← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉ ထွက်ခွာရန် ဆန္ဒမရှိခြင်း

ဝမ်ယဲ့နှင့် ရွှီကျင့်ရုံတို့ အမှုတိုင်ကြားရန် စီရင်စုရုံးတော်သို့ ရောက်ရှိလာကြချိန်တွင် ရုံးတော်၏ စာရေးကြီးဖြစ်သော အရာရှိလျိုက သူတို့ကို အရင်ဆုံး ဆီးကြိုတွေ့ဆုံခဲ့သည်။ သူက ရွှီကျင့်ရုံနှင့် တစ်ကြိမ် ဆုံခဲ့ဖူးပြီး ရွှီကျင့်ရုံက သူတို့သခင်ကြီးဖြစ်သူ မြို့ဝန်မင်း၏ အငယ်ဆုံးသားနှင့် စာသင်ဖော် ဖြစ်ကြောင်း သိထားခဲ့သည်။

သူတို့ အမှုလာတိုင်ခြင်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် စာရေးကြီးလျိုက ညွှန်ကြားချက် တောင်းခံရန် အနောက်ဘက်သို့ ချက်ချင်း အပြေးအလွှား သွားရောက်အစီရင်ခံခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် ဝမ်ယဲ့လည်း လန်ချန်၏ လက်ရှိစီရင်မြို့ဝန်မင်းဖြစ်သော ကျိုးချန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

ကျိုးချန်း လန်ချန်သို့ စီရင်စုမြို့ဝန်မင်းအဖြစ် တာဝန်ကျလာသည်မှာ နှစ်ဝက်ပင် မပြည့်သေးချေ။ သူ၏ ရှေ့မှ စီရင်စုမြို့ဝန်ဟောင်းက အကျင့်ပျက်ခြစားသော အရာရှိတစ်ဦး မဟုတ်သော်လည်း လူကောင်းတစ်ယောက်ဟုလည်း အတိအကျ ပြောမရပြန်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရုံးတော်၏ မှတ်တမ်းတိုက်ရှိ အမှုတွဲများထဲမှ မတရားစီရင်ခံထားရသော အမှုပေါင်း ဆယ်ခုထက်မနည်းကို ကျိုးချန်း ပြန်ဖော်ထုတ်ပေးခဲ့ရသည်။

ထိုအမှုများထဲမှ အချို့က အချိန်ကာလ ကြာမြင့်သွားခဲ့ပြီဖြစ်ပြီး သံသယရှိသူများကလည်း သေဆုံးသွားခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းတို့ ရှိနေကာ ပြန်စုံစမ်းစစ်ဆေးရန် ခက်ခဲ ရှုပ်ထွေးနေခဲ့သည်။ ထို့ကြောင့် ကျိုးချန်းလည်း မကြာသေးမီကာလအတွင်း ထိုအမှုများကို အာရုံစိုက်ကာ အင်တိုက်အားတိုက် ဖြေရှင်းနေခဲ့ရသည်။

တစ်ဖက်တွင် သူက တရားခံအစစ်အမှန်ကို ဖော်ထုတ်လိုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း ဤအမှုများမှတစ်ဆင့် လန်ချန်၏ အခြေအနေကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

ကျိုးချန်းက ရွှီကျင့်ရုံနှင့် ယခင်ကတည်းက ဆုံတွေ့ဖူးပြီးသား ဖြစ်သည်။ သူ၏အငယ်ဆုံး သားကလည်း လန်ချန်ရှိ စာသင်ကျောင်းတွင် ပညာသင်ကြားနေခြင်းဖြစ်ရာ ကောင်လေးတို့နှစ်ယောက်က အတန်းဖော်များ ဖြစ်ကြပြီး ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။

ထို့ကြောင့် သူက ရွှီကျင့်ရုံ၏ နောက်ခံ အဆင့်အတန်းနှင့် သူ မည်သူမည်ဝါဖြစ်ကြောင်း ကောင်းကောင်းကြီး သိရှိထားသည်။

သူက အပြင်သို့ လှမ်းထွက်လာသည်နှင့် ချက်ချင်း မေးမြန်းလိုက်သည်။

"နယ်စားမင်းလေး... မင်း အမှုလာတိုင်တာလား"

ရွှီကျင့်ရုံက ခေါင်းခါပြလိုက်ပြီးမှ ခဏမျှ စဉ်းစားကာ ခေါင်းပြန်ညိတ်ပြရင်း ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်ပါ ဦးလေးကျိုး၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ဒုတိယအဒေါ်လည်း အတူလိုက်လာပါတယ်ခင်ဗျာ"

ထိုအချိန်မှသာ ကျိုးချန်းက မလှမ်းမကမ်းတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးကို သတိပြုမိသွားသည်။

ရွှီကျင့်ရုံက သူမအား 'ဒုတိယအဒေါ်' ဟု ခေါ်ဝေါ်လိုက်သည်ကို ကြားရချိန်တွင် ကျိုးချန်းက ထိုအမျိုးသမီး၏ အထောက်အထားကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် သူက ပိုယဉ်ကျေးပျူငှာစွာ စကားဆိုလာခဲ့သည်။

"ဒါဆို ရွှီသခင်မ ရောက်လာတာပေါ့၊ မင်းတို့ တူဝရီးနှစ်ယောက် ရုံးတော်ကို ဘယ်လိုအမှုမျိုး လာရောက်တိုင်ကြားတာလဲဆိုတာ သိပါရစေ"

ရွှီကျင့်ရုံက အရင် လက်ဦးမှုယူကာ ပြောပြလိုက်သည်။

"ဒီလိုပါ ဦးလေးကျိုး... ကျွန်တော်တို့ အိမ်အပြန်လမ်းမှာ ထောင်လော့လမ်းကြားအရောက် လူတစ်ယောက်ကို ဝတ်စုံနက်ဝတ် အမျိုးသားနှစ်ယောက်က နေ့ခင်းကြောင်တောင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာကို ဒုတိယအဒေါ်နဲ့ ကျွန်တော် မြင်လိုက်ရပါတယ်၊ ဖမ်းခေါ်ခံရတဲ့သူက အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ဝန်းကျင်လောက်ရှိတဲ့ လူငယ်တစ်ယောက်ပါဗျ"

သူက စကားကို အဖြတ်အတောက်မှန်မှန်နှင့် အပြည့်အဝ ဖော်ပြပြောဆိုသွားသည်။

ထို့နောက်တွင် ဝမ်ယဲ့က အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလှမ်းလိုက်ပြီး ဖြည့်ပြောလိုက်သည်။

"ဒီနေ့ အဲ့ဒီလူငယ်လေးက ယွင်ကျစ်လို့ရဲ့ အပြင်ဘက် လမ်းမပေါ်မှာ ဒေသခံလူမိုက်တစ်ယောက်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာကို ခံရတော့မယ့် မိန်းခလေးတစ်ယောက်ကိုလည်း ကယ်တင်ပေးခဲ့ပါသေးတယ်၊ အဲ့ဒီနောက်မှာ ရုံးတော်က ရဲမက်တွေ ရောက်လာပြီး အဲ့ဒီလူမိုက်ကို ဖမ်းခေါ်သွားခဲ့တာပါ၊ သူတို့တွေလည်း အဲ့ဒီလူငယ်လေးရဲ့ ရုပ်ရည်သွင်ပြင်ကို မှတ်မိနေကြပါလိမ့်မယ်"

ဝမ်မင်းသားက ဧကရာဇ်မင်းမြတ်ထက် ဆယ်နှစ် သို့မဟုတ် ဆယ့်တစ်နှစ်ခန့် ပိုငယ်ပြီး ယခုအချိန်တွင် သူက အသက်ဆယ့်ရှစ်၊ ဆယ့်ကိုးအရွယ်သာ ရှိနေသေးသည်။ သို့သော်လည်း သူ၏ ရုပ်ရည်သွင်ပြင်က နုပျိုလွန်းလှသဖြင့် သူ့ကို မသိသောသူများအတွက် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် တစ်ဆယ့်ခုနစ်နှစ်ခန့်သာ ရှိမည်ဟု အလွယ်တကူ မှားယွင်းထင်မှတ်သွားနိုင်ပေသည်။

ထို့ကြောင့် သူ့ကို လူငယ်လေးတစ်ဦးအဖြစ် ဖော်ပြခြင်းက မှားယွင်းမှုမရှိဘဲ သင့်တော်နေသည်။

ရွှီကျင့်ရုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ထပ်ပြောလိုက်သည်။

"ဟုတ်တယ်... သူက ဒီနေ့ လမ်းပေါ်မှာ မကောင်းမှုလုပ်တဲ့သူကို ရဲရဲဝင့်ဝင့် အပြစ်ပေးနေတာ"

အစပိုင်း ရွှီကျင့်ရုံ၏ ပြောပြချက်သက်သက်ကို ကြားရစဉ်တွင် စီရင်စုမြို့ဝန်မင်းကျိုးက ဤအမှုမှာ လုယက်မှု သို့မဟုတ် မကျေနပ်မှုများအတွက် သာမန်ပြန်ပေးဆွဲသည့် အမှုတစ်ခုမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဝမ်ယဲ့၏ စကားများကို ကြားရပြီးနောက်တွင် သူ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။

ကျိုးချန်းက ပျာပျာသလဲ ထပ်မံမေးမြန်းလိုက်သည်။

"ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ်လေးရဲ့ ဘေးနားမှာ သက်တော်စောင့် ပါမလာဘူးလား"

ဝမ်ယဲ့က ခေါင်းညိတ်ပြရင်း ထပ်ပြောပြလိုက်သည်။

"ဟုတ်ကဲ့... သက်တော်စောင့်တစ်ယောက် ပါပါတယ်၊ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူ့သက်တော်စောင့်က လူငယ်လေးရဲ့ ဘေးနားမှာ ရှိမနေခဲ့ပါဘူး"

ဤစကားကို ကြားလိုက်ရချိန်တွင် ကျိုးချန်း၏ မျက်နှာအသွင်အပြင်က ပိုညိုမှောင်တည်တင်းသွားခဲ့သည်။

ထိုအခြေအနေကို မြင်လိုက်ရရုံမျှဖြင့် မြို့ဝန်မင်းကျိုးတစ်ယောက် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရိပ်မိသွားခဲ့ပြီဖြစ်မှန်း ဝမ်ယဲ့ သေချာပေါက် သိရှိသွားခဲ့သည်။

ဤအခြေအနေက အလွန်ကောင်းမွန်နေပြီး သူမကိုယ်တိုင် အရိပ်အမြွက်ပြပြီး သဲလွန်စပေးရမည့် ဒုက္ခမှ ကင်းဝေးသွားခဲ့ချေပြီ။

ဝမ်ယဲ့က ပြန်ပေးဆွဲခံရသူ မည်သူမည်ဝါဖြစ်ကြောင်း သူမဘက်မှ တက်တက်ကြွကြွ ထုတ်ဖော်ပြောဆိုရန် ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပေ။ သူမအနေဖြင့် ဤကိစ္စရပ်များ၌ ပါဝင်ပတ်သက်သွားမည်ကို သူမ လုံးဝ မလိုလားချေ။

သာမန်လူငယ်တစ်ဦး ပြန်ပေးဆွဲခံရသည်ကို မြင်တွေ့လိုက်ရခြင်းနှင့် လက်ရှိမင်းသားတစ်ပါးအား ဓားပြများက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရခြင်းက လုံးဝ ကွာခြားသော ကိစ္စဖြစ်သည်။

အကယ်၍ ဒုတိယအခြေအနေသာ ဖြစ်နေပါက ရုံးတော်သို့ လာရောက်အမှုတိုင်ကြားခဲ့သည့် သူမ၏ဆုံးဖြတ်ချက်က နောင်တစ်ချိန်တွင် ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပာယ်ကောက်ယူ အကဲဖြတ်ခံရနိုင်ပေသည်။

အခြေအနေက အလွန်တရာ ကြီးလေးသွားခဲ့ပြီဖြစ်ရာ မြို့ဝန်မင်းကျိုးချန်း၏ မျက်နှာတွင် သုန်မှုန်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်လာလေသည်။

သူလည်း မြို့တော်မှ သတင်းစကားကို ခုလေးတင်မှ လက်ခံရရှိထားခဲ့ခြင်း ဖြစ်ပြီး၊ ထို့နောက် မကြာမီမှာပင် သူ့လူများက လမ်းမပေါ်တွင် ဝမ်မင်းသားနှင့် ဆုံတွေ့ခဲ့ကြောင်း လာရောက်အစီရင်ခံခဲ့ကြသေးသည်။

ကျိုးချန်းက သူ့လက်ထဲတွင် ရှိနေသော လက်ရှိအမှုတွဲများကို အရင်ဆုံး ရှင်းလင်းပြီးမှသာ ဝမ်မင်းသား၏ အမှုတွဲထဲမှ သံသယရှိသူများကို လိုက်လံစုံစမ်းစစ်ဆေးပေးပြီး သူ့ကို ကူညီပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အကယ်၍ သူ့၏ အုပ်ချုပ်မှုအောက်၌ ဝမ်မင်းသား တစ်စုံတစ်ရာ မတော်တဆဖြစ်ပွားခဲ့ပါက သူ၏ ရာထူးနေရာလည်း မြဲတော့မည်မဟုတ်ချေ။

‘ဒါပေမယ့် ဘယ်သူက တော်ဝင်မင်းသားတစ်ပါးကို နေ့ခင်းကြောင်တောင် အဓမ္မဖမ်းဆီးခေါ်ဆောင် သွားရဲတာလဲ။ တကယ်လို့ အဲ့ဒီဒေသခံလူမိုက်ရဲ့ ကြံရာပါတွေဆိုရင်လည်း ရုံးတော်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူကို လာမရှုပ်သင့်မှန်း ကောင်းကောင်းသိနေမှာ သေချာတယ်’

‘နေ့ခင်းကြောင်တောင် မျက်နှာဖုံးစွပ် ဝတ်စုံနက်ဝတ် အမျိုးသားတွေ...’

‘ဒီအရေးကိစ္စက သေချာပေါက် မရိုးရှင်းတော့ဘူး’

ကျိုးချန်းက သူရှေ့မှ လူနှစ်ဦးကို တုံ့ဆိုင်းနေသော အကြည့်များဖြင့် တစ်ချက် ကြည့်ရှုလိုက်ပြန်သည်။

ဝမ်ယဲ့က အခြေအနေကို ရိပ်မိနေပြီး ထပ်ပြောလိုက်သည်။

"ကျွန်မတို့ အမှုလာမတိုင်ခင်တုန်းက အစွမ်းအစရှိတဲ့ သက်တော်စောင့်တစ်ယောက်ကို သူတို့နောက်ကနေ တိတ်တဆိတ် လိုက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်ရှင့်၊ သူ မကြာခင် ပြန်ရောက်လာပါလိမ့်မယ်"

"သူ ပြန်‌ရောက်တာနဲ့ မြို့ဝန်မင်းကျိုးအနေနဲ့ သူ့ကို ခေါ်ယူစစ်ဆေးမေးမြန်းနိုင်ပါတယ်"

ဝမ်ယဲ့၏ စကားများက ဤကိစ္စတွင် သူမ ဆက်လက်ဝင်ရောက် စွက်ဖက်တော့မည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြသနေခြင်း ဖြစ်သည်။

ကျိုးချန်းက ချက်ချင်း ကျေးဇူးတင်စကား ဆိုလာခဲ့သည်။

"ရွှီသခင်မကို ကျေးဇူးတင်ပါတယ်၊ ဒီအမှုမှာ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ပါဝင်နေနိုင်လို့ နားလည်ပေးစေချင်ပါတယ်"

ဤမျှအထိ ပြောဆိုပြီးပြီဖြစ်ရာ ဝမ်ယဲ့အနေဖြင့်လည်း နောက်ထပ် ဘာမှ ထပ်မံ မသိရရန်သာ ဆန္ဒရှိနေခဲ့သည်။

အန္တရာယ်ရှိသော အမှုကိစ္စများတွင် ပိုပြီး အသိနည်းလေလေ၊ ပိုကောင်းလေလေသာ ဖြစ်သည်။

သို့သော်လည်း သူမ၏ အထုပ်အပိုးများက အားလုံးနီးပါး အဆင်သင့် ပြင်ဆင်ပြီးနေပြီဖြစ်ကာ ယခုအချိန်တွင် အထိန်းတော်ကျန်းနှင့် အခြားသူများကလည်း ရုံးတော်အနီးအနားတွင် စောင့်ဆိုင်းနေကြသည်မှာ ကြာနေပြီ ဖြစ်လောက်သည်။

ထိုအချက်ကို တွေးတောမိလိုက်ချိန်တွင် ဝမ်ယဲ့က စိုးရိမ်ပူပန်သော အမူအရာသို့ ချက်ချင်းပြောင်းလဲလိုက်ရင်း စကားထပ်ပြောလိုက်သည်။

"ဒါပေမယ့် အဲ့ဒီ ဝတ်စုံနက်ဝတ် အမျိုးသားနှစ်ယောက် လူငယ်လေးကို ဖမ်းခေါ်သွားတုန်းက ကျွန်မတို့ရဲ့ မျက်နှာတွေကို မြင်သွားခဲ့ကြပုံပါပဲရှင်၊ ဒါက..."

ဝမ်ယဲ့က စကားကို ထိုနေရာတွင်ပင် ရပ်တန့်ထားလိုက်သည်။

ကျိုးချန်းကလည်း ပါးနပ်သူတစ်ဦးဖြစ်ရာ သူမ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူက ခဏမျှ စဉ်းစားတွေးတောပြီးနောက် ပြန်ပြောလိုက်သည်။

"ဒီလိုလုပ်ရင် ဘယ်လိုလဲ... ရာဇဝတ်သားတွေကို မဖမ်းမိသေးခင်အထိ ရွှီသခင်မနဲ့ နယ်စားမင်းလေးတို့ ရုံးတော်ရဲ့ အနောက်ဘက်ခြံဝင်းထဲမှာ ရက်အနည်းငယ်လောက် ခေတ္တတည်းခိုနေထိုင်လိုက်ပါ၊ ကျွန်တော့်ရဲ့ ဇနီးကလည်း မြို့တော်ကနေ လာခဲ့တာပါ"

အကယ်၍ ဝမ်ယဲ့ဘက်မှ ဤကိစ္စကို စမပြောလာခဲ့လျှင်ပင် ကျိုးချန်းအနေဖြင့် သူတို့ကို အကာအကွယ်ပေးရန် လူအချို့ စေလွှတ်ရန် စဉ်းစားမိမည် ဖြစ်သည်။ အကယ်၍ ပြစ်မှုကျူးလွန်သူများက သာမန်ဓားပြများ မဟုတ်ခဲ့ပါက နယ်စားမင်းအိမ်တော်မှ ဆက်ခံသူသခင်လေးတစ်ဦးကို ဆုံးရှုံးရခြင်းက သူ၏ ရာထူးတည်မြဲရေးအတွက် အမှန်တကယ် ဘေးအန္တရာယ် ကြုံတွေ့စေနိုင်သောကြောင့် ဖြစ်သည်။

ရုံးတော်၏ အနောက်ဘက်ခြံဝင်းတွင် တည်းခိုနေထိုင်ခြင်းက အနည်းငယ် ရုတ်တရက် ဆန်သည်ဟု ထင်ရသော်လည်း အနည်းဆုံးတော့ စိတ်ချလုံခြုံမှုရှိပေသည်။ ထို့အပြင် သူ၏ဇနီးဖြစ်သူလည်း ရှိနေသောကြောင့် သူလည်း ဝမ်မင်းသားကို ပြန်ပေးဆွဲသွားသည့် ပြန်ပေးသမားများကို လိုက်လံရှာဖွေစုံစမ်းခြင်း၌သာ သူ၏ အာရုံစိုက်မှုအားလုံးကို အပြည့်အဝ ပုံအောထားနိုင်မည် ဖြစ်သည်။

အမျိုးသမီးတစ်ဦးအနေဖြင့် ဝမ်ယဲ့ အနောက်ဘက်ခြံဝင်း၌ တည်းခိုမည့် ကိစ္စရပ်များကိုတော့ ကျိုးချန်း၏ ဇနီးကသာ စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ဝမ်ယဲ့ ထောင်ကျီအား အထိန်းတော်ကျန်းနှင့် အခြားသူများကို အထဲသို့ ခေါ်ယူရန် ညွှန်ကြားနေစဉ်မှာပင် ကျိုးချန်းက သူ့ဇနီးအား အခြေအနေများ ရှင်းလင်းပြောပြရန် အနောက်ဘက်ခြံဝင်းသို့ ထွက်ခွာသွားခဲ့သည်။

ကျိုးချန်း၏ ဇနီးက ဝမ်သခင်မ ဖြစ်သည်။ သူမ၏ ဖခင်က မြို့တော်တွင် အရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး၊ ကျိုးချန်း၏ အလုပ်အကိုင်လမ်းကြောင်း ချောမွေ့နေခြင်းက သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်သာမက ယောက္ခမဖြစ်သူ အမတ်မင်းဝမ်က နောက်ကွယ်မှ တိတ်တဆိတ် ကူညီပံ့ပိုးပေးခဲ့သောကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့် ကျိုးချန်းက ဝမ်သခင်မကို အလွန်တရာ လေးစားရသူ ဖြစ်သည်။ သူက သူမကို ပြောပြ၍ရသမျှ အခြေအနေကို အသေးစိတ် ရှင်းပြခဲ့သည်။

အကြောင်းစုံကို ကြားသိရပြီးနောက် ဝမ်သခင်မ၏ မျက်နှာအမူအရာလည်း လေးနက်တည်ကြည်သွားခဲ့သည်။

"အခြေအနေက ရုတ်တရက် ဖြစ်သွားတာပဲ၊ နယ်စားမင်းလေးနဲ့ ရွှီသခင်မတို့ အရင်တည်းခိုတဲ့နေရာမှာ ဆက်နေဖို့က တကယ်ပဲ မလုံခြုံတော့ဘူး"

သူ့ဇနီးဖြစ်သူက အခြေအနေကို နားလည်ပေးသည်အား မြင်ရသဖြင့် ကျိုးချန်းက ထပ်ပြောလိုက်သည်။

"ဒီကိစ္စအတွက်ကတော့ ရှင်မကိုပဲ ဒုက္ခပေးရတော့မယ်"

ဝမ်သခင်မက ပြန်ဖြေလိုက်သည်။

"ဒုက္ခရယ်လို့ မဟုတ်ပါဘူးရှင်၊ ကျွန်မ ရွှီသခင်မကို သေချာဂရုစိုက်ပေးထားပါ့မယ်၊ ရှင်ကတော့ အမှုကိစ္စကိုပဲ အာရုံစိုက်ပြီး ကိုင်တွယ်လိုက်ပါ"

ထိုသို့ပြောပြီးနောက် ဇနီးမောင်နှံနှစ်ဦးသား ရုံးတော်၏ အရှေ့ဘက်ဝင်းသို့ အတူတူ ထွက်လာခဲ့ကြသည်။ ထိုအချိန်တွင် ဝမ်ယဲ့၏ နောက်၌ လူအချို့ ရှိနေချေပြီ။

ကျိုးချန်းက အနည်းငယ် အံ့အားသင့်သွားပြီး လွှတ်ခနဲ မေးလိုက်သည်။

"ဒါက... ဘယ်သူတွေလဲ"

ဝမ်ယဲ့က ရှင်းပြလိုက်သည်။

"သူတို့က လန်ချန်မှာ ကျင့်ရုံကို ပြုစုစောင့်ရှောက်ပေးနေတဲ့ အထိန်းတော်ကြီးနဲ့ အစေခံတွေပါရှင့်၊ ကျန်တဲ့လူတွေကတော့ မြို့တော်ကနေ ကျွန်မနဲ့အတူ လိုက်ပါလာခဲ့တဲ့ အစောင့်ရဲမက်တွေပါ၊ အခုအချိန်မှာ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့က ပထမဦးစားပေးဖြစ်တာဆိုတော့ မြို့ဝန်မင်းကျိုးနဲ့ ဝမ်သခင်မတို့ကို အပိုဒုက္ခတွေ ထပ်မပေးတော့ပါဘူး"

သူမ ပြောသည့်စကားများက အကျိုးအကြောင်း သင့်နေကာ လျော်ကန်သင့်မြတ်လှသော်လည်း ကျိုးချန်း၏ စိတ်ထဲတွင် တစ်ခုခု လွဲချော်နေသလို ခံစားချက်ကို ဖျောက်ဖျက်မရနိုင် ဖြစ်နေရသည်။

သို့သော်ငြား ယခုအချိန်တွင် သူ၏ အာရုံတစ်ခုလုံးက ဝမ်မင်းသား ပြန်ပေးဆွဲခံရသည့် ကိစ္စအပေါ်၌သာ ရောက်ရှိနေသဖြင့် သိပ်မရေးကြီးဟု ထင်ရသောအချက်များကို လောလောဆယ် ဘေးဖယ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။

ဝမ်သခင်မက သူမ၏ ခင်ပွန်းသည်ကိုယ်စား ကြားဝင် စကားဆိုလာခဲ့သည်။

"ဘယ်လိုလုပ်ပြီး ဒုက္ခပေးတယ်လို့ ပြောလို့ရမှာလဲရှင်၊ ရွှီသခင်မအနေနဲ့ လိုအပ်တာတစ်ခုခုရှိရင် ကျွန်မကို အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်"

ဝမ်ယဲ့က သူမအား ကြည့်ကာ ယဉ်ကျေးသိမ်မွေ့မှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ကျိုးသခင်မ"

"ဒါနဲ့..."

ဝမ်ယဲ့က သူမ၏စကားကို ထပ်ဖြည့်စွက်လိုက်ပြန်သည်။

"ကျွန်မ ရာဇဝတ်သားတွေနောက်ကို လိုက်ခိုင်းထားတဲ့ သက်တော်စောင့်လည်း ပြန်ရောက်နေပါပြီ၊ မြို့ဝန်မင်းကျိုးအနေနဲ့ သူ့ကို အချိန်မရွေး ခေါ်ယူစစ်ဆေးမေးမြန်းနိုင်ပါတယ်ရှင့်"

ကျိုးချန်း၏ အာရုံစိုက်မှုက ဝမ်မင်းသား ပြန်ပေးဆွဲခံရသည့် ကိစ္စဆီသို့ ချက်ချင်း ပြန်ရောက်ရှိသွားပြီး သူက အလောတကြီး ပြောလိုက်သည်။

"ဒါဆိုရင်တော့ လောလောဆယ် ကျွန်တော်ကို ခွင့်ပြုပါဦး"

ဝမ်ယဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ကျိုးသခင်မ၏ စနစ်တကျ စီစဥ်ပေးမှုကြောင့် ဝမ်ယဲ့တို့အဖွဲ့ ရုံးတော်၏ အနောက်ဘက်ခြံဝင်းသို့ အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိခဲ့သည်။ သူမနှင့်အတူ ရွှီကျင့်ရုံလည်း ပါလာခဲ့ပြီး အမျိုးသားအစေခံများကိုတော့ စာရေးကြီးလျို၏ စီစဉ်ပေးမှုဖြင့် အရှေ့ဘက်ခြံဝင်းတွင် တည်းခိုစေကာ အမျိုးသမီးအစေခံအားလုံးကလည်း ဝမ်သခင်မ၏ စီစဉ်ပေးမှုဖြင့် အနောက်ဘက်ခြံဝင်းတွင် အခြေချ နေထိုင်နိုင်ခဲ့ကြသည်။

ရုံးတော်၏ အနောက်ဘက်ခြံဝင်းက အလွန်အမင်း ကျယ်ဝန်းလှသည်တော့ မဟုတ်ဘဲ နေထိုင်စရာ အဆောင်အနည်းငယ်သာ ရှိနေလေသည်။

သူမတို့ လမ်းလျှောက်လာကြစဥ် ကျိုးသခင်မက အားနာနေဟန်ဖြင့် အနူးအညွတ် တောင်းပန်လာသည်။

"ကျွန်မတို့ဘက်က အလောတကြီး ပြင်ဆင်လိုက်ရတာမို့ ရွှီသခင်မအနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ရှင့်"

ဝမ်ယဲ့က ခေါင်းခါယမ်းလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒီလောက်ကတောင် တော်တော် အဆင်ပြေနေပါပြီရှင်၊ ကျိုးသခင်မအနေနဲ့လည်း အများကြီး အားထုတ်ကြိုးပမ်းပေးခဲ့တာပါ၊ ပြီးတော့ ကျွန်မတို့ကသာ ဒီကိုလာပြီး ဒုက္ခလာပေးသလို ဖြစ်နေတာပါ"

ကျိုးသခင်မက အလိုက်သိတတ်သောသူတစ်ဦး ဖြစ်သည်။ သူမက ဝမ်ယဲ့ စိတ်မသက်မသာ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အဖော်ပြုပေးရန် ထိုနေရာတွင် ခေတ္တမျှ ဆက်နေပေးခဲ့သည်။

ကျိုးသခင်မနှင့် စကားစမြည်ပြောဆိုခြင်းမှတစ်ဆင့် ဝမ်ယဲ့လည်း အကြောင်းအရာ အချို့ကို သိရှိခွင့်ရခဲ့သည်။ ကျိုးသခင်မတွင် သမီးတစ်ယောက်နှင့် သားနှစ်ယောက် ရှိသည်။ သူမ၏ အကြီးဆုံးသမီးက လွန်ခဲ့သော နှစ်အနည်းငယ်က အိမ်ထောင်ကျသွားခဲ့ပြီ ဖြစ်ပြီး၊ အကြီးဆုံးသားကတော့ မြို့တော်ရှိ သူမဖခင်၏ အိမ်တော်တွင် ပညာသင်ကြားနေကာ လွန်ခဲ့သော နှစ်နှစ်က တော်ဝင်ကျောင်းတော်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ အငယ်ဆုံးသားကတော့ မိဘများနှင့်အတူ လိုက်ပါနေထိုင်ပြီး မြို့ဝန်မင်းကျိုး ရာထူးတိုးပြီး ပြောင်းရွှေ့ရသည့် ဒေသတိုင်းကို လိုက်ပါကာ လက်ရှိတွင် စုန့်ရှန်ကျောင်းတော်၌ ပညာသင်ကြားလျက် ရှိသည်။

မြို့ဝန်မင်းကျိုးတွင် ကိုယ်လုပ်တော်ဖွား သမီးတစ်ဦးလည်း ရှိပြီး သူမက စေ့စပ်ထိမ်းမြားထားပြီးဖြစ်ကာ ယခုရက်ပိုင်းအတွင်း အပြင်သို့ ထွက်လေ့မရှိဘဲ သူမ၏ မင်္ဂလာဝတ်စုံကို ပန်းထိုးခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။

ကျိုးသခင်မ သူမ၏ ခင်ပွန်းနှင့် သားသမီးများအကြောင်း ပြောဆိုနေစဥ် ပြသခဲ့သော အမူအရာကို ကြည့်ခြင်းအားဖြင့် ကျိုးအိမ်တော်က အေးချမ်းသာယာပုံရပြီး၊ မြို့ဝန်မင်းကျိုးနှင့် ကျိုးသခင်မတို့၏ ဆက်ဆံရေးကလည်း အလွန်အမင်း ကောင်းမွန်ကာ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် လေးစားမှုရှိမှန်း သိသာနေသည်။

ဝမ်သခင်မက ပါးနပ်သူတစ်ဦး ဖြစ်ပြီး ဝမ်ယဲ့ မည်သည့်အကြောင်းအရာကို ကြားသိချင်မှန်း ရိပ်မိနေပုံရသော်လည်း သူမ ပြောပြနေသည့် အချက်အလက်များက အပြင်တွင် စုံစမ်းမေးမြန်းရုံမျှဖြင့် အလွယ်တကူ သိရှိနိုင်သည့် အရာများသာ ဖြစ်နေခဲ့သည်။

သို့သော်ငြားလည်း ဝမ်ယဲ့က ယခုအချိန်တွင် အပြင်သို့ လျှောက်မသွားနိုင်သေးသဖြင့် ထိုအချက်များကို မသိရှိခဲ့ခြင်း ဖြစ်သည်။

ဤသို့ စကားစမြည် ပြောခြင်းဖြင့် အိမ်တော်တွင်းရှိ သီးသန့်ကိစ္စရပ်များ အပြင်သို့ ပေါက်ကြားသွားခြင်း မရှိတော့သလို ဧည့်သည်များအနေဖြင့်လည်း စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည် ဖြစ်သည်။ ကျိုးသခင်မက အတွေ့အကြုံ အတော်အတန် ရှိသူပီပီ ထိုကဲ့သို့သော အခြေအနေမျိုးအား မည်သို့ကိုင်တွယ်ရမည်ကို ကောင်းကောင်း နားလည်သဘောပေါက်ထားခဲ့သည်။

ကျိုးသခင်မ ထွက်ခွာသွားပြီးနောက်တွင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် ရွှီကျင့်ရုံက ဆက်မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။

"ဒုတိယအဒေါ်... ကျွန်တော်တို့ ရုံးတော်ကို အမှုလာတိုင်တာ မဟုတ်ဘူးလား၊ အခု ဘာလို့ ရုံးတော်ထဲမှာပဲ ဆက်နေ နေရတာလဲ"

ဝမ်ယဲ့က သူ့ကို တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ငါတို့သာ ရုံးတော်ထဲမှာ မနေရင်... ဟိုအဝတ်နက်ဝတ်လူတွေက ငါတို့ရဲ့ အိမ်ဝင်းလေးထဲအထိ လိုက်မလာဘဲ နေကြလိမ့်မယ်လို့ မင်း ထင်နေတာလား"

ရွှီကျင့်ရုံက မရေရာ မသေချာဟန်ဖြင့် ပြန်ပြောလာသည်။

"သူတို့က ကျွန်တော်တို့ ဘယ်သူဘယ်ဝါဆိုတာကို ဒီလောက်မြန်မြန်ကြီး စုံစမ်းနိုင်ပါ့မလား"

ဝမ်ယဲ့က လက်ဖက်ရည်တစ်ငုံကို ခပ်အေးအေး သောက်လိုက်ရင်း ပြန်မေးလိုက်သည်။

"တကယ်လို့ သူတို့ သိသွားရင်ရော ဘယ်လိုလုပ်ကြမလဲ၊ ငါတို့ရဲ့ အသက်တွေကို လောင်းကြေးမထပ်နိုင်ဘူးလေ"

ရွှီကျင့်ရုံ၏ မျက်နှာလေးက အနည်းငယ် ရှုံ့မဲ့သွားပြီး ဆက်မေးနေပြန်သည်။

"ဒါဆို... အခုကစပြီး ကျွန်တော်တို့ ဒီမှာပဲ နေရတော့မှာလား"

ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

"ဟုတ်တယ်၊ ကျောင်းတော်ကိစ္စနဲ့ ပတ်သက်တာတွေကတော့ မင်း ခွင့်ရက်ပိုရအောင် ကူညီပေးဖို့ ကျိုးသခင်မကို ငါ ပြောပေးပါ့မယ်"

ရွှီကျင့်ရုံက ရုတ်တရက် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး စိတ်ထဲတွင် အတော်လေး ဇဝေဇဝါ ဖြစ်နေပုံဖြင့် ညည်းတွားနေရှာသည်။

"ကျွန်တော် စာတွေ နောက်ကျကျန်နေခဲ့ရင် ဘယ်လိုလုပ်ရမလဲ"

ဝမ်ယဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ့ကို ချက်ချင်း တည့်တည့်ကြည့်ကာ ပြန်မေးလိုက်သည်။

"အရင်တုန်းကရော မင်း စာတွေ လိုက်နိုင်လို့လား"

"......"

ဝမ်ယဲ့က ဆက်ပြောလိုက်သည်။

"ဒီအကြောင်းကို တွေးတောင် မတွေးနဲ့၊ ရုံးတော်ထဲမှာပဲ ငြိမ်ငြိမ်သက်သက် နေစမ်း၊ မင်းက သွေးကြွနေတဲ့ လူငယ်လေးတစ်ယောက်ပဲ ရှိသေးတာ၊ ဒါက သူရဲကောင်း သွားလုပ်ရမယ့် အချိန် မဟုတ်ဘူး"

ဝမ်ယဲ့က သူ့စိတ်ကို အကဲခတ်မိသွားသဖြင့် ရွှီကျင့်ရုံတစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် သက်ပြင်း ချနေမိကာ ဝမ်ယဲ့၏ ဘေးတွင် နာနာခံခံ ကပ်နေရတော့သည်။

သူရဲကောင်းဖြစ်ချင်သည့် ရွှီကျင့်ရုံ၏ အိပ်မက်လေးက လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။

......။.....။......

အခြားတစ်ဖက်တွင်လည်း ကျိုးချန်းက သက်တော်စောင့်၏ တင်ပြချက်ကို နားထောင်နေပြီး သူ့၏ မျက်နှာအမူအရာက တစ်စထက်တစ်စ ပိုမိုလေးနက်တည်ကြည်လာခဲ့သည်။ သူတို့က ပစ်မှတ်၏ ခြေရာကို အမှန်တကယ် ပျောက်ဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

အချိန်ခေတ္တမျှ ကြာပြီးနောက်တွင် သူက စာရေးကြီးလျိုအား သက်တော်စောင့်များ၏ တာဝန်များကို စနစ်တကျ ခွဲဝေချထားရန် ညွှန်ကြားလိုက်ပြီး သူ၏ စာကြည့်ဆောင်သို့ အလျင်အမြန် ပြန်လာကာ စာတစ်စောင် ရေးသားလိုက်သည်။ ထို့နောက် ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦးအား မြို့တော်သို့ အရေးတကြီး သွားပို့ရန် စေလွှတ်လိုက်သည်။

ထို့နောက် သူက အခြားယုံကြည်ရသော လက်အောက်ငယ်သား အချို့ကို ထပ်မံခေါ်ယူကာ ရာဇဝတ်ကောင်များ၏ ခြေရာပျောက်ဆုံးသွားသော နေရာတစ်ဝိုက်သို့ ရုပ်ဖျက်သွားရောက်ပြီး လျှို့ဝှက်စုံစမ်းရန် အမိန့်ပေးလိုက်သည်။ ရုံးတော်၏ စစ်သည်အင်အားကိုတော့ လောလောဆယ်တွင် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေစေခဲ့သည်။

ထိုကိစ္စအားလုံးကို စီစဥ်ပြီးနောက်တွင် ကျိုးချန်းက သဲလွန်စအသစ်များ ရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သော ဒေသခံလူမိုက်ကို သူကိုယ်တိုင် စစ်ဆေးမေးမြန်းရန် အကျဥ်းထောင်ဆီသို့ ထွက်လာခဲ့သည်။

ကျိုးချန်း စေလွှတ်လိုက်သော သစ္စာရှိလက်အောက်ငယ်သားက စာပို့ရန်အတွက် မြင်းကို အရှိန်ပြင်းစွာ ဒုန်းစိုင်း စီးလာခဲ့ပြီး နှစ်ရှီးချန်အတွင်းမှာပင် ထိုစာက မြို့တော်ဝန်ရုံးဆီသို့ ရောက်ရှိသွားခဲ့သည်။

စာကို ဖတ်ရှုပြီးနောက်တွင် မြို့ဝန်မင်းဝမ်က နယ်စားမင်းအိမ်တော်သို့ ချက်ချင်း လူလွှတ် အကြောင်းကြားစေခဲ့ပြီး သူကိုယ်တိုင်ကတော့ နန်းတော်အတွင်းသို့ ဝင်ရန် အိမ်တော်ရှိ ရထားလုံးကို အဆင်သင့် ပြင်ဆင်ခိုင်းလိုက်သည်။

မင်းသားတစ်ပါး ပြန်ပေးဆွဲခံရသည့် ကိစ္စက သေးငယ်သော ကိစ္စ မဟုတ်ချေ။

......။......။.....

နာရီဝက်ခန့် ကြာပြီးနောက်.....

နန်းတော်အတွင်း၊ ချင်ကျန့်ခန်းမဆောင်၌...

ကျိုးချန်း ပေးပို့လိုက်သော စာစောင်ထဲတွင် အကြောင်းအရာ အလုံးစုံကို အသေးစိတ် ရေးသားဖော်ပြထားပြီး ထိုစာကို ဖတ်ရှုပြီးနောက်တွင် ဧကရာဇ်မင်းမြတ်၏ မျက်နှာတော်က အလွန်အမင်း ညိုမှောင်ကာ လုံးဝ ခက်ထန်သွားခဲ့သည်။

"ဒီအမှုကို မောင်မင်းတို့နှစ်ဦး ပူးတွဲကိုင်တွယ်ရမယ်၊ ဝမ်မင်းသားကို ဘေးကင်းကင်းနဲ့ လုံလုံခြုံခြုံ ကယ်တင်နိုင်ဖို့ သေချာစေရမယ်"

မြို့တော်ဝန်ဝမ်က တရိုတသေ ပြန်လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုး အရှင့်ရဲ့ အမိန့်တော်ကို နာခံပါတယ်"

ထိုအချိန်တွင် ရွှီယွဲ့ကျားက ရုတ်တရက် လျောက်တင်လိုက်သည်။

"မင်းသားက ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ လန်ချန်ကို ထွက်ခွာသွားတယ်ဆိုတာ သိတဲ့သူ အများကြီး မရှိသေးဘူး၊ ဒီလမ်းစကို စုံစမ်းထောက်လှမ်းကြည့်ရင် သဲလွန်စတွေ ရနိုင်ပါတယ်"

ဧကရာဇ်မင်းမြတ်ကလည်း ထိုအဆိုပြုချက်ကို သဘောတူလိုက်သည်။

"ရွှီအမတ်မင်း ပြောတာက အဓိပ္ပာယ်ရှိတယ်၊ ဝမ်မင်းသားကို လန်ချန်က တစ်စုံတစ်ယောက် မှတ်မိသွားမှာကိုတော့ ငါကိုယ်တော် စိုးရိမ်မိတယ်၊ အဲ့ဒါဆိုရင်တော့ အခက်တွေ့ရလိမ့်မယ်"

သူ မင်းသားဝမ်ထံ ကိုယ်တိုင်ကိုယ်ကျ တာဝန်ပေးအပ်ခဲ့သော အမှုက မြို့တော်ဝန်ရုံး၏ မှတ်တမ်းများထဲမှ အလွန်ရိုးရှင်းလှသော အမှုတစ်ခုသာ ဖြစ်ပြီး၊ နန်းတွင်းရှိ မည်သည့်အရာရှိများနှင့်မျှ ပတ်သက်ဆက်နွှယ်မှု မရှိပေ။

အနှစ်သာရအားဖြင့် ထိုအမှုက ဝမ်မင်းသားအတွက် အချိန်ကုန်လွန်စေရန် အပျော်သဘော လုပ်ဆောင်စေခြင်းမျှသာ ဖြစ်သည်။

ရွှီယွဲ့ကျားက ဧကရာဇ်မင်းမြတ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့သည်။

"အရင်တုန်းက ကျွန်တော်မျိုး ရှာဖွေတွေ့ရှိခဲ့တဲ့ သဲလွန်စတွေအားလုံးက ဝမ်ချန်တစ်ဝိုက်ကိုပဲ ညွှန်ပြနေခဲ့တာပါ၊ အခုကြည့်ရတာတော့ ဝမ်ချန်ဆိုတာက ပုန်ကန်သူမင်းသားရဲ့ လက်ကျန်အဖွဲ့အစည်းဝင်တွေ ဖန်တီးထားတဲ့ လှည့်ကွက်တစ်ခု ဖြစ်ဖို့ များနေပါပြီ"

ဧကရာဇ်မင်းမြတ်လည်း ထိုသို့ တွေးတောနေမိခြင်း ဖြစ်သည်။ ဝမ်မင်းသားကို ပြန်ပေးဆွဲသွားသူများက ပုန်ကန်သူမင်းသား၏ လက်ကျန်လူများ ဖြစ်နေမည်ကို သူ စိုးရိမ်နေခဲ့သည်။

ထိုလူများ၏ သူ့အပေါ် နာကျည်းမုန်းတီးနေမှုကို ထည့်တွေးကြည့်လျှင် သူ၏ ဆယ့်နှစ်ယောက်မြောက် ညီတော်သာ ထိုသူတို့ လက်ထဲသို့ အမှန်တကယ် ကျရောက်သွားခဲ့ပါက အလွန်အမင်း နှိပ်စက်ညှင်းပန်းခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ဒီအမှုကို အစကတည်းက ကျွန်တော်မျိုးပဲ ကိုင်တွယ်ခဲ့တာပါ"

ရွှီယွဲ့ကျားက ထပ်လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုး အဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ချင်ပါတယ်"

ဧကရာဇ်မင်းမြတ်က ဝေခွဲမရဖြစ်မနေဘဲ ချက်ချင်း ခွင့်ပြုလိုက်သည်။ အခြားသူများနှင့် နှိုင်းယှဥ်ပါက သူ ရွှီယွဲ့ကျားကို ပိုယုံကြည်စိတ်ချပြီး၊ မင်းသားဝမ်ကို ကယ်တင်ရန်အတွက် ရွှီယွဲ့ကျားက အစွမ်းကုန် ကြိုးစားလိမ့်မည်ဟု ယုံကြည်နေသည်။

"ကောင်းပြီ၊ ငါကိုယ်တော် မင်းအတွက် စစ်သည်အင်အား ချက်ချင်း ဖြည့်တင်းပေးမယ်"

သူတို့သုံးဦး ချင်ကျန့်ခန်းမဆောင်အတွင်းသို့ လရောင်ဖြာကျလာသည်အထိ အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့ကြသည်။

......။.......။.....

နောက်တစ်နေ့ နံနက်ခင်း ဝမ်ယဲ့ နိုးနိုးချင်းမှာပင် သူမတို့ ယခင်က နေထိုင်ခဲ့သော အိမ်ဝင်းလေးကို လူတစ်စု လာရောက်မွှေနှောက်ရှာဖွေသွားခဲ့ကြောင်း သတင်းစကား ကြားသိလိုက်ရသည်။

ကျိုးသခင်မက ထိုအကြောင်းကို ပြောပြရန် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အကြောင်းစုံ ပြောပြီးနောက်တွင် ကျိုးသခင်မက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"ကံကောင်းလို့ပေါ့၊ ရွှီသခင်မက အမျှော်အမြင် ရှိလို့ အားလုံး အဆင်ပြေခဲ့တယ်၊ မဟုတ်ရင် တစ်ခုခု ဖြစ်သွားနိုင်တယ်"

ထိုအကြောင်းကို ခင်ပွန်းဖြစ်သူထံမှ ကြားသိရစဥ်က သူမ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

ဝမ်မင်းသား၏ ကိစ္စတစ်ခုတည်းနှင့်ပင် ခေါင်းခဲစရာ ကောင်းလှပြီ ဖြစ်ရာ၊ အကယ်၍ နောက်ထပ် လူနှစ်ယောက်သာ ထပ်မံပြဿနာတက်ပါက ကျိုးမိသားစု၏ အနာဂတ် အလားအလာများ လုံးဝ ပျက်စီးသွားနိုင်ပေသည်။

ဝမ်ယဲ့ကလည်း သူမ၏ ခန့်မှန်းချက် ဤမျှအထိ တိကျပြီး မှန်ကန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သို့သော်ငြား သာမန်လူဆိုးများ ဖြစ်နေလျင် သူမတို့ တည်းခိုရာနေရာကို ဤမျှ မြန်မြန်ဆန်ဆန် သိရှိနိုင်မည် မဟုတ်ပေ။

‘ဒီလို ချက်ချင်းကြီး စုံစမ်းနိုင်ရလောက်အောင် ဘယ်လောက်အထိ အင်အားကြီးမားနေရတာတုန်း’

သူမ လန်ချန်သို့ မနေ့ကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း ဤနေရာရှိ သာမန်ပြည်သူပြည်သားများ၏ လူနေမှုဘဝက အတော်အတန် အေးချမ်းသာယာကြောင်း ဝမ်ယဲ့ ခံစားခဲ့မိသည်။ အကယ်၍ ခေါင်းမာပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော လူမိုက်အချို့ ရှိနေလျှင်ပင် သူတို့က ရုံးတော်နှင့် ဆက်နွှယ်နေသူများကို ပြန်ပေးဆွဲရန်အထိတော့ ရဲတင်းကြလိမ့်မည် မဟုတ်ပေ။

ဝမ်ယဲ့တစ်ယောက် မျက်မှောင်ကြုတ်နေမိပြီး သူမ တစ်ခုခုကို သတိမမူမိဘဲ လွဲချော်နေသလို ခံစားနေရသည်။

'ငါ ဘာကိုများ လွဲချော်နေမိတာလဲ...'

"ဒုတိယအဒေါ်... ကျွန်တော် နေ့လယ်စာအတွက် ယွင်ကျစ်လို့က ဝက်သားပေါင်း စားချင်လို့ပါ၊ အားစစ်ကို ကျွန်တော့်အတွက် တစ်ပွဲလောက် သွားဝယ်ခိုင်းပေးလို့ ရမလားဟင်"

ရွှီကျင့်ရုံက ဝမ်ယဲ့၏ အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးမြန်းနေသည်။

သူ့နောက်တွင် ကျိုးအန်း ကပ်ပါလာပြီး သူမတို့ကို ဂါရဝပြု နှုတ်ဆက်ပြီးနောက် သူ၏မိခင်ဖြစ်သူ ကျိုးသခင်မ၏ ဘေးတွင် ရပ်နေသည်။

ရွှီကျင့်ရုံ ရုံးတော်ထဲတွင် နေထိုင်ရသည်မှာ နေသားမကျဖြစ်နေမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ သူမ၏ သားငယ်လေး ဘေးကင်းလုံခြုံစေရန်အတွက်လည်းကောင်း၊ ကျိုးသခင်မက သူမ၏ ရောဂါကို အကြောင်းပြချက်ပေးကာ ကျိုးအန်းကို ကျောင်းတော်မှ ရက်အနည်းငယ်ကြာ ခွင့်ယူစေခဲ့ခြင်း ဖြစ်သည်။

ရွှီကျင့်ရုံ၏ တောင်းဆိုမှုကို ကြားလိုက်ရချိန်တွင် ကျိုးသခင်မက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"သခင်လေးရွှီနဲ့ ကျွန်မတို့ အားအန်း... နှစ်ယောက်လုံးက ယွင်ကျစ်လို့က ဝက်သားပေါင်းကို ဒီလောက် ကြိုက်ကြမယ်လို့ ကျွန်မ မမျှော်လင့်ထားမိဘူး၊ ဒါနဲ့ အားအန်းလည်း စားချင်နေမှာ သေချာတယ်၊ ကျွန်မ ယွင်ကျစ်လို့ကို လူလွှတ်ပြီး နှစ်ပွဲလောက် သွားဝယ်ခိုင်းလိုက်ပါ့မယ်"

နောက်ဆုံးတွင် ဝမ်ယဲ့တစ်ယောက် သူမ ဘာကို သတိမမူမိဘဲ လွဲချော်နေခဲ့မှန်း သဘောပေါက်သွားခဲ့သည်။

သူမက မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး ရွှီကျင့်ရုံကို တစ်ချက်လှမ်းကြည့်လိုက်ကာ၊ ထို့နောက် ကျိုးသခင်မ၏ သားဖြစ်သူထံသို့ အကြည့်လွှဲလိုက်ပြန်သည်။ နောက်ဆုံးတွင်မှ သူတို့နှစ်ယောက်လုံးအား မေးမြန်းလိုက်သည်။

"မင်းတို့ ယွင်ကျစ်လို့က အစားအစာတွေကို စားလာခဲ့တာ ဘယ်လောက်ကြာပြီလဲ"

ရွှီကျင့်ရုံက ဇဝေဇဝါဖြစ်သွားသော်လည်း ပြန်ဖြေနေသေးသည်။

"သုံးလကျော်လောက်တော့ ရှိပြီထင်တယ်"

ကျိုးအန်းကလည်း ဝင်ပြောလိုက်သည်။

"ကျွန်တော်ကတော့ သူတို့ဆီက ဝက်သားပေါင်းကို အရမ်း ကြိုက်တာ၊ ကျွန်တော်တို့ အိမ်က စားဖိုမှူးတွေ ချက်ထားတာတွေထက် အများကြီး ပိုစားကောင်းတယ်"

ပါးနပ်လှသော ကျိုးသခင်မက ဝမ်ယဲ့၏ စကားထဲမှ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး အလောတကြီး မေးမြန်းလာသည်။

"ယွင်ကျစ်လို့က အစားအစာတွေက တစ်ခုခု မှားယွင်းနေလို့လားရှင့်"

ဝမ်ယဲ့က သူမ၏ သံသယကို ချက်ချင်း အတည်မပြုသေးဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဒါက ကျွန်မရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ၊ ကျိုးသခင်မ... နေ့လယ်စာစားဖို့ ဒီမှာပဲ ခေတ္တခဏလောက် နေပါဦးလားရှင့်၊ အချိန်ရမယ်ဆိုရင် ကျွန်မရဲ့ စားဖိုမှူး ချက်ထားတဲ့ ဝက်သားပေါင်းအရသာကို မြည်းကြည့်ပေးပါဦး"

ကျိုးသခင်မက သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ"

နေ့လယ်စာစားချိန်တွင် ဝမ်ယဲ့က ဟုန်ရှင်းကို ဝက်သားပေါင်းနှစ်ပွဲ ချက်ပြုတ်ခိုင်းလိုက်ပြီး ကောင်လေးနှစ်ယောက်လုံး၏ ရှေ့တွင် တစ်ပန်းကန်စီ ချပေးလိုက်သည်။

တစ်ကိုက် ကိုက်လိုက်ပြီးနောက်တွင် ရွှီကျင့်ရုံ၏ မျက်ဝန်းများ လင်းလက်သွားခဲ့သည်။

"အရသာရှိလိုက်တာ"

ကျိုးအန်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း သူက ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော်ကတော့ ယွင်ကျစ်လို့က ဟင်းကို ဆက်စားချင်နေတုန်းပဲ"

ဝမ်ယဲ့က မျက်နှာအမူအရာ မပျက်ဘဲ ပြန်မေးလိုက်သည်။

"မင်းက ယွင်ကျစ်လို့က ဟင်းက ပိုကောင်းတယ်လို့ ခံစားရတာလား"

ကျိုးအန်းက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ငြင်းဆိုလိုက်သည်။

"အဲ့လိုတော့လည်း မဟုတ်ဘူး"

"ဒါပေမယ့် စိတ်ထဲမှာ အဲ့ဒါကိုပဲ ခဏခဏ တောင့်တနေမိတာ"

သူက သူ့ခံစားချက်ကို ထပ်ရှင်းပြ‌နေသည်။

ဝမ်ယဲ့၏ အကြည့်က ဘေးဘက်သို့ ရောက်သွားပြီး ထပ်မေးမြန်းလိုက်သည်။

"ကျင့်ရုံ... မင်းရော ဘယ်လိုလဲ"

ဒုတိယမြောက် အသားတုံးကို စားပြီးနောက်တွင် ရွှီကျင့်ရုံက ခဏမျှ အလေးအနက် တွေးတောလိုက်ပြီး ကျိုးအန်း ပြောခဲ့သလို ပြောလာခဲ့သည်။

"ကျွန်တော်လည်း အဲ့ဒါကိုပဲ တော်တော်လေး စားချင်နေမိတာ"

‘ဒါက တကယ်ကိုပဲ ထူးဆန်းနေပြီ၊ ဒုတိယအဒေါ်ရဲ့ စားဖိုမှူး ချက်ပေးတဲ့ ဝက်သားပေါင်းက သိသိသာသာ ပိုပြီး အရသာရှိနေတာ မဟုတ်ဘူးလား’

ဝမ်သခင်မသာ ဤအကြောင်းအရာထဲမှ ပြဿနာကို ရိပ်မိအောင် မထက်မြက်ပါက သူမ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ ကာလပတ်လုံး အသက်ရှင်နေထိုင်ခဲ့ရသည်မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

"ဒီကိစ္စကို အားအန်းရဲ့ အဖေကို ချက်ချင်း ပြောပြရမယ်"

ကျိုးသခင်မက စိုးရိမ်တကြီး တွေးတောနေပြန်သည်။

‘တကယ်လို့ ယွင်ကျစ်လို့မှာသာ အမှန်တကယ် ပြဿနာရှိနေရင်...’

ထိုအတွေးနှင့်အတူ သူမက သူမ၏ သားငယ်လေးကို ကြည့်နေပြီး သူမ၏ စိုးရိမ်ပူပန်မှုများကို မဖုံးကွယ်ထားနိုင်တော့ချေ။

ဝမ်ယဲ့ကတော့ ပိုလေးလေးနက်နက် တွေးတောနေမိသည်။ သူမက ချိုင်ယွင်ကျိုက် အမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်အချို့ကို သိရှိထားခဲ့သည်။ တရားခံ ရှမုကျစ်က သူ့ဇနီး သခင်မတန့်ကို ဆေးစွဲစေရန် ဆေးဝါးတစ်မျိုး အသုံးပြုခဲ့ပြီး၊ ထိုအရာကပင် သခင်မတန့် ကိုယ်ဝန်ပျက်ကျစေသည့် လမ်းစဖြစ်စေခဲ့သည်။

ရွှီမုကျီ အသုံးပြုခဲ့သော ဆေးဝါးက ချိုင်ယွင်ကျိုက်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းအရာက နောက်ပိုင်းတွင် ရွှီယွဲ့ကျား သူမကို ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။

‘ချိုင်ယွင်ကျိုက်နဲ့ ယွင်ကျစ်လို့... ဒီနာမည်နှစ်ခုစလုံးကလည်း ဆင်တူယိုးမှား ဖြစ်လွန်းတယ်၊ သူတို့ကြားမှာ တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေနိုင်လား’

(t/n : ချိုင်ယွင်ဆိုတာက ရောင်စုံတိမ်လွှာ လို့ အဓိပ္ပာယ်ရပြီး ယွင်ကျစ်ကတော့ တိမ်လွှာရက်ကန်းလို့ အဓိပ္ပာယ်ရပါတယ်တဲ့၊ ‘ကျိုက်’ ကတော့ ဆိုင် ကို ပြောတာပါ၊ ‘လို့’ ကတော့ အဆောက်အဦးအကြီးတွေပေါ့၊ ဒီမှာဆို နှစ်ထပ်စားသောက်ဆိုင်ကြီးပေါ့)

အကယ်၍ သူမ၏ အတွေးများ မှန်ကန်နေခဲ့လျှင် မင်းသားဝမ်ကို ပြန်ပေးဆွဲသွားသူများက မည်သူမည်ဝါဖြစ်ကြောင်း အဖြေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အဆုံးစွန်အားဖြင့် နေ့ခင်းကြောင်တောင် လူမိုက်တစ်စုက လူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ်ကလည်း ယွင်ကျစ်လို့နှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားခဲ့သည်။

'ဒါပေမယ့် သူတို့က ဘာလို့ ဝမ်မင်းသားကို ပြန်ပေးဆွဲချင်ရတာလဲ'

ဝမ်ယဲ့တစ်ယောက် စဥ်းစားမရနိုင် ဖြစ်နေရသည်။ သူမ သူမဘာသာ စိတ်အနှောင့်အယှက် မဖြစ်ချင်တော့သဖြင့်၊ သူမ၏ သံသယများကို ကျိုးသခင်မအား ပြောပြပြီး မြို့တော်ဝန်ကျိုးအား အသိပေးခိုင်းရန် ပြင်ဆင်လိုက်စဥ်မှာပင် ကျိုးချန်း၏ အစေခံတစ်ဦးက အရှေ့ဘက်ခန်းမဆောင်တွင် မြင့်မြတ်သော လူကြီးလူကောင်းတစ်ဦး ရောက်ရှိနေပြီး ဝမ်ယဲ့အား တွေ့ဆုံလိုကြောင်း လာရောက်သတင်းပို့ခဲ့သည်။

ထိုစကားက ဝမ်ယဲ့ကို အံ့အားသင့်သွားစေသည်။

"မြင့်မြတ်တဲ့ လူကြီးလူကောင်း ဟုတ်လား... ဘယ်သူလဲ"

အစေခံက တရိုတသေ ပြန်လည်ဖြေကြားနေခဲ့သည်။

"တရားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး အမတ်မင်းရွှီပါခင်ဗျ"

‘ရွှီယွဲ့ကျား.... သူ တကယ်ကြီး ရောက်လာခဲ့တာလား’

ဤအခိုက်အတန့်တွင် ဝမ်ယဲ့က သူမ၏ သံသယများ ပိုခိုင်မာသလို ခံစားလိုက်ရသည်။

ရွှီကျင့်ရုံကလည်း အလွန်အမင်း အံ့ဩနေဟန်ဖြင့် ရေရွတ်လိုက်သည်။

"ဒုတိယဦးလေးက ဘာလို့ ရောက်လာတာလဲ..."

......။......။.......

အရှေ့ဘက်ခန်းမဆောင်အတွင်း၌ ကျိုးချန်းက သူ၏ လွန်ခဲ့သော နှစ်ရက်တာ စုံစမ်းတွေ့ရှိချက်များကို ရွှီယွဲ့ကျားထံ သတင်းပို့ တင်ပြနေခဲ့သည်။

ကျိုးချန်းကလည်း အလွန် လူကဲခတ်တော်သူ ဖြစ်သည်။ ဝမ်ယဲ့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်နှင့် သူက စကားစကို ခေတ္တဖြတ်လိုက်ပြီး အကြောင်းပြချက်တစ်ခု ရှာကာ အရင်ဆုံး ထွက်ခွာသွားခဲ့သည်။

ဝမ်ယဲ့က ခင်ပွန်းဖြစ်သူ၏ အနားသို့ တိုးကပ်သွားရင်း မေးမြန်းလိုက်သည်။

"ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ"

ရွှီယွဲ့ကျား၏ အကြည့်များက သူမအပေါ်တွင် အသေအချာ ရွေ့လျားနေခဲ့ပြီး နောက်ဆုံးတွင် သူမ၏ မျက်နှာထက်၌ ရပ်တန့်သွားခဲ့သည်။

ရွှီယွဲ့ကျား၏ ထိုအမူအရာကို မြင်လိုက်ရသဖြင့် မြို့ဝန်မင်းကျိုးက ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား သူ့ကို အသိပေးပြီးလောက်ပြီမှန်း ဝမ်ယဲ့ နားလည်သွားခဲ့သည်။

ထို့ကြောင့် သူမက စကားအရင်စပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်မ ဘာမှမဖြစ်ပါဘူး"

ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် အသံထွက်လာခဲ့သည်။

"အင်း... မင်း ဘာမှမဖြစ်ရင် ပြီးတာပါပဲ"

ဝမ်ယဲ့က အနည်းငယ်မျှ ဂုဏ်ယူဝင့်ကြွားသောအသံဖြင့် ထပ်ပြောလိုက်သည်။

"ဒီကို လာပြီး အမှုအတွက် တိုင်ချက်မဖွင့်ခင်ကတည်းက ကျွန်မ ထောင်ကျီကို အိမ်ပြန်လွှတ်ပြီး ကျန်းမားကို အထုပ်အပိုးတွေ ပြင်ဆင်ထားဖို့ မှာခဲ့ပြီးသား၊ ပြီးတော့ လူတိုင်းကို ရုံးတော်မှာပဲ လာနေခိုင်းခဲ့တာ"

ဝမ်ယဲ့တွင် လိမ္မာပါးနပ်သော အကြံအစည်များစွာ ရှိနေပြီး ရေတိုတွင် သူမ ဘာမှ မဖြစ်နိုင်ကြောင်း သူ သိထားသော်လည်း လမ်းခရီးတစ်လျှောက်လုံးတွင် ရွှီယွဲ့ကျားတစ်ယောက် စိုးရိမ်ပူပန်မှုများ တိုးပြီးရင်း တိုးနေခဲ့ဖြစ်သည်။ သူမ ဘေးကင်းကြောင်း မျက်မြင် မြင်တွေ့လိုက်မှသာ သူ တဖြည်းဖြည်း စိတ်သက်သာရာ ပြန်ရနိုင်ခဲ့သည်။

"ဒါဆို... အခြေအနေတွေက ပိုပြီး ရှုပ်ထွေးသွားပြီပေါ့၊ ဟုတ်လား"

ဝမ်ယဲ့က သူမ၏ ခန့်မှန်းချက်ကို ထုတ်ဖော်ကာ မေးမြန်းလိုက်သည်။

ရွှီယွဲ့ကျားက ခေါင်းညိတ်ပြလိုက်သည်။ ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဆက်လက်ဖုံးကွယ်ထားခြင်းက မမျှော်လင့်ထားသော ဘေးဒုက္ခများကိုသာ ပိုမိုဖြစ်ပေါ်စေလိမ့်မည်။ ယခုအချိန်တွင် သူမကို ပြောပြထားခြင်းက သူမ ပိုသတိကြီးစွာ နေထိုင်နိုင်ရန် ကူညီပေးရာရောက်ပေလိမ့်မည်။

သူက တည်တည်ငြိမ်ငြိမ် ရှင်းပြနေခဲ့သည်။

"ဝမ်မင်းသားကို ပြန်ပေးဆွဲသွားတဲ့ ဝတ်စုံနက်နဲ့ လူတွေက ပုန်ကန်သူမင်းသားရဲ့ လက်ကျန်အင်အားစုတွေ ဖြစ်ဖို့ များတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့၏ မျက်နှာအမူအရာက တည်တံ့လေးနက်သွားခဲ့သည်။ သူမ မကြာသေးမီက သူမဘာသာ သံသယဝင်ထားမိသည်များကို ရွှီယွဲ့ကျားထံ အလျင်အမြန်ပင် မျှဝေပြောပြလိုက်ပြီးနောက် စကားကို ခပ်မြန်မြန် အဆုံးသတ်လိုက်သည်။

"ယွင်ကျစ်လို့ လို့ခေါ်တဲ့ အဲ့ဒီစားသောက်ဆိုင်က ပုန်ကန်သူမင်းသားရဲ့ လက်ကျန်အင်အားစုတွေနဲ့ တိုက်ရိုက် မပတ်သက်နေဘူးဆိုရင်တောင် တစ်ခုခုတော့ သေချာပေါက် ပြဿနာရှိနေတယ်"

ဝမ်ယဲ့၏ လမ်းစပြမှုကြောင့် ယခုအခါ စုံစမ်းစစ်ဆေးရေးအတွက် ရှင်းလင်းသော ဦးတည်ချက်တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။

ရွှီယွဲ့ကျားက ‘ကောင်းပြီ’ ဟု ပြန်လည်တုံ့ပြန်လိုက်ပြီး ထပ်ပြောလာခဲ့သည်။

"ကိုယ် အဲ့ဒီစားသောက်ဆိုင်ကို အဓိကထားပြီး စုံစမ်းစစ်ဆေးဖို့ လူတွေ စေလွှတ်လိုက်မယ်"

"ဒါ့အပြင်..."

သူက သူမကို ထပ်မှာကြားနေသေးသည်။

"နောက်ရက်အနည်းငယ်အတွင်း မြို့ထဲမှာ ရှုပ်ထွေးနေလိမ့်မယ်၊ မင်း ရုံးတော်မှာ တည်းခိုနေတာဆိုတော့ မလိုအပ်ဘဲ အပြင်မထွက်နဲ့"

ဝမ်ယဲ့က ချက်ချင်း အာမခံချက် ပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်မက ကိုယ့်အသက်ကိုယ် တန်ဖိုးထားတတ်ပါတယ်၊ ဒါပေမယ့်..."

သူမက အနည်းငယ် တွန့်ဆုတ်ဟန်ဖြင့် ထပ်မေးလိုက်သည်။

"ရှင် တစ်ယောက်တည်းလား"

ရွှီယွဲ့ကျားက ပြန်ဖြေပေးနေသည်။

"စစ်ကူအဖွဲ့က မကြာခင် ရောက်လာလိမ့်မယ်"

ဝမ်ယဲ့က 'ဪ' ဟု ရေရွတ်လိုက်ပြီး သူမ၏အကြည့်က သူ၏အကြည့်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံစည်းသွားရာ၊ ခဏတာမျှ စကားလုံးများ ပျောက်ရှသွားခဲ့ရသည်။

သူမ၏ အသက်ရှူသံက အတန်ငယ် တုံ့ဆိုင်းသွားပြီးနောက် ထပ်ပြောလိုက်သည်။

"ကျင့်ရုံက အနောက်ဘက်မှာ ထမင်းစားနေတယ်၊ သူ့ကို သွားတွေ့ချင်သေးလား"

ရွှီယွဲ့ကျားက ဖြေကြားခဲ့သည်။

"မလိုတော့ပါဘူး၊ မြို့ဝန်မင်းကျိုးက ကိုယ့်ကို စောင့်နေတုန်းပဲ"

ဝမ်ယဲ့ကလည်း အတင်းအကျပ် မတိုက်တွန်းတော့ပေ။

"ကောင်းပါပြီ၊ ဒါဆိုရင်လည်း ရှင့်ရဲ့ တာဝန်ဝတ္တရားတွေကို သွားဆောင်ရွက်လိုက်ပါဦး"

သူမထံတွင်လည်း ရွှီကျင့်ရုံအား စောင့်ရှောက်ရန် တာဝန်ရှိနေသေးသည်။

ရွှီယွဲ့ကျားက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး သူမ၏ ဆံနွယ်များကို အသာအယာ သပ်တင်ပေးလျက် ပြောလာပြန်သည်။

"အရာအားလုံးက မကြာခင် ပြေလည်သွားမှာပါ"

ဝမ်ယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။

"ကျွန်မ ရှင့်ရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်ပါတယ်"

ရွှီယွဲ့ကျား၏ လုပ်ဆောင်ချက်များက အမှန်တကယ် လျင်မြန်လှသည်။ သူ ရောက်ရှိလာပြီး နှစ်ရက်အတွင်းမှာပင် ယွင်ကျစ်လို့အား ပိတ်သိမ်းစေခဲ့ပြီး မကြာမီမှာပင် မင်းသားဝမ်နှင့် သူ၏ သက်တော်စောင့်များကိုပါ ကယ်ဆယ်နိုင်ခဲ့သည်။

ဆယ်ရက်ပင်မပြည့်မီ အချိန်ကာလအတွင်း လန်ချန်အတွင်း၌ ပုန်းအောင်းနေခဲ့သော ပုန်ကန်သူမင်းသား၏ လက်ကျန်အင်အားစုအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။

ယွင်ကျစ်လို့က နှစ်ပေါင်းများစွာကြာအောင် စွန့်ပစ်ထားခံရသည့် အမာခံစခန်းတစ်ခု ဖြစ်ခဲ့ဖူးကြောင်း ဝမ်ယဲ့ သိရှိခဲ့ရသည်။ ချိုင်ယွင်ကျိုက်၌ ရုတ်တရက် ဖြစ်ပွားခဲ့သော ကိစ္စရပ်ကြောင့် ထိုလူများက လန်ချန်သို့ အလျင်အမြန် ဆုတ်ခွာလာခဲ့ကြပြီး ယွင်ကျစ်လို့၏ လုပ်ငန်းများကို အလျင်အမြန် ပြန်လည် လည်ပတ်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့က စုန့်ရှန်ကျောင်းတော်မှ စတင်ရန် စီစဉ်ခဲ့ကြပြီး ကျောင်းသားများကို ထိန်းချုပ်နိုင်ရန်အတွက် ဟင်းလျာအချို့တွင် စွဲလမ်းစေတတ်သော ဆေးဝါးတစ်မျိုး ထည့်သွင်းခဲ့ကြသည်။ ထိုကျောင်းသားများ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးသွားချိန်တွင် သူတို့ဘက်သို့ ဆွဲဆောင်စည်းရုံးပြီး အသုံးချရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

ခြေရာလက်ရာမကျန်စေရန်အတွက် ဆေးနည်းကို ပြောင်းလဲပြီး အာနိသင်ကို လျှော့ချထားခဲ့ကြသည်။

ကျောင်းတော်မှ ကျောင်းသားအများအပြား ဆေးဒဏ်သင့်ခဲ့ရသော်လည်း သမားတော်များ၏ ရောဂါရှာဖွေချက်များအရ ခန္ဓာကိုယ်ထိခိုက်ပျက်စီးမှုက ပြန်လည်ကုသနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။

ဝမ်ယဲ့အနေဖြင့် ဝမ်မင်းသားက ကံအဆိုးဆုံး ဖြစ်သည်ဟု တွေးနေမိသည်။ ရက်အနည်းငယ်မျှ အနားယူပြုစုပြီးနောက်တွင်ပင် သူ၏မျက်နှာက ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေဆဲ ဖြစ်သည်။

သူ ပြန်ပေးဆွဲခံထားရသည့် ထိုရက်များအတွင်း မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုများကို အံတုဖြတ်သန်းခဲ့ရသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

သူ့ကံကလည်း အလွန်ဆိုးလှသည်။ သူ လမ်းမပေါ်တွင် ထင်ထင်ပေါ်ပေါ် လျှောက်သွားနေခဲ့သဖြင့် ပုန်ကန်သူများ၏ လက်ကျန်အင်အားစုများက သူ့ကို မှတ်မိသွားကြခြင်း ဖြစ်သည်။ ထိုလူများက သူ့ကို ဓားစာခံအဖြစ် ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသော်လည်း ဤကဲ့သို့ အလောတကြီး လုပ်ဆောင်လိုက်သည့် လုပ်ရပ်က သူတို့၏ ပျက်စီးခြင်းကို ပိုမြန်ဆန်စေလိမ့်မည်ဟု သူတို့ ကြိုတွေးနိုင်မည် မဟုတ်ချေ။

သို့သော် ဝမ်ယဲ့ကို ဇဝေဇဝါ ဖြစ်စေသည်က နှစ်ပေါင်းများစွာကြာအောင် နှိမ်နင်းခြင်း ခံထားရပြီးဖြစ်သော ပုန်ကန်သူမင်းသား၏ လက်ကျန်အင်အားစုများက မည်သည့်အတွက်ကြောင့် ဆူပူသောင်းကျန်းရန် အင်အားများ ရှိနေသေးသနည်း ဆိုသည့် အချက်ပင်။

ရွှီယွဲ့ကျားက သူမကို ရှင်းပြခဲ့သည်။

"သူတို့ရဲ့ ခေါင်းဆောင်က အဲ့ဒီတုန်းက ဖမ်းဆီးမခံရဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ရဲ့ မွေးကင်းစသားလေးကို လုယူလိုက်တယ်၊ နောက်ပိုင်း အဲ့ကလေးကို ပုန်ကန်သူမင်းသား သေဆုံးပြီးမှ မွေးဖွားလာတဲ့ သားတော်အဖြစ် အယောင်ဆောင်စေခဲ့တာ"

ဝမ်ယဲ့လည်း သဘောပေါက်သွားရသည်။

“ဪ... ဒါကြောင့်ကိုး”

ရွှီယွဲ့ကျားက သူမကို ကြည့်ပြီး ထပ်ပြောလိုက်သည်။

"ကျန်နေတဲ့ ကိစ္စတွေကိုတော့ မြို့ဝန်မင်းကျိုးက တာဝန်ယူ ဖြေရှင်းပေးလိမ့်မယ်၊ မင်း ကိုယ်နဲ့အတူ မြို့တော်ကို ပြန်လိုက်ချင်လား"

ဝမ်ယဲ့အတွက်တော့ လန်ချန်သို့ ရောက်ရှိလာကတည်းက မြို့တော်နှင့် ကွာခြားချက်ကို ပြောရလျှင် နေအိမ်ပြောင်းလဲသွားခြင်းသာ ရှိသေးသည်။

အမှန်အတိုင်း ပြောရလျှင် သူမအနေဖြင့် ပြန်ရန် အဆင်သင့်မဖြစ်သေးပေ။

ထို့ကြောင့် သူမက အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။

"ဒါပေမယ့်... ကျွန်မက အကြီးဆုံးယောင်းမကို ကျင့်ရုန်ရဲ့ မကြာသေးခင်က ထူးဆန်းတဲ့ အမူအရာတွေအတွက် စုံစမ်းပေးဖို့ ကတိပေးထားသေးတယ်"

ရွှီယွဲ့ကျားက အကြည့်လွှဲလိုက်ရင်း ပြန်ပြောလာခဲ့သည်။

"အဲ့ဒါက မလိုတော့ဘူး"

ဝမ်ယဲ့က နားမလည်နိုင်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

"ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကျောင်းတော်က ကျောင်းသားတွေကို ခွင့်တစ်လ ပေးဖို့ ဆုံးဖြတ်လိုက်တယ်"

ရွှီယွဲ့ကျားက သူမကို ထပ်ကြည့်ရင်း ပြောလိုက်ပြန်သည်။

"ကျင့်ရုန်လည်း ကိုယ်တို့နဲ့အတူ ပြန်လိုက်ရမှာပဲ"

ဝမ်ယဲ့တစ်ယောက် အံ့ဩတကြီး ရေရွတ်လိုက်ပြန်သည်။

"ခွင့်ပေးတယ် ဟုတ်လား"

ရွှီယွဲ့ကျားက ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ယွင်ကျစ်လို့ အမှုမှာ အဓိက တာဝန်ရှိသူက ပုန်ကန်သူမင်းသားရဲ့ လက်ကျန်အင်အားစု ဖြစ်ပေမယ့် ကျောင်းတော်ရဲ့ ထမင်းစားဆောင်က စားလို့ မကောင်းတဲ့ အစားအစာတွေကတော့ ငြင်းပယ်လို့မရတဲ့ အမှန်တရားပဲ၊ ဧကရာဇ်မင်းမြတ်က အမိန့်တော် ချမှတ်ပြီးပြီ၊ ကျောင်းအုပ်ကြီးရှီကို တစ်လအတွင်း ဒီအခြေအနေကို မြှင့်တင်ဖို့ အမိန့်ပေးထားတယ်"

ဝမ်ယဲ့က ထိုအကြောင်းကို စဉ်းစားကြည့်ရင်း ထပ်ပြောလိုက်သည်။

"ရှင် အဲ့လိုပြောတာ ကြားရတော့၊ ကျွန်မတောင် ရုတ်တရက် သွားမြည်းကြည့်ချင်စိတ် ပေါက်လာပြီ၊ ဘယ်လောက်တောင် စားလို့မကောင်းလို့လဲ"

ရွှီယွဲ့ကျား : "......"

All Chapters