစ်ယောက်ကတော့ ဓလေ့ထုံးတမ်းရေးရာ အမတ်မင်းအိမ်တော်၏ စတုတ္ထမြောက်အိမ်ခွဲမှ သမီးအငယ်ဆုံး ဖြစ်သူ ချန်ယန်ဟောင် ဖြစ်နိုင်သည်။

"'ရှို့ရှို့က အရသာရှိတဲ့ စားစရာကောင်းကောင်းလေးတွေ စားရတာ ကြိုက်တယ်၊ ယန်ဟောင်ကတော့ လှပတဲ့ အဝတ်အစားတွေနဲ့ ရတနာတွေကို သဘောကျတာ၊ မင်းသမီးကကျတော့ အရာရာတိုင်းကို စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေတာ"

သူမ၏သူငယ်ချင်းအသစ်များအကြောင်း ပြောနေသည့်အချိန်တွင် ဝမ်ရန်တွင် ပြောစရာ စကားလုံးများ မကုန်နိုင် မခမ်းနိုင် ရှိနေလေသည်။

ဝမ်ယဲ့က စိတ်ရှည်လက်ရှည် နားထောင်ပေးနေခဲ့သည်။ မင်းသမီးက တံတိုင်းကို အကြိမ်ကြိမ် ခိုးကျော်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း မိဖုရားခေါင်ကြီး၏ ဖမ်းမိခြင်းကို ခံခဲ့ရသည်ဟူသော အကြောင်း ဝမ်ရန် ပြောပြသည့်အခါတွင်တော့ သူမ၏ မျက်ခုံးအစုံက အသာအယာ မြင့်တက်သွားခဲ့ရသည်။

ဝမ်ရန်က အကြာကြီး စကားပြောပြီးနောက် နောက်ဆုံးတွင် သတိရသွားဟန်ဖြင့် ပြောလာပြန်သည်။

“စတုတ္ထအစ်မ၊ ညီမလေး တူလေးအတွက် ကောင်းတဲ့ အရာတစ်ခု ယူလာပေးသေးတယ်"

ဝမ်ယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း ပြန်မေးလိုက်သည်။

"ဘယ်လောက်ကောင်းတဲ့ အရာမလို့လဲ"

ဝမ်ရန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူတို့နောက်တွင် လိုက်ပါလာသည့် အစေခံမိန်းကလေးအားလုံးကို အကွာအဝေး အနည်းငယ် ခွာခိုင်းလိုက်သည်။ ထို့နောက် ဝမ်ယဲ့၏ နားနားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ပြောပြနေသည်။

"အိမ်ရှေ့စံမင်းသားငယ်ငယ်က အသိဉာဏ်ပွင့်လင်းစအရွယ်မှာ သုံးခဲ့တဲ့ စာပေမှတ်စုတွေလေ"

ဝမ်ယဲ့၏ အမူအရာက ချက်ချင်း တည်တံ့လေးနက်သွားပြီး ပြန်မေးလိုက်သည်။

"နင့်ဆီမှာ ဒါတွေ ဘယ်လိုလုပ် ရှိနေရတာလဲ"

ဝမ်ရန်က အလောတကြီး ရှင်းပြနေသည်။

"အစ်မ မစိုးရိမ်ပါနဲ့၊ ဒါတွေက မင်းသမီး ညီမလေးကို ပေးတာပါ၊ အစကတော့ ညီမလေးလည်း ဒါတွေကို လက်ခံဖို့ အဆင်မပြေသလို ခံစားရတာနဲ့ ငြင်းခဲ့သေးတယ်၊ မင်းသမီးက ညီမလေးကို မိဖုရားခေါင်ကြီးဆီ ခေါ်သွားပေးခဲ့တယ်။ နောက်တော့ ဧကရာဇ်မင်းမြတ်ပါ ဒီအကြောင်းကို သိသွားတယ်၊ အဲ့ဒီစာအုပ်တွေက ဂိုဒေါင်ထဲမှာ ဖုန်တက်နေတာ ကြာပြီဖြစ်တဲ့အပြင် ညီမလေးကလည်း တူလေးကို ပေးချင်တာဆိုတော့ စာအုပ်အနည်းငယ်ကို စိတ်ကြိုက်ရွေးယူဖို့ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ခွင့်ပြုပေးခဲ့တာပါ"

နန်းတွင်းထဲတွင် နေထိုင်ရသည်က ကောင်းမွန်သည်ဆိုသော်လည်း အိမ်နှင့်တော့ ကွာခြားလှသည်။ ဝမ်ရန်လည်း ထိုကွာခြားချက်အချို့ကို စတင်နားလည်လာခဲ့ပြီ ဖြစ်သည်။ ဝမ်ယဲ့၏ အမူအရာက အနည်းငယ် ပြေလျော့သွားခဲ့သည်။ သူမက အဓိကအားဖြင့် သူမ၏ ညီမငယ်လေး တစ်ပါးသူ၏ ထောင်ချောက်ထဲသို့ ဆင်းသက်မိသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ရန်က ယခုကဲ့သို့ စနစ်တကျ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည့်အခါတွင်တော့ သူမ စိုးရိမ်မနေတော့ပေ။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ နန်းတွင်းဆိုတာက ကိုယ့်အိမ်လို မဟုတ်ဘူးလေ၊ မင်းသမီးက နင့်အပေါ် စိတ်ရင်းနဲ့ ဆက်ဆံတာဆိုတော့ နင်ကလည်း သူ့အပေါ် စိတ်ရင်းမှန်နဲ့ပဲ ဆက်ဆံရမယ်"

'နောင်ရေးအတွက် အများကြီး တွေးမပူနေနဲ့၊ လောလောဆယ် လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ'

ဝမ်ယဲ့က ထိုအတွေးကို ညီမဖြစ်သူအား ထုတ်ပြောချင်သော်လည်း သူမက အသက် ခုနစ်နှစ်အရွယ်သာ ရှိသေးသဖြင့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန် သတိကြီးကြီးထားရမည်ဟူသော စကားမျိုး အများကြီးပြောပြီး စိတ်အနှောင့်အယှက် မဖြစ်စေချင်တော့ပေ။

ဝမ်ယဲ့က ညီမ၏ဖြစ်သူ၏ စရိုက်ကို နားလည်ထားသည်။ ဝမ်ရန်က သက်တူရွယ်တူများထက် ပိုရင့်ကျက်သော်လည်း ဤရင့်ကျက်မှုက ကလေးသဘာဝအလျောက် ရင့်ကျက်မှုအဆင့်သာ ရှိနေသေးသည်။

ဝမ်ရန်က နာနာခံခံ ခေါင်းညိတ်ပြနေသည်။

“ညီမလေး အစ်မပြောတဲ့အတိုင်း လုပ်ပါ့မယ်"

ထို့နောက် ဝမ်ယဲ့က စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။

"ဒါပေမယ့် အိမ်ရှေ့စံမင်းသားရဲ့ မှတ်စုတွေက မင်းသမီးဆီကို ဘယ်လိုဖြစ်ပြီး ရောက်နေရတာလဲ"

ဝမ်ရန်က သူမ သိထားသမျှကို မျှဝေပေးနေသည်။

"မင်းသမီးပြောတာတော့ အိမ်ရှေ့စံမင်းသားက သူ့ကို နေ့တိုင်း မေးခွန်းအမျိုးမျိုးထုတ်ပြီး ဒုက္ခပေးလေ့ရှိတယ်တဲ့၊ သူကလည်း ဘယ်လိုဖြေရှင်းရမှန်း မသိဘူး၊ အဲ့ဒါကြောင့် အိမ်ရှေ့စံမင်းသားက ကိုးကားလို့ရအောင် အဲ့ဒီမှတ်စုတွေ ပေးထားတာတဲ့။ ပြီးတော့ မင်းသမီးက ပြောသေးတယ်၊ အိမ်ရှေ့စံမင်းသားက ဘယ်တော့မှ ပင်ပန်းနွမ်းနယ်သွားပုံမရဘူးတဲ့၊ သူက သူ့ခမည်းတော် ဧကရာဇ်မင်းမြတ်ထက်တောင် နေ့တိုင်း ပိုပြီး အလုပ်ရှုပ်နေတာတဲ့"

ထိုစကားက ဝမ်ယဲ့ကို တော်တော်များများ နားလည်သွားစေခဲ့သည်။

‘ဒီအိမ်ရှေ့စံမင်းသားက အလုပ်စွဲနေတဲ့ အလုပ်ရှုးတစ်ယောက်ပဲ ဖြစ်ရမယ်’

ဝမ်ယဲ့က ထပ်မေးလိုက်သည်။

"ဒါဆို နင် ဒါတွေကို ယူလာခဲ့တော့ မင်းသမီးမှာ ကိုးကားစရာ မှတ်စုတွေ မရှိတော့ဘူးပေါ့... ဟုတ်လား"

ဝမ်ရန်က အသာအယာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မင်းသမီးက ပြောတာက... ညီမလေးရှိနေရင် အဲ့ဒီမှတ်စုတွေကို ကြည့်နေစရာ မလိုတော့ဘူးတဲ့"

ဝမ်ယဲ့က သူမ၏ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်ရင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"သူက နင့်ရဲ့ ဉာဏ်ရည်နဲ့ ထက်မြက်မှုကို ချီးကျူးလိုက်တာပဲ မဟုတ်ဘူးလား"

ဝမ်ရန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငြိမ့်ပြကာ ဆက်ပြောနေသည်။

"ရှို့ရှို့နဲ့ ယန်ဟောင်ကလည်း နောက်ပိုင်း ဘယ်လိုအခက်အခဲမျိုးပဲ ကြုံရကြုံရ အဆင်ပြေပြေ ကျော်ဖြတ်နိုင်အောင်လို့ နေ့တိုင်း အသားတွေ အများကြီး စားရမယ်လို့ ညီမလေးကို ပြောကြသေးတယ်"

ဝမ်ရန် ဝမ်ယဲ့ကို မပြောပြခဲ့သည့် အခြားအကြောင်းအရာတစ်ခုလည်း ရှိနေသေးသည်။ ထိုအရာကတော့ 'ဝမ်ရန်သာ စာကြိုးစားနေသရွေ့ သူမတို့ နေ့တိုင်း စာမေးခံရပြီး ဒုက္ခရောက်နေစရာ မလိုတော့ဘူး' ဟု မုန့်ရှို့ရှို့နှင့် ချန်ယန်ဟောင်က ပြောထားခြင်းပင်။

ယခင်က စာသင်ရခြင်းက အဘယ့်ကြောင့် ပင်ပန်းဆင်းရဲစရာ ကောင်းမှန်း ဝမ်ရန် နားမလည်ခဲ့ပေ။ သို့သော် နန်းတွင်းထဲတွင် သူငယ်ချင်းများ ရလာသည့်အချိန်မှစပြီး လူတိုင်းတွင် မတူညီသည့် ဝါသနာကိုယ်စီ ရှိနေကြောင်း သူမ နားလည်လာခဲ့ရသည်။ မုန့်ရှို့ရှို့က အရသာရှိသော စားစရာများ ရှာဖွေစူးစမ်းရခြင်းကို ဝါသနာပါပြီး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်၊ စိတ်လွတ်ကိုယ်လွတ်နှင့် စားရသည်ကို ကြိုက်နှစ်သက်သည်။

ထို့အပြင် အိမ်စာများကို အမြဲတမ်း နောက်ကျမှ အပ်လေ့ရှိသည့် ချန်ယန်ဟောင်လည်း ရှိသေးသည်။ သို့သော် သူမ၏ စာရွက်ပေါ်တွင် ဆွဲထားသည့် ရတနာအဆင်တန်ဆာများနှင့် အဝတ်အစား ပုံစံများက ဝမ်ရန် တစ်ခါမှ မမြင်ဖူးလောက်အောင် အလှပဆုံး ဖြစ်နေခဲ့သည်။

ယန်ဟောင်က သူမ အရွယ်ရောက်လာလျှင် မိခင်ဖြစ်သူနှင့် ယောင်းမဖြစ်သူတို့လိုမျိုး နှုတ်ခမ်းနီနှင့် မျက်နှာချေများ စတင်သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်းနှင့် ထိုအရာများကိုပါ ထပ်မံလေ့လာချင်ကြောင်းလည်း ပြောပြခဲ့သေးသည်။

သူတို့က အရသာရှိသော အစားအစာများ၊ လှပသော ရတနာများနှင့် အဝတ်အစားများကို နှစ်သက်ကြသလိုမျိုး သူမကလည်း စာသင်ရခြင်းကို မြတ်နိုးခြင်းဖြစ်ရာ ဘာမှ ကွာခြားမှုမရှိနေတော့ချေ။

ဝမ်ရန်ထံတွင် သူငယ်ချင်းကောင်းများ ရရှိခဲ့သည့်အတွက် ဝမ်ယဲ့လည်း အလွန်ဝမ်းသာနေမိသည်။

‘နောင်ရေးက ဘယ်လိုပဲဖြစ်လာပါစေ... လောလောဆယ် လက်ရှိအချိန်မှာတော့ သူတို့အားလုံးက တစ်ယောက်အပေါ်တစ်ယောက် စိတ်ရင်းမှန်နဲ့ ဆက်ဆံနေကြတာပဲ မဟုတ်ဘူးလား’

ဝမ်ယဲ့က ဝမ်အိမ်တော်တွင် နေ့လယ်စာ ဆက်မစားဖြစ်ခဲ့ပေ။ ရှီးစွေ့ခြံဝင်း၌ မိခင်၊ ညီမငယ်လေးတို့နှင့်အတူ တစ်နာရီကျော်ခန့် အချိန်ကုန်ဆုံးပြီးနောက် သူတို့၏ လှိုက်လှိုက်လှဲလှဲ သံယောဇဉ်များကို ရင်ဝယ်ပိုက်ကာ အိမ်ပြန်လာခဲ့သည်။

နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင် နေ့လယ်စာစားရန် အချိန်အတော်အသင့် ဖြစ်နေပြီဖြစ်၍ ဝမ်ယဲ့လည်း ပင်မအဆောင်ထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် ဘယ်ဘက်မှ အမြောက်ဆန်လေးတစ်ခုကဲ့သို့ ကလေးငယ်တစ်ယောက် ပြေးဝင်လာပြီး သူမ၏ အရှေ့တည့်တည့်တွင် ရပ်လိုက်သည်။ ထိုကလေးက မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်ကာ ပြောနေလေသည်။

"မေမေ...ရွှမ်အာအတွက် ဆီးသီးမုန့်လေ"

ဝမ်ယဲ့က ပြုံးစိစိဖြင့် ပြန်ပြောလိုက်သည်။

"ဆီးသီးမုန့်တင်မကဘူးနော်"

ရွှီယွိရွှမ်၏ မျက်လုံးလေးများက ပိုတောက်ပလာပြီး မေးလာပြန်သည်။

"ကြက်တောင်ပံလား"

သူက ကြက်တောင်ပံလည်း စားချင်နေခဲ့သည်။

ဝမ်ယဲ့က ခေါင်းခါပြလိုက်ပြီး ရွှီယွဲ့ကျား အနားသို့ လျှောက်လာစဉ် ထောင်ကျီအား သစ်သားသေတ္တာကို ဖွင့်ပြခိုင်းလိုက်သည်။ ထို့နောက် ကလေးလေးကို ပြောပြလိုက်သည်။

"ဒါက မင်းရဲ့ ဒေါ်ဒေါ်ငယ် ပေးလိုက်တဲ့ အဆင့်မြင့်စာပေ မှတ်စုတွေလေ"

ရွှီယွိရွှမ်၏ မျက်လုံးများက အံ့ဩမှုအပြည့်ဖြင့် ပြူးကျယ်သွားခဲ့သည်။

ရွှီယွဲ့ကျားက စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ လက်ရေးကို အကဲခတ်ကြည့်လိုက်ပြီး အနည်းငယ် ရင်းနှီးနေသလို ခံစားရလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ဝင်မေးလိုက်သည်။

"အိမ်ရှေ့စံမင်းသားလား"

ဝမ်ယဲ့က ခေါင်းငြိမ့်ပြရင်း အကြောင်းစုံကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

အကြောင်းစုံကို ကြားသိရပြီးနောက် ရွှီယွဲ့ကျားက ပြောလာပြန်သည်။

"မင်း စိုးရိမ်မနေပါနဲ့၊ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး"

ဝမ်ယဲ့ကလည်း ပြန်ပြောလိုက်သည်။

"အစကတော့ နည်းနည်း စိတ်ပူမိသေးတယ်၊ ဒါပေမယ့် ညီမလေးက လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြတော့ မစိုးရိမ်တော့ပါဘူး"

သူ့ထံမှ စိတ်ချရကြောင်း အာမခံချက် ရရှိလိုက်သည့်အခါ သူမ ပိုစိတ်အေးသွားရသည်။

ထို့နောက်တွင်တော့ သူမက ကြောင်အမ်းအမ်းဖြစ်နေသည့် ကလေးငယ်ကို ငုံ့ကြည့်ကာ စနောက်လိုက်သည်။

"ရွှမ်အာ... ‌ဒေါ်ဒေါ်ငယ် ပေးတဲ့ လက်ဆောင်ကို တကယ်ပဲ သဘောကျရဲ့လား"

ရွှီယွိရွှမ်ကတော့ သူ၏ ငြင်းဆန်မှုကို အပြုအမူဖြင့်သာ သက်သေပြလိုက်ပြီး ချာကနဲ လှည့်ကာ ထွက်ပြေးသွားတော့သည်။

'ပြေးရုံနဲ့ အဲ့ဒီဒုက္ခပေးမယ့် မှတ်စုတွေကနေ လွတ်မြောက်နိုင်မယ် ထင်နေတာလား...'

မိနစ်အနည်းငယ် ကြာပြီးနောက် ရွှီယွိရွှမ်က လက်တစ်ဖက်တွင် စာပေမှတ်စုကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ဆီးသီးမုန့်ကို ကိုင်ထားကာ ချိုတစ်လှည့် ခါးတစ်လှည့် ဘဝကြီးကို ခံစားနေရှာသည်။

ရွှီယွဲ့ကျားက စားစရာခြင်းတောင်းထဲသို့ လှမ်းကြည့်လိုက်ပြီး ဆီးသီးမုန့်မှတစ်ပါး အခြားအရာ ဘာမှမရှိသည်ကို မြင်သွားကာ လှမ်းမေးလိုက်သည်။

"ကိုယ့်အတွက်ရော..."

ဝမ်ယဲ့က စွပ်ပြုတ်တစ်ငုံသောက်လိုက်ရင်း ပြန်မေးလိုက်သည်။

"ရှင်ပဲ ဘာဖြစ်ဖြစ် အဆင်ပြေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

ရွှီယွဲ့ကျားက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

ဝမ်ယဲ့က စွပ်ပြုတ်သောက်ရင်း ရယ်ချင်စိတ်ကို အောင့်ထားကာ ရွှီယွဲ့ကျားကို ခေတ္တမျှ စနောက်ပြီးနောက် နောက်ဆုံးတွင်တော့ အော်ရယ်လိုက်သည်။

"စတာပါရှင်... ရှင်က ဘာဖြစ်ဖြစ်ရတယ်လို့ ပြောထားတာပဲ၊ ဒါကြောင့် ကျွန်မပဲ ဆုံးဖြတ်ပေးလိုက်မယ်၊ ညအထိ စောင့်လိုက်တော့"

ရွှီယွဲ့ကျား : "……"

All Chapters