အခန်း ၇၇
Vol. 8 Ch. 77
အခန်း ၇၇ လန်ချန်သို့ ရောက်ရှိခြင်း
နောက်တစ်နေ့ နံနက် အရုဏ်မတက်မီအချိန်တွင် ဝမ်ယဲ့တစ်ယောက် သူမ၏ အတွင်းဆောင်ထဲမှ လှမ်းထွက်လာခဲ့ရာ အနောက်ဘက် စာကြည့်ဆောင်တံခါးကြီး တင်းတင်းကျပ်ကျပ် ပိတ်ထားသည်ကို မြင်လိုက်ရသည်။ သူမ အမှတ်တမဲ့ ခြေလှမ်းများကို ခပ်ဖွဖွလေး နင်းလျှောက်သွားမိပြီး အခန်းအ၀င်ဝသို့ ရောက်ရှိလာသော ထောင်ကျီပင် ထိတ်လန့်သွားရသည်။
ဝမ်ယဲ့က နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်ကာ တိုးတိုးနေရန် အလျင်အမြန် အချက်ပြလိုက်သည်။ ထောင်ကျီလည်း အသံကို တိုးနိုင်သမျှ တိုးကာ သတိပေးလိုက်ရသည်။
"သခင်မ... ကျွန်မတို့ ထွက်ခွာဖို့ တစ်ရှီးချန်ကျော်ကျော်လောက် လိုသေးတယ်ရှင့်"
ထောင်ကျီက ဝမ်ယဲ့၏ ပုံမှန်အဝတ်အစားလဲ၊ မျက်နှာသစ်နှင့် အလှပြင်ချိန်ကိုပါ တွက်ချက်ပြီး အချိန်စောစော လာရောက် ပြင်ဆင်ပေးခြင်း ဖြစ်သည်။
ဝမ်ယဲ့က သူမ၏ ဝတ်စုံကို ပြုပြင်ရင်း ပြန်မေးလိုက်သည်။
"အမတ်မင်းရော... ဘယ်မှာလဲ"
ထောင်ကျီက ပြန်ဖြေလိုက်သည်။
"အရှေ့ဘက် ခြံဝင်းကို သွားပါတယ်ရှင့်၊ ဒါပေမယ့် လျိုရှင်း ခုနတင် လာပြောသွားတာကတော့ ဒုတိယသခင်က သခင်မနဲ့အတူ မနက်စာ အတူတူစားမယ်လို့ ပြောပါတယ်"
'မနက်စာ အတူတူ စားမယ် ဟုတ်လား...'
ဝမ်ယဲ့ကတော့ ထိုစကားကို အယုံအကြည်မရှိပေ။
‘အတူတူ မနက်စာ စားမှာထက်စာရင် ဩဝါဒအခြွေခံရဖို့က ပိုများနေတယ်လေ’
ရွှီယွဲ့ကျား မရှိကြောင်း သေချာသိလိုက်ရချိန်တွင် ဝမ်ယဲ့က ပုံမှန်လေသံအတိုင်း ပြန်ပြောင်းကာ ချောင်းအနည်းငယ် ဟန့်လိုက်ရင်း ထပ်ပြောလိုက်သည်။
"အခုလည်း သိပ်မစောတော့ပါဘူးလေ၊ နောက်ထပ် တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံလောက်နေရင် ထွက်မယ်လို့ အားလုံးကို သွားပြောလိုက်"
ထောင်ကျီ အံ့ဩတကြီး ပြန်မေးလာသည်။
"တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံလား... အရမ်း စောလွန်းပါတယ်ရှင့်၊ သခင်မ မျက်နှာသစ်၊ အလှပြင်ဖို့တောင် အချိန်လောက်မှာ မဟုတ်ဘူး"
ဝမ်ယဲ့က ပြန်ပြောလိုက်သည်။
"မျက်နှာသစ် ပြီးတာနဲ့ ချက်ချင်း ထွက်မယ်၊ မနက်စာအတွက် စားစရာဘူး နှစ်ဘူးပဲ ထည့်ခဲ့၊ လမ်းကျမှပဲ စားတော့မယ်"
ထောင်ကျီက အကြောင်းရင်းကို နားမလည်နိုင်ဖြစ်နေပြီး ထပ်မေးနေပြန်သည်။
"ဘာလို့ ဒီလောက် အလျင်စလို လုပ်ရတာလဲ"
ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး အကြောင်းပြချက် ပေးလိုက်သည်။
"စောစောထွက်မှ လန်ချန်ကို စောစောရောက်မှာပေါ့၊ ညဘက်မှောင်ရင် ကျောင်းတော်က သခင်လေးဆီကို သွားတွေ့လို့ အဆင်မပြေနိုင်ဘူးလေ”
ထောင်ကျီလည်း ယုံကြည်သွားကာ ဆက်မမေးတော့ဘဲ နာခံမှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည်။
"ဒါဆို ဒီအစေခံ ချက်ချင်း သွားပြောလိုက်ပါ့မယ်"
ထောင်ကျီ ထွက်သွားပြီးနောက် ဝမ်ယဲ့က တံခါးဝတွင် သူမ၏ ညောင်းညာနေသော ခြေလက်များကို ဆန့်ထုတ်ကာ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် ပြုလုပ်လိုက်သည်။
ဝမ်ယဲ့က တမင်တကာ ပုန်းကွယ်ပြီး စောစောထွက်သွားခဲ့သောကြောင့် ရွှီယွဲ့ကျားတစ်ယောက် သူမ အိမ်တော်မှ ကြိုတင်ထွက်ခွာသွားမှန်း မသိလိုက်ပေ။ သူ အရှေ့ဘက်ခြံဝင်းမှ အနောက်ဘက် စာကြည့်ဆောင်သို့ ပြန်ရောက်လာချိန်တွင် သေးငယ်သည့် ပုံရိပ်လေးတစ်ခုသာ သူ့ကို စောင့်ကြိုနေခဲ့သည်။
ကလေးငယ်က လှည့်ကြည့်ကာ သူ့ကို လှမ်းမေးလိုက်သည်။
"မေမေက ထွက်ပြေးသွားတာလား"
ရွှီယွဲ့ကျားက ရှားရှားပါးပါး နူးညံ့သည့်လေသံဖြင့် ကလေးငယ်၏ စကားကို ထောက်ခံလိုက်သည်။
"အင်း... ထွက်ပြေးသွားပြီ"
ကလေးငယ်က သူ့အနားသို့ ပိုတိုးကပ်လာပြီး ရွှီယွဲ့ကျား၏ လက်ကောက်ဝတ်ဆီသို့ အကြည့် ရောက်သွားကာ ရုတ်တရက် မျက်မှောင်ကုတ်လေးဖြင့် ပြောလိုက်ပြန်သည်။
"ဖေဖေ... ဒါကြီးက နီနေတယ်၊ ဖေဖေလည်း ငန်းကိုက်ခံရတာလား"
သူက ရွှီယွဲ့ကျားကို တစ်ပတ်ပတ်ကာ ကြည့်ရှုရင်း ရေရွတ်နေပြန်သည်။
"အဝိုင်းလိုက်ကြီး ဖြစ်နေတာပဲ"
ထိုစကားကြောင့် ရွှီယွဲ့ကျားက သူ့မျက်တောင်ကို အောက်စိုက်ကာ ငုံ့ကြည့်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူ အခန်းထဲသို့ ပြန်ဝင်ကာ ထိုအရာကို ဖုံးကွယ်နိုင်မည့် အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်သည်။
.....။.......။......
တစ်ရှီးချန်ခန့် ကြာပြီးနောက်...
မြို့ပြင်သို့ မောင်းနှင်နေသော မြင်းရထားလုံးအတွင်း၌ ဝမ်ယဲ့တစ်ယောက် တစ်ရေးနိုးလာခဲ့သည်။ ထောင်ကျီက သူမ နိုးလာသည်ကို မြင်သွားပြီး မနက်စာထည့်ထားသည့် စားစရာဘူးများကို အလျင်အမြန် ယူဆောင်ကာ စားပွဲငယ်လေးပေါ်၌ ပြင်ဆင်ပေးလိုက်သည်။
"သခင်မ... အိပ်ချင်နေတာကို ဘာလို့ အိမ်တော်မှာ ပိုမအိပ်ခဲ့တာလဲ၊ ရထားလုံးပေါ်မှာ အိပ်ရတာက သက်တောင့်သက်သာ မရှိဘူးလေ"
ဝမ်ယဲ့က တစ်ကိုယ်လုံးကို အကြောဆန့်ထုတ်ကာ သမ်းဝေလိုက်ရင်း ပြန်ဖြေနေသည်။
"မင်းက အိမ်ထောင်မကျသေးတော့ ဒါတွေကို နားမလည်နိုင်သေးဘူးလေ"
ထောင်ကျီက လွှတ်ခနဲ ပြန်မေးလိုက်သည်။
"ကျွန်မက ဘာကို နားမလည်တာလဲ"
ဝမ်ယဲ့အတွက် ခေါင်းအုံးအဖြစ် အစေခံပေးနေသည့် ယွင်ကျီကတော့ မျက်နှာလေး နီရဲသွားပြီး သူမ၏ ညီမဖြစ်သူကို တားဆီးလိုက်သည်။
"နင်... ဆက်မမေးနဲ့တော့"
ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ နှစ်ယောက်စလုံးက သူတို့၏ သီးသန့်ဖြစ်မှုကို တန်ဖိုးထားကြသူများဖြစ်ကာ သူတို့ အိပ်စက်နေစဉ်အတွင်း အခန်းအပြင်ဘက်၌ လူများ တဝဲလည်လည် လုပ်နေသည်ကို မနှစ်သက်ကြပေ။ သို့သော်လည်း ရင်းနှီးကျွမ်းဝင်မှု အခိုက်အတန့် ပြီးဆုံးသွားသည့်အချိန်တွင်တော့ ရေနွေးယူလာရန် တစ်ယောက်ယောက်ကို လှမ်းခေါ်ရသေးသည်။ အစေခံများနှင့် အခြွေအရံများကလည်း လူအများ မဟုတ်ကြသဖြင့် အခြေအနေ အနည်းငယ်ကို ရိပ်မိကြသည်။
ယွင်ကျီက ထိုအကြောင်းကို တွေးတောမိသောကြောင့် ထောင်ကျီကို ဆက်မမေးရန် တားဆီးလိုက်ခြင်းပင်။ သခင်များ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုရန် မသင့်တော်လှပေ။
အမှန်တကယ်တွင် ဝမ်ယဲ့လည်း ယခုခေတ်ကာလ၌ နေထိုင်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော် ရှိနေပြီဖြစ်ရာ ယခင်က သူမ နေမထိထိုင်မသာ ဖြစ်ခဲ့ရသော အရာများစွာကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
လင်မယားဆက်ဆံရေးနှင့် ပတ်သတ်လာလျင်လည်း ထိုသဘောတရားအတိုင်းသာ ဖြစ်ပြီး သူမ သိပ်မရှက်နိုင်တော့ပေ။ သူမ ယခုလို အလျင်စလို ထွက်ခွာလာရသည့် အကြောင်းရင်းက မနေ့ညက အိပ်ရာမဝင်မီတွင် သူမ မတော်တဆ အရက်အနည်းငယ် သောက်မိပြီး ရီဝေဝေ ဖြစ်သွားခဲ့သောကြောင့်ပင်။ ထိုသို့ တစ်ဝက်တစ်ပျက် မူးယစ်နေသည့် အခြေအနေတွင် သူမအနေဖြင့် သူမကိုယ်သူမ အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။
နံနက်ခင်း နိုးလာသည့်အချိန်တွင် ဝမ်ယဲ့တစ်ယောက် အပြစ်မကင်းသလို ခံစားလိုက်ရသဖြင့် စောစောစီးစီး ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
'ဒါကို "ထွက်ပြေးတယ်" လို့တော့ မခေါ်သင့်ပါဘူးလေ... ကိုယ့်အမှားကိုယ် နောင်တရမိကြောင်း ပြသတယ်လို့ပဲ သတ်မှတ်ရတော့မယ်'
‘ပြီးတော့ သဘောထားကြီးမြတ်တဲ့ ရွှီယွဲ့ကျားကလည်း ငါ့ကို နားလည်ပေးမှာ သေချာပါတယ်၊ ဘာပဲဖြစ်ဖြစ် ငါ မနေ့ညက တာ့ကျင်းအင်ပါယာရဲ့ ဘယ်ဥပဒေကိုမှ ချိုးဖောက်ခဲ့တာ မဟုတ်ဘူး’
စိတ်ထဲတွင် သူမကိုယ်သူမ ဆင်ခြေပေးပြီးနောက် ဝမ်ယဲ့က သူမ၏အနားရှိ အစေခံမိန်းကလေးနှစ်ယောက်ဆီသို့ အာရုံပြန်လှည့်လိုက်သည်။ ဝမ်ယဲ့က သူမတို့နှစ်ဦးကို ခဏမျှ အကဲခတ်ကြည့်ပြီးနောက် မေးလိုက်သည်။
"နင်တို့နှစ်ယောက်လည်း အသက်မငယ်ကြတော့ဘူးနော်၊ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိကြဘူးလား"
ထိုသို့ ရုတ်တရက်ကြီး စိတ်ပူပေးမှုကြောင့် ထောင်ကျီတစ်ယောက် လန့်ဖျပ်သွားပြီး အလျင်အမြန် ပြန်မေးလိုက်သည်။
"သခင်မ... ကျွန်မတို့ထက် ပိုတော်တဲ့ အစေခံတွေကို တွေ့လို့ ကျွန်မတို့ကို လူစားလဲမလို့လားဟင်"
'လျိုယာနဲ့ လျိုရှင်းတို့ ဖြစ်နိုင်မလား... ဒါပေမယ့် သခင်မက သူတို့နဲ့ သိပ်ရင်းနှီးတာလည်း မဟုတ်ပါဘူး'
ဝမ်ယဲ့က အရသာရှိသော တို့ဖူးလိပ်ကြော်တစ်တုံးကို တူဖြင့် ညှပ်ကာ တစ်ကိုက် ကိုက်ရင်း ပြောလိုက်သည်။
"ငါက နင်တို့အတွက် ရိုးရိုးသားသား စိတ်ပူပေးရုံတင်ပါ၊ မရဘူးလား"
ထောင်ကျီ၏ ပုခုံးလေးများ အနည်းငယ် တုန်ခါသွားပြီးနောက် သူမက အထူးသတိထားကာ ပြန်ဖြေလိုက်သည်။
"ဒီစကားကို သခင်မကိုယ်တိုင်ရော ယုံလို့လား"
အခြားတစ်ဖက်တွင်တော့ ယွင်ကျီက ခိုးပြုံးမိသည်ကို ဖုံးကွယ်ရန်အတွက် သူမ၏ နှုတ်ခမ်းကို လက်ဖြင့် အုပ်ထားသည်။
ဝမ်ယဲ့က သူမ၏ ထမင်းစားတူကို ပြန်ချလိုက်ပြီး သူမတို့နှစ်ဦးကို အကဲခတ်သလို နှစ်ခါလောက် ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်သည်။
"ဟူး... ထားပါတော့၊ ဒီနေ့တော့ ငါ တကယ်ကို အချိန်ပေးပြီး နင်တို့ကို ဂရုစိုက်ပေးပါ့မယ်၊ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ ဒီမှာ နေလာတာ ဒီလောက်ကြာပြီဆိုတော့ စိတ်ထဲရှိတဲ့လူများ တွေ့နေပြီလား"
သူမကိုယ်တိုင်က အချို့သောအရာများကို မနှစ်သက်မိသော်လည်း သူမ၏ အမြင်များကို အခြားသူများအပေါ် အတင်းအဓမ္မ သတ်မှတ်ရန် ဝမ်ယဲ့ မည်သည့်အခါမျှ စိတ်မကူးခဲ့ချေ။
ဘဝ၏ ပျော်ရွှင်ခြင်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုသော လူတိုင်း၏ အမြင်များက မတူညီကြချေ။ သူမ လက်ခံနိုင်သောအရာကို အခြားသူများက လက်မခံနိုင်ခြင်းလည်း ဖြစ်နိုင်သေးသည်။ ဝမ်ယဲ့က သူမ၏ အစေခံမလေးနှစ်ဦးကို ငယ်ရွယ်သည့်အချိန်မှ အသက်ကြီးသည်အထိ အပျိုကြီးလုပ်စေကာ သူမအနားတွင် အစေခံအဖြစ် တစ်သက်လုံး ဆွဲထားရန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သို့သော် ထိုစကားကို ကြားလိုက်ရချိန်တွင် ထောင်ကျီက အလျင်အမြန် ငြင်းဆန်လိုက်သည်။
"ဒီအစေခံရဲ့ စိတ်ထဲမှာ ဘယ်သူမှမရှိပါဘူးရှင့်၊ ပြီးတော့ အိမ်ထောင်လည်း မပြုချင်ပါဘူး"
ထောင်ကျီထံတွင် ဝမ်ယဲ့က သူမကို လူမိုက်ဟု ဆူပူကြိမ်းမောင်းမည်အား စိုးရိမ်သောကြောင့် ထိန်ချန်ထားသော အခြားအကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။ သူမက ကလေး လိုချင်သော်လည်း အိမ်ထောင်မပြုချင်ဖြစ်နေခဲ့သည်။
‘ကလေးတစ်ယောက် ရနိုင်ဖို့ ရွေးချယ်မလား၊ ဒါမဟုတ် တစ်ကိုယ်တည်းပဲ နေမလား’
ထောင်ကျီက ထိုအကြောင်းအရာကို နှစ်အတော်ကြာ စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ဒုတိယတစ်ခုကိုသာ ရွေးချယ်ခဲ့သည်။
အကယ်၍ ဝမ်ယဲ့သာ သူမ၏ အတွေးအမှန်ကို သိရှိသွားပါက သူမ သေချာပေါက် ပြောမိမည့် စကားတစ်ခွန်း ရှိနေလေသည်။
'ထောင်ကျီ...နင်က မွေးဖွားရမယ့် ခေတ်မှားပြီး စောမွေးလာတာပဲ'
ယွင်ကျီကတော့ အနည်းငယ် တွေဝေ တုံ့ဆိုင်းနေပြီးမှ ပြန်ပြောလာသည်။
"ဒီအစေခံလည်း အခုထိတော့ မဆုံးဖြတ်ရသေးပါဘူးရှင့်"
ဝမ်ယဲ့က ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
"မလောပါနဲ့၊ နင်တို့နှစ်ယောက်စလုံးက ငယ်လည်းငယ်သေးတယ်၊ အရည်အချင်းလည်း ရှိပြီး ရုပ်ရည်လည်း ချောမောကြတယ်။ နင်တို့ကို လက်ထပ်ခွင့်ရတဲ့သူကတော့ ကံကောင်းမှာ သေချာတယ်"
ထိုအချိန်တွင် ထောင်ကျီက ဝင်ပြောလာသည်။
"အရှေ့ဘက်ဝင်းက အားချွန်းက တော်တော်ရုပ်ချောတယ်လို့ ကျွန်မ ထင်တယ်၊ ယွင်ကျီ... နင်ရော သူ့ကို သဘောကျလား"
ယွင်ကျီ၏ မျက်နှာလေးက နောက်တစ်ကြိမ် နီရဲသွားပြီး ဝမ်ယဲ့ ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထောင်ကျီ၏ စကားများလှသော ပါးစပ်ကို လှမ်းအုပ်လိုက်သည်။
ဝမ်ယဲ့က ခဏမျှ သဘောကျစွာ ရယ်မောပြီးနောက် ထပ်ပြောလိုက်သည်။
"အမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ထားကြစမ်းပါ၊ အိမ်တော်ထဲက လူပဲ ဖြစ်ရမယ်လို့ သတ်မှတ်ချက် မရှိဘူး"
ယွင်ကျီနှင့် ထောင်ကျီတို့ နှစ်ဦးစလုံးက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ် ထောက်ခံနေကြသည်။
သူမတို့ အမှန်တကယ် အသက်မငယ်ကြတော့သဖြင့် အိမ်ထောင်ပြုမလား သို့မဟုတ် တစ်ကိုယ်တည်း နေမလားဟူသော သူမတို့၏ တစ်သက်တာအရေးကို ထည့်သွင်းစဉ်းစားသင့်သည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူမတို့သုံးယောက်သား စနောက်ကျီစယ်ရင်း ခရီးကို ဆက်လက်ဖြတ်သန်းခဲ့ကြပြီး ညနေငါးနာရီခွဲအချိန်ခန့်တွင် လန်ချန်သို့ ရောက်ရှိလာခဲ့ကြသည်။
မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ရထားလုံးများကို လုသခင်မ ပေးထားသည့် လိပ်စာအတိုင်း ကျောင်းပိတ်ရက်များ၌ ရွှီကျင့်ရုံ နားနေလေ့ရှိသည့် ခြံဝင်းငယ်လေးဆီသို့ ဦးတည်မောင်းနှင်လာခဲ့ကြသည်။
အထိန်းတော်ကျန်းက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သတင်းရရှိထားပြီးဖြစ်ကာ မွန်းတည့်ချိန်ကတည်းက ခြံဝင်းထဲတွင် ထိုင်ရင်း ပန်းထိုးနေကာ အပြင်ဘက်မှ အသံများကို နားစွင့်နေခဲ့သည်။ ထို့အပြင် သူမက လမ်းကြားထဲသို့လည်း မကြာခဏ ထွက်ကြည့်နေသေးသည်။
အထိန်းတော်ကျန်းနှင့်အတူ လိုက်ပါလာသည့် အစေခံကောင်လေး အားစစ်ကတော့ သခင်လေးကို သွားကြိုရန် စာသင်ကျောင်းသို့ သွားနေပြီ ဖြစ်သည်။
လုသခင်မက အချိန်အခါကို အသေအချာ တွက်ချက်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်ယဲ့ ယနေ့ ရောက်ရှိလာချိန်က မနက်ဖြန်တွင် ဆယ်ရက်တစ်ကြိမ် ပေးလေ့ရှိသော စာသင်ကျောင်း၏ တစ်ဝက်ပိတ်ရက်နှင့် ကွက်တိ ဖြစ်နေလေသည်။
အထိန်းတော်ကျန်း အသားနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ပြီးနောက် လမ်းကြားထဲသို့ တတိယအကြိမ်မြောက် ထွက်ကြည့်သည့်အချိန်တွင် လမ်းကြားဝဆီသို့ ဦးတည်မောင်းနှင်လာသော ရထားလုံးတစ်စီးကို မြင်လိုက်ရသည်။
ဝမ်ယဲ့ စီးနင်းလာသည့် ရထားလုံးက ရိုးရိုးရှင်းရှင်း ဖြစ်သော်လည်း အထိန်းတော်ကျန်းက ရှေ့မှ လမ်းပြလာသည့် အစောင့်ရဲမက်ကို မှတ်မိနေခဲ့သည်။
လမ်းကြားက ကျဉ်းမြောင်းလှသဖြင့် မြင်းရထားတစ်စီးချင်းစီသာ ဖြတ်သန်းသွားလာနိုင်သည်။ အထိန်းတော်ကျန်းက လမ်းပြမှုကို လွှဲပြောင်းယူလိုက်ပြီး လူအားလုံးကို ဝင်းငယ်လေးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုခြံဝင်းက သိပ်မကျယ်ဝန်းသော်လည်း လုသခင်မက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ လွန်ခဲ့သော နှစ်ရက် ဝမ်ယဲ့ဘက်မှ ပြင်ဆင်မှုများ စတင်နေချိန်တွင် လုသခင်မက ဤလန်ချန်တွင် ခြံဝင်းနှစ်ခု ငှားထားရန် အထိန်းတော်ကျန်းကို စာဖြင့် ညွှန်ကြားထားခဲ့သည်။
အိမ်နီးနားချင်းတစ်ဦး အိမ်ပြောင်းသွားခဲ့သဖြင့် အနီးနားရှိ ခြံဝင်းနှစ်ခုကို ထပ်မံငှားရမ်းနိုင်ခဲ့ရာ ဘေးကပ်လျက် ခြံဝင်းက မြင်းရထားများ ချောင်ချောင်လည်လည် ရပ်နားထားနိုင်လောက်အောင် ကျယ်ဝန်းသည့်အပြင် လူတိုင်း တည်းခိုရန် အခန်းအလုံအလောက်လည်း ရှိနေသေးသည်။
ဝမ်ယဲ့ ရထားလုံးပေါ်မှ ဆင်းလာပြီးနောက် အထိန်းတော်ကျန်းက တရိုတသေ ပြောလိုက်သည်။
"ဒုတိယသခင်မ... အထဲဝင်ပြီး ခဏလောက် အနားယူလိုက်ပါဦးရှင့်၊ သခင်လေးလည်း မကြာခင် စာသင်ကျောင်းကနေ ပြန်ရောက်လာတော့မှာပါ"
ရထားလုံးပေါ်တွင် တစ်နေကုန် အချိန်ကုန်ဆုံးခဲ့ရသဖြင့် ဝမ်ယဲ့၏တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေကာ ထိုစကားကို သဘောတူ လက်ခံလိုက်သည်။
သူမ ပြန်နိုးလာသည့်အချိန်တွင် အပြင်ဘက်၌ မှောင်လုနီးပါး ဖြစ်နေခဲ့ချေပြီ။ သူမ အဝတ်အစားလဲပြီးနောက် ခြံဝင်းလေးထဲမှ ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ဝမ်ယဲ့တစ်ယောက် အပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်။
သူမ၏ ခြေသံကြောင့် ရွှီကျင့်ရုံက လှည့်ကြည့်လာပြီး သွားအဖြီးသားဖြင့် လှမ်းခေါ်လိုက်သည်။
"ဒုတိယအဒေါ်"
"ဘယ်တုန်းက ပြန်ရောက်တာလဲ"
"လွန်ခဲ့တဲ့ တစ်ရှီးခဲ့လောက်ကတင် ပြန်ရောက်တာပါ၊ ဒုတိယအဒေါ်.... အစ်မထောင်ကျီက အဒေါ် အနားယူနေတယ်လို့ ပြောခဲ့တယ်"
(တစ်ရှီးခဲ့ = ၁၅ မိနစ်)
သူမတို့နှစ်ဦး မတွေ့ရသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ကောင်လေးက အရပ်ရှည်ပိုလာသည်။ ခန္ဓာကိုယ်ကလည်း ပိုမိုထွားကျိုင်းသန်မာလာပုံရသော်လည်း သူ့၏ အသားအရေ အရောင်ကတော့ ဝမ်ယဲ့၏ မျက်နှာအမူအရာ ဖော်ပြရန် အနည်းငယ် ခက်ခဲသွားသည်အထိ ဖြစ်ခဲ့ရသည်။
‘သူက ဘာလို့ ဒီလောက်တောင် အသားမည်းသွားရတာလဲ’
ဝမ်ယဲ့က ပါးစပ်ဟကာ မေးမြန်းလိုက်သည်။
"မင်း ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တကယ်ပဲ ကျောင်းတော်မှာ စာသင်နေခဲ့တာမှ ဟုတ်ရဲ့လား"
သူမအနေဖြင့် မသံသယမဖြစ်ဘဲ မနေနိုင်တော့ပေ။
ရွှီကျင့်ရုံက မကျေမနပ်ဖြစ်သွားပုံရပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။
"ဒုတိယအဒေါ်ကပါ ကျွန်တော့်ကို မယုံတော့ဘူးလားဗျာ"
ဝမ်ယဲ့က သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ပြီးမှ ပြန်ပြောလိုက်သည်။
"မင်းရဲ့ ပုံစံက ဘယ်သူ့ကိုမဆို ယုံကြည်ဖို့ ခက်ခဲစေတယ်လေ"
ရွှီကျင့်ရုံလည်း ရွေးချယ်စရာ မရှိဘဲ အကျိုးအကြောင်း ရှင်းပြရတော့သည်။
"ကျွန်တော်တို့ စာသင်ကျောင်းရဲ့ နောက်ကျောဘက်မှာ တောင်တစ်တောင် ရှိတယ်လေ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရိတ်သိမ်းရာသီအတွက် ပိတ်ရက်မှာ ကျွန်တော် အိမ်မပြန်ဖြစ်ခဲ့ဘူး၊ အတန်းဖော်အချို့နဲ့အတူ တောင်ပေါ်တက်ပြီး တောကောင်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးတာတွေ၊ ချက်ပြုတ်စားသောက်တွေ လုပ်ခဲ့ကြလို့ပါ"
ဝမ်ယဲ့က သံသယမကင်းနိုင်သေးဘဲ ထပ်ပြောလိုက်သည်။
"တစ်ခုခုစားချင်ရင် ကျန်းမားဆီကို စာရေးလို့ ရတယ်လေ"
သူမက လုသခင်မ၏ အမိန့်ဖြင့် လာရောက်စစ်ဆေးခြင်း ဖြစ်သောကြောင့် မသင်္ကာစရာ အသေးစိတ်အချက်အလက်လေးတစ်ခုကိုမျှ လျှစ်လျူရှုမည် မဟုတ်ပေ။
ရွှီကျင့်ရုံက သက်ပြင်းတစ်ချက်ချကာ ထပ်ပြောလာသည်။
"ကျန်းမား ပြင်ပေးတာကို စားရတာက ကျွန်တော်တို့ကိုယ်တိုင် လုပ်စားရသလောက် မပျော်ဖို့ကောင်းဘူးလေ"
သူ စားစရာ ပြတ်လပ်မှုမရှိသည်ကလည်း အမှန်ပင် ဖြစ်သည်။
ဝမ်ယဲ့ကတော့ စိတ်ထဲမှ တွေးလိုက်မိသေးသည်။
‘ငါကတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ရတာတွေကို မနှစ်သက်ပါဘူးနော်’
သို့သော်လည်း ရွှီကျင့်ရုံ၏ ဆင်ခြေက မဖြစ်နိုင်သည်တော့ မဟုတ်သဖြင့် ဝမ်ယဲ့က ဆက်မေးလိုက်သည်။
"မင်း လောင်းကစားရုံတွေကိုရော သွားခဲ့သေးလား"
ဝမ်ယဲ့က သူ့ကို ယခုကဲ့သို့ မေးလာလိမ့်မည်ဟု မထင်ထားသောကြောင့် ရွှီကျင့်ရုံတစ်ယောက် ဆွံ့အသွားရသည်။ ခဏအကြာတွင်မှ သူ သတိဝင်လာပြီး ငြင်းဆန်လိုက်သည်။
"ဒုတိယအဒေါ်... ကျွန်တော်က တော်တော်လေး ဆိုးသွမ်းပြီး ညဉ့်နက်တဲ့အထိ မအိပ်ဘဲ စာသင်ချိန်တွေမှာ အိပ်ငိုက်တာ၊ လူတွေကို စာက္ကူဘောလုံးတွေနဲ့ ပေါက်တာမျိုးတွေ လုပ်ခဲ့ပေမယ့် လောင်းကစားကိုတော့ တစ်ခါမှ မထိဖူးပါဘူးဗျာ"
ဝမ်ယဲ့ : "..."
‘ရှေ့မှ အပြုအမူနှစ်ခုကလည်း တော်တော်လေး စိတ်ပျက်စရာကောင်းတယ်လေဟယ်’
ရွှီကျင့်ရုံက အလေးအနက် အာမခံလိုက်သည်။
"တကယ်ပါ"
ဒုတိယအဒေါ်က သူ့ကို လောင်းကစားရုံ သွားဖူးလားဟု အဘယ့်ကြောင့် မေးမြန်းသည်ကို သူ နားမလည်နိုင်သော်လည်း သူ မလုပ်ခဲ့သည့်အရာကိုတော့ ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။
ဝမ်ယဲ့က ထပ်မေးလိုက်သည်။
"ဒါဆိုရင် မင်းရဲ့ငွေတွေကို ဘယ်နေရာမှာ အကုန်သုံးပစ်လိုက်တာလဲ"
ရွှီကျင့်ရုံက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"စားဖို့အတွက် သုံးလိုက်တာပါ"
ထိုအရာက ဖုံးကွယ်ထားစရာ မဟုတ်သဖြင့် သူ ဆက်ပြောလိုက်သည်။
"ဒုတိယအဒေါ် မသိလို့ပါ၊ ဒီမြို့က လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်ဗျ၊ အစားအသောက်က တကယ့်ကို အရသာရှိတာ၊ သူတို့ဆိုင်က နေ့တိုင်း လူတွေနဲ့ စည်ကားနေတာပဲ၊ ပြီးတော့ စာသင်ကျောင်းက ကျောင်းသားတွေအတွက်လည်း သီးသန့် ဝန်ဆောင်မှု ပေးသေးတယ်၊ စရံငွေ ပေးထားရုံနဲ့ စာသင်ကျောင်း တံခါးဝအထိ အချိန်မှန် အရောက်လာပို့ပေးကြတာ"
ထိုစနစ်က ဝမ်ယဲ့အတွက်လည်း ရင်းနှီးနေသည့် ပုံစံမျိုး ဖြစ်နေသည်။ ၎င်းက ခေတ်သစ်ကမ္ဘာမှ အစားအသောက် အိမ်အရောက်ပို့စနစ် (Food Delivery) နှင့် တူညီနေသော်လည်း တာ့ကျန်းမင်းဆက်တွင်လည်း ထူးထူးဆန်းဆန်း မဟုတ်ပေ။
အေးစက်လှသည့် ဆောင်းရာသီကာလများတွင် ချမ်းသာသော မိသားစုဝင်အချို့က အပြင်မထွက်ချင်ကြသော်လည်း အချို့သော စားသောက်ဆိုင်များ၏ နာမည်ကြီး ဟင်းလျာများကိုတော့ စားချင်တတ်ကြသည်။ ထို့ကြောင့် သူတို့၏ အစေခံများကို စားသောက်ဆိုင်များဆီသို့ သွားဝယ်ယူခိုင်းလေ့ရှိပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များကလည်း ရိပ်မိသွားကြသည်။ ရလဒ်အနေဖြင့် နေ့တိုင်း သွားဝယ်နေစရာမလိုဘဲ ကြိုတင်မှာယူထားရုံဖြင့် စားသောက်ဆိုင်ဝန်ထမ်းများက အိမ်တံခါးဝအထိ လာရောက်ပို့ဆောင်ပေးကြသည်။
သို့တိုင်အောင် စွန့်စားမှုအချို့တော့ ရှိနေဆဲပင်။ ပို့ဆောင်ရေးလုပ်ငန်းစဉ်အတွင်း ဘာဖြစ်မည်ကို မည်သူမျှ အာမမခံနိုင်ပေ။ လုသခင်မကတော့ အိမ်တော်အတွင်းသို့ ပြင်ပမှ အစားအသောက်များကို ထိုနည်းလမ်းဖြင့် သယ်ဆောင်လာရန် ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် ရွှီကျင့်ရုံ ယခင်က ဒါကို မသိခဲ့ခြင်းက နားလည်ပေးနိုင်စရာ ဖြစ်သည်။
"တကယ်ပဲ အဲ့ဒီလောက်တောင် အရသာရှိလို့လား"
ဝမ်ယဲ့က ထပ်မေးလိုက်သောကြောင့် ရွှီကျင့်ရုံက စိတ်လှုပ်ရှားစွာဖြင့် ပြောပြနေသည်။
"တကယ်ကို အရသာရှိတာပါ၊ အဒေါ်ရဲ့"
သူက ထပ်ပြောလိုက်သေးသည်။
"ကံကောင်းချင်တော့ မနက်ဖြန် ကျွန်တော် နေ့တစ်ဝက်စာ အားလပ်ရက် ရတယ်လေ၊ အဲ့ဒီစားသောက်ဆိုင်မှာ ဒုတိယအဒေါ်ကို နေ့လယ်စာ ကျွေးဖို့ ဖိတ်ခေါ်ပါ့မယ်"
ဝမ်ယဲ့ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ သူမကိုယ်တိုင်လည်း အမှန်တကယ် မြည်းစမ်းကြည့်ချင်နေမိသည်။
သူမက ထပ်ပြောလိုက်သည်။
"မင်း ပြောတာကို ငါ ယုံပါတယ်"
သူမ သူ့ကို ယုံကြည်သော်လည်း ထပ်မံစုံစမ်း စစ်ဆေးရန်တော့ လိုအပ်နေသေးသည်။
အချိန်အတော်ကြာ အမေးအမြန်းခံရပြီးနောက် ရွှီကျင့်ရုံလည်း သတိဝင်လာပြီး ပြန်မေးလိုက်သည်။
"ဒါနဲ့ ဒုတိယအဒေါ်... အဒေါ်က ကျွန်တော် လောင်းကစားရုံ သွားခဲ့လားဆိုတာကို စစ်ဆေးဖို့ တကယ်ကြီး ရောက်လာခဲ့တာလား"
ဝမ်ယဲ့က ချက်ချင်း ငြင်းလိုက်သည်။
"အဲ့လို မဟုတ်ပါဘူး"
ရွှီကျင့်ရုံကတော့ သံသယဝင်နေဆဲပင်။
"တကယ်လား"
ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"မင်းတို့ ဒုတိယဦးလေးရဲ့ မွေးနေ့က မကြာခင် ရောက်တော့မှာလေ၊ အဲ့ဒါကြောင့် သူ့အတွက် ထူးခြားတဲ့ မွေးနေ့လက်ဆောင်လေးတစ်ခု ရှာပေးရင် ကောင်းမလားလို့ စဉ်းစားပြီး ရောက်လာတာ"
ရွှီကျင့်ရုံတစ်ယောက် ဘာကြောင့်မှန်းမသိ ကြက်သီးတဖြန်းဖြန်းထသွားသလို ခံစားလိုက်ရပြီး ထပ်မေးမိပြန်သည်။
"မွေးနေ့လက်ဆောင် ရွေးဖို့အတွက် ဘာလို့ လန်ချန်အထိ လာရတာလဲ၊ မြို့တော်ထဲမှာ ရှာလို့ မရလို့လား"
‘တကယ်လို့ မြို့တော်ထဲမှာတောင် ရှာမရနိုင်တဲ့အရာဆိုရင် လန်ချန်မှာ ရှာတွေ့နိုင်ပါ့မလား’
ဝမ်ယဲ့က သူမ လန်ချန်သို့ လာခဲ့ခြင်းက လာရောက်အပန်းဖြေရန်၊ လုသခင်မ အပ်နှံလိုက်သည့် တာဝန်ကို လုပ်ဆောင်ရန်နှင့် မွေးနေ့လက်ဆောင်ကို လမ်းကြုံ ရွေးချယ်ရန် ဖြစ်ကြောင်းကိုတော့ ဖွင့်မပြောနိုင်ပေ။ ထို့ကြောင့် ခဏမျှ စဉ်းစားကာ ထပ်မေးလိုက်သည်။
"မင်းတို့ စာသင်ကျောင်းရဲ့ အနောက်ဘက်တောင်ပေါ်ကို ငါ တက်လို့ ရနိုင်မလား"
"အဲ့ဒီတောင်က စာသင်ကျောင်းပိုင်တယ်လို့တော့ ပြောလို့မရဘူး၊ တောင်ရဲ့ တစ်စိတ်တစ်ပိုင်းကပဲ ကျောင်းနဲ့ ဆက်နေတာ၊ ဒုတိယအဒေါ်... အဒေါ်အနေနဲ့ စာသင်ကျောင်းထဲကိုတော့ ဝင်လို့မရဘူး၊ ဒါပေမယ့် တောင်ပေါ်တက်ချင်တယ်ဆိုရင်တော့ အပြင်ဘက်ကနေ သွားလို့ ရတဲ့ လမ်းကြောင်းရှိတယ်"
‘တောင်တက်ရမယ် ဟုတ်လား’
ဝမ်ယဲ့က ခေါင်းယမ်းရင်း ပြန်ပြောလိုက်သည်။
"ငါ တောင်မတက်ချင်ပါဘူး၊ ယုန်တစ်ကောင်လောက်ပဲ ဖမ်းချင်တာ"
ရွှီကျင့်ရုံက မနေနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။
"ဒုတိယအဒေါ်က ဒုတိယဦးလေးကို မွေးနေ့လက်ဆောင်အဖြစ် ယုန်တစ်ကောင် ပေးဖို့တော့ စိတ်မကူးထားဘူးမလား"
ဝမ်ယဲ့ : "ဘာလို့ မရရမှာလဲ"
သူမအနေဖြင့် အချို့သောအရာများကို အများကြီး ရှင်းပြရန် အစီအစဉ်မရှိချေ။
ရွှီကျင့်ရုံက ပွင့်ပွင့်လင်းလင်း ပြန်ပြောနေရှာသည်။
"ရတော့ ရနိုင်ပါတယ်၊ ဒါပေမယ့် နည်းနည်းတော့ ရိုးရှင်းလွန်းမနေဘူးလား"
ထိုစကားကို ပြောပြီးနောက် သူ့မွေးမိခင်၏ မွေးနေ့ မြင်ကွင်းကို သူ ရုတ်တရက် ပြန်သတိရသွားသည်။ ရွှီကျင့်ရုံက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်မေးလိုက်သည်။
"ဒုတိယအဒေါ်... ဒါဆိုရင် ကျွန်တော့်အမေရဲ့ နောက်ထပ်လာမယ့် မွေးနေ့အတွက်ရော အဒေါ် ဘာလက်ဆောင် ပြင်ဆင်ပေးမှာလဲ"
ဝမ်ယဲ့က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြန်ပြောလိုက်သည်။
"ဒါဆို မင်းက ငါ့ဆီကနေ သတင်းလာနှိုက်နေတာပေါ့ ဟုတ်လား"
သတင်းနှိုက်သည့် အစီအစဉ်က ပျက်ပြားသွားခဲ့ရသည်။
ရွှီကျင့်ရုံက လုံးဝ အားမလိုအားမရ ဖြစ်နေဆဲပင်။
"ဒုတိယအဒေါ်သာ မပြောဘူးဆိုရင် အဒေါ်က ဒုတိယဦးလေးအတွက် မွေးနေ့လက်ဆောင်အဖြစ် ယုန်တစ်ကောင် ရွေးချယ်ထားတယ်လို့ ကျွန်တော် သွားပြောလိုက်မှာကို အဒေါ် မစိုးရိမ်ဘူးလား"
ဝမ်ယဲ့က ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
"အိုး.... မင်း ပြောချင်ရင် သွားပြောလေ"
"ဒါပေမယ့် မင်း မပြောခင်တော့ သေချာလေး စဉ်းစားဦးနော်၊ ငါကတော့ မင်း ဒီအံ့သြစရာအစီအစဉ်ကို ဖျက်ဆီးပစ်မှာ မကြောက်ဘူး၊ ဒါပေမယ့် မင်းတို့ရဲ့ ဒုတိယဦးလေးက ဒါကို ဘယ်လိုတွေးမလဲဆိုတာကိုတော့ ငါ သိချင်မိတယ်"
ရွှီကျင့်ရုံ : "……"
ရွှီယွဲ့ကျား၏ ပုံမှန် အမူအရာကို တွေးမိသွားသော ဝမ်ယဲ့က အရေးနိမ့်သွားသည့် လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး သူ ဘာမှ ပြောရဲတော့မည်မဟုတ်ကြောင်း နားလည်လိုက်သည်။