အခန်း ၂၂၁
Vol. 23 Ch. 221
အခန်း(221)
သူ၏မျက်လုံးထဲမှ ဘုရားကျောင်းက ပျောက်ကွယ်သွားခဲ့ပြီး မြင့်မြတ်သော နတ်ဘုရားများမှာလည်း လူသားခန္ဓာကိုယ်၏ အပေါ်ပိုင်းနှင့် အစိမ်းရောင်နွယ်ပင် အောက်ပိုင်းရှိသည့် မိစ္ဆာသတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အရာအားလုံးက လိမ်လည်လှည့်ဖြားမှုသာ ဖြစ်ပြီး နတ်ဘုရားတို့၏ မ,စမှုဆိုသည်ကလည်း အာရုံချောက်ခြားမှုများသာ ဖြစ်ကြောင်းကို သူ သိရှိသွားချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။
သူ့ကို နံရံတွင် ချည်နှောင်ခံထားရပြီး သူ၏ အရှေ့တွင်တော့ အနီရောင် မျက်လုံးများဖြင့် စိုက်ကြည့်နေသော သန္ဓေပြောင်း သားရဲတစ်ကောင် ရှိနေခဲ့သည်။ ထိုသားရဲက သူ၏မျက်နှာပေါ်သို့ ပုပ်အက်နေသော အနံ့အသက်များကို မှုတ်ထုတ်နေသည်။
သူက ငိုယို၍ အသနားခံခဲ့သော်လည်း ပြုံး၍ကြည့်နေသော ထိုအမျိုးသားက မည်သည့်စာနာမှုမျှ မရှိပါဘဲ သူ့ကို သန္ဓေပြောင်းသတ္တဝါမှ ကိုက်ခဲစားသောက်နေသည်ကို ကြည့်နေခဲ့၏။
ဝေဝါးနေသော သတိတရားကြားတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုနှင့် ပြင်းထန်သော သွေးညှီနံ့များကို ခံစားနေခဲ့ရ၏။
ဤသည်မှာ အဆုံးသတ်ဟု သူက ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် ညှဉ်းပန်းနှိပ်စက်မှု၏ အစသာ ဖြစ်နေခဲ့သည်။
သူ ပြန်နိုးလာခဲ့သောအချိန်တွင် သူ့အနေဖြင့် မသေသေးဘဲ ဖန်အိုးထဲ၌သာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
သူက သန္ဓေပြောင်းသတ္တဝါထံမှ ကူးစက်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိလိုက်ရ၏။
အရှေ့မှ အမျိုးသားက ဖန်သားပြင်မှတစ်ဆင့် သူ့ကို အကဲခတ်နေခဲ့သည်။
“နောက်ဆုံးတော့ နောက်တစ်ယောက်က အောင်မြင်သွားပြန်ပြီ”
ထိုအမျိုးသားက ဝမ်းသာအားရဖြင့် ရေရွတ်နေသည်ကို သူ ကြားလိုက်ရသည်။
သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တချို့ ထွက်ပေါ်လာခဲ့၏။
ဤကြောက်မက်ဖွယ်ကောင်းသော အမျိုးသားက သူ သန္ဓေပြောင်းသွားပြီးနောက်တွင် ကျေနပ်သွားလိမ့်မည်ဟု သူက မျှော်လင့်မိသည်။
ထိုအမျိုးသား ခိုင်းသမျှကို သူ လုပ်ဆောင်ရန် အသင့်ရှိပေ၏။
သို့သော် ထိုအမျိုးသားက ဖန်အိုးထဲသို့ အနီရောင် အရည်များကို အပြည့် လောင်းထည့်လိုက်လေသည်။
သူက မသေသေးသော်လည်း ရှင်သန်နေခြင်းလည်း မဟုတ်ပေ။
နေ့စဉ်နေ့တိုင်း နာကျင်ရသည်ဟူသော အတွေးတစ်ခုကသာ သူ့ကို ညှဉ်းပန်းနေခဲ့သည်။
အသက်ရှူလိုက်တိုင်း၊ သူက ရှူသွင်းလိုက်မိသော အနီရောင်အရည်များက ဓားများကဲ့သို့ သူ၏ ကိုယ်တွင်းအင်္ဂါများကို ဆုတ်ဖြဲနေသကဲ့သို့ ခံစားရ၏။
အလွန် နာကျင်လွန်းသောကြောင့် ဤကဲ့သို့ ရှင်နေရမည့်အစား သေသွားရသည်ကသာ ပို၍ ကောင်းဦးမည်ပင်။
ထိုပြင်းထန်သော အခိုက်အတန့်တွင် ထိုလူ၏ ခန္ဓာကိုယ်က သွေးများဖြင့် ပြည့်လျှံနေသကဲ့သို့ ဖောင်းကြွလာပြီး သူက ဖန်အိုးထဲ၌ အပြင်းအထန် ရုန်းကန်ရင်း အဓိပ္ပာယ်မရှိသော စကားများကို ခပ်တိုးတိုး ရေရွတ်နေ၏။
သူ၏မေးရိုးများက အတင်းအကျပ် စေ့ထားသောကြောင့် တဂျွတ်ဂျွတ် အသံများကို ထွက်ပေါ်နေကာ မျက်လုံးများက အပြင်သို့ ပြူးထွက်လာခဲ့၏။
ရုတ်တရက် သူ၏ခန္ဓာကိုယ်က ဖန်အိုးထဲ၌ လေဖောင်းထားသော ပူဖောင်းကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားပြီး အနီနုရောင်မှ အနီရင့်ရောင်သို့ ပြောင်းလဲသွားကာ သွေးသားစများက ဖုံးလွှမ်းသွားလေသည်။
လူတစ်ဝက် အပင်တစ်ဝက်ဖြစ်နေသော အမျိုးသားက သက်ပြင်းကိုချလိုက်ပြီး သူ၏မျှော်လင့်ချက်က ဒေါသနှင့် မကျေနပ်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
သူက ဖန်အိုးကို လက်သီးဖြင့် ထိုးလိုက်ရင်းရေရွတ်လိုက်လေသည်။
“အနည်းဆုံးတော့ တစ်ကြိမ်လောက်တော့ အောင်မြင်လိမ့်မယ်လို့ ငါ ထင်ထားတာ၊ ဒါပေမဲ့ ထပ်ပြီးတော့ ကျရှုံးသွားပြန်ပြီ၊ တကယ်ကို အသုံးမကျတဲ့ အမှိုက်ကောင်ပဲ!”
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက မဲ့ပြုံးကို ပြုံးလိုက်သော်လည်း ဖိအားပေးသည့်အပြုံးမျိုးကို ပြုံးလိုက်ခြင်းပင် ဖြစ်သည်။
“မင်းရဲ့ စမ်းသပ်ချက်က အောင်မြင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ငါ ပြောပြီးသားပဲ၊ မင်း ဒါကို စဉ်းစားသင့်တယ်၊
တစ်စုံတစ်ယောက်က ငါတို့ကို စောင့်ကြည့်နေပြီလို့ ငါ သံသယရှိနေတယ်၊
မနေ့က ဆင့်ကဲပြောင်းလဲသူ အုပ်စုတစ်စုက ဒီကို ရောက်လာကြတယ်၊ သူတို့က မြို့တော် B က ဖြစ်မယ်”
“မင်း ဘာသိလို့လဲ၊ ငတုံး! ငါက ကြီးမြတ်တဲ့အရာတစ်ခုကို လုပ်နေတာ၊
ငါတို့ရဲ့မျိုးနွယ်စုရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ့်အရာပဲ၊ ထားလိုက်ပါတော့..
မင်းလိုမျိုး ငတုံးနဲ့ ငြင်းခုံနေလို့လည်း အပိုပဲ၊ ငါ့ရဲ့ ကြီးမြတ်မှုကို ဘယ်သူကမှ နားမလည်ကြဘူး၊
တစ်နေ့ကျရင် မင်းတို့အားလုံး ငါ့ရဲ့ဇာတ်လမ်းကြောင့် စိတ်လှုပ်ရှားသွားစေရမယ်”
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက သူ၏ မောက်မာသော အမူအရာကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် ဂရုမစိုက်သကဲ့သို့ ပုခုံးတွန့်ပြလိုက်လေသည်။
သူမက မူလက ပင်လယ်ဝါဒေသမှ မဟုတ်ပေ။
ဤအမျိုးသားက သူ၏မျိုးနွယ်စု လှုပ်ရှားမှုအတွက် သူတို့ကို နေရာအနှံ့မှ စုဆောင်းခဲ့ခြင်းပင် ဖြစ်သည်။
ဤသူက ရူးသွပ်နေသည်ဟု သူမ ထင်မှတ်မိခဲ့၏။
ဤသူမှာ သူကိုယ်တိုင်လည်း စမ်းသပ်ခံခဲ့ရသူဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ မြင့်မြတ်လွန်းသည်ဆိုသော အကြောင်းပြချက်များဖြင့် ဤစမ်းသပ်မှုများကို ပြန်လည်၍ လုပ်ဆောင်နေခြင်းပင်။
သူတို့က လူသားများ မဟုတ်တော့သော်လည်း မယုံနိုင်စရာ ဖြစ်နေဆဲပင်။
သူမနှင့် ဤအမျိုးသားမှာ လူသားများနှင့် မတူသော်လည်း အသိစိတ်ရရှိလာပြီးနောက်တွင် လူသားခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်လာခဲ့သည်။
ဆိုရလျှင် လူသားများက လက်မခံနိုင်သော ကျရှုံးသူများပင် ဖြစ်ကြ၏။
သူတို့တွင် ခံစားချက် မရှိကြပေ။
သူတို့အနေဖြင့် စဉ်းစားတွေးခေါ်ရန်အတွက်ပင် ခဲယဉ်းပြီး လူသားများနှင့် ပတ်သက်သမျှကို စူးစမ်းခြင်နေခဲ့ကြ၏။
သူတို့က သတိထား၍ နေထိုင်ကြသော်လည်း လူသားတို့၏ သက်ဝင်လှုပ်ရှားသော ဘဝမျိုးကို တမ်းတလာကြပြီး သူတို့က ကွဲပြားနေကြောင်းကို သိသွားမည်ကိုလည်း ကြောက်ရွံ့ကြသည်။
သူတို့အပြင် ဆင့် ၅ သန္ဓေပြောင်းသတ္တဝါများမှလွဲ၍ တခြားသော သားရဲများနှင့် အပင်များက လူသားများကဲ့သို့ စဉ်းစားနိုင်စွမ်း မရှိကြပေ။
သူမက တရုတ်နိုင်ငံ၏ တောင်ဘက်ဆုံးမြို့တွင် သန္ဓေပြောင်းလိပ်ကြီး တစ်ကောင်ကို တွေ့ခဲ့ဖူး၏။
၎င်းက အလွန်ကြီးမားပြီး လူသားနှင့် စကားပြောနိုင်သော တစ်ဦးတည်းသော သတ္တဝါပင် ဖြစ်သည်။
ထိုလိပ်ကြီးက သူမ၏ စကားကို နားလည်ရုံသာမက တိရစ္ဆာန်အားလုံးနှင့်ပါ ဆက်သွယ်နိုင်သောကြောင့် သူမက အလွန်ပင် အားကျခဲ့ရ၏။
ကမ္ဘာကြီးက ကျယ်ပြောလွန်းသော်လည်း သူတို့ကဲ့သို့သော အပယ်ခံများအတွက်တေား နေစရာ နေရာမရှိပေ။
ထိုအချိန်တွင် ဤအမျိုးသားက သူတို့ကို စုစည်းခဲ့ခြင်းပင်ဖြစ်သည်။
သူမ၏ မျိုးနွယ်တူများက ရှိလာခဲ့လျှင် အထီးကျန်မှုက လျော့ပါးသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ် ပူးပေါင်းလိုက်သည့်အချိန်တွင်တော့ည ပျင်းရိငြီးငွေ့စရာ ကောင်းနေခဲ့ပြန်၏။
ဤကျရှုံးသူများက သူတို့နှင့် မတူပေ။
တစ်စုံတစ်ဦးသော အကြောင်းပြချက်ကြောင့် ထိုသူက လူသားတို့၏ ခံစားချက်နှင့် စွမ်းရည်အများစုကို အတုယူနိုင်ပြီး ၎င်းတို့ကို ပို၍ပင် ပြည့်စုံအောင် ပြောင်းလဲနိုင်ကာ သူတို့ထက် ပို၍ ရူးသွပ်လာခဲ့သည်။
သူက သူတို့ကို မျိုးနွယ်တူဟု ခေါ်ဆိုသော်လည်း မကြာခဏဆိုသကဲ့သို့ လူများကို ကြည့်သကဲ့သို့ ကြည့်လေ့ရှိပြီး သူတို့ကို အသုံးမကျသူများဟု ခေါ်လေ့ရှိ၏။
လူသားများနှင့် သန္ဓေပြောင်းသတ္တဝါများကိုလည်း ဖမ်းဆီးပြီး အနီရောင်အရည်များကို အသုံးပြုကာ သန္ဓေပြောင်း အသိစိတ်ကို အတင်းအကြပ် နှိုးဆော်တတ်လေ၏။ ဤအမျိုးသားမှာ သူတို့၏ မျိုးနွယ်တူများကို ဖန်တီးရန်အတွက် ကြိုးစားနေခြင်းဖြစ်ပြီး သူမအနေဖြင့် သူ၏လုပ်ရပ်ကို အမှန်တကယ်ကို နားမလည်နိုင်ပေ။
သူမက လူသားများ၏ အပေါ်တွင် သနားကြင်နာစိတ် မရှိသော်လည်း ဤကစားပွဲက အဓိပ္ပာယ် မရှိဟုသာ ထင်မြင်မိ၏။
“ကောင်းပြီ၊ ငါတို့တွေ နောက်ထပ် သန္ဓေပြောင်းသတ္တဝါတစ်ကောင် ထပ်ဖမ်းပြီးတော့ သန္ဓေပြောင်းလူသားအသစ်တစ်ယောက်ကို ထပ်ပြီးတော့ ဖန်တီးကြတာပေါ့”
လူတစ်ဝက် အပင်တစ်ဝက် အမျိုးသားက စိတ်မရှည်စွာဖြင့် လက်ကိုယမ်းပြကာ ပြောလိုက်ပြီးနောက် ဖန်အိုးထဲမှ အရည်များနှင့် အသားစများကို သွန်ပစ်၍ ထောင့်တစ်နေရာတွင် ထားလိုက်လေ၏။
တခြားသော ဖန်အိုးများထဲတွင်လည်း ဤလူတစ်ဝက် မိစ္ဆာတစ်ဝက် သတ္တဝါများက ရှိနေပြီး ရုန်းကန်နေကြဆဲပင်။
အကယ်၍ သူတို့ကသာ အသက်ရှင်ကျန်ရစ်ပါက ဖန်တီးထားသော ကျရှုံးသူများ ဖြစ်လာကြပေလိမ့်မည်။
သို့မဟုတ်ပါက မတိုင်မီက လူကဲ့သို့ ပေါက်ကွဲ၍ သေဆုံးကြမည် ဖြစ်သည်။
ဤဂူထဲရှိ ထိန်းချုပ်သူက မြို့တော် B သုတေသနဌာနမှ ထွက်ပြေးလွတ်မြောက်လာခဲ့သော ဆဋ္ဌမမြောက် စမ်းသပ်ခံ ဝူဝေ့ရုန်ဖြစ်လေ၏။
လီကျွင့်မှ သူ၏ခန္ဓာကိုယ်ထဲသို့ မြှုပ်နှံပေးထားသော မူလကျောက်တုံး တစ်ဝက်ကို သူ ပိုင်ဆိုင်ထားလေ၏။
ထိုကျောက်တုံး သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေကတည်းက သူ၏ အသိစိတ်က ပိုမို၍ အားကောင်းလာကြောင်းကို သူ သိရှိခဲ့ရသည်။
ထို့ကြောင့် သူ့ထံတွင် ရဲရင့်သော အတွေးတစ်ခုကို ရရှိခဲ့၏။
မူလကျောက်တုံးက တခြားသော သတ္တဝါများထဲရှိ ဇီဝကမ္မ အသိစိတ်ကို လှုံ့ဆော်ပေးနိုင်သည်။
သူက လူသားများကို ကျရရှုံးသူများအဖြစ်သို့ ပြောင်းလဲပစ်ရန်အတွက် ကြီးမြတ်သော ဖန်တီးမှုတစ်ခုကို စတင်၍ စီစဉ်ခဲ့ခြင်း ဖြစ်၏။
ဤကမ္ဘာကြီးက လူသားတို့၏ ကမ္ဘာ မဟုတ်တော့ကြောင်းကို မည်သူကမျှ မသိရှိကြသေးပေ။
သူက မျှော်လင့်ချက်များကို သူတစ်ဦးတည်း၏ ပုခုံးပေါ်တွင် ထမ်းထားခဲ့သည်။
ထိုအချိန်တွင် ဝူဝေ့ရုန်က အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီး ပြောသွားသည့်စကားကို ရုတ်တရက် သတိရသွားပြီး လှည့်၍ မေးလိုက်လေ၏။
“အဲဒီအုပ်စုထဲမှာ ထူးခြားတဲ့သူ ပါသေးလား၊ ဥပမာ အရပ်သိပ်မရှည်ဘဲ ယုန်နားရွက်တစ်စုံပါတဲ့ ယုန်လိုမျိုး သန္ဓေပြောင်း မိန်းကလေး..”
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက ခဏမျှ စဉ်းစားလိုက်လေ၏။
သူမက ပင်လယ်ဝါ အခြေစိုက်စခန်းတစ်ခုလုံးသို့ ပျံသန်းခဲ့ပြီး စခန်းထဲသို့ ခိုးဝင်လာသူတိုင်းကို မှတ်သားထားခဲ့သည်။
မိန်းကလေးငယ်တစ်ဦးသာ ရှိသော်လည်း သူမတွင် ယုန်နားရွက် မပါရှိဘဲ ဦးထုပ်တစ်လုံးကိုသာ ဆောင်းထားခဲ့၏။
ဝူဝေ့ရုန် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့သည်။
“သူပဲ၊ သူတို့တွေ တကယ်ပဲ ရောက်လာကြတာပဲ”
သူက လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် လေထုထဲသို့ လက်ညှိုးဖြင့် ညွှန်ပြလိုက်လေသည်။
ဤသည်မှာ ဝေဝါးသော စိတ်ကူးယဉ်မှုလား သို့မဟုတ် အမှန်တကယ်လား မသေချာသော်လည်း သူ၏ မျက်စိရှေ့တွင် ဖျော့တော့သော လှိုင်းဂယက်များ ပျံ့နှံ့သွားပုံရသည်။
သူက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လည်ပင်းကို အသံမြည်အောင် ချိုးလိုက်လေသည်။
“မလောပါနဲ့ဦး၊ ငါ့မှာ ပိုပြီးတော့ သင့်တော်တဲ့ ကိုယ်စားလှယ်တစ်ယောက် ရှိနေပြီ၊
သူတို့ကို ဆွဲသွင်းဖို့အတွက် ငါ ဒီထောင်ချောက်ကို ပင်ပင်ပန်းပန်းနဲ့ ဆင်ထားခဲ့တာ၊ ဒါက အလကားဖြစ်တော့မှာ မဟုတ်ဘူး”
ဤအချိန်တွင် ပေထင်စခန်းထဲ၌ ယင်ရိလျိုနှင့် သူမ၏အဖွဲ့က ကုန်သည်များအဖြစ်သို့ အပြည့်အဝ ဟန်ဆောင်နေကြသည်။
ထို့အပြင် ဆန်နှင့် ဂျုံမှုန့်များကို ဝယ်ယူလိုသော လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံနေရသည်။
ဤလူများမှာ ပင်လယ်ဝါ ကမ်းရိုးတန်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသူများ ဖြစ်၏။
ဤနေရာ၌ သီးနှံစိုက်ပျိုးမှု လုံးဝနီးပါး မရှိသောကြောင့် ဆန်နှင့် ဂျုံမှုန့်ကဲ့သို့သော အရာများမှာ သူတို့အတွက် ငွေပေး၍ ဝယ်လျှင်ပင် ရနိုင်သော အရာများ မဟုတ်ပေ။
ထိုအချိန်တွင် ခန္ဓာကိုယ်အချိုးအစား အလွန်ပျက်စီးနေသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက လက်ကို ခါးတွင် ထောက်လျက် ရှေ့ဆုံးမှ ရပ်နေလေ၏။
ထို့အပြင် သူမက သူမ၏ ဝတုတ်သော ခန္ဓာကိုယ်ဖြင့် အနောက်မှလူတိုင်းကို ပိတ်ဆို့ထားလေသည်။
ခွက်ငယ်လေးတစ်လုံးကို ကိုင်ထားပြီး ခေါက်ဆွဲတချို့ကို ဝယ်ယူအြီး မြည်းစမ်းကြည့်ချင်နေသော လူတစ်ဦးမှာ သူမကြောင့် မကျေမနပ် ဖြစ်သွားရသည်။
*