အခန်း ၇၈
Vol. 8 Ch. 78
အခန်း ၇၈ သတင်းပို့ခြင်း
ဝမ်ယဲ့၏ ခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။ ရွှီကျင့်ရုံက သူ့ဖခင်အရင်းကို လုံးဝ မကြောက်သော်လည်း မိခင်ဖြစ်သူကိုတော့ အနည်းငယ် ရိုသေကြောက်ရွံ့မှု ရှိသည်။ သို့သော် သူ လုံးဝ မရဲတင်းဝံ့ဘဲ အကြောက်ရဆုံး တစ်ဦးတည်းသောသူက သူ့၏ဒုတိယဦးလေး ရွှီယွဲ့ကျား ဖြစ်နေခဲ့သည်။
‘ဒုတိယအဒေါ်ရဲ့ လျှို့ဝှက်ချက်ကို ဒုတိယဦးလေးဆီ သွားပြောရမယ်တဲ့လား’
နှုတ်က ပြောလိုက်ရသည်မှာ လွယ်ကူနေသော်လည်း လက်တွေ့တွင် ထိုသို့လုပ်ရန် တွေးလိုက်ရုံမျှဖြင့် ရွှီကျင့်ရုံတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ သူ ထိုမြင်ကွင်းကို စိတ်ကူးပင် မယဉ်ရဲတော့ပေ။
‘ဒုတိယဦးလေးသာ သိသွားရင် ကွန်ဖူးရှပ်ကျမ်းစာကို ထုတ်ယူလာပြီး သူ့ကို အဲ့နေရာမှာတင် အလွတ်ရွတ်ခိုင်းလိမ့်မယ်။ အဲ့လို အဓိပ္ပာယ်မရှိတဲ့ လျှို့ဝှက်ချက်မျိုးကို သွားပြောရလောက်တဲ့အထိ သူ တကယ်ပဲ ရူးသွားပြီလားဆိုတာကို စစ်ဆေးရန်အတွက်လေ’
အရူးဟု အခေါ်ခံရပြီး ဆူပူကြိမ်းမောင်းခံရသည်က ရွှီကျင့်ရုံအတွက် အရေးမကြီးလှသော်လည်း ကျမ်းစာအလွတ်ရွတ်ရမည်ဆိုသည်ကတော့ အတော်ခေါင်းခဲစရာ ပြဿနာ ဖြစ်လာနိုင်သည်။
ရွှီကျင့်ရုံတစ်ယောက် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် လက်လျှော့ကာ ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ ဒုတိယအဒေါ်ရယ်၊ မနက်ဖြန်ကျရင် အဒေါ် ယုန်ဖမ်းနိုင်ဖို့ ကျွန်တော် တောင်ပေါ်ကို လိုက်ပို့ပေးပါ့မယ်"
‘ယုန်တစ်ကောင်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးတော့ ဘာများ ထူးဆန်းသွားနိုင်မှာမို့လို့လဲ’
‘ယုန်သားမုန့်လား၊ ယုန်သားခြောက်လား၊ စပ်စပ်မွှေးမွှေး ယုန်ခေါင်းဟင်းလား၊ ဒါမှမဟုတ် ယုန်သားနှပ်လား’
ဝမ်ယဲ့က ထပ်ပြောလိုက်သည်။
"ယုန်ဖမ်းပြီးရင်လည်း မင်း ငါ့ကို စားသောက်ဆိုင်မှာ တစ်နပ်ကျွေးရဦးမှာနော်"
ရွှီကျင့်ရုံ : "……"
သူတို့နှစ်ယောက်ထဲတွင် မည်သူက လူကြီးဖြစ်သည်ကို သူ စိတ်ထဲမှ မေးခွန်းထုတ်နေမိသည်။
ရွှီကျင့်ရုံကတော့ သူ့တွင် ကျန်ရှိနေသေးသော မုန့်ဖိုးလေးကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေရှာသည်။
‘ကြည့်ရတာ... လောက်ငှရုံလောက်ပဲ ရှိမယ် ထင်တယ်’
ဝမ်ယဲ့၏ လက်အောက်ငယ်သားများက အလုပ်လုပ်ရာတွင် အလွန်သွက်လက်ကြသည်။ နောက်တစ်နေ့ နံနက်အစောပိုင်းမှာပင် စုံစမ်းရရှိထားသော အဖြေများကို သူမထံ လာရောက်တင်ပြကြသည်။
သို့သော် သူမအနေဖြင့် ချက်ချင်းအဖြေပေးရန် မတောင်းဆိုခဲ့ချေ။
'ဒီလူတွေ ညဘက် လုံးဝ မအိပ်ကြဘူးလားမသိဘူး၊ တကယ့်ကို အလုပ်ကြိုးစားကြတာပဲ။'
ဝမ်ယဲ့က သူမရှေ့ရှိ ထူထဲလှသော စာရွက်စာတမ်း အထပ်လိုက်ကြီးကို ကြည့်လိုက်သည်။ စာရွက်များကို တစ်ရွက်ချင်း လှန်လှောကြည့်ရှုရာတွင် လောင်းကစားခြင်းနှင့် ပတ်သက်သည့် စာလုံးတစ်လုံးမျှ မပါရှိပေ။ ထိုအစား လွန်ခဲ့သော လအနည်းငယ်အတွင်း ရွှီကျင့်ရုံတစ်ယောက် မည်သည့်စားသောက်ဆိုင်များမှ အစားအစာများကို မှာယူစားသောက်ခဲ့သည်ဟူသော အသေးစိတ် အချက်အလက်များသာ ပြည့်နှက်နေလေသည်။
သူမက အစမှအဆုံးအထိ ဖတ်ရှုလိုက်ရာ ဟင်းပွဲအမည်များကို ဖျတ်ခနဲ ကြည့်လိုက်ရုံမျှဖြင့် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။
‘ဒီကောင်လေးက သူ့ရဲ့ပိုက်ဆံတွေကို အစားအသောက်အတွက်ပဲ အကုန်သုံးပစ်ခဲ့တာ ဖြစ်ရမယ်။ လုသခင်မသာ ဒါကို သိသွားရင် အတော်လေး စိတ်အေးသွားရှာမှာပဲ’
ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ မသေချာမရောရာ တွေးတောနေမိပြန်သည်။
မနက်စာ စားသောက်ပြီးနောက် သူ့၏ လျှို့ဝှက်ချက်များ အကုန်အစင် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း လုံးဝမသိရှာသေးသည့် ရွှီကျင့်ရုံက ပြောလာခဲ့သည်။
"ဒုတိယအဒေါ်... ကျွန်တော့်ရဲ့ အတန်းဖော်အချို့လည်း ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ချင်လို့တဲ့၊ အဲ့ဒါ အဒေါ် ခွင့်ပြုပေးလို့ရမလား"
အကယ်၍ ဒုတိယအဒေါ်က လူရှုပ်သည်ကို မကြိုက်လျှင်တော့ ထိုသူများကို အဝေးမှ လိုက်ခဲ့ရန် ပြောဖို့ သူ စဉ်းစားထားပြီးသား ဖြစ်သည်။
သို့သော် အားလုံး အတူတူသွားနိုင်ရင်တော့ ပိုကောင်းပေလိမ့်မည်။
‘လူများလေလေ ပိုပျော်စရာကောင်းလေလေ မဟုတ်ဘူးလား’
ဝမ်ယဲ့ကတော့ လုံးဝ ဂရုမစိုက်ပေ။ ရွှီကျင့်ရုံ၏ အတန်းဖော်ဆိုသည်က အသက်ဆယ်နှစ်ကျော်၊ ဆယ့်နှစ်နှစ်ဝန်းကျင် ကလေးငယ်များသာ ဖြစ်ကြသည်။ ၎င်းအပြင် လူများလေလေ၊ ယုန်ဖမ်းမိရန် အခွင့်အရေး ပိုများလေလေ ဖြစ်သည်။
ထို့ကြောင့် သူမက ပြန်ဖြေလိုက်သည်။
"မင်းရဲ့ ပိုက်ဆံအိတ်ကသာ အဆင်ပြေတယ်ဆိုရင် ငါကတော့ ဘာမှမဖြစ်ဘူး"
ရွှီကျင့်ရုံ : "……"
သူ့ရင်ဘတ်ကို ဓားဖြင့် ထိုးစိုက်လိုက်သလို ခံစားလိုက်ရသဖြင့် ရွှီကျင့်ရုံတစ်ယောက် ရင်ဘတ်ကိုသာ ဖိထားမိတော့သည်။
အမှန်တကယ်တွင်လည်း ရွှီကျင့်ရုံ၏ အတန်းဖော်များက အသက်ငယ်ငယ်လေးများသာ ရှိကြသေးပြီး အကြီးဆုံးတစ်ယောက်က တစ်ဆယ့်တစ်နှစ်မျှသာ ရှိနေသေးသည်။ သို့သော် သူတို့အားလုံးတွင် တူညီသော အချက်တစ်ခုရှိပြီး ၎င်းက အလွန်တက်ကြွဖျတ်လတ်နေကြကာ ပြောစရာစကားများ ဘယ်တော့မှ မကုန်နိုင်ကြခြင်းပင်။
ဝမ်ယဲ့က ရွှီကျင့်ရုံ၏ ဒုတိယအဒေါ်ဖြစ်ကြောင်း သိရှိသွားကြချိန်တွင် ကောင်လေးငါးယောက်စလုံးက လူငယ်တို့ထုံးစံအတိုင်း ယဉ်ယဉ်ကျေးကျေး ဂါရဝပြု နှုတ်ဆက်ကြသည်။
ပြင်ပ လူများ၏ရှေ့တွင် ဝမ်ယဲ့က အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ချဉ်းကပ်ရလွယ်ကူသော အမူအရာကို ထိန်းသိမ်းထားလေ့ရှိသည်။ သူမက လေသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။
"အဒေါ့်ကို အားနာမနေကြပါနဲ့နော်၊ ကျင့်ရုံက စာသင်ကျောင်း အနောက်ဘက်က တောင်ပေါ်မှာ ယုန်တစ်ကောင်ဖမ်းပြီး အဒေါ့်ကို မြည်းစမ်းကြည့်စေချင်တယ်ဆိုပြီး ဇွတ်ခေါ်လာလို့ပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီကျင့်ရုံတစ်ယောက် မျက်လုံးပြူးသွားရသည်။
'ဒုတိယအဒေါ်က ဘယ်လိုလုပ်ပြီး ပေါက်ကရတွေကို ဒီလောက်တောင် အေးအေးဆေးဆေး လုပ်ကြံပြောဆိုနိုင်ရတာလဲ...'
ယုန်ဖမ်းရန်က သူမ၏အကြံဉာဏ် ဖြစ်သော်လည်း ယခု သူ့အတန်းဖော်များရှေ့၌ ပြန်ချေပရန် အချိန်နှောင်းသွားခဲ့ချေပြီ။ သူ့အနေဖြင့်လည်း လူကြီးတစ်ယောက်ကို ပြန်ငြင်းခုံရန် မသင့်တော်လှပေ။ ထိုအရာက ယဉ်ကျေးမှုနှင့် လုံးဝ ဆန့်ကျင်နေလေသည်။
ရွှီကျင့်ရုံ၏ အတန်းဖော်များထဲတွင် နှစ်ယောက်က မြို့တော်မှ ဖြစ်ပြီး ကျန်သုံးယောက်ထဲတွင် လန်ချန်မြို့ခံ နှစ်ယောက်နှင့် အနည်းငယ် အကင်းပါးပြီး စကားနည်းသော လန်ချန်မြို့ဝန်၏ သားငယ်လေးလည်း ပါဝင်နေသည်။
သူတို့၏ မိတ်ဆက်စကားများကို ကြားရုံမျှဖြင့် နောက်သုံးယောက်အပြင် မြို့တော်မှ နှစ်ယောက်ကိုလည်း ဝမ်ယဲ့ မှတ်မိသွားခဲ့သည်။ တစ်ယောက်က အိမ်ခွဲမနေရသေးသည့် လျိုမိသားစုမှ စတုတ္ထသခင်မမုန့်၏ အစ်ကိုဖြစ်သူ လျိုစန်း၏ အငယ်ဆုံးသား ဖြစ်သည်။ ကျန်တစ်ယောက်ကတော့ ရွှီယွဲ့ကျား၏ သတ္တမအဒေါ် သခင်မယွီ၏ မောင်အငယ်ဆုံး ဖြစ်ပြီး သူတို့၏မိသားစုထဲတွင် ဆဋ္ဌမသား ဖြစ်သည်။
သူက သူတို့ထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး ဆယ့်တစ်နှစ် ရှိနေပြီဖြစ်သည်။ အမှန်အတိုင်း စနစ်တကျ တွက်ချက်ကြည့်မည်ဆိုပါက သူက ဝမ်ယဲ့ထက်ပင် မျိုးဆက်တဆက် ပိုကြီးနေသေးသည်။
စောစောက ဂါရဝပြု နှုတ်ဆက်ခြင်းကို ပြန်လည်တွေးတောမိရင်း ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ မတွေးဘဲမနေနိုင် ဖြစ်သွားရသည်။
'အဲ့ဒီလို အရိုအသေပေးတာကို ခံလိုက်တာက ငါ့အသက်ကို တိုစေတာမျိုး ဖြစ်မနေဘူးမလား...'
လန်ချန်မြို့ခံ နှစ်ယောက်က ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြပြီး အစ်ကိုဖြစ်သူက ချန်ယုံဖြစ်ကာ ညီဖြစ်သူက ချန်ရှန်း ဖြစ်သည်။
ရွှီကျင့်ရုံက ထိုအုပ်စုထဲတွင် အသက်အငယ်ဆုံး မဟုတ်ချေ။ ထိုနေရာကို ရရှိထားသူက လန်ချန်မြို့ဝန်၏သားဖြစ်သော ကျိုးအန်း ဖြစ်သည်။
ဝမ်ယဲ့ ကောင်လေးများ၏ အကြောင်းကို အခြေခံလောက် နားလည်သွားပြီးနောက် ရွှီကျင့်ရုံက ထပ်ပြောလိုက်သည်။
"ဝမ်းကွဲဦးလေးက လာမယ့်စာမေးပွဲအတွက် ပြင်ဆင်နေပြီး စာကို အာရုံစိုက်နေရလို့ပါ၊ အဲ့ဒါကြောင့် သူ့ကိုယ်စား ဒုတိယအဒေါ်ကို တောင်းပန်ပေးဖို့ ကျွန်တော့်ကို မှာလိုက်ပါတယ်"
ရွှီကျင့်ရုံ ပြောဆိုနေသည့် ဝမ်းကွဲဦးလေးဆိုသူက ဒေါ်လေးရွှီ၏ အငယ်ဆုံးသား ဖြစ်သည်။ သူ စုန့်ရှန်ကျောင်းတော်တွင် ပညာသင်ကြားနေခဲ့သည်မှာ နှစ်အနည်းငယ်ရှိပြီ ဖြစ်ကာ ရွှီကျင့်ရုံထက် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် အသက်ပိုကြီးသည်။
ဝမ်ယဲ့က ပြန်ပြောလိုက်သည်။
"သူရဲ့ ပညာရေးကိုပဲ အာရုံစိုက်ပါစေ၊ ကျောင်းစာက အရေးကြီးဆုံးပဲ"
မည်သို့ပင်ဖြစ် သူမတို့က အလွန်ရင်းနှီးကြသူများလည်း မဟုတ်ကြပေ။
ဝမ်ယဲ့က အားလုံးကို စုစည်းပြီး စုန့်ရှန်တောင်သို့ ထွက်ခွာရန် ပြင်ဆင်ဖို့ ရွှီကျင့်ရုံကို ညွှန်ကြားလိုက်သည်။
စုန့်ရှန်ကျောင်းတော်ဟူသော အမည်က ဤတောင်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
စုန့်ရှန်တောင်က သိပ်မဝေးလှသဖြင့် ရထားလုံးဖြင့် နာရီဝက်ခန့်သာ ခရီးနှင်ခဲ့ရသည်။ ဝမ်ယဲ့က ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး အဝေးရှိ အဆုံးမရှိသော တောင်တန်းကြီးကို လှမ်းမျှော်ကြည့်နေကာ သူမ၏ စိတ်အာရုံများ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ရွှီကျင့်ရုံနှင့် အခြားသူများက မြားတောင့်များကို လွယ်ထားကြပြီး သူတို့အသက်အရွယ်နှင့် လိုက်ဖက်အောင် အထူးပြုလုပ်ထားသည့် လေးငယ်များကို ကိုင်ဆောင်ထားကြသည်။
သူတို့အားလုံးတွင် လေးနှင့်မြားဖြင့် ဆော့ကစားခြင်းဟူသော တူညီသည့် ဝါသနာတစ်ခု ရှိကြသောကြောင့် အချင်းချင်း အလွန်တည့်နေကြခြင်းပင်။
တောင်ပေါ်မြင်ကွင်းက လှပပြီး လေကောင်းလေသန့်လည်း ရရှိနေသည်။ ခဏမျှ လမ်းလျှောက်ပြီးနောက် ဝမ်ယဲ့က အတော်အတန်ကြီးမားသော ကျောက်ဆောင်တစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး ထိုအပေါ်တွင် ထိုင်လိုက်ကာ ရှုခင်းကို ခံစားရင်း အနားယူနေလိုက်သည်။
ရွှီကျင့်ရုံက သူ့လေးငယ်ကို ကိုင်မြှောက်ပြီး ပြောလိုက်သည်။
"ဒုတိယအဒေါ်... ကျွန်တော် အဒေါ့်အတွက် ယုန်တစ်ကောင် သွားဖမ်းပေးမယ်လေ"
ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်သည်။
"သွားလေ"
ရွှီကျင့်ရုံက စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ပြေးထွက်သွားသော်လည်း အဝေးကြီးသို့ မသွားဘဲ တောင်၏ အပြင်ဘက်အစွန်းတွင်သာ လျှောက်သွားနေသည်။
သူတို့က ငယ်ရွယ်သောကြောင့် သူတို့၏ လေးအတတ်ပညာက အခြေခံအဆင့်မျှသာ ရှိသေးသည်။ ထို့ကြောင့် ပစ်မှတ်ကို အကန့်အသတ်ဖြင့်သာ ချိန်ရွယ်နိုင်သေးသည်။ တောကြက် သို့မဟုတ် ယုန်အနည်းငယ်မျှ ဖမ်းမိရုံနှင့်ပင် အလွန်ထူးချွန်သည်ဟု သတ်မှတ်နိုင်သည်။
ဝမ်ယဲ့က သူတို့ကို လိုက်ပါစောင့်ရှောက်ရန် အစောင့်ရဲမက် အနည်းငယ် စေလွှတ်လိုက်ပြီး သူမကိုယ်တိုင်ကတော့ ဆောင်းဦးလေညင်းကို သက်တောင့်သက်သာ ခံစားရင်း စိတ်ကူးယဉ်ငေးမောကာ ကျန်ရစ်နေခဲ့သည်။
သို့သော်လည်း မကြာမီအချိန်မှာပင် ရွှီကျင့်ရုံက ဝဝတုတ်တုတ်နှင့် အမွှေးပွပွ မီးခိုးရောင်ယုန်တစ်ကောင်ကို ကိုင်ဆောင်ကာ ပြန်ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"ဒုတိယအဒေါ်... ကျွန်တော် တစ်ကောင် ဖမ်းမိခဲ့ပြီ"
ယုန်တစ်ကောင်ကို သူ့ဘာသာသူ တစ်ယောက်တည်း ပထမဆုံးအကြိမ် ဖမ်းမိခြင်းဖြစ်ပြီး ဤမျှတိုတောင်းသော အချိန်အတွင်း၌ ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။
ဝမ်ယဲ့က မျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်သည်။ ယုန်၏ခြေထောက်တွင် ဒဏ်ရာတစ်ခုရှိနေပြီး သွေးများစီးကျနေကာ ရွှီကျင့်ရုံ၏မြားချက်ကြောင့် ဖြစ်ပုံရသည်။
သူမက မေးလိုက်သည်။
"အဖြူရောင်ယုန် မရှိဘူးလား"
ရွှီကျင့်ရုံက သူ့လက်ထဲက မီးခိုးရောင်ယုန်ကို ငုံ့ကြည့်ရင်း ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
"အဖြူရောင်ယုန်ရဲ့ အသားက ပိုစားကောင်းလို့လား"
ဝမ်ယဲ့က ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။
"ယုန်ဖြူတွေက မင်းတို့ ဒုတိယဦးလေးရဲ့ စရိုက်သဘာဝနဲ့ ပိုလိုက်ဖက်လို့လေ"
ရွှီကျင့်ရုံ : "......"
ထိုအဖြေက ယုန်၏ အမွှေးအရောင် ကွဲပြားလျှင် အသား၏အရသာလည်း ကွဲပြားနိုင်သည်ဟု ပြောခြင်းထက်ပင် ပိုနားလည်ရခက်နေသေးသည်။
ဝမ်ယဲ့ စိတ်တိုင်းကျမည့် ယုန်တစ်ကောင်ကို မဖမ်းမိသေးသော်လည်း ရွှီကျင့်ရုံက ဤတစ်ကောင်ကိုလည်း လွှတ်ပစ်ရန် စိတ်ကူးမရှိပေ။ သူက အခြားသူများကို ကြွားလုံးထုတ်ချင်နေသေးသည်။
ထိုအုပ်စုထဲတွင် ရွှီကျင့်ရုံက အသက်အကြီးဆုံးမဟုတ်သော်လည်း စစ်သူကြီးမိသားစုမှ ဆင်းသက်လာသူဖြစ်သဖြင့် သူ၏အရည်အချင်းက အခြားသူများထက် ပိုသာလွန်နေသည်။
ထို့ကြောင့်လည်း အစပိုင်းတွင် သူတစ်ယောက်တည်းသာ တစ်ကိုယ်တော် သွားရဲခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်ယဲ့က ယုန်ဖြူတစ်ကောင် လိုချင်သည်ကို သိလိုက်ရပြီးနောက်တွင်တော့ ရွှီကျင့်ရုံလည်း အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ရွှီကျင့်ရုံ၏ ရှင်းပြချက်ကို ကြားပြီးနောက် ယွီမိသားစု၏ ဆဋ္ဌမသားက ပြောလိုက်သည်။
"ဒါဆိုရင် မင်းရဲ့ ဒုတိယအဒေါ်အတွက် ယုန်ဖြူတစ်ကောင် သွားဖမ်းပေးကြတာပေါ့"
ချန်ယုံနှင့် ချန်ရှန်းတို့ကလည်း ခေါင်းညိတ်ကာ ထောက်ခံကြသည်။
"အဝေးကနေလာတဲ့ ဧည့်သည်တွေ ဧည့်ခံဖို့က ငါတို့ရဲ့ တာဝန်ပဲလေ၊ ငါတို့က ဒီတောင်အကြောင်း ကောင်းကောင်းသိတယ်၊ ယုန်တွင်းတွေ ဘယ်နားမှာရှိလဲဆိုတာလည်းကိုတောင် သိတယ်"
ကျိုးအန်း၏ဖခင် လန်ချန်သို့ ပြောင်းရွှေ့လာသည်မှာ ခြောက်လ မပြည့်သေးသဖြင့် သူက မြို့တော်မှ ရောက်လာကြသော ရွှီကျင့်ရုံနှင့် ယွီလျိုတို့လောက်ပင် ဤနေရာကို မကျွမ်းကျင်ကြပေ။
သူကတော့ ထိုအုပ်စု၏နောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။
ချန်ယုံနှင့် ချန်ရှန်းတို့က သူတို့အားလုံးကို ယုန်တွင်းတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားခဲ့ကြသည်။
‘လိမ္မာပါးနပ်တဲ့ ယုန်တစ်ကောင်မှာ တွင်းသုံးတွင်းရှိတယ်’ ဆိုသည့် ဆိုရိုးစကားကြောင့် သူတို့ ထွက်ပေါက်အားလုံးကို ရှာဖွေပြီး ၎င်းတို့အနက်မှ နှစ်ခုကို မီးခိုးတိုက်ရမည်ဖြစ်သည်။ ထို့နောက် ကျန်ရှိသောတွင်းဝတွင် လူနှစ်ယောက် စောင့်ကြပ်ရပေလိမ့်မည်။
ယုန်များ အပြင်သို့ အတင်းတိုးထွက်လာသည့်အခါ သူတို့ ချက်ချင်း ဖမ်းဆီးနိုင်ရမည် ဖြစ်သည်။
ဤနည်းလမ်း၏ အားသာချက်က ယုန်ကို ဒဏ်ရာမရစေခြင်းပင်။ ရွှီကျင့်ရုံကလည်း ဝမ်ယဲ့တစ်ယောက် ယုန်ဖြူကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူချင်နေသည်ဟု တွေးဆထားခဲ့သည်။ ဒဏ်ရာရထားသော ယုန်များက မွေးမြူရန် ခက်ခဲလှသည်။
တွင်းများကို ခဏမျှ မီးခိုးတိုက်ပြီးနောက် နောက်ဆုံးတွင် ယုန်များက အခြားထွက်ပေါက်မှ တိုးထွက်လာကြသည်။ ရွှီကျင့်ရုံက ၎င်းတို့ထဲတွင် အဝဆုံးနှင့် ဆီးနှင်းကဲ့သို့ ဖွေးဆွတ်နေသော ယုန်ဖြူတစ်ကောင်ကို ရွေးချယ်လိုက်သည်။
ယွီလျိုက ပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်းရဲ့ ဒုတိယအဒေါ် စိတ်ကျေနပ်လောက်ပါပြီ"
ရွှီကျင့်ရုံကလည်း ခေါင်းညိတ်လိုက်ပြီး သူလည်း ထိုအတိုင်း ခံစားနေမိသည်။
ရွှီကျင့်ရုံ၏ ရင်ခွင်ထဲမှ ယုန်ကို မြင်လိုက်ရသည်နှင့် ဝမ်ယဲ့၏မျက်နှာတွင် စိတ်ကျေနပ်မှုအရောင်များ တောက်ပလာခဲ့သည်။
"ကျင့်ရုံ... မင်းတို့တွေ တော်တော်တော်ကြတာပဲ၊ ဖမ်းမိခဲ့ပြီ၊ တကယ့်ကို မဆိုးဘူးပဲ"
မီးခိုးတိုက်ထားသောကြောင့် မျက်နှာတွင် မီးခိုးမှိုင်းများ ပေကျံနေသည့် ကောင်လေးများက သူတို့၏ အပြုံးများကို ထိန်းချုပ်ရန် ကြိုးစားနေကြသော်လည်း သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြသည်မှာ သိသာနေသည်။
ဝမ်ယဲ့က အိစက်ညှက်ပျော့သော ယုန်ကလေးကို ပွေ့ချီရင်း ရက်ရက်ရောရော ကြေညာလိုက်သည်။
"သွားကြစို့... ငါ မင်းတို့အားလုံးကို စားသောက်ဆိုင် ခေါ်သွားပြီး အဝ ကျွေးမယ်"
ကျိုးအန်း၏ မျက်လုံးများက ချက်ချင်း တောက်ပသွားခဲ့သည်။
"ကျွန်တော်တို့ ယွင်ကျစ်လို့ကို သွားကြမှာလား"
ဝမ်ယဲ့က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ထပ်ပြောလိုက်သည်။
"မင်းတို့ ဘယ်သွားချင်လဲ ပြောသာပြောလိုက်၊ အဒေါ် လိုက်ကျွေးမယ်"
ကောင်လေးများက စိတ်လှုပ်ရှားစွာဖြင့် တခဲနက် အော်ဟစ်အားပေးနေကြသည်။
သူတို့အားလုံးက အသက်အရွယ်ငယ်ရွယ်ကြသေးသော်လည်း စုန့်ရှန်ကျောင်းတော်တွင် ပညာသင်ကြားခွင့်ရခဲ့ကြပြီး ကျောင်းပိတ်ရက်များ၌ အပြင်ထွက် လည်ပတ်နိုင်ကြသူများဖြစ်သဖြင့် သူတို့၏မိသားစုနောက်ခံက စားသောက်ဆိုင်တွင် စားသောက်ရန် ငွေကြေးချို့တဲ့မည့်သူများ မဟုတ်သည်မှာ သေချာနေသည်။ သို့သော်လည်း သူတို့ ရရှိသည့် မုန့်ဖိုးက အကန့်အသတ်ရှိပြီး ယွင်ကျစ်လို့၏ အစားအစာများက ဈေးနှုန်းအလွန်ကြီးမြင့်သည်ဟု နာမည်ကြီးလှသည်။
ထိုသို့ ပျော်ရွှင်စွာ အော်ဟစ်နေကြသည့် လူအုပ်စုကြားတွင် ဝမ်ယဲ့၏ "အဒေါ် လိုက်ကျွေးမယ်" ဟူသော စကားကြောင့် ရွှီကျင့်ရုံ၏ ပခုံးများ အနည်းငယ် တွန့်ကျသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
သူက သူ့ခါးတွင်ချိတ်ဆွဲထားသော ငွေအိတ်လေးကို တိတ်တဆိတ် စမ်းကြည့်နေပြီး ရင်ထဲမှ တရှုံ့ရှုံ့ငိုကြွေးနေရှာသည်။
'ဒုတိယအဒေါ်က တကယ့်ကို နှလုံးသားမရှိတာပဲ...'
ဝမ်ယဲ့က ယုန်ကလေးကို ထောင်ကျီ၏လက်ထဲသို့ လွှဲပေးလိုက်ပြီး စိတ်မသက်မသာ ဖြစ်နေပုံရသော ရွှီကျင့်ရုံထံသို့ သူမ၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများဖြင့် လှည့်ကြည့်ကာ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်ပြလိုက်သည်။
ယွင်ကျစ်လို့သို့ သွားရာလမ်းတစ်လျှောက်တွင် ရွှီကျင့်ရုံက မကြာခဏဆိုသလို သက်ပြင်းများ ချနေခဲ့သည်။ ကျိုးအန်းက ဇဝေဇဝါဖြစ်ဖြင့် လှမ်းမေးလိုက်သည်။
"ကျင့်ရုံ... မင်းက ယွင်ကျစ်လို့က ဟင်းလျာတွေကို အကြိုက်ဆုံး မဟုတ်ဘူးလား"
ရွှီကျင့်ရုံက သူ့ကို နာကျင်ခံရခက်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြန်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်သော်လည်း နောက်ဆုံးတွင် ညည်းညူရုံသာ တတ်နိုင်တော့သည်။
"မင်း နားမလည်ပါဘူးကွာ"
ကျိုးအန်း : "......"
လျိုစန်းကလည်း သူ့ပခုံးကို ပုတ်ကာ ဝင်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါတို့ မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူးကွာ"
ရွှီကျင့်ရုံ တစ်ယောက် စကားမဲ့သွားခဲ့သည်။
‘အခုကိစ္စက သိက္ခာဆယ်ရမယ့် ကိစ္စမျိုးလား၊ မဟုတ်ဘူး၊ ဒီနေ့ ယွင်ကျစ်လို့မှာ သူ့ငွေအိတ်တစ်ခုလုံး ပြောင်သလင်းခါတော့မှာကို ဘယ်သူမှ မသိတာပဲ’
အပြင်ပန်းတွင် သူ့ဒုတိယအဒေါ်က အားလုံးကို လိုက်ကျွေးနေခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် သူကိုယ်တိုင် ငွေရှင်းရမည်ဖြစ်ကြောင်းကို ရွှီကျင့်ရုံအနေဖြင့် သူ့သူငယ်ချင်းများအား လုံးဝ ဖွင့်ပြောမည်မဟုတ်ချေ။
မရေမရာသော ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာသဖြင့် ရွှီကျင့်ရုံတစ်ယောက် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေမိသည်။
'ငါ့ရဲ့ ရင်တွင်းခံစားချက်ကို ဘယ်သူကမှ တကယ် နားမလည်နိုင်ကြပါလား...'
နောက်ဆုံးတွင် သူတို့အားလုံး ယွင်ကျစ်လို့သို့ ရောက်ရှိလာခဲ့သည်။
ဝမ်ယဲ့က စည်ကားသိုက်မြိုက်နေသော စားသောက်ဆိုင်ကြီးကို ကြည့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
"ဒီနေရာက တကယ်ကို သက်ဝင်စည်ကားတာပဲ"
ယွင်ကျစ်လို့မှ စားပွဲထိုးက မျက်စိလျင်လှသည်။ အဝေးမှပင် ဤလူစုက သာမန်လူများ မဟုတ်ကြောင်း အကဲခတ်မိသဖြင့် စိတ်အားထက်သန်စွာ ခရီးဦးကြိုပြုဖို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
"ကြွပါ... အဖိုးတန်ဧည့်သည်တော်တို့... အထဲကို ကြွပါခင်ဗျာ"
ဝမ်ယဲ့က သီးသန့်အခန်းတစ်ခန်း တောင်းဆိုလိုက်ရာ သူတို့ ကံကောင်းနေပြီး နောက်ဆုံးကျန်ရှိသော အခန်းလွတ်လေးတစ်ခု ရရှိခဲ့ကြသည်။ ထိုအခန်းက ဒုတိယထပ်၏ ပြတင်းပေါက်ဘေးတွင် ရှိပြီး အပြင်ဘက် လမ်းမပေါ်မှ မြင်ကွင်းများကို အပေါ်စီးမှ လှမ်းမြင်နေရသည်။
ဝမ်ယဲ့က သူတို့ နှစ်သက်ရာအစားအစာကို စိတ်ကြိုက်မှာယူခွင့် ပေးလိုက်သည်။
ရွှီကျင့်ရုံက သူမကို အသနားခံသော မျက်ဝန်းများဖြင့် ကြည့်ကာ သူမတို့နှစ်ဦးတည်း ကြားနိုင်မည့် အသံတိုးတိုးဖြင့် ကပ်ပြောနေရှာသည်။
"ဒုတိယအဒေါ်... ကျွန်တော်တို့က အစားနည်းကြပါတယ်ဗျ၊ ဟင်းနှစ်ပွဲလောက် မှာလိုက်ရင် လုံလောက်နေပါပြီ"
ဝမ်ယဲ့က စနောက်ကျီစယ်လိုသော လေသံဖြင့် ပြန်ချေပလိုက်သည်။
"ဟင်းနှစ်ပွဲတည်းနဲ့ ဘယ်လိုလုပ် လောက်မှာလဲ၊ အဒေါ်အတွက် ပိုက်ဆံ ချွေတာပေးနေစရာ မလိုပါဘူး"
ထိုသို့ပြောပြီးနောက် သူမက ဟင်းလျာစာရင်းကို ယူကာ မုန့်မျိုးစုံကဏ္ဍကို တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူမက မကြာခဏဆိုသလို မော့ကြည့်ပြီး မေးမြန်းနေခဲ့သည်။
"မင်းတို့ ဘယ်လိုမုန့်မျိုးတွေ ကြိုက်ကြလဲ၊ သစ်အယ်သီးမုန့်လား ဒါမှမဟုတ် ကွေ့ဟွားမုန့်လား၊ ဒီက သစ်ကြားသီးမုန့်ကရော ဘယ်လိုနေလဲ"
ထိုအချိန်တွင် ယွီလျို့က ကြားဖြတ် ဝင်ပြောလိုက်သည်။
"ကျင့်ရုံက သစ်ကြားသီးမုန့် စားလို့ မရဘူးဗျ၊ စားလိုက်ရင် သူ့တစ်ကိုယ်လုံး အနီရောင်အဖုတွေ ထွက်လာတတ်လို့ပါ"
အခြားသူများကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြသည်။
အစပိုင်းတွင် သူတို့အားလုံးက ရွှီကျင့်ရုံ၌ ထိုသို့သော မတည့်သည့်လက္ခဏာရှိမှန်း မသိခဲ့ကြသော်လည်း တစ်ကြိမ်တွင် သစ်ကြားသီးပါသော မုန့်ကို မတော်တဆကျွေးမိရာမှ သူ၏ဓာတ်မတည့်မှုကို သိရှိခဲ့ကြခြင်း ဖြစ်သည်။
ဝမ်ယဲ့က အံ့သြသွားပုံရပြီး ရွှီကျင့်ရုံထံသို့ အကြည့်လွှဲကာ လှမ်းမေးလိုက်သည်။
"မင်းလည်း ဒါကို စားလို့ မရဘူးလား"
ရွှီကျင့်ရုံက ခေါင်းငြိမ့်ပြကာ ပြန်ရှင်းပြနေသည်။
"ဟုတ်ကဲ့... အိမ်မှာ ကျွန်တော်နဲ့ ရွှမ်အာနှစ်ယောက်တည်းပဲ ဒါကို စားလို့ မရတာပါ"
ဝမ်ယဲ့က နားလည်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ငါတို့ တခြားဟာပဲ ရွေးကြတာပေါ့"
ဟင်းပွဲများ မှာယူပြီးနောက် ထိုဟင်းပွဲများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ထိုအတောအတွင်း ရွှီကျင့်ရုံက မနေနိုင်ဘဲ မေးနေပြန်သည်။
"ဒုတိယအဒေါ်... အဲ့ဒီယုန်ကလေးကို ဘာလုပ်ဖို့ စိတ်ကူးထားလဲဟင်၊ မွေးထား မလို့လား"
ဝမ်ယဲ့က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးမှ ခပ်အေးအေး ပြန်ဖြေလိုက်သည်။
"မင်းတို့ အရင်က ဖမ်းမိတဲ့ ယုန်တွေကိုရော မွေးထားကြတာလား"
ရွှီကျင့်ရုံက ခေါင်းခါပြပြီး ရိုးရိုးသားသား ဝန်ခံလိုက်သည်။
"ကျွန်တော်တို့ စားပစ်လိုက်ကြတာ"
ဝမ်ယဲ့က ထပ်မေးလိုက်သည်။
"ဘယ်လို စားလိုက်ကြတာလဲ"
ဤတစ်ကြိမ်တွင်တော့ ကျိုးအန်းက ဝင်ဖြေလိုက်သည်။
"ကျွန်တော်တို့ ကင်စားကြတာပါ"
ဝမ်ယဲ့က "သြော်" ဟု ရေရွတ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဒီတစ်ခါ ငါ မင်းတို့ကို ဆီပြန်ဟင်း ချက်ကျွေးမယ်လေ"
ကျန်ရှိနေသူများ : "......"
‘ကျင့်ရုံရဲ့ ဒုတိယအဒေါ်က သူတို့ စိတ်ကူးယဉ်ထားတာနဲ့ နည်းနည်း ကွဲပြားနေပုံရတယ်’
ဟင်းပွဲများ ရောက်ရှိလာချိန်တွင် သူတို့အားလုံး စကားပင်မပြောနိုင်တော့ဘဲ အစားအသောက်များကိုသာ အလုအယက် စားသောက်နေကြသည်။ သူတို့ပုံစံက နှစ်ရက်ခန့် ငတ်မွတ်နေခဲ့သည့်အတိုင်း ဖြစ်နေလေသည်။ အကယ်၍ ဝမ်ယဲ့သာ ဤနေရာ၌ ရှိမနေခဲ့လျှင် သူတို့အားလုံး အစားအစာများကို လုယက်စားသောက်နေကြလောက်ပြီ ဖြစ်သည်။
‘တကယ်ပဲ အဲ့ဒီလောက်တောင် အရသာရှိလို့လား’
ဝမ်ယဲ့က ဝက်သားနှပ်တစ်တုံးကို မြည်းကြည့်လိုက်သည်။
အရသာကို ခံပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် သူမ၏မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။ ဤမျှအဆင့်ရှိသော ဟင်းလျာမျိုးကို ဟုန်ရှင်းပင် ချက်နိုင်သည်။ အရသာရှိသည်ဆိုသော်လည်း ဝမ်ယဲ့ကိုတော့ ထူးထူးခြားခြား ဆွဲဆောင်နိုင်ခြင်းမရှိပေ။
ထိုကျောင်းသားများအတွက် သာမန်စားသောက်ဆိုင်က ဟင်းလျာတစ်ခုကပင် လျှာလည်သွားလောက်သည့် လက်ရာမွန်တစ်ခု ဖြစ်နေစေရန် စုန့်ရှန်ကျောင်းတော်၏ ထမင်းစားဆောင်မှ အစားအစာများ မည်မျှအထိ ဆိုးရွားမည်ကို တွေးကာ ဝမ်ယဲ့ အမှန်တကယ် မြည်းစမ်းကြည့်ချင်နေမိသည်။
ဝမ်ယဲ့ သိပ်မစားသည်ကို မြင်နေရသောကြောင့် ရွှီကျင့်ရုံက မေးလိုက်ပြန်သည်။
"ဒုတိယအဒေါ်... ဘာလို့ အများကြီး မစားတာလဲဟင်"
ဝမ်ယဲ့က ကြည်နူးပီတိဖြစ်နေသယောင် ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
"မင်းတို့ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြတာကို မြင်ရုံနဲ့တင် အဒေါ် ဝမ်းသာနေလို့ပါ"
ရွှီကျင့်ရုံကတော့ သူမ၏စကားထဲမှ ထူးဆန်းမှုကို ပြန်လည်တွေးတောရန် အချိန်မရှိရှာပေ။ သူက နောက်ဆုံးကျန်ရှိနေသော ဝက်သားဟင်းတစ်တုံးကို ရရှိရန် အခြားသူများထက် လက်ဦးနိုင်ဖို့သာ အာရုံစိုက်နေခဲ့သည်။
ဝမ်ယဲ့က ထိုသည်ကို သတိပြုမိပြီး ဝက်သားဟင်း နောက်တစ်ပွဲ ထပ်ယူလာပေးရန် စားပွဲထိုးကို သွားပြောဖို့ ထောင်ကျီအား ညွှန်ကြားလိုက်သည်။
ရွှီကျင့်ရုံက ၎င်းကို မြင်သော်လည်း တားဆီးရန် မရည်ရွယ်တော့ပေ။
‘အရသာရှိတဲ့ အစားအစာတွေကို စားနေရမှတော့ ငါ့ငွေအိတ်လေး ပြောင်သလင်းခါရင်ည်း ခါသွားပါစေတော့၊ နောက်လကျမှပဲ လူကောင်းလေးတစ်ယောက်လို ပြန်အသက်ဆက်တော့မယ်’
အမှန်တကယ်တွင် ဝမ်ယဲ့က ရွှီကျင့်ရုံကို စားသောက်စရိတ် ရှင်းခိုင်းရန် မည်သည့်အခါကမျှ စိတ်ကူးမရှိခဲ့ပေ။ သူမက သူ့ကို အနည်းငယ် စနောက်ကျီစယ်ချင်ရုံသက်သက်သာ ဖြစ်သည်။
လူပျိုပေါက်အရွယ် ကောင်လေးတစ်ယောက်ကို စနောက်ရခြင်းက အလွန်ပင် စိတ်အပန်းပြေစရာ ကောင်းလှသည်။
သူတို့အားလုံး စားသောက်ပြီးလုနီးပါးအချိန်တွင် သူမက ငွေရှင်းရန် ထောင်ကျီကို တိတ်တဆိတ် စေလွှတ်လိုက်သည်။
စားသောက်ပြီးနောက် သူတို့အားလုံး စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ကြသည်။ ရွှီကျင့်ရုံက ဝမ်ယဲ့၏နောက် ခြေတစ်လှမ်းအကွာမှ လိုက်ပါလာပြီး တိုးတိုးလေး ကပ်မေးနေသည်။
"ဒုတိယအဒေါ်... ဘာလို့ စားသောက်စရိတ်ကို အဒေါ် ရှင်းလိုက်ရတာလဲ"
ဝမ်ယဲ့က သူ့ကို တစ်ချက်လှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။
"မင်း တကယ်ပဲ စိတ်လှုပ်ရှားပြီး ကျေးဇူးတင်နေတယ်ဆိုရင်တော့... ငါက မင်းရဲ့ ငွေအိတ်ကို ယူလိုက်ဖို့ ဝန်မလေးဘူးနော်"
‘ကိုယ့်အိတ်ထဲမှာ ပိုက်ဆံအပိုတွေ ရှိလာမှာကို ဘယ်သူက မလိုချင်ဘဲ နေပါ့မလဲ’
ရွှီကျင့်ရုံက သူ့ခါးတွင် ချိတ်ထားသော ငွေအိတ်လေးကို မသိစိတ်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း တိတ်ဆိတ်သွားသည်။
‘စိတ်လှုပ်ရှားရင်တောင်... တတ်နိုင်သမျှတော့ ဒီငွေအိတ်ကို လက်လွှတ်မခံနိုင်ဘူးလေ’
သူ့၏ ဒုတိယအဒေါ်က လူကောင်းလား၊ လူဆိုးလား ခွဲခြားရခက်သော ထူးဆန်းသည့် ပေါင်းစပ်မှုမျိုး ဖြစ်နေသဖြင့် ရွှီကျင့်ရုံတစ်ယောက် တကယ်ပင် အကျပ်ရိုက်နေရသည်။
"ဟင်... အရှေ့မှာ ရန်ဖြစ်နေကြတဲ့ပုံပဲ"
အရှေ့ဆုံးမှ လျှောက်လှမ်းနေသော ယွီလျိုက နောက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဘယ်သူတွေလဲ... မင်း သိတဲ့လူတွေလား"
ရွှီကျင့်ရုံက မေးမြန်းရန် အရှေ့သို့ တိုးသွားသည်။ ယွီလျိုက နောက်တစ်ကြိမ် ထပ်မံကြည့်ရှုပြီးနောက် ဝေခွဲမရဟန်ဖြင့် ခေါင်းခါပြနေသည်။
"ငါ မသိပါဘူး... ဒါပေမယ့် တစ်နေရာရာမှာ မြင်ဖူးသလိုလိုတော့ ခံစားနေရတယ်"
ဝမ်ယဲ့လည်း လှမ်းကြည့်လိုက်ပြီး အနည်းငယ် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူတို့ပတ်ပတ်လည်တွင် လူအုပ်ကြီး ပိုမိုများပြားလာသည်ကို မြင်လိုက်ရသဖြင့် ကူညီပေးနိုင်မည့်အရာ ရှိမလားဟူသော ရည်ရွယ်ချက်ဖြင့် သွားရောက်ကြည့်ရှုရန် ယွီလျိုက အကြံပြုလိုက်သည်။
သူတို့ ပိုနီးအောင် ချဉ်းကပ်သွားချိန်တွင် မောက်မာရိုင်းစိုင်းသော အမူအရာရှိသည့် လူငယ်တစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို ခြေထောက်ဖြင့် နင်းခြေထားရင်း အော်ဟစ်ဆဲဆိုနေသည်ကို တွေ့လိုက်ရသည်။
"ဒီသခင်လေးတောင်မှ လူအများရှေ့မှာ မိန်းခလေးတစ်ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ဖို့ မကြိုးစားခဲ့ဖူးဘူး၊ မင်းက ဘာမို့လို့ ဒီသခင်လေးရဲ့ မျက်စိအောက်တည့်တည့်မှာ ဒါမျိုး လုပ်ရဲရတာလဲ၊ တကယ့်ကို အရှက်မရှိတဲ့ အမှိုက်ကောင်ပဲ"
"သူက မင်းနဲ့ လိုက်ချင်လို့လား၊ မင်းက ယောက်ျားတောင် မဟုတ်ဘူး၊ ဒီသခင်လေးက မင်းကို အသေကန်ပစ်မယ်"
ထိုလူငယ်၏ ဝတ်စားဆင်ယင်မှုက အလွန်အမင်း ထင်ပေါ်နေခြင်း မရှိသော်လည်း သူ့အနားတွင် ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော သက်တော်စောင့်တစ်ဦး ရှိနေသည်။ လူအုပ်ကြီးကတော့ သူ့ကို မင်းစိုးရာဇာမိသားစုတစ်ခုမှ ဆိုးသွမ်းသော သခင်လေးတစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။
သို့သော်လည်း ဝမ်ယဲ့ကတော့ သူ သာမန်သခင်လေးတစ်ဦး မဟုတ်မှန်း သိရှိနေခဲ့သည်။ သူက လက်ရှိဧကရာဇ်၏ သွေးကွဲညီဖြစ်သော ဝမ်မင်းသား ဖြစ်သည်။
‘သူက ဘယ်လိုဖြစ်ပြီး လန်ချန်ကို ရောက်နေရတာလဲ...’
ဝမ်ယဲ့တစ်ယာက် စိတ်ထဲမှ တွေးတောနေမိသည်။
ယွီလျိုက ထိုလူငယ်ထက် အနည်းငယ် အသက်ကြီးပုံရသော အမျိုးသား၏မျက်နှာကို အကြာကြီး စိုက်ကြည့်နေသော်လည်း သူ့ကို မည်သည့်နေရာ မြင်ဖူးခဲ့မှန်း မမှတ်မိနိုင်သေးပေ။ သူက ဝမ်ယဲ့ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"ကျင်းရုံရဲ့ ဒုတိယအဒေါ်... ကျွန်တော်တို့ သွားကူညီပေးသင့်လားခင်ဗျာ"
သူတို့အထဲတွင် ဝမ်ယဲ့သာ လူကြီး ဖြစ်သောကြောင့် ယွီလျို၏ မေးခွန်းအဆုံးတွင် လူတိုင်း၏အကြည့်များက သူမထံသို့ ရောက်လာကြသည်။
သူတို့၏ အာရုံစိုက်မှုကို ခံလိုက်ရသည့် ဝမ်ယဲ့က ခေါင်းခါပြပြီးမှ ထပ်ရှင်းပြလိုက်သည်။
"မြေပြင်ပေါ်က လူက လူအများကြီး ရှေ့မှာတောင် မိန်းခလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့ လူမိုက်တစ်ယောက်လို့ သူ ပြောနေတာ မဟုတ်ဘူးလား၊ သူ့ကို နောက်ထပ် နည်းနည်းလောက် ထပ်ကန်ခိုင်းလိုက်ပါ"
ထိုလူငယ်၏ သက်တော်စောင့် အနားတွင် မျက်နှာကို လက်ဖြင့် အုပ်ကာ တုန်တုန်ယင်ယင် ဖြစ်နေရှာသော မိန်းခလေးတစ်ဦး ရှိနေသည်မှာလည်း အမှန်ပင် ဖြစ်သည်။
ယွီလျိုက ပြန်စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ ထိုလူငယ်၏ လုပ်ရပ်က အနည်းငယ် မလျော်ကန်သော်လည်း အမှန်တကယ် အားရကျေနပ်စရာ ကောင်းလှသည်။
ထိုလူငယ်က နောက်ထပ် အနည်းငယ်မျှ ထပ်မံကန်ကျောက်နေခဲ့ပြီး မြို့ဝန်ရုံးမှ ရဲမက်များ ရောက်ရှိလာကာ ထိုလူမိုက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
အစပိုင်းတွင် ရဲမက်များက ထိုအမျိုးသမီးကိုပါ အတူခေါ်ဆောင်သွားချင်သော်လည်း လူငယ်က တားဆီးလိုက်သည်။ လူအုပ်ကြီး မသိလိုက်ချိန်တွင် သက်တော်စောင့်က ရဲမက်များကို တိုးတိုးလေး တစ်ခုခု ပြောလိုက်ရာ ရဲမက်များက မည်သည့်ငြင်းဆန်မှုကိုမျှ မပြတော့ဘဲ ထိုလူမိုက်တစ်ယောက်တည်းကိုသာ ခေါ်ဆောင်ပြီး ထွက်ခွာသွားကြသည်။
လူငယ်က မိန်းခလေးကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးရန် သူ့သက်တော်စောင့်ကို စေလွှတ်လိုက်ပြီးနောက် သူကိုယ်တိုင်လည်း ထွက်ခွာသွားသည်ကို အားလုံး မြင်လိုက်ကြရသည်။
နားရက်က မွန်းတည့်ချိန်အထိသာ ရှိသဖြင့် ယွီလျိုနှင့် အခြားသူများက မွန်းလွဲပိုင်းတွင် ကျောင်းတော်သို့ ပြန်ကြရမည် ဖြစ်သည်။ ရွှီကျင့်ရုံကတော့ ယခင်ကတည်းက ခွင့်တစ်ဝက် တိုင်ကြားထားခဲ့သဖြင့် ပြန်သွားရန် မလိုပေ။
လမ်းခွဲသို့ ရောက်ချိန်တွင် သူတို့အားလုံး လမ်းခွဲခဲ့ကြသည်။ အိမ်တော်ဝင်းသို့ ရောက်ရန် လမ်းတစ်လမ်းသာ လိုတော့သဖြင့် ဝမ်ယဲ့နှင့် ရွှီကျင့်ရုံတို့က ရထားလုံး မစီးတော့ဘဲ အစာကြေညက်စေရန်အတွက် လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် သူမတို့ ထိုလူငယ်တစ်ယောက်တည်း အပူအပင်မရှိ လမ်းလျှောက်နေသည်ကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရပြန်သည်။
ထိုလူငယ်က စက္ကူယပ်တောင်ကို အေးအေးလူလူ ခတ်ရင်း အခြားလမ်းတစ်ဖက်သို့ အေးအေးဆေးဆေး လျှောက်လှမ်းနေသည်။
ဝမ်ယဲ့နှင့် ရွှီကျင့်ရုံတို့ ရပ်နေသည့်နေရာက လူအမြင်ကွယ်သော နေရာတစ်ခု ဖြစ်နေသည်။ ထိုလူငယ်လေး လမ်းကွေ့တစ်ခုသို့ ချိုးဝင်တော့မည့်အချိန်တွင် သူ့အကြည့်က သဘာဝအတိုင်း ဝှေ့ဝဲလာရာမှ ဝမ်ယဲ့နှင့် သူမ၏ဘေးတွင် ရပ်နေသော အစေခံမိန်းကလေး ထောင်ကျီတို့ကို လှမ်းမြင်သွားခဲ့သည်။
ဝမ်ယဲ့ ထိုလူငယ်နှင့် ခဏမျှ အကြည့်ချင်းဆုံသွားစဉ်မှာပင် ထိုလူငယ်က ရုတ်တရက် သူ့ခေါင်းကို မောက်မာစွာ မော့လိုက်ပြီး နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြုလိုက်သည်။
သူ့မျက်နှာအမူအရာက "မင်းတို့က ဒီသခင်လေးရဲ့ အာရုံစိုက်မှုကို ခံရလောက်အောင် မတန်ဘူး" ဟု ပြောနေသည့်အလားပင်။
ဝမ်ယဲ့ : "......"
‘သူက တကယ့်ကို သာမန်ပါပဲ’
ရွှီကျင့်ရုံကလည်း ယွီလျိုကဲ့သို့ပင် ခံစားလိုက်ရသဖြင့် ပြောလာခဲ့သည်။
"ဒုတိယအဒေါ်... ကျွန်တော်လည်း သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း ပြန်မေးလိုက်သည်။
"ဟုတ်လို့လား"
သူမ၏ စကားလုံးများ နှုတ်ဖျားမှ ထွက်မကျသေးခင်မှာပင် ထိုလူငယ်က လျှပ်စီးလက်သည့်အရှိန်အဟုန်ဖြင့် ရုတ်တရက် ရောက်လာသော ဝတ်စုံနက်ဝတ် အမျိုးသားနှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ရွှီကျင့်ရုံက သူတို့ကို လိုက်လံဖမ်းဆီးရန် ချက်ချင်း အရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။
ဝမ်ယဲ့က သူ့ဝတ်စုံကော်လံကို နောက်ကျောမှ အလျင်အမြန် လှမ်းဆွဲပြီး အလောတကြီး မေးလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ"
ရွှီကျင့်ရုံက အော်ဟစ်ပြောဆိုနေသည်။
"သူ့ကို ကယ်မလို့လေ၊ ဒုတိယအဒေါ်... သူက ခုနတင်ပဲ လူဆိုးကို နှိမ်နင်းပြီး ကောင်းမှုလုပ်ခဲ့တာလေ၊ သူက လူကောင်းတစ်ယောက်ပါဗျ"
ဝမ်ယဲ့က သူ့ကို လွှတ်မပေးသေးဘဲ သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုရင်း ထပ်မေးလိုက်သည်။
"မင်းရဲ့ ဒီလိုပိန်လှီတဲ့ ခန္ဓာကိုယ်လေးကို အားကိုးပြီးတော့လား"
ရွှီကျင့်ရုံက သူ့ကိုယ်သူ ပြန်လည်ခုခံကာကွယ်သည့်အနေဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော်က စစ်သူကြီးတစ်ယောက်ပဲ"
ဝမ်ယဲ့၏ တိတ်ဆိတ်ငြိမ်သက်သော အကြည့်အောက်တွင် သူ မတတ်သာဘဲ စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။
"နောင်အနာဂတ်မှာပေါ့"
ဝမ်ယဲ့က ပြန်လည်ချေပလိုက်သည်။
"ဒါဆို အခုတော့ မဟုတ်သေးဘူးပေါ့... ဟုတ်လား"
ရွှီကျင့်ရုံက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောသည်။
"ဒါပေမယ့်... ဒါပေမယ့်လည်း လူတစ်ယောက် သေတော့မှာကို ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူးလေ"
သူ့အနေဖြင့် ဤအတိုင်း လွှတ်ထားရမည်ကို စိတ်မကောင်းဖြစ်နေမိသည်။
ဝမ်ယဲ့က သူ့ကို ငုံ့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"နောက်ဆုံးကျရင် မင်းကို ကူညီခွင့်ပေးမှာပါ"
သူမက သူမတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာသော အစောင့်ရဲမက် ရွှီစန်းကို အခြေအနေအား စောင့်ကြည့်ရန်နှင့် လမ်းတစ်လျှောက်တွင် အမှတ်အသားများ ချန်ထားခဲ့ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ရွှီကျင့်ရုံဘက်သို့ လှည့်ပြောလိုက်သည်။
"ဒီနေရာက စစ်မြေပြင်မဟုတ်ဘူး၊ ပြီးတော့ မင်း အခုလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အာဏာပိုင်တွေကို သွားရောက်တိုင်ကြားဖို့ပဲ"
သူမ၏ နှစ်ပေါင်းများစွာ ဝတ္ထုဖတ်ခဲ့ဖူးသည့် အတွေ့အကြုံများအရ ဦးနှောက်မရှိဘဲ ဇွတ်တိုးဝင်သွားပါက နှစ်ယောက်လုံး အသက်ပျောက်ရုံသာ ရှိပေလိမ့်မည်။ ထို့ပြင် ဒီအတိုင်း ရပ်ကြည့်နေရန်လည်း မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုရာဇဝတ်ကောင်များက သူမတို့၏မျက်နှာများကို သေချာပေါက် မြင်တွေ့သွားခဲ့ပြီ ဖြစ်ရာ အိမ်တော်ဝင်းငယ်လေးသို့ ပြန်သွားရန်ကလည်း မဖြစ်နိုင်တော့ပေ။
လန်ချန်၏ မြို့တော်ဝင်ကျိုးက ဧကရာဇ်မင်းမြတ်၏ လူယုံတစ်ဦး ဖြစ်ကြောင်း ရွှီယွဲ့ကျား ပြောခဲ့ဖူးသည်ကို ဝမ်ယဲ့ ရုတ်တရက် သတိရမိသွားသည်။
အန္တရာယ်ကင်းကင်းနှင့် စိတ်အချရဆုံး ဖြစ်စေရန်အတွက် သူမက အထိန်းတော်ကျန်းနှင့် အားရှစ်တို့ကို ခေါ်ဆောင်ပြီး မြို့တော်ဝန်ရုံးသို့ တန်းတန်းမတ်မတ် သွားသင့်နေချေပြီ။
"အာဏပိုင်တွေကို သွားတိုင်ရမယ် ဟုတ်လား"
ရွှီကျင့်ရုံက လက်ခံရန် ခက်ခဲနေပုံရသည်။
အနာဂတ်၏ စစ်သူကြီးကြီးတစ်ယောက် ဖြစ်မည့်သူက သူကိုယ်တိုင် အရေးမယူဘဲ ရုံးတော်သို့ သွားရောက်တိုင်ကြားရမည် ဆိုသည်က အလွန်ပင် အရှက်ရစရာ ကောင်းလှသည်။
ဝမ်ယဲ့က သူ့ကို ငေါက်ငမ်းလိုက်သည်။
"မင်းရဲ့ ဒီတစ်ကွက်၊ နှစ်ကွက် အတတ်ပညာလေးနဲ့ ဘယ်သူ့ကို သွားကယ်နိုင်မှာ မို့လို့လဲ"
ရွှီကျင့်ရုံက ပျာပျာသလဲ ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ၊ ကျွန်တော် သွားတိုင်ပါ့မယ်၊ ဒုတိယအဒေါ်... ကျွန်တော်တို့ အတူတူ သွားကြရအောင်"